အခန်း (၂၁၉-၂၂၀)
Vol. 13 Ch. 219-220
အခန်း (၂၁၉) အစစ်အမှန် စွမ်းအား
"မင်း ပြန်လာပြီလား"
ဒုန်ဖန်းရှန့်မင်က ချင်ယွမ်ဖုန်းကို စောင့်ဆိုင်းနေဟန်ဖြင့် ခပ်အေးအေးပင် ဆိုလိုက်၏။
ချင်ယွမ်ဖုန်း ရှေ့သို့ လှမ်းတက်လိုက်ပြီး "ကျွန်တော် ပြန်ရောက်ပါပြီ ဂိုဏ်းချုပ်" ဟု အစီရင်ခံလိုက်သည်။
"ဘာလို့ ဒီလောက်တောင် မြန်နေရတာလဲ။ တစ်ခုခု ဖြစ်ခဲ့လို့လား" ဟု ဒုန်ဖန်းရှန့်မင်က မေးမြန်း၏။
"ဂိုဏ်းချုပ် ခန့်မှန်းထားတဲ့အတိုင်းပါပဲ။ အဲဒီ မိန်းမတွေမှာ တကယ်ပဲ ပြဿနာ ရှိနေပါတယ်။ ဒါပေမဲ့ ကျွန်တော် အားလုံးကို ရှင်းလင်းလိုက်ပါပြီ"
ချင်ယွမ်ဖုန်းက ဖြစ်ပျက်ခဲ့သမျှကို ဒုန်ဖန်းရှန့်မင်အား ပြန်လည် ပြောပြလိုက်ရာ ဒုန်ဖန်းရှန့်မင်မှာ များစွာ အံ့အားသင့်သွားရလေသည်။
"ဝတ်စုံနက်နဲ့ လူလား။ ဘယ်သူက မင်းကို အငြိုးအတေးထားပြီး လုပ်ကြံချင်နေတာလဲ"
ဒုန်ဖန်းရှန့်မင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။
"ဒီတပည့်လည်း မသိပါဘူး။ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းက တစ်ယောက်ယောက် ဖြစ်နိုင်တယ်လို့ သံသယရှိမိပါတယ်။ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းရဲ့ အကြီးအကဲချုပ်က ကျွန်တော့်ကို အရိုးထဲကနေ အသည်းထဲအထိ မုန်းနေတာလေ" ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်၏။
ဒုန်ဖန်းရှန့်မင်က ခေါင်းညိတ်လိုက်ပြီး "သက်သေမရှိဘဲနဲ့တော့ စကားကို လျှောက်မပြောတာ အကောင်းဆုံးပဲ။ ကချေသည်တွေကို သွားရှာတဲ့ တပည့်တွေကို ငါ အသေအချာ ပြန်မေးကြည့်တော့ သူတို့က အဲဒီ ကချေသည်တွေကို လမ်းပေါ်မှာ တိုက်ရိုက် တွေ့ခဲ့တာတဲ့။ ဒါကြောင့် ဘာမှ မသင်္ကာဘဲ တောင်ပေါ်ကို ခေါ်လာခဲ့ကြတာ"
ချင်ယွမ်ဖုန်း ခေါင်းညိတ်လိုက်မိသည်။
ထိုအကြောင်းကိုပင် သူ မေးမြန်းချင်နေခြင်း ဖြစ်၏။ ယခုမူ ထိုသဲလွန်စမှာလည်း ပြတ်တောက်သွားပြန်လေပြီ။
သို့သော်လည်း ချင်ယွမ်ဖုန်းကို ရန်ပြုလိုသူမှာ တစ်ယောက် နှစ်ယောက်တည်း မဟုတ်သည်မို့ ထိုကိစ္စများကို ခေါင်းထဲထည့်မနေတော့ရန် ဆုံးဖြတ်လိုက်သည်။
ချင်ယွမ်ဖုန်းသည် ရင်ပြင်သို့ ပြန်လာကာ ခဏတဖြုတ် အနားယူလိုက်ပြီးနောက် မိုးမှာ လင်းစပြုနေပြီ ဖြစ်သည်။
ယနေ့သည် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲ၏ နောက်ဆုံးနေ့ ဖြစ်ပေရာ အစစ်အမှန် အောင်နိုင်သူကို မကြာမီ ဆုံးဖြတ်တော့မည် ဖြစ်သဖြင့် လူတိုင်းမှာ အလွန်ပင် စိတ်လှုပ်ရှားနေကြ၏။
ဂိုဏ်းအများစုမှာ ပြိုင်ပွဲမှ ထွက်ခွာသွားခဲ့ရသော်လည်း ပွဲကြည့်ပရိသတ်များ၏ စိတ်အားထက်သန်မှုမှာမူ လျော့ပါးသွားခြင်း မရှိပေ။
အဆင့်တစ်ခုချင်းစီတွင် လူလေးဦးစီသာ ကျန်ရှိတော့သဖြင့် ပြိုင်ဘက်ရွေးချယ်စရာ သိပ်မရှိတော့ချေ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ကံမကောင်းစွာဖြင့် ပထမဆုံးပွဲစဉ်တွင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်ဖြစ်သူ ထျန်းမင်ကျယ်နှင့် ရင်ဆိုင်ရလေသည်။
"ဟင်း... ငါက မင်းနဲ့ ဗိုလ်လုပွဲကျမှ ဆုံမယ် ထင်နေတာ။ အခုလို အစောကြီး ဆုံရလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။ ဒါပေမဲ့ ကိစ္စမရှိပါဘူး။ ငါ မင်းကို အလဲထိုး ပြလိုက်ရုံပဲပေါ့" ဟု ထျန်းမင်ကျယ်က အေးစက်စွာ ဆိုလိုက်၏။
ချင်ယွမ်ဖုန်းက ထျန်းမင်ကျယ်ကို အံ့သြသလို ကြည့်လိုက်သည်။ ထျန်းမင်ကျယ်မှာ ဗလတောင့်တင်းကာ အရပ် ခုနစ်ပေခန့် ရှိသဖြင့် ဖိအားပေးနိုင်သော အရှိန်အဝါ တစ်ခုကို ထုတ်လွှတ်နေသည်။
ထို့အပြင် ထျန်းမင်ကျယ်၏ ကျင့်စဉ်အဆင့်မှာ ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်ရာ အလွန်ပင် တောင့်တင်းသော ပြိုင်ဘက်တစ်ဦး ဖြစ်ပေသည်။
"ဟဲဟဲ" ထျန်းမင်ကျယ်က ချင်ယွမ်ဖုန်းကို ကြည့်ကာ လက်သီးများကို ဆုပ်လိုက်ရာ အဆစ်များဆီမှ အသံများ ထွက်ပေါ်လာ၏။
"စိတ်မပူပါနဲ့။ မင်းရဲ့ အရိုးတွေကို ငါ တစ်ချောင်းမကျန် ချေဖျက်ပစ်မှာပါ"
ချင်ယွမ်ဖုန်း နောက်လှည့်ကြည့်လိုက်ရာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်း၏ အကြီးအကဲချုပ် ယွမ်ထျန်းကန်ကလည်း သူ့ကို လှောင်ပြုံးဖြင့် ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူတို့အချင်းချင်း ချင်ယွမ်ဖုန်းကို မည်သို့ နှိမ်နင်းရမည်ကို တိုင်ပင်ထားပြီး ဖြစ်ဟန်တူ၏။
"တကယ်ပါပဲ... ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတဲ့ လူတွေကတော့ ရှိနေမြဲပါလား" ချင်ယွမ်ဖုန်းက သက်ပြင်းချကာ ကွင်းပြင်အတွင်းသို့ ပထမဆုံး လှမ်းဝင်လိုက်သည်။
အခြား ကွင်းပြင်တစ်ခုတွင်မူ လင်ယွဲ့နှင့် ရှဲ့ဇီမင်တို့ ရင်ဆိုင်နေကြ၏။ သူတို့နှစ်ဦးလုံးမှာ ကံကောင်းမှုအချို့ကြောင့် ဗိုလ်လုပွဲသို့ တက်လှမ်းလာနိုင်ခြင်း ဖြစ်ရာ မည်သူ အနိုင်ရမည်ကို မခန့်မှန်းနိုင်ချေ။
လင်ယွဲ့၏ လက်မောင်းများတွင် ပတ်တီးအထပ်ထပ် စည်းနှောင်ထားသည်ကို ကြည့်ခြင်းဖြင့် မနေ့က ရရှိခဲ့သော ဒဏ်ရာများမှာ အပြည့်အဝ မပျောက်ကင်းသေးကြောင်း သိသာလှသည်။
ထျန်းမင်ကျယ်သည် ရက်စက်သော အပြုံးကို ဆင်မြန်းလျက် ကွင်းပြင်အတွင်းသို့ ဖြည်းညှင်းစွာ လှမ်းဝင်လာ၏။
ကွင်းပြင်ပတ်လည်ရှိ အစီအရင်များမှာ ချက်ချင်းပင် မြင့်တက်လာပြီး ဤနေရာတွင် အနိုင်နှင့် အရှုံးသာ ရှိပေတော့မည်။
"ကောင်လေး... ငါတို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကို စိန်ခေါ်ရဲတယ်ပေါ့လေ။ ဒီနေ့ လူတွေအများကြီးရှေ့မှာ မင်းရဲ့ အရိုးတွေကို ငါ အမှုန့်ဖြစ်အောင် လုပ်ပြမယ်" ထျန်းမင်ကျယ်က ရက်ရက်စက်စက် ဆိုလိုက်သည်။
ချင်ယွမ်ဖုန်းက သက်ပြင်းချလိုက်ပြီး သူ၏ ရတနာလက်နက် တုတ်ကောက်ကို ဖြည်းညှင်းစွာ ထုတ်လိုက်၏။
"မြန်မြန်လုပ်စမ်းပါ။ ငါ အချိန်မရှိဘူး" ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။ သူသည် ဤကဲ့သို့ ရန်စတတ်သူများကို ဘယ်သောအခါမှ ယဉ်ကျေးစွာ ဆက်ဆံလေ့မရှိပေ။
ထိုအချိန်တွင် လူတိုင်း၏ အကြည့်မှာ ချင်ယွမ်ဖုန်း ရှိရာ ကွင်းပြင်ဆီသို့ ရောက်ရှိနေကြ၏။ အခြေအနေကို နားလည်သူများမှာလည်း ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းနှင့် ချင်ယွမ်ဖုန်းတို့အကြားရှိ ရန်ငြိုးကို သိရှိထားကြသည်။
ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်တစ်ဦးက သူတို့ဂိုဏ်း၏ အကြီးအကဲ တစ်ဦးကို သတ်ဖြတ်ခဲ့ခြင်းမှာ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသားများအတွက် အရှက်ရစရာ ဖြစ်ခဲ့ရသည်။
ထို့ကြောင့် သူတို့သည် လူအများရှေ့တွင် အရှက်ပြန်ဆပ်ရန် ယနေ့အထိ စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏။
ထျန်းမင်ကျယ်၏ ခန္ဓာကိုယ်အတွင်းမှ ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်လာကာ အရှိန်အဝါမှာ တရိပ်ရိပ် မြင့်တက်လာပြီး သူ၏ ဆံပင်တိုတိုများပင်လျှင် ထောင်ထလာလေသည်။
"ဟား... စစ်နတ်ဘုရား ဖန်ဆင်းခြင်း ဖြစ်နေတာလား" ချင်ယွမ်ဖုန်းက အံ့သြတကြီး လွှတ်ခနဲ ပြောလိုက်မိသည်။
"သေပေတော့ ချင်ယွမ်ဖုန်း"
ထျန်းမင်ကျယ်သည် လက်နက်မပါဘဲ လက်ဗလာဖြင့်ပင် ချင်ယွမ်ဖုန်း ရှေ့သို့ လျင်မြန်စွာ ရောက်ရှိလာ၏။
များပြားလှသော ကိုယ်တွင်းစွမ်းအင်များကို လက်တွင် စုစည်းကာ ချင်ယွမ်ဖုန်း၏ ပုခုံးပေါ်သို့ ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။
"တောင်ဖြိုလက်ဝါး"
ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်လိုက်မိသည်။ ဤထျန်းမင်ကျယ်မှာ ရှားပါးလှသော ခန္ဓာကိုယ်ကျင့်ကြံသူ သိုင်းပညာရှင်တစ်ဦး ဖြစ်နေ၏။
ထိုသို့သော သိုင်းပညာရှင်များသည် လက်နက်ကို အသုံးမပြုဘဲ သူတို့၏ ခန္ဓာကိုယ်ကိုပင် အစွမ်းထက်ဆုံး လက်နက်တစ်ခုအဖြစ် လေ့ကျင့်ထားကြခြင်း ဖြစ်သည်။
ကျင့်စဉ်အဆင့် မြင့်မားလာသည်နှင့်အမျှ သူတို့၏ ခန္ဓာကိုယ်မှာလည်း ရတနာလက်နက်များနှင့်ပင် ယှဉ်နိုင်လောက်အောင် ပိုမို သန်မာလာမည် ဖြစ်ပေသည်။
ဤလက်ဝါးရိုက်ချက်မှာ အလွန်ပင် ပြင်းထန်လှ၏။ ချင်ယွမ်ဖုန်း၏ ပုခုံးပေါ်သို့ မကျရောက်မီမှာပင် ပြင်းထန်သော စွမ်းအင်လှိုင်းကြောင့် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်ခါသွားရသည်။
သို့သော်လည်း လက်ဝါးချက်မှာ ပုခုံးပေါ်သို့ ကျရောက်ခါနီးအချိန်တွင် ချင်ယွမ်ဖုန်းက ဘယ်ဘက်သို့ တစ်လှမ်း လှမ်းလိုက်ကာ ထျန်းမင်ကျယ်၏ တိုက်ကွက်ကို အပိုင်ရှောင်တိမ်းလိုက်၏။
ထို့နောက် ချက်ချင်းပင် တုတ်ကောက်ဖြင့် ထျန်းမင်ကျယ်၏ ဝမ်းဗိုက်သို့ ထိုးနှက်လိုက်လေသည်။
ထျန်းမင်ကျယ်မှာ နာကျင်မှုကြောင့် မျက်နှာပျက်သွားပြီး နောက်သို့ တစ်လှမ်းဆုတ်လိုက်သော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားကာ သူ၏ ခန္ဓာကိုယ်ကို တောင့်တင်းလိုက်၏။
ထိုအခါ တန်ပြန်အားတစ်ခုမှာ ချင်ယွမ်ဖုန်း၏ လက်ထဲသို့ တိုက်ရိုက် ရောက်ရှိလာသည်။
ချင်ယွမ်ဖုန်းမှာ အနည်းငယ် အံ့သြသွားပြီး ထိုတန်ပြန်အားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရ၏။
"တော်တော် မာတဲ့ ခန္ဓာကိုယ်ပဲ" ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ထျန်းမင်ကျယ်၏ နှုတ်ခမ်းထောင့်တွင် အထင်သေးသော အပြုံးတစ်ခု ပေါ်လာပြီး "ဟဲဟဲ... မင်း ရှန်းဝူအကယ်ဒမီကို တက်ခွင့်ရတာ ကံကောင်းလို့ပဲ ဖြစ်မှာပါ" ဟု ဆိုလိုက်၏။
ထိုသို့ ဆိုပြီးနောက် သူသည် တစ်ဖန် ပြန်လည် တိုက်စစ်ဆင်လာပြန်သည်။ သူ၏ ဒူး၊ တောင်ဆစ်၊ လက်သီး စသည့် ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို လေးလံလှသော လက်နက်များသဖွယ် အသုံးပြုနေတော့သည်။
ချင်ယွမ်ဖုန်းသည် ဘယ်ညာ ရှောင်တိမ်းရင်း ရံဖန်ရံခါ တုတ်ကောက်ဖြင့် ထျန်းမင်ကျယ်၏ ခန္ဓာကိုယ်ကို ရိုက်နှက်သော်လည်း ထျန်းမင်ကျယ်ကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
ထိုအချိန်တွင် ကွင်းပြင်အပြင်ဘက်မှ လူများ၏ အံ့သြတကြီး အော်ဟစ်သံများ ထွက်ပေါ်လာလေသည်။
ချင်ယွမ်ဖုန်း စပ်စုလိုစိတ်ဖြင့် ဘေးကွင်းပြင်သို့ လှမ်းကြည့်လိုက်ရာ တုန်လှုပ်ဖွယ်ရာ မြင်ကွင်းကို မြင်တွေ့လိုက်ရ၏။
ရှဲ့ဇီမင်သည် လင်ယွဲ့၏ လည်ပင်းကို ညှစ်ကာ လေထဲသို့ မြှောက်တင်ထားသည် မဟုတ်လော။
သူတို့နှစ်ဦးလုံးမှာ ပဉ္စမအဆင့် သိုင်းပညာရှင်များသာ ဖြစ်ကြသော်လည်း ယခုအချိန်တွင်မူ သူတို့အကြား၌ ကြီးမားသော ကွာဟချက်တစ်ခု ရှိနေသကဲ့သို့ပင်။
လင်ယွဲ့၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာ ရရှိနေပြီ ဖြစ်သော်လည်း ရှဲ့ဇီမင်ကမူ အေးစက်သော အပြုံးဖြင့် ခေါင်းကို လှည့်ကြည့်ကာ လင်ယွဲ့ကို ဘေးသို့ ပေါ့ပေါ့ပါးပါးပင် ပစ်ချလိုက်သည်။
"သတ္တမအဆင့် မဟာဆရာလား" ချင်ယွမ်ဖုန်း အံ့အားသင့်ကာ မျက်လုံးများ ပြူးသွားရသည်။ ဤရှဲ့ဇီမင်မှာ ယခုမှသာ သူ၏ အစစ်အမှန် စွမ်းအားကို ထုတ်ပြခြင်း ဖြစ်၏။
ရှဲ့ဇီမင်နှင့် ပတ်သက်၍ တစ်ခုခု မှားယွင်းနေသည်ဟု ချင်ယွမ်ဖုန်း အမြဲတမ်း ခံစားခဲ့ရသည်။ ရှဲ့ဇီမင်သည် သူ၏ စွမ်းအားကို ဖုံးကွယ်ထားပြီး ပြိုင်ဘက်များ သူ့ကို အထင်သေးလာအောင် တမင်တကာ လုပ်ဆောင်နေခဲ့ခြင်း ဖြစ်ကြောင်း ယခုမှပင် သိလိုက်ရတော့သည်။
ယခုတစ်ကြိမ်တွင် သူ၏ ပြိုင်ဘက်မှာ လင်ယွဲ့သာ ဖြစ်သဖြင့် ရှဲ့ဇီမင်က လုံးဝ ဂရုမစိုက်တော့ခြင်း ဖြစ်ပေလိမ့်မည်။
နောက်ဆုံးပွဲစဉ်တွင် ချင်ယွမ်ဖုန်းနှင့် တွေ့သည်ဖြစ်စေ၊ ထျန်းမင်ကျယ်နှင့် တွေ့သည်ဖြစ်စေ အရေးမကြီးတော့ပေ။ ချင်ယွမ်ဖုန်း လှမ်းကြည့်နေသည်ကို မြင်သောအခါ ရှဲ့ဇီမင်က လည်ပင်းကို လှီးပြသည့် အမူအရာဖြင့် ခြိမ်းခြောက်လိုက်၏။
ချင်ယွမ်ဖုန်း အာရုံပျံ့လွင့်သွားသည်ကို အခွင့်ကောင်းယူကာ ထျန်းမင်ကျယ်က ချင်ယွမ်ဖုန်း၏ ဘေးနားသို့ ချက်ချင်း ရောက်ရှိလာပြီး များပြားလှသော ကိုယ်တွင်းစွမ်းအင်များကို လက်သီးတွင် စုစည်းကာ ချင်ယွမ်ဖုန်း၏ ရင်ဘတ်သို့ ပြင်းထန်စွာ ထိုးနှက်လိုက်လေတော့သည်။
အခန်း (၂၂၀)အားမာန်သစ်လွင် ဆေးလုံးတစ်ပွင့်
ချင်ယွမ်ဖုန်းသည် နောက်သို့ လွင့်စင်ထွက်သွားကာ ပြိုင်ပွဲစင်မြင့်ထက်သို့ အရှိန်ပြင်းစွာ ကျဆင်းသွားလေသည်။
စင်အောက်တွင် ရပ်ကြည့်နေကြသော ချန်ဒါချောင်နှင့် ချန်ရှောင်ချောင် ညီအစ်မနှစ်ဦးမှာလည်း အသက်ရှူပင် မှားသွားကြပြီး စိုးရိမ်လွန်းသဖြင့် မျက်ရည်ဝဲမတတ် ဖြစ်နေကြရသည်။
ထျန်းမင်ကျယ်သည် ရက်စက်ကြမ်းကြုတ်သော အပြုံးကို မျက်နှာတွင် ချိတ်ဆွဲထားဆဲဖြစ်ကာ ချင်ယွမ်ဖုန်းရှိရာသို့ တစ်လှမ်းချင်း လျှောက်လှမ်းလာခဲ့၏။
သို့သော် သူသည် ချင်ယွမ်ဖုန်းအနီးသို့ ရောက်ရှိသွားချိန်တွင်ပင် ချင်ယွမ်ဖုန်းသည် ရုတ်ချည်း ခုန်ထလိုက်ပြီး သူ၏ တုတ်ရှည်ကို လေထဲတွင် ဝေ့ယမ်းကာ ထျန်းမင်ကျယ်၏ ပုခုံးပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
ထျန်းမင်ကျယ်၏ ဘယ်ဘက်ပုခုံးမှာ နိမ့်ဆင်းသွားသော်လည်း သူသည် ကိုယ်ကို ချက်ချင်း ပြန်မတ်လိုက်၏။ နှစ်ရှည်လများ ကျင့်ကြံလာခဲ့သည့် သူ၏ ခန္ဓာကိုယ်မှာ နာကျင်မှုကို မခံစားရသလောက်ပင် ခံနိုင်ရည်ရှိနေပြီ ဖြစ်သည်။
သို့သော်လည်း ထိုခဏတွင်ပင် ချင်ယွမ်ဖုန်း၏ တုတ်ရှည်ထက်မှ တောက်လောင်နေသော မီးလျှံများ ရုတ်တရက် ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးကို ချက်ချင်း လွှမ်းခြုံသွားတော့သည်။
"မီးလျှံကောင်းကင် ခုတ်ချက်"
ချင်ယွမ်ဖုန်းသည် သူ၏ ဓားရှည် မရှိတော့သည့်တိုင်အောင် ဤပညာရပ်ကို ထုတ်ဖော်နိုင်ဆဲပင် ဖြစ်သည်။
ကြီးမားလှသော ကိုယ်ရံစွမ်းအင်များသည် ပြင်းထန်သော မီးလျှံများနှင့်အတူ ရုန်းကြွလာပြီး ထျန်းမင်ကျယ်၏ ကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်သွားလေတော့သည်။
ထျန်းမင်ကျယ်၏ ကြီးမားလှသော ကိုယ်လုံးကြီးမှာ နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ဒိုင်းခနဲ အသံမည်အောင် ကျဆင်းသွားရပြန်သည်။
သို့သော်လည်း ထိုအချိန်တွင် ထျန်းမင်ကျယ်၏ ကိုယ်အတွင်းမှ အနက်ရောင် ပျံလွှားပိုးမွှား အုပ်စုလိုက်ကြီး ထွက်ပေါ်လာပြီး ချင်ယွမ်ဖုန်းထံသို့ အလုံးအရင်းနှင့် တိုးဝှေ့လာကြ၏။
"ဟိုဟာ... ဝိညာဉ်စား ပျံလွှားပိုးတွေ မဟုတ်လား" ဟု စင်အပြင်ဘက်မှ တစ်စုံတစ်ယောက်က အံ့အားသင့်စွာ အော်ဟစ်လိုက်သည်။
"ဒီလို ယုတ်မာတဲ့ ပိုးမွှားတွေ အခုထိ ရှိနေသေးလိမ့်မယ်လို့ မထင်ထားမိဘူး"
ဝိညာဉ်စား ပျံလွှားပိုးများသည်
ကောင်းကင်ဘုံသုဉ်း ‘ဂူ’ များကဲ့သို့ပင် ရှေးဟောင်းခေတ်ကာလကတည်းက မျိုးတုံးသွားပြီ ဖြစ်သော သတ္တဝါများ ဖြစ်ကြသည်။
၎င်းတို့သည် အမြဲတစေ အုပ်စုလိုက် ရွေ့လျားတတ်ကြပြီး ရေမီးမခနိုင်သည့်အပြင် အလွန်မာကျောသော ခန္ဓာကိုယ်များ ရှိကြသည်။
ထို့ပြင် ထိုဝိညာဉ်စား ပျံလွှားပိုးများသည် အလွန်တရာ ယုတ်မာလှ၏။ အကယ်၍ ထိုပိုးမွှားအုပ်စုသည် လူတစ်ယောက်၏ ကိုယ်ပေါ်သို့ နားလိုက်သည်နှင့် ခဏချင်းအတွင်း ထိုသူ၏ ကိုယ်တွင်းစွမ်းအင် အနှစ်သာရအားလုံးကို စုပ်ယူပစ်နိုင်စွမ်း ရှိကြသည်။
၎င်းတို့မှာ အလွန်ယုတ်မာ လွန်းလှသောကြောင့် ရှေးခေတ်ကာလက အင်အားကြီးမားသော သိုင်းပညာရှင် အများအပြားက ဝိုင်းဝန်း နှိမ်နင်းခဲ့ကြဖူးသည်။
ယခုကဲ့သို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်တစ်ဦး၏ ကိုယ်ပေါ်တွင် ရှိနေလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။
"ရပ်စမ်း၊ ဒီလို ယုတ်မာတဲ့ မိစ္ဆာသားရဲတွေကို မင်းက ဘယ်လိုများ သုံးရဲတာလဲ" ဟု ဒုန်ဖန်းရှန့်မင်က ချက်ချင်း မတ်တတ်ရပ်ကာ တားမြစ်လိုက်လေသည်။
သို့သော်လည်း ထိုအချိန်တွင် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ အကြီးအကဲချုပ်ကလည်း ထရပ်လိုက်ပြီး "ဂိုဏ်းချုပ်ဒုန်ဖန်း၊ ဒီပျံလွှားပိုးတွေက ကျွန်တော်တို့ဂိုဏ်းက တပည့်ကိုယ်တိုင် ယဉ်ပါးအောင် မွေးမြူထားတဲ့ မိစ္ဆာသားရဲတွေပါ။ ကျွန်တော်တို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းက ကိုယ့်သားရဲကိုယ် သုံးတာကိုတောင် ခွင့်မပြုတော့ဘူးလား" ဟု ပြန်လည် မေးခွန်းထုတ်လိုက်၏။
ဒုန်ဖန်းရှန့်မင်သည် မျက်မှောင်ကြုတ်လိုက်သည်။ အမှန်စင်စစ် သိုင်းပြိုင်ပွဲတွင် မိစ္ဆာသားရဲများ သို့မဟုတ် အိမ်မွေးသားရဲများ ပါဝင်ယှဉ်ပြိုင်ခြင်းကို တားမြစ်ထားသည့် စည်းကမ်းမရှိပေ။
ထို့ပြင် ချင်ယွမ်ဖုန်းဘက်က လက်နက်ချကြောင်း မပြောသရွေ့ ဤတိုက်ပွဲမှာ ဆက်လက် တည်ရှိနေမည်သာ ဖြစ်သည်။
"ဟားဟားဟား၊ ချင်ယွမ်ဖုန်း၊ ဒီနေ့တော့ မင်း သေရမှာ အသေအချာပဲ"
ထျန်းမင်ကျယ်၏ ရင်ဘတ်မှ အဝတ်အစားများမှာ ပြာဖြစ်သွားခဲ့ပြီဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်တွင်လည်း မီးလောင်ဒဏ်ရာ အမြောက်အမြား ရှိနေပြီ ဖြစ်သည်။
သို့သော် သူသည် ထိုဒဏ်ရာများကို ဂရုမစိုက်တော့ဘဲ သူ၏ မျက်လုံးများမှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရောင်တောက်နေလေသည်။
"ကောင်းပြီလေ၊ မင်းက အိမ်မွေးသားရဲကို သုံးမှတော့ ငါလည်း ငါ့သားရဲကို ထုတ်သုံးရတာပေါ့" ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောလိုက်ပြီး သူ၏ တုတ်ရှည်ကို ဝေ့ယမ်းကာ နီးကပ်လာသော ဝိညာဉ်စား ပျံလွှားပိုးများကို ရိုက်ဖယ်လိုက်၏။
"ဝမ်ချိုင်" ဟု ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်လေသည်။
ထိုခဏတွင်ပင် ကြီးမားသော ခွေးတစ်ကောင်သည် ပွဲကြည့်စင်ပေါ်မှ ခုန်ဆင်းလာပြီး စင်မြင့်ထက်သို့ ချက်ချင်း ရောက်ရှိလာကာ ဝိညာဉ်စား ပျံလွှားပိုးအုပ်ကို ကြည့်၍ စွယ်တငေါငေါနှင့် ရန်မူလေတော့သည်။
ဝိညာဉ်စား ပျံလွှားပိုးများသည် ဝမ်ချိုင်ထံမှ ထွက်ပေါ်လာသော အရှိန်အဝါကို ခံစားမိသွားပုံရပြီး လေထဲတွင် ဝဲပျံနေကာ ရှေ့သို့ မတိုးရဲဘဲ ဖြစ်နေကြ၏။
"သူတို့ကို ဝါးမျိုပစ်လိုက်စမ်း"
ထျန်းမင်ကျယ်သည် ယခုအခါ ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ ပြုမူနေပြီး သူ၏ လက်ထိပ်ကို ကိုက်ကာ သွေးစက်အချို့ကို ညှစ်ထုတ်၍ ရှေ့သို့ ပက်ဖျန်းလိုက်လေသည်။
သွေးစက်များသည် ပျံလွှားပိုးများ ကြားထဲသို့ ကျရောက်သွားပြီး မြေပြင်ပေါ်သို့ တစ်စက်မျှပင် မကျဘဲ ပိုးမွှားများက တိုက်ရိုက် ဝါးမျိုလိုက်ကြသည်။
သွေးကို ဝါးမျိုလိုက်သော ပျံလွှားပိုးများသည် ပိုမို အန္တရာယ်ရှိလာပုံရပြီး ၎င်းတို့၏ အရောင်မှာလည်း နီဖျော့ဖျော့သို့ ပြောင်းလဲသွားကာ ချင်ယွမ်ဖုန်းနှင့် ဝမ်ချိုင်ထံသို့ ပြင်းထန်စွာ ထိုးစစ်ဆင်လာကြတော့သည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်၏။ အရေးကြုံလာပါက သူသည် ကောင်းကင်ဘုံ သန့်စင်ခြင်း ပညာရပ်ကို အသုံးပြု၍ ဤပိုးမွှားများအားလုံးကို သန့်စင်ပစ်ရန် ဝန်လေးနေမည် မဟုတ်ပေ။
သို့သော်လည်း ပိုးမွှားများ သူတို့ထံသို့ ရောက်ရှိလာချိန်မှာပင် ဝမ်ချိုင်သည် ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားကာ ပါးစပ်ကို မယုံနိုင်စရာ ကောင်းလောက်အောင် ဟလိုက်ပြီး အားကောင်းလှသော စုပ်အားတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ဝိညာဉ်စား ပျံလွှားပိုး အုပ်စုလိုက်ကြီးမှာ ဝမ်ချိုင်၏ ပါးစပ်အတွင်းသို့ တစ်ကောင်မကျန် စုပ်ယူခြင်း ခံလိုက်ရတော့သည်။
ဝမ်ချိုင်သည် ၎င်း၏ နှုတ်ခမ်းကို လျှာဖြင့် သပ်လိုက်ကာ အရသာကို ခံစားနေသယောင် ရှိနေ၏။
ထျန်းမင်ကျယ်မှာမူ မှင်သက်သွားပြီး ပါးစပ်အဟောင်းသားနှင့် "ဒါ... ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဝိညာဉ်စား ပျံလွှားပိုးတွေကို သူက ဘယ်လိုလုပ် စားရဲရတာလဲ" ဟု ရေရွတ်နေမိသည်။
ဝိညာဉ်စား ပျံလွှားပိုးများသည် အရာရာကို ဝါးမျိုနိုင်စွမ်း ရှိသဖြင့် ၎င်းတို့ကို ပြန်လည် ဝါးမျိုခြင်း ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ရလဒ်က အတူတူပင် ဖြစ်သင့်သည်။
သို့သော် ယခုမူ ဝမ်ချိုင်မှာ ဘာမှ မဖြစ်သည့်အပြင် ကျေနပ်အားရစွာဖြင့် လေတက်သံပင် ပေးလိုက်သေး၏။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး ဝမ်ချိုင်၏ ခေါင်းကို ပုတ်ပေးကာ "ကောင်းတယ် ဝမ်ချိုင်" ဟု ချီးကျူးလိုက်သည်။
ထျန်းမင်ကျယ်မှာမူ ဒေါသကြောင့် မျက်လုံးများ ပြူးထွက်မတတ် ဖြစ်နေရ၏။ ဤဝိညာဉ်စား ပျံလွှားပိုးများသည် သူ၏ ကိုယ်တွင်းစွမ်းအင် အနှစ်သာရများနှင့် ပေါင်းစပ်ကာ အပင်ပန်းခံ မွေးမြူထားရခြင်း ဖြစ်သည်။
ယခုကဲ့သို့ အလွယ်တကူ အဆုံးသတ်သွားသည်ကို သူ မည်သို့ လက်ခံနိုင်ပါမည်နည်း။
"အား"
ထျန်းမင်ကျယ်သည် ရူးသွပ်သူတစ်ဦးကဲ့သို့ အော်ဟစ်လိုက်ပြီး သူ၏ နားထင်မှ သွေးကြောများမှာလည်း ကြောက်မက်ဖွယ်ကောင်းလောက်အောင် ထောင်တက်လာကာ ကိုယ်တွင်းစွမ်းအင်များမှာ ကစဉ့်ကလျား ဖြစ်ကုန်သဖြင့် ပတ်ဝန်းကျင် လေထုမှာပင် လှိုင်းထသွားရလေသည်။
"စစ်မှန်တဲ့ ခွန်အားဆိုတာ ဘာလဲဆိုတာ မင်းကို ငါပြမယ်"
ချင်ယွမ်ဖုန်းသည် သူ၏ တုတ်ရှည်ကို သိမ်းလိုက်ပြီး လုယန့်ဓားကို ထုတ်ယူလိုက်ရာ ဓားထက်တွင် မီးလျှံများ ဝဲဖြန်းနေလေသည်။
ထျန်းမင်ကျယ်သည် ချင်ယွမ်ဖုန်းထံသို့ ပြေးဝင်လာရာ သူ၏ ခြေလှမ်းတိုင်းတွင် ပြိုင်ပွဲစင်မြင့်တစ်ခုလုံး တုန်ခါနေသယောင် ထင်မှတ်ရ၏။
သို့သော် ချင်ယွမ်ဖုန်းသည် ရှောင်တိမ်းခြင်း သို့မဟုတ် နောက်ဆုတ်ခြင်း မပြုဘဲ သူ၏ ဓားကို လက်နှစ်ဖက်ဖြင့် တင်းကြပ်စွာ ဆုပ်ကိုင်ကာ လေထဲသို့ မြင့်မားစွာ ခုန်တက်လိုက်ပြီး တောင်တစ်လုံးကို ဖြိုချလိုက်သကဲ့သို့ ပြင်းထန်စွာ ရိုက်ချလိုက်လေတော့သည်။
မီးလျှံများသည် လေထဲတွင် မီးလျှံလိုက်ကာတစ်ခုသဖွယ် ကျန်ရစ်ခဲ့ပြီး ဟုန်းဟုန်းတောက်နေသော လှိုင်းလုံးများကဲ့သို့ ရုန်းကြွနေသည့် ကိုယ်တွင်းစွမ်းအင်များသည် ထျန်းမင်ကျယ်၏ အပေါ်သို့ အရှိန်အဟုန်ဖြင့် ကျရောက်သွားလေသည်။
ထိုပြင်းထန်လှသော စွမ်းအားမှာ စင်အပြင်ဘက်ရှိ လူအားလုံးကို တုန်လှုပ်သွားစေသည်။ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသော သိုင်းပညာရှင်တစ်ဦးက ဤမျှ အင်အားကြီးမားသော စွမ်းအားကို ထုတ်ဖော်နိုင်လိမ့်မည်ဟု သူတို့ မထင်မှတ်ထားခဲ့ကြပေ။
"တကယ်ကို... ကြမ်းတမ်းလွန်းတယ်..." ဟု ရှီးမန်ဖုက ထိုနေရာတွင် ရပ်ရင်း တိုးတိုးလေး ရေရွတ်လိုက်မိ၏။
၎င်းမှာ လူအများစု၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော အတွေးလည်း ဖြစ်သည်။ဓားရှည်မှာ ထျန်းမင်ကျယ်၏ မျက်နှာပေါ်သို့ ဒိုင်းခနဲ အသံမည်အောင် ကျရောက်သွားပြီး ထျန်းမင်ကျယ်မှာ ကြိုးပြတ်သွားသော စွန်တစ်ကောင်ကဲ့သို့ စင်အပြင်ဘက်သို့ လွင့်စင်ထွက်သွားကာ ပေပေါင်းများစွာ ဝေးသော နေရာသို့ ကျဆင်းသွားလေတော့သတည်း။