← Chapters

အခန်း (၂၂၁-၂၂၂)

Vol. 13 Ch. 221-222

အခန်း (၂၂၁-၂၂၂)

Vol. 13 Ch. 221-222

အခန်း (၂၂၁) ငါ့ကိုယ်စား သူ့ကို ဆုံးမပေးပါ

ချင်ယွမ်ဖုန်းသည် အာဏာရှင်ဆေးလုံးကို မျိုချထားသော ထျန်းမင်ကျယ်တစ်ချက်တည်းနှင့် လွင့်ထွက်သွားအောင် ရိုက်နှက်လိုက်ရာ ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် တိတ်ဆိတ်သွားတော့သည်။

ခဏအကြာတွင်မူ ဟစ်တိုင်ပြင်ပမှ ပြင်းထန်သော လက်ခုပ်သြဘာသံများ ဝုန်းခနဲ ထွက်ပေါ်လာခဲ့၏။ ထိုလက်ခုပ်သံများသည် စည်းမျဉ်းများကို ဆန့်ကျင်ဝံ့သည့် ချင်ယွမ်ဖုန်း၏ သတ္တိကို ချီးကျူးကြခြင်းဖြစ်သလို သူ၏ အစွမ်းအစကို အသိအမှတ်ပြုခြင်းလည်း ဖြစ်ပေသည်။

ရှီးမန်ဖုသည် ဟစ်တိုင်ပေါ်ရှိ အနက်ရောင်ဝတ်စုံနှင့် လူငယ်ကို ကြည့်ကာ မတတ်သာသည့်နှယ် ခေါင်းခါယမ်းလိုက်မိသည်။

“ဟူး... ဒီတစ်ခါတော့ ဒီစိတ်ပျက်စရာကောင်းတဲ့ကောင်ကို ကျော်တက်ဖို့ မဖြစ်နိုင်တော့ဘူးထင်တယ်”

ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ အကြီးအကဲချုပ်မှာမူ မျက်နှာတစ်ခုလုံး ပြာနှမ်းနေပြီး လက်သီးကို တင်းတင်းဆုပ်ထားကာ ချင်ယွမ်ဖုန်းကို ထိုနေရာ၌ပင် အသေသတ်ပစ်ချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်နေတော့သည်။

သို့သော် သူ ပြန်စဉ်းစားကြည့်သည့်အခါ အနည်းငယ် ထိတ်လန့်သွားမိ၏။ နောက်ဆုံးအကြိမ် သူ ချင်ယွမ်ဖုန်းကို တွေ့စဉ်က ပဉ္စမအဆင့် မဟာဆရာနယ်ပယ်တွင်သာ ရှိသေးသော်လည်း

ယခုမူ ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထို့ထက် ပိုသည်မှာ သူ၏အစွမ်းမှာ ဆဋ္ဌမအဆင့်ထက်ပင် သာလွန်နေခြင်းပင်။

ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော တိုးတက်မှုနှုန်းက ယွမ်ထျန်းကန်ကို အန္တရာယ်ရိပ် အကြီးအကျယ် ခံစားရစေသည်။

အကယ်၍ ချင်ယွမ်ဖုန်းကို ဆက်လက် ကြီးထွားခွင့်ပေးလိုက်မည်ဆိုပါက ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။

ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းမှ တပည့်များ ရှေ့သို့ထွက်လာပြီး သတိလစ်နေသော ထျန်းမင်ကျယ်ကို ထမ်းပိုးကာ ဆေးနတ်ဘုရားဂိုဏ်းမှ အရှက်တကွဲဖြင့် ထွက်ခွာသွားကြတော့သည်။

ချင်ယွမ်ဖုန်းသည် ဟစ်တိုင်ပေါ်မှ ဖြည်းညင်းစွာ ဆင်းလာပြီး ရှဲ့ဇီမင်ကို လှမ်းကြည့်လိုက်၏။ နောက်တစ်ပွဲမှာ သူနှင့် ရှဲ့ဇီမင်တို့၏ တိုက်ပွဲပင် ဖြစ်သည်။

ဤလူသည် နောက်ဆုံးတိုက်ပွဲရောက်မှသာ သူ၏အစွမ်းကို ထုတ်ပြခဲ့ခြင်းဖြစ်ရာ ထိုကဲ့သို့သော သည်းခံနိုင်စွမ်းမှာ ကြောက်ခမန်းလိလိပင် ဖြစ်တော့သည်။

အပြင်စည်းတပည့်နှင့် အတွင်းစည်းတပည့်များ၏ တိုက်ပွဲများမှာလည်း လျင်မြန်စွာပင် ပြီးဆုံးသွားခဲ့သည်။ အိုင်ဖေးသည် မျှော်လင့်ထားသည့်အတိုင်း အတွင်းစည်းတပည့်တိုက်ပွဲတွင် အနိုင်ရရှိခဲ့၏။

ထို့နောက်တွင်မူ နောက်ဆုံး ဗိုလ်လုပွဲကြီး ဆိုက်ရောက်လာတော့မည် ဖြစ်သည်။

ယခုမှ မွန်းမတည့်သေးသဖြင့် နောက်ဆုံးတိုက်ပွဲတွင် ပါဝင်မည့် တပည့်များ အင်အားအပြည့်အဝ ပြန်လည်ရရှိစေရန်အတွက် ထိုပွဲကို မွန်းလွဲပိုင်းတွင် ကျင်းပရန် သတ်မှတ်ထားသည်။

သူတို့အားလုံးမှာ ပြင်းထန်သော တိုက်ပွဲများကို လတ်တလောမှ ဖြတ်သန်းလာရခြင်းကြောင့် ဖြစ်ပေသည်။

ချင်ယွမ်ဖုန်းမှာ ကြီးကြီးမားမား ထိခိုက်ဒဏ်ရာရခြင်း မရှိသဖြင့် ခေတ္တမျှ အနားယူလိုက်ရုံနှင့် အင်အားများ ပြန်လည်ပြည့်ဝလာခဲ့သည်။ ရှဲ့ဇီမင်မှာမူ လင်ယွဲ့ကို အနိုင်ယူရန်အတွက် မည်သည့်အားထုတ်မှုမျှပင် မပြုလုပ်ခဲ့ရချေ။

ရှဲ့ဇီမင်၏ စစ်မှန်သော အစွမ်းကြောင့် လူတိုင်း အံ့အားသင့်နေကြသော်လည်း ရှုံးနိမ့်သူအဖြစ်နှင့် လင်ယွဲ့တစ်ယောက်တည်း နောက်တောင်ကုန်းမှ ထွက်ခွာသွားသည်ကိုမူ မည်သူမျှ သတိမထားမိကြပေ။

ချင်ယွမ်ဖုန်းသည် ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် သူမနောက်သို့ ဖြည်းညင်းစွာ လိုက်သွားခဲ့သည်။

“စီနီယာအစ်မ လင်ယွဲ့... အစ်မ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဒီတစ်ခါတော့ ရှုံးသွားပြီပေါ့။ ပြန်သွားရင် ဘယ်လို အပြစ်ပေးခံရမလဲဆိုတာ အစ်မ သိတယ်မလား”

ချင်ယွမ်ဖုန်း လမ်းလျှောက်သွားစဉ်မှာပင် လှောင်ပြောင်သရော်သံတစ်ခုကို ကြားလိုက်ရသည်။ သူသည် သိလိုစိတ်ဖြင့် ခေါင်းပြူကြည့်လိုက်ရာ နှင်းမြူဓားဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးသည် လင်ယွဲ့ရှေ့တွင် ရပ်ကာ ကဲ့ရဲ့ရှုတ်ချနေကြသည်ကို တွေ့လိုက်ရ၏။

လင်ယွဲ့မှာမူ စိတ်ဓာတ်ကျနေသည့်နှယ် ခေါင်းငိုက်စိုက်ကျနေရှာသည်။

“ငါ သိတာပေါ့။ ပြန်ရောက်တာနဲ့ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်နေရာကို ငါ ပြန်အပ်ပါ့မယ်” ဟု လင်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။

“ဟွန်း... ဒါမှပေါ့။ အစွမ်းအစက မရှိဘဲနဲ့ ဟစ်တိုင်ပေါ်တက်ဖို့ ဇွတ်လုပ်နေသေးတယ်။ ငါတို့ နှင်းမြူဓားဂိုဏ်းရဲ့ မျက်နှာကို အိုးမည်းသုတ်နေတာပဲ” ဟု အခြား အမျိုးသမီးတပည့်တစ်ဦးကလည်း နှာခေါင်းရှုံ့ကာ ပြောဆိုလိုက်ပြန်သည်။

ချင်ယွမ်ဖုန်း မျက်မှောင်ကြုတ်မိသွားသည်။ ဤနှင်းမြူဓားဂိုဏ်းမှ တပည့်များမှာ တစ်ဦးနှင့်တစ်ဦး သိပ်ပြီး ခင်မင်ပုံမရချေ။

နှင်းမြူဓားဂိုဏ်းမှ အမျိုးသမီးတပည့်နှစ်ဦးမှာ ပြောချင်ရာပြောပြီးနောက် မထီမဲ့မြင်ပြုကာ ထွက်ခွာသွားကြတော့သည်။

လင်ယွဲ့သည် ထိုနေရာတွင် အလွန်ပင် အထီးကျန်စွာ ရပ်ကျန်ရစ်ခဲ့၏။ ချင်ယွမ်ဖုန်း သူမအနီးသို့ ဖြည်းညင်းစွာ လျှောက်သွားကာ “ငိုချင်ရင်လည်း ငိုချလိုက်ပါ” ဟု ဆိုလိုက်သည်။

လင်ယွဲ့က ချင်ယွမ်ဖုန်းကို လှည့်ကြည့်လိုက်ပြီးနောက် နောက်ဆုံးတွင် ဆက်၍ အောင့်ထားနိုင်ခြင်း မရှိတော့ဘဲ ငိုချလိုက်ပါတော့သည်။

“ငိုချလိုက်တာက ပိုကောင်းပါတယ်” ချင်ယွမ်ဖုန်းက လင်ယွဲ့၏ ကျောပြင်ကို ဖြည်းညင်းစွာ ပုတ်ပေးလိုက်၏။

ခဏအကြာတွင် လင်ယွဲ့၏ ငိုသံစဲသွားခဲ့သည်။ ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ ရင်ဘတ်မှာ မျက်ရည်များဖြင့် ရွှဲစိုနေပြီ ဖြစ်သည်။

“အစ်မက နှင်းမြူဓားဂိုဏ်းရဲ့ တိုက်ရိုက်သင်ကြားခွင့်ရ တပည့် မဟုတ်ဘူးလား။ ဟိုတပည့်နှစ်ယောက်က အတွင်းစည်းတပည့်တွေပဲ ဖြစ်ပုံရတာကို ဘာလို့ အစ်မကို အဲဒီလို လှောင်ရဲကြတာလဲ” ချင်ယွမ်ဖုန်းက သိလိုစိတ်ဖြင့် မေးလိုက်သည်။

လင်ယွဲ့က သက်ပြင်းချကာ “ငါတို့ နှင်းမြူဓားဂိုဏ်းမှာ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်နေရာက တစ်ခုတည်းရှိပြီး အချိန်မရွေး ပြောင်းလဲသွားနိုင်တယ်။ တပည့်တွေထဲမှာ အတော်ဆုံးဖြစ်တဲ့သူမှသာ တိုက်ရိုက်သင်ကြားခွင့်ရ တပည့် ဖြစ်လာနိုင်တာလေ” ဟု ရှင်းပြလိုက်၏။

“ဪ... ဒါကြောင့်ကိုး” ချင်ယွမ်ဖုန်းက ရေရွတ်လိုက်ရင်း “အစ်မ ဘာလို့ အဲဒီလောက် ကြိုးစားနေရလဲဆိုတာ အခုမှ နားလည်တော့တယ်။ အစ်မတို့ ဂိုဏ်းတွင်း ပြိုင်ဆိုင်မှုက တော်တော်လေး ပြင်းထန်တာပဲ”

“ဟုတ်တယ်။ ငါရဲ့ ဆရာက နှင်းမြူဓားဂိုဏ်းရဲ့ အကြီးအကဲတစ်ယောက်ပါ။ သူမက ငါ့ကို ပြုစုပျိုးထောင်ပေးခဲ့ပြီးမှ မမျှော်လင့်ဘဲ ကွယ်လွန်သွားခဲ့တာ။ သူမရဲ့ တစ်ခုတည်းသော မျှော်လင့်ချက်က ငါ့ကို တိုက်ရိုက်သင်ကြားခွင့်ရ တပည့် ဖြစ်စေချင်တာပဲလေ။ ဒါကြောင့် ဒီနေ့ ဒီနေရာကို ရောက်ဖို့ ငါအရာအားလုံးကို ရင်းပြီး ကြိုးစားခဲ့တာပါ” ဟု လင်ယွဲ့က ပြောပြသည်။

“တကယ်တော့ အစ်မ ဒီလောက်အထိ အပင်ပန်းခံနေဖို့ မလိုပါဘူး။ အစ်မရဲ့ဆရာကလည်း အစ်မကို ပျော်ပျော်ရွှင်ရွှင်ပဲ နေစေချင်မှာပါ” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်သည်။

လင်ယွဲ့က ခေါင်းခါယမ်းကာ ဘာမှ ပြန်မပြောတော့ချေ။ သူတို့နှစ်ဦးစလုံး တိတ်ဆိတ်စွာ ထိုင်နေမိကြသည်။

သူတို့မှာ မတော်တဆ ဆုံတွေ့ခဲ့ကြခြင်း ဖြစ်သော်လည်း လင်ယွဲ့က သူမ၏ လျှို့ဝှက်ချက်များကို ရှေ့မှ လူငယ်လေးအား ဖွင့်ဟပြောပြရန် ဆန္ဒရှိနေခဲ့ခြင်း ဖြစ်ပေသည်။

“ကျွန်တော့်ကို ယုံကြည်လိုက်ပါ။ ဒါတွေကို လက်လွှတ်လိုက်တဲ့အခါ အစ်မရဲ့စိတ်တွေ တော်တော်လေး ပေါ့ပါးသွားတာကို တွေ့ရလိမ့်မယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။

လင်ယွဲ့က ချင်ယွမ်ဖုန်းဘက်သို့ လှည့်ကြည့်လာပြီး မျက်နှာကို တည်ကြည်စေကာ “ချင်ယွမ်ဖုန်း...ငါ့ကို တစ်ခုလောက် ကူညီနိုင်မလား။ ဟို ရှဲ့ဇီမင်ကို ငါကိုယ်စား ဆုံးမပေးပါ။ သူက တကယ်တမ်း အစွမ်းထက်နေပါလျက်နဲ့ အားနည်းချင်ယောင် ဆောင်နေတာလေ” ဟု တောင်းဆိုလိုက်တော့သည်။

ချင်ယွမ်ဖုန်း ကြောင်အသွားမိ၏။ လင်ယွဲ့က ဤကဲ့သို့ တောင်းဆိုလာလိမ့်မည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

“ဟားဟားဟား... အစ်မက အစွမ်းထက်လာအောင် ပိုကြိုးစားမယ်လို့ ပြောမယ်ထင်နေတာ” ချင်ယွမ်ဖုန်းက ရယ်မောရင်း ပြောလိုက်သည်။

လင်ယွဲ့က ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် “တချို့အရာတွေကို လက်လွှတ်လိုက်တာက ငါ့ကို တကယ်ပဲ စိတ်ပေါ့ပါးသွားစေမှာပါ” ဟု ဆို၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ရင်း “အစ်မ အဲဒီလို တွေးနိုင်တာ ကောင်းပါတယ်။ အဲဒီကောင်ကို ကျွန်တော် ကျိန်းသေပေါက် ဆုံးမပေးပါ့မယ်” ဟု ကတိပေးလိုက်သည်။

လင်ယွဲ့လည်း လိုက်၍ ပြုံးလိုက်မိသည်။ နက်ဖြန်တွင် သူမသည် နှင်းမြူဓားဂိုဏ်း၏ တိုက်ရိုက်သင်ကြားခွင့်ရ တပည့် ဖြစ်ချင်မှ ဖြစ်တော့မည် ဖြစ်သော်လည်း ယခုအချိန်တွင်မူ သူမ၏ စိတ်ထဲမှ အစွဲအလမ်းအချို့ကို လက်လွှတ်နိုင်ခဲ့ပြီ ဖြစ်သည်။

မကြာမီမှာပင် မွန်းလွဲပိုင်း ဗိုလ်လုပွဲ ကျင်းပရန် အချိန်ကျရောက်လာခဲ့သဖြင့် ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့သည် နောက်တောင်ကုန်းသို့ ပြန်လာခဲ့ကြသည်။

အဆင့်တစ်ခုချင်းစီ၏ အနိုင်ရရှိသူများကို လူတိုင်း သိရှိပြီးသား ဖြစ်သဖြင့် မိတ်ဆက်ပေးနေရန် မလိုတော့ချေ။

ပြိုင်ပွဲဝင်နှစ်ဦးမှာ ဟစ်တိုင်ပေါ်သို့ အသိစိတ်ဖြင့် လမ်းလျှောက်တက်သွားကြသည်။

“ကြည့်ကြပါဦး... ဟိုမှာ ရှဲ့ဇီမင်ပဲ။ သူက အခုထိ အစွမ်းတွေကို ဖုံးကွယ်ထားလိမ့်မယ်လို့ ငါ တကယ် မထင်ထားဘူး။ သူ့ရဲ့ ကျင့်စဉ်အဆင့်က ရွှမ်လေတောင်တန်းက စီနီယာအစ်ကို ချန်ဖန်းနဲ့ အတူတူပဲကိုး”

“ဟုတ်ပဗျာ။ သူတို့နှစ်ယောက်ကို လူငယ်မျိုးဆက်သစ်တွေထဲမှာ အထူးချွန်ဆုံး သိုင်းပညာရှင်တွေလို့ ပြောရင်တောင် မမှားဘူး”

“ဒါပေမဲ့ ချင်ယွမ်ဖုန်းကလည်း အပျော့စားတော့ မဟုတ်ဘူးနော်။ ထျန်းမင်ကျယ်က အာဏာရှင်ဆေးလုံး မျိုထားတာတောင် ချင်ယွမ်ဖုန်းရဲ့ တစ်ချက်တည်းနဲ့ လွင့်ထွက်သွားတာပဲ”

ရောက်ရှိနေကြသူ အားလုံးမှာ ဤအချိန်တွင် ချင်ယွမ်ဖုန်းနှင့် ရှဲ့ဇီမင်တို့ထံ၌သာ အာရုံစိုက်နေကြပြီး အပြင်စည်းနှင့် အတွင်းစည်းတပည့်များ၏ တိုက်ပွဲများကို ကြည့်ရှုသူ နည်းပါးသွားခဲ့သည်။

ထိုသို့ ဖြစ်ရသည်မှာလည်း အကြောင်းရှိပေသည်။ တစ်ဦးက ရှန်းဝူအကယ်ဒမီသို့ တက်ရောက်ခွင့်ရထားသော အစွမ်းထက်ပုဂ္ဂိုလ်ဖြစ်ပြီး အခြားတစ်ဦးမှာ သတ္တမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိနေသည့် ပါရမီရှင်တစ်ဦး ဖြစ်နေသောကြောင့်ပင်။

“ချင်ယွမ်ဖုန်း... တကယ်တော့ မင်းကို ငါ သတိထားမိနေတာ ကြာပါပြီ။ နောက်ဆုံးပွဲမှာ မင်းနဲ့ ရင်ဆိုင်ရမယ်ဆိုတာကိုလည်း ငါ မအံ့သြပါဘူး” ဟု ရှဲ့ဇီမင်က အေးဆေးစွာ ပြောလိုက်သည်။

ချင်ယွမ်ဖုန်းက ပခုံးတွန့်လိုက်ရင်း “ငါလည်း အတူတူပါပဲ။ ဒါပေမဲ့ မေးချင်တာက မင်းမှာ ဒီလောက် အစွမ်းရှိနေပါလျက်နဲ့ ဘာလို့ ဖုံးကွယ်ထားရတာလဲ”

“ဟားဟားဟား... သတိရှိတာက ဘေးကင်းဖို့အတွက် အကောင်းဆုံးပဲလေ။ လူငယ်မျိုးဆက်သစ်တွေထဲမှာ ပါရမီရှင်တွေ အများကြီး ရှိနေတာပဲ။ ဘယ်သူက မင်းထက် ပိုတော်နေမလဲဆိုတာ ဘယ်သူ သိနိုင်မှာလဲ” ဟု ရှဲ့ဇီမင်က ဆိုသည်။

ထိုစကားမှာ အမှန်တရားပင် ဖြစ်သည်။ မိမိ၏ အစွမ်းကို ဖုံးကွယ်ထားခြင်းဖြင့်သာ အခြားသူများကို အငိုက်မိစေနိုင်ပြီး ပြဿနာများ မဖြစ်ပေါ်မီ ကြိုတင် ကာကွယ်နိုင်မည် မဟုတ်လော။

အခန်း (၂၂၂)ပထမဦးဆုံး တိုက်ပွဲ

ကွင်းအတွင်း၌ လူလေးဦးသာ ကျန်ရှိတော့သည့်အခါတွင် သူသည် မိမိ၏ အစွမ်းသတ္တိကို ဖုံးကွယ်ထားခြင်း မရှိတော့ပေ။ အမှန်စင်စစ် ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် သူ၏ ကျင့်စဉ်အဆင့်ကို သိရှိထားပြီးသား ဖြစ်သည်။

သူ့အတွက် ခြိမ်းခြောက်မှု အရှိဆုံးသူမှာ ချင်ယွမ်ဖုန်းသာ ဖြစ်သည်။ ယခုတိုင်အောင်ပင် ချင်ယွမ်ဖုန်း၏ အစွမ်းအစ အစစ်အမှန်ကို သူ အပြည့်အဝ ခန့်မှန်းနိုင်ခြင်း မရှိသေးပေ။

ချင်ယွမ်ဖုန်းသည် လုယန့်ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်ပြီး ရှဲ့ဇီမင်ကလည်း သူ၏ ရတနာလက်နက် ဖြစ်သော စတုတ္ထအဆင့် ရတနာလက်နက် ကြယ်တာရာဖောက်ထွင်းလှံကို ထုတ်ယူလိုက်သည်။

ရှဲ့ဇီမင်က သူ၏ ရတနာလက်နက်ကို ပထမဆုံးအကြိမ် ထုတ်သုံးလိုက်ခြင်းဖြစ်ရာ ချင်ယွမ်ဖုန်းပင်လျှင် အံ့အားသင့်သွားရသည်။

ရှဲ့ဇီမင်၏ ပုံပန်းသဏ္ဌာန်မှာ ဖြောင့်မတ်တည်ကြည်သူတစ်ဦးနှင့် မတူသော်လည်း သူအသုံးပြုသည့် လက်နက်မှာမူ ရှေ့သို့ မဆုတ်မနစ် တိုးဝင်မည့် ပြင်းပြသော အရှိန်အဝါ လိုအပ်သည့် လက်နက်မျိုး ဖြစ်နေသည်။

ထို့ကြောင့် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ရှဲ့ဇီမင်အပေါ် ထားရှိသည့် အမြင်မှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

"လာစမ်းပါ ချင်ယွမ်ဖုန်း၊ မင်း ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ ငါ့ကို ပြစမ်းပါဦး"

ရှဲ့ဇီမင်သည် သူ၏ လှံရှည်ကို ဝေ့ယမ်းလိုက်ရာ ကိုယ်တွင်းစွမ်းအင်များ စီးဝင်သွားပြီး လှံဖျားမှ စူးရှတောက်ပသော အလင်းတန်းများ ဖြာထွက်လာသည်။

ချင်ယွမ်ဖုန်းမှာမူ တိတ်ဆိတ်နေဆဲဖြစ်ပြီး မျက်မှောင်ကို ကြုတ်ကာ ဓားရှည်ကို ရင်ဘတ်ရှေ့တွင် ကန့်လန့်ဖြတ် ကိုင်စွဲထားရင်း ကိုယ်တွင်းစွမ်းအင်များကို ဓားအတွင်းသို့ ပို့လွှတ်လိုက်သည်။

ဂိုဏ်းပေါင်း သုံးဆယ်မှ အစွမ်းထက်ဆုံးသော တပည့်နှစ်ဦး၏ တိုက်ပွဲမှာ စတင်တော့မည် ဖြစ်ရာ ကြည့်ရှုနေသူအားလုံး ရင်တထိတ်ထိတ် ဖြစ်နေကြသည်။

ဒုန်ဖန်းရှန့်မင် တစ်ဦးတည်းသာလျှင် ချင်ယွမ်ဖုန်း အနိုင်ရမည်မှာ မြေကြီးလက်ခတ်မလွဲဟူသော အမူအရာဖြင့် အေးအေးလူလူ ထိုင်နေလေသည်။

"ဂိုဏ်းချုပ်ဒုန်ဖန်း၊ ကြည့်ရတာ မင်းရဲ့ ဆေးနတ်ဘုရားဂိုဏ်းက တပည့်အပေါ် တော်တော်လေး ယုံကြည်မှု ရှိနေပုံပဲနော်" ဟု ယွမ်ထျန်းကန်က ဒုန်ဖန်းရှန့်မင် အနားသို့ ဖြည်းဖြည်းချင်း လျှောက်လာရင်း ပြောလိုက်သည်။

ဒုန်ဖန်းရှန့်မင်က မျက်ခုံးတစ်ချက် ပင့်လိုက်ကာ "အော်... အကြီးအကဲ ယွမ် ပါလား၊ငါ့ဂိုဏ်းက တပည့်ကို ယုံကြည်တာ ဘာများ ပြဿနာ ရှိလို့လဲ" ဟု ပြန်မေးလိုက်သည်။

"ပြဿနာတော့ မရှိပါဘူး" ယွမ်ထျန်းကန်က တဟားဟား ရယ်မောရင်း "ဒီတိုက်ပွဲမှာ စိတ်ဝင်စားစရာလေး တစ်ခုခု ထပ်ဖြည့်ချင်လို့ပါ" ဟု ဆိုသည်။

"အို... အကြီးအကဲ ယွမ်က ဒီလို စိတ်ကူးမျိုး ရှိတာ တော်တော်လေး ရှားတာပဲ" ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ပြောလိုက်သည်။

ယင်းစကားမှာ မိမိတပည့် ဖြစ်သူက အရှက်ရဖွယ် ကိစ္စရပ်တစ်ခု ကျူးလွန်ထားသဖြင့် ငိုကြွေးနေရမည့်အစား ယခုကဲ့သို့ ပြုမူနေခြင်းကို သရော်လိုက်ခြင်း ဖြစ်သည်။

ယွမ်ထျန်းကန်၏ မျက်နှာမှာ ပျက်သွားသော်လည်း ချက်ချင်းပင် ပြန်လည် ထိန်းချုပ်လိုက်သည်။

"ဂိုဏ်းချုပ်ဒုန်ဖန်း... မင်းကြောက်နေတာလား" ဟု ယွမ်ထျန်းကန်က မေးလိုက်သည်။

"ဘာကို ကြောက်ရမှာလဲ၊ ဒါပေမဲ့ မင်းဆီမှာ ငါစိတ်ဝင်စားလောက်မယ့် ဘယ်လို ဆုလာဘ်မျိုး ရှိလို့လဲ" ဒုန်ဖန်းရှန့်မင်က ဂရုမစိုက်ဟန်ဖြင့် မေးမြန်းလိုက်သည်။

ယွမ်ထျန်းကန်သည် ကြိုတင် ပြင်ဆင်ထားသည့်အတိုင်း သူ၏ သိုလှောင်အိတ်ထဲမှ လင်းလက်တောက်ပသော ပုလဲလုံးနှင့် တူသည့် ပစ္စည်းတစ်ခုကို ထုတ်ယူလိုက်ရာ ယင်းအတွင်း၌ လင်းတ၏ ပုံရိပ်ငယ်လေး တစ်ခု ကိန်းအောင်းနေသည်။

"ဒါကတော့ တတိယအဆင့် နတ်သားရဲ ဖြစ်တဲ့ မိုးကောင်းကင်ဟိန်းသံ လင်းတရဲ့ မှော်အမြူတေပဲ၊ အဲဒီထဲမှာ လင်းတရဲ့ ဝိညာဉ်လည်း ပါရှိတယ်၊ ဒါကို ဆေးလုံးအဖြစ် ဖော်စပ်ပြီး သုံးစွဲမယ်ဆိုရင် မဟာဆရာနယ်ပယ် ကျင့်ကြံသူတစ်ဦးကို ဘေးထွက်ဆိုးကျိုး မရှိဘဲ တစ်ဆင့် တိုက်ရိုက် မြှင့်တင်ပေးနိုင်တယ်" ဟု ယွမ်ထျန်းကန်က ခပ်အေးအေး ပြောလိုက်သည်။

ယင်းက ဒုန်ဖန်းရှန့်မင်၏ စိတ်ဝင်စားမှုကို ရရှိသွားစေပြီး "ဒီလောက် အဖိုးတန်တဲ့အရာကိုတောင် ထုတ်ပေးတယ်ဆိုတော့ ငါ့ရဲ့ ဆေးနတ်ဘုရားဂိုဏ်းဆီက ဘာကို အလိုရှိနေတာလဲ အကြီးအကဲ ယွမ်" ဟု မေးလိုက်သည်။

"ကျွန်တော် အလိုရှိတာက ရိုးရိုးလေးပါ၊ ဂိုဏ်းချုပ်ဒုန်ဖန်းကို ကျွန်တော့်အတွက် တစ်ကြိမ်တစ်ခါလောက် လက်ရုံးရည် ပြပေးစေချင်တာပါ" ဟု ယွမ်ထျန်းကန်က ဆိုသည်။

"လက်ရုံးရည် ပြပေးရမယ်... ဘယ်သူ့ကိုလဲ" ဟု ဒုန်ဖန်းရှန့်မင်က မေးသည်။

"ဘယ်သူလဲဆိုတာတော့ ကျွန်တော် မဆုံးဖြတ်ရသေးဘူး၊ ဒါပေမဲ့ လူတစ်ယောက်ကို သတ်မှတ်လိုက်ပြီဆိုရင် ဂိုဏ်းချုပ်ဒုန်ဖန်းအနေနဲ့ ဘာအဟန့်အတားမှ မရှိဘဲ လုပ်ဆောင်ပေးဖို့ မျှော်လင့်ပါတယ်" ယွမ်ထျန်းကန်က အေးစက်စွာ ရယ်မောလိုက်သည်။

ဤအခြေအနေမှာ အလွန်ပင် ခက်ခဲလှသည်။ အကယ်၍ ယွမ်ထျန်းကန်က ချင်ယွမ်ဖုန်းကို သတ်ရန် ခိုင်းစေပါက ဒုန်ဖန်းရှန့်မင်သည် လိုက်နာရမည် ဖြစ်သည်။

သို့သော် ယွမ်ထျန်းကန်က ဒုန်ဖန်းရှန့်မင် သဘောတူလိမ့်မည် မဟုတ်ဟု တွက်ဆထားပြီး ဒုန်ဖန်းရှန့်မင်၏ ထောင်လွှားမှုကို နှိမ်ချရန်သာ လာရောက်ခြင်း ဖြစ်သည်။

ဆေးနတ်ဘုရားဂိုဏ်းကို ယခုကဲ့သို့ အစဉ်အမြဲ လွှမ်းမိုးထားခွင့် မပေးနိုင်ပေ။

"ကောင်းပြီလေ၊ ကျွန်တော် သဘောတူတယ်" ဟု ဒုန်ဖန်းရှန့်မင်က ပြုံးလျက် ပြောလိုက်သည်။

"ဟားဟားဟား... သဘောတူမှာ မဟုတ်ဘူးဆိုတာ ကျွန်တော် သိပြီးသားပါ၊ ထည်ဝါလှတဲ့ ဆေးနတ်ဘုရားဂိုဏ်းချုပ်က ကြွက်စုတ်လေးတစ်ကောင်လို ကြောက်တတ်..." ယွမ်ထျန်းကန်သည် သူပြင်ဆင်လာသည့် ကဲ့ရဲ့စကားများကို ပြောလက်စတွင်ပင် မှင်တက်သွားရသည်။

"ခင်ဗျား... သဘောတူတယ်လို့ ပြောလိုက်တာလား" ယွမ်ထျန်းကန်က ပြန်မေးလိုက်သည်။

"သဘောတူတာပေါ့၊ အကယ်၍ ချင်ယွမ်ဖုန်းသာ ဒီတစ်ခါ ရှုံးနိမ့်ခဲ့မယ်ဆိုရင် မင်းက သူ့ကို သတ်ခိုင်းရင်တောင် ငါတွန့်ဆုတ်နေမှာ မဟုတ်ဘူး" ဟု ဒုန်ဖန်းရှန့်မင်က ခပ်အေးအေး ပြောလိုက်သည်။

"အရမ်ကောင်းမွန်ပေတာပေါ့" ယွမ်ထျန်းကန်က စိတ်လှုပ်ရှားစွာဖြင့် သူ၏ ပေါင်ကို ရိုက်လိုက်မိပြီးမှ မိမိ၏ အမူအရာ ပျက်သွားသည်ကို သတိပြုမိကာ ပြန်လည် ထိန်းသိမ်းလိုက်သည်။

"ဂိုဏ်းချုပ်ဒုန်ဖန်းက တကယ့်ကို သတ္တိရှိတာပဲ၊ ဒါဆို သဘောတူညီမှု ရပြီပေါ့" ဟု ယွမ်ထျန်းကန်က ပြုံးလျက် ဆိုသည်။

ဒုန်ဖန်းရှန့်မင်က ခေါင်းယမ်းလိုက်ကာ "ငါ့မှာ သတ္တိမရှိပါဘူး၊ ငါက ကြောက်တတ်တဲ့ လူစားမျိုးပါ" ဟု ပြန်လည် ချေပလိုက်သည်။

ထိုသရော်စကားကြောင့် ယွမ်ထျန်းကန်သည် မျက်နှာမကောင်း ဖြစ်သွားရပြီး ချက်ချင်းပင် ထိုနေရာမှ ထွက်ခွာကာ ပွဲကြည့်စင်သို့ ပြန်သွားလေတော့သည်။

ယခုအချိန်တွင် သူ၏ စိတ်ထဲ၌ တစ်ခုတည်းသော အတွေးသာ ရှိတော့သည်၊ ယင်းမှာ ချင်ယွမ်ဖုန်းကို ရှဲ့ဇီမင်က အနိုင်ယူရန်ပင် ဖြစ်သည်။

ပြိုင်ပွဲကွင်းအတွင်း၌ ချင်ယွမ်ဖုန်းမှာမူ မိမိ၏ အသက်ကို ယခုတိုက်ပွဲပေါ်တွင် လောင်းကြေးထပ်ထားသည်ကို လုံးဝ မသိရှိပေ။

ရှဲ့ဇီမင်က စတင် တိုက်ခိုက်လိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ရှေ့သို့ လျှင်မြန်စွာ တိုးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ၏ လှံရှည်ကို အကြိမ်ကြိမ် ထိုးနှက်လိုက်ရာ လှံသွားများစွာ ချင်ယွမ်ဖုန်းကို ဝိုင်းရံသွားလေတော့သည်။

လှံသွားများမှ အေးစက်သော အလင်းတန်းများ ဖြာထွက်နေပြီး ဟုန်တက်လာသော ကိုယ်တွင်းစွမ်းအင် လှိုင်းလုံးကြီးများက ချင်ယွမ်ဖုန်းထံသို့ ပြင်းထန်သော ဒီရေလှိုင်းများကဲ့သို့ တိုးဝင်သွားသည်။

ချင်ယွမ်ဖုန်းက ခုခံရန် ဓားကို ဆွဲထုတ်လိုက်ရာ ဓားအလင်းတန်းများ အရပ်မျက်နှာ အနှံ့သို့ ထွက်ပေါ်လာသည်။ တောက်ပလှသော ကိုယ်ရံစွမ်းအင်မှာ ပြင်းထန်သော မြစ်ရေကဲ့သို့ ရှေ့သို့ စီးဆင်းသွားပြီး ယင်း၏ စူးရှသော အလင်းမှာ ကွင်းအတွင်းရှိ နေရာတိုင်းကို လင်းထိန်သွားစေသည်။

ထိုအခိုက်အတန့်တွင် ဓားအလင်းတန်းမှာ ကောင်းကင်ယံရှိ နေမင်းထက်ပင် ပိုမို တောက်ပနေလေသည်။

ပြင်းထန်သော စွမ်းအင်နှစ်ခုမှာ တိုက်ရိုက် တိုးတိုက်မိကြပြီး လျှပ်စီးလက်သကဲ့သို့ တောက်ပသော အလင်းများ ပွင့်ထွက်လာသည်။

ထွက်ပေါ်လာသော အသံကြီးမှာ ကောင်းကင်မှ မိုးကြိုးပစ်လိုက်သကဲ့သို့ ဟိန်းထွက်သွားရာ ပွဲကြည့်စင်ပေါ်ရှိ လူအားလုံး တုန်လှုပ်သွားရသည်။

ချက်ချင်းပင် ပြင်းထန်သော စွမ်းအင်လှိုင်းများမှာ အပြင်ဘက်သို့ ပြန့်ကားသွားသည်။

ကံကောင်းထောက်မစွာဖြင့် အစီအရင်ဖြင့် ကာကွယ်ထားသောကြောင့် အပြင်သို့ ပျံ့နှံ့မသွားသော်လည်း အစီအရင်၏ အကာအကွယ်မှာ ပေါက်ထွက်တော့မတတ် တုန်ခါသွားရသည်။

ချင်ယွမ်ဖုန်းနှင့် ရှဲ့ဇီမင်တို့ နှစ်ဦးစလုံးသည် တန်ပြန်တွန်းကန်အားကြောင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်ရသည်။

၎င်းတို့နှစ်ဦးမှာ ကျင့်စဉ်နယ်ပယ် တူညီကြသည် မဟုတ်သော်လည်း ယခုအခါတွင်မူ အင်အားချင်း ညီမျှနေသည်ဟု ထင်မှတ်ရသည်။

နောက်သို့ ဆုတ်နေရာမှ ရပ်တန့်လိုက်ပြီးနောက် နှစ်ဦးစလုံးသည် တစ်ဦးကိုတစ်ဦး တစ်ဖန် ပြန်လည် တိုက်ခိုက်ကြပြန်သည်။

ရှဲ့ဇီမင်သည် သူ၏ လှံကို ကိုင်စွဲထားပြီး သူ၏ ခန္ဓာကိုယ်နှင့် လှံရှည်မှာ တစ်သားတည်း ဖြစ်နေပုံရသည်။ လှံရှည်မှာ လှံသွားအဖြစ် တည်ရှိနေပြီး ရှဲ့ဇီမင်၏ ခန္ဓာကိုယ်မှာမူ လှံတံအဖြစ် ပြောင်းလဲသွားခဲ့သည်။

သူသည် တောက်ပသော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားကာ ချင်ယွမ်ဖုန်းထံသို့ တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားသည်။

ဟုန်တက်နေသော ကိုယ်တွင်းစွမ်းအင်များအောက်တွင် မိုးခြိမ်းသံကဲ့သို့သော အသံကြီးမှာ ကွင်းတစ်ခုလုံး၌ ဟိန်းထွက်နေသည်။

ထိုအချိန်တွင် ချင်ယွမ်ဖုန်းမှာမူ သူ၏ ဓားရှည်ကို ကိုင်စွဲကာ ကောင်းကင်ယံသို့ ရုတ်တရက် ခုန်တက်လိုက်သည်။ သူသည် ဓားရှည်ကို ဦးခေါင်းပေါ်သို့ မြှောက်တင်လိုက်ရာ ပူပြင်းလှသော မီးလျှံများ ချက်ချင်း ထွက်ပေါ်လာပြီး ဓားရှည်တစ်ခုလုံးကို ဝါးမြိုသွားလေတော့သည်။

"မီးလျှံကောင်းကင် ခုတ်ချက်"

ချင်ယွမ်ဖုန်းက ဟိန်းဟောက်လိုက်ပြီး ဓားကို အရှိန်အဟုန်ဖြင့် လွှဲခုတ်လိုက်ရာ တောက်လောင်နေသော ဓားအလင်းတန်းတစ်ခုသည် သူ၏ ခန္ဓာကိုယ်မှ ပွင့်ထွက်သွားကာ အောက်ဘက်သို့ ပျံသန်းသွားသည်။

ပတ်ဝန်းကျင်ရှိ လေထုမှာ ဆူပွက်နေသော ရေကဲ့သို့ပင် ပုံပျက်သွားရသည်။

တောက်လောင်နေသော ဓားအလင်းတန်းနှင့် ရှဲ့ဇီမင် ပြောင်းလဲထားသော လှံရှည်တို့မှာ ပြင်းထန်စွာ တိုးတိုက်မိကြရာ ကမ္ဘာပျက်တော့မတတ် အသံကြီးမှာ ကွင်းအတွင်း၌ ထပ်မံ ပေါ်ထွက်လာပြန်သည်။

ကွင်းတစ်ခုလုံးမှာ မည်သည့်အချိန်တွင်မဆို ပြိုကျသွားနိုင်သည့်အလား တုန်ခါနေသည်။

ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ ရုတ်တရက် လည်ပတ်သွားပြီး သူ၏ ဓားရှည်မှာ တစ်ပတ် အပြည့် ဝေ့ယမ်းသွားကာ တောက်လောင်နေသော ဓားအလင်းတန်းနောက်သို့ ကပ်လျက် လိုက်ပါသွားပြီး ကြီးမားသော အရှိန်အဟုန်ဖြင့် ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။

တောက်လောင်နေသော ဓားအလင်းတန်းနှင့် လှံရှည်တို့မှာ တိုက်ခိုက်မိကြပြီး ခဏအကြာတွင် ဟိန်းဟောက်သံနှင့်အတူ အရပ်မျက်နှာအနှံ့ ပျံ့လွင့်သွားသည်။

တောက်လောင်နေသော ဓားအလင်းတန်းမှာ မီးလုံးကြီးများအဖြစ် ပြောင်းလဲသွားပြီး ကွင်းအတွင်းသို့ ကျရောက်သွားရာ ကွင်းတစ်ခုလုံးမှာ မီးပင်လယ်ပြင်ကြီးအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

All Chapters