အခန်း (၂၃၁-၂၃၂)
Vol. 13 Ch. 231-232
အခန်း (၂၃၁)နတ်ဘုရားသောင်းချီနယ်မြေ (၅)
ချင်ယွမ်ဖုန်းက စုပ်ယူထားသော မိုးကောင်းကင်ဟိန်းသံလင်းတ ဝိညာဉ်မှာ ယခုအခါတွင် ဝိညာဉ်စွမ်းအားဖြင့် ဖွဲ့စည်းထားသည့် မိုးကောင်းကင်ဟိန်းသံလင်းတတစ်ကောင် ဖြစ်လာခဲ့လေပြီ။
ယင်းသည် အစစ်အမှန် မိုးကောင်းကင်ဟိန်းသံလင်းတတစ်ကောင်၏ စွမ်းဆောင်ရည်အားလုံးကို ပိုင်ဆိုင်ထားသည့်အပြင် ချင်ယွမ်ဖုန်းနှင့် အမြင်အာရုံချင်းပါ ဝေမျှနိုင်စွမ်းရှိချေသည်။
ထို့ကြောင့် မိုးကောင်းကင်ဟိန်းသံလင်းတက ကောင်းကင်ယံထက်သို့ မြင့်မားစွာ ပျံသန်းသွားသည့်အခါ ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပတ်ဝန်းကျင် မီတာတစ်ထောင်အတွင်းရှိ မြင်ကွင်းများအားလုံး ပေါ်လွင်နေပြီး တစ်စုံတစ်ရာ ထူးခြားလှုပ်ရှားမှုရှိပါက ချက်ချင်း သိရှိနိုင်မည် ဖြစ်ပေသည်။
ညတစ်ညမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး ဒဏ်ရာရထားသော အိုင်ဖေးမှာလည်း ဆေးလုံးတစ်လုံး သောက်သုံးပြီးနောက် တစ်ညအတွင်းမှာပင် အပြည့်အဝ ပြန်လည်ကျန်းမာလာခဲ့သည်။
ယင်းက ယွင်ယဲ့ယဲ့ကို ကာကွယ်ရန် ကျောက်တုံးကြီးအား ပိတ်ဆို့ပေးခဲ့သည့် လုပ်ရပ်ကြောင့် သူတို့နှစ်ဦးကြားတွင် သံယောဇဉ်အရိပ်အယောင်လေးများ စတင်ဖြစ်ပေါ်လာခဲ့ရ၏။
ပျိုရွယ်သော လူငယ်မောင်မယ်များမှာ အမြဲတမ်း ရိုမန်တစ်ဆန်သော အရွယ်များပင် မဟုတ်လော။
ထိုညတွင် နောက်ထပ် ဘေးအန္တရာယ် တစ်စုံတစ်ရာ ပေါ်ပေါက်မလာခဲ့သော်လည်း အခြားသော အဖွဲ့အစည်းများ အဝေးတစ်နေရာတွင် ဘေးဒုက္ခနှင့် ကြုံတွေ့နေရသည်ကိုမူ ချင်ယွမ်ဖုန်း မြင်တွေ့ခဲ့ရသည်။
သို့သော်လည်း ချင်ယွမ်ဖုန်းအနေဖြင့် ရှေ့သို့တက်ကာ ကူညီခြင်းမပြုခဲ့ပေ။ နတ်ဘုရားသောင်းချီနယ်မြေအတွင်း၌ မိမိကိုယ်ကို ဘေးကင်းအောင် စောင့်ရှောက်နိုင်ရန်ပင် ခဲယဉ်းလှသည် မဟုတ်လော။
သူတို့သည် နယ်မြေ၏ အတွင်းပိုင်းသို့ ဆက်လက် လျှောက်လှမ်းခဲ့ကြသည်။ မြေပုံပေါ်တွင် ရှာဖွေပြီးသား နေရာများမှ ရရှိနိုင်သည့် အရာများမှာ ထူးထူးခြားခြား ကောင်းမွန်လှသည်မဟုတ်ဘဲ အမှန်တကယ် တန်ဖိုးရှိသော ပစ္စည်းများမှာ အတွင်းပိုင်း ဒေသများတွင်သာ ရှိနေကြခြင်း ဖြစ်သည်။
အတွင်းပိုင်းသို့ ပိုမိုဝင်ရောက်လေလေ ရတနာများ ပိုမိုများပြားလေလေ ဖြစ်သည်။
ဤနေရာကို အဘယ်ကြောင့် နတ်ဘုရားသောင်းချီနယ်မြေဟု ခေါ်ဝေါ်ရသနည်းဆိုသည်ကို ချင်ယွမ်ဖုန်း နောက်ဆုံးတွင် နားလည်သွားခဲ့ရသည်။
အကြောင်းမှာ ဤအတွင်း၌ ရတနာများက အဆမတန် များပြားလွန်းလှသောကြောင့်ပင်။
လမ်းဘေးဝဲယာရှိ သာမန် ပန်းမန်များနှင့် မြက်ပင်များပင်လျှင် ခွဲခြားသိမြင်နိုင်သော ဝိညာဉ်ဆေးပင်များ ဖြစ်နေကြပြီး တန်ဖိုးအားဖြင့် သိပ်မကြီးသော်လည်း လမ်းဘေးမှ ကျပန်းကောက်ရသည့် ကျောက်တုံးတစ်တုံးသည်ပင် ကောင်းမွန်သော လက်နက်သွန်းလုပ်ခြင်းဆိုင်ရာ ပစ္စည်းများ ဖြစ်နေတတ်ပေသည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းနှင့် အဖော်တစ်ကျိပ်တို့သည် အတွင်းပိုင်းသို့ ဖြည်းညင်းစွာ လျှောက်လှမ်းရင်း လမ်းတစ်လျှောက်တွင် များပြားလှသော ရရှိမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုသို့ သွားလာရင်း အခြားသော ဂိုဏ်းများမှ လူများနှင့်လည်း ဆုံတွေ့ခဲ့ရသေး၏။
သို့ရာတွင် ချက်ချင်းလက်ငင်း အကျိုးစီးပွား ပဋိပက္ခမရှိသောကြောင့် ခေတ္တမျှသာ ဆုံတွေ့ပြီးနောက် အလျှင်အမြန်ပင် လမ်းခွဲခဲ့ကြသည်။
ချင်ယွမ်ဖုန်းက အရာအားလုံး ချောချောမွေ့မွေ့ ဆက်လက်ဖြစ်ပေါ်နေမည်ဟု ထင်မှတ်ထားစဉ်မှာပင် နတ်ဘုရားသောင်းချီနယ်မြေအတွင်းရှိ သိုင်းပညာရှင်အားလုံးကို ထိတ်လန့်တုန်လှုပ်သွားစေသည့် အဖြစ်အပျက်တစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့လေသည်။
“စီနီယာအစ်ကို... ဟိုဟာက ဘာကြီးလဲ”
ယွင်ယဲ့ယဲ့က တုန်ရီနေသော လက်ချောင်းလေးဖြင့် နတ်ဘုရားသောင်းချီနယ်မြေ၏ ဗဟိုချက်မရှိ တောင်ထိပ်ကို ညွှန်ပြကာ ပြောဆိုလိုက်သည်။
လူတိုင်း မော့ကြည့်လိုက်ကြသည့်အခါ သူတို့၏ တစ်သက်တာတွင် မေ့ပျောက်နိုင်တော့မည်မဟုတ်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ရသည်။
တောင်ထိပ်မှနေ၍ အဆမတန် များပြားလှသော စိတ်အာဃာတမိစ္ဆာစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားကာ ခဏချင်းမှာပင် အမှောင်ထုအဖြစ် ပြောင်းလဲပစ်လိုက်လေတော့သည်။
ထိုတောင်ထိပ်မှာ ဧရာမ မီးခိုးခေါင်းတိုင်ကြီးတစ်ခုကဲ့သို့ နတ်ဘုရားသောင်းချီနယ်မြေ တစ်ခုလုံးကို ဝါးမြိုဖုံးလွှမ်းသွားစေမည့် စိတ်အာဃာတမိစ္ဆာစွမ်းအင်များကို ထုတ်လွှတ်နေခဲ့သည်။
နတ်ဘုရားသောင်းချီနယ်မြေ၏ အပြင်ဘက်ရှိ ပါးလွှာသော အကာအကွယ် အမြှေးပါးမှာလည်း လွှမ်းမိုးထားသော စိတ်အာဃာတမိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းသွားပြီး နတ်ဘုရားသောင်းချီနယ်မြေကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်သကဲ့သို့ ဖြစ်သွားရချေသည်။
“မကောင်းတော့ဘူး... အမြန် ပြန်ကြရအောင်” ချင်ယွမ်ဖုန်းက အရေးတကြီး ပြောလိုက်သည်။
ဤမြင်ကွင်းမှာ ဝမ်တောင်တန်းအတွင်း၌ သူမြင်တွေ့ခဲ့ရသော မိစ္ဆာနယ်မြေနှင့် ထပ်တူထပ်မျှပင် ဖြစ်နေသည်။
အလားတူပင် လွှမ်းမိုးနေသော စိတ်အာဃာတမိစ္ဆာစွမ်းအင်များမှာ လူကို အသက်ရှူကျပ်သွားစေလောက်သည်အထိ ဖြစ်ပေသည်။
အခြားသူများလည်း အခြေအနေ၏ စိုးရိမ်ရမှုကို သတိပြုမိသွားကြပြီး လာရာလမ်းအတိုင်း ချက်ချင်းပင် နောက်ကြောင်းပြန်လှည့်ခဲ့ကြသည်။
ချင်ယွမ်ဖုန်း၊ ရှန့်ရှောင်ယွမ်နှင့် အခြားသော တိုက်ရိုက်သင်ကြားခွင့်ရတပည့်များမှာ အပြင်စည်းတပည့်များကို ဆွဲခေါ်ကာ အတင်းအဓမ္မ ပြေးလွှားခဲ့ကြရသည်။
အဘယ်အရာ ဖြစ်ပျက်နေမှန်း သူတို့မသိရှိသော်လည်း အခြေအနေများမှာ ခန့်မှန်းရခက်သော လမ်းကြောင်းသို့ ဦးတည်သွားနေပြီဖြစ်ကြောင်းကိုမူ ကောင်းစွာ သိရှိနေကြပေသည်။
ဤအချိန်တွင် နတ်ဘုရားသောင်းချီနယ်မြေ၏ အပြင်ဘက်၌ ရှိနေကြသော ဂိုဏ်းပေါင်းသုံးဆယ်မှ ဂိုဏ်းချုပ်များမှာလည်း ထိတ်လန့်တုန်လှုပ်နေကြရသည်။
စိတ်အာဃာတမိစ္ဆာစွမ်းအင်များမှာ လျင်မြန်လွန်းလှသဖြင့် သူတို့အနေဖြင့် တုံ့ပြန်ရန် အချိန်ပင် မရရှိခဲ့ပေ။
“ဒါက... ဒီလောက် များပြားလှတဲ့ စိတ်အာဃာတမိစ္ဆာစွမ်းအင်တွေ ဘယ်လိုလုပ် ပေါ်လာရတာလဲ” မီးလျှံချိုင့်ဝှမ်း၏ ဂိုဏ်းချုပ် ကျင်းကျန့်ဝမ်မှာ စိတ်အာဃာတမိစ္ဆာစွမ်းအင်များကို ကြည့်ကာ အံ့အားသင့်လွန်းသဖြင့် မျက်လုံးများပင် ပြူးကျယ်နေခဲ့ရသည်။
အခြားသော ဂိုဏ်းချုပ်များမှာလည်း အလွန်အမင်း တုန်လှုပ်နေကြသဖြင့် စကားပင် မပြောနိုင်ကြတော့ပေ။ သူတို့သည် ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးသလို မှတ်တမ်းများအရလည်း နတ်ဘုရားသောင်းချီနယ်မြေတွင် ဤသို့သော အဖြစ်မျိုး တစ်ကြိမ်တစ်ခါမျှ မရှိခဲ့ဖူးပေ။
“ဂိုဏ်းချုပ်တို့... အခု အရေးကြီးဆုံးက နတ်ဘုရားသောင်းချီနယ်မြေထဲမှာ ရှိနေတဲ့ တပည့်တွေအားလုံးကို အပြင်ထုတ်ဖို့ပါပဲ” ဒုန်ဖန်းရှန့်မင်က ရှေ့သို့တက်ကာ လေးနက်စွာ ပြောလိုက်သည်။
ထိုအခါမှသာ လူတိုင်းက သူတို့၏ အတော်ဆုံးနှင့် အလားအလာအရှိဆုံး တပည့်များမှာ နတ်ဘုရားသောင်းချီနယ်မြေအတွင်းသို့ ဝင်ရောက်သွားခဲ့ကြသည်ကို သတိရသွားကြတော့သည်။
သူတို့သည် နတ်ဘုရားသောင်းချီနယ်မြေကို ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် အားအင်များကို အလျှင်အမြန် စုစည်းခဲ့ကြလေတော့သည်။
“ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတို့... နတ်ဘုရားသောင်းချီနယ်မြေထဲက တပည့်တွေဟာ ဒီအခြေအနေကို မြင်တဲ့အခါ အစွန်အဖျားဒေသတွေကို သေချာပေါက် စုရုံးလာကြမှာပါ။ ကျွန်တော်တို့က ထွက်ပေါက်တစ်ခု ဖွင့်ပေးနိုင်ရုံနဲ့ သူတို့အားလုံးကို ခေါ်ထုတ်နိုင်မှာပါ” ဟု ဒုန်ဖန်းရှန့်မင်က ဆိုသည်။
ဂိုဏ်းချုပ်များနှင့် အကြီးအကဲများအားလုံး ခေါင်းငြိမ့် ထောက်ခံခဲ့ကြသည်။ သူတို့သည် ယခင်က နတ်ဘုရားသောင်းချီနယ်မြေ၏ အဝင်ဝကို ဖွင့်လှစ်ခဲ့စဉ်ကကဲ့သို့ပင် သူတို့၏ စွမ်းအားအားလုံးကို အစွမ်းကုန် ထုတ်ဖော်ခဲ့ကြချေသည်။
များပြားလှသော ကိုယ်တွင်းစွမ်းအင်များမှာ အကာအကွယ် အမြှေးပါးကို ဗုံးကြဲသကဲ့သို့ တိုက်ခိုက်ခဲ့သော်လည်း ယခုအခါတွင်မူ အမြှေးပါးမှာ ကြီးမားလှသော စိတ်အာဃာတမိစ္ဆာစွမ်းအင်များဖြင့် ဖုံးလွှမ်းနေခဲ့ပြီ ဖြစ်သည်။
ထိုစိတ်အာဃာတမိစ္ဆာစွမ်းအင်များပေါ်သို့ ကိုယ်တွင်းစွမ်းအင်များဖြင့် တိုက်ခိုက်မှုမှာ ရေထဲသို့ ကျောက်တုံးတစ်တုံး ပစ်ချလိုက်သကဲ့သို့ ဂယက်အနည်းငယ်သာ ထွက်ပေါ်လာပြီး အကာအကွယ် အမြှေးပါးဆီသို့ လုံးဝ ရောက်ရှိခြင်း မရှိခဲ့ပေ။
“ငါတို့ရဲ့ အစွမ်းကုန် စွမ်းအားတွေကို သုံးရမယ် ထင်တယ်” ဂိုဏ်းချုပ်တစ်ဦးက ထိုအချိန်တွင် ဟိန်းဟောက်လိုက်သည်။
ဒုန်ဖန်းရှန့်မင်နှင့် အခြားသူများသည်လည်း သူတို့၏ ကိုယ်တွင်းစွမ်းအင်များကို အစွမ်းကုန် ထုတ်လွှတ်လိုက်ကြသည်။ ဤတိုက်ခိုက်မှုများမှာ ဘိုးဘေးနယ်မြေအဆင့်ထက် မြင့်မားသော ပညာရှင်များ၏ တိုက်ခိုက်မှုများဖြစ်ရာ ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်စွမ်း ရှိကြပေသည်။
ပင်လယ်ပြင်ထက်တွင် မီတာပေါင်းများစွာ မြင့်မားသော လှိုင်းလုံးကြီးများ ထကြွလာပြီး နတ်ဘုရားသောင်းချီနယ်မြေကို ပြင်းထန်စွာ ရိုက်ခတ်ခဲ့သည်။
သို့သော်လည်း မည်သည့် ပြောင်းလဲမှုမျှ ရှိမလာခဲ့ပေ။ ဤစိတ်အာဃာတမိစ္ဆာစွမ်းအင်မှာ မည်သည့် တိုက်ခိုက်မှုမျိုးဖြင့်မျှ လှုပ်ခါ၍ မရနိုင်သော အခိုင်မာဆုံး ခံတပ်ကြီးကဲ့သို့ ဖြစ်နေခဲ့သည်။
ဂိုဏ်းချုပ်အချို့မှာ ယခုအခါတွင် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေကြရသည်။ “အဲဒီ တပည့်တွေဟာ လာမယ့် ဆယ်စုနှစ်တွေ၊ ရာစုနှစ်တွေမှာ ငါတို့ဂိုဏ်းတွေရဲ့ ပင်မမဏ္ဍိုင်တွေ ဖြစ်လာမယ့်သူတွေပါ။ အခုတော့ အထဲမှာပဲ ပျောက်ဆုံးသွားကြတော့မှာလား”
ဒုန်ဖန်းရှန့်မင်၏ မျက်နှာအမူအရာမှာလည်း ခက်ထန် တည်ကြည်လာခဲ့သည်။ “အားလုံးပဲ မလောကြပါနဲ့ဦး။ တခြားနည်းလမ်းတစ်ခုကို စဉ်းစားကြရအောင်။ နတ်ဘုရားသောင်းချီနယ်မြေကို ငါတို့ သေချာပေါက် ဖွင့်နိုင်ရမယ်”
“ငါတို့တောင် မဖွင့်နိုင်ရင် တခြား ဘယ်နည်းလမ်း ရှိဦးမှာလဲ” ဟု ဂိုဏ်းချုပ်တစ်ဦးက ငိုမတတ် အော်ဟစ်လိုက်သည်။
ထိုစဉ်မှာပင် လူအုပ်စု အနည်းငယ်မှာ ကောင်းကင်ယံကို ဖြတ်ကျော်ကာ မိုးကုတ်စက်ဝိုင်းမှ ရောက်ရှိလာခဲ့ကြသည်။
သူတို့အားလုံးသည် ပျံသန်းနိုင်စွမ်းရှိသော မှော်လက်နက်များကို စီးနင်းလာကြပြီး အရှိန်အဝါများမှာလည်း မြင့်မြတ်လှချေသည်။
“ဒါ သန့်ရှင်းသော နယ်မြေက လူတွေပဲ။ သူတို့မှာ နည်းလမ်းရှိကောင်း ရှိလိမ့်မယ်” အကြီးအကဲတစ်ဦးမှာ ထိုလူများကို မြင်သည့်အခါ ဝမ်းသာအားရ ပြောဆိုလိုက်သည်။
“ဟုတ်တယ်... ငါတို့ အလောတကြီး ဖြစ်နေလို့ သူတို့ကို မေ့သွားတာ။ နတ်ဘုရားသောင်းချီနယ်မြေ ပွင့်တိုင်း သူတို့ အမြဲတမ်း လာတတ်ကြတာပဲ” ဒုန်ဖန်းရှန့်မင်က ခပ်အေးအေးပင် ပြောလိုက်သည်။
ရောက်ရှိလာသော အဖွဲ့အစည်းများမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် လက်ရှိရှိနေကြသော သန့်ရှင်းသော နယ်မြေများမှ ဖြစ်ကြသည်။
သန့်ရှင်းသော နယ်မြေအတွင်းရှိ လူများပင်လျှင် နတ်ဘုရားသောင်းချီနယ်မြေကို မက်မောကြသည် မဟုတ်လော။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲ”
ပထမဦးဆုံး ရောက်ရှိလာသော သန့်ရှင်းသော နယ်မြေမှာ မြူနှင်းဂိုဏ်း ဖြစ်ပြီး စကားပြောလိုက်သူမှာ ယခင်က ဒုန်ဖန်းရှန့်မင်နှင့် တွေ့ဆုံကာ ချင်ဝူယန်းကို ခေါ်ဆောင်သွားခဲ့သော အကြီးအကဲ ဖုမိုချိုးပင် ဖြစ်သည်။
ချင်ဝူယန်းမှာ ဆေးနတ်ဘုရားဂိုဏ်းမှ ထွက်ခွာပြီး မြူနှင်းဂိုဏ်းသို့ ဝင်ရောက်ပြီးနောက် သူမ၏ ကျင့်စဉ်အဆင့်မှာ လျင်မြန်စွာ မြင့်တက်လာခဲ့သည့်အပြင် သူမ၏ ထူးခြားသော ခန္ဓာကိုယ်မှာလည်း နိုးထလာခဲ့ပြီ ဖြစ်သည်။
ယခုအခါ ဖုမိုချိုး၏ နောက်တွင် လိုက်ပါလာရင်း သူမတွင် ထူးခြားသော အရှိန်အဝါတစ်ခု ကိန်းအောင်းနေခဲ့ပြီ ဖြစ်သည်။
ဒုန်ဖန်းရှန့်မင်က ချင်ဝူယန်းကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမျှ မဆိုခဲ့ပေ။
မီးလျှံချိုင့်ဝှမ်း၏ ဂိုဏ်းချုပ် ကျင်းကျန့်ဝမ်က ရှေ့သို့တက်ကာ လက်အုပ်ချီ နှုတ်ဆက်ပြီး ဖုမိုချိုးအား နတ်ဘုရားသောင်းချီနယ်မြေအတွင်းရှိ အခြေအနေများကို အသိပေးလိုက်သည်။
ယင်းက ဖုမိုချိုးကို မျက်မှောင်ကြုတ်သွားစေခဲ့သည်။
အခြားသော သန့်ရှင်းသော နယ်မြေများမှာလည်း တစ်ခုပြီးတစ်ခု ရောက်ရှိလာကြပြီး စိတ်အာဃာတမိစ္ဆာစွမ်းအင်များ ဖုံးလွှမ်းနေသော နတ်ဘုရားသောင်းချီနယ်မြေကို ကြည့်ကာ အားလုံးပင် အံ့အားသင့်နေကြရလေတော့သည်။
လက်ရှိအချိန်တွင် ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်၌ သန့်ရှင်းသော နယ်မြေ ခြောက်ခုသာ ကျန်ရှိတော့သည်။ ယင်းတို့မှာ ဂိုဏ်းကြီး သုံးဂိုဏ်း၊ ဂေဟာ နှစ်ခုနှင့် အကယ်ဒမီ တစ်ခုတို့ ဖြစ်ကြသည်။ ဂိုဏ်းကြီး သုံးဂိုဏ်းမှာ မြူနှင်းဂိုဏ်း၊ ဝူကျိဂိုဏ်းနှင့် ထိုက်ရှီဂိုဏ်းတို့ ဖြစ်ကြပေသည်။
အခန်း (၂၃၂) နတ်ဘုရားသောင်းချီနယ်မြေ (၆)
ဂေဟာနှစ်ခုမှာ ဟယ်ဟွမ်းဂေဟာနှင့် ချင်းလေဂေဟာတို့ ဖြစ်ကြချေသည်။ ထိုနေရာနှစ်ခုမှာ ကောင်းမြတ်ခြင်းနှင့် ယုတ်မာခြင်းတို့၏ ကြားနယ်မြေတွင် တည်ရှိနေပြီး ယင်းဂိုဏ်းများမှ ထွက်လာကြသော တပည့်များသည် များသောအားဖြင့် ထိန်းချုပ်ရခက်ခဲကာ အကောင်းအဆိုး ဒွန်တွဲနေတတ်ကြပေသည်။
အကယ်ဒမီတစ်ခုဆိုသည်မှာမူ ရှန်းဝူအကယ်ဒမီကို ဆိုလိုခြင်းဖြစ်သည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်၏။
ဤအချိန်တွင် ရှန်းဝူအကယ်ဒမီမှလွဲ၍ ကျန်ရှိသော သန့်ရှင်းသော နယ်မြေအားလုံးသည် ဆိုက်ရောက်နေကြပြီ ဖြစ်ပေသည်။
သန့်ရှင်းသော နယ်မြေအသီးသီးမှ ခေါင်းဆောင်များသည် နတ်ဘုရားသောင်းချီနယ်မြေအတွင်း ဖြစ်ပျက်နေသည်များကို နားလည်သဘောပေါက်သွားကြပြီးနောက် မတတ်သာသည့်အဆုံး ခေါင်းကိုသာ အသာအယာ ခါယမ်းလိုက်ကြတော့သည်။
"နတ်ဘုရားသောင်းချီနယ်မြေထဲက အဖြစ်အပျက်က တိုက်ဆိုင်မှုတစ်ခုတော့ မဟုတ်နိုင်ဘူး။ လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက အဲဒီနေရာမှာ တစ်ခုခုကို ပိတ်လှောင်ထားတဲ့ အစီအရင်ရှိနေတယ်လို့ ငါတို့ သံသယရှိခဲ့ကြတာ။ ဒါပေမဲ့ အဲဒါက ဘာကို ပိတ်လှောင်ထားသလဲဆိုတာကိုတော့ ငါတို့ကိုယ်တိုင်တောင် မသိခဲ့ကြဘူး။ အခုကြည့်ရတာတော့ အဲဒီအစီအရင် ပျက်စီးသွားပြီထင်ပါရဲ့" ဟု ထိုက်ရှီဂိုဏ်းမှ အကြီးအကဲဖြစ်သူက သက်ပြင်းတစ်ချက်ချရင်း ဆိုလေသည်။
ဂိုဏ်းပေါင်း သုံးဆယ်မှ ခေါင်းဆောင်များသည် ထိုစကားကို ကြားရသောအခါ ရင်ထဲ၌ စိမ့်ခနဲ အေးသွားကြရချေသည်။
အဘယ်ကြောင့်ဆိုသော် မည်သို့သော မိစ္ဆာကောင်ကို ပိတ်လှောင်ထားသည်ကို မသိကြသော်လည်း ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသည့် ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ကြည့်ရုံဖြင့် ၎င်းတို့ ကိုင်တွယ်နိုင်မည့် အရာမဟုတ်ကြောင်း ကောင်းစွာ နားလည်နေကြသောကြောင့်ပင်။
"ဒီပြဿနာအတွက် ထွက်ပေါက်ကို နတ်ဘုရားသောင်းချီနယ်မြေထဲမှာပဲ ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်လိမ့်မယ်။ အပြင်မှာရှိနေတဲ့ ငါတို့အတွက်တော့ ဘာမှလုပ်ပေးလို့ မရနိုင်တော့ဘူး။ ဒါကြောင့် မင်းတို့လည်း စိတ်မကောင်းပေမယ့် လက်ခံလိုက်ကြဖို့ပဲ ရှိတော့တယ်" ဟု ဝူကျိဂိုဏ်းချုပ်က တည်ငြိမ်စွာ ဆိုလိုက်လေသည်။
ဤစကားမှာ နတ်ဘုရားသောင်းချီနယ်မြေအတွင်း ရောက်ရှိနေသူများအတွက် သေဒဏ်ချမှတ်လိုက်ခြင်းနှင့်ပင် တူနေတော့သည်။
ဂိုဏ်းပေါင်း သုံးဆယ်မှ ခေါင်းဆောင်များသည် နှုတ်ဆိတ်သွားကြပြီး သူတို့၏ ရင်ထဲတွင်လည်း အတိုင်းအဆမရှိ ဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေတော့သည်။
သန့်ရှင်းသော နယ်မြေမှ လူများသည်လည်း ထိုနေရာတွင် ခဏတာမျှ ဆိုင်းငံ့နေကြသော်လည်း ထူးခြားမှု မရှိသည်ကို မြင်သောအခါ ဟင်းလင်းပြင်ထဲသို့ ပျောက်ကွယ်သွားကြတော့သည်။
ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် မျှော်လင့်ချက် ကုန်ဆုံးလုနီးပါး ဖြစ်နေကြသော်လည်း နတ်ဘုရားသောင်းချီနယ်မြေ၏ အပြင်ဘက်တွင် ဆက်လက်စောင့်ဆိုင်းနေကြဆဲပင်။
အံ့ဖွယ်ထူးခြားမှုတစ်ခုခု ပေါ်ပေါက်လာလိမ့်မည်ဟု သူတို့ မျှော်လင့်နေကြသည်။
နတ်ဘုရားသောင်းချီနယ်မြေသည် ဆယ်ရက်တိုင်တိုင် ပေါ်ပေါက်နေမည် ဖြစ်ပေသည်။
အကယ်၍ ထိုဆယ်ရက်အတွင်း အံ့ဖွယ်ကိစ္စတစ်ခုခု ဖြစ်ပျက်ခဲ့လျှင် သူတို့ ပြန်ထွက်လာနိုင်မည် ဖြစ်သော်လည်း မထွက်လာနိုင်ခဲ့ပါက အမှန်တကယ်ပင် လက်လျှော့ရတော့မည် ဖြစ်၏။
မြူနှင်းဂိုဏ်းနှင့်အတူ လိုက်ပါလာသော ချင်ဝူယန်းသည် ဤတစ်ကြိမ်တွင်လည်း ချင်ယွမ်ဖုန်းနှင့် ဆုံတွေ့ခွင့်ကို လွဲချော်သွားရပြန်သည်။
"ချင်ယွမ်ဖုန်းလည်း အထဲကို ဝင်သွားတာ ဖြစ်ရမယ်။ ကြည့်ရတာ ငါ သုံးနှစ်တောင် စောင့်နေဖို့ မလိုတော့ဘူးထင်တယ်" ဟု ချင်ဝူယန်းက သူမ၏ စိတ်ထဲမှ အေးစက်စွာ တွေးတောနေမိသည်။
တစ်ချိန်တည်းမှာပင် နတ်ဘုရားသောင်းချီနယ်မြေအတွင်း၌မူ ချင်ယွမ်ဖုန်း၏ စိတ်သည် အောက်ဆုံးအထိ ကျဆင်းနေခဲ့ပြီ ဖြစ်သည်။
သူတို့သည် နတ်ဘုရားသောင်းချီနယ်မြေ၏ အစွန်အဖျားသို့ အပြေးအလွှား ပြန်လာခဲ့ကြသော်လည်း အပြင်ဘက်တွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် လွှမ်းခြုံခံထားရပြီး ထွက်ပေါက်ပွင့်မည့် အရိပ်အယောင်ပင် မတွေ့ရတော့ပေ။
သူတို့ အထဲကို ဝင်လာစဉ်က ရတနာများကို ရှာဖွေရင်း လာခဲ့ကြသဖြင့် အရှိန်မှာ အလွန်နှေးကွေးခဲ့သော်လည်း ယခုအခါ လွတ်မြောက်ရန်အတွက် အလင်းတန်းကဲ့သို့ အရှိန်ဖြင့် ပြန်လာခဲ့ကြရာ နှစ်နာရီအတွင်းမှာပင် အစွန်အဖျားသို့ ပြန်ရောက်လာကြခြင်း ဖြစ်သည်။
"စီနီယာအကိုတို့... ကျွန်မတို့ ဘာဆက်လုပ်ကြမလဲ။ ဂိုဏ်းချုပ်နဲ့ အကြီးအကဲတွေက ဘာလို့လာမကယ်ကြတာလဲ" ဟု ယွင်ယဲ့ယဲ့က ငိုမတတ် မျက်နှာဖြင့် မေးရှာသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ပြီး "သူတို့က ငါတို့ကို မကယ်ချင်လို့ မဟုတ်ဘူး၊ မကယ်နိုင်ကြလို့ပဲ ဖြစ်ရမယ်။ မဟုတ်ရင်တော့ သူတို့ ငါတို့ကို သေချာပေါက် ကယ်ကြမှာပေါ့။ တခြားဂိုဏ်းက လူတွေလည်း ဒီလိုပဲ ဖြစ်မှာပါ" ဟု ပြန်လည် ပြောကြားလိုက်သည်။
"ဒါဆိုရင် ဘာလုပ်ကြမလဲ" ဟု ချောင်ချန်းအန်းကလည်း အလန့်တကြားဖြင့် အလောတကြီး မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းကိုသာ ခါလိုက်ရင်း "ကြည့်ရတာ ငါတို့ ဒီမှာ ပိတ်မိနေပြီထင်တယ်" ဟု ဆိုလိုက်ရာ လူတိုင်းမှာ မျှော်လင့်ချက် ကင်းမဲ့စွာဖြင့် တိတ်ဆိတ်သွားကြတော့သည်။
ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေ၏ အလယ်ဗဟို တောင်ထိပ်ကို လှမ်းကြည့်လိုက်ရာ ထိုနေရာမှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ အဆက်မပြတ် ထွက်ပေါ်နေသည်ကို တွေ့ရသည်။
ကောင်းကင်ယံမှာ မှောင်မည်းနေပြီး နေမင်းမှာလည်း စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများအောက်တွင် ဖုံးကွယ်ခြင်း ခံထားရပေသည်။
"မင်းတို့ လက်မလျှော့ချင်ဘူးဆိုရင်တော့ ဟိုးအလယ်ဗဟိုက တောင်ထိပ်ဆီကိုပဲ ဦးတည်သွားကြတာပေါ့။ အဲဒီမှာ ဒီစိတ်အာဃာတမိစ္ဆာတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်းကို ရှာတွေ့နိုင်ကောင်း ရှာတွေ့နိုင်ပြီး မျှော်လင့်ချက် အလင်းတန်းတစ်ခုခု တွေ့နိုင်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက အဝေးက တောင်ထိပ်ကို လက်ညှိုးညွှန်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
လူတိုင်းသည် ချင်ယွမ်ဖုန်း ညွှန်ပြရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ စိတ်အလိုအရ ထိုနေရာတွင် ထိတ်လန့်ဖွယ် မိစ္ဆာကောင်ကြီး တစ်ကောင်က စောင့်ကြိုနေသကဲ့သို့ ခံစားရသဖြင့် နောက်သို့ အလိုလို ဆုတ်မိသွားကြသည်။
ဤသည်မှာ သူတို့၏ ရင်ထဲမှ ပေါ်ထွက်လာသော ကြောက်ရွံ့မှုပင် ဖြစ်၏။
သို့သော်လည်း ဤနေရာ၌သာ ဆက်နေမည်ဆိုလျှင် မည်သည့်မျှော်လင့်ချက်မှ ရှိတော့မည် မဟုတ်ပေ။
ထို့ကြောင့် ခေတ္တမျှ စဉ်းစားပြီးနောက် လူတိုင်းက ချင်ယွမ်ဖုန်း၏ အကြံပြုချက်ကို သဘောတူလိုက်ကြပြီး အလယ်ဗဟို တောင်ထိပ်သို့ စတင် ထွက်ခွာခဲ့ကြတော့သည်။
နတ်ဘုရားသောင်းချီနယ်မြေထဲသို့ မဝင်ရောက်မီက ဂိုဏ်းအသီးသီးမှ ခေါင်းဆောင်များသည် ထိုတောင်ထိပ်သို့ မချဉ်းကပ်ရန် ထပ်တလဲလဲ သတိပေးခဲ့ကြဖူးသည်။ အဘယ်ကြောင့်ဆိုသော် ထိုတောင်ထိပ်သို့ သွားသူတိုင်း မည်သူမျှ ပြန်မလာနိုင်ခဲ့ကြသောကြောင့် ဖြစ်၏။
သို့သော် ယခုအခါတွင်မူ ချင်ယွမ်ဖုန်းတို့ အဖွဲ့သာမက တခြားဂိုဏ်းမှ တပည့်များကလည်း ဤဆုံးဖြတ်ချက်ကိုပင် ချမှတ်လိုက်ကြသည်။ သူတို့အားလုံးသည် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထွက်ပေါ်လာသည့် အကြောင်းရင်းကို သိလိုသဖြင့် ထိုတောင်ထိပ်ဆီသို့ ဦးတည်နေကြပြီ ဖြစ်ပေသည်။
ဂိုဏ်းပေါင်း သုံးဆယ်မှ တပည့်များသည် ၎င်းတို့၏ ရှေ့တွင် ပိုမိုကြီးမားသော ဘေးအန္တရာယ်က စောင့်ကြိုနေသည်ကို မသိရှိဘဲ တစ်ပြိုင်နက်တည်း ထွက်ခွာလာခဲ့ကြသည်။
ချင်ယွမ်ဖုန်းသည် ဆေးနတ်ဘုရားဂိုဏ်းမှ သူ၏ ညီအကိုများကို ဦးဆောင်ကာ တောင်ထိပ်ဆီသို့ သတိကြီးစွာဖြင့် ချဉ်းကပ်လာခဲ့သည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ပေါက်ကွဲထွက်လာမှုကြောင့် မည်သို့သော အကျိုးဆက်များ ဖြစ်လာမည်ကို သူတို့ မသိကြသဖြင့် အချိန်မရွေး ပေါ်ပေါက်လာနိုင်သည့် အန္တရာယ်များကို ရင်ဆိုင်နိုင်ရန် အလွန် သတိထားနေကြရသည်။
ထို့အပြင် ချင်ယွမ်ဖုန်းသည် စိုးရိမ်ဖွယ်ရာ ကိစ္စရပ်တစ်ခုကို ဖြည်းဖြည်းချင်း သတိပြုမိလာသည်။ ယခုအခါ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး အပြင်ဘက်မှ ဝိညာဉ်စွမ်းအင်များကို ဖြတ်တောက်ထားလိုက်ပြီ ဖြစ်သည်။
ဤနေရာ၌ ဝိညာဉ်ဆေးပင်များစွာ ရှိသော်လည်း ယင်းတို့မှ ထုတ်လွှတ်ပေးနိုင်သော ဝိညာဉ်စွမ်းအင်မှာ အကန့်အသတ်သာ ရှိပေသည်။
ထို့ထက်ပိုသည်မှာ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ပေါ်ပေါက်လာခြင်းကြောင့် ဤနေရာရှိ ကမ္ဘာမြေနှင့် ကောင်းကင်ဘုံ ဝိညာဉ်စွမ်းအင်များကို အားပျော့သွားစေခြင်းပင် ဖြစ်၏။
အပြင်ဘက်မှ ထပ်မံဖြည့်တင်းနိုင်မှု မရှိပါက အတွင်းရှိ ဝိညာဉ်စွမ်းအင်များသည် တဖြည်းဖြည်း နည်းပါးသွားတော့မည် ဖြစ်သည်။ ဂိုဏ်းပေါင်း သုံးဆယ်မှ လူပေါင်း ရှစ်ရာ ကိုးရာခန့် ဤနေရာတွင် ရှိနေသဖြင့် ဝိညာဉ်စွမ်းအင်များသည် နောက်ဆုံးတွင် ခမ်းခြောက်သွားပေလိမ့်မည်။
ဤသည်မှာ သူတို့ ဤနေရာမှ ထွက်မသွားနိုင်ဘဲ အသက်ရှင်ကျန်ရစ်နေမည်ဆိုလျှင် ဖြစ်လာမည့် အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် ဤအချိန်တွင် ဝိညာဉ်ကျောက်တုံးများ၊ ဝိညာဉ်ဆေးပင်များနှင့် ဝိညာဉ်စွမ်းအင် ပါရှိသော ကမ္ဘာမြေနှင့် ကောင်းကင်ဘုံ ရတနာပစ္စည်းများသည် အလွန် အဖိုးတန်သော အရာများ ဖြစ်လာတော့သည်။
သူတို့သည် ဤနေရာမှ ထွက်မသွားနိုင်သည့် အခြေအနေကို ရင်ဆိုင်ရန်အတွက် လိုအပ်သည့် ပစ္စည်းများကို စုဆောင်းထားကြရမည် ဖြစ်၏။
အခြားကိစ္စတစ်ခုမှာ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ထူထပ်သည့် နေရာကို ဖြတ်သန်းသွားကြစဉ် သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်အလိုဆန္ဒများမှာ တဖြည်းဖြည်း ကြီးထွားလာခြင်းပင် ဖြစ်သည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါသည် လူတစ်ယောက်၏ ဆင်ခြင်တုံတရားကို ပျက်ပြားစေပြီး ဗီဇအတိုင်းသာ ပြုမူတတ်သည့် သားရဲများအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သော သဘောရှိပေသည်။
အချိန်သိပ်မကြာသေးသော်လည်း ထိုဒဏ်ကို အခံရဆုံးသူများမှာ အပြင်စည်းတပည့်နှစ်ဦးဖြစ်သည့် ယွင်ယဲ့ယဲ့နှင့် ချောင်ချန်းအန်းတို့ ဖြစ်ကြသည်။ နောက်ထပ် လူတစ်ယောက်မှာလည်း ဂဏာမငြိမ် ဖြစ်လာနေသည်ကို တွေ့ရ၏။
ထိုသူမှာ ရှန့်ရှောင်ယွမ်ပင် ဖြစ်ပေသည်။
ရှန့်ရှောင်ယွမ်သည် နဂိုကတည်းက လူများကို စိန်ခေါ်ရန်သာ နေ့စဉ်တွေးတောနေတတ်သည့် သိုင်းရူးတစ်ယောက် ဖြစ်သည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ၏ လွှမ်းမိုးမှုအောက်တွင် သူ၏ တိုက်ခိုက်လိုသော စိတ်ဆန္ဒများသည် အတိုင်းအဆမရှိ ကြီးထွားလာခဲ့ရသည်။
ကံကောင်းသည်မှာ သူ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ထိုစိတ်ကို ဖိနှိပ်ထားနိုင်သေးသော်လည်း ဤအတိုင်း အချိန်အကြာကြီး ဆက်သွား၍ မရနိုင်သည်မှာ အသေအချာပင်။
"ဒီအချိန်မှာ လူတိုင်း ကိုယ့်အတေးအာဃာတတွေကို ခဏဘေးဖယ်ထားကြဖို့ ငါ မျှော်လင့်ပါတယ်။ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေက ငါတို့ကို စတင်တိုက်စားနေပြီ။ သိပ်မကြာခင်မှာပဲ ငါတို့တွေ စိတ်အာဃာတမိစ္ဆာရဲ့ ရုပ်သေးရုပ်တွေ ဖြစ်သွားကြရတော့မယ်။ ဒါကြောင့် ငါတို့အားလုံး စုပေါင်းပြီးတော့ ဒါကို တွန်းလှန်ရမယ်"
ထိုသို့ ပြောဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်ရာကို ထုတ်ယူကာ ယွင်ယဲ့ယဲ့နှင့် ချောင်ချန်းအန်းတို့ထံသို့ ပေးလိုက်လေသည်။
"ဒီဝိညာဉ်ကျောက်တုံးတွေကို ယူပြီး အရင်ဆုံး စုပ်ယူထားလိုက်ကြ။ ဒါတွေက စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ တိုက်စားတာကို နှေးကွေးသွားအောင် လုပ်ပေးနိုင်လိမ့်မယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။
ချောင်ချန်းအန်းသည် ချင်ယွမ်ဖုန်းကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ရင်း "စီနီယာအကိုချင်... ကျေးဇူးတင်ပါတယ်။ အရင်က ကျွန်တော် ပြစ်မှားမိခဲ့တာတွေကိုလည်း တောင်းပန်ပါတယ်" ဟု ပြောရှာသည်။
"ဒါတွေကို အခုပြောနေဖို့ မလိုတော့ပါဘူး။ ငါတို့အားလုံးက လှေတစ်စင်းတည်းစီးနေကြတာဆိုတော့ အချင်းချင်း ကူညီကြရမှာပေါ့" ဟု ချင်ယွမ်ဖုန်းက အမှုမထားဟန်ဖြင့် လက်ဝါးကာပြလိုက်သည်။
"ရှန့်ရှောင်ယွမ်... မင်းရော တောင့်ခံနိုင်သေးရဲ့လား" ဟု ချင်ယွမ်ဖုန်းက ဆက်လက် မေးမြန်းလိုက်သည်။
ဤအချိန်တွင် ရှန့်ရှောင်ယွမ်၏ မျက်လုံးများ၌ အနီရောင်သန်းနေပြီ ဖြစ်သော်လည်း သူက သွားကို တင်းတင်းကြုတ်ကာ ခေါင်းညိတ်ပြရင်း "တောင့်ခံနိုင်တာပေါ့၊ ဒါပေမဲ့ အခုချက်ချင်းပဲ မင်းနဲ့ တိုက်ခိုက်ချင်တဲ့ စိတ်တွေ ဖြစ်ပေါ်နေတယ်" ဟု ဆိုလေသည်။
"အခွင့်အရေးတွေ ရှိလာမှာပါ။ ငါတို့ အတွင်းထဲကို ဆက်သွားလေလေ တိုက်ပွဲတွေ ရင်ဆိုင်ရဖို့ အခွင့်အလမ်းတွေ ပိုများလာလေလေ ဖြစ်မှာပဲ" ဟု ချင်ယွမ်ဖုန်းက ရှန့်ရှောင်ယွမ်၏ ပခုံးကို ပုတ်ရင်း ပြောလိုက်သည်။
ထို့နောက် လူတိုင်း ပြန်လည် ထွက်ခွာခဲ့ကြသည်။ စုပ်ယူရန် ဝိညာဉ်ကျောက်တုံးများ ရရှိထားသဖြင့် ယွင်ယဲ့ယဲ့နှင့် ချောင်ချန်းအန်းတို့ နှစ်ဦးစလုံး စိတ်သက်သာရာ ရသွားကြသည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါက သူတို့ကို တိုက်စားရန် ကြိုးပမ်းလာတိုင်း သူတို့သည် ဝိညာဉ်ကျောက်တုံးများကို လျင်မြန်စွာ စုပ်ယူပြီး ထိုဝေဒနာကို လျှော့ချခဲ့ကြလေသည်။