အခန်း (၂၃၃-၂၃၄)
Vol. 13 Ch. 233-234
အခန်း(၂၃၃)နတ်ဘုရားသောင်းချီနယ်မြေ (၇)
ထိုသို့ဖြင့် အားလုံးသည် ခရီးဆက်ခဲ့ကြရာ လမ်းတစ်လျှောက်တွင် တွေ့ရှိသမျှသော ဝိညာဉ်ဆေးပင်များနှင့် ရတနာလက်နက်များကို တစ်ခုမကျန် သိမ်းဆည်းခဲ့ကြလေသည်။
ယခုတစ်ကြိမ်တွင်မူ မရင့်မှည့်သေးသော အရာများကိုပင် ချန်မထားခဲ့ကြချေ။ အကယ်၍ ဤနေရာမှ အမှန်တကယ် ပြန်မထွက်နိုင်တော့ပါက ထိုမရင့်မှည့်သေးသော အရာများသည်ပင် အသက်ဆက်နိုင်မည့် ရိက္ခာများ ဖြစ်လာပေလိမ့်မည်။
သို့သော် အတွင်းပိုင်းသို့ နီးကပ်လာလေလေ ချင်ယွမ်ဖုန်းနှင့် အခြားသူများမှာ ပို၍ ထိတ်လန့်လာလေလေ ဖြစ်တော့သည်။ အကြောင်းမှာ ဝူခွေးများကို ပိုမိုများပြားစွာ တွေ့လာရသောကြောင့်ပင်။
ထိုဝူခွေးများသည် ကျင့်စဉ်အဆင့် အလွန်အမင်း မြင့်မားပုံမရသဖြင့် ချင်ယွမ်ဖုန်းနှင့် အဖွဲ့က အလွယ်တကူ ကိုင်တွယ်နိုင်သော်လည်း အတွင်းဘက်သို့ တိုးဝင်လေလေ ပို၍ အစွမ်းထက်သော ဝူခွေးများနှင့် တိုးလေလေ ဖြစ်နေသည်။
ယင်းက ချင်ယွမ်ဖုန်း၏ ခရီးစဉ်ကို များစွာ နှောင့်နှေးစေခဲ့ပြီး အခြားသော ဂိုဏ်းများတွင်လည်း အလားတူ အခြေအနေမျိုး ကြုံတွေ့နေရလောက်ပေသည်။
"စီနီယာအစ်ကို... ဒါက ဘာတွေ ဖြစ်နေတာလဲ၊ ဘာလို့ ဝူခွေးတွေ ဒီလောက်တောင် ရုတ်တရက် များလာရတာလဲ" ဟု ယွင်ယဲ့ယဲ့က မျက်နှာဖြူလျော့လျော့ဖြင့် မေးရှာသည်။
ယွင်ယဲ့ယဲ့နှင့် ချောင်ချန်းဟုတို့အတွက်မူ ဤနေရာအထိ ရောက်လာခြင်းကပင် အင်အားကုန်ခမ်းနေပြီ ဖြစ်ရာ အခြားသူများကို ကူညီဖို့နေနေသာသာ ဝန်ထုပ်ဝန်ပိုး မဖြစ်လျှင်ပင် တော်လှန်လှပြီ ဖြစ်ပေသည်။
၎င်းတို့သည် တစ်နေ့လုံးနီးပါး လျှောက်လှမ်းခဲ့ကြသော်လည်း ခရီးအကွာအဝေး၏ သုံးပုံတစ်ပုံခန့်သာ ရောက်ရှိသေးသဖြင့် ရှေ့သို့ ဆက်သွားလေလေ ပို၍ ခက်ခဲလာမည်မှာ အမှန်ပင် ဖြစ်တော့သည်။
"ဒီနေ့တော့ ဒီမှာပဲ ရပ်နားကြစို့၊ နားနားနေနေ နေလို့ရမယ့် နေရာတစ်ခု ရှာကြမယ်" ဟု ချင်ယွမ်ဖုန်းက ပြောလိုက်သည်။ အားလုံးကလည်း ခေါင်းငြိမ့်သဘောတူကြပြီး အနီးနားတွင် ပုန်းခိုရန် နေရာရှာဖွေကြသော်လည်း နေရာအနှံ့တွင် ဝူခွေးများ ရှိနေပြီး လူမြင်သည်နှင့် တိုက်ခိုက်နေကြသဖြင့် ချင်ယွမ်ဖုန်းနှင့် အဖွဲ့မှာ အတော်ပင် ဒုက္ခရောက်ကြရလေသည်။
မြေပုံမှာလည်း ဤနေရာမှစ၍ ဘာမျှ မရှိတော့သဖြင့် ယခင်က နတ်ဘုရားသောင်းချီနယ်မြေသို့ ဝင်ရောက်ခဲ့ဖူးသည့် ဆေးနတ်ဘုရားဂိုဏ်းမှ စီနီယာများပင် ဤနေရာအထိ မရောက်ခဲ့ဖူးကြောင်း ထင်ရှားနေပေသည်။
"ဒါက နတ်ဘုရားသောင်းချီနယ်မြေ မဟုတ်တော့ဘူး၊ ငရဲခန်း ဖြစ်နေပြီ" ဟု ရှန့်ရှောင်ယွမ်က အေးစက်စက် ပြောရင်း သူ၏ လှံရှည်ကို ဖြည်းညှင်းစွာ ပြန်လည် ရုပ်သိမ်းလိုက်သည်။
သူ၏ ရှေ့ရှိ သစ်ပင်တွင် ဝူခွေးတစ်ကောင်မှာ လှံဖြင့် အသေကပ်လျက် ရှိနေ၏။
"ပုန်းခိုဖို့ သင့်တော်တဲ့ နေရာရှိမလား ငါကြည့်လိုက်ဦးမယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုရင်း လက်ဝါးကို မြေပြင်ပေါ်သို့ တိုက်ရိုက် ချလိုက်လေသည်။
ချက်ချင်းဆိုသလိုပင် အနန္တဖြစ်သော ဝိညာဉ်စွမ်းအားများမှာ မြေပြင်တစ်လျှောက် လျင်မြန်စွာ ပြန့်နှံ့သွားပြီး မြေပေါ်ရှိ လှုပ်ရှားမှု မှန်သမျှကို ချင်ယွမ်ဖုန်း အာရုံခံနိုင်သွားတော့သည်။
၎င်းတို့ရှိရာ ဗဟိုပြု၍ လီတစ်ထောင်အတွင်း နေရာအနှံ့ ဝူခွေးများ ရှိနေသော်လည်း ချင်ယွမ်ဖုန်း၏ ဝိညာဉ်စွမ်းအား အာရုံခံမှု အစွန်းဘက်တွင်မူ ဝူခွေးများ မရှိသည့် ဟာလာဟင်းလင်း ဖြစ်နေသော နေရာတစ်ခုကို အမှန်ပင် တွေ့ရှိသွားခဲ့သည်။
"ဝူခွေးတွေ မရှိတဲ့ နေရာတစ်ခု တွေ့ပြီ၊ အဲဒီမှာ တစ်ညလောက် နားလို့ရမယ် ထင်တယ်" ဟု ချင်ယွမ်ဖုန်းက စိတ်လှုပ်ရှားစွာ မတ်တတ်ရပ်ရင်း ပြောလိုက်သည်။
ထိုအခါ အားလုံးကလည်း မဆိုင်းမတွဘဲ ခြေလှမ်းများကို သွက်သွက်လှမ်းခဲ့ကြတော့သည်။
မီတာတစ်ထောင်ခန့်သာ ဝေးသော ခရီးကို ခဏချင်းအတွင်း ဖြတ်ကျော်ပြီးနောက် ချင်ယွမ်ဖုန်း အာရုံခံမိခဲ့သည့် နေရာသို့ အားလုံး ရောက်ရှိလာကြသည်။
ဤနေရာတွင် ဝူခွေးများ အမှန်တကယ် မရှိကြချေ။ ဝူခွေးများသည် ဤနေရာကို တိုက်ရိုက် ရှောင်ကွင်းသွားကြပုံရသည်။
သို့သော် ဤနေရာသည် အလွန်ပင် ထူးဆန်းလှပေသည်။
ပတ်ဝန်းကျင်တွင် စိမ်းလန်းစိုပြည်သော တောင်တန်းများနှင့် သစ်ပင်များ ရှိသော်လည်း ဤနေရာ၌မူ မြက်ရိုင်းများ နေရာအနှံ့ ပေါက်ရောက်နေပြီး ခြောက်ကပ်လျက် ရှိကာ ရှေ့နား မလှမ်းမကမ်းတွင် ရှေးဟောင်း ဘုရားကျောင်းပျက်ကြီးတစ်ခု ရှိနေသည်။
နတ်ဘုရားသောင်းချီနယ်မြေသည် မူလကပင် ပင်လယ်ကျွန်းတစ်ခု ဖြစ်ပြီး ပတ်ဝန်းကျင်မှာ နတ်ဘုံနတ်နန်းကဲ့သို့ သာယာလှသော်လည်း ယခုကဲ့သို့ မှောင်မှောက်နေသော ဘုရားကျောင်းပျက်ကြီးကို တွေ့လိုက်ရသဖြင့် လူတိုင်း၏ ရင်ထဲတွင် စိမ့်ခနဲ ခံစားလိုက်ကြရလေသည်။
"စီနီယာအစ်ကို... ဒီဘုရားကျောင်းကြီးက ကြောက်စရာကြီးနော်" ဟု ယွင်ယဲ့ယဲ့က အိုင်ဖေး၏ ပုခုံးကို ဖက်ထားရင်း ပြောရှာသည်။
အိုင်ဖေး၏ မျက်နှာမှာလည်း နီမြန်းနေပြီး "ရပါတယ်၊ စီနီယာအစ်ကိုတို့ ရှိနေတာပဲ။ ပြီးတော့ ဒီမှာ ဝူခွေးတွေလည်း မရှိဘူးဆိုတော့ နားဖို့နေရာကောင်းပါပဲ" ဟု ပြန်ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ထိုရှေးဟောင်းဘုရားကျောင်းကို ကြည့်လိုက်သော်လည်း အတွင်း၌ သားရဲ အရှိန်အဝါမျိုး အာရုံမရသဖြင့် မည်သူမျှ နေထိုင်ပုံ မရပေ။
"ဒီလိုလုပ်ကြတာပေါ့၊ အားလုံး အပြင်မှာ ခဏစောင့်နေကြ၊ ငါအထဲဝင်စစ်ကြည့်လိုက်ဦးမယ်၊ ဘာအန္တရာယ်မှ မရှိဘူးဆိုမှ ဝင်လာခဲ့ကြတော့" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါလည်း လိုက်ခဲ့မယ်" ဟု ရှန့်ရှောင်ယွမ်က ချင်ယွမ်ဖုန်း၏ လက်မောင်းကို ကိုင်ရင်း ပြောသည်။ ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြကာ နှစ်ယောက်သား ဘုရားကျောင်းပျက်ကြီးထဲသို့ အတူတူ လျှောက်လှမ်းဝင်ခဲ့ကြသည်။
ဘုရားကျောင်းအတွင်းဘက်တွင်လည်း အပြင်ဘက်ကဲ့သို့ပင် ပေါင်းမြက်များ ထူထပ်နေပြီး အလွန်ပင် ဟောင်းနွမ်းစုတ်ပြတ်နေလေပြီ။
ဘေးဘက်ရှိ အဆောင်များမှာ အမိုးများ ပြိုကျနေပြီး ပင်မဆောင်ကြီး တစ်ခုသာ မပျက်မစီး ကျန်ရှိတော့သည်။ ရင်ပြင်တွင်လည်း ရေကန်ငယ်လေး တစ်ခု ရှိနေ၏။
ချင်ယွမ်ဖုန်းသည် ဖြည်းညှင်းစွာ ရှေ့သို့ လျှောက်သွားရင်း ရေကန်အလယ်တွင် ရှိနေသော အရာကို မြင်လိုက်ရသောအခါ မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားတော့သည်။
"မြူကင်းကြာပန်း..." ဟု ချင်ယွမ်ဖုန်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
ဤရေကန်အလယ်တွင် ရှိနေသည်မှာ အမှန်ပင် အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင်ဖြစ်သော မြူကင်းကြာပန်းပင် ဖြစ်နေသည်။
ထိုဆေးပင်သည် ချင်ယွမ်ဖုန်း အဋ္ဌမအဆင့် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်နေသော ပင်မဆေးမြက်များထဲမှ တစ်ခု ဖြစ်ပေသည်။
ချင်ယွမ်ဖုန်း၏ အသက်ရှူသံများပင် စိတ်လှုပ်ရှားမှုကြောင့် မြန်ဆန်လာရသည်။
"ချင်ယွမ်ဖုန်း... ဘာဖြစ်လို့လဲ" ဟု ရှန့်ရှောင်ယွမ်က ရှေ့သို့ တိုးလာရင်း မေးသည်။
ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ပြီး "ဘာမှမဟုတ်ပါဘူး၊ ဒီဝိညာဉ်ဆေးပင်က ငါအသည်းအသန် ရှာနေတဲ့ အရာဖြစ်နေလို့ပါ၊ ဒီမှာ တွေ့လိမ့်မယ်လို့ မထင်ထားဘူး"
"မင်း လိုအပ်နေတာဆိုရင်လည်း ယူလိုက်လေ" ဟု ရှန့်ရှောင်ယွမ်က အေးအေးဆေးဆေးပင် ပြောလိုက်သည်။
သို့သော် ချင်ယွမ်ဖုန်းက ခေါင်းခါလိုက်ပြီး "မဖြစ်ဘူးလေ၊ ဒီမြူကင်းကြာပန်းက ငါတို့ အားလုံးနဲ့ ဆိုင်တာပဲ၊ သူတို့ အထဲရောက်လာမှ ခွဲဝေကြတာပေါ့" ဟု ဆိုသည်။ ယင်းက ရှန့်ရှောင်ယွမ်ကို ချင်ယွမ်ဖုန်းအပေါ် ပို၍ လေးစားသွားစေခဲ့သည်။
လမ်းတစ်လျှောက်တွင် ရှန့်ရှောင်ယွမ်သည် ချင်ယွမ်ဖုန်း၏ အစွမ်းကို သိမြင်ခဲ့ရပြီး ဖြစ်သည်။ သူသည် အမြဲတမ်း အစွမ်းအစအချို့ကို ဖုံးကွယ်ထားတတ်ပြီး အတိုင်းအဆမရှိ နက်ရှိုင်းပုံရပေသည်။
၎င်းတို့နှစ်ဦးသည် မြူကင်းကြာပန်းကို ခေတ္တချန်ထားခဲ့ပြီး ပင်မဆောင်ကြီးထဲသို့ သတိကြီးစွာဖြင့် ဖြည်းညှင်းစွာ လျှောက်ဝင်ခဲ့ကြသည်။
ပင်မဆောင်အတွင်း၌ ဖုန်မှုန့်များ ဖုံးလွှမ်းနေပြီး ရှေ့ဘက်တွင်မူ ဗုဒ္ဓရုပ်ပွားတော်ကြီး တစ်ဆူ ရှိနေသည်။ ရုပ်ပွားတော်၏ ရွှေဆေးများမှာ အတော်များများ ကွာကျနေသဖြင့် မှေးမှိန်ညိုမှိုင်းလျက် ရှိနေ၏။
ထိုမှတစ်ပါး ပင်မဆောင်အတွင်း၌ အခြား ဘာမျှ မရှိချေ။
"ဘေးကင်းပုံရပါတယ်၊ သူတို့ကို အထဲခေါ်လိုက်တော့။ ဘာလို့ ဝူခွေးတွေ ဒီထဲကို မဝင်ကြတာလဲ မသိပေမယ့် အနည်းဆုံးတော့ ခဏနားလို့ ရတာပေါ့" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ရှန့်ရှောင်ယွမ်က ခေါင်းငြိမ့်ပြကာ ဘုရားကျောင်းအပြင်သို့ ထွက်သွားပြီး အားလုံးကို အထဲသို့ ခေါ်လိုက်လေသည်။ အားလုံးသည် ရေကန်အနားသို့ ရောက်လာကြပြီး အလယ်တွင်ရှိသော မြူကင်းကြာပန်းကို ငေးကြည့်နေကြတော့သည်။
မြူကင်းကြာပန်းသည် ၎င်း၏ အမည်နှင့် လိုက်ဖက်လှစွာပင် ပွင့်ချပ်များမှာ ဖြူစင်ဝင်းပပြီး အပြစ်အနာအဆာ ကင်းစင်လှသည်။
ဖုန်မှုန့်တစ်စပင် မတင်ဘဲ 'ညွန်ထဲက ထွက်သော်လည်း ညွန်မလူး' ဟူသော စကားအတိုင်းပင် ဖြစ်ပေသည်။
".. ဒီကြာပန်းကို မြူကင်းကြာပန်းလို့ ခေါ်တယ်၊ ဒါကငါ ရှာနေတဲ့ ပစ္စည်းပါ။ အခု ဒီမှာ တွေ့ပြီဆိုတော့ ငါတို့ အားလုံးနဲ့ ဆိုင်ပါတယ်၊ ဒါကြောင့် ဒီမြူကင်းကြာပန်းအတွက် အားလုံးကို ဝိညာဉ်ကျောက်တုံး ဒါမှမဟုတ် တခြားပစ္စည်းတွေနဲ့ ပြန်ပေးပြီး ငါယူပါရစေ"
အားလုံးက ချက်ချင်းပင် လက်ခါယမ်းကြတော့သည်။ ၎င်းတို့ ဤနေရာအထိ ရောက်လာနိုင်ခြင်းမှာ ချင်ယွမ်ဖုန်းကြောင့်သာ ဖြစ်ရာ မည်ကဲ့သို့ ရတနာကို ဝေစုခွဲယူရက်ပါမည်နည်း။
သို့သော် ချင်ယွမ်ဖုန်းက တရားမျှတစွာ ခွဲဝေယူရန် အတင်းအကျပ် တိုက်တွန်းသဖြင့် နောက်ဆုံးတွင်မူ ချင်ယွမ်ဖုန်းက ဝိညာဉ်ကျောက်တုံးများနှင့် ရတနာလက်နက်အချို့ကို ပေးလျော်ကာ သဘောတူညီမှု ရယူလိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ရင်ထဲမှ ပြင်းပြသော ဆန္ဒကို ထိန်းချုပ်ကာ ရေကန်ပေါ်သို့ ခုန်တက်လိုက်ပြီး ခြေဖျားလေးဖြင့် ရေပြင်ကို ခပ်ဖွဖွနင်းကာ မြူကင်းကြာပန်းအပေါ်တွင် လွင့်မျောနေလိုက်သည်။
သူက လက်ကို ဆန့်ထုတ်၍ မြူကင်းကြာပန်းကို ခူးယူရန် ပြင်လိုက်စဉ်မှာပင် ရေကန်အတွင်းမှ အနက်ရောင် အလင်းတန်းတစ်ခု ပစ်ထွက်လာတော့သည်။
"သတိထား"
အိုင်ဖေးက ထိုအနက်ရောင် အလင်းတန်းကို ပထမဆုံး သတိပြုမိလိုက်ခြင်း ဖြစ်သည်။ ထိုခဏ၌ပင် သူ၏ လက်ထဲမှ ကြေးပြားများသည် လေထဲသို့ အဟုန်ဖြင့် ပျံထွက်သွားပြီး ရေကန်အောက်ခြေသို့ တိုက်ရိုက် ထိုးဆင်းသွားတော့သည်။
တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်မှာ လေထဲ၌ လိမ်ကျားသွားပြီး ခြေထောက်များမှ မြူဖြူများ ထွက်ပေါ်လာကာ အနက်ရောင် အလင်းတန်းကို သီသီလေး ရှောင်တိမ်းလိုက်နိုင်လေသည်။
သေချာကြည့်လိုက်သောအခါ ထိုအနက်ရောင် အလင်းတန်းသည် ချင်ယွမ်ဖုန်းကို လွဲချော်သွားပြီး မြေပြင်ပေါ်သို့ ကျရောက်သွားရာ မြေပြင်တွင် အနက်ရောင် အပေါက်ငယ်လေးတစ်ခု ဖြစ်သွားသည်အထိ တိုက်စားသွားသည်ကို တွေ့လိုက်ရလေတော့သည်။
အခန်း(၂၃၄)နတ်ဘုရားသောင်းချီနယ်မြေ (၈)
ထိုအမည်းရောင်အလင်းတန်းမှာ စင်စစ်အားဖြင့် ရေအလျဉ်တစ်တန်းပင် ဖြစ်ချေသည်။
အိုင်ဖေး၏ ကြေးပြားမှာ ရေထဲသို့ တိုးဝင်သွားပြီးနောက် ခဏအကြာတွင်ပင် ပိုမိုမြန်ဆန်သော အဟုန်ဖြင့် နောက်သို့ ပြန်လည်လွင့်ထွက်လာ၏။
ရှန့်ရှောင်ယွမ်မှာ လျင်မြန်ဖြတ်လတ်စွာဖြင့် သူ၏လှံရှည်ကို ဝေ့ယမ်းကာ ကြေးပြားကို ပုတ်ထုတ်လိုက်ပြီး တစ်ဆက်တည်းမှာပင် လှံရှည်ဖြင့် ရေမျက်နှာပြင်ကို ပြင်းထန်စွာ ရိုက်ချလိုက်လေသည်။
"ထွက်ခဲ့စမ်း"
ကြီးမားလှသော ကိုယ်တွင်းစွမ်းအင်များမှာ ရေနှင့်ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ပေါက်ကွဲထွက်သွားပြီး ဗုန်းခနဲ မြည်ဟည်းသံနှင့်အတူ ရေကန်ငယ်အတွင်းမှ ရေများသည် ဆယ်မီတာကျော်အထိ အထက်သို့ ပန်းထွက်သွားတော့သည်။
ထိုအခါမှသာ ရေကန်ထဲ၌ ပုန်းအောင်းနေသော အရာကို လူတိုင်း မြင်တွေ့လိုက်ရ၏။
ယင်းမှာ လက်မောင်းခန့်အထိ တုတ်ခိုင်ပြီး ရွှေရောင်အစင်းကြောင်းများပါသည့် မြွေဟောက်နက်တစ်ကောင် ဖြစ်ပေသည်။
၎င်းသည် မြူကင်းကြာပန်း၏ အမြစ်နားတွင် ခွေလျက်သားရှိနေပြီး ယခုအခါ လျှာတလိပ်လိပ်ဖြင့် လူတိုင်းကို အကဲခတ်ကြည့်ရှုနေ၏။
"တန်ဖိုးကြီးတဲ့ ကမ္ဘာမြေရတနာတွေနားမှာ ဝိညာဉ်သားရဲတွေ အမြဲရှိတတ်စမြဲပဲ။ ဒီမြွေဟောက်အမည်းက မြူကင်းကြာပန်းကို စောင့်ကြပ်နေတဲ့ ဝိညာဉ်သားရဲ ထင်တယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
ထိုစဉ် လွင့်စင်သွားသော ရေများမှာ ပြန်လည်ကျဆင်းလာရာ အများစုမှာ ရေကန်အပြင်ဘက်သို့ ကျရောက်သွားပြီး အနည်းငယ်မျှသာ ရေကန်ထဲသို့ ပြန်ဝင်သွားသဖြင့် မြွေဟောက်နက်မှာ ပုန်းအောင်းစရာ နေရာမရှိတော့ပေ။
ရုတ်တရက်ဆိုသလိုပင် မြွေဟောက်အမည်းမှာ စတင်တိုက်ခိုက်လေတော့သည်။ ခွေနေသော ၎င်း၏ခန္ဓာကိုယ်မှာ စပရိန်တစ်ခုကဲ့သို့ အရှိန်ဖြင့် ခုန်တက်လာပြီး ရွှေရောင်လျှပ်စီးတန်းတစ်ခုအလား အိုင်ဖေးထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွား၏။
အိုင်ဖေးမှာ ထိတ်လန့်တကြား နောက်ဆုတ်လိုက်ရသော်လည်း ရှန့်ရှောင်ယွမ်မှာမူ အိုင်ဖေး၏ ရှေ့၌ ပိတ်ရပ်လိုက်ပြီး သူ၏လှံရှည်ကို နဂါးတစ်ကောင်ကဲ့သို့ ထိုးနှက်လိုက်ရာ တစ်ခဏအတွင်းမှာပင် လှံဦးပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်လိုက်သကဲ့သို့ ထင်မှတ်ရပေသည်။
မြွေဟောက်နက်မှာ လှံဦးနှင့် ထိတွေ့မိသော်လည်း ၎င်း၏ခန္ဓာကိုယ်မှာ အလွန်ပင် ပျော့ပျောင်းလှသဖြင့် လှံဦး၏ ထိုးချက်ကို ရှောင်တိမ်းနိုင်ခဲ့ရုံမက လှံရှည်ပေါ်တွင်ပင် ရစ်ပတ်လိုက်လေတော့သည်။
ရှန့်ရှောင်ယွမ်မှာ အံ့အားသင့်သွားပြီးနောက် သူ၏လှံရှည်ကို မြှောက်ကာ မြေပြင်ပေါ်သို့ အားကုန် ရိုက်ချလိုက်၏။
"ဒုန်း"
ကျယ်လောင်သော မြည်ဟည်းသံနှင့်အတူ မြေပြင်ပေါ်တွင် တွင်းနက်ကြီးတစ်ခု ဖြစ်သွားပြီး ကျောက်ပြားများမှာ အပိုင်းပိုင်းအစစ ကွဲအက်လွင့်စင်သွားသော်လည်း မြွေဟောက်နက်မှာမူ လျင်မြန်စွာပင် အခြားတစ်နေရာသို့ လျှောတိုက်ထွက်ပြေးသွားလေသည်။
"တကယ့်ကို လျင်မြန်တဲ့ မြွေပဲ"
ချင်ယွမ်ဖုန်းသည်လည်း ခုန်ဝင်လာပြီး သူ၏ဓားရှည်ဖြင့် မြွေနောက်သို့ လိုက်လံခုတ်နှက်ရာ ဓားစွမ်းအင် အလင်းတန်းများမှာ မြေပြင်ကို အပိုင်းပိုင်းဖြတ်တောက်သွားတော့သည်။
သို့သော်လည်း မြွေဟောက်နက်မှာ အရေးကြီးသော အချိန်တိုင်းတွင် ရှောင်တိမ်းနိုင်ခဲ့သဖြင့် ချင်ယွမ်ဖုန်းမှာ များစွာ အံ့ဩသွားရ၏။
ကျန်းလဲ့ရှန်းနှင့် ချောင်ချန်းဟုတို့မှာ လက်နက်များကို ဆွဲထုတ်ကာ အခြားတပည့်များ၏ ရှေ့တွင် ကာကွယ်ရပ်တည်ပေးထားကြသည်။
သူတို့၏ စွမ်းအားမှာ ချင်ယွမ်ဖုန်းနှင့် ရှန့်ရှောင်ယွမ်တို့လောက် မကြီးမားသဖြင့် ချင်ယွမ်ဖုန်းနှင့် ရှန့်ရှောင်ယွမ်တို့ အာရုံမပျံ့လွင့်စေရန် ဂျူနီယာညီလေးနှင့် ဂျူနီယာညီမလေးများကို ကာကွယ်ပေးသည့် တာဝန်ကိုသာ အဓိကယူထားကြခြင်း ဖြစ်ပေသည်။
မြွေဟောက်နက်မှာ ချင်ယွမ်ဖုန်းနှင့် ရှန့်ရှောင်ယွမ်တို့၏ မဆုတ်မနစ် လိုက်လံတိုက်ခိုက်မှုကို ခံရပြီးနောက် ၎င်း၏ မျက်လုံးငယ်လေးများထဲတွင် ပြတ်သားသော အရိပ်အယောင်တစ်ခု ပေါ်ပေါက်လာ၏။
မြွေဟောက်နက်မှာ ခုန်တက်လိုက်ပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ဘေးမှ ဝဲပျံကာ မြူကင်းကြာပန်းထံသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားတော့သည်။
"တောက်" ချင်ယွမ်ဖုန်းက စိတ်ထဲမှ ကြိတ်၍ ရေရွတ်လိုက်သည်။ သူ၏ဓားရှည်ကို အောက်သို့ အရှိန်ဖြင့် ဝေ့ယမ်းကာ မြွေဟောက်နက်၏ ခန္ဓာကိုယ်ကို ပြင်းထန်စွာ ခုတ်ချလိုက်၏။
တိုးဝင်လာသော ဓားအလင်းတန်းမှာ မြွေဟောက်အမည်းကို နှစ်ပိုင်းပြတ်သွားစေသည်။ မြေပြင်ပေါ်သို့ ကျသွားသော မြွေအမြီးပိုင်းမှာ တလှုပ်လှုပ် ရှိနေဆဲပင်။
ထိုစဉ်အတွင်း မြွေဟောက်နက်၏ ဦးခေါင်းပိုင်းမှာ ရှေ့သို့ တိုးဝင်သွားပြီးနောက် ၎င်း၏ပါးစပ်ကို မယုံနိုင်လောက်အောင် ပြဲအာကာ မြူကင်းကြာပန်းကို တစ်လုပ်တည်းနှင့် မျိုချလိုက်လေတော့သည်။
"မကောင်းတော့ဘူး"
ချင်ယွမ်ဖုန်းမှာ အမြန်ပြေးသွားသော်လည်း ဤရွှေရောင်အစင်းပါ မြွေဟောက်အမည်းမှာ နောက်ဆုံးတွင် ငါးသေရင်ပိုက်ပြတ်ဆိုသကဲ့သို့ မြူကင်းကြာပန်းကို မျိုချသွားလိမ့်မည်ဟု မမျှော်လင့်ထားမိပေ။
လူတိုင်းမှာ ထိုမြင်ကွင်းကို အံ့အားသင့်စွာ ကြည့်နေကြစဉ် မြွေဟောက်နက်မှာ ရေကန်အောက်ခြေသို့ လျင်မြန်စွာ ငုပ်လျှိုးသွားတော့သည်။
"ဒီမြွေနက်က တကယ့်ကို မုန်းစရာကောင်းတာပဲ" ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် ဒေါသစိတ်များ မြင့်တက်လာ၏။ သူ၏လက်ထဲတွင် မီးလျှံများ ပေါ်ပေါက်လာပြီး ဓားရှည်ပေါ်သို့ ချက်ချင်းရစ်ပတ်သွားကာ ရေကန်ထဲသို့ ပြင်းထန်စွာ ခုတ်ချလိုက်လေသည်။
မကြာမီမှာပင် ရေကန်ထဲမှ ရေများမှာ တဗွက်ဗွက် ဆူပွက်လာပြီး ရေနွေးငွေ့များစွာ ဖုံးလွှမ်းသွားတော့သည်။ ခဏအတွင်းမှာပင် ရေကန်ငယ်ထဲမှ နောက်ဆုံးကျန်ရှိနေသော ရေများမှာ ချင်ယွမ်ဖုန်း၏ မီးလျှံများကြောင့် ခန်းခြောက်သွား၏။
ရွှေရောင်အစင်းပါ မြွေဟောက်နက်မှာလည်း ရေကန်၏ ထောင့်တစ်နေရာတွင် ခွေလိပ်နေပေတော့သည်။
ချင်ယွမ်ဖုန်းမှာ မြွေဟောက်နက်ကို ဂရုမစိုက်တော့ဘဲ မြူကင်းကြာပန်း၏ အမြစ်ဆီသို့ အမြန်သွားလိုက်သည်။
"ငါ တကယ့်ကို စိတ်လိုက်မာန်ပါ လုပ်မိသွားပြီ။ တကယ်လို့ မြူကင်းကြာပန်းရဲ့ အမြစ်ပါ ပျက်စီးသွားရင်တော့ ဒုက္ခပဲ" ချင်ယွမ်ဖုန်းမှာ နောင်တများဖြင့် ပြည့်နှက်သွား၏။
စိတ်လိုက်မာန်ပါ လုပ်မိသည့် ခဏတာအတွင်း သူသည် ရေကန်ထဲမှ ရေများကို ဆူပွက်သွားစေခဲ့သည် မဟုတ်လော။
ချင်ယွမ်ဖုန်း မသိရှိခဲ့သည်မှာ သူသည်လည်း မသိမသာဖြင့် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ၏ သက်ရောက်မှုကို ခံနေရပြီး သူ၏နှလုံးသားထဲတွင် ကြမ်းတမ်းသော စိတ်ခံစားချက်များ တဖြည်းဖြည်း ကြီးထွားနေခြင်းပင် ဖြစ်ချေသည်။
သူသည် မြူကင်းကြာပန်း၏ အမြစ်ကို ဂရုတစိုက် တူးထုတ်လိုက်၏။ ယင်းမှာ အမည်းရောင် အလုံးပုံစံ ရှိနေပြီး ကြာစွယ်တစ်ခုနှင့် ဆင်တူကာ အမည်းရောင် အမြစ်ငယ်လေးများစွာ ပါရှိပေသည်။
ယခုအချိန်တွင်မူ ထိုအမြစ်မှာ ခြောက်သွေ့နေပြီး အသက်ရှင်ရန် မလွယ်ကူသကဲ့သို့ ဖြစ်နေ၏။
ချင်ယွမ်ဖုန်းမှာ စိတ်မကောင်းဖြစ်သွားသော်လည်း သန့်စင်သော နတ်ရေစင် တစ်ပုလင်းကို ထုတ်ကာ အမြစ်ပေါ်သို့ လောင်းချလိုက်ပြီးနောက် အမြစ်ကို သိမ်းဆည်းလိုက်လေသည်။
နတ်ရေစင်ကို လောင်းချလိုက်သည်နှင့် မြူကင်းကြာပန်း၏ အမြစ်မှ အမည်းရောင် အမြစ်ငယ်လေး ဆယ်ခုကျော် ထွက်ပေါ်လာသဖြင့် ချင်ယွမ်ဖုန်းမှာ စိတ်သက်သာရာ ရသွားတော့သည်။
အမြစ်မှာ အသက်ရှင်နေသေးသရွေ့ သဘာဝ နတ်စမ်းရေကို ပိုင်ဆိုင်ထားသော ချင်ယွမ်ဖုန်းအတွက် မြူကင်းကြာပန်းကို အချိန်တိုအတွင်း ပြန်လည်ပေါက်ရောက်စေရန်မှာ မခဲယဉ်းလှပေ။
"ဖုန်းအကို၊ အဆင်ပြေရဲ့လား" ဟု ကျန်းလဲ့ရှန်းက ထိုစဉ် မေးလိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းခါပြကာ "ငါ အဆင်ပြေပါတယ်။ အမြစ်က အသက်ရှင်နေတုန်းပဲ။ ဒါကို ပြန်စိုက်ပြီး သေချာဂရုစိုက်ရင် မြူကင်းကြာပန်း ပြန်ပွင့်လာမှာပါ" ဟု ဆိုလိုက်သည်။
ထိုစကားကို ကြားရသဖြင့် လူတိုင်းမှာ စိတ်သက်သာရာ ရသွားကြ၏။ ချင်ယွမ်ဖုန်း၏ စိုးရိမ်နေသော ပုံစံကို ကြည့်ခြင်းဖြင့် သူသည် မြူကင်းကြာပန်းကို တကယ်ပင် လိုအပ်နေကြောင်း သိသာလှပေသည်။
ထိုအချိန်တွင် အပြစ်သားဖြစ်သော ရွှေရောင်အစင်းပါ မြွေဟောက်နက်မှာ ထောင့်တစ်နေရာတွင် ခွေနေသော်လည်း ၎င်း၏ ခန္ဓာကိုယ်အောက်ပိုင်း အမြီးမှာ ချင်ယွမ်ဖုန်း၏ ခုတ်ချက်ကြောင့် ပြတ်တောက်နေပြီဖြစ်ရာ အားအင်ကုန်ခမ်းနေသည့် ပုံစံ ပေါက်နေ၏။
"ဒီသားရဲကို ငါ သတ်လိုက်မယ်" ဟု ရှန့်ရှောင်ယွမ်က ဒေါသတကြီးဖြင့် ရှေ့သို့ တိုးလာသည်။
ချင်ယွမ်ဖုန်းက ရှန့်ရှောင်ယွမ်ကို အမြန်တားဆီးလိုက်ကာ "မလောပါနဲ့ဦး။ ငါတို့က သူ့ရဲ့ ရတနာကို လုယူခဲ့တာပဲ။ အဲ့ဒီလို တွေးကြည့်ရင် သူက သနားစရာပါ" ဟု ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက် သူသည် ရွှေရောင်အစင်းပါ မြွေဟောက်အမည်းထံသို့ ဖြည်းညင်းစွာ လျှောက်သွား၏။ ယခုအချိန်တွင် မြွေဟောက်နက်မှာ ပြန်လည်ခုခံရန် စွမ်းအားပင် မရှိတော့ပေ။
ချင်ယွမ်ဖုန်းမှာ မြွေဟောက်နက်ကို ကောက်ယူကာ သူ၏သိုလှောင်အိတ်ထဲမှ သံသေတ္တာတစ်လုံးကို ထုတ်၍ ထိုထဲသို့ ထည့်လိုက်ပြီး ကျောတွင် ပိုးထားလိုက်လေသည်။
"ကဲ... လူတိုင်း တစ်နေကုန် ပင်ပန်းနေကြပြီ။ အထဲဝင်ပြီး အနားယူကြရအောင်။ မနက်ဖြန် ဘာအန္တရာယ်တွေနဲ့ ကြုံရမလဲဆိုတာ ဘယ်သူမှ မသိနိုင်ဘူး" ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ဆိုလိုက်သည်။
အန္တရာယ်များ ကင်းစင်သွားပြီ ဖြစ်သဖြင့် လူတိုင်းသည် ရှေးဟောင်းဘုရားကျောင်းအတွင်းသို့ ဝင်ကာ မီးဖိုကြ၏။ ချင်ယွမ်ဖုန်းက စားစရာများကို ဝေငှပေးပြီးနောက် ဝိညာဉ်မိုးကောင်းကင်ဟိန်းသံလင်းတကို လွှတ်ကာ ပတ်ဝန်းကျင်ကို စောင့်ကြည့်ခိုင်းထားလိုက်သည်။
"ဟူး... တကယ့်ကို စိတ်ဓာတ်ကျစရာပဲ။ နတ်ဘုရားသောင်းချီနယ်မြေကို လာတဲ့အခါ အခွင့်အရေးတွေနဲ့ ရတနာတွေ ရမယ်လို့ ထင်ထားတာ။ ဒီလိုမျိုးတွေ ကြုံရလိမ့်မယ်လို့ မထင်ထားမိဘူး" ဟု ယွင်ယဲ့ယဲ့က စိုးရိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
အိုင်ဖေးမှာ ယွင်ယဲ့ယဲ့၏ ဘေးတွင် ထိုင်လိုက်ပြီး "မစိုးရိမ်ပါနဲ့၊ ငါ နင့်ဘေးမှာ ရှိနေတာပဲ" ဟု ဆိုလေသည်။
သူတို့ကိုယ်သူတို့ပင် မသိလိုက်ဘဲ သူတို့နှစ်ဦးကြားမှ သံယောဇဉ်မှာ လျင်မြန်စွာ တိုးတက်လာချေပြီ။ ယင်းမှာ လူငယ်လေးများနှင့် မိန်းကလေးများကြားတွင် ဖြစ်လေ့ဖြစ်ထရှိသော ကိစ္စပင် ဖြစ်သော်လည်း ရှေ့ဆက်၍ မည်သို့ ဖြစ်လာမည်မှာမူ သူတို့အပေါ်၌သာ မူတည်ပေသည်။
ချင်ယွမ်ဖုန်းမှာမူ ရွှေရောင်အစင်းပါ မြွေဟောက်နက် ထည့်ထားသည့် သံသေတ္တာကို ဘုရားကျောင်းဆောင်၏ အပြင်ဘက်သို့ ယူဆောင်သွား၏။
မြွေဟောက်နက်မှာ ရုတ်တရက် တိုက်ခိုက်ပြီး တစ်စုံတစ်ဦးကို ဒဏ်ရာရရှိစေမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်ပေတော့သည်။