အခန်း ၈၆
Vol. 9 Ch. 86
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၈၆
ထျဲလန်ယန် သူ့ကို နှုတ်ဆက်သည်ကို မြင်လိုက်ရသောအခါ စုန့်ပိုင်ယွမ်၏ လည်ဇလုတ်မှာ လှုပ်ရှားသွားပြီး သူ၏လက်ကြီးမှာလည်း အလိုအလျောက် တင်းခနဲ ဖြစ်သွားသည်။
ဒီတစ်ကြိမ်မှာတော့ သူ အတည်ပြုနေစရာ မလိုတော့ပါ။
ထိုရင်းနှီးနေသော မျက်နှာလေးကို မြင်ရုံနှင့်တင် သူ လူမမှားကြောင်း သိလိုက်သည်။
ခြောက်လခန့် ကြာပြီးနောက်တွင် သူမသည် အနည်းငယ် ဝလာပုံရသည်။
ဖြူလျော်နေသော သူမ၏ ပါးပြင်လေးများမှာ နီမြန်းလာပြီး ကလေးလေးလို ဖောင်းဖောင်းအိအိ ဖြစ်နေသည်။
မျက်နှာပေါ်ရှိ အနက်ရောင်ကိုင်း မျက်မှန်ကြီးက သူမ၏ လှပသော မျက်ခုံးနှင့် မျက်ဝန်းများကို ဖုံးကွယ်ထားသော်လည်း ချစ်စဖွယ်ကောင်းသော အငွေ့အသက်ကိုမူ ပေးစွမ်းနေဆဲပင်။
သူမကို ကြည့်ရတာ... တစ်မျိုးလေး ချစ်ဖို့ကောင်းနေသည်။
"ကိုကြီး... ဟေး၊ ဘယ်လိုလဲ။ မမချောချောက လှတယ်မဟုတ်လား။"
သူမ၏ အစ်ကိုဖြစ်သူက ထျဲလန်ယန်ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ စုန့်ရွှယ်က တခစ်ခစ် ရယ်မောရင်း အနားသို့ တိုးကပ်လာခဲ့သည်။
လွန်ခဲ့သော တစ်လက အမေဖြစ်သူသည် အစ်ကို့ထံသို့ အကြိမ်ကြိမ် ဖုန်းဆက်ခဲ့သော်လည်း သူက လုံးဝ ပြန်မဖြေခဲ့ပေ။
မထင်မှတ်ဘဲ တစ်လအကြာတွင် အစ်ကိုဖြစ်သူမှာ သူ့အလိုလို ပြန်ရောက်လာခဲ့သည်။
နှစ်သစ်ကူးနေ့လည်း ဖြစ်သဖြင့် ရွာထဲတွင် ဖျော်ဖြေပွဲရှိသည်ဟု သိသည်နှင့် စုန့်ရွှယ်က သူ့ကို အတင်းဆွဲခေါ်လာခဲ့ခြင်း ဖြစ်သည်။
သူတို့ ရောက်လာချိန်တွင် ထျဲလန်ယန် ဖျော်ဖြေနေသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် တိုးတော့သည်။
"ဟို မျက်မှန်နဲ့ အစ်မလေ၊ ညီမ ပြောပြောနေတဲ့ အချောလေးဆိုတာ သူပဲ၊ အမေ့ကို သူခိုးဖမ်းပေးတဲ့သူလို့ အမေ ပြောတဲ့သူလေ။"
စုန့်ပိုင်ယွမ် တစ်ယောက် အားလုံးကို နားလည်သွားတော့သည်။
သူ့အမေနှင့် ညီမဖြစ်သူတို့က သူ့ကို ရွေးခိုင်းနေသည့် မိန်းကလေးမှာ သူ အမြဲတမ်း စိတ်ထဲ ရောက်နေသည့် မိန်းကလေး ဖြစ်နေသည် မဟုတ်ပါလား။
တစ်ခါတရံတွင် အံ့သြစရာများမှာ ရုတ်တရက်ကြီး ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတတ်စမြဲပင် ဖြစ်သည်။
"ကိုကြီး... ကိုကြီး..."
သူမ၏ အစ်ကိုဖြစ်သူမှာ ငိုင်တိုင်တိုင် ရပ်နေသဖြင့် စုန့်ရွှယ်က သူ့မျက်လုံးရှေ့တွင် လက်ကို ဝှေ့ယမ်းကာ စနောက်လိုက်သည်။
စုန့်ပိုင်ယွမ် သတိပြန်ဝင်လာပြီး ချောင်းတစ်ချက် ဟန့်လိုက်သည်။ "ဘာဖြစ်လို့လဲ။"
"ဟီးဟီးဟီး... ဟီးဟီးဟီး..."
ညီမလေးက သူ့ကို မျက်စိတစ်ဖက် မှိတ်ပြရင်း ခပ်နောက်နောက် ပြုံးနေသည်။
စုန့်ပိုင်ယွမ်မှာ သူမ၏ အကြည့်ကြောင့် ရှက်ကိုးရှက်ကန်း ဖြစ်သွားခဲ့သည်။ "ကောင်းပြီ... တော်တော့၊ မရယ်နဲ့တော့။"
စုန့်ရွှယ် - "တွေ့လား... ညီမ ပြောတာ မှန်သားပဲ၊ ကိုကြီးလည်း မမချောချောလေးကို မြင်တာနဲ့ ကြိုက်သွားတာပဲ မဟုတ်လား။"
အခြားအချိန်များတွင်ဆိုလျှင် အစ်ကိုဖြစ်သူက "လျှောက်မပြောနဲ့" ဟု ပြန်ပြောပေလိမ့်မည်၊ သို့သော် ယနေ့တွင်မူ သူသည် တိတ်ဆိတ်နေခဲ့သည်။
စုန့်ရွှယ်မှာ အလွန် ဝမ်းသာသွားခဲ့သည်။
ဟားဟား... ကိုကြီးတော့ သူမကို စွဲလန်းသွားပြီ။
ဒီသတင်းကောင်းကို အမေ့ကိုလည်း သွားပြောပြရဦးမည်၊ အမေလည်း ပျော်သွားလိမ့်မည်။
ပညာတတ်လူငယ်ဝင်းမှ ဖျော်ဖြေပွဲမှာ နာရီဝက်ခန့်သာ ကြာမြင့်ခဲ့ပြီး လူတိုင်းမှာ ပြန်ရန် ပြင်ဆင်နေကြသည်။
စုန့်ပိုင်ယွမ်က သူ့ဘဝတွင် ပထမဆုံးအကြိမ်အဖြစ် စုန့်ရွှယ်ကို သတိပေးလိုက်သည်။ "ညီမလေး... ဟိုမမချောချောလေးကို အိမ်မှာ ထမင်းစားဖို့ ဖိတ်မယ်ဆို၊ အဲဒါ ဒီနေ့ဆိုရင်ရော…"
"ဩော်... ဟုတ်သားပဲ၊ ဒီနေ့ အမေက ဟင်းကောင်းတွေ အများကြီး ချက်ထားတာ။"
.
စုန့်ရွှယ်သည် ထျဲလန်ယန်ဆီသို့ ချက်ချင်း ပြေးသွားတော့သည်။
"အစ်မယန်။ ဒီနေ့ ညီမတို့အိမ်မှာ ထမင်းလာစားပါဦး၊ ပြီးခဲ့တဲ့ တစ်ခေါက်က ကတိပေးထားတယ်လေ။"
ထျဲလန်ယန် - "ဒီနေ့ ပညာတတ်လူငယ်ဝင်းထဲမှာ လူစုပြီး ထမင်းစားဖို့ ရှိနေလို့ပါ၊ နောက်တစ်နေ့မှပဲ လာခဲ့တော့မယ်နော်။"
ထိုအချိန်တွင် စုန့်ပိုင်ယွမ်က ခြေလှမ်းကျဲကြီးများဖြင့် အနားသို့ လျှောက်လာခဲ့သည်။
"ထျဲကျစ်ချင်း... မတွေ့တာ ကြာပြီနော်။"
ထျဲလန်ယန် ပြုံးကာ ခေါင်းညိတ်လိုက်သည်။ "ဟုတ်ကဲ့... မတွေ့တာ ကြာပါပြီ။"
စုန့်ရွှယ်မှာ အံ့သြတကြီး မျက်လုံးပြူးသွားခဲ့သည်။ "မမ... ကိုကြီးကို သိတာလား။"
ထျဲလန်ယန် - "ဟုတ်တယ်... အရင်က ဆုံဖူးလို့ပါ။"
စုန့်ရွှယ် ပျော်သွားသည်။ "ညီမက ကိုကြီးရဲ့ ညီမဆိုတာ သိလား။ အရင်က ညီမ ပြောဖူးတယ်လေ... အစ်မနဲ့ ကိုကြီးကို မိတ်ဆက်ပေးမယ်ဆိုတာ။"
ထျဲလန်ယန် - "အရင်ကတော့ မသိဘူး၊ အခုမှ သိတာ။"
စုန့်ပိုင်ယွမ်နှင့် စုန့်ရွှယ်တို့ အတူရပ်နေသည်ကို မြင်သည်နှင့် သူတို့မှာ မောင်နှမဖြစ်ကြောင်း သူမ ခန့်မှန်းမိလိုက်သည်။
တကယ့်ကို တိုက်ဆိုင်မှုပင်၊ သူမသည် စုန့်ရွှယ်၊ စုန့်ပိုင်ယွမ်နှင့် သူတို့အမေဖြစ်သူ ဟဲချွန်းဟွာတို့ကို တစ်ယောက်ပြီးတစ်ယောက် ဆုံတွေ့ခဲ့ရပြီး သူတို့မှာ မိသားစုဝင်များ ဖြစ်နေကြသည်။
တစ်ခါတရံတွင် ကံကြမ္မာဆိုသည်မှာ တကယ်ပင် ဆန်းကြယ်လှသည်။
ထိုအချိန်တွင် ဝမ်ကျွင်းကျွင်းသည် သူ၏ သဘာ၀အတိုင်း ဖော်ဖော်ရွေရွေဖြင့် အနားသို့ ရောက်လာခဲ့သည်။
"ဩော်... ရဲဘော်စုန့်ပါလား၊ မတွေ့တာ လအတော်ကြာသွားပြီနော်၊ စစ်တပ်ကို ပြန်သွားတာလား။"
ယခင်က တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် သူတို့မှာ စကားလက်ဆုံကျခဲ့ပြီး သူငယ်ချင်းများ ဖြစ်ခဲ့ကြသည်။
စုန့်ပိုင်ယွမ် - "ဟုတ်ကဲ့... အလျင်အမြန် ထွက်သွားရလို့ ခင်ဗျားတို့ကို အသိပေးဖို့ မေ့သွားတာပါ။"
ဤစကားမှာ ထျဲလန်ယန်ကိုပါ ရှင်းပြလိုက်ခြင်းပင် ဖြစ်သည်။
ဝမ်ကျွင်းကျွင်းက လက်ကာပြလိုက်သည်။ "ဩော်... ကိစ္စမရှိပါဘူး။"
"ဘာလို့ မသွားကြသေးတာလဲ။ ဒီမှာ ဘာလုပ်နေကြတာလဲ။" တာဝန်ခံ ဟူဟောင်က ရောက်လာခဲ့သည်။
ဝမ်ကျွင်းကျွင်းက အမြန်ပြောလိုက်သည်။ "ဟူဟောင်... ကျွန်တော် မိတ်ဆက်ပေးပါရစေ။"
"ဒါက ရဲဘော်စုန့်ပိုင်ယွမ်လေ၊ ကျွန်တော် အရင်က ပြောဖူးတဲ့... ကွန်တော်တို့ကို ကယ်ခဲ့တဲ့ စစ်သားကြီးလေ။"
ဟူဟောင်၏ မျက်လုံးများ တောက်ပသွားပြီး လက်ဆွဲနှုတ်ဆက်လိုက်သည်။ "ရဲဘော်စုန့်ဆိုတာ ခင်ဗျားကိုး၊ ခင်ဗျားအကြောင်းတွေ ကျွန်တော် အများကြီး ကြားဖူးပါတယ်။"
စုန့်ပိုင်ယွမ်ကးလည်း ပြန်၍လက်ဆွဲနှုတ်ဆက်ခဲ့သည်။ "တွေ့ရတာ ဝမ်းသာပါတယ်။"
အနီးတွင် ရပ်နေသော ပိုင်ရန်ရန်မှာ ရင်ထဲတွင် စိတ်လှုပ်ရှားသွားပြီး မနေနိုင်ဘဲ ဝင်ပြောလိုက်သည်။
"ဟူဟောင်... ရဲဘော်စုန့်က ကျွန်တော်တို့တွေကို ကယ်ခဲ့တာပဲ၊ ဒီနေ့ ကျွန်မတို့ဝင်းထဲမှာ ထမင်းအတူစားဖို့ ဖိတ်လိုက်ပါလား၊ လူများတော့ ပိုစည်တာပေါ့။"
စုန့်ပိုင်ယွမ် နောက်ဆုံးတော့ ပြန်ရောက်လာပြီဖြစ်ရာ ဤအခွင့်အရေးကို သူမ အရဖမ်းရမည်။
"ကောင်းသားပဲ။"
ဟူဟောင်က စုန့်ပိုင်ယွမ်ကို ကြည့်ကာ ပြောလိုက်သည်။"ရဲဘော်စုန့်... ကျွန်တော်တို့နဲ့အတူ ထမင်းစားရအောင်၊ အားလုံးကလည်း ခင်ဗျားကို ကျေးဇူးတင်ချင်နေကြတာ။"
တောင်ပေါ်က ဓားပြများအကြောင်းကို ပညာတတ်လူငယ်များသာ သိကြပြီး အသင်းခေါင်းဆောင်ကိုပင် အသိမပေးခဲ့ပေ။
ထိုဓားပြများမှာလည်း အဖြစ်အပျက်ပြီးနောက် ပျောက်ကွယ်သွားကြသဖြင့် မည်သူမျှ ဆက်စုံစမ်းခြင်း မပြုတော့ပေ။
ဘာပဲဖြစ်ဖြစ် ထိုသည်က သိက္ခာနှင့် ပတ်သက်နေသဖြင့် အပြင်သို့ ပျံ့နှံ့သွားပါက အမျိုးသမီး ပညာတတ်လူငယ်များအတွက် မကောင်းနိုင်ပေ။
သူတို့မှာ ရိက္ခာဆန်တွေ အသစ်ရထားခါစဖြစ်သဖြင့် အားလုံးမှာ လက်ရှိတွင် ပေါကြွယ်၀နေကြရာ ဧည့်သည်ဖိတ်ကျွေးရန် အဆင်ပြေနေသည်။
စုန့်ပိုင်ယွမ်က မငြင်းဆန်ခဲ့ပါ။ "ကောင်းပါပြီ... ကျွန်တော့်အိမ်မှာ အသားတွေ ဝယ်ထားတာရှိတယ်၊ အတူစားဖို့ ယူလာခဲ့ပါ့မယ်။"
ထိုအရာကို ကြားလိုက်ရသောအခါ အနီးနားရှိ ပညာတတ်လူငယ်အချို့၏ မျက်နှာများ ဝင်းလက်သွားသည်။
ဤရဲဘော်စုန့်မှာ တကယ့်ကို လူကောင်းပင်၊ ထမင်းစားလာလျှင် အသားပါ ယူလာပေးမည်ဆိုတော့ တကယ့်ကို အလိုက်သိလှသည်။
စုန့်ပိုင်ယွမ်သည် စုန့်ရွှယ်နှင့်အတူ ထွက်ခွာသွားခဲ့သည်။
သူ၏ ခံ့ညားသော ကျောပြင်ကို ကြည့်ရင်း ပိုင်ရန်ရန်၏ မျက်နှာလေးမှာ နီမြန်းလာတော့သည်။
သူမဘေးတွင် ရပ်နေသော ကျန်းကျစ်ချင်းက သူမကို ပြုံးကြည့်ရင်း တိုးတိုးလေး ပြောလိုက်သည်။
"ရန်ရန်... ဒါ နင် ငါ့ကို အမြဲပြောနေတဲ့ ရဲဘော်စုန့်လား။ သူက တကယ်ကို ခံ့တာပဲ၊ နင်နဲ့လည်း အရမ်း လိုက်ဖက်တယ်။"
သူမနှင့် စုန့်ပိုင်ယွမ်တို့ကြား လမ်းကြောင်းဖောက်ရန်အတွက် ပိုင်ရန်ရန်သည် ကျန်းကျစ်ချင်း၏ ရှေ့တွင် စုန့်ပိုင်ယွမ်အကြောင်းကို တမင်တကာ ပြောဆိုခဲ့ပြီး သူသည် သူမအတွက်ကြောင့်နှင့် အားလုံးကို ကယ်တင်ခဲ့ခြင်း ဖြစ်သည်ဟု ပြောထားခဲ့သည်။
ထို့ကြောင့် ကျန်းကျစ်ချင်းမှာ စုန့်ပိုင်ယွမ်နှင့် ပိုင်ရန်ရန်တို့ တစ်ဦးကိုတစ်ဦး မေတ္တာရှိနေကြသည်ဟု အထင်မှားသွားခြင်း ဖြစ်သည်။
ပိုင်ရန်ရန်က သူမ၏ နှုတ်ခမ်းကို ကိုက်ကာ ပြောလိုက်သည်။ "အစ်မကျန်း... ဒါက အတည်မဖြစ်သေးပါဘူး၊ လျှောက်မပြောပါနဲ့ဦး။"
သူမသည် ဤအကြောင်းကို အခြားသူများအား မသိစေလိုသေးပေ။
အကယ်၍ စုန့်ပိုင်ယွမ်ဆီသို့ သတင်းရောက်သွားပါက မကောင်းပေ။
သူ့ကို ရအောင် ယူပြီးမှသာ အားလုံးကို အသိပေးမည်ဟု သူမ ကြံစည်ထားသည်။
ကျန်းကျစ်ချင်းမှာ ပိုင်ရန်ရန် ရှက်နေသည်ဟု ထင်မှတ်ကာ ရယ်မောလိုက်သည်။ "ကောင်းပါပြီ... ငါ နားလည်ပါတယ်၊ နင့်ဆီက သတင်းကောင်းကို စောင့်နေမယ်နော်။"
မလှမ်းမကမ်းမှ အကြားအာရုံ ထက်မြက်လှသော ထျဲလန်ယန်မှာ မျက်ခုံးပင့်လိုက်မိသည်။
စုန့်ပိုင်ယွမ်က ဘယ်လိုဖြစ်ပြီး ပိုင်ရန်ရန်နဲ့ ပတ်သက်သွားရတာလဲ။
သူမ မှတ်မိသလောက်ဆိုလျှင် စုန့်ပိုင်ယွမ်သည် စစ်တပ်မှ ခဏသာ ပြန်လာခဲ့ပြီး ပြန်ထွက်သွားသည်မှာ ကြာပြီ ဖြစ်သည်။
ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်းမှာ သူတို့နှစ်ယောက်က ချစ်ကြိုက်သွားကြတာလား။
မဖြစ်နိုင်တာ။
ပိုင်ရန်ရန်၏ စရိုက်အရ သူမသည် ကိစ္စရပ်တိုင်းကို လျှို့ဝှက်စွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။
ဤသို့ ဖြစ်နိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။
တစ်ခုခုတော့ မှားနေပြီ။
သူမ လောလောဆယ် စောင့်ကြည့်ဦးမည်။
အကယ်၍ တစ်ခုခု မှားယွင်းနေပါက စုန့်ပိုင်ယွမ်ကို သူမ ပြောပြလိုက်မည်။
ဘာပဲဖြစ်ဖြစ် သူက လူကောင်းတစ်ယောက် ဖြစ်သည် မဟုတ်ပါလား။
ကဲပါ... သူ ပေးခဲ့တဲ့ တောကြက်အတွက် ကျေးဇူးဆပ်တယ်လို့ပဲ သဘောထားလိုက်ပါတော့မည်။
(တောကြက် - ကွတ်ကွတ်... ငါ့ကိုတော့ ဟင်းချိုချက်သောက်ပြီး အခုမှ ဘာတွေ လာပြောနေတာလဲ။)