အခန်း ၈၈
Vol. 9 Ch. 88
၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ်
အပိုင်း ၈၈
စုန့်ပိုင်ယွမ်သည် ဆွယ်တာအင်္ကျီကို ပြန်ဝတ်လိုက်ရာ တစ်ကိုယ်လုံး နွေးထွေးသွားသည်။
သူ့နှလုံးသားလေးပါ နွေးထွေးသွားရသည်။
"ထမင်းစားပြီးရင် အချိန်ရမလား၊ မင်းကို ပြောစရာလေး ရှိလို့ပါ။"
ပေကျင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စအတွက် သူမကို ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်ချင်သလို ခရိုင်အစိုးရပိုင် စားသောက်ဆိုင်မှာလည်း ထမင်းသွားစားဖို့ ဖိတ်ချင်နေခြင်းဖြစ်သည်။
ထျဲလန်ယန် ခဏတာ ကြောင်အသွားပြီးမှ ခေါင်းညိတ်ပြလိုက်သည်။ "ရပါတယ်။"
စုန့်ပိုင်ယွမ် ပြုံးလိုက်သည်။ "ကောင်းပါပြီ၊ သွားပြီး အလုပ်လုပ်လိုက်ဦးလေ၊ နောက်မှ စကားပြောကြတာပေါ့။"
"ဟုတ်ကဲ့။"
ထျဲလန်ယန်သည် လှည့်ထွက်ကာ မီးဖိုချောင်သို့ သွားတော့သည်။
နေ့လယ်စာက အဆင်သင့်မဖြစ်သေးသဖြင့် သူမ အလုပ်ဆက်လုပ်ရဦးမည်။
ခဏအကြာတွင် ပိုင်ရန်ရန်သည် ရေနွေးတစ်ခွက် ကိုင်ကာ ရောက်လာသည်။
"ရဲဘော်စုန့်... ထင်းခွဲနေတာ ကြာလှပြီ၊ ခဏနားပြီး ရေနွေးလေး သောက်လိုက်ပါဦး။"
စုန့်ပိုင်ယွမ် - "မလိုပါဘူး၊ ကျွန်တော် မပင်ပန်းပါဘူး။"
ဤပညာတတ်မလေးကို သူ မှတ်မိနေပါသေးသည်။ တောင်ပေါ်က ပြန်ဆင်းလာကတည်းက သူမသည် သူ့အနားကပ်ရန် ကြိုးစားနေခဲ့သော်လည်း သူကတော့ လုံးဝ ဂရုမစိုက်ခဲ့ပေ။
ဘာကြောင့်မှန်းမသိဘဲ သူမကို မြင်လျှင် အလိုလို စိတ်ပျက်မိနေသည်။
ပိုင်ရန်ရန်မှာ အနည်းငယ် အနေရခက်သွားခဲ့သည်။ "ကျွန်မ ရှင့်အတွက် ရေနွေး တမင်လာပို့တာပါ၊ ပူလွန်းလို့ လက်တွေတောင် နီကုန်ပြီ..."
"ဒါဆို မင်းကိုယ်တိုင် သောက်လို့ရတယ်။" စုန့်ပိုင်ယွမ်က မော့တောင်မကြည့်ဘဲ ထင်းဆက်ခွဲနေသည်။
သူသည် သူမနှင့် စကားမပြောချင်တော့ကြောင်း သိသာလှသည်။
ပိုင်ရန်ရန်၏ မျက်နှာ ပျက်သွားပြီး သူမ၏ မျက်ဝန်းထဲတွင် မကျေနပ်မှုများ ဖြတ်ပြေးသွားသည်။
စောစောက ထျဲလန်ယန် လာတုန်းကတော့ စုန့်ပိုင်ယွမ်က ပြုံးပြခဲ့ပြီး သူမကိုကြမှ ဘာလို့ ဒီလောက် အေးစက်နေရတာလဲ။
ထျဲလန်ယန်နဲ့ ယှဉ်ရင် သူမမှာ ဘာတွေ လိုအပ်နေလို့လဲ။
ထျဲလန်ယန်က ရုပ်ရည်ကောင်းလည်းမရှိသလို အကျင့်လည်း မကောင်းတာ၊ စုန့်ပိုင်ယွမ်က သူမဆီမှာ ဘာထူးခြားမှုမျိုး တွေ့နေရလို့လဲ။
ပိုင်ရန်ရန်မှာ ပို၍ စိတ်တိုလာပြီး ခွက်ကိုကိုင်ကာ ဒေါသတကြီး ထွက်ခွာသွားတော့သည်။
ချန်ဟွိုက်ကျင်းသည် ရေခပ်ရာမှ ပြန်လာစဉ် စိတ်ပျက်နေသော ပိုင်ရန်ရန်ကို တွေ့လိုက်ရသည်။
"ရန်ရန်... ဘာဖြစ်လို့လဲ။ ဘာလို့ မပျော်တဲ့ပုံပေါက်နေတာလဲ။"
ပိုင်ရန်ရန် - "ဘာမှမဟုတ်ပါဘူး။"
ချန်ဟွိုက်ကျင်းက သူမလက်ထဲက ခွက်ကို ကြည့်လိုက်သည်။ "ဘာကိုင်ထားတာလဲ။"
ပိုင်ရန်ရန် - "ရေနွေးပါ။"
ကြာသွားပြီဖြစ်သဖြင့် အေးသလောက် ဖြစ်နေပြီပင်။
ပိုင်ရန်ရန်က ချန်ဟွိုက်ကျင်းကို တစ်ချက်ကြည့်ကာ ခွက်ကို လှမ်းပေးလိုက်သည်။ "ရေခပ်ရတာ ပင်ပန်းနေမှာပဲ၊ သောက်လိုက်ပါဦး။"
"ကျေးဇူးပဲ။" ချန်ဟွိုက်ကျင်း၏ မျက်နှာ ဝင်းခနဲ ဖြစ်သွားပြီး ခွက်ကိုယူကာ တစ်ကျိုက်တည်း သောက်ချလိုက်သည်။
မထင်မှတ်ဘဲ ပိုင်ရန်ရန်က သူ့ကို ရေလာတိုက်သဖြင့် သူမ သူ့အပေါ် သံယောဇဉ် ရှိနေဆဲဟု သူ ထင်မှတ်သွားသည်။ ပြီးခဲ့သည့်အကြိမ်က ပြောခဲ့သည်များမှာ စိတ်မကြည်၍ ပြောခဲ့ခြင်းသာ ဖြစ်လိမ့်မည်။
ချန်ဟွိုက်ကျင်း စိတ်လှုပ်ရှားသွားခဲ့သည်။ "ရန်ရန်... မင်းက ငါ့အပေါ် သိပ်ကောင်းတာပဲ။"
ရေတစ်ခွက်တည်းကို ဘာလို့ ဒီလောက် စိတ်ကူးယဉ်နေရတာလဲ။
ပိုင်ရန်ရန်က နှုတ်ခမ်းမဲ့ကာ ဘာမှမပြောဘဲ လှည့်ထွက်သွားသည်။
ချန်ဟွိုက်ကျင်းမှာ ခွက်ကိုကိုင်ရင်း ကြောင်အအ ကျန်ရစ်ခဲ့သည်။
ယွီချင်းချုံ မီးဖိုချောင်ထဲမှ ထွက်လာသည်ကို မြင်လိုက်ရသဖြင့် သူ အမြန်လျှောက်သွားလိုက်သည်။
"ရဲဘော်ယွီချင်းချုံ... ဒီခွက်ကို မီးဖိုချောင်ထဲ ပြန်ပို့ပေးပါဦး။"
ယွီချင်းချုံက အေးစက်စွာ ပြောလိုက်သည်။ "ရှင့်မှာ ခြေထောက် မပါဘူးလား၊ ကိုယ့်ဘာသာကိုယ် သွားမထားနိုင်ဘူးလား။"
ချန်ဟွိုက်ကျင်း၏ မျက်နှာ ပျက်သွားတော့သည်။
ပိုင်ရန်ရန်က စိတ်မကြည်၍ သူ့ကို လျစ်လျူရှုတာကို သူ သည်းခံနိုင်သော်လည်း ယွီချင်းချုံက ဘာလို့ ဒီလို လုပ်ရတာလဲ။
"ယွီချင်းချုံ... မင်း အခုတလော ဘာဖြစ်နေတာလဲ။ မင်း ငါ့ကို ကြိုက်နေတာ မဟုတ်ဘူးလား။ အခုကြမှ ဘာလို့ ဒီလောက် အေးစက်နေရတာလဲ။"
ချန်ဟွိုက်ကျင်း မအောင့်နိုင်တော့ဘဲ ဒေါသတကြီး မေးလိုက်သည်။
ထွက်သွားတော့မည့် ယွီချင်းချုံမှာ ရပ်လိုက်သည်။
သူမသည် လှည့်လာပြီး ချန်ဟွိုက်ကျင်းကို စိတ်ပျက်လက်ပျက် ကြည့်လိုက်သည်။
"ကျွန်မ ဘယ်တုန်းက ရှင့်ကို ကြိုက်တယ်လို့ ပြောလို့လဲ။ ချန်ဟွိုက်ကျင်း... ရှင့်ကိုယ်ရှင် အထင်ကြီးမနေနဲ့။"
ချန်ဟွိုက်ကျင်း လှောင်ရယ်လိုက်သည်။ "မင်း ငါ့ကို မကြိုက်ရင် အရင်က ဘာလို့ ငါ့ကို စားစရာတွေ လာပေးပြီး ငါ့ရှေ့ ခဏခဏ လာပြနေတာလဲ။ အားယားနေလို့လား။"
ယွီချင်းချုံ၏ မျက်လုံးများ မှေးစပြုလာသည်။
ဒီရက်ပိုင်းများတွင် သူမသည် ကလဲ့စားချေရန် အကောင်းဆုံးနည်းလမ်းကို စဉ်းစားနေခဲ့သည်။
ချန်ဟွိုက်ကျင်းကို အသုံးချပြီး ဆွဲဆောင်ရမည့် နည်းလမ်းက အလုပ်မဖြစ်တော့ပေ။ သူ့ကိုမြင်လျှင်ပင် ရွံရှာမိနေသဖြင့် သူမ မလုပ်နိုင်ပါ။
သူမသည် အများကြီး စဉ်းစားခဲ့ပြီး ယခင်ဘဝက အမှန်တရားများကိုလည်း သိမြင်လာခဲ့သည်။
တကယ်တော့ သူမ၏ ကြေကွဲဖွယ် သေဆုံးမှု နောက်ကွယ်က တရားခံအစစ်မှာ ပိုင်ရန်ရန် ဖြစ်သည်။
ဖြစ်ရပ်တိုင်း၊ ကိစ္စတိုင်း၏ နောက်ကွယ်တွင် ပိုင်ရန်ရန် ရှိနေခဲ့သည်။
ထို့ကြောင့် သူမသည် လူမှားပြီး မုန်းနေခဲ့ခြင်း ဖြစ်သည်။
သူမသည် ပိုင်ရန်ရန်ကိုသာ ကလဲ့စားချေသင့်သည်။
သို့သော် ချန်ဟွိုက်ကျင်းမှာလည်း မုန်းစရာကောင်းလှသည်။
သူသည် သူမ၏ စိတ်ရင်းနှင့် ငွေကြေးများကို အသုံးချခဲ့ပြီး နောက်ဆုံးတွင် သူမကို ကန်ထုတ်ခဲ့သဖြင့် သူမ မတရား သေဆုံးခဲ့ရသည်။
ဘာပဲဖြစ်ဖြစ် ဒါအတွက် သူမ ကလဲ့စားချေရမည်။
ယွီချင်းချုံ အံကြိတ်ကာ ပြောလိုက်သည်။ "ချန်ဟွိုက်ကျင်း... ကျွန်မကို လာပြီး အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့၊ ကျွန်မ ရှင့်အပေါ် ဘာစိတ်မှ မရှိတော့ဘူး၊ ကျွန်မနားကို မကပ်နဲ့။"
ကလဲ့စားချေရန် နည်းလမ်းရသည်နှင့် ဤလူယုတ်မာနှင့် မိန်းမယုတ်တို့ကို အမြန်ဆုံး ရှင်းပစ်မည်ဟု သူမ ဆုံးဖြတ်ထားသည်။
ချန်ဟွိုက်ကျင်းလည်း ဒေါသထွက်သွားသည်။ "ကောင်းပြီလေ ယွီချင်းချုံ... မင်း ပြောတာနော်။"
"နှစ်ပေါင်းများစွာ ကြာခဲ့တဲ့ သူငယ်ချင်းသံယောဇဉ်ကိုတောင် မင်းက ဂရုမစိုက်ဘူးဆိုမှတော့ အခုကစပြီး ငါတို့က သူစိမ်းတွေပဲ။"
သူသည် ခွက်ကို မြေကြီးပေါ် ချထားခဲ့ပြီး ဒေါသတကြီး ထွက်ခွာသွားတော့သည်။
ယွီချင်းချုံ - .....
သူ့မှာ တကယ်ပဲ ခြေထောက် မပါဘူးလား၊ ခွက်ကို မြေကြီးပေါ်မှာ ထားခဲ့ရတယ်လို့…
နောက်ဆုံးတွင် သူမပင် ထိုခွက်ကို မီးဖိုချောင်သို့ ပြန်ယူသွားရသည်။
ခဏအကြာတွင် ဝမ်လန်သည် လက်ထဲတွင် အဝတ်စကြီးနှစ်ခုကို ကိုင်ကာ ဝင်လာခဲ့သည်။
"ဧည့်ခန်းကို သန့်ရှင်းရေး လုပ်ပြီးပြီ၊ အခု မီးဖိုချောင်ကို သုတ်ပေးမယ်။"
သူသည် မည်သူ့စကားကိုမျှ မစောင့်ဘဲ အလုပ်စလုပ်တော့သည်။
မီးမွှေးနေသော လျိုကျစ်ချင်းက ယွီချင်းချုံကို မျက်စိမှိတ်ပြကာ တိုးတိုးလေး ပြောလိုက်သည်။
"ကြည့်စမ်း... ရဲဘော်ဝမ်က တကယ်ကို အလုပ်ကြိုးစားတာပဲ၊ အလုပ်လုပ်ရင် ဘယ်တော့မှ မညည်းညူဘူး၊ ဒီလိုလူမျိုးနဲ့ နေရရင် တကယ်ကို အေးချမ်းမှာ။"
ယွီချင်းချုံက နှုတ်ခမ်းကို ဖိလိုက်မိသည်၊ စောစောက ခွက်လေးတစ်ခွက်ကိုတောင် မယူနိုင်သော ချန်ဟွိုက်ကျင်းနှင့် နှိုင်းယှဉ်လျှင် ဤလူနှစ်ဦးမှာ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှသည်။
ယခင်ဘဝတုန်းက သူမ ဘယ်လိုများ မျက်စိကန်းပြီး ချန်ဟွိုက်ကျင်းလို လူမျိုးကို ကြိုက်ခဲ့မိပါလိမ့်။
ဝမ်လန်၏ ကျယ်ပြန့်သော ကျောပြင်ကို ကြည့်ရင်း ဂူထဲတွင် သူ သူမကို နမ်းခဲ့သည့် မြင်ကွင်းကို ယွီချင်းချုံ မနေနိုင်ဘဲ ပြန်လည် မြင်ယောင်လာမိသည်။
မသိမသာပင် ယွီချင်းချုံ၏ ပါးပြင်လေးများ နီမြန်းလာတော့သည်။
ထိုအရာကို မြင်လိုက်ရသော လျိုကျစ်ချင်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်သည်။
"ငါကြည့်ရသလောက် ရဲဘော်ဝမ်က နင့်အပေါ် တော်တော်လေး အလေးထားပုံရတယ်၊ နင်တို့နှစ်ယောက်သာ ညားသွားရင် တကယ့်ကို ကောင်းမွန်တဲ့ ဘဝကို ပိုင်ဆိုင်ရမှာ။"
ယွီချင်းချုံ ကြောင်အသွားသည်။ "သူက ကျွန်မအပေါ် အလေးထားတာလား၊ ဘာလို့ ကျွန်မ မသိရတာလဲ။"
လျိုကျစ်ချင်း ရယ်မောလိုက်မိသည်။ "နင်က ငယ်သေးလို့ ဒါတွေကို နားမလည်တာပါ၊ ငါတို့တွေကတော့ အတွေ့အကြုံရှိလို့ အလိုလို သိတာပေါ့။"
"စကားပုံတစ်ခု ရှိတယ်လေ... 'ဘေးလူက ပုံတစ်ခုလုံးကို သေသေချာချာမြင်နေရပြီး ကာယကံရှင်ကတော့ မျက်စိလည်နေတတ်တယ်' တဲ့၊ နင်က အခု အဲဒီလို ဖြစ်နေတာ။"
ယွီချင်းချုံ - "ဒါပေမယ့်... ကျွန်မ သူ့ကို စကားတောင် အများကြီး မပြောဖူးဘူး။"
လျိုကျစ်ချင်း ရယ်လိုက်သည်။ "စကားမပြောတာက ဘာမှမလုပ်တာ မဟုတ်ဘူးလေ။"
"စဉ်းစားကြည့်ဦး... နင် ဒီမှာရှိနေတဲ့ အချိန်အတွင်းမှာ သူ နင့်ကို ကူညီခဲ့လား။ နင့်ရှေ့မှာ ခဏခဏ ပေါ်လာတတ်လား။"
ထိုသည်ကို ကြားလိုက်ရသောအခါ ယွီချင်းချုံ နားလည်သွားသည်။
သူမ အကူအညီ လိုတိုင်း ဝမ်လန် ပေါ်လာတတ်သည် မဟုတ်ပါလား။
ဒါဆို သူ သူမကို တကယ် ကြိုက်နေတာလား။
ထိုသို့ ဖြစ်နိုင်ခြေကို တွေးမိသည်နှင့် ယွီချင်းချုံ၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်လာခဲ့သည်။
ထိုအချိန်တွင် သူမ၏ မျက်နှာအမူအရာမှာ မည်မျှ နူးညံ့သွားသည်ကို သူမကိုယ်တိုင်ပင် သတိမထားမိလိုက်ပေ။