အခန်း (၂၃၇-၂၃၈)
Vol. 14 Ch. 237-138
အခန်း(၂၃၇)နတ်ဘုရားသောင်းချီနယ်မြေ (၁၁)
"ချင်ယွမ်ဖုန်း" ဟု ချန်ဖန်းက လှမ်း၍ အော်ခေါ်လိုက်လေသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းကိုတစ်ချက်စောင်းကာ ချန်ဖန်းကို ကြည့်လိုက်ပြီး "မစိုးရိမ်ပါနဲ့၊ ငါ ဘာမှမဖြစ်ဘူး" ဟု ပြန်ပြော၏။
သို့သော်လည်း ချန်ဖန်းမှာမူ အလွန်တရာ စိုးထိတ်နေမိသည်။ အကြောင်းမူကား ချင်ယွမ်ဖုန်း၏ မျက်နှာထက်တွင် သွေးဆာနေသည့် အပြုံးမျိုးက စွဲထင်နေဆဲဖြစ်သောကြောင့်ပင်။
သူသည် ဆင်ခြင်တုံတရားကို ထိန်းထားနိုင်ဆဲဖြစ်သော်လည်း စိတ်ရိုင်းများကမူ အထိန်းအကွပ်မဲ့နေပြီ ဖြစ်ဟန်တူသည်။
ထွားကျိုင်းလှသော ဝူခွေးသည် ယင်းတို့နှစ်ဦးအား ပြင်းထန်စွာ ဆက်လက်တိုက်ခိုက်နေပြီး ၎င်း၏ ကြီးမားလှသော လက်သည်းကြီးများမှာ ကောင်းကင်ကို ခွဲခြမ်းနိုင်သည့် ဓားသွားများအလား မြေပြင်ကို အပိုင်းပိုင်းအစစ ဖြစ်စေသည်။
မြေပြင်တွင် နက်ရှိုင်းလှသော ကျင်းကြီးများ ဖြစ်ပေါ်လာပြီး ကြီးမားလှသော အက်ကြောင်းကြီးများသည်လည်း အဝေးသို့ ပျံ့နှံ့သွားတော့သည်။
"မိုးကြိုးပညာရပ်၊ ကောင်းကင်ဘုံ အပြစ်ဒဏ်"
ချန်ဖန်းသည် လက်ချောင်းများဖြင့် ခက်ခဲနက်နဲလှသော လက်တံဆိပ်တော်တစ်ခုကို ဖော်ဆောင်လိုက်ရာ အဆောင်လက်ဖွဲ့ အမြောက်အမြားမှာ ဝူခွေးကြီး၏ ဦးခေါင်းပေါ်တွင် ပျံဝဲသွားကြသည်။
ထိုအဆောင်လက်ဖွဲ့များထဲမှ ကောင်းကင်ဘုံ မိုးကြိုးတစ်စင်းသည် ရုတ်ခြည်း ထွက်ပေါ်လာပြီး ဝူခွေးကြီး၏ ဦးခေါင်းကို အင်အားပြင်းစွာဖြင့် ရိုက်ခတ်လိုက်လေတော့သည်။
"ဂါး..."
ဝူခွေးကြီးသည် နာကျင်စွာ အော်ဟစ်လိုက်ရသည်။ မိုးကြိုး၏ စွမ်းအင်က ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ ထူထပ်လှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို လွင့်စင်သွားစေပြီး ကြီးမားသော ထိခိုက်ဒဏ်ရာများကို ရရှိစေခဲ့သည်။
တောက်ပလှသော မိုးကြိုးအလင်းတန်းသည် ခဏမျှ တည်ရှိနေပြီးမှ ဖြည်းညှင်းစွာ ကွယ်ပျောက်သွားသည်။ ထိုအချိန်တွင် ဝူခွေးကြီး၏ ခန္ဓာကိုယ်မှာ မည်းတူးသွားပြီး အချို့သော နေရာများမှ အငွေ့များပင် ထွက်ပေါ်နေပြီဖြစ်သည်။
ချင်ယွမ်ဖုန်းသည် သူ၏ ဓားရှည်ကို တင်းတင်းဆုပ်ကိုင်ထားရာ သူ၏ ရင်ထဲမှ တွန်းအားများကြောင့် ဆင်ခြင်တုံတရားများ ကွယ်ပျောက်လုနီးပါး ဖြစ်နေချေပြီ။
"သွေးသားပေါက်ကွဲခြင်း"
ချင်ယွမ်ဖုန်းသည် စိတ်ထဲမှ တိုးတိုးလေး ရွတ်ဆိုလိုက်သည်။ သူသည် သူကိုယ်တိုင် တားမြစ်ထားသော လျှို့ဝှက်ပညာရပ်ကို အသုံးပြုလိုက်ခြင်းပင်။
ခဏချင်းတွင်ပင် ချင်ယွမ်ဖုန်း၏ ပတ်ပတ်လည်၌ ဝဲနေသော ကိုယ်တွင်းစွမ်းအင်များသည် သွေးကဲ့သို့ ရဲရဲနီသွားပြီး သူ၏ အရှိန်အဝါမှာလည်း ရုတ်ခြည်း မြင့်တက်လာတော့သည်။
ချန်ဖန်းသည် ထိတ်လန့်တကြား ခေါင်းလှည့်ကာ ချင်ယွမ်ဖုန်းကို ကြည့်လိုက်မိသည်။
"မင်း ရူးနေပြီလား"
ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ရုန်းကန်နေသည့် ကိုယ်တွင်းစွမ်းအင်များကို ခံစားမိသောကြောင့် ချန်ဖန်းမှာ မဟိန်းဟောက်ဘဲ မနေနိုင်တော့ချေ။
သို့သော်လည်း ချင်ယွမ်ဖုန်းသည် ချန်ဖန်း၏ စကားများကို မကြားနိုင်တော့ပေ။ ယခုအချိန်တွင် သူ၏ မျက်လုံးထဲ၌ ထိုဝူခွေးကြီးတစ်ကောင်တည်းကိုသာ မြင်ယောင်နေတော့သည်။
"အား..."
ချင်ယွမ်ဖုန်းသည် အရှိန်ဖြင့် ပြေးထွက်သွားရာ သူ၏ ဓားရှည်မှာ မြေပြင်ပေါ်တွင် ရှည်လျားသော အစင်းကြောင်းကြီးကို ဆွဲလျက်သား ပါသွားပြီး ဓားသွားထက်တွင် ကိုယ်တွင်းစွမ်းအင်များ အဆက်မပြတ် စုစည်းလာတော့သည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွမ်ဖုန်းသည် ဝူခွေးကြီး၏ ရှေ့သို့ ရောက်ရှိသွားပြီး ခြေထောက်ကို အနည်းငယ် ကွေးကာ ရုတ်ခြည်းပင် ခုန်တက်လိုက်သည်။
ဝူခွေးကြီးသည် ကောင်းကင်ဘုံ မိုးကြိုးဒဏ်ကို ခံထားရသဖြင့် ခန္ဓာကိုယ်မှာ တောင့်တင်းနေပြီး လှုပ်ရှားနိုင်ခြင်း မရှိသေးပေ။
ချင်ယွမ်ဖုန်းအတွက်မူ ယင်းမှာ အလကားရသည့် ပစ်မှတ်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ချင်ယွမ်ဖုန်းသည် ဝူခွေးကြီး၏ ဦးခေါင်းပေါ်သို့ ခုန်တက်ကာ ဓားရှည်ကို အမြင့်သို့ မြှောက်လိုက်ရာ ကိုယ်တွင်းစွမ်းအင်များ ပေါက်ကွဲထွက်လာပြီး ပေတစ်ရာခန့် ရှည်လျားသော ဓားအလင်းတန်းကြီးအဖြစ် ပြောင်းလဲသွားလေသည်။
"ဟေး..."
ဓားအလင်းတန်းကြီးမှာ ပြင်းထန်စွာ မြေသို့ ကျဆင်းလာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်နှင့်အတူ ဝူခွေးကြီး၏ ဦးခေါင်းမှ စတင်ကာ အောက်ခြေအထိ နှစ်ပိုင်းကွဲသွားအောင် ပိုင်းဖြတ်လိုက်တော့သည်။
ချင်ယွမ်ဖုန်း မြေပေါ်သို့ ဆင်းသက်လိုက်ချိန်တွင် ဝူခွေးကြီး၏ ခန္ဓာကိုယ်၌ ကြီးမားသော အက်ကြောင်းကြီး ဖြစ်ပေါ်လာပြီး ဖြည်းညှင်းစွာပင် တစ်ခြမ်းစီ ကွဲထွက်သွားလေသည်။
"ဝုန်း... ဝုန်း..."
ထစ်ချုန်းသံ နှစ်ချက် ထွက်ပေါ်လာပြီး မြေပြင်မှာလည်း တုန်ခါသွားသည်။ ဝူခွေးကြီး၏ ခန္ဓာကိုယ်မှာ ချင်ယွမ်ဖုန်း၏ လက်ချက်ဖြင့် နှစ်ပိုင်းကွဲကာ မြေပေါ်သို့ လဲကျသွားချေပြီ။
ချင်ယွမ်ဖုန်း၏ မျက်နှာတွင် စိတ်လှုပ်ရှားမှုနှင့် သွေးဆာနေသည့် အပြုံးများ ရှိနေပြီး သူ၏ မျက်လုံးများမှာလည်း နီရဲလျက်ရှိရာ ငရဲမှ တက်လာသည့် မိစ္ဆာတစ်ကောင်နှင့်ပင် တူလှသည်။
"ချင်... ချင်ယွမ်ဖုန်း" ချန်ဖန်းက ချင်ယွမ်ဖုန်းကို ထပ်မံခေါ်ကြည့်ပြန်သည်။
ချင်ယွမ်ဖုန်းက ခေါင်းလှည့်ကြည့်လိုက်ရာ သူ၏ ခန္ဓာကိုယ်မှ ကိုယ်တွင်းစွမ်းအင်များမှာ ပေါက်ကွဲနေဆဲဖြစ်ပြီး ခြေဖဝါးအောက်ရှိ မြေပြင်ကိုပင် အစအနများ ဖြစ်စေသည်။
သို့သော် နောက်တစ်ခဏတွင် ချင်ယွမ်ဖုန်း၏ အရှိန်အဝါမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ ခန္ဓာကိုယ်မှာ မြေပေါ်သို့ တိုက်ရိုက် လဲကျသွားတော့သည်။
ချန်ဖန်းက အမြန်ပြေးသွားကာ ချင်ယွမ်ဖုန်းကို တွဲထူလိုက်ရာ ချင်ယွမ်ဖုန်းမှာ အလွန်တရာ အားနည်းနေပြီး အချိန်မရွေး အသက်ထွက်သွားနိုင်သည့် အခြေအနေသို့ ရောက်နေသည်ကို တွေ့လိုက်ရသည်။
"တောက်... သူ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါ ကူးစက်ခံရပြီး လျှို့ဝှက်ပညာရပ်တစ်ခုခုကို သုံးလိုက်တာပဲ ဖြစ်ရမယ်" ချန်ဖန်းက မျက်မှောင်ကြုတ်လျက် သူ၏ သိုလှောင်အိတ်ထဲမှ ဆေးလုံးတစ်လုံးကို ထုတ်ကာ ချင်ယွမ်ဖုန်းအား တိုက်ကျွေးလိုက်သည်။
ဆေးလုံးကို စားသုံးပြီးနောက် ချင်ယွမ်ဖုန်း၏ အသက်ရှူသံမှာ တည်ငြိမ်လာသော်လည်း အခြေအနေမှာ စိုးရိမ်ရဆဲပင်။ သူ၏ ခန္ဓာကိုယ်အတွင်းမှ ကိုယ်တွင်းစွမ်းအင်များမှာ ရုန်းကန်နေကြသည်။
အကယ်၍ လျင်မြန်စွာ ကုသမှု မပေးနိုင်ပါက ခန္ဓာကိုယ် ပေါက်ကွဲသွားမည့် ဘေးနှင့် ကြုံရနိုင်ပေသည်။
ချန်ဖန်းသည် စောစောက ချင်ယွမ်ဖုန်း၏ ပုံစံကို ပြန်လည် မြင်ယောင်မိပြီး ကြောက်စိတ်များ ဝင်လာသည်။ ထိုလျှို့ဝှက်ပညာရပ်ကို သုံးလိုက်ပြီးနောက် ချင်ယွမ်ဖုန်း၏ အစွမ်းမှာ ကိုးဆင့်မြောက် မဟာဆရာနယ်ပယ်သို့ ရောက်ရှိလုနီးပါး ဖြစ်သွားခဲ့သည်။
ထိုသို့ လျှို့ဝှက်ပညာရပ်ကို သုံးစွဲလိုက်ရသည့် အကျိုးဆက်မှာလည်း အလွန်ကြီးမားလှပေရာ ချင်ယွမ်ဖုန်းမှာ သူ၏ အသက်ကိုပင် ဆုံးရှုံးရလုနီးပါး ဖြစ်သွားခဲ့ရသည်။
ချန်ဖန်းမှာ အချိန်ဆွဲမနေတော့ဘဲ အမြန်ထိုင်ချကာ ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်အတွင်းမှ ကိုယ်တွင်းစွမ်းအင်များကို ပြန်လည် တည်ငြိမ်သွားအောင် ကူညီပေးလိုက်သည်။
သို့မှသာ ချင်ယွမ်ဖုန်း ခန္ဓာကိုယ်ပေါက်ကွဲပြီး သေဆုံးမည့်ဘေးမှ ကင်းဝေးမည်ဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဝူခွေးကြီး သေဆုံးသွားသော်လည်း အခြားသော ဝူခွေးများမှာ ဤနယ်မြေအတွင်းသို့ ဝင်ရောက်ရန် မဝံ့ရဲကြပေ။
ထို့ကြောင့် ချန်ဖန်းနှင့် ချင်ယွမ်ဖုန်းတို့မှာ အချိန်အလုံအလောက် ရရှိသွားကြသည်။
ခဏအကြာတွင် ချင်ယွမ်ဖုန်းသည် သူ၏ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။ သူသည် အလွန်အမင်း အားအင်ကုန်ခမ်းနေမှုကို ခံစားနေရ၏။
"ငါ... ငါ ဘာဖြစ်သွားတာလဲ" ချင်ယွမ်ဖုန်း၏ မှတ်ဉာဏ်များမှာ ယခုအချိန်တွင် အနည်းငယ် ဝေဝါးနေသည်။
ချန်ဖန်းက သက်ပြင်းတစ်ချက်ချကာ "မင်း ခုနက လျှို့ဝှက်ပညာရပ်တစ်ခုကို သုံးပြီး အရမ်းအစွမ်းထက်သွားတာလေ၊ ပြီးတော့ ဝူခွေးကြီးကို တစ်ချက်တည်းနဲ့ သတ်လိုက်တာ၊ ဒါပေမဲ့ မင်းရဲ့ အသက်ကိုတောင် ဆုံးရှုံးရတော့မလို့ပဲ" ဟု ပြောပြလိုက်သည်။
ချင်ယွမ်ဖုန်းမှာ လန့်သွားမိသည်။ စောစောက သူ၏ ခန္ဓာကိုယ်အတွင်းသို့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ဝင်ရောက်လာခြင်းက သူ့ကို စိတ်လိုက်မာန်ပါ ဖြစ်စေပြီး သွေးသားပေါက်ကွဲခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုမိစေခဲ့ခြင်းပင်။
သူသည် နတ်သက်ကြွေဆေးမြက် အရွက်တစ်ရွက်ကို အမြန်ထုတ်ကာ ဝါးစားလိုက်ပြီး ထိုအရွက်မှ စွမ်းအင်များကို လျင်မြန်စွာ သန့်စင်လိုက်သည်။
ခဏအကြာတွင် ချင်ယွမ်ဖုန်းသည် သွေးနက်များကို အန်ထုတ်လိုက်ရာ သူ၏ မျက်လုံးများမှာ ကြည်လင်လာတော့သည်။
"တကယ်ကို စိုးရိမ်စရာပဲ၊ ဒီစိတ်အာဃာတမိစ္ဆာ အရှိန်အဝါက တကယ့်ကို ထူးဆန်းလွန်းတယ်" ချင်ယွမ်ဖုန်းက ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်သည်။
ယခုအချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာ ပျောက်ကွယ်သွားပြီဖြစ်သော်လည်း ဖရိုဖရဲ ဖြစ်နေသော ကိုယ်တွင်းစွမ်းအင်များမှာမူ တည်ငြိမ်ခြင်း မရှိသေးပေ။ သို့သော် ယင်းတို့မှာ ချင်ယွမ်ဖုန်းကို အန္တရာယ် ပေးနိုင်စွမ်း မရှိတော့ချေ။
"သွားကြစို့၊ ငါတို့ တခြားလူတွေကို မြန်မြန်မီအောင် လိုက်ရမယ်" ချင်ယွမ်ဖုန်းက မတ်တတ်ရပ်လျက် ပြောလိုက်သည်။ သူတို့ ဤနေရာတွင် အချိန်တော်တော်ကြာအောင် နှောင့်နှေးခဲ့ကြပြီး ဖြစ်သည်။
ချန်ဖန်းက ခေါင်းညိတ်ကာ ချင်ယွမ်ဖုန်း သတ်လိုက်သော ဝူခွေးကြီးကို နောက်ဆုံးတစ်ချက် ကြည့်ပြီးနောက် ထိုနေရာမှ ထွက်ခွာခဲ့ကြသည်။
ရွှမ်လေတောင်တန်းမှ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်အချို့မှာ ထိုဝူခွေးကြီး၏ လက်ချက်ဖြင့် သေဆုံးခဲ့ကြရသဖြင့် ဤသည်မှာ ၎င်းတို့အတွက် ကရင်စားချေပေးလိုက်ခြင်းပင် ဖြစ်သည်။
ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့သည် ရှေ့သို့ အမြန်သွားကြရာ ဝူခွေး အမြောက်အမြားနှင့် ထပ်မံ ကြုံတွေ့ရပြန်သည်။ သို့သော်လည်း ထိုဝူခွေးများမှာ အရေအတွက် များပြားသည်မှအပ ၎င်းတို့အား တစ်စုံတစ်ရာ အန္တရာယ် မပေးနိုင်ကြတော့ပေ။
၎င်းတို့မှာ အရှိန်ဖြင့် သွားကြရာ နာရီဝက်ခန့်အကြာတွင် ရှန့်ရှောင်ယွမ်နှင့် အခြားလူများကို မီသွားကြလေသည်။
ဤအချိန်တွင် ရှန့်ရှောင်ယွမ်နှင့် ကျန်ရှိသော လူများမှာလည်း အလွန်အမင်း ပင်ပန်းနွမ်းနယ်နေကြပြီ ဖြစ်သည်။
၎င်းတို့မှာ တစ်နေ့လုံး ခရီးသွားရင်း တိုက်ခိုက်လာခဲ့ကြရသော်လည်း အနားယူရန် နေရာ လုံးဝမရှိခဲ့ပေ။
ချင်ယွမ်ဖုန်းသည် သူ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ရှာဖွေကြည့်ပြန်သော်လည်း ဝူခွေးများ မဝင်ဝံ့သည့် ရှေးဟောင်းဘုရားကျောင်းကဲ့သို့သော နေရာမျိုးကို မတွေ့ရတော့ပေ။
"ဒီလိုလုပ်ကြတာပေါ့၊ ငါတို့ တစ်လှည့်စီ အစောင့်ချထားပြီး တခြားလူတွေကို အထဲမှာ နားခိုင်းမယ်၊ သူတို့ နားပြီးသွားရင် ငါတို့နဲ့ ပြန်လဲတာပေါ့၊ ဒါမှ လူတိုင်း အနားရမှာ" ဟု ချန်ဖန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
အားလုံးက ခေါင်းညိတ်ကြသည်။ ၎င်းတို့မှာ ရှေ့ဆက်သွားရန် အားအင် လုံးဝမရှိတော့ချေ။ အလွန်အမင်း စိတ်ဖိစီးနေရသော အခြေအနေမှ တစ်စုံတစ်ယောက်က စိတ်လျှော့လိုက်သည်နှင့် ပို၍ပင် ပင်ပန်းမှုကို ခံစားရတတ်သည်။
အပြင်စည်းတပည့် အချို့မှာမူ ရပ်လိုက်သည်နှင့် တစ်ပြိုင်နက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားကြတော့သည်။ ၎င်းတို့အနေဖြင့် ယခုအချိန်အထိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကြားတွင် ကြံ့ကြံ့ခံနိုင်ခဲ့ခြင်းမှာပင် အတော်လေး ခက်ခဲလှပြီ ဖြစ်သည်။
အတွင်းစည်းတပည့်များမှာမူ အနည်းငယ် ပို၍ အခြေအနေကောင်းကြသည်။ အကြောင်းမူကား ၎င်းတို့မှာ မဟာဆရာနယ်ပယ်နှင့် ထိုထက် မြင့်မားသော အဆင့်များတွင် ရှိနေကြပြီး အချင်းချင်း ကူညီပေးနိုင်ကြသောကြောင့်ပင်။
ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့မှာ လူတိုင်း၏ ဘေးတွင် အစောင့်အကြပ် လုပ်ပေးနေကြပြီး တိုက်ခိုက်လာသည့် ဝူခွေးမှန်သမျှကို နှိမ်နင်းပေးနေကြသည်။
ဤအချိန်တွင် အစွမ်းအထက်ဆုံး ကျင့်ကြံသူ နှစ်ဦးဖြစ်သည့် ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့မှာ ဤအဖွဲ့လေး၏ ခေါင်းဆောင်များ ဖြစ်လာကြလေတော့သတည်း။
အခန်း (၂၃၈) နတ်ဘုရားသောင်းချီနယ်မြေ (၁၂)
မှောင်မိုက်ခြင်းအတိက လွှမ်းခြုံလာချေပြီ။ သို့သော် နတ်ဘုရားသောင်းချီနယ်မြေအတွက်မူ ထိုမှောင်မိုက်မှုမှာ နေ့စဉ်နှင့်အမျှ ကြုံတွေ့နေရသော အခြင်းအရာတစ်ခုသာ ဖြစ်ပေသည်။
မွန်းတည့်ချိန်တွင်ပင် နေရောင်ခြည်သည် အရပ်မျက်နှာအနှံ့ ပျံ့လွင့်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို ဖောက်ထွက်နိုင်စွမ်း မရှိသလောက်ပင် ဖြစ်နေတော့သည်။
ထိုအမှောင်ထုအတွင်း၌ ဝူခွေးများ၏ လှုပ်ရှားမှုမှာ ပိုမိုစိပ်လာပြီး အရေအတွက်မှာလည်း တိုးပွားလာသဖြင့် ချန်ဖန်းနှင့် ချင်ယွမ်ဖုန်းတို့မှာ အတော်ပင် မောပန်းနွမ်းနယ်နေကြရသည်။
“မိုးကြိုးပညာရပ်... မိုးကြိုးရေကန်...”
ချန်ဖန်းသည် သွားကိုတင်းတင်းကြိတ်ကာ မိမိကိုယ်ပေါ်မှ အဆောင်လက်ဖွဲ့ အမြောက်အမြားကို ရုတ်ခြည်း ထုတ်ဖော်လိုက်လေသည်။
ထို့နောက် သူသည် အနှစ်သာရသွေးတစ်လုတ်ကို ထိုအဆောင်လက်ဖွဲ့များပေါ်သို့ တိုက်ရိုက်မှုတ်ထုတ်လိုက်တော့၏။
အဆောင်လက်ဖွဲ့များက ချန်ဖန်း၏ သွေးများကို စုပ်ယူလိုက်သည်နှင့် ထူးဆန်းသော အနီရောင်အလင်းတန်းများ ဖြာထွက်လာပြီး တစ်ခုချင်းစီ အစီအရင်အတိုင်း စီတန်းသွားကြသည်။
နောက်ဆုံးတွင် ထိုအဆောင်လက်ဖွဲ့များသည် မြေပြင်ပေါ်သို့ သက်ဆင်းကာ လူအားလုံးကို ဝန်းရံလျက် စက်ဝိုင်းပုံစံ ဖြစ်ပေါ်သွားလေသည်။ အဆောင်လက်ဖွဲ့များထံမှ သွေးရောင်လွှမ်းသော မိုးကြိုးအလင်းတန်းများမှာလည်း ထွက်ပေါ်လာချေပြီ။
ထိုမိုးကြိုးအလင်းတန်းများသည် သံနန်းကြိုးများပမာ တစ်ခုနှင့်တစ်ခု ကျစ်လျစ်စွာ ရစ်ပတ်နှောင်ဖွဲ့လျက် မိုးကြိုးပိုက်ကွန်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး လူအားလုံးကို လွှမ်းခြုံကာကွယ်ပေးထားသည့် စက်ဝိုင်းခြမ်းပုံစံ အကာအကွယ်ကြီးတစ်ခု ဖြစ်လာပေသည်။
ထိုအချိန်၌ ဝူခွေးတစ်ကောင်မှာ ဒေါသတကြီး ပြေးဝင်လာပြီး ၎င်း၏ထက်မြက်သော လက်သည်းများဖြင့် မိုးကြိုးပိုက်ကွန်ကို ကုတ်ခြစ်လိုက်သည်။
သို့ရာတွင် ပိုက်ကွန်ထံမှ ပြင်းထန်သော လျှပ်စစ်စွမ်းအင်များ ရုတ်ခြည်း ပေါက်ကွဲထွက်လာပြီး ထိုဝူခွေးအား မျက်တောင်တစ်ခတ်အတွင်းမှာပင် မီးသွေးခဲအဖြစ်သို့ ပြောင်းလဲသွားစေတော့၏။
တောင်ကုန်းတစ်ခုပမာ ခိုင်ခံ့လှသော ဤအကာအကွယ်ကြောင့် သူတို့တစ်တွေမှာ ဝူခွေးများ၏ တိုက်ခိုက်မှုကို စိုးရိမ်စရာမလိုဘဲ ခေတ္တခဏ အသက်ရှူချောင်သွားကြရသည်။
သို့သော် ချန်ဖန်းမှာမူ အလွန်ပင် အားအင်ချိနဲ့နေပုံရသည်။ ဤမိုးကြိုးလှောင်အိမ်ကို အသုံးပြုလိုက်ရခြင်းက သူ၏အင်အားအားလုံးကို ကုန်ခမ်းသွားစေဟန်ရှိပေသည်။
ချင်ယွမ်ဖုန်းသည် ရှေ့သို့တိုးလာပြီး နတ်သက်ကြွေဆေးမြက်တစ်ရွက်ကို ထုတ်ကာ ချန်ဖန်းအား ကမ်းပေးလိုက်သည်။
“ဒါကိုစားလိုက်ပါ... မင်း သက်သာသွားလိမ့်မယ်။ မဟုတ်ရင် ဒီလောက်အားနည်းနေတဲ့အချိန်မှာ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ မင်းရဲ့ကိုယ်ထဲကို ကျူးကျော်ဝင်ရောက်လာလိမ့်မယ်” ဟု ချင်ယွမ်ဖုန်းက အေးဆေးတည်ငြိမ်စွာ ဆိုလိုက်သည်။
ချန်ဖန်းသည် ချင်ယွမ်ဖုန်း၏လက်ထဲမှ ဆေးမြက်ရွက်ကို ကြည့်ကာ အံ့အားသင့်စွာဖြင့် “ဒါ... ဒါက မင်းစားခဲ့တဲ့ ဆေးမြက်ရွက် မဟုတ်လား” ဟု မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြသည်ကို မြင်သောအခါ ချန်ဖန်းက လက်ကိုခါယမ်းကာ ငြင်းဆိုလေတော့သည်။
“မဖြစ်ဘူး... ဒါက အရမ်းတန်ဖိုးကြီးလွန်းတယ်”
“ဒီလိုအခြေအနေမျိုးမှာတောင် မင်းက ဒါတွေကို ပူပန်နေတုန်းလား။ တကယ်လို့ မင်းအနေနဲ့ စိတ်ထဲမှာ တစ်မျိုးဖြစ်နေတယ်ဆိုရင်လည်း ငါတို့ ဒီကနေထွက်သွားနိုင်တဲ့အခါကျမှ ငါ့ကို ကောင်းကောင်းမွန်မွန် ထမင်းတစ်နပ် ကျွေးပေါ့” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်သည်။
ချန်ဖန်းသည်လည်း လိုက်ပါပြုံးရယ်ရင်း ဆေးမြက်ရွက်ကို လှမ်းယူလိုက်သော်လည်း စားရန်မူ လက်တွန့်နေဆဲပင် ဖြစ်သည်။
“အရေးကြီးတဲ့ အချိန်ကျမှပဲ ဒါကိုသုံးပြီး အသက်ကယ်ရမယ်။ အခု ဒီမိုးကြိုးလှောင်အိမ်က စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေကိုလည်း စစ်ထုတ်ပေးထားတာဆိုတော့ ငါတို့ ခဏတော့ အနားရနိုင်ပါတယ်။ ဒီအချိန်အတွင်းမှာ ငါ့ရဲ့အင်အားတွေကို ပြန်လည်စုစည်းလို့ ရပါတယ်” ဟု ချန်ဖန်းက အေးအေးဆေးဆေးပင် တုံ့ပြန်လိုက်၏။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်မိသည်။ ချန်ဖန်းသည် အမြဲတစေ နောင်ရေးကို ကြိုတင်တွေးတောတတ်သူ ဖြစ်ရာ သူလည်း ဆက်လက်၍ မတိုက်တွန်းတော့ပေ။
ချန်ဖန်းသည် သူ၏သိုလှောင်အိတ်အတွင်းမှ ဝိညာဉ်ကျောက်တုံး အမြောက်အမြားကို ထုတ်ယူကာ ကုန်ခမ်းသွားသော စွမ်းအင်များကို ပြန်လည်ဖြည့်တင်းရန်အတွက် ထိုကျောက်တုံးများအတွင်းရှိ ဝိညာဉ်စွမ်းအင်များကို စတင်စုပ်ယူလေတော့သည်။
ချင်ယွမ်ဖုန်းသည်လည်း အနီးအနား၌ ဝင်ထိုင်လိုက်သည်။ သူသည် ရက်အတော်ကြာအောင် ကောင်းစွာ အနားမယူရသေးသဖြင့် ယခုအခါတွင်မူ အိပ်မောကျသွားရရှာတော့သည်။
မိုးကြိုးလှောင်အိမ်သည် တစ်ညလုံး တည်ရှိနေခဲ့ပြီး နံနက်စောစောအချိန်ရောက်မှသာ တိတ်ဆိတ်စွာ ပျောက်ကွယ်သွားလေသည်။
တစ်ညလုံး အနားယူခဲ့ရသဖြင့် လူတိုင်းမှာ စိတ်ဓာတ်များ ပြန်လည်လန်းဆန်းလာကြပြီ ဖြစ်သည်။
အထူးသဖြင့် ချင်ယွမ်ဖုန်းမှာမူ နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခဲ့ရသဖြင့် ကိုယ်လက်ပေါ့ပါးလန်းဆန်းကာ အင်အားများလည်း အပြည့်အဝ ပြန်လည်ရရှိနေလေပြီ။
“သွားကြစို့... ခရီးဆက်ရအောင်။ ရောက်ဖို့သိပ်မလိုတော့ဘူး” ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်သည်။
လူအားလုံးသည် အဝေးက တောင်ထိပ်ကြီးကို လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် ခရီးလမ်း၏ သုံးပုံတစ်ပုံကျော်ကို ဖြတ်ကျော်ခဲ့ပြီးဖြစ်ရာ နောက်ထပ် နာရီအနည်းငယ်အတွင်း တောင်ခြေသို့ ရောက်ရှိနိုင်တော့မည် ဖြစ်ပေသည်။
ယနေ့သည် နတ်ဘုရားသောင်းချီနယ်မြေသို့ ရောက်ရှိခဲ့သည့် စတုတ္ထမြောက်နေ့ ဖြစ်ပြီး ဤလေးရက်တာအတွင်း အသက်အန္တရာယ်နှင့် နီးကပ်သော အခိုက်အတန့်များစွာကို သူတို့ ရင်ဆိုင်ခဲ့ကြရသည်။
လူတိုင်းမှာ ယုံကြည်မှုများ ပြန်လည်ရရှိလာကြပြီး ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့ကပင် ခရီးလမ်းကို ရှေ့ဆောင်လမ်းပြကာ ဆက်လက်ထွက်ခွာလာခဲ့ကြသည်။
ခရီးတစ်လျှောက်တွင် ဝူခွေးများ၏ ကိုက်ခဲဝါးမြိုခြင်းကို ခံလိုက်ရသဖြင့် အရိုးစုများသာ ကြွင်းကျန်ရစ်သည့် သားရဲများနှင့် လူသားများကို များစွာတွေ့မြင်ရသည်။
တစ်နည်းအားဖြင့်ဆိုရသော် ဝူခွေးများသည်
သူတို့အတွက် ရှေ့က ခရီးလမ်းကို ရှင်းလင်းပေးထားသည်ဟုပင် ဆိုနိုင်ပေသည်။
ချင်ယွမ်ဖုန်း၏ ဝိညာဉ်သိုင်းပညာရပ်ဖြစ်သော မိုးကောင်းကင်ဟိန်းသံ လင်းတသည် ကောင်းကင်ယံ၌ ဝဲပျံလျက် ပတ်ဝန်းကျင်ကို အကဲခတ်ပေးနေသဖြင့် သူတို့သည် ဝူခွေးဧရာမကြီးများနှင့် မတော်တဆ ထိပ်တိုက်မတိုးမိအောင် ရှောင်ရှားနိုင်ခဲ့ကြသည်။
ထိုဝူခွေးဧရာမကြီးများမှာ တစ်ကောင်တည်း မဟုတ်ပေ။ ချင်ယွမ်ဖုန်း၏ အကဲခတ်ချက်အရ ဆယ်ကောင်ထက်မနည်း ရှိနေသည်ကို တွေ့ရှိရသည်။
ကျန်ရှိသော ခရီးလမ်းမှာမူ မထင်မှတ်ဘဲ ချောမွေ့နေခဲ့သည်။ သူတို့သည် ဝူခွေးဧရာမကြီးများကို ရှောင်ကွင်းကာ တောင်ခြေသို့ တိုက်ရိုက်ရောက်ရှိလာခဲ့ကြပြီ ဖြစ်သည်။
ထိုတောင်ထိပ်ကြီးမှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ အမြောက်အမြား ထွက်ပေါ်နေဆဲဖြစ်ပြီး ဝူခွေးများသည်လည်း တောင်ထိပ်ပေါ်မှ အဆက်မပြတ် ခုန်ချနေကြသည်။
ဝူခွေးအားလုံးမှာ ထိုတောင်ကြီးအတွင်းမှ ထွက်ပေါ်လာကြပုံရပေသည်။
“ဒီတောင်ကြီးက တကယ်တော့ ဘာကြီးလဲ။ ငရဲနဲ့ တိုက်ရိုက်ဆက်သွယ်နေသလိုပဲ” ဟု အိုင်ဖေးက တိုးတိုးလေး ရေရွတ်လိုက်သည်။
တောင်ခြေရှိ မြေပြင်မှာ မြက်တစ်ပင်ပင် မပေါက်သော ဖုန်တောအတိဖြစ်နေသော်လည်း အံ့ဩစရာကောင်းသည်မှာ ပတ်ဝန်းကျင်တစ်ခုလုံး၌ ဗုဒ္ဓရုပ်ပွားတော်များက မတ်မတ်ရပ်လျက် ရှိနေခြင်းပင် ဖြစ်သည်။
ထိုရုပ်ပွားတော်များတွင် အချို့မှာ ကရုဏာတော်ရှင်ဟန်ဖြင့် ကြည်လင်အေးမြနေသလို၊ အချို့မှာမူ မျက်လုံးတော်များ ပြူးကျယ်ကာ ဒေါသထွက်နေသည့်ဟန်ဖြင့် အသက်ဝင်လှပေသည်။
ဝူခွေးများသည် တောင်ထိပ်ပေါ်မှ ခုန်ချလာပြီးနောက် နောက်သို့ပင် လှည့်မကြည့်ဘဲ ထွက်ခွာသွားကြသည်။
၎င်းတို့သည် ဤတောင်ကြီးကိုသော်လည်းကောင်း၊ ဗုဒ္ဓရုပ်ပွားတော်များကိုသော်လည်းကောင်း အလွန်ပင် ရွံရှာမုန်းတီးနေပုံရပေသည်။
ချင်ယွမ်ဖုန်းနှင့် သူ၏အဖွဲ့သားများ ထိုနေရာ၌ ရပ်နေသော်လည်း ဝူခွေးများသည် သူတို့ကို လုံးဝဂရုမစိုက်ဘဲ ကျော်လွန်သွားကြသည်။
“ရှေးဟောင်းဘုရားကျောင်းတုန်းကလည်း ဒီလိုပဲ။ ဒီဝူခွေးတွေက ဘာဖြစ်နေတာလဲ... သူတို့က ဗုဒ္ဓကို ယုံကြည်ကိုးကွယ်ကြတာလား” ဟု ချင်ယွမ်ဖုန်းက မျက်လုံးအပြူးသားဖြင့် ရေရွတ်မိသည်။
ရှေးဟောင်းဘုရားကျောင်း၌ ရှိနေသည်မှာ ထူးဆန်းသော စွမ်းအင်တစ်ခုခုကြောင့် မဟုတ်ဘဲ ဝူခွေးများသည် ဗုဒ္ဓနှင့် ပတ်သက်သမျှ အရာအားလုံးကို အလွန်အမင်း မုန်းတီးခြင်းကြောင့်သာ ဖြစ်ပုံရပေသည်။
လူတိုင်းသည် တောင်ထိပ်ကြီး၏ ရှေ့မှောက်သို့ လျှောက်လှမ်းလာကြရာ ချင်ယွမ်ဖုန်း၏ နှလုံးသားအတွင်းပိုင်းမှ ခေါ်သံမှာ တစ်ဖန်ပြန်လည် ထွက်ပေါ်လာချေပြီ။
ဤတစ်ကြိမ်တွင်မူ ချင်ယွမ်ဖုန်းသည် ထိုခေါ်သံကို အရှိန်အဟုန် အပြင်းဆုံး ခံစားနေရသည်။ သူ့ကို ခေါ်နေသောအရာမှာ ဤတောင်ကြီး၏အတွင်း၌ ရှိနေသည်မှာ သေချာသလောက်ပင် ဖြစ်သည်။
“ရှောင်လင်... ထွက်လာခဲ့ဦး။ ဒီတောင်ကြီးမှာ ဘာတွေထူးခြားနေလဲဆိုတာ ငါ့ကို ကူကြည့်ပေးစမ်းပါ” ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေသို့ ရောက်ရှိပြီး လေးရက်မြောက်မှသာ ရှောင်လင်ကို သတိရတော့သည်။
ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲ၌ ပေါ်လာပြီး ကောင်းကင်ယံအထိ မြင့်မားလှသော ထိုတောင်ကြီးကို စတင်စစ်ဆေးလေတော့သည်။
ခဏအကြာတွင်မူ ရှောင်လင်သည် တုန်လှုပ်ဖွယ်ရာ အဖြေတစ်ခုကို ပေးအပ်လိုက်၏။
“သခင်... ဒါက တောင်တစ်ခု မဟုတ်ဘူး။ ဒါက မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီး တစ်ခုပဲ”
ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ချက်ချင်းပင် ပြူးကျယ်သွားရပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်ကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိသည်။
တကယ်လို့သာ ဒါက မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီး တစ်ခုဆိုရင် ဒါဟာ ဘယ်လောက်တောင် ကြီးမားထွားကျိုင်းနေလိုက်မလဲ။
တောင်ခြေ၌ ရပ်နေသော ချင်ယွမ်ဖုန်းနှင့် အခြားသူများမှာ ပုရွက်ဆိတ်လေးများပမာ သေးငယ်လွန်းလှပေသည်။
“စီနီယာအကို... ဘာဖြစ်လို့လဲ” အိုင်ဖေးသည် ချင်ယွမ်ဖုန်း၏ ထူးဆန်းသော အမူအရာကို သတိပြုမိသဖြင့် အမြန်ပင် ရှေ့သို့တိုးကာ မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းယမ်းပြရင်း “ဘာမှမဖြစ်ပါဘူး... ဒီတောင်ကြီးက နည်းနည်းတော့ ထူးဆန်းနေသလိုပဲ” ဟု ပြောလိုက်၏။
“ထူးဆန်းတယ် ဟုတ်လား” အိုင်ဖေးက မျက်မှောင်ကြုတ်ကာ တောင်ကြီးကို သေသေချာချာ အကဲခတ်ကြည့်ရှုလေသည်။
အမှန်တကယ်ပင် ဤတောင်ကြီးမှာ အနည်းငယ် ထူးဆန်းနေပေသည်။
တောင်ကြီးမှာ အပေါ်မှအောက်အထိ အလုံးအရပ် တညီတညာတည်း ရှိနေပြီး မြေကြီးထဲသို့ တုတ်တစ်ချောင်း စိုက်ထားသည့်အလား မတ်စောက်လွန်းလှသည်။
ချင်ယွမ်ဖုန်းသည် အသက်ကို ပြင်းပြင်းရှူလိုက်ပြီး တောင်ကြီး၏ ရှေ့သို့ ပြန်လည်လျှောက်သွားကာ သူ၏ လုယန့်ဓားကို ထုတ်လျက် တောင်ကြီးကို နှစ်ချက်ဆင့်၍ ခုတ်ချလိုက်လေသည်။
နောက်တစ်ခဏ၌ တောင်ကြီးပေါ်မှ ကျောက်တုံးအချို့ ကွာကျသွားပြီး အတွင်းပိုင်းမှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာချေပြီ။
“ဒါက ဘာကြီးလဲ” ချန်ဖန်းသည် ခြေလှမ်းအနည်းငယ် တိုးလာကာ ချင်ယွမ်ဖုန်း၏ ဘေးတွင် ရပ်လျက် ရွှေရောင်အလင်းများ ဖြာထွက်နေသော တောင်ကြီးကို ကြည့်ကာ အံ့အားသင့်နေတော့သည်။
ချင်ယွမ်ဖုန်း၏ ဓားချက်နှစ်ချက်ကြောင့် အကာအကွယ် ကျောက်လွှာများ ကွာကျသွားကာ တောင်ကြီး၏ စစ်မှန်သော ပုံသဏ္ဌာန်မှာ ပေါ်ထွက်လာခဲ့လေပြီ။
ရှောင်လင် ပြောခဲ့သည့်အတိုင်းပင် ၎င်းမှာ ရွှေရောင်တောက်ပနေသော မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးကြီး တစ်ခု ဖြစ်နေတော့သည်။
ပေါ်ထွက်လာသော အစိတ်အပိုင်းမှာ အနည်းငယ်သာ ရှိသေးသော်လည်း ၎င်းပေါ်တွင် ထွင်းထုထားသည့် နက်ရှိုင်းလှသော ဝိညာဉ်အဆောင်ပုံရိပ်များကို အထင်အရှား မြင်တွေ့နေရလေပြီ။