← Chapters

အခန်း (၂၄၁-၂၄၂)

Vol. 14 Ch. 241-242

အခန်း (၂၄၁-၂၄၂)

Vol. 14 Ch. 241-242

အခန်း (၂၄၁)- နတ်ဘုရားသောင်းချီနယ်မြေ (၁၅)

ချင်ယွမ်ဖုန်းသည် သူ၏ဦးခေါင်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လျက် မြေပြင်ပေါ်သို့ လဲကျသွားရှာသည်။ သူ၏ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်နှယ် အလွန်အမင်း နာကျင်ခံစားနေရသော ပုံရိပ်မှာ ကြည့်မကောင်းလှပေ။

အနားရှိလူအားလုံးလည်း ချင်ယွမ်ဖုန်းကို ဝိုင်းဝန်းဖေးမကြသော်လည်း သူ၏ကိုယ်ပေါ်တွင် မည်သို့သော အခြင်းအရာများ ဖြစ်ပျက်နေသည်ကိုမူ မည်သူမျှ ရိပ်စားမိခြင်း မရှိကြချေ။

စူးရှလှသော အော်ဟစ်ညည်းညူသံများကြောင့် လူတိုင်း တုန်လှုပ်ချောက်ချားသွားကြရသည်။ အစဉ်အမြဲ အားကိုးအားထားပြုခဲ့ရသော တိုင်တစ်လုံးနှယ် ခိုင်မာလှသည့် ချင်ယွမ်ဖုန်းသည် ယခုအချိန်အထိ မည်သည့်အခါမျှ မတုန်လှုပ်ခဲ့သော်လည်း ယခုမူ မမျှော်လင့်ဘဲ မတော်တဆမှုတစ်ခု ဖြစ်ပွားခဲ့လေပြီ။

ထိုအခြင်းအရာက လူတိုင်းကို စိုးရိမ်ပူပန်မှုများ မြင့်တက်စေခဲ့သည်။

ထိုစဉ် ချန်ဖန်းသည် အပြေးအလွှား ရောက်ရှိလာပြီး ချင်ယွမ်ဖုန်း၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ရာ ချင်ယွမ်ဖုန်း၏ မျက်လုံးများအတွင်း ရွှေရောင်အလင်းတန်းများ လျှင်မြန်စွာ ဖျတ်ခနဲ ဖျတ်ခနဲ လက်နေသည်ကို သတိပြုမိသွားသည်။

အနီးကပ် သေချာစွာ ကြည့်ရှုလိုက်သောအခါ ထိုပုံရိပ်များမှာ ဝိညာဉ်အဆောင်ပုံရိပ်များပင် ဖြစ်နေတော့သည်။

"သူ... သူက အမွေအနှစ် လက်ခံရရှိနေတာပဲ" ဟု ချန်ဖန်းက အံ့အားသင့်စွာ ပြောလိုက်သည်။

"အမွေအနှစ် လက်ခံရရှိနေတာ ဟုတ်လား" လူတိုင်း အံ့ဩသွားကြရပြီး အဘယ်ကြောင့် ချင်ယွမ်ဖုန်းသည် ဤကဲ့သို့သော အချိန်မျိုးတွင်မှ အမွေအနှစ်ကို လက်ခံရယူနေရသနည်းဟု တွေးတောနေကြသည်။

အမွေအနှစ်ဟူသည်မှာ ရှေးယခင် ပုဂ္ဂိုလ်ကြီးများက နောင်လာနောက်သားများအတွက် အထူးနည်းလမ်းများဖြင့် သိမ်းဆည်းထားခဲ့သော အသိပညာများ သို့မဟုတ် စွမ်းအားများပင် ဖြစ်သည်။

အမွေအနှစ်ကို လက်ခံရယူခြင်းသည် ချိပ်ပိတ်ထားသော အသိပညာ သို့မဟုတ် စွမ်းအားများကို တစ်ဦးတစ်ယောက်၏ ခန္ဓာကိုယ်အတွင်းသို့ တစ်ပြိုင်နက်တည်း သွန်းလောင်းထည့်လိုက်ခြင်းနှင့် အလားတူပေသည်။

အကယ်၍ ၎င်းသည် စွမ်းအားဖြစ်ပါက ခန္ဓာကိုယ်က တောင့်မခံနိုင်လျှင် ပေါက်ကွဲထွက်သွားနိုင်သည်။

အကယ်၍ ၎င်းသည် အသိပညာဖြစ်ပါက အလွန်အမင်း များပြားလွန်းသဖြင့် ဦးနှောက်ကို ထိခိုက်စေကာ လူကို အရူးတစ်ယောက် ဖြစ်သွားစေနိုင်ပေသည်။

ထို့ကြောင့် အမွေအနှစ်ကို လက်ခံရယူသူများသည် တစ်စစချင်းသာ လက်ခံရယူလေ့ရှိပြီး အချိန်အတော်ကြာ ယူ၍ ခန္ဓာကိုယ်အတွင်း ပေါင်းစပ်ကြရသည်။

သို့သော်လည်း ချင်ယွမ်ဖုန်း၏ အခြေအနေမှာ အမွေအနှစ်အားလုံးကို တိုက်ရိုက် လက်ခံရယူနေသည့်ပုံစံ ဖြစ်နေသည်။

ချင်ယွမ်ဖုန်း၏ လက်ရှိအခြေအနေမှာ ချန်ဖန်း ပြောပြချက်နှင့် ဆင်တူသော်လည်း အနည်းငယ်တော့ ကွာခြားမှု ရှိပေသည်။

စနစ်မှ ပေးအပ်သော ပြည့်စုံလှသည့် ဝိညာဉ်အဆောင်ပုံရိပ် အသိပညာများသည် အမှန်တကယ်ပင် များပြားလှသော်လည်း စနစ်၏ အကူအညီကြောင့် ချင်ယွမ်ဖုန်း၏ ဦးနှောက်မှာ ပေါက်ကွဲသွားခြင်း မရှိဘဲ နာကျင်မှုကိုသာ ခံစားရခြင်း ဖြစ်သည်။

လူတိုင်းက ချင်ယွမ်ဖုန်းကို ဖိနှိပ်ထားကြပြီး တစ်ချိန်တည်းမှာပင် သူ၏ပါးစပ်ကို ဖြဲ၍ သံတုတ်တစ်ခုကို ကိုက်ထားစေသည်။

ပြင်းထန်လှသော နာကျင်မှုကြောင့် ချင်ယွမ်ဖုန်း မိမိ၏လျှာကို ကိုက်မိပြီး အသက်အန္တရာယ် မဖြစ်စေရန် ထိုသို့ ပြုလုပ်ကြခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်း၏ မျက်လုံးများမှာ ဝိုင်းစက်ပြူးကျယ်နေပြီး သူ၏ဦးခေါင်းမှာ မိုးကြိုးအချက်ပေါင်း သုံးထောင်ခန့် ပစ်ချခံလိုက်ရသကဲ့သို့ ခံစားနေရသည်။

တစ်နာရီခန့် ကြာပြီးနောက်တွင်မှ ချင်ယွမ်ဖုန်းသည် ဖြည်းညင်းစွာ ငြိမ်သက်သွားတော့သည်။

ဤအချိန်တွင် ချင်ယွမ်ဖုန်းမှာ ချွေးများဖြင့် ရွှဲနစ်နေပြီး ရေထဲမှ ဆွဲတင်ထားသူတစ်ဦးအလား ထင်မှတ်ရသည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် တောင်ခြေတွင် ရှိနေကြပြီး နှောင့်ယှက်မည့် ဝူခွေးများ မရှိသောကြောင့်သာ တော်တော့သည်။ မဟုတ်လျှင်မူ ဤနေရာတွင် ရှိနေသူအားလုံး အစုလိုက်အပြုံလိုက် အသတ်ခံရနိုင်ပေသည်။

ချင်ယွမ်ဖုန်း၏ ရုန်းကန်နေသော အားအင်များမှာ တဖြည်းဖြည်း လျော့နည်းသွားပြီး နောက်ဆုံးတွင် မြေပြင်ပေါ်၌ ပုံလျက်သား လဲကျသွားတော့သည်။

လူတိုင်းက ချင်ယွမ်ဖုန်း၏ ပါးစပ်ထဲမှ သံတုတ်ကို ဖယ်ရှားပေးလိုက်ကြပြီး အလုအယက် မေးမြန်းကြတော့သည်။

"ဖုန်းအကို... အဆင်ပြေရဲ့လား" အိုင်ဖေးမှာ ငိုလုမတတ် ဖြစ်နေရရှာသည်။ သူသည် ချင်ယွမ်ဖုန်းကို တစ်နာရီလုံးလုံး ဖိထားပေးခဲ့ရသူ မဟုတ်လော။

ချင်ယွမ်ဖုန်းက ခေါင်းယမ်းပြရင်း "ငါ အဆင်ပြေပါတယ်၊ ခဏလောက် အနားယူပါရစေဦး" ဟု ဆိုသည်။

ချင်ယွမ်ဖုန်း သတိရှိနေသည်ကို မြင်သောအခါ လူတိုင်း သက်ပြင်းချနိုင်ကြတော့သည်။

ချင်ယွမ်ဖုန်း၏ ဦးနှောက်မှာ အမွေအနှစ်ကြောင့် ပေါက်ကွဲသွားခြင်း မရှိဘဲ အရူးမဖြစ်သွားသည်မှာ ကံကောင်းလှပေသည်။

များပြားလှသော ဝိညာဉ်အဆောင်ပုံရိပ် အသိပညာများသည် ချင်ယွမ်ဖုန်း၏ စိတ်ထဲတွင် အလိုအလျောက် ပေါ်ပေါက်လာခဲ့သည်။

ဝိညာဉ်အဆောင်ပုံရိပ် တစ်ခုချင်းစီမှာ သူ၏ဦးနှောက်ထဲတွင် ထွင်းထုထားသကဲ့သို့ ဖြစ်နေပြီး မေ့ပျောက်ရန် မဖြစ်နိုင်တော့ပေ။

အချိန်အတော်ကြာပြီးနောက်တွင်မှ ချင်ယွမ်ဖုန်းသည် ပြန်လည်သက်သာလာပြီး ဖြည်းဖြည်းချင်း ထိုင်လိုက်နိုင်သည်။

"ဖုန်းအကို အခု အဆင်ပြေသွားပြီလား" အိုင်ဖေးက စိုးရိမ်တကြီး အနားသို့ လာမေးကာ ချင်ယွမ်ဖုန်းကို သောက်ရေ ပေးလိုက်သည်။

ယွင်ယဲ့ယဲ့နှင့် အခြားသော ဆေးနတ်ဘုရားဂိုဏ်းမှ တပည့်များလည်း အနားသို့ ဝိုင်းလာကြသည်။ ချင်ယွမ်ဖုန်းသာ မရှိလျှင် သူတို့ ဤမျှအထိ ခရီးရောက်လာနိုင်မည် မဟုတ်သဖြင့် လူတိုင်းက ချင်ယွမ်ဖုန်း၏ အခြေအနေကို အလွန်ပင် စိုးရိမ်နေကြခြင်း ဖြစ်သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် ခေါင်းယမ်းပြကာ "ငါ အခု နေကောင်းသွားပါပြီ၊ ပြီးတော့ ငါ့မှာ အကြံတစ်ခု ရလာပြီ" ဟု ပြောလိုက်သည်။

"အကြံတစ်ခု ဟုတ်လား" အိုင်ဖေးက နားမလည်သော မျက်နှာပေးဖြင့် မေးလိုက်သည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြပြီး ရွှမ်လေတောင်တန်းမှ လူများကိုပါ အနားသို့ ခေါ်လိုက်သည်။

"အားလုံးပဲ... ငါတို့ ဘေးကင်းရာကို လွတ်မြောက်နိုင်မယ့် အစီအစဉ်တစ်ခု ငါ့မှာ ရှိတယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုသည်။

ချန်ဖန်းက မျက်မှောင်ကြုတ်လျက် ကြည့်နေသည်။ ချင်ယွမ်ဖုန်း အမွေအနှစ်ကို လက်ခံရယူနေသည့် အချိန်ကတည်းက ယခုကြုံတွေ့နေရသော အခက်အခဲကို ကျော်လွှားရန် တစ်စုံတစ်ခု လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ချန်ဖန်း ရိပ်မိပြီးသား ဖြစ်သည်။

ဘေးကင်းရာသို့ လွတ်မြောက်နိုင်မည့် အစီအစဉ် ရှိသည်ဟု ကြားလိုက်ရသောအခါ လူတိုင်း အလွန်အမင်း စိတ်လှုပ်ရှားသွားကြသည်။

"စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ယိုစိမ့်လာတာဟာ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးမှာ အပေါက်ကြီးတစ်ခု ဖြစ်နေလို့ဆိုတာ ငါတို့ အားလုံး သိကြတယ်၊ အဲဒီအရှိန်အဝါတွေ ထပ်ပြီး မထွက်လာအောင် အရင်ဆုံး အဲဒီအပေါက်ကို ပိတ်ရမယ်" ဟု ချင်ယွမ်ဖုန်းက ဆက်ပြောသည်။

လူတိုင်းက ခေါင်းညိတ်ကြပြီး ချင်ယွမ်ဖုန်း ဆက်ပြောမည့် စကားကို စောင့်ဆိုင်းနေကြသည်။

"ငါ့မှာ အဲဒီအပေါက်ကြီးကို ယာယီ ပြုပြင်နိုင်မယ့် နည်းလမ်း ရှိတယ်၊ အဲဒီလို လုပ်လိုက်ရင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ထွက်မလာတော့ဘူး၊ အပြင်ဘက်မှာ ရှိနေတဲ့ အရှိန်အဝါတွေ လွင့်စင်သွားဖို့ကတော့ အချိန်တစ်ခု လိုလိမ့်မယ်၊ ငါတို့ ဒီကနေ နတ်ဘုရားသောင်းချီနယ်မြေရဲ့ အစပ်ကို ပြန်ရောက်တဲ့အချိန်ဆိုရင်တော့ အဲဒီအရှိန်အဝါတွေ တော်တော်များများ ကင်းစင်သွားလောက်ပြီလို့ ငါ ခန့်မှန်းတယ်"

"အဲဒီအချိန်ကျရင် အပြင်ဘက်မှာ ရှိနေတဲ့ ဂိုဏ်းအသီးသီးက ဂိုဏ်းချုပ်တွေနဲ့ အကြီးအကဲတွေက နတ်ဘုရားသောင်းချီနယ်မြေ အပြင်ဘက်က အစီအရင်ကို ဖွင့်ပေးကြမှာပဲ၊ အဲဒီကျရင် ငါတို့ ဒီကနေ လွတ်မြောက်နိုင်ပြီပေါ့" ဟု ချင်ယွမ်ဖုန်းက အလေးအနက် ပြောကြားလိုက်သည်။

လူတိုင်း၏ မျက်လုံးများတွင် အလင်းရောင်များ တောက်ပလာကြသည်။ ဤရှင်းပြချက်ကို ကြားရသောအခါ မျှော်လင့်ချက် ရောင်ခြည်များ သန်းလာခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ချန်ဖန်းက ချင်ယွမ်ဖုန်း၏ စကားထဲတွင် ဟာကွက်တစ်ခုကို တွေ့သွားသည်။

"ယာယီ ပြုပြင်မယ် ဟုတ်လား၊ ဘယ်လောက်အထိ ခံမှာလဲ၊ ပြီးတော့ မင်းကော၊ မင်းက ငါတို့နဲ့ အတူ လိုက်လာမှာလား"

ချင်ယွမ်ဖုန်းက သက်ပြင်းချကာ "ဝိညာဉ်အဆောင်ပုံရိပ်က တစ်စုံတစ်ယောက်က ကိုယ်တွင်းစွမ်းအင်တွေကို အဆက်မပြတ် သွန်းလောင်းပေးနေဖို့ လိုတယ်၊ ဒါကြောင့် မင်းတို့အတွက် အချိန်ရအောင် ငါ ဒီမှာ ကျန်ခဲ့ရလိမ့်မယ်" ဟု ဆိုသည်။

"မဖြစ်နိုင်တာ"

ထိုစကားကို ကြားလိုက်ရသောအခါ ချန်ဖန်းသည် ဒေါသတကြီးဖြင့် မတ်တတ်ထရပ်လိုက်သည်။

"ငါ သဘောမတူဘူး၊ မင်းက အဆောင်လက်ဖွဲ့ ဖန်တီးသူ မဟုတ်ပါဘူး၊ အကယ်၍ တစ်ယောက်ယောက် ကျန်ခဲ့ရမယ်ဆိုရင် ငါပဲ ဖြစ်သင့်တယ်"

ရှန့်ရှောင်ယွမ်ကလည်း ထိုအချိန်တွင် ထရပ်လိုက်ပြီး "မင်းတို့ နှစ်ယောက်လုံးက သိပ်အရေးကြီးတယ်၊ ဂိုဏ်းအတွက် မင်းတို့ကို လိုအပ်တယ်၊ ငါကတော့ တစ်ကိုယ်တည်းသမားပဲ၊ ဒါကြောင့် ငါ ကျန်ခဲ့တာက အသင့်တော်ဆုံးပဲ" ဟု ဆိုသည်။

ကျန်းလဲ့ရှန်းကလည်း ခေါင်းယမ်းရင်း "ဟင့်အင်း၊ ငါပဲ ကျန်ခဲ့မယ်" ဟု ပြောသည်။

"ငါ ကျန်ခဲ့မယ်"

"ငါပဲ ကျန်ခဲ့မယ်"

ဤအချိန်တွင် လူတိုင်းသည် အံ့ဩဖွယ်ကောင်းသော သတ္တိများကို ပြသနေကြသည်။ အခြားသူများအတွက်ဆိုလျှင် သူတို့၏ အသက်ကိုပင် စွန့်လွှတ်ရန် အသင့်ရှိနေကြပေသည်။

ချင်ယွမ်ဖုန်း ပြုံးလိုက်မိသည်။ ဤနှစ်ရက်တာ အတူဖြတ်သန်းပြီးနောက်တွင် ဤလူများမှာ အမှန်တကယ်ပင် မိသားစုဝင်များကဲ့သို့ ဖြစ်နေကြပြီ။

အကယ်၍ အပြင်ဘက်ရှိ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသာ ဤပုံရိပ်ကို မြင်တွေ့ရလျှင် အလွန်ပင် စိတ်ချမ်းသာကြမည် ဖြစ်သည်။

"ကဲ... အားလုံး တော်ကြပါတော့၊ မင်းတို့ရဲ့ စေတနာကို ငါ သိပါတယ်၊ ဒါပေမဲ့ ဒီမှာ ကျန်ခဲ့ဖို့ဆိုရင် အချက်နှစ်ချက်နဲ့ ကိုက်ညီရမယ်၊ ပထမအချက်က ကောင်းကင်ပေါ်မှာ ရပ်နေနိုင်ရမယ်၊ မင်းတို့ထဲမှာ ဘယ်သူမှ အဲဒီလို မလုပ်နိုင်ကြဘူး မဟုတ်လား" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

လူတိုင်း အချင်းချင်း ကြည့်လိုက်ကြပြီးနောက် ဘာမျှမတတ်နိုင်ဘဲ ခေါင်းယမ်းလိုက်ကြရသည်။

ဤနေရာတွင် ရှိနေသူများထဲတွင် ချင်ယွမ်ဖုန်းနှင့် ချန်ဖန်းတို့ နှစ်ဦးသာ ကောင်းကင်ပေါ်တွင် ရပ်နေနိုင်စွမ်း ရှိကြသည်။

"ဒါဆိုရင်လည်း ငါပဲ ကျန်ခဲ့မယ်၊ မင်းရဲ့ အနာဂတ်က အကန့်အသတ်မရှိ တောက်ပနေတာပဲ၊ မင်း လွတ်အောင် ထွက်သွားရမယ်" ဟု ချန်ဖန်းက ဆိုသည်။

သို့သော် ချင်ယွမ်ဖုန်းက ခေါင်းယမ်းလျက် "ခက်တာပဲ၊ အမှန်အတိုင်း ပြောရရင် ငါ့မှာ ကောင်းကင်ဘုံသုဉ်း ဂူ အဆိပ်မိထားတာ၊ ငါ့မှာ အသက်ရှင်ဖို့ တစ်နှစ်တောင် မလိုတော့ဘူး၊ ငါ ဒီကနေ လွတ်သွားရင်တောင် အသက်ရှင်ပါ့မလား မသေချာဘူး၊ ဒါကြောင့် ငါ ကျန်ခဲ့တာက အသင့်တော်ဆုံးပဲ" ဟု ပြောလိုက်သည်။

ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်း ဆိတ်ဆိတ်ငြိမ်သွားကြတော့သည်။

သူတို့ထဲမှ အများစုမှာ ကောင်းကင်ဘုံသုဉ်း ဂူ ဟူသည်မှာ အဘယ်နည်းဟု မသိကြသော်လည်း နာမည်ကို ကြားရုံဖြင့်ပင် အလွန်တရာ ဆိုးဝါးလှသည့် အရာဖြစ်ကြောင်း သိနိုင်ပေသည်။

အခန်း(၂၄၂)နတ်ဘုရားသောင်းချီနယ်မြေ (၁၆)

"ယွမ်ဖုန်း... မင်းပြောတာ တကယ်ပဲလား" ဟု ချန်ဖန်းက လက်မလျှော့နိုင်သေးသော လေသံဖြင့် မေးမြန်းလိုက်လေသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ငါ့အကြောင်းကို မင်းတို့ထဲက အတော်များများ သိကြမှာပါ။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းကအထိ ငါဟာ အမှိုက်ကောင်တစ်ယောက်လို့ အခေါ်ခံခဲ့ရတာပါ။ အဲဒါဟာ ငါရဲ့ ပါရမီတွေအားလုံးကို ပျက်စီးစေတဲ့ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အဆိပ်မိခဲ့လို့ပါပဲ" ဟု ပြန်လည်ပြောကြားလိုက်၏။

ထိုစကားကို ကြားသော် လူတိုင်းက ခေါင်းညိတ်ထောက်ခံကြသည်။ ချင်ယွမ်ဖုန်းသည် ဂိုဏ်းပေါင်းစုံသိုင်းပြိုင်ပွဲတွင် တိုက်ရိုက်သင်ကြားခွင့်ရတပည့်များကြား၌ ချန်ပီယံဆုကို ဆွတ်ခူးကာ နာမည်ကျော်ကြားလာခဲ့သူဖြစ်သဖြင့် အချို့သူများက သူ၏နောက်ကြောင်းကို စုံစမ်းခဲ့ကြဖူးသည်။

စုံစမ်းချက်များအရ လွန်ခဲ့သော လဝက်ခန့်က ကျင်းပခဲ့သည့် ဂိုဏ်းတွင်းစစ်ဆေးမှုတွင် ချင်ယွမ်ဖုန်း၏ ကျင့်စဉ်အဆင့်မှာ သာမန်လူတစ်ယောက်ကဲ့သို့ပင် အလွန်တရာ နိမ့်ကျနေခဲ့ပြီး ပါရမီလည်း လုံးဝမရှိသလောက်ဖြစ်နေခဲ့သည်ကို တွေ့ရှိခဲ့ကြရသဖြင့် အားလုံးက များစွာအံ့အားသင့်ခဲ့ကြရသည်။

သို့သော် ခြောက်လတာကာလအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် သတ္တမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိလာခဲ့ခြင်းမှာ မှင်သက်ဖွယ်ရာ ရလဒ်တစ်ခုပင် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းအနေဖြင့် တစ်စုံတစ်ရာသော ကံကောင်းမှုနှင့် ကြုံတွေ့ခဲ့ရ၍သာ သူ၏ကျင့်စဉ်အဆင့်မှာ ထိုမျှအထိ အရှိန်အဟုန်ပြင်းစွာ တိုးတက်လာခဲ့ခြင်းဖြစ်မည်ဟု သူတို့က တွေးတောခဲ့ကြသည်။

ချင်ယွမ်ဖုန်း၏ ခါးသီးသော အပြုံးကို မြင်တွေ့ရသောအခါ လူတိုင်းက သက်ပြင်းချလိုက်မိကြတော့သည်။

ပါရမီရှင်တစ်ဦးအဖြစ်မှ အောက်ခြေအကျဆုံးဘဝသို့ ကျဆင်းသွားခဲ့ရပြီး ကဲ့ရဲ့လှောင်ပြောင်မှုများကို အဆုံးမရှိ ခံစားခဲ့ရသော ချင်ယွမ်ဖုန်း၏ စိတ်အခြေအနေကို သူတို့အနေဖြင့် မှန်းဆကြည့်ရန်ပင် ခက်ခဲလှပေသည်။

အကယ်၍သာ သူတို့သာ ထိုသို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရပါက ဟိုးယခင်ကတည်းကပင် မိမိကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့ကြမည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တန်ရာ၏။

"ဒါကြောင့် ငါက မင်းတို့အတွက် အချိန်ဆွဲပေးထားမယ်။ မင်းတို့ကတော့ ဒီနေရာကနေ လွတ်အောင်ပြေးပြီး စစ်ကူတွေသွားရှာကြရမယ်။ ဒါမှ မင်းတို့ ပြန်လာပြီး ငါ့ကို ကယ်နိုင်မှာပေါ့" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

ထိုစကားကြောင့် လူတိုင်း တိတ်ဆိတ်သွားကြရ၏။ ထိုသို့သော ရလဒ်ကို လက်မခံချင်သော်လည်း အခြားရွေးချယ်စရာ လုံးဝမရှိသဖြင့် လက်ခံလိုက်ကြရတော့သည်။

"ကောင်းပြီ... ယွမ်ဖုန်း။ ငါ သူတို့ကို ဒီနေရာကနေ လွတ်အောင် ခေါ်သွားပါ့မယ်။ လွတ်သွားတာနဲ့ တစ်ပြိုင်နက် မင်းကို ကယ်ဖို့အတွက် လူတွေခေါ်ပြီး ချက်ချင်း ပြန်လာခဲ့မယ်လို့ ငါ ကတိပေးတယ်" ဟု ချန်ဖန်းက ကျိန်ဆိုနေသည့်အလား လေးနက်စွာ ပြောကြားလိုက်လေသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး "ဒါဆိုရင် အဆင်ပြေပါပြီ။ ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ယောက် ဖြစ်လာအောင် သင်ပေးရမယ်" ဟု ဆိုသည်။

"မင်းက တကယ်ပဲ... အဆောင်လက်ဖွဲ့ ဖန်တီးတာကို မသိတာလား" ဟု ချန်ဖန်းက အနည်းငယ် ဇဝေဇဝါဖြစ်စွာဖြင့် မေးမြန်းလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်ကာ "ငါတကယ်မသိတာပါ။ ဒါကြောင့် တစ်ရက်အတွင်းမှာ အဆောင်လက်ဖွဲ့တွေ ဘယ်လိုဖန်တီးရမလဲဆိုတာကိုငါ သင်ယူရမှာ ဖြစ်တယ်" ဟု ဆိုလိုက်သည်။

"ကောင်းပြီလေ" ဟု ချန်ဖန်းက ခေါင်းညိတ်လိုက်သည်။ ချင်ယွမ်ဖုန်း၌ မည်သို့သော နည်းလမ်းရှိသည်ကို သူ မသိသော်လည်း ချင်ယွမ်ဖုန်းထံမှ ထွက်ပေါ်နေသော ယုံကြည်ချက်အရှိန်အဝါကိုမူ သူ ခံစားမိနေပေသည်။

သို့နှင့် ချင်ယွမ်ဖုန်းသည် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ဦး ဖြစ်လာစေရန်အတွက် ချန်ဖန်းထံမှ အဆောင်လက်ဖွဲ့ ဖန်တီးခြင်းပညာကို စတင်သင်ယူလေတော့သည်။

"အဆောင်လက်ဖွဲ့ ဖန်တီးတဲ့အခါမှာ အရေးအကြီးဆုံးက ဝိညာဉ်အဆောင်ပုံရိပ်တွေကို မှတ်မိဖို့ပါပဲ။ ပြီးတော့မှ ကိုယ်တွင်းစွမ်းအင်ကို အသုံးပြုပြီး အဲဒီ ဝိညာဉ်အဆောင်ပုံရိပ်တွေကို အဆောင်လက်ဖွဲ့စက္ကူပေါ်မှာ မှတ်တမ်းတင်ရတာ ဖြစ်တယ်။ အဲဒီလို လုပ်နိုင်မှသာ ဝိညာဉ်အဆောင်ပုံရိပ်တွေက အစွမ်းထက်လာမှာ ဖြစ်တယ်" ဟု ချန်ဖန်းက ရှင်းပြလေသည်။

ချန်ဖန်းတွင် အဆောင်လက်ဖွဲ့စက္ကူနှင့် ဟင်္သာပြဒါး အမြောက်အမြား ပါရှိသည်။ ချင်ယွမ်ဖုန်းသည် ဝိညာဉ်အဆောင်လက်ဖွဲ့များ ဖန်တီးခြင်းကို စတင်သင်ယူရာ၌ ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးခြင်းမှာ သူ ထင်မှတ်ထားသည်ထက် ပိုမိုလွယ်ကူနေသည်ကို အံ့အားသင့်ဖွယ် တွေ့ရှိလိုက်ရ၏။

အဘယ်ကြောင့်ဆိုသော် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ဦးအတွက် အခက်ခဲဆုံးမှာ ဝိညာဉ်အဆောင်ပုံရိပ်များကို မှတ်မိရန်ဖြစ်သော်လည်း ချင်ယွမ်ဖုန်းအတွက်မူ ထိုအဆင့်ကို တိုက်ရိုက်ကျော်ဖြတ်နိုင်ခဲ့ပြီး ဝိညာဉ်အဆောင်ပုံရိပ်များကို စက္ကူပေါ်တွင် မည်သို့မှတ်တမ်းတင်ရမည်ကိုသာ သင်ယူရန် လိုအပ်သောကြောင့် ဖြစ်ပေသည်။

ဝိညာဉ်အဆောင်ပုံရိပ်များ ပိုမိုနက်ရှိုင်းလေလေ အဆောင်လက်ဖွဲ့စက္ကူပေါ်တွင် မှတ်တမ်းတင်ရန် ပိုမိုခက်ခဲလေလေ ဖြစ်သည်။ မည်သို့စတင်ရေးဆွဲရမည်ဆိုသည်မှာပင် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေ၏။

ချန်ဖန်းကိုယ်တိုင်ပင်လျှင် ပဉ္စမအဆင့် ဝိညာဉ်အဆောင်ပုံရိပ်များကို အဆောင်လက်ဖွဲ့စက္ကူပေါ်တွင် မရေးဆွဲနိုင်သေးသောကြောင့် ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူအဆင့်သို့ မရောက်ရှိနိုင်သေးခြင်း ဖြစ်သည်။

ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ဦး ဖြစ်လာရန်အတွက် ဝိညာဉ်အဆောင်ပုံရိပ်များကို မှတ်မိရန် လိုအပ်သည့်အပြင် အဆောင်လက်ဖွဲ့များကို ဖန်တီးရာတွင် ထည့်သွင်းရန်အတွက် အားကောင်းသော ဝိညာဉ်စွမ်းအားလည်း လိုအပ်ပေသည်။

အလွန်အစွမ်းထက်သော ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူအချို့မှာမူ စုတ်တံ သို့မဟုတ် အဆောင်လက်ဖွဲ့စက္ကူပင် မလိုအပ်ဘဲ လေဟာနယ်ထဲ၌ပင် ဝိညာဉ်အဆောင်လက်ဖွဲ့များကို ရေးဆွဲနိုင်ကြလေသည်။

ချင်ယွမ်ဖုန်းတွင် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူဖြစ်ရန် အရေးကြီးဆုံး အချက်နှစ်ချက်စလုံး ရှိနှင့်နေပြီးသား ဖြစ်သည်။ ကျန်ရှိနေသည်မှာ အတွေ့အကြုံသာ ဖြစ်ချေသည်။

မည်သို့စတင်ရေးဆွဲရမည်၊ ဝိညာဉ်အဆောင်ပုံရိပ်များကို မည်သို့လျင်မြန်စွာ အပြီးသတ်ရမည်၊ ကိုယ်တွင်းစွမ်းအင်ကို ဝိညာဉ်အဆောင်ပုံရိပ်များအတွင်းသို့ မည်သို့မျှတစွာ ထည့်သွင်းရမည် စသည်တို့မှာ အတွေ့အကြုံများ စုဆောင်းရန် လိုအပ်လှပေသည်။

ဤအခြေခံများကို သိရှိပြီးနောက် ချန်ဖန်းသည် ချင်ယွမ်ဖုန်းကို ဝိညာဉ်အဆောင်လက်ဖွဲ့များ ဖန်တီးရာတွင် သတိထားရမည့်အချက်များကို စတင်သင်ကြားပေးခဲ့ရာ ချင်ယွမ်ဖုန်းမှာ လျင်မြန်စွာပင် နားလည်သဘောပေါက်သွားခဲ့လေသည်။

တစ်ရက်အကြာတွင် ချင်ယွမ်ဖုန်းသည် တတိယအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့များကို ဖန်တီးနိုင်နေပြီ ဖြစ်သည်။ ဤမျှလျင်မြန်သော တိုးတက်မှုအရှိန်အဟုန်ကြောင့် ချန်ဖန်းမှာ များစွာ အရှက်ရသွားခဲ့ရ၏။

"ယွမ်ဖုန်း... မင်းရဲ့ အဆောင်လက်ဖွဲ့ ဖန်တီးမှု ပါရမီဟာ တကယ်ကို ပြိုင်ဘက်ကင်းတာပဲ" ဟု ချန်ဖန်းက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ငါက ဖြတ်လမ်းနည်း သုံးလိုက်ရုံပါပဲ" ဟု ပြန်လည်ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်း ယခင်က ရရှိခဲ့သော အမွေအနှစ်ကို ချန်ဖန်းက သတိရလိုက်၏။

ချင်ယွမ်ဖုန်းသည် ဤအချိန်အတွက် ကြိုတင်ပြင်ဆင်နေခဲ့ခြင်း ဖြစ်ကြောင်း သူ နားလည်သွားခဲ့သည်။

ညအချိန်ရောက်သော် ချင်ယွမ်ဖုန်းသည် အသိဉာဏ်ပွင့် ဆေးလုံးတစ်လုံးကို သောက်သုံးလိုက်ပြီး အဆောင်လက်ဖွဲ့ ဖန်တီးခြင်းပညာရပ်ကို လျင်မြန်စွာ လေ့လာမှတ်သားတော့သည်။

တစ်နာရီအတွင်းမှာပင် ချင်ယွမ်ဖုန်းသည် အဆောင်လက်ဖွဲ့များအပေါ် နားလည်မှု ပိုမိုနက်ရှိုင်းလာခဲ့ပြီး အချို့သော နယ်ပယ်များတွင်မူ ဆရာမလိုဘဲ တတ်မြောက်သွားခဲ့လေသည်။

သူသည် ထိုနေရာတွင် ငြိမ်သက်စွာ ထိုင်နေသော်လည်း သူ၏စိတ်ထဲတွင်မူ ဝိညာဉ်အဆောင်လက်ဖွဲ့ ပုံရိပ်ပေါင်းများစွာကို ရေးဆွဲပြီးစီးနေခဲ့ပြီ ဖြစ်သည်။

အရုဏ်တက်ချိန်တွင် ချင်ယွမ်ဖုန်းသည် မျက်လုံးများကို မှိတ်ထားလျက်ပင် အဆောင်လက်ဖွဲ့စက္ကူနှင့် စုတ်တံကို ဖြည်းညှင်းစွာ ထုတ်ယူလိုက်ကာ ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုကို စတင်ရေးဆွဲတော့သည်။

နက်ရှိုင်းရှုပ်ထွေးသော ဝိညာဉ်အဆောင်ပုံရိပ်တစ်ခုသည် အဆောင်လက်ဖွဲ့စက္ကူပေါ်တွင် ဖြည်းဖြည်းချင်း ပေါ်ပေါက်လာသည်။

ဝိညာဉ်စွမ်းအားနှင့် ကိုယ်တွင်းစွမ်းအင်တို့ကို ဝိညာဉ်အဆောင်ပုံရိပ်များအတွင်းသို့ တစ်ပြိုင်နက်တည်း ထည့်သွင်းလိုက်ရာ ရေးဆွဲထားသော ဝိညာဉ်အဆောင်ပုံရိပ်များမှာ ပြင်းထန်သော ဝိညာဉ်စွမ်းအင်များကို သယ်ဆောင်ထားသကဲ့သို့ ဖြစ်လာချေသည်။

ဝိညာဉ်အဆောင်ပုံရိပ်များ တဖြည်းဖြည်း ပြီးမြောက်လာသည်နှင့်အမျှ အားကောင်းသော စွမ်းအင်လှိုင်းများလည်း ထွက်ပေါ်လာသည်။

ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့များမှာ အလွန်တရာ အစွမ်းထက်သော အဆောင်လက်ဖွဲ့များအဖြစ် သတ်မှတ်ထားကြပေသည်။

ထိုစွမ်းအင်လှိုင်းများကြောင့် လူတိုင်း ကျင့်ကြံခြင်းမှ နိုးလာကြသော်လည်း မည်သူကမျှ ချင်ယွမ်ဖုန်းကို မနှောင့်ယှက်ဝံ့ကြချေ။

ချန်ဖန်းသည် ချင်ယွမ်ဖုန်း၏ ဘေးတွင်ရပ်၍ ဂရုတစိုက် ကြည့်ရှုနေခဲ့သည်။ ဤအချိန်တွင် ချင်ယွမ်ဖုန်းသည် မကြည့်ဘဲနှင့်ပင် ဝိညာဉ်အဆောင်လက်ဖွဲ့များကို ရေးဆွဲနိုင်သည့် ထူးခြားဆန်းပြားသော အခြေအနေတစ်ခုသို့ ရောက်ရှိနေသည့်အလား ထင်ရပေသည်။

ဤအခြေအနေမှာ ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ဦးအတွက် အလွန်တရာ ရှားပါးလှသော အခြေအနေဖြစ်ကြောင်း သူ သိရှိထားသည်။

ဤသို့သော အခြေအနေသို့ ရောက်ရှိခြင်းမှာ အဆောင်လက်ဖွဲ့ ဖန်တီးခြင်း၏ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ခြင်းဖြစ်ပြီး ကြုံတောင့်ကြုံခဲလှသော အခွင့်အရေးလည်း ဖြစ်ပေသည်။

အတန်ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် နောက်ဆုံးတွင် ရပ်တန့်လိုက်ရာ ပြီးပြည့်စုံသော ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့တစ်ခုသည် သူ၏ရှေ့မှောက်တွင် ဖြည်းညှင်းစွာ ပျံလွင့်နေလေသည်။

ချင်ယွမ်ဖုန်းသည် သူ၏မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီး နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာ၏။

ယခုအချိန်မှစ၍ သူသည် ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်သည်။

ပြီးပြည့်စုံသော ဝိညာဉ်အဆောင်ပုံရိပ်များ၏ အခြေခံ၊ ပြင်းထန်သော ဝိညာဉ်စွမ်းအား၏ အကူအညီနှင့် အသိဉာဏ်ပွင့် ဆေးလုံး၏ အာနိသင်တို့ကြောင့် ချင်ယွမ်ဖုန်းသည် မဖြစ်နိုင်ဟု ထင်ရသော ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ဦး ဖြစ်လာသည့်အလုပ်ကို တစ်ရက်အတွင်းမှာပင် ပြီးမြောက်အောင်မြင်သွားခဲ့ခြင်း ဖြစ်ချေသည်။

လူတိုင်းသည် ချင်ယွမ်ဖုန်းကို ကြည့်လျက် အလွန်တရာ စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် သမိုင်းဝင်ဖြစ်ရပ်တစ်ခုကို မျက်ဝါးထင်ထင် တွေ့မြင်လိုက်ရသည့်အလားပင်။

"ယွမ်ဖုန်း... ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်" ဟု ချန်ဖန်းက အနားသို့ လျှောက်လာကာ စိတ်ရင်းမှန်ဖြင့် ပြောကြားလိုက်သည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး "ပြင်ပအကူအညီတွေ အများကြီးရလို့သာ ငါအောင်မြင်ခဲ့တာပါ" ဟု ဆိုလိုက်၏။

"ဒါဟာ မင်းရဲ့ ပါရမီကို ပြတာပဲ။ အကယ်၍ မင်းသာ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အဆိပ် မမိခဲ့ဘူးဆိုရင် ငါတို့ မင်းကို အတင်းအကျပ် ချည်နှောင်ပြီးတော့တောင် ဒီနေရာကနေ ခေါ်သွားမှာပါ" ဟု ချန်ဖန်းက နှမြောတသစွာ ပြောဆိုလိုက်သည်။

အစပြုသူဘဝမှ ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူတစ်ဦးအဖြစ်သို့ တစ်ရက်အတွင်း ရောက်ရှိသွားခြင်းမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးတွင် သမိုင်းသစ်တစ်ခုကို ရေးထိုးလိုက်ခြင်းပင် ဖြစ်ချေတော့သည်။

ချင်ယွမ်ဖုန်းက ပြုံးလျက် လက်ကို ဝေ့ယမ်းလိုက်ရာ သူ၏ရှေ့တွင် ပျံလွင့်နေသော ဝိညာဉ်အဆောင်လက်ဖွဲ့မှာ သူ၏နောက်ကွယ်ရှိ တောင်ထိပ်ပေါ်သို့ လျင်မြန်စွာ ပျံသန်းသွားပြီး ကပ်ပါသွားလေသည်။

"အားလုံး နောက်ကို ဆုတ်ပေးကြပါ။ ငါ မိစ္ဆာနှိမ်နင်းရေး နတ်လက်လက်တံပိုး အပြင်ဘက်က ကျောက်တုံးကြီးတွေကို ဖြိုချပစ်တော့မယ်" ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။

အားလုံးက ပေတစ်ရာကျော်ခန့်အထိ လျင်မြန်စွာ ဆုတ်ခွာသွားကြသည်။

ချင်ယွမ်ဖုန်း ဖန်တီးလိုက်သော ဝိညာဉ်အဆောင်လက်ဖွဲ့မှာ အသာမန်ဆုံးသော ပေါက်ကွဲစေတတ်သည့် အဆောင်လက်ဖွဲ့တစ်ခုသာ ဖြစ်သော်လည်း ၎င်းပေါ်တွင် ဝိညာဉ်အဆောင်ပုံရိပ်ပေါင်း ကိုးဆယ့်ကိုးခုကို တစ်ခုနှင့်တစ်ခု ရောယှက်ဖန်တီးထားသဖြင့် ပဉ္စမအဆင့် ဝိညာဉ်အဆောင်လက်ဖွဲ့အဖြစ်သို့ မြှင့်တင်ထားခြင်း ဖြစ်ပေသည်။

ထိုအဆောင်လက်ဖွဲ့မှ ထွက်ပေါ်လာမည့် ပေါက်ကွဲမှုမှာလည်း သာမန်မဟုတ်သည်မှာ မြေကြီးလက်ခတ်မလွဲပင် ဖြစ်တန်ရာ၏။

"ဖောက်"

ချင်ယွမ်ဖုန်းက လက်ချောင်းများကို မြည်အောင်တီးလိုက်ရာ တောင်ထိပ်ပေါ်တွင် ကပ်နေသော ပေါက်ကွဲစေသည့် အဆောင်လက်ဖွဲ့မှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီးနောက် အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ဖြစ်ပေါ်လာလေတော့သတည်း။

All Chapters