အခန်း (၂၄၇-၂၄၈)
Vol. 14 Ch. 147-248
အခန်း (၂၄၇)သွေးရောင်လွှမ်းသော မိုးကောင်းကင်
ဤသို့ဆိုလျှင်ဖြင့် အခြားသူများအနေနှင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းအပေါ် အပြစ်တင်စရာ အကြောင်းမရှိတော့ပေ။
ယွမ်ထျန်းကန်မှာ အမှန်တကယ်ပင် ပြတ်သားသော အစီအစဉ်ဖြင့် ပါးနပ်စွာ ဆောင်ရွက်သွားခြင်းပင် ဖြစ်တော့သည်။
သို့သော်လည်း အခြားသူများမှာမူ ဤမျှလောက်နှင့် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကို အလွယ်တကူ လွှတ်ပေးရန် ဆန္ဒမရှိကြချေ။
"ဒီကိစ္စက ဒီလောက်နဲ့တင် ပြီးသွားပြီလို့ မင်းတို့ မထင်နဲ့ဦး။ ငါတို့ ကျောက်လုံတံခါးဂိုဏ်းနဲ့ မင်းတို့ ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းကတော့ ဘယ်လိုမှ မတည့်နိုင်တဲ့ ရန်သူတွေပဲ"
တစ်ချိန်တည်းမှာပင် ဂိုဏ်းချုပ်အချို့မှာ ရှေ့သို့ တက်လာကြပြီး ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းနှင့် အဆက်အသွယ် ဖြတ်တောက်မည်ဖြစ်ကြောင်း ကြေညာကြသည်။
ထို့ပြင် မိမိတို့ဂိုဏ်းသားများအား ထျန်းမင်ကျယ်က လိုက်လံသတ်ဖြတ်ခဲ့သည့်အတွက် ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသို့ သွားရောက်ကာ ဖြေရှင်းချက် တောင်းခံမည်ဟုလည်း ပြောဆိုကြလေသည်။
ယွမ်ထျန်းကန်မှာ ကြီးမားလှသော ဖိအားကို ချက်ချင်းပင် ခံစားလိုက်ရပြီး စိတ်ထဲမှလည်း ထျန်းမင်ကျယ်အား အဆက်မပြတ် ကျိန်ဆဲနေမိတော့သည်။
အတန်ကြာသော် လူတိုင်း အနည်းငယ် တည်ငြိမ်သွားကြသော်လည်း ဝိညာဉ်သားရဲထိန်းကျောင်းရေးဂိုဏ်းသို့ သွားရောက်ရန် ဆုံးဖြတ်ချက်ကိုမူ မပြင်ကြချေ။
ယွမ်ထျန်းကန်မှာ အခြေအနေ မဟန်တော့သည်ကို ရိပ်မိသဖြင့် ထိုနေရာမှ ခိုးကြောင်ခိုးဝှက် ထွက်ခွာသွားလေသည်။ အလားတူပင် အချို့သော ဂိုဏ်းသားများမှာလည်း ပြန်လည် ထွက်ပေါ်မလာကြတော့ချေ။
သူတို့မှာ ထျန်းမင်ကျယ်၏ လှည့်ဖြားမှုကြောင့် မိမိတို့ အဖော်များကို စွန့်ပစ်ခဲ့ကြခြင်း သို့မဟုတ် နတ်ဘုရားသောင်းချီနယ်မြေအတွင်း၌ပင် အသက်ပျောက်ခဲ့ကြခြင်း ဖြစ်တန်ရာသည်။
ထို့ကြောင့် သူတို့မှာလည်း ထိုနေရာမှ အလျင်အမြန်ပင် ဆုတ်ခွာသွားကြတော့သည်။
ကျန်ရှိနေသော ဂိုဏ်းများမှာမူ အခြားဂိုဏ်းမှ တပည့်များအား နယ်မြေများသို့ ပြန်လည်ပို့ဆောင်ရန် အကြီးအကဲများကို စေလွှတ်လိုက်ကြပြီး သူတို့ကိုယ်တိုင်မှာမူ ထိုဖျက်ဆီးရေးဘုရင်မှာ နတ်ဘုရားသောင်းချီနယ်မြေမှ လွတ်မြောက်မသွားစေရန် ဤနေရာ၌ပင် စောင့်ကြပ်နေကြတော့သည်။
ဒုန်ဖန်းရှန့်မင်မှာမူ လွန်စွာ ဝမ်းနည်းပူဆွေးနေမိသည်။ သူသည် ချင်ယွမ်ဖုန်းအား မိမိ၏ ဆက်ခံသူအဖြစ် ကျွေးမွေးပြုစုလာခဲ့သော်လည်း ယခုကဲ့သို့သော အဖြစ်အပျက်နှင့် ကြုံတွေ့လိုက်ရသဖြင့် လွန်စွာ စိတ်ထိခိုက်နေရရှာသည်။
"နှမြောစရာပဲ ပါရမီရှင်တစ်ယောက်က ငယ်ငယ်ရွယ်ရွယ်နဲ့ ကွယ်လွန်သွားရရှာပြီ" ဒုန်ဖန်းရှန့်မင်က ညည်းတွားရင်း လေသံတိုးတိုးဖြင့် ဆိုလိုက်သည်။
"ယွမ်ဖုန်း... နောက်ဘဝကျရင် ငါတို့တွေ ဆရာတပည့်အဖြစ် ပြန်ဆုံကြတာပေါ့"
ရက်အနည်းငယ် ကြာသောအခါ ချင်ယွမ်ဖုန်းမှာ မိမိအသက်ကို စတေး၍ အခြားသူများကို ကယ်တင်ခဲ့သည့်အတွက် ဂိုဏ်းပေါင်း သုံးဆယ်မှ တပည့်အများစု အသက်ရှင်ခဲ့ရကြောင်း သတင်းမှာ အရပ်မျက်နှာအနှံ့ ပျံ့နှံ့သွားတော့သည်။
လုယွဲ့အင်ပါယာနှင့် ဝေးကွာသော အရပ်ဒေသများ၌ပင် ချင်ယွမ်ဖုန်းဟူသော အမည်မှာ လူသိများလာခဲ့သည်။
ထို့ပြင် ချင်ယွမ်ဖုန်း၏ ယခင်က လုပ်ဆောင်ချက်များကိုလည်း စုံစမ်းစစ်ဆေးကာ ပုံကြီးချဲ့၍ ပြောဆိုနေကြသဖြင့် ချင်ယွမ်ဖုန်းမှာ ပိုမိုကျော်ကြားလာကာ ထမင်းဝိုင်းများ၌ပင် ပြောမကုန်သော အကြောင်းအရာတစ်ခု ဖြစ်လာတော့သည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ အသိပေးသံများမှာ အလုံးအရင်းနှင့် ပေါ်ပေါက်လာလေသည်။
"ဝမ်ဝူး၏ ကြည်ညိုမှု +၁၀၀"
"ချင်လျူ၏ တုန်လှုပ်မှု +၁၀၀"
အကယ်၍သာ သူ၏ ကိုယ်တွင်း၌ အားကောင်းလှသော ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ်သာ မရှိပါက သူသည် ပေါက်ကွဲသွားလောက်ပြီ ဖြစ်သည်။
ချင်ယွမ်ဖုန်းတွင် ယခုအခါ အနည်းဆုံး သန်းနှင့်ချီသော အသိပေးချက်များ ရရှိနေပြီး ထိုအရာများမှာ လူအများက ပေးအပ်သော ယုံကြည်မှုတန်ဖိုးများ ဖြစ်ကြသည်။ ထိုတန်ဖိုးများမှာလည်း အဆက်မပြတ်ပင် စီးဝင်နေဆဲ ဖြစ်သည်။
သုညအထိ ကျဆင်းသွားခဲ့သော ယုံကြည်မှုတန်ဖိုးများမှာ ရုတ်တရက်ပင် ရှည်လျားလှသော ဂဏန်းများအဖြစ် ပြောင်းလဲသွားတော့သည်။ ကံမကောင်းစွာပင် ချင်ယွမ်ဖုန်းမှာ ဤအရာများကို လက်ရှိတွင် မမြင်တွေ့နိုင်သေးချေ။
သို့မဟုတ်ပါက သူသည် ဝမ်းသာလွန်း၍ မေ့လဲသွားနိုင်ပေသည်။
ထိုနေ့က ချင်ယွမ်ဖုန်းမှာ အင်အားကုန်ခမ်းကာ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးအတွင်းသို့ ခေါင်းစိုက်ကျသွားခဲ့သည်။
အနန္တပုံရိပ်မှာ သံမဏိဝတ်ရုံတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ချင်ယွမ်ဖုန်း၏ တစ်ကိုယ်လုံးကို လွှမ်းခြုံထားပေးခဲ့သည်။
ချင်ယွမ်ဖုန်းမှာ လေထဲမှ အရှိန်ဖြင့် ကျဆင်းသွားသော်လည်း များမကြာမီမှာပင် သူ၏ ပုံရိပ်မှာ လေထဲ၌ ကွယ်ပျောက်သွားတော့သည်။ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးသည် ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ပိတ်ဆို့ထားခြင်း ဖြစ်သည်ကို သိထားရပေမည်။
ယခုအခါ ချင်ယွမ်ဖုန်းမှာ ထိုဟင်းလင်းပြင် လမ်းကြောင်းအတွင်းသို့ တိုက်ရိုက် ကျဆင်းသွားခြင်းပင် ဖြစ်တော့သည်။
ချင်ယွမ်ဖုန်းမှာ ဤအရာများကို လုံးဝ မသိရှိဘဲ မျက်လုံးဖွင့်ကြည့်လိုက်သောအခါတွင် ခဲနေသော သွေးကဲ့သို့ နက်မှောင်သော သွေးရောင်လွှမ်းသည့် မိုးကောင်းကင်ကိုသာ မြင်တွေ့လိုက်ရသည်။
သူသည် မြေပြင်ပေါ်၌ စက္ကန့်အနည်းငယ်မျှ ကြောင်အအဖြင့် လဲလျောင်းနေပြီးမှ မေ့လဲမသွားမီက ဖြစ်ပျက်ခဲ့သည်များကို ပြန်လည်သတိရကာ အလျင်အမြန်ပင် ထရပ်လိုက်သည်။
ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ ဤနေရာမှာ မည်သည့်နေရာမှန်း သူ မသိတော့ချေ။ အရပ်မျက်နှာတိုင်းမှာ ခြောက်သွေ့ဆိတ်သုဉ်းနေသော ရှုခင်းများသာ ရှိသည်။
မိုးကောင်းကင်မှာ နက်မှောင်သော သွေးရောင်ဖြစ်နေပြီး နေမင်းမှာပင် သွေးရောင်အရိပ်အယောင်များ လွှမ်းနေလေသည်။
အရေးကြီးဆုံးမှာ ဤနေရာတွင် များပြားလှသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ တည်ရှိနေခြင်းပင်။ ထိုအရှိန်အဝါများမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်ရှိ ဝိညာဉ်စွမ်းအင်များကဲ့သို့ပင် နေရာအနှံ့၌ ပျံ့နှံ့နေသည်။
"ဒါက တကယ်တော့ ဘယ်နေရာလဲ" ချင်ယွမ်ဖုန်းက တွေးတောမိသည်။ "ငါ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးထဲက ဟင်းလင်းပြင် လမ်းကြောင်းကို ဖြတ်ကျော်လာခဲ့တာလား"
ထိုအချိန်တွင် ရှောင်လင်မှာ ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ ပေါ်လာသည်။ "သခင်... ဒါက ရှန်းဝူ စကြဝဠာ တိုက်ကြီး မဟုတ်တော့ဘူး"
ချင်ယွမ်ဖုန်းမှာ ဤစကားကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားမိသည်။
"ရှန်းဝူ စကြဝဠာ တိုက်ကြီး မဟုတ်ဘူးလား။ ငါ အခု တခြားကမ္ဘာတစ်ခုကို ရောက်သွားတာလား" ချင်ယွမ်ဖုန်းက တုန်လှုပ်စွာဖြင့် မေးလိုက်သည်။
"ဒါဆိုရင် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးအောက်မှာ ပိတ်ထားတဲ့ ဟင်းလင်းပြင် လမ်းကြောင်းက တကယ်ပဲ တခြားကမ္ဘာတစ်ခုကို ဆက်သွယ်ထားတာပေါ့လေ"
ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌ လှိုင်းတံပိုးများ ထသကဲ့သို့ ခံစားလိုက်ရပြီး မေးခွန်းပေါင်းများစွာ ပေါ်ပေါက်လာတော့သည်။
"ဒါ ဖြစ်နိုင်ခြေ ရှိပါတယ်" ရှောင်လင်က ခေါင်းညိတ်ပြလိုက်သည်။ "ဒီနေရာက ဘယ်နေရာလဲဆိုတာ ကျွန်မ မသိပေမဲ့ ရှန်းဝူ စကြဝဠာ တိုက်ကြီး မဟုတ်တာတော့ သေချာပါတယ်"
"ဒါနဲ့ ရှောင်လင်... ငါ တခြားကမ္ဘာတွေကို သွားလို့ရရင် ကမ္ဘာမြေကိုရော ပြန်သွားလို့ ရမလား" ချင်ယွမ်ဖုန်းက အလျင်အမြန်ပင် မေးလိုက်သည်။
ရှောင်လင်က အတည်ပြုသောအားဖြင့် ခေါင်းညိတ်လိုက်သည်။ "ဖြစ်နိုင်တာပေါ့ အရှင်သခင်။ ဒါပေမဲ့ သခင်က ဟင်းလင်းပြင်ကို ဖောက်ထွက်နိုင်တဲ့ နယ်ပယ်အထိ ကျင့်ကြံနိုင်ဖို့တော့ လိုအပ်လိမ့်မယ်"
ဤအဖြေကို ရရှိလိုက်သောအခါ ချင်ယွမ်ဖုန်းမှာ ရင်ထဲ၌ ဖော်မပြနိုင်လောက်အောင် စိတ်သက်သာရာ ရသွားတော့သည်။ အနည်းဆုံးတော့ သူသည် မိမိ၏ ဇာတိမြေသို့ ပြန်လည် မြင်တွေ့နိုင်မည့် အခွင့်အရေး ရှိနေသေးသည် မဟုတ်လော။
ထိုအတွေးများကို ဘေးဖယ်လိုက်ရင်း ချင်ယွမ်ဖုန်းမှာ မိမိခြေရင်းကို ကြည့်လိုက်သောအခါ သူလဲလျောင်းနေခဲ့သည့် နေရာမှာ ကျောက်တုံးကြီး တစ်ခု၏ နောက်ကွယ်၌ ဖြစ်ကြောင်း တွေ့လိုက်ရသည်။
မြေပြင်ပေါ်တွင်လည်း ရှုပ်ပွနေသော ခြေရာများစွာ ရှိနေပြီး သူနှင့် မလှမ်းမကမ်း၌ ငြိမ်းသတ်ထားသော မီးဖိုတစ်ခုကိုလည်း တွေ့ရသည်။
ဤအချက်များအားလုံးမှာ ဤနေရာတွင် လူသားများ ရှိခဲ့ကြောင်း ညွှန်ပြနေသော်လည်း မည်သည့်အကြောင်းကြောင့် မရှိတော့သည်ကိုမူ မသိရချေ။
ချင်ယွမ်ဖုန်းမှာ အနန္တပုံရိပ်ကို ပြန်သိမ်းလိုက်သည်။ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ လွှမ်းမိုးနေသော ဤနေရာ၌ ချင်ယွမ်ဖုန်းမှာ မိမိ၏ စိတ်မှာ ထိုအရှိန်အဝါများ၏ တိုက်စားမှုကို အမြဲတစေ ခံနေရသကဲ့သို့ ခံစားရသည်။
အကယ်၍ ဤနေရာ၌ အချိန်ကြာမြင့်စွာ နေထိုင်ရပါက မိမိကိုယ်မိမိ မည်သို့သော အခြေအနေသို့ ရောက်ရှိသွားမည်ကို ချင်ယွမ်ဖုန်း မတွေးရဲတော့ချေ။
ချင်ယွမ်ဖုန်းမှာ စိတ်ပျက်လက်ပျက်ဖြင့် စဉ်းစားနေစဉ် လူရိပ်တစ်ခုမှာ သူ၏ထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာသည်။
ထိုသူမှာ ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးဖြစ်ပြီး ခြေလှမ်းများမှာ တည်ငြိမ်ကာ အင်အားပါလှသည်။ သူသည် မီးဖိုနားသို့ ဖြည်းဖြည်းချင်း လာရောက်ကာ မီးကို ပြန်လည် မွှေးလိုက်သည်။
"လူငယ်လေး... မင်း ဘာလို့ ဒီကို ရောက်လာတာလဲ" ထိုအမျိုးသားက သူ၏ ဝတ်ရုံရှည်ကို ချွတ်လိုက်ရင်း လေသံတိုးတိုးဖြင့် မေးလိုက်သည်။
ချင်ယွမ်ဖုန်းမှာ ရှေ့သို့ အမြန် တိုးသွားလိုက်သည်။ "အကြီးအကဲ... ကျွန်တော် ဒီကို မတော်တဆ ရောက်လာတာပါ"
"မတော်တဆ ရောက်လာတာလား။ ဟင်းလင်းပြင် လမ်းကြောင်းရဲ့ တစ်ဖက်ခြမ်းက ကြီးမားတဲ့ အစီအရင်တစ်ခုနဲ့ ချိတ်ဆက်ထားတာ။ မင်း မတော်တဆ ရောက်လာတာတော့ မဖြစ်နိုင်ပါဘူး" ထိုအမျိုးသားက ချင်ယွမ်ဖုန်းအား မော့ကြည့်လိုက်သည်။
ထိုအမျိုးသား၏ မျက်နှာကို မြင်လိုက်ရသော ခဏ၌ ချင်ယွမ်ဖုန်းမှာ ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလိုက်သည်။ ဤလူသည် တစ်နေရာရာ၌ မြင်ဖူးသကဲ့သို့ လွန်စွာ ရင်းနှီးနေသည်ဟု သူ ခံစားရလေသည်။
"ဟေ့ လူငယ်လေး... ငါ မင်းကို စကားပြောနေတယ်လေ" ထိုအမျိုးသားက ချင်ယွမ်ဖုန်း၏ မျက်နှာရှေ့တွင် လက်ကို ဝေ့ယမ်းပြလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်သည်။ "တကယ်တော့ မတော်တဆတော့ မဟုတ်ပါဘူး။ အစီအရင်ရဲ့ တစ်ဖက်ခြမ်းမှာ ပြဿနာအချို့ ရှိနေခဲ့တာပါ၊ ဒါပေမဲ့ ကျွန်တော် ဒီကို ရောက်လာတာကတော့ တကယ့်ကို မမျှော်လင့်ဘဲ ဖြစ်သွားတာပါ"
"အစီအရင်မှာ ပြဿနာရှိတယ် ဟုတ်လား" ထိုအမျိုးသားမှာ ဤစကားကို ကြားသောအခါ ချက်ချင်းပင် အံ့အားသင့်သွားသည်။ "အစီအရင်မှာ ဘယ်လို ပြဿနာမျိုး ဖြစ်တာလဲ"
ချင်ယွမ်ဖုန်းမှာ ထိုသူ၏ နောက်ခံကို မသိရှိသော်လည်း နတ်ဘုရားသောင်းချီနယ်မြေအတွင်း ဖြစ်ပျက်ခဲ့သမျှကို ၎င်းအား ပြောပြလိုက်လေသည်။
"မင်းပြောတာက မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်မှာ အပေါက်ကြီးတစ်ခု ဖြစ်သွားတာပေါ့လား။ မဟုတ်တာ... ငါ တကယ်ပဲ ပေါ့ဆမိသွားတာပဲ" ထိုအမျိုးသားက နောင်တရဟန်ဖြင့် ဆိုလိုက်သည်။
"ဆရာကြီး... ဒီနေရာက ဘယ်နေရာလဲ။ ပြီးတော့ ဝူခွေး ဆိုတာတွေက ဘာတွေလဲ" ချင်ယွမ်ဖုန်းမှာ သိလိုစိတ်များ ပြည့်နှက်နေသည်။
ထိုအမျိုးသားမှာ သက်ပြင်းကို လေးလံစွာ ချလိုက်ပြီး "တချို့အရာတွေကို ရှန်းဝူ စကြာဝဠာ တိုက်ကြီးက မေ့လျော့နေခဲ့ကြပြီပဲ"
အခန်း (၂၄၈)သွေးသားတော်စပ်ခြင်း
“မေ့သွားပြီလား” ချင်ယွမ်ဖုန်းသည် ပို၍ပင် ထူးဆန်းအံ့သြသွားလေသည်။
ထိုလူက ရယ်မောလိုက်ပြီးလျှင် “ထားလိုက်ပါတော့လေ၊ ဒါတွေက လွန်ခဲ့တဲ့ အချိန်အတော်ကြာက ကိစ္စတွေပဲဥစ္စာ။ ဒါနဲ့ မင်း အဲဒီတံဆိပ်တော်ကို ပြင်နိုင်လို့လား” ဟု မေးမြန်းလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ကာ “ကျွန်တော်က အဲဒီတံဆိပ်တော်ကို ယာယီပဲ ပိတ်ဆို့ထားနိုင်တာပါ။ မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးပေါ်က ဝိညာဉ်အဆောင်ပုံရိပ်တွေက ကျွန်တော်တုပဖို့အတွက် အရမ်းကို အစွမ်းထက်လွန်းနေလို့ပါ” ဟု ပြန်လည်ဖြေကြားခဲ့၏။
“ဒီလောက်လုပ်နိုင်တာတောင် တော်တော်လေး ကောင်းလှပါပြီ” ထိုလူသည် အလွန်ပင် ဝမ်းမြောက်ဝမ်းသာ ဖြစ်နေဟန်တူသည်။
“မင်းနာမည်က ဘယ်သူလဲ”
“ဂျူနီယာ ချင်ယွမ်ဖုန်းပါ” ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ကို ပူးယှက်၍ ဂါရဝပြုရင်း ပြောဆိုလိုက်သည်။
“ချင်ယွမ်ဖုန်း ဟုတ်လား။ မင်းမျိုးရိုးနာမည်က ချင်လား” ထိုလူသည် ပို၍ပင် အံ့သြသွားကာ ချင်ယွမ်ဖုန်းကို စိုက်ကြည့်နေမိတော့သည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်ပြီး “ဟုတ်ပါတယ်၊ ဘာဖြစ်လို့လဲ။ ကျွန်တော်တို့ အရင်က ဆုံဖူးလို့လား”
ထိုလူသည် ရှေ့သို့တစ်လှမ်းတက်လာပြီး ချင်ယွမ်ဖုန်း၏ ပုခုံးကို ဆုပ်ကိုင်လိုက်ကာ “မင်းအမေနာမည်က ဘယ်သူလဲ” ဟု မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ရာ ဖြစ်ပျက်တော့မည်ကို ကြိုတင်ခံစားမိလိုက်ပြီး “ကျွန်တော့်အမေနာမည်က ချင်ဟွားပါ” ဟု ဆိုလိုက်၏။
“ချင်ဟွား... တကယ်ပဲ သူပဲကိုး...” ထိုလူသည် စိတ်လွတ်ကိုယ်လွတ် ဖြစ်သွားဟန်ဖြင့် တစ်ခါတစ်ရံ ငိုလိုက်၊ တစ်ခါတစ်ရံ ရယ်လိုက်နှင့် ဖြစ်နေပြီး အတော်ကြာမှ စိတ်ပြန်လည် တည်ငြိမ်သွားတော့သည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ကာ တစ်စုံတစ်ရာကို ပို၍ပင် သေချာသွားလေသည်။
“အကြီးအကဲ... ကျွန်တော့်အမေနဲ့ ဘယ်လိုပတ်သက်တာလဲ” ချင်ယွမ်ဖုန်းက အေးစက်စက် လေသံဖြင့် မေးမြန်းလိုက်၏။
ယင်းကို ကြားသောအခါ ထိုလူသည် ခေါင်းကို အမြန်လှည့်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ချင်ယွမ်ဖုန်းကို ကြည့်ကာ “ကလေး... ငါက မင်းရဲ့အဖေပဲ” ဟု ပြောချလိုက်တော့သည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ ယင်းမှာ တကယ်ပင် ပုံစံခွက်ထဲကအတိုင်း ဖြစ်ပျက်လာသော ဇာတ်လမ်းတစ်ခုသာ ဖြစ်၏။
ကောင်းကင်ဘုံက သူ့ကို ဤမျှအထိ ဒုက္ခဆင်းရဲခံပြီး ဤနေရာသို့ လာခိုင်းသည်မှာ မိသားစု ပြန်လည်ဆုံတွေ့ဖို့ရန်အတွက် ဖြစ်လိမ့်မည်ဟု သူ လုံးဝမထင်မှတ်ထားခဲ့ပေ။
“ကျွန်တော့်မှာ အဖေမရှိပါဘူး” ချင်ယွမ်ဖုန်းက လျစ်လျူရှုစွာ ပြောလိုက်သည်။
ထိုလူသည် သူ၏အသွင်အပြင်ကို အနည်းငယ် ပြန်လည်ပြင်ဆင်လိုက်ပြီး စိုးရိမ်တုန်လှုပ်နေဟန်ဖြင့် “ငါပြောတာက ငါက မင်းရဲ့ သွေးသားရင်းချာ အဖေပါ။ ချင်ဟွားက ငါ့ရဲ့ဇနီးလေ...”
“တော်ပါတော့။ ကျွန်တော့်မှာ အဖေမရှိသလို၊ ကျွန်တော့်အမေမှာလည်း လင်ယောက်ျား မရှိပါဘူး။ စီနီယာ... ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် လေးစားမှုရှိပါ” ချင်ယွမ်ဖုန်းက လေးလံသောလေသံဖြင့် တားမြစ်လိုက်သည်။
ချင်ယွမ်ဖုန်း၏ စကားများကြောင့် ရှေ့မှလူမှာ အနည်းငယ် စိတ်ရှုပ်ထွေးသွားရသည်။ ချင်ယွမ်ဖုန်းက သူ့အပေါ် အဘယ်ကြောင့် ဤကဲ့သို့ ဆက်ဆံရသည်ကိုလည်း သူ နားလည်နေ၏။
ခဏမျှ အခြေအနေမှာ အနေရခက်စရာ ဖြစ်သွားရသည်။
“ကိစ္စတွေက မင်းထင်သလို မဟုတ်ပါဘူး” ထိုလူက နောက်ဆုံးတွင် တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်သည်။
“မင်းအတွက် အခုအချိန်မှာ အချို့အရာတွေကို သိဖို့က စောလွန်းနေသေးတယ်၊ ဒါကြောင့် ငါ မင်းကို အပြင် ပြန်ပို့ပေးမယ်”
ချင်ယွမ်ဖုန်းသည် ထိုလူကို တိတ်တဆိတ် ခိုးကြည့်လိုက်မိပြီး ဘာပြောရမှန်း မသိဖြစ်နေသည်။ နောက်ဆုံးတွင်မူ သူသည် အလွန်ပင် ခပ်တန်းတန်း စကားတစ်ခွန်းကိုသာ မဆိုချင်ဘဲ ဆိုလိုက်ရ၏။
“ကျေးဇူးတင်ပါတယ် အကြီးအကဲ”
အလွန်ပင် ကွာဟလွန်းလှသော စကားကို ကြားလိုက်ရသည့်အခါ ထိုလူ၏ မျက်လုံးများထဲ၌ နက်ရှိုင်းသော အထီးကျန်မှု အရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
“မင်းရဲ့အမေ... အမေက ဘယ်လိုနေသေးလဲ” ထိုလူက သတိထား၍ မေးမြန်းရှာသည်။
ချင်ယွမ်ဖုန်းက ထိုလူကို ကြည့်လိုက်ပြီး နောက်ဆုံးတွင် အမှန်အတိုင်း ပြောပြလိုက်၏။
“ကျွန်တော့်အမေ ဆုံးသွားပါပြီ။ လွန်ခဲ့တဲ့ နာရီဝက်လောက်က အဆုံးမရှိတဲ့ အရှက်ခွဲမှုတွေကို ခံစားခဲ့ရပြီးနောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တာပါ”
“ဘာ”
ထိုလူသည် ယင်းကို ကြားလိုက်ရသောအခါ သူ၏ အရှိန်အဝါများမှာ ရုတ်ချည်း ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ထိုခဏ၌ ချင်ယွမ်ဖုန်းသည် တစ်ကိုယ်လုံး အမှုန့်ဖြစ်သွားတော့မတတ် ခံစားလိုက်ရ၏။
ထိုလူသည် မည်သို့မျှ လှုပ်ရှားခြင်း မပြုခဲ့သော်လည်း သူ၏ နောက်ကွယ်မှ မြေပြင်မှာ ပြင်းထန်စွာ ပေါက်ကွဲထွက်သွားသည်။
ကျောက်တုံးကြီးများသည် ကောင်းကင်ပေါ်သို့ လွင့်စင်သွားပြီးနောက် အပိုင်းပိုင်းအစစ ကြေမွသွားတော့၏။
ကောင်းကင်မှ ကျောက်မှုန့်များ ဖြည်းညှင်းစွာ လွင့်ပျံကျလာပြီး မြေပြင်တစ်ခုလုံးကို ကျောက်မှုန့်အဖြူရောင်များဖြင့် ဖုံးလွှမ်းသွားစေသည်။
“ဘယ်သူလဲ။ ဘာလို့ သူက ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ရတာလဲ။ သူက ငါပြန်လာတာကို စောင့်နေမယ်လို့ ပြောခဲ့တာပဲဥစ္စာ” ထိုလူသည် တုန်ရင်နေသော လေသံဖြင့် မေးမြန်းနေတော့သည်။
ချင်ယွမ်ဖုန်း၏ မျက်နှာမှာ အနည်းငယ် ညှိုးငယ်သွားရ၏။
“လွန်ခဲ့တဲ့ တစ်နှစ်ခွဲလောက်က ကျွန်တော် ပါရမီတွေ အကုန်ဆုံးရှုံးသွားပြီး လူပိုတစ်ယောက် ဖြစ်သွားခဲ့တာပါ။ လူတိုင်းက ကျွန်တော့်ကို ရှောင်ဖယ်သွားကြပြီး ကျွန်တော့်ကြောင့်ပဲ အမေက အစော်ကားခံခဲ့ရတာ၊ နောက်ဆုံးတော့ ဒေါသတကြီးနဲ့ပဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားခဲ့တယ်...”
“ဘယ်လိုဖြစ်နိုင်မှာလဲ...” ထိုလူသည် လက်သီးကို တင်းတင်းဆုပ်ထားသည်။ သူ၏ အကြည့်များမှာ ကမ္ဘာကြီးတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်လောက်စရာ ဖြစ်နေသော်လည်း အတော်ကြာမှ ပြန်လည် တည်ငြိမ်သွားလေသည်။
“ငါနဲ့ လိုက်ခဲ့” ဟု ထိုလူက ခပ်အေးအေး ပြောလိုက်သည်။
သူသည် ချင်ယွမ်ဖုန်း ဖြတ်သန်းလာခဲ့သော ဟင်းလင်းပြင်လမ်းကြောင်းဆီသို့ ခေါ်ဆောင်သွား၏။
ယင်းမှာ ရှန်းဝူ စကြဝဠာ တိုက်ကြီးသို့ သွားနိုင်သော တစ်ခုတည်းသော လမ်းကြောင်းပင် ဖြစ်သည်။
ဟင်းလင်းပြင်လမ်းကြောင်းသည် ကမ္ဘာဦးအပေါက်ကြီးတစ်ခုကဲ့သို့ လေထုထဲတွင် ဆိုင်းငံ့နေပြီး ၎င်း၏အပြင်ဘက်၌ ထင်ယောင်ထင်မှားဖြစ်စေသော ရွှေရောင် ဝိညာဉ်အဆောင်ပုံရိပ် တစ်လွှာဖြင့် ဖုံးအုပ်ထားလေသည်။
“ကျွန်တော် ဒီကနေ ထွက်လို့မရဘူး။ ကျွန်တော် ဝင်လာတဲ့နေရာက နတ်ဘုရားသောင်းချီနယ်မြေထဲမှာလေ။ ကျွန်တော် အခု ထွက်သွားရင်တောင် နတ်ဘုရားသောင်းချီနယ်မြေထဲကိုပဲ ပြန်ရောက်မှာ” ချင်ယွမ်ဖုန်းက လျစ်လျူရှုစွာ ပြောဆိုလိုက်သည်။
ထိုလူက ခေါင်းခါယမ်းလိုက်ပြီး “မင်း ထွက်သွားလို့ရပါတယ်” ဟု ဆို၏။
ပြောပြောဆိုဆိုဖြင့် ထိုလူသည် ဟင်းလင်းပြင်လမ်းကြောင်းဆီသို့ လက်လှမ်းလိုက်သည်။
ချင်ယွမ်ဖုန်းသည် ထိုလူ၏ ခန္ဓာကိုယ်မှ ထူးခြားသော စွမ်းအင်များ ထွက်ပေါ်လာကာ ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။
“ကဲ... မင်း အခုသွားလို့ရပြီ။ ဒီလမ်းကြောင်းကနေ ထွက်သွားရင် ရှန်းဝူ စကြဝဠာ တိုက်ကြီးကို ပြန်ရောက်လိမ့်မယ်။ ဒါပေမဲ့ အရင်နေရာအတိအကျကို ပြန်ရောက်ဖို့တော့ ငါ အာမမခံနိုင်ဘူး၊ ဒါပေမဲ့ နတ်ဘုရားသောင်းချီနယ်မြေထဲကိုတော့ မဟုတ်တာ သေချာပါတယ်” ထိုလူက အလွန်ပင် ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် ပြောလိုက်သည်။
ချင်ယွမ်ဖုန်းက ခေါင်းငြိမ့်ပြလိုက်ပြီး ထိုလူကို လက်နှစ်ဖက် ပူးယှက်၍ ဂါရဝပြုလိုက်သည်။ “ကျေးဇူးတင်ပါတယ် အကြီးအကဲ။ ဒါကို လက်ခံပေးပါ”
သူသည် သူ၏ သိုလှောင်အိတ်ထဲမှ သစ်ရွက်တစ်ရွက်ကို ထုတ်ယူ၍ ထိုလူ့ထံသို့ ကမ်းပေးလိုက်၏။ ယင်းမှာ နတ်သက်ကြွေဆေးမြက်မှ သစ်ရွက်တစ်ရွက်ပင် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် ရုတ်တရက် ပေါ်လာသော ဤအဖေဖြစ်သူကို မည်သို့ ရင်ဆိုင်ရမည်မှန်း မသိပေ။ သူ၏ အမှတ်ရမှုများတွင် ကမ္ဘာမြေ၌ဖြစ်စေ၊ ရှန်းဝူ စကြဝဠာ တိုက်ကြီး၌ဖြစ်စေ ‘အဖေ’ ဟူသော စကားလုံးမှာ သူ့အတွက် အလွန်ပင် စိမ်းသက်လှသည်။
ထိုလူသည် တုန်တုန်ရင်ရင်ဖြင့် ထိုသစ်ရွက်ကို လှမ်းယူလိုက်ပြီး မျက်နှာတွင် စိတ်သက်သာရာရမှုများဖြင့် ပြည့်နှက်သွားလေသည်။
“ကောင်းတယ်၊ တကယ်ကို ကောင်းတယ်” ထိုလူက ပြုံးလိုက်သည်။ “မင်းရဲ့ အခြေအနေက တစ်ခုခု မှားနေသလိုပဲ။ လွန်ခဲ့တဲ့ တစ်နှစ်ခွဲက မင်းရဲ့ ပါရမီတွေ ဆုံးရှုံးသွားရတာ ဘာကြောင့်လဲ”
“ဘာမှမဟုတ်ပါဘူး” ချင်ယွမ်ဖုန်းသည် သူ ကောင်းကင်ဘုံသုဉ်း ‘ဂူ’ အဆိပ်မိထားသည်ကို ထိုလူအား မသိစေချင်ပေ။ အထူးတလည် အကြောင်းပြချက် မရှိသော်လည်း ဤနေရာတွင် မပြောသင့်ဟုသာ သူ ခံစားနေရသည်။
“ကောင်းပြီလေ၊ ငါ တစ်ချို့အရာတွေကို ခန့်မှန်းလို့ ရပေမဲ့ မင်းကိုယ်ထဲက ပြဿနာကိုတော့ ငါတောင် ဖြေရှင်းပေးလို့ မရဘူး” ထိုလူက တစ်စုံတစ်ရာကို သိရှိနေဟန်ဖြင့် အေးအေးဆေးဆေးပင် ပြောလိုက်သည်။
ချင်ယွမ်ဖုန်းသည် ဘာမှမပြောဘဲ ခေါင်းငြိမ့်ပြလိုက်၏။
“မင်းဆီက အရာတစ်ခုခုက ချိပ်ပိတ်ခံထားရတာကိုလည်း ငါမြင်နေရတယ်။ အဲဒါကို ပွင့်သွားအောင် ငါကူညီပေးမယ်၊ ဒါကို ငါ့ဆီက ပေးတဲ့ လျော်ကြေးလေးတစ်ခုလို့ပဲ သဘောထားလိုက်ပါ”
ထိုလူက ပြောပြောဆိုဆိုဖြင့် ချင်ယွမ်ဖုန်း၏ အဖြေကိုပင် မစောင့်တော့ဘဲ လက်ကို ဝှေ့ယမ်းလိုက်ရာ ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်ထဲမှ တံဆိပ်တော်တစ်ခု လွင့်ပျံထွက်လာသည်။
ယင်းမှာ ချင်ယွမ်ဖုန်း အရင်က ရရှိထားခဲ့သော တစ္ဆေတံဆိပ်တော်ပင် ဖြစ်၏။
ချင်ယွမ်ဖုန်းမှာ ထိတ်လန့်သွားရသည်။
သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းကို တိုက်ရိုက်ထုတ်ယူနိုင်သည်မှာ ဒဏ္ဍာရီလာ ဟင်းလင်းပြင်ဆိုင်ရာ နတ်ဘုရားတန်ခိုးတော်ပင် ဖြစ်ရမည်ဖြစ်ပြီး အလွန်ပင် နက်ရှိုင်းသော ကျင့်ကြံခြင်းအဆင့်သို့ ရောက်ရှိနေခြင်းလည်း ဖြစ်ပေလိမ့်မည်။
ဤကမ္ဘာလောကတွင် အချိန်၊ ဟင်းလင်းပြင်၊ မွေးဖွားခြင်းနှင့် သေဆုံးခြင်း စသည့် လောကနိယာမများစွာ ရှိပြီး ယင်းတို့အားလုံးမှာ လောကနိယာမ ဘောင်အတွင်း၌ ရှိကြသည်။
အလွန်နည်းပါးသော လူသားအချို့သာလျှင် လောကနိယာမ စွမ်းအားကို နားလည်သဘောပေါက်နိုင်ကြ၏။
ထိုသူများကို “ကောင်းကင်နှင့် မြေကမ္ဘာ၏ ရွေးချယ်ခံရသူများ” ဟု ခေါ်ဆိုကြသည်။ သူတို့သည် ထူးခြားသော အခွင့်အရေးများမှတစ်ဆင့် ကောင်းကင်နှင့် မြေကမ္ဘာ၏ နိယာမများကို နားလည်သဘောပေါက်နိုင်ပြီး ကိုယ်ပိုင်ရည်ရွယ်ချက်များအတွက် အသုံးချနိုင်ကြခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်း၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို အဝေးမှ လှမ်းယူနိုင်ခြင်းနှင့် ဟင်းလင်းပြင်လမ်းကြောင်းကို ပြောင်းလဲနိုင်ခြင်းမှာ ဒဏ္ဍာရီလာ ဟင်းလင်းပြင်ဆိုင်ရာ နိယာမပင် ဖြစ်တန်ရာသည်။
ရှောင်လင်ကလည်း ဤတစ္ဆေတံဆိပ်တော်မှာ မှော်လက်နက်တစ်ခု ဖြစ်သော်လည်း ချိပ်ပိတ်ခံထားရခြင်း ဖြစ်ကြောင်း အတည်ပြုပေးခဲ့ဖူးသည်။
“ဒီတံဆိပ်တော်က တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ၊ မိစ္ဆာကျင့်ကြံသူတစ်ယောက်ဆီက ပစ္စည်းနဲ့ တူတယ်လေ။ ဒါပေမဲ့ အကောင်းနဲ့အဆိုးဆိုတာက အဲဒါကို သုံးတဲ့သူပေါ်မှာပဲ မူတည်ပါတယ်” ထိုလူက ပြုံးလိုက်ပြီး တစ္ဆေတံဆိပ်တော်ပေါ်သို့ သူ၏လက်ဝါးဖြင့် အသာအယာ ပွတ်သပ်လိုက်သည်။
နောက်တစ်ခဏ၌ ထူထပ်သော မြူနက်များမှာ တစ္ဆေတံဆိပ်တော်ကို ရစ်ပတ်သွားပြီး နိုးထလာသကဲ့သို့ ဖြစ်သွားတော့သည်။
“ကဲ... ဒီမှော်လက်နက်ကို ဘယ်လိုသုံးမလဲဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်ပါတော့တယ်” ထိုလူက ပြုံးလျက် ဆိုလိုက်လေသတည်း။