အခန်း (၂၅၁-၂၅၂)
Vol. 14 Ch. 151-252
အခန်း(၂၅၁)လမ်းကြောင်းမေးမြန်းပြီးသည်နှင့် ချင်ယွမ်ဖုန်းသည် ခန်နှင့် နာရင်ထူးယားတို့ ရှိနေသည့် နေရာသို့ ချက်ချင်းပင် အပြေးအလွှား သွားလေတော့သည်။
ယခုအချိန်တွင် မြက်ခင်းပြင်ကြီးသည် အုပ်စုနှစ်စု ကွဲပြားနေလေပြီ။
တစ်စုမှာ ပုယန် ဦးဆောင်သည့် သံမဏိစစ်သည်များ အထူးတပ်ဖွဲ့ဖြစ်ပြီး အခြားတစ်စုမှာ မန်တာ ဦးဆောင်သော အင်အားစုအသီးသီး ဖြစ်ကြသည်။
မန်တာသည် ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ အခွင့်အာဏာကို ဆုပ်ကိုင်ထားနိုင်ပြီး မြက်ခင်းပြင်ကြီးအား တစ်စုတစ်စည်းတည်း ဖြစ်အောင် လုပ်ဆောင်နိုင်ပါက မြက်ခင်းပြင်ပေါ်ရှိ မျိုးနွယ်စုများအကြား နောက်နောင်တွင် စစ်ပွဲများ ထပ်မံမဖြစ်ပွားစေရန် အမိန့်တော် ထုတ်ပြန်ပေးမည်ဟု ကတိပြုထားသည်။
ဤသည်မှာ မြက်ခင်းပြင်ပေါ်ရှိ လူသားအားလုံး၏ ဆန္ဒဖြစ်ပေရာ မျိုးနွယ်စု အများအပြားသည် မန်တာနှင့် ပူးပေါင်းရန် မြောက်ဘက်သို့ စတင် ရွှေ့ပြောင်းလာကြလေသည်။
ချင်ယွမ်ဖုန်းသည် လေပြင်းတစ်စင်ကဲ့သို့ မြက်ခင်းပြင်ကို ဖြတ်ကျော်ကာ ဂီရီလီတာနာမြစ်ကို လျင်မြန်စွာ ကျော်ဖြတ်လာခဲ့ရာ အဝေးမှ တဲအစုအဝေးများကို လှမ်းမြင်လိုက်ရသည်။
သူသည် ဖြည်းညင်းစွာ လမ်းလျှောက်သွားပြီး တဲများအပြင်ဘက်တွင် ရပ်လိုက်၏။
“နေဦး၊ မင်းက ဘယ်သူလဲ” မြက်ခင်းပြင်မှ သိုင်းပညာရှင်တစ်ဦးက ချင်ယွမ်ဖုန်းကို တားဆီးလိုက်သည်။
“ကျွန်တော်က ချင်ယွမ်ဖုန်းပါ၊ ခန်ကို တွေ့ချင်လို့ပါ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
ထိုသိုင်းပညာရှင်က ခေါင်းညိတ်ပြီး “ဒီမှာ ခဏစောင့်ပါဦး။ အလယ်ပိုင်းဒေသက လူတစ်ယောက် ရောက်လာရင် ယဉ်ယဉ်ကျေးကျေး ဆက်ဆံရမယ်လို့ ခန်က မိန့်ကြားထားပါတယ်” ဟု ဆိုသည်။
“ဒါဆိုရင် အကူအညီပေးပါဦး” ချင်ယွမ်ဖုန်းက ပြုံးပြလိုက်၏။
မကြာမီပင် ထိုသိုင်းပညာရှင်သည် အထဲမှ ပြန်ထွက်လာပြီး ချင်ယွမ်ဖုန်းကို တဲအတွင်းသို့ ခေါ်ဆောင်သွားလေသည်။
“ဟားဟားဟား၊ ယွမ်ဖုန်း၊ မင်း တကယ် ပြန်လာတာပဲ” ချင်ယွမ်ဖုန်းကို မြင်မြင်ချင်း မန်တာက ကျယ်လောင်စွာ ရယ်မောလိုက်ပြီး နေရာမှ ထကာ ချင်ယွမ်ဖုန်းကို ဖက်လဲတကင်း ကြိုဆိုလေသည်။
“ခန်၊ ကျန်းကျန်းမာမာ ရှိရဲ့လား” ချင်ယွမ်ဖုန်းက ပြုံးလျက် နှုတ်ဆက်သည်။
မန်တာက ခေါင်းညိတ်ပြပြီး ချင်ယွမ်ဖုန်းကို ထိုင်ရန် အချက်ပြလိုက်သည်။
“ယွမ်ဖုန်း၊ မကြာသေးခင်က ငါ တချို့သတင်းတွေ ကြားထားတာ။ အခု မင်းကို ပြန်တွေ့ရတော့ အဲဒီသတင်းတွေက မဟုတ်တာ သေချာသွားပြီပေါ့” ဟု မန်တာက အလွန်ဝမ်းသာနေပုံဖြင့် ပြောသည်။
“ဘာသတင်းတွေလဲ” ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
“မင်းက တခြားဂိုဏ်းက တပည့်တွေကို ကယ်ဖို့အတွက် ကိုယ့်အသက်ကို စတေးပြီး နတ်ဘုရားသောင်းချီနယ်မြေထဲမှာ ကျန်နေခဲ့တယ်လို့ အပြင်မှာ သတင်းတွေ ထွက်နေတာလေ။ ဆေးနတ်ဘုရားဂိုဏ်းကတောင် မင်းအတွက် နာရေးပွဲ ကျင်းပပေးခဲ့သေးတယ်” ဟု မန်တာက ဆိုသည်။
ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးသွားကာ “ကျွန်တော့်အတွက် နာရေးပွဲတောင် လုပ်လိုက်ကြပြီလား။ သူတို့ကတော့ ကျွန်တော် သေပြီလို့ တကယ် ထင်သွားကြတာပဲ။ ဒါနဲ့ ခန်၊ အဲဒီသတင်းကို ကြားတာ ဘယ်လောက်ကြာပြီလဲ”
“ရက်အနည်းငယ် ရှိပြီ။ ထူးယားဆိုရင် ဒီရက်ပိုင်းအတွင်း စိတ်ထိခိုက်ပြီး အတော်လေး ဝမ်းနည်းနေတာ” ဟု မန်တာက အေးအေးဆေးဆေး ပြောပြသည်။
ချင်ယွမ်ဖုန်း စိတ်ထဲတွင် တစ်ခုခု မှားနေပြီဟု တွေးလိုက်မိသည်။ သူ သတိလစ်နေသည့် အချိန်ကို မှားယွင်းတွက်ချက်မိပုံ ရသည်၊ အမှန်တကယ်တွင် အချိန်အတော်ကြာ ကုန်ဆုံးသွားခဲ့ခြင်း ဖြစ်ပေသည်။
“ဒုက္ခပါပဲ၊ ဒါ ကျွန်တော့်အမှားပါ။ နတ်ဘုရားသောင်းချီနယ်မြေကနေ ကျွန်တော် လွတ်လာတဲ့အခါ တစ်ရက်၊ နှစ်ရက်ပဲ ရှိသေးတယ် ထင်နေတာ၊ ဒီလောက်တောင် အချိန်တွေ ကုန်သွားလိမ့်မယ်လို့ မထင်ထားမိဘူး” ဟု ချင်ယွမ်ဖုန်းက စိတ်မကောင်းစွာ ညည်းတွားလိုက်သည်။
မန်တာက ပြုံးလျက် ခေါင်းခါလိုက်ပြီး “မင်း ဘေးကင်းကင်းနဲ့ ရှိနေတာပဲ ကောင်းပါတယ်။ မင်း ဆုံးပါးသွားပြီလို့ ကြားတုန်းက ငါ တကယ်ကို စိတ်မကောင်း ဖြစ်ခဲ့ရတာ”
ချင်ယွမ်ဖုန်းနှင့် မန်တာတို့ စကားစမြည် ပြောဆိုနေစဉ်မှာပင် နာရင်ထူးယားသည် တဲလိုက်ကာကို ရုတ်တရက် မကာ အထဲသို့ ပြေးဝင်လာသည်။ ချင်ယွမ်ဖုန်းကို မြင်သည်နှင့် နာရင်ထူးယား၏ မျက်ရည်များက ဝိုင်းစက်ကျလာတော့သည်။
“ချင်ယွမ်ဖုန်း”
နာရင်ထူးယားသည် ငိုယိုကာ ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲသို့ အတင်းတိုးဝင်လိုက်ရာ ချင်ယွမ်ဖုန်းမှာ ခဏတာမျှ ဘာလုပ်ရမှန်းမသိ ယောင်ချာချာ ဖြစ်သွားသည်။
မန်တာက ထိုသူနှစ်ဦးကို ကြည့်ကာ ကျေနပ်အားရစွာ ပြုံးနေလေသည်။ အကယ်၍ နာရင်ထူးယားသာ ချင်ယွမ်ဖုန်း၏ စိတ်ကို တကယ် ဖမ်းစားနိုင်မည်ဆိုလျှင် သူသည် အလွန်ပင် ထူးချွန်ထက်မြက်သော သမက်တစ်ယောက်ကို ရရှိမည် မဟုတ်လော။
“နင် သေပြီလို့ ကြားတာနဲ့ ငါတကယ် ထိတ်လန့်သွားတာပဲ။ နင်က ဒီလောက်တောင် စွမ်းအားကြီးတာ၊ ဘယ်လိုလုပ် သေနိုင်မှာလဲလို့လည်း တွေးမိသား...”
နာရင်ထူးယားက ရှိုက်ကြီးတငင် ပြောရှာသည်။
ချင်ယွမ်ဖုန်းက နာရင်ထူးယား၏ ပုခုံးကို ညင်သာစွာ ပုတ်ပေးရင်း “ကဲပါ၊ ကဲပါ၊ မငိုပါနဲ့တော့၊ အခု ငါပြန်ရောက်လာပြီပဲ မဟုတ်လား” ဟု ချော့မော့လိုက်သည်။
ခဏအကြာတွင် နာရင်ထူးယား ငိုသံစဲသွားလေသည်။
“ဟားဟားဟား၊ ဒီနေ့ကတော့ တကယ့်ကို ပျော်စရာနေ့ပဲ။ ယွမ်ဖုန်း အသက်ရှင်လျက် ပြန်လာတာကို ကြိုဆိုတဲ့အနေနဲ့ ဒီညမှာ ခမ်းနားတဲ့ တည်ခင်းဧည့်ခံပွဲကြီး ကျင်းပကြတာပေါ့” ဟု မန်တာက ပြုံးရွှင်စွာ ပြောလိုက်၏။
သို့သော်လည်း နာရင်ထူးယားသည် တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး ချင်ယွမ်ဖုန်း၏ လက်ကို ဆွဲကိုင်လိုက်သည်။
“ဒါနဲ့၊ ငါ ကောင်းကင်ဘုံသန့်စင်သီးနဲ့ ပတ်သက်တဲ့ သတင်း ကြားထားတယ်” ဟု နာရင်ထူးယားက ပြောလိုက်သည်။
“ဘာ” ချင်ယွမ်ဖုန်း၏ ရင်ခုန်သံများ မြန်လာကာ “ကောင်းကင်ဘုံသန့်စင်သီး ဟုတ်လား”
ချင်ယွမ်ဖုန်းသည် ယခင်က မြေကမ္ဘာနက်ရှိုင်းသော ကြယ်တာရာမြက်ပင်နှင့် ရေခဲဝိညာဉ်နဂါးပြာငှက်၏ အနှစ်သာရသွေးတို့ကို ရရှိထားပြီး ဖြစ်သည်။
ယခု နတ်ဘုရားသောင်းချီနယ်မြေ ခရီးစဉ်အတွင်းမှာလည်း မြူကင်းကြာပန်းကို ရရှိခဲ့ပြန်သည်။
သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန်အတွက် လိုအပ်သည့် အဓိက ဆေးဖက်ဝင်ပစ္စည်းများထဲတွင် ကောင်းကင်ဘုံသန့်စင်သီး တစ်ခုသာ ကျန်ရှိတော့သည်။
တစ်နှစ်တာ သတ်မှတ်ချိန်ကလည်း နီးကပ်လာပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းသည် ပို၍ စိုးရိမ်ပူပန်လာမိသည်။
အဆင့်ရှစ် ဆေးလုံးတစ်လုံးကို ဖော်စပ်ရန်မှာ သဘာဝအတိုင်း အလွန်ခက်ခဲလှပြီး ရှန်းဝူစကြဝဠာ တိုက်ကြီးပေါ်တွင် အဆင့်ရှစ် ဆေးဖော်စပ်သူ များများစားစား မရှိတော့ချေ။
ဆေးနတ်ဘုရားဂိုဏ်းတွင်ပင် အဆင့်ရှစ် ဆေးဖော်စပ်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။
ရှန်းဝူအကယ်ဒမီတွင် ယီနန် ပြောပြချက်အရ အဆင့်ရှစ် ဆေးဖော်စပ်သူ အဘိုးအို တစ်ဦးတည်းသာ ရှိကြောင်း သိရသည်။
မျက်မှောက်ခေတ်တွင် အဆင့်ရှစ် ဆေးဖော်စပ်သူများမှာ နဂါး၏ အကြေးခွံ၊ နတ်ငှက်၏ အမွှေးအတောင်ကဲ့သို့ အလွန်တရာ ရှားပါးလှသည်ဟု ဆိုနိုင်သည်။
ထို့ကြောင့် ချင်ယွမ်ဖုန်းအနေဖြင့် သန့်စင်ခြင်းဆေးလုံးကို ဖော်စပ်နိုင်ရန်အတွက် ဆေးဖက်ဝင်ပစ္စည်းအားလုံးကို စုဆောင်းရမည့်အပြင် ဆေးဖော်စပ်သူများ မဟာပြိုင်ပွဲတွင်လည်း အောင်နိုင်ရန် လိုအပ်သည်။
သို့မှသာ ဆေးဖော်စပ်သူများအသင်းရှိ အဆင့်ရှစ် ဆေးဖော်စပ်သူကို ကူညီပေးရန် တောင်းဆိုနိုင်မည် ဖြစ်သည်။
ချင်ယွမ်ဖုန်းအတွက် အချိန်သည် အလွန် တန်ဖိုးရှိနေပေသည်။
“ဟုတ်တယ်၊ မင်းကိုတွေ့လို့ ဝမ်းသာတာနဲ့ ငါတောင် မေ့နေတာ။ ငါတို့ ကောင်းကင်ဘုံသန့်စင်သီးအကြောင်း စုံစမ်းထားတာ ရှိတယ်” ဟု မန်တာက ပြုံးလျက် ဆိုသည်။
“ဘယ်မှာလဲ” ချင်ယွမ်ဖုန်းက လောလောလောလော မေးလိုက်၏။
မန်တာက ပြုံးကာ “တစ္ဆေလက်သည်းမြေထဲမှာ ကောင်းကင်ဘုံသန့်စင်သီး ရှိတယ်လို့ သတင်းကြားထားတာပဲ။ ဒါပေမဲ့ သတင်းက တိကျသလားဆိုတာတော့ ငါတို့လည်း မသေချာဘူး”
“ဟုတ်တယ်၊ တစ္ဆေလက်သည်းမြေက လူသူအရောက်အပေါက် နည်းပြီး လူအသွားအလာလည်း များပြားတာကြောင့် ဒီသတင်းက မှန်မမှန်တော့ မသိရသေးဘူး” ဟု နာရင်ထူးယားကလည်း ဖြည့်စွက်ပြောသည်။
ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လျက် “ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် သွားကြည့်ရမှာပဲ” ဟု ဆိုသည်။
“အင်း” နာရင်ထူးယားက ခေါင်းညိတ်ပြီး “ဒါဆိုရင် နင် အမြန်ဆုံး ထွက်သွားတာ ပိုကောင်းလိမ့်မယ်။ ဒီလို ရတနာမျိုးက ကြုံတောင့်ကြုံခဲ မဟုတ်လား”
ချင်ယွမ်ဖုန်း ခေတ္တမျှ စဉ်းစားလိုက်သည်။ မူလက သူသည် ဆေးနတ်ဘုရားဂိုဏ်းသို့ အရင်ပြန်ရန် စိတ်ကူးထားသော်လည်း ဂိုဏ်းသို့ ပြန်ပြီးမှ တစ္ဆေလက်သည်းမြေသို့ သွားမည်ဆိုပါက အချိန်အလွန် ကြန့်ကြာသွားပေလိမ့်မည်။
နာရင်ထူးယား ပြောသည်မှာ မှန်ပေသည်။ ထိုကဲ့သို့သော ရတနာမျိုးသည် ရှားပါးလှရာ သူသာ ခြေတစ်လှမ်း နောက်ကျသွားခဲ့ပါက အခွင့်အရေးကို လက်လွှတ်လိုက်ရနိုင်ပေသည်။
တစ္ဆေလက်သည်းမြေသည် ယန်ရုအင်ပါယာ၏ အရှေ့ဘက်တွင် ရှိသော်လည်း ကျယ်ပြောသော ပင်လယ်ကြီးက ခြားနေသည်။
အကယ်၍ ကုန်းလမ်းမှ သွားမည်ဆိုပါက ချင်ယွမ်ဖုန်းသည် လုယွဲ့အင်ပါယာသို့ ပြန်သွားပြီးမှ ရှီးရန်အင်ပါယာနှင့် ကျယ်ပြောလှသော မြေပြင်များကို ဖြတ်ကျော်ကာ ပတ်သွားရမည် ဖြစ်ရာ ခရီးလမ်းက အလွန်ဝေးကွာလှသည်။
သို့သော် မြက်ခင်းပြင်မှ ထွက်ခွာမည်ဆိုပါက တစ္ဆေလက်သည်းမြေသည် အရှေ့ဘက် တည့်တည့်တွင်သာ ရှိသည်။
ပင်လယ်ခြားနေသော်လည်း ပင်လယ်ကို ဖြတ်ကျော်နိုင်သည့် ရေလွှမ်းလမ်းကြောင်းဟု ခေါ်သော ပြတ်တောင်းပြတ်တောင်း လမ်းတစ်ခု ရှိပေရာ ထိုလမ်းမှတစ်ဆင့် တစ္ဆေလက်သည်းမြေသို့ တိုက်ရိုက် ရောက်ရှိနိုင်ပေသည်။
ဤသည်မှာ ဖြတ်လမ်းဖြစ်သဖြင့် ချင်ယွမ်ဖုန်းသည် ထိုလမ်းကိုပင် ရွေးချယ်လိုက်လေတော့သည်။
“ဒါနဲ့ ခန်၊ ကျွန်တော် အကူအညီတစ်ခု တောင်းချင်လို့ပါ” ဟု ချင်ယွမ်ဖုန်းက ပြောသည်။
“ပြောပါ၊ ငါ လုပ်ပေးနိုင်တာဆိုရင် အားမနာနဲ့” ဟု မန်တာက ဆို၏။
“ကျွန်တော် အသက်ရှင်နေသေးတဲ့အကြောင်း ဆေးနတ်ဘုရားဂိုဏ်းကို လူလွှတ်ပြီး အသိပေးပေးစေချင်ပါတယ်။ ကျွန်တော်ကတော့ ကောင်းကင်ဘုံသန့်စင်သီးကို ရှာဖို့ တစ္ဆေလက်သည်းမြေကို အရင်သွားလိုက်ပါဦးမယ်” ဟု ချင်ယွမ်ဖုန်းက ပြောလိုက်သည်။
“ဒါက ကိစ္စမရှိပါဘူး။ အခုချက်ချင်းပဲ ဆေးနတ်ဘုရားဂိုဏ်းကို လူလွှတ်ပြီး သတင်းရောက်အောင် ပို့ပေးလိုက်ပါ့မယ်”
စကားများများစားစား ပြောမနေတော့ဘဲ ချင်ယွမ်ဖုန်းသည် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လေတော့သည်။ နာရင်ထူးယားသည် ခွဲခွာရမည်ကို တွန့်ဆုတ်နေသော်လည်း ချင်ယွမ်ဖုန်း ဘေးကင်းသည်ကို သိရသဖြင့် စိတ်အေးသွားရပြီ ဖြစ်သည်။
သူမသည် ချင်ယွမ်ဖုန်း ခရီးလမ်းတွင် စားသုံးရန်အတွက် ရိက္ခာအမြောက်အမြားကို ပြင်ဆင်ပေးလိုက်လေတော့သတည်း။
အခန်း (၂၅၂) လွဲချော်ခြင်း
နာရင်ထူးယားအား နှုတ်ဆက်စကား ဆိုပြီးနောက် ချင်ယွမ်ဖုန်းသည် အဝေးဆီရှိ ဆေးနတ်ဘုရားဂိုဏ်းတည်ရှိရာဘက်သို့ တစ်ချက်မျှ လှမ်းမျှော်ကြည့်လိုက်မိသည်။
အကယ်၍ သူသာ ကောင်းကင်ဘုံသန့်စင်သီးကို ရရှိခဲ့ပါက ချက်ချင်းပင် ပြန်လာမည်ဟု သူတွေးတောနေမိခြင်း ဖြစ်သည်။
ထို့အပြင် ချင်ယွမ်ဖုန်းအတွက် ယခု တစ္ဆေလက်သည်းမြေသို့ သွားရာတွင် နောက်ထပ် တာဝန်တစ်ခုလည်း ရှိနေသေး၏။ ယင်းမှာ ကျိရှန့်က သူ့အား ပေးအပ်ထားခဲ့သော တာဝန်ပင် ဖြစ်သည်။
စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ဖုံးလွှမ်းနေသော ထိုနေရာမှ မထွက်ခွာမီ ကျိရှန့်က သူ့အား လင်ယင်းကျောင်းတော်သို့ သွားရောက်ကာ ဆရာကြီးကုဝုဟု အမည်ရသည့် ရဟန်းအိုတစ်ပါးကို ရှာဖွေရန် မှာကြားခဲ့ဖူးသည်။
ထိုရဟန်းအိုသည် မိစ္ဆာနှိမ်နင်းရေး နတ်လက်နက်တံပိုးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ဖြေရှင်းပေးနိုင်လိမ့်မည် ဖြစ်ပေသည်။
လင်ယင်းကျောင်းတော်သည် တစ္ဆေလက်သည်းမြေနှင့် ထိစပ်နေသော ကျန့်ဂီအင်ပါယာ နယ်နိမိတ်အတွင်း တည်ရှိရာ ထိုကျောင်းတော်သို့ သွားမည်ဆိုပါက တစ္ဆေလက်သည်းမြေကို မလွဲမသွေ ဖြတ်သန်းသွားရမည် ဖြစ်သည်။
တစ္ဆေလက်သည်းမြေဟူသော အမည်မှာ ထိုဒေသ၏ မြေမျက်နှာသွင်ပြင်သည် လက်သည်းတစ်ခုနှင့် ဆင်တူနေသောကြောင့် ခေါ်တွင်ခြင်း ဖြစ်သည်။
ဘေးတစ်ဖက်တစ်ချက်တွင် မြင့်မားလှသော တောင်တန်းများနှင့် ထူထပ်သော တောအုပ်များ ရှိနေပြီး အလယ်တွင်မူ ကျယ်ပြန့်သော မြေပြန့်လမ်းမကြီး တစ်ခုသာ ရှိပေသည်။
မိုးကောင်းကင်ထက်မှ စီးမိုးကြည့်ရှုမည်ဆိုပါက တစ်ပြင်လုံး စိမ်းစိုနေသော ထိုမြေပုံသဏ္ဌာန်မှာ သားရဲကြီးတစ်ကောင်၏ လက်သည်းနှင့် အလားသဏ္ဌာန်တူလှပေသည်။
တစ္ဆေလက်သည်းမြေဟူသော အမည်မှာ ထိုအချက်ကြောင့်ပင် ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် ချင်ယွမ်ဖုန်းသည် တစ္ဆေလက်သည်းမြေသို့ အရင်သွားရန် ဆုံးဖြတ်လိုက်သဖြင့် လူတစ်ယောက်နှင့် ကံသီရုံလေး လွဲချော်သွားခဲ့ရလေသည်။
ချင်ယွမ်ဖုန်းသည် တစ္ဆေလက်သည်းမြေသို့ ထွက်ခွာသွားချိန်မှာပင် ဆေးနတ်ဘုရားဂိုဏ်း တောင်အောက်ခြေသို့ လှပချောမောသော မိန်းကလေးတစ်ဦး ရောက်ရှိလာခဲ့သည်။
ထိုမိန်းကလေးသည် လောကီအစားအစာများကို စားသုံးလေ့မရှိသည့်အလား အလွန်တရာ သန့်စင်သော နတ်မိမယ်တစ်ဦးကဲ့သို့ အရှိန်အဝါများ ထွက်ပေါ်နေသဖြင့် မြင်သူတိုင်းက ရိုသေခန့်ညားစိတ် ဖြစ်ပေါ်စေရသည်။
"မိန်းကလေး... ဘယ်သူ့ကို ရှာတာပါလဲ"
တောင်အောက်ခြေတွင် ကင်းစောင့်နေသော တပည့်ဖြစ်သူက ရှေ့သို့ တိုးလာပြီး မေးမြန်းလိုက်သည်။
ထိုမိန်းကလေးက အသာအယာ ဦးညွှတ်ကာ "ကျွန်မ ချင်ယွမ်ဖုန်းအတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် လာရောက်တာပါ။ သူက ကျွန်မရဲ့... မိတ်ဆွေတစ်ယောက်ပါ" ဟု ပြန်လည် ဖြေကြားခဲ့သည်။
ထိုတပည့်ဖြစ်သူက အလျင်အမြန်ပင် ခေါင်းငြိမ့်လိုက်ပြီး "ကောင်းပါပြီ... ကျွန်တော့်နောက်ကို လိုက်ခဲ့ပါ မိန်းကလေး" ဟု ဆိုကာ ခေါ်ဆောင်သွားတော့သည်။
လမ်းတွင် ထိုတပည့်က "ဒါနဲ့... မိန်းကလေးရဲ့ နာမည်ကို သိပါရစေဦး" ဟု မေးမြန်းရာ သူမက "မုန့်ချီလော့ပါ" ဟု ဖြေကြားခဲ့၏။
မကြာမီမှာပင် သူတို့သည် ဆေးနတ်ဘုရားဂိုဏ်း၏ နောက်တောင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။
ဝမ်တောင်တန်းနှင့် နီးကပ်သော ဝါးတောလေးတစ်ခုအတွင်း၌ ချင်ယွမ်ဖုန်းအတွက် ပြုလုပ်ထားသော အလောင်းမရှိသည့် ဂူဗိမာန်ကို မုန့်ချီလော့ မြင်တွေ့လိုက်ရသည်။
ချင်ယွမ်ဖုန်းသည် နတ်ဘုရားသောင်းချီနယ်မြေအတွင်းမှ ပြန်လည်ထွက်ခွာလာခြင်း မရှိသဖြင့် ဆေးနတ်ဘုရားဂိုဏ်းက သူ့အတွက် အထိမ်းအမှတ်ဂူဗိမာန်ကိုသာ တည်ဆောက်ပေးထားခြင်း ဖြစ်သည်။
ထိုအချိန်၌ ချန်ဒါချောင်နှင့် ချန်ရှောင်ချောင်တို့ ညီအစ်မနှစ်ဦးသည် ဝမ်းနည်းခြင်း အထိမ်းအမှတ် ဝတ်စုံများကို ဝတ်ဆင်ထားကြသည်။
သူတို့နှစ်ဦးစလုံးသည် စိတ်နှလုံး ထိခိုက်ကြေကွဲနေကြပြီး မျက်လုံးများမှာလည်း နီမြန်းကာ ဖောင်းအစ်နေကြပြီ ဖြစ်သည်။
သူတို့သည် ဤနေရာ၌ သုံးရက်တိုင်တိုင် စောင့်ကြပ်နေခဲ့ခြင်း ဖြစ်ပြီး ထိုရက်များအတွင်း လူအများအပြားလည်း လာရောက် အလေးပြုခဲ့ကြသည်။
ယခုအခါ ချင်မိသားစုမှာ ပျက်စီးသွားခဲ့ပြီ ဖြစ်ရာ ချင်ယွမ်ဖုန်းတွင် သွားစရာ မြေမရှိတော့ဘဲ ဒါချောင်နှင့် ရှောင်ချောင်တို့မှာသာ ချင်ယွမ်ဖုန်း၏ ကျန်ရစ်သော ဆွေမျိုးသားချင်းများကဲ့သို့ ဖြစ်နေကြရသည်။
မုန့်ချီလော့သည် ဂူဗိမာန်အရှေ့သို့ လျှောက်လှမ်းသွားစဉ် သူမ၏ မျက်နှာတွင် ဝမ်းနည်းရိပ်များ ဖုံးလွှမ်းနေသည်။ သူမ၏ စိတ်အာရုံထဲတွင် ချင်ယွမ်ဖုန်း၏ မျက်နှာနှင့် 'နတ်မိမယ်' ဟု ခေါ်ဆိုခဲ့သော သူ့အသံမှာ နားထဲ၌ ဝဲပျံနေဆဲပင် ဖြစ်သည်။
သူမသည် လေးလေးစားစား ဦးညွှတ်ကာ အမွှေးတိုင် သုံးတိုင်ကို ထွန်းညှိပြီး ဂူဗိမာန်ရှေ့၌ စိုက်ထူလိုက်သည်။
ချင်ယွမ်ဖုန်းသည် သူမအတွက် အဓိပ္ပာယ်တစ်ခု ရှိနေခဲ့သည်။ ချင်ယွမ်ဖုန်းက သူမအား သဘာဝ နတ်စမ်းရေတစ်ပုလင်း ပေးခဲ့သောကြောင့်သာမက သူမ၏ စိတ်နှလုံးထဲတွင် တစ်စုံတစ်ရာသော ခံစားချက်ကို လှုပ်ခတ်စေခဲ့သောကြောင့်လည်း ဖြစ်သည်။
သူမသည် အမျိုးသားများစွာနှင့် တွေ့ဆုံဖူးသော်လည်း မည်သူတစ်ဦးတစ်ယောက်မျှ သူမ၏ စိတ်နှလုံးထဲ၌ ဤမျှ ကြာရှည်စွာ ကိန်းအောင်းနေခြင်း မရှိခဲ့ပေ။
"နောင်ဘဝမှာတော့ ငါတို့ ပိုစောစော တွေ့ဆုံနိုင်ကြပါစေ" ဟု မုန့်ချီလော့က စိတ်ထဲမှ တိုးတိုးလေး ဆုတောင်းနေမိသည်။
ထိုအချိန်မှာပင် ဒုန်ဖန်းရှန့်မင် ရောက်ရှိလာခဲ့ပြီး မုန့်ချီလော့ကို မြင်လိုက်ရသဖြင့် အနည်းငယ် အံ့အားသင့်သွားသည်။
နတ်ဘုရားသောင်းချီနယ်မြေ၏ အပြင်ဘက်၌ အင်အားကြီးဂိုဏ်းအသီးသီး ရောက်ရှိနေစဉ်က မုန့်ချီလော့ကို လူအုပ်ထဲတွင် သူ မြင်တွေ့ခဲ့ရသည်ကို မှတ်မိနေခြင်း ဖြစ်သည်။
မုန့်ချီလော့မှာ မြူနှင်းဂိုဏ်း၏ တပည့်တစ်ဦး ဖြစ်ပုံရပေသည်။
ဝမ်းနည်းခြင်း အထိမ်းအမှတ်ပြုပြီးနောက် မုန့်ချီလော့သည် ဒုန်ဖန်းရှန့်မင်ကို ဦးညွှတ်နှုတ်ဆက်ကာ ဆေးနတ်ဘုရားဂိုဏ်းမှ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့လေသည်။
ဤသို့ဖြင့် ချင်ယွမ်ဖုန်းနှင့် မုန့်ချီလော့တို့သည် တွေ့ဆုံနိုင်မည့် အခွင့်အရေးကို လွဲချော်သွားခဲ့ရတော့သည်။
ချင်ယွမ်ဖုန်း ထွက်ခွာသွားပြီးနောက် မန်တာသည် ချင်ယွမ်ဖုန်း အသက်ရှင်နေသေးကြောင်း အကြောင်းကြားရန် ဆေးနတ်ဘုရားဂိုဏ်းသို့ ချက်ချင်းပင် လူလွှတ်လိုက်သည်။
သို့သော် တောင်ဘက်အရပ်မှာ ပုယန်၏ နယ်မြေဖြစ်နေသည်။ ဆေးနတ်ဘုရားဂိုဏ်းသို့ သတင်းစကား သွားရောက်ပို့ဆောင်မည့် မြက်ခင်းပြင်မှ ထိုသိုင်းပညာရှင်သည် ဝမ်တောင်တန်းသို့ မရောက်မီမှာပင် ပုယန်၏ ဖမ်းဆီးခြင်းကို ခံလိုက်ရသည်။
ထို့ကြောင့် သတင်းစကားမှာ ဂိုဏ်းသို့ ရောက်မလာခဲ့ပေ။
သို့သော် ချင်ယွမ်ဖုန်းမှာမူ ဤအကြောင်းအရာများကို ဘာတစ်ခုမျှ မသိရှိခဲ့ပေ။
သုံးရက်ကြာပြီးနောက် ချင်ယွမ်ဖုန်းသည် ယန်ရုအင်ပါယာ၏ အစွန်အဖျား၊ ပင်လယ်ကမ်းစပ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
မူလက ဤနေရာတွင် ရထားလုံး သုံးစီး ယှဉ်မောင်းနိုင်သော လမ်းမကြီးရှိပြီး တစ္ဆေလက်သည်းမြေသို့ တိုက်ရိုက် ရောက်ရှိနိုင်သည်။
သို့သော် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကြောင့် ထိုလမ်း၏ အနိမ့်ပိုင်းများသည် ပင်လယ်ရေအောက်သို့ နစ်မြုပ်သွားခဲ့ပြီ ဖြစ်သည်။
ယခုအခါ မြေပြင်ပေါ်၌ မြင်တွေ့နေရသည်မှာ ပြတ်တောက်နေသော လမ်းအပိုင်းအစများသာ ဖြစ်ပြီး ကုန်းမြေတစ်ခုနှင့်တစ်ခုအကြား ကီလိုမီတာ ဆယ်ဂဏန်းမျှ ကွာဝေးနေတတ်သည်။
အနန္တပုံရိပ်သည် ချင်ယွမ်ဖုန်း၏ လက်စွပ်ထဲမှ ထွက်လာကာ စက်ရုပ်ငယ်လေးအဖြစ် ပြောင်းလဲပြီး ချင်ယွမ်ဖုန်း၏ ပုခုံးပေါ်၌ ထိုင်လိုက်သည်။
ခရီးလမ်းမှာ ရှည်လျားသဖြင့် တစ်ယောက်တည်း သွားရပါက ချင်ယွမ်ဖုန်း အထီးကျန်နေမည်ကို စိုးရိမ်သောကြောင့် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုကာ တစ်ချက်ခုန်လိုက်တိုင်း ပေရာချီမျှ ခရီးပေါက်သဖြင့် အလွန် လျင်မြန်လှပေသည်။
နားခိုစရာ ကုန်းမြေများ ရှိနေသဖြင့် ချင်ယွမ်ဖုန်းမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်ခြင်း မရှိသော်လည်း ရှည်လျားလှသော ခရီးလမ်းကြောင့် အနည်းငယ်တော့ ပျင်းရိလာမိသည်။
နောက်ထပ် သုံးရက်ကြာသောအခါ ချင်ယွမ်ဖုန်းသည် ခရီးတစ်ဝက်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သော်လည်း ဤနေရာ၌ အဘိုးအိုတစ်ဦးနှင့် ဆုံတွေ့ခဲ့ရသည်။
ထိုသူအား အဘိုးအိုဟု ခေါ်ရန်မှာလည်း လုံးဝကြီး မမှန်ကန်လှပေ။ မုတ်ဆိတ်ရှည်နှင့် ဆံပင်ဖြူများ ရှိနေသော်လည်း အရေပြားမှာမူ အလွန်အမင်း တွန့်ရှုံ့နေခြင်း မရှိပေ။
လူလတ်ပိုင်းထက် အသက်ကြီးသော်လည်း အဘိုးအိုတစ်ဦးထက်မူ အနည်းငယ် နုပျိုနေသေးသည်။
ထိုသူ့ထံမှ လျှို့ဝှက်ထားသော ကိုယ်ရံစွမ်းအင်တစ်ခုကို ချင်ယွမ်ဖုန်း အာရုံခံမိသည်။ ထိုစွမ်းအင်မှာ သူ့ထက်ပင် ပိုမို အားကောင်းနေသဖြင့် ဤသူ၏ အစွမ်းမှာ သူ့ထက် သာလွန်နေကြောင်း သက်သေပြနေပေသည်။
ထိုသူသည် ဤနေရာ၌ ထိုင်ကာ ငါးမျှားနေခြင်း ဖြစ်ပေသည်။
ငါးမျှားတံမှာ ပေကိုးဆယ်ခန့် ရှည်လျားပြီး မည်သည့်ပစ္စည်းနှင့် ပြုလုပ်ထားမှန်း မသိရဘဲ ရွှေရောင်အလင်းများ တောက်ပနေသည်။
ထိုသူသည် တည်ငြိမ်လှသော ပန်းချီကားတစ်ချပ်ကဲ့သို့ ငြိမ်သက်စွာ ထိုင်နေလေသည်။
ချင်ယွမ်ဖုန်းမှာ သုံးရက်တိုင်တိုင် လူသူတစ်ဦးတစ်ယောက်နှင့်မျှ မတွေ့ခဲ့ရသဖြင့် စပ်စုလိုသော စိတ်ဖြင့် အနားသို့ တိုးသွားလိုက်သည်။
"စီနီယာ... ငါးမျှားနေတာလား" ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် မေးမြန်းလိုက်သည်။ အကယ်၍ ရှန်းဝူစကြဝဠာ တိုက်ကြီးတွင်သာ ဆေးလိပ်ရှိခဲ့ပါက ချင်ယွမ်ဖုန်းသည် တစ်လိပ်ခန့် ကမ်းလှမ်းမိပေလိမ့်မည်။
ထိုသူက ခေါင်းလှည့်ကာ ချင်ယွမ်ဖုန်းအား မကျေမနပ် ကြည့်လိုက်သည်။
ချင်ယွမ်ဖုန်းမှာ အလွန် ဇဝေဇဝါ ဖြစ်သွားပြီး မိမိကိုယ်ကိုယ် ပြန်လည် စစ်ဆေးကြည့်သော်လည်း မှားယွင်းနေသည်မှာ ဘာမျှ မရှိပေ။
"စီနီယာ... ကျွန်တော် တစ်ခုခု နှောင့်ယှက်မိလို့လား" ဟု သူက နားမလည်စွာ မေးလိုက်သည်။
ထိုသူက ခေါင်းပြန်လှည့်သွားကာ မျက်နှာတွင် မကျေမနပ်ဖြစ်မှုများ ပိုမို သိသာလာသည်။
"မင်းလို ကလေးကွာ... ကိုယ့်လမ်းကိုယ် မြန်မြန်သွားစမ်းပါ။ ငါ ငါးမျှားနေတာကို ဘာလို့ လာနှောင့်ယှက်ရတာလဲ။ မင်းကြောင့် ငါ့ငါးတွေ လန့်ပြေးသွားရင် ဘယ်လိုလုပ်မလဲ" ဟု ထိုသူက ဆိုသည်။
ချင်ယွမ်ဖုန်းက အပြစ်ကင်းစင်သော မျက်နှာဖြင့် "ကျွန်တော် ပြောပါရစေဦး စီနီယာ... စီနီယာ့ ငါးမျှားတံက ပေကိုးဆယ်တောင် ရှည်တာ။ ဟိုဘက်က ငါးတွေက ကျွန်တော်တို့ ဒီမှာ စကားပြောနေတာကို ဘယ်လိုလုပ် ကြားနိုင်မှာလဲ" ဟု ပြန်ပြောလိုက်သည်။
"ငါ ဂရုမစိုက်ဘူး။ ငါ ငါးမရရင် မင်းကြောင့် လန့်ပြေးသွားလို့ပဲ" ဟု ထိုသူက အကျိုးအကြောင်းမရှိစွာ ပြောဆိုတော့သည်။
ချင်ယွမ်ဖုန်းက ဘာမျှ မတတ်နိုင်သဖြင့် ပြုံးသာပြုံးနေမိသည်။
ဤသူ၏ အကျင့်မှာ အမှန်တကယ်ပင် ထူးဆန်းလှပေသည်။
ထိုစဉ်မှာပင် အဝေးရှိ ငါးမျှားကြိုးမှာ ရုတ်တရက် တင်းသွားတော့သည်။ ထိုသူ၏ မျက်နှာမှာ ဝင်းပသွားပြီး ချက်ချင်းပင် ထရပ်ကာ ငါးမျှားတံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်သည်။
သို့သော် ချိတ်မိနေသော ငါးမှာ သာမန်ငါး မဟုတ်ပုံရပေ။ ထိုသူ၏ အားနှင့်တင် ငါးမျှားတံကို ဆွဲတင်ရန် မလွယ်ကူလှပေ။
"ဘာရပ်ကြည့်နေတာလဲ... လာကူဦးလေ"
ချင်ယွမ်ဖုန်းမှာ ကြောင်အမ်းအမ်းဖြင့်ပင် ရှေ့သို့ တိုးသွားကာ ထိုသူနှင့်အတူ ငါးမျှားတံကို ဝိုင်းဝန်းကိုင်ဆွဲပေးလိုက်သည်။
နောက်ဆုံးတွင် နှစ်ဦးသား အတူတကွ အားထုတ်လိုက်ကြသဖြင့် ထိုငါးကြီးမှာ အားကုန်သွားတော့သည်။ သူတို့နှစ်ဦးစလုံး အခွင့်အရေးကို အရယူကာ ငါးမျှားတံကို အားဖြင့် ဆွဲတင်လိုက်ရာ ဧရာမ ငါးကြီးတစ်ကောင် ပါလာခဲ့လေတော့သည်။