အခန်း (၂၅၇-၂၅၈)
Vol. 14 Ch. 257-258
အခန်း (၂၅၇)- မုဟွိုက်
“ရှိတာပေါ့။ မင်းလည်း ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို ဝင်ပြိုင်မလို့လား” ဟု ထိုအမျိုးသမီးက မေးမြန်းလေသည်။
“ဟုတ်တယ်” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်၏။
“ဒါဆို မင်းက ကောင်းကင်ဘုံသန့်စင်သီးကို လိုချင်တာလား၊ ဒါမှမဟုတ် အဆင့်တစ်ခုခု ရချင်တာလား” ဟု ထိုအမျိုးသမီးက ထပ်မံမေးမြန်းပြန်သည်။
“ကောင်းကင်ဘုံသန့်စင်သီးပဲ။”
“ဒါဆိုလည်း ပြီးတာပဲ။ ကောင်းကင်ဘုံသန့်စင်သီးကို ရဖို့ဆိုတာ မလွယ်ကူလှဘူး။ ဒါပေမဲ့ မင်း အဲဒီကောင်းကင်ဘုံသန့်စင်သီး ရစေရမယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်” ဟု ထိုအမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်သော လေသံဖြင့် ပြောဆိုလေသည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်သွား၏။ သူသည် ကောင်းကင်ဘုံသန့်စင်သီးကို အမှန်တကယ် လိုအပ်နေသော်လည်း ရှေ့မှ အမျိုးသမီးသည် မည်သည့်အကြံအစည် ရှိနေသည်ကိုမူ အတပ်မသိနိုင်သေးချေ။
“မင်းမှာ ဘာနည်းလမ်းရှိလို့လဲ” ချင်ယွမ်ဖုန်းသည် ခဏမျှ စဉ်းစားပြီးနောက် နောက်ဆုံးတွင် မေးမြန်းလိုက်တော့သည်။
“ငါ့နောက် လိုက်ခဲ့လေ၊ တစ်နေရာရာမှာ ထိုင်ပြီး သေသေချာချာ တိုင်ပင်ကြတာပေါ့။” ထိုအမျိုးသမီးသည် တည်းခိုခန်းတစ်ခုထဲသို့ တိုက်ရိုက် လျှောက်လှမ်းသွားလေသည်။
ချင်ယွမ်ဖုန်းသည်လည်း ခဏမျှ စဉ်းစားပြီးနောက် သူမနောက်သို့ လိုက်ပါသွား၏။ ယင်းအမျိုးသမီးသည် ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်မျှသာ ဖြစ်ပေရာ ချင်ယွမ်ဖုန်းအနေဖြင့် အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ရလျှင်ပင် အလွယ်တကူ လွတ်မြောက်နိုင်သည်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေခြင်းကြောင့် ဖြစ်ချေသည်။
ထိုအမျိုးသမီးသည် အခန်းတစ်ခန်း ငှားရမ်းကာ ချင်ယွမ်ဖုန်းကို တည်းခိုခန်းအခန်းထဲသို့ ခေါ်ဆောင်သွားပြီးနောက် တံခါးကို ပိတ်လိုက်လေသည်။
“မိန်းကလေး၊ ဒီလိုလုပ်တာ နည်းနည်းတော့ မသင့်တော်ဘူး ထင်တယ်။ နေ့ခင်းကြောင်တောင်ကြီးမှာ ငါ့ကို အဓမ္မတစ်ခုခု လုပ်ဖို့ ကြံစည်နေတာတော့ မဟုတ်ပါဘူးနော်”
ချင်ယွမ်ဖုန်းက မနေနိုင်ဘဲ စနောက်လိုက်၏။
ထိုအခါ အမျိုးသမီးသည် ညှို့ဓာတ်ပြင်းလှသော အပြုံးတစ်ခုကို ပြုံးပြလိုက်သည်။ သူမ၏ မျက်နှာပေါ်မှ ဆေးခြယ်မှုများနှင့် ခန္ဓာကိုယ်ပေါ်မှ တက်တူးများကြောင့် တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှု ရှိနေချေသည်။
“မောင်လေးရယ်၊ တို့နှစ်ယောက် ပူးပေါင်းဆောင်ရွက်မှု အောင်မြင်သွားမယ်ဆိုရင် မောင်လေး ဘာပဲလုပ်ချင်လုပ် တို့ဘက်က ငြင်းစရာ အကြောင်းမရှိပါဘူး။”
ထိုအမျိုးသမီးသည် ချင်ယွမ်ဖုန်းကို မျက်စိတစ်ဖက် မှိတ်ပြလိုက်သေးသည်။
ချင်ယွမ်ဖုန်းသည် ခေါင်းညိတ်ကာ ထိုင်လိုက်ပြီး “ကဲ ပြောပါဦး၊ ကောင်းကင်ဘုံသန့်စင်သီး ရဖို့ မင်းမှာ ဘာနည်းလမ်း ရှိလို့လဲ” ဟု မေးလိုက်၏။
“ကောင်းပြီလေ၊ မောင်လေးလည်း ငါ့နာမည် မုဟွိုက် ဆိုတာကို ကြားဖူးလိမ့်မယ် ထင်တယ်” ဟု ထိုအမျိုးသမီးက မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်ပြီး “ငါ တစ္ဆေလက်သည်းမြေကို လာတာ ဒါပထမဆုံးအကြိမ်ပဲ။ မင်းနာမည်ကို မကြားဖူးဘူး” ဟု ဆိုသည်။
ရှန်းဝူ စကြဝဠာ တိုက်ကြီးပေါ်တွင် အလွန် ထူးဆန်းသော အခြင်းအရာတစ်ခု ရှိချေသည်။ လုယွဲ့အင်ပါယာက တည်ဆောက်ထားသော မဟာတံတိုင်းကို နယ်နိမိတ်အဖြစ် သတ်မှတ်လျှင် အရှေ့ဘက်တိုက်ကြီးပေါ်ရှိ ဂိုဏ်းအများစုသည် ဂိုဏ်းကြီးများ ဖြစ်ကြပြီး ပထမတန်းစားနှင့် ဒုတိယတန်းစား အဖွဲ့အစည်းများသည် တောအုပ်တစ်ခုကဲ့သို့ ထူထပ်လှပေသည်။
ထို့ပြင် အရှေ့ဘက်တိုက်ကြီး၏ မြေမျက်နှာသွင်ပြင်သည် များသောအားဖြင့် ညီညာသော မြေပြန့်ဒေသများ ဖြစ်ကြသည်။
သို့သော် အနောက်ဘက်တိုက်ကြီး၏ မြေမျက်နှာသွင်ပြင်မူကား အလွန် ရှုပ်ထွေးလှ၏။ အရှေ့ဘက်တိုက်ကြီးနှင့် နှိုင်းယှဉ်လျှင် တောင်တန်းများနှင့် သစ်ပင်တောအုပ်များ ပေါများလှပြီး ပတ်ဝန်းကျင် အခြေအနေသည်လည်း ပိုမို ကြမ်းတမ်းလှပေသည်။
ထို့ကြောင့် ဤနေရာတွင် ဂိုဏ်းကြီးများ အလွန်နည်းပါးပြီး ဂိုဏ်းငယ်လေးများသာ အဆက်မပြတ် ပေါ်ထွက်နေတတ်သည်။
ထိုဂိုဏ်းငယ်လေးများသည် သေးငယ်သော်လည်း ထူးချွန်ထက်မြက်သူများစွာ ပေါ်ထွက်တတ်ချေသည်။ ဤနေရာတွင် ပြိုင်ဆိုင်မှုသည် ပိုမို ပြင်းထန်လှပေရာ ၎င်းတို့အားလုံးသည် သတ္တိဗျတ္တိနှင့် ပြည့်စုံပြီး တိုက်ခိုက်လိုစိတ် ပြင်းထန်ကြသည်။
ဤမုဟွိုက် ဆိုသော အမျိုးသမီးသည်လည်း အနောက်ဘက်တိုက်ကြီးရှိ ဂိုဏ်းငယ်တစ်ခုမှ လာသူ ဖြစ်ဟန်တူပေသည်။
ချင်ယွမ်ဖုန်းအနေဖြင့်မူ ဤနာမည်ကို အမှန်တကယ်ပင် မကြားဖူးခဲ့ချေ။
“ရပါတယ်၊ မကြားဖူးလည်း ကိစ္စမရှိပါဘူး။” မုဟွိုက်သည် သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး “ဒါဆိုရင် ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အဆင့်သတ်မှတ်ချက်ဟာ တို့အတွက် ဘယ်လောက် အရေးကြီးလဲဆိုတာတော့ မောင်လေး သိမှာပေါ့” ဟု မေးပြန်သည်။
“အဲဒါကိုတော့ နည်းနည်းပါးပါး သိတာပေါ့” ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်၏။
အကြောင်းမူကား ဂိုဏ်းအဖွဲ့အစည်းများ များပြားလှသဖြင့် ပြိုင်ဆိုင်မှုကလည်း ရှိနေပေရာ ကောင်းကင်ဘုံလမ်းစဉ်တွင် အဆင့်ကောင်းကောင်း ရရှိပါက လူတစ်ယောက်သည် ချက်ချင်း နာမည်ကျော်ကြားသွားနိုင်ပြီး ၎င်း၏ ဂိုဏ်းသည်လည်း ဂုဏ်သတင်း ကျော်စောလာမည် ဖြစ်ပေသည်။
“မောင်လေး နားလည်တယ်ဆိုရင် ကောင်းတာပေါ့။ ငါ လိုချင်တာက အဆင့်သတ်မှတ်ချက်၊ မောင်လေး လိုချင်တာက ကောင်းကင်ဘုံသန့်စင်သီးလေ။ ဒါဆို တို့နှစ်ယောက် ပူးပေါင်းလို့ ရတာပေါ့ မဟုတ်ဘူးလား” ဟု မုဟွိုက်က ဆိုသည်။
“ဒါဆို ငါ့ဘာသာငါ သွားယူရင်ကော မရဘူးလား။” ချင်ယွမ်ဖုန်းသည် ရှေ့မှ အမျိုးသမီးကို စိတ်ဝင်တစား ကြည့်ရှုရင်း မေးမြန်းလိုက်၏။
မုဟွိုက်က ခေါင်းခါလျက် “အဲဒါတော့ မဟုတ်သေးဘူး။ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို ဝင်ပြိုင်မယ့်သူတွေကို လျှော့မတွက်နဲ့ မောင်လေး။ ကောင်းကင်ဘုံလမ်းစဉ်ကို လာပြိုင်နိုင်တဲ့သူတွေဟာ ပါရမီထူးချွန်တဲ့ အံ့ဖွယ်လူသားတွေ ဒါမှမဟုတ်ရင်လည်း သူတို့ဂိုဏ်းတွေက အထူးပျိုးထောင်ထားတဲ့ အဓိကလူတွေချည်းပဲ။ မောင်လေးတစ်ယောက်တည်းနဲ့ သူတို့အားလုံးကို ယှဉ်နိုင်ပါ့မလား” ဟု ပြောဆိုလေသည်။
ချင်ယွမ်ဖုန်းသည် စဉ်းစားခန်း ဝင်သွားတော့၏။ သူသည် ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲအတွက် မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသော်လည်း လမ်းခရီးဝက်တွင် မမျှော်လင့်ထားသော ပါရမီရှင်တစ်ယောက်ယောက် ပေါ်ထွက်လာမည်ကိုမူ အတပ်မပြောနိုင်ပေ။
“ဒါ့အပြင် မောင်လေးက အရှေ့ဘက်က လာတာပဲ။ ကောင်းကင်ဘုံလမ်းစဉ်မှာ ဘာကို စမ်းသပ်တာလဲဆိုတာ မောင်လေး သိရဲ့လား။” မုဟွိုက်သည် ချင်ယွမ်ဖုန်း စိတ်လှုပ်ရှားသွားသည်ကို မြင်သောအခါ အခွင့်ကောင်းယူ၍ ထပ်မံ ဖိအားပေး မေးမြန်းလိုက်ပြန်သည်။
“ဘာကို စမ်းသပ်တာလဲ။” ချင်ယွမ်ဖုန်းက မေးလိုက်၏။
မုဟွိုက်က ပြုံးလျက် “ကျင့်စဉ်အဆင့် ဘယ်လောက်ပဲရှိရှိ အဓိက စမ်းသပ်တာက လူတစ်ယောက်ရဲ့ ဇွဲနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကိုပဲ။ မောင်လေး ဘယ်လောက်ပဲ စွမ်းအားကြီးကြီး ကောင်းကင်ဘုံလမ်းစဉ်ပေါ်မှာတော့ လူတိုင်းဟာ တန်းတူပဲ။”
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်သည်။ ထိုသို့သာ ဖြစ်ပါက သူ၏ ကျင့်စဉ်အဆင့်သည် ကောင်းကင်ဘုံလမ်းစဉ်ပေါ်တွင် အသာစီးရရန် အထောက်အကူ ဖြစ်လိမ့်မည် မဟုတ်ချေ။
“ဆက်ပြောပါဦး။ ငါတို့တွေ ဘယ်လို ပူးပေါင်းကြမလဲ။” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။
“လွယ်လွယ်လေးပဲလေ။ ကောင်းကင်ဘုံလမ်းစဉ်ပေါ်မှာ သူတို့နဲ့ မဆုံချင်ဘူးဆိုရင် သူတို့ကို ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲမှာ မပါဝင်နိုင်အောင် လုပ်လိုက်ရုံပဲပေါ့။”
မုဟွိုက်က ပြုံးရွှင်စွာ ပြောဆိုလေသည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်ကာ စဉ်းစားကြည့်ရာ တစ်ခုခုတော့ မဟုတ်သေးဟု ခံစားနေရဆဲ ဖြစ်ချေသည်။
“ဘာဖြစ်လို့ ငါ့ကိုမှ ရွေးချယ်ရတာလဲ။” ချင်ယွမ်ဖုန်းက မေးလိုက်၏။
“စောစောက မောင်လေး ပြောခဲ့သလိုပဲလေ၊ မောင်လေးက ကောင်းကင်ဘုံသန့်စင်သီးကို လိုချင်တယ်၊ ငါက ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အဆင့်ကို လိုချင်တယ်၊ အချင်းချင်း လိုအပ်ချက်ချင်း တည့်နေတာပဲ။ ဒါ့အပြင် မောင်လေးက မျက်နှာသစ်တစ်ယောက် ဖြစ်နေတော့ အရေးယူဆောင်ရွက်ရတာ ပိုပြီး အဆင်ပြေတာပေါ့။” မုဟွိုက်က ပြုံးလျက် ဆိုသည်။
“ကောင်းပြီလေ၊ မင်းကို ငါ ယုံလိုက်မယ်။ ဒါပေမဲ့ ငါ ဘာလုပ်ရမလဲဆိုတာနဲ့ ကောင်းကင်ဘုံလမ်းစဉ်ပေါ်မှာ တို့တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်ရမလဲဆိုတာကိုတော့ သေသေချာချာ ပြောပြဖို့ လိုလိမ့်မယ်” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောလိုက်၏။
သူသည် ထိုကဲ့သို့ ကောက်ကျစ်သော နည်းလမ်းများကို မသုံးချင်သော်လည်း မိမိအသက်ကို ကယ်တင်ရန်အတွက် ကောင်းကင်ဘုံသန့်စင်သီးကို အမှန်တကယ် လိုအပ်နေခြင်း ဖြစ်ပေရာ အခြားနည်းလမ်း မရှိချေ။
ကောင်းကင်ဘုံသန့်စင်သီးကို ရရှိပြီးပါက ချင်ယွမ်ဖုန်းအတွက် သန့်စင်ခြင်းဆေးလုံး ဖော်စပ်ရန် ဆေးဘက်ဝင်ပစ္စည်းများ စုံလင်သွားမည် ဖြစ်ပြီး ထိုအခါမှသာ သူ အသက်ရှင်သန်နိုင်ခွင့် ရှိလိမ့်မည် ဖြစ်ချေသည်။
“ဟုတ်ပြီလေ။ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲ မစတင်ခင် ဒီနှစ်ရက်အတွင်းမှာ ငါ မောင်လေးကို သတင်းအချက်အလက်တွေ ပေးမယ်။ ငါတို့အတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့သူ မှန်သမျှကို ရှင်းလင်းပစ်ရမယ်။” မုဟွိုက်က အေးစက်စက် လေသံဖြင့် ဆိုသည်။
သို့သော် ချင်ယွမ်ဖုန်းက လက်ကို အထပ်ထပ် ဝှေ့ယမ်းလျက် “ငါ မင်းနဲ့ ပူးပေါင်းနိုင်ပေမဲ့ ဘယ်သူ့ကိုမှ အသက်အန္တရာယ် မပြုရဘူးဆိုတဲ့ စည်းကမ်းချက်တော့ ရှိရမယ်။ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲ ပြီးဆုံးတဲ့အထိ သူတို့ကို ပိတ်လှောင်ထားရုံပဲ လုပ်မယ်။”
“ဒါဆိုရင်လည်း မောင်လေး ဘယ်လိုလုပ်မလဲဆိုတာ မောင်လေးအပိုင်းပေါ့။ ငါကတော့ သတင်းအချက်အလက် ပေးဖို့ပဲ တာဝန်ယူမယ်။” မုဟွိုက်က ခေါင်းညိတ်လိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းခါကာ “ဒီလိုဆိုရင်တော့ ငါကပဲ အရှုံးပေါ်နေသလိုပဲ။”
“မောင်လေးရယ်၊ ကောင်းကင်ဘုံသန့်စင်သီး တစ်လုံးလုံးကို မောင်လေး ရမှာလေ၊ ဘာတွေ ပိုလိုချင်နေသေးတာလဲ” ဟု မုဟွိုက်က မတတ်သာသည့် အမူအရာဖြင့် ပြောဆိုလေသည်။
ချင်ယွမ်ဖုန်း စဉ်းစားကြည့်ရာ အမှန်ပင် ဖြစ်ချေသည်။ အဆင့်ရှစ် ဝိညာဉ်ဆေးပင်နှင့် နှိုင်းယှဉ်လျှင် အဆင့်သတ်မှတ်ချက်ဟူသည် ချင်ယွမ်ဖုန်းအတွက် အရေးမပါလှချေ။
“ကောင်းပြီလေ၊ ဒါဆိုရင် ကောင်းကင်ဘုံလမ်းစဉ်ပေါ် ရောက်တဲ့အခါ တို့နှစ်ယောက် ဘာဆက်လုပ်ကြမလဲဆိုတာ ပြောပြပါဦး။” ချင်ယွမ်ဖုန်းက မေးလိုက်၏။
မုဟွိုက်က သက်ပြင်းချကာ “မောင်လေး၊ အူတူတူ နိုင်လှချည်လား။ ငါတို့ကို အန္တရာယ်ပြုနိုင်တဲ့သူ မှန်သမျှကို မောင်လေးက ပိတ်လှောင်ထားပြီးပြီဆိုမှတော့ အဲဒီအချိန်ကျရင် မောင်လေး ဒါမှမဟုတ် ငါပဲ ပထမရတော့မှာပေါ့။ နောက်ဆုံးကျရင် မောင်လေးက ငါ့ကို အနိုင်ပေးလိုက်ရုံပဲ၊ ငါက အဆင့်ကို ယူမယ်၊ ကောင်းကင်ဘုံသန့်စင်သီးကိုတော့ မောင်လေးလက်ထဲ ထည့်ပေးမယ်။”
“ကောင်းပြီ၊ ဒါဆို သဘောတူပြီ။ ဒီညကစပြီး ငါ အလုပ်စမယ်။ ငါ့ကို စာရင်းပေးဦး” ချင်ယွမ်ဖုန်းက လက်ကမ်းလိုက်၏။
ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲ စတင်ရန် နှစ်ရက်မျှ လိုသေးပြီး လူအားလုံး ဤနေရာသို့ ရောက်ရှိနေကြပြီ ဖြစ်ပေရာ ရှာဖွေရသည်မှာ ပိုမို လွယ်ကူလိမ့်မည် ဖြစ်ချေသည်။
ချင်ယွမ်ဖုန်းက ထိုမျှလွယ်လွယ်ကူကူ သဘောတူလိမ့်မည်ဟု မုဟွိုက် မထင်မှတ်ထားသဖြင့် အနည်းငယ် အံ့အားသင့်သွားရ၏။
သူမနှင့် မပူးပေါင်းမီ ချင်ယွမ်ဖုန်းဘက်က တစ်စုံတစ်ရာ အာမခံချက် တောင်းဆိုလိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။
မုဟွိုက်သည် သူမ၏ ရင်ဘတ်ထဲမှ စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်၏။ ယင်းစက္ကူပေါ်တွင် လူတစ်ယောက်ချင်းစီ၏ အမည်၊ နောက်ခံနောက်ကြောင်း၊ ကျင့်စဉ်အဆင့်နှင့် အခြားအသေးစိတ် အချက်အလက်များ အလွန်စုံလင်စွာ ရေးသားထားပြီး အောက်ခြေတွင် ပုံတူပန်းချီကားချပ်ကိုပါ ပူးတွဲဖော်ပြထားချေသည်။
အခန်း (၂၅၈) - အဆောင်လက်ဖွဲ့လှောင်အိမ်
“ထန်ဂျွန်း…” ချင်ယွမ်ဖုန်းသည် စက္ကူပေါ်တွင် ရေးထားသော အမည်ကို ဖတ်ကြည့်လိုက်ပြီး “ဘာလို့ ဒီတစ်ယောက်တည်း ဖြစ်နေတာလဲ” ဟု မေးလိုက်သည်။
“မလောပါနဲ့ဦး… မင်းက ယုံကြည်စိတ်ချရတဲ့ အဖော်တစ်ယောက် ဟုတ်မဟုတ်ဆိုတာ ငါ အရင်ကြည့်ရဦးမယ်လေ” မုဟွိုက်က တိုးတိုးလေး ရယ်မောရင်း ပြောလိုက်သည်။
“ကောင်းပြီလေ” ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြကာ “ဒီထန်ဂျွန်းကို ငါ ပိတ်လှောင်ပြီးတာနဲ့ မင်းဆီ ပြန်လာခဲ့မယ်၊ ဒီညတော့ တံခါး ဂျက်မထိုးထားနဲ့ဦးပေါ့” ဟု ဆိုသည်။
“အော်… ဒါနဲ့ မောင်လေး… ငါ မင်းနာမည်ကို အခုထိ မသိရသေးဘူးပဲ” မုဟွိုက်က လှမ်းမေးလိုက်သည်။
“ငါ့နာမည်က ချင်ကျိပါ၊ လုယွဲ့အင်ပါယာက လာတာ” ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးရင်း ပြောလိုက်သည်။
“တွေ့ရတာ ဝမ်းသာပါတယ်” မုဟွိုက်က ညင်သာစွာ ပြုံးလိုက်ပြီး “ဒါပေမဲ့ မောင်လေးရဲ့ နာမည်ကို ငါ ဘာလို့ တစ်ခါမှမကြားဖူးပါလိမ့်၊ မင်း ဘယ်ဂိုဏ်းမှာ ကျင့်ကြံတာလဲလို့ မေးပါရစေဦး” ဟု ဆိုပြန်သည်။
“ဂိုဏ်းဂဏ မရှိပါဘူးဗျာ၊ တောတောင်ထဲမှာ သခင်နဲ့အတူ ကျင့်ကြံနေထိုင်ခဲ့ပြီး အခုမှပဲ တောင်ပေါ်က ဆင်းလာတာပါ” ချင်ယွမ်ဖုန်းက ရိုးသားစွာ ပြုံးပြလိုက်သည်။
မုဟွိုက်သည် လက်ဖက်ရည်ခွက်ကို မြှောက်လိုက်ပြီး “ကောင်းပြီလေ မောင်လေး… ဒါဆိုရင် ငါတို့ အောင်မြင်ဖို့အတွက် ဝိုင်အစား ဒီလက်ဖက်ရည်နဲ့ပဲ ဂုဏ်ပြုလိုက်ပါ့မယ်” ဟု ဆို၏။
“ကောင်းပြီလေ” ချင်ယွမ်ဖုန်းကလည်း သူ၏ လက်ဖက်ရည်ခွက်ကို မြှောက်ကာ တစ်ငုံတည်းဖြင့် အကုန်မော့သောက်လိုက်သည်။
ထို့သို့ သောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် အခန်းတံခါးကို တိုက်ရိုက်ဖွင့်ကာ တည်းခိုခန်းအပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာခဲ့လေသည်။
မုဟွိုက်သည် တည်းခိုခန်း ပြတင်းပေါက်မှနေ၍ ချင်ယွမ်ဖုန်း၏ ကျောပြင် ဝေးကွာပျောက်ကွယ်သွားသည်အထိ စောင်းငဲ့ကြည့်ရှုပြီးနောက် တဟားဟား ရယ်မောလိုက်လေတော့သည်။
“တကယ်ကို အပြစ်ကင်းစင်တဲ့ မောင်လေးပါလား၊ သူ့ကို လှည့်စားရတာတောင် ငါ မရက်စက်နိုင်တော့သလိုပဲ”
ထိုအချိန်တွင် မုဟွိုက်နှင့်အတူ စောစောက ဝိုင်းဖွဲ့ထိုင်နေခဲ့သော လူအချို့သည် အခန်းထဲသို့ တိတ်တဆိတ် ဝင်ရောက်လာကြသည်။
“ဂျူနီယာညီမလေး… ဘယ်လိုလဲ… အဆင်ပြေရဲ့လား” ဟု လူတစ်ယောက်က လှမ်းမေးလိုက်၏။
မုဟွိုက်က ပြုံး၍ ခေါင်းညိတ်ပြကာ “ဒီကောင်လေးက သိပ်အနူးညံ့ခံတာပဲ၊ ငါ နည်းနည်းလောက် ချော့မော့ပြောလိုက်တာနဲ့ ယုံသွားတာပဲ၊ သူ့ရဲ့ အရည်အချင်းကို စမ်းသပ်ဖို့ ဒီည ငါ ဒီမှာပဲ စောင့်နေမယ်၊ မင်းတို့ကတော့ အရင်အတိုင်းပဲ ချုံခိုတိုက်ခိုက်ဖို့ ပြင်ဆင်ထားကြ၊ ငါတို့ ဒီကောင်လေးကို အသုံးချပြီးတာနဲ့ မင်းတို့ဆီ ခေါ်လာခဲ့မယ်” ဟု ပြောလိုက်သည်။
ထိုလူများအားလုံးက ယုတ်မာရက်စက်သော အပြုံးများဖြင့် “စိတ်ချပါ … အဲဒီကောင်လေး လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး” ဟု ဆိုကြကုန်၏။
ချင်ယွမ်ဖုန်းသည် ပန်းရနံ့ရွာမှ ထွက်ခွာလာခဲ့ပြီ ဖြစ်သော်လည်း ဝေးဝေးသို့ တိုက်ရိုက် မသွားသေးဘဲ သူ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်လိုက်သည်။
မုဟွိုက်၏ အခန်းတွင်း လှုပ်ရှားမှု မှန်သမျှကို ချင်ယွမ်ဖုန်း ရှင်းလင်းစွာ မြင်တွေ့နေရရုံမျှမက ယင်းမုဟွိုက်၏ နှုတ်ခမ်းလှုပ်ရှားမှုကို ကြည့်ရုံဖြင့် ပြောဆိုသမျှကိုလည်း နားလည်သဘောပေါက်ခဲ့ပေသည်။
“ငါ ထင်တဲ့အတိုင်းပဲ၊ အကြောင်းမဲ့ ကောင်းပြတာတွေရဲ့ နောက်ကွယ်မှာ မရိုးသားတဲ့ ရည်ရွယ်ချက်တွေ ရှိနေတတ်တာပဲ၊ ဒီလူတစ်စုကတော့ တော်တော် စိတ်ဝင်စားဖို့ကောင်းတာပဲ” ချင်ယွမ်ဖုန်းက ပါးနပ်သော မြေခွေးအိုကြီးကဲ့သို့ ပြုံးလိုက်မိသည်။
သို့ရာတွင် သူသည် မုဟွိုက်နှင့် ပူးပေါင်းဆောင်ရွက်မှုကို စွန့်လွှတ်ရန် အစီအစဉ် မရှိချေ၊ အဘယ်ကြောင့်ဆိုသော် ယင်းကိစ္စသည် သူ့အတွက်လည်း အကျိုးအမြတ် ရှိနေသောကြောင့် ဖြစ်ပေရာ မုဟွိုက်၏ အန္တရာယ်ပြုမည့် အကြံအစည်များကို သတိထားနေရုံမျှဖြင့် လုံလောက်သည်ဟု တွေးတောမိသည်။
ထိုအကြောင်းအရာများကို နားလည်သဘောပေါက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ပန်းရနံ့ရွာမှ တိုက်ရိုက် ထွက်ခွာခဲ့ပြီး ကောင်းကင်ဘုံမျှော်စင်သို့ အမြန် ပြန်လာခဲ့လေသည်။
ညမမှောင်မီတွင် ချင်ယွမ်ဖုန်းသည် မိမိအခန်းထဲ၌ တံခါးပိတ်ကာ ပြင်ဆင်မှုများစွာ ပြုလုပ်နေခဲ့သည်၊ သူသည် ထိုလူများကို ပိတ်လှောင်ထားလိုသော်လည်း ဒဏ်ရာအနာတရ မဖြစ်စေလိုသဖြင့် အလုံးစုံ ပြည့်စုံအောင် ပြင်ဆင်ထားရန် လိုအပ်ပေသည်။
ညဉ့်နက်သန်းခေါင်အချိန် ရောက်ရှိလာသောအခါ ချင်ယွမ်ဖုန်းသည် မည်သူ့ကိုမျှ မသိစေဘဲ ကောင်းကင်ဘုံမျှော်စင်မှ တိတ်တဆိတ် ထွက်ခွာခဲ့လေတော့သည်။
မုဟွိုက် ပေးခဲ့သော သတင်းအချက်အလက်များအရ ယင်းထန်ဂျွန်းသည် လက်ရှိတွင် မြက်ခင်းပြင်ရွာရှိ တည်းခိုခန်းတစ်ခု၌ တည်းခိုနေကြောင်း အထင်အရှား ဖော်ပြထားသည်။
တစ္ဆေလက်သည်းမြေတွင် စုစုပေါင်း ရွာလေးရွာ ရှိပြီး နေထိုင်သူ အများစုမှာ သာမန် အရပ်သားများသာ ဖြစ်ကြပေရာ မိမိဘာသာ ဖူလုံအောင် လုပ်ကိုင်စားသောက်ရင်း အေးချမ်းစွာ နေထိုင်ကြသူများ ဖြစ်ကြသည်။
သို့သော်လည်း တောင်နှင့်မြောက် သွယ်တန်းနေသော တောင်တန်းကြီးများထဲတွင် သေးငယ်သော ဂိုဏ်းငယ်လေးများစွာသည် လျှို့ဝှက်စွာ ပုန်းအောင်း တည်ရှိနေကြသည်။
ထန်ဂျွန်း အပါအဝင်ဖြစ်သော ပျံကျားသစ်ဂိုဏ်းသည် တစ္ဆေလက်သည်းမြေ ဒေသတွင် ရှိသည်မဟုတ်ဘဲ ဝေးကွာလှသော ဝူချီအင်ပါယာတွင် တည်ရှိခြင်း ဖြစ်သည်၊
ထို့ကြောင့် သူသည် ဤနေရာသို့ ကြိုတင်လာရောက်ကာ တည်းခိုခန်းတွင် တည်းခိုနေရခြင်း ဖြစ်ပေသည်။
မြက်ခင်းပြင်ရွာသည် စိမ်းလန်းသောသစ်ပင်ရွာ၏ အရှေ့ဘက်တွင် တည်ရှိပြီး ယင်းရွာနှစ်ရွာသည် မြောက်ဘက်တောင်တန်းပေါ်ရှိ တစ်ခုတည်းသော ရွာများ ဖြစ်ကြသည်၊ ပန်းရနံ့ရွာနှင့် သက်တံရွာဟု ခေါ်ဆိုသော အခြားရွာတစ်ရွာမှာမူ လမ်း၏ ဆန့်ကျင်ဘက်တွင် တည်ရှိသည်။
ချင်ယွမ်ဖုန်းသည် မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြု၍ နာရီဝက်ခန့် ခရီးနှင်ပြီးနောက် နောက်ဆုံးတွင် မြက်ခင်းပြင်ရွာသို့ ရောက်ရှိလာခဲ့သည်၊ ထိုအချိန်တွင် မြက်ခင်းပြင်ရွာရှိ လူအားလုံးမှာ အိပ်စက်အနားယူနေကြပြီ ဖြစ်သည်။
မုဟွိုက် ပေးထားသော အချက်အလက်များအရ ယင်းထန်ဂျွန်းသည် အလွန် ဒေါသကြီးသူ ဖြစ်ပြီး ပဉ္စမအဆင့် မဟာဆရာနယ်ပယ်သို့ ရောက်ရှိထားသူ ဖြစ်ပေရာ ၎င်းတို့၏ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲတွင် ကြောက်မက်ဖွယ်ကောင်းသော ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်နိုင်ပေသည်
မြက်ခင်းပြင်ရွာရှိ တည်းခိုခန်းသည် ရွာအဝင်ဝတွင် ရှိပြီး ထန်ဂျွန်းမှာမူ စာကြည့်တိုက်၏ တစ်ဆယ်ထပ်မြောက် အခန်းတွင် တည်းခိုနေခြင်း ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မြေပြင်မှ ကျောက်ခဲသေးသေးတစ်လုံးကို ကောက်ယူလိုက်ပြီး ကြိုတင်ပြင်ဆင်ထားသော စက္ကူစဖြင့် ပတ်လိုက်ပြီးနောက် အရှိန်ပြင်းစွာဖြင့် လွှဲပစ်လိုက်လေသည်။
ထိုကျောက်ခဲသည် လေထဲတွင် ဝက္ကံပုံစံ ပျံသန်းသွားပြီး တည်းခိုခန်း နောက်ဘက်ရှိ တစ်ဆယ်ထပ်မြောက် ပြတင်းပေါက်မှတစ်ဆင့် တိကျစွာ ဝင်ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ထန်ဂျွန်းသည် ကုတင်ပေါ်၌ တရားထိုင် ကျင့်ကြံနေစဉ် ကျောက်ခဲတစ်လုံးသည် သူ၏ ခေါင်းကို ရုတ်တရက် လာမှန်လေတော့သည်။
“ဘယ်သူလဲ” ထန်ဂျွန်းသည် ဒေါသတကြီး ထရပ်လိုက်ရာ ထိုကျောက်ခဲတွင် စက္ကူစတစ်စ ပတ်ထားသည်ကို တွေ့ရှိသွားခဲ့သည်။
သူသည် ယင်းကို ကောက်ယူ ဖတ်ရှုလိုက်ရာ စက္ကူပေါ်တွင် ရိုးရှင်းသော စာသားအချို့ကိုသာ ရေးသားထားသည်ကို တွေ့ရသည်၊ “မင်းမှာ သတ္တိရှိရင် ရွာအပြင်ဘက်ကို ထွက်လာခဲ့၊ ငါ မင်းကို စောင့်နေမယ်”
ထန်ဂျွန်းသည် ပိုမို၍ ဒေါသထွက်သွားခဲ့သည်၊ သူ ဤနေရာသို့ ရောက်ရှိနေသည်မှာ နှစ်ရက်မျှသာ ရှိသေးသော်လည်း သူ့ကို လာရောက် စိန်ခေါ်ဝံ့သူ ရှိနေပြီလား၊ သူသည် ပြတင်းပေါက်ကို တိုက်ရိုက် တွန်းဖွင့်လိုက်ရာ တည်းခိုခန်း အောက်ခြေမှနေ၍ ရွာအပြင်ဘက်သို့ လျှောက်လှမ်းသွားသော လူရိပ်တစ်ခုကို လှမ်းမြင်လိုက်ရသည်။
“ကောင်းပြီလေ… ငါ့ကို ဘယ်သူက စိန်ခေါ်ရဲတာလဲဆိုတာ ကြည့်ရသေးတာပေါ့” ထန်ဂျွန်းသည် ချက်ချင်းပင် အောက်ထပ်သို့ ဆင်းကာ ထိုလူရိပ်နောက်သို့ အမှီလိုက်လေတော့သည်။
ချင်ယွမ်ဖုန်းသည် ရွာအပြင်ဘက်သို့ အမြန် ရောက်ရှိသွားခဲ့ပြီး ထန်ဂျွန်းကို စောင့်ဆိုင်းရန်အတွက် သူ၏ ခြေလှမ်းများကို ရည်ရွယ်ချက်ရှိရှိ လျှော့ချလိုက်သည်။
ထန်ဂျွန်းသည် တကယ်ပင် အစာငမ်းထွက်လာခဲ့သည်၊ သူသည် ချင်ယွမ်ဖုန်းကို မြင်သည်နှင့် တပြိုင်နက် လှမ်း၍ အော်ဟစ်လိုက်လေသည်။
“ဟေ့လူ… မင်းက ဘယ်သူလဲ၊ ငါ့ကို စိန်ခေါ်ရဲရအောင် မင်း အသက်မရှင်ချင်တော့ဘူးလား” ထန်ဂျွန်းက အေးစက်စွာ ပြောလိုက်သည်။
“ဟွန်း… ဒီည မင်းမှာ တကယ် ဘာအရည်အချင်းတွေ ရှိလဲဆိုတာ ငါ ကြည့်ချင်သေးတယ်” ချင်ယွမ်ဖုန်းသည် လှည့်မကြည့်ဘဲ အေးစက်စွာ တုံ့ပြန်လိုက်၏။
မကြာမီတွင် ချင်ယွမ်ဖုန်းသည် ထန်ဂျွန်းကို သူ ကြိုတင်ပြင်ဆင်ထားသော နေရာတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်၊ မြက်ခင်းပြင်ရွာသို့ မလာမီကပင် သူသည် ဤနေရာ၌ အချို့သောအရာများကို စီမံထားခဲ့ခြင်း ဖြစ်သည်။
“တော်ပြီ… ရှေ့ဆက်မသွားနဲ့တော့၊ ဒီနေရာက တော်တော် ကျယ်ဝန်းသားပဲ” ထန်ဂျွန်းက ခပ်အေးအေး ဆိုသည်။
ချင်ယွုန်းဖုန်းသည် လှည့်ကြည့်ကာ ပြုံးလိုက်ပြီး “သူတို့ပြောတာ မှန်တာပဲ၊ မင်းက တော်တော် ဒေါသကြီးတာပဲ၊ ဒေါသထွက်နေတဲ့လူဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တယ်ဆိုတာ မင်း မသိဘူးလား” ဟု မေးလိုက်သည်။
“ဟွန်း… ငါ စိတ်လိုက်မာန်ပါ လုပ်သည်ဖြစ်စေ၊ မလုပ်သည်ဖြစ်စေ… မင်း ငါ့ကို စိန်ခေါ်ခဲ့တာပဲ၊ မင်း အဆင်သင့်ဖြစ်ပြီလား” ထန်ဂျွန်းသည် စကားကို အချိန်မဆွဲတော့ဘဲ လက်ထဲမှ ဓားရှည်ကို တိုက်ရိုက် ထုတ်ယူလိုက်လေသည်။
“ဒါပေါ့… ငါ အဆင်သင့် ဖြစ်နေပါပြီ၊ တော်တော်လေးကို စေ့စပ်သေချာအောင် ပြင်ဆင်ထားတာပါ” ချင်ယွမ်ဖုန်း၏ မျက်နှာတွင် ပါးနပ်သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ထန်ဂျွန်းသည် တစ်ခုခု မှားယွင်းနေပြီဟု အလိုလို သိလိုက်ရသည်၊ သူ တိုက်ခိုက်ရန် ပြင်လိုက်စဉ်မှာပင် သူ၏ ခြေထောက်အောက်ရှိ မြေပြင်သည် ရုတ်တရက် လင်းထိန်သွားခဲ့လေတော့သည်။
“ထလော့” ချင်ယွမ်ဖုန်းသည် လက်တံဆိပ်တော်တစ်ခုကို ဖန်တီးကာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
ထိုသို့ အော်ဟစ်လိုက်သည်နှင့် တပြိုင်နက် မြောက်မြားစွာသော အဆောင်လက်ဖွဲ့များသည် မြေပြင်မှ ထိုးထွက်လာပြီး မှောင်မိုက်သော ညဉ့်နက်သန်းခေါင်တွင် တောက်ပစွာ လင်းလက်သွားကြသည်။
“ဝိညာဉ်အဆောင်လက်ဖွဲ့တွေလား”
ထန်ဂျွန်းသည် ထိတ်လန့်သွားပြီး သူ၏ ဓားရှည်ကို တိုက်ရိုက် လွှဲခုတ်လိုက်လေသည်။
သို့ရာတွင် ဓားရှည်သည် ဝိညာဉ်အဆောင်လက်ဖွဲ့များကို ထိမှန်သွားသောအခါ မီးပွားအချို့သာ လွင့်စင်သွားပြီး ဝိညာဉ်အဆောင်လက်ဖွဲ့များမှာမူ လုံးဝ ပျက်စီးခြင်း မရှိဘဲ အကောင်းပကတိအတိုင်း ရှိနေခဲ့သည်။
မြောက်မြားစွာသော ဝိညာဉ်အဆောင်လက်ဖွဲ့များသည် နံရံတစ်ခုကဲ့သို့ ဖြစ်ပေါ်လာပြီးနောက် ဝုန်းခနဲ မြည်ဟည်းကာ စုစည်းသွားကြတော့သည်၊ ထန်ဂျွန်းသည် လှောင်အိမ်ထဲတွင် ပိတ်မိနေသော ငှက်ငယ်လေးတစ်ကောင်ကဲ့သို့ ဖြစ်သွားခဲ့ရပေသည်။
အတွင်းပိုင်းမှနေ၍ အဆက်မပြတ် မြည်ဟည်းသံများ ထွက်ပေါ်နေသော်လည်း ဝိညာဉ်အဆောင်လက်ဖွဲ့ လှောင်အိမ်မှာမူ ယိမ်းယိုင်ခြင်းမရှိဘဲ တည်မြဲနေခဲ့သည်။
“မင်းရဲ့ ခွန်အားတွေကို အလဟဿ မဖြုန်းတီးပါနဲ့တော့၊ ငါ ဒီအဆောင်လက်ဖွဲ့တွေပေါ်မှာ ဝဇီရ ဝိညာဉ်အဆောင်ပုံရိပ်တွေ၊ ကိုယ်တွင်းစွမ်းအင် စုပ်ယူတဲ့ ဝိညာဉ်အဆောင်ပုံရိပ်တွေနဲ့ တခြား ရှုပ်ထွေးတဲ့ ဝိညာဉ်အဆောင်ပုံရိပ်တွေ အများကြီး ရေးဆွဲထားတာ၊ ဒါတွေက မင်းကို အနည်းဆုံး သုံးရက်လောက်တော့ ပိတ်လှောင်ထားနိုင်လိမ့်မယ်” ချင်ယွမ်ဖုန်းက ပြုံးလျက် ပြောလိုက်လေတော့သည်။