အခန်း (၂၅၉-၂၆၀)
Vol. 15 Ch. 259-260
အခန်း (၂၅၉) လင်ယွဲ့
“မင်းက ဘယ်သူလဲ” ထန်ဂျွန်းသည် ဒေါသတကြီးဖြင့် အော်ဟစ်လိုက်ချေသည်။
“ငါ ဘယ်သူလဲဆိုတာ မင်းစိတ်ပူနေဖို့မလိုပါဘူး၊ ဒီထဲမှာပဲ ငြိမ်ငြိမ်သက်သက် နေနေလိုက်ပါ၊ သုံးရက်ပြည့်ရင် ဝိညာဉ်အဆောင်လက်ဖွဲ့က အာနိသင်ပြယ်သွားမှာမို့လို့ ပြန်ထွက်လာလို့ရပါပြီ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
“ကောင်စုတ်လေး... မင်း ငါ့ကို ပြန်မလွှတ်ပေးရင် ပျံကျားသစ်ဂိုဏ်းက မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး” ဟု ထန်ဂျွန်းက စူးစူးဝါးဝါး အော်ဟစ်ကျိန်ဆဲပြန်သည်။
ချင်ယွမ်ဖုန်းသည် သက်ပြင်းချကာ ခေါင်းခါယမ်းလိုက်ပြီး “ဒါကတော့ သုံးရက်ပြည့်မှပဲ ပြောကြတာပေါ့” ဟု ဆိုလေသည်။
“ကောင်စုတ်လေး... မင်းလို ကောက်ကျစ်စဉ်းလဲတဲ့ကောင်၊ ငါ အပြင်ပြန်ရောက်တာနဲ့ မင်းကို သတ်ပစ်မယ်”
ထန်ဂျွန်းသည် ဝိညာဉ်အဆောင်လက်ဖွဲ့အတွင်းမှနေ၍ တရစပ် ဆဲရေးတိုင်းထွာတော့သည်။
ချင်ယွမ်ဖုန်းသည် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်ပြီးနောက် လက်ဖျောက်တစ်ချက် တီးလိုက်ကာ “တိတ်စေ” ဟု အမိန့်ပေးလိုက်၏။
ထိုခဏ၌ ဝိညာဉ်အဆောင်လက်ဖွဲ့အတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်မလာတော့ချေ။
ချင်ယွမ်ဖုန်းသည် ထိုဝိညာဉ်အဆောင်လက်ဖွဲ့ပေါ်တွင် အသံလုံဝိညာဉ်အဆောင်ပုံရိပ်များကိုပင် ရေးဆွဲထားခဲ့ခြင်း ဖြစ်ပေသည်။
“.. ထန်ဂျွန်းထံမှ အာဃာတတန်ဖိုး ၁၀၀ ရရှိပါသည်”
“ကဲ... သွားကြစို့၊ မင်းကို မုဟွိုက်ဆီ ခေါ်သွားပေးမယ်” ချင်ယွမ်ဖုန်းသည် သူ၏ သိုလှောင်အိတ်ထဲမှ အဝတ်နက်တစ်ထည်ကို ထုတ်ယူကာ ဝိညာဉ်အဆောင်လက်ဖွဲ့လှောင်အိမ်ကို လွှမ်းအုပ်လိုက်ပြီးနောက် အားစိုက်စရာပင်မလိုဘဲ အသာအယာ မလိုက်လေသည်။
ထိုအချိန်တွင် ချင်ယွမ်ဖုန်းသည် အထုပ်ကြီးတစ်ထုပ်ကို သယ်ဆောင်ထားသည့်နှယ် ပန်းရနံ့ရွာသို့ ဦးတည်၍ ခပ်သွက်သွက် လျှောက်လှမ်းလာခဲ့ချေသည်။
မုဟွိုက်သည် ပြတင်းပေါက်အနီးတွင် ရပ်တန့်ကာ ကတိအတိုင်း ရောက်ရှိလာမည့် ချင်ယွမ်ဖုန်းကို စောင့်ဆိုင်းနေခဲ့သည်။ ထိုစဉ် အောက်ထပ်ရှိ တည်းခိုခန်းသို့ ချင်ယွမ်ဖုန်း အထုပ်ကြီးတစ်ထုပ် သယ်ပိုးကာ ရောက်ရှိလာသည်ကို ရုတ်တရက် လှမ်းမြင်လိုက်ရပေသည်။
“အဲဒါ ဘာကြီးလဲ၊ အလောင်းကောင်ကြီးတော့ မဟုတ်ဘူးမလား” မုဟွိုက်၏ မျက်ဝန်းများ ဝင်းပသွားခဲ့၏။
ချင်ယွမ်ဖုန်းသည် အပေါ်ထပ်သို့ ဖြည်းညှင်းစွာ တက်လှမ်းလာပြီးနောက် မုဟွိုက်၏ အခန်းထဲသို့ ဝင်ရောက်လာခဲ့ချေသည်။
“ငါပြန်ရောက်ပြီ” ဟု ချင်ယွမ်ဖုန်းက ဆိုလိုက်၏။
မုဟွိုက်က မျက်နှာတွင် အပြုံးတစ်ခု ဆင်မြန်းကာ ခေါင်းညိတ်ပြလိုက်ရင်း “မောင်လေး... တော်လိုက်တာ၊ မင်း သယ်လာတာ ထန်ဂျွန်းရဲ့ အလောင်းလား” ဟု မေးမြန်းလိုက်သည်။
“မဟုတ်ဘူး၊ ငါဘယ်သူ့ကိုမှ ဒဏ်ရာဒဏ်ချက် မပေးဘူးလို့ ပြောခဲ့သားပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုရင်း ဝိညာဉ်အဆောင်လက်ဖွဲ့လှောင်အိမ်ကို ဖုံးအုပ်ထားသည့် အဝတ်နက်ကို ဆွဲဖယ်လိုက်ချေသည်။
မုဟွိုက်သည် တင်းကျပ်စွာ ပိတ်ဆို့ထားသည့် ဝိညာဉ်အဆောင်လက်ဖွဲ့ကို ကြည့်ကာ အံ့အားသင့်သွားပြီး နှလုံးသားထဲတွင် ဆွံ့အမှင်တက်သွားရုံမက “မင်းက ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ တစ်ယောက်လား” ဟု မေးလိုက်မိသည်။
“နည်းနည်းပါးပါးတော့ တတ်တာပေါ့” ချင်ယွမ်ဖုန်းက နှိမ့်ချစွာ ပြုံးပြလိုက်၏။
မုဟွိုက်က သံသယစိတ်ဖြင့် “ဒီထဲမှာ ထန်ဂျွန်း ရှိနေတယ်ဆိုတာ ငါ ဘယ်လိုလုပ် ယုံရမှာလဲ” ဟု ဆိုသည်။
“လွယ်လွယ်လေးပေါ့” ချင်ယွမ်ဖုန်းက ပြုံးလျက် လက်ဖျစ်တစ်ချက် တီးလိုက်ချေသည်။
“မင်းလို ကောင်စုတ်၊ ငါ့ကို အပြင်လွှတ်ပြီး ရိုးရိုးသားသား ယှဉ်ပြိုင်ရဲလား၊ မင်းလို အောက်တန်းကျတဲ့ကောင်၊ အရှက်မရှိတဲ့ကောင်၊ ယုတ်မာတဲ့ကောင်...”
“တိတ်စေ” ချင်ယွမ်ဖုန်းက လက်ဖျစ် ထပ်မံတီးလိုက်ပြန်ရာ ဆဲရေးတိုင်းထွာသံများမှာ ချက်ချင်း ပြန်လည်တိတ်ဆိတ်သွားတော့သည်။
“ကဲ... သေချာပေါက် အထဲကလူက ထန်ဂျွန်းပဲ ဖြစ်ရမယ်၊ သူ့လောက် ဒေါသကြီးတဲ့လူ မရှိဘူး” ဟု မုဟွိုက်က ပြုံး၍ ဆိုလေသည်။
“အခုဆိုရင် ငါရဲ့ ရိုးသားမှုကို သက်သေပြပြီးပြီမလား၊ အခု မင်းရဲ့ ရိုးသားမှုကို မြင်ချင်ပြီ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်၏။
“စိတ်မပူပါနဲ့၊ ငါ အားလုံး ပြင်ဆင်ထားပြီးသားပါ”
မုဟွိုက်က ပြောပြောဆိုဆိုဖြင့် စက္ကူစကွက်တစ်ခုကို စားပွဲပေါ်သို့ တင်ကာ ချင်ယွမ်ဖုန်းထံသို့ တွန်းပို့ပေးလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ယင်းကို ကောက်ယူကြည့်ရှုလိုက်ရာ ထိုစက္ကူပေါ်တွင် လူငယ်သိုင်းပညာရှင် အချို့၏ အမည်များနှင့် ကိုယ်ရေးအချက်အလက်များကို ရေးသားထားသည်ကို တွေ့ရှိရပေသည်။
“ငါတို့ကို ခြိမ်းခြောက်မှုပေးနိုင်တဲ့သူမှန်သမျှ ဒီစာရင်းထဲမှာ အကုန်ပါတယ်၊ သူတို့ကိုသာ ရှင်းထုတ်နိုင်ရင် ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲမှာ ငါတို့ကို ယှဉ်နိုင်မယ့်သူ ရှိတော့မှာ မဟုတ်ဘူး” ဟု မုဟွိုက်က ပြုံးလျက် ဆိုသည်။
ချင်ယွမ်ဖုန်းသည် စက္ကူပေါ်ရှိ စာသားများကို အမြန်ပင် ဖတ်ရှုလိုက်ရာ ရင်းနှီးနေသော အမည်တစ်ခုကို ရှာဖွေတွေ့ရှိသွားခဲ့၏။ ထိုအမည်ကား လင်ယွဲ့ ဖြစ်ပေသည်။
“ဘာလို့ အမျိုးသမီးတစ်ယောက် ပါနေတာလဲ” ချင်ယွမ်ဖုန်းက မျက်နှာအမူအရာ မပျက်ဘဲ မေးမြန်းလိုက်သည်။
“အို...မောင်လေးက မိန်းမတစ်ယောက်အပေါ် လက်မပါချင်ဘူးပေါ့၊ မင်းက တကယ့် လူကြီးလူကောင်းပဲကိုး” မုဟွိုက်က တခစ်ခစ် ရယ်မောလိုက်ပြီး “ဒါပေမဲ့ ဒီမိန်းမက သာမန်မဟုတ်ဘူး၊ သူက ကောင်းကင်ဘုံလမ်းစဉ်မှာ ငါတို့ရဲ့ အကြီးမားဆုံး ရန်သူပဲ” ဟု ဆိုချေသည်။
“အကြီးမားဆုံး ရန်သူ ဟုတ်လား၊ ဘာဖြစ်လို့လဲ” ချင်ယွမ်ဖုန်းက ဝေခွဲမရသော မျက်နှာပေးဖြင့် မေးလိုက်၏။
“ငါ အရင်က ပြောခဲ့ဖူးတယ်လေ၊ ကောင်းကင်ဘုံလမ်းစဉ်က လူတစ်ယောက်ရဲ့ ဇွဲနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုကို စမ်းသပ်တာလို့၊ အဲဒီ လင်ယွဲ့ ဆိုတဲ့မိန်းမရဲ့ ဇွဲနဲ့ စိတ်ဓာတ်ကြံ့ခိုင်မှုက သာမန်လူတွေထက် အဆပေါင်းများစွာ သာလွန်တယ်၊ သူက တကယ့်ကို ကြောက်စရာကောင်းတဲ့သူပဲ” မုဟွိုက်က မနာလိုဟန်ဖြင့် အေးစက်စွာ ပြောဆိုလိုက်ပေရာ သူမနှင့် လင်ယွဲ့အကြားတွင် တစ်စုံတခုသော ပဋိပက္ခ ရှိနေဟန် တူချေသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “မင်းနဲ့ အဲဒီ လင်ယွဲ့ကြားမှာ တစ်ခုခု အဆင်မပြေတာ ရှိနေသလိုပဲနော်” ဟု စကားနာထိုးလိုက်၏။
“ဟွန်း... သူက အသက်နဲ့လဲပြီး တိုက်ခိုက်ရဲတဲ့ မိန်းကလေးတစ်ယောက်မို့လို့ပါ၊ သူ့ရဲ့ ဆရာမျက်နှာကြောင့်သာ မဟုတ်ရင် ငါ သူ့ကို သတ်ပစ်တာ ကြာပြီ” ဟု မုဟွိုက်က ခက်ထန်စွာ ဆိုလေသည်။
ချင်ယွမ်ဖုန်းသည် အနည်းငယ် ဝေခွဲမရဖြစ်သွားရ၏။ မုဟွိုက်နှင့် လင်ယွဲ့တို့အကြားတွင် ပြေလည်နိုင်ခြင်းမရှိသော အမုန်းတရားများ ရှိနေပုံရပေသည်။
“နှင်းမြူဓားဂိုဏ်းက လင်ယွဲ့... နှင်းမြူဓားဂိုဏ်း ဟုတ်လား၊ အဲဒါက ဒုတိယတန်းစား ဂိုဏ်းတစ်ခု မဟုတ်ဘူးလား၊ သူတို့က ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို ဘယ်လိုလုပ် ဝင်ပြိုင်ခွင့်ရတာလဲ”
ချင်ယွုန်းဖုန်းက မျက်မှောင်ကြုတ်ကာ မေးမြန်းလိုက်သည်။
“နှင်းမြူဓားဂိုဏ်း တည်ရှိတာက တစ္ဆေလက်သည်းမြေ တောအုပ်ထဲမှာလေ၊ သူတို့က ကောင်းကင်ဘုံမျှော်စင်နဲ့ ဆက်ဆံရေးကောင်းမွန်တာမို့လို့ ဖိတ်ခေါ်စာရတာ မဆန်းပါဘူး” မုဟွိုက်က မထောက်မညှာ ဆိုလိုက်ချေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ဪ... ဒီလိုကိုး၊ ကောင်းပါပြီ၊ ဘာမှ ထပ်မမေးတော့ပါဘူး၊ မနက်ဖြန်ကျရင် စတင် လှုပ်ရှားတော့မယ်” ဟု ဆိုသည်။
မုဟွိုက်က သူမ၏ ပါးစပ်ကို လက်ဖြင့်ပိတ်ကာ ညုတုတု ရယ်မောလိုက်ရင်း “မောင်လေးက အခုပဲ ပြန်တော့မလို့လား၊ တကယ်ပဲ ရက်စက်နိုင် အားထုတ်နိုင်ပေ့” ဟု ဆိုကာ ၎င်း၏ ဝတ်ရုံကို အနည်းငယ် ဆွဲချ၍ မြှူဆွယ်လိုက်လေသည်။
“ငါ ပြောသားပဲ၊ မင်းက မကြောက်ဘူး၊ ဒါပေမဲ့ တကယ်ပဲ မကြောက်ဘူးလား” ချင်ယွမ်ဖုန်းက နောက်ပြောင်သော အပြုံးတစ်ခုကို ပြသလိုက်၏။
မုဟွိုက်သည် ချက်ချင်းပင် မျက်နှာထား တည်လိုက်ပြီး “သွား... သွား... မင်းလို လူရှုပ်၊ ငါက မင်းကို စမ်းသပ်ရုံတင် ရှိသေးတယ်၊ မင်းရဲ့ ရုပ်ဆိုးတဲ့ မျက်နှာဖုံးက ချက်ချင်း ပွင့်ထွက်လာတာပဲ” ဟု ဆိုတော့သည်။
“ဟားဟားဟား” ချင်ယွမ်ဖုန်းက ကျယ်လောင်စွာ ရယ်မောလိုက်ရင်း “ကျွန်တော် ထန်ဂျွန်းကို ဒီမှာပဲ ထားခဲ့မယ်၊ ဒါပေမဲ့ ငါပြောခဲ့တဲ့ စကားကိုတော့ သတိရပါ၊ ဘယ်သူ့ကိုမှ ဒဏ်ရာမရစေနဲ့၊ ပြီးတော့ မနက်ဖြန်ကျရင် မင်းဆီက အကူအညီ လာတောင်းဦးမယ်” ဟု ဆို၏။
“ငါ့ဆီက အကူအညီ တောင်းမယ် ဟုတ်လား” မုဟွိုက်က သတိထားလိုက်မိပြီး “ဘာဖြစ်လို့လဲ” ဟု မေးသည်။
“မင်းက ဒီဒေသအကြောင်း ကောင်းကောင်း သိတာပဲလေ” ချင်ယွမ်ဖုန်းက သဘာဝကျကျပင် ပြောဆိုလိုက်ပြီး “စိတ်မပူပါနဲ့၊ လူပုံအလယ်မှာ လှုပ်ရှားရမယ့် ကိစ္စတွေကို ငါ တာဝန်ယူပါ့မယ်၊ မင်းကတော့ လူကောင်းအဖြစ်ပဲ နေလိုက်၊ အဆင်ပြေတယ်မလား” ဟု ဆိုချေသည်။
“အဲဒါမှ ဟုတ်တာပေါ့” မုဟွိုက်က ခေါင်းညိတ် သဘောတူလိုက်၏။
ချင်ယွမ်ဖုန်းသည် တည်းခိုခန်းမှ တိုက်ရိုက် ထွက်ခွာလာခဲ့ပြီးနောက် ကောင်းကင်ဘုံမျှော်စင်သို့ ဦးတည်ကာ ခပ်သွက်သွက် ပြန်လာခဲ့တော့သည်။
မုဟွိုက်သည် ဝိညာဉ်အဆောင်လက်ဖွဲ့လှောင်အိမ်အနီးသို့ တိုးကပ်သွားသော်လည်း အတွင်းမှ မည်သည့်အသံမျှ မကြားရချေ။
“ဒီ ချင်ကျိ က တကယ်ပဲ လှည့်ကွက်တွေ အများကြီး ရှိတာပဲ၊ သူက ဝိညာဉ်အဆောင်လက်ဖွဲ့ ဖန်တီးသူ ဖြစ်နေလိမ့်မယ်လို့ ငါ လုံးဝ ထင်မထားခဲ့ဘူး၊ တကယ်ကို နက်ရှိုင်းပြီး ဝေခွဲရခက်တဲ့ကောင်ပဲ၊ နောက်ဆုံးအချိန်ကျရင် ငါ ပိုပြီး သတိထားရမယ် ထင်တယ်” ဟု မုဟွိုက်က တည်ငြိမ်စွာ တွေးတောလိုက်၏။
အမှန်စင်စစ် သူမသည် ထန်ဂျွန်းကို တိုက်ရိုက် သတ်ပစ်ချင်ခဲ့ခြင်း ဖြစ်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမ၏ဂိုဏ်းနှင့် ထန်ဂျွန်း၏ဂိုဏ်းတို့သည် ပြိုင်ဘက်များ ဖြစ်ကြသည့်အပြင် သူမ၏ဂိုဏ်းသည် အခြားဂိုဏ်းများနှင့်လည်း အနည်းနှင့်အများဆိုသလို ရန်ငြိုးရန်စများ ရှိနေခဲ့သောကြောင့် ဖြစ်၏။
သို့သော်လည်း ချင်ယွမ်ဖုန်း ပြောခဲ့သော စကားများကို ပြန်လည်တွေးတောမိကာ သူမသည် လတ်တလောတွင် ထိုစိတ်ကို လက်လျှော့လိုက်ရုံမက ယင်းဝိညာဉ်အဆောင်လက်ဖွဲ့လှောင်အိမ်ကို မည်သို့ ဖွင့်ရမည်ကိုလည်း သူမ မသိရှိချေ။
“ဟွန်း... နောက်ဆုံးကျရင်တော့ မင်းတို့အားလုံးကို ငါ ဆော်ပလော်တီးပစ်မှာ” ဟု မုဟွိုက်က အေးစက်စွာ ရေရွတ်လိုက်ချေသည်။
ချင်ယွမ်ဖုန်းသည် ပန်းရနံ့ရွာမှ ထွက်ခွာလာပြီးနောက် မည်သူ့ကိုမျှ အနှောင့်အယှက်မပေးဘဲ ကောင်းကင်ဘုံမျှော်စင်သို့ ဖြည်းညှင်းစွာ ပြန်လည်ရောက်ရှိလာခဲ့၏။
သို့သော်လည်း သူသည် စက္ကူပေါ်ရှိ လင်ယွဲ့ဟူသော အမည်ကို ကြည့်ကာ အတွေးကမ္ဘာထဲသို့ နစ်မြုပ်နေခဲ့ချေသည်။
ဘေးခန်းရှိ အဘိုးကျိုးသည် အိပ်ပျော်နေဟန် တူသော်လည်း ထိုခဏ၌ သူ၏ နှုတ်ခမ်းထောင့်စွန်းများ ကွေးညွတ်သွားကာ သာယာသောအပြုံးတစ်ခု ပေါ်လွင်နေခဲ့ပေသည်။
နောက်တစ်နေ့ နံနက်အစောပိုင်းတွင် ချင်ယွမ်ဖုန်းသည် ဆင်ခြေတစ်ခုကို အလွယ်တကူ ရှာကြံ၍ ကောင်းကင်ဘုံမျှော်စင်မှ ထွက်ခွာလာခဲ့ပြီး ပန်းရနံ့ရွာရှိ တည်းခိုခန်းသို့ လျင်မြန်စွာ ရောက်ရှိလာခဲ့၏။
“မောင်လေးက တော်တော် စောစော ရောက်လာတာပဲ” မုဟွိုက်က ကုတင်ပေါ်တွင် ပျင်းရိ ငြီးငွေ့ဖွယ် အမူအရာဖြင့် လှဲလျောင်းနေရင်း “မင်းက တကယ်ကို တက်ကြွတာပဲ” ဟု ဆိုသည်။
“ဒါပေါ့၊ အမြန်ထပါဦး၊ ကျန်တဲ့လူတွေကို ဘယ်လို ကိုင်တွယ်မလဲဆိုတာ ဆွေးနွေးကြရအောင်” ဟု ချင်ယွမ်ဖုန်းက ပြောဆိုလိုက်၏။
“ဆွေးနွေးမယ် ဟုတ်လား၊ ငါက သတင်းအချက်အလက် ပေးရုံတင်ပေးပြီး မင်းကပဲ သူတို့ကို ရှင်းပစ်ဖို့ အမုန်းခံ တာဝန်ယူမယ်လို့ ငါတို့ သဘောတူထားပြီးသား မဟုတ်ဘူးလား” ဟု မုဟွိုက်က အနည်းငယ် မကျေမနပ်ဖြင့် ပြန်လည်ပြောဆိုလိုက်လေသည်။
အခန်း (၂၆၀)စီမံကိန်း
“ကြည့်စမ်းပါဦး၊ အခုလို နေ့ခင်းကြောင်တောင်ကြီးမှာ ငါက ဘယ်လိုလုပ်ပြီး လက်ရဲဇာတ်ရဲ လှုပ်ရှားလို့ရမှာလဲ။ ဒါကို အသေအချာဖြစ်အောင် စီမံကိန်းချဖို့ မင်းရဲ့အကူအညီ လိုသေးတယ်” ဟု ချင်ယွမ်ဖုန်းက အလောတကြီး ပြောလိုက်သည်။
မုဟွိုက်သည် စိတ်တိုင်းမကျသော်လည်း ချင်ယွမ်ဖုန်းနှင့်အတူ ဆွေးနွေးတိုင်ပင်ပေးရှာသည်။
နောက်ဆုံးတွင် လင်ယွဲ့တစ်ယောက်သာ ကျန်ရှိတော့ရာ ချင်ယွမ်ဖုန်းက လက်ကာပြလိုက်ပြီး “စိတ်မပူပါနဲ့၊ လင်ယွဲ့ကိုတော့ ငါ့ဘာသာပဲ အောင်မြင်အောင် ကိုင်တွယ်လိုက်ပါ့မယ်။ ငါ့မှာ မိန်းမတွေကို ဘယ်လိုကိုင်တွယ်ရမလဲဆိုတဲ့ အတတ်ပညာ ရှိပြီးသားပါ” ဟု ဆို၏။
“ဟုတ်လို့လား” မုဟွိုက်က လှောင်ပြုံးတစ်ချက် ပြုံးလိုက်ပြီး “မိန်းမတွေကို ဘယ်လိုများ ကိုင်တွယ်တတ်လို့လဲ။ မင်းရဲ့ စီနီယာအစ်မအပေါ်မှာကော စမ်းကြည့်ပါလား” ဟု ဆိုလေသည်။
ချင်ယွမ်ဖုန်းက နှာခေါင်းရှုံ့ကာ နှစ်ချက်မျှ ရယ်မောလိုက်ပြီး “မင်းမျက်နှာပေါ်က ဆေးခြယ်ထားတဲ့ အဆောင်ပုံရိပ်တွေကိုသာ ဖျက်ပစ်လိုက်မယ်ဆိုရင်တော့ မင်းကို နည်းနည်း စိတ်ဝင်စားဖို့ ကောင်းကောင်းကြီး တွေ့ရပါလိမ့်မယ်” ဟု ဆို၏။
ထိုစကားကို ကြားရသောအခါ မုဟွိုက်၏ မျက်နှာသည် ချက်ချင်းပင် မည်းမှောင်သွားပြီး ယင်းက ရုတ်တရက် လက်ပါးစေလိုက်ရာ အေးစက်သော အလင်းတန်းတစ်ခုသည် ချင်ယွမ်ဖုန်း၏ မျက်နှာဆီသို့ တည့်တည့်မတ်မတ် ထိုးစိုက်ဝင်ရောက်သွားချေသည်။
ချင်ယွမ်ဖုန်းသည် အချိန်ကိုက်ပင် ခေါင်းကို စောင်းလိုက်သဖြင့် ထိုအေးစက်သော အလင်းတန်းကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း သူ၏ ဆံပင်အနည်းငယ်မှာမူ ပြတ်တောက်သွားပြီး မြေပြင်ပေါ်သို့ လွင့်စင်ကျသွားခဲ့ရသည်။
“အမလေးဗျာ၊ စကားနောက်တာကို အတည်ကြီး လုပ်နေရလား” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။
“ငါ့ရဲ့ တက်တူးတွေနဲ့ အဆောင်ပုံရိပ်တွေအကြောင်းကို မင်းပြောခွင့်မရှိဘူး။ ဒါတွေက ငါတို့ဂိုဏ်းရဲ့ ယုံကြည်ကိုးကွယ်မှု သက်သက်ပဲ” ဟု မုဟွိုက်က ခပ်အေးအေး ပြောလိုက်၏။
“ကဲပါ... ကဲပါ... ငါမပြောတော့ရင် ပြီးတာပဲမဟုတ်လား” ချင်ယွမ်ဖုန်းက လက်ကာပြလိုက်ပြီး “အခု ထိုလူတွေကို သွားရှာဖို့ ငါ့ကို ခေါ်သွားပေးတော့” ဟု ဆိုသည်။
“ကောင်းပြီ၊ ငါ့နောက်က လိုက်ခဲ့” မုဟွိုက်က တည်ငြိမ်စွာ ဆိုပြီးနောက် တည်းခိုခန်းမှ ထွက်ခွာသွားလေသည်။
“ရေငှက်ဂိုဏ်းက တပည့်ဖြစ်တဲ့ ယန်ချိုင်က မောက်မာဝါကြွားပြီး အလိုကြီးတတ်ပေမယ့် ထူးဆန်းတဲ့ ပစ္စည်းတွေကို စုဆောင်းရတာ သဘောကျတယ်။ ဒါကြောင့် သူ့ကို ဈေးသည်တွေရဲ့ ဆိုင်ခန်းအသေးလေးတွေမှာ ခဏခဏ တွေ့ရတတ်တယ်”
မုဟွိုက်သည် ချင်ယွမ်ဖုန်းကို တစ္ဆေလက်သည်းမြေ လမ်းမလယ်သို့ ခေါ်ဆောင်လာရင်း လမ်းလျှောက်ရင်း ပြောပြနေခြင်း ဖြစ်သည်။
လမ်း၏ ဝဲယာနှစ်ဖက်စလုံးတွင် ဈေးသည်များ၏ ဆိုင်ခန်းများ စီတန်းလျက်ရှိနေသဖြင့် ယန်ချိုင်သည် ဤနေရာသို့ လာရောက်ရန် အခွင့်အလမ်း အလွန်များပြားလှပေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး သူနှင့် မုဟွိုက်သည် တစ်ဖက်တစ်ချက်စီ ခွဲကာ ယန်ချိုင် ရှိနေမည့်နေရာကို စတင်ရှာဖွေကြတော့သည်။
မုဟွိုက်က ချင်ယွမ်ဖုန်းထံ ပေးအပ်ထားသော အချက်အလက်များထဲတွင် ယန်ချိုင်၏ ရုပ်ပုံလွှာ ပါဝင်နေသဖြင့် ချင်ယွမ်ဖုန်းအနေဖြင့် မြင်မြင်ချင်းပင် မှတ်မိနိုင်မည် ဖြစ်သည်။
နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် ချင်ယွမ်ဖုန်းသည် ဆိုင်ခန်းအသေးလေးတစ်ခု၏ ဘေးတွင် ရပ်နေပြီး ခင်းကျင်းပြသထားသော ပစ္စည်းများကို အသေအချာ ကြည့်ရှုစစ်ဆေးနေသည့် အစိမ်းရောင် ဝတ်ရုံဝတ်ဆင်ထားသော အမျိုးသားတစ်ဦးကို ရုတ်တရက် မြင်တွေ့လိုက်ရ၏။
ထိုဆိုင်ခန်းတွင် ရောင်းချနေသော ပစ္စည်းများမှာ ထူးဆန်းသော ပုံသဏ္ဌာန်ရှိသော်လည်း အသုံးမဝင်လှသည့် ပစ္စည်းများသာ ဖြစ်ကြပြီး အများစုမှာ အဆင့်နိမ့် သိုင်းပညာရှင်များကို လှည့်စားရန် အသုံးပြုသည့် ကိရိယာအသေးအမွှားလေးများ ဖြစ်ကြသည်။
သို့သော်လည်း ယန်ချိုင်သည် ထိုကဲ့သို့သော အရာများကို နှစ်သက်သဘောကျသူ ဖြစ်နေချေသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး ထိုဆိုင်ခန်းဆီသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းသွားခဲ့သည်။
ယန်ချိုင်သည် ထိုအချိန်တွင် မင်အိုးအသေးလေးတစ်ခုကို ကိုင်တွယ်နေ၏။
ထိုမင်အိုး၏ အတွင်း၌ စက်ယန္တရားအသေးစားလေးတစ်ခု ပါရှိပြီး မင်ရည်ကို ထည့်သွင်းထားရုံမျှဖြင့် လိုအပ်သည့်အချိန်တွင် မင်ကို အလိုအလျောက် ကြိတ်ခွဲပေးနိုင်သဖြင့် အလွန်ပင် လက်ရာမြောက်လှပေသည်။
ချင်ယွမ်ဖုန်းသည်လည်း ထိုအခိုက်အတန့်တွင် ဆိုင်ခန်းသို့ ရောက်ရှိလာပြီး ခင်းကျင်းထားသော ပစ္စည်းများကို ကြည့်ရှု စစ်ဆေးချင်ယောင် ဆောင်နေလိုက်သည်။
ယန်ချိုင်သည် ချင်ယွမ်ဖုန်း၏ မျက်နှာကို စိမ်းနေသဖြင့် စကားတစ်ခွန်းမျှ မဆိုဘဲ မင်အိုးကို ဆိုင်ခန်းပေါ်သို့ ပြန်လည် တင်ထားလိုက်၏။
“ဆိုင်ရှင်၊ ဒီမင်အိုးက ဘယ်လောက်လဲ”
သို့သော် ကွက်တိပင် ချင်ယွမ်ဖုန်းက မင်အိုးကို လှမ်း၍ ဖမ်းကိုင်လိုက်ပြီးနောက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ပစ်ချပေးလိုက်ကာ “ဆိုင်ရှင်၊ ဒီမင်အိုးကို ငါယူမယ်” ဟု ဆိုလေသည်။
ယန်ချိုင်က မျက်မှောင်ကြုတ်လိုက်ပြီး မျက်နှာတွင် မကျေနပ်သည့် အရိပ်အယောင်များ ယှက်သန်းသွားကာ “မိတ်ဆွေ၊ ဒီမင်အိုးကို ငါက အရင်မြင်တာနော်။ မင်းက ဘာဖြစ်လို့ လုယူရတာလဲ” ဟု မေးလိုက်သည်။
“လုယူရတာ ဟုတ်လား။ မင်းမှ မဝယ်ရသေးတာ၊ ဒါကြောင့် ဒါက မင်းပစ္စည်း မဟုတ်သေးဘူး။ ငါလည်း ဝယ်ယူခွင့် ရှိတာပဲလေ” ချင်ယွမ်ဖုန်းက နောက်ထပ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ထုတ်ယူကာ ဆိုင်ခန်းပေါ်သို့ ထပ်မံ တင်လိုက်ပြန်သည်။
“ဆိုင်ရှင်၊ ဒီဝိညာဉ်ကျောက်တုံးတွေနဲ့ လောက်ရဲ့လား” ချင်ယွမ်ဖုန်းက ယန်ချိုင်ကို ရန်စလိုသော မျက်ဝန်းများဖြင့် ကြည့်လိုက်၏။
ယန်ချိုင်က ဒေါသတကြီးဖြင့် “ဒီမင်အိုးက အလွန်ဆုံးရှိမှ အလယ်အလတ်အဆင့် ဝိညာဉ်ကျောက်တုံး တစ်တုံးပဲ တန်တာ။ မင်းက အရူးအဖြစ် အလုပ်ခံချင်တယ်ဆိုရင်တော့ ငါက တားဆီးပိုင်ခွင့် မရှိပါဘူးလေ” ဟု ဆိုသည်။
“မင်း မတားနိုင်တာ ကောင်းတာပေါ့။ ဒီသခင်လေးက ပိုက်ဆံတွေ သိပ်ပေါပြီး အလိုလိုက်ခံထားရလို့လေ” ချင်ယွမ်ဖုန်းက မထောက်မညှာစတမ်း ပုံစံမျိုး ဖမ်းလိုက်သည်။
ယန်ချိုင်သည် သက်ပြင်းကို ခပ်ပြင်းပြင်း နှစ်ချက်မျှ ချလိုက်ပြီး ဒေါသမထွက်စေရန်အတွက် ချင်ယွမ်ဖုန်းကို ဆက်လက် မကြည့်တော့ဘဲ ဆိုင်ခန်းရှိ ပစ္စည်းများကိုသာ ဆက်လက် ကြည့်ရှုနေတော့သည်။
ချင်ယွမ်ဖုန်းမှာမူ ထိုနေရာတွင်ပင် ရပ်နေပြီး ထွက်ခွာမသွားချေ။
ဆက်လက်၍ ယန်ချိုင်သည် ရေဒိုင်ခွက်ပုံစံငယ်တစ်ခုကို သဘောကျသွားပြန်သည်။
စားပွဲပေါ်တွင် ရေအနည်းငယ် တင်ထားလိုက်ရုံမျှဖြင့် လှပသော ပြကွက်တစ်ခုကို ဖန်တီးပေးနိုင်မည့် ပစ္စည်းမျိုး ဖြစ်သည်။
“ဟေး... ဒီရေဒိုင်ခွက်က လှသားပဲ၊ ဆိုင်ရှင်၊ ဒါကိုလည်း ငါယူမယ်”
ယန်ချိုင် စကားမဟရသေးမီမှာပင် ချင်ယွမ်ဖုန်းက ရေဒိုင်ခွက်ပုံစံငယ်ကို တိုက်ရိုက် ကောက်ယူလိုက်ပြီး တစ်ပြိုင်နက်တည်းမှာပင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ဆိုင်ခန်းပေါ်သို့ တင်လိုက်ပြန်သည်။
“သခင်လေး.. ဒါက... ဒါကတော့ သိပ်ပြီး မကောင်းလှဘူးထင်တယ်...” ဆိုင်ရှင်ကိုယ်တိုင်ပင်လျှင် ချင်ယွမ်ဖုန်းသည် ယန်ချိုင်အပေါ် ရန်ငြိုးတစ်ခုခု ရှိနေသည်ကို ရိပ်မိနေချေပြီ။
“မလောက်ဘူးလား။ ဒါဆို ဒါတွေကော” ချင်ယွမ်ဖုန်းက နောက်ထပ် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး နှစ်တုံးကို ဆိုင်ခန်းပေါ်သို့ ထပ်မံ ချပြလိုက်သည်။
ဆိုင်ရှင်သည် ဝိညာဉ်ကျောက်တုံးများကို ငဲ့ကွက်သောအားဖြင့် စကားတစ်ခွန်းမျှ ဆက်မပြောတော့ချေ။
ယန်ချိုင်၏ သည်းခံနိုင်စွမ်းကောင်းလှသော စိတ်နေသဘောထားပင်လျှင် ယခုအခါတွင် ဆွပေးခြင်း ခံလိုက်ရပြီဖြစ်ရာ “ငါ မင်းနဲ့ တစ်ခါမှ မဆုံဖူးပါဘူး၊ ငါ မင်းကို ဘယ်နေရာမှာ စော်ကားမိလို့လဲဆိုတာ သိပါရစေဦး” ဟု မေးမြန်းလိုက်တော့သည်။
“စော်ကားမိတာ ဟုတ်လား။ မင်း ငါ့ကို စော်ကားထားတာတွေက အများကြီးပဲ၊ ဒါပေမဲ့ ဒီသခင်လေးက မင်းလိုကောင်မျိုးကို အဖက်လုပ်ပြီး ရှင်းမနေချင်ဘူး၊ ဖယ်စမ်း”
ချင်ယွမ်ဖုန်းက ယန်ချိုင်ကို ဘေးသို့ တွန်းဖယ်လိုက်ပြီး ထွက်ခွာသွားခဲ့သည်။
ယန်ချိုင်သည် ချက်ချင်းပင် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိပြီး သူ၏ ရင်ထဲမှ ဒေါသတရားများကို နောက်ဆုံးတွင် မထိန်းချုပ်နိုင်တော့ဘဲ ချင်ယွမ်ဖုန်း၏ နောက်သို့ တိုက်ရိုက် လိုက်ပါသွားတော့သည်။
ဒါကတော့ ချင်ယွမ်ဖုန်း အလိုရှိသော ရလဒ်ပင် ဖြစ်ပြီး ဤစီမံကိန်းကို မုဟွိုက်က အကြံပြုခဲ့ခြင်း ဖြစ်သည်။ ယင်းက ယန်ချိုင်၏ တုံ့ပြန်မှုအားလုံးကို ကြိုတင်ခန့်မှန်းနိုင်ခဲ့ရာ ယန်ချိုင်နှင့် အခြားသူများ၏ အကြောင်းကို အလွန်အမင်း နားလည်သဘောပေါက်ထားသည့်ပုံ ရပေသည်။
ချင်ယွမ်ဖုန်းသည်လည်း အဆောင်လက်ဖွဲ့တစ်ခုကို အသုံးပြု၍ မိမိ၏ ကျင့်စဉ်အဆင့်ကို တတိယအဆင့် မဟာဆရာနယ်ပယ်အထိ နှိပ်နှိမ်ထားခဲ့သဖြင့် ယန်ချိုင်အား ချင်ယွမ်ဖုန်းကို ချက်ချင်းပင် သတ်ဖြတ်နိုင်စွမ်းရှိသည်ဟူသော ခံစားချက်ကို ပေးစွမ်းထားလေသည်။
ထိုလူနှစ်ဦးသည် ရှေ့ဆင့်နောက်ဆင့် လမ်းလျှောက်ခဲ့ကြပြီး ချင်ယွမ်ဖုန်းကမူ ယန်ချိုင်ကို မမြင်မိချင်ယောင် ဆောင်နေခဲ့သည်။
မကြာမီတွင် ချင်ယွမ်ဖုန်းသည် လမ်းလျှောက်ရသည်ကို ငြီးငွေ့လာသဖြင့် အနီးအနားရှိ တောအုပ်တစ်ခုထဲသို့ တည့်တည့်မတ်မတ် လျှောက်လှမ်းဝင်ရောက်သွားခဲ့သည်။
ယန်ချိုင်သည် ဤနေရာတွင် အခြားလူသူမရှိသည်ကို မြင်တွေ့ရသောအခါ သူ၏ ရင်ထဲ၌ ယုတ်မာရက်စက်သော စိတ်ရိုင်းတစ်ခု ပေါ်ပေါက်လာခဲ့ချေပြီ။ ယင်းက ချင်ယွမ်ဖုန်း၏ နောက်သို့ ကပ်လျက် တောအုပ်ထဲသို့ လိုက်ပါသွားခဲ့တော့သည်။
တောအုပ်အတွင်း၌မူ မြင့်မားလှသော သစ်ပင်ကြီးများသည် မိုးကောင်းကင်သို့ ထိုးထွက်နေကြသည်။ ယန်ချိုင်သည် မိမိ၏ ရှေ့တွင်ရှိနေသော မုန်းတီးဖွယ်ရာ လူငယ်လေးကို စူးစိုက်ကြည့်ရှုနေပြီး နောက်ပိုင်းတွင် ထိုကောင်ကို နာလန်မထူနိုင်အောင် ဆုံးမပစ်မည်ဟု တွေးတောနေခဲ့၏။
သို့သော် ကွက်တိပင် ချင်ယွမ်ဖုန်းက ရုတ်တရက် ခေါင်းကို လှည့်ကြည့်လိုက်ရာ ထိတ်လန့်တုန်လှုပ်နေသော ပုံစံမျိုး ဖြစ်နေချေသည်။
“မင်း ငါ့နောက်ကို ဘာဖြစ်လို့ တကောက်ကောက် လိုက်နေတာလဲ” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။
ယန်ချိုင်က ပြုံးလိုက်ပြီး “ဘာမှမဟုတ်ပါဘူး၊ မင်းကို လောကကြီးရဲ့ ရက်စက်ယုတ်မာမှုကို သိအောင် ပြမလို့ပါ” ဟု ဆိုသည်။
“လောကကြီးရဲ့ ရက်စက်ယုတ်မာမှု ဟုတ်လား” ချင်ယွမ်ဖုန်းက နားမလည်နိုင်သော ပုံစံဖြင့် “ငါမေးပါရစေဦး၊ မင်း အခုလက်ရှိ အခြေအနေကိုကော သဘောပေါက်ရဲ့လား” ဟု မေးလိုက်၏။
“လက်ရှိ အခြေအနေ ဟုတ်လား” ယန်ချိုင်သည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး သူ၏ ရင်ထဲတွင် ထိတ်လန့်သွားကာ ခန္ဓာကိုယ်ကို နောက်သို့ အမြန်ဆုံး ဆုတ်ခွာရန် ကြံရွယ်လိုက်သည်။
သို့သော် ထိုအခိုက်အတန့်တွင် ချင်ယွမ်ဖုန်း၏ မျက်နှာတွင် ယုတ်မာပြီး ကောက်ကျစ်သော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့ပြီး သူ၏ လက်ချောင်းများက ထူးဆန်းသော လက်တံဆိပ်တော်တစ်ခုကို ဖန်တီးလိုက်လေသည်။
“ထွက်ပေါ်စမ်း”
ယန်ချိုင်၏ နောက်ကွယ်တွင် မြောက်မြားစွာသော အဆောင်လက်ဖွဲ့များသည် ရုတ်တရက် ထွက်ပေါ်လာခဲ့ပြီး အဆောင်လက်ဖွဲ့တံတိုင်းကြီးတစ်ခုကို အသွင်သဏ္ဌာန် ဖန်တီးလိုက်တော့သည်။
ယန်ချိုင်သည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားခဲ့ပြီး မိမိကိုယ်တိုင်က ထောင်ချောက်ထဲသို့ သက်ဆင်းသွားခဲ့ရသူ ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိချေ။
သို့သော်လည်း ယင်းက လျင်မြန်စွာပင် တုံ့ပြန်လိုက်ရာ ချိတ်ကောက် အရှည်နှစ်ခုသည် သူ၏ လက်ထဲတွင် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့က ဓားရှည်များနှင့် ဆင်တူသော်လည်း အဖျားပိုင်းတွင် ကွေးညွတ်နေပြီး လက်ကိုင်မှာ ချိတ်၏ အောက်ခြေ အတွင်းဘက်တွင် ရှိနေချေသည်။
ထိုချိတ်ကောက် အရှည်နှစ်ခုသည် ဟင်းလင်းပြင်တွင် အေးစက်သော အလင်းတန်းနှစ်ခုကို ဖန်တီးလိုက်ပြီး သူ၏ နောက်ကွယ်ရှိ အဆောင်လက်ဖွဲ့များကို ပြင်းထန်စွာ ဆတ်ခနဲ ခုတ်ပစ်လိုက်သည်။
ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်၏ စွမ်းအားများသည် ပေါက်ကွဲထွက်လာခဲ့ပြီး မြောက်မြားစွာသော ကိုယ်တွင်းစွမ်းအင်များသည် အဆောင်လက်ဖွဲ့တံတိုင်းကြီးကို ပြင်းထန်စွာ ရိုက်ခတ်သွားခဲ့တော့သည်။
အဆောင်လက်ဖွဲ့တံတိုင်းကြီးသည် ပြိုကွဲပျက်စီးတော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားခဲ့ရ၏။
ချင်ယွမ်ဖုန်းသည် စိုးရိမ်ပူပန်မှုများ တိုးပွားလာခဲ့ပြီး ယန်ချိုင်၏ စွမ်းအားက ဤမျှအထိ ကြောက်မက်ဖွယ်ကောင်းလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ကံကောင်းထောက်မစွာဖြင့် အဆောင်လက်ဖွဲ့တံတိုင်းကြီးသည် ယိမ်းထိုးသွားခဲ့သော်လည်း ခိုင်ခံ့မြဲမြံစွာ တည်ရှိနေဆဲဖြစ်ပြီး ယန်ချိုင်ကို ချက်ချင်းပင် ဝန်းရံပိတ်ဆို့လိုက်လေတော့သည်။