← Chapters

အခန်း (၂၆၅-၂၆၆)

Vol. 15 Ch. 265-266

အခန်း (၂၆၅-၂၆၆)

Vol. 15 Ch. 265-266

အခန်း(၂၆၅)

ဤအချိန်တွင် ကောင်းကင်ဘုံမျှော်စင်၏ နောက်ကွယ်သို့ လူအများအပြား ရောက်ရှိနေကြပြီ ဖြစ်ချေသည်။

ယင်းတို့မှာ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသည့် အမျိုးမျိုးသော ဂိုဏ်းအသီးသီးမှ တပည့်များ ဖြစ်ကြပြီး အရေအတွက်အားဖြင့် သုံးရာမှ လေးရာခန့် ရှိကာ ဘေးမှ ကြည့်ရှုသူများလည်း အမြောက်အမြား ရှိနေ၏။

ချင်ယွမ်ဖုန်းသည် ထိုနေရာသို့ ရောက်ရှိလာပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုရာ မိမိအား စောင်းငဲ့ကြည့်နေသော လင်ယွဲ့ကို လှမ်း၍ မြင်တွေ့လိုက်ရလေသည်။

“စီနီယာအမ တော်တော်စောစော ရောက်နေတာပဲလား” ဟု ချင်ယွမ်ဖုန်းက သူမအား နှုတ်ဆက်လိုက်၏။

“မစောတော့ပါဘူး၊ ကောင်းကင်ဘုံလမ်းစဉ်က အခုပဲ ပွင့်တော့မှာလေ” ဟု လင်ယွဲ့က ပြုံးလျက် ဆိုသည်။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်လိုက်ပြီး “ဒါနဲ့ မနေ့က မးမမေးလိုက်ရဘူး၊ အခု စီနီယာအမရဲ့ ဂိုဏ်းထဲမှာ အခြေအနေတွေ ဘယ်လိုရှိလဲ” ဟု မေးမြန်းလိုက်ချေသည်။

လင်ယွဲ့က ခေါင်းခါယမ်းလိုက်ပြီး “ငါ အခု နှင်းမြူဓားဂိုဏ်းရဲ့ တိုက်ရိုက်သင်ကြားခွင့်ရ တပည့် မဟုတ်တော့ဘူး၊ တကယ်တော့ အခုလို ဖြစ်သွားတာ စိတ်ထဲ ပိုပြီး ပေါ့ပါးသွားသလို ခံစားရတယ်” ဟု ဆို၏။

“စီနီယာအမက ဘာဖြစ်လို့ ကိုယ့်ကိုယ်ကိုယ် အဲဒီလောက်အထိ ဖိအားတွေ ပေးခဲ့တာလဲ” ချင်ယွမ်ဖုန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်လျက် မေးလိုက်သည်။

လင်ယွဲ့သည် ချင်ယွမ်ဖုန်းကို ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းအစုံတွင် ဝမ်းနည်းရိပ် အနည်းငယ် ယှက်သန်းသွားကာ “ငါ့ရဲ့ ဆရာသခင်က နှင်းမြူဓားဂိုဏ်းရဲ့ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲ တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ဂိုဏ်းရဲ့ အရေးစိုက်မှုကို တစ်ခါမှ မရခဲ့ဘူး။ သူ မကွယ်လွန်ခင်က ငါ့အပေါ် ထားခဲ့တဲ့ မျှော်လင့်ချက်က နှင်းမြူဓားဂိုဏ်းရဲ့ ဒေါက်တိုင်တစ်တိုင် ဖြစ်လာဖို့ပဲ၊ ဒါပေမဲ့ အခုတော့ ငါ သူ့ကို စိတ်ပျက်အောင် လုပ်မိသွားပြီ” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက် ချလိုက်ပြီး “စီနီယာအမရဲ့ ဆရာသခင်လည်း စီနီယာအမကို ဒီလောက်အထိ ပင်ပန်းနေတာမျိုး မြင်ချင်မှာ မဟုတ်ပါဘူးလို့ ထင်ပါတယ်။ ရိုးရိုးတပည့်တစ်ယောက် ဖြစ်သွားတာက စီနီယာအမအတွက် မဆိုးလှပါဘူး” ဟု ဖျောင်းဖျလိုက်၏။

“ဟုတ်တယ်၊ ငါ အခု စိတ်ထဲ တော်တော်လေး ပေါ့ပါးသွားပြီ” လင်ယွဲ့က ပြုံး၍ ဆိုသည်၊

“ဆရာသခင်ရဲ့ မူလဆန္ဒကလည်း ငါ့ကို ဒီလောက်အထိ ပင်ပန်းဆင်းရဲစေချင်တာမျိုး မဟုတ်လောက်ပါဘူး”

ချင်ယွမ်ဖုန်း ခေါင်းညိတ်မိသွားသည်။ တိုက်ရိုက်သင်ကြားခွင့်ရ တပည့်ဟူသော ဂုဏ်ပုဒ်ကို စွန့်လွှတ်လိုက်ပြီးနောက်တွင် လင်ယွဲ့သည် အနည်းငယ် ပို၍ သွက်လက်တက်ကြွလာခဲ့ချေပြီ။

ယခင်ကမူ သူမသည် ငယ်ရွယ်နုပျိုသော ရုပ်ရည်ရှိသော်ငြား အသက် ရှစ်ဆယ်အရွယ် အဘွားအိုတစ်ဦးကဲ့သို့ စိတ်အခြေအနေမျိုး ဖြစ်နေခဲ့သည် မဟုတ်လော။

မကြာမီအချိန်တွင် ကောင်းကင်ဘုံမျှော်စင်၏ ဂိုဏ်းချုပ် ထျန်းချင်းနှင့် အဘိုးကျိုးတို့သည်လည်း ဖြည်းညှင်းစွာ ရောက်ရှိလာကြပြီး ယင်းတို့နောက်တွင် ကောင်းကင်ဘုံမျှော်စင်မှ တပည့် တစ်ဆုကျော်ခန့် လိုက်ပါလာကြသည်။

“အားလုံးပဲ၊ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲမှာ ပါဝင်ဆင်နွှဲဖို့ ရောက်လာကြတာကို ငါ အလွန်ပဲ ဝမ်းမြောက်မိပါတယ်။ ဒါဟာ နှစ်ပေါင်း တစ်ရာအတွင်းမှာ ကောင်းကင်ဘုံလမ်းစဉ် ပထမဆုံးအကြိမ် ပြန်ပွင့်တာပဲ ဖြစ်တယ်” ဟု ထျန်းချင်းက ထိုနေရာတွင် ရပ်လျက် တည်ငြိမ်စွာ မြွက်ဆိုလိုက်၏။

သူ့နောက်တွင်မူ အဘိုးကျိုးသည် လက်နှစ်ဖက်ကို နောက်ပစ်လျက် အရာခပ်သိမ်းကို ထိုးထွင်းသိမြင်သော ဆရာကြီးတစ်ဦးကဲ့သို့ ရပ်တန့်နေချေသည်။

“ဒီတစ်ကြိမ် ကောင်းကင်ဘုံလမ်းစဉ်မှာ ထိပ်ဆုံး သုံးယောက်က ဆုလာဘ်တွေ ရရှိမှာ ဖြစ်ပြီး ပထမရတဲ့သူက အဋ္ဌမအဆင့် ဝိညာဉ်ဆေးပင် ဖြစ်တဲ့ ကောင်းကင်ဘုံသန့်စင်သီး တစ်လုံးကို ရရှိမှာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်ဘုံမျှော်စင်အနေနဲ့ ဒီကောင်းကင်ဘုံလမ်းစဉ်ကို အခြေခံပြီး ပါဝင်သူတွေကို အဆင့်သတ်မှတ်ချက် ထုတ်ပြန်ပေးသွားမှာပါ။ အားလုံးပဲ ကြိုးစားအားထုတ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ထျန်းချင်းက ပြုံး၍ ဆိုလေသည်။

စုဝေးရောက်ရှိနေကြသော လူအများက လက်ခုပ်သြဘာ ပေးကြတော့သည်။ ယင်းတို့အနက် အများစုမှာ အဆင့်သတ်မှတ်ချက်အတွက် လာရောက်ကြခြင်း ဖြစ်ပေရာ လွန်ခဲ့သော နှစ်ပေါင်း တစ်ရာက ကောင်းကင်ဘုံလမ်းစဉ်၏ အဆင့်သတ်မှတ်ချက်သည် အလွန်ပင် သြဇာညောင်းခဲ့သောကြောင့် ဖြစ်၏။

ဤတစ်ကြိမ်တွင် ဂိုဏ်းကြီးများမှ တပည့်များကို ဖိတ်ကြားထားခြင်း မရှိသော်လည်း အဆင့်သတ်မှတ်ချက်သည် တရားဝင်ဆဲပင် ဖြစ်ချေသည်။

“ကဲ၊ ကောင်းကင်ဘုံလမ်းစဉ်က အခုပဲ ပွင့်တော့မယ်။ အားလုံးပဲ မိမိတို့ တတ်စွမ်းနိုင်သမျှသာ ဆောင်ရွက်ကြဖို့ မျှော်လင့်ပါတယ်။ မခံမရပ်နိုင် ဖြစ်လာရင် ကိုယ့်ကိုယ်ကိုယ် ထိခိုက်ဒဏ်ရာ မရစေဖို့ အချိန်မီ ပြန်ဆင်းလာခဲ့ကြပါ” ဟု ထျန်းချင်းက တည်ငြိမ်စွာ ဆိုလိုက်၏။

ထျန်းချင်း၏ လက်ထဲတွင် လက်သီးဆုပ်ခန့် ရှိသော လုံးဝန်းသည့် အရာဝတ္ထုတစ်ခု ပေါ်လာချေသည်။ သူက ထိုအလုံးကို ညင်သာစွာ ပွတ်သပ်လိုက်ရာ သူတို့နောက်ကွယ်ရှိ ကောင်းကင်ဘုံလမ်းစဉ်ပေါ်မှ မြူနှင်းများသည် ဖြည်းညှင်းစွာ လွင့်ပြယ်သွားကြတော့သည်။

ကောင်းကင်ယံသို့ တိုင်အောင် ဆန့်တန်းနေဟန်တူသော ကျောက်တုံးလှေကားထစ်တစ်ခုသည် လူတိုင်း၏ ရှေ့မှောက်တွင် ပေါ်လာခဲ့ပြီ ဖြစ်သည်။

ထိုလှေကားထစ်သည် အလွန်တရာ ကျယ်ဝန်းလှပေရာ ရထားလုံး တစ်ဆယ်စင်း ယှဉ်တွဲ၍ မောင်းနှင်နိုင်လောက်သည့် အနေအထား ရှိချေသည်။

အရေးကြီးဆုံးအချက်မှာ လှေကားထစ်သည် အဆုံးအစမရှိဘဲ မိုးကောင်းကင်ထဲသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားပုံ ရခြင်းပင် ဖြစ်၏။

“ကောင်းကင်ဘုံလမ်းစဉ်ဆိုတာ ဒီလှေကားထစ်သက်သက်ပဲလား။ ဘယ်လို လျှို့ဝှက်ချက်တွေ ရှိနေလို့လဲ” ချင်ယွမ်ဖုန်းက အနည်းငယ် ဇဝေဇဝါ ဖြစ်လျက် မေးလိုက်၏။

လင်ယွဲ့က ပြုံးလိုက်ပြီး “အပေါ်ကို တက်သွားရင် နင် သိရမှာပေါ့” ဟု ဆိုသည်။

ဤအချိန်တွင် ကောင်းကင်ဘုံမျှော်စင်မှ တပည့်အချို့သည် လှေကားထစ်ရှေ့သို့ ရောက်ရှိလာကြပြီး လူအုပ်ကြီးကို ပြုံးလျက် ကြည့်ရှုနေကြလေသည်။

“သူတို့ ဘာလုပ်နေကြတာလဲ” ချင်ယွမ်ဖုန်းက ထပ်မံ မေးမြန်းပြန်သည်။

“ကောင်းကင်ဘုံလမ်းစဉ်ထဲကို ဝင်ဖို့အတွက် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံး ပေးဆောင်ရတယ်လေ။ ဒါကလည်း မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့တဲ့ ရိုးရာတစ်ခုပေါ့” ဟု လင်ယွဲ့က ရှင်းပြလိုက်၏။

ချင်ယွမ်ဖုန်းက မျက်မှောင်ကြုတ်လိုက်ပြီး “တကယ်တော့ ငါ အမြဲတမ်း သိချင်နေတာ တစ်ခုရှိတယ်၊ ကောင်းကင်ဘုံမျှော်စင်က ဒီလောက် ရက်ရက်ရောရော ဆုတွေပေးပြီး ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို ကျင်းပပေးနေတာ။ ဝိညာဉ်ကျောက်တုံး အနည်းအကျဉ်း ကောက်ခံတယ်ဆိုရင်တောင် သူတို့ အရှုံးပေါ်နေမှာပဲ မဟုတ်လား။ သူတို့က ဘာဖြစ်လို့ ရှုံးမယ့်အလုပ်ကို လုပ်နေရတာလဲ” ဟု ဆိုသည်။

လင်ယွဲ့က ခပ်တိုးတိုး ရယ်မောလိုက်ပြီး “တကယ်တော့ နင်သတိမထားမိဘူးလား၊ ကောင်းကင်ဘုံလမ်းစဉ်မှာ ပေးတဲ့ ဆုတွေ အားလုံးက လူသုံးနည်းတဲ့ အရာတွေချည်းပဲလေ။ ဒီဆုတွေက လက်တွေ့အသုံးဝင်မှု အလွန်နည်းတဲ့အတွက် ဆုကို လိုချင်လို့ လာတဲ့သူက အလွန်ရှားတယ်။ ဒီဆုတွေက လွန်ခဲ့တဲ့ အချိန်အတော်ကြာကတည်းက ကောင်းကင်ဘုံမျှော်စင်မှာ ပိုနေပြီး ဘယ်သူမှ မသုံးတဲ့ ပစ္စည်းတွေ ဖြစ်ဖို့များပါတယ်” ဟု ပြောပြချေသည်။

ချင်ယွမ်ဖုန်း ခေါင်းညိတ်မိသွားသည်။ ကောင်းကင်ဘုံမျှော်စင်သည် တစ်ချိန်က သန့်ရှင်းသော နယ်မြေနှင့်ပင် နှိုင်းယှဉ်နိုင်လောက်အောင် အလွန်တရာ ကြီးမားကျယ်ပြန့်သော ဂိုဏ်းတစ်ခု ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် တဖြည်းဖြည်း ဆုတ်ယုတ်လာခဲ့ခြင်း ဖြစ်သည်ဟု အဘိုးကျိုးက သူ့ကို ပြောပြဖူးသည်။

သူတို့၏ ဘဏ္ဍာတိုက်ထဲတွင် ကမ္ဘာမြေနှင့် ကောင်းကင်ဘုံ၏ ရတနာများ အမြောက်အမြား ရှိနေခဲ့ပြီး ကျန်ရစ်သော အရာများမှာ အသုံးမပြုနိုင်သော အရာများသာ ဖြစ်ပေရာ ယခုအခြေအနေသည် ကောင်းကင်ဘုံမျှော်စင်အနေဖြင့် ၎င်းတို့၏ လက်ကျန်ပစ္စည်းများကို ရှင်းလင်းနေခြင်းဟု ယူဆနိုင်ပေသည်။

“ပြီးတော့ လွန်ခဲ့တဲ့ အချိန်အတော်ကြာတုန်းက ကောင်းကင်ဘုံလမ်းစဉ် ကျင်းပတဲ့အခါ ပါဝင်သူဦးရေက သောင်းနဲ့ချီ၊ တစ်ခါတလေ သိန်းနဲ့ချီပြီး ရှိခဲ့တာ။ အဲဒီလူတွေဆီက ဝိညာဉ်ကျောက်တုံးတွေ ကောက်ရုံတင်တင် အမြတ်အစွန်း အများကြီး ရတာပေါ့။

ဒါတင်မကသေးဘူး၊ ကောင်းကင်ဘုံလမ်းစဉ် ပြီးသွားတဲ့အခါ အဆင့်သတ်မှတ်ချက်တွေကိုလည်း ရောင်းချကြသေးတယ်၊ အဲဒါကလည်း ဝင်ငွေ အများကြီး ရစေတာပေါ့” ဟု လင်ယွဲ့က ဆိုလေသည်။

“အော်… ဒီလိုကိုး။ ကောင်းကင်ဘုံလမ်းစဉ် ပွင့်လာတာ ငါ တကယ် ကံကောင်းတာပဲ၊ မဟုတ်ရင် ကောင်းကင်ဘုံသန့်စင်သီးကို တခြား ဘယ်နေရာမှာ သွားရှာရမှန်း တကယ် သိမှာ မဟုတ်ဘူး” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်၏။

လင်ယွဲ့က ခေါင်းညိတ်ပြပြီး “ကဲ… လူအချို့လည်း တက်သွားကြပြီ၊ ငါတို့လည်း သွားကြရအောင်” ဟု တိုက်တွန်းသည်။

ချင်ယွမ်ဖုန်း မော့ကြည့်လိုက်ရာ အချို့သော လူများသည် ဝိညာဉ်ကျောက်တုံးများ ပေးဆောင်ပြီး ကောင်းကင်ဘုံလမ်းစဉ်ပေါ်သို့ လှမ်းတက်နေကြပြီ ဖြစ်ကြောင်း မြင်တွေ့လိုက်ရသည်။

ထိုလူများသည် ကောင်းကင်ဘုံလမ်းစဉ်ပေါ်သို့ ခြေချလိုက်သည်နှင့် ယင်းတို့၏ ခြေလှမ်းများသည် သိသိသာသာ လေးလံထိုင်းမှိုင်းသွားသည်ကို သူ သတိပြုမိလိုက်၏။

သူတို့သည် ကောင်းကင်ဘုံလမ်းစဉ်၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားကြပြီး တစ်ဦးလျှင် အဆင့်မြင့် ဝိညာဉ်ကျောက်တုံး ဆယ်တုံးစီ ဝင်ကြေး ပေးဆောင်ကာ ကောင်းကင်ဘုံလမ်းစဉ်ပေါ်သို့ တက်လှမ်းခဲ့ကြချေပြီ။

ချင်ယွမ်ဖုန်းသည် ကောင်းကင်ဘုံလမ်းစဉ်၏ ပထမဦးဆုံးသော လှေကားထစ်ပေါ်သို့ ခြေချလိုက်သည့် ခဏ၌ပင် မိမိအား မြေပြင်ပေါ်သို့ အတင်းအကျပ် ဖိနှိပ်ထားလိုသည့်အလား ပြင်းထန်သော ဆွဲငင်အားတစ်ခုကို ချက်ချင်း ခံစားလိုက်ရတော့သည်။

ချင်ယွမ်ဖုန်းသည် ခေါင်းကို လှည့်ကြည့်လိုက်ရာ လူတိုင်းသည် တူညီသော ဆွဲငင်အား ပမာဏကို ခံစားနေကြရကြောင်း၊ ကျင့်စဉ်နယ်ပယ် မြင့်မားသူများသည် ပိုမိုပြင်းထန်သော ဆွဲငင်အားကို ခံစားရပြီး ကျင့်စဉ်နယ်ပယ် နိမ့်ပါးသူများသည် အားနည်းသော ဆွဲငင်အားကို ခံစားရကြောင်း သိရှိသွားလေသည်။

ကောင်းကင်ဘုံလမ်းစဉ်ပေါ်တွင် ကျင့်ကြံခြင်း နယ်ပယ်အဆင့်အတန်းနှင့် ဘာမျှ မသက်ဆိုင်ဘဲ စိတ်ဓာတ်ကြံ့ခိုင်မှုနှင့်သာ သက်ဆိုင်သည်ဟု အဘယ်ကြောင့် လူအများက ပြောဆိုကြသည်ကို ယခုမှပင် နားလည်သွားတော့သည်။

အပေါ်သို့ ပိုမိုတက်လှမ်းနိုင်လေလေ ဆွဲငင်အားသည် ပိုမိုပြင်းထန်လာလေလေ ဖြစ်ပေရာ လူတစ်ဦးချင်းစီ၏ စိတ်ဓာတ်ကြံ့ခိုင်မှုအပေါ် မူတည်၍ ကောင်းကင်ဘုံလမ်းစဉ်ပေါ်တွင် မည်မျှအထိ အောင့်အည်းသည်းခံ တက်လှမ်းနိုင်မည်ကို ဆုံးဖြတ်ပေးသွားမည် ဖြစ်ချေသည်။

ချင်ယွမ်ဖုန်းသည် သက်ပြင်းအရှည်ကြီး တစ်ချက်ကို မှုတ်ထုတ်လိုက်ပြီးနောက် ခိုင်မာသော ခြေလှမ်းများဖြင့် တစ်လှမ်းချင်း အပေါ်သို့ တက်လှမ်းသွားတော့သည်။

တဖြည်းဖြည်းနှင့် ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲတွင် ပါဝင်ဆင်နွှဲရန် ရောက်ရှိလာကြသူ အားလုံးသည် လမ်းစဉ်ထဲသို့ ဝင်ရောက်သွားကြပြီ ဖြစ်၏။

ထျန်းချင်းနှင့် အဘိုးကျိုးတို့သည် ထိုနေရာတွင် ထိုင်လျက် ကောင်းကင်ဘုံလမ်းစဉ်ပေါ်ရှိ ပျိုမြစ်သော သိုင်းပညာရှင်များကို စိတ်ဝင်တစား စောင့်ကြည့်နေကြချေသည်။

ကောင်းကင်ဘုံလမ်းစဉ်၏ အောက်ခြေတွင်မူ ကောင်းကင်ဘုံမျှော်စင်မှ တပည့်များသည် ဘေးမှ လိုက်ပါ စောင့်ကြည့်နေကြသည်။

မည်သူမဆို မခံမရပ်နိုင် ဖြစ်၍ နောက်ပြန်လှည့်လာပါက ၎င်းတို့၏ အချက်အလက်ကို တိုက်ရိုက် မှတ်တမ်းတင်ထားမည် ဖြစ်ပြီး ပြိုင်ပွဲအပြီးတွင် ၎င်းတို့၏ အဆင့်သတ်မှတ်ချက်ကို ဆုံးဖြတ်ပေးသွားမည် ဖြစ်သည်။

“လူအချို့ ရောက်မလာကြဘူး ထင်တယ်” ဟု ထျန်းချင်းက ဤအချိန်တွင် အဘိုးကျိုးအား တိုးတိုးလေး ပြောလိုက်၏။

“ဘယ်သူတွေ ရောက်မလာတာလဲ” ဟု အဘိုးကျိုးက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းသည်။

“ငါ အထူးတလည် ဖိတ်ကြားထားတဲ့ အတော်အတန် နာမည်ကြီးတဲ့ တပည့်အချို့ပေါ့၊ ဥပမာ ခြင်္သေ့ကျားတောင်က ကျူးပိ၊ ရေငှက်ဂိုဏ်းက ယန်ချိုင်၊ ပျံကျားသစ်ဂိုဏ်းက ထန်ဂျွန်းတို့ပေါ့၊ ငါ မိစ္ဆာဂိုဏ်းမှော်ဆရာမ မုဟွိုက်ကိုတောင် ဖိတ်ခဲ့သေးတာ”

“မလာရင်လည်း မလာတာပေါ့၊ ဘာမှ မဖြစ်ပါဘူး” အဘိုးကျိုးက ဂရုမစိုက်ဟန်ဖြင့် ဆိုသည်၊ “ဒီမိစ္ဆာဂိုဏ်းမှော်ဆရာမ ရောက်မလာတာကို ငါ ပိုတောင် ဝမ်းသာသေးတယ်”

“ငါက အဆင့်သတ်မှတ်ချက်တွေ တိကျမှန်ကန်စေချင်လို့ လုပ်ခဲ့တာလေ။ သူတို့ ရောက်မလာတာ နှမြောစရာပဲ၊ သူတို့ရဲ့ အမည်တွေကတော့ အဆင့်သတ်မှတ်ချက်စာရင်းမှာ ပါလာမှာ မဟုတ်တော့ဘူးပေါ့” ဟု ထျန်းချင်းက တည်ငြိမ်စွာ ဆိုလိုက်လေသတည်း။

အခန်း(၂၆၆)

ထိုသို့ဖြစ်လျှင် အကောင်းဆုံးပေပေါ့။ ထိုမိန်းကလေးကို မြင်ရုံမျှနှင့် သူ၏ဆရာသခင်ကို ပြေး၍သတိရမိချေသည်။ သူသည် ဆရာဖြစ်သူနှင့် တစ်ပုံစံတည်း ထုဆစ်ထားသည့်အလား လျှို့ဝှက်ဆန်းကြယ်ပြီး ကောက်ကျစ်စဉ်းလဲလှသည်။

အဘိုးကျိုးသည် မုဟွိုက်အပေါ် ပြင်းထန်သော မုန်းတီးစက်ဆုပ်မှု ရှိနေပုံရ၏။

“အဘိုးကျိုး... အချိန်တွေက နှစ်ပေါင်းသုံးဆယ်ကျော်တောင် ရှိခဲလှပြီ။ မိစ္ဆာအိုဟန်ကလည်း သေဆုံးသွားခဲ့ရှာပါပြီ။ အာဃာတတွေကို အခုထိ မလျှော့နိုင်သေးဘူးလား။” ထျန်းချင်းက မေးမြန်းလိုက်သည်။

အဘိုးကျိုးသည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီး “အာဃာတတွေကို လက်လွှတ်ဖို့က ဘယ်မှာလွယ်ပါ့မလဲ။ ညစဉ်ညတိုင်း မိစ္ဆာအိုဟန် ပေးခဲ့တဲ့ ဒဏ်ရာတွေက အသည်းခိုက်မတတ် နာကျင်နေတုန်းပဲ။ ငါ ဘယ်လိုလုပ် မေ့ပစ်နိုင်မှာလဲ။” ဟု ဆိုလေသည်။

ထျန်းချင်းက ခေါင်းကိုခါယမ်းလျက် “နှစ်ပေါင်းသုံးဆယ်တောင် ရှိသွားခဲ့ပြီ။ ကျွန်တော်နဲ့ ကျွန်တော့်ဆရာသခင်လည်း မိစ္ဆာအိုဟန် ဘာအဆိပ်အတောက် သုံးခဲ့လဲဆိုတာ အခုထိ အဖြေမရှာနိုင်သေးဘူး။ အဘိုးကျိုးကို ဒီလောက်တောင် ဒုက္ခပေးနေရတာ။” ဟု ပြောသည်။

အဘိုးကျိုးက ပြုံးလိုက်ပြီး “ငါလည်း ကျင့်သားရနေပါပြီ။ မင်းတို့ကိုယ်မင်းတို့ အပြစ်မတင်ပါနဲ့။ မင်းတို့နှစ်ယောက်လုံး အစွမ်းကုန် ကြိုးစားပေးခဲ့ကြတာပဲ။ အပြစ်တင်ရမယ်ဆိုရင် မိစ္ဆာအိုဟန် ကောက်ကျစ်လွန်းလို့သာ ဖြစ်လိမ့်မယ်။” ဟု ဆို၏။

ထျန်းချင်းက ခေါင်းခါရင်း “အဘိုးခေါ်လာတဲ့ ချင်ကျိဆိုတဲ့ လူငယ်က တောင်ပေါ်မှာ ဆရာသခင်နဲ့အတူ ကျင့်ကြံနေတယ်လို့ ကြားတယ်။ သူကများ အဘိုးဖြစ်နေတဲ့ အဆိပ်အတောက်ကို ခွဲခြားသိမြင်နိုင်မလား မသိဘူး။” ဟု ပြောလိုက်သည်။

“ထိုကလေးက ဆေးပညာကို လုံးဝသင်ယူခဲ့တာ မဟုတ်ဘူး။ သူက ဘယ်လိုလုပ်ပြီး အဖြေရှာနိုင်မှာလဲ။” ဟု အဘိုးကျိုးက ခေါင်းခါလျက် ဆိုလေသည်။

သို့သော် ထျန်းချင်းက ထိုအချက်ကို သဘောမတူပေ။ “အစွမ်းအစတွေကို လျှို့ဝှက်ထားတတ်တဲ့ လျှို့ဝှက်ဆရာသခင်တွေ အမြဲရှိနေတတ်တာပဲ။ ချင်ကျိလို တပည့်မျိုးကို သင်ကြားပေးနိုင်တယ်ဆိုရင် ထိုသူကိုယ်တိုင်လည်း ကျွမ်းကျင်ပညာရှင် ဖြစ်ရမယ်။ သူလည်း ဒီလိုအဆိပ်မျိုးကို ကြုံဖူးတာ ဖြစ်နိုင်တာပဲ မဟုတ်လား။”

“ဖြစ်နိုင်မလား... ငါ တကယ်ပဲ စမ်းကြည့်သင့်လား။” အဘိုးကျိုး၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရောင်ခြည် သန်းလာခဲ့သည်။

သူသည် ထိုအဆိပ်အတောက်ကြောင့် နှစ်ပေါင်းသုံးဆယ်တိုင်တိုင် ညစဉ်ညတိုင်း သေရက်ထက်ဆိုးသော ဝေဒနာကို ခံစားခဲ့ရသူ ဖြစ်သည်။

တစ်ခါတရံတွင် အဘိုးကျိုးသည် အရာအားလုံးကို အဆုံးသတ်ပစ်ချင်သော်လည်း လောကကြီးကို စွန့်ခွာရန် တွန့်ဆုတ်နေမိဆဲ ဖြစ်၏။

“ဟုတ်ကဲ့၊ စမ်းရုံစမ်းကြည့်တာပဲ။ ဆုံးရှုံးစရာ ဘာမှမရှိဘူး။” ဟု ထျန်းချင်းက ဆိုသည်။

သူတို့နှစ်ဦးသည် အချင်းချင်း ပြုံးပြလိုက်ကြပြီး ကောင်းကင်ဘုံလမ်းစဉ်ပေါ်ရှိ လူငယ်ကျင့်ကြံသူများကို ဆက်လက်ကြည့်ရှုနေကြ၏။

ယခုအချိန်တွင် ကောင်းကင်ဘုံလမ်းစဉ်ပေါ်၌ ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့သည် တစ်ချက်ချင်း လှမ်းတက်ရင်း ယှဉ်တွဲလျှောက်လှမ်းနေကြသည်။

ကောင်းကင်ဘုံလမ်းစဉ်သည် အမှန်တကယ်ပင် ကောင်းကင်သို့ ပျံတက်နေသည့်အလား ခန့်ညားထည်ဝါမှုကို ပေးစွမ်းနေချေသည်။

အထက်သို့ မြင့်တက်လေလေ ဆွဲငင်အားက ပိုမိုပြင်းထန်လေလေ ဖြစ်၏။

ယခုအချိန်တွင် ချင်ယွမ်ဖုန်းသည် ပိဿာချိန်သောင်းချီ၍ ဖိနှိပ်ထားသကဲ့သို့ ခံစားနေရသဖြင့် အထက်သို့တက်ရန် အလွန်ခက်ခဲနေပြီ ဖြစ်သည်။

ချင်ယွမ်ဖုန်းသည် ခြေလှမ်းတစ်ရာမျှသာ တက်ရသေးသော်လည်း နဖူးပြင်တွင် ချွေးစက်များ သီးနေပြီ ဖြစ်၏။

အခြားတစ်ဖက်ရှိ လင်ယွဲ့သည်လည်း ထိုနည်းတူစွာ ဒုက္ခရောက်နေသော်လည်း ဇွဲမလျှော့ဘဲ ဆက်လက်တောင့်ခံနေဆဲ ဖြစ်သည်။

ယင်းက သူတို့၏ အကန့်အသတ်နှင့် ဝေးကွာနေသေး၏။

ချင်ယွမ်ဖုန်း၏ အရှေ့တွင် အခြားလူများစွာလည်း အထက်သို့တက်ရန် ရုန်းကန်နေကြရသည်။

အချို့မှာ မောဟိုက်လွန်းသဖြင့် ခန္ဓာကိုယ်များပင် ကိုင်းညွတ်နေကြပြီ ဖြစ်၏။

ကောင်းကင်ဘုံလမ်းစဉ်ကို အောက်ခြေမှ ကြည့်ရှုနေကြသူများအားလုံး အလွန်စိတ်လှုပ်ရှားနေကြသည်။

အချို့မှာ မိမိတို့၏ အဖော်များကို အားပေးရန် ရည်ရွယ်ချက်ဖြင့် လာရောက်ကြသော ဂိုဏ်းအသီးသီးမှ တပည့်များ ဖြစ်ကြပြီး အချို့မှာမူ ပွဲကြည့်ရန်သက်သက် ရောက်ရှိနေကြခြင်း ဖြစ်၏။

“အဘိုးကျိုး... ဒီတစ်ခေါက် ကောင်းကင်ဘုံလမ်းစဉ်ရဲ့ အဆုံးသတ်ကို ဘယ်သူအရင်ဆုံး ရောက်လိမ့်မယ်လို့ ထင်လဲ။” ဟု ထျန်းချင်းက ယခုအချိန်တွင် မေးမြန်းလိုက်သည်။

အဘိုးကျိုးက ပြုံးလျက် ခေါင်းခါကာ “ပြောရခက်လိမ့်မယ်။ ဂိုဏ်းတိုင်းမှာ လျှို့ဝှက်ဆန်းကြယ်တဲ့ ပါရမီရှင်တွေ ရှိနေတတ်တာပဲ။ ဘယ်သူသိနိုင်မလဲ... အစွမ်းအစတွေကို ဖုံးကွယ်ထားတဲ့ ပါရမီရှင်အချို့ ရှိနေနိုင်တာပဲ။” ဟု ဆိုလေသည်။

အမှန်တကယ်ပင် ယခုအချိန်တွင် ကောင်းကင်ဘုံလမ်းစဉ်ပေါ်ရှိ အခြေအနေများ ပြောင်းလဲလာခဲ့ပြီ ဖြစ်၏။

မူလက လူတိုင်းသည် တစ်လှမ်းချင်း တက်လှမ်းနေကြသော်လည်း ယခုအခါ အချို့လူများသည် မိမိတို့၏ ကိုယ်ရံစွမ်းအင်များကို စတင်အသက်သွင်းလိုက်ကြပြီ ဖြစ်သည်။

ကိုယ်ရံစွမ်းအင်များ၏ ကာကွယ်မှုကြောင့် ဆွဲငင်အားသည် အလွန်ပေါ့ပါးသွားသဖြင့် သူတို့သည် အထက်သို့ လျင်မြန်စွာ ပြေးတက်သွားကြတော့သည်။

ချင်ယွမ်ဖုန်းသည် ကျင့်ကြံသူတစ်ဦး မိမိဘေးမှ ပြေးတက်သွားသည်ကို ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွား၏။

“ကောင်းကင်ဘုံလမ်းစဉ်ပေါ်မှာ ကိုယ်တွင်းစွမ်းအင်ကို အသုံးပြုလို့ ရသေးတာလား။” ဟု ချင်ယွမ်ဖုန်းက မေးလိုက်သည်။

လင်ယွဲ့က ခေါင်းငြိမ့်ပြပြီး “ကောင်းကင်ဘုံလမ်းစဉ်ပေါ်မှာ ဘယ်လိုနည်းလမ်းကိုမဆို အသုံးပြုလို့ရတယ်။ ဒါပေမဲ့ သူတို့သုံးနေတဲ့ နည်းလမ်းတွေက တောင့်မခံနိုင်တော့လို့ နောက်ဆုံးပိတ် အစွမ်းကုန် ရုန်းကန်နေကြတာကို ပြနေတာပဲ။” ဟု ဆို၏။

“ဒီလိုကိုး... စီနီယာအမရော ဆက်ပြီး သွားနိုင်သေးရဲ့လား။” ချင်ယွမ်ဖုန်းက ပြုံး၍ မေးလိုက်သည်။

“ရတာပေါ့။ ငါ အနည်းဆုံး နောက်ထပ် ခြေလှမ်းတစ်ရာတော့ တက်နိုင်သေးတယ်။” ဟု လင်ယွဲ့က ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုသည်။

“ကောင်းပြီ... ဒါဆိုရင် ကျွန်တော်တို့ ပြိုင်ကြတာပေါ့။” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆို၏။

“အင်း... စိတ်ဓာတ်ကြံ့ခိုင်မှုနဲ့ ဇွဲအင်အားပိုင်းမှာတော့ ငါ ဘယ်သူ့ကိုမှ ရှုံးမှာမဟုတ်ဘူး။” လင်ယွဲ့က သွားကိုကြိတ်ကာ ပြောလိုက်သည်။

ထိုအချိန်တွင် ကိုယ်ရံစွမ်းအင်ကို အသုံးပြုထားသူများသည် ခြေလှမ်းအစိတ်ခန့်ကို လျင်မြန်စွာ တက်လှမ်းနိုင်ခဲ့ကြပြီး အချို့မှာ ခြေလှမ်းတစ်ရာကိုပင် တိုက်ရိုက်ကျော်လွန်သွားကြချေသည်။

သို့သော် ထိုသို့ပြုလုပ်ခြင်း၏ နောက်ဆက်တွဲရလဒ်အနေဖြင့် သူတို့၏ ကိုယ်တွင်းစွမ်းအင်များ အမြောက်အမြား ကုန်ဆုံးသွားခြင်း ဖြစ်၏။

ယခုကဲ့သို့ ပြင်းထန်သော ဆွဲငင်အားအောက်တွင် ယင်းကို ခုခံရန်အတွက် ကိုယ်တွင်းစွမ်းအင် ပမာဏအမြောက်အမြား လိုအပ်ပြီး အထက်သို့ အတင်းတိုးဝှေ့ပြေးတက်ခြင်းကြောင့် သူတို့၏ ကိုယ်တွင်းစွမ်းအင်များသည် ပိုမိုမြန်ဆန်စွာ ခမ်းခြောက်သွားရသည်။

အချို့မှာ ခန္ဓာကိုယ်များ တုန်ရင်လျက်၊ ချွေးများ မိုးရေကဲ့သို့ စီးကျလျက် မလှုပ်မယှက် ရပ်နေကြရပြီ ဖြစ်၏။

အချို့မှာမူ မြေပြင်ပေါ်သို့ တိုက်ရိုက်ဖိနှိပ်ခြင်း ခံထားရသဖြင့် မလှုပ်သာ မလည်သာ ရှိနေကြရသည်။

“ငါ အရှုံးပေးတယ်။”

ပထမဆုံးသော အရှုံးပေးသံ ထွက်ပေါ်လာသည်နှင့်အမျှ ထိုသူသည် အောက်သို့ ဖြည်းညှင်းစွာ ပြန်လည်ဆင်းသက်သွားတော့သည်။

ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ဦးက ‘ငါ အရှုံးပေးတယ်’ ဟု ပြောဆိုလိုက်ပါက ကောင်းကင်ဘုံလမ်းစဉ်၏ ဆွဲငင်အားသည် ထိုသူ့အပေါ်တွင် ပျောက်ကွယ်သွားပြီး ချောမွေ့စွာ ပြန်လည်ဆင်းသက်နိုင်သည်ကို သတိပြုမိလိုက်၏။

“ရှောင်လင်... မင်း ဒီဆွဲငင်အားကို ခုခံပေးနိုင်မလား။” ချင်ယွမ်ဖုန်းက မေးမြန်းလိုက်သည်။

ရှောင်လင်သည် ချင်ယွမ်ဖုန်း၏ စိတ်အာရုံထဲတွင် ပေါ်လာပြီး ခေါင်းငြိမ့်ပြကာ “ရတာပေါ့ သခင်... ဒါပေမဲ့ ယုံကြည်မှုတန်ဖိုး ကုန်ဆုံးပါလိမ့်မယ်။” ဟု ဆို၏။

“ဘယ်လောက်လဲ။” ဟု ချင်ယွမ်ဖုန်းက အနည်းငယ် သတိထားကာ မေးလိုက်သည်။

“မများပါဘူး... မများပါဘူး... တစ်သန်းပဲ။” ရှောင်လင်က မျက်မှောင်ကြုတ်လျက် ဆိုသည်။

ချင်ယွမ်ဖုန်း၏ မျက်နှာ အုံ့မှိုင်းသွားပြီး “မင်း ငါ့ကို ဓားပြတိုက်လိုက်ပါလား။”

“ဈေးနှုန်းက တရားမျှတပါတယ်။ လူကြီးလူငယ်မရွေး မလိမ်ညာပါဘူး။” ရှောင်လင်က အပြစ်ကင်းစင်သော မျက်နှာထားဖြင့် ပြောကာ “ယုံကြည်မှုတန်ဖိုး တစ်သန်းဆိုတာ ကောင်းကင်ဘုံသန့်စင်သီး တစ်လုံးစာပဲလေ... တန်ပါတယ်။” ဟု ဆိုလေသည်။

ချင်ယွမ်ဖုန်းသည် အကူအညီမဲ့မှုကို ပြင်းထန်စွာ ခံစားလိုက်ရ၏။ ရှောင်လင်သည် ကောက်ကျစ်သော ကုန်သည်တစ်ဦး၏ လမ်းစဉ်သို့ ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းနေပုံရချေသည်။

သို့သော် ချင်ယွမ်ဖုန်းသည် ယခုအချိန်တွင် တောင့်ခံနိုင်သေး၏။ အရေးမကြီးပါက ချင်ယွမ်ဖုန်းသည် စနစ်၏ အစွမ်းအစများကို အသုံးပြုမည်မဟုတ်ပေ။ အဆုံးတွင် ထိုအရာက ယုံကြည်မှုတန်ဖိုး တစ်သန်း ဖြစ်နေသည် မဟုတ်လော။

ယခုအချိန်တွင် ကောင်းကင်ဘုံလမ်းစဉ်ပေါ်ရှိ လူများသည် မိမိတို့၏ ကိုယ်တွင်းစွမ်းအင်များ မကုန်ဆုံးမီ ခြေလှမ်းအနည်းငယ် ပိုမိုတက်လှမ်းနိုင်ရန်အတွက် ကိုယ်တွင်းစွမ်းအင်များကို စဉ်ဆက်မပြတ် ထုတ်ဖော်နေကြသည်။

အဆုံးတွင် ခြေတစ်လှမ်း ပိုတက်နိုင်ခြင်းက မိမိတို့၏ အဆင့်အတန်းကို နေရာများစွာ မြှင့်တင်ပေးနိုင်သည် မဟုတ်လော။

ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့သည် နောက်ထပ် ခြေလှမ်းတစ်ရာကို တက်လှမ်းခဲ့ကြပြန်သည်။ ထိုခြေလှမ်းတစ်ရာကို တက်ရန်အတွက် သူတို့သည် နှစ်နာရီ အပြည့်အဝ အချိန်ယူခဲ့ရ၏။

ယခုအခါ လင်ယွဲ့သည် ချွေးများဖြင့် ရွှဲနစ်နေပြီ ဖြစ်ရာ ဝတ်စုံများသည် ခန္ဓာကိုယ်တွင် ကပ်လျက်ရှိနေပြီး သူမ၏ လှပသော ကိုယ်လုံးကိုယ်ပေါက်ကို ထင်ရှားစေကာ စိတ်ကူးယဉ်မှုကို နှိုးဆွနေချေသည်။

ချင်ယွမ်ဖုန်းနှင့် အခြားလူများကို ကျော်လွန်သွားသူများပင် လင်ယွဲ့ကို စူးစိုက်ကြည့်ရှုနေကြ၏။

ချင်ယွမ်ဖုန်းသည် မိမိ၏ ဝတ်ရုံကို ချွတ်လိုက်ပြီး လင်ယွဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ခြုံပေးလိုက်သည်။

သူသည် ယခုအချိန်အထိ အဆင်ပြေနေသေးရာ ဝတ်စုံများမှာ စိုရွှဲခြင်း မရှိသေးပေ။

လင်ယွဲ့သည် ချင်ယွမ်ဖုန်းကို ကျေးဇူးတင်သော မျက်ဝန်းများဖြင့် ကြည့်လိုက်ပြီး “တစ်ခါတရံမှာ ငါ တကယ်ပဲ ယောက်ျားတစ်ယောက် ဖြစ်ချင်မိတယ်။” ဟု ဆိုသည်။

ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “စီနီယာအမ မင်းကိုယ်မင်း အထင်မသေးပါနဲ့။ မိန်းကလေးတစ်ယောက်ကလည်း ကြီးမြတ်တဲ့အရာတွေကို အောင်မြင်အောင် လုပ်နိုင်ပါတယ်။ ယောက်ျားနဲ့ မိန်းမက အတူတူပါပဲ... အချို့လူတွေရဲ့ နှလုံးသားကသာ မညီမျှကြတာ။” ဟု ပြောလိုက်၏။

“ကျေးဇူးတင်ပါတယ် ချင်ယွမ်ဖုန်း။” ဟု လင်ယွဲ့က တိုးညှင်းစွာ ဆိုလေသည်။

ချင်ယွမ်ဖုန်းက ခေါင်းခါလျက် “ဘယ်လိုလဲ... အထက်ကို ဆက်သွားနိုင်သေးရဲ့လား။”

“ရတာပေါ့။” လင်ယွဲ့က လက်သီးကို တင်းတင်းဆုပ်လိုက်ပြီး “နောက်ထပ် ခြေလှမ်းတစ်ရာပေါ့။” ဟု ဆိုသည်။

ထိုအချိန်တွင်ပင် လှပသော အမျိုးသမီးနှစ်ဦးသည် လင်ယွဲ့ကို ကျော်ဖြတ်ကာ သူတို့၏ အရှေ့ရှိ ခြေလှမ်းပေါ်တွင် ရပ်လိုက်ကြ၏။

သူတို့၏ ဝတ်စုံများသည် လင်ယွဲ့နှင့် တူညီနေကြရာ ထိုသူနှစ်ဦးလုံးသည် နှင်းမြူဓားဂိုဏ်းမှ တပည့်များ ဖြစ်ကြကြောင်း ပြသနေချေသည်။

All Chapters