အခန်း (၂၆၇-၂၆၈)
Vol. 15 Ch. 267-268
အခန်း (၂၆၇) စိတ်အာဃာတနှောင်ကြိုး
“အို... ဒါက စီနီယာအစ်မ လင်ယွဲ့ပါလား။ ဒီနေရာတင် အရှုံးပေးတော့မလို့လား။ ဟိုတုန်းက တိုက်ရိုက်သင်ကြားခွင့်ရတပည့်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတော့ အတော်ပဲ ရှက်ဖို့ကောင်းတာပဲနော်” ဟု အမျိုးသမီးတစ်ဦးက လှောင်ပြောင်သရော်လိုက်ချေသည်။
ချင်ယွမ်ဖုန်း မော့ကြည့်လိုက်ရာ ထိုအမျိုးသမီးနှစ်ဦးသည် ဆေးနတ်ဘုရားဂိုဏ်းတွင် လင်ယွဲ့အား လှောင်ပြောင်ခဲ့ကြသူများဖြစ်ကြောင်း မှတ်မိသွား၏။ ယခုနေရာ၌လည်း ထိုသို့သော အပြုအမူမျိုးကို ထပ်မံပြုလုပ်ကြလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။
ထို့ပြင် ထိုအမျိုးသမီးနှစ်ဦးသည် ကိုယ်ရံစွမ်းအင်ကဲ့သို့ အကာအကွယ်တစ်ခုကို ဖန်တီးပေးထားသည့် မှော်လက်နက်တစ်ခုခု ဆောင်ထားပုံရပြီး ထို့ကြောင့်ပင် လွယ်ကူချောမွေ့စွာ လျှောက်လှမ်းနိုင်ခြင်းဖြစ်သည်ကိုလည်း သူ သတိပြုမိလိုက်သည်။
လင်ယွဲ့သည် သွားကို တင်းတင်းကြိတ်ထားပြီး စကားတစ်ခွန်းမျှ ပြန်မပြောဘဲ နေခဲ့၏။
ထိုအချိန်တွင် အမျိုးသမီးနှစ်ဦးသည် ချင်ယွမ်ဖုန်း၏ မျက်နှာကို စင်စစ်ဧကန် မြင်တွေ့သွားကြပြီး အံ့အားသင့်လွန်းသဖြင့် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ကြသည်။
“နင်... နင်က ချင်ယွမ်ဖုန်းလား။ ရှင်လည်း ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို တကယ်ပဲ ရောက်နေတာလား” ဟု အမျိုးသမီးတစ်ဦးက အံ့ဩတကြီး မေးမြန်းလေသည်။
ချင်ယွမ်ဖုန်းသည် ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးတွင် အကြီးအကျယ် နာမည်ကျော်ကြားခဲ့သူ ဖြစ်ပေရာ ထိုပြိုင်ပွဲသို့ တက်ရောက်ခဲ့သူ မည်သူမဆို ချင်ယွမ်ဖုန်းဟူသော အမည်ကို သိရှိကြသည်။
“ဟုတ်တယ်၊ ငါက ချင်ယွမ်ဖုန်းပဲ။ မင်းတို့နှစ်ယောက် ဘေးဖယ်ပေးကြပါ။ ငါနဲ့ ငါ့မိတ်ဆွေရဲ့ လမ်းကို ပိတ်နေတယ်” ဟု ချင်ယွမ်ဖုန်းက အေးစက်စွာ ပြောဆိုလိုက်၏။
“နင့်မိတ်ဆွေ ဟုတ်လား” အခြားအမျိုးသမီးတစ်ဦးက လင်ယွဲ့အား အံ့ဩတကြီး ကြည့်ရှုကာ “ဟွန်း... ဘာဖြစ်နေတာလဲလို့။ အားကိုးစရာ သခင်လေးတစ်ယောက် ရှာတွေ့ထားတာကိုး၊ တိုက်ရိုက်သင်ကြားခွင့်ရတပည့် အဆင့်အတန်း မရှိတော့တာတောင် ဘာလို့ ဒီလောက် ပျော်နေလဲဆိုတာ မဆန်းတော့ပါဘူး” ဟု ဆိုလေသည်။
“ဒါပေါ့၊ သူက ငယ်ရွယ်ပြီး အလားအလာရှိတဲ့ အမျိုးသားတစ်ယောက်ကို ရှာတွေ့ထားတာပဲ၊ ဘာလို့ ပင်ပင်ပန်းပန်း ကြိုးစားနေဖို့ လိုဦးမှာလဲ” ဟု အခြားအမျိုးသမီးတစ်ဦးက မနာလိုဝန်တိုမှု အထင်းသား ပါဝင်နေသော သရော်စာနာသံဖြင့် ပြောဆိုလိုက်သည်။
“ငါ့လမ်းက ဖယ်စမ်း။ ငါ့မိတ်ဆွေအပေါ် နောက်တစ်ကြိမ် ရိုင်းရိုင်းစိုင်းစိုင်း ပြုမူရင်တော့ ငါ ညှာတာနေမှာ မဟုတ်ဘူး” ချင်ယွမ်ဖုန်းသည် နောက်ထပ် လှေကားထစ်တစ်ခုပေါ်သို့ လှမ်းတက်လိုက်ရာ ထိုအမျိုးသမီးနှစ်ဦးနှင့် မျက်နှာချင်းဆိုင်လုနီးပါး ဖြစ်သွားချေသည်။
အမျိုးသမီးနှစ်ဦးစလုံးသည် ချင်ယွမ်ဖုန်း၏ မျက်ဝန်းထဲမှ ဒေါသအရိပ်အယောင်ကို မြင်တွေ့သွားကြသဖြင့် ဘေးသို့ ဖြည်းညှင်းစွာ ဖယ်ပေးလိုက်ကြရ၏။
“ကောင်းပြီလေ ချင်ယွမ်ဖုန်း၊ နင်က ငါတို့နှစ်ယောက်ကို ဒီလို စကားမျိုး ပြောရဲတယ်ပေါ့။ ရှင်က ဆေးနတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက် ဖြစ်နေရုံနဲ့ ငါတို့က ရှင့်ကို ဘာမှမလုပ်ရဲဘူးလို့ မထင်နဲ့” ဟု အမျိုးသမီးတစ်ဦးက အေးစက်စွာ ကတိပြုသကဲ့သို့ ပြောဆိုသည်။
“ဟွန်း... မင်းတို့က ငါ့ကို လာဆွရဲရင်တော့ ငါ့ရဲ့ ရက်စက်မှုကို အပြစ်မတင်နဲ့ပေါ့” ချင်ယွမ်ဖုန်းသည် နှာခေါင်းရှုံ့လိုက်ပြီး လင်ယွဲ့နှင့်အတူ ရှေ့သို့ ဆက်လက်လျှောက်လှမ်းခဲ့ချေသည်။
ထိုအမျိုးသမီးနှစ်ဦးသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ မျက်ဝန်းထဲ၌ မနာလိုဝန်တိုမှု အရိပ်အယောင်များကို အပြန်အလှန် မြင်တွေ့နေကြရ၏။
ချင်ယွမ်ဖုန်းက လင်ယွဲ့ကို ပြင်းပြင်းထန်ထန် ကာကွယ်ပေးခဲ့ခြင်းသည် ၎င်းတို့၏ နှလုံးသားထဲတွင် အတိုင်းထက်အလွန် မနာလိုမှု၊ ဝန်တိုမှုနှင့် မုန်းတီးမှုများကို ပြည့်လျှံသွားစေသည်။
“ချင်ယွမ်ဖုန်းနဲ့ လင်ယွဲ့၊ မင်းတို့ လူယုတ်မာနှစ်ယောက် စောင့်ကြည့်နေကြစမ်းပါ”
ထိုအမျိုးသမီးနှစ်ဦးသည် ချင်ယွမ်ဖုန်းကို ရည်ရွယ်ချက်ရှိရှိ ကျော်တက်ကာ ရှေ့သို့ အပြေးအလွှား သွားကြလေသည်။
၎င်းတို့တွင် မှော်လက်နက်များ ရှိနေကြသဖြင့် အခြားသူများထက် ပိုမိုလွယ်ကူစွာ လျှောက်လှမ်းနိုင်ကြခြင်း ဖြစ်ပေသည်။
“သူတို့က ကျွန်မရဲ့ ဂျူနီယာညီမလေးတွေပါ၊ တစ်ယောက်က လင်ရှာရှာ ဖြစ်ပြီး နောက်တစ်ယောက်ကတော့ နျူလဲ့လဲ့ပါ။
သူတို့စကားတွေကို စိတ်ထဲမထားပါနဲ့လို့ မျှော်လင့်ပါတယ်” ဟု လင်ယွဲ့က ဆိုသည်။
ချင်ယွမ်ဖုန်းက ပြုံးလိုက်ပြီး “စီနီယာအမစိတ်ထဲက အနှောင်အဖွဲ့ကို အခုထိ မချနိုင်သေးဘူးပဲ” ဟု ဆို၏။
“မချနိုင်သေးဘူး ဟုတ်လား” လင်ယွဲ့ မျက်မှောင်ကုတ်သွားကာ “ငါတိုက်ရိုက်သင်ကြားခွင့်ရတပည့် အဆင့်အတန်းကို စွန့်လွှတ်ခဲ့ပြီးပြီပဲဥစ္စာ” ဟု ပြန်ပြောသည်။
လင်ယွဲ့၏ အမြင်တွင် တိုက်ရိုက်သင်ကြားခွင့်ရတပည့် အဆင့်အတန်းကို စွန့်လွှတ်လိုက်ခြင်းဖြင့် သူမသည် စိတ်အနှောင်အဖွဲ့ကို ချပစ်ခဲ့ပြီး ဖြစ်ချေသည်။
သူမ အစဉ်တစိုက် သည်းခံနေရခြင်းမှာ ကွယ်လွန်သွားပြီဖြစ်သော သခင်ဖြစ်သူ၏ ဂုဏ်သိက္ခာကို မညှိုးနွမ်းစေချင်သောကြောင့်သာ ဖြစ်၏။
“ဟဲ... စီနီယာအမ မင်းရဲ့ စွဲလမ်းမှုက အရမ်းနက်ရှိုင်းလွန်းတယ်။ မင်းရဲ့ဆရာ မကွယ်လွန်ခင်မှာ မင်းကို တိုက်ရိုက်သင်ကြားခွင့်ရတပည့်တစ်ယောက် ဖြစ်စေချင်ခဲ့တာက မင်းရဲ့ဘဝကို ပိုပြီး သက်တောင့်သက်သာ ရှိစေချင်ရုံသက်သက်ပဲ။ အဲဒါက မင်းအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မျှော်လင့်မထားခဲ့ဘူး” ဟု ချင်ယွမ်ဖုန်းက အေးစက်တည်ကြည်စွာ ပြောလိုက်သည်။
“မဟုတ်ဘူး... အဲဒီလိုမဟုတ်ပါဘူး” လင်ယွဲ့က ခေါင်းခါယမ်းလျက် “ဆရာက ငါ့အပေါ် အရမ်းကောင်းခဲ့ပြီး မျှော်လင့်ချက်တွေလည်း အများကြီး ထားခဲ့တာ၊ ဒါကြောင့် ငါ့ဆရာကို စိတ်ပျက်အောင် မလုပ်နိုင်ဘူး” ဟု ဆို၏။
“ဒါဆိုရင်တော့ သူက စီနီယအမမင်းရဲ့ဆရာဖြစ်ဖို့ မထိုက်တန်ဘူးပဲ” ဟု ချင်ယွမ်ဖုန်းက ပြတ်သားစွာ ပြောဆိုလိုက်ချေသည်။
လင်ယွဲ့၏ နှလုံးသား တုန်လှုပ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး အားအင်များ ဆုတ်ယုတ်သွားသကဲ့သို့ ယိမ်းထိုးသွားကာ လှေကားထစ်များပေါ်မှ လဲကျလုနီးပါး ဖြစ်သွားခဲ့သည်။
ချင်ယွမ်ဖုန်းသည် လက်လှမ်း၍ လင်ယွဲ့ကို တွဲထိန်းပေးလိုက်ပြီး သူ၏ လေသံကို အနည်းငယ် ဆော့လျော့လိုက်၏။
“စီနီယာအမရဲ့ ဆရာက စီနီယာအမကို ပိုကောင်းတဲ့ ဘဝမှာ နေထိုင်စေချင်ရုံသက်သက်ပဲ။ စီနီယာအမတို့ရဲ့ နှင်းမြူဓားဂိုဏ်းမှာတော့ အသက်ကို စုန်စုန်းဖျန်းပြီး ကြိုးစားမှပဲ ပိုကောင်းတဲ့ ဘဝကို ရနိုင်မှာ မဟုတ်လား။ စီနီယာအမရဲ့ အသည်းအသန် ကြိုးစားမှုတွေက ဆရာရဲ့ မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးနေတာလို့ ထင်နေပေမဲ့ အမှန်တော့ စီနီယာအမက ဆရာရဲ့မျှော်လင့်ချက်အစစ်အမှန်ကို အမြဲတမ်း လွဲမှားစွာ နားလည်နေခဲ့တာပဲ”
လင်ယွဲ့သည် မျက်ဝန်းထဲတွင် မျက်ရည်များ ဝဲလျက် ချင်ယွမ်ဖုန်းကို ကြည့်လိုက်မိသည်။
“ဒါကြောင့် သည်းခံနေဖို့ မလိုတော့ဘူး။ စီနီယာအမရဲ့ ဆရာ ကောင်းကောင်း အနားယူနိုင်ဖို့အတွက်ဘဝကို ကောင်းကောင်းမွန်မွန် ရှင်သန်ရမှာ” ဟု ချင်ယွမ်ဖုန်းက ပြုံးရွှင်စွာ ပြောဆိုလိုက်၏။
လင်ယွဲ့သည် ချင်ယွမ်ဖုန်းကို ကြည့်ရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာခဲ့ချေသည်။
“ကျေးဇူးတင်ပါတယ်... ကျေးဇူးတင်ပါတယ်...”
လင်ယွဲ့သည် ယခုအခါတွင် သူမ၏ စိတ်အာဃာတနှောင်ကြိုးကို ဖြေလွှတ်နိုင်ခဲ့ပြီဖြစ်ကြောင်း ချင်ယွမ်ဖုန်း သိရှိလိုက်သည်။
ဤမျှကာလပတ်လုံး ဆရာဖြစ်သူ၏ မျှော်လင့်ချက်များသည် လင်ယွဲ့၏ နှလုံးသားပေါ်တွင် ကျောက်တုံးကြီးတစ်ခုကဲ့သို့ ဖိနှိပ်ထားခဲ့သော်လည်း အဆုံးသတ်တွင်မူ ဆရာဖြစ်သူက သူမကို ကောင်းမွန်စွာ ရှင်သန်စေချင်ရုံသာ ဖြစ်ကြောင်း သူမ သဘောပေါက်သွားခဲ့ပြီ ဖြစ်ပေသည်။
“သွားကြစို့၊ ဒီနေ့ဟာ စီနီယာအမမင်းအတွက် ဖြစ်လာဖို့ ကံပါပြီးသားပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံးလျက် ဆိုလိုက်သည်။
လင်ယွဲ့က ခေါင်းငြိမ့်ပြကာ မျက်ရည်များကို သုတ်လိုက်ပြီး သူမ၏ အကြည့်များသည် တဖြည်းဖြည်း ပြတ်သားခိုင်မာလာခဲ့ချေသည်။
၎င်းတို့နှစ်ဦးသည် အလွန်တရာ စိတ်အားထက်သန်စွာဖြင့် အပေါ်သို့ ဆက်လက်လျှောက်လှမ်းခဲ့ကြ၏။
ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့နှင့် အမြင့်တူနေရာ၌ ရှိနေကြသော ကျင့်ကြံသူများသည် ယခုအခါတွင် ဆွဲငင်အားကို တွန်းလှန်ရန် ကိုယ်ရံစွမ်းအင်များကို အသုံးပြုနေကြရပြီ ဖြစ်သည်။
ဤနေရာမှစ၍ ကျင့်ကြံသူများ၏ အင်အားကွာခြားချက်ကို ထင်ရှားစွာ မြင်တွေ့နိုင်ပေသည်။
“အဘိုးကျိုး... ခေါ်လာတဲ့ လူငယ်လေးကတော့ တကယ်ကို ထူးခြားဆန်းပြားတာပဲ။ ကိုယ်ရံစွမ်းအင်ကို မသုံးဘဲနဲ့ လှေကားထစ် သုံးရာကျော်အထိ တက်နိုင်သေးတယ်။ ဒါက မည်သူမဆို လုပ်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး” ဟု ထျန်းချင်းက ပြုံးလျက် ဆိုလေသည်။
“ဟုတ်ပါ့၊ ငါလည်း ဒီလူငယ်လေးကို လျှော့တွက်မိသွားတယ်” ဟု အဘိုးကျိုးက ရယ်မောလျက် ပြောဆိုသည်။
“ယန်ချိုင်တို့တစ်သိုက် ရောက်မလာကြတာ နှမြောစရာပဲ။ နဂါးနဲ့ ကျားတို့ရဲ့ ပြင်းထန်တဲ့ တိုက်ပွဲမျိုးကို ငါတို့ မြင်တွေ့ရတော့မှာ မဟုတ်ဘူး” ဟု ထျန်းချင်းက နှမြောတသဟန်ဖြင့် ဆိုချေသည်။
ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲသည် အရှိန်အဟုန်ပြင်းစွာ ဖြစ်ပွားနေပြီး တစ္ဆေလက်သည်းမြေ တောင်တန်းကြီး၏ တစ်နေရာတွင်မူ နေ့ခင်းကြောင်တောင် ဖြစ်သော်လည်း ထူးဆန်းသော အေးစိမ့်မှုများ ရှိနေကာ လူတို့ကို ချောက်ချားဖွယ် အရှိန်အဝါကို ခံစားရစေသည်။
ထိုတောင်တော၏ ဗဟိုတည့်တည့်တွင် အက်ကွဲကြောင်း ပုံရိပ်အချို့ ရှိနေသည့် ကြီးမား၍ မည်းမှောင်သော ပိုးအိမ်ကဲ့သို့ အရာဝတ္ထုတစ်ခု ရှိနေ၏။
“မုဟွိုက်... မင်းတို့အားလုံး ဘယ်ရောက်ကုန်ကြတာလဲ။ ငါ့မှာ လတ်ဆတ်တဲ့ သွေးတွေ လိုအပ်နေတယ်၊ ငါ့မှာ လတ်ဆတ်တဲ့ သွေးတွေ လိုအပ်နေတယ်”
ငရဲပြည်မှ လာသကဲ့သို့သော အသံသည် ပိုးအိမ်အတွင်းမှ ထွက်ပေါ်လာပြီး စိတ်အာဃာတမိစ္ဆာ အရှိန်အဝါသည် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့ချေသည်။
သို့သော်လည်း ဤနေရာသည် လူသူအရောက်အပေါက်နည်းသော တောနက်ပိုင်းဖြစ်သဖြင့် ထိုဖြစ်ရပ်ကို မည်သူမျှ မတွေ့ရှိကြပေ။
သို့ရာတွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါသည် တဖြည်းဖြည်း ပြန့်ကားလာပြီးနောက် အဆုံး၌ မိုးကောင်းကင်သို့ တဟုန်ထိုး ထိုးတက်သွားခဲ့တော့သည်။
မည်းမှောင်သော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါသည် ထူထပ်သော မီးခိုးလုံးကြီးများကဲ့သို့ မြေပြင်မှ ထပျံကာ ကောင်းကင်ယံသို့ တည့်တည့်မတ်မတ် ဆောက်တည်သွားချေသည်။
ပန်းရနံ့ရွာ၏ နောက်ကွယ်ရှိ တောအုပ်ထဲတွင် ရှိနေကြသော မုဟွိုက်၏ စီနီယာအစ်ကိုများသည် ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို မြင်တွေ့လိုက်ရသောအခါ အားလုံး ဆွံ့အမှင်သက်သွားကြရ၏။
“အဲဒီနေရာက... ဆရာသခင် ရှိနေတဲ့ နေရာ ထင်တယ်...”
“ဆရာသခင်ပဲ။ ငါတို့ အပြင်ထွက်လာတာ ဆယ်ရက်တောင် ရှိသွားပြီဆိုတော့ သခင့်အကြောင်းကို လုံးဝ မေ့သွားကြတာပဲ” ဟု အခြားတပည့်တစ်ဦးက နှမြောတသဟန်ဖြင့် မိမိပေါင်ကို ရိုက်လျက် ပြောဆိုသည်။
“အား... ဂျူနီယာညီမလေးက ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို သွားပြိုင်တာ၊ သူပါ မေ့သွားတာလား။ ဂျူနီယာညီမလေးက ငါတို့ကို အမြဲ သတိပေးနေကျဥစ္စာ။ သွားပြီပဲ” ဟု အခြားတပည့်တစ်ဦးက ကြောက်ရွံ့တုန်လှုပ်စွာဖြင့် ဆိုလေသည်။
၎င်းတို့သည် မိမိတို့၏ သခင့်ကို ကြောက်ရွံ့ကြရုံသာမက ဤစိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို ယခုအခါ လူအများအပြား မြင်တွေ့သွားကြပြီ ဖြစ်သဖြင့် ပို၍ပင် ထိတ်လန့်နေကြခြင်း ဖြစ်၏။
ထိုအချိန်တွင် မုဟွိုက်၏ အခြားစီနီယာအစ်ကိုတစ်ဦးသည်လည်း အပြေးအလွှား ပြန်ရောက်လာပြီး လူတိုင်းကို ပျာပျာသလဲ ကြည့်ကာ “ဂျူနီယာညီမလေးလည်း ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို သွားတာ မဟုတ်ဘူး” ဟု ပြောဆိုလိုက်လေတော့သည်။
အခန်း (၂၆၈) စတင်လှုပ်ရှားခြင်း
"ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ကျန်ရှိနေသူအားလုံးမှာ ဆွံ့အမှင်တက်သွားကြပြီး တုန်လှုပ်ခြောက်ခြားစွာဖြင့် နောက်ထပ်ဘာဆက်လုပ်ရမည်ကို မသိတော့ပေ။
ပုံမှန်အားဖြင့် မုဟွိုက်ကသာ လှုပ်ရှားမှုများကို စီစဉ်လေ့ရှိပြီး ၎င်းတို့ကိုယ်တိုင်မှာ ဉာဏ်ပညာသိပ်မရှိကြသဖြင့် မုဟွိုက်၏ အမိန့်ပေးချက်များကိုသာ နာခံလုပ်ဆောင်လေ့ရှိကြသည်။
သို့သော် ယခုအခါ ရုတ်တရက် အားကိုးရာမဲ့သွားသဖြင့် ၎င်းတို့အားလုံး ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။
"အခု ဆရာသခင်က လူသိရှင်ကြား ဖြစ်သွားပြီ၊ ဂျူနီယာညီမလေးကိုလည်း ဘယ်မှာမှ ရှာမတွေ့တော့ဘူး၊ ငါတို့ ဘာဆက်လုပ်ကြမလဲ" တစ်ယောက်က ပြာပြာသလဲ မေးလိုက်သည်။
"ဂျူနီယာညီမလေးကို ခဏထားလိုက်ဦး၊ အရင်ဆုံး ပြန်သွားပြီး ဆရာကို သွားကြည့်ရအောင်" ဟု အခြားတစ်ယောက်က ပြောသည်။
အားလုံးက ခေါင်းငြိတ်ထောက်ခံပြီး ချက်ချင်းပင် မြောက်ဘက်သို့ ဦးတည်ထွက်ခွာသွားကြတော့သည်။
ထိုအချိန်တွင် ဝိညာဉ်အဆောင်ပိတ်လှောင်မှုအတွင်း ပိတ်မိနေသော မုဟွိုက်မှာလည်း အလွန်အမင်း စိုးရိမ်ပူပန်နေမိသည်။ "ဆရာသခင်ကြီးရဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ ပေါက်ကွဲမယ့်နေ့ ရောက်နေပြီ။ စီနီယာအစ်ကိုတို့ မေ့မသွားလောက်ဘူးမလား။ သခင်ကြီးက အပြည့်အဝ နိုးထလာသေးတာ မဟုတ်ဘူး။ အကယ်၍သာ လူမိသွားရင်တော့ သွားပြီပဲ"
သို့သော်လည်း သူမ မည်မျှပင် အော်ဟစ်နေပါစေ အပြင်ဘက်ရှိ မည်သူမျှ မကြားနိုင်ကြပေ။ "ချင်ယွမ်ဖုန်း၊ နင်က တကယ်ကို ရွံစရာကောင်းလွန်းတယ်။ ငါ ဒီကလွတ်တာနဲ့ နင့်ကို နှိပ်စက်ပစ်မယ်"
ချင်ယွမ်ဖုန်းမှာမူ ယခုအချိန်တွင် မုဟွိုက် ဘာတွေးနေသည်ကို မသိရှိဘဲ နှာချေမိရုံသာ ရှိတော့သည်။
အတန်ကြာတွင် တောင်အောက်မှနေ၍ ရုတ်တရက် ထိတ်လန့်တုန်လှုပ်သံတစ်ခု ထွက်ပေါ်လာသည်။ ချင်ယွမ်ဖုန်းသည် ဝေခွဲမရစွာဖြင့် ခေါင်းလှည့်ကြည့်လိုက်ရာ ဝေးလံသောနေရာမှ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ မိုးကောင်းကင်သို့ ထိုးတက်နေသည်ကို မြင်လိုက်ရသည်။
"အဲဒါ ဘာကြီးလဲ..." ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။
ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါမှာ အလွန်တရာ ကျယ်ပြောလှသဖြင့် မည်မျှအစွမ်းထက်သော မိစ္ဆာကျင့်ကြံသူက ယခုကဲ့သို့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါမျိုး ထုတ်လွှတ်နိုင်မည်ကို စိတ်ကူးပင် မယဉ်နိုင်တော့ပေ။
လင်ယွဲ့သည်လည်း တုန်လှုပ်ချောက်ခြားသွားရသည်။ "ဒါက နတ်ဘုရားသောင်းချီနယ်မြေကနေ မှုတ်ထုတ်လိုက်တဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါနဲ့ ဘာလို့တူနေရတာလဲ"
သို့သော် ချင်ယွမ်ဖုန်းက ခေါင်းခါပြလိုက်သည်။ သူကိုယ်တိုင် နတ်ဘုရားသောင်းချီနယ်မြေရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို ကြုံတွေ့ဖူးသဖြင့် ယခုမြင်တွေ့နေရသော အရှိန်အဝါမှာ ထိုအဆင့်အတန်းမျိုး မဟုတ်ကြောင်း သိရှိနေသည်။
"မတူဘူး။ နတ်ဘုရားသောင်းချီနယ်မြေထဲက စိတ်အာဃာတမိစ္ဆာ အရှိန်အဝါက ပိုပြီးတော့ သန့်စင်တယ်၊ အခု အရှိန်အဝါကတော့ မိစ္ဆာကျင့်ကြံသူတစ်ယောက် ထုတ်လွှတ်လိုက်တဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါပဲ"
ဤစိတ်အာဃာတမိစ္ဆာ အရှိန်အဝါနှစ်ခုမှာ အဆင့်အတန်းချင်း ကွာခြားလှသည်။ အကယ်၍ ယခုမြင်တွေ့နေရသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါမှာ ပြင်းအားငါးဆယ်ကျော်ရှိသော အရက်နှင့်တူပါက နတ်ဘုရားသောင်းချီနယ်မြေမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ ရာနှုန်းပြည့် သန့်စင်သော အရက်ပျံနှင့် တူပေလိမ့်မည်။
အဘိုးကျိုးနှင့် ထျန်းချင်းတို့သည်လည်း ထိုအချိန်တွင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို မြင်တွေ့လိုက်ရသဖြင့် အလားတူပင် ထိတ်လန့်သွားကြသည်။
"ဒီစိတ်အာဃာတမိစ္ဆာ အရှိန်အဝါက ဘယ်ကနေ ထွက်လာတာလဲ" ထျန်းချင်းက တုန်လှုပ်ချောက်ခြားသော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
အဘိုးကျိုး၏ မျက်နှာအမူအရာမှာမူ တဖြည်းဖြည်း လေးနက်တည်ကြည်လာသည်။ "ဘာလို့လဲတော့ မသိဘူး၊ ဒီစိတ်အာဃာတမိစ္ဆာ အရှိန်အဝါက ငါ့အတွက် သိပ်ပြီးတော့ ရင်းနှီးနေသလိုပဲ"
"ရင်းနှီးနေတယ် ဟုတ်လား။ အဘိုးကျိုး၊ အဲဒါ မိစ္ဆာအိုဟန် ဖြစ်နိုင်မလား။ မိစ္ဆာအိုဟန်က လွန်ခဲ့တဲ့ ဆယ်နှစ်ကတည်းက သေသွားပြီ မဟုတ်ဘူးလား" ဟု ထျန်းချင်းက မေးသည်။
အဘိုးကျိုးက ခေါင်းခါလိုက်သည်။ "ငါလည်း သေသေချာချာ မသိဘူး၊ ရင်းနှီးနေသလို ခံစားရတာပဲ။ အကယ်၍ အဲဒါ တကယ်ပဲ မိစ္ဆာအိုဟန်ဆိုရင်တော့ မလွယ်ဘူး။ သူက အမြဲတမ်း ကောက်ကျစ်စဉ်းလဲတတ်တဲ့သူလေ၊ လူခြေတိတ်ဖို့အတွက် သေချင်ယောင်ဆောင်ထားတာလည်း ဖြစ်နိုင်တာပဲ"
"စုံစမ်းဖို့အတွက် လူလွှတ်လိုက်မယ်၊ ပြီးမှ သတင်းကို စောင့်ရအောင်" ဟု ထျန်းချင်းက တည်ငြိမ်စွာ ပြောကြားပြီးနောက် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ပေါက်ကွဲရာနေရာသို့ စုံစမ်းစစ်ဆေးရန်အတွက် တပည့်အချို့ကို ချက်ချင်း စေလွှတ်လိုက်သည်။
ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကတော့ ဆက်လက်ကျင်းပနေဆဲ ဖြစ်ရာ ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့သည်လည်း အကြည့်ကို ပြန်ရုပ်သိမ်းကာ ဆက်လက်တက်လှမ်းခဲ့ကြသည်။
၎င်းတို့သည် ယခုအခါ လှေကားထစ်ငါးရာမြောက်သို့ ရောက်ရှိနေပြီဖြစ်ပြီး ဤနေရာသို့ ရောက်ရှိနိုင်သူ အလွန်နည်းပါးလှသည်။
နှင်းမြူဓားဂိုဏ်းမှ လင်ရှာရှာနှင့် နျူလဲ့လဲ့တို့သည်လည်း ဤနေရာသို့ ရောက်ရှိလာကြသည်။ ၎င်းတို့သည် မိမိတို့၏ မှော်လက်နက်များကို အားကိုး၍ ယခုအထိ တက်လှမ်းနိုင်ခဲ့ခြင်း ဖြစ်သော်လည်း ထိုမှော်လက်နက်များပင်လျှင် ဤနေရာရှိ ဆွဲငင်အားကို ခံနိုင်ရည်မရှိတော့ဘဲ လှုပ်ရှားရ ခက်ခဲလာပုံရသည်။
ထိုစဉ် ချင်ယွမ်ဖုန်း၏ အမြင်အာရုံထဲသို့ အေးစက်သော အလင်းတန်းတစ်ခု ရုတ်တရက် ဝင်ရောက်လာသည်။
ချင်ယွမ်ဖုန်းမှာ လျင်မြန်လှသဖြင့် လက်ညှိုးနှင့် လက်ခလယ်နှစ်ချောင်းဖြင့် ထိုအေးစက်သော အလင်းတန်းကို ညှပ်၍ တားဆီးလိုက်သည်။
၎င်းမှာ ထက်မြက်လှသော မြားတိုတစ်စင်းဖြစ်ပြီး လင်ရှာရှာဆိုသူက ပစ်ခတ်လိုက်ခြင်း ဖြစ်သည်။ ချင်ယွမ်ဖုန်းက အေးစက်လှသော အကြည့်ဖြင့် လှမ်းကြည့်လိုက်ရာ သူ၏ မျက်ဝန်းများမှာ စိမ့်တက်သွားရသည်။
"ဒီနေရာမှာ တိုက်ခိုက်လို့ရလို့လား" ဟု ချင်ယွမ်ဖုန်းက ခပ်အေးအေး မေးလိုက်သည်။
"ဟွန့်၊ နင်တို့လို အတွဲက ငါတို့ကို ကျော်တက်ချင်သေးတယ်ပေါ့။ အိပ်မက်မက်နေလိုက်၊ နင်တို့ ဒီမှာတင် ရပ်သွားမှာ" ဟု နျူလဲ့လဲ့က ဒေါသတကြီး အော်ဟစ်လိုက်ပြီးနောက် သူမ၏လက်ထဲမှ နှာရိုက်သံနှင့်အတူ ချက်ချင်းပင် နှင်တံရှည်တစ်ချောင်းဖြင့် တိုက်ခိုက်လိုက်သည်။
ထိုနှင်တံရှည်တွင် လှိုင်းထနေသော ကိုယ်တွင်းစွမ်းအင်များ ပတ်သန်းလျက် ၎င်းတို့ထံသို့ ပြေးဝင်လာသည်။
ချင်ယွမ်ဖုန်းက ရှောင်တိမ်းချင်သော်လည်း လှုပ်ရှားလိုက်သည်နှင့် မိမိတို့မှာ ကောင်းကင်ဘုံလမ်းစဉ်ပေါ်တွင် ရှိနေကြောင်း သတိပြုမိသွားသည်။
ကြီးမားလှသော ဆွဲငင်အားက သူ့ကို ဖိနှိပ်ထားသဖြင့် ခြေတစ်လှမ်းချင်းစီ တက်လှမ်းရန်ပင် ခက်ခဲလှသည်။
သို့သော် နျူလဲ့လဲ့နှင့် လင်ရှာရှာတို့မှာမူ ကာကွယ်ထားသော မှော်လက်နက်များကို အားကိုး၍ လွတ်လပ်စွာ လှုပ်ရှားနိုင်ကြဆဲ ဖြစ်သဖြင့် ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့ကို တိုက်ခိုက်ခြင်း ဖြစ်သည်။
ဖျတ်ခနဲ မြည်သံနှင့်အတူ နှင်တံမှာ ချင်ယွမ်ဖုန်း၏ မျက်နှာပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး နီမြန်းသော အမှတ်အသားတစ်ခု ထင်ကျန်ရစ်ခဲ့သည်။ လင်ရှာရှာနှင့် နျူလဲ့လဲ့တို့မှာ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်မျှသာ ရှိကြသေးသည်။
အကယ်၍ ချင်ယွမ်ဖုန်း၏ အဆင့်အတန်းက ပို၍ မမြင့်မားပါက ထိုရိုက်ချက်ကြောင့် ဒဏ်ရာရရှိသွားပေလိမ့်မည်။
ချင်ယွမ်ဖုန်းက နျူလဲ့လဲ့ကို စူးစိုက်ကြည့်လိုက်သော်လည်း သူမမှာ ဘာမျှမဖြစ်သကဲ့သို့ပင် နှင်တံကို လျင်မြန်စွာ ပြန်ရုပ်သိမ်းလိုက်သည်။
"တိုက်ခိုက်ရင် အရည်အချင်း ပယ်ဖျက်ခံရလိမ့်မယ်" ဟု လင်ယွဲ့က အေးစက်စွာ ပြောလိုက်သည်။ "နင်တို့နှစ်ယောက် မကြောက်ကြဘူးလား"
"ဟားဟားဟား၊ အခုလူတွေအကုန်လုံးက အဲဒီစိတ်အာဃာတမိစ္ဆာ အရှိန်အဝါကိုပဲ ကြည့်နေကြတာ၊ ဒီနေရာကို ဘယ်သူမှ သတိထားမိမှာ မဟုတ်ဘူး" နျူလဲ့လဲ့က မောက်မာစွာ ရယ်မောလိုက်သည်။
ချင်ယွမ်ဖုန်း၏ မျက်ဝန်းများမှာ ရေခဲကဲ့သို့ အေးစက်သွားပြီး လှုပ်ရှားရန် ပြင်လိုက်သည်။ သို့သော် ထိုအချိန်တွင် လင်ယွဲ့က ယခုအထိ အသုံးမပြုရသေးသော ကိုယ်တွင်းစွမ်းအင်များကို အသုံးပြုကာ ရုတ်တရက် ရှေ့သို့ ပြေးထွက်သွားသည်။
သူမသည် ကိုယ်တွင်းစွမ်းအင်ကို အသုံးပြုလိုက်သော်လည်း ယခုအချိန်တွင်မူ အလွန်ခက်ခဲကြောင်း ခံစားလိုက်ရသည်။
နျူလဲ့လဲ့က သူမ၏ နှင်တံကို ဆက်လက်အသုံးပြုလိုသော်လည်း ထိုအချိန်တွင် အလင်းမဲ့ ပျံလွှားဓားမြှောင်သုံးစင်းမှာ ချင်ယွမ်ဖုန်း၏ ကိုယ်ပေါ်မှ ရုတ်တရက် ပျံသန်းထွက်ပေါ်လာပြီး အမျိုးသမီးနှစ်ဦးထံသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိသွားသည်။
အလွန်ပါးလွှာသော ပျံလွှားဓားမြှောင်သုံးစင်းမှာ ကြည်လင်အေးစက်သော အလင်းတန်းများကို ထုတ်လွှတ်နေပြီး ယခုကဲ့သို့သော ဆွဲငင်အားအောက်တွင်ပင် လျှပ်စီးကဲ့သို့ လျင်မြန်စွာ လှုပ်ရှားနေကြသည်။
နျူလဲ့လဲ့နှင့် လင်ရှာရှာတို့မှာ ချင်ယွမ်ဖုန်းထံမှ ထွက်ပေါ်လာသော သတ်ဖြတ်လိုသည့် အရှိန်အဝါကို ခံစားလိုက်ရသဖြင့် ကြောက်လန့်တကြား ဆွံ့အသွားကြသည်။
ထိုစဉ် လင်ယွဲ့က အမျိုးသမီးနှစ်ဦးထံသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည်။
"ငါ တကယ်ပဲ နင်တို့နှစ်ယောက်အတွက် ရှက်မိတယ်။ နင်တို့က ဆရာသခင်နဲ့ လမ်းစဉ်ကို ဘယ်လိုရိုသေရမှန်း မသိတဲ့အပြင် လူကြီးတွေကိုလည်း မလေးမစားလုပ်ကြတယ်။ ဒီနေ့တော့ ငါက နင်တို့ရဲ့ ဆရာ့ကိုယ်စား ဆုံးမရတော့မယ်"
"နင် ငါ့ကို ထိရဲလို့လား" နျူလဲ့လဲ့မှာ လင်ယွဲ့၏ ပြတ်သားမှုကို ခဏမျှ လက်မခံနိုင် ဖြစ်သွားပုံရသည်။
ဖြန်းခနဲ မြည်သံနှင့်အတူ လင်ယွဲ့က နျူလဲ့လဲ့၏ မျက်နှာကို လက်ဝါးဖြင့် တိုက်ရိုက်ရိုက်နှက်လိုက်ရာ နျူလဲ့လဲ့၏ မျက်နှာပေါ်တွင် နီမြန်းသော လက်ဝါးရာတစ်ခု ချက်ချင်း ထင်ကျန်သွားတော့သည်။
"ငါက နင်တို့ရဲ့ စီနီယာအစ်မ ဖြစ်တာကို နင်တို့က ငါ့ကို အကြိမ်ကြိမ် စော်ကားခဲ့တယ်။ နင်တို့မှာ တကယ်ပဲ အဆုံးအမ မရှိကြဘူးလား"
ဖြန်းခနဲ မြည်သံနှင့်အတူ လင်ယွဲ့က လင်ရှာရှာ၏ မျက်နှာကိုလည်း ထပ်မံရိုက်နှက်လိုက်ရာ ၎င်းတို့နှစ်ဦးစလုံး အလွန်အမင်း အရှက်ရသွားကြပြီး မျက်ရည်များ ဝဲတက်လာကြသည်။
သို့သော် အသက်အန္တရာယ်ပြုနိုင်သော အလင်းမဲ့ ပျံလွှားဓားမြှောင်သုံးစင်းမှာ ၎င်းတို့၏ ရှေ့တည့်တည့်တွင် ရပ်တန့်နေသဖြင့် ပြန်လည်တုံ့ပြန်ရန် မဝံ့ရဲကြပေ။
ယခုအချိန်တွင် လင်ယွဲ့မှာ လူတစ်ယောက်ကဲ့သို့ ပြောင်းလဲသွားပြီး အလွန်ပင် ပြတ်သား စိုးမိုးလိုစိတ် ရှိနေပုံရသည်။
သူမသည် ၎င်းတို့ကို ရိုက်နှက်ရုံတင်မကဘဲ မိမိ၏ ရတနာလက်နက် ဓားရှည်ကိုပါ ဆွဲထုတ်လိုက်တော့သည်။
"နင်တို့နှစ်ယောက်က ကောင်းကင်ဘုံလမ်းစဉ်မှာ အဆင့်တစ်ခုရဖို့ မထိုက်တန်ပါဘူး။ ပါရမီ အရည်အချင်းတွေ ရှိပေမဲ့ ကြိုးစားအားထုတ်မှုမရှိဘဲ နေ့တိုင်း တစ်ယောက်နဲ့တစ်ယောက် မနာလို တိုက်ခိုက်ဖို့ပဲ ကြံစည်နေကြတယ်။ နင်တို့က ငါတို့ နှင်းမြူဓားဂိုဏ်းရဲ့ သိက္ခာကို ချနေတာပဲ"
ထိုသို့ ပြောဆိုပြီးနောက် လင်ယွဲ့သည် ကိုယ်တွင်းစွမ်းအင်များကို စုစည်း၍ ဓားရှည်တွင် ပတ်သန်းစေကာ နျူလဲ့လဲ့၏ ခါးဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေတော့သည်။