အခန်း (၂၇၃-၂၇၄)
Vol. 15 Ch. 273-274
အခန်း(၂၇၃)
"ကောင်းပြီလေ၊ ဒါဆိုရင်လည်း ငါပဲ သူ့ကို မေးမြန်းကြည့်ရတာပေါ့" ဟု အဘိုးကျိုးက ဆိုရင်း ဝတ်ရုံလက်အင်္ကျီကို ပင့်တင်ကာ ရှေ့သို့ တစ်လှမ်း တိုးလိုက်လေသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် လက်ဖျစ်တစ်ချက် တီးလိုက်ရာ မုဟွိုက်အား ပိတ်လှောင်ထားသည့် ဝိညာဉ်အဆောင်လက်ဖွဲ့ လှောင်အိမ်ပေါ်မှ အသံလုံအစီအရင် ပြယ်လွင့်သွားချေသည်။
"မှော်ဆရာမ၊ မင်း ငါ့ကို မှတ်မိသေးရဲ့လား" အဘိုးကျိုးက အေးစက်သော လေသံဖြင့် မေးမြန်းလိုက်၏။
ထိုအသံကို ကြားရလျှင်ပင် မုဟွိုက်မှာ ထိတ်လန့်တုန်လှုပ်သွားပြီး "ဒါ.. အဘိုးကျိုး မဟုတ်လား" ဟု ရေရွတ်လိုက်မိသည်။
"ဟုတ်တာပေါ့၊ မင်းလို မိန်းကလေးငယ်တစ်ယောက်က ငါ့ကို မှတ်မိနေသေးတာပဲ ဝမ်းမြောက်စရာ ကောင်းတယ်" ဟု အေးစက်စွာ ပြုံးရင်း ဆိုလေသည်။
"တကယ်ပဲ အဘိုးကြီး ဖြစ်နေတာပဲ။ ဒီနေရာကို ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ" မုဟွိုက်၏ စိတ်အစုံမှာ ပူပန်သောက ရောက်သွားရချေသည်။
အဘယ်ကြောင့်ဆိုသော် ထိုသူသည် သူမ၏ ဆရာသခင်နှင့်ပင် ရင်ဘောင်တန်း ရင်ဆိုင်နိုင်စွမ်းရှိသည့် ဝါရင့်သူ ဖြစ်ပေရာ သူမအနေဖြင့် မည်သို့မျှ ယှဉ်ပြိုင်နိုင်စွမ်း မရှိသောကြောင့် ဖြစ်၏။
ထို့အပြင် သူမသည် ယခင်ကလည်း အဘိုးကျိုး၏ ဖမ်းဆီးခြင်းကို ခံခဲ့ရဖူးပြီး နှိပ်စက်ညှဉ်းပန်းမှု အတော်များများကို ကြုံတွေ့ခဲ့ရဖူးသည်။
သူမအနေဖြင့် မည်သည့်အရာကိုမျှ မသိရှိကြောင်း အဘိုးကျိုးက အမှန်တကယ် ယုံကြည်သွားသည့် အခါမှသာ သူမကို ပြန်လည်လွှတ်ပေးခဲ့ခြင်း ဖြစ်ပေသည်။
"မြောက်ဘက် တောင်တန်းဆီကနေ ကောင်းကင်ယံကို လွှမ်းခြုံသွားတဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေ အလုံးအရင်းနဲ့ ထွက်ပေါ်လာတယ်။ အဲဒီနေရာက မင်းတို့ရဲ့ ယင်ဝိညာဉ်ဂိုဏ်း ရှိတဲ့နေရာ မဟုတ်လား။ အဲဒီမှာ အမှန်တကယ် ဘာတွေဖြစ်ပျက်နေတာလဲ" ဟု အဘိုးကျိုးက ပြတ်သားစွာ စစ်ဆေးမေးမြန်းလိုက်သည်။
မုဟွိုက်၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရချေသည်။ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ပေါ်ထွက်လာခြင်းသည် မိစ္ဆာအိုဟန်၏ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါကို မည်သို့မျှ ဖိနှိပ်ထားနိုင်ခြင်း မရှိတော့သည့် သဘောပင် ဖြစ်ပေသည်။
"တောက်... တကယ်ပဲ အသုံးမကျတဲ့ စီနီယာအကိုတွေ။ ဆရာသခင်ရဲ့ ကိစ္စကိုတောင် မေ့လျော့ထားကြတယ်ပေါ့" မုဟွိုက်သည် နောင်တတရားများဖြင့် ပြည့်နှက်သွားရချေသည်။
မိမိအနေဖြင့် ချင်ယွမ်ဖုန်းနှင့် ပူးပေါင်းရန် အဘယ်ကြောင့် ကြံစည်ခဲ့မိပါလိမ့်ဟု တွေးတောမိသည်။
အဆုံးသတ်တွင်မူ သူမသည် မိမိကျော့ကွင်း၌ မိမိဘာသာ ပြန်လည်ပိတ်မိကာ ဒုက္ခဆင်းရဲခြင်းသို့ ရောက်ရှိရုံသာ ရှိချေသည်။
"မင်းက နှုတ်ဆိတ်နေဦးမှာလား။ ပြီးခဲ့တဲ့ အကြိမ်က မင်းအနေနဲ့ ကြီးမားတဲ့ မကောင်းမှု အကုသိုလ်တွေကို မပြုလုပ်ခဲ့သေးလို့ ငါက လွှတ်ပေးခဲ့တာ။ ဒါပေမဲ့ အခုတော့ မင်းဟာ အလွန်တရာ ရက်စက်ယုတ်မာတဲ့ မိစ္ဆာ ဖြစ်နေပြီ။ ဒီတစ်ကြိမ်မှာလည်း ငါက မင်းကို အရေးမယူဘဲ နေလိမ့်မယ်လို့ ထင်နေသလား" ဟု အဘိုးကျိုးက ခက်ထန်စွာ ဆိုလိုက်၏။
မုဟွိုက်သည် ဝိညာဉ်အဆောင်လက်ဖွဲ့ လှောင်အိမ်အတွင်း၌ အချိန်အတော်ကြာအောင် စဉ်းစား တွေးတောနေပြီးနောက် အဆုံးတွင်မူ ဆုံးဖြတ်ချက်တစ်ခုကို ပြတ်သားစွာ ချမှတ်လိုက်လေသည်။
"ကျွန်မ ပြောပါ့မယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်က ဆရာသခင် ကွယ်လွန်သွားခဲ့ပါတယ်။ ဒါပေမဲ့ သူ မကွယ်လွန်ခင်မှာ သူ့ရဲ့ ရုပ်ကလာပ် မပုပ်မသိုးဘဲ ရှိနေစေဖို့နဲ့ စိတ်ဝိညာဉ် အတန်အသင့် တည်ရှိနေစေဖို့အတွက် ပြင်ဆင်မှု အများကြီးကို ပြုလုပ်ခဲ့ပါတယ်။ အကယ်၍ ကောင်းကင်ဘုံသန့်စင်သီးကိုသာ ရရှိမယ်ဆိုရင် သူက အသက်ပြန်ရှင်လာနိုင်မှာ ဖြစ်ပါတယ်" ဟု မုဟွိုက်က တည်ငြိမ်စွာ ဖွင့်ဟပြောဆိုလိုက်သည်။
အဘိုးကျိုးက ခေါင်းညိတ်လျက် " အကြောင်းရင်းက ဒါကြောင့်ပေါ့။ ဒါဆို အခု လက်ရှိ အခြေအနေက ဘယ်လိုရှိလဲ" ဟု မေးမြန်းလိုက်၏။
"ဆရာသခင်ရဲ့ စိတ်ဝိညာဉ် လွင့်ပျယ်မသွားစေဖို့နဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေကို ဖိနှိပ်ထားနိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ အချိန်အပိုင်းအခြားအလိုက် ဆရာသခင်ရဲ့ ရုပ်ကလာပ်ကို အနှစ်သာရသွေးတွေနဲ့ လောင်းပတ်ပေးရပါတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ကျွန်မ အပြင်ကို ထွက်လာတော့ စီနီယာအကိုတွေကို မှာကြားဖို့ မေ့လျော့ခဲ့မိသလို ကျွန်မကိုယ်တိုင်လည်း ဒီနေရာမှာ ပိတ်မိနေခဲ့တယ်။ ဒါကြောင့် ဆရာသခင်ရဲ့ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါတွေကို မဖိနှိပ်နိုင်တော့တာ ဖြစ်ပါတယ်"
မုဟွိုက်က အမှန်အတိုင်း အိတ်သွန်ဖာမှောက် ပြောကြားလာသည့်အတွက် ချင်ယွမ်ဖုန်းမှာ အံ့အားသင့်သွားရချေသည်။
"ဒီတစ်ခါတော့ မင်းက ဘာလို့ ဒီလောက်တောင် ရိုးသားနေရတာလဲ။ တစ်ခုခု လှည့်စားဖို့ ကြံစည်နေတာလား" ဟု ချင်ယွမ်ဖုန်းက မေးလိုက်၏။
"မဟုတ်ပါဘူး၊ ကျွန်မ ကျိန်ဆိုရဲပါတယ်။ ဒီတစ်ကြိမ်မှာ ဘာတစ်ခွန်းမှ မလိမ်ညာပါဘူး။ ကျွန်မ ပြုလုပ်ခဲ့မိတဲ့ အပြစ်တွေကို ပြန်လည်ပေးဆပ်ချင်လို့ပါ။ ပြီးတော့ ကျွန်မရဲ့ အသက်ကိုလည်း ချမ်းသာပေးစေချင်ပါတယ်" ဟု မုဟွိုက်က တောင်းပန်တိုးလျှိုးသည့် လေသံဖြင့် ဆိုချေသည်။
သို့သော် အဘိုးကျိုးကမူ ခေါင်းကို ခါယမ်းလိုက်ပြီး "ဒီဆယ်နှစ်အတွင်းမှာ မင်းတို့ဟာ မိစ္ဆာအိုဟန်အတွက် အနှစ်သာရသွေးတွေ ရဖို့ လူသတ္တဝါ အမြောက်အမြားကို သတ်ဖြတ်ပြီး ဒုက္ခပေးခဲ့ကြတာပဲ။ အဲဒီလို အပြစ်ကြီးလေးတဲ့သူကို ငါက ဘယ်လိုလုပ်ပြီး အသက်ချမ်းသာပေးနိုင်မှာလဲ" ဟု ကန့်ကွက်လိုက်သည်။
"မဟုတ်ပါဘူး၊ အဲဒီလိုမဟုတ်ပါဘူး" မုဟွိုက်က ပျာပျာသလဲ ပြန်လည်ပြောဆိုသည်။ "ကျွန်မတို့ အသုံးပြုခဲ့တဲ့ သွေးအများစုက သားရဲသွေးတွေသာ ဖြစ်ပါတယ်။ လူသားသွေးတွေကို အသုံးပြုခဲ့တယ်ဆိုရင်တောင် အဲဒီကိစ္စတွေမှာ ကျွန်မ တစ်ခါမှ မပါဝင်ခဲ့ပါဘူး။ ဒါတွေအကုန်လုံးကို ကျွန်မရဲ့ စီနီယာအကိုတွေကပဲ လုပ်ဆောင်ခဲ့တာပါ"
မိမိ၏ အသက်ဘေးမှ လွတ်မြောက်ရန်အတွက် မုဟွိုက်သည် မိမိ၏ စီနီယာအစ်ကိုများကိုပါ ကောက်ကျစ်စွာ ဖော်ကောင်လုပ်လေတော့သည်။
သို့သော် ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌မူ မတင်မကျဖြစ်ပြီး စိုးရိမ်စိတ်တစ်ခုက မြစ်ဖျားခံနေဆဲပင် ဖြစ်၏။
"အကယ်၍ ကျွန်မ စကားကို မယုံကြည်ဘူးဆိုရင် အဲဒီနေရာကို ကျွန်မကိုယ်တိုင် လမ်းပြခေါ်သွားပေးနိုင်ပါတယ်။ ကျွန်မ တောင်းဆိုချင်တာက ဆရာသခင်ကို အပြီးတိုင် သုတ်သင်ရှင်းလင်းပေးဖို့ပဲ ဖြစ်ပါတယ်" ဟု မုဟွိုက်က အလျင်အမြန် ထပ်လောင်းပြောကြားပြန်သည်။
ချင်ယွမ်ဖုန်းသည် သူမအပေါ် ရွံရှာမုန်းတီးစိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်မိချေသည်။ ဤမုဟွိုက်ဆိုသည့် မိန်းမသည် လွန်စွာ ကောက်ကျစ်စဉ်းလဲလှပြီး မိမိအား ပညာသင်ကြားပေးခဲ့သည့် ဆရာသခင်ကိုပင် သစ္စာဖောက်ဝံ့သူ ဖြစ်ပေရာ သူမ မလုပ်ဝံ့သည့် မကောင်းမှုဟူ၍ ရှိတော့မည်မဟုတ်ချေ။
"ကောင်းပြီလေ၊ မင်းကို ငါ ဒီတစ်ကြိမ်တော့ အခွင့်အရေး ပေးလိုက်မယ်။ အကယ်၍ မင်းက ငါတို့နဲ့ ပူးပေါင်းပြီး မိစ္ဆာအိုဟန်ကို သုတ်သင်ရှင်းလင်းနိုင်မယ်ဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ ကိစ္စကို စဉ်းစားပေးလို့ရတာပေါ့" ဟု ဆရာကြီးကျိုးက တည်ငြိမ်စွာ ဆိုလိုက်လေသည်။
မိစ္ဆာအိုဟန်နှင့် နှိုင်းယှဉ်လျှင်မူ မုဟွိုက်ကဲ့သို့သော သူမှာ ထည့်သွင်းရေတွက်စရာပင် မလိုသည့် အသေးအဖွဲမျှသာ ဖြစ်ပေသည်။
"ချင်ကျိသူတို့အားလုံးကို ပိတ်လှောင်ထားတာကနေ ပြန်လွှတ်ပေးဖို့ မင်းကို အကူအညီတောင်းရမှာပဲ" ဟု ထိုအချိန်တွင် ထျန်းချင်းက တည်ငြိမ်အေးဆေးစွာ ပြောဆိုလာချေသည်။
ချင်ယွမ်ဖုန်းသည် အနည်းငယ် ခက်ခဲပူပန်သွားပြီး "သူတို့ လှောင်အိမ်ထဲက ထွက်လာတာနဲ့ ပထမဆုံး လုပ်မယ့်အလုပ်က ကျွန်တော့်ကို သတ်ဖို့ ကြိုးစားကြမှာပဲလို့ စိုးရိမ်မိတယ်" ဟု ပြန်လည်ပြောကြားလိုက်သည်။
"စိတ်မပူပါနဲ့၊ ငါ ဒီမှာ ရှိနေသရွေ့တော့ မင်း ဘာမှမဖြစ်စေရဘူး" အဘိုးကျိုးက ရင်ဘတ်ကို မတ်မတ်ဆန့်လျက် ယုံကြည်ချက်အပြည့်ဖြင့် ဆိုလေသည်။
ချင်ယွမ်ဖုန်းလည်း မတတ်သာတော့ဘဲ ခေါင်းညိတ်လိုက်ရပြီး "ကောင်းပါပြီ၊ ဒါဆိုရင်တော့ သူတို့အားလုံးကို ကျွန်တော် လွှတ်ပေးပါ့မယ်" ဟု ဆိုလိုက်၏။
"ဝိညာဉ်အဆောင်လက်ဖွဲ့၊ ပွင့်စေ"
ချင်ယွမ်ဖုန်းသည် ရှုပ်ထွေးလှသော လက်တံဆိပ်တော်တစ်ခုကို လျင်မြန်စွာ ဖော်ဆောင်လိုက်ပြီးနောက် လွှတ်ထုတ်လိုက်ချေသည်။
ထိုအခါ မြေပြင်ပေါ်ရှိ ဝိညာဉ်အဆောင်လက်ဖွဲ့ လှောင်အိမ် ကိုးခုမှာ ဝူးခနဲ အသံနှင့်အတူ ချက်ချင်း ပွင့်ဟသွားတော့သည်။ ဝိညာဉ်အဆောင်လက်ဖွဲ့များ အားလုံးသည် တစ်နေရာတည်းတွင် စုစည်းသွားကြပြီး ဖြည်းညှင်းစွာဖြင့်
အဆောင်လက်ဖွဲ့တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြချေသည်။
ချင်ယွမ်ဖုန်းက လက်ကို ဆန့်ထုတ်လိုက်ရာ ထိုပေါင်းစည်းသွားသော ဝိညာဉ်အဆောင်လက်ဖွဲ့သည် သူ၏ လက်ခုံပေါ်သို့ ကျရောက်လာခဲ့သည်။
ထိုအဆောင်လက်ဖွဲ့တစ်ခုတည်း၌ ဝိညာဉ်အဆောင်လက်ဖွဲ့ ပေါင်း နှစ်သောင်းကျော် စုစည်းပါဝင်နေသည်ကို လူတိုင်း သတိပြုမိကြပေလိမ့်မည်။
၎င်းအတွင်း၌ ရှိသော ဝိညာဉ်စွမ်းအင် အများစုမှာ ကုန်ခမ်းလုနီးပါး ဖြစ်နေပြီ ဖြစ်သော်လည်း ဆက်လက်အသုံးပြုရန်အတွက်မူ လုံလောက်မှု ရှိနေဆဲပင် ဖြစ်၏။
ဝိညာဉ်အဆောင်လက်ဖွဲ့ လှောင်အိမ်များအတွင်း ပိတ်မိနေခဲ့ကြသူများသည် အခြေအနေကို သတိမပြုမိကြဘဲ မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်ကြည့်လိုက်ကြရာ မိမိတို့၏ ရှေ့တွင် ရပ်နေသော ချင်ယွမ်ဖုန်းကို ချက်ချင်း မြင်တွေ့လိုက်ကြရသဖြင့် အံ့အားသင့်သွားကြချေသည်။
"ငါတို့... ဘယ်လိုဖြစ်ပြီး လွတ်လာတာလဲ" ဟု ကျူးပိက ဇဝေဇဝါ ဖြစ်နေသော မျက်နှာပေးဖြင့် မေးမြန်းလိုက်သည်။
"မင်းက နောက်ထပ် ရက်အနည်းငယ်လောက် ထပ်ပြီး ပိတ်မိနေချင်သေးလို့လား" ဟု ချင်ယွမ်ဖုန်းက ပြန်လည်မေးခွန်းထုတ်လိုက်၏။
ကျူးပိက လက်ကို အလျင်အမြန် ဝှေ့ယမ်းပြလျက် "မလိုပါဘူး၊ ဒီနှစ်ရက်တည်းနဲ့တင် တော်တော်လေး လုံလောက်နေပါပြီ" ဟု ဆိုချေသည်။
"ကောင်လေး၊ မင်းကို ငါ သတ်ပစ်မယ်" ထန်ဂျွန်းက ဒေါသတကြီး အော်ဟစ်လိုက်ပြီး မိမိ၏ ကိုယ်တွင်းစွမ်းအင်များကို ထုတ်လွှတ်လိုက်ရာ အနီးအနားရှိ စာပွဲခုံမှာ ချက်ချင်းပင် တစ်စစီ ကြေမွပျက်စီးသွားရချေသည်။
သူသည် အမှန်တကယ်ပင် အမျက်ဒေါသ ပြင်းထန်နေပုံ ရပေသည်။
သို့သော် ထိုအခိုက်အတန့်တွင် အဘိုးကျိုးက ချင်ယွမ်ဖုန်း၏ ရှေ့၌ ဖြည်းညှင်းစွာ ရပ်တန့်ကာ ကာကွယ်ပေးလိုက်ပြီး "မိတ်ဆွေငယ်တို့၊ ဒီအဘိုးအိုက မင်းတို့အားလုံးကို ကိုယ်စား အနူးအညွတ် တောင်းပန်ပါတယ်။ ဒီကိစ္စကို ဒီမျှနဲ့တင် ပြီးပျောက်ခွင့်ပြုကြပါ၊ နောက်ထပ် ထပ်ပြီး အစမဖော်ကြပါနဲ့တော့" ဟု ဆိုလိုက်လေသည်။
"အဘိုးကြီး၊ မင်းက ဘယ်သူမို့လို့လဲ။ မင်းက ပြီးပျောက်ခွင့်ပြုဆိုရုံနဲ့ ပြီးပျောက်သွားရမှာလား။ လမ်းကဖယ်စမ်း၊ မဟုတ်ရင် မင်းကိုပါ ငါ ဆုံးမပစ်မယ်" စိတ်ဆတ်လှသော ထန်ဂျွန်းက ကျယ်လောင်စွာ အော်ဟစ်ဆဲဆိုလိုက်ချေသည်။
အဘိုးကျိုး၏ မျက်နှာအမူအရာက ချက်ချင်း ညိုမှောင်သွားပြီး မိမိ၏ ထူးကဲလှသော အရှိန်အဝါကို တိုက်ရိုက် ထုတ်လွှတ်လိုက်ကာ "ဒီအဘိုးအိုက ကျိုးထုံ ဖြစ်တယ်။ မင်းက ငါ့ကိုပါ ဆုံးမပစ်မယ်လို့ အမှန်တကယ် ပြောနေတာလား" ဟု မေးလိုက်၏။
"မင်းက ကျိုးထုံဖြစ်ဖြစ်... ဘာ။ ကျိုးထုံ ဟုတ်လား။ ချင်ယွင်မျှော်စင်ရဲ့ ဂိုဏ်းချုပ် အဘိုးကျိုးလား" ထန်ဂျွန်း၏ မျက်နှာအမူအရာမှာ တစ်ခဏအတွင်း အလွန်တရာ ပြောင်းလဲသွားပြီး ရှက်ရွံ့ခြင်းနှင့် ကြောက်ရွံ့ခြင်းတို့ ရောပြွမ်းသွားရချေသည်။
"မှန်တယ်၊ အဲဒီအဘိုးအိုက ငါပါပဲ" အဘိုးကျိုးက တည်ငြိမ်စွာ ဆိုလိုက်သော်လည်း သူ၏ ကိုယ်ဟန်အမူအရာမှ ထူးကဲမြင့်မားလှသော ဂုဏ်သရေရှိန်ဝါများက အလိုအလျောက် ပေါ်ထွက်နေချေသည်။
ထန်ဂျွန်း၏ မျက်နှာအမူအရာမှာ ယခုအခါ၌ အလွန်တရာ ရှုပ်ထွေးလှပြီး အနေရခက်ခြင်းနှင့် ထိတ်လန့်ခြင်းတို့ အထင်အရှား ပေါ်လွင်နေတော့သည်။
"စီနီယာ ပြောတာ မှန်ပါတယ်။ ဒီကိစ္စက ပြီးသွားပါပြီ။ ဒီညီလေးနဲ့ ကျွန်တော့်အကြားမှာ ဘာပြဿနာမျှ မရှိတော့ပါဘူး" ဟု သဘောထား ပြောင်းလဲကာ ဆိုလေတော့သည်။
အဘိုးကျိုးက ကျေနပ် အားရစွာဖြင့် ခေါင်းညိတ်လိုက်ပြီးနောက် အခြားသူများဘက်သို့ လှည့်ကြည့်ကာ "မင်းတို့ကော ဘယ်လိုလဲ" ဟု မေးမြန်းလိုက်၏။
"ကျွန်တော်တို့လည်း စီနီယာရဲ့ စီမံခန့်ခွဲမှုကိုပဲ နာခံပါ့မယ်" ဟု အချို့သူများက လက်အုပ်ချီ ရိုသေပြလျက် အဘိုးကျိုးအပေါ် အလွန်တရာ ရိုသေလေးစားကြောင်း ပြသလိုက်ကြချေသည်။
ချင်ယွမ်ဖုန်း၏ စိတ်ထဲ၌မူ သံသယများ ပြည့်နှက်သွားရသည်။ ဤအဘိုးကျိုးဆိုသည့် ပုဂ္ဂိုလ်သည် အမှန်တကယ် မည်သူနည်း။ ပြီးလျှင် ချင်ယွင်မျှော်စင်ဆိုသည်မှာ မည်ကဲ့သို့သော နေရာမျိုး ဖြစ်ပါလိမ့်။
ဤသိုင်းပညာရှင်များသည် အနောက်ဘက် ပင်လယ်ပြင်တစ်ခွင်တွင် ထင်ရှားကျော်ကြားလှသော လူငယ်ပါရမီရှင်များ ဖြစ်ကြပြီး မိမိကိုယ်မိမိ မာန်မာန ထောင်လွှားတတ်ကြသူများ ဖြစ်သော်လည်း အဘိုးကျိုး၏ ရှေ့မှောက်တွင်မူ အဘယ်ကြောင့် ဤမျှအထိ ရိုကျိုးနှိမ့်ချနေကြပါလိမ့်ဟု တွေးတောနေမိချေသည်။
အဘိုးကျိုးက ခေါင်းညိတ်ပြလျက် "ဒီလိုမှပေါ့" ဟု ဆိုလိုက်သည်။
ထိုအချိန်တွင် ထျန်းချင်းကလည်း လျှောက်လှမ်းလာပြီး "မိတ်ဆွေတို့၊ ကျွန်တော်ကတော့ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲရဲ့ တာဝန်ခံ ဖြစ်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ချင်ကျိ ညီလေးရဲ့ အမှားကြောင့် ဖြစ်ခဲ့ရတာ အမှန်ပါပဲ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ မင်းတို့အားလုံးအတွက် ကောင်းကင်ဘုံလမ်းစဉ်ကို အထူးအခွင့်အရေးအနေနဲ့ ထပ်မံ ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ လူတိုင်းအတွက် အဖိုးတန် လက်ဆောင်ပစ္စည်းတွေကိုလည်း ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်" ဟု အေးဆေးတည်ငြိမ်စွာ ရှင်းလင်းပြောကြားလိုက်လေသည်။
"တာဝန်ခံက လှိုက်လှိုက်လှဲလှဲ ရှိလှပါတယ်။ ကျွန်တော်တို့က ဒီလိုမျိုး လက်ခံဖို့ အားနာစရာ ကောင်းလှပါတယ်"
ထိုအခါမှသာ လူအချို့မှာ ရိုကျိုးသော အမူအရာများကို ပြသလာကြတော့သည်။ ဆရာကြီးကျိုးက သူတို့အား အရှိန်အဝါဖြင့် ဖိနှိပ်ထားစဉ်က နှုတ်မှ တစ်ခွန်းမျှ မပြောဝံ့ကြသော်လည်း ရင်ထဲ၌မူ မကျေနပ်မှုများ ပြည့်နှက်နေခဲ့ကြချေသည်။
ယခုအခါတွင် ထျန်းချင်းက ရှေ့သို့ထွက်၍ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲတွင် ပြန်လည်ပါဝင်ခွင့် ပေးရုံမျှမက လက်ဆောင်ပစ္စည်းများကိုပါ ပြင်ဆင်ပေးမည်ဟု ဆိုလာသောအခါမှသာ သူတို့၏ စိတ်ထဲ၌ မကျေနပ်မှုများ လျော့ပါးသက်သာသွားကြရတော့သည်။
အခန်း(၂၇၄)
ထိုမြေခွေးအိုနှစ်ကောင်ဖြစ်သည့် ကျိုးထုံနှင့် ထျန်းချင်းတို့၏ အလုပ်ဖြစ်ပုံကို ချင်ယွမ်ဖုန်း တစ်ယောက် စိတ်ထဲမှ မချီးကျူးဘဲ မနေနိုင်တော့ပေ။
တစ်ယောက်က အကောင်းပြော၍ တစ်ယောက်က အဆိုးပြောကာ ဟန်ချက်ညီညီ လုပ်ဆောင်သွားကြသဖြင့် ထိုလူအနည်းငယ်မှာ ခဏချင်းပင် ဒေါသပြေသွားကြရသည်။
သို့သော်လည်း မိမိကိုယ်တိုင်မှာမူ ကောင်းကင်ဘုံမျှော်စင်ကို အကြွေးတစ်ခု တင်ရှိသွားခဲ့လေပြီ။
“အားလုံးပဲ... မင်းတို့ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့မိတာ ငါ့အပြစ်ပါပဲ၊ ဒါပေမဲ့ အခုချိန်မှာ မိစ္ဆာအိုဟန် ပြန်လည်အသက်ရှင်လာတော့မယ့် ကိစ္စက တော်တော်လေးကို အရေးကြီးတဲ့အထဲမှာ ပါမယ်ထင်တယ်” ဟု ချင်ယွမ်ဖုန်းက ထိုစဉ် ပြောလိုက်သည်။ယ
ယန်ချိုင်နှင့် အခြားသူများသည် မိစ္ဆာအိုဟန်ဟူသော အမည်ကို ကြားလိုက်ရသဖြင့် လန့်ဖျပ်သွားကြပြီးမှ မုဟွိုက်ဘက်သို့ လှည့်ကြည့်လိုက်ကြသည်။
မုဟွိုက်က အနေခက်စွာဖြင့် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး “ဟဲဟဲ... သူပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ စိတ်မပူကြပါနဲ့၊ အခု ငါက မင်းတို့နဲ့ တစ်ဖွဲ့တည်းပါ” ဟု ဆို၏။
“စီနီယာကျိုး... ကျွန်တော်တို့ ဘာကူညီပေးရမလဲ” ဟု ကျူးပိက ထိုအချိန်တွင် မေးမြန်းလိုက်သည်။
“ဒီခရီးက အန္တရာယ်များလွန်းတယ်၊ မင်းတို့ ဝင်မပါတာ အကောင်းဆုံးပဲလို့ ငါထင်တယ်” ဟု ကျိုးထုံက အေးစက်စက် လေသံဖြင့် ပြောခဲ့သည်။
သို့သော် ချင်ယွမ်ဖုန်းက ခေါင်းခါယမ်းလိုက်ပြီး “စီနီယာ... ဒီလိုအရေးကြုံနေတဲ့ အချိန်မျိုးမှာ ဘယ်သူမှ လက်ပိုက်ကြည့်နေချင်ကြမှာ မဟုတ်ပါဘူး၊ ပြီးတော့လည်း ဂိုဏ်းအသီးသီးက ပါရမီရှင် လူငယ်တွေက ဒီမှာ ရှိနေကြသေးတာပဲ၊ သူတို့ကို စုစည်းပြီး ယင်ဝိညာဉ်ဂိုဏ်းကို အတူတူ သွားရောက်တိုက်ခိုက်ရင် မကောင်းဘူးလား” ဟု ဆိုလေသည်။
“ဟုတ်ပါတယ် စီနီယာ၊ ကျွန်မတို့ ယင်ဝိညာဉ်ဂိုဏ်းက လူမသိသူမသိ တောပုန်းနေခဲ့တယ်ဆိုပေမဲ့ ကျွန်မရဲ့ ဆရာ... မဟုတ်ဘူး၊ မိစ္ဆာအိုဟန်ရဲ့ လက်အောက်မှာ ယင်ဝိညာဉ်ဂိုဏ်းရဲ့ အကြီးအကဲတွေ အများကြီး ရှိနေပါသေးတယ်၊ သူတို့တွေက မိစ္ဆာအိုဟန် နိုးထလာမယ့်အချိန်ကို စောင့်ဆိုင်းရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မော်ကျနေခဲ့ကြတာ ဖြစ်ပေမဲ့ အခုချိန်မှာတော့ အားလုံး နိုးထလာကြလောက်ပြီလို့ ထင်ပါတယ်” ဟု မုဟွိုက်ကလည်း ခပ်အေးအေးပင် ဝင်ပြောသည်။ယ
ကျိုးထုံ တစ်ယောက် တွေဝေ စဉ်းစားခန်း ဝင်သွားရတော့သည်။ ထိုစဉ်က ယင်ဝိညာဉ်ဂိုဏ်းသည် တစ္ဆေလက်သည်းမြေတွင် တပည့်ပေါင်း ထောင်ချီရှိသည့် အကြီးမားဆုံးသော မိစ္ဆာဂိုဏ်းကြီး ဖြစ်ခဲ့ဖူးပေသည်။
မိမိသည် အခြားသောဂိုဏ်းများနှင့် ပူးပေါင်းကာ ယင်ဝိညာဉ်ဂိုဏ်းကို သွားရောက်နှိမ်နင်းခဲ့စဉ်က တိုက်ပွဲအတွင်း ကျဆုံးဒဏ်ရာရသူ ပေါင်းများစွာ ရှိခဲ့ရသည်။
ထိုသို့ တိုက်ခိုက်ခဲ့သော်လည်း ယင်ဝိညာဉ်ဂိုဏ်း တပည့်များ၏ ထက်ဝက်ခန့်မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြပြီး ယင်ဝိညာဉ်ဂိုဏ်း အကြီးအကဲ အများစု သေဆုံးခဲ့ရကာ ကျန်ရှိနေသူများမှာလည်း သဲလွန်စမရဘဲ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားခဲ့ကြသည်။
ယခုအခါ မိစ္ဆာအိုဟန်၏ ခန္ဓာကိုယ်အတွင်းရှိ စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ ပြန်လည်ထွက်ပေါ်လာခဲ့ပြီ ဖြစ်ရာ အိပ်မောကျနေသော အကြီးအကဲများအားလုံး နိုးထလာကြပြီး ၎င်းတို့၏ တပည့်များကို ပြန်လည်စုစည်းနေကြလောက်ပြီ ဖြစ်သည်။
“ကောင်းပြီ... ချင်ကျိ မှန်တယ်၊ ယင်ဝိညာဉ်ဂိုဏ်းက တစ္ဆေလက်သည်းမြေမှာ လူအင်အား အများဆုံး မိစ္ဆာဂိုဏ်းဖြစ်လို့ ငါတို့ ပေါ့ဆလို့မရဘူး” ဟု ကျိုးထုံက တည်ငြိမ်စွာ ဆိုသည်။
ထျန်းချင်းက ခေါင်းညိတ်ထောက်ခံပြီး “ကောင်းပါပြီ၊ ဒါဆိုရင် ကျွန်တော် အခုပဲ ပြန်ပြီး ကောင်းကင်ဘုံမျှော်စင်က တပည့်တွေကို အခြားဂိုဏ်းတွေရဲ့ ပါရမီရှင်လူငယ်တွေဆီ သတင်းပို့ခိုင်းလိုက်မယ်၊ ဒီအခွင့်အရေးကို အသုံးချပြီး ယင်ဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ကြတာပေါ့” ဟု တိုင်ပင်လေသည်။
“ကောင်းပြီ... ဒါဆိုရင် ဒီအတိုင်းပဲ လုပ်ကြတာပေါ့” ဟု ကျိုးထုံက သဘောတူလိုက်သည်။
“ဒီအကြံအစည်ကို ချင်ကျိ ညီလေးက စတင်တင်ပြခဲ့တာဆိုတော့ ချင်း ချင်ကျိ ညီလေးကိုပဲ ခေါင်းဆောင်ခန့်ပြီး ကျင့်ကြံသူ လူငယ်မျိုးဆက်သစ်တွေကို ကွပ်ကဲခိုင်းရင် မကောင်းဘူးလား၊ အဘိုးကျိုးကတော့ အခြားဂိုဏ်းတွေက အကြီးအကဲတွေနဲ့ ပူးပေါင်းပြီး မိစ္ဆာအိုဟန်နဲ့ အဲဒီအကြီးအကဲတွေကို ရင်ဆိုင်ပေါ့”
ဟု ထျန်းချင်းက အကြံပြုသည်။
ကျိုးထုံက ခေါင်းညိတ်ကာ “အဆင်ပြေပါတယ်၊ ချင်ကျိ သတ္တိလည်းရှိ၊ အကြံဉာဏ်လည်းကောင်းပြီး ယုံကြည်စိတ်ချရတဲ့သူမို့လို့ သင့်တော်တဲ့သူပဲ၊ မင်းတို့အားလုံးကကော ဘယ်လိုသဘောရလဲ” ဟု မေးလိုက်သည်။
“ကျွန်တော်တို့ကတော့ စီနီယာရဲ့ စီစဉ်ညွှန်ကြားမှုအတိုင်း လိုက်နာပါ့မယ်” ဟု ယန်ချိုင်နှင့် အခြားသူများက မည်သို့ ငြင်းဆန်ဝံ့ကြပါအံ့နည်း။
ဤသည်မှာ မိမိတို့အမည်ကို ထင်ရှားကျော်ကြားစေရန် ရရှိသည့် အခွင့်အရေးကောင်းတစ်ခု ဖြစ်ကြောင်း သိကြသော်လည်း ဤတိုက်ပွဲတွင် ထင်ပေါ်အောင် လုပ်နိုင်ခဲ့လျှင် အမည်တစ်ခု ရနိုင်မည်ဖြစ်ပြီး အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်ပင် ချင်ယွမ်ဖုန်းအပေါ် အပြစ်ပုံချနိုင်မည် ဖြစ်သည်။
သို့သော် ချင်ယွမ်ဖုန်းက ထိုအချိန်တွင် လက်ကို အကြိမ်ကြိမ်ခါယမ်းကာ “စီနီယာ... ကျွန်တော်တော့ မလုပ်ပါရစေနဲ့” ဟု ငြင်းဆန်ရှာသည်။
“ဒီအတိုင်းပဲ ဆုံးဖြတ်လိုက်ပြီ၊ ထျန်းချင်း... ငါတို့ ပြန်ပြီး ပြင်ဆင်စရာရှိတာ ပြင်ဆင်ကြစို့” ဟု ကျိုးထုံက ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
ထျန်းချင်းကလည်း ခေါင်းညိတ်ပြပြီး “ယင်ဝိညာဉ်ဂိုဏ်းကို ရှင်းလင်းပြီးတာနဲ့ ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲကို ကျွန်တော် ပြန်ဖွင့်ပေးမှာမို့လို့ လူတိုင်း မိမိတို့ရဲ့ အရည်အချင်းကို အစွမ်းကုန် ပြသနိုင်ကြပါတယ်” ဟု ဆိုသည်။
“ဟုတ်ကဲ့ပါ” ဟု ယန်ချိုင်နှင့် အခြားသူများက အရိုအသေပေးကာ ပြောဆိုကြသည်။
ကျိုးထုံက မုဟွိုက်ကို လက်ညှိုးထိုးပြပြီး “မင်း ငါနဲ့အတူ ကောင်းကင်ဘုံမျှော်စင်ကို လိုက်ခဲ့ရမယ်၊ မဟုတ်ရင် မင်း ထွက်ပြေးသွားမှာကို ငါစိုးရိမ်တယ်” ဟု မိန့်သည်။
“စိတ်မပူပါနဲ့ စီနီယာရယ်၊ ကျွန်မကတော့ တစ်ဖွဲ့တည်း ဖြစ်နေပါပြီ” ဟု မုဟွိုက်က အနေခက်စွာ ရယ်မောလိုက်လေသည်။
ထိုသို့ဖြင့် လူတိုင်း အသီးသီး လမ်းခွဲခဲ့ကြပြီး ချင်ယွမ်ဖုန်း၊ ကျိုးထုံနှင့် အခြားသူများသည် ကောင်းကင်ဘုံမျှော်စင်သို့ ပြန်လာခဲ့ကြသည်။
ချင်ယွမ်ဖုန်း မိမိအခန်းသို့ ပြန်ရောက်ပြီးနောက် မုဟွိုက်သည် ချင်ယွမ်ဖုန်း၏ အခန်းထဲသို့ တိုက်ရိုက် ဝင်ရောက်လာပြီး တံခါးကို ဝုန်းခနဲ ဆွဲပိတ်လိုက်လေသည်။
“မင်း ဘာလုပ်မလို့လဲ” ဟု ချင်ယွမ်ဖုန်းက မျက်လုံးအပြူးသားဖြင့် မေးလိုက်သည်။
“ငါ ဘာလုပ်မလို့လဲ ဟုတ်လား... ချင်ကျိ၊ မင်း တကယ်ကို အကွက်စိပ်တာပဲ၊ နောက်ဆုံးတော့ နင်ငါ့ကို နှိမ်နင်းဖို့ လှည့်ကွက် သုံးလိုက်တာပေါ့လေ” ဟု မုဟွိုက်က ခက်ထန်သော မျက်နှာထားဖြင့် ပြောသည်။
ချင်ယွမ်ဖုန်းက ပခုံးတွန့်ပြကာ “ငါလည်း ဘာမှမတတ်နိုင်ဘူးလေ၊ ဒါဆို ငါက မင်း ငါ့ကို လာနှိမ်နင်းမယ့်အချိန်ကို ထိုင်စောင့်နေရမှာလား” ဟု ပြန်ပြော၏။
“ယုတ်မာလိုက်တာ၊ နင်တကယ်ကို ကောက်ကျစ်လွန်းတယ်၊ နင်သာ မရှိရင် ငါ့ဘဝ ဒီနေ့ ဒီလိုအခြေအနေမျိုး ရောက်ပါ့မလား” ဟု မုဟွိုက်သည် တွေးမိလေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်ကာ နှုတ်ခမ်းကို မသိမသာ ဆူပုတ်ထားမိသည်။
ချင်ယွမ်ဖုန်းက သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ပြီး “ငါပြောပါရစေဦး အစ်မကြီးရယ်... မင်း ဆရာ့ကို သစ္စာဖောက်တာက မင်းဘာသာမင်း ဖောက်တာလေ၊ ငါနဲ့ ဘာဆိုင်လို့လဲ” ဟု ဆိုသည်။
“ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက နင်အပြစ်ပဲ၊ ငါ ဂရုမစိုက်ဘူး၊ နောက်ဆို နင် ငါ့ကို တာဝန်ယူရမယ်” ဟု မုဟွိုက်က စိတ်ဆိုးမာန်ဆိုးဖြင့် အော်ဟစ်တော့သည်။
“တာဝန်ယူရမယ် ဟုတ်လား” ချင်ယွမ်ဖုန်းက စိတ်ပျက်လက်ပျက် အမူအရာဖြင့် “တောင်းပန်ပါတယ် အစ်မကြီးရယ်... မင်း ပြဿနာရှာချင်တယ်ဆိုရင်တောင် နည်းနည်းလောက် ပညာသားပါပါ လုပ်စမ်းပါဦး၊ ငါ မင်းကို ဘာမှလည်း မလုပ်ရဘဲနဲ့ ဘာအတွက် တာဝန်ယူရမှာလဲ” ဟု ပြန်ပြောလိုက်သည်။
“အော်... ပညာသားပါတာကို လိုချင်တာပေါ့ ဟုတ်လား” မုဟွိုက်၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပြီး ချင်ယွမ်ဖုန်းထံသို့ ဖြည်းညှင်းစွာ လျှောက်လှမ်းလာခဲ့သည်။
မုဟွိုက်၏ မရိုးသားသော အပြုံးကို မြင်လိုက်ရသဖြင့် ချင်ယွမ်ဖုန်း ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်တစ်ခုကို ခံစားလိုက်ရပြီး “မင်း... မင်း ဘာလုပ်မလို့လဲ” ဟု မေးမိသည်။
“အား...”
မုဟွိုက်သည် စိတ်လှုပ်ရှားကြည်နူးဖွယ် ကောင်းသော အသံဖြင့် အော်ဟစ်လိုက်ရာ ထိုအသံက အတော်ပင် ကျယ်လောင်နေပေသည်။
ထို့ပြင် သူမသည် လက်ကို ဆန့်ထုတ်ကာ သူမ၏ အဝတ်အစားများကို တစ်ဝက်ခန့် ဆွဲချလိုက်သဖြင့် ပခုံးသား ဖြူဖြူဝင်းဝင်းလေး တစ်ဖက် ပေါ်ထွက်လာရသည်။
“မင်း ရူးနေတာလား” ချင်ယွမ်ဖုန်း မျက်လုံးများ ပြူးသွားရသည်။
“အို... ဖြည်းဖြည်းလုပ်ပါ၊ အဲဒီလောက်ကြီးလည်း စိတ်မစောပါနဲ့၊ နင်ကတော့ တကယ်ပဲ စိတ်မရှည်ဘူး...”
မုဟွိုက်၏ အသံက ပို၍ပင် ကျယ်လောင်လာသဖြင့် ချင်ယွမ်ဖုန်း တစ်ယောက် ပျာယာခတ်သွားရတော့သည်။
“တကယ့် အရူးမပဲ” ဟု ဆိုကာ ချင်ယွမ်ဖုန်းသည် ထိုအခန်းထဲမှ ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
သို့သော် ထိုအချိန်တွင် မုဟွိုက်က တံခါးဝသို့ တိုက်ရိုက် လာရောက်ရပ်တန့်ကာ တံခါးကို မှီထားပြီး ချင်ယွမ်ဖုန်းကို ပြုံးစိစိဖြင့် စိုက်ကြည့်နေသည်။
“ငါပြောပါရစေဦး အစ်မကြီးရယ်... မင်း ကျေးဇူးပြုပြီး လျှောက်မလုပ်ပါနဲ့တော့၊ ငါ မှားသွားပါတယ်လို့ ဝန်ခံရင် မရဘူးလား” ဟု ချင်ယွမ်ဖုန်းက မတတ်နိုင်သည့်အဆုံး ပြောလိုက်ရသည်။
ကံဆိုးချင်တော့ ထိုစဉ် တံခါးက အပြင်ဘက်မှ ရုတ်တရက် ပွင့်ဟလာပြီး မုဟွိုက်မှာ ဘေးသို့ တွန်းဖယ်ခြင်း ခံလိုက်ရကာ လင်ယွဲ့က အပြင်မှ လျှောက်ဝင်လာခဲ့သည်။
“ယွမ်ဖုန်း... ကျွန်မကို ကြည့်ပါဦး...”
သူမ စကားမဆုံးသေးခင်မှာပင် လင်ယွဲ့သည် ပခုံးသား ဗလာကျင်းနေသော မုဟွိုက်ကို မြင်လိုက်ရသဖြင့် သူမ၏ မျက်နှာမှာ ချက်ချင်းပင် အနေခက်သွားရရှာသည်။
“အာ... မင်းတို့ ဆက်လုပ်ကြပါ၊ အနှောင့်အယှက်ဖြစ်သွားရင် စိတ်မရှိပါနဲ့...”
လင်ယွဲ့၏ မျက်ဝန်းထဲတွင် စိတ်ပျက် အားငယ်ရိပ်များ ဖြတ်ပြေးသွားပြီးနောက် တံခါးပြင်ပသို့ ချက်ချင်းပင် ပြန်လည်ထွက်ခွာသွားခဲ့သည်။
“လင်ယွဲ့... ငါ ရှင်းပြတာကို နားထောင်ပါဦး...” ချင်ယွမ်ဖုန်း အလျင်အမြန်ပင် နောက်မှ လိုက်ရန် ပြင်လိုက်သည်။
သို့သော် ဤအချိန်တွင် မုဟွိုက်က သူ့ထံသို့ တိုးကပ်လာပြီး ချင်ယွမ်ဖုန်းကို ဖက်တွဲထားကာ “လာပါ... မောင်လေးရယ်၊ ဆက်လုပ်ကြရအောင်လေ...” ဟု ဆို၏။
တံခါးက တဖြည်းဖြည်း ပြန်ပိတ်သွားပြီး ချင်ယွမ်ဖုန်း တစ်ယောက် လင်ယွဲ့၏ အထီးကျန်လှသော ကျောပြင်ကိုသာ မြင်လိုက်ရတော့သည်။
“တော်စမ်း” ချင်ယွမ်ဖုန်းက မုဟွိုက်ကို တွန်းဖယ်လိုက်ပြီး “မင်း အတိအကျ ဘာလုပ်ချင်နေတာလဲ” ဟု မေးလိုက်သည်။
မုဟွိုက်က ချင်ယွမ်ဖုန်းကို လှောင်ပြုံးဖြင့် စိုက်ကြည့်ကာ “နင် ငါ့ဘဝကို ဖျက်ဆီးခဲ့တာဆိုတော့ ငါကလည်း နင်ဘဝကို ပြန်ဖျက်ဆီးမှာပေါ့၊ တစ်နေ့ကျရင် ငါနင့်ဆီ ပြန်လာခဲ့မယ်...” ဟု ဆိုသည်။
“အရူးမ... မင်းက တကယ့် အရူးမပဲ” ဟု ချင်ယွမ်ဖုန်းက လေသံအေးအေးဖြင့် ကောက်ချက်ချလိုက်၏။
“မင်း ငါ့ကို အရူးမလို့ပဲ ခေါ်ခေါ်၊ လူအလို့ပဲ ခေါ်ခေါ်၊ ဒါပေမဲ့ မင်း မှတ်ထားရမှာက ငါကတော့ မင်းနောက်ကို အမြဲတမ်း တကောက်ကောက် လိုက်နေမှာပဲ” မုဟွိုက်က ပြုံးလျက် “ပြီးတော့ စောစောက အဲဒီမိန်းကလေးက မင်းကို ယွမ်ဖုန်းလို့ ခေါ်သွားတာ ငါသတိထားမိတယ်၊ မင်းရဲ့ အမည်ရင်းက ချင်ကျိ မဟုတ်ဘူးပေါ့ ဟုတ်လား” ဟု မေးမြန်းလိုက်သည်။
“ဒါတွေက မင်းနဲ့ ဘာဆိုင်လို့လဲ” ဟု ချင်ယွမ်ဖုန်းက အေးစက်စက် တုံ့ပြန်သည်။
“ငါနဲ့ ဆိုင်တာပေါ့၊ ငါ မင်းကို ရှာတွေ့နိုင်ဖို့ မင်းရဲ့ မူလသရုပ်မှန်ကို သိထားရမှာပေါ့” ဟု မုဟွိုက်က ရယ်မောကာ “ယွမ်ဖုန်းဆိုတဲ့ နာမည်က ရိုးရိုးလေး ဖြစ်ပေမဲ့ မင်းရဲ့ မျိုးရိုးအမည်ကသာ ပြောင်းလဲမသွားဘူးဆိုရင်တော့ မင်းရဲ့ နာမည်အပြည့်အစုံက ဘယ်လိုမှ မရိုးရှင်းနိုင်တော့ဘူး” ဟု ဆိုလေတော့သည်။