အခန်း (၂၇၇-၂၇၈)
Vol. 15 Ch. 277-278
အခန်း(၂၇၇)
သို့သော် မုဟွိုက်သည် ဖျတ်လတ်ကျွမ်းကျင်စွာဖြင့် ရှောင်တိမ်းသွားပြီး သူမ၏မျက်နှာထက်၌မူ လှောင်ပြောင်သရော်သော အပြုံးတစ်ခုက အစဉ်အမြဲ စွဲထင်နေလျက်ရှိသည်။
“ဒီတစ်ခါတော့ မင်းနဲ့ငါ အချိန်ဖြုန်းပြီး တိုက်ခိုက်မနေတော့ဘူး။ နောက်တစ်ကြိမ် ပြန်ဆုံတဲ့အခါကျရင်တော့ သေတ္တာပျောက် အသက်ပျောက် တိုက်ကြတာပေါ့။”
လင်ယွဲ့သည် ရှေ့သို့ တိုးလှမ်းရန် ပြင်လိုက်စဉ်မှာပင် သူမ၏ခြေလှမ်းအောက်ရှိ မြေပြင်သည် ရုတ်ချည်း ပေါက်ကွဲသွားပြီး မီးခိုးလုံးကြီးများ လွင့်ပျံတက်လာခဲ့သည်။
ဓားအလင်းတန်းနှစ်ခုက လေထုကို ဖြတ်သန်းကာ ထိုးဖောက်သွားပြီး ထိုပြင်းထန်လှသော စွမ်းအင်အလင်းတန်းများက ဆိုင်သူ့မီးခိုးလုံးများကို ခဏချင်းအတွင်း မှုတ်ထုတ်ပစ်လိုက်သည်။
သို့သော် မုဟွိုက်မှာမူ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ရာ ၎င်း၏ဓားအလင်းတန်းများ ကျရောက်ပေါက်ကွဲခဲ့သည့် မြေပြင်ပေါ်၌ ကြက်ခြေခတ်ပုံစံ နက်ရှိုင်းလှသော ကျင်းကြီးတစ်ခုသာ ကျန်ရစ်တော့သည်။
“ဒုက္ခပဲ။” လင်ယွဲ့သည် စိတ်ထဲကနေ တိတ်တဆိတ် ရေရွတ်လိုက်မိသည်။ ချင်ယွမ်ဖုန်းသည်လည်း ဤနေရာ၌ ရှိမနေပေ။ အကယ်၍ မုဟွိုက်သာ လွတ်မြောက်သွားပါက နောင်တွင် ကြီးစွာသော ဘေးဒုက္ခကို ဆောင်ကြဉ်းလာမည်မှာ ဧကန်မလွဲပင် ဖြစ်သည်။
ထိုအချိန်တွင် တောအုပ်ထဲသို့ ဝင်ရောက်သွားခဲ့သော ချင်ယွမ်ဖုန်းသည် တစ်စုံတစ်ခုကို စိုးရိမ်မကင်းဖြစ်ကာ စိတ်ထဲ၌ မတင်မကျ ခံစားနေရသည်။
“ဘာအသံမှလည်း မကြားရဘူး၊ လူရိပ်လူယောင်လည်း မတွေ့ရဘူး။ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။” ချင်ယွမ်ဖုန်းသည် ရုတ်တရက် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး “တောက်။ ။ ဒီထဲမှာ ဘယ်သူမှ ရှိမနေဘူး။”
ထိုသို့ ရေရွတ်ပြီးသည်နှင့် သူသည် ချက်ချင်းပင် လှည့်ပြန်ခဲ့ကာ တောအုပ်ထဲမှ အမြန်ဆုံး ပြန်လည်ထွက်ခွာလာခဲ့သည်။ အပြင်ဘက်သို့ ရောက်ရှိသောအခါ လင်ယွဲ့တစ်ဦးတည်းသာ ကျန်ရစ်သည်ကို တွေ့ရလေသည်။
“မုဟွိုက် ကော ဘယ်ရောက်သွားလဲ။” ချင်ယွမ်ဖုန်းက လွန်စွာအံ့အားသင့်လျက် မေးမြန်းလိုက်သည်။
“သူမ ထွက်ပြေးသွားပြီ။ ဒီနေရာမှာ မိစ္ဆာဂိုဏ်းက လူတွေ တစ်ယောက်မှ ရှိမနေဘူး၊ ဒါတွေ အားလုံးက သူမ တစ်ယောက်တည်း လုပ်သွားတာ။” လင်ယွဲ့က စိုးရိမ်တကြီးဖြင့် ပြောကြားလိုက်သည်။
ချင်ယွမ်ဖုန်းသည် မျက်မှောင်ကြုတ်လိုက်မိသည်။ ဤမုဟွိုက်ဆိုသော မိန်းမသည် အမှန်တကယ်ပင် ရက်စက်တတ်လှပေသည်။ မိမိကိုယ်မိမိ နာကျင်အောင် ပြုလုပ်ပြီးမှပင် လွတ်မြောက်အောင် ကြံစည်သွားခဲ့သည်။
“စိတ်မပူပါနဲ့၊ သူမ ဘယ်မှ မလွတ်နိုင်ပါဘူး။”
ချင်ယွမ်ဖုန်းသည် စိတ်အာရုံကို လှုပ်နှိုးလိုက်ရာ အနန္တပုံရိပ်သည် မိုးကောင်းကင်ဟိန်းသံ လင်းတအသွင်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ယံထက် မီတာသောင်းချီ မြင့်မားသော အရပ်သို့ တဟုန်ထိုး ပျံသန်းသွားကာ မုဟွိုက်အား စတင်ရှာဖွေတော့သည်။
ထို့ပြင် သူသည် မိမိ၏လက်ဝါးကို မြေပြင်ပေါ်သို့ အသာအယာ တင်လိုက်ပြီး ဝိညာဉ်စွမ်းအားကို မြေကမ္ဘာတစ်လျှောက် အလျင်အမြန်ပင် ဖြန့်ကြက်လိုက်လေသည်။
ရုတ်ချည်းပင် ချင်ယွမ်ဖုန်းနှင့် ကောင်းကင်ဟိန်းသံ လင်းတတို့သည် မုဟွိုက်၏ တည်နေရာကို တစ်ပြိုင်နက်တည်း တွေ့ရှိသွားကြရာ ၎င်းတို့၏နှလုံးသားများပင် တုန်လှုပ်သွားခဲ့ရသည်။
မုဟွိုက်သည် ချင်ယွမ်ဖုန်း ခုနတင်က ထွက်ခွာလာခဲ့သော တောအုပ်အတွင်း၌ပင် ရှိနေခြင်း ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုရသော် ချင်ယွမ်ဖုန်းနှင့် မုဟွိုက်တို့သည် တစ်ဦးနှင့်တစ်ဦး လွဲချော်သွားခဲ့ကြခြင်း ဖြစ်ပေသည်။
ထို့ပြင် မုဟွိုက်သည် ထိုမီးခိုးလုံးများကို ဖန်တီးပြီးနောက် သူမ၏ နောက်ကျောဘက်သို့ ပုန်းလျှိုးကွယ်လျှိုးဖြင့် ပြေးဝင်သွားခဲ့သည်ကို လင်ယွဲ့ခမျာ လုံးဝပင် သိရှိခြင်း မရှိခဲ့ချေ။
“တကယ့်ကို ကောက်ကျစ်ပြီး ဉာဏ်များတဲ့ မိန်းမပဲ။” ချင်ယွမ်ဖုန်းသည် တိုးတိုးရေရွတ်လိုက်ပြီးနောက် လင်ယွဲ့၏လက်ကို ဆွဲကာ တောအုပ်ထဲသို့ တိုက်ရိုက်ပင် ပြေးဝင်သွားတော့သည်။
“ဘာလဲ။ မုဟွိုက်က ဒီဘက်ကို ပြေးသွားတာလား။” လင်ယွဲ့သည် လွန်စွာအံ့အားသင့်သွားရသည်။
ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလိုက်ပြီး “ဟုတ်တယ်။ သူမက တကယ့်ကို ပါးနပ်လွန်းတယ်။ အကယ်၍ ငါ့မှာ အစီအစဉ်တစ်ခု ရှိမနေဘူးဆိုရင် ဒီနေ့ သူမ လွတ်သွားမှာ သေချာတယ်။”
ထိုသူနှစ်ဦးသည် ရှိသမျှ အားအင်များကို သုံး၍ အစွမ်းကုန် လိုက်လံဖမ်းဆီးကြသော်လည်း မုဟွိုက်သည် တောအုပ်အတွင်း၌ လွန်စွာလျင်မြန်စွာ ပြေးလွှားနိုင်သဖြင့် ၎င်းတို့အကြားရှိ အကွာအဝေးမှာ တဖြည်းဖြည်းနှင့် ပိုမိုဝေးကွာသွားသည်ကို ချင်ယွမ်ဖုန်း သတိပြုမိလိုက်သည်။
“မဖြစ်သေးဘူး။ ဒီအတိုင်း လိုက်နေရင်တော့ သူမကို မိမှာ မဟုတ်ဘူး။” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ ထို့နောက် သူ၏ သိုလှောင်အိတ်အတွင်းမှ အနန္တပုံရိပ်သည် ရုတ်ချည်း ထွက်ပေါ်လာခဲ့သည်။
“အနန္တပုံရိပ်၊ လင်ယွဲ့ကို ခေါ်ပြီး ရှေ့က မိန်းမနောက်ကို အမြန်လိုက်ချေ။” ချင်ယွမ်ဖုန်းက တိုးညင်းသော အသံဖြင့် အမိန့်ပေးလိုက်သည်။
အနန္တပုံရိပ်သည် လင်ယွဲ့၏ နောက်ကျောဘက်သို့ ပျံသန်းသွားပြီး သံမဏိတောင်ပံတစ်စုံအဖြစ်သို့ ပြောင်းလဲကာ လင်ယွဲ့၏ ပုခုံးနှစ်ဖက်တွင် တိုက်ရိုက် ပေါင်းစပ်သွားခဲ့သည်။
ထို့နောက် လင်ယွဲ့ကို သယ်ဆောင်၍ လေဟုန်စီးကာ ပျံသန်းသွားတော့သည်။
ချင်ယွမ်ဖုန်းသည်လည်း မိုးတိမ်လွင့် ပညာရပ်ကို အသုံးပြုကာ ကောင်းကင်ယံထက်သို့ ပျံတက်လိုက်ပြီး ခြေလှမ်းတစ်လှမ်းလျှင် မီတာရာချီသော အကွာအဝေးကို ဖြတ်ကျော်သွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့် မုဟွိုက်သည် ချင်ယွမ်ဖုန်းနှင့် အပေါင်းအပါများ မိမိနောက်သို့ လိုက်လံဖမ်းဆီးနေသည်ကို လုံးဝ မသိရှိချေ။
ယခုကဲ့သို့ ပြေးလွှားနေခြင်းမှာ ဘေးကင်းလုံခြုံရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့်သာ ဖြစ်ရာ သူမသည် ဝေးနိုင်သမျှ ဝေးအောင် ပြေးရန်သာ လိုအပ်သည်ဟု ထင်မှတ်နေခဲ့သည်။
အတိအကျပင် ထိုအချိန်၌ ချင်ယွမ်ဖုန်းသည် မိမိ၏ ရင်ဘတ်ထဲတွင် တစ်စုံတစ်ခု လှုပ်ရှားလာသည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
သူသည် မနေနိုင်ဘဲ ငုံ့ကြည့်လိုက်ရာ မြွေနက်လေးတစ်ကောင်သည် သူ၏ရင်ခွင်ထဲမှ ခေါင်းပြူထွက်လာသည်ကို တွေ့လိုက်ရသည်။
ချင်ယွမ်ဖုန်း၏ မျက်လုံးများ ပြူးကျယ်သွားရပြီး “ရွှေရောင်အစင်းပါ မြွေဟောက်နက်လား။”
ဤရွှေရောင်အစင်းပါ မြွေဟောက်နက်သည် ချင်ယွမ်ဖုန်း ကောင်းကင်ဘုံသန့်စင်သီးကို မြူကင်းကြာပန်းနှင့်အတူ နတ်ဘုရားသောင်းချီနယ်မြေ၌ တွေ့ရှိစဉ်က ယင်းကို စောင့်ရှောက်နေသော မှော်သားရဲ ဖြစ်သည်။
ထိုစဉ်က ချင်ယွမ်ဖုန်းသည် ယင်း၏ ခန္ဓာကိုယ်ကို ဖြတ်တောက်ပစ်ခဲ့ပြီး မြူကင်းကြာပန်းကို တစ်လုပ်တည်းဖြင့် မြိုချခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင် ချင်ယွမ်ဖုန်းသည် ထိုရွှေရောင်အစင်းပါ မြွေဟောက်နက်သည် နှစ်ခြိုက်စွာ အိပ်ပျော်နေသော်လည်း ၎င်း၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်း ပိုမိုသေးငယ်လာပြီး နောက်ဆုံးတွင် လက်သန်းခန့် အထူနှင့် လက်နှစ်ဆစ်ခန့်သာ ရှည်လျားသော မြွေငယ်လေးတစ်ကောင် ဖြစ်သွားသည်ကို တွေ့ရှိခဲ့ရသည်။
ထို့ပြင် ပြတ်တောက်သွားသော အမြီးမှာလည်း ပြန်လည် ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။
၎င်း၏ ဦးခေါင်းပေါ်ရှိ ဂျိုတစ်ခုသာလျှင် ပိုမိုထင်ရှား ပြတ်သားလာခဲ့သည်။
ထိုအချိန်မှစ၍ ချင်ယွမ်ဖုန်းသည် ထိုမြွေငယ်လေးကို သေတ္တာထဲမှ ထုတ်ယူကာ မိမိနှင့်မပြတ် ဆောင်ထားခဲ့ခြင်း ဖြစ်သည်။
၎င်းမြွေငယ်လေးသည် ယနေ့တွင်မှ ပြန်လည်နိုးထလာလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့မိချေ။
ထိုမြွေနက်လေးသည် ချင်ယွမ်ဖုန်းကို မြင်သောအခါ ချစ်ခင်တွယ်တာသည့် အရိပ်အယောင်ကို သိသာထင်ရှားစွာ ပြသနေသဖြင့် ချင်ယွမ်ဖုန်းမှာ လွန်စွာ ဇဝေဇဝါ ဖြစ်သွားရသည်။
ကျိုးကြောင်းဆင်ခြင်ရသော် သူသည် ရွှေရောင်အစင်းပါ မြွေဟောက်နက်၏ အမြီးကို ဖြတ်တောက်ပစ်ခဲ့သဖြင့် ၎င်းသတ္တဝါသည် သူ့အပေါ် နာကျည်းအာဃာတ ထားရှိရမည် မဟုတ်လော။
“မင်း မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားတာများလား။”
ရွှေရောင်အစင်းပါ မြွေဟောက်နက်သည် ချင်ယွမ်ဖုန်း၏ စကားကို အမှန်တကယ်ပင် နားမလည်ရှာပေ။
၎င်းသည် ချင်ယွမ်ဖုန်း၏ ရင်ခွင်ထဲ၌သာ မှီတွယ်လျက် သက်တောင့်သက်သာဖြင့် မျက်လုံးများကို မှိတ်ထားလေသည်။
“ထားလိုက်ပါတော့၊ အခု မင်းနဲ့ အချိန်ဖြုန်းနေဖို့ ငါ့မှာ အချိန်မရှိဘူး။ ငြိမ်ငြိမ်လေး နေစမ်း။” ချင်ယွမ်ဖုန်းသည် လက်ကို ဆန့်ထုတ်ကာ ရွှေရောင်အစင်းပါ မြွေဟောက်နက်၏ ဦးခေါင်းကို ရင်ခွင်ထဲသို့ အသာအယာ ဖိသွင်းလိုက်ပြီး ရှေ့သို့ ဆက်လက် လိုက်လံတော့သည်။
ချင်ယွမ်ဖုန်းနှင့် အပေါင်းအပါများသည် လေထုကို ဖြတ်သန်းပျံသန်းနေကြသဖြင့် ၎င်းတို့၏ အရှိန်မှာ လွန်စွာ မြင့်မားလှသော်လည်း မုဟွိုက်၏ အရှိန်မှာမူ တဖြည်းဖြည်းနှင့် လျော့နည်းလာခဲ့သည်။
ရှေ့တွင် အစွမ်းကုန် ပြေးလွှားခဲ့ရခြင်းကြောင့် သူမ၏ ကိုယ်တွင်းစွမ်းအင်များစွာ ကုန်ခမ်းသွားခဲ့ဟန် တူပေသည်။
“ဟူး။ သူတို့ လိုက်မမှီနိုင်တော့ဘူး ထင်ပါတယ်။ တကယ့်ကို အူတူတူ အကောင်နှစ်ကောင်ပဲ။ ငါ အမြန်ဆုံး ပြန်သွားပြီး စီနီယာအကိုတို့နဲ့အတူ ဆရာ့ရဲ့ အလောင်းကောင်မိစ္ဆာကို ယူပြီး ထွက်ပြေးရမယ်။ သူတို့ဘက်မှာ လူတွေ အရမ်းများတယ်၊ ငါတို့ ဘယ်လိုမှ ယှဉ်တိုက်လို့ ရမှာ မဟုတ်ဘူး။” မုဟွိုက်က တည်ငြိမ်စွာ ရေရွတ်လိုက်သည်။
သို့သော် မုဟွိုက် မသိရှိသည်မှာ ထိုအချိန်၌ ဖြစ်ပေါ်နေသော ကြီးမားလှသည့် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကြောင့် မိစ္ဆာဂိုဏ်း၏ အကြီးအကဲဟောင်းများသည် မိစ္ဆာအိုဟန် ပြန်လည်နိုးထလာပြီဟု ထင်မှတ်မှားကာ မိစ္ဆာဂိုဏ်း၏ တပည့်ဟောင်းများအားလုံးကို စုစည်းရန် ဆင့်ခေါ်ထားပြီးဖြစ်ကြောင်းပင်။
ယခုအချိန်တွင် မိစ္ဆာဂိုဏ်း၏ မူလနယ်မြေအတွင်း၌ ကျန်ရှိနေသော မိစ္ဆာဂိုဏ်းတပည့်များ အားလုံး စုဝေးရောက်ရှိနေကြပြီ ဖြစ်သည်။ ၎င်းတို့သည် မိစ္ဆာအိုဟန် ပြန်လည်ရောက်ရှိလာမည့် အရေးကို အိပ်မက်မက်နေကြဆဲ ဖြစ်ပေသည်။
အတိအကျပင် ထိုအချိန်၌ ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့သည် မုဟွိုက်၏ နောက်သို့ တိတ်တဆိတ် လိုက်ပါလာခဲ့ကြသော်လည်း သူမ သိရှိအောင် မပြုလုပ်ကြပေ။ ချင်ယွမ်ဖုန်းတွင် ပိုမိုကောင်းမွန်သော အကြံအစည်တစ်ခု ရှိနေသောကြောင့် ဖြစ်သည်။
“အချိန်ဆွဲနေလို့ မဖြစ်ဘူး။ ငါ ဒီနေရာကို အဝေးကနေ ပတ်ပြီး မိစ္ဆာဂိုဏ်းဆီ ပြန်ရမယ်။ ချင်ယွမ်ဖုန်းတို့ကတော့ အခုလောက်ဆို အဝေးကြီးကို ရောက်သွားလောက်ပြီ ထင်တယ်။”
မုဟွိုက်သည် မျိုးဆက်သစ်လူငယ်များအနက် ထိပ်ဆုံး၌ ရှိနေသော ချင်ယွမ်ဖုန်းကို အနည်းငယ် စိုးရိမ်ထိတ်လန့်နေဆဲ ဖြစ်သည်။
သို့သော် သူမ လမ်းလျှောက်လာပြီး မကြာမီမှာပင် လူတစ်ယောက်ကို လှမ်းမြင်လိုက်ရသည်။
“မုဟွိုက်၊ မင်း ဘယ်ကို ပြေးမလို့ ကြံစည်နေတာလဲ။” ချင်ယွမ်ဖုန်းက မုဟွိုက်ကို ပြုံးလျက် ကြည့်ကာ မေးမြန်းလိုက်သည်။
မုဟွိုက်သည် လွန်စွာ တုန်လှုပ်သွားပြီး လှည့်ဖျားကာ ထွက်ပြေးရန် ပြင်လိုက်သော်လည်း သူမ၏ နောက်ကျောဘက်တွင်မူ လင်ယွဲ့က ဆီးကြိုနေလေပြီ။
“မိစ္ဆာမ၊ မင်း လွတ်တော့မလို့ပဲ။” လင်ယွဲ့၏ လက်ထဲရှိ ဓားအစုံမှ အေးစိမ့်လှသော ဓားအလင်းတန်းများ ဖြာထွက်နေသည်။
“နင်တို့တွေ ဘယ်လိုလုပ် လိုက်မှီတာလဲ။” မုဟွိုက်က တုန်လှုပ်ခြောက်ခြားစွာဖြင့် မေးမြန်းလိုက်ပြီး သူမ၏မျက်နှာတွင် ရှုံးနိမ့်ခြင်း အရိပ်အယောင်များ ထင်ဟပ်သွားခဲ့ရသည်။
ပြီးခဲ့သည့်အကြိမ်က ချင်ယွမ်ဖုန်း၏ ပိတ်ဆို့ခြင်းကို ခံခဲ့ရစဉ်ကမူ သူမသည် ချင်ယွမ်ဖုန်း၏ လှည့်စားမှုကို ခံလိုက်ရသည်ဟုသာ ခံစားခဲ့ရသည်။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမသည် ချင်ယွမ်ဖုန်းကို အမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့ပြီဟု ခံစားလိုက်ရတော့သည်။
သူမ ကျင့်ကြံခြင်းလောကသို့ စတင်ဝင်ရောက်လာကတည်းက မုဟွိုက်သည် သူမ၏ နက်ရှိုင်းသော အကြံအစည်များနှင့် ပါးနပ်ဉာဏ်များခြင်းကြောင့် ကျော်ကြားခဲ့သူ ဖြစ်ရာ ဉာဏ်ပညာကို အသုံးပြု၍ တစ်ပါးသူအား အနိုင်ယူခြင်းသည် လွန်စွာ လွယ်ကူသည်ဟု ထင်မှတ်ခဲ့သည်။
သို့သော် ချင်ယွမ်ဖုန်း၏ ပိတ်ဆို့အကျပ်ကိုင်ခြင်းကို ခံရပြီးနောက်တွင်မူ သူမ၏ စိတ်ထဲ၌ ကြီးမားသော ရှုံးနိမ့်မှု ဝေဒနာကို ခံစားလိုက်ရလေသည်။
“လူတိုင်းကို လူအလို့ မထင်စမ်းပါနဲ့။” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။ “မင်းက အမှန်တကယ်ပဲ ဉာဏ်ကောင်းပါတယ်။ ဒါပေမဲ့ မင်းအနေနဲ့ ထွက်ပြေးဖို့ မကြံစည်တာ အကောင်းဆုံးပဲ။ မဟုတ်ရင်တော့ ငါ မင်းအပေါ် ညှာတာနေမှာ မဟုတ်ဘူး။”
“အိပ်မက်မက်နေလိုက်။ ချင်ယွမ်ဖုန်း၊ နင့်ကို ငါ အမြဲတမ်း မှတ်ထားမှာ။” မုဟွိုက်က ပြောကြားလိုက်ပြီး ရုတ်တရက် သူမ၏ ခြေဖဝါးအောက်မှ မီးခိုးလုံးများ ထွက်ပေါ်လာကာ ချင်ယွမ်ဖုန်းနှင့် လင်ယွဲ့တို့၏ အမြင်အာရုံကို ပိတ်ဆို့လိုက်တော့သည်။
“မင်း အလွယ်တကူ လက်နက်ချမှာ မဟုတ်ဘူးဆိုတာ ငါ သိပြီးသားပဲ။” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရေရွတ်လိုက်သည်။ သူ၏ လက်ချောင်းများသည် ထူးဆန်းသော လက်တံဆိပ်တော်တစ်ခုကို ရုတ်ချည်း ဖော်ဆောင်လိုက်ရာ မီးခိုးလုံးများအတွင်း၌ မြောက်မြားလှစွာသော ဝိညာဉ်အဆောင်လက်ဖွဲ့များ ချက်ချင်းပင် လွင့်မျောထွက်ပေါ်လာခဲ့လေသည်။
အခန်း(၂၇၈)
မုဟွိုက် တစ်ဖန်ပြန်လည် ထွက်ပြေးတိမ်းရှောင်နိုင်ခြင်း မရှိစေရန်အတွက် ချင်ယွမ်ဖုန်းသည် ဤနေရာ၌ အဆောင်လက်ဖွဲ့ အမြောက်အမြားကို ကြိုတင်၍ စီမံထားရှိပြီး ဖြစ်ချေသည်။
ယခုအကြိမ်တွင်မူ အဆောင်လက်ဖွဲ့များနှင့်အတူ ထူထပ်လှသော မီးခိုးငွေ့များပါ အထဲ၌ အတူတကွ ပိတ်လှောင်မိသွားကြ၏။
“ချင်ယွမ်ဖုန်း... နင်တော်တော် အရှက်မရှိတာပဲ” အဆောင်လက်ဖွဲ့လှောင်အိမ်ထဲမှ မုဟွိုက်၏ ဒေါသတကြီး အော်ဟစ်သံ ထွက်ပေါ်လာသည်။
ချင်ယွမ်ဖုန်းက အနည်းငယ် ပြုံးလိုက်မိ၏။
ဤအကွက်သည် အမှန်တကယ်ပင် စမ်းသပ်လေတိုင်း အောင်မြင်လှပေသည်။ ကြိုတင်ပြင်ဆင်မှုသာ ရှိပါက ပဉ္စမအဆင့် သို့မဟုတ် ဆဋ္ဌမအဆင့် မဟာဆရာနယ်ပယ်ရှိ သိုင်းပညာရှင်များကိုပင် အလွယ်တကူ ပိတ်လှောင်ထားနိုင်ချေရှိသည်။
“မင်းကသာ ထွက်ပြေးဖို့ ကြံစည်နေတာ... ပိုပြီး အရှက်မရှိရာ မကျဘူးလား” ချင်ယွမ်ဖုန်းသည် ခေါင်းကို ရန်မရှိသလို ခါယမ်းရင်း ထိုနေရာသို့ လျှောက်လှမ်းသွားလိုက်သည်။
“ငါ့ကို လမ်းပြခိုင်းချင်တာလား... အိပ်မက်မက်နေလိုက်” မုဟွိုက်က ခြိမ်းခြောက်လိုက်၏။
ချင်ယွမ်ဖုန်းက ခေါင်းကို ခါယမ်းကာ “မင်းမှာ ရွေးချယ်စရာ မရှိတော့ဘူး။ အဘိုးကျိုးထုံကို မင်း စိတ်ပျော့ပြလိုက်တဲ့ အခိုက်အတန့်ကတည်းက မင်းမှာ နောက်ဆုတ်ဖို့ လမ်းမရှိတော့တာ” ဟု ဆိုလိုက်သည်။
မုဟွိုက်သည် တိတ်ဆိတ်သွားရုံမျှမက ဖြစ်ပျက်သမျှ အမှန်တရားကိုလည်း သဘောပေါက်သွားဟန် တူပေသည်။
ချင်ယွမ်ဖုန်းသည် အဆောင်လက်ဖွဲ့လှောင်အိမ်ကို မကာ လင်ယွဲ့နှင့်အတူ မုဟွိုက်အား ကောင်းကင်ဘုံမျှော်စင်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ကြ၏။
ကျိုးထုံသည် ဤအကြောင်းကို သိရှိသွားသောအခါ အဆောင်လက်ဖွဲ့လှောင်အိမ်ရှေ့သို့ ရောက်ရှိလာပြီး သက်ပြင်းတစ်ချက်ကို မတတ်သာဘဲ ချလိုက်ရှာသည်။
“မင်းကို ကောင်းကင်ဘုံမျှော်စင်ကနေ ဒီအတိုင်း အေးအေးဆေးဆေး ထွက်သွားခွင့်ပြုမယ်လို့ တကယ်ပဲ ထင်နေတာလား။ မင်း ထွက်ပြေးရင်တောင် ငါ မင်းနောက်ကို လိုက်ရှာပြီး ပြန်ခေါ်လာနိုင်သေးတာပဲ။ အကျိုးဆက်ကတော့ အတူတူပါပဲ” ဟု ကျိုးထုံက အေးတိအေးစက် ဆိုလေသည်။
“ဒါဆို... ငါက သေဖို့ပဲ ကံပါလာတာပေါ့လေ” မုဟွိုက်၏ အသံတွင် ဝမ်းနည်းကြေကွဲမှုအချို့ စွက်ဖက်နေ၏။
“ဒါကတော့ ပြောင်းလဲလို့မရဘူး။ အကယ်၍ မင်းသာ ဒီနေ့ ထွက်ပြေးဖို့ မကြံစည်ခဲ့ဘူးဆိုရင် မင်းရဲ့အသက်ကို ငါ ချမ်းသာပေးခဲ့မှာပါ။ အခုတော့ မင်းရဲ့နှလုံးသားက မိစ္ဆာဂိုဏ်းဆီမှာပဲ အမြဲရှိနေမှာကို ငါ သိသွားပြီ။ ဒါကို ပြောင်းလဲလို့ မရတော့ဘူး” ကျိုးထုံက တည်ငြိမ်စွာပင် ပြောကြားလိုက်သည်။
ချင်ယွမ်ဖုန်းသည် နှုတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်မူ မုဟွိုက်အပေါ် သနားကရုဏာ အနည်းငယ် သက်ဝင်မိနေချေသည်။
ထိုည၌ လူအများအပြားသည် ကောင်းကင်ဘုံမျှော်စင်သို့ ရောက်ရှိလာကြ၏။
ထိုသူအများစုမှာ တစ္ဆေလက်သည်းမြေအတွင်းရှိ ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များနှင့် အကြီးအကဲများ ဖြစ်ကြသည်။
အချိန်ကျဉ်းမြောင်းလှသဖြင့် ကျိုးထုံသည် တစ္ဆေလက်သည်းမြေအတွင်းရှိ ဂိုဏ်းများကိုသာ ဆက်သွယ်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။
ထို့ပြင် ကောင်းကင်ဘုံလမ်းစဉ် ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ရောက်ရှိနေကြသော ဂိုဏ်းအသီးသီးမှ တပည့်များသည် ပြိုင်ပွဲတွင် ပါဝင်ခဲ့သည်ဖြစ်စေ၊ မပါဝင်ခဲ့သည်ဖြစ်စေ ကောင်းကင်ဘုံမျှော်စင် တပည့်များ၏ အကြောင်းကြားချက်ကို အသီးသီး လက်ခံရရှိကြပြီး ယနေ့တွင် ကောင်းကင်ဘုံမျှော်စင်သို့ စုရုံးရောက်ရှိလာကြရသည်။
မူလအစီအစဉ်မှာ နက်ဖြန်နံနက် စောစောတွင် မိစ္ဆာဂိုဏ်းကို သွားရောက်တိုက်ခိုက်ရန် ဖြစ်သော်လည်း ယခုအခါတွင်မူ တိုက်ခိုက်မည့် အစီအစဉ်ကို ယနေ့ညတွင်ပင် သတ်မှတ်လိုက်ကြောင်း ချင်ယွမ်ဖုန်းသည် ကျိုးထုံထံမှ အကြောင်းကြားစာ ရရှိခဲ့ချေသည်။
ယခင်က ပြောကြားခဲ့သည်များမှာ ရန်သူ့မျက်စိကို လွှဲရန်အတွက်သာ ဖြစ်ပေသည်။
ချင်ယွမ်ဖုန်းသည် ယခုမှပင် ဤတိုက်ပွဲသည် ကြီးကျယ်လှသော တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ကြောင်းနှင့် မည်သည့်ဂိုဏ်းမှ လူတစ်ယောက်မျှလည်း ရှောင်လွှဲနိုင်မည်မဟုတ်ကြောင်း သဘောပေါက်သွားတော့သည်။
လွန်ခဲ့သော အနှစ်သုံးဆယ်ခန့်က မိစ္ဆာအိုဟန်အား ဝိုင်းဝန်းတိုက်ခိုက်ရာတွင် ဂိုဏ်းတိုင်း၌ တာဝန်ကိုယ်စီ ရှိခဲ့ကြပေသည်။ အကယ်၍ မိစ္ဆာအိုဟန်သာ အမှန်တကယ် ပြန်လည်ရှင်သန်လာပါက မည်သည့်ဂိုဏ်းမျှ လွတ်မြောက်နိုင်မည် မဟုတ်ချေ။
ထို့ကြောင့် ၎င်းတို့ဘက်မှ ဦးအောင် လက်ဦးမှုယူကာ တိုက်ခိုက်ရမည် ဖြစ်သည်။
ချင်ယွမ်ဖုန်းသည် မိမိ၏ အခန်းတွင်း၌ ရှိနေစဉ် စိတ်လှုပ်ရှားမှုကို အနည်းငယ် ခံစားနေရ၏။
သူ့အနေဖြင့် ဤမျှ အတိုင်းအတာကြီးမားသော လုံးထွေးသတ်ပွဲကြီးတွင် ပထမဆုံးအကြိမ် ပါဝင်ရခြင်း ဖြစ်ပြီး ဘေးနားတွင်မူ မုဟွိုက်ကို ပိတ်လှောင်ထားသည့် အဆောင်လက်ဖွဲ့လှောင်အိမ် ရှိနေချေသည်။
“ငါ သေရတော့မှာလား” မုဟွိုက်က ထိုအခိုက်တွင် မေးမြန်းလိုက်သည်။
“အင်း... ငါတို့ မိစ္ဆာဂိုဏ်းကို ဖျက်ဆီးပြီးတဲ့နောက် ဖြစ်နိုင်တယ်” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာပင် ဖြေကြားလိုက်၏။
“ဒီလို အရှက်ရစရာကောင်းတဲ့ သေခြင်းတရားမျိုးနဲ့ သေရမယ်လို့ ငါ မထင်ထားခဲ့ဘူး” မုဟွိုက်က မိမိကိုယ်ကိုယ် လှောင်ပြောင်သံဖြင့် “နင်သိလား... ငါ အသက်ငယ်ငယ်ကတည်းက ဆရာက ငါ့ကို မွေးစားခဲ့တာ။ နင်တို့မျက်စိထဲမှာ သူက ကြီးမားတဲ့ ဖျက်ဆီးရေးဘုရင်ကြီး ဖြစ်နေပေမဲ့ ငါ့မျက်စိထဲမှာတော့ သူက ငါ့ရဲ့ ဖခင်ပဲ” ဟု ဆိုလေသည်။
ချင်ယွန်းဖုန်းမှာ မည်သို့ ပြန်လည်ပြောဆိုရမှန်း မသိတော့ပေ။ မုဟွိုက်သည် ငယ်စဉ်ကတည်းက ကွဲပြားခြားနားသော ယုံကြည်မှုများကို လက်ခံရရှိခဲ့သဖြင့် မိစ္ဆာအိုဟန်ကို အမြဲတစေ ကာကွယ်စောင့်ရှောက်ကာ သတင်းပေးပို့ရန် ထွက်ပြေးဖို့သာ ကြံစည်နေခြင်း ဖြစ်ပေသည်။
“အဲဒီတုန်းက ငါ အသက်ငယ်သေးတယ်... ငါ့မိဘတွေကို ဓားပြတွေ သတ်သွားခဲ့ကြတာ။ ငါ ငတ်မွတ်ပြီး သေခါနီးအချိန်မှာ မိစ္ဆာအိုဟန်က ငါ့ကို ခေါ်ယူကျွေးမွေးပြီး ကျင့်ကြံခြင်း ပညာရပ်တွေကို သင်ကြားပေးလို့ သိုင်းပညာရှင် တစ်ယောက် ဖြစ်လာခဲ့တာ”
မုဟွိုက်က အေးဆေးစွာပင် ပြောပြနေကာ “ချင်ယွမ်ဖုန်း... နင်ကော ငါ့ကို သေထိုက်တယ်လို့ ထင်လား” ဟု မေးလိုက်ပြန်သည်။
ချင်ယွမ်ဖုန်းသည် မည်သို့ တုံ့ပြန်ရမည်ကို မသိသဖြင့် နှုတ်ဆိတ်နေမိ၏။
“ငါ နင့်ကို မမေးသင့်ဘူး။ နင်က မျိုးဆက်သစ်တွေထဲမှာ ထိပ်ဆုံးကလူ... ဆေးနတ်ဘုရားဂိုဏ်းရဲ့ နာမည်ကျော် တပည့်တစ်ယောက်ပဲလေ။ နင့်အနေနဲ့ ငတ်မွတ်ခါနီး အခြေအနေမျိုးကို ဘယ်တော့မှ ကြုံဖူးမှာမဟုတ်တာ သေချာပါတယ်” မုဟွိုက်က ရယ်မောလိုက်သည်။
ချင်ယွမ်ဖုန်းမှာ လန့်ခနဲ ဖြစ်သွားရ၏။ မှန်ပေသည်... အချို့သူများနှင့် နှိုင်းယှဉ်ပါက သူ့ဘဝတွင် မှောင်မိုက်သော ကာလအချို့ ရှိခဲ့ဖူးသော်လည်း ငတ်မွတ်ခါနီး အခြေအနေမျိုးသို့မူ တစ်ခါမျှ မရောက်ရှိခဲ့ဖူးချေ။
ထိုစဉ် ကောင်းကင်ဘုံမျှော်စင်မှ တပည့်တစ်ယောက်သည် ချင်ယွမ်ဖုန်း၏ အခန်းတံခါးဝသို့ ရောက်ရှိလာသည်။
“သခင်လေးချင်... အဘိုးကျိုးထုံက ခေါ်ခိုင်းလိုက်လို့ပါ။ လူတွေ အားလုံးနီးပါး စုံနေပြီမို့ ထွက်ခွာဖို့ အချိန်တန်ပြီလို့ ပြောပါတယ်။”
“သိပါပြီ... ငါ အခုပဲ လာခဲ့မယ်” ချင်ယွမ်ဖုန်းက ပြန်လည်ဖြေကြားလိုက်၏။
“သွားရမယ့် အချိန်ရောက်ပြီပေါ့လေ” မုဟွိုက်၏ အသံတွင် ညှိုးနွမ်းလုဆဲဆဲ ပန်းတစ်ပွင့်ကဲ့သို့ ရင်ကွဲနာကျဖွယ် ဝမ်းနည်းမှုများ စွက်ဖက်နေချေသည်။
“ပွင့်စေ”
ချင်ယွမ်ဖုန်းသည် ရုတ်တရက် လှုပ်ရှားလိုက်ပြီး အဆောင်လက်ဖွဲ့လှောင်အိမ်ကို တိုက်ရိုက်ပင် ဖွင့်လှစ်ပေးလိုက်လေသည်။
မုဟွိုက်သည် ချက်ချင်းပင် အပြင်သို့ ပြေးထွက်လာကာ ဘေးတစ်ဖက်တွင် ရပ်တန့်၍ ချင်ယွမ်ဖုန်းကို အေးစက်စွာ စိုက်ကြည့်နေမိ၏။
“နင်ဘာလုပ်မလို့လဲ” မုဟွိုက်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။
“မင်း သွားတော့။ မင်း အခု ပြန်ပြီး သတင်းသွားပေးရင်တောင် အချိန်မမှီတော့ပါဘူး။ မင်း ဝေးဝေးကို ပြေးနိုင်လေ ကောင်းလေပဲ။ နောက်တစ်ခါ ပြန်မလာပါနဲ့တော့။ မိစ္ဆာဂိုဏ်းဆိုတဲ့ ဒီလို မိစ္ဆာဂိုဏ်းမျိုးကတော့ သမိုင်းထဲမှာ ကျန်ရစ်ခဲ့ဖို့ ကံပါပြီးသားပဲ” ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ဆိုလိုက်သည်။
မုဟွိုက်သည် မျက်မှောင်ကြုတ်လျက် “နင်က တကယ်ပဲ ငါ့ကို လွှတ်ပေးတာပေါ့” ဟု ဆို၏။
“မြန်မြန်သွားတော့... ငါ စိတ်မပြောင်းခင်” ချင်ယွမ်ဖုန်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။
မုဟွိုက်သည် ပြတင်းပေါက်နားသို့ တိုက်ရိုက်လျှောက်လှမ်းသွားပြီး ချင်ယွမ်ဖုန်းကို ပြုံး၍ ကြည့်ကာ “နင် စိတ်ပျော့တတ်မှန်း ငါ သိနေတာပဲ ချင်ယွမ်ဖုန်း။ ဒါက နင်ရဲ့ အားနည်းချက် ဖြစ်လာလိမ့်မယ်... ငါတို့ နောက်တစ်ကြိမ် သေချာပေါက် ပြန်ဆုံကြဦးမှာပါ” ဟု ပြောကြားလိုက်ချေသည်။
ထိုသို့ ပြောကြားပြီးနောက် မုဟွိုက်သည် ခပ်တိုးတိုး နှစ်ချက်မျှ ရယ်မောကာ ပြတင်းပေါက်မှတစ်ဆင့် အပြင်သို့ တိုက်ရိုက် ခုန်ချသွားတော့သည်။
ချင်ယွမ်ဖုန်းသည် ပြတင်းပေါက်နားသို့ လျှောက်သွားကာ မုဟွိုက်၏ ပုံရိပ် မှောင်မိုက်ခြင်းထဲသို့ တဖြည်းဖြည်း တိုးဝင်ပျောက်ကွယ်သွားသည်ကို ကြည့်ရှုရင်း သက်ပြင်းမချဘဲ မနေနိုင်ခဲ့ချေ။
“ငါ ဒီမိန်းမရဲ့ ဂူအဆိပ်မိသွားပြန်ပြီ ထင်တယ်”
သို့သော်လည်း ချင်ယွမ်ဖုန်းသည် စိတ်ကို လျင်မြန်စွာပင် ပြန်လည်စုစည်းလိုက်၏။
လွှတ်ပေးလိုက်ပြီ ဖြစ်၍ လွှတ်ပေးလိုက်သည်သာ ဖြစ်ပေသည်။ ဘည်သို့ပင်ဖြစ်စေ မုဟွိုက်အနေဖြင့် ပြန်လည်သတင်းပေးရန် သွားရောက်သော်လည်း အချိန်မီနိုင်တော့မည် မဟုတ်ချေ။
လင်ယွဲ့သည် ထိုအခိုက်တွင် ချင်ယွမ်ဖုန်း၏ အခန်းတံခါးဝသို့ ရောက်ရှိလာပြီး အဆောင်လက်ဖွဲ့လှောင်အိမ် ပွင့်ဟနေသည်ကို မြင်တွေ့ရသဖြင့် လန့်ဖျပ်သွားရသည်။
“မုဟွိုက် ဘယ်ရောက်သွားလဲ” လင်ယွဲ့က တုန်လှုပ်စွာ မေးမြန်းလိုက်၏။
ချင်ယွမ်ဖုန်းက ခါးသက်သက် ပြုံးလိုက်ရင်း “သူ့ကို လွှတ်ပေးလိုက်ပြီ” ဟု ဆိုသည်။
လင်ယွဲ့သည် ခဏမျှ ကြောင်အသွားပြီးနောက် ချင်ယွမ်ဖုန်း၏ လက်မောင်းကို ဆွဲကိုင်ကာ “နင် ဘာလို့ ရပ်နေသေးတာလဲ... ငါတို့ ထွက်ခွာတော့မှာ” ဟု ပြောကြားလိုက်သည်။
ချင်ယွမ်ဖုန်းသည် လင်ယွဲ့၏ ဘေးတိုက်မျက်နှာပြင်ကို ကြည့်ရင်း “ဘာလို့ လွှတ်ပေးလိုက်တာလဲလို့ မမေးဘူးလား” ဟု ပြုံး၍ မေးလိုက်မိ၏။
“နင့်မှာ နင့်အကြောင်းပြချက်နဲ့ မင်း ရှိမှာပါ... ငါ နင့်ကို ယုံတယ်” လင်ယွဲ့က တည်ငြိမ်စွာပင် ပြန်လည်ပြောဆိုလိုက်သည်။
ချင်ယွမ်ဖုန်း ပြုံးလိုက်မိချေ၏။ ဤကဲ့သို့ ယုံကြည်ခြင်း ခံရမှုသည် သူ့နှလုံးသားကို အလွန်ပင် နွေးထွေးစေပေသည်။
၎င်းတို့နှစ်ဦးသည် ကောင်းကင်ဘုံမျှော်စင်၏ ဝင်ပေါက်သို့ ရောက်ရှိလာကြသည်။ ထိုအချိန်တွင် အပြင်ဘက်၌ လူပေါင်း သုံးရာကျော်မျှ စုရုံးရောက်ရှိနေကြပြီး လူအုပ်ကြီးမှာ တိုးဝှေ့လျက် ရှိနေချေပြီ။
ချင်ယွမ်ဖုန်း ဆင်းလာသည်ကို မြင်သောအခါ ကျိုးထုံက ခေါင်းညိတ်ပြပြီး လေးနက်သော အသံဖြင့် “အားလုံးပဲ... လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က မိစ္ဆာဂိုဏ်းဟာ ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ပြီး လူတွေကို သတ်ဖြတ်ကာ သွေးတွေကို ရယူခဲ့ကြတယ်။ မကောင်းမှု အားလုံးကို ကျူးလွန်ခဲ့ကြတာ။ အခုတော့ မိစ္ဆာအိုဟန် ပြန်လည်ပေါ်ပေါက်လာပြီး မိစ္ဆာဂိုဏ်းလည်း ပြန်လည်ရှင်သန်လာခဲ့ပြီ။ ငါတို့အနေနဲ့ ဒါကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး” ဟု မိန့်ကြားလိုက်သည်။
“ဒါကြောင့် ဒီနေ့မှာ ငါတို့ မိစ္ဆာဂိုဏ်းကို သွားရောက်တိုက်ခိုက်ကြမယ်။ ဂိုဏ်းအားလုံးရဲ့ အေးချမ်းသာယာတဲ့ နေ့ရက်တွေအတွက် အားလုံးပဲ အစွမ်းကုန် ကြိုးစားပေးကြဖို့ မျှော်လင့်ပါတယ်”
ကောင်းကင်ဘုံမျှော်စင် အပြင်ဘက်ရှိ လူပေါင်း သုံးရာကျော်တို့သည် ထိုအခိုက်တွင် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြကုန်၏။
၎င်းတို့သည် လွန်ခဲ့သော အနှစ်သုံးဆယ်က တိုက်ပွဲကြီးကို ကိုယ်တိုင် မကြုံတွေ့ခဲ့ဖူးသော်လည်း မိစ္ဆာအိုဟန်၏ ဆိုးဝါးလှသော ကျော်စောသတင်းကိုမူ ကြားသိဖူးကြလေသည်။