← Chapters

အပိုင်း (၆၈)

Vol. 002 Ch. 68

အပိုင်း (၆၈)

Vol. 002 Ch. 68

ကျန်းခွမ်းက ခေါင်းခါပြီး ဖြေလိုက်သည် ... “စီနီယာအစ်ကို ... ရွှမ်တောက်ဂိုဏ်း တစ်ခုလုံးမှာ ဒီအကြောင်းကို သိတာ ကျွန်တော်တို့ ၂ယောက်ပဲ ရှိတယ် ... တခြား ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး ...”

ကျိုးဖန်း၏ မျက်လုံးများက ကျဉ်းမြောင်း သွားပြီး ကျန်းခွမ်း၏ လည်ပင်ကော်လာကို ဆွဲကိုင်ကာ အော်ပြောလိုက်သည် ... “ကျန်းခွမ်း ... မင်းက လိမ်နေတာပဲ ...”

ကျန်းခွမ်းက အနည်းငယ်မျှပင် ပြန်မလုပ်ရဲပေ။ ကျိုးဖန်း၏ မျက်ဝန်းထဲမှ သတ်ဖြတ်ချင်သည့် အရိပ်အယောင်များကို မြင်လိုက်ရသော်အခါ ကျန်းခွမ်း၏မျက်နှာက နီရဲသွား၏။ သူက အံကြိတ်ပြီး ပြောလိုက်သည် ... “စီနီယာအစ်ကို မယုံရင် ကျွန်တော့်အပေါ် စိတ်ဝိညာဉ် ရှာဖွေခြင်း နည်းစနစ်ကို အသုံးပြုနိုင်ပါတယ် ... ကျွန်တော်ပြောတာ ၁၀၀ရာခိုင်နှုန်း အမှန်ပါ ... တခြား ဘယ်သူ့ကိုမှ မပြောပြခဲ့ပါဘူး ...”

ကျိုးဖန်း၏ မျက်လုံးက အရောင် တောက်သွားပြီး ပြောလိုက်သည် ... “အခုတော့ ငါ မင်းကို ယုံလိုက်မယ် ... ဝမ်လင်းရဲ့ မိဘတွေကို သွားဖမ်းပြီး သတ်ကြမယ် ... သူတို့ရဲ့ ဝိညာဉ်တွေကို စိတ်ဝိညာဉ် အလံထဲထည့်ပြီး သန့်စင်ပစ်မယ် ... ပြီးရင် အဲဒါက ဝမ်လင်းကို ရှာဖို့အတွက် သုံးလို့ရတယ် ... သူ့မိဘတွေရဲ့ ဝိညာဉ်ကို သုံးပြီး သူ့ကို တိုက်ခိုက်ရမယ် ... သူက ခန္ဓာကိုယ် သန့်စင်ခြင်း အဆင့်ကို မရောက်သေးရင် သူ့ရဲ့ဝိညာဉ်ကလည်း အားနည်း နေဦးမှာပဲ ...”

ကျန်းခွမ်း၏ခန္ဓာကိုယ်က တုန်ယင်သွား၏။ ဤမျှ ရက်စက်သော နည်းစနစ်ကို အရင်က သူ တစ်ခါမှ မကြားဖူးခဲ့ပေ။

ကျိုးဖန်းက မျက်မှောင်ကြုတ် သွားပြီး အော်လိုက်သည် ... “သွား ...”

ကျန်းခွမ်းက အံကြိတ်ပြီး ရွာဆီသို့ ပြေးထွက်သွား၏။

ဝမ်လင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ခြင်း စိတ်ဆန္ဓများ ပြည့်နှက်လာသည်။ တစ်စုံ တစ်ယောက်ကို သတ်ချင်တာ ပထမဆုံး အကြိမ် ဖြစ်၏။

စစ်ထူနန်က ချက်ချင်းပင် အော်ပြောလိုက်သည် ... “မှန်တယ် ... သတ် ... သတ် ... သတ် ... သူတို့ အားလုံးကို သတ်ပစ် ... မင်းက အခု အားနည်းနေတယ် ... ဒါပေမဲ့ မင်း သန်မာလာတဲ့တစ်နေ့ ရွှမ်တောက်ဂိုဏ်း တစ်ဂိုဏ်းလုံးကို သတ်လိုက်သင့်တယ် ... ငါလည်း အဲဒီလိုမျိုးလုပ်တာ ကြိုက်တယ် ...”

သည်တစ်ကြိမ် တွင်တော့ စစ်ထူနန်၏အကြံကို ဝမ်လင်း ငြင်းဆန်ခြင်း မပြုခဲ့ပေ။ ဝမ်လင်းက ချက်ချင်းပဲ ကျန်းခွမ်းကို လိုက်ဖမ်းရန် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်သည်။

ကျန်းခွမ်းက ရွာဆီသို့ ပြေးလွှားနေစဉ်တွင် ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွား၏။ ခေါင်းကို လှည့်ကြည့်လိုက်ရာ လေထဲမှ သူ့နောက် လိုက်လာသော ဝမ်လင်းကို တွေ့လိုက်ရသည်။

ကျန်းခွမ်းက နောက်သို့ ခြေလှမ်း အနည်းငယ် ဆုတ်ကာ အားတင်းပြီး ပြောလိုက်သည် ... “စီနီယာအစ်ကို ... မင်း ... မင်း ...”

ဝမ်လင်းက ဘာမှ မပြောသော်လည်း သူ့မျက်နှာထားက အေးစက်နေသည်။

“စီနီယာအစ်ကို ... ငါ ...” ဝမ်လင်း၏ မျက်နှာထားကို မြင်ပြီး သူ့နှလုံးက ပြင်းထန်စွာ ခုန်လာပြီး နောက်သို့ အနည်းငယ် ထပ်ဆုတ်ကာ လက်ကို သိုလှောင်အိတ်ပေါ် တင်ထားလိုက်သည်။

“ကျန်းခွမ်း ... ငါ့ရဲ့အိမ်ကို ရှာနေတာလား ... ဟိုမှာလေ ...” ဝမ်လင်းက သူ့အိမ်ကို လက်ညှိုးထိုးပြီး ညွှန်ပြလိုက်၏။

ကျန်းခွမ်း၏နှလုံးက အပြင်းအထန် ခုန်လာပြီး သူက မြေပြင်ပေါ်တွင် ဒူးထောက် လိုက်သည်။ သူ့မျက်နှာတွင်လည်း နောင်တ ရနေဟန်ဖြင့် အော်ပြောလိုက်၏ ... “စီနီယာအစ်ကို ... ငါ မှားပါတယ် ... ဒါ ကျိုးဖန်းကြောင့်ပါ ... သူက ငါ့ကို ဒီနေရာ လာဖို့ အတင်း ဖိအားပေးခဲ့တာပါ ... ငါ ...” ပြောနေစဉ်မှာပဲ သူက ရုတ်တရက် ကျောက်စိမ်းပြား တစ်ခုကို လေထဲသို့ ပစ်လွှတ် လိုက်၏။

ကျောက်စိမ်းပြားက ချက်ချင်း ဓားပျံတစ်ချောင်း အဖြစ် ပြောင်းလဲသွားပြီး ဝမ်လင်းဆီသို့ ပြေးဝင်သွား၏။ ကျန်းခွမ်းက သစ်သားနက် အပိုင်းအစများ ထုတ်ယူလိုက်ပြီး ဂါထာများ ရွတ်ဆို လိုက်သည်။ သစ်သားနက် အပိုင်းအစများက ကျာပွတ် တစ်ချောင်း အဖြစ် ပေါင်းစပ်သွား၏။

ကျာပွတ် ဖြစ်ပေါ်လာသည်နှင့် ကျာပွတ်မှ အန္တရာယ်ရှိသော အော်ရာများ ထွက်ပေါ်လာသည်။ ကျန်းခွမ်းက ကျာပွတ်ကို ဝမ်လင်းဆီသို့ ပစ်လိုက်ပြီး ချက်ချင်း နောက်လှည့်ပြီး ထွက်ပြေး လိုက်၏။

ဝမ်လင်း၏ မျက်နှာတွင် လှောင်ပြောင်သည့် အမူအရာတစ်ခု ပေါ်လာသည်။ သူက ဆွဲငင်အား နည်းစနစ်ကို သုံးပြီး သူ့ကိုယ်ကို ဘေးသို့ ရွှေ့ကာ မမြင်နိုင်သော လက်ကြီးနှစ်ခုကို ထုတ်ဖော်လိုက်သည်။ လက်တစ်ဖက်က ဓားကို ဖမ်းလိုက်ပြီး နောက်တစ်ဖက်က ကျန်းခွမ်းဆီသို့ တိုးဝင်သွား၏။

ကျန်းခွမ်းသည် ရုတ်တရက် သူ့လည်ပင်းမှ နာကျင်မှုကို ခံစားလိုက်ရပြီး သူ့မျက်နှာက ချက်ချင်း ခရမ်းရောင် ပြောင်းသွားသည်။ သူကလည်း နည်းစနစ်တစ်ခုကို ချက်ချင်း လက်သင်္ကေတဖြင့် အသက်သွင်းပြီး လည်ပင်းဆီသို့ လက်လှမ်း လိုက်၏။

ဝမ်လင်း၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်လျှံလာပြီး ဆွဲငင်အား နည်းစနစ်ကို အားနည်းနည်း ပိုထည့်လိုက်ရာ တစ်ခုခု ကျိုးကြေ သွားသည့် အသံတစ်ခု ထွက်ပေါ်လာကာ ကျန်းခွမ်း၏ လည်ပင်းက ကွေးကျသွား၏။ သူ့မျက်လုံးသည်လည်း မျှော်လင့်ချက်မဲ့သည့် အရိပ် အယောင်များနှင့် ဖြစ်သည်။ သူ့ပါးစပ်ထဲမှ သွေးများ အန်ထွက်လာပြီး နောက်တွင် ဝမ်လင်းက သူ့ကို လွှတ်ပေးလိုက်၏။ သူက မြေပြင်ပေါ်သို့ လဲကျသွားပြီး အနည်းငယ် တွန့်သွားကာ နောက်ဆုံးတွင် လုံးဝ မလှုပ်ရှားတော့ချေ။

ကျန်းခွမ်း သေသွားသည်နှင့် ဓားပျံက တုန်ခါလာပြီး ကျောက်စိမ်းပြားလေး အဖြစ်သို့ ပြန်ပြောင်း သွား၏။ ဝမ်လင်းက လေထဲမှ ကျောက်စိမ်းပြားလေးကို သိမ်းယူ လိုက်သည်။

ကျာပွတ်ကလည်း ကျန်းခွမ်း မရှိတော့သည်နှင့် ချက်ချင်း သစ်သားနက် အပိုင်းအစများ အဖြစ်‌ ပြောင်းလဲသွားရာ ဝမ်လင်းက အားလုံးကို သိမ်းဆည်း လိုက်၏။ ကျန်းခွမ်း၏ သိုလှောင်အိတ်ကိုပါ ယူလိုက်ပြီးနောက် မီးဘောလုံး နည်းစနစ်ဖြင့် ကျန်းခွမ်း၏ ခန္ဓာကိုယ်ကို မီးရှို့ပြီး ကျိုးဖန်း ရှိသည့်နေရာသို့ ပြေးထွက် သွားလိုက်၏။

ကျိုးဖန်း စောင့်နေသည်မှာ နေ့တစ်ဝက်ပင် ရှိနေလေပြီ။ စိတ်ထဲမှလည်း ကျန်းခွမ်းကို ဆဲရေးလိုက်သည်။ ရုတ်တရက် သူ၏အမူအရာက ပြောင်းလဲသွားပြီး ရွာထဲမှ စိတ်စွမ်းအင် လှိုင်းများကို အာရုံခံမိလိုက်၏။ သူက သွားပြီး စစ်ဆေးကြည့်ရန် ပြင်လိုက်စဉ်မှာပင် သူ့ဆီသို့ အားကောင်းသော သတ်ဖြတ်ခြင်း စိတ်ဆန္ဒတစ်ခုက လျင်မြန်စွာ လာနေသည်ကို ခံစားမိလိုက်၏။

ကျိုးဖန်းက အံ့အားသင့်သွားပြီး စိတ်ထဲတွင် တွေးလိုက်သည် ... ‘ကျန်းခွမ်းကို ဘယ်သူ သတ်တာလဲ ... သူ့ရဲ့တည်ရှိမှုက လုံးဝ ပျောက်ကွယ်သွားပြီ ... ဒါ သေသွားတာကို ဆိုလိုချင်တာလား ...’ ကျိုးဖန်းက နောက်ထပ် ဆက်မတွေးတော့ပေ။ အဘယ်ကြောင့် ဆိုသော် သူ၏ မြင်ကွင်းထဲသို့ ဝမ်လင်း ရောက်လာသောကြောင့် ဖြစ်၏။

ကျိုးဖန်း အကြီးအကျယ် မျက်နှာ ပျက်သွားသည်။ စကားတစ်ခွန်းမှ မပြောဘဲ နောက်လှည့်ပြီး ထွက်ပြေး တော့သည်။ စိတ်ထဲမှလည်း ကျိန်ဆဲလိုက်သည် ... ‘ကျန်းခွမ်း ... ကျန်းခွမ်း ... မင်းက ငါ့ကိုပါ သေအောင် လုပ်ခဲ့တာလား ... ဝမ်လင်းကရော ရုတ်တရက် ဘယ်လို ပေါ်လာတာလဲ ...’

ဝမ်လင်း၏ မျက်လုံးများက အေးစက်နေဆဲ ဖြစ်သည်။ ကျိုးဖန်းကို သတ်ပစ်ရန် ဆုံးဖြတ်ပြီးနေပြီ ဖြစ်၏။ ဆွဲငင်အား နည်းစနစ်ဖြင့် သူ့ကိုယ်ကို ထိန်းချုပ်ပြီး ကျိုးဖန်းနောက်သို့ လျင်မြန်စွာ လိုက်သွား လိုက်သည်။

သူက နောက်ကို တစ်ချက်မှ လှည့်မကြည့်ဘဲ ဓားပျံကို ထုတ်ကာ ဟုန်ယွီတောင်ထိပ်ဆီသို့ ဦးတည် ပျံသန်းနေ၏။

“မင်း ငါ့လက်က လွတ်အောင် ပြေးနိုင်မှာ မဟုတ်ဘူး ...” တစ္ဆေတစ်ကောင်က အနားနား ကပ်ပြောသကဲ့သို့ ဝမ်လင်း၏ စကားသံက ကျိုးဖန်း၏နားထဲသို့ ဝင်ရောက် သွား၏။ ဝမ်လင်းက သူနှင့် နီးကပ်လာသည်ကို မြင်ပြီး ကျိုးဖန်း၏ ခန္ဓာကိုယ်က တုန်ယင်သွားသည်။ သူက အော်ပြောလိုက်သည် ... “ဝမ်လင်း ... မင်းနဲ့ ငါ့ကြားမှာ ဘာရန်ကြွေးမှ မရှိပါဘူး ... မင်း ဘာလုပ်မလို့လဲ ...”

ဝမ်လင်းက အသက်မပါသည့် အပြုံးတစ်ခုကို ဖန်ဆင်းပြီး ပြောလိုက်သည် ... “ငါတို့ကြားမှာ ဘာရန်ကြွေးမှ မရှိဘူး ... ဟုတ်လား ... ဒါကတော့ မင်း အသိဆုံး ဖြစ်မှာပါ ... ကျိုးဖန်း ... မင်း ဒီနေ့ သေရလိမ့်မယ် ...”

ကျိုးဖန်းလည်း အလွန် ထိတ်လန့်သွားပြီး အံကို တင်းတင်း ကြိတ်ကာ ဓားပျံကို အမြန်ဆုံးနှုန်းဖြင့် ပျံသန်းလိုက်၏။ စိတ်ထဲမှလည်း ကိုယ့်ကိုယ်ကိုယ် အားပေးလိုက်သည် ... ‘ငါ ဂိုဏ်းကို ရောက်သွားရင် သူ ဘယ်လောက် အစွမ်းထက်ထက် သူ ငါ့ကို သတ်နိုင်မှာ မဟုတ်တော့ဘူး ...’

ဝမ်လင်း၏ မျက်လုံးက အရောင်လက် သွားပြီး ဆွဲငင်အား နည်းစနစ်ဖြင့် ကျိုးဖန်းကို ဖမ်းဆွဲလိုက်သည်။ ကျိုးဖန်းကလည်း တစ်ချိန်လုံး ဝမ်လင်း၏ နဂါးဖမ်းလက်ကို ကာကွယ်ရန် အသင့်ပြင် ထားသည့် အတွက် ဝမ်လင်း၏ နဂါးဖမ်း လက်ရောက်လာသည်နှင့် မြေပြင်နှင့်နီးကပ်စွာ ပျံသန်းပြီး တိမ်းရှောင်လိုက်သည်။ သူ့ကိုယ်က အပြည့်အဝ တိမ်းရှောင် နိုင်ခဲ့သော်လည်း ဓားပျံကိုမူ အဖျားခတ် ထိသွားပြီး အနည်းငယ် လည်ထွက် သွားပြီးမှ ကျိုးဖန်းက သူ့ကိုယ်သူ ပြန်ထိန်း နိုင်သွား၏။

ကျိုးဖန်း၏ မျက်နှာက မည်းမှောင်သွားသည်။ သူက ဓားပျံကို မရပ်ပဲ ဆက်လက် ပျံသန်းခိုင်းလိုက်၏။

ဝမ်လင်းလည်း စတင်ပြီး စိုးရိမ်ပူပန် လာသည်။ သူ၏ ဆွဲငင်အား ကျင့်စဉ်သည် အကွာအဝေး တစ်ခုအတွင်း၌သာ အစွမ်းထက်ပြီး သတ်မှတ် အကွာအဝေးထက် ဝေးသွားပါက စွမ်းအားက လျော့ကျသွား၏။ ကျိုးဖန်းသာ ဂိုဏ်းကို ပြန်ရောက် သွားပါက ကျိုးဖန်းကို ဘာမှ လုပ်နိုင်တော့မည် မဟုတ်ပေ။ ကျိုးဖန်းသာ လွတ်သွားလျှင် သူသာမက သူ့မိဘများပါ အန္တရာယ် ကြားထဲသို့ ရောက်သွား ပေလိမ့်မည်။

သူက ချက်ချင်း စစ်ထူနန်ကို ပြောလိုက်သည် ... “စီနီယာစစ်ထူနန် ... သူ့ကို ဖမ်းဖို့အတွက် နည်းလမ်းလေးများ ရှိမလား ...”

စစ်ထူနန်က ပြန်ဖြေလိုက်သည် ... “ရှိတော့ရှိတယ် ... ဒါပေမဲ့ ...”

ဝမ်လင်းက မျက်မှောင်ကြုတ်ပြီး ချက်ချင်း ပြန်ပြော လိုက်သည် ... “ကျိုးဖန်းသာ လွတ်သွားရင် ငါ့မိဘတွေကိုလည်း အဝေးကို ခေါ်သွားရလိမ့်မယ် ... ငါ့ရဲ့ကျင့်ကြံမှုကလည်း သေမျိုးတစ်ယောက် အနေနဲ့ပဲ အဆုံးသတ် သွားလိမ့်မယ် ...”

စစ်ထူနန်က ချက်ချင်း ပြောလိုက်သည် ... “မင်းက ဘာအတွက် လောနေတာလဲ ... ငါ က ဖြည်းဖြည်း ပြောနေတာ ... အရင်ကသာဆို ဒီလိုလေးစားမှု မရှိတဲ့တပည့်ကို တစ်ချက်တည်းနဲ့ ရိုက်သတ်ပစ်လိမ့်မယ် ...”

“ဘာတပည့်လဲ ... မင်း ရူးနေတာလား ... မြန်မြန်‌ ပြောစမ်းပါ ...” ဝမ်လင်းလည်း ပိုပိုပြီး စိုးရိမ်လာသည်။ ယခင်က လေးလေးစားစား ပြောတတ်သည့် သူ၏ဟန်ပန်အသံပါ ပျောက်ဆုံး လာ၏။

***

All Chapters