← Chapters

အခန်း (၂၇၉-၂၈၀)

Vol. 15 Ch. 279-280

အခန်း (၂၇၉-၂၈၀)

Vol. 15 Ch. 279-280

အခန်း (၂၇၉) ခရီးစဉ်စတင်ခြင်း

“အဘိုးကျိုး... ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပါ။ ဒီတစ်ကြိမ်တော့ ကျွန်တော်တို့ ယင်ဝိညာဉ်ဂိုဏ်းကို အမြစ်ပြတ် သုတ်သင်ရှင်းလင်းရပါမယ်” ဟု ထိုစဉ် ဂိုဏ်းချုပ်တစ်ဦးက ရှေ့သို့တက်၍ ပြတ်သားသောလေသံဖြင့် ပြောဆိုလိုက်လေသည်။

“ကောင်းပြီ... ပဉ္စမအဆင့် မဟာဆရာနယ်ပယ်ရဲ့ အထက်မှာရှိတဲ့ သိုင်းပညာရှင်တွေအားလုံး ငါ့နောက်ကို လိုက်ခဲ့ကြ။ ကျန်တဲ့သူတွေကတော့ သူ့နောက်ကို လိုက်ကြပေတော့” ဟု ကျိုးထုံက ပြောကြားရင်း သူ၏နောက်ကွယ်ရှိ ချင်ယွမ်ဖုန်းအား လက်ညှိုးညွှန်ပြလိုက်၏။

လူအပေါင်းက ချင်ယွမ်ဖုန်းအား ဝိုင်းဝန်းကြည့်ရှုကြရာ အထူးသဖြင့် ဂိုဏ်းချုပ်များ၏ မျက်ဝန်း၌ အံ့အားသင့်ရိပ်များ ဖြတ်ပြေးသွားကြသည်။

သို့သော်လည်း ယခုကဲ့သို့သော အကျပ်အတည်းအချိန်မျိုးတွင် ကျိုးထုံကဲ့သို့သောသူက အလေးဂရုပြု၍ ရှေ့တန်းတင်ရလောက်သည့်သူမှာ သာမန်ထက်ထူးကဲသူ ဖြစ်ရမည်ကို အားလုံးက ကောင်းစွာနားလည်ထားကြပေသည်။

“အားလုံးပဲ... ကျွန်တော့်ကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်” ဟု ချင်ယွမ်ဖုန်းက လက်နှစ်ဖက်ဆုပ်၍ နှုတ်ဆက်လိုက်၏။

ကောင်းကင်ဘုံလမ်းစဉ်ပြိုင်ပွဲတွင် လင်ယွဲ့က ပထမရရှိခဲ့ပြီး ချင်ယွမ်ဖုန်းက ဒုတိယရရှိခဲ့သဖြင့် လူအများအပြားက သူ့ကို ကောင်းစွာသိရှိနေကြပြီ ဖြစ်သည်။

“တကယ်တော့ ကျွန်တော့်နာမည်က ချင်ကျိမဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ နာမည်အရင်းက ချင်ယွမ်ဖုန်း ဖြစ်ပြီး ယန်ရုအင်ပါယာအတွင်းက ဆေးနတ်ဘုရားဂိုဏ်းရဲ့ တပည့်တစ်ယောက်ပါ” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ရှင်းပြလိုက်လေသည်။

သူသည် ဤကိစ္စကို ကျိုးထုံ၊ ထျန်းချင်းတို့နှင့် ကြိုတင်တိုင်ပင်ထားပြီး ဖြစ်သော်လည်း ကောင်းကင်ဘုံမျှော်စင်အပြင်ဘက်ရှိ လူအများကမူ ဤသတင်းကြောင့် ဆူညံစွာ ဝေဖန်ဆွေးနွေးလာကြတော့သည်။

“သူက ဂိုဏ်းပေါင်းစုံ ပြိုင်ပွဲကြီးမှာ ပထမဆုရခဲ့တဲ့ ချင်ယွမ်ဖုန်းလား”

“သူက နတ်ဘုရားသောင်းချီနယ်မြေထဲမှာ သေဆုံးသွားခဲ့တာ မဟုတ်ဘူးလား။ ဆေးနတ်ဘုရားဂိုဏ်းက တောင် သူ့အတွက် နာရေးအခမ်းအနား လုပ်ခဲ့သေးတယ်”

“ရှူး... တိုးတိုးပြောစမ်းပါ။ ဒီလူက အသက်ရှင်လျက် အကောင်းအတိုင်း ရှိနေတာပဲ မဟုတ်လား။ အရင်က ကိစ္စတွေက နားလည်မှုလွဲခဲ့တာ ထင်တယ်”

ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးသာ နေလိုက်၏။ သူ၏အမည်သတင်းမှာ ဤနေရာအထိ ပျံ့နှံ့နေပြီဖြစ်ရာ ယင်းက အခြေအနေကောင်းတစ်ခုပင် ဖြစ်ပေသည်။

“စီနီယာကျိုးထုံက ကျွန်တော့်ကို အားကိုးတကြီး တာဝန်ပေးအပ်တဲ့အတွက် ကျွန်တော် ငြင်းပယ်မှာ မဟုတ်ပါဘူး။ အခု ယင်ဝိညာဉ်ဂိုဏ်းကို သွားရောက်တိုက်ခိုက်ရမယ့် ခရီးစဉ်က အလွန်အန္တရာယ်ကြီးမားမှာ အမှန်ပဲ။ ဒါပေမဲ့ အန္တရာယ်တစ်ခုခုနဲ့ ကြုံတွေ့ရရင် ကျွန်တော်ကိုယ်တိုင် ရှေ့ဆုံးကနေ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်သွားမယ်လို့ အာမခံပါတယ်” ဟု ချင်ယွမ်ဖုန်းက ပြတ်သားစွာ ကြေညာလိုက်သည်။

ဤစကားကြောင့် ဂိုဏ်းအသီးသီးမှ တပည့်များမှာ များစွာစိတ်အေးသွားကြရ၏။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့ အကြောက်ဆုံးအရာမှာ အရည်အချင်းမရှိ၊ ဘာမျှမလုပ်တတ်ဘဲ အနောက်၌သာ ပုန်းအောင်းနေတတ်သည့် အရာရှိမျိုးကို ဖြစ်ပေသည်။

ရှေ့ဆုံးမှ ဦးဆောင်ပါမည်ဟူသော ချင်ယွမ်ဖုန်း၏ ကတိစကားကြောင့် ထိုတပည့်များမှာ သူ့အပေါ် ချက်ချင်းပင် ရင်းနှီးယုံကြည်မှု တိုးပွားသွားကြတော့သည်။

ယန်ချိုင်နှင့် ကျန်ရှိနေသူများမှာမူ ချင်ယွမ်ဖုန်း၏ မူလလက္ခဏာအစစ်အမှန်ကို သိရှိသွားကြသဖြင့် အလွန်အံ့အားသင့်သွားကြရ၏။

“လူငယ်မျိုးဆက်သစ်တွေထဲမှာ နံပါတ်တစ်လို့ ကျော်ကြားတဲ့သူရဲ့ လက်ထဲမှာ ငါတို့ ရှုံးနိမ့်ခဲ့ရတာပဲ။ ဒီသတင်း ပျံ့နှံ့သွားရင်တောင် သိပ်ပြီး အရှက်ရစရာ မရှိတော့ဘူးပေါ့” ဟု ၎င်းတို့အားလုံးက တွေးတောကာ သက်ပြင်းချနိုင်ကြတော့သည်။

အစီအစဉ်များ အားလုံးအဆင်ပြေသွားပြီးနောက် လူဦးရေ သုံးရာကျော်ရှိသော တပ်ဖွဲ့ကြီးမှာ တစ္ဆေလက်သည်းမြေ၏ မြောက်ဘက်ရှိ တောင်တန်းများဆီသို့ ဟုန်ဟုန်ယံယံ ချက်ချင်းပင် ချီတက်ကြတော့သည်။

ဤနေရာသို့ ရောက်ရှိလာကြသည့် တပည့်များမှာ အနည်းဆုံး မဟာဆရာနယ်ပယ်အဆင့် ရှိကြသူများဖြစ်သဖြင့် ၎င်းတို့၏ သွားလာလှုပ်ရှားမှုနှုန်းမှာ အလွန်လျင်မြန်လှပေသည်။

ရှေ့ဆုံးမှ ကျိုးထုံနှင့် ဂိုဏ်းချုပ်များ ဦးဆောင်ချီတက်နေကြပြီး ချင်ယွမ်ဖုန်းကမူ ၎င်းတို့၏ နောက်ကွယ်မှ ထပ်ချပ်မကွာ လိုက်ပါလာ၏။

ကောင်းကင်ယံတစ်ခုလုံး မှောင်မိုက်အုံ့မှိုင်းနေသော်လည်း မည်သူတစ်ဦးမျှ နောက်ကျကျန်ရစ်ခြင်း မရှိကြပေ။ မည်သူကမျှ စကားတစ်ခွန်းမျှ မဆိုကြဘဲ မိမိတို့ရင်ဆိုင်ရမည့်အရာမှာ ပြင်းထန်လှသည့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ကြောင်း ကောင်းစွာသဘောပေါက်ထားကြပေသည်။

လင်ယွဲ့သည် ချင်ယွမ်ဖုန်း၏ ဘေးနားတွင် လိုက်ပါလာပြီး နှုတ်ခမ်းကို တင်းတင်းစေ့လျက် စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေ၏။

“စိတ်လှုပ်ရှားနေတာလား” ဟု ချင်ယွမ်ဖုန်းက လှမ်း၍ မေးမြန်းလိုက်သည်။

လင်ယွဲ့က ခေါင်းညိတ်ပြလျက် “နည်းနည်းတော့ တကယ် စိတ်လှုပ်ရှားနေမိတယ်” ဟု ပြန်လည်ဖြေကြားသည်။

“စိတ်မပူပါနဲ့။ ကျွန်တော်ဘေးမှာ ရှိနေတာပဲ” ဟု ချင်ယွမ်ဖုန်းက ပြုံး၍ အားပေးလိုက်၏။

“ချင်ယွမ်ဖုန်း... အကယ်၍ ဒီတိုက်ပွဲကြီးမှာ ငါတို့ နိုင်သွားခဲ့ရင် နင်ဘယ်ခရီးဆက်ဖို့ စိတ်ကူးထားလဲ” ဟု လင်ယွဲ့က ရုတ်တရက် မေးမြန်းလာသည်။

“ငါ လင်ယင်းကျောင်းတော်ကို အရင်သွားရမယ်။ အဲဒီနောက် ဆေးနတ်ဘုရားဂိုဏ်းကို သွားရမယ်။ ငါ သွားရောက်ဖြေရှင်းရမယ့် ကိစ္စအချို့ ကျန်သေးလို့ပါ။ ပြီးတော့ ဒီကာလအတွင်းမှာ ငါ ပဉ္စမအဆင့် ဆေးဖော်စပ်သူတစ်ယောက် ဖြစ်အောင်လည်း ကြိုးစားရဦးမယ်” ဟု ချင်ယွမ်ဖုန်းက ရယ်မောလျက် ပြောပြလိုက်၏။

“ပဉ္စမအဆင့် ဆေးဖော်စပ်သူ ဟုတ်လား။ အဲဒါက တကယ့်ကို အထင်ကြီးစရာပဲ။ မင်းက အဆောင်လက်ဖွဲ့ ဖန်တီးသူ တစ်ယောက်တင်မကဘဲ ဆေးဖော်စပ်သူလည်း ဖြစ်နေတာဆိုတော့ တကယ်ကို ချီးကျူးဖို့ကောင်းတယ်” ဟု လင်ယွဲ့က လေးစားအားကျစွာ ပြောဆိုလိုက်လေသည်။

ချင်ယွမ်ဖုန်းမှာမူ စိတ်ထဲ၌ အနည်းငယ် ရှက်ရွံ့စွာဖြင့်သာ ပြုံးနေမိတော့သည်။ သူက မည်သို့လျှင် ထူးချွန်ထက်မြက်နိုင်ပါမည်နည်း။

ဤအရာအားလုံးမှာ စနစ်၏ အကူအညီကြောင့်သာ ရရှိခဲ့ခြင်း ဖြစ်ပေသည်။

အကယ်၍ ထူးကဲသာလွန်သော နတ်ဘုရားစိုက်ပျိုးရေးစနစ်သာ မရှိခဲ့ပါက သူသည် ယခုအချိန်တွင် ပါရမီအရည်အချင်းများ ကုန်ဆုံးကာ ကျင့်စဉ်များ ပျက်စီးနေသည့် ဒုက္ခိတတစ်ဦးသာ ဖြစ်နေပေလိမ့်မည်။

သုံးနာရီခန့် အချိန်မှာ မျက်တောင်ဖျတ်ခနဲအတွင်း ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ ၎င်းတို့သည် ညနေစောင်းအချိန်၌ ခရီးစတင်ခဲ့ကြရာ ယခုအခါ သန်းခေါင်ယံအချိန်သို့ ရောက်ရှိနေပြီ ဖြစ်၏။

ရှေးဟောင်းတောအုပ်ကြီးအတွင်း၌ သဘာဝအလျောက် အေးစက်လှသော အအေးဓာတ်များ လွှမ်းမိုးနေသဖြင့် လူတိုင်းကို ချမ်းတုန်သွားစေပေသည်။

၎င်းတို့သည် ယင်ဝိညာဉ်ဂိုဏ်း၏ နယ်မြေအနီးသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ကင်းသမားတစ်ဦးတစ်ယောက်ကိုမျှ မတွေ့ရှိရသေးချေ။

ကျိုးထုံသည် ယင်ဝိညာဉ်ဂိုဏ်း၏ ထောက်လှမ်းရေးများ သိရှိသွားမည်ကို စိုးရိမ်သဖြင့် မိမိတို့က မနက်ဖြန်မှသာ စတင်တိုက်ခိုက်မည်ဟူသော သတင်းမှားကို ဖြန့်ဝေထားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ယခုကဲ့သို့ လျှို့ဝှက်စွာ ရောက်ရှိလာခြင်းကို ယင်ဝိညာဉ်ဂိုဏ်းအနေဖြင့် ကြိုတင်သိရှိနိုင်ရန် လုံးဝမဖြစ်နိုင်ပေ။

“ချင်ယွမ်ဖုန်း”

ကျိုးထုံက ခရီးစဉ်ကို ရပ်တန့်လိုက်ပြီး ချင်ယွမ်ဖုန်းကို ရှေ့သို့ခေါ်ယူကာ မြေပုံအချို့ကို ထုတ်ပေးလိုက်လေသည်။

“ဒါက ယင်ဝိညာဉ်ဂိုဏ်းရဲ့ မြေပုံပဲ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က ယင်ဝိညာဉ်ဂိုဏ်းကို ငါတို့ ဝင်ရောက်တိုက်ခိုက်တုန်းက ဒီမြေပုံကိုပဲ အားကိုးခဲ့ကြတာ။ အခု ဒီမြေပုံကို ယူထားလိုက်။ ပြီးတော့ မင်း ယုံကြည်စိတ်ချရတဲ့ လူအချို့ကို ရှာပြီး ယင်ဝိညာဉ်ဂိုဏ်းကို အရှေ့၊ အနောက်၊ တောင်၊ မြောက် စတဲ့ အရပ်ရှစ်မျက်နှာကနေ ဝိုင်းရံပိတ်ဆို့ထားလိုက်ပါ။ ယင်ဝိညာဉ်ဂိုဏ်းရဲ့ တပည့်တစ်ယောက်မှ လွတ်မြောက်မသွားစေနဲ့” ဟု ကျိုးထုံက တည်ကြည်လေးနက်စွာ တာဝန်ပေးအပ်လိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “စိတ်ချပါ စီနီယာ... ကျွန်တော် နားလည်ပါပြီ” ဟု ပြန်လည်ပြောကြားလိုက်သည်။

“အော်... ပြီးတော့ ဒါက မင်းအတွက် အသုံးဝင်လိမ့်မယ်”

ထိုသို့ပြောဆိုရင်း ကျိုးထုံက သူ၏သိုလှောင်အိတ်ထဲမှ လက်သီးဆုပ်ခန့်ရှိသော သံမဏိလုံးအမည်းအချို့ကို ထုတ်ယူလိုက်လေသည်။

“သူတို့ကို ဒီပစ္စည်းတွေ ပေးပြီး အသုံးပြုခိုင်းလိုက်ပါ” ဟု ကျိုးထုံက ပြုံးလျက် ဆို၏။

“ဒါတွေက ဘာလဲ” ချင်ယွမ်ဖုန်းက ထိုသံမဏိလုံး ရှစ်လုံးလုံးကို လက်ခံရယူကာ သူ၏သိုလှောင်အိတ်ထဲသို့ ထည့်သွင်းလိုက်ရင်း စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

ဘေးနားရှိ ဂိုဏ်းချုပ်အချို့က ရယ်မောကြပြီး “လွန်ခဲ့တဲ့ အနှစ်သုံးဆယ်ကသာ ငါတို့ဆီမှာ ဒီလိုပစ္စည်းတွေ ရှိခဲ့ရင် ယင်ဝိညာဉ်ဂိုဏ်းနဲ့ အသက်လုပြီး ပြင်းပြင်းထန်ထန် တိုက်ပွဲဝင်နေစရာ လိုပါဦးမလား” ဟု မှတ်ချက်ပြုကြ၏။

“ပြောမနေပါနဲ့တော့။ ငါလည်း ယင်ဝိညာဉ်ဂိုဏ်း ပြန်လည်ခေါင်းထောင်လာမှာကို ကာကွယ်ဖို့အတွက် သူငယ်ချင်းဟောင်းတစ်ယောက်ဆီမှာ မျက်နှာအပျက်ခံပြီး အတင်းတောင်းဆိုခဲ့ရတာ” ဟု ကျိုးထုံက တဟားဟား ရယ်မောလျက် ပြောဆိုလိုက်သည်။

ချင်ယွမ်ဖုန်းမှာ ပိုမို၍ စူးစမ်းချင်စိတ် ပြင်းပြလာရ၏။ ဤသံမဏိလုံးများက မည်မျှအစွမ်းထက်သဖြင့် ဂိုဏ်းချုပ်ကြီးများ ဤမျှအထိ ဝမ်းသာအားရ ဖြစ်နေကြရပါသနည်း။

“ဒါတွေကို ကောင်းကင်ပြိုမိုးကြိုးလုံးလို့ ခေါ်တယ်။ တစ်လုံးတည်းနဲ့တင် တောင်ကုန်းတစ်ခုလုံးကို မြေပြန့်ဖြစ်အောင် ဖျက်ဆီးပစ်နိုင်တဲ့ အစွမ်းရှိတယ်။ သေချာဂရုစိုက်ပြီး သုံးကြပါ။ အခုကစလို့ နောက်ထပ် တစ်နာရီမကျော်ခင်မှာ အားလုံးကို ဖောက်ခွဲပစ်ရမယ်။ အဲဒီပေါက်ကွဲသံကို တိုက်ပွဲဝင်အချက်ပြစံနစ်အဖြစ် သုံးမယ်။ ပေါက်ကွဲသံ ကြားတာနဲ့ ငါတို့ တိုက်စစ်ဆင်တော့မယ်” ဟု ကျိုးထုံက တည်ငြိမ်စွာ ညွှန်ကြားလိုက်လေသည်။

ချင်ယွမ်ဖုန်း၏ ရင်ထဲ၌ ထိတ်ခနဲ ဖြစ်သွားရ၏။ သူသည် မိမိ၏သိုလှောင်အိတ်ထဲသို့ ယခုလေးတင် ထည့်သွင်းလိုက်သည့် ပစ္စည်းများမှာ ဒုံးကျည်များကဲ့သို့ ပြင်းထန်လှသော ဖျက်ဆီးရေးစွမ်းအား ရှိလိမ့်မည်ဟု လုံးဝထင်မှတ်မထားခဲ့ချေ။

“စီနီယာ... ကျွန်တော် ကောင်းကောင်းနားလည်ပါပြီ။ အခုပဲ သွားရောက်ပြင်ဆင်လိုက်ပါ့မယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“သတိထားရမှာက အဲဒီသံမဏိလုံးတွေကို ကိုယ်တွင်းစွမ်းအင်နဲ့ မီးညှိရမယ်။ အမွှေးတိုင်တစ်တိုင် ကုန်ဆုံးတဲ့ အချိန်လောက်မှာ ပေါက်ကွဲလိမ့်မယ်” ဟု ကျိုးထုံက ထပ်လောင်းသတိပေးလိုက်၏။

ချင်ယွမ်ဖုန်းက ခေါင်းညိတ်ပြလျက် “နားလည်ပါပြီ” ဟု ဆိုကာ ပြန်လှည့်လာခဲ့တော့သည်။

မကြာမီပင် ချင်ယွမ်ဖုန်းသည် လူငယ်မျိုးဆက်သစ် တပည့်များရှိရာသို့ ပြန်လည်ရောက်ရှိလာခဲ့၏။

“ယင်ဝိညာဉ်ဂိုဏ်းကို အရပ်မျက်နှာအသီးသီးကနေ ဝိုင်းရံပိတ်ဆို့ဖို့အတွက် ကျွန်တော့်ကို ကူညီပေးမယ့်လူ ခုနစ်ယောက် လိုအပ်ပါတယ်” ဟု ချင်ယွမ်ဖုန်းက အေးဆေးစွာ ပြောကြားလိုက်သည်။

ထိုစကားကို ကြားရသောအခါ လူတိုင်း တိတ်ဆိတ်သွားကြ၏။ ခေတ္တမျှ ကြာပြီးနောက်တွင် လူအချို့ ရှေ့သို့ တိုးထွက်လာကြတော့သည်။

ယန်ချိုင်၊ ထန်ဂျွန်းနှင့် ကျူးပိတို့ သုံးဦးမှာ အနောက်ဘက်ပင်လယ်ပြင်၏ မျိုးဆက်သစ်လူငယ်များထဲတွင် ကျော်ကြားသူများ ဖြစ်ကြသဖြင့် ၎င်းတို့က နေရာသုံးနေရာကို ချက်ချင်းပင် ရယူလိုက်ကြသည်။

ချင်ယွမ်ဖုန်းကိုယ်တိုင်ကလည်း နေရာတစ်နေရာ ယူထား၏။

ထိုစဉ် လင်ယွဲ့ကလည်း ချင်ယွမ်ဖုန်း၏ အနီးသို့ လျှောက်လှမ်းလာပြီး “ငါ့ကိုလည်း တစ်ယောက်အဖြစ် ထည့်တွက်လိုက်ပါ” ဟု ပြောဆိုလိုက်သည်။

“စီနီယာအမတကယ် လုပ်နိုင်ပါ့မလား” ဟု ချင်ယွမ်ဖုန်းက မေးမြန်းလိုက်၏။

လင်ယွဲ့က လေးနက်စွာ ခေါင်းညိတ်ပြလျက် ချင်ယွမ်ဖုန်း၏ နားအနီးသို့ တိုးကပ်ကာ “ငါ အမြဲတမ်း နင်ရဲ့အနောက်မှာပဲ ပုန်းအောင်းမနေချင်ဘူး” ဟု တိုးတိုးလေး ပြောကြားလိုက်လေသည်။

ချင်ယွမ်ဖုန်းက ခပ်ပြုံးပြုံးဖြင့်သာ နေလိုက်ရာ ထိုစဉ် လူအုပ်ထဲမှ နောက်ထပ် လူသုံးဦး ထပ်မံထွက်ပေါ်လာကြပြန်သည်။ ၎င်းတို့အားလုံးမှာ ပဉ္စမအဆင့် မဟာဆရာနယ်ပယ်၏ အစွမ်းသတ္တိများ ရှိကြကြောင်း ချင်ယွမ်ဖုန်းက သတိပြုမိလိုက်၏။

“ကောင်းပြီ... ဒါဆိုရင် ငါတို့ ရှစ်ယောက်ပေါ့။ ကျန်တဲ့သူတွေကို အဖွဲ့ရှစ်ဖွဲ့ ခွဲခြားလိုက်မယ်။ ငါတို့ တစ်ယောက်ချင်းစီက အဖွဲ့တစ်ဖွဲ့စီကို တာဝန်ယူပြီး ဦးဆောင်ရမယ်” ဟု ချင်ယွမ်ဖုန်းက တည်ငြိမ်စွာ စီစဉ်ညွှန်ကြားလိုက်တော့သည်။

မကြာမီ အချိန်အတွင်းမှာပင် လူစုကြီးကို အဖွဲ့ငယ် ရှစ်ဖွဲ့အဖြစ် ပြန်လည်ပြင်ဆင်ဖွဲ့စည်းလိုက်ကြရာ အဖွဲ့တစ်ဖွဲ့လျှင် လူဦးရေ လေးဆယ်ကျော်စီ ပါဝင်ဖွဲ့စည်းမိကြတော့ပေသတည်း။

အခန်း (၂၈၀) ကောင်းကင်လှုပ်ခတ်စေသော မိုးကြိုးသံ

“မင်းတို့အနေနဲ့ အစောပိုင်းကတည်းက ရှေ့ထွက်မလာခဲ့ကြတာပဲ ဖြစ်ဖြစ်၊ အခုအချိန်မှာတော့ ကိုယ့်ကို ဦးဆောင်နေတဲ့သူကို ယုံကြည်မှုထားကြရမယ်။ ဒီတိုက်ပွဲက အင်မတန် အရေးကြီးတယ်။ တကယ်လို့ ကျရှုံးသွားခဲ့ရင် ယင်ဝိညာဉ်ဂိုဏ်းရဲ့ ကလဲ့စားချေမှုကိုသာ ထိုင်စောင့်နေကြပေတော့။ ဒါကြောင့် ဒီထဲမှာ အမိန့်မနာခံချင်တဲ့သူ ရှိရင် အခုပဲ ရှေ့ကို ထွက်လာနိုင်တယ်” ဟု ချင်ယွမ်ဖုန်းက အေးစက်တည်ငြိမ်စွာ ပြောကြားလိုက်လေသည်။

မနှစ်မြို့ဖွယ်ရာ အမှန်တရားကို ကြိုတင်၍ အတိအလင်း ဖွင့်ဟပြောဆိုလိုက်ခြင်းအားဖြင့် ဆူပူသောင်းကျန်းချင်နေသော လူအချို့ကို ငြိမ်ဝပ်သွားစေနိုင်မည်ဟု ချင်ယွမ်ဖုန်းက ယူဆခဲ့သည်။

“ကောင်းပြီ၊ ဒါက ယင်ဝိညာဉ်ဂိုဏ်းရဲ့ မြေပုံပဲ။ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က မြေပုံဖြစ်ပေမယ့်လည်းပေါ့။ အခုအချိန်မှာတော့ ယင်ဝိညာဉ်ဂိုဏ်းရဲ့ အင်အားက တဖြည်းဖြည်း ဆုတ်ယုတ်အားနည်းနေပြီလို့ ကျွန်တော် ခန့်မှန်းမိတယ်။ ဒါကြောင့် သူတို့ရဲ့ နယ်မြေက အရင်ကထက် ပိုပြီး ကျဉ်းမြောင်းသွားလောက်ပြီ”

ချင်ယွမ်ဖုန်းသည် မြေပုံကို လင်ယွဲ့နှင့် အခြားသူများထံသို့ ကမ်းပေးလိုက်၏။

ယခင်ကမူ ယင်ဝိညာဉ်ဂိုဏ်းသည် တစ္ဆေလက်သည်းမြေ ချိုင့်ဝှမ်း၏ မြောက်ဘက်ရှိ တောင်တန်းအားလုံးကို နီးပါး စိုးမိုးအုပ်ချုပ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အလယ်ဗဟိုဒေသလောက်တွင်သာ ကန့်သတ်ချုပ်ချယ်ခြင်း ခံထားရလေသည်။

ထိုသို့သော အခြေအနေတွင်ပင် စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ညဉ့်နက်သန်းခေါင်ယံ အမှောင်ထုထဲ၌ပင် အထင်အရှား မြင်တွေ့နိုင်လောက်အောင် ကောင်းကင်ယံသို့ ထိုးတက်နေဆဲ ဖြစ်ချေသည်။

ယင်းက လူတိုင်းကို လမ်းမှန်သို့ လမ်းညွှန်ပြသပေးနေသည့် မီးပြတိုက်တစ်ခုကဲ့သို့ပင် ရှိနေတော့သည်။

“ပြီးတော့ ဒါကတော့ ကောင်းကင်ပြိုမိုးကြိုးလုံးလို့ ခေါ်တယ်။ သူ့ရဲ့ ဖျက်ဆီးနိုင်စွမ်းက တောင်တစ်လုံးကိုတောင် မြေပြန့်ဖြစ်သွားစေနိုင်တဲ့အထိ ပြင်းထန်တယ်။ ဒါကို ဖောက်ခွဲဖို့အတွက် ကိုယ်တွင်းစွမ်းအင်ကို အသုံးပြုရမယ်။ တစ်ယောက်ကို တစ်လုံးစီ ရကြလိမ့်မယ်။ သင့်တော်တဲ့ နေရာတစ်ခုကို ရှာဖွေပြီးရင် တိတ်တဆိတ် ခိုးဝင်ပြီးတော့ ဒီကောင်းကင်လှုပ်ခတ်စေတဲ့ မိုးကြိုးကို မြှုပ်နှံထားလိုက်ကြ။ သတိပြုရမှာက ကိုယ့်လူတွေနဲ့ အဝေးကြီးမှာ ရှိနေရမယ်ဆိုတာပဲ”

ဟု ချင်ယွမ်ဖုန်းက လေးနက်တည်ကြည်သော လေသံဖြင့် မှာကြားလိုက်၏။

ထိုနေရာရှိ လူအများက ခေါင်းညိတ်ပြကြသည်။ ၎င်းတို့သည် လူမိုက်များ မဟုတ်ကြပေရာ ထိုအရာ၏ ပြင်းအားက တောင်တစ်လုံးကိုပင် ဖြိုချနိုင်သည်ဆိုပါက အနီးအနားတွင် ရှိနေပါက တခဏချင်းအတွင်း ပြာကျသွားနိုင်သည်ကို ကောင်းစွာ နားလည်ကြပေသည်။

“ဒီကောင်းကင်ပြိုမိုးကြိုးလုံးကို ကိုယ်တွင်းစွမ်းအင်နဲ့ စတင်လှုံ့ဆော်ပြီးရင် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးတဲ့ အချိန်လောက်မှာ ပေါက်ကွဲလိမ့်မယ်။ အချိန်ကို သေချာ တွက်ချက် စီမံကြပါ။ ဒါက ကျွန်တော်တို့ရဲ့ ပထမဆုံးအကြိမ် ပူးပေါင်းဆောင်ရွက်မှု ဖြစ်ပေမယ့်လည်း ပထမဆုံးအကြိမ် အောင်မြင်တဲ့ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ချင်ယွမ်ဖုန်းက စိုးရိမ်တကြီးဖြင့် ထပ်လောင်း သတိပေးလိုက်ပြန်သည်။

လူတိုင်းက လေးလေးနက်နက် ခေါင်းညိတ်ထောက်ခံကြ၏။ ယခုအချိန်တွင်မူ ၎င်းတို့သည် တူညီသော ဘုံရန်သူ ရှိနေသည့်အတွက်ကြောင့် မိမိတို့အကြားရှိ သဘောထားကွဲလွဲမှုများကို ဘေးဖယ်ထားလိုက်ကြပြီ ဖြစ်သည်။

“အခုကစလို့ တစ်နာရီကြာပြီးရင် ကောင်းကင်ပြိုမိုးကြိုးလုံးကို တစ်ပြိုင်နက်တည်း ဖောက်ခွဲကြမယ်။ အချိန်ကို သေချာ တွက်ချက်ထားကြပါ” ဟု ချင်ယွမ်ဖုန်းက ဆိုလေသည်။

လူတိုင်းသည် မိမိတို့ သွားရောက်ရမည့် အရပ်မျက်နှာများကို အသီးသီး ဆွေးနွေးတိုင်ပင်ကြပြီးနောက် ခေါင်းဆောင်တစ်ဦးစီက အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ကာ သတ်မှတ်ထားသော နေရာများသို့ အလျင်အမြန် ထွက်ခွာသွားကြတော့သည်။

မထွက်ခွာမီ ချင်ယွမ်ဖုန်းသည် လင်ယွဲ့ကို နောက်ဆုံးတစ်ကြိမ် လှည့်ကြည့်ကာ “ကိုယ့်ကိုယ်ကိုယ် အတင်းအကျပ် တွန်းအားမပေးပါနဲ့။ တကယ်လို့ အန္တရာယ်နဲ့ ကြုံလာရရင် ကျွန်တော့်ကို အော်ခေါ်လိုက်ပါ” ဟု ဆို၏။

လင်ယွဲ့က လေးနက်စွာ ခေါင်းညိတ်ပြပြီးနောက် ၎င်းတို့သည် လမ်းခွဲခဲ့ကြသည်။

ချင်ယွမ်ဖုန်းသည် အဝေးဆုံးနေရာဖြစ်သော ယင်ဝိညာဉ်ဂိုဏ်း၏ မြောက်ဘက်အရပ်ကို ရွေးချယ်ခဲ့သည်။

အခြားတစ်ဖက်တွင်မူ ကျူးပိသည် အနီးဆုံးနေရာဖြစ်သော ယင်ဝိညာဉ်ဂိုဏ်း၏ တောင်ဘက်အရပ်ကို ရွေးချယ်ခဲ့ရာ ရှေ့သို့ အနည်းငယ်မျှ လျှောက်လှမ်းရုံမျှဖြင့် ရောက်ရှိနိုင်ပေသည်။

ယင်ဝိညာဉ်ဂိုဏ်းအနေဖြင့် လူအများအပြား စုရုံးကာ မိမိတို့အား လာရောက်တိုက်ခိုက်တော့မည်ဟူသော သတင်းကို ကြိုတင်ရရှိထားပြီး တိုက်ပွဲအတွက် ပြင်ဆင်ထားကြသော်လည်း ဖြစ်တန်ရာသည်။

သို့သော်လည်း တိုက်ခိုက်မည့်အချိန်ကို အရှိန်အဟုန်ဖြင့် ရှေ့တိုးလိုက်လိမ့်မည်ဟု ၎င်းတို့ မထင်မှတ်ထားခဲ့ကြပေ။ ထို့ကြောင့် ထိုညတွင် ယင်ဝိညာဉ်ဂိုဏ်းသားများသည် သတိဝီရိယ အလွန်အကျွံ ထားရှိခြင်း မရှိကြချေ။

ချင်ယွမ်ဖုန်းနှင့် အခြားသူများသည် သဘောတူညီထားသည့် နေရာများသို့ အောင်မြင်စွာ ရောက်ရှိသွားကြပြီးနောက် အဖွဲ့ခေါင်းဆောင် အသီးသီးသည် ကောင်းကင်လှုပ်ခတ်စေသော မိုးကြိုးကို သယ်ဆောင်လျက် ယင်ဝိညာဉ်ဂိုဏ်း၏ အလယ်ဗဟိုချက်မဆီသို့ ဦးတည်ကာ တိုးဝင်သွားကြတော့သည်။

၎င်းတို့သည် မိမိတို့၏ လူများနှင့် ဝေးကွာသော နေရာတွင် ရှိနေရမည် ဖြစ်သကဲ့သို့ ကောင်းကင်ပြိုမိုးကြိုးလုံး၏ စွမ်းအားကို အမြင့်ဆုံး ရရှိစေရန်အတွက် ယင်ဝိညာဉ်ဂိုဏ်းနှင့် အနီးစပ်ဆုံး နေရာအထိ ချဉ်းကပ်သွားရန်လည်း လိုအပ်ပေသည်။

ချင်ယွမ်ဖုန်းသည် ကောင်းကင်လှုပ်ခတ်စေသော မိုးကြိုးကို ပွေ့ပိုက်ထားရင်း မိမိ၏ ဝိညာဉ်စွမ်းအားကို ဖြန့်ကြက်ကာ ရှေ့မှောက်ရှိ အခြေအနေ အရပ်ရပ်ကို အကဲခတ်လျက် ကင်းလှည့်နေသော ယင်ဝိညာဉ်ဂိုဏ်း၏ တပည့်များကို အလွယ်တကူ ရှောင်ကွင်းသွားခဲ့သည်။

အခြားသူများတွင်လည်း မိမိတို့၏ ကိုယ်ပိုင် နည်းလမ်းကောင်းများ ရှိကြပေရာ ထိုသို့သော အရည်အချင်းမျိုး မရှိပါကလည်း ဂိုဏ်းအသီးသီးတွင် ယခုကဲ့သို့ နာမည်ကျော်ကြားလာစရာ အကြောင်းမရှိပေ။

တစ်နာရီခန့် ကြာလွန်သောအခါ ချင်ယွမ်ဖုန်းနှင့် အခြားသော ခုနစ်ယောက်သော သူတို့သည် ယင်ဝိညာဉ်ဂိုဏ်း၏ အချက်အချာကျသော ဒေသသို့ တဖြည်းဖြည်းချင်း ရောက်ရှိလာကြသည်။

ယခုအချိန်တွင်မူ ချင်ယွမ်ဖုန်းသည် ကောင်းကင်ယံသို့ ထိုးတက်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ မည်သည့်နေရာမှ စတင်မြစ်ဖျားခံလာသည်ကိုပင် မျက်ဝါးထင်ထင် မြင်တွေ့နေရပြီ ဖြစ်သည်။

သူ၏ ရှေ့မှောက်တွင် မြက်ပင်တစ်ပင်မျှ ပေါက်ရောက်ခြင်းမရှိသော အလွန်ကျယ်ပြောလှသည့် ကွင်းပြင်ကြီးတစ်ခု ရှိနေပြီး ထိုမြေရိုင်း မြင်ကွင်းသည် ဘေးပတ်ဝန်းကျင်ရှိ စိမ်းလန်းစိုပြည်သော တောအုပ်ကြီးနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေချေသည်။

ချင်ယွမ်ဖုန်း ယခင်က မြင်တွေ့ခဲ့ဖူးသော မိစ္ဆာနယ်မြေများကဲ့သို့ပင် ဤနေရာသည်လည်း စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများဖြင့် ပြည့်နှက်နေတော့သည်။

ယင်ဝိညာဉ်ဂိုဏ်း၏ တပည့်ပေါင်း နှစ်ရာခန့်သည် ထိုနေရာတွင် တပ်စွဲထားကြပြီး သစ္စာရှိလှသော ဘာသာရေး အယူဝါဒီများကဲ့သို့ အလောင်းကောင်ထည့်ထားသည့် ခေါင်းတလားတစ်ခုကို ဝိုင်းရံလျက်

စည်းဝိုင်းအလိုက် ထိုင်နေကြသည်။

ထိုအချိန်တွင် ယင်ဝိညာဉ်ဂိုဏ်း၏ တပည့်တိုင်းသည် မျက်လုံးများကို မှိတ်ထားကြပြီး ပတ်ဝန်းကျင်တစ်ခုလုံး၌ ပျံ့နှံ့နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများကို စုပ်ယူနေကြပုံရပေသည်။

ထိုစိတ်အာဃာတမိစ္ဆာ အရှိန်အဝါများသည် ခေါင်းတလားအတွင်းမှ ထွက်ပေါ်လာခြင်း ဖြစ်၏။

ခေါင်းတလားနှင့် အနီးစပ်ဆုံး နေရာတွင်မူ အားမာန်ပြည့်ဝသော သိုင်းပညာရှင်ကြီး ငါးဦး ရှိနေသည်။

ဤမျှ ဝေးကွာသော အကွာအဝေးမှနေ၍ပင် ချင်ယွမ်ဖုန်းသည် ၎င်းတို့ထံမှ ထွက်ပေါ်နေသော ပြင်းထန်လှသည့် စွမ်းအင်လှိုင်းများကို အာရုံခံမိနေသည်။

ချင်ယွမ်ဖုန်းသည် ထိုထူးချွန်ထက်မြက်သော ပညာရှင်များ မိမိအား ရိပ်မိသွားမည်ကို စိုးရိမ်သဖြင့် မိမိ၏ ဝိညာဉ်စွမ်းအားကိုပင် ရှေ့သို့ ဖြန့်ကြက်ရန် မဝံ့မရဲ ဖြစ်နေမိသည်။

“ဒီလူတွေက မုဟွိုက် ပြောခဲ့တဲ့ ယင်ဝိညာဉ်ဂိုဏ်းရဲ့ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲတွေ ဖြစ်ရမယ်။ တကယ်ပဲ ကြောက်စရာကောင်းတဲ့သူတွေပဲ” ဟု ချင်ယွမ်ဖုန်းက တိုးတိုးရေရွတ်ရင်း ကောင်းကင်ပြိုမိုးကြိုးလုံးကို မိမိ၏ ခြေဖျားနားတွင် အသာအယာ ချထားလိုက်သည်။

ဤနေရာသည် ကွင်းပြင်အလယ်နှင့် အတန်ငယ် ဝေးကွာနေသေးသော်လည်း ချင်ယွမ်ဖုန်းသည် ရှေ့သို့ ဆက်မတိုးဝံ့တော့ပေ။ သို့မဟုတ်ပါက ထိုအစွမ်းထက်လှသော ယင်ဝိညာဉ်ဂိုဏ်း၏ ဂိုဏ်းကြီးကြပ်သူ အကြီးအကဲများ၏ သိရှိသွားခြင်းကို ခံရပေလိမ့်မည်။

အချိန်စေ့လုနီးပြီ ဖြစ်ကြောင်း တွက်ချက်မိသဖြင့် ချင်ယွမ်ဖုန်းသည် ကောင်းကင်လှုပ်ခတ်စေသော မိုးကြိုးအတွင်းသို့ ကိုယ်တွင်းစွမ်းအင် အနည်းငယ်ကို တိုက်ရိုက် ထည့်သွင်းလိုက်လေသည်။

ထိုအခါ ကောင်းကင်လှုပ်ခတ်စေသော မိုးကြိုးအတွင်းရှိ စွမ်းအင်များသည် ပြင်းထန်ရုန်းကြွလာပြီး ချင်ယွမ်ဖုန်းသည်လည်း နောက်ကွယ်သို့ အလျင်အမြန် ဆုတ်ခွာပြေးလွှားခဲ့တော့သည်။

အမွှေးတိုင်တစ်တိုင် ကုန်ဆုံးလုနီး အချိန်သို့ ရောက်သောအခါ ယင်ဝိညာဉ်ဂိုဏ်း၏ တပည့်တစ်ဦးသည် ဖြည်းညင်းစွာ ထရပ်လိုက်ပြီး ချင်ယွမ်ဖုန်း ရှိခဲ့သော နေရာသို့ လျှောက်လှမ်းလာကာ မြေပြင်ပေါ်တွင် ချထားသည့် ကောင်းကင်ပြိုမိုးကြိုးလုံးကို ဇဝေဇဝါဖြစ်လျက် ငုံ့ကြည့်လိုက်မိသည်။

“ဒါက ဘာကြီးလဲ”

နောက်တစ်ကိုယ်၌ပင် ကောင်းကင်နှင့် မြေကမ္ဘာတစ်ခုလုံးကို တုန်ဟည်းသွားစေမည့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး ထိုယင်ဝိညာဉ်ဂိုဏ်း၏ တပည့်သည် ခဏချင်းအတွင်းမှာပင် ပြာမှုန့်ဘဝသို့ ပြောင်းလဲသွားရတော့သည်။

ထိုသို့ ပေါက်ကွဲပြီးသည်နှင့် တပြိုင်နက် ကောင်းကင်ကြီး ကွဲအက်တော့မည့်အလား ထိုကဲ့သို့သော ပြင်းထန်လှသည့် ပေါက်ကွဲသံကြီး ခုနစ်ချက် ဆက်တိုက် ထွက်ပေါ်လာရာ ယင်ဝိညာဉ်ဂိုဏ်း၏ အလယ်ဗဟိုချက်မတစ်ခုလုံး ပြင်းထန်စွာ လှုပ်ခါသွားခဲ့ရသည်။

ထိုပေါက်ကွဲမှုကြောင့် မြေပြင်ပေါ်ရှိ ထူထဲလှသော မြေသားများ လွင့်စင်တက်လာပြီး ကောင်းကင်ပြိုမိုးကြိုးလုံး ရှိခဲ့သည့် နေရာများတွင် ကြီးမားနက်ရှိုင်းလှသော ကျင်းကြီးများ ဖြစ်ပေါ်ကျန်ရစ်ကာ မှိုပွင့်ပုံစံ မီးခိုးတိမ်တိုက်ကြီး ရှစ်ခုသည် ဝေဟင်သို့ ဖြည်းညင်းစွာ ထိုးတက်သွားတော့သည်။

ပေါက်ကွဲမှု ဖြစ်ပွားသည့် ခဏ၌ လောကကြီးတစ်ခုလုံးသည် နေ့ခင်းဘက်ကဲ့သို့ လင်းထိန်သွားပြီး ကြီးမားလှသော လေလှိုင်းလုံးကြီးများသည် အလွှာလိုက် ပျံ့နှံ့သွားကာ ကွင်းပြင်ရှိ ယင်ဝိညာဉ်ဂိုဏ်း၏ တပည့်များကို တိုက်ရိုက် လွင့်စင်သွားစေခဲ့သည်။

မြေပြင်ပေါ်ရှိ အပျက်အစီးများ ဘေးဘီသို့ လွင့်စင်သွားပြီး အနီးနားရှိ သစ်ပင်ကြီးများသည်လည်း ထိုလေလှိုင်းဒဏ်ကြောင့် ခဏချင်းအတွင်းမှာပင် အမှုန့်ဘဝသို့ ရောက်ရှိသွားရရှာသည်။

ထိုအချိန်တွင် ဖုန်မှုန့် အလိမ်းလိမ်းတို့က ကောင်းကင်ယံကို ဖုံးလွှမ်းသွားရာ ကမ္ဘာပျက်ကပ်ကြီး ရောက်လာသည့်အလား ထင်မှတ်ရပေသည်။

ထိုမြေလှုပ်ခတ်မတတ် ပြင်းထန်လှသော ပေါက်ကွဲသံကြီးများနှင့် မီးလျှံများသည် တစ္ဆေလက်သည်းမြေ ချိုင့်ဝှမ်းရှိ ရွာလေးရွာမှ လူသားများကို အိပ်မောကျနေရာမှ နိုးစက်ပေးလိုက်သကဲ့သို့ ဖြစ်သွားစေကာ ၎င်းတို့သည် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို မသိရှိကြသဖြင့် အပြင်သို့ အပြေးအလွှား ထွက်ကြည့်ကြကုန်သည်။

ထိုပေါက်ကွဲမှုများသည် ကောင်းကင်သို့ ထိုးတက်နေသော စိတ်အာဃာတမိစ္ဆာ အရှိန်အဝါများ၏ အနီးအနားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပေရာ ထိုမိစ္ဆာအရှိန်အဝါများကို တစ်စုံတစ်ယောက်က ဝင်ရောက်တိုက်ခိုက်နေပြီ ဖြစ်ကြောင်း လူတိုင်းက သဘောပေါက်သွားကြသည်။

ထိုပေါက်ကွဲမှုကြီးကို မြင်တွေ့လိုက်ရသောအခါ ကျိုးထုံနှင့် အခြားသူများသည် အတိုင်းထက်အလွန် ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားကြသည်။

ဤပေါက်ကွဲသံမျှဖြင့်ပင် ယင်ဝိညာဉ်ဂိုဏ်းကို ဖရိုဖရဲ ဖြစ်သွားစေရန် လုံလောက်ပေသည်။

ထိုပေါက်ကွဲမှုများသည် အမွှေးတိုင်တစ်တိုင် ကုန်ဆုံးချိန်အထိ ကြာမြင့်ခဲ့ပြီးမှ ဖြည်းညင်းစွာ ငြိမ်သက်သွားခဲ့သည်။

ထိုအချိန်တွင် ကျိုးထုံသည် ဂိုဏ်းအသီးသီးမှ ဂိုဏ်းချုပ်များကို ဦးဆောင်ကာ ယင်ဝိညာဉ်ဂိုဏ်း၏ အလယ်ဗဟိုချက်မဆီသို့ တိုက်ရိုက် ချီတက် တိုက်ခိုက်ကြတော့သည်။

တစ်ချိန်တည်းမှာပင် ချင်ယွမ်ဖုန်းနှင့် အခြားသော ရှစ်ယောက်သော သူတို့သည်လည်း မိမိတို့၏ အဖွဲ့အသီးသီးကို ဦးဆောင်ကာ အပြင်းအထန် တိုးဝင်တိုက်ခိုက်ကြရာ ကောင်းကင်ယံတစ်ခုလုံး တိုက်ပွဲဝင် ကြွေးကြော်သံများဖြင့် ဖုံးလွှမ်းသွားတော့သည်။

ယင်ဝိညာဉ်ဂိုဏ်း၏ တပည့်များသည် ပေါက်ကွဲမှုဒဏ်ကြောင့် အသိစိတ် မဝင်နိုင်သေးခင်မှာပင် အရပ်မျက်နှာ အသီးသီးမှ လူအများအပြား ပြေးဝင်လာကြသည်ကို မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့၏ စိတ်နှလုံးထဲတွင် လုံးဝ စိတ်ပျက်အားငယ်သွားကြရတော့သည်။

“သူတို့က မနက်ဖြန်မှ တိုက်ခိုက်မယ်လို့ ပြောထားတာ မဟုတ်ဘူးလား”

“အခုနက အကျယ်ကြီး ပေါက်ကွဲသွားတာ ဘာကြီးလဲ”

“အမေရေ၊ ကျွန်တော် အိမ်ပြန်ချင်ပြီ”

သို့သော်လည်း ၎င်းတို့အတွက်မူ ထိုသို့ ပြန်လည်လုပ်ဆောင်ရန် အခွင့်အရေး မရှိတော့ပေ။

All Chapters