အခန်း (၁၀၃-၁၀၄)
Vol. 10 Ch. 103-104
အခန်း(၁၀၃)အဖြေရှာပြီ
အချိန်ကာလသည် တရွေ့ရွေ့နှင့်ကုန်ဆုံးသွားပြီး မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆောင်းအကူးအပြောင်းကာလသို့ ရောက်ရှိလာခဲ့လေသည်။
ရာသီဥတုက တဖြည်းဖြည်း ပို၍ အေးစက်လာရာ အိမ်ထဲရှိ ရေအိုးကြီးပင် ဆီးနှင်းဒဏ်ကြောင့် အက်ကွဲကြောင်း ထင်နေခဲ့၏။
သခင်မလေးရွန့်သည် ချင်းချင်း၏ အခန်းထဲသို့ ရံဖန်ရံခါ လာတတ်ပြီး ထိုသို့လာသည့်အခါ တံခါးဝကတည်းက ပြင်းထန်သော ဆေးနံ့ကို ချက်ချင်း ရရှိလိုက်သည်။
မီးဖိုပေါ်ရှိ မြေအိုးထဲတွင် ဆေးရည်များ တဗွက်ဗွက် ဆူပွက်နေပြီး ဆေးမြစ်များကို ပြုတ်နေခြင်း ဖြစ်၏။
"ချင်းချင်း၊ နင် ဘယ်သူ့အတွက် ဆေးပြုတ်နေတာလဲ"
သခင်မလေးရွန့်က မျက်နှာတစ်ခုလုံး အံ့ဩမှုများဖြင့် မေးလိုက်သည်။
"ကျွန်မ... ကျွန်မ... အတွက် ပြုတ်နေတာပါ"
ချင်းချင်းသည် မျက်လုံးချင်းမဆုံဘဲ စကားများ ထစ်ငေါ့ကာ ရှောင်လွှဲပြောဆိုနေ၏။
"နင် နေမကောင်းဖြစ်နေလို့လား"
သခင်မလေးရွန့်သည် ချင်းချင်းကို မသိမသာ အကဲခတ်ကြည့်လိုက်ရာ သူမ၏ အသားအရေမှာ ဝင်းပစိုပြေနေပြီး ပါးပြင်များမှာလည်း ဖောင်းအိနေသည်ကို တွေ့ရသည်။ သူမသည် ဖျားနာနေသူနှင့် လုံးဝ မတူချေ။
ချင်းချင်းသည် အစားကောင်းကောင်းစားကာ အိပ်ရေးဝဝ အိပ်စက်ခဲ့သဖြင့် သိသိသာသာပင် ဝလာခဲ့သည်။ သူမထံတွင် ဖျားနာနေသည့် အရိပ်အယောင်မျှပင် မရှိချေ။
ချင်းချင်းသည် နေ့တိုင်း အတူရှိနေသော သခင်မလေးရွန့်ကို လိမ်ညာ၍ မရနိုင်မှန်း သိသဖြင့် သာမန်အတိုင်းပင် လိမ်ပြောလိုက်ရ၏။
"အမှန်တော့... ဒါက... ကျွန်မ ခန္ဓာကိုယ် အားရှိအောင် အားဆေးဖော် သောက်နေတာပါ။ သခင်မလေး၊ စိတ်မပူပါနဲ့"
အားဆေး။ချင်းချင်းသည် တစ်ခါမျှ အားဆေးသောက်ဖူးသူ မဟုတ်ချေ။ အခုမှဘာလို့အားဆေးတွေသောက်နေရတာလဲ။
သခင်နှင့် အစေခံဖြစ်ကြသော်လည်း နှစ်ပေါင်းများစွာ အတူနေခဲ့ကြသဖြင့် တစ်ဦးအကြောင်းတစ်ဦး ကောင်းစွာ သိကြရာ သခင်မလေးရွန့်သည် ချင်းချင်း လိမ်ပြောနေမှန်း တစ်ချက်ကြည့်ရုံနှင့် သိလိုက်ပြီးတစ်ခုခု မရိုးမသား ရှိနေသည်ကို ချက်ချင်း ရိပ်မိလိုက်၏။
သို့သော် သူမသည် ဘာမှမသိသလို ဟန်ဆောင်ကာ ချင်းချင်းကို သာမန်အတိုင်း ပြောလိုက်သည်။
"ဒီနေ့က ဆောင်းအကူးအပြောင်းနေ့ပဲ။ နင် သိုးသားကောင်းကောင်း အချို့ သွားဝယ်ပြီး အစာသွပ်ဖို့ ညက်ညက်နုပ်ထားလိုက်ဦး။ သခင်လေး ပြန်လာရင် ငါတို့ ဖက်ထုပ်လုပ်စားကြမယ်"
ချင်းချင်းသည် ဆူပွက်နေသော ဆေးအိုးကို စိုးရိမ်တကြီး ကြည့်နေပြီး တစ်ခုခု ထပ်ပြောချင်နေပုံရ၏။
သခင်မလေးရွန့်သည် ကြေးပြားအချို့ကို ထုတ်ကာ ချင်းချင်း၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
"ဒီဆေးကို ငါပဲ ခေတ္တ ကြည့်ပေးထားမယ်။ နင် သိုးသား သွားဝယ်ချေတော့"
ချင်းချင်း တံခါးပြင်သို့ လှမ်းထွက်သွားသည်နှင့် သခင်မလေးရွန့်သည် ဆေးဖတ်အချို့ကို ချက်ချင်း ယူလိုက်ပြီး ကောက်ရိုးစက္ကူဖြင့် ထုပ်ကာ လမ်းထောင့်ရှိ ဆေးဆိုင်သို့ တန်းတန်းမတ်မတ် သွားတော့သည်။
မီးဖိုဘေးတွင် ငိုက်မြည်းနေသော သမားတော်ကြီးသည် လူဝင်လာသည်ကို မြင်လျှင် ချက်ချင်းပင် ပြုံး၍ နှုတ်ဆက်၏။
"သခင်မလေး၊ ဆေးစစ်မလို့လား၊ ဒါမှမဟုတ် ဆေးလာယူတာလား"
"ဆေးစစ်တာလည်း မဟုတ်ဘူး၊ ဆေးယူတာလည်း မဟုတ်ပါဘူး"
သခင်မလေးရွန့်သည် ယဉ်ကျေးသိမ်မွေ့သော အပြုံးကို ထိန်းသိမ်းထားရင်း ဆေးဖတ်ထုပ်ကို သမားတော်ကြီး၏ ရှေ့တွင် ဖြန့်ပြလိုက်သည်။
"ဒီဆေးဖတ်တွေထဲမှာ ဘာဆေးမြစ်တွေ ပါလဲဆိုတာနဲ့ ဒါတွေက ဘာရောဂါအတွက် သုံးတာလဲဆိုတာကို သမားတော်ကြီး အကူအညီပေးပြီး ကြည့်ပေးစေချင်လို့ပါ"
ဆေးစစ်ခြင်းလည်း မဟုတ်၊ ဆေးယူခြင်းလည်း မဟုတ်သဖြင့် ဝင်ငွေမရနိုင်ရာ သမားတော်ကြီးသည် အနည်းငယ် စိတ်မပါသလို ဖြစ်သွား၏။
သခင်မလေးရွန့်သည် အခြေအနေကို နားလည်သဖြင့် ငွေစေ့အသေးတစ်စေ့ကို ထုတ်ကာ အပြုံးလေးနှင့်အတူ သမားတော်ကြီး၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ငွေမက်သော သမားတော်ကြီး၏ မျက်နှာသည် ချက်ချင်းပင် ပြုံးရွှင်သွားတော့၏။ သူသည် ကျွမ်းကျင်သော အမူအရာကို ဖော်ဆောင်ကာ စိုစွတ်နေဆဲဖြစ်သော ဆေးဖတ်များကို တစ်ခုချင်းစီ အကဲခတ်တော့သည်။
"ဒါက အတြတ်တီးလုတ်ပဲ၊ ဒါကတော့ အိန်ဂျယ်လီကာမြစ်"
"ဒါက မြေကမ္ဘာဥပဲ၊ အင်း... ဒါက ရှန်ရှီးပြည်နယ်ထွက် မြေကမ္ဘာဥ အကောင်းစားကို လှော်ထားတာပဲ။ နွယ်ချိုနဲ့ ချင်းခြောက်ကတော့ ကြည့်နေဖို့တောင် မလိုပါဘူး"
သူသည် ဆေးဖတ်အသေးတစ်ဖတ်ကို ကောက်ယူကာ နှာခေါင်းနားသို့ ကပ်၍ သေသေချာချာ နမ်းကြည့်လိုက်၏။
"ဆေးဖတ်တွေက ကျေမွနေပြီ ဆိုပေမဲ့ ဒါက ကန်စွန်းဥဖြူနဲ့ သစ်ကြံပိုးခေါက် ဖြစ်မှန်း ငါ သိနိုင်ပါသေးတယ်။ ပြီးတော့ မြည်းသားရေကော် နံ့လည်း ရနေသေးတယ်... အင်း... ဒါက လုံရှီးပြည်နယ်ထွက် အကောင်းစား ကော်ပဲ။ ဒါတွေက အဖိုးတန်ပစ္စည်းတွေ"
၎င်းတို့သည် သာမန် ဆေးဖက်ဝင်အပင်များသာ ဖြစ်သဖြင့် သမားတော်ကြီးသည် တစ်ခုချင်းစီကို အလွယ်တကူပင် ခွဲခြားနိုင်လေသည်။
သခင်မလေးရွန့်သည် ဆေးပညာကို ဘာမှမသိသဖြင့် ဆေးမြစ်အမည်များကို သိရသော်လည်း ဘာအတွက် သုံးမှန်း မသိချေ။
"သမားတော်ကြီး၊ ဒီဆေးမြစ်တွေက ဘာရောဂါကို ကုသတာလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးပါဦး"
"ဒီဆေးမြစ်အနည်းငယ်က အာနိသင် နုညံ့ပျော့ပျောင်းပြီး အကျိုးသက်ရောက်မှု အမျိုးမျိုး ရှိပေမဲ့ ရောဂါကုသဖို့ သုံးတာ မဟုတ်ဘူး"
ရောဂါကုဖို့ မဟုတ်ဘူး ဟုတ်လား။ ဒါဆိုရင် အားဆေး ဖြစ်ရမည်။ချင်းချင်း ပြောတာ အမှန်ပဲလား။ သူမလိမ်ပြောခဲ့တာ မဟုတ်ဘူး ပေါ့။
သခင်မလေးရွန့်သည် မိမိက ချင်းချင်းအပေါ် အထင်လွဲမိပြီဟု ထင်မှတ်လိုက်သော်လည်း သမားတော်ကြီး၏ နောက်ဆက်တွဲ စကားများကြောင့် သူမ ဆွံ့အသွားရလေသည်။
"အားဆေး ဟုတ်လား။ ဒါက အားဆေး လုံးဝ မဟုတ်ဘူး။ ဒါက ကိုယ်ဝန်တည်မြဲစေပြီး ကိုယ်ဝန်မပျက်အောင် ကာကွယ်ပေးတဲ့ ကိုယ်ဝန်မြဲဆေး စစ်စစ်ကြီးဗျ"
ကိုယ်ဝန်မြဲဆေး။ဒါက ဘယ်လိုမှ မဖြစ်နိုင်ချေ။ချင်းချင်းကအပျိုစင်စစ်စစ် လေ။ဘာလို့ကိုယ်ဝန်မြဲဆေး သောက် နေရတာလဲ။
"သမားတော်ကြီး၊ သင် မှားနေတာ မဟုတ်ဘူးလား"
"လုံးဝ မမှားနိုင်ဘူး။ တကယ်လို့ ငါက ဒီကိုယ်ဝန်မြဲဆေးကိုတောင် ခွဲခြားမသိနိုင်ရင် ငါ့ရဲ့ ဆယ်စုနှစ်ချီတဲ့ ဆေးကုသမှု သက်တမ်းက အလကား ဖြစ်သွားမှာပေါ့"
သမားတော်ကြီးက ယုံကြည်ချက်အပြည့်ဖြင့် ပြောနေသော်လည်း သခင်မလေးရွန့်ကမူ မယုံကြည်နိုင်သေးချေ။
"ဒါက ကိုယ်ဝန်မြဲဆေး ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ သူမက ခန္ဓာကိုယ် အားရှိအောင် သောက်တဲ့ ဆေးလို့ ထင်ထင်ရှားရှား ပြောခဲ့တာပဲကို"
"ဒါကတော့ အဲဒီမိန်းကလေးမှာ ကိုယ်ဝန်ရှိနေပြီမို့ သူမရဲ့ မိသားစုက အားဆေးလို့ လိမ်ပြောပြီး တမင် ဖုံးကွယ်ထားတာ ဖြစ်ရမယ်။ လက်တွေ့မှာတော့ ကိုယ်ဝန်မြဲအောင် သောက်ရတဲ့ ဆေးပဲ"
သမားတော်ကြီးသည် သခင်မလေးရွန့်ကို လက်အုပ်ချီကာ ရယ်မောလျက် ပြော၏။
"အမျိုးသမီးတစ်ယောက် ကိုယ်ဝန်ရတာ မင်္ဂလာကိစ္စပဲ။ ငါကပဲ အရင်ဆုံး ဝမ်းမြောက်ကြောင်း ပြောပါရစေ။ ဟင်... သခင်မလေး၊ ဘာလို့ ထွက်သွားတာလဲ"
ကိုယ်ဝန်မြဲဆေး။ထို အခြေအနေမျိုး လုံးဝ မရှိနိုင်ချေ။သမားတော်ကြီးလျှောက်ပြောနေခြင်းသာ ဖြစ်ရမည်။
သခင်မလေးရွန့်သည် ဒေါသများ ထွက်လာခဲ့ပြီး သူ၏ စကားမဆုံးခင်မှာပင် ဆေးဖတ်ထုပ်ကို ကောက်ယူကာ လှည့်ထွက်ခဲ့တော့သည်။
သူမသည် နောက်ထပ် ဆေးဆိုင်တစ်ဆိုင်ကို ထပ်မံရှာဖွေကာ အရင်အတိုင်းပင် ဆေးဖတ်များကို သမားတော်ကြီးထံ ပြသခဲ့၏။ ရရှိလာသော အဖြေမှာ အရင်တစ်ခေါက်နှင့် ထပ်တူပင် ဖြစ်သည်။ ၎င်းမှာ ကိုယ်ဝန်တည်မြဲစေသော ဆေးဖြစ်ပြီး အားဆေး လုံးဝ မဟုတ်ချေ။
သမားတော်များ၏အတိအကျ ပြောဆိုမှုကြောင့်သခင်မလေးရွန့်သည် သံသယဝင်လာခဲ့သော်လည်းအလွန် အံ့ဩစရာကောင်းလှသဖြင့် သူမ အလွယ်တကူ မယုံကြည်နိုင်သေးချေ။
ထို့ကြောင့် သူမသည် နောက်ထပ် ဆေးဆိုင်နှစ်ဆိုင်သို့ ဆက်တိုက် သွားရောက်ခဲ့ရာ ရလဒ်များမှာ လုံးဝ တူညီနေခဲ့သည်။
သခင်မလေးရွန့်သည် လုံးဝ ဝေခွဲမရ ဖြစ်သွားရတော့သည်။ချင်းချင်းတွင် ကိုယ်ဝန်ရှိနေတာလား။ ဘယ်လိုမှ မဖြစ်နိုင်ချေ။သူမမှာ ကိုယ်ဝန်ဘယ်လိုရသွားတာလဲ။
သူမသည် သေသေချာချာ ပြန်လည် စဉ်းစားကြည့်ရာမှ အကြောင်းအရာများကို တဖြည်းဖြည်း ဆက်စပ်မိသွားပြီး တစ်စုံတစ်ခုကို နားလည်လာခဲ့သည်။
ထိုကာလအတွင်း ချင်းချင်း၏ အပြောအဆိုနှင့် အမူအရာများသည် ပုံမှန်နှင့် မတူဘဲ သိသိသာသာ ကွဲပြားနေခဲ့၏။ သူမသည် အမြဲတမ်း တစ်ခုခုကို ဖုံးကွယ်ထားသလို ဖြစ်နေပြီး အပြစ်ရှိစိတ် ရှိနေပုံရသည်။
သူမတွင် ကိုယ်ဝန်ရှိနေသည်မှာ အမှန်ပင် ဖြစ်ပုံရ၏။သူမသည် မိမိ၏ မျက်စိအောက်တွင် နေ့တိုင်း ရှိနေခဲ့ရာ ဘယ်အချိန်က ကိုယ်ဝန်ရှိသွားရတာလဲ။
သခင်မလေးရွန့်သည် မိမိ၏ မိဘအိမ်သို့ ပြန်သွားခဲ့သည့် အချိန်ကိုသတိရသွားတော့သည်။
မိမိ အိမ်မှာ မရှိခိုက် ချင်းချင်းသည် ဝူကျိရှန်းနှင့် တိတ်တဆိတ် ပတ်သက်ခဲ့ပြီး ကိုယ်ဝန်ပင် ရရှိခဲ့လေပြီ။
သခင်မလေးရွန့်နှင့် ချင်းချင်းတို့သည် ညီအစ်မများကဲ့သို့ ဖြစ်ကြရာ ချင်းချင်းက ရံဖန်ရံခါ အမှားအယွင်း အသေးအဖွဲ လုပ်မိလျှင်ပင် သူမ ဂရုစိုက်မစိုက်ချေ။ သို့သော် ဤကိစ္စမျိုးကိုမူ သူမ လုံးဝ သည်းမခံနိုင်ပါချေ။
သခင်မလေးရွန့်သည် ရင်ထဲတွင် မီးတောက်များ လောင်မြိုက်နေသကဲ့သို့ အလွန်အမင်း ဒေါသထွက်လာခဲ့သည်။ သူမသည် အိမ်သို့ အမြန် ပြန်လာခဲ့ရာ အိမ်ထဲသို့ ဝင်ဝင်ချင်းမှာပင် သိုးသားများကို ကိုင်ကာ ပြန်လာသော ချင်းချင်းနှင့် ထိပ်တိုက် တိုးတော့၏။
"ချင်းချင်း"
သခင်မလေးရွန့်သည် ဒေါသများကို အံကြိတ်ထိန်းချုပ်ရင်း တည်ငြိမ်အောင် အစွမ်းကုန် ကြိုးစားကာ ပြောလိုက်သည်။
"နင် ငါ့ကို ဒီလောက်အထိ ဖုံးကွယ်ထားတာပဲ"
"ဖုံးကွယ်တာ ဟုတ်လား။ ဘာကို ဖုံးကွယ်ရမှာလဲ"
ထိုစကားကို ကြားသောအခါ သခင်မလေးရွန့်သည် မိမိကိုယ်မိမိ ထပ်မံ မထိန်းချုပ်နိုင်တော့ချေ။ သူမသည် ဆေးဖတ်ထုပ်ကို လုယူကာ ချင်းချင်း၏ မျက်နှာဆီသို့ ပစ်ပေါက်လိုက်၏။
"နင် လုပ်ထားတဲ့ အမှုတွေကို ကြည့်ဦး"
ချင်းချင်းသည် အခြေအနေကို ချက်ချင်း သဘောပေါက်သွားပြီး မြေကြီးပေါ်သို့ ချက်ချင်း ဒူးထောက်ကာ သခင်မလေးရွန့်၏ ခြေသလုံးကို ဖက်လျက် အော်ဟစ်ငိုကြွေးတော့သည်။
"ငိုစမ်း၊ အားရပါးရ ငိုစမ်း။ နင် ဘယ်လိုမျက်နှာမျိုးနဲ့ ငိုနေသေးလဲဆိုတာ ငါ ကြည့်ရသေးတာပေါ့"
သခင်မလေးရွန့်သည် သူမကို ရိုက်နှက်ကာ ပြော၏။
"ငါက နင့်အပေါ် ကောင်းကောင်း ဆက်ဆံခဲ့တယ်လို့ ယုံကြည်ထားတာ။ ဒါပေမဲ့ နင်က ဒီလို အရှက်မရှိတဲ့ ကိစ္စမျိုးကို လုပ်ရက်တယ်"
"နင့်ရဲ့ အသိစိတ်ကို ပြန်မေးကြည့်စမ်း၊ ငါ နင့်အပေါ် ဘာတွေ လိုအပ်ခဲ့လို့လဲ"
"နင့်ရဲ့ အတွေးအဆအသေးအဖွဲတွေကို ငါ သိပါတယ်။ နင် သခင်လေးအပေါ် သံယောဇဉ် ရှိနေတာကိုလည်း ငါ သိတယ်။ ငါက နောက်နှစ်အနည်းငယ်ကြာရင် သခင်လေးကို ပြောပြီး နင့်ကို မယားငယ်အဖြစ် သိမ်းဖို့တောင် အစီအစဉ် ရှိခဲ့တာ။ ဒါပေမဲ့ နင်က သခင်ကို သစ္စာဖောက်ပြီး တိတ်တဆိတ် ပတ်သက်လိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး။ ငါ"
သခင်မလေးရွန့်၏ စိတ်နေသဘောထားမှာ နူးညံ့ပျော့ပျောင်းလှသဖြင့် ပြင်းထန်သော စကားလုံးများကို အမှန်တကယ်ပင် မပြောတတ်ချေ။ သို့သော် ယခုတစ်ကြိမ်တွင်မူ သူမသည် အလွန်အမင်း ဒေါသထွက်နေခဲ့လေတော့သည်။
***********
`အခန်း(၁၀၄)အဖြေရှာပြီ
ဆောင်းရာသီအကူးအပြောင်းနေ့များသည်တစ်နှစ်တာပတ်လုံး၌ ညတာအရှည်ဆုံးနှင့် နေ့တာအတိုဆုံး ဖြစ်ရာ ဝူကျိရှန်းဆေးဘက်ဆိုင်ရာဌာနမှ အိမ်သို့ ပြန်လာသောအခါ ရုံးတော်အချိန် ရှီချန်၏ ယူနာရီ ပထမတစ်ချက်တီးကျော်ရုံမျှ ရှိသေးသော်လည်း မီးထွန်းရလောက်အောင် မှောင်နေခဲ့လေပြီ။
သူသည် တံခါးထဲသို့ လှမ်းဝင်လိုက်သည်နှင့် အိမ်မကြီးသို့ တက်မည့် လှေကားခြေရင်း၌ ချင်းချင်းတစ်ယောက် ဒူးထောက်နေသည်ကို တွေ့လိုက်ရ၏။
"ရာသီဥတုက ဒီလောက်အေးတာကို ဘာလို့ ဒီမှာ ဒူးထောက်နေတာလဲ"
ဝူကျိရှန်းသည် ချင်းချင်းကို ဆွဲထူရန် လက်လှမ်းလိုက်ရင်း ပြောသည်။
"နင် တစ်ခုခု အမှားလုပ်လို့ သခင်မလေးရွန့်ကို စိတ်ဆိုးအောင် လုပ်မိပြန်ပြီလား။ သခင်မလေးရွန့်ကို အမြန် တောင်းပန်လိုက်၊ ငါလည်း နင့်အတွက် စကားကောင်း ပြောပေးမယ်ဆိုရင် အားလုံး အဆင်ပြေသွားမှာပါ"
"လူကောင်းဟန်ဆောင်တာကို ရပ်လိုက်စမ်း"
သခင်မလေးရွန့်သည် တံခါးကို ရုတ်တရက် ဆွဲဖွင့်ကာ လှေကားထစ်ပေါ်တွင် ဒေါသအပြည့်ဖြင့် မတ်တပ်ရပ်နေ၏။ သူမသည် လက်ညှိုးဖြင့် ဝူကျိရှန်းကိုဒေါသတကြီးအော်ဟစ်တော့သည်။
"ဒါတွေ အားလုံးက ရှင့်ကြောင့် ဖြစ်ရတာ"
သခင်မလေးရွန့်သည် မူလက ထင်ရှားသော မိသားစုမှ ပညာတတ် သမီးပျိုတစ်ဦး ဖြစ်ပြီး စိတ်နေသဘောထားမှာလည်း ပုံမှန်အားဖြင့် နူးညံ့ပျော့ပျောင်းပြီးဖော်ရွေလှရာ သူတို့ လက်ထပ်ပြီးကတည်းက သူမ ဤမျှအထိ ဒေါသထွက်နေသည်ကို သူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်၏။
"ကျွန်တော့်ကြောင့် ဟုတ်လား။ ကျွန်တော် ဘာလုပ်လို့လဲ"
သခင်မလေးရွန့်သည် အသက်ကို ပြင်းပြင်းတစ်ချက် ရှုလိုက်ပြီးနောက် ခြေဆောင့်ကာ အမျိုးသမီးတို့၏ စူးရှသော လေသံဖြင့် အော်ဟစ်ပြောဆိုတော့သည်။
"ကျွန်မ အိမ်မှာ မရှိတဲ့အချိန်မှာ ရှင်တို့နှစ်ယောက်... တိတ်တဆိတ် ပတ်သက်ခဲ့ကြတယ်၊ ရှသ်တို့မှာ အရှက်တရား လုံးဝ မရှိတော့ဘူးလား"
တိတ်တဆိတ် ပတ်သက်တယ် ဟုတ်လား။ခိုးရာလိုက်တာလား။သူမက ငါ့ကို ပြောနေတာလား။
ဝူကျိရှန်းသည် ချက်ချင်းပင် ဆွံ့အသွားရတော့၏။
"ကျွန်မက ရှင့်ကို နှိမ့်ချတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်လို့ ထင်ခဲ့တာ။ ဒါပေမဲ့ ရှင်က ကာမရာဂစိတ် မွှန်ပြီး ဒီလို အရှက်သိက္ခာမဲ့တဲ့ ကိစ္စမျိုးကို လုပ်လိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ ကျွန်မ နှုတ်ကတောင် ထုတ်မပြောရက်တဲ့ ကိစ္စမျိုးကို သင် ဘယ်လိုများ လုပ်ရက်ရတာလဲ"
ငါက ကာမရာဂစိတ် မွှန်တယ် ဟုတ်လား။ ငါ ဘယ်တုန်းက ကာမရာဂစိတ် မွှန်ခဲ့လို့လဲ။ဒါက ဘယ်ကနေ ဘယ်လို ရောက်လာတဲ့ ကိစ္စလဲ။
"ရှင်... ရှင်တို့နှစ်ယောက်က တကယ့်ကို... သတ္တိကောင်းကြတာပဲ"
သခင်မလေးရွန့်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့သည်။
"ရှင်မ၊ ဒေါသကို ခေတ္တ ထိန်းပါဦး"
ဝူကျိရှန်းသည် အပြစ်ကင်းစင်သော အမူအရာကို ဖော်ဆောင်ကာ ခါးသက်သက် အပြုံးနှင့်အတူ လက်နှစ်ဖက်ကို အသာအယာ ဖြန့်ပြလိုက်၏။
"တကယ်လို့ ကျွန်တော် တစ်ခုခု မှားလုပ်ခဲ့တယ် ဆိုရင်တောင် အနည်းဆုံးတော့ ဘာမှားခဲ့လဲဆိုတာ ကျွန်တော့်ကို အသိပေးရမယ် မဟုတ်လား"
"ရှင်လုပ်ခဲ့တဲ့ အရှက်မရှိတဲ့ ကိစ္စတွေကို ရှင်ကိုယ်တိုင် အသိဆုံးပဲ။ တကယ်လို့ ကျွန်မက ထုတ်ပြောရမယ်ဆိုရင် ကျွန်မရဲ့ လျှာပဲ အညစ်အကြေး ပေကျံသွားလိမ့်မယ်"
"ရှင်မက မပြောရင် ကျွန်တော် ဘာမှားခဲ့မှန်း ဘယ်လို သိနိုင်ပါ့မလဲ"
"ဒီလို အချိန်မျိုးအထိ ရှင်က လူကောင်းဟန်ဆောင်နေတုန်းပဲ"
သခင်မလေးရွန့်သည် ဒေါသကြောင့် မထိန်းနိုင်မသိမ်းနိုင် ဖြစ်နေသည်ကို မြင်သောအခါ ငိုကြွေးနေသော ချင်းချင်းသည် ဝူကျိရှန်း၏ အင်္ကျီလက်စကို အမြန်ဆွဲကာ တိုးတိုးလေး ပြောရှာသည်။
"သခင်လေး... ကျွန်မတို့ရဲ့ ကိစ္စကို သခင်မလေး သိသွားပြီ"
"ငါတို့မှာ ဘာကိစ္စ ရှိလို့လဲ။ ရှင်မက ဘာကို သိသွားတာလဲ"
"စောစောက အရာရှိဝေက သခင်လေးဆီမှာ ကိုယ်ဝန်မြဲဆေး လာတောင်းတယ်လေ"
"ဝေရှင်းဝူရဲ့ အစေခံမိန်းကလေး ကိုယ်ဝန်ရှိတာက ငါနဲ့ လုံးဝ မဆိုင်ဘူးလေ"
"သခင်လေးက အရာရှိဝေကို ပေးလိုက်တဲ့ ဆေးညွှန်းအတိုင်း ကျွန်မလည်း ဆေးအချို့ကို ယူပြီး ကိုယ်တိုင်ပြုတ်သောက်တာကို သခင်မလေး... သိသွားတာပါ"
ထိုစကားကို ကြားရသောအခါ ဝူကျိရှန်းသည် ပို၍ပင် ဝေခွဲမရ ဖြစ်သွား၏။
"နင်က ကိုယ်ဝန်မြဲဆေး သောက်တယ် ဟုတ်လား။ နင် ရူးနေတာလား။ အဲဒါက စည်းကမ်းမရှိ သောက်ရမယ့် ဆေးလား"
အစားအသောက်ကိုသာ ကြိုက်သလို စားနိုင်သော်လည်း ဆေးကိုမူစည်းကမ်းမရှိသောက်၍မရပေ။
ချင်းချင်းကဘာလို့ကိုယ်ဝန်မြဲဆေးသောက်ရတာလဲ။
"ဒီကိုယ်ဝန်မြဲဆေး အညွှန်းက ကိုယ်ဝန်ဆောင် အမျိုးသမီးတွေအတွက်ပဲလေ။ နင်က ဘာလို့ ဒါကို စည်းကမ်းမရှိ သောက်ရတာလဲ"
"ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီလေ"
ထိာစကားကို ကြားလိုက်ရချိန်တွင် ဝူကျိရှန်းသည်သူ၏ ဦးခေါင်းကို မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်ကာ ခေါင်းထဲတွင် အုန်းအုန်းမြည်သွား၏။ ချင်းချင်းတွင် ကိုယ်ဝန်ရှိနေတာ ဟုတ်လား။ သူမမှာ ကိုယ်ဝန်ကဘယ်လိုရလာတာလဲ။ ဒါဘယ်သူ့ကလေးလဲ။
သူ့ရင်ထဲတွင် မေးခွန်းပေါင်း မြောက်မြားစွာ ရှိနေသော်လည်း သူသည်ဤကိစ္စမှာ လုံးဝ မဖြစ်နိုင်ကြောင်း ချက်ချင်း သိလိုက်သည်။
ချင်းချင်းသည် နေ့တိုင်း သူ၏ မျက်စိအောက်တွင် ရှိနေခဲ့ပြီး တခြားယောက်ျားများနှင့်လည်း ထိတွေ့မှု မရှိသလောက် ဖြစ်ရာ သူမတွင် ကိုယ်ဝန်ရှိရန် လုံးဝ မဖြစ်နိုင်ချေ။
အမျိုးသမီးတစ်ဦးသည် ယောက်ျားနှင့် ထိတွေ့မှုမရှိဘဲ ကိုယ်ဝန်ရကာ ကလေးမွေးဖွားခြင်းမှာ ဒဏ္ဍာရီသာ ဖြစ်သည်။ ချင်းချင်းသည်လည်း မယ်တော်မာရီယာ မဟုတ်ရာ အလိုအလျောက် ကိုယ်ဝန်ရလာဖို့ဆိုတာမဖြစ်နိုင်ပေ။
"ကျွန်မမှာ တကယ် ကိုယ်ဝန်ရှိနေတာပါ"
ချင်းချင်းကိုယ်တိုင် ဝန်ခံသည့်တိုင် ဝူကျိရှန်းသည် မယုံကြည်နိုင်သေးချေ။
"ချင်းချင်း၊ အမှန်တော့ ငါက ဒီလို ကိုယ်ရေးကိုယ်တာ ကိစ္စမျိုးကို မမေးသင့်ဘူး။ ဒါပေမဲ့ ဒီကိစ္စက... ဒါ ဘယ်သူ့ကလေးလဲဆိုတာ ငါ့ကို ပြောပြနိုင်မလား"
"ကျွန်မ ဗိုက်ထဲက ကလေးက... သေချာပေါက် သခင်လေးရဲ့ ကလေးပေါ့"
"ငါ့ကလေး ဟုတ်လား။ ချင်းချင်း၊ လျှောက်မပြောနဲ့။ ဒီလို ကိစ္စမျိုးက နောက်ပြောင်ရမယ့် ကိစ္စ မဟုတ်ဘူး"
"နောက်ပြောင်တာ ဟုတ်လား။ ချင်းချင်းက အမျိုးသမီးတစ်ယောက်ပဲ၊ သူမရဲ့ သိက္ခာကို ဘာလို့ နောက်ပြောင်ရမှာလဲ"
သခင်မလေးရွန့်သည် ဒေါသများ အလွန် ထွက်နေခဲ့ပြီ ဖြစ်သည်။ ဝူကျိရှန်း၏ ရဲရဲလုပ်ပြီး ရဲရဲမဝန်ခံရဲသော အမူအရာကို မြင်သောအခါ သူမသည် ပို၍ပင် ဒေါသထွက်လာ၏။
"ရှင်က ဒီလို ကိစ္စမျိုးကို လုပ်ခဲ့ပြီး ကျွန်မကိုတင် အားနာရုံမက ချင်းချင်းကိုလည်း အားနာရဦးမယ်။ မိန်းကလေးတစ်ယောက်ကို ဖျားယောင်းပြီးမှ စွန့်ပစ်တာက ယောက်ျားကောင်းတစ်ယောက်ရဲ့ အပြုအမူလား။ ကျွန်မ မျက်စိကန်းလို့ပဲ သင့်လို ရှက်စရာကောင်းတဲ့ လူယုတ်မာနဲ့ လက်ထပ်မိတာ"
အစေခံနှင့် သခင်မ နှစ်ယောက်စလုံးက တစ်သံတည်း ထွက်နေကြသဖြင့် ဝူကျိရှန်းသည် ချက်ချင်းပင် လမ်းပျောက်သွားရတော့သည်။ သူသည် ကောင်းကင်နှင့် မြေကြီးကို တိုင်တည်ကာ ဤကဲ့သို့သော ကိစ္စမျိုး လုံးဝ မရှိကြောင်း ကျိန်ဆိုသော်လည်း မည်သူကမှမယုံကြည်ချေ။
"ကျွန်တော် မတရား ခံရပါတယ်၊ တုတ်အော်ထက်တောင် မတရား ခံရပါသေးတယ်"
ဝူကျိရှန်းသည်လည်း စိုးရိမ်တကြီး ဖြစ်လာပြီး ချင်းချင်းကို ဆွဲကာ အလျင်စလို အော်ဟစ်ရှင်းပြတော့သည်။
"ချင်းချင်း၊ နင် ငါ့ကို မတရား မစွပ်စွဲနဲ့။ ငါ ဘယ်တုန်းက နင်နဲ့ ဒီလို ကိစ္စမျိုး လုပ်ခဲ့လို့လဲ။ နင် သခင်မလေးရဲ့ ရှေ့မှာ ငါ့ရဲ့ အပြစ်ကင်းစင်မှုကို ရှင်းပြပေး"
"သခင်လေး... သခင်လေးနဲ့ ကျွန်မ ကျင်းယီဝေတွေရဲ့ ဖမ်းဆီးခြင်းကို ခံရတုန်းက မှတ်မိသေးလား"
"သေချာပေါက် မှတ်မိတာပေါ့၊ ဘယ်လိုလုပ် မေ့ပါ့မလဲ"
"အဲဒီ ရက်အနည်းငယ်တုန်းက သခင်လေးနဲ့ ကျွန်မ အခန်းအသေးလေးထဲမှာ အတူ ပိတ်လှောင်ခံခဲ့ရပြီး ညအနည်းငယ် အတူအိပ်ခဲ့ကြတယ်လေ"
"ရှင်တို့နှစ်ယောက်က အတူတောင် အိပ်ခဲ့ကြတယ် ဟုတ်လား"
သခင်မလေးရွန့်သည် စိတ်ပျက်လက်ပျက်ဖြင့် ခြေဆောင့်ကာ ပြော၏။
"ရှင်တို့က ဒီလို အရှက်မရှိတဲ့ ကိစ္စမျိုးကို လုပ်ခဲ့ပြီးပြီပဲ၊ ဘာများ ထပ်ပြောစရာ ရှိသေးလဲ"
ဝူကျိရှန်းသည် ချင်းချင်းနှင့် အတူအိပ်ခဲ့သည်မှာ အမှန်ပင် ဖြစ်သော်လည်း ဤ အတူအိပ်ခြင်း မှာ ထို အတူအိပ်ခြင်းမဟုတ်ပါချေ။
ထိုအချိန်က အခြေအနေမှာ အလွန် အေးစက်လွန်းသဖြင့် ခန္ဓာကိုယ် အပူငွေ့ရရန် အတူတကွ ပူးကပ်နေခဲ့ခြင်းသာ ဖြစ်ကာ ယောက်ျားနှင့် မိန်းမကြားရှိ ထုတ်ဖော်မပြောအပ်သော ရင်းနှီးသည့် ကိစ္စမျိုး လုံးဝ မဖြစ်ပျက်ခဲ့ချေ။
"ချင်းချင်း၊ နင် ကိစ္စကို သေသေချာချာ ရှင်းပြစမ်း"
ဤမျှအရေးကြီးသော ကိစ္စတွင် အရေးကြီးဆုံး အသေးစိတ်အချက်အလက်များကို လုံးဝ ပြောပြဖို့လိုအပ်၏။
"သခင်မလေးကို သေသေချာချာ ပြောပြလိုက်စမ်း၊ ငါတို့ အတူအိပ်တုန်းက အဝတ်အစားတွေ ချွတ်ခဲ့ကြလား"
"အဲဒီအချိန်တုန်းက ရာသီဥတုက အေးခဲနေတာပဲကို။ အဝတ်အစားတွေ ချွတ်လိုက်ရင် ပိုပြီး မအေးသွားဘူးလား"
"ငါတို့နှစ်ယောက်စလုံးက အဝတ်အစားတွေ မချွတ်ခဲ့ကြသလို၊ ဟိုဟာမျိုးလည်း မရှိခဲ့ဘူး မဟုတ်လား"
"ဟိုဟာက ဘာလဲဟင်။ သခင်လေး ပြောတဲ့ ဟိုဟာဆိုတာ အတိအကျ ဘာကို ပြောတာလဲ"
"ငါ ပြောတဲ့ ဟိုဟာ ဆိုတာက... အဲဒါက"
ချင်းချင်းသည် မိန်းကလေးငယ်တစ်ဦးသာ ရှိသေးသဖြင့် ဝူကျိရှန်းသည် လင်မယားကြားရှိ ရင်းနှီးသော ထိတွေ့မှုအကြောင်းကို အသေးစိတ် ထုတ်မပြောနိုင်ပါချေ။ သူသည် သခင်မလေးရွန့်ကို ခါးသက်သက် အပြုံးဖြင့်သာ ပြောနိုင်တော့သည်။
"ရှင်မ... ကျွန်တော် အခု ဘာဖြစ်နေလဲဆိုတာ နားလည်သွားပြီ ထင်တယ်"
"ချင်းချင်းက ယောက်ျားနဲ့ မိန်းမကြားရှိ ကိစ္စရပ်တွေကို ဘာမှမသိဘူး။ သူမက အမျိုးသမီးတစ်ယောက်က ယောက်ျားတစ်ယောက်နဲ့ အတူအိပ်ရုံနဲ့ ကိုယ်ဝန်ရနိုင်တယ်လို့ ထင်နေတုန်းပဲ။ ကျွန်တော် ဒါကို သူမကို သေသေချာချာ ရှင်းမပြတတ်တော့ဘူး။ ဒီလိုလုပ်ပါ၊ ရှင်မပဲ သူ့ကို သေသေချာချာ မေးမြန်းကြည့်ပါဦး၊ အထူးသဖြင့် ကျွန်တော်တို့ အတူအိပ်ခဲ့တဲ့ အသေးစိတ်အချက်အလက်တွေကို မေးကြည့်လိုက်ရင် ကျွန်တော့်ရဲ့ မတရားမှုကဒီအတိုင်း ရှင်းလင်းသွားပါလိမ့်မယ်"
သူတို့နှစ်ယောက်သည် အတူ အိပ်ခဲ့ သည်မှာ သေချာသော်လည်း အဝတ်အစားများ မချွတ်ခဲ့ကြချေ။ ၎င်းမှာ သူမ ထင်မှတ်ထားသည်နှင့် အနည်းငယ် ကွဲပြားနေပုံရသည်။
သခင်မလေးရွန့်သည် တည်ငြိမ်သော မျက်နှာအမူအရာဖြင့် လေသံကို နှိမ့်ကာ ခေါ်လိုက်၏။
"ချင်းချင်း၊ ငါ့အခန်းထဲ လာခဲ့။ ငါ နင့်ကို မေးစရာ အချို့ ရှိတယ်"
"ချင်းချင်း၊ နင် သခင်မလေးရဲ့ မေးခွန်းတွေကို အမှန်အတိုင်း ဖြေရမယ်နော်"
ဝူကျိရှန်းသည် မည်သည့်မေးခွန်းများ မေးမည်ကို သိနှင့်ပြီး ဖြစ်သော်လည်း သူသည် ယောက်ျားကြီးတစ်ယောက် ဖြစ်ရာ ဤကဲ့သို့သော ကိစ္စမျိုးကို အသေးစိတ် မဆွေးနွေးနိုင်ပါချေ။ သူသည် ချင်းချင်းကို ခါးသက်သက် အပြုံးဖြင့်သာ ထပ်ခါတလဲလဲ မှာကြားနိုင်တော့သည်။
"သခင်မလေးက ဘာမေးမေး နင် အသေးစိတ်ကို သေသေချာချာ ရှင်းပြရမယ်။ လုံးဝ ဝေဝါးဝါး မလုပ်နဲ့ဦး၊ မဟုတ်ရင် ငါတို့ တကယ်ပဲ ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး"
*********