← Chapters

အခန်း (၁၀၅-၁၀၆)

Vol. 10 Ch. 105-106

အခန်း (၁၀၅-၁၀၆)

Vol. 10 Ch. 105-106

`

အခန်း ၁၀၅ - အသိနိုးကြားလာခြင်း

သခင်မလေးရွန့် သေသေချာချာ မေးမြန်းပြီးနောက်တွင်တော့ အမှန်တရားသည် ဘူးပေါ်သလိုပေါ်ပေါက်လာခဲ့လေသည်။

ထိုအခါမှသာ ကလေးရလာခြင်းအယူအဆအမှန်ကို ချင်းချင်းတစ်ယောက် အကြမ်းဖျင်း နားလည်သွားတော့သည်။

ဒါက မသိနားမလည်မှုကြောင့် ဖြစ်ရသည့် အလွန်ကြီးမားသော နားလည်မှုလွဲမှားခြင်းတစ်ခုသာ ဖြစ်၏။

လင်မယားကြားရှိ ရင်းနှီးသော အသေးစိတ်အချက်အလက်များကို သိရှိသွားပြီးနောက် ချင်းချင်းသည် ဝူကျိရှန်းကို ပြန်လည်တွေ့ဆုံသည့်အခါ ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီး ဘာပြောရမှန်းပင် မသိတော့ချေ။ သူမသည် ဘေးနားတွင် နေရခက်စွာ မတ်တပ်ရပ်နေရင်း ခေါင်းငုံ့ကာ လက်သည်းများကိုသာ ဆိတ်နေခဲ့တော့သည်။

သခင်မလေးရွန့်ကမူ ပို၍ တည်ငြိမ်ပုံရ၏။ သူမသည် လက်ဖက်ရည်တစ်ခွက်ကို ကိုယ်တိုင်ငှဲ့ကာ လင်ဗန်းပေါ်တင်ပြီး လင်ဗန်းကို အပေါ်သို့ မြှောက်၍ ကမ်းပေးလိုက်သည်။

"ဒီနေ့ကိစ္စမှာ ကျွန်မပဲအရှင့်အပေါ် အထင်လွဲမိပါတယ်။ အရှင့်အနေနဲ့ သဘောထားကြီးကြီးနဲ့ ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်"

လင်မယားကြားတွင် အသေးအဖွဲ သဘောထားကွဲလွဲမှုများ ရှိတတ်သည်မှာ သာမန်ပင် ဖြစ်၏။ သို့သော် သခင်မလေးရွန့်၏ တရားဝင် တောင်းပန်မှုကြောင့် ဝူကျိရှန်းမှာ အသားမကျသလို ခံစားလိုက်ရသည်။

"ရှင်မနှင့်ငါက လင်မယားချင်း တစ်ကိုယ်တည်း တစ်စိတ်တည်း ရှိကြတာပဲ၊ ဘာလို့ ခွင့်လွှတ်ဖို့အထိ ပြောနေရတာလဲ"

အိပ်ရာပေါ်တွင် ရန်ဖြစ်ပြီး အိပ်ရာခြေရင်း၌ ပြန်တည့်ကြသည်မှာ လင်မယားကြားရှိ သဘာဝပင် ဖြစ်သည်။ အသေးအဖွဲ နားလည်မှုလွဲခြင်းမှာ ချက်ချင်းပင် ပျောက်ကွယ်သွားပြီး လင်မယားနှစ်ဦးမှာ အရင်အတိုင်း ပြန်လည်သင့်မြတ်သွားကြ၏။

ချင်းချင်းကမူ တိတ်တဆိတ် နောက်ဆုတ်သွားပြီး ဘာစကားမျှမဆိုဘဲ ဖက်ထုပ်လုပ်ရန် မီးဖိုချောင်သို့ ထွက်သွားတော့သည်။

ယနေ့ဖြစ်ရပ်ပြီးနောက် ချင်းချင်း၏ ရင်ထဲက လျှို့ဝှက်ဆန္ဒအသေးလေးမှာ အတိုင်းသား ပေါ်ထွက်သွားခဲ့လေပြီ။ သူမသည် နောင်တွင် သခင်မလေးရွန့်နှင့်မျက်နှာချင်းဆိုင်ရခက်ခဲသွားတော့မည်။

ချင်းချင်းသည် မူလက မင်္ဂလာတင်တောင်းစဉ်က ပါလာသော အစေခံမိန်းကလေးတစ်ဦးသာ ဖြစ်သည်။ နောင်တွင် မယားငယ်အဖြစ် မြှောက်စားခြင်း ခံရမည်ဆိုလျှင်ပင် ၎င်းမှာ အိမ်သူသက်ထားအစစ်၏ ကရုဏာ ကြောင့်သာ ဖြစ်ရမည်။

သို့သော် သူမကစိတ်စောပြခဲ့မိလေသည်။ သခင်မလေးရွန့်အနေဖြင့် သူမတွင် မိမိ၏နေရာကို အစားထိုးရန် ရည်ရွယ်ချက် ရှိနေသည်ဟု သံသယဝင်သွားမည်လား။

အငွေ့တထောင်ထောင်နှင့် ပူနွေးလှသော ဖက်ထုပ်များ စားပွဲပေါ်သို့ ရောက်လာသည့်အခါ ချင်းချင်းသည် အရင်အတိုင်း စားပွဲတွင် ဝင်မထိုင်ဘဲ သတိထားလျက် ဖယ်ပေးလိုက်ရာ

"ချင်းချင်း၊ လာပြီး အတူတူစားပါဦး"

ယခုတစ်ကြိမ်တွင် ခေါ်လိုက်သူမှာ ဝူကျိရှန်းမဟုတ်ဘဲ သခင်မလေးရွန့် ဖြစ်၏။

စည်းကမ်းနှင့် ယဉ်ကျေးမှုကို အမြဲတမ်း အလွန်အလေးထားတတ်သော သခင်မလေးရွန့်သည် ပထမဆုံးအကြိမ်အဖြစ် ချင်းချင်းကို စားပွဲတွင် ဝင်ရောက်စားသောက်ရန် ကိုယ်တိုင် ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

"ကျွန်မ... သခင်မလေး... သခင်မလေးနဲ့ သခင်လေးတို့ အရင်သုံးဆောင်ကြပါဦး။ သခင်မလေးနဲ့ သခင်လေးတို့ ဝအောင်စားပြီးမှ ကျွန်မ စားပါ့မယ်"

ဤအခြေအနေတွင် ချင်းချင်းသည် သခင်မလေးရွန့်အပေါ် ယခင်ကထက် ပို၍ ရိုသေပြနေခဲ့သည်။

"ငါက လာစားဆိုရင် လာစားလိုက်စမ်းပါ"

"ဟုတ်ကဲ့ပါ"

ချင်းချင်းသည် ထမင်းစားစားပွဲတွင် ဝင်ထိုင်လိုက်သော်လည်း သူမထံ၌ ယခင်ကလို အပြစ်ကင်းစင်ပြီး တက်ကြွသော အမူအရာမျိုး မရှိတော့ချေ။ ထို့ပြင် သခင်မလေးရွန့် စိတ်အလိုမကျ ဖြစ်သွားမည်ကို စိုးရိမ်နေသကဲ့သို့ သိသိသာသာပင် သတိကြီးစွာ ထားနေခဲ့သည်။

"နင် ဘာတွေးနေလဲဆိုတာ ငါ သိပါတယ်"

သခင်မလေးရွန့်သည် ချင်းချင်းကို စကားပြောသည့်အခါ၌ပင် အမူအရာမှာ ယခင်နှင့် လုံးဝ ကွဲပြားနေခဲ့ပြီ ဖြစ်သည်။ ယခင်ကလို ရင်းနှီးမှုမျိုး မရှိတော့ဘဲ သခင်နှင့် အစေခံကြားရှိ အာဏာစက်မျိုး ပေါ်လွင်နေ၏။

"သင့်တော်တဲ့အချိန်ကျရင် နင် အလိုရှိတဲ့ အဆင့်အတန်းတစ်ခုကို ငါ သေချာပေါက် ပေးမှာပါလို့ နင့်ကို အထင်အရှားရော သွယ်ဝိုက်ပြီးရော ငါ ပြောခဲ့ဖူးပါတယ်။ ဒါပေမဲ့ နင် စိတ်မစောသင့်ဘူး"

လက်ရှိ စည်းကမ်းများအရ အိမ်တွင်းအစေခံမိန်းကလေးတစ်ဦးသည် များသောအားဖြင့် သခင်လေး၏ မယားငယ် ဖြစ်လာတတ်သော်လည်း ၎င်းမှာ အိမ်သူသက်ထားအစစ်၏ ခွင့်ပြုချက် ရှိရမည် ဖြစ်သည်။ ဤကိစ္စတွင် သခင်မလေးရွန့်၏ လုပ်ပိုင်ခွင့်ကို မည်သူမျှ ငြင်းပယ်၍ မရနိုင်ချေ။

သခင်မလေးရွန့်က ရှင်းရှင်းလင်းလင်းပင် ပြောလိုက်ခြင်း ဖြစ်၏။ သူမကို အဆင့်အတန်းတစ်ခု ပေးရန်မှာ အချိန်ပိုင်းသာ လိုတော့သော်လည်း ၎င်းမှာ မိမိ၏ ကရုဏာကြောင့်သာ ဖြစ်ရမည်ဖြစ်ပြီး ချင်းချင်းအနေဖြင့် ယင်းကို လက်ခံရန်သာ ရှိကာ လုယူရန် စိတ်မကူးသင့်ချေ။

"ငါပြောတာကို နင် နားလည်ရဲ့လား"

"ကျွန်တော်မျိုးမ နားလည်ပါတယ်"

ချင်းချင်းအနေဖြင့် မိမိကိုယ်မိမိ ကျွန်တော်မျိုးမဟု ပထမဆုံးအကြိမ် ပြောင်းလဲသုံးနှုန်းလိုက်ခြင်းလည်း ဖြစ်သည်။

"ကဲ... ဒါဆိုလည်း စားကြရအောင်"

ဖက်ထုပ်များ စားသောက်ပြီးနောက် ချင်းချင်းသည် ပန်းကန်ခွက်ယောက်များကို တက်ကြွစွာ သွားရောက်ဆေးကြောတော့သည်။ ထိုအခါမှ ဝူကျိရှန်းက ဇနီးသည်ကို ပြောလိုက်၏။

"ဇနီးလေး... ချင်းချင်းတစ်ယောက် စိတ်မကောင်းဖြစ်ပြီး စိတ်ဓာတ်ကျနေပုံရတယ်။ ငါ သွားပြီး သူမကို နည်းနည်း အားပေးနှစ်သိမ့်လိုက်ဦးမယ်။ မင်းလည်း လျှောက်ပြီး စိတ်မပူပါနဲ့ဦး..."

သခင်မလေးရွန့်သည် ပြုံးလိုက်ပြီး နှုတ်ခမ်းကို အသာစေ့လျက် ပြောသည်။

"စောစောက ကျွန်မသူ့ကို ပြောလိုက်တာ နည်းနည်း ပြင်းထန်သွားပုံရတယ်။ ရှင်သွားပြီး အားပေးနှစ်သိမ့်ပေးတာ ကောင်းပါတယ်။ သွားပါ... သွားပါ"

ဝူကျိရှန်းသည် မီးဖိုချောင်သို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့ပြီး အရင်အတိုင်းပင် ချင်းချင်းကို အဝတ်အထည်များ သိမ်းဆည်းရန် ကူညီပေးလိုက်၏။ သူသည် စကားလုံးများကို သေသေချာချာ စဉ်းစားပြီးနောက် တစ်ဝက်နောက် တစ်ဝက်အတည် အမူအရာဖြင့် ပြောလိုက်သည်။

"ချင်းချင်း... ဒီနေ့ ဖြစ်ပျက်ခဲ့တဲ့ အသေးအဖွဲ နားလည်မှုလွဲတာကို ရင်ထဲမှာ အလေးအနက် မထားနဲ့ဦး။ သခင်မလေး ပြောလိုက်တဲ့ စကားတွေကိုလည်း အရမ်း စိုးရိမ်မနေနဲ့"

"သခင်လေးနဲ့ သခင်မလေးကို နားလည်မှုလွဲအောင် လုပ်မိတာ ကျွန်တော်မျိုးမရဲ့ အပြစ်ပါ။ ကျွန်တော်မျိုးမ သေထိုက်ပါတယ်"

"ဘာသေထိုက်တာလဲ၊ အဲဒီလောက်အထိ မဟုတ်ပါဘူး"

"ကျွန်တော်မျိုးမကြောင့် သခင်လေး ဒီလောက် ဒုက္ခရောက်ရတာ၊ သခင်လေး ကျွန်တော်မျိုးမအပေါ် စိတ်ဆိုးနေမှာ သေချာပါတယ်"

စိတ်ဆိုးတယ် ဟုတ်လား။သူက ဘယ်လိုလုပ် စိတ်ဆိုးမှာလဲ။နုပျိုချောမောပြီး လိမ္မာရေးခြားရှိသော မိန်းကလေးတစ်ဦးက သူ့ကို သဘောကျနေသည်ကို သူက အလွန်အမင်း ဝမ်းမြောက်နေပြီး ပျော်၍ပင် မဆုံးနိုင်ချေ။

"သခင်လေး တကယ်ပဲ ဝမ်းသာနေတာလား"

"သေချာတာပေါ့၊ ဝမ်းသာတာပေါ့။ နင့်လို ချောမောလှပတဲ့ မိန်းကလေးတစ်ယောက်က ငါ့ကို သဘောကျပေးတာ ငါ့ရင်ထဲမှာ အတိုင်းမသိ ပျော်ရွှင်ရပါတယ်"

ထိာစကားမှာ အနည်းငယ် ပေါ့ပျက်ပျက်နိုင်လှသော်လည်း ချင်းချင်း၏ စိတ်ကို ချက်ချင်းပင် လန်းဆန်းသွားစေခဲ့သည်။

သူမသည် အနည်းငယ် ရှက်သွေးဖြာပြီး ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်သော်လည်း စိတ်ခံစားချက်မှာ သိသိသာသာ ကောင်းမွန်လာခဲ့၏။

"ဒီနေ့ ဖြစ်ပျက်ခဲ့တာတွေက ကျွန်တော်မျိုးမ မှားသွားတာပါ"

"မှားတာက မှားတာပဲပေါ့"

ဝူကျိရှန်းသည် ဤကဲ့သို့သော အသေးအဖွဲ နားလည်မှုလွဲခြင်းကို စိတ်ထဲတွင် လုံးဝ မထားပါချေ။ ယင်းအစား သူက နောက်ပြောင်သည့် လေသံဖြင့် ပြောလိုက်သည်။

"ဒါနဲ့ နင်က ကိုယ်ဝန်ရှိနေပြီလို့ ဘယ်လိုလုပ် တွေးမိတာလဲ"

"ကျွန်မ... အရာရှိဝေ ပြောတာကို ကြားပြီးတော့ ကျွန်မဆီမှာလည်း အဲဒီလို လက္ခဏာတွေ ရှိနေတာနဲ့... ကျွန်မ... ကျွန်မ... ပြီးတော့ ကျွန်မရဲ့ ဗိုက်က တကယ်ပဲ ကြီးလာသလို ခံစားရလို့ပါ"

"အဲဒါက နင် ဝလာလို့ပါ"

ဝူကျိရှန်းသည် အော်ဟစ်ရယ်မောလိုက်ရင်း ပြောတော့သည်။

"နင် အခုတလော သိသိသာသာ ဝလာတာပဲလေ၊ ဒါကြောင့် နင့်ဗိုက်က အရင်ကထက် ပိုကြီးလာတာပေါ့။ ဒီအတိုင်းသာ ဆက်သွားရင် နင် မကြာခင်မှာ ဝတုတ်မလေး ဖြစ်သွားတော့မယ်"

စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား၊ အမျိုးသမီးတစ်ဦးသည် မိမိကို မြတ်နိုးသူအတွက် ပြင်ဆင်တတ်ကြသည်ဟု။ လှပသော ခန္ဓာကိုယ်အချိုးအစားကို လိုချင်တောင့်တခြင်းမှာ အမျိုးသမီးအားလုံး၏ သဘာဝပင် ဖြစ်၏။ ချင်းချင်းသည်လည်း အဆီများသော ဝတုတ်မလေးတစ်ဦး မဖြစ်ချင်‌ ပေ။

"သခင်လေး... ကျွန်တော်မျိုးမကို ဆေးတစ်ခွက်လောက် ဖော်ပေးပါလားဟင်၊ ကြိုက်သလောက်စားလည်း ဝမလာစေမယ့် ဆေးမျိုးပေါ့"

"အထူးသီးသန့် ဆေးတွေ မလိုပါဘူး။ နောင်ဆိုရင် အသားလျှော့စားပြီး ဟင်းသီးဟင်းရွက်နဲ့ အဖတ်ပါတဲ့ ကောက်ပဲသီးနှံတွေကို ပိုစား၊ ပြီးတော့ ကိုယ်လက်လှုပ်ရှားမှု ပိုလုပ်ပေးရင် ရပါပြီ။ နောင်ကို မနက်တိုင်း အိပ်ရာထရင် အိမ်ရှေ့ကွင်းပြင်ကို အပတ်နှစ်ဆယ်လောက် ပတ်ပြေးချေ"

"ဒါတော့ မဖြစ်နိုင်ဘူးရှင့်။ ကျွန်တော်မျိုးမက မနက်တိုင်း မနက်စာ ချက်ရဦးမှာ၊ ပြီးတော့ သခင်လေးနဲ့ သခင်မလေးတို့ စားဖို့ ပြင်ဆင်ရဦးမှာလေ။ အိမ်ရှေ့ကွင်းပြင်မှာ ပတ်ပြေးနေဖို့ ဘယ်မှာ အချိန်ရှိပါ့မလဲ"

"နောင်ဆိုရင် ငါ အိပ်ရာ စောစောထမယ်။ မနက်စာကို ငါပဲ ချက်ပေးမယ်။ နင်တစ်ယောက်တည်း တစ်နေ့လုံး တံမြက်စည်းလှည်း၊ ထမင်းချက် လုပ်နေရတာ တကယ်ပဲ မတရားပါဘူး"

"ကျွန်တော်မျိုးမက အစေခံတစ်ယောက်ပဲဥစ္စာ။ တံမြက်စည်းလှည်းတာ၊ ထမင်းချက်တာနဲ့ သခင်လေးရဲ့ နေ့စဉ် လိုအပ်ချက်တွေကို လုပ်ဆောင်ပေးရတာတွေက ကျွန်တော်မျိုးမရဲ့ တာဝန်တွေပဲလေ"

သခင်က သခင်၊ အဆင့်အတန်းရော နေရာဌာနပါ အထက်တန်းကျလှသည်။ အစေခံက အစေခံ၊ နိမ့်ကျသော အလုပ်အကျွေးပြုသူမျှသာ ဖြစ်ရာ သခင်ကို လုပ်ကိုင်ကျွေးမွေးရမည်မှာ သဘာဝပင် ဖြစ်၏။

"ဘယ်သူမှ အစေခံအဖြစ် မွေးဖွားလာတာ မဟုတ်ပါဘူး။ ဒီအဆင့်အတန်းဆိုတာ ပတ်ဝန်းကျင်နဲ့ အခြေအနေတွေကြောင့် နောက်မှ ဖြစ်လာရတာပါ။ သခင်ပဲဖြစ်ဖြစ်၊ အစေခံပဲဖြစ်ဖြစ် လူတွေအားလုံးက အတူတူပါပဲ"

ထိုစကားများသည် ချင်းချင်းတစ်ယောက် တစ်ခါမျှ မကြားဖူးခဲ့သော စကားများ ဖြစ်ကြသည်။

ချင်းချင်းသည်ထိုစကားစုမှ တစ်စုံတစ်ခုကို နားလည်သွားသလို ရှိသော်လည်း လုံးလုံးလျားလျားတော့ မဟုတ်ချေ။ သူမသည် ဝေဝါးဝါးမျှသာ သဘောပေါက်လိုက်မိခြင်း ဖြစ်၏။

ချင်းချင်း၏ လွန်ခဲ့သော ဆယ်စုနှစ်တစ်ခုကျော် သက်တမ်းမှာ အဆုံးမရှိသော အမှောင်ထုထဲတွင် နေထိုင်ခဲ့ရသကဲ့သို့ ဖြစ်ပြီး သူမကိုယ်တိုင်ပင် ထိုအမှောင်ထုကို အသားကျနေခဲ့ပြီ ဖြစ်သည်။

ဝူကျိရှန်း၏ စကားအနည်းငယ်သည် ကောင်းကင်ယံထက်မှ လျှပ်စီးလက်လိုက်သကဲ့သို့ ပိန်းပိတ်အောင် မှောင်နေသော ညဉ့်ကောင်းကင်ယံကို လင်းထိန်သွားစေပြီး ချင်းချင်းကို တစ်ခါမျှ မမြင်ဖူးသော မြင်ကွင်းများကို မြင်တွေ့သွားစေခဲ့သည်။

သူမတွင် အတွေ့အကြုံနှင့် ဗဟုသုတ လွန်စွာ အားနည်းလှသဖြင့် ချင်းချင်း၏ ထိုစကားအပေါ် နားလည်မှုမှာ အပေါ်ယံအဆင့်တွင်သာ ရှိနေသေး၏။ သခင်ဖြစ်စေ၊ အစေခံဖြစ်စေ ၎င်းမှာ နောက်မှ ဖြစ်လာသော အကြောင်းတရားများကြောင့်သာ ဖြစ်ပြီး သတ်မှတ်ထားသော ကံကြမ္မာကြောင့် မဟုတ်ချေ။

ထိုစကားစုသည် မိမိကိုယ်တိုင်အတွက် ကြီးကျယ်ခမ်းနားသော အပြောင်းအလဲတစ်ခု၏ အစပျိုးခြင်း ဖြစ်လာလိမ့်မည်ကို ချင်းချင်းကိုယ်တိုင်ပင် ထိုအချိန်က မသိရှိခဲ့ပါချေ။

**********

အခန်း ၁၀၆ - အနောက်တိုင်းဆေးသည် အနောက်တိုင်းဆေး မဟုတ်ပေ

ယခုနှစ် ရာသီဥတုက ပုံမှန်ထက် ပို၍ အေးစက်ပြီး ဆောင်းအလယ်ပိုင်းသို့ ရောက်ရှိလာသောအခါ ရေသည် ချက်ချင်း ခဲသွားတတ်ပြီး သာယာသော နေ့ရက်များတွင်ပင် လက်ကို အပြင်သို့ ထုတ်ရန် ခက်ခဲလောက်အောင် အေးလှသည်။

ဤသို့ အေးစက်လှသော နေ့ရက်များတွင်ပင် ဆေးဝါးစီမံခန့်ခွဲရေးဌာနသည် မီးလှုံခြင်းကိုမပြုလုပ်နိုင်‌ ပေ။

ဆောင်းတွင်း စတင်ကတည်းက ဆေးဝါးစီမံခန့်ခွဲရေးဌာနသည် မီးလှုံရန်အတွက် အရည်အသွေးမြင့် ကျောက်မီးသွေးဖြူ ကျင်းထောင်ချီ၍ ဝယ်ယူခဲ့သော်လည်း ၎င်းတို့မှာ လျင်မြန်စွာ ကုန်ဆုံးသွားခြင်း‌ကြောင့်ဖြစ်သည်။

ဆေးဝါးစီမံခန့်ခွဲရေးဌာနသည် အသစ်ဖွင့်လှစ်ထားသော ရုံးဌာနတစ်ခု ဖြစ်သဖြင့် ဘတ်ဂျက်ငွေအနည်းငယ်ကိုသာ ရရှိ၏။ မင်မင်းဆက်၏ စနစ်အရ ၎င်းတို့သည် နောက်နှစ် မတ်လ သို့မဟုတ် ဧပြီလကျမှသာ ဘဏ္ဍာငွေ ခွဲဝေမှုကို ရရှိမည် ဖြစ်သည်။

"ရုံးမှာ ကျောက်မီးသွေးဝယ်ဖို့ ပိုက်ဆံမရှိရင်တောင် ငါတို့ ဒီအတိုင်း အေးခဲမခံနိုင်ဘူး"

ဝူကျိရှန်းက ပြုံးလျက် လက်နှစ်ဖက်ကို ပွတ်ရင်း ပြောသည်၊၊

"ဒီလိုလုပ်ရင် ဘယ်လိုလဲ။ ငါ့အိတ်ထဲက စိုက်ပြီး ကျောက်မီးသွေး ကျင်းသုံးထောင်လောက် အရင်ဝယ်လိုက်မယ်"

ထိုစဉ် အပြင်ဘက်မှ အသံတစ်သံ ထွက်ပေါ်လာ၏၊၊

"သခင်ကြီး ဝူကျိရှန်း ရုံးမှာ ရှိပါသလား"

ရင်းနှီးသော ထိုအသံကို ကြားရသဖြင့် ဝူကျိရှန်းသည် အလျင်အမြန် ထကာ ထွက်ကြည့်ရာ သူ၏ အသိဟောင်းတစ်ဦး ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

သူကတော့ နတ်သမားတော်စွန်း ဖြစ်သော သမားတော်ကြီး စွန်းရှန့်ရှန် ပင် ဖြစ်၏။

သူတို့ ကောင်တီမြို့ငယ်လေးတွင် ရှိစဉ်က ဝူကျိရှန်းနှင့် နတ်သမားတော်စွန်းတို့သည် ဆေးပညာချင်း အကြိမ်ကြိမ် ပြိုင်ဆိုင်ဖူးကြသည်။ သို့သော် ထိုအရာများက အတိတ်တွင် ကျန်ရစ်ခဲ့ပြီ ဖြစ်ပြီး ယခုအခါ လက်ဆွဲနှုတ်ဆက်ကာ ပြေလည်သွားခဲ့ကြပြီ ဖြစ်လေသည်။

"သခင်ကြီး ဝူ..."

"မဟုတ်တာ။ ကျွန်တော့်ကို သခင်ကြီးလို့ မခေါ်ပါနဲ့။ နားထဲ ကန့်လန့်ကြီး ဖြစ်နေလို့ပါ"

ဝူကျိရှန်းသည် သူ၏ ပြိုင်ဘက်ဟောင်း၏ လက်ကို ဆုပ်ကိုင်ကာ ရယ်မောလျက် ပြောသည်၊၊

"အရင်ကလိုပဲ သမားတော် ဝူလို့ပဲ ခေါ်ပါ"

"နတ်သမားတော်စွန်းက ကျွန်တော့်ကို ကိစ္စတစ်ခုခုကြောင့် လာရှာတာ မဟုတ်လား"

ဝူကျိရှန်းသည် နတ်သမားတော်စွန်းကို သူ၏ ရုံးခန်းထဲသို့ ဖိတ်ခေါ်ကာ ပြုံးလျက် ပြော၏၊၊

"ကျွန်တော့်ဆီမှာ ရေနွေးတောင် မရှိလို့ ခင်များအတွက် လက်ဖက်ရည် မဖျော်ပေးတော့ဘူးနော်"

"အားနာစရာ မလိုပါဘူး"

နတ်သမားတော်စွန်းက လက်ကာပြ၍ ပြောလိုက်သည်၊၊

"ငါက မိတ်ဆွေဟောင်းတစ်ယောက်ဆီ လာလည်တာပါ"

"ဒီလောက် အေးတဲ့ ရာသီဥတုမှာ ဒီလောက် ဝေးတဲ့ ခရီးကို ဒီအသက်အရွယ်နှင့်ကျွန်‌တော့်ဆီ သီးသန့် လာလည်တယ် ဟုတ်လား။ အားနာစရာ စကားတွေ ပြောမနေပါနဲ့တော့"

ဝူကျိရှန်းက အကျယ်ကြီး ရယ်မောကာ ပြောလိုက်သည်၊၊

"ပြောစရာ ရှိတာကို တိုက်ရိုက်သာ ပြောပါ။ ကျွန်တော်တို့ကြားမှာ ဖုံးကွယ်ထားစရာ မလိုပါဘူး"

"သမားတော် ဝူက အရင်အတိုင်း ပွင့်လင်းဆဲပဲဆိုတော့ ငါလည်း လှည့်ပတ်မပြောတော့ဘူး"

နတ်သမားတော်စွန်းသည် သူ၏ ရင်ဘတ်ထဲမှ တောက်ပသော ရွှေတုံးအသေး လေးတုံးကို ထုတ်လိုက်ရင်း ပြော၏၊၊

"ငါ ဒီတစ်ခေါက် ထိုက်ယွမ် မြို့ကို လာတာက ပထမတော့ မင်းဆီ လာလည်ဖို့ပဲ။တကယ်တော့ ဆေးဘက်ဝင်အပင် အချို့ ဝယ်ယူဖို့ မင်းရဲ့ အကူအညီကို လာတောင်းတာပါ။ ဒါက ဆေးဝယ်ဖို့ လိုအပ်တဲ့ ပိုက်ဆံပါ အရင်ယူထားပါ"

ဆေးဘက်ဝင်အပင်တွေ ဝယ်ဖို့ ငါ့အကူအညီကို တောင်းတာလား။ဒါက မဟုတ်သေးပါဘူး။

တိုင်းရင်းဆေးပညာနှင့် ပတ်သက်လာလျှင် သူက ငါ့ထက် ပို၍ နက်နက်ရှိုင်းရှိုင်း နားလည်တာကို ဘာဖြစ်လို့ ဆေးဝယ်ဖို့ ငါ့ကို အကူအညီ တောင်းရတာလဲ။

"ငါဝယ်ချင်တဲ့ ဆေးဘက်ဝင်အပင်တွေက ဈေးကွက်ထဲမှာ မရှိဘူး။ မင်းတို့ရဲ့ ဆေးဝါးစီမံခန့်ခွဲရေးဌာနကတစ်ဆင့်ပဲ သွားရမယ်"

"မင်း ဘာဆေးပင်တွေ ဝယ်ချင်လို့လဲ"

"ဆေးပင် နှစ်မျိုးပဲ။ မိုးတိမ်နီအမွှေးတိုင်နဲ့ ဆားသန္တာပင်ပဲ"

ထိုစကားကို ကြားသောအခါ ဝူကျိရှန်းသည် ချက်ချင်း မျက်မှောင်ကြုတ်သွား၏၊၊

"နတ်သမားတော်စွန်း... ခင်ဗျားလိုချင်တဲ့ ဒီဆေးပင်နှစ်မျိုးက... ရဖို့ မလွယ်ဘူး ထင်တယ်"

"ဒါတွေက အလွန် ရှားပါးတဲ့ ဆေးပင်တွေမှန်း ငါသိလို့ မင်းရဲ့ အဆက်အသွယ်ကို သုံးချင်တာပေါ့။ အလွယ်တကူ ဝယ်လို့ရရင် ငါ ဘာလို့ မင်းဆီ လာမလဲ"

မိုးတိမ်နီအမွှေးတိုင်နှင့် ဆားသန္တာပင်တို့သည် အမှန်ပင် ရရှိရန် အလွန် ခက်ခဲလှသည်။ အထူးသဖြင့် ယခုနှစ်မှစ၍ ၎င်းတို့ကို နန်းတော်က ပိတ်ပင်ထားသော ဆေးဝါးများအဖြစ် သတ်မှတ်ခဲ့သဖြင့် ငွေရှိသော်လည်း ဝယ်၍မရသော ပစ္စည်းများ ဖြစ်လာခဲ့လေသည်။

၎င်းတို့ ပိတ်ပင်ထားသော ဆေးဝါးများ ဖြစ်လာရသည့် အကြောင်းရင်းမှာ နိုင်ငံရေး အကြောင်းပြချက်များကြောင့် ပင် ဖြစ်၏။

မိုးတိမ်နီအမွှေးတိုင်သည် မိုးတိမ်နီအမွှေးပင်မှ ထွက်သော အစေး ဖြစ်သည်။ ဤအပင်သည် အာဖရိကမြောက်ပိုင်းရှိ သဲကန္တာရ ဒေသများတွင်သာ ပေါက်ရောက်တတ်သည်။ ၎င်း၏ အစေးကို ရာဘာပင်ကဲ့သို့ အခေါက်ကို ဖြတ်၍ စုဆောင်းရခြင်း ဖြစ်သည်။

ဆားသန္တာပင်မှာမူ... အမှန်တကယ်တော့ သန္တာကျောက်တန်းများနှင့် ဘာမှမဆိုင်ပေ။ ၎င်းသည် အာရေဗျကျွန်းဆွယ်ရှိ တိရစ္ဆာန်အသေးတစ်မျိုးထံမှ ရရှိသော ကတိုးကဲ့သို့ ဆေးဝါးတစ်မျိုး ဖြစ်လေသည်။

ဤဆေးဘက်ဝင်အပင် နှစ်မျိုးလုံးသည် ပိုးလမ်းမကြီးမှတစ်ဆင့် တရုတ်ပြည်သို့ ပြန့်နှံ့လာသော နိုင်ငံခြားဖြစ် ကုန်ပစ္စည်းများ ဖြစ်ကြသည်။

အစပိုင်းတွင် ၎င်းတို့ကို တန်ဖိုးကြီး အမွှေးအကြိုင်များအဖြစ်သာ အသုံးပြုခဲ့ကြပြီး မှူးမတ်များနှင့် သူဌေးကြီးအများစုက စိတ်ကြွဆေးအဖြစ်ပင် သုံးစွဲခဲ့ကြသည်။ ၎င်းတို့၏ ဆေးဘက်ဝင် သမိုင်းကြောင်းက အလွန် တိုတောင်းလှပြီး ထန်မင်းဆက်နှောင်းပိုင်းကျမှသာ ဆေးကျမ်းများတွင် တရားဝင် ပါဝင်လာခဲ့သည်။

ထိုခေတ်က ပြောဆိုချက်အရ မိုးတိမ်နီအမွှေးတိုင်နှင့် ဆားသန္တာပင် နှစ်မျိုးလုံးသည် အနောက်တိုင်းဆေးများ ဖြစ်ကြသည်။ ဟုတ်ပါသည်၊ ဤခေတ်ရှိ အနောက်တိုင်းဆေးဟူသည် အနောက်ဘက်ဒေသများမှ ထွက်ရှိသော ဆေးဘက်ဝင်အပင်များကို အထူးပြုညွှန်းဆိုခြင်း ဖြစ်ပြီး နောင်လာနောက်သားများ၏ အနောက်တိုင်းဆေးဟူသော အယူအဆနှင့် လုံးဝ ကွဲပြားခြားနားလေသည်။

ဤကဲ့သို့သော ဆေးဘက်ဝင်အပင်များ ထွက်ရှိမှုသည် နဂိုကတည်းက ရှားပါးပြီး ခရီးဝေး သယ်ယူပို့ဆောင်ရသဖြင့် ဈေးနှုန်းများက အလွန် ကြီးမြင့်လှသည်။ ၎င်းတို့ကို အမှန်တကယ် ခေတ်စားလာပြီး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာကြသည်မှာ လွန်ခဲ့သော နှစ်တစ်ရာခန့်ကမှ စတင်ခဲ့ခြင်း ဖြစ်၏။

မွန်ဂိုတို့၏ အနောက်ဘက် စစ်ချီမှုများသည် ရေတွက်မကုန်နိုင်သော နိုင်ငံများကို ဖျက်ဆီးခဲ့ပြီး နယ်မြေများကို မိုင်ပေါင်းများစွာ ချဲ့ထွင်ခဲ့သဖြင့် အရှေ့နှင့် အနောက် ကူးလူးဆက်ဆံရေး လမ်းကြောင်းများကို ထိရောက်စွာ ဖွင့်လှစ်ပေးခဲ့သည်။

ထိုအခါမှသာ ဤဆေးဘက်ဝင်အပင် နှစ်မျိုးသည် အလုံးအရင်းဖြင့် စီးဝင်လာပြီး သာမန်လူများပါ အသုံးပြုနိုင်ခဲ့ကြသည်။ အထူးသဖြင့် မွန်ဂိုယွမ်ခေတ်အတွင်း မွန်ဂိုလူမျိုးအများစုသည် ဤဆေးဘက်ဝင်အပင်များကို မှောင်ခိုကူးခြင်းဖြင့်ပင် ချမ်းသာကြွယ်ဝလာခဲ့ကြလေသည်။

အချိန်အတော်ကြာအောင် မွန်ဂိုတို့သည် သယ်ယူပို့ဆောင်ရေးနှင့် အရောင်းလမ်းကြောင်းတစ်ခုလုံးကို နီးပါး လက်ဝါးကြီးအုပ်ထားခဲ့ကြသည်။

မင်မင်းဆက်ကို တည်ထောင်ပြီးနောက် မွန်ဂိုတို့နှင့် ကုန်သွယ်မှုကို တင်းကျပ်စွာ ကန့်သတ်ထားရာမှ လုံးဝ ပိတ်ပင်သည့် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ အထူးသဖြင့် မကြာသေးမီက ၎င်းတို့ကို နန်းတော်က ပိတ်ပင်ထားသော ဆေးဝါးများအဖြစ် သတ်မှတ်လိုက်ပြီးနောက် ဈေးကွက်တွင် ရှာဖွေရန် အလွန် ခက်ခဲသွားခဲ့လေသည်။

နန်းတော်၏ ထုတ်ပြန်မှုအရဤကဲ့သို့သော ဆေးဘက်ဝင်အပင်များကို ဝယ်ယူရန် ဆေးဝါးစီမံခန့်ခွဲရေးဌာနက ထုတ်ပေးသော တရားဝင် စာရွက်စာတမ်း ရှိရမည် ဖြစ်သည်။

ဝူကျိရှန်းသည် ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်ပြီး ဤကိစ္စကို တာဝန်ယူထားရသူ ဖြစ်သဖြင့် သူ့ကို လာရှာခြင်းသည် မှန်ကန်သော ရွေးချယ်မှု ပင် ဖြစ်၏။

"လွန်ခဲ့တဲ့ နှစ်တွေက မွန်ဂိုတွေ သောင်းကျန်းနေတုန်းက ဒီဆေးပင်တွေက ဈေးကြီးပေမယ့် ရဖို့ သိပ်လွယ်တာ။ အခုတော့"

နတ်သမားတော်စွန်းက သက်ပြင်းချရင်း ပြောသည်၊၊

"မွန်ဂိုတွေနဲ့ ကုန်သွယ်တာကို ပိတ်ပင်တာက နန်းတော်ရဲ့ အရေးကြီးတဲ့ ကိစ္စဆိုတော့ ငါတို့ ဝင်မစွက်ဖက်နိုင်ပါဘူး။ ဒါပေမဲ့ ဒီလောက်ကောင်းတဲ့ ဆေးပင်တွေကိုတော့ မပိတ်ပင်သင့်ဘူး မဟုတ်လား"

"ရာသီဥတုက အလွန်အေးတော့ လူအများစုက ချောင်းဆိုးတာ၊ ရင်ကြပ်တာနဲ့ အဆစ်အမြစ် ကိုက်ခဲတဲ့ ရောဂါတွေ ခံစားနေရတယ်၊ ဒါပေမဲ့ လူနာတော်တော်များများက ဆေးမရကြဘူး"

"သမားတော် ဝူ... မင်းက ဒါကို တာဝန်ယူထားရတဲ့ အော်တိုကရက်တစ် အရာရှိတစ်ယောက်ပဲ။ ဒါကြောင့် နန်းတော်ကို အစီရင်ခံစာတင်ပြီး ဒီကိစ္စကို သေချာ ဆွေးနွေးသင့်တယ်"

န"န်းတော်ကို အစီရင်ခံစာတင်ရမယ် ဟုတ်လား။ခင်ဗျားအထင်ကြီးလွန်းနေပြီ။ကျွန်‌တော်က အဆင့်ခြောက်ရှိတဲ့အရာရှိ လေးပါ။ နန်းတော်ကို တိုက်ရိုက် အစီရင်ခံစာတင်ပိုင်ခွင့် မရှိပါဘူး"

"နန်းတော်ရဲ့ ကိစ္စတွေကို ဘယ်သူမှ ဘာမှမတတ်နိုင်ဘူး"

ဝူကျိရှန်းက ခါးသက်သက် ပြုံးလျက် ပြောသည်၊

၊ "ကျွန်တော် ခင်ဗျားကို အတတ်နိုင်ဆုံးပဲ ကူညီပေးလိုက်မယ်"

"ဒါဆိုရင် ငါ ဘယ်တော့လောက် ရနိုင်မလဲ"

ဒါကတော့ ပြောရ တကယ် ခက်လှ၏။ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ပင်လျှင် ဤကဲ့သို့သော ပိတ်ပင်ထားသည့် ဆေးဝါးများကို ရရှိနိုင်ရန် မသေချာပေ။

"ငါ့ကို အချိန်နည်းနည်းပေးပါ။ ငါ အရင်ဆုံး ရှာပေးမယ်။ ရရချင်း မင်းဆီ ချက်ချင်း ပြန်ပို့ပေးဖို့ နည်းလမ်းရှာပါ့မယ်"

"ဒါဆိုရင်တော့ ငါ သခင်ကြီး ဝူ... သမားတော် ဝူကို ကျေးဇူးတင်ရမှာပဲ"

"ကျွန်တော့်ကို အားနာမနေပါနဲ့"

နတ်သမားတော်စွန်းကို လိုက်ပို့ပြီးနောက် ဝူကျိရှန်းသည် မိမိကိုယ်တိုင်အတွက် တရားဝင် ဆေးဝါးဝယ်ယူခွင့် လက်မှတ်ကို ချက်ချင်း ထုတ်ယူကာ ဆေးခန်းများနှင့် ဆေးဆိုင်အမျိုးမျိုးသို့ စတင် သွားရောက်ခဲ့လေသည်။

ဝူကျိရှန်းသည် ယခင်ကတည်းက ဤလုပ်ငန်းခွင်ထဲတွင် ရှိနေသူ ဖြစ်ပြီး ဆေးဝါးစီမံခန့်ခွဲရေးဌာန အရာရှိ အဆင့်အတန်းလည်း ရှိကာ တရားဝင် ဆေးဝါးဝယ်ယူခွင့် လက်မှတ်လည်း ကိုင်ဆောင်ထားသဖြင့် ၎င်းတို့ကို အလွယ်တကူ ရရှိသင့်သည်။

သို့သော် ကိစ္စရပ်များက ထင်သလို ဖြစ်မလာခဲ့ပေ။ သူသည် ရက်အနည်းငယ်မျှ လှည့်ပတ်သွားလာခဲ့ပြီး ထိုက်ယွမ် မြို့ရှိ ဆေးဆိုင် ထက်ဝက်နီးပါးသို့ ရောက်ရှိခဲ့ကာ ဆေးဝါးဈေးကွက်သို့ပင် အထူးတလည် သွားရောက်ခဲ့သော်လည်းထိုအပင် နှစ်မျိုး၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ခဲ့ပေ။

တစ်နေ့တွင် ဝူကျိရှန်းသည် လုံဖုန်းဆေးဆိုင် ဟု ခေါ်သော ဆိုင်တစ်ဆိုင်သို့ ရောက်ရှိသွားခဲ့လေသည်။

**********

All Chapters