← Chapters

အခန်း (၁၀၇-၁၀၈)

Vol. 10 Ch. 107-108

အခန်း (၁၀၇-၁၀၈)

Vol. 10 Ch. 107-108

အခန်း ၁၀၇ - လျှို့ဝှက်ဆန်းကြယ်သော ဆေးကုန်သည်

ဆေးဆိုင်နှင့် ဆေးပစ္စည်းဆိုင်နှစ်မျိုးလုံးသည် ဆေးဝါးများကို ရောင်းချကြသော်လည်း ၎င်းတို့ကြားတွင် အခြေခံကျသော ကွာခြားချက်တစ်ခု ရှိ၏။

ဤခေတ်တွင် ဆေးဆိုင် များသည် ရောဂါရှာဖွေခြင်း၊ ကုသခြင်းနှင့် ဆေးဝါးဖျော်စပ်ပေးခြင်းဟူသော လုပ်ငန်းစဉ်တစ်ခုလုံးကို လုပ်ဆောင်ကြသည်။ ၎င်းတို့၏ အဓိက ရည်မှန်းချက်မှာ ဆေးကုသခြင်းဖြင့် ငွေရှာရန် ဖြစ်သဖြင့် အခြေခံအားဖြင့် ယခုခေတ် ဆေးခန်းများနှင့် တူညီလေသည်။

သို့သော် ဆေးပစ္စည်းဆိုင်မှာမူ အယူအဆချင်း မတူပေ။ ထိုဆိုင်များသည် ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများကို မလုပ်ဆောင်ကြဘဲ ဆေးပစ္စည်းများကိုသာ သီးသန့် ရောင်းချကြသည်။

ထို့ပြင် ၎င်းတို့သည် ဆေးဘက်ဝင် အမွှေးအကြိုင် အမျိုးအစား စုံလင်စွာနှင့် အရေအတွက် အမြောက်အမြားကို လှည်းအစီးလိုက် ရောင်းချကြသဖြင့် အကြမ်းဖျင်းအားဖြင့် ဆေးပစ္စည်း လက္ကားဒိုင်များနှင့် တူညီလှ၏။

"အရာရှိဝူ... မွန်မြတ်တဲ့ ဧည့်သည်တော်ကြီး ရောက်လာတာပဲ"

ဝူကျိရှန်းကို မြင်လိုက်ရသည့် ခဏတွင် ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူသည် ချက်ချင်းပင်အစေခံကို လက်ဖက်ရည် ဖျော်ရန်နှင့် ရေတည်ရန် အလျင်အမြန် ခိုင်းစေကာ သူ့ကို ဂုဏ်သရေရှိ ဧည့်သည်တော်တစ်ဦးကဲ့သို့ ပြုစုဧည့်ခံလေသည်။

"မင်း ငါ့ကို မှတ်မိလို့လား"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူသည် စီးပွားရေးသမားတို့၏ ထုံးစံအတိုင်း နွေးထွေးသော အပြုံးကို ဆင်မြန်းထားရင်း ပြောသည်၊၊

"အရာရှိဝူက အရေးကြီးတဲ့ ကိစ္စတွေ များလို့ အသေးအဖွဲလေးတွေကို မေ့သွားတာ ဖြစ်ပါလိမ့်မယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဆေးပစ္စည်းတွေ ဝယ်တုန်းက ဒီကျွန်တော်မျိုး အရာရှိဝူနှင့်တစ်ကြိမ် ဆုံတွေ့ခွင့် ရခဲ့ပါတယ်"

ဆေးပစ္စည်းတွေ ဝယ်တုန်းက ဆုံခဲ့တာ။ဝူကျိရှန်းရုတ်တရက် သဘောပေါက်သွားပြီး မေးလိုက်၏၊၊

"ဒီဆေးပစ္စည်းဆိုင်က သခင်ကြီး လုကျန်းရှင်း ဖွင့်ထားတဲ့ ဆိုင်ခွဲတစ်ခုလား"

"မှန်ပါတယ်"

လုကျန်းရှင်း ဖွင့်လှစ်ထားသော လုံဖုန့်ဆိုင်သည် အစုစပ်လုပ်ငန်းတစ်ခု ဖြစ်ပြီး အမြတ်ရမည့် အလုပ်မှန်သမျှကို လုပ်ကိုင်သည့် အလွန် ကျယ်ပြန့်သော ကုန်သွယ်ရေးအဖွဲ့ဖြစ်လေသည်။ ထိုလုံဖုန့်ဆေးပစ္စည်းဆိုင်သည် သူ၏ ဆိုင်ခွဲများထဲမှ တစ်ခု ဖြစ်၏။

အသိဟောင်းများ ဖြစ်ကြသဖြင့် ကိစ္စရပ်များကို ဆွေးနွေးရန် လွယ်ကူသွားခဲ့သည်။ ဝူကျိရှန်းသည် သူလာသည့် အကြောင်းရင်းကို တိုက်ရိုက်ပင် ပြောလိုက်၏။

"မိုးတိမ်နီအမွှေးတိုင်နဲ့ ဆားသန္တာပင် ဟုတ်လား"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက ခေါင်းကို အနည်းငယ် ခါယမ်းရင်း ပြောသည်၊၊

"ကျွန်တော်တို့ဆီမှာ ဒီဆေးပစ္စည်း နှစ်မျိုးလုံးမရှိပါဘူး"

"မရှိရင်လည်း ရပါတယ်"

ဝူကျိရှန်းသည်ထိုဆေးပစ္စည်း နှစ်မျိုးကို ရရှိရန် အမှန်ပင် ခက်ခဲမှန်း သိထားသဖြင့် မျှော်လင့်ချက် အများကြီး မထားခဲ့ပေ။

"ငါ တခြားနေရာမှာပဲ သွားရှာကြည့်တော့မယ်"

"အရာရှ ဝူ အချိန်ကုန်ခံမနေဖို့ ကျွန်တော် အကြံပြုပါရစေ"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူ၏ မျက်နှာတွင် ဂုဏ်ယူသော အရိပ်အယောင်တစ်ခု ပေါ်လာရင်း ပြောသည်၊၊

"ကျွန်တော် ကြွားဝါတာတော့ မဟုတ်ပါဘူး။လုံဖုန့်ဆေးပစ္စည်းဆိုင်မှာမရှိတဲ့ ဆေးပစ္စည်းဆိုရင် တခြားနေရာတွေမှာလည်း လုံးဝ ရှိမှာ မဟုတ်ပါဘူး။ တကယ်လို့ အရာရှိဝူ အရေးတကြီး လိုအပ်နေတယ်ဆိုရင် ကျွန်တော် စုံစမ်းပေးလို့ ရပါတယ်"

"မင်းမှာ အဆက်အသွယ် ရှိလို့လား"

"စီးပွားရေးဆိုတာ ကုန်ပစ္စည်းတွေ အရပ်မျက်နှာအနှံ့ စီးဆင်းနေတာပဲလေ။ ကျွန်တော်က သာမန် ကုန်သည်တစ်ယောက် ဖြစ်ပေမဲ့ တောင်၊ မြောက်၊ အရှေ့၊ အနောက် အရပ်ရပ်မှာ အဆက်အသွယ် အချို့တော့ ရှိပါတယ်။ ဒါမှမဟုတ်ရင်လည်း တာဝန်ခံလုက ဒီလုံဖုန့်ဆေးပစ္စည်းဆိုင်ကို ကျွန်တော့်လက်ထဲ အပ်ပါ့မလား"

"အရာရှိဝူက ကျွန်တော်တို့ လုံဖုန့်‌ ဆေးဆိုင်ရဲ့ အရေးကြီးတဲ့ ဧည့်သည်တော်ပါ။ တာဝန်ခံလုက အရာရှိဝူနဲ့ ပတ်သက်တဲ့ ကိစ္စမှန်သမျှကို အထူး ဂရုစိုက်ပြီး အစွမ်းကုန် လုပ်ဆောင်ပေးဖို့ သီးသန့် မှာကြားထားပါတယ်"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက အနည်းငယ် ဦးညွှတ်ရင်း ပြောသည်၊၊

"အရာရှိဝူ ခဏလောက် စောင့်ပေးပါ။ ကျွန်တော် အခုပဲ ကုန်ပစ္စည်း ရနိုင်မယ့် လမ်းကြောင်းကို သွားပြီး စုံစမ်းလိုက်ပါ့မယ်"

မကြာမီမှာပင်ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူသည် အသက်ငါးဆယ်ကျော်အရွယ် လူတစ်ယောက်ကို ခေါ်ဆောင်လာခဲ့လေသည်။

ထိုလူသည် ထူထဲသော သိုးရေအင်္ကျီကို ဝတ်ဆင်ထားပြီး သူ၏ ညိုမည်းသော မျက်နှာထက်တွင် အချိန်ကာလ၏ အမှတ်အသားများ ပြည့်နှက်နေ၏။ သူ၏ လုံးဝန်းသော ဦးခေါင်းနှင့် မျက်နှာကြောင့် ရိုးသားဖြောင့်မတ်သော အဖိုးအိုတစ်ဦးကဲ့သို့ ထင်ရသော်လည်း သူ၏ မျက်ဝန်းများထဲတွင်မူ စီးပွားရေးသမားတို့၏ ထုံးစံအတိုင်း လျှပ်ပေါ်လော်လီသော အရိပ်အယောင်များ ပြည့်နှက်နေလေသည်။

"မိုးတိမ်နီအမွှေးတိုင်နဲ့ ဆားသန္တာပင်တို့က အလွန် တန်ဖိုးကြီးတဲ့ ဆေးပစ္စည်းတွေပါ။ အမှန်ဆိုရင်တော့ ကျွန်တော်တို့က အမြတ်ယူရမှာပါ။ ဒါပေမဲ့ အရာရှိ ဝူနဲ့ ကျွန်တော်တို့တာဝန်ခံ လုတို့ရဲ့ ခင်မင်မှုက နက်ရှိုင်းလှတာမို့ ကုန်သည်နဲ့ တိုက်ရိုက် ဆွေးနွေးနိုင်အောင် စီစဉ်ပေးလိုက်ပါတယ်"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက ပြုံးလျက် ပြောသည်၊၊

"မိတ်ဆက်ပေးပါရစေ။ ဒါကတော့ ဆေးဝါးစီမံခန့်ခွဲရေးဌာနက လက်ထောက်အရာရှိ ဝူကျိရှန်း ဖြစ်ပြီး ဒါကတော့ ကျွန်တော်တို့ ဆေးဆိုင်ရဲ့ ဖောက်သည်ဟောင်းကြီး ဖြစ်ပါတယ်။ သူ့နာမည်က"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူ မိတ်ဆက်ပေး၍ မပြီးခင်မှာပင် ဆေးကုန်သည်က ဝူကျိရှန်းကို လက်အုပ်ချီ နှုတ်ဆက်ရင်း မိမိကိုယ်ကိုယ် မိတ်ဆက်လိုက်သည်၊၊

"ငါ့နာမည်က ဝမ်ကျန့်စွန်း ပါ။ ဆေးပစ္စည်းတွေကို အဓိကရောင်းချပါတယ်။ မင်း မိုးတိမ်နီအမွှေးတိုင်နဲ့ ဆားသန္တာပင်ကို ဝယ်ချင်တယ်လို့ ကြားတယ်"

"ဟုတ်တယ်"

"ငါ့ဆီမှာ ပစ္စည်းရှိတယ်၊ ဒါပေမဲ့ ငါ့ပစ္စည်းက ဈေးမချိုဘူးနော်"

မိုးတိမ်နီအမွှေးတိုင်နှင့် ဆားသန္တာပင်တို့သည် နဂိုကတည်းက သွင်းကုန်များ ဖြစ်ကြသည်။ နန်းတော်က ကုန်သွယ်မှု လမ်းကြောင်းများကို ဖြတ်တောက်လိုက်ကတည်းက နန်းတော်၏ ပိတ်ပင်ချက်ကို ချိုးဖောက်ပြီး ခရီးဝေး သယ်ယူပို့ဆောင်မည့်သူ မရှိသလောက် ပင် ဖြစ်၏။ ရံဖန်ရံခါ ပစ္စည်းလက်ကျန် ရှိနေလျှင်ပင် ဈေးနှုန်းက အလွန် ကြီးမြင့်မည်မှာ သေချာလှသည်။

ဤကဲ့သို့ ရှားပါးသော ဆေးပစ္စည်းများက ဈေးချိုရန် မဖြစ်နိုင်ပေ။

"ဈေးပေါတဲ့ ပစ္စည်းက မကောင်းဘူး၊ ကောင်းတဲ့ ပစ္စည်းက ဈေးမပေါဘူး။ မင်းရဲ့ ဈေးနှုန်းကိုသာ ပြောပါ"

ဆေးကုန်သည် ဝမ်ကျန့်စွန်း တောင်းဆိုသော ဈေးနှုန်းမှာ သင့်တင့်လျောက်ပတ်ပြီး ဝူကျိရှန်း လက်ခံနိုင်သော ပမာဏအတွင်းတွင် ရှိနေလေသည်။

"ဒီဈေးနှုန်းက လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ငါ အရင်ဆုံး ပစ္စည်းကို ကြည့်ချင်တယ်"

ဆေးပစ္စည်းများက တခြားကုန်ပစ္စည်းများနှင့် မတူပေ။ အနည်းငယ်မျှ လွဲချော်သွားလျှင် အရည်အသွေးပိုင်းတွင် ကြီးမားသော ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ဆေးပစ္စည်းတစ်ခုတည်း ဖြစ်နေလျှင်ပင် ထွက်ရှိရာ ဒေသနှင့် ပြုပြင်စီမံပုံ နည်းပညာ မတူညီပါက ဈေးနှုန်းချင်း အလွန် ကွာခြားသွားတတ်၏။

ရိုးရှင်းသော ဥပမာတစ်ခု ပြောရလျှင် ချန်ဟောင်ဟွာနှင့် တိဗက်စန္ဒကူးတို့သည် အမှန်တကယ်တော့ အပင်ချင်း တူညီကြသော်လည်း ထွက်ရှိရာ ဒေသ၏ အပူချိန်နှင့် နေရောင်ခြည် ကွာခြားမှုကြောင့် ၎င်းတို့၏ ဆေးဘက်ဝင် အာနိသင်ချင်း အလွန် ကွာခြားပြီး တန်ဖိုးချင်းလည်း ဆောက်နဲ့လောက် ကွာခြားလှသည်။ ထို့ပြင် ၎င်းတို့၏ အသွင်အပြင်မှာ လုံးဝ တူညီလုနီးပါး ဖြစ်သဖြင့် ကိုယ်တိုင် မစစ်ဆေးဘဲ ခွဲခြားရန် မဖြစ်နိုင်ပေ။

"ပစ္စည်းကို ကြည့်မယ် ဟုတ်လား။ ဒါကတော့ နည်းနည်း ခက်လိမ့်မယ်"

ဆေးကုန်သည် ဝမ်ကျန့်စွန်းက ပြောလိုက်သည်၊၊

"ဆေးပစ္စည်းတွေက ငါ့ဇာတိမြို့မှာ ရှိတာ။ ငါ ဒီကို ယူမလာခဲ့ဘူး"

ထိုဆေးပစ္စည်းများသည် နတ်သမားတော်စွန်းအတွက် ကိုယ်စား ဝယ်ယူပေးခြင်း ဖြစ်သည်။ ပစ္စည်းကို မမြင်ရဘဲ ဝယ်ယူလိုက်ပြီးနောက် အရည်အသွေးပိုင်း ပြဿနာ ရှိလာပါက ရှင်းပြရန် ခက်ခဲလိမ့်မည် ဖြစ်၏။

ဝူကျိရှန်း၏ ခက်ခဲနေသော မျက်နှာအမူအရာကို မြင်သောအခါ ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြောသည်၊

၊ "သူ့ရဲ့ ဆေးပစ္စည်းတွေက လုံးဝ စစ်မှန်ပါတယ်။ ကျွန်တော် အာမခံပါတယ်။ အရာရှိ ဝူ စိတ်ချလက်ချ ရှိနိုင်ပါတယ်"

လုကျန်းရှင်း၏ ဆေးပစ္စည်းဆိုင်က ကြားခံလူအဖြစ် ဆောင်ရွက်ပေးနေခြင်း ဖြစ်သဖြင့် ဆေးပစ္စည်းများ၏ အရည်အသွေးကို အာမခံနိုင်သည်မှာ သေချာလှရာ ဝူကျိရှန်းလည်း စိတ်အေးသွားခဲ့လေသည်။

"ငါ အဲဒီဆေးပစ္စည်းတွေကို ဘယ်တော့လောက် ရနိုင်မလဲ"

ဆေးကုန်သည် ဝမ်ကျန့်စွန်းသည် မျက်စိကို မှေးလိုက်ပြီး အချိန်ကို တွက်ချက်ကာ တိကျသော ပစ္စည်းပေးပို့မည့် ရက်စွဲကို ချက်ချင်း ပြောလိုက်သည်၊၊

"လဝက်အတွင်း ပစ္စည်းရောက်စေရမယ်။ ဘယ်လိုလဲ"

"ကောင်းပြီ"

"ဒါဆိုရင်တော့ သဘောတူပြီ"

ဤသို့ ပြောပြီးနောက် ဆေးကုန်သည် ဝမ်ကျန့်စွန်းသည် လှည့်ထွက်သွားလေသည်။

ဝူကျိရှန်းမှာမူ ကြောင်အမ်းအမ်း ဖြစ်၍ ကျန်ခဲ့၏။

ဒါက လက်ငင်း အရောင်းအဝယ် မဟုတ်ဘဲ ပကြိုတင်အရောင်းအဝယ် ဖြစ်သည်။ ဤကဲ့သို့ သဘောတူညီချက်မျိုးအတွက် စီးပွားရေး လုပ်ထုံးလုပ်နည်းများအရ ဝူကျိရှန်းအနေဖြင့် စပေါ်ငွေ အချို့ကို ပေးချေရမည် ဖြစ်ပြီး သို့မှသာ ရောင်းချသူဘက်က စိတ်ချရမည် ဖြစ်၏။

ထိုအရာများသည် အလွန် တန်ဖိုးကြီးပြီး ဈေးနှုန်းမြင့်မားသော ဆေးပစ္စည်းများ ဖြစ်ကြသည်။အကယ်၍ ဝေးလံသော နေရာမှ သယ်ဆောင်လာပြီးမှ ဝယ်ယူသူဘက်က စိတ်ပြောင်းသွားပါက ခရီးအလဟဿ ဖြစ်သွားမည် မဟုတ်ပါလား။

ဆေးကုန်သည် ဝမ်ကျန့်စွန်း၏ အပြောအဆိုနှင့် အပြုအမူများကို ကြည့်ရလျှင် သူသည် အတွေ့အကြုံရင့်ကျက်သော ဝါရင့်တစ်ဦး ဖြစ်သည်မှာ သေချာလှသည်။ သူသည် စီးပွားရေး လုပ်ထုံးလုပ်နည်း ဖြစ်သော စပေါ်ငွေ တောင်းခံရန်ဘာလို့မေ့လျော့သွားရတာလဲ။

"စပေါ်ငွေ ဘာညာကို အရာရှိဝူ နောက်နေတာ ဖြစ်ပါလိမ့်မယ်"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက ခပ်ပြုံးပြုံးဖြင့် ပြောသည်၊၊

"ကျွန်တော်တို့ လုံဖုန့်ဆေးပစ္စည်းဆိုင်က အသစ်ဖွင့်ထားတာ ဖြစ်ပေမဲ့ ယုံကြည်စိတ်ချရမှုတော့ ရှိပါတယ်။ ဒီဝမ်ကျန့်စွန်းက ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ကိုင်လာတာ ကြာပါပြီ။ ကျွန်တော်တို့ မိတ်ဆက်ပေးတဲ့ ဖောက်သည် ဖြစ်နေသရွေ့ ငွေပေးချေမှု ကိစ္စအတွက် လုံးဝ စိုးရိမ်စရာ မလိုတာမို့ စပေါ်ငွေ ပေးဖို့ မလိုပါဘူး"

ဤအရောင်းအဝယ်တွင်လုံဖုန့်ဆေးပစ္စည်းဆိုင်အပေါ် ထားရှိသော ယုံကြည်မှုတစ်ခုတည်းဖြင့် စပေါ်ငွေပင် မတောင်းခံခဲ့ချေ။ဆေးကုန်သည် ဝမ်ကျန့်စွန်းသည် လုံဖုန်းဆေးပစ္စည်းဆိုင်အပေါ် အလွန် မြယုံကြည်မှု ရှိပုံရလေသည်။

"စီးပွားရေးဆိုတာ ယုံကြည်မှုအပေါ်မှာ မူတည်တာပဲလေ။ ဝမ်ကျန့်စွန်းက ကျွန်တော်တို့နဲ့ တစ်ကြိမ်တည်း ပူးပေါင်းလုပ်ကိုင်တာ မဟုတ်ပါဘူး"

"ဒီကိစ္စ အောင်မြင်သွားတာ မင်းတို့အားလုံးကြောင့်ပါပဲ။ငါ သွားလိုက်ပါဦးမယ်"

"အရာရှိဝူ ခဏလောက် နေပါဦး"

"တခြား ကိစ္စရှိသေးလို့လား"

"အမှန်တော့ ကိစ္စအသေးအဖွဲလေးတစ်ခု ရှိပါတယ်။ ကျွန်တော်တို့တာဝန်ခံလုက သီးသန့် မှာကြားထားတာပါ"

ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက ခပ်တိုးတိုး အသံဖြင့် ရည်ရွယ်ချက်ရှိရှိ ပြောသည်၊၊

"အရာရှိဝူနဲ့ ကျွန်တော်တို့ သခင်ကြီး လုတို့က ညီအစ်ကိုတွေလို ခင်ကြတာဆိုတော့ ကျွန်တော်လည်း ဖုံးကွယ်မထားတော့ပါဘူး"

"လိုရင်းသာ ပြောပါ"

"နောက်နှစ် မတ်လလောက်မှာ နန်းတော်က မြောက်ပိုင်းစစ်ဆင်ရေးကို စတင်တော့မှာပါ။ အဲဒီအချိန်ကျရင် စစ်တပ်အတွက် ဆေးပစ္စည်းတွေ ဝယ်ယူမယ့် ကိစ္စနဲ့ ပတ်သက်ပြီးအရာရှိဝူဘက်က ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်"

နန်းတော်က မွန်ဂိုတို့ကို တိုက်ခိုက်မည့် မြောက်ပိုင်းစစ်ဆင်ရေးမှာ အံ့သြစရာ မဟုတ်ပေ။ ယခင်ကလည်း မြောက်ပိုင်းစစ်ဆင်ရေးများ အကြိမ်ကြိမ် ရှိခဲ့ဖူးသောကြောင့် ဖြစ်သည်။

သို့သော်ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင် လျူက မြောက်ပိုင်းစစ်ဆင်ရေး စတင်မည့် တိကျသော ရက်စွဲကို ပြောနိုင်ခြင်းမှာ အနည်းငယ် ထူးဆန်း နေ၏။

"ဒါက အလွန် အရေးကြီးတဲ့ စစ်ရေးမဟာဗျူဟာ လျှို့ဝှက်ချက်ပဲ။ ငါတောင် ဒီသတင်းကို မကြားမိသေးဘူး။ မင်းလို ဆိုင်ခွဲ ဆိုင်ရှင်အသေးစားလေးက ဘယ်လိုလုပ် သိတာလဲ"

"စီးပွားရေးလုပ်တဲ့နေရာမှာ သတင်းအချက်အလက် မြန်ဆန်ဖို့က သဘာဝပါပဲ"

"မင်းတို့ရဲ့ တာဝန်ခံလုနှင့် ငါ့ရဲ့ ပတ်သက်မှုအရတော့ နန်းတော်ရဲ့ ဥပဒေကို မချိုးဖောက်သရွေ့ ငါ ကူညီပေးနိုင်တဲ့ နေရာမှန်သမျှ အစွမ်းကုန် ကူညီပေးပါ့မယ်"

*********

အခန်း ၁၀၈ - အကျိုးအမြတ်ကို မြင်ပြီး အခွင့်ကောင်းယူခြင်း

အေးစက်သော ဆောင်းရာသီ‌၏ နေ့ရက်များတွင်ယနေ့သည် ရှားရှားပါးပါး သာယာလှပ နေ၏။

ဝူကျိရှန်းသည် အရှေ့ဘက်ဆောင်သို့ လာခဲ့ပြီး ဝေရှင်းဝူ၏ ရုံးတံဆိပ်နှင့် ကိုယ်ပိုင်တံဆိပ်တုံးတို့ကို ပြန်လည် ပေးအပ်လိုက်သည်၊၊

"အရာရှိဝေ... ဒီပစ္စည်းနှစ်ခုကို နဂိုအတိုင်း ပြန်ပေးပါရစေ၊ သေချာ သိမ်းဆည်းထားပါဦး"

ရုံးတံဆိပ်မှာ တရားဝင် ရုံးသုံးတံဆိပ်တုံး ဖြစ်ပြီး ကိုယ်ပိုင်တံဆိပ်တုံးမှာမူ စာရွက်စာတမ်းများတွင် လက်မှတ်ရေးထိုးရာ၌ အသုံးပြုသည့် ကိုယ်ပိုင်အမှတ်အသား ဖြစ်သည်။

ထိုပစ္စည်းနှစ်ခုသည် အလွန် အရေးကြီးသော်လည်း ဝေရှင်းဝူကမူ အနည်းငယ်မျှ ဂရုမစိုက်သည့်အပြင် ပြန်လည် သိမ်းဆည်းရန်ပင် စိတ်ကူးမရှိချေ၊၊

"အရာရှိဝူ... ငါ ဒီနေ့ မွန်းလွဲပိုင်းမှာ လုပ်စရာ ကိစ္စလေး ရှိလို့ပါ၊ ရုံးတံဆိပ်နဲ့ ကိုယ်ပိုင်တံဆိပ်တုံးကို ငါ့အတွက် နောက်ထပ် ရက်အနည်းငယ်လောက် သိမ်းထားပေးပါဦး"

"လုပ်စရာ ကိစ္စ ဟုတ်လား။ မင်းမှာ ဘာလုပ်စရာ ရှိလို့လဲ"

ဝူကျိရှန်းက ခပ်ဖွဖွ ရယ်မောလိုက်သည်၊၊

"ချမ်းသာတဲ့ သခင်လေးတွေနဲ့အတူ စားသောက်ပွဲ သွားတာ ဒါမှမဟုတ် တောလိုက်ထွက်တာ ဖြစ်လိမ့်မယ် မဟုတ်လား"

ဝေရှင်းဝူသည် နဂိုကတည်းက ရှုပ် ပွေသော သူဌေးသားတစ်ဦး ဖြစ်သည်။ သူသည် ထိုက်ယွမ် မြို့ရှိ အရာရှိသားသမီး အချို့နှင့် မိတ်ဆွေဖြစ်ပြီးကတည်းက တစ်နေ့လုံး ရုံးသို့ အလုပ်လာမဆင်းဘဲ အဆုံးမရှိသော စားသောက်ပွဲများနှင့် တောလိုက်ထွက်ခြင်းများတွင်သာ အချိန်ကုန်လွန်နေခဲ့၏။

သို့သော် သူသည် ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ ဒုတိယညွှန်ကြားရေးမှူး ဖြစ်သဖြင့် အချို့သော ကိစ္စရပ်များကို သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရန် လိုအပ်နေ‌ သေးသည်။

ထို့ကြောင့် သူ၏ ပျော်ပါးမှုကို အနှောင့်အယှက် မဖြစ်စေရန်အတွက် ဝေရှင်းဝူသည် သူ၏ ရုံးတံဆိပ်နှင့် ကိုယ်ပိုင်တံဆိပ်တုံးကို ဝူကျိရှန်းထံ ပစ်ပေးကာ မိမိကိုယ်စား ရုံးလုပ်ငန်းများကို ကိုင်တွယ်ခိုင်းထားခြင်း ဖြစ်လေသည်။

ဝေရှင်းဝူသည် နဂိုကတည်းက အမှုထမ်းကောင်း အနွယ်ဝင် မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် ဆေးဝါးစီမံခန့်ခွဲရေးဌာနတွင် တာဝန်ထမ်းဆောင်ခြင်းမှာ ဟန်ပြသက်သက်သာ ဖြစ်၏။ သူ၏ မိသားစုက သူ၏ အနာဂတ် ရာထူးတိုးလမ်းကြောင်းကို အပြည့်အစုံ စီစဉ်ပေးပြီးသား ဖြစ်သည်။

ယခု သက်တမ်း ကုန်ဆုံးသည်နှင့် သူသည် မြို့တော်သို့ ပြောင်းရွှေ့ကာ အရာရှိကြီး ဖြစ်လာပေလိမ့်မည်။

ထို့ပြင် ဆေးဝါးစီမံခန့်ခွဲရေးဌာနတွင် အမှန်တကယ် ကိုင်တွယ်ရမည့် တရားဝင် ရုံးလုပ်ငန်းဟူ၍ မရှိသဖြင့် သူသည် ယခုနေရာကို အားလပ်ရက် အပန်းဖြေစခန်းတစ်ခုကဲ့သို့ သဘောထားနေခြင်း ဖြစ်သည်။

"ဘာပဲဖြစ်ဖြစ် ငါတို့ရုံးက အလှပြသက်သက်ပဲဟာ၊ လုပ်စရာ ဘာမှမရှိပါဘူး။ အရာရှိ ဝူ... မင်း သဘောတူလိုက်တဲ့ ကိစ္စမှန်သမျှကို ငါကတော့ ဒုတိယအကြိမ် စဉ်းစားမနေဘဲ လုံးဝ သဘောတူမှာပဲ"

"လုပ်စရာ မရှိဘူးလို့ ဘယ်လိုပြောနိုင်ရတာလဲ။အရာရှိ ရှုကို ကြည့်ဦး၊ သူဆို တစ်နေ့လုံး အလုပ်ရှုပ်နေတာပဲ"

"သူ အလုပ်ရှုပ်တာ ဟုတ်လား။ အလကားပါကွာ"

ဝေရှင်းဝူနှင့် ရှုစီဝင်တို့သည် နဂိုကတည်းက မတည့်ကြသဖြင့် သူက အထင်မြင်သေးစွာဖြင့် ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်၊

၊ "သူက အလုပ်မရှိ အလုပ်ရှာနေတာ၊ တခြားလူတွေ မြင်အောင် ကြိုးစားချင်ယောင် ဆောင်နေတာပဲ"

ထိုစကားက အမှန်ပင် ဖြစ်၏။

ရှုစီဝင်သည် အမြဲတမ်း အလုပ်ရှုပ်နေဟန် ပြုမူကာ တစ်နေ့လုံး ရုံးစာရွက်စာတမ်း တောင်ပုံရာပုံထဲတွင် နစ်မြုပ်နေတတ်သော်လည်း အမှန်တကယ်မှာဟန်ပြသက်သက်သာ ဖြစ်လေသည်။

ဆေးဝါးစီမံခန့်ခွဲရေးဌာနသည် နဂိုကတည်းက အေးဆေးလှသော ရုံးဌာနတစ်ခု ဖြစ်ပြီး ကိစ္စရပ်များကို ကိုင်တွယ်ရန် တာဝန်သာ ရှိသော်လည်း ဆုံးဖြတ်ပိုင်ခွင့် အာဏာ မရှိချေ။ ၎င်းသည် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဒေသခံ ရုံးခွဲတစ်ခုမျှသာ ဖြစ်သည်။

ထို့ပြင်ထိုဌာနသည် ရန်ပုံငွေ အလွန်အမင်း ပြတ်လတ်နေသဖြင့် လုပ်စရာ ကိစ္စ ရှိလာလျှင်ပင် အကောင်အထည် မဖော်နိုင်ပေ။

လူတိုင်းက စောင့်ဆိုင်းနေကြခြင်း ဖြစ်ပြီး နောက်နှစ်၏ ဘဏ္ဍာငွေ ခွဲဝေမှု ရောက်ရှိလာမှသာ ကိစ္စရပ်များကို ဆွေးနွေးနိုင်ကြမည် ဖြစ်သည်။ အခုအချိန်မှာတော့... လုပ်စရာ ဘာမှမရှိတာ အမှန်ပင် ဖြစ်၏။

"အဲဒီ ရှုစီဝမင်က ပညာတတ်ပုံစံနဲ့ အေးအေးဆေးဆေး ရှိလှတယ် ထင်ရပေမဲ့ အတွေးအခေါ်တွေက အလွန် ပုပ်စပ်တာ။ သူက ရာထူးတိုးအကဲဖြတ်တဲ့အခါ နာမည်ကောင်းရပြီး ရာထူးတိုးဖို့အတွက် ရည်ရွယ်ချက်ရှိရှိ ကြိုးစားပြနေတာပဲ"

ဝေရှင်းဝူမှာမူ အမှုထမ်းကောင်း အနွယ်ဝင် ဖြစ်သဖြင့် လုပ်ထုံးလုပ်နည်းအတိုင်း သွားရုံဖြင့် ရာထူးတိုးနိုင်သော်လည်း ရှုစီဝင်မှာမူ သာမန်ဆင်းရဲသား မိသားစုမှ ဆင်းသက်လာသူ ဖြစ်သဖြင့် သူ၏ စွမ်းဆောင်ရည်ကို ကြိုးစားပြသခြင်းဖြင့်သာ ရာထူးတိုးရန် မျှော်လင့်နိုင်ရှာသည်။

ထိုစဉ် ရုံးလုလင်တစ်ဦး ဝင်လာကာ ပြောသည်၊၊

"အရာရှိ ဝူ၊ အရာရှိဝေ..သခင်ကြီးချင်းက အစည်းအဝေး လုပ်ဖို့အတွက် ခေါ်ခိုင်းလိုက်ပါတယ်။ အရာရှိ ရှုကတော့ ရောက်သွားပြီဖြစ်လို့ လူကြီးမင်းတို့ နှစ်ယောက်ကို စောင့်နေပါတယ်"

"အေးပါ၊ အေးပါ၊ ငါသိပြီ"

ဝေရှင်းဝူက စိတ်မရှည်စွာဖြင့် လက်ကို ကာလိုက်ရင်း ပြောလိုက်သည်၊၊

"အစည်းအဝေး ဟုတ်လား။ ဘာအစည်းအဝေးလဲ၊ လုပ်ရိုးလုပ်စဉ် ဟန်ပြသက်သက်ပါပဲ"

ဌာနမှူးချင်းကျန့်ယုံသည် ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ အရာရှိ ဖြစ်၏။ သူက လက်ထောက် သုံးဦးကို အစည်းအဝေး ခေါ်ယူခြင်းက အလွန် တည်ကြည် လေးနက်လှသည်ဟု ထင်ရသော်လည်း အမှန်တကယ်တော့ လုပ်ရိုးလုပ်စဉ်သက်သက်သာ ဖြစ်လေသည်။

ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ အကြီးအကဲ ဖြစ်သူချင်းကျန့်ယုံ ကိုယ်တိုင်ပင်လျှင် ရုံးကိစ္စရပ်များကို အနည်းငယ်မျှ ဂရုမစိုက်ပေ။

သူသည်လည ဤနေရာတွင် အချိန်ဖြုန်းနေခြင်း သာ ဖြစ်၏။ နောင်ခေတ်များရှိ အရည်အချင်းမရှိဘဲ အလုပ်မလုပ်သော အရာရှိများကဲ့သို့ပင် သူသည် နေ့တိုင်း အလုပ်ချိန်မှန်မှန် လာသော်လည်း သူ၏ အဓိက အလုပ်မှာ လက်ဖက်ရည်သောက်ခြင်း၊ သတင်းစာဖတ်ခြင်းနှင့် အလုပ်ဆင်းချိန်ကို စောင့်ဆိုင်းခြင်းသာ ဖြစ်လေသည်။

ရက်အနည်းငယ်လျှင် တစ်ကြိမ် အစည်းအဝေး ပြုလုပ်တတ်သော်လည်း အမှန်တကယ်တော့ သီးခြား ကိုင်တွယ်ရမည့် ကိစ္စရပ်ဟူ၍ မရှိပေ။ တာဝန်ကျေပွန်ရေး နှင့် နန်းတော်အပေါ် သစ္စာစောင့်သိရေး ကဲ့သို့သော စကားဟောင်းများကိုသာ ထပ်ခါတလဲလဲ ပြောဆိုနေခြင်း မျှသာ ဖြစ်၏။

ဝူကျိရှန်းနှင့် ဝေရှင်းဝူတို့ ညွှန်ကြားရေးမှူး ချင်း၏ ရုံးခန်းသို့ ရောက်ရှိလာသောအခါသူသည် ချက်ချင်းပင် မတ်မတ်ထိုင်သည့် အမူအရာကို ဖော်ဆောင်လိုက်ပြီး လေးလေးပင်ပင် ပြောသည်၊၊

"ငါတို့ရဲ့ ဆန်းရှီး ဆေးဝါးစီမံခန့်ခွဲရေးဌာနဟာ နန်းတော်က အသစ်ဖွင့်လှစ်ပေးထားတာ ဖြစ်ပြီး အထက်က ကြီးမားတဲ့ ဧကရာဇ်ရဲ့ ကျေးဇူးတော်ကို ခံယူကာ အောက်က သာမန်လူထုကို အကျိုးပြုရမှာ ဖြစ်တယ်"

ဤရိုးအီနေသော စကားများကို အကြိမ်ကြိမ် ကြားဖူးလွန်းသဖြင့် နားရည်ဝနေပြီ ဖြစ်သည်။

ဂရုတစိုက် နားထောင်နေဟန် ပြုမူနိုင်သော ရှုစီဝင်မှလွဲ၍ ဝူကျိရှန်းနှင့် ဝေရှင်းဝူတို့ နှစ်ယောက်လုံးမှာဂနာမငြိမ်ကြ‌ ပေ။

အမြဲတမ်း ဤကဲ့သို့အနှစ်သာရမရှိသည့် စကားများကိုသာ ပြောဆိုနေပြီး သီးခြား လုပ်ငန်းဆောင်တာများကို မဆွေးနွေးခြင်းက ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ ရုံးတွင်း အခြေအနေပင် ဖြစ်၏။

ယခင် အကြိမ်များကကဲ့သို့ပင် သခင်ကြီး ချင်းကျန့်ယုံသည် တရားဝင် ရုံးစာရွက်စာတမ်းတစ်ခုကို ထုတ်လိုက်ရင်း လေးလေးပင်ပင် ပြောသည်၊၊

"နောက်နှစ် မတ်လကစပြီး နန်းတော်က ကြီးမားတဲ့ မြောက်ပိုင်းစစ်ဆင်ရေးကို စတင်တော့မှာ ဖြစ်တယ်"

မင်မင်းဆက်သည် မွန်ဂိုတို့ကို တိုက်ခိုက်ရန် မြောက်ပိုင်းစစ်ဆင်ရေးများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ဖူးပြီး ကြီးမားသော စစ်ဆင်ရေး လေးငါးကြိမ်နှင့် နှစ်စဉ် စစ်ဆင်ရေးအသေးစားများ ရှိခဲ့ဖူးသဖြင့် လူတိုင်းကမြောက်ပိုင်းစစ်ဆင်ရေးကို အသားကျနေကြပြီ ဖြစ်သည်။

သို့သော် ဝူကျိရှန်းမှာမူ စိတ်ထဲတွင် တုန်လှုပ်သွားခဲ့၏။ လွန်ခဲ့သည့် ရက်အနည်းငယ်က လုံဖုန့်ဆေးပစ္စည်းဆိုင်မှ ဆိုင်ရှင်က ထိုကိစ္စကို ပြောခဲ့ဖူးသည်။

ဒါက စစ်ရေးမဟာဗျူဟာ လျှို့ဝှက်ချက် ဖြစ်သော်လည်း သူက ကြိုတင် သိရှိနေသည့်အပြင် တိကျသော ရက်စွဲကိုပါ သိနေခြင်း ဖြစ်သည်။ သူ၏ အဆက်အသွယ်က တကယ်ကို အံ့ဩစရာ ကောင်းလှ၏။

လုကျန်းရှင်း၏ လုံဖုန့်ကုန်သွယ်‌ရေးအဖွဲ့ကဤမျှအထိ စွမ်းဆောင်ရည် ရှိလိမ့်မည်ဟု ဝူကျိရှန်း လုံးဝ ထင်မထားခဲ့သဖြင့် အလွန် အံ့အားသင့်သွားရလေသည်။

သခင်ကြီး ချင်းကျန့်ယုံက ရုံးကိစ္စကို ဆက်လက်၍ လေးလေးနက်နက် ပြော‌ လေသည်၊၊

"နန်းတော်က ငါတို့ဌာနကို ရှန်ရှီး ဆေးဝါးစီမံခန့်ခွဲရေးဌာနနဲ့ ပူးပေါင်းပြီး စစ်တပ်သုံး ဆေးပစ္စည်း အမြောက်အမြားကိုဝယ်ယူဖို့ အမိန့်ပေးလိုက်တယ်"

ထိုစကားကို ကြားရသောအခါ ဝူကျိရှန်းသည် ချက်ချင်းပင် ခေါင်းခဲသွားခဲ့၏။

စစ်တပ်ကြီး စစ်ချီတော့မည် ဖြစ်သဖြင့် စစ်ရေးရိက္ခာအတွက် ဆေးပစ္စည်း အမြောက်အမြားကို ပြင်ဆင်ရမည်မှာ ဆေးဝါးစီမံခန့်ခွဲရေးဌာန၏ တာဝန် ဖြစ်သောကြောင့် ငြင်းဆန်စရာ မရှိပေ။

သို့သော် ဆေးဝါးစီမံခန့်ခွဲရေးဌာနတွင် ပိုက်ဆံမရှိချေ။

လွန်ခဲ့သည့်အကြိမ်က ဝယ်ယူခဲ့သော ဆေးပစ္စည်းများအတွက် ကုန်ကျငွေကို ဝူကျိရှန်းက နတ်မှို စိုက်ပျိုးရာမှ ရရှိသော ငွေများဖြင့် စိုက်ထုတ်ပေးခဲ့ရခြင်း ဖြစ်ပြီး ထိုငွေများကို ယခုအထိ ပြန်မရသေးပေ။ ထိုကိစ္စ ပြီးဆုံးသွားသည်မှာ မကြာသေးမီကမှ ဖြစ်ပြီး ယခုအခါ ထပ်မံ ဖြစ်ပွားလာပြန်သဖြင့် သူခံနိုင်ရည် ရှိမည်မဟုတ်ပေ။

သူသည် ထိုကိစ္စကို တာဝန်ယူထားရသူ ဖြစ်သဖြင့် ယခုတစ်ကြိမ်တွင်လည်း သူကိုယ်တိုင် ကိုင်တွယ်ရမည်ကို ဝူကျိရှန်း အသေအချာ သိနေသည်။

သို့သော် သူသည် ယင်းတာဝန်ကို အမှန်တကယ် မယူချင်တော့ပေ။ မြောက်ပိုင်းစစ်ဆင်ရေး စစ်တပ်အတွက် ဆေးပစ္စည်းများ ဝယ်ယူရမည် ဖြစ်သော်လည်း နန်းတော်က ပြားတစ်ပြားမျှ ထုတ်ပေးခြင်း မရှိချေ။ ပိုက်ဆံမရှိဘဲ သူက ဆေးပစ္စည်းများကိုဘယ်လိုဝယ်သူရမှာလဲ။

ပြီးခဲ့တဲ့အကြိမ်က ငါ နတ်မှိုစိုက်ပြီး ပိုက်ဆံရှာလို့ရသေးတယ်၊ နန်းတော်က ပေးတဲ့ တာဝန်ကို ပြီးမြောက်အောင် အပင်ပန်းခံ လုပ်ခဲ့ရတာ။ အခု နန်းတော်က ပိုက်ဆံမစိုက်ဘဲ အလကား ခိုင်းပြန်ဦးမလို့လား။

ဒါဆိုရင်တော့ ငါ မလုပ်နိုင်ဘူး။

ချင်းကျန့်ယုံ၏ အကြည့်က ဝူကျိရှန်းထံသို့ ရောက်ရှိလာသောအခါ ဝူကျိရှန်းသည် အလျင်အမြန် ထရပ်ကာ ပြောလိုက်သည်၊၊

"သခင်ကြီးချင်း... ကျွန်တော့်ကို ကြည့်မနေပါနဲ့တော့။ ဒီကိစ္စကို ကျွန်တော် တကယ် မကိုင်တွယ်နိုင်ပါဘူး။ ပြီခဲ့တဲ့အကြိမ်က ဆေးပစ္စည်းဝယ်တဲ့ ရန်ပုံငွေကိုတောင် အခုထိ ပြန်မချပေးသေးဘူး။ ယခုတစ်ကြိမ်မှာတော့ ကျွန်တော် တကယ် မတတ်နိုင်တော့ပါဘူး။ တကယ်လို့ နန်းတော်က ငွေမချပေးရင် ကျွန်တော် ဘာနဲ့ သွားပြီး စာရင်းရှင်းရမှာလဲ"

စစ်တပ်အတွက် ဆေးပစ္စည်း ဝယ်ယူခြင်းက နိုင်ငံတော်၏ အရေးကြီးသော ကိစ္စရပ် ဖြစ်သည်။ တကယ်လို့ ထိုအချိန်တွင် ဆေးပစ္စည်း အလုံအလောက် မရရှိပါက ဒါက သေဒဏ်ကျခံရမည့် အပြစ် ဖြစ်လေသည်။ ထို့ကြောင့် ဝူကျိရှန်းသည် မိမိကိုယ်ကိုယ် ဒုက္ခရှာမည့်အလုပ်ကို လုံးဝ လုပ်မည်မဟုတ်ပေ။

"နန်းတော်က ငွေမချပေးဘူးလို့ ဘယ်သူပြောလဲ"

ညွှန်ကြားရေးမှူး ချင်းကျန့်ယုံက ခပ်ဖွဖွ ရယ်မောလိုက်ရင်း ပြောသည်၊၊

"ဘဏ္ဍာရေးဝန်ကြီးဌာနက ဆန်းရှီး ပြည်နယ်အုပ်ချုပ်ရေးကော်မရှင်ကို ဆေးပစ္စည်း ဝယ်ယူဖို့အတွက် သီးသန့် ရန်ပုံငွေ တေးရှစ်သောင်း ချပေးဖို့ အမိန့်ပေးထားပြီးသားပါ။ ဒီငွေတွေ မကြာခင် ရောက်လာတော့မှာ"

ငွေတေးရှစ်သောင်းဟူသည် အကြမ်းဖျင်းအားဖြင့် ငွေစင်သောင်းခြောက်ထောင်ကျော်နှင့် ညီမျှလေသည်။

နန်းတော်က ရန်ပုံငွေ ချပေးပြီးသား ဖြစ်နေသည်ကိုး။

ပိုက်ဆံရှိမှတော့ ကိစ္စရပ်များက ဆွေးနွေးရန် လွယ်ကူသွားခဲ့ပြီ ဖြစ်၏။

လုံလောက်သော ရန်ပုံငွေ ရှိနေမှတော့ ဘယ်လိုဆေးပစ္စည်းမျိုးကိုမဆို ဝယ်ယူနိုင်‌၏။

ဝူကျိရှန်းသည် ထိုတာဝန်ကို လက်ခံရန် ပြင်လိုက်စဉ်မှာပင် ရှုစီဝင်က ထရပ်လိုက်ပြီး ပြောလိုက်၏၊၊

"သခင်ကြီး ချင်း... လက်ထောက်အရာရှိ ဝူက ဒီတာဝန်ကို မယူချင်ဘူးဆိုမှတော့ ကျွန်တော်မျိုးကပဲ ခက်ခက်ခဲခဲနဲ့ ဒီတာဝန်ကို ပြီးမြောက်အောင် ထမ်းဆောင်ပါ့မယ်"

ရှုစီဝင်၏ စကားကို ကြားလိုက်ရသောအခါ ဝူကျိရှန်းသည် ချက်ချင်းပင် ကြောင်အမ်းသွားခဲ့လေသည်။

*********

All Chapters