အခန်း (၁၁၃-၁၁၅)
Vol. 8 Ch. 113-115
အခန်း (၁၁၃) - ပြင်းထန်သော ဒဏ်ရာ
လူအုပ်ကြီးထံမှ တစ်စုံတစ်ရာ လောင်ကျွမ်းနေသော အနံ့တစ်မျိုး လွင့်ပျံ့လာပြီး ရှုပ်ထွေးနေသော တိုက်ပွဲထဲရှိ လူတိုင်း ကြက်သေ သေသွားကြသည်။
အတန်ကြာပြီးနောက် မြေပြင်ပေါ်တွင် ဝပ်တွားကာ လူများအား ကိုက်ဖြတ် နေဆဲဖြစ်သည့် ကူးစက်ခံရသူများမှာ တစ်ယောက်ပြီး တစ်ယောက် လဲကျသွားကြတော့သည်။
ဤလူများသည် အသုံးဝင်နေသေး၍ မဟုတ်ပါမူ ရဲ့ရှင်းချန်သည် မိုချီအား လျှပ်စီးဘောလုံးတစ်ခု ပစ်လွှတ်စေကာ သူတို့အား အလုံးစုံ သုတ်သင် ခိုင်းချင်နေမိသည်။
"ဟို ဟိုမှာ ရဲ့ရှင်းချန်ပဲ"
"ရဲ့ရှင်းချန်က ငါတို့ဆီ လာနေပြီဟေ့"
"အကိုရဲ့ အကိုရဲ့ နောက်ဆုံးတော့ အစ်ကို ရောက်လာပြီပဲ"
သူတို့ အသိစိတ် ပြန်လည် ဝင်ရောက် လာပြီးနောက်တွင် မီးသွေးတုံးကဲ့သို့ မည်းကြွမ်းနေသော အလောင်းများအား ဘေးသို့ တွန်းဖယ်ကာ ရဲ့ရှင်းချန်ထံသို့ တွားသွား လာကြတော့သည်။
ကျောက်ဟောင်မှ မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်လေရာ နှင်းတောမောင်း ဆိုင်ကယ်ပေါ်ရှိ ရဲ့ရှင်းချန်အား ဝေဝါးစွာ မြင်လိုက်ရသည်။ ထို့နောက်မှသာ သူ စိတ်အေးချမ်းသာစွာဖြင့် မျက်လုံးများအား ပိတ်လိုက်တော့သည်။
"အစ်ကိုကျောက် အစ်ကိုကျောက် အစ်ကို အဆင်ပြေရဲ့လား"
ယခုလေးတင် ကျောက်ဟောင်နှင့်အတူ တံခါးပိတ်ခဲ့သော လီချန်မှ ကျောက်ဟောင်၏ အနီးသို့ တွားသွား လာခဲ့သည်။ သူသည် တစ်ချိန်လုံး ကျောက်ဟောင်၏ ဘေးတွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် ဧည့်သည်များ အတွက် ကျောက်ဟောင်သည် အခြားသူများထက် ပို၍ ဆွဲဆောင်မှု ရှိနေကြောင်း သိသာ ထင်ရှားလှပေသည်။
ကူးစက်ခံရသူ အများအပြားမှာ ကျောက်ဟောင်အား ဝိုင်းဝန်းတိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ဆန့်ကျင်ဘက်အားဖြင့် ကျောက်ဟောင်၏ ဘေးတွင် ရပ်နေသော သူ့ကိုမူ မည်သူမျှ ဂရုမစိုက်ကြချေ။ ကျောက်ဟောင်သည် ရန်သူများ၏ အာရုံအား လွှဲပြောင်း ပေးလိုက်ခြင်းလည်း ဖြစ်နိုင်ပေသည်။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား ရှာဖွေရန် လာခဲ့ခြင်း ဖြစ်ပေသည်။ စောင့်ကြည့်ကင်မရာများ မှတစ်ဆင့် ကျောက်ဟောင်၏ ဒဏ်ရာများမှာ မသေးငယ်ကြောင်း သူ မြင်တွေ့ခဲ့ရသည်။
"အစ်ကိုကျောက် အခြေအနေ ဘယ်လိုနေလဲ"
ကူးစက်ခံရသူ အားလုံးကို မိုချီမှ သုတ်သင် ရှင်းလင်းပြီးကြောင်း အတည်ပြု ပြီးနောက် ရဲ့ရှင်းချန်သည် နှင်းတောမောင်း ဆိုင်ကယ်အား ထိုနေရာသို့ မောင်းနှင်သွားခဲ့သည်။
"ပြောရခက်တယ် အစ်ကိုကြီးကျောက်က"
ရဲ့ရှင်းချန် မျက်မှောင်ကြုတ် လိုက်မိသည်။ အပြင်ဘက်မှ တံခါးခေါက်သံများမှာ တစ်ချိန်ချိန်ကတည်းမှ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ သူသည် အိတ်ကပ်ထဲမှ ကြိုးတစ်ခွေအား ထုတ်ယူလိုက်ပြီး နှင်းတောမောင်း ဆိုင်ကယ်ပေါ်ရှိ နှင်းလျောစီးပြား နှစ်ချပ်အား ရှေ့သို့ ပစ်ချပေးလိုက်သည်။
"မင်းတို့ သွားပြီး အစ်ကိုကြီးကျောက်ကို နှင်းလျောစီးပြားပေါ်မှာ ချည်လိုက်ကြ"
ရဲ့ရှင်းချန်သည် ပစ္စည်းများအား အလွန်ဝေးကွာသော နေရာသို့ ပစ်ပေးလိုက်ခြင်း ဖြစ်သည်။ ကျောက်ဟောင်အား သူ ကယ်တင်လိုလျှင်ပင် သူ၏ ကိုယ်ပိုင်လုံခြုံရေးသည် ပထမဆုံး ဖြစ်ရမည် ဖြစ်သည်။
ရဲ့ရှင်းချန်မှ နောက်ထပ် ကြိုးတစ်ခွေအား ထပ်မံ ပစ်ပေးလိုက်ပြန်သည်။ ကြိုးတစ်စသည် နှင်းလျောစီးပြားတွင် ချည်နှောင်ရန် သူတို့အား အချက်ပြလိုက်ခြင်း ဖြစ်သည်။ ထို့နောက် ရဲ့ရှင်းချန်သည် နှင်းတောမောင်း ဆိုင်ကယ်ပေါ်မှ ဆင်းကာ ကြိုး၏ အခြားတစ်စအား သူ၏ နှင်းတောမောင်း ဆိုင်ကယ် နောက်ပိုင်းတွင် ချည်နှောင်လိုက်သည်။
"ကောင်းပြီ မင်းတို့ အဲဒီမှာပဲ ရပ်နေကြ ဒီဘက်ကို လာစရာမလိုဘူး အကုတ်ခံရတာ ဒါမှမဟုတ် အကိုက်ခံရတဲ့ သူတွေက ဘေးဖယ်နေကြ ထိခိုက်ဒဏ်ရာ မရှိတဲ့သူတွေ အခု အိမ်ပြန်လို့ရပြီ"
"မြေပြင်ပေါ်က အလောင်းတွေကို ရှင်းလင်းပြီး ခပ်ဝေးဝေးကို သွားပစ်လိုက်ကြ"
ကူးစက်ခံရသူများ၏ ကုတ်ခြင်း သို့မဟုတ် ကိုက်ခြင်း ခံရသူများကော ဗီဇ ပြောင်းလဲသွားမည်လား ဆိုသည်ကို ရဲ့ရှင်းချန် မသိသေးချေ။
"သိသာထင်ရှားတဲ့ ဒဏ်ရာ မရှိရင် အိမ်ရောက်တာနဲ့ တံခါးတွေ ပြတင်းပေါက်တွေ သော့ခတ်ထားကြ အကုတ်ခံရ အကိုက်ခံရတဲ့ သူတွေကတော့ ဒီမှာ စောင့်နေကြ မင်းတို့ ဒဏ်ရာတွေကို ကုသပေးဖို့ ဒေါက်တာလင်းကို နောက်မှ ငါ ခေါ်လာခဲ့မယ်"
သူ၏ ဒဏ်ရာ ကုသပေးမည်ဆိုသော စကားမှာ အတုအယောင်သာ ဖြစ်သည်။ ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား အမြန်ဆုံး ခေါ်ဆောင်သွားပြီး လင်းစစ်ကျားအား လေ့လာခိုင်းရန်သာ စဉ်းစားနေခြင်း ဖြစ်သည်။ ကုတ်ခံရ ကိုက်ခံရလျှင် ကူးစက်ခံရနိုင်ခြင်း ရှိ မရှိကို လေ့လာခိုင်းမည် ဖြစ်သည်။
အကယ်၍ ကူးစက်ခံရနိုင်ပါမူ ရဲ့ရှင်းချန်သည် မိုချီအား ခေါ်လာကာ ထိုသူများ အားလုံးကို လျှပ်စီးဘောလုံးဖြင့် သုတ်သင်ခိုင်းမည် ဖြစ်သည်။ ရဲ့ရှင်းချန်သည် မိမိကိုယ် အတွက် မည်သည့် လျှို့ဝှက်အန္တရာယ်မျှ မချန်ထားလိုချေ။
လင်းစစ်ကျားမှာ အိမ်တွင် ရှောင်ဟေးအား ပွေ့ဖက်ရင်း အလွန် စိုးရိမ်ပူပန်နေခဲ့သည်။ ရဲ့ရှင်းချန် အပြင်မထွက်မီ စောင့်ကြည့်ကင်မရာအား မပိတ်ခဲ့ပေ။ သူတို့ ပြန်လာသည်အား မြင်သောအခါ လင်းစစ်ကျား စိတ်အေးသွားခဲ့သည်။
ထို့နောက် တတိယထပ်သို့ လာခဲ့ရန် ရဲ့ရှင်းချန်ထံမှ စာတစ်စောင်ကို လင်းစစ်ကျား လက်ခံရရှိ လိုက်သည်။ ကျောက်ဟောင်အား မိုချီနှင့် ရဲ့ရှင်းချန်တို့မှ ဓာတ်လှေကားထဲသို့ ဆွဲသွင်းသွားပြီး ထိုမှတစ်ဆင့် တတိယထပ် လသာဆောင်ရှိ အခန်းငယ်လေးထဲသို့ ခေါ်ဆောင်သွားခဲ့ကြသည်။
ရဲ့ရှင်းချန်သည် သူ၏ အနွေးထည်များကိုသာ ချွတ်လိုက်လေသည်။ သူသည် အလုံးစုံ ပြုပြင် မွမ်းမံထားသော ကျည်ကာအင်္ကျီအား ဝတ်ဆင်ထားဆဲ ဖြစ်သည်။
ရဲ့ရှင်းချန်သည် ဗီဒီယိုထဲတွင် ထိုလူများ၏ ကြောက်မက်ဖွယ် ကောင်းမှုများအား မြင်တွေ့ခဲ့ပြီး ဖြစ်သည်။ မျက်လုံးဖွင့်သည်နှင့် တစ်ပြိုင်နက် ကျောက်ဟောင်မှ သူ့အား ခုန်အုပ်ကာ ကိုက်မည်ကိုလည်း သူ ကြောက်ရွံ့နေခဲ့သည်။
လင်းစစ်ကျားမှာ အလွန် မြန်ဆန်စွာ ရောက်ရှိလာခဲ့သည်။ ဓာတ်လှေကားထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် တစ်စစီ စုတ်ပြဲနေပြီး ကြိုးချည်ခံထားရသော ကျောက်ဟောင်အား သူမ တွေ့လိုက်ရသည်။
"လာပြီး သူ့ကို ကြည့်ပါဦး"
လင်းစစ်ကျား ရောက်လာသည်အား မြင်သောအခါ ရဲ့ရှင်းချန်မှ နေရာလွတ်ထဲမှ ထိုင်ခုံတစ်လုံးကို ချက်ချင်း ထုတ်ပေးလိုက်လေသည်။ ကျောက်ဟောင်သည် ရက်အတော်ကြာ ရေမချိုး ရသေးသော်လည်း သူ၏ အဝတ်အစားများမှာ သန့်ရှင်းနေဆဲ ဖြစ်သည်။ အနည်းဆုံးတွင် သူသည် ကျူးကျော်သူများထက် များစွာ ပိုမို သန့်ရှင်းနေလေသည်။
အပူချိန် မြင့်တက်လာသည်နှင့် တစ်ပြိုင်နက် ကျောက်ဟောင်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာ ခရမ်းရောင်သန်းသော အမည်းရောင်သို့ ပြောင်းလဲလာတော့သည်။
"ဘာဆေးတွေ လိုအပ်လဲ"
ရဲ့ရှင်းချန်မှ သူ၏ နေရာလွတ်ထဲမှ နှာခေါင်းစည်း သုံးခု အပြင် ခွဲစိတ်ဓားများ ဂွမ်းများ ပတ်တီးများ အရက်ပြန်နှင့် ပိုးသတ်ဆေး အသစ်စက်စက်များကို ထုတ်ပေးလိုက်သည်။
"ညီမ ဘာလိုအပ်လဲဆိုတာ ညီမလည်း မသိသေးဘူး အကောင်းဆုံးလို့ ထင်တာကို လုပ်ပါ့မယ်"
ရဲ့ရှင်းချန်သည် မိုချီအား ဘေးသို့ ဆွဲခေါ် သွားပြီးနောက် နေရာလွတ်ထဲမှ ခွဲစိတ် ကုတင်တစ်လုံးကိုပင် ထုတ်ပေးလိုက်ပြန်သည်။ လင်းစစ်ကျားမှ ခေါင်းလှည့်ကြည့်မိလိုက်ကာ စက္ကန့်အနည်းငယ်မျှ ကြက်သေ သေသွားခဲ့သည်။ ထို့နောက် သူမသည် လက်အိတ်များကို သပ်ရပ်စွာ စွပ်လိုက်ပြီး ခွဲစိတ်ဓားအား ပိုးသတ်ရန် ထုတ်ယူလိုက်လေသည်။
ကျောက်ဟောင်၏ ခန္ဓာကိုယ်တွင် မည်သည့် ကျည်ဆန်မျှ မရှိသော်လည်း ကျောက်ဟောင်၏ ခြေထောက် အသားထဲတွင် သွားနှစ်ချောင်း စိုက်ဝင်နေသည်ကို လင်းစစ်ကျား မြင်လိုက်ရသည်။ မျက်မှောင်ကြုတ်ကာ လင်းစစ်ကျားသည် ကျောက်ဟောင်၏ ခြေထောက်မှ စိုက်ဝင်နေသော အရာများအား ဂရုတစိုက် ဖယ်ရှားပစ်တော့သည်။
ထိုလူများ မည်မျှ ပြင်းထန်စွာ ကိုက်ခဲ့ကြသည်အား သူမ မသိသော်လည်း သူတို့၏ သွားများပင် ကျွတ်ထွက်သွားသည်အထိ ဖြစ်ချေသည်။ လင်းစစ်ကျားသည် ကျောက်ဟောင်၏ ဒဏ်ရာများအား ဂရုတစိုက် ပိုးသတ်ပေးလိုက်သည်။
သူတို့သည် ကျောက်ဟောင်၏ အဝတ်အစားများအား ဂရုတစိုက် ဖြတ်တောက် ဖယ်ရှားလိုက်ကြသည်။ ထိုအခါမှသာ ကျောက်ဟောင်၏ ခန္ဓာကိုယ်ပေါ်တွင် ကောင်းမွန်သော အသားတစ်စမျှ မကျန်တော့သည်ကို သူတို့ သတိပြုမိသွားကြသည်။ ကုတ်ရာ သို့မဟုတ် ကိုက်ရာ မရှိသော နေရာများတွင်ပင် ပွန်းပဲ့ဒဏ်ရာများဖြင့် ပြည့်နှက်နေလေသည်။
လင်းစစ်ကျားမှ ရဲ့ရှင်းချန် ထုတ်ပေးထားသော ခွဲစိတ်ကုတင်အား မော့ကြည့်လိုက်သည်။
"အစ်ကိုကျောက်ကို ခွဲစိတ်ကုတင်ပေါ် ရွှေ့ပေးလို့ ရမလား သေချာ ထပ်ကြည့်ချင်လို့ပါ"
ရဲ့ရှင်းချန်နှင့် မိုချီတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ကျောက်ဟောင်အား ခွဲစိတ်ကုတင်ပေါ်သို့ သယ်တင် ပေးလိုက်ကြသည်။ မူလတွင် ကျောက်ဟောင်၏ ခန္ဓာကိုယ်တွင် ချည်နှောင်ထားသော ကြိုးများအား လင်းစစ်ကျားမှ ဖြတ်တောက်ဖယ်ရှားခဲ့ပြီး ဖြစ်သည်။ ရဲ့ရှင်းချန်မှ ခေတ္တမျှ စဉ်းစားလိုက်ပြီး နေရာလွတ်ထဲမှ လက်ထိပ်နှစ်စုံအား ထုတ်ယူလိုက်သည်။
ရဲ့ရှင်းချန်တွင် အတွေ့အကြုံ မရှိချေ။ ရုပ်မြင်သံကြားတွင် မြင်ဖူးသော ခွဲစိတ်ခန်း၏ အပြင်အဆင်အတိုင်းသာ သူ လိုက်လံ လုပ်ဆောင်နိုင်ပြီး မျက်နှာကျက်မီးများနှင့် စက်ကိရိယာများကို ထုတ်ယူလိုက်သည်။ အောက်ဆီဂျင်အိုး တစ်လုံးပင် ပါဝင်သေးသည်။
လင်းစစ်ကျား၏ မျက်နှာအမူအရာမှာ အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့သည်။ သူမသည် ရဲ့ရှင်းချန်အား တစ်ချက်ကြည့်လိုက်လေရာ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့သည်။
ရဲ့ရှင်းချန်၏ နေရာလွတ်ထဲတွင် ဤအရာများ ရှိနေမည်ဟု သူမ မသိခဲ့ချေ။ သို့သော်လည်း ပွဲချင်းပြီး တပ်ဆင်ရန်မှာ မခက်ခဲလှပေ။ ကျောင်းတွင်လည်း ဤအကြောင်းများကို သင်ကြားခဲ့ဖူးလေသည်။
ကျောက်ဟောင်၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာများ လွန်စွာ များပြားလှပေသည်။ အပြင်ဘက်တွင် အပူချိန် မနိမ့်ပါက ကျောက်ဟောင်သည် အအေးဒဏ်ကြောင့် မသေဆုံးလျှင်ပင် သွေးထွက်လွန်ပြီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။
သူ ဤနေရာတွင် ဆက်နေလျှင်လည်း အသုံးမဝင်ကြောင်း ရဲ့ရှင်းချန် သိရှိထားလေသည်။ လင်းစစ်ကျား တစ်စုံတစ်ရာ ထပ်မံလိုအပ်ပါက သူ့အား ပြောရန် အကြိမ်ကြိမ် မှာကြားပြီးနောက် မိုချီအား အခန်းထဲမှ ဆွဲထုတ်လာခဲ့သည်။
ရဲ့ရှင်းချန်နှင့် မိုချီတို့ အတူတကွ ညစာ စားလိုက်ကြသည်။ သူတို့သည် တတိယထပ်တွင်သာ နေခဲ့ကြပြီး အပေါ်ထပ်သို့ မတက်ကြတော့ချေ။ တံခါးများနှင့် ပြတင်းပေါက်များအား နှင်းများ ဖုံးလွှမ်းထားသည်။ ရဲ့ရှင်းချန်မှ စောင့်ကြည့်ကင်မရာအား ဖွင့်ကာ ကြည့်ရှုနေလိုက်လေသည်။
နာရီအနည်းငယ် ကုန်လွန်သွားခဲ့သော်လည်း လင်းစစ်ကျားမှာ အခန်းငယ်လေးထဲတွင် ရှိနေဆဲ ဖြစ်သည်။ ဤအခိုက်အတန့်တွင် ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် ရုတ်တရက် ဝင်လာခဲ့တော့သည်။ ထိုသည်မှာ လီအန်းရန်ထံမှ ဖြစ်သည်။
အခန်း (၁၁၄) - လီအန်းရန်၏ အလည်အပတ်
"မောင်လေးရဲ့ ငါ့အစ်ကိုကျောက်က မင်းဆီမှာလား"
ကျောက်ဟောင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး ကြိုးချည်ခံရကာ ရဲ့ရှင်းချန် ခေါ်ဆောင်သွားခြင်း ခံခဲ့ရကြောင်း လီအန်းရန်မှ အခြားသူများထံမှ သိရှိသွားခဲ့သည်။ လီအန်းရန်မှာ စိုးရိမ်ပူပန်နေသော်လည်း သူမတွင် အခြား အတွေးအကြံများ ရှိနေသေးသည်။
"အခု အစ်ကိုကျောက် အခြေအနေ ဘယ်လိုနေလဲ သူ့ဒဏ်ရာက ပြင်းထန်လား နေရာမှာတင် သတိလစ်သွားတယ်လို့ သူတို့ပြောတာ ကြားလိုက်တယ် ဘုရားရေ ငါ့ဘဝက ဘာလို့ ဒီလောက် ခက်ခဲရတာလဲ အစ်ကိုကျောက် တစ်ခုခု ဖြစ်သွားရင် ကလေးတစ်ဖက်နဲ့ မုဆိုးမဘဝကို ငါ ဘယ်လို ရှေ့ဆက်ရမလဲ"
လင်းစစ်ကျား အခန်းငယ်လေးထဲမှ ထွက်မလာသေးချေ။ ရဲ့ရှင်းချန်မှာလည်း အနည်းငယ် စိုးရိမ်နေမိသည်။ သူသည် ကျောက်ဟောင်၏ ဒဏ်ရာများအား စိုးရိမ်သကဲ့သို့ လင်းစစ်ကျား ပင်ပန်းနွမ်းနယ် သွားမည်ကိုလည်း ကြောက်ရွံ့နေမိသည်။
"ဟုတ်တယ် သူ ကျွန်တော့်ဆီမှာ ရှိတယ် ဘာတွေဖြစ်နေလဲဆိုတာတော့ မသိရသေးဘူး ကျားလေးက အစ်ကိုကျောက်ကို ကုသပေးနေတုန်းပဲ"
လီအန်းရန် မည်သို့ တွေးနေသနည်းဟု ရဲ့ရှင်းချန် တွေးတောနေစဉ်မှာပင် သူမ၏ နောက်စာတစ်စောင် ဝင်လာခဲ့သည်။
"ရတနာလေးကို ခေါ်ပြီး မင်းအိမ်ကို ငါ အခု လာနေပြီ အစ်ကိုကျောက်ကို မတွေ့ရတာ စိတ်ထဲမှာ မဖြောင့်ဘူး မင်း နားလည်ပေးနိုင်တယ် မဟုတ်လား"
စာကို မြင်လိုက်ရသောအခါ ရဲ့ရှင်းချန်က မျက်ခုံးပင့်လိုက်မိသည်။ သေချာသည်မှာ သူသည် လီအန်းရန်ကို အထဲသို့ မဝင်စေလိုချေ။ သို့သော်လည်း ကျောက်ဟောင်သည် သူ၏အိမ်တွင် အမှန်တကယ် ရှိနေခဲ့သည်။ ငြင်းပယ်လိုက်ပါမူ မကောင်းလှဟု သူ ခံစားလိုက်ရသည်။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်၏ လက်တွဲဖော်အား ပိုမိုကောင်းမွန်သူ တစ်ဦးနှင့် လဲလှယ် ပေးလိုသည်မှာ သေချာသော်လည်း ယခုအချိန်တော့ မဟုတ်သေးပေ။ အကယ်၍ ရုတ်တရက်ကြီး ရှင်းရှင်းလင်းလင်း ပြောလိုက်ပါက ကျောက်ဟောင်မှ သူ့အပေါ် အငြိုးထားသွားစေနိုင်ပေသည်။
"ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ် ရောက်ရင် စာပို့လိုက်ပါ ကျွန်တော် တံခါးဖွင့်ပေးပါ့မယ်"
အကြောင်းပြန်စာကို မြင်သောအခါ လီအန်းရန်၏ မျက်လုံးများ အရောင်လက်သွားခဲ့သည်။ ကျောက်ဟောင်၏ ဒဏ်ရာများအား သူမ အနည်းငယ် စိုးရိမ်နေမိသည်။ မည်သို့ပင်ဆိုစေ ကျောက်ဟောင် သေဆုံးသွားပါက မှီခိုရန် နောက်ထပ် အမျိုးသားတစ်ဦး ရှာဖွေရသည်မှာ သူမအတွက် လွယ်ကူမည် မဟုတ်ချေ။ ထို့အပြင် ကျောက်ဟောင်ထက် ပိုမိုကောင်းမွန်သော အမျိုးသားများ များများစားစား ရှိပုံမပေါ်ပေ။
ရဲ့ရှင်းချန်မှာ ထိုသူများထဲမှ တစ်ဦး ဖြစ်လေသည်။ လီအန်းရန်သည် သူမကိုယ်သူမ အမြန် သပ်ရပ်အောင် ပြင်ဆင်လိုက်သည်။ သူမ မိတ်ကပ်လိမ်းချင်သော်လည်း ကံမကောင်းစွာဖြင့် မိတ်ကပ် မယူလာခဲ့ချေ။ ယူလာလျှင်ပင် အေးခဲနေမည် ဖြစ်ကာ အသုံးပြု၍ ရနိုင်မည် မဟုတ်ပေ။
လီအန်းရန်သည် ရတနာလေးအား အထပ်ထပ် ပတ်ရစ်ကာ ရင်ခွင်ထဲတွင် ပိုက်ထား ပြီးနောက် တံခါးအပြင်သို့ တင်ပါး လှုပ်ကာ ထွက်လာခဲ့တော့သည်။ သူမ၏ ပုံမှာ စိုးရိမ်ပူပန်နေပုံ မပေါ်ချေ။
ရဲ့ရှင်းချန်၏ တံခါးဝသို့ ရောက်သောအခါ လီအန်းရန်မှ ရဲ့ရှင်းချန်ထံသို့ အမြန် စာပို့ လိုက်သော်လည်း ရဲ့ရှင်းချန်မှ လက်ခံ မရရှိပုံ ပေါ်သည်။ သေချာသည်မှာ ရဲ့ရှင်းချန်သည် လီအန်းရန်၏ စာကို လက်ခံရရှိခဲ့ပြီး ဖြစ်သည်။ လက်ခံမရရှိလျှင်ပင် တံခါးဝတွင် ရပ်နေသော လီအန်းရန်အား ကင်မရာမှတစ်ဆင့် သူ မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
လီအန်းရန်မှ တံခါးဝတွင် ရပ်ကာ သူမ၏ အဝတ်အစားများကို ဆွဲတင်ရင်း ခြေစောင့်နေလေသည်။ ရဲ့ရှင်းချန်၏ တံခါးဝတွင် သူမ နာရီဝက်ခန့် ရပ်စောင့်နေခဲ့သည်။ နောက်ဆုံးတွင် မခံစားနိုင်တော့သဖြင့် ရဲ့ရှင်းချန်ထံ တိုက်ရိုက် ဖုန်းခေါ်ဆိုလိုက်တော့သည်။ ဖုန်း သုံးခါမြည်ပြီးမှသာ ရဲ့ရှင်းချန်မှ ဖြည်းညင်းစွာ ကိုင်လိုက်လေတော့သည်။
"မောင်လေးရဲ့ ငါ မင်းတံခါးဝမှာ ရောက်နေပြီ။ ငါ့ကို ဘာလို့ တံခါးမဖွင့်ပေးတာလဲ ခုနက မင်းဆီ စာတွေ အများကြီး ပို့ထားတာ မင်း မတွေ့ဘူးလား ငါ့ရတနာလေး အေးခဲနေပြီ"
ရဲ့ရှင်းချန်မှ ဖုန်းကို ကိုင်ကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်။
"အာ တောင်းပန်ပါတယ် အစ်မလီ ခဏနေမှ ရောက်လာမယ်ထင်လို့ ကျွန်တော် ရေသွားချိုးနေတာ ဆောရီးပါ အခု တံခါး လာဖွင့်ပေးပါ့မယ်"
ရဲ့ရှင်းချန်သည် ညအိပ်ဝတ်စုံအား ပတ်ကာ အဝတ်အစား အနည်းငယ် ထပ်ဝတ် လိုက်ပြီးနောက် လီအန်းရန် အတွက် တံခါးဖွင့်ပေးလိုက်လေသည်။ တံခါးဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် လေနွေးများသည် လီအန်းရန်ထံသို့ တိုးဝှေ့လာတော့သည်။ စက္ကန့် အနည်းငယ်ခန့် ကြက်သေ သေသွား ပြီးနောက် လီအန်းရန်မှာ ဝမ်းသာအားရဖြင့် အိမ်ထဲသို့ အမြန် ဝင်သွားတော့သည်။
ရဲ့ရှင်းချန်၏ အိမ်တွင် အပူပေးစနစ် ရှိကြောင်း သူမ ကြားထားခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ သူ၏အိမ်ထဲသို့ ဝင်ရောက်နိုင်မည့် နည်းလမ်းများအား သူမ အမြဲ စဉ်းစားနေခဲ့သော်လည်း တစ်ခါမှ မအောင်မြင်ခဲ့ချေ။ ရတနာလေးနှင့် ကျောက်ဟောင်အား အသုံးပြု၍ ရဲ့ရှင်းချန်ကို ကိုယ်ကျင့်တရားအရ ဖိအားပေးရန် ကြိုးစားခဲ့သော်လည်း ကျရှုံးခဲ့ရသည်။ နောက်ဆုံးတွင် ကျောက်ဟောင် ဒဏ်ရာရရှိမှုကြောင့် ဤအခွင့်အရေးအား ရရှိလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။
ကျောက်ဟောင်၏ ဒဏ်ရာရရှိမှုမှာ အမှန်တကယ်ကို တန်သည်ဟု လီအန်းရန် ချက်ချင်း ခံစားလိုက် ရလေသည်။ ဝင်ပေါက်ထဲသို့ ဝင်ကာ တံခါးပိတ်လိုက်သည်နှင့် တစ်ပြိုင်နက် လီအန်းရန်သည် သူမ၏ မျက်နှာပေါ်ရှိ မာဖလာအား ချွတ်ကာ လေနွေးများအား ရှူရှိုက်ရန် မစောင့်ဆိုင်းနိုင်တော့ချေ။
နှင်းများ အကြီးအကျယ် ကျဆင်းလာကတည်းမှ ဤမျှ ရှိုက်ရှိုက်ငင်ငင် အသက်မရှူခဲ့ရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အပြင်ဘက်ရှိ ရာသီဥတုမှာ အလွန်အမင်း အေးခဲလှပေသည်။ သူမသာ ရှိုက်ရှိုက်ငင်ငင် အသက်ရှူလိုက်ပါက လေအေးများကြောင့် သူမ၏ အဆုတ်များ နာကျင်လာမည် ဖြစ်သည်။
ရဲ့ရှင်းချန်မှ လီအန်းရန်၏ ဘေးသို့ လျှောက်လာခဲ့သည်။ ဓာတ်လှေကားထဲသို့ ဝင်ရောက်ပြီးမှသာ လီအန်းရန်၏ ခြေလက်များ တဖြည်းဖြည်း နွေးထွေးလာသည်ကို သူမ ခံစားလိုက်ရသည်။ သူမ အသက်ပြန်ရှင် လာသကဲ့သို့ ခံစားလိုက်ရခြင်း ဖြစ်သည်။
လီအန်းရန်မှ လေးလွှာမှ ဝင်လာခြင်း ဖြစ်သည်။ ရဲ့ရှင်းချန်မှ သူမအား တတိယထပ် ဧည့်ခန်းဆီသို့ တိုက်ရိုက် ခေါ်ဆောင်သွားခဲ့သည်။ သူသည် လက်အား မြှောက်ကာ ဘေးဘက်ရှိ အခန်းငယ်လေးကို လက်ညှိုး ထိုးပြလိုက်သည်။
"အဲဒီမှာ အစ်ကိုကျောက် အထဲမှာ ရှိတယ် ဒါပေမဲ့ ကျားလေးက အစ်ကိုကျောက်ကို ကုသပေးနေတုန်းဆိုတော့ ကျွန်တော်တို့ ဝင်သွားဖို့ အဆင်မပြေဘူး"
လီအန်းရန်မှ ရဲ့ရှင်းချန်အား ရှက်သွေးဖြာစွာ မော့ကြည့်လိုက် ပြီးနောက် ခေါင်းငုံ့သွားလေသည်။ သူမ၏ ခန္ဓာကိုယ် နွေးထွေးလာ ပြီးနောက်တွင် လျင်မြန်စွာပင် အပူရှိန်ကို ခံစားလာရသည်။
"ဒီမှာ အရမ်းပူတာပဲ ငါ အဝတ်အစား ချွတ်လိုက်ဦးမယ်"
လီအန်းရန်မှ ရတနာလေးအား ဘေးတွင်ချထားကာ သူမ၏ အဝတ်အစားများကို ချွတ်လိုက်လေသည်။ ရဲ့ရှင်းချန်မှ ယဉ်ကျေးဟန်ဆောင်ကာ သူမအား ကိုယ်ပိုင်အချိန် မပေးခဲ့ချေ။ သူက ဘေးရှိ ဆိုဖာနိမ့်ပေါ်တွင် မတ်မတ်ထိုင်ကာ လှမ်းကြည့်နေလေသည်။ လီအန်းရန် မည်သို့လုပ်ရန် စီစဉ်နေသနည်းအား သူ သိလိုပေသည်။
တစ်ထည်ပြီး တစ်ထည် မကြာမီမှာပင် လီအန်းရန်၏ ခန္ဓာကိုယ်တွင် အပေါ်ဝတ် အင်္ကျီတစ်ထည်နှင့် ဘောင်းဘီတစ်ထည်သာ ကျန်ရစ်လေတော့သည်။ အတွင်းခံပင် ဝတ်ဆင်ထားခြင်း မရှိပေ။
"ဟို ဒီည အစ်ကိုကျောက် ပြန်မလာတော့ ငါ အရမ်း စိတ်ပူနေခဲ့တာ အိမ်မှာလည်း ဘာမှ သေချာ မစားရသေးဘဲ ထွက်လာခဲ့ရတာ ဟူး ဒီလို မတောင်းဆိုသင့်ဘူးဆိုတာ ငါသိပါတယ် ဒါပေမဲ့ ငါ ထမင်း မစားရရင် နို့မထွက်မှာစိုးလို့ ငါ့ရတနာလေးကို နို့တိုက်ရဦးမယ်လေ"
ရဲ့ရှင်းချန်နှင့် မိုချီတို့သည် အနောက်တိုင်းစတိုင် အသင့်စား အစားအစာများအား ညစာအဖြစ် စားသုံးခဲ့ကြသည်။ ဟမ်ဘာဂါ ကြက်ကြော်နှင့် အာလူးကြော် အိတ်များအား အမှိုက်ပုံးထဲသို့ ပစ်ထည့်ပြီးပြီ ဖြစ်သည်။
သို့သော်လည်း တတိယထပ်အား နှင်းများ ဖုံးလွှမ်းထားသဖြင့် ရဲ့ရှင်းချန်သည် ဤအထပ်ရှိ လေဝင်လေထွက်စနစ်အား မဖွင့်ထားခဲ့ချေ။ ထို့ကြောင့် ဟမ်ဘာဂါနှင့် ကြက်ကြော် အနံ့များမှာ ဧည့်ခန်းထဲတွင် လွင့်ပျံ့နေဆဲ ဖြစ်သည်။ သေချာသည်မှာ လီအန်းရန်လည်း ထိုအနံ့ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သူမ၏ ခန္ဓာကိုယ် နွေးထွေးလာ ပြီးနောက်တွင် သဘာဝကျစွာပင် သူမ၏ အနံ့ခံအာရုံမှာလည်း များစွာ ပြန်လည် ကောင်းမွန်လာခဲ့သည်။ သူမ အဝတ်အစားများ ချွတ်လိုက်သည်နှင့် ကြော်ထားသော အစားအစာ အနံ့များကို ရရှိလိုက်လေသည်။
"ရပါတယ် အစ်မက အစ်ကိုကျောက်ရဲ့ အမျိုးသမီးဆိုတော့ ကျွန်တော် သေချာပေါက် ဂရုစိုက်ပေးရမှာပေါ့"
ရဲ့ရှင်းချန်မှ လီအန်းရန်အား ပြုံးပြလိုက် ပြီးနောက် ကော်ဖီစားပွဲ အောက်မှ ခေါက်ဆွဲခြောက် တစ်ပန်းကန်အား ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်လေသည်။ ကော်ဖီစားပွဲမှာ မှန်ဖြင့် ပြုလုပ်ထားခြင်း ဖြစ်လေသည်။ မူလတွင် ကော်ဖီ စားပွဲအောက်တွင် မည်သည့်အရာမျှ မရှိကြောင်း မှန်မှတစ်ဆင့် လီအန်းရန် မြင်တွေ့ခဲ့ရသည်။ ရဲ့ရှင်းချန်သည် ခေါက်ဆွဲခြောက် တစ်ပန်းကန်အား လေထဲမှ ဖန်ဆင်းယူလိုက်သကဲ့သို့ ဖြစ်နေလေသည်။
သူမ ခေတ္တမျှ ကြက်သေ သေသွားပြီးနောက် မျက်လုံးများ ဖွင့်ကာ ကော်ဖီစားပွဲအောက်သို့ ကြည့်လိုက်ရာ တကယ်ပင် အလွတ် ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
"မင်း"
ရဲ့ရှင်းချန်မှာ သူမမှ သူ၏ လျှို့ဝှက်ချက်အား သိသွားမည်ကို ကြောက်ရွံ့နေပုံ မပေါ်ချေ။
"ရေနွေးအိုးက မီးဖိုချောင်ထဲမှာ ရှိတယ် အစ်မအန်းရန် ကိုယ့်အိမ်ကိုယ်လို သဘောထားပြီး လုပ်ပါ"
လီအန်းရန်၏ နှုတ်ခမ်းများ ပွင့်ဟသွားပြီး ပြန်ပိတ်သွားသော်လည်း တိုက်ရိုက် မမေးမြန်းရဲချေ။ မည်သို့ပင်ဆိုစေ သူမ၏ လက်ထဲရှိ ခေါက်ဆွဲခြောက်ပန်းကန်မှာ အပြင်ဘက်မှ လူများ ငွေပေးဝယ်လိုလျှင်ပင် ဝယ်၍မရနိုင်သော အရာဖြစ်သည် မဟုတ်ပါလား။
သူမ၏ အိမ်တွင် အနည်းငယ် ရှိနေသော်လည်း ကျောက်ဟောင်နှင့် အတူစားတိုင်း သူတို့သည် တစ်ထုပ်ကိုသာ မျှဝေ စားသုံးကြသည်။ ပုံမှန် အခြေအနေတွင် သူတို့သည် ဆန်ပြုတ်ကိုသာ အဓိက စားသုံးကြလေသည်။
“မောင်လေးရဲ့ မင်းအိမ်မှာ ရေခဲသေတ္တာ သုံးနေတုန်းပဲလား"
အခန်း (၁၁၅) - ထူးဆန်းသော ဖြစ်ရပ်များ
လီအန်းရန်သည် မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။ မီးဖိုချောင် အမှိုက်ပုံးထဲရှိ အစားအစာ ထုပ်ပိုးမှုများအား သူမ တစ်ချက် ကြည့်လိုက်ရုံဖြင့် မြင်တွေ့လိုက် ရသော်လည်း မမေးမြန်းနိုင်ခဲ့ချေ။ သူမသည် ခေါင်းလှည့်ကာ ရဲ့ရှင်းချန်၏ ရေခဲသေတ္တာအား စိုက်ကြည့်နေလိုက်သည်။
ယခုလို အချိန်မျိုးတွင် မည်သူက ရေခဲသေတ္တာကို အသုံးပြု နေဦးမည်နည်း။ မည်သည့်နေရာတွင် ထားထား အရာအားလုံးက အခဲလိုက် အေးခဲသွားမည် ဖြစ်သော်လည်း ရဲ့ရှင်းချန်၏ အိမ်တွင်ကား ရေခဲသေတ္တာအား အသုံးပြုကာ လျှပ်စစ်မီးအား ဖြုန်းတီးနေသည်ခြင်း ဖြစ်နေခဲ့သည်။
လီအန်းရန်မှ နှုတ်ခမ်းအား သပ်ကာ ရေခဲသေတ္တာအား တိတ်တဆိတ် ဖွင့်ကြည့်လိုက်၏။ ရဲ့ရှင်းချန်၏ တိုက်ခန်းရှိ အထပ်တိုင်း၏ မီးဖိုချောင်တွင် ရေခဲသေတ္တာ တစ်လုံးစီ ရှိသည်။ မည်သို့ပင်ဖြစ်စေ ရေခဲသေတ္တာ အနည်းငယ် အတွက် ငွေများများစားစား မကုန်ကျလှချေ။ သို့သော်လည်း မည်သူမျှ မနေထိုင်သောအခါ ရဲ့ရှင်းချန်သည် ထိုအထပ်၏ လျှပ်စစ်မီးအား ဖြတ်တောက် ထားလေ့ရှိသည်။
ရဲ့ရှင်းချန်တွင် အသုံးပြုရန် လုံလောက်သော လျှပ်စစ်မီး ရှိနေသော်ငြား အလွန်အကျွံ မဖြုန်းတီးခြင်းသည် ပိုကောင်းသည် မဟုတ်ပါလား။ တတိယထပ်ရှိ ရေခဲသေတ္တာအား ဖွင့်ထားရခြင်း၏ အဓိက အကြောင်းရင်းမှာ ရဲ့ရှင်းချန်နှင့် မိုချီတို့သည် ညဘက်တွင် ဟမ်ဘာဂါ ကြက်ကြော်နှင့် အာလူးကြော်များ စားသုံးခဲ့သောကြောင့် ဖြစ်သည်။
ဤကဲ့သို့သော ကြော်ထားသည့် အသင့်စား အစားအစာများအား စားသုံးမည်ဆိုပါက ပုံမှန် သောက်သုံးရမည့် အရည်မှာ ရေခဲစိမ်ထားသော ကိုကာကိုလာ သာ ဖြစ်ချေသည်။
ရဲ့ရှင်းချန်၏ နေရာလွတ်ထဲတွင် မရေမတွက်နိုင်သော အချိုရည်များ ရှိသော်လည်း အပူချိန်မှာ ထည့်သွင်းစဉ်ကအတိုင်းသာ ဖြစ်နေခဲ့သည်။ သူတို့နှစ်ယောက်စလုံး စည်သွတ်ဘူး အချိုရည်များအား သောက်သုံးရသည်ကို နှစ်သက်ကြပေသည်။
ရဲ့ရှင်းချန်သည် မူလတွင် ပြတင်းပေါက်အား ဖွင့်ကာ ကိုကာကိုလာကို အေးခဲစေရန် စီစဉ်ခဲ့သော်လည်း စဉ်းစား ကြည့်ပြီးနောက် အခဲလိုက် ဖြစ်သွားမည်ကို စိုးရိမ်သဖြင့် တတိယထပ်ရှိ ရေခဲသေတ္တာကိုသာ ဖွင့်ထားလိုက်ခြင်း ဖြစ်သည်။
ရေခဲသေတ္တာအား ဖွင့်လိုက်သောအခါ မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သော လီအန်းရန်မှာ ချက်ချင်းပင် စိတ်ပျက်သွားတော့သည်။
ရဲ့ရှင်းချန်၏ ရေခဲသေတ္တာထဲတွင် မည်ကဲ့သို့သော အရသာရှိသည့် အစားအစာများ ရှိနေမည်နည်းဟု သူမ တွေးတောနေခဲ့ခြင်း ဖြစ်သည့် အပြင် ခိုးစားရန်ပင် စဉ်းစားနေခဲ့ခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ဤ ရေခဲသေတ္တာကြီးထဲ၌ ကိုကာကိုလာ သုံးဘူးနှင့် ဖန်တာ နှစ်ဘူးသာ ရှိနေခဲ့သည်။
သူမ၏ အံ့အားတကြီး အသံအား ကြားပြီးနောက် ရဲ့ရှင်းချန်မှ မတ်တပ်ရပ်ကာ လီအန်းရန်၏ အနောက်သို့ လျှောက်လာခဲ့သည်။ လီအန်းရန်၏ လှုပ်ရှားမှုတိုင်းသည် ရဲ့ရှင်းချန်၏ မျက်လုံးထဲသို့ ကျရောက်နေလေသည်?
သူသည် မျက်လုံးလှန်လိုက်မိပြီး သူ၏ နေရာလွတ်ထဲရှိ အခြား စူပါမားကတ်တစ်ခုမှ အေးခဲနေသော ဝက်ပေါင်ခြောက် တစ်ခုအား ထုတ်ယူလိုက်သည်။ ထို့အပြင် စား၍ မရအောင် အေးခဲနေသော ကြက်ဥနှစ်လုံးကိုလည်း ထုတ်ယူကာ လီအန်းရန်ထံသို့ ပေးလိုက်တော့သည်။
"ရော့ အစ်မအတွက် ကြက်ဥနှစ်လုံးနဲ့ ဝက်ပေါင်ခြောက် ယူလာခဲ့တယ် အစ်မအန်းရန် အစ်မက ကလေးကို နို့တိုက်ရဦးမှာဆိုတော့ ကောင်းကောင်းမွန်မွန် စားထားမှ ဖြစ်မယ်လေ မဟုတ်ရင် ခဏနေ အစ်ကိုကျောက် နိုးလာရင် ကျွန်တော်က အစ်မကို နှိပ်စက်ထားတယ်လို့ ပြောနေဦးမယ်"
လီအန်းရန် ပစ္စည်းများအား လှမ်းယူ လိုက်သောအခါ ၎င်းတို့မှာ အေးခဲနေပြီး ကြက်ဥများ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်သွားခဲ့သည်။
"ဒီလို ကောင်းတဲ့ပစ္စည်းတွေကို တခြားလူတွေကို ကျွန်တော် မပေးပါဘူး ကိုယ့်အတွက်ကိုယ်ပဲ သိမ်းထားတာ အခု အစ်မကို တိတ်တဆိတ် ပေးတာနော်"
ထိုစကားအား ကြားသောအခါ လီအန်းရန်၏ စိတ်ထဲတွင် အတွေးများ တဝဲလည်လည် ဖြစ်သွားတော့သည်။ သူမသည် ပစ္စည်းများအား ယူရင်း ရဲ့ရှင်းချန်ကို ကျေးဇူးတင်စကား ပြောလိုက်လေသည်။
မကြာမီ ရေနွေးဆူလာခဲ့သည်။ လီအန်းရန်မှ ခေါက်ဆွဲခြောက်နှင့် ဝက်ပေါင်ခြောက်ကို အတူတကွ ပြုတ်လိုက်လေသည်။ ကြက်ဥများအားလည်း အရည်ပျော်စေရန် ရေနွေးကြက်သီးနွေးထဲတွင် စိမ်ထားလိုက်သည်။
ရဲ့ရှင်းချန်သည် မီးဖိုချောင်ထဲတွင် သူမနှင့်အတူ အချိန်ဖြုန်း မနေတော့ချေ။ သူသည် လှည့်ကာ ဧည့်ခန်းသို့ ပြန်လာခဲ့ပြီး လင်းစစ်ကျား ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းနေလိုက်တော့သည်။
လီအန်းရန် မရောက်လာမီ ကတည်းမှ မိုချီအား ငါးလွှာသို့ ပြန်လွှတ်ထားပြီး ဖြစ်သည်။ သို့သော် လီအန်းရန် ရောက်လာသဖြင့် ရဲ့ရှင်းချန်သည် အခန်း၏ စောင့်ကြည့်ကင်မရာကိုပင် ကြည့်ခွင့် မရတော့ချေ။ မီးဖိုချောင်ထဲရှိ လီအန်းရန်၏ လှုပ်ရှားမှုများနှင့် အခန်းငယ်လေးထဲရှိ လင်းစစ်ကျား၏ အခြေအနေကို ဖုန်းစခရင်ပေါ်မှတစ်ဆင့်သာ စောင့်ကြည့် နေနိုင်တော့သည်။
သူ စောင့်ကြည့်နေစဉ်မှာပင် လီအန်းရန်သည် ခေါက်ဆွဲ ခြောက်ပန်းကန်အား ကိုင်ကာ မီးဖိုချောင်ထဲမှ ထွက်လာခဲ့ကာ လင်းစစ်ကျားသည်လည်း အခန်းငယ်လေး၏ တံခါးကိုဖွင့်ကာ ထွက်လာခဲ့လေသည်။ သူမ၏ မျက်နှာမှာ ပင်ပန်းနွမ်းနယ်နေပုံ ပေါ်သော်လည်း ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များလည်း ယှက်သန်းနေခဲ့သည်။
"အခြေအနေ ဘယ်လိုလဲ"
ရဲ့ရှင်းချန်မှ မတ်တပ်ရပ်ကာ သူမထံသို့ လျှောက်သွားခဲ့သည်။ လင်းစစ်ကျားသည် သူမ၏ ခွဲစိတ်ခန်းသုံး ဝတ်စုံအား ချွတ်လိုက်ပြီး ရဲ့ရှင်းချန် ရှိရာသို့ လျှောက်လာခဲ့သည်။
"အချက်အလက်တွေအရတော့ အစ်ကိုကျောက် အဆင်ပြေလောက်ပါတယ်"
လင်းစစ်ကျားမှ သူမ၏ မျက်လုံးများအား ပင့်ကာ အရောင်လက်နေသော မျက်ဝန်းများဖြင့် ရဲ့ရှင်းချန်အား စိုက်ကြည့်လိုက်လေသည်။ ထိုအခိုက်မှာပင် မီးဖိုချောင်ထဲမှ ထွက်လာသော လီအန်းရန်နှင့် ပက်ပင်းတိုးသွားတော့သည်။
"အာ မမလီလည်း ရောက်နေတာပဲ"
လင်းစစ်ကျား ထွက်လာသည်အား မြင်သောအခါ လီအန်းရန်၏ မျက်လုံးများ အရောင်လက်သွားတော့သည်။ သို့သော်လည်း သူမ၏ ပထမဆုံး မေးခွန်းမှာ ကျောက်ဟောင်၏ အခြေအနေအကြောင်း မဟုတ်ဘဲ တခြား အကြောင်းအရာအား ပြောလိုက်လေသည်။
"ငါ ခေါက်ဆွဲခြောက် ပြုတ်ထားတယ် ဒေါက်တာလင်း မင်းနဲ့ ရှင်းချန်ကော ငါနဲ့အတူ လာစားကြမလား ငါ့လက်ရာက တော်တော်ကောင်းတယ်နော် အစ်ကိုကျောက်က အိမ်မှာ အမြဲတမ်း ငါ့ကို ချီးကျူးလေ့ရှိတယ်"
အပြင်လူ ရှိနေသည်အား မြင်သောအခါ လင်းစစ်ကျားသည် သူမ ပြောချင်သော စကားများကို မြိုချလိုက်တော့သည်။ လင်းစစ်ကျား ငြင်းဆန်သည်အား မစောင့်တော့ဘဲ ရဲ့ရှင်းချန်မှ ရှေ့သို့ တိုးကာ အခန်းငယ်လေး၏ တံခါးအား ပိတ်လိုက်သည်။
"မလိုပါဘူး ကျွန်တော် ကျားလေးနဲ့ စားပြီးသွားပြီ အစ်မအန်းရန် အားမနာနဲ့ ဒီမှာပဲ စားလိုက်ပါ ကျားလေးက အစ်ကိုကျောက်ကို တစ်နေကုန် ကုသပေးနေရတာ အခု သူ တော်တော်လေး ပင်ပန်းနေလောက်ပြီ ကျားလေး ရေသွားချိုးဖို့ ကျွန်တော် အရင် ခေါ်သွားလိုက်ဦးမယ်"
ရဲ့ရှင်းချန်၏ ဘေးတွင်ရှိနေသော လင်းစစ်ကျားသည်လည်း လိမ္မာပါးနပ်စွာဖြင့် တုံ့ပြန်လိုက်လေသည်။
"ကျေးဇူးတင်ပါတယ် ဒါပေမဲ့ မလိုပါဘူးရှင် မမလီ ဘာသာမမလီပဲ စားလိုက်ပါ"
တတိယထပ်၏ တံခါးအား သော့ခတ် ပြီးနောက် ရဲ့ရှင်းချန်သည် လင်းစစ်ကျားအား ဓာတ်လှေကားထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
"ဗိုက်ဆာနေပြီလား ရေအရင်ချိုးလိုက် ပြီးရင် ဘာစားချင်လဲ ပြော ကိုယ် ယူပေးမယ်"
ရဲ့ရှင်းချန်မှ လက်အား မြှောက်လျှက် လင်းစစ်ကျား၏ ပါးပြင်လေးအား ဆွဲညှစ်လိုက်လေသည်။ အနည်းငယ် ပြည့်ဖြိုးနေသော်လည်း လင်းစစ်ကျား၏ ခန္ဓာကိုယ်တွင် အခြား အပိုအသားများ ရှိနေသည်ကို သူ မမြင်တွေ့ခဲ့ရချေ။
"ဗိုက်တော့ဆာတယ် ဘာဖြစ်ဖြစ် ရပါတယ် ဒါပေမဲ့ ညီမ အစ်ကို့ကို အရမ်းထူးဆန်းတဲ့ အကြောင်းတစ်ခု ပြောပြချင်တယ်"
"ဟင် ဘာလဲ"
ဓာတ်လှေကားမှ ခြောက်လွှာတံခါးဝတွင် ရပ်တန့်သွားခဲ့သည်။ ရဲ့ရှင်းချန်မှ လင်းစစ်ကျား၏ လက်အား ဆွဲလျှက် ဓာတ်လှေကားထဲမှ ထွက်လာခဲ့သည်။
"တကယ် အရမ်းထူးဆန်းတာပဲ အစ်ကိုကျောက်ကို ဒီကို ပို့လိုက်တုန်းက သူ တစ်ကိုယ်လုံး ဒဏ်ရာတွေနဲ့ မဟုတ်လား ခုနက အစ်ကို စက်ပစ္စည်းတွေ ထုတ်ပေးတုန်းက အစ်ကိုကျောက်ရဲ့ နှလုံးခုန်နှုန်းကို ညီမ တိုင်းကြည့်ခဲ့တယ်"
"အစ်ကိုကျောက် ခန္ဓာကိုယ်မှာ ဒဏ်ရာတွေ အရမ်းများလွန်းတယ် သူ့လက်မောင်းက အသားတွေတောင် အကိုက်ခံရပြီး အရိုးတွေပါ ပေါ်နေတာ ညီမ စစ်ဆေးကြည့်တာ သူ့ရဲ့ ကိုယ်တွင်းအင်္ဂါတွေလည်း တော်တော်လေး ထိခိုက်ထားပုံရတယ်"
"အစကတော့ အစ်ကိုကျောက် သွေးထွက်လွန်ပြီး ဒီအတိုင်း သေတော့မယ်လို့ ညီမ ထင်ခဲ့တာ အပြင်မှာတုန်းက သူ့သွေးတွေ အေးခဲနေလို့ တော်သေးတာပေါ့ ဒါပေမဲ့ အခန်းငယ်လေးထဲ ဝင်လာပြီးတဲ့နောက်မှာ သူ့ခန္ဓာကိုယ်ကနေ သွေးတွေ စထွက်လာတယ်"
"ဒါပေမဲ့ ထူးဆန်းတာက ဘာနည်းလမ်းမှ မရှိတော့ဘူးလို့ ညီမ ထင်နေတဲ့အချိန်မှာ အစ်ကိုကျောက်ရဲ့ နှလုံးခုန်နှုန်းက ရုတ်တရက် မြင့်တက်လာတယ်"
နေရာလွတ်ထဲမှ ဟမ်ဘာဂါ တစ်ခုကို ထုတ်ယူနေသော ရဲ့ရှင်းချန်၏ လက်များမှာ ရပ်တန့်သွားခဲ့သည်။
"ပြီးတော့"
"ပြီးတော့ အစ်ကိုကျောက် ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေက တကယ်ကြီး စပြီး ကျက်လာတယ်လေ အစ်ကိုကျောက်ကို ဒီကို ပို့လိုက်တုန်းက သူ့ခန္ဓာကိုယ်မှာ အကြီးအသေး ဒဏ်ရာတွေ အများကြီး ရှိနေတာကို ညီမ မှတ်မိသေးတယ် ဒါပေမဲ့ ခုနက ညီမ ကြည့်လိုက်တော့ အဲဒီ ဒဏ်ရာ သေးသေးလေးတွေက တကယ်ကို ပျောက်ကင်းသွားပြီ"
"သူ့ခန္ဓာကိုယ်ပေါ်က ပွန်းပဲ့ဒဏ်ရာတွေကလည်း တဖြည်းဖြည်း မှေးမှိန်သွားတာကို ညီမ တွေ့ခဲ့ရတယ်"
လင်းစစ်ကျားမှ ရဲ့ရှင်းချန်ထံမှ ဟမ်ဘာဂါအား ယူကာ စိတ်လှုပ်ရှားစွာဖြင့် တစ်လုတ် ကိုက်စားလိုက်လေသည်။
"ဆေးဘက်ဆိုင်ရာ အံ့ဖွယ်ဖြစ်ရပ်ပဲ လူတစ်ယောက်ရဲ့ ဒဏ်ရာတွေ ဒီလောက် မြန်မြန် ကျက်လာတာကို ညီမ တစ်ခါမှ မမြင်ဖူးဘူး လူတစ်ယောက်ရဲ့ ကိုယ်ခံစွမ်းအားက ဘယ်လောက်ပဲ ကောင်းနေပါစေ ဒီလို အနာကျက်နှုန်းမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး"
ရဲ့ရှင်းချန်၏ ရင်ထဲတွင် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။ တစ်ခုခု ဖြစ်နေပြီ ဖြစ်သည်။ လင်းစစ်ကျားမှ ဟမ်ဘာဂါ စားရင်း အခန်း အပူချိန်ရှိသော ကိုကာကိုလာအား သောက်နေချိန်တွင် ရဲ့ရှင်းချန်သည် တတိယထပ်၏ စောင့်ကြည့်ကင်မရာ မှတ်တမ်းအား ဆွဲထုတ်ကာ ချဲ့ကြည့်လိုက်တော့သည်။
လူနေအိမ်ရာဧရိယာ ဝင်ပေါက်တွင် စောင့်နေကြသော လူများမှာ တစ်ယောက်နှင့်တစ်ယောက် ပူးကပ်နေကြသည်။ နာရီအနည်းငယ် ကြာသွားခဲ့သော်လည်း ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား ထိုနေရာသို့ ခေါ်မသွားသေးချေ။
သို့သော်လည်း ရဲ့ရှင်းချန်သည် ရပ်ကွက်ဝင်ပေါက်တွင် စောင့်ဆိုင်းနေသော လူအုပ်ကြီးထံသို့ အစားအစာများ ပေးပို့ရန် ကျောက်ဟောင်၏ သူငယ်ချင်းဖြစ်သူ ယွမ်ဘိုထံသို့ စာတစ်စောင် ပို့ထားပြီး ဖြစ်သည်။
"ဒါဆိုရင် ဒီရောဂါက ကုတ်ခံရတာ ဒါမှမဟုတ် ကိုက်ခံရတာကနေတစ်ဆင့် ကူးစက်နိုင်လားဆိုတာ ညီမ သိရပြီလား"
ရဲ့ရှင်းချန်မှ ဤကိစ္စအား အလွန် အလေးအနက်ထားနေခြင်း ဖြစ်သည်။ မည်သို့ပင်ဆိုစေ ရပ်ကွက် ဝင်ပေါက်တွင် အနည်းဆုံး လူဆယ်ယောက်ခန့် ရှိနေသည် မဟုတ်ပါလား။