အခန်း (၁၀၁-၁၀၃)
Vol. 8 Ch. 101-103
အခန်း (၁၀၁) - ပွဲစပြီ
အခြားသူများ အချင်းချင်း လုယက် တိုက်ခိုက်နေကြချိန်တွင် ကျောက်ဟောင်နှင့် ဝမ်ဝေတို့မှာမူ စူပါမားကတ်၏ ခေါင်မိုးအား စတင် တူးဖော် ပြီးစီးနေကြပြီ ဖြစ်သည်။
နှင်းထုသည် တဖြည်းဖြည်း ပို၍ ထူထပ်လာသောကြောင့် သူတို့၏ အရှိန်သည် သိသိသာသာ လျော့ကျသွားခဲ့သည်။ သာမန်ဂေါ်ပြားအား အသုံးပြု၍ တူးဆွမည်ဆိုပါက တစ်စစီ ခက်ခက်ခဲခဲ ကော်ထုတ်နေရမည် ဖြစ်သည်။
အချိန်ကား ညဘက်သို့ပင် ရောက်ရှိလု နီးပါးဖြစ်နေခဲ့ပြီ ဖြစ်ကာ ကောင်းကင်ယံ တစ်ခုလုံး မှောင်မိုက်နေခဲ့ပြီ ဖြစ်သော်လည်း ဤလူများမှာမူ နောက်ကြောင်း ပြန်လှည့်ရန် ဆန္ဒရှိပုံမပေါ်ကြချေ။
သူတို့သည် အတော်များများ တူးဖော်ပြီးနေကြပြီ ဖြစ်သောကြောင့် ယခုမှသာ ထွက်သွား ကြမည်ဆိုလျှင် သူတို့ အပင်ပန်းခံ တူးဆွထားသည့် တွင်းကြီးအား အခြားသူများမှ လုယူသွားနိုင်ခြေ ရှိနေလေသည်။ နေ့လယ်ကတည်းမှ မည်သည့်အရာမှ ဗိုက်ထဲ မဝင်ထားကြသဖြင့် လူအများစုမှာ အတော်လေး ဆာလောင် မွတ်သိပ်နေကြပြီ ဖြစ်သည်။
"ကျွန်တော် ကျွန်တော် နည်းနည်း ဆာလာပြီ ကျွန်တော်တို့ အရင် ပြန်ကြရအောင်လား အစ်ကိုကျောက်"
ထိုသို့ စတင်ပြောဆိုလာသူမှာ ဝမ်ဝေပင် ဖြစ်သည်။ အမြဲတမ်း အစားအသောက် ပြည့်ပြည့်ဝဝ စားသောက် ထားပြီးမှ ဆာလောင်ရသည့် ဒဏ်အား နေ့စဉ်ရက်ဆက် ငတ်မွတ်နေရခြင်းထက် ပို၍ဆိုးရွားလှပေသည်။
"ဒါပေမဲ့ ဒီတွင်းကြီးကိုရော ဘယ်လိုလုပ်ကြမလဲ တွင်းပေါ်က လူတွေနဲ့ တိုင်ပင်ပြီး အလှည့်ကျ စောင့်ကြဖို့ ပြောကြည့် ရအောင်လားကွာ"
လူတိုင်းသည်လည်း အနည်းငယ် စိုးရိမ်ပူပန်နေကြသည်။ အချိန်က ညဘက်သို့ ရောက်ရှိနေပြီ ဖြစ်ကာ ရဲ့ရှင်းချန်မှ ရိက္ခာများ ဝေငှပေးမည့်အချိန် ဖြစ်နေသောကြောင့် ဖြစ်သည်။ သူတို့သာ ထိုနေရာတွင် မရှိနေကြပါက ရဲ့ရှင်းချန်သည် သူတို့၏ ဝေစုအား ပေးမည် မဟုတ်ဘူးလား ဟူသည့် အတွေးများက ကြီးစိုးနေကြလေသည်။
သို့သော်လည်း သူတို့သာ အလျင်စလို ထွက်သွားခဲ့ပြီး အနက်ရှိုင်းဆုံးဖြစ်အောင် တူးထားသည့် သူတို့၏ တွင်းကြီးအား အခြားသူများမှ နေရာယူ သွားကြမည်ဆိုလျှင် အလကား သက်သက် အချိန်ကုန်လူပန်သာ ဖြစ်သွားပေလိမ့်မည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အချို့သောသူများမှာမူ ကွဲပြား ခြားနားသော အတွေးအမြင်များ ရှိနေကြသည်။
သူသာ ဤနေရာမှ ရိက္ခာများအား ပို၍ လုယူနိုင်ခဲ့မည်ဆိုလျှင် ရဲ့ရှင်းချန်၏ စကားအား နားထောင်စရာ မလိုတော့သည့် အပြင် ထိုအစားအစာ အနည်းငယ်လေး အတွက် ရဲ့ရှင်းချန်၏ သူတောင်းစား တစ်ယောက်လို ဆက်ဆံခြင်းအားလည်း ခံရတော့မည် မဟုတ်ချေ။
"ဒီတွင်းကြီးကို အလှည့်ကျ မစောင့်ကြရင်ကော ဘယ်လိုလဲ လူတိုင်း အလှည့်ကျ တူးကြမယ်လေ"
ဤအကြံဉာဏ်ကို ပထမဆုံး စတင်အကြံပြုသူမှာလည်း ဝမ်ဝေပင် ဖြစ်သည်။ သူသည် အစကတည်းမှ ဗိုက်ဝနေသူ မဟုတ်လေရာ အချိန်အတော်ကြာ အလုပ်လုပ် ပြီးနောက်တွင် ခွန်အားများစွာ ကျန်ရှိမနေတော့ချေ။
"ဒါ့အပြင် ဒီတွင်းကြီးကို တူးပြီးလို့ စူပါမားကတ်ကြီး ပေါ်လာတဲ့ အခါ အစ်ကိုကျောက်နဲ့ ငါတို့ နှစ်ယောက်တည်းက ပစ္စည်းတွေကို ယူကြမှာမှ မဟုတ်တာ လူတိုင်း ကိုယ့်ဝေစုနဲ့ကိုယ် ရကြမှာပဲလေဗျာ"
တွင်းအပေါ်တွင်ရှိနေသော လူများက ပထမ စကားအားကြားချိန်တွင် ငြင်းဆန်လိုကြသော်လည်း ဝမ်ဝေ၏ နောက်ဆက်တွဲ စကားကြောင့် ပါးစပ်ပိတ် သွားကြရတော့သည်။
သူတို့သည် ဝမ်ဝေနှင့် ကျောက်ဟောင် နှစ်ယောက်တည်းကိုသာ အလုပ် ကြိုးစားစေချင်ကြသည်မှာ အမှန်ပင် ဖြစ်သည်။ မည်သို့ပင်ဆိုစေ ဝမ်ဝေနှင့် ကျောက်ဟောင်တို့သည် ညည်းညူသံ တစ်ချက်မျှ မထွက်ဘဲ အချိန်အတော် ကြာသည်အထိ ကြိုးကြိုးစားစား အလုပ်လုပ်နေခဲ့ကြသည် မဟုတ်ပါလား။
"အာယား ဝေလေးရယ် မင်းက ဘာတွေပြောနေတာလဲ"
"မင်းတို့နှစ်ယောက်တည်းကိုပဲ ဘယ်လိုလုပ် အလုပ်လုပ်ခိုင်းရက်မှာလဲကွ ငါတို့ဆီမှာ ကိရိယာတွေ မလုံလောက်လို့ပါကွာ"
"ကောင်းပါပြီ ကောင်းပါပြီဗျာ မင်းနဲ့ အစ်ကိုကျောက်က တစ်နေ့လုံး အလုပ်များနေခဲ့ကြတာ မင်းတို့နှစ်ယောက် သွားနားပြီး စားစရာလေးဘာလေး သွားယူကြပါဦး"
ကျောက်ဟောင်မှ မျက်ခုံးပင့်လိုက်လေသည်။ သူသည် ဝမ်ဝေအား အတော်လေး ကျေးဇူးတင်မိသွားလေသည်။ နေ့လယ်တွင် ဘီစကွတ် အနည်းငယ်မျှသာ စားထားရသဖြင့် ယခုအချိန်တွင် သူ အမှန်ပင် တောင့်မခံနိုင်တော့ချေ။
"ကောင်းပြီလေ ဒါဆိုရင် ဝမ်ဝေနဲ့ ငါ အရင်ပြန်ပြီး တစ်ခုခု သွားစားလိုက်ကြဦးမယ်"
ကျောက်ဟောင် ပြန်ရောက်လာချိန်တွင် ရဲ့ရှင်းချန်မှ ရိက္ခာများ ဝေငှပေးရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ရဲ့ရှင်းချန်သည် သူတို့၏ ဝေစုများအား လျှော့မချခဲ့ချေ။ ကျောက်ဟောင်၏ ရှင်းပြချက်အား နားထောင်ပြီးနောက် ရဲ့ရှင်းချန်မှ ရိက္ခာတစ်ဆုပ်အား ယူ၍ အိတ်ထဲသို့ ပစ်ထည့်လိုက်ကာ ထိုသူများထံသို့ ယူသွားပေးရန် ကျောက်ဟောင်အား ပြောလိုက်လေသည်။
ထို့နောက် ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား ပင်အပ် ပေါက်အရွယ် ကင်မရာလေး တစ်လုံး ပေးလိုက်ပြီးနောက် အနီးအနားရှိ သစ်ပင်တစ်ပင်တွင် တပ်ဆင်ထားရန် အကူအညီတောင်း လိုက်လေရာ ကျောက်ဟောင်သည်လည်း လိုလိုလားလားပင် သဘောတူလိုက်လေသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် သီတင်းတစ်ပတ် အချိန်ကုန် လွန်သွားခဲ့သည်။
တစ်ပတ်တိတိ အလှည့်ကျ တူးဖော်ပြီး ကြပြီးနောက် နှင်းထုအောက်တွင် နစ်မြုပ်နေသော စူပါမားကတ်ကြီးမှာ အဆုံးတွင် အလုံးစုံ ပေါ်ထွက်လာခဲ့လေပြီ ဖြစ်သည်။
ရဲ့ရှင်းချန်သည် ဆိုဖာပေါ်တွင် မှီထိုင်လျက် လင်းစစ်ကျားအား ရင်ခွင်ထဲတွင် ပွေ့ဖက်ထားရင်း စခရင်ပေါ်မှ အခြေအနေများကို စောင့်ကြည့်နေခဲ့သည်။ ရဲ့ရှင်းချန်မှ စပ်ရှရှ မုန့်ချောင်းလေး တစ်ချောင်းအား ပါးစပ်ထဲသို့ ထည့်လိုက်ကာ ရေရွတ်လိုက်လေတော့သည်။
"အိုး ပွဲစတော့မယ်ဟေ့"
စူပါမားကတ်ကြီး ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ထိုနေရာရှိ လေထုသည် ချက်ချင်းဆိုသလို ပြောင်းလဲသွားခဲ့လေသည်။ လူတိုင်းတွင် ကိုယ်ပိုင် အကြံအစည်များ အသီးသီးရှိနေကြပြီး စူပါမားကတ်ထဲရှိ အရာအားလုံးအား သူတို့အပိုင်သာ ဖြစ်ချင်နေကြသည်။ ကျောက်ဟောင်သည်လည်း ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် ပေးပို့လာခဲ့သည်။
"သတင်းကောင်း သတင်းကောင်းဟေ့ စူပါမားကတ်ကို တူးလို့ ပြီးသွားပြီကွ ညီလေးရဲ့ မင်း လိုချင်တဲ့ဟာတွေ ရှိလား ငါ မင်းအတွက် တစ်ခုခု ယူလာခဲ့ပေးမယ်လေ"
"ရပါတယ် အစ်ကိုကျောက် အစ်ကို လိုအပ်တာတွေပဲ ယူပါ ကျွန်တော့်အတွက် ထည့်တွေးစရာ မလိုပါဘူးဗျ"
ရဲ့ရှင်းချန်မှ စာပြန်ပြီးနောက် သူ၏ဖုန်းအား ဘေးသို့ ပစ်ချလိုက် လေတော့သည်။ သူ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော ပြဇာတ်ကြီးသည် အဆုံးတွင် စတင်တော့မည် ဖြစ်သည်။ ယခင်တွင် စူပါမားကတ်ကြီး နှင်းတွေအောက်တွင် နစ်မြုပ်နေစဉ်ကမူ လူတိုင်းသည် တစ်ယောက်နှင့်တစ်ယောက် အယောင်ဆောင်ကာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံနေခဲ့ကြသည်။ ယခု စူပါမားကတ်ကြီး ပေါ်ထွက်လာသည့် အချိန်တွင်တော့ အခြားသူများအပေါ် ယဉ်ကျေးနေရန် မလိုအပ်တော့ချေ။
ရဲ့ရှင်းချန်သည် စခရင်မှ တစ်ဆင့် ရင်းနှီးမှု မရှိသော လူတစ်ယောက်သည် ပထမဆုံး စတင် လှုပ်ရှားလိုက်သည်အား မြင်တွေ့လိုက်ရသည်။ ထိုလူသည် မည်သည့် အရာကိုမှ ဂရုမစိုက်တော့ဘဲ စူပါမားကတ်တံခါးအား ဝင်တိုက်ကာ သူ့လက်ထဲရှိ လက်နက်အား မြှောက်၍ တံခါးကို ရိုက်ချိုး လိုက်တော့သည်။
တစ်ယောက်မှ စတင် ဦးဆောင်လိုက်သည်နှင့် အခြားသူများသည်လည်း အခြားလူတွေ လက်ဦးသွားမည်ကို စိုးရိမ်ကာ တံခါးကို စတင်ရိုက်ချိုးကြတော့သည်။
လူတိုင်း စတင်၍ လှုပ်ရှားလာကြသည်။ ယခု လူတိုင်းသည် တံခါးအား ကိုယ်တိုင်ကိုယ်ကျ စတင် ရိုက်ချိုးနေကြပြီ ဖြစ်ရာ နှင်းတူးနေစဉ်ကကဲ့သို့ ပျင်းရိပျင်းတွဲ မရှိကြတော့ချေ။
သံတံခါးတန်းကြီး တစ်ခုလုံးမှာ သံတုတ်များ ဂေါ်ပြားများနှင့် ဓားမကြီးများ၏ ဒဏ်ကြောင့် ချိုင့်ခွက်သွားခဲ့ရသည်။ ၎င်းသည် ရဲ့ရှင်းချန်၏ အိမ်တွင် အသုံးပြုထားသော ပစ္စည်းမျိုးနှင့် မတူညီချေ။ အချိန်တို အတွင်းမှာပင် ရိုလာ တံခါးများသာမက မှန်တံခါးများပါ လူအုပ်ကြီး၏ ရိုက်ချိုးဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။
အသုံးပြုထားသော မှန်များမှာ သာမန်မှန်များထက် ပိုမို မာကျောသော အကြမ်းခံမှန်များ ဖြစ်သော်လည်း ရဲ့ရှင်းချန်၏ အိမ်တွင် အသုံးပြုထားသော မှန်များလောက်တော့ အဆင့်မမီချေ။ ဂေါ်ပြားဖြင့် အချက် အနည်းငယ်မျှ ရိုက်နှက် ပြီးနောက်တွင် မှန်တံခါးပေါ်၌ အက်ကွဲကြောင်းများ ပေါ်လာခဲ့သည်။ ရဲ့ရှင်းချန်မှာလည်း စိတ်လှုပ်ရှားစပြုလာခဲ့သည်။ သူ၏ စိတ်လှုပ်ရှားမှုမှာ အခင်းဖြစ်ပွားရာ နေရာသို့ ကိုယ်တိုင် ရောက်ရှိနေသကဲ့သို့ပင် ဖြစ်နေသည်။
"ခွမ်း"
မှန်ကွဲစများ မြေပြင်တစ်ခွင် ပြန့်ကျဲသွားခဲ့သည်။ အချို့သောသူများမှာ စူပါမားကတ်ထဲသို့ ဝင်ရောက်ရန် မစောင့်ဆိုင်းနိုင်တော့ဘဲ အလုအယက် ပြေးဝင်သွားကြလေသည်။ အခြားသူများသည်လည်း နောက်မှ ကပ်လျက် လိုက်ပါသွားကြကာ ကျောက်ဟောင်မှာမူ နောက်ဆုံးသို့ တွန်းပို့ခံလိုက်ရတော့သည်။
"ဝိုး သူတို့ စူပါမားကတ်ထဲကို ဝင်သွားကြပြီ"
ရဲ့ရှင်းချန်၏ဘေးရှိ လင်းစစ်ကျားပင်လျှင် အာရုံစိုက်ကာ ကြည့်ရှုနေလေသည်။ စူပါမားကတ်ကြီးအား တူးဖော်ပြီးစီးချိန်တွင် ရဲ့ရှင်းချန် ပေးထားသော ကင်မရာလေးအား ကျောက်ဟောင်သည် သူ၏ ဦးထုပ်တွင် တပ်ဆင်ထားပြီး ဖြစ်ရာ ရဲ့ရှင်းချန်သည် ကိုယ်တိုင် သွားရောက် ကြည့်ရှုနေရသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။ ကမောက်ကမ ဖြစ်မှုများ အတန်ကြာ ပြီးနောက်တွင်မူ ကြီးမားသော လုယက်ပွဲကြီး စတင်လာတော့သည်။
ကျောက်ဟောင်သည် လီအန်းရန်၏ စကားအား နားထောင်ကာ စူပါမားကတ်ထဲသို့ ဝင်ဝင်ချင်း ကလေးအသုံးအဆောင် ပစ္စည်းများရှိရာ အပိုင်းသို့ တန်းတန်းမတ်မတ် သွားရောက်ခဲ့သည်။ အပြင်ဘက်ရှိ အစားအသောက် နေရာများမှာမူ သူတို့၏ ရူးသွပ်စွာ လုယက်မှုကြောင့် ကုန်စင်သွားခဲ့ပြီ ဖြစ်ကာ ပစ္စည်းများစွာမှာလည်း မြေပြင်ပေါ်သို့ ပြန့်ကျဲ ကျဆင်းကုန်ကြသည်။
ကျောက်ဟောင် ရှိနေသော ဘက်တွင်ကား မည်သူမျှ ရှိမနေကြချေ။ မည်သို့ပင်ဆိုစေ ယခုအချိန်တွင် လူတိုင်းသည် အစားအစာ အတွက်သာ လာခဲ့ကြခြင်း ဖြစ်သည်။ မိခင်နှင့်ကလေး အသုံးအဆောင်များအား မည်သူမှ စိတ်ဝင်စားနေကြလိမ့်မည် မဟုတ်ချေ။ အိမ်တွင် ကလေးရှိသော သူများပင်လျှင် သူတို့၏ကလေးငယ်များမှာ အအေးဒဏ်ကြောင့် အေးခဲ သေဆုံးသွားခဲ့ကြသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
သူ၏ ကျောပိုးအိတ်ထဲတွင် ကလေးနို့မှုန့်များ သေးခံများ အပြင် ဆန်မှုန့်များနှင့် ကလေးကစားစရာများ အများအပြားဖြင့် ပြည့်နှက်သွားခဲ့သည်။ ကျောက်ဟောင်သည် စူပါမားကတ်ထဲသို့ နောက်ဆုံးမှ ဝင်ရောက်လာသူ ဖြစ်သော်လည်း ပထမဆုံး ထွက်ခွာသွားသူ ဖြစ်လာခဲ့သည်။
သူသည် ကျောပိုးအိတ်အား အိမ်သို့ ယူသွားပြီး အကြီးဆုံး ခရီးဆောင် အိတ်ကြီး တစ်လုံးနှင့် လဲလှယ်ချင်နေခဲ့ခြင်း ဖြစ်သည်။ အသင့်စား အစားအစာနယ်မြေရှိ အစားအစာများမှာ ရေခဲ အဖြစ် အေးခဲနေခဲ့သည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ထိုအထဲတွင် ဆားနယ်ထားသော အစားအစာများနှင့် တာရှည်ခံ အစားအစာများစွာ ရှိနေလေသည်။ ဝမ်ဝေမှ သူယူလာသော အိတ်ထဲသို့ အများအပြား ထည့်သွင်းလိုက်တော့သည်။
ကမ္ဘာပျက်ကပ်ကြီး ကျရောက် ပြီးနောက်တွင် သူနှင့် လီချန်တို့မှာ အရိုးလေးမျှသာ ဖြစ်စေကာမူ ဤကဲ့သို့သော အစားအစာမျိုးအား ထပ်မစားခဲ့ရတော့ချေ။ လတ်တလောတွင် စူပါမားကတ်တစ်ခုလုံးမှာ ငြိမ်းချမ်းနေဆဲ ဖြစ်သည်။ အခြား အကြောင်းပြချက်များကြောင့် မဟုတ်ဘဲ သူတို့ ဝင်ရောက်လာခါစ ဖြစ်ကာ လူအများအပြား မရှိသေးသောကြောင့်သာ ဖြစ်ပေသည်။ သူတို့ ခွဲဝေယူငင်ရန် အစားအစာများ လုံလုံလောက်လောက် ကျန်ရှိနေသေးသည်။
အခန်း (၁၀၂) - ပထမဆုံး စတင်လှုပ်ရှားခြင်း
ကျောက်ဟောင်သည် အခေါက်ခေါက်အခါခါ အသွားအပြန် လုပ်နေခဲ့ပြီး ရဲ့ရှင်းချန်သည်လည်း ကျောက်ဟောင် မိသားစု၏ အခြေအနေအား စောင့်ကြည့်နေခဲ့သည်။
ကျောက်ဟောင် အလုပ်များနေချိန်တွင် လီအန်းရန်မှာမူ အိမ်၌ အစားအစာများအား သက်တောင့်သက်သာ စားသောက်ရင်း ကလေး နို့တိုက်နေလေသည်။ ဤမြင်ကွင်းအား ကြည့်ကာ ရဲ့ရှင်းချန် မျက်မှောင်ကြုတ်သွား၏။ လီအန်းရန်သည် ကျောက်ဟောင် ပစ္စည်းများ ချထားချိန်တွင် သူ့အား ဦးနှောက်ဆေးရန် အချိန်ရနေသေးသည်။
"အကိုကျောက် သိပ်တော်တာပဲ"
"အာယား အစ်ကိုကျောက်ရယ် ဟိုရဲ့ရှင်းချန် နောက်ကို ဆက်မလိုက်ပါနဲ့တော့လား သူ့ကိုကြည့်ပါဦး နေ့တိုင်း အစ်ကို့ကို အစားအစာ နည်းနည်းလေးပဲ ပေးတာ ကျွန်မတို့အတွက် စားဖို့တောင် မလောက်ဘူးလေ အခုပဲ နောက်ထပ် အခေါက် နည်းနည်းလောက် ထပ်သွားပြီး ပစ္စည်းတွေ ပိုယူလာခဲ့လိုက်ပါလား ကိုယ့်ဟာကိုယ် နေတာကမှ ပိုပြီး သက်တောင့်သက်သာ ရှိသေးတယ်"
"မင်း ဘာတွေပြောနေတာလဲကွ ညီလေးရဲ့က ငါ့ကို အများကြီး ကူညီပေးခဲ့တာလေ။ဒီလိုစကားမျိုး ငါ ထပ် မကြားချင်ဘူးနော် နောက်နောင်လည်း မပြောရဘူး မင်းဘာသာမင်း ချက်စားနှင့်တော့ ငါ သွားလိုက်ဦးမယ်"
ကျောက်ဟောင်မှာ သူ၏ခေါင်းပေါ်တွင် အသံဖမ်း စနစ်ပါဝင်သော ကင်မရာတစ်လုံး ရှိနေသည်အား လုံးဝ မေ့လျော့နေခဲ့လေပြီ ဖြစ်သည်။ သူသည် လှည့်ထွက်ကာ အိမ်ထဲမှ ထွက်ခွာ သွားတော့သည်။
အခေါက်ရေ အနည်းငယ် သွားပြီးနောက် ကျောက်ဟောင်သည် ကလေး အသုံးအဆောင်ပစ္စည်း အများအပြားအား အိမ်သို့ သယ်ဆောင် လာခဲ့တော့သည်။ လီအန်းရန်သည် အစားအစာ အချို့ ယူလာရန် ပြောမှသာ ကျောက်ဟောင်သည် ကျန်ရစ်နေသော လုယက်ရေးအဖွဲ့နှင့် သွားရောက် ပူးပေါင်းတော့သည်။
အစားအစာ အများစုမှာ နောက်ကျမှ ရောက်လာသူများ၏ လုယက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ အသား ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများ သိပ်မကျန်တော့ချေ။ ပင်လယ်စာများ ထားရှိသည့် နယ်မြေတွင်ကား အေးခဲနေသော ငါးများ အများအပြား ကျန်ရှိနေသေးသည်။
ရေခဲတုံးကြီးများသည် ကြီးမားလွန်းလှသဖြင့် ရေခဲတုံးများအား ခွဲကာ အတွင်းမှငါးများအား ယူရန် သူတို့တွင် အချိန်မရှိဟု ထင်မှတ်နေကြခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သူမျှ စတိုးဆိုင်၏ ဤဘက်ခြမ်းအား ဂရုမစိုက်ကြတော့ပေ။ လီအန်းရန်မှ ငါးစားရသည်အား နှစ်သက်သောကြောင့် ကျောက်ဟောင်သည် ငါးများ အများအပြား ကောက်ယူလာခဲ့တော့သည်။
ရဲ့ရှင်းချန်လည်း စတင်တွေးတောနေမိသည်။ အစိုးရမှ အအေးဒဏ် ခံနိုင်သော အစားအစာများအား မတီထွင်နိုင်မီ အချိန်အထိ ဤလက်ရှိ အစားအစာများသည် စားပြီးပါက ပျောက်ကွယ်သွားမည့် အသစ် ပြန်လည် မရရှိနိုင်သော ထုတ်ကုန်များ ဖြစ်ကြသည်။
အခြားသူများအား အကျိုးခံစားခွင့် ပြုမည့်အစား ၎င်းတို့ အားလုံးကို သူ၏ နေရာလွတ်ထဲတွင် သိမ်းဆည်းထားပြီး နောင်တစ်ချိန်တွင် အခြားသူများအား ပေးရန် ထားလိုက်လျှင် မကောင်းပေဘူးလား ဟု တွေးနေမိခြင်း ဖြစ်သည်။
ရဲ့ရှင်းချန်သည် ထိုအကြောင်းအား သေချာစွာ တွေးတော ကြည့်ပြီးနောက် ရုတ်တရက် အနည်းငယ် နောင်တရသွားမိသည်။ သူသာ စောစောကတည်းးမှ သိခဲ့မည်ဆိုလျှင် နှင်းများ မရပ်ခင် နေရာများစွာသို့ ပြေးလွှားကာ ရိက္ခာများ ပို၍ သိမ်းဆည်းထားခဲ့မည် ဖြစ်သည်။
၎င်းတို့သည် သူ အထင်သေးသော အသုံးမကျသည့် အစားအစာများ ဖြစ်သော်ငြား သူ၏ လက်အောက်ခံများအား ကျွေးမွေးရန် အသုံးပြုနိုင်သည် မဟုတ်ပါလား။
နောက်တစ်နေ့တွင် ဒရုန်းတစ်စီး လွှတ်တင်ကာ မည်သည့် နေရာတွင် လူမရှိသည်အား ရှာဖွေပြီး ထိုနေရာသို့ သွားရန် ရဲ့ရှင်းချန် ဆုံးဖြတ်လိုက်တော့သည်။
ဒရုန်းသည် မြို့တွင်းသို့ ပျံသန်းသွားခဲ့သည်။ ရဲ့ရှင်းချန်သည် ကျောက်ဟောင်နှင့် အခြားသူများကဲ့သို့ ဂေါ်ပြားများအား အသုံးပြုလျှက် နှင်းများကို တစ်စစီ ရှင်းလင်းနေကြသည့် လူများအား နေရာတိုင်းတွင် မြင်တွေ့ခဲ့ရသည်။
မြို့ထဲရှိ စူပါမားကတ်များနှင့် စတိုးဆိုင်များစွာအား လူအများမှ တူးဖော်ခဲ့ကြပြီး ဖြစ်ကာ နှင်းပုံကြီးများမှာလည်း မြို့ထဲတွင် ပုံလျက်သား ဖြစ်နေကြသည်။
မြို့တစ်မြို့တွင် စူပါမားကတ်များနှင့် စတိုးဆိုင်များစွာ ရှိနေခဲ့သည်။ သို့သော် သူတို့သည် ဂိုဒေါင်အား မရှာတွေ့နိုင်ကြသောကြောင့် ဆိုင်ထဲရှိ ရှိသမျှပစ္စည်းများကိုသာ သယ်ယူနိုင်ကြလေသည်။ နောက်ဆုံးတွင် ဆိုင်ထဲရှိ စားပွဲများနှင့် ခုံများကိုပင် ယူဆောင် သွားကြသဖြင့် နံရံလေးဘက်သာ ကျန်ရစ်နေခဲ့တော့သည်။
ကျောက်ဟောင်တို့ တူးဖော်ခဲ့သည့် စူပါမားကတ်မှာလည်း ထိုနည်းလည်းကောင်းပင် ဖြစ်ချေသည်။ စူပါမားကတ်ကြီးအား အလုံးစုံ တူးဖော် ပြီးစီးသွားကြောင်း သိလိုက်ရသောအခါ ရပ်ကွက် တစ်ခုလုံးရှိ လူတိုင်း ထိုနေရာသို့ သွားရောက်ကြ လေတော့သည်။ အစပိုင်းတွင် ကင်းစောင့်ရန် တာဝန်ပေး ခံရသူများပင်လျှင် ဆက်၍ တာဝန် မထမ်းဆောင်ကြတော့ချေ။
ရဲ့ရှင်းချန်သည် အစကတည်းမှ ဤအခြေအနေအား ခန့်မှန်းထားပြီး ဖြစ်သည်။ ရက်အနည်းငယ်ကြာလျှင် သူတို့သည် ကင်းစောင့်ခြင်းအား ရပ်တန့်သွား ရုံသာမက အမှားဟောင်းအား ထပ်မံကျူးလွန်ကာ ရဲ့ရှင်းချန်၏အိမ်ကိုပင် တိုက်ခိုက် လာနိုင်ခြေရှိကြောင်း ခန့်မှန်းရလေသည်။
အခြား ရွေးချယ်စရာလမ်း မရှိပေ။ မည်သို့ပင်ဆိုစေ လူတို့သည် ဗိုက်ဝသွား ပြီးနောက်တွင် အရာရာအား မေ့လျော့ သွားတတ်ကြသည်မှာ လွယ်ကူလှသည် မဟုတ်ပါလား။
ဒရုန်းအား တစ်ပတ်ခန့် လွှတ်တင် အပြီးတွင် သူသည် ရိက္ခာအများအပြား စုဆောင်းခဲ့ဖူးသော ဆင်ခြေဖုံးရပ်ကွက်များ၌ မည်သူမျှ မရှိကြောင်း ရဲ့ရှင်းချန် တွေ့ရှိခဲ့ရသည်။
သေချာစွာ စဉ်းစားကြည့် ပြီးနောက် ၎င်းမှာ ပုံမှန်သာ ဖြစ်ကြောင်း သူ ထင်မြင်မိလေသည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် တောင်ပိုင်း ဒေသတွင် ရှိနေကြပြီး ထိုဒေသတွင် ပုံမှန်အားဖြင့် နှင်းမကျတတ်ချေ။ မည်သည့်မိသားစုတွင်မျှ နှင်းတောထဲတွင် ခရီးသွားနိုင်မည့် ကိရိယာများ မရှိကြချေ။ ရဲ့ရှင်းချန် ကိုယ်တိုင်ပင်လျှင် ခပ်ဝေးဝေးအထိသာ သွားနိုင်သည် မဟုတ်ပါလား။
ထို့အပြင် ထိုနေရာမှာ ဂိုဒေါင်များ ရှိသည့် နယ်မြေ ဖြစ်သည်။ ဝန်ထမ်း အဆောင်ပင်လျှင် အလွန်ဝေးကွာလှပေသည်။ အကယ်၍ သူတို့တွင် အခြား ရွေးချယ်စရာ မရှိပါက ဤမျှ နက်ရှိုင်းသော နှင်းတောထဲတွင် ရိက္ခာ လာရောက် စုဆောင်းရန် အဝေးကြီး လာကြမည်မဟုတ်ချေ။ ရဲ့ရှင်းချန်သည် မိုးသောက်ယံ အစောပိုင်းအချိန်တွင် ထွက်ခွာရန် ထပ်မံ ရွေးချယ်လိုက်သည်။
ထိုနေ့တွင် သူသည် စောစောအိပ်ကာ စောစောထခဲ့သည်။ ပြီးခဲ့သည့် အကြိမ် နှင့်မတူဘဲ ဤတစ်ကြိမ်တွင်မူ သူသည် လင်းစစ်ကျားအား အိမ်တွင် တစ်ယောက်တည်း ထားခဲ့ကာ မိုချီကိုပါ ခေါ်ဆောင်သွားခဲ့သည်။
မိုချီသည် ရဲ့ရှင်းချန် သူ၏နေရာလွတ်ထဲမှ ထုတ်ပေးထားသော ဆောင်းတွင်းဝတ် အင်္ကျီနှင့် ကုတ်အင်္ကျီအား ဝတ်ဆင်ထားသည်။ သူမသည် မီးခိုးရောင် ဆောင်းဝတ်အင်္ကျီအား ဝတ်ဆင်ထားပြီး ရဲ့ရှင်းချန်၏ နှင်းတောမောင်း ဆိုင်ကယ်၏ နောက်ခန်းတွင် ထိုင်နေလေသည်။
ရှောင်ဟေး ပါသော ကျောပိုးအိတ်အား သူမ၏ ပခုံးပေါ်တွင် လွယ်ထားပြီး ခွေးလေးမှာ သူမ၏နောက်ကျောတွင် ကွေးကွေးလေးနေကာ သူမသည် ရဲ့ရှင်းချန်၏ အဝတ်အစားများအား တင်းကျပ်စွာ ဆုပ်ကိုင်ထားလေသည်။
နှစ်နာရီကြာ ဆိုင်ကယ် မောင်းလာစဉ် အတွင်း ရဲ့ရှင်းချန်သည် လူသွား လူလာနည်းသော လမ်းများအား ရွေးချယ်ကာ ကွေ့ပတ် သွားခဲ့လေသည်။ ထို့ကြောင့် ယခင်ကထက် ဆယ်မိနစ်မှ မိနစ်နှစ်ဆယ်ခန့် ပိုကြာ သွားခဲ့သည်။
မိုချီသည် နှင်းတောမောင်း ဆိုင်ကယ်ပေါ်မှ အရင် ဆင်းလိုက်သည်။ ယခု လူတိုင်း အပြင် ထွက်နေကြပြီ ဖြစ်ရာ ရဲ့ရှင်းချန်သည် မိမိကိုယ်ကို ကာကွယ်ရန် အတွက် မိုချီအား ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် အချိန်တိုင်း အပြည့်အဝ နိုးကြားနေနိုင်မည် မဟုတ်ပေ။ ဤအစားအစာများအား ကောက်ယူနေစဉ် တိတ်တဆိတ် ချုံခို တိုက်ခိုက်ခံရပါက အမှန်ပင် ဆုံးရှုံးမှုကြီး ဖြစ်သွားပေမည်။
ရဲ့ရှင်းချန်သည် မိုချီအား ဘေးသို့ ဆွဲခေါ်သွား ပြီးနောက် နေရာလွတ်ထဲမှ မြေတူးစက်ကြီးအား ထုတ်ယူလိုက်ကာ ရှောင်ဟေးအား သယ်ထားရန် မိုချီထံသို့ လွှဲပြောင်း ပေးလိုက်သည်။ ၎င်းနောက် ရဲ့ရှင်းချန်သည် အလုပ် စတင် လုပ်ဆောင်တော့သည်။
မြေတူးစက်သည် လူအင်အားထက် များစွာ ပိုမိုမြန်ဆန်လှသည်။ အချိန်တို အတွင်းမှာပင် စူပါမားကတ် တစ်ခု၏ ခေါင်မိုး ပေါ်ထွက်လာခဲ့သည်။
ရဲ့ရှင်းချန်သည် အခြားသူများကဲ့သို့ အားစိုက် ထုတ်ရန် မလိုအပ်ချေ။ အကယ်၍ သူသာ စူပါမားကတ်တစ်ခုလုံးအား တူးဖော်ချင်ပါက စူပါမားကတ်၏ ခေါင်မိုးကိုသာ တူးဖော်ရန် လိုအပ်သည်။
သူ မြေတူးစက်ပေါ်မှ ဆင်းလာချိန်တွင် မိုချီနှင့် ရှောင်ဟေးတို့သည် အပေါ်မှ စောင့်ကြည့်နေကြဆဲ ဖြစ်သည်။ ရဲ့ရှင်းချန်သည် ခေါင်မိုး အုတ်ကြွပ်အား လက်ဖြင့် ထိလိုက်ပြီး ဆိုင်ထဲရှိ ကုန်ပစ္စည်းများ အားလုံးကို သူ၏ နေရာလွတ်ထဲသို့ ထည့်သွင်း လိုက်တော့သည်။
စနီကာ ချောကလက်ဘား ဆယ်ချောင်းအား စားပြီးနောက် ရဲ့ရှင်းချန်သည် ရှောင်ဟေးအတွက် အသားတစ်တုံးနှင့် မိုချီအတွက် ချောကလက်တစ်တုံး ပစ်ပေးလိုက်သည်။
ဤတစ်ကြိမ်တွင် ရဲ့ရှင်းချန်သည် နှင်းများအား ပြန်မဖို့ခဲ့ချေ။ အနှေးနှင့်အမြန် အခြားလူများ ဤနေရာသို့ ရောက်လာကြမည်ဟု သူတွေးမိသောကြောင့် စူပါမားကတ်ထဲတွင် မည်သည့်အရာမျှ မကျန်တော့သော်လည်း သူတို့အတွက် အဆင်ပြေစေရန် ချန်ထားခဲ့လိုက်ခြင်း ဖြစ်သည်။
သူက နှင်းများကို ပြန်ဖို့ရန် မလိုတော့သဖြင့် အလုပ်များ တွင်ကျယ်မှုမှာ များစွာ ပိုမိုမြင့်မားလာခဲ့သည်။ ရဲ့ရှင်းချန်သည် ရှေးဦးစွာ မြေတူးစက်အား နေရာလွတ်ထဲသို့ ထည့်သွင်းလိုက် ပြီးနောက် နေရာလွတ်ထဲမှ လှေကားတစ်စင်းအား ထုတ်ယူလိုက်သည်။
ရဲ့ရှင်းချန်သည် ခြေလှမ်းနှစ်လှမ်း သုံးလှမ်းခန့်ဖြင့် ရေခဲပြင်ပေါ်သို့ တက်သွားကာ နှင်းတောမောင်း ဆိုင်ကယ်ပေါ်သို့ တက်၍ မိုချီ ရှောင်ဟေးတို့ နှင့်အတူ နောက်ထပ် စူပါမားကတ် တစ်ခုဆီသို့ အပြေးအလွှား သွားရောက်ခဲ့သည်။
တစ်ရက် အတွင်းမှာပင် ရဲ့ရှင်းချန်သည် စူပါမားကတ် ရှစ်ခုကို ရှင်းလင်းခဲ့ပြီး ဂိုဒေါင် ခုနစ်ခု ရှစ်ခုခန့်ကို တူးဖော်နိုင်ခဲ့သည်။ သို့သော်လည်း ထို ဂိုဒေါင်များထဲမှ တစ်ခုတည်းတွင်သာ ပစ္စည်းများ အပြည့်အမောက် ရှိနေခဲ့သည်။ ကံကောင်း ထောက်မစွာဖြင့် ဤဂိုဒေါင်မှာ ချည်မျှင်နှင့် အထည်အလိပ် ထုတ်ကုန်များအတွက် ဖြစ်နေခဲ့သည်။ ထိုနေရာတွင် အထည်အလိပ် မျိုးစုံနှင့် အသင့်ဝတ်အထည်များ အများအပြား ရှိနေလေသည်။
ဗိုက်အပြည့် စနီကာများ စားပြီးနောက် ရဲ့ရှင်းချန်မှာ အလွန်အမင်း ရေဆာလာခဲ့သည်။ စနီကာများသည် သူ၏ ဗိုက်အား ပြည့်စေရန် မလုံလောက်ချေ။ သူ၏စွမ်းရည်သည် သူ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားများကို များစွာ စုပ်ယူ သုံးစွဲလွန်းလှသည်။ ရဲ့ရှင်းချန်မှာ အလွန် ဆာလောင်နေသဖြင့် မူးဝေလာသလိုပင် ခံစားလာရတေ့ာသည်။ ထို့ကြောင့် သူသည် ချက်ချင်းပင် ရပ်တန့်ကာ အိမ်ပြန်ရန် ဆုံးဖြတ်လိုက်တော့သည်။
အပြန်လမ်းတွင် အပြင်သို့ လမ်းလျှောက် ထွက်လာသူ အနည်းငယ် ရှိနေဆဲ ဖြစ်သည်။ ဤလူများမှာ ရိက္ခာများ ယူရန် စူပါမားကတ်သို့ သွားနေကြခြင်း ဖြစ်ကြောင်း ရဲ့ရှင်းချန် သိလိုက်သည်။ သူတို့သည် အင်ဂျင်သံအား ကြားလိုက်ရသောအခါ ရဲ့ရှင်းချန်ရှိရာ အရပ်သို့ ဝိုင်းကြည့်လာကြတော့သည်။
"အဲဒါကြီးက ဘာကြီးလဲ"
"ဒီအသံက အရမ်းရင်းနှီးနေပါလား စောစောက ငါတို့ကြားခဲ့ရတဲ့ အသံပဲလား"
"ဘုရားရေ အဲဒါ ဘာအကောင်ကြီးလဲ ဒီလောက်ထူထပ်တဲ့ နှင်းတွေထဲမှာ သူက ဘယ်လိုလုပ် မောင်းသွားနိုင်ရတာလဲ"
"ငါလည်း အဲဒီဟာကြီးကို တကယ်လိုချင်တာပဲကွာ ငါ့ဆီမှာသာ အဲဒါကြီးရှိရင် ငါ သေချာပေါက်"
အခန်း (၁၀၃) - နှင်းတောမောင်း ဆိုင်ကယ် ငှားရမ်းခြင်း
ရဲ့ရှင်းချန်သည် သူ၏ နောက်ကျောမှ သူစိမ်းများ၏ တီးတိုး ရေရွတ်သံများအား အာရုံမစိုက်ခဲ့ပေ။ သူ အလွန်အမင်း ဆာလောင်နေသောကြောင့် မိုချီအား တင်လျှက် အိမ်သို့ တန်းတန်းမတ်မတ်သာ မောင်းနှင်လာခဲ့သည်။
ယခင်ကကဲ့သို့ပင် လင်းစစ်ကျားသည် စားပွဲပေါ်တွင် ပန်းကန်များ ချထားပြီးနောက် ရဲ့ရှင်းချန်သည် နေရာလွတ်ထဲမှ ဂဏန်းဥတိုဖူး ဝက်နံရိုးချဉ်စပ် ငါးချဉ်စပ် အမဲသားကြော် ဝက်သားဟင်း ကြက်သားမွ မှိုခရင်မ်စွပ်ပြုတ်အိုးကြီး တစ်အိုးနှင့် ခရမ်းချဉ်သီးဆော့စ် စပါဂတီအိုးကြီးတစ်အိုးတို့အား ထုတ်ယူလိုက်သည်။
ဤသည်မှာ မိုချီ ဤနေရာသို့ ရောက်လာပြီး ကတည်းမှ စ၍ ဤမျှ များပြားသော အစားအစာများအား ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများမှာ ပြူးကျယ်သွားခဲ့သည်။ လင်းစစ်ကျား မှလွဲ၍ စားပွဲပေါ်ရှိ ကျန်လူနှစ်ဦးမှာ တစ်ချိန်လုံး အငမ်းမရ စားသောက်နေကြသည်။ မိုချီမှာ အလွန်အမင်း ဗိုက်ဝသွားသဖြင့် ဖြောင့်ဖြောင့်ပင် မတ်တပ်မရပ်နိုင်တော့ချေ။
လာမည့် ရက်အနည်းငယ် အတွင်း အပြင်ထွက်ရန် ရဲ့ရှင်းချန် စီစဉ်မထားတော့ချေ။ အကြောင်းရင်းတစ်ခုမှာ အနီးအနားရှိ စူပါမားကတ်များနှင့် စတိုးဆိုင်များ အများစုအား ပတ်ဝန်းကျင်ရှိ နေထိုင်သူများမှ တူးဖော်ကာ လုယက်သွားကြပြီ ဖြစ်သောကြောင့်တည်း။
ပို၍ ဝေးကွာသော နေရာများ အတွက်လည်း ရဲ့ရှင်းချန်သည် ဆင်ခြေဖုံးရှိ စူပါမားကတ် ဂိုဒေါင်အများစုအား ရှာဖွေပြီးစီးသွားခဲ့ပြီ ဖြစ်သည်။ ဆေးဝါးထောက်ပံ့ရေး ဂိုဒေါင်များမှာ အခြေခံအားဖြင့် အလွတ်များသာ ဖြစ်နေကြသည်။ ရဲ့ရှင်းချန်သည် စက်ရုံများမှ မီးစက်များနှင့် ဘက်ထရီ များစွာအပြင် ရေသိုလှောင်သည့် စည်ပိုင်းကြီးများနှင့် ဆီပေပါများကိုပါ ယူဆောင်သွားခဲ့ပြီးပြီ ဖြစ်သည်။
ရဲ့ရှင်းချန်သည် ရာဘာလှေများနှင့် လေထိုးလှေများအပြင် အသက်ကယ်အင်္ကျီများနှင့် အသက်ကယ် ဘောကွင်းများ အများအပြားကိုပင် စုဆောင်းခဲ့သေးသည်။
သို့ရာတွင် ၎င်းမှာ ပုံမှန်သာဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဤနေရာသည် ကမ်းခြေနှင့် နီးကပ်နေသည် မဟုတ်ပါလား။ အားလပ်ရက်များတွင် လူအများအပြားသည် ရေကူးရန်နှင့် ရေလှိုင်းစီးရန် ကမ်းခြေသို့ သွားရောက်လေ့ ရှိကြသည်။
ဤအရာများသည် အမှန်တကယ်ပင် အသုံးမဝင်ချေ။ ၎င်းတို့ကို အဝေးသို့ ရွှေ့ပြောင်းမည့် အစား ဂိုဒေါင်ထဲသို့ ပစ်ထည့်ထားခြင်းမှာ ပုံမှန် လုပ်ရိုးလုပ်စဉ်သာ ဖြစ်သည်။
ဒုတိယအကြောင်းရင်းမှာ ရဲ့ရှင်းချန်သည် ထိုနေ့က လေထုထဲ မှတစ်ဆင့် ပစ္စည်းများအား အကြိမ်များစွာ ယူဆောင်ခဲ့ရသည်။ သူသည် စနီကာ ချောကလက်ဘား ဒါဇင်ပေါင်းများစွာကိုလည်း စားသုံးခဲ့ရသေးသည်။ စနီကာများအား တစ်ကြိမ်တည်းနှင့် အများအပြား စားသုံးခြင်းသည် သူ့အား ထိခိုက်စေခဲ့သည်။
သို့သော်လည်း သူလုပ်နိုင်သည့်အရာ ဘာမှမရှိခဲ့ပေ။ အလွန်အမင်း အေးခဲသော အပူချိန် အောက်တွင် အခြားအရာများမှာ အချိန်တိုအတွင်း ချက်ချင်း အေးစက်သွားတတ်ပြီး အေးခဲသွားတတ်သည့် အတွက် ဖြစ်သည်။
ထို့ကြောင့် ရဲ့ရှင်းချန်သည် အရသာ မရှိတော့သော အစားအစာများအား ဗိုက်ပြည့်အောင် စားမည့် အစား စနီကာချောကလက်ဘား အနည်းငယ်ကို ပို၍စားသုံးခဲ့ခြင်း ဖြစ်သည်။ ဤသကြားလုံးများသည် အလွန် ချိုလွန်းသော်လည်း သူ၏ စွမ်းအင်များစွာအား အမှန်တကယ် ပြန်လည် ဖြည့်တင်းပေးနိုင်စွမ်း ရှိပေသည်။
အနီးအနားတွင် ကောင်းမွန်သောအရာ မရှိသော်လည်း ရဲ့ရှင်းချန်၏ နေရာလွတ်ထဲတွင်ကား လုံလုံလောက်လောက် ရှိနေလေပြီ ဖြစ်သည်။ နိုင်ငံတစ်နိုင်ငံလုံးအား ထောက်ပံ့ရန် မလုံလောက်သော်ငြား မြို့တစ်မြို့မှ လူများအား ထောက်ပံ့ရန်မှာမူ သေချာပေါက် ပြဿနာ မရှိနိုင်ချေ။
ထို့အပြင် ကမ္ဘာပျက်ကပ်ကြီး ရောက်ရှိလာချိန် ကတည်းမှ စ၍ လူဦးရေ ထက်ဝက်ကျော်မှာ သေဆုံးသွားခဲ့ကြပြီ ဖြစ်သည်။ ရဲ့ရှင်းချန်တွင် နိမိတ်ပြ ခံစားချက်တစ်ခု ရှိနေခဲ့သည်။ မကြာမီ အနာဂတ်တွင် အလွန်အမင်း အေးခဲခြင်းထက် ပို၍ ကြောက်မက်ဖွယ် ကောင်းသော အရာတစ်ခု ဖြစ်ပေါ်လာမည်ဟု သူ ခံစားနေရခြင်း ဖြစ်သည်။
သို့သော် ရဲ့ရှင်းချန်၏ ခန့်မှန်းချက် အကောင်အထည် မပေါ်လာမီ အခြားကိစ္စတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ရပ်ကွက်အနီးရှိ စူပါမားကတ်မှာ ၎င်း၏ ပတ်ဝန်းကျင်ရှိ စတိုးဆိုင်များနှင့်အတူ လူတိုင်း၏ ပြောင်စင်အောင် လုယက်ခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။
ရဲ့ရှင်းချန်က သူ၏ဖုန်းကို ဖွင့်ကြည့်လိုက်ရာ အိမ်ရှင်များ ဂရုချတ် ထဲရှိ လူများသည် အခြားမြို့များရှိ အခြေအနေများ အကြောင်းကို စတင်၍ ဆွေးနွေးနေကြပြီ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ တစ်စုံတစ်ယောက်သည် သူ အခြားတစ်နေရာသို့ သွားချင်ကြောင်း ပြောလာခဲ့သည်။
ဤသည်မှာ မြို့ထဲတွင် လုယက်နိုင်သော အရင်းအမြစ်အများစုအား အခြားသူများက ခွဲဝေယူငင်သွားကြပြီ ဖြစ်သောကြောင့် ဖြစ်သည်။ သို့သော် သူ အပြင်ထွက်မည်ဆိုလျှင် မည်သည့် နေရာသို့ သွားမည်နည်း။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ဇာတိမြို့သို့ ပြန်၍ သွားကြည့်ချင်ကြောင်း ပြောလာခဲ့သည်။
ဂရုချတ်ထဲတွင် ဤသို့ပြောဆိုနေကြသူ အနည်းငယ်အား ရဲ့ရှင်းချန် အထူး အာရုံစိုက်လိုက်လေရာ ထိုသူများ အားလုံးမှာ လူနေအိမ်ရာ ဧရိယာတွင် နေထိုင်ကြသူများ ဖြစ်ကြောင်း သိလိုက်ရတော့သည်။ သူတို့ထဲမှ အများစုမှာ ဒေသခံများ မဟုတ်ကြချေ။ သူတို့ ဤနေရာတွင် နေထိုင်ရသည့် အကြောင်းရင်းမှာ သူတို့အနည်းငယ် စုပေါင်း၍ အိမ်ငှားခအား မျှဝေ ပေးချေနေကြသောကြောင့် ဖြစ်သည်။
"မင်းတို့ ငါ့ဇာတိမြို့ကို မလာကြဘူးလား ငါ့ဇာတိမြို့မှာ လူ သိပ်မများဘူးကွ ဒါကြောင့် အစားအသောက်တွေ တူးဖော်ပြီးလောက်သေးမှာ မဟုတ်ဘူး"
"ငါတို့ စူပါမားကတ်ကိုတောင် ပြောင်စင်သွားအောင် ရှင်းလင်းပြီးပြီလေ ဈေးထဲမှာ အစားအသောက်တွေ ကျန်ဦးမယ်လို့ မင်း ထင်နေတုန်းပဲလား ငါတို့ ဈေးဘက်ကိုတော့ မရောက်ဖူးသေးဘူး ထင်တာပဲ"
"ငါတို့ မင်းဇာတိမြို့ကို သွားကြဦးမလို့လား အဲဒီကို ဘယ်လိုသွားကြမလဲ ငါတို့ဆီမှာ ဘာသယ်ယူပို့ဆောင်ရေးယာဉ်မှ မရှိဘူးလေ အဲဒီကို ရောက်တဲ့အချိန်ဆိုရင် ငါတို့ သေတောင် သေနေလောက်ပြီ"
"ဟူး အာဏာပိုင်တွေက ဘယ်တော့များမှ ဝင်ပါလာကြမှာလဲ ငါ ပစ္စည်း တော်တော်များများကို ပြန် ယူလာနိုင်ခဲ့ပေမဲ့လည်း စိတ်မချမ်းသာ သေးဘူးကွာ"
"ဆင်ခြေဖုံး ရပ်ကွက်ဘက်ကို သွားမကြည့်ကြဘူးလား အဲဒီဘက်မှာ စူပါမားကတ်ကြီး နည်းနည်း ရှိတယ်လို့ ငါ မှတ်မိသေးတယ် ဝေါလ်မတ်နဲ့ ဆမ်ကလပ် စူပါမားကတ်တွေလည်း အဲဒီဘက်မှာ ရှိတယ်မလား"
"အေးလေ ဇာတိမြို့ကို ဘာလို့ ပြန်ရမှာလဲ ငါတို့ ဆင်ခြေဖုံး ရပ်ကွက်ဘက်ကို ဘာလို့ မသွားရမှာလဲ အဲဒီနေရာက သိပ်မဝေးဘူးလို့ ငါ မှတ်မိတယ် ငါ့မိသားစုက စနေ တနင်္ဂနွေတွေဆိုရင် ဈေးဝယ်ထွက်နေကျလေ ကားမောင်းသွားရင် နာရီဝက်လောက်ပဲ ကြာတာ"
"ကားမောင်းရင် နာရီဝက်ဆိုပေမဲ့ အခုချိန်မှာ ငါတို့ အဲဒီကို ဘယ်လိုသွားကြမလဲ"
"အေးလေ ငါတို့ဆီမှာ သယ်ယူ ပို့ဆောင်ရေးယာဉ်မှ မရှိတာ ဘယ်လိုသွားကြမလဲ"
"သယ်ယူ ပို့ဆောင်ရေးလား ညီလေးရဲ့ဆီမှာ တစ်စီးရှိတယ်လို့ ငါ မှတ်မိတယ်နော်"
"ဟုတ်သားပဲ ညီလေးရဲ့ဆီမှာ နှင်းတောမောင်း ဆိုင်ကယ် ရှိတယ်မဟုတ်လား ငါတို့ သူ့ဆီက ငှားလို့ရတာပဲ"
ရဲ့ရှင်းချန်သည် ဂရုချတ်ထဲတွင် ပေါ်လာသော စာများအား ကြည့်ကာ မျက်ခုံးပင့်လိုက်မိသည်။ မျှော်လင့်ထားသည့် အတိုင်း နောက်ဆုံးတွင် ဤလူစုသည် သူ့အပေါ် မျက်စိကျ လာကြပြန်လေပြီ။
မှန်ပေသည်။ သူက ထိုသူတို့၏ ပစ်မှတ်ထားခြင်းအား ခံနေရသည်မှာ ကြာမြင့်လှပြီ ဖြစ်သည်။ ယခု သူတို့ ဗိုက်ဝသွားကြပြီ ဖြစ်ရာ သူ ပေးကမ်းခဲ့သော ကျေးဇူးတရားများအား မေ့လျော့သွားကြခြင်းမှာ ပုံမှန်သာ ဖြစ်သည်။
မည်သို့ပင်ဆိုစေ သူတို့သည် ကျေးဇူးကန်းသော အကောင်များသာ ဖြစ်ကြသည် မဟုတ်ပါလား။ ဂရုချတ်ထဲရှိ လူများက ရဲ့ရှင်းချန်၏ အမည်အား စတင် ဖော်ပြလာကြပြီ ဖြစ်ကာ စာတို အသိပေးသံများသည်လည်း ဆက်တိုက် မြည်ဟည်းနေတော့သည်။
လင်းစစ်ကျားမှ လိမ္မော်သီး တစ်မြွှာအား ခွာကာ ရဲ့ရှင်းချန်အား ခွံ့ကျွေးလိုက်တော့သည်။ သူမသည် သဘာဝကျစွာပင် မှီချလိုက်ပြီး ဖုန်းစခရင်ပေါ်ရှိ စာများအား သူနှင့်အတူ ကြည့်ရှုနေလေသည်။
ကြည့်ရှုနေရင်း လင်းစစ်ကျားမှာ မျက်မှောင်မကြုတ်ဘဲ မနေနိုင်တော့ချေ။ ရဲ့ရှင်းချန်မှ ရယ်မောလိုက်ပြီးနောက် သူမ၏ တွန့်ချိုးနေသော မျက်ခုံးလေးများကို ညင်သာစွာ ဆွဲညှစ်လိုက်သည်။
"ဘာဖြစ်လို့လဲ ညီမရဲ့ မျက်မှောင် ကြုတ်ထားတာက ယင်ကောင်ကိုတောင် ညှစ်သတ်လို့ရနေပြီကွ"
"သူတို့ ဘာတွေလုပ်နေကြတာလဲ မြစ်ကိုကူးပြီး တံတားကို မီးရှို့နေကြတာလား အစ်ကို သူတို့အတွက် ရိက္ခာတွေ ပြန်ယူလာ ပေးခဲ့တာကို သူတို့ မေ့သွားကြပြီလား အခုကျတော့ အစ်ကို့ရဲ့ နှင်းတောမောင်း ဆိုင်ကယ်ကိုတောင် လိုချင်နေကြသေးတယ်"
"ဟုတ်တယ် သူတို့ လိုချင်နေကြတာ ဒါပေမဲ့ ကိုယ်က သူတို့ကို မပေးချင်ဘူးလေ"
ဖုန်းစခရင်ကို ကြည့်လိုက်လေရာ တစ်စုံတစ်ယောက်မှ သူ့ထံသို့ သီးသန့်စာ လာပို့နေပြီဖြစ်ကြောင်း သူ တွေ့လိုက်ရသည်။
"အကိုရဲ့့ ကျွန်တော့်ကို ခင်ဗျားရဲ့ နှင်းတောမောင်း ဆိုင်ကယ်လေး ငှားလို့ရမလားဗျ"
"ညိလေးရဲ့ ကိုယ်က မင်းရဲ့ အစ်ကိုကြီးမိုလေကွာ မင်းရဲ့ နှင်းတောမောင်း ဆိုင်ကယ်လေး ငှားလို့ရမလားဟင်"
"အစ်ကိုရှင်းချန် အစ်ကို့ရဲ့ နှင်းတောမောင်း ဆိုင်ကယ်ကို ငါတို့ရဲ့ ဟူလေးဆီ ငှားလို့ရမလား ငါတို့ အစ်ကို့ဆီကို အကောင်း ပကတိအတိုင်း သေချာပေါက် ပြန်ပေးပါ့မယ်"
ရဲ့ရှင်းချန်က သီးသန့်စာများကို တစ်စောင်ချင်း ဖွင့်ကြည့်ရန် စိတ်မဝင်စားချေ။ သူက အကြမ်းဖျင်းသာ ကြည့်ရှုလိုက်ပြီးနောက် သူနှင့် ရင်းနှီးသောသူ တစ်ယောက်မှ မပါဝင်ကြောင်း တွေ့ရှိရသဖြင့် ဖတ်ပြီးသား အဖြစ်သာ မှတ်သားလိုက်သည်။ ထို့နောက် သူက ဂရုချတ်အား ဖွင့်လိုက်တော့သည်။
"မင်းတို့ ငါ့ကို ရှာနေကြတာလား"
"စာတွေ အရမ်းများလွန်းတယ် @ ခေါ်ထားတာတွေ အများကြီးတွေ့ရပေမဲ့ ငါ ဖတ်ရမှာပျင်းလို့ကွာ"
စာနှစ်စောင် ပို့ပြီးသွားသည်နှင့် မျှော်လင့်ထားသည့် အတိုင်း ထိုအရှက်မရှိသော အိမ်နီးချင်းများမှာ လောက်ကောင်များကဲ့သို့ အုံခဲလာကြတော့သည်။
"ဟုတ်တယ် ဟုတ်တယ် ငါ မင်းကို ရှာနေတာ အကိုရဲ့ ခင်ဗျားရဲ့ နှင်းတောမောင်း ဆိုင်ကယ်လေး ငှားလို့ရမလားဗျ"
"ငါလည်း မင်းကို ရှာနေတာ အစ်ကိုရှင်းချန် အစ်ကို့ရဲ့ နှင်းတောမောင်း ဆိုင်ကယ်လေး ငှားလို့ရမလား"
"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး အစ်ကိုရှင်းချန်ရဲ့ နှင်းတောမောင်း ဆိုင်ကယ်လေး ငါ့ကို ငှားပါနော်"
ရဲ့ရှင်းချန် စာနှစ်ကြောင်း ပို့ပြီးသည်နှင့် အောက်ဘက်တွင် စာအသစ်များစွာ ပေါ်လာခဲ့သည်။ သူသည် ထိုစာများအား ဖတ်ရှုရန် စိတ်အနှောင့်အယှက် မခံတော့ဘဲ ဂရုချတ်ထဲတွင် မေးလိုက်သည်။
"ငါက မင်းတို့ကို ငါ့ရဲ့ နှင်းတောမောင်း ဆိုင်ကယ် ဘာဖြစ်လို့ ငှားရမှာလဲ"
"မင်းတို့က ငါ့ကို ဘာပြန်ပေးနိုင်လို့လဲ ဒါမှမဟုတ် ငါ့နှင်းတောမောင်း ဆိုင်ကယ်ကို အလကား လိုချင်နေကြတာလား"