အခန်း (၁၀၄-၁၀၆)
Vol. 8 Ch. 104-106
အခန်း (၁၀၄) - ပဋိပက္ခ
"ငါ အရင်ကတည်းက ပြောထားပြီးသားလေ ငါ့နောက်ကိုလိုက်ရင် မင်းတို့ကို ငတ်မသေစေရဘူးလို့ ဒါပေမဲ့ မင်းတို့က ရပ်ကွက်ကို ကင်းစောင့်ဖို့ ရပ်တန့်လိုက်ကြတယ် မဟုတ်လား"
"ဒါပေမဲ့ ဘာလို့ တာဝန်မကျတဲ့ လူတချို့က လောဘတကြီးနဲ့ ငါ့ဆီကနေ အစားအစာတွေ လာယူနေကြတာကို ငါ မြင်နေရတာလဲ"
"ဒီညတော့ အလုပ်မလုပ်တဲ့သူတွေ အလကားလာယူဖို့ မစဉ်းစားနဲ့"
ရဲ့ရှင်းချန်သည် ဖုန်းမှအချိန်ကို ကြည့်လိုက်လေသည်။အစားအစာ ဝေငှပေးရမည့်အချိန် ရောက်လုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ ထိုသို့ပြောပြီးနောက် ဂရုချတ်မှာ များစွာ ငြိမ်သက်သွားခဲ့တော့သည်။
ရဲ့ရှင်းချန်က သူ၏ နှင်းတောမောင်း ဆိုင်ကယ်ကို သူတို့အား တကယ် ငှားချင်ပုံ မပေါ်ကြောင်း သူတို့ သိနိုင်ကြသည်။ သို့သော်လည်း သူတို့သည် မလိုလားလျှင်ပင် ထိုနှင်းတောမောင်း ဆိုင်ကယ်အား လိုချင်နေကြဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သယ်ယူပို့ဆောင်ရေး ယာဉ်သာ ရှိပါက သူတို့သည် အလိုရှိသလောက် ဝေးဝေးသွားနိုင်ပြီး အစားအစာများစွာကို သယ်ဆောင်လာနိုင်မည် မဟုတ်ပါလား။
ရဲ့ရှင်းချန်သည် အနည်းငယ် ဖြေရှင်းရခက်ခဲနေခြင်းမျှသာ ဖြစ်သည်။ အချိန်များက လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ အတန်ကြာ ပြီးနောက် လင်းစစ်ကျားမှ ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားခဲ့လေသည်။ ဤတစ်ကြိမ်တွင် ရဲ့ရှင်းချန်သည် ရိက္ခာများ ဝေငှပေးရန် မိုချီအား အောက်ထပ်သို့ ခေါ်ဆောင်သွားခဲ့သည်။
"ခဏနေရင် လူအုပ်ကြီးကို ကြောက်မနေဘူး မဟုတ်လား"
ရဲ့ရှင်းချန်၏အိမ်တွင် ရက်အနည်းငယ်ကြာ နေထိုင်ပြီးနောက် မိုချီမှာ သိသိသာသာကို ပိုမို၍ လန်းဆန်းလာခဲ့သည်။ သူမသည် ပထမဆုံး ရောက်လာစဉ်ကကဲ့သို့ ပိန်ချုံးမနေတော့ချေ။ မတတ်နိုင်ပေ၊ ရဲ့ရှင်းချန်၏အိမ်ရှိ အစားအစာများက အလွန်ကောင်းမွန်လှသည် မဟုတ်ပါလား။
"မကြောက်ပါဘူး သမီး အရင်က စင်ပေါ်မှာတောင် ဖျော်ဖြေဖူးတာပဲကို"
"မကြောက်တာ ကောင်းတယ် ဒါဆို ခဏနေရင် ငါ့ရှေ့ကနေ မတ်တပ် ရပ်နေရမယ်နော် မင်းကို လျှပ်စီး ဘောလုံးတွေ ဘယ်လို လေ့ကျင့်ခိုင်းခဲ့လဲဆိုတာ မှတ်မိတယ်မလား ခဏနေရင် တစ်ခုခုဖြစ်လာရင် ငါခေါ်လိုက်တာနဲ့ ချက်ချင်း တစ်လုံး ပစ်ပေါက်လိုက် ကြားလား"
မိုချီမှ ခေါင်းညိတ်ပြကာ ရဲ့ရှင်းချန်၏ အင်္ကျီအား ဆွဲရင်း မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်ဖြင့် ပြောလိုက်သည်။
"သမီး မှတ်ထားပါ့မယ်"
ရဲ့ရှင်းချန်၏ ခန့်မှန်းချက်က မှန်ကန်နေခဲ့သည်။ ယနေ့ည အစားအစာများ ဝေငှပေးချိန်တွင် လူတစ်ယောက်မှ အမှန်တကယ် ပြေးလာပြီး သူ၏ နှင်းတောမောင်း ဆိုင်ကယ်အား ငှားရမ်းပေးရန် ရဲ့ရှင်းချန်ကို တောင်းပန်လာခဲ့လေတော့သည်။
"ဟုတ်ကဲ့ ဟုတ်ကဲ့ပါ ဒီအစားအစာ နည်းနည်းလေးက ကျွန်တော့် မိသားစုမှာ ရှိတဲ့ လူတွေ အများကြီး စားဖို့ မလုံလောက်လို့ပါ ခင်ဗျားရဲ့ နှင်းတောမောင်း ဆိုင်ကယ်ကိုသာ မငှားပေးဘူးဆိုရင် ကျွန်တော်တို့အားလုံး သေချာပေါက် ငတ်သေကုန်ကြတော့မှာ"
"ကျေးဇူးပြုပြီး ကျေးဇူးပြုပြီး ငှားပေးပါဗျာ ကျွန်တော် တကယ်ကို ငတ်နေလို့ပါ"
ရဲ့ရှင်းချန်မှ လှောင်ပြုံး ပြုံးလိုက်ကာ စကားပြော ဆိုနေသော လူအနည်းငယ်အား ဖြည်းညင်းစွာ အကဲခတ် ကြည့်လိုက်လေသည်။ သူတို့ သုံးယောက်စလုံး အဝတ်အစားသစ်များ ဝတ်ဆင်ထားကြသည်။ ထိုအဝတ်အစားများ မည်သည့်နေရာမှ ရလာသည်ကို လူတိုင်း သိကြသည်။
‘ငတ်သေသေတော့မယ် ဟုတ်လား’
ဟက် သူတို့က စူပါမားကတ်ကနေ ရိက္ခာတွေ လုယူလာခဲ့ကြတာ သိသာနေသည်ပဲ သို့မဟုတ်ပါက သူတို့၏ အဝတ်အစားသစ်များကို မည်သည့်နေရာမှ ရလာမည်နည်း။
"အိုး ကောင်းပြီလေ ငါ မင်းတို့ကို ငှားပေးနိုင်ပါတယ် ဒါပေမဲ့ မင်းတို့ ငါ့ရဲ့ နှင်းတောမောင်း ဆိုင်ကယ်ကို သုံးပြီး သယ်လာတဲ့ ပစ္စည်း အားလုံးကို ငါ့ဆီ အပ်ရမယ်ဆိုရင်ကော ဘယ်လိုလဲ"
ရဲ့ရှင်းချန်က စဉ်းစား ဟန်ဆောင်ကာ စတင်ပြောဆိုလိုက်သည်။
"မဟုတ်သေးပါဘူးလေ အားလုံး ငါ့ကိုပေးရမယ်ဆိုရင် အရမ်းများလွန်းရာ ကျနေမှာပေါ့"
"ဒီလိုလုပ်ရင်ကော ဘယ်လိုလဲ ငါ့နှင်းတောမောင်း ဆိုင်ကယ်ပေါ်မှာ မင်းတို့ သယ်လာသမျှ ပစ္စည်းတွေထဲက ၁၀ ရာခိုင်နှုန်းကို မင်းတို့ယူပြီး ၉၀ ရာခိုင်နှုန်းကို ငါယူမယ်လေ"
ရဲ့ရှင်းချန်မှ ပြုံးလိုက်သော်လည်း ကံမကောင်းစွာဖြင့် သူ၏မျက်နှာကို မာဖလာ အထပ်ထပ်ဖြင့် ဖုံးကွယ် ထားသောကြောင့် သူတို့ မမြင်နိုင်ကြချေ။
"မင်း မင်း ဘာပြောလိုက်တယ်"
"မင်းလုပ်ရပ်က အရမ်းလွန်လွန်းနေပြီ ငါတို့က မင်းရဲ့ နှင်းတောမောင်း ဆိုင်ကယ်ကို ခဏလေးပဲ ငှားတာလေ မင်းကများ ငါတို့ အပင်ပန်းခံ ရှာဖွေလာရတဲ့ အစားအစာတွေကို ဝေစုခွဲယူချင်သေးတယ်ပေါ့"
"ဟုတ်တယ် မင်းမှာ ယူပိုင်ခွင့် ဘာရှိလို့လဲ"
"မင်းက ဘာအကြောင်းပြချက်နဲ့ ဒီလောက်အများကြီး ယူချင်ရတာလဲ အဲဒါက ငါတို့ အပင်ပန်းခံပြီး ပြန်ယူလာရတဲ့ အရာတွေဆိုတာ ရှင်းနေတာပဲ မင်းကိုယ်မင်း ဘာကောင်လို့ ထင်နေတာလဲ"
ရုတ်တရက် မည်သူမျှ မတုံ့ပြန်နိုင်မီမှာပင် ရဲ့ရှင်းချန်သည် သူ၏ခါးမှ ပစ္စတိုတစ်လက်အား ဆွဲထုတ်ကာ ကျည်သွင်း လိုက်သည်။ သူ၏ လှုပ်ရှားမှုများမှာ ရေစီးကြောင်းကဲ့သို့ ချောမွေ့နေခဲ့သည်။ သူတို့ မတုံ့ပြန်နိုင်မီမှာပင် ရဲ့ရှင်းချန်အား ဆဲဆိုနေသူမှာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့လေပြီ။
"အိုး အိုး ငါက ဘယ်သူလဲ ဟုတ်လား ဘာလဲ အချိန်တွေ ဒီလောက် ကြာနေတာတောင် မင်းတို့က မသိကြသေးဘူးလား"
နွေးထွေးနေသော ဦးနှောက် အစအနများမှာ သွေးများနှင့် ရောနှောကာ ဖြည်းညင်းစွာ စီးကျလာခဲ့သည်။ များစွာ စီးမကျလာမီမှာပင် အလွန်အမင်း အေးခဲနေသော အပူချိန်ကြောင့် အေးခဲသွားခဲ့တော့သည်။
"ငါ့မှာ ခွေးတစ်ကောင်ရှိတယ် သူ့ကို အစာ နည်းနည်းလောက် ကျွေးလိုက်ရင်ပဲ ငါ့ကို အမြီးနှံ့ပြနေတော့တာ"
"မင်းတို့ကိုယ်မင်းတို့ ဘာကောင်တွေလို့ ထင်နေကြတာလဲ"
"မင်းတို့က ငါ့အစားအစာတွေကို စားတယ် ငါ့ပစ္စည်းတွေကို သုံးတယ် ငါက မင်းတို့ကို ကာကွယ် ပေးထားတာကို အခုကျတော့ မင်းတို့က ငါ့တံခါးဝမှာ လာဟောင်နေကြတယ်ပေါ့"
ရဲ့ရှင်းချန်သည် ငုံ့ကာ အစားအစာအိတ်အား ကောက်ယူလိုက်ပြီး မိုချီ၏ ရှေ့သို့ ပစ်ချလိုက်သည်။
"ကောင်းပြီလေ ဒီလိုဆိုမှတော့ မစားကြနဲ့တော့။ ဒါတွေကို ခွေးကျွေးလိုက်တာကမှ ပိုအကျိုးရှိဦးမယ်"
ရုတ်တရက် ရဲ့ရှင်းချန်၏ အိမ်ရှေ့တွင် အစားအစာယူရန် တန်းစီ စောင့်ဆိုင်းနေကြသော လူများမှာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။
"မဟုတ်ဘူး မဟုတ်ဘူး ငါက မင်းဆီက နှင်းတောမောင်း ဆိုင်ကယ် တောင်းတာ မဟုတ်ဘူးလေ ဘာလို့ ငါ့ဝေစုပါ ပါသွားရတာလဲ"
"ကျစ် ညီလေးရဲ့ ပြောတဲ့အတိုင်းပဲ လုပ်ကြလေ မင်းတို့က အဲဒီလောက်တောင် မကျေမနပ်ဖြစ်နေရင် လာမယူကြနဲ့တော့ ငါတို့ဆီမှာ ဘာမှတောင် မကျန်တော့ဘူး"
"မင်းတို့ဆီမှာ အစားအစာတွေ ရှိနေသားပဲ အားလုံး မင်းတို့ကြောင့်ပဲ ဘာလို့များ အစ်ကိုရှင်းချန်ကို အကြောင်းမဲ့သက်သက် သွားရန်စရတာလဲ"
"ပြီးပြီ အားလုံးပြီးသွားပြီ အစ်ကိုရှင်းချန် ဒီတစ်ခါတော့ တကယ် ဒေါသထွက်သွားပြီ"
ရဲ့ရှင်းချန်သည် သူတို့အား ဂရုမစိုက်ချေ။ အဘယ်ကြောင့်ဆိုသော် သူတို့မှာ သူ၏အိမ်နှင့် အတန်ငယ် ကွာဝေးသော နေရာတွင် ရှိနေသောကြောင့် ဖြစ်သည်။
ကျောက်ဟောင်သည် ရဲ့ရှင်းချန်၏ စကားများအား နားထောင်ကာ ရဲ့ရှင်းချန် အစားအစာများ ခွဲဝေပေးချိန်တွင် စည်းကမ်း ထိန်းသိမ်း ပေးရန် သူ၏ သူငယ်ချင်းကောင်း အနည်းငယ်ကို ခေါ်ဆောင်လာခဲ့သည်။
ရဲ့ရှင်းချန်မှ ခေါင်းလှည့် ကြည့်လိုက်ကာ သူတို့အား တစ်ချက်ကြည့်လိုက် ပြီးနောက် သူတို့အား ကျော်ဖြတ်၍ တံခါးဆီသို့ တန်းတန်းမတ်မတ် လျှောက်သွားလိုက်တော့သည်။ မိုချီသည်လည်း အစားအစာအိတ်ကြီးအား ဆွဲကာ ရဲ့ရှင်းချန်၏ နောက်သို့ လိုက်သွားတော့သည်။
တံခါး ပွင့်သွားသည်နှင့် တစ်ပြိုင်နက် အိမ်တွင်းမှ အပူငွေ့များ ထွက်ပေါ်လာခဲ့သည်။ မိုချီသည် နောက်မှလိုက်ကာ ပစ္စည်းအိတ်ကြီးအား ဆွဲသွင်းသွားပြီး ချက်ချင်းပင် တံခါးအား ပိတ်လိုက်တော့သည်။
လေပူများ ပန်းထွက်လာ ပြီးနောက် အနီးကပ်ဆုံး ရပ်နေသော ကျောက်ဟောင်နှင့် အခြားသူများမှာ နွေးထွေးမှုအား အနည်းငယ် ခံစားလိုက်ကြရသည်။ ရဲ့ရှင်းချန် အထဲဝင်၍ အဝတ်အစားများ လဲပြီးနောက် ကျောက်ဟောင်ထံသို့ စာတစ်စောင် ထပ်ပို့လိုက်သည်။
"အစ်ကိုကျောက် သူတို့ ထွက်သွားရင် ကျွန်တော့်ကို အသိပေးပါ"
အပြင်ဘက်ရှိ လူများသည် ရဲ့ရှင်းချန် အမှန်တကယ် လှည့်ထွက်ကာ အိမ်ထဲသို့ ပြန်ဝင်သွားပြီး သူတို့အား လျစ်လျူရှုထားသည်ကို မြင်သောအခါ အားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြတော့သည်။ ပထမဆုံး အစားအစာ ရရှိသူ အနည်းငယ်မှာ ရဲ့ရှင်းချန်ထံမှ နှင်းတောမောင်း ဆိုင်ကယ် ငှားရမ်းရန် တောင်းဆိုခဲ့သူများ ဖြစ်ကြသည်။
သူတို့သည် ယခုလေးတင် ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုခဲ့သူများပင် ဖြစ်ချေသည်။ ရုတ်တရက် အပြင်ဘက်ရှိ လူများမှာ ထပ်မံ၍ စတင် ရန်ဖြစ်ကြပြန် လေတော့သည်။
မည်သို့ပင်ဆိုစေ လူအများအပြားမှာ ရိက္ခာများ ပြန်လည်လုယူရန် စူပါမားကတ်သို့ သွားရောက်ခဲ့ကြပြီး ဖြစ်သော်လည်း ရိက္ခာမရရှိခဲ့သူများ သို့မဟုတ် အနည်းငယ်သာ ရရှိခဲ့သူ အနည်းငယ် ရှိနေဆဲ ဖြစ်သည်။
အစပိုင်းကတည်းမှ အပြင်မထွက်ရဲဘဲ ဘေးမှ ရပ်ကြည့်နေသူများမှာမူ တစ်လုတ်မျှပင် မစားရချေ။ ပစ္စည်းများမှာ အစကတည်းမှ သွားရောက်ခဲ့သူများ၏ လုယက်ခြင်းအား ခံလိုက်ရသည်မှာ ကြာမြင့်နေပြီ ဖြစ်သည်။
ရုတ်တရက် ရိက္ခာမရရှိခဲ့သူများသည် ရဲ့ရှင်းချန်အား ဒေါသ ထွက်စေခဲ့သော လူအနည်းငယ်ကို မြေပြင်ပေါ်သို့ တွန်းချလိုက်ကြတော့သည်။ လူအများအပြားမှ သူတို့အား ဝိုင်းရံကာ သူတို့ ယခုလေးတင် ရရှိထားသော ဘီစကွတ်အိတ်ငယ်များ သို့မဟုတ် ထုပ်ပိုးထားသော ပေါင်မုန့်တုံးငယ်များကို တိုက်ရိုက် လုယူကြတော့သည်။
"အဲဒါတွေ ငါ့ကိုပေး"
သူတို့၏နောက်တွင် ရှိနေသူများမှာလည်း အနည်းနှင့်အများ ဒေါသထွက်နေကြသည်။ တစ်ယောက်ပြီး တစ်ယောက် ထိုသူများအား ကန်ကျောက် ကြလေတော့သည်။
"အားလုံး မင်းတို့အပြစ်တွေချည်းပဲ ငါတို့ ဘာဆက်လုပ်ကြမလဲ"
"ဒါတွေ အားလုံးက မင်းတို့အပြစ်တွေပဲ မြန်မြန်လုပ်ပြီး အစ်ကိုရှင်းချန်ကို တောင်းပန်လိုက်ကြစမ်း"
"ငါက မင်းတို့ကို အကြွေးတင်နေလို့လား မင်းတို့က ဘာလို့ ဒီလောက်တောင် လောဘကြီး နေရတာလဲ အစ်ကိုရှင်းချန်က ငါတို့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံခဲ့တာ မလုံလောက်သေးဘူးလား မင်းတို့ကများ အစ်ကိုရှင်းချန်ရဲ့ နှင်းတောမောင်း ဆိုင်ကယ်ကိုတောင် ခိုးချင်နေကြသေးတယ်ပေါ့"
မည်သူမျှ မမိုက်မဲကြချေ။ ဤ "ငှားရမ်းခြင်း" ဆိုသည်မှာ ပြန်မရနိုင်သည့် ငှားရမ်းခြင်း ဖြစ်ကြောင်း သူတို့ သေချာပေါက် သိကြသည်။ ဤအခိုက်အတန့်တွင် ထိုသူများမှာ အမှန်ပင် အရှက်မရှိကြောင်း သူတို့ ခံစားနေကြရပြီး ရဲ့ရှင်းချန် မှ တစ်စုံတစ်ရာ အမှားလုပ်ခဲ့သည်ဟု သူတို့ မခံစားရချေ။
အခန်း (၁၀၅) - ထူးဆန်းသော လူများ
ရဲ့ရှင်းချန် အိမ်ပြန် ရောက်သည်နှင့် ညစာစားရန် မိုချီအား အပေါ်ထပ်သို့ ချက်ချင်း ဆွဲခေါ်သွားခဲ့သည်။ ဤတစ်ကြိမ်တွင် မိုချီမှာ အသုံးမဝင်ခဲ့သော်လည်း ရဲ့ရှင်းချန်သည် ကိုယ်ရံတော် တစ်ယောက် ငှားရမ်းထားသကဲ့သို့ ခံစားရပြီး များစွာ ပိုမိုစိတ်အေးသွားခဲ့သည်။
ဤအချိန်တွင် စူပါပါဝါ စွမ်းရည်များသည် သေနတ်များထက် လူတို့အား လုံခြုံမှုခံစားချက်ကို ပို၍ ပေးစွမ်းနိုင်လေသည်။ ဤစွမ်းရည်မျိုး သူ့ထံတွင် မရှိသည်ကတော့ နှမြောစရာပင် ဖြစ်သည်။
ထမင်းစားနေစဉ် အတွင်း ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့သည် ဒေါင်းလုဒ် လုပ်ထားသော တီဗီဇာတ်လမ်းတွဲများအား ကြည့်ရှုရင်း အိမ်ထဲတွင် လျှပ်စီး ဘောလုံးလေးများ ပြုလုပ်နေသော မိုချီအားလည်း စောင့်ကြည့် နေခဲ့ကြသည်။ ထိုနေ့မှာ ငြိမ်းချမ်းစွာပင် ကုန်ဆုံးသွားခဲ့သည်။
ရဲ့ရှင်းချန်သည် သူတို့ကို အစားအစာဝေငှခြင်းကို တကယ်ပင် ရပ်တန့်လိုက်လေသည်။ နိုးလာပြီးနောက် ရဲ့ရှင်းချန်သည် မျက်နှာသစ်ကာ မိုချီအတွက် တံခါး ဖွင့်ပေးရန် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ထို့နောက် သူမအား နံနက်စာစားရန် ခြောက်လွှာသို့ ခေါ်ဆောင်သွားခဲ့သည်။
လင်းစစ်ကျား အပျော်သဘော ဖုတ်နေသော ပန်ကိတ်များကို စားနေစဉ်အတွင်း ဂရုချတ်ထဲရှိ စာများကို သူ ဖတ်ရှုနေခဲ့သည်။ အစပိုင်းတွင် ထိုသူများ အတွက် သူတို့က တောင်းပန်ကြသော်လည်း နောက်ဆုံးတွင်တော့ ရဲ့ရှင်းချန်အား ခြိမ်းခြောက် လာကြတော့သည်။
ရဲ့ရှင်းချန်မှ သူတို့ကို အစားအစာပေးမည်ဟု ကတိပေးခဲ့သော်လည်း ယခုမူ ကတိဖျက်သွားကြောင်း သူတို့ ပြောဆိုနေကြသည်။ ရဲ့ရှင်းချန်မှာ ကတိမတည်သည့် လူယုတ်မာ တစ်ယောက်သာ ဖြစ်ကြောင်း သူတို့မှ ပြောဆိုလာကြသည်။
ဂရုချတ်ထဲတွင် ရဲ့ရှင်းချန်အား မန်းရှင်း ခေါ်ကာ သူသည် တစ်ကိုယ် ကောင်းဆန်ကြောင်း ယခင်တွင် သူတို့ မည်မျှ ကူညီခဲ့သည်ကို ဂရုမစိုက်ကြောင်း ဆဲဆိုနေသူများပင် ရှိလာခဲ့သည်။ ရဲ့ရှင်းချန်က ၎င်းမှာ ရယ်စရာကောင်းလှသည်ဟု ထင်မြင်မိသည်။
"အိုး မင်းတို့က ငါ့ကို ကူညီခဲ့တယ် ဟုတ်လား"
သူသည် မျက်ခုံးပင့်လိုက်ပြီး ဖုန်းအား ယူကာ စာစတင် ရိုက်လိုက်သည်။
"ငါ မှတ်မိသလောက်ဆိုရင် အစကတည်းက ငါ ပြောခဲ့ပြီးသားပါ မင်းတို့ထဲက တစ်ယောက်ယောက်က ငါ့ရဲ့ အစီအစဉ်တွေ ဒါမှမဟုတ် ငါ့ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်ဘူးဆိုရင် ချက်ချင်း ထွက်သွားလို့ရတယ်လို့လေ"
"ဒါပေမဲ့ မင်းတို့အားလုံး နေခဲ့ကြတယ် မဟုတ်လား ငါ့ပစ္စည်းတွေကို ယူတုန်းကတော့ မင်းတို့ တော်တော်လေး ပျော်နေကြတာ ငါမြင်ခဲ့ပါတယ်"
"ဘာလဲ အခုကျတော့ မင်းတို့ စိုးရိမ်နေကြပြီလား ငါ့ကို ကျောခိုင်းတော့မလို့လား"
"ကင်းစောင့်ပေးရတာက ငါ့ကို ကျေးဇူးဆပ်နေတယ်လို့ မပြောနဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းတွေက မင်းတို့ ကင်းစောင့် မစောင့်ဆိုတာ ငါမသိဘူးလို့ ထင်နေလား"
"မင်းတို့ အစားအစာ လာယူတုန်းက ငါ မင်းတို့ကို တစ်ယောက်ချင်းစီတောင် မဖော်ထုတ်ခဲ့ဘူး အခုကျတော့ မင်းတို့က ငါ့ကို မှားတယ်လို့ ပြောနေတာလား"
"အိုး ဟုတ်သားပဲ ပြီးတော့ ငါက ရပ်ကွက်ရဲ့ အနက်ရှိုင်းဆုံး အပိုင်းမှာ နေတာလေ တစ်ယောက်ယောက်များ အတင်း ဝင်လာမယ်ဆိုရင် မင်းတို့ ငါ့ရှေ့မှာတင် သေချာပေါက် သေသွားလိမ့်မယ်လို့ ငါ ထင်တယ်"
"ဟူး မင်းတို့ အားလုံးက ငါ့ကို ဒီလောက်တောင် မုန်းနေကြမှတော့ အတော်ပဲပေါ့ ငါတို့ လမ်းခွဲလိုက်ကြတာပေါ့ နောင်ကျရင် ငါ မင်းတို့ကို ကာကွယ်ပေးမယ်လို့ မတွေးနဲ့"
ရဲ့ရှင်းချန် စာရေးပြီးနောက် သူ၏ လက်ချောင်းဖြင့် နှိပ်ကာ ဂရုချတ်ထဲမှ ထွက်လိုက်တော့သည်။ ဂရုချတ်ထဲမှ ထွက်ပြီးနောက် ရဲ့ရှင်းချန်သည် ဆန်ပြုတ် အနည်းငယ် ထပ်သောက်နိုင်သွားခဲ့သည်။
ရဲ့ရှင်းချန် ဂရုချတ်ထဲမှ ထွက်သွားသည်အား မြင်သောအခါ ဂရုချတ်ထဲရှိ လူများမှာ ထပ်မံ၍ စိုးရိမ်ပူပန်လာကြပြီး ရဲ့ရှင်းချန်ထံသို့ သီးသန့်စာ လာပို့ကြလေတော့သည်။ ရဲ့ရှင်းချန်သည် လက်အား ဆန့်ကာ ဖုန်းကို စားပွဲပေါ်တွင် တင်ထားလိုက်ပြီး ဂရုမစိုက်တော့ချေ။
ရဲ့ရှင်းချန်မှ မတုံ့ပြန်သည်အား မြင်သောအခါ သူတို့တွင် အခြား ရွေးချယ်စရာမရှိဘဲ အကူအညီ တောင်းရန် အတွက် ကျောက်ဟောင်ထံသို့ ပြေးသွားကြရတော့သည်။ သူတို့အားလုံး ကျောက်ဟောင်အား ရဲ့ရှင်းချန်နှင့် ရှေ့ထွက်ကာ စကားပြောပေးရန် တောင်းပန်ကြကုန်သည်။
ကျောက်ဟောင်မှ ပြန်လည် ဖြေကြားခဲ့ပြီး ရဲ့ရှင်းချန်ထံသို့ စာတစ်စောင် ပေးပို့လိုက်လေသည်။ သို့သော်လည်း ကျောက်ဟောင်၏ စာမှာ ရဲ့ရှင်းချန်ကို ဖျောင်းဖျရန် အတွက် မဟုတ်ပေ။
"ညီလေးရဲ့ မင်းလုပ်တာ အရမ်းကောင်းတယ် ဒီလူတွေကို အဲဒီလောက် ကောင်းကောင်း ဆက်ဆံစရာ မလိုပါဘူးကွာ စိတ်မပျော့နဲ့နော် သူတို့အမှား သူတို့သိလာတဲ့အထိ စောင့်ပြီးမှ တခြားကိစ္စတွေကို စဉ်းစား"
ရဲ့ရှင်းချန်သည် သူ၏ နံနက်စာအား သက်တောင့်သက်သာ စားသုံးပြီးနောက် သူ့ထံသို့ သီးသန့်စာ ပေးပို့လာသော အရှက်မရှိသည့် လူများအား ဖြည်းညင်းစွာ စတင် ကြည့်ရှုတော့သည်။ စာများကို ကြည့်ရှုနေရင်း ရုတ်တရက် ကျောက်ဟောင်၏ စာအား မြင်လိုက်ရသောအခါ သူ အတော်လေး နေလို့ထိုင်လို့ ကောင်းသွားလေသည်။
ကံကောင်းစွာဖြင့် ကျောက်ဟောင်မှာ အသိတရား ရှိပြီး သူ့အပေါ် အထူးဂရုစိုက်ပေးမှုများမှာ အလဟဿ မဖြစ်ခဲ့ချေ။ ရဲ့ရှင်းချန်သည် တစ်ပတ်တိတိ အပြင်သို့ လုံးဝမထွက်ခဲ့ပေ။ ထို့ကြောင့် သဘာဝကျစွာပင် သူတို့၏ဘဝများကိုလည်း သူ ဂရုမစိုက်ခဲ့ချေ။
ထူးဆန်းသည်မှာ သူတို့သည် ရဲ့ရှင်းချန်ထံသို့ တိတ်တဆိတ် လာရောက်ကာ တောင်းပန်ကြသည် ဖြစ်စေ ဂရုချတ်ထဲတွင် ဆဲဆိုကြသည် ဖြစ်စေ ရပ်ကွက်ထဲတွင် ကင်းစောင့်သူ မရှိတော့ချေ။ သို့သော် တဖြည်းဖြည်းနှင့် သူတို့သည် ရပ်ကွက်အား စတင်စောင့်ကြပ်လာကြသည်။
ရဲ့ရှင်းချန်မှာ ဇဝေဇဝါ ဖြစ်သွားခဲ့ရသည်။ ဤတစ်ကိုယ် ကောင်းဆန်သော လူစုသည် မည်သို့လုပ်၍ ဤမျှလောက် ကိုယ်ပိုင် အသိတရား ရှိနေရသနည်း။
ကျောက်ဟောင်အား မေးကြည့်သောအခါ ဤလူများသည် ရဲ့ရှင်းချန်၏ စိတ်အား ပြောင်းလဲစေရန် ပို၍ ဟန်ဆောင် ပြချင်နေကြကြောင်း ရဲ့ရှင်းချန် သိလိုက်ရတော့သည်။ သေချာသည်မှာ သူတို့သည် ကျောက်ဟောင် ထံသို့လည်း လာရောက် စကားပြောဆိုကာ သူတို့၏ တောင်းပန်စကားများအား ပြောကြားပေးရန် တောင်းဆိုခဲ့ကြသည်။
မကြာသေးမီက ပြင်ပမှ ကျူးကျော် ဝင်ရောက်မှု တစ်စုံတစ်ရာ မရှိခဲ့ပေ။ ရဲ့ရှင်းချန်သည် စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား ကြည့်ရှုနေရင်း ပျင်းရိလာသဖြင့် ပိတ်လိုက်လေသည်။ ထို့နောက် ရုပ်ရှင် အသစ် တစ်ကားကို ဖွင့်ကာ ကြည့်ရှုနေလိုက်တော့သည်။
သူတို့ထဲမှ အများစုမှာ သေဆုံး သွားလောက်ပြီ ဖြစ်သည်။ အသက်ရှင် နေသေးသူများမှာ စူပါမားကတ်မှ ပစ္စည်းအများအပြား ရရှိခဲ့ကြလောက်မည် ဖြစ်သည်။ အနည်းဆုံး အတန်ကြာ အသက်ရှင်ရန် လုံလောက်ပေမည်။
တစ်ပတ်အကြာတွင် ရဲ့ရှင်းချန်သည် ထုံးစံအတိုင်း စောင့်ကြည့် ကင်မရာ မှတ်တမ်းများအား ဖွင့်ကြည့်လိုက်လေသည်။ စောင့်ကြည့် ကင်မရာတွင် အထူးတလည် စိတ်ဝင်စားစရာ ကောင်းသည့်အရာများ ရှိမနေသော်လည်း အိမ်တွင် အမျိုးသမီး နှစ်ဦး ရှိနေခြင်းကပင် သူ့ကို ပျော်ရွှင်မှု ပေးစွမ်းနိုင်ရန် လုံလောက်နေပြီ ဖြစ်ရာ ရဲ့ရှင်းချန်သည် ထမင်းမစားမီတိုင်း စောင့်ကြည့်ကင်မရာအား အကျင့်ပါနေသကဲ့သို့ ကြည့်ရှုလေ့ရှိသည်။
သို့သော် ယနေ့တွင်ကား ရင်းနှီးမှုမရှိသော မျက်နှာတစ်ခု ပေါ်လာခဲ့သည် ရဲ့ရှင်းချန်မှ အကျင့်ပါနေသကဲ့သို့ စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား ပိတ်လိုက်တော့မည် ပြုစဉ် ရုတ်တရက် သူ၏ ဦးနှောက်မှ တုံ့ပြန်သွားပြီး စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား အမြန်ဆွဲဖွင့်လိုက်သည်။ မျက်နှာပြင်ကြီးပေါ်တွင် လူခုနစ်ယောက် ရှစ်ယောက်ခန့်သည် ကျင်းဟွာ ရပ်ကွက်၏ ဝင်ပေါက်ဆီသို့ ထူးဆန်းစွာ လျှောက်လာနေကြသည်။
သူတို့သည် ထူးဆန်းစွာ လျှောက်လှမ်းနေ ရုံသာမက သူတို့၏ လှုပ်ရှားမှုများမှာလည်း အလွန်ပင် ထူးဆန်းနေခဲ့သည်။ အဘယ်ကြောင့်နည်း။
အဘယ်ကြောင့်ဆိုသော် ဤလူများမှာ ရင်းနှီးမှု မရှိရုံသာမက မျက်နှာပေါ်တွင် မည်သည့်အရာမျှ ဝတ်ဆင်ထားခြင်း မရှိသောကြောင့်ပင်တည်း။ ဤမျှအေးခဲသော အပူချိန်တွင် မည်သည့် အကာအကွယ်မျှ မပါဘဲ လေထုနှင့် ထိတွေ့နေသော အသားအရေမှာ မကြာမီ နှင်းကိုက်ခံရပြီး ပုပ်သိုးသွားနိုင်ကြောင်း သိထားရမည် ဖြစ်သည်။
ထို့အပြင် ရဲ့ရှင်းချန်သည် မျက်လုံးများအား ကျဉ်းမြောင်းလိုက်ကာ စခရင်ပေါ်ရှိ လူအနည်းငယ်အား သေချာစွာ အကဲခတ်ကြည့်လိုက်မိသည်။
သူတို့၏ မျက်နှာပေါ်ရှိ အမူအရာများမှာလည်း အလွန် ထူးဆန်းလှပေသည်။ သူတို့သည် ပြုံးဖြီးဖြီး လုပ်နေကြသည့် ဟန် ပေါ်သည်။ နှင်းကျခြင်း ရပ်တန့်သွားသော်လည်း ကောင်းကင်ယံမှ လေပြင်းများမှာ အနည်းငယ်မျှ လျော့ပါးသွားခြင်း မရှိသေးချေ။
စောင့်ကြည့်ကင်မရာ စခရင်အား ချဲ့ကာ ရဲ့ရှင်းချန်သည် စခရင်ပေါ်သို့ ပုံဖော် လိုက်သည်။ ရဲ့ရှင်းချန်၏ ဘေးတွင် ထိုင်နေသော လင်းစစ်ကျားသည် စခရင်အား စိုက်ကြည့်ရင်း ပို၍ပို၍ မျက်မှောင် ကြုတ်လာလေသည်။
"ဘာဖြစ်လို့လဲ ဘာလို့ မျက်မှောင်ကြုတ်နေပြန်တာလဲ"
ရဲ့ရှင်းချန်မှ လက်လှမ်းကာ လင်းစစ်ကျားအား သူ၏ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်လေသည်။ ဤလူများမှာ သူတို့၏ဦးနှောက်များ အေးခဲသွားခြင်း ဖြစ်နိုင်သည် သို့မဟုတ် သူတို့တွင် စားစရာ ဘာမှမရှိတော့ခြင်း ဖြစ်နိုင်သည်ဟု သူ တွေးလိုက်မိခြင်း ဖြစ်သည်။ သူတို့မှာ ရူးသွပ်နေကြပြီ ဖြစ်ကာ အအေးဒဏ်ကြောင့် သေဆုံးသွားမည်ကိုပင် ဂရုမစိုက်ကြတော့ချေ။
"သူတို့က ပုံမှန်မဟုတ်ဘူး"
"သူတို့က ပုံမှန်မဟုတ်တာ သေချာတယ် ဒီလိုရာသီဥတုမျိုးမှာ လူတစ်ယောက်က မာဖလာ ဒါမှမဟုတ် နှာခေါင်းစည်း မတပ်ဘဲ ဘယ်လိုလုပ်နေနိုင်မှာလဲ"
ရဲ့ရှင်းချန်မှ အခြားသော မည်သည့်အရာကိုမျှ မတွေးတောတော့ချေ။ ကျင်းဟွာ ရပ်ကွက်၏ ဝင်ပေါက်တွင် ကင်းစောင့်နေသူများသည် သူစိမ်းများ လာနေသည်အား မြင်သောအခါ သူတို့၏ လက်နက်များအား မြှောက်လျှက် သူတို့အား မောင်းထုတ်ချင် နေကြသည်။
"ထွက်သွားစမ်း မင်းတို့ ဘယ်ကလာတာလဲ ငါတို့ရပ်ကွက်က အပြင်လူတွေ ဝင်ခွင့်မပြုဘူးကွ"
ထိုလူများ၏ လက်ထဲတွင် မည်သည့်လက်နက်မျှ ရှိမနေချေ။
"မဟုတ်ဘူး သူတို့က ရောဂါ တစ်မျိုးမျိုး ခံစားနေရတယ်လို့ ညီမ ခံစားရတယ် ကျောင်းတက်တုန်းက ဒီရောဂါမျိုး တွေ့ဖူးတယ်လို့ ညီမ မှတ်မိတယ် အခု သူတို့လိုပဲ အတူတူပဲ"
"သူတို့ ဘာရောဂါဖြစ်ဖြစ် ဘယ်သူက ဂရုစိုက်မှာလဲ သူတို့ပုံစံက အကြာကြီး အသက်ရှင်နိုင်မယ့်ပုံ မပေါ်ပါဘူး"
အခန်း (၁၀၆) - ဗီဇပြောင်းလဲခြင်း
"ဒါက ဘယ်လိုရောဂါမျိုးလဲဆိုတာ ညီမ သေချာ စဉ်းစားကြည့်ရဦးမယ်"
"ဒီလိုရောဂါမျိုးက သိပ်မတွေ့ရတတ်တော့ အဲဒီတုန်းက ပါမောက္ခက ဇာတ်လမ်းလေး တစ်ပုဒ်ပဲ ပြောပြခဲ့ဖူးတာ"
လင်းစစ်ကျားမှ မျက်မှောင်ကြုတ်ကာ မီးဖိုချောင်ထဲသို့ ဝင်သွားခဲ့သည်။ မသိလိုက် မသိဘာသာဖြင့် ညစာစားချိန် ရောက်ရှိ လာပြန်လေသည်။ ယနေ့ညတွင် ရဲ့ရှင်းချန်သည် အမဲသားဟင်း အနှစ်ပျစ်ပျစ် စားချင်နေခဲ့သည် ထူးခြားသော အရာတစ်ခု ဖြစ်ပျက်နေသဖြင့် ရဲ့ရှင်းချန်သည် ကင်မရာအား မပိတ်ခဲ့ချေ။
အပြင်ဘက်တွင် မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။ လမ်းမီးများ မရှိသဖြင့် အပြင်ဘက်တွင် မြင်နိုင်စွမ်းမှာ မမြင့်မားချေ။ လူတိုင်းသည် အလင်းရောင် ရရှိရန် ဖုန်းများမှ လက်နှိပ်ဓာတ်မီးများကိုသာ အားကိုးနေကြရခြင်း ဖြစ်သည်။
ကင်းစောင့်၏ သံမဏိတုတ်မှာ တံခါးဝတွင် ရပ်နေသော ဧည့်သည်များအား ထိုးမိနေပြီ ဖြစ်သည်။ ထူးဆန်းသည်မှာ သူတို့သည် လုံးဝ လှုပ်ရှားခြင်း မရှိကြပေ။
"ဟေး မင်းတို့ ငါပြောတာ မကြားဘူးလား ငါတို့ရပ်ကွက်က သူစိမ်းတွေကို ကြိုဆိုမနေဘူးကွ"
ယနေ့တွင် ချန်းကျုံ တာဝန်ကျနေခြင်း ဖြစ်သည်။ သူသည် မူလတွင် ဒေါသကြီးသော သူဌေးသား ဒုတိယ မျိုးဆက် တစ်ဦး ဖြစ်ပေသည်။ သူ့အသက်အား ရှင်သန်စေနိုင်သော အစားအစာ အနည်းငယ် အတွက်သာ ရဲ့ရှင်းချန်၏ ရှေ့တွင် အနည်းငယ် ထိန်းသိမ်းနေခဲ့ခြင်း ဖြစ်သည်။
သူ ရိက္ခာမရရှိသည်မှာ ရက်အနည်းငယ် ကြာပြီ ဖြစ်ရာ သူသည် မကျေမနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ပြီ ဖြစ်သည်။ ရဲ့ရှင်းချန်အား စိတ်အနှောင့်အယှက် ဖြစ်စေခဲ့သော ထိုလူမိုက်များအား သူ မုန်းတီးနေမိသည်။
"မင်းတို့ နားပင်းနေတာလား ငါ့ကို ပြန်ဖြေလေ"
အခြားသူများမှာ ချန်းကျုံ၏ ဒေါသအား အသားကျနေပြီ ဖြစ်သောကြောင့် သူ့အား ဂရုမစိုက်နိုင်ကြချေ။ မည်သို့ပင်ဖြစ်စေ သူတို့သည် သူနှင့် သိပ်မရင်းနှီးကြချေ။
ချန်းကျုံသည် တုံ့ပြန်မှု မရရှိသဖြင့် သံတုတ်အား အသုံးပြုကာ ဧည့်သည် တစ်ယောက်ကို တွန်းထုတ် လိုက်တော့သည်။
"ထွက်သွား မင်းတို့လာတဲ့နေရာကို ပြန်သွားကြ မင်းတို့က စိတ်အနှောင့်အယှက် ဖြစ်စရာ မကောင်းဘူးလား အခုလည်း စိတ်အနှောင့်အယှက် ဖြစ်ရတဲ့အထဲ ငါ့အလုပ်ကိုပါ လာပိုရှုပ်အောင် လုပ်နေကြသေးတယ်"
သူသည် တံခါးဝတွင် ပုန်းအောင်းရန် နေရာတစ်ခု ရှာရန် ဆုံးဖြတ်ထားပြီး ဖြစ်သည်။ သူတို့အား တစ်ယောက်ပြီး တစ်ယောက် တွန်းထုတ် ပြီးနောက် ချန်းကျုံမှ လှည့်ကာ ပွစိပွစိပြောရင်း ပြန်လျှောက်လာခဲ့လေသည်။
ချက်ချင်းဆိုသလိုပင် သူ၏နောက်တွင် အရုပ်များကဲ့သို့ တုံ့ပြန်မှု မရှိသော လူအနည်းငယ်သည် ပါးစပ်များကိုဟကာ သူ့အပေါ်သို့ ခုန်အုပ်လာကြတော့သည်။
"ဘာ အား ဘာဖြစ်တာလဲဟ အရမ်းလေးတာပဲ ဖယ်ကြစမ်း"
အထဲရှိ လူများသည် ချန်းကျုံအား သူစိမ်းများ မြေပြင်ပေါ်သို့ တွန်းချလိုက်သည်ကို မြင်သောအခါ သူတို့သုံးယောက်စလုံး ရပ်ကွက် ကင်းတဲထဲမှ ထွက်လာကြကုန်တော့သည်။
"မင်းတို့ ဘာလုပ်နေကြတာလဲ ဘာလုပ်နေကြတာလဲ"
ထိုလူစုမှာ လူသားတို့၏ ဘာသာစကားအား နားလည်ပုံမရချေ။ သူတို့သည် ချန်းကျုံကို မြေပြင်ပေါ်သို့ တွန်းချ ပြီးနောက် သူ၏ အဝတ်အစားများအား စတင်၍ ဆုတ်ဖြဲကြတော့သည်။ အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူတို့၏ ခွန်အားများမှာ ထူးကဲလွန်းလှပေသည်။ ချန်းကျုံမှာ သူတို့၏ ဖိနှိပ် ထားမှုကြောင့် မြေပြင်ပေါ်တွင် လုံးဝ မလှုပ်ရှားနိုင်တော့ချေ။
"ကယ်ကြပါဦး ကယ်ကြပါဦး လာကယ်ကြပါဦး"
သူတို့ ကင်းစောင့်နေသည်မှာ အတန်ကြာပြီ ဖြစ်သော်လည်း ဤကဲ့သို့သော မြင်ကွင်းမျိုးအား မည်သည့်အချိန်တွင်မှ မမြင်ခဲ့ဖူးကြချေ။ မြင်ဖူးသည် ရှိခဲ့လျှင်ပင် သူတို့ အုပ်စုလိုက်နှင့် အခြားနယ်မြေများမှ လူအနည်းငယ်အား ရင်ဆိုင်ရခြင်းမျိုးသာ ဖြစ်ပေသည်။
"ဟို ကျုံလေး တောင့်ထားနော် ငါ ငါ လူသွားခေါ်လိုက်ဦးမယ်"
"အိုး ဟုတ်သားပဲ သူတို့က အရမ်းများလွန်းတယ် ငါလည်း လူနည်းနည်း သွားခေါ်လိုက်ဦးမယ် တောင့်ထားနော်"
ထိုညတွင် တံခါးစောင့်နေသော လူသုံးယောက် အနက်မှ နှစ်ယောက်မှာ ချက်ချင်းပင် ထွက်ပြေး သွားကြတော့သည်။ ကျန်ရစ်သူ တစ်ယောက်မှာ ကျန်းဆန်ဟု အမည်ရသည်။ သူသည် ချန်းကျုံနှင့် ခင်မင်ရင်းနှီးမှု အနည်းငယ် ရှိသည်ဟု ဆိုနိုင်သော်လည်း များများစားစားတော့ မဟုတ်ချေ။
မည်သို့ပင်ဆိုစေ သူတို့အားလုံးမှာ သူဌေးသား ဒုတိယမျိုးဆက် အသိုင်းအဝိုင်းမှဖြစ်ကြပြီး တစ်ရပ်ကွက်တည်းတွင် နေထိုင်ကြသည် မဟုတ်ပါလား။ သူတို့သည် သေချာပေါက် အချင်းချင်း သိကျွမ်းကြပြီး အနည်းနှင့် အများဆိုသလို ပတ်သက်မှု ရှိကြလေသည်။
သို့သော်လည်း သူ အခြားနှစ်ယောက် နှင့်အတူ ထွက်မပြေးရသည့် အဓိက အကြောင်းရင်းမှာ အလွန် ရုတ်တရက် ဆန်လွန်းသောကြောင့် ဖြစ်သည်။ သူ၏ဦးနှောက်မှ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ချေ။ သို့မဟုတ်ပါက သူသည်လည်း ထိုသူတို့ နှင့်အတူ ထွက်ပြေးသွားသည်မှာ ကြာမြင့်နေပြီ ဖြစ်ပေသည်။
"ကယ်ပါဦး ကယ်ပါဦး လာကယ်ကြပါဦး"
ချန်းကျုံ၏ စူးရှသော အော်ဟစ်သံကြီးမှာ ရပ်ကွက် တစ်ခုလုံးသို့ ပဲ့တင် ထပ်သွားခဲ့သည်။ ယခုလေးတင် ထွက်ပြေးသွားသော လူနှစ်ယောက်မှာ အကူအညီ သွားခေါ်ရန် မဟုတ်ဘဲ သူတို့၏ အိမ်များဆီသို့ တန်းတန်းမတ်မတ် ပြေးသွားကြခြင်းသာ ဖြစ်ပေသည်။
သေချာသည်မှာ လူတိုင်းသည် တစ်ကိုယ်ကောင်းဆန်ကြသည်။ ယခု သူတို့ ကင်းစောင့် နေကြသော်လည်း ရဲ့ရှင်းချန် အပြင်ထွက်လာပြီး သူတို့ မည်မျှ တာဝန် ကျေပွန်ကြောင်း မြင်တွေ့သွားပါက သူတို့အား အစားအစာ တစ်လုတ် တစ်ဖဲ့ ခွဲဝေပေး ကောင်းပေးနိုင်သည်ဟုသာ တွေးနေကြခြင်း ဖြစ်သည်။
ဤလူနေအိမ်ရာ ဧရိယာရှိ အိမ်ရှင်များ အတွက် မည်သူကများ တကယ်တမ်း အသက်စွန့်ရဲမည်နည်း။ ချန်းကျုံ၏ အဝတ်အစားများမှာ ထိုသူတို့၏ ချွတ်ချခြင်းအား ခံလိုက်ရလုနီးပါး ဖြစ်နေပြီ ဖြစ်သည်။ သူ၏ အော်ဟစ်သံများမှာ ဆဲဆိုသံများမှ တောင်းပန်သံများ အဖြစ်သို့ ပြောင်းလဲသွားခဲ့လေပြီ။
"တောင်းပန်ပါတယ် ကျွန်တော့်ကို လွှတ်ပေးပါ တောင်းပန်ပါတယ် ကျွန်တော့်ကို လွှတ်ပေးပါ"
သူ၏အသံမှာ အက်ကွဲနေပြီ ဖြစ်သည်။ ချန်းကျုံတွင် အော်ဟစ်ရန် ခွန်အား မကျန်တော့ချေ။ ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် ချန်းကျုံ၏ ပခုံးအား ကိုက်လိုက်တော့သည်။ အလွန်အမင်း အေးခဲနေသော အပူချိန် အောက်တွင် ချန်းကျုံသည် နာကျင်မှုအား အမှန်တကယ်ပင် မခံစားရချေ။ သူ၏ခန္ဓာကိုယ်မှာ ထုံကျဉ်အေးခဲနေပြီဟုသာ သူ ခံစားနေရခြင်း ဖြစ်သည်။
ကျန်းဆန်မှာ မြေပြင်တွင် အမြစ်တွယ် နေသကဲ့သို့ ရပ်နေမိလေသည်။ သူသည် ရှေ့သို့ မတက်ရဲသလို လမ်းလျှောက်ရန်လည်း အဆင်မပြေဖြစ်နေခဲ့သည်။ သူ တုံဆိုင်းနေစဉ်မှာပင် ချန်းကျုံ၏ ခန္ဓာကိုယ်ပေါ်မှ ဝေစုမရ လိုက်သော သူများသည် မတ်တပ်ရပ်ကာ သူ့ထံသို့ ဖြည်းညင်းစွာ လျှောက်လာနေသည်အား သူ သတိမထားမိလိုက်ချေ။
အပြင်ဘက်တွင် အလွန်မှောင်မိုက်နေခဲ့ပြီ ဖြစ်သည်။ ကျန်းဆန်၏ လက်နှိပ်ဓာတ်မီးသည် ချန်းကျုံ၏ ခန္ဓာကိုယ်ပေါ်ရှိ လူများအား ထိုးပြနေပြီး ထိုသူများမှာ ပါးစပ်တစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေသည်အထိ ချန်းကျုံအား ကိုက်ဖြတ်နေကြသည်။
သူ အမှန်တကယ် ထွက်ပြေးချင်သော်လည်း အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူ၏ ခြေထောက်များမှာ နှင်းထဲတွင် ရိုက်နှက်ခံ ထားရသကဲ့သို့ ဖြစ်နေပြီး သူ မလှုပ်ရှားနိုင်တော့ချေ။ မှန်ပေသည်။ ကျန်းဆန်သည် အလွန်အမင်း ကြောက်လန့်နေသဖြင့် မည်သို့ လမ်းလျှောက်ရမည်ကိုပင် မေ့လျော့သွားခဲ့ခြင်း ဖြစ်သည်။
မကြာမီမှာပင် ကျန်းဆန်သည်လည်း ချန်းကျုံကဲ့သို့ပင် ဖြစ်သွားခဲ့တော့သည်။ သူ၏ အဝတ်အစားများ ချွတ်ချခံရပြီး မြေပြင်ပေါ်သို့ ဖိချကာ စားသောက်ခြင်းကို ခံလိုက်ရတော့သည်။ ရဲ့ရှင်းချန်သည် စခရင်အား ကြည့်ရင်း မသက်မသာ ဖြစ်လာမှုကို မတားဆီးနိုင်ခဲ့ချေ။
မိုချီမှာလည်း မျက်မှောင်ကြုတ်ကာ ဆက်မကြည့်ရဲတော့ချေ။ သူမသည် မီးဖိုချောင်ထဲသို့ ဝင်သွားပြီး လင်းစစ်ကျား အနီးသို့ ကပ်ကာ ကူညီပေးနေလိုက်တော့သည်။
ညစာ အသင့်ဖြစ်သောအခါ လင်းစစ်ကျားမှ အစားအစာများ နှင့်အတူ ထွက်လာခဲ့တော့သည်။ သူမသည် အစားအစာများအား ချထား လိုက်စဉ်မှာပင် မျက်စိတစ်မှိတ် အတွင်း စခရင်ပေါ်ရှိ သွေးထွက်သံယို မြင်ကွင်းကို မြင်လိုက်ရလေသည်။
ရုတ်တရက် သူမသည် စားပွဲပေါ်တွင် တင်ထားပြီးဖြစ်သော အမဲသားဟင်းအား ကြည့်လျှက် တစ်စုံတစ်ရာအား ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ဖြစ်သွားတော့သည်။
"ညီမ သိပြီ"
လင်းစစ်ကျားမှာ အလွန်အမင်း စိတ်လှုပ်ရှားသွားသဖြင့် ခုန်တက်မတတ်ပင် ဖြစ်သွားခဲ့ရသည်။ သူမသည် ရဲ့ရှင်းချန်၏အနီးသို့ အမြန်လာခဲ့သည်။
"နွားရူးရောဂါလေ အဲဒါ ပရီယွန် ဗိုင်းရပ်စ်ပဲ သူတို့ပုံစံက နွားရူးရောဂါ ဖြစ်နေတဲ့ လူတွေနဲ့ တစ်ပုံစံတည်းပဲ"
ရဲ့ရှင်းချန်မှ သေချာစွာ ထပ်ကြည့်လိုက်လေရာ သွေးသံတရဲရဲ ဖြစ်နေသော အလောင်း နှစ်လောင်းကိုသာ မြင်လိုက်ရတော့သည်။
"ခုနက သူတို့မျက်လုံးတွေက အသက်မပါဘူး ဒါပေမဲ့ သူတို့မျက်နှာပေါ်က ကြွက်သားတွေက ဆက်တိုက် တုံ့လှုပ်နေတာ ပြီးတော့ အစ်ကို မြင်တဲ့အတိုင်းပဲ သူတို့က ဆက်တိုက်ကို ပြုံးဖြီးဖြီး လုပ်နေကြတာလေ"
"အဲဒီတုန်းက ပါမောက္ခက သူတို့ရဲ့ ရောဂါလက္ခဏာတွေ အကြောင်း ညီမတို့ကို ပြောပြဖူးတယ် ဒီလူတွေက သူတို့ရဲ့ ဦးနှောက်ထဲကို ပရီယွန် ဗိုင်းရပ်စ်တွေ ကျူးကျော် ဝင်ရောက်တာခံရပြီး အဲဒီလို ထူးဆန်းတဲ့ အပြုအမူတွေ ဖြစ်လာတာတဲ့"
"ပရီယွန် ဗိုင်းရပ်စ်လား"
ရဲ့ရှင်းချန်မှ ရေရွတ်လိုက်မိသည်။
"အဲဒါ လူသားအချင်းချင်း စားသောက်တာကြောင့် ဖြစ်လာတဲ့ ဗိုင်းရပ်စ် မဟုတ်လား"
လင်းစစ်ကျားမှ ပြန်မဖြေမီ အခိုက်အတန့်မျှ တုံဆိုင်းသွား ပြီးနောက် ညှိုးငယ်စွာဖြင့် ပြန်ဖြေလိုက်လေသည်။
"ဟုတ်တယ်"
ပရီယွန် ဗိုင်းရပ်စ်များ မည်သို့ ဖြစ်ပေါ်လာသည်အား လူတိုင်း သိကြသည်။ ဤအချိန်တွင် သူတို့သည် ညစ်ညမ်းနေသော အမဲသားနှင့် သိုးသားများအား စားသုံးရန်မှာ မဖြစ်နိုင်ချေ။ သို့ဆိုလျှင် မည်သည့် အကြောင်းကြောင့်နည်း ဆိုသည်မှာ ရှင်းလင်းနေခဲ့ပြီ ဖြစ်သည်။
ရဲ့ရှင်းချန်၏ နှလုံးသားမှာ တစ်ချက်ခုန်သွားသော်လည်း သူ သက်ပြင်းချနိုင်ခဲ့သည်။ ယခင်ဘဝတွင် ဤကဲ့သို့သော အရာမျိုးအား သူ တစ်ခါမျှ မကြုံတွေ့ခဲ့ဖူးချေ။ အချိန်ဇယား အရဆိုလျှင် ယခင်ဘဝတွ၍် သူသည် သေလုဆဲဆဲ ဖြစ်နေသော်လည်း အသက်ရှင်နေဆဲ ဖြစ်ရပေမည်။
သို့သော်လည်း ယခုတစ်ကြိမ်မှာ ယခင်ဘဝနှင့် ကွာခြားနေခဲ့ပြီ ဖြစ်သည်။ ယခု သူ့ထံတွင် ခံတပ် တစ်ခုကဲ့သို့ ခိုင်ခံ့သော အိမ်တစ်လုံး သယ်ဆောင်ရ လွယ်ကူသော ဆေးသေတ္တာ တစ်ခုနှင့် လတ်တလောတွင် သူယုံကြည် စိတ်ချရသော လူသား လက်နက် တစ်ခုပင် ရှိနေခဲ့ပြီ မဟုတ်ပါလား။ ရဲ့ရှင်းချန်၏ လုံခြုံမှု ခံစားချက်မှာ မသိမသာပင် အနည်းငယ် တိုးပွားလာခဲ့သည်။
"ဒီရောဂါအတွက် ကုသလို့မရဘူး မဟုတ်လား"
ရဲ့ရှင်းချန်မှ လင်းစစ်ကျားအား ကြည့်လျှက် ဖြည်းညင်းစွာ မေးလိုက်လေသည်။