အခန်း (၁၁၀-၁၁၂)
Vol. 8 Ch. 110-112
အခန်း (၁၁၀) - အဝေးမှ ဧည့်သည်များ
ဂရုချတ်ထဲတွင် တစ်စုံတစ်ယောက်မှ ဇွန်ဘီများ အကြောင်း ပြောဆိုခဲ့သည်အား အချို့သူများမှ မှတ်မိကြသော်လည်း သူတို့ ကိုယ်တိုင်ကိုယ်ကျ မမြင်တွေ့ခဲ့ရသဖြင့် ထိုဘက်သို့သာ မတွေးဘဲ မနေနိုင်ကြတော့ချေ။
ရဲ့ရှင်းချန်သည် သူ၏ စည်းကမ်းချက်များအား ပြောဆို အပြီးတွင် များများစားစား ထပ်မံ ရှင်းပြမနေတော့ချေ။ သူသည် အသင့်စား အစားအစာ အမြောက်အမြားအပြင် ခရာများနှင့် ဟွန်းများကိုပါ အိတ်တစ်လုံးထဲသို့ ထည့်ကာ တံခါးဝတွင် ချထားလိုက်လေသည်။ ထို့နောက် လာယူရန် ကျောက်ဟောင်အား အကြောင်း ကြားလိုက်တော့သည်။ အိတ်ထဲရှိ အစားအစာများမှာ သူနှင့် သူ၏ သူငယ်ချင်းကောင်းများ အတွက် ဖြစ်ကြောင်းကိုလည်း ထည့်သွင်း ပြောကြားခဲ့သည်။
နေ့ရက်များမှာ ငြိမ်းချမ်းနေခဲ့သော်လည်း လူတိုင်းသည် အနည်းငယ် ကြောက်လန့်နေကြဆဲ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ရဲ့ရှင်းချန် ပြောသွားသော ပုံမှန်မဟုတ်ခြင်း နှင့် သီးသန့်ခွဲထုတ်ခြင်း ဆိုသည်မှာ မည်သည့်အရာအား ဆိုလိုမှန်း သူတို့ အပြည့်အဝ နားမလည်ကြသေးချေ။
မကြာမီတွင် ရဲ့ရှင်းချန်သည် အစားအစာများ ဝေငှပေးရန်ပင် အပြင်သို့ ထွက်မလာတော့ချေ။ လူတိုင်းအား သူ၏တံခါးဝတွင် စုဝေးရန် ပြောကြားထားဆဲ ဖြစ်သော်လည်း ရဲ့ရှင်းချန်သည် ပစ္စည်းများအား ကြိုတင်ခွဲဝေကာ အိတ်ကြီးထဲတွင် ထည့်ထားပြီး ကျောက်ဟောင်ကို လာယူရန်သာ ခေါ်လိုက်ခြင်း ဖြစ်သည်။
သေချာသည်မှာ အစားအစာ ဝေငှပေးခြင်းကိုပင် ကျောက်ဟောင်ထံသို့ လွှဲအပ်လိုက်ခြင်း ဖြစ်သည်။ သို့သော်လည်း ကျောက်ဟောင် အစားအစာ ဝေငှတိုင်း ရဲ့ရှင်းချန်သည် အောက်ထပ်ရှိ အခြေအနေများအား ကင်မရာမှတစ်ဆင့် စောင့်ကြည့်နေလေ့ရှိပေသည်။ နေ့ရက်များ တရွေ့ရွေ့ ကုန်လွန်သွားခဲ့သည်။ ရဲ့ရှင်းချန်၏ ရင်ထဲတွင်မူ ဖော်ပြ၍ မရနိုင်သော ခံစားချက်တစ်ခု ဖြစ်ပေါ်နေခဲ့သည်။
ယခင်ဘဝ၌မူ ယခုအချိန်တွင် သူ သေဆုံးခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင်မူ အနာဂတ်၌ နေ့စဉ် မည်သို့သော အရာများ ဖြစ်လာမည်အား ရဲ့ရှင်းချန် ကိုယ်တိုင်ပင် မခန့်မှန်းနိုင်တော့ချေ။ အနည်းဆုံးတွင် ပရီယွန် ဗိုင်းရပ်စ် ကိစ္စသည် သူ မသေဆုံးမီ ယခင်ဘဝ၌ တစ်ခါမှ မဖြစ်ခဲ့ဖူးသော အရာတစ်ခု ဖြစ်သည်။
ရှေ့ဆက်ရမည့် နေ့ရက်များမှာ ပို၍ပို၍ ခက်ခဲ လာတော့မည်ဟု ရဲ့ရှင်းချန် ခန့်မှန်းမိလေသည်။ မိုချီသည် ချဉ်စော်နံနေသော အသားများအား အမှန်တကယ် မစားခဲ့ဖူးကြောင်း အတည်ပြု ပြီးနောက်မှသာ သူ စိတ်သက်သာရာ ရသွားခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူသည် မိုချီကို ငါးလွှာတွင်သာ ဆက်နေစေပြီး ညတိုင်း မိုချီနှင့် လင်းစစ်ကျားတို့အား သော့နှစ်ထပ် ခတ်ထားခဲ့သည်။ သူတို့၏ ခန္ဓာကိုယ်ထဲတွင် သူ မသိနိုင်သော ဗီဇပြောင်းလဲမှု တစ်စုံတစ်ရာ ရှိလာမည်ကို သူ မသိရှိသောကြောင့်ပင် ဖြစ်သည်။ နောက်ထပ် တစ်လ ထပ်မံကုန်လွန်သွားခဲ့ပြီး နှင်းများ ထပ်မကျတော့ချေ။
သို့သော်လည်း နှင်းကျခြင်း ရပ်တန့် သွားသော်ငြား လေပြင်း တိုက်ခတ်သံများမှာမူ ရပ်တန့်မသွားခဲ့ချေ။ ရပ်တန့်နေခဲ့သော ကမ္ဘာကြီးမှာ ပြန်လည်၍ သက်ဝင်လှုပ်ရှားလာပုံ ရသည်။ အနည်းဆုံးတွင် ယခုအခါ လူအများအပြား အပြင်ထွက်လာကြပြီ ဖြစ်သည်။ ရဲ့ရှင်းချန် ပံ့ပိုးပေးသော အစားအစာ အနည်းငယ်ကိုသာ အားကိုး၍ အသက် ရှင်သန်နေကြရသော ကျင်းဟွာရပ်ကွက်မှ လူများမှလွဲ၍ အပြင်ဘက်တွင် လူများ ပိုမို၍ များပြားလာသော်လည်း ရိက္ခာများမှာမူ ပိုများမလာခဲ့ချေ။
ဤသည်မှာလည်း ကျင်းဟွာရပ်ကွက်မှ လူများ နောက်ဆုံးတွင် ရဲ့ရှင်းချန်၏ စကားအား နားထောင်ရန် ဆုံးဖြတ်လိုက်ရခြင်း၏ အကြောင်းရင်း တစ်ခု ဖြစ်ပေသည်။ ဤအချိန်တွင် အပြင်ဘက်၌ အစားအစာ တစ်လုတ်မျှပင် ရှာတွေ့နိုင်တော့မည် မဟုတ်ကြောင်း သူတို့ သိရှိထားကြလေသည်။ ချဉ်စော်နံနေသော အသားများမှလွဲလျှင် ဖြစ်သည်။
သို့ရာတွင် သူတို့မှာ လူသားများသာ ဖြစ်ကြသေးသည်။ ပုံမှန် အစားအစာ ရရှိနိုင်သော အခြေအနေမျိုးတွင် သူတို့ထဲမှ မည်သူကမျှ လူသားမျိုးနွယ်တူ အချင်းချင်းအား အန္တရာယ် မပြုလိုကြချေ။
ကျင်းဟွာ ရပ်ကွက်တွင် ရဲ့ရှင်းချန် ရှိနေသော်လည်း အခြား ရပ်ကွက်များတွင် သူတို့အား စောင့်ရှောက် ပေးနိုင်မည့် မန်နေဂျာမျိုး ရှိချင်မှ ရှိပေမည်။ တစ်လအကြာတွင် ကမ္ဘာမြေပေါ်၌ အသက်ရှင်ကျန်ရစ်သူ အရေအတွက်မှာ ပို၍ပင် နည်းပါးသွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဤအချိန်တွင် အာဏာပိုင်များထံမှ ယခင်နှင့် မတူသော သတင်းတစ်ခု နောက်ဆုံးတွင် ထွက်ပေါ်လာခဲ့တော့သည်။
"သတင်းကောင်း သတင်းကောင်း နောက်ဆုံးရ သတင်း ကျွန်တော်တို့ နိုင်ငံက ကျွမ်းကျင် ပညာရှင်တွေက အအေးဒဏ်ခံနိုင်တဲ့ အာလူးတွေကို တီထွင်နိုင်ခဲ့ပါပြီ အမြောက်အမြား စတင် ထုတ်လုပ်တော့မှာပါ"
နံနက်အစောကြီး ဤသတင်းအား မြင်လိုက်ရသောအခါ ရဲ့ရှင်းချန်သည် သူ၏စိတ်ထဲတွင် သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။ နှင်းတိတ် ပြီးနောက် ဒုတိယမြောက်လ ဖြစ်သည်။ ဤကျွမ်းကျင်ပညာရှင်များမှာ အလကား နေနေကြခြင်း မဟုတ်ပုံရသည်။ နှစ်လတည်းနှင့် သီးနှံမျိုးစိတ်သစ် တစ်ခုကို သူတို့ တကယ် တီထွင်နိုင်ခဲ့ကြလေပြီ ဖြစ်သည်။
ယခုမှ အမြောက်အမြား စတင် ထုတ်လုပ်ရခြင်းမှာမူ နှမြောစရာပင် ဖြစ်သည်။ မည်သည့်အချိန်မှ ရိတ်သိမ်းနိုင်မည်အား မည်သူ သိနိုင်မည်နည်း။ အမြောက်အမြား စတင်ထုတ်လုပ်ချိန်တွင် ကမ္ဘာပျက်ကပ်ကြီးသည် ရုတ်တရက် လမ်းကြောင်း ပြောင်းသွားမည်ဆိုပါက သူတို့ ကြီးစွာသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရမည်ဟု ရဲ့ရှင်းချန် မတွေးဘဲ မနေနိုင်တော့ချေ။
ထိုသတင်းသည် လူတိုင်း၏ ဖုန်းများပေါ်တွင် တစ်ပြိုင်နက်တည်းနီးပါး ပေါ်လာခဲ့သည်။ ရုတ်တရက် လူတိုင်း၏ မျက်လုံးများတွင် မျက်ရည်များ ဝဲတက်လာကြတော့သည်။ ယခင်တွင် အာဏာပိုင်များအား နေ့စဉ် ဆဲဆိုနေခဲ့ကြ သူများပင်လျှင် ယခုအခါ အာဏာပိုင်များအား စတင် ချီးကျူး လာကြတော့သည်။
"အရမ်းကောင်းတယ် အရမ်းကောင်းတယ် အာဏာပိုင်တွေက ငါတို့ကို ဘယ်တုန်းကမှ လက်မလွှတ်ခဲ့ကြဘူးပဲ"
"အအေးဒဏ်ခံနိုင်တဲ့ အာလူးတွေ သုတေသနလုပ်တာ အောင်မြင်သွားပြီတဲ့ကွ ဒါဆို နောင်ကျရင် ငါတို့ ငတ်ခံစရာ မလိုတော့ဘူးပေါ့"
"ဟင့် ဟင့် အမေ အမေ တွေ့လား အမေသာ ခဏလောက် ထပ်တောင့်ခံ ထားနိုင်ခဲ့ရင် ငါတို့အားလုံး အသက်ရှင်နိုင်မှာ"
ကံမကောင်းစွာဖြင့် လူတိုင်း မျှော်လင့် တောင့်တနေကြသော အအေးဒဏ်ခံနိုင်သည့် အာလူးများ မရောက်ရှိလာသေးချိန်တွင် အဝေးမှ ဧည့်သည်တစ်စု ရောက်ရှိလာခဲ့လေသည်။
ထိုနေ့တွင် ရဲ့ရှင်းချန်သည် နေ့လယ်စာစားပြီးခါစဖြစ်ကာ လင်းစစ်ကျား နှင့်အတူ တစ်ရေး အိပ်တော့မည် ပြုစဉ် ရုတ်တရက် သူတို့ရပ်ကွက် ဝင်ပေါက်ဆီသို့ တစ်စုံတစ်ယောက် ပြေးလာနေသည်အား မြင်လိုက်ရသည်။ တစ်ယောက် နှစ်ယောက်တည်းမဟုတ်ဘဲ ဟိုတစ်စု ဒီတစ်စုနှင့် အနည်းငယ် ရှိနေသည်။
ယခုအခါ နှင်းတိတ်ပြီးနောက် ဒုတိယမြောက်လသို့ ရောက်ရှိနေပြီ ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ်တွင်လည်း ကျင်းဟွာ လူနေအိမ်ရာ ဧရိယာရှိ ရိက္ခာများ အားလုံးကို လုယက်ရန် ကျူးကျော် ဝင်ရောက်လာသည့် အသိအာရုံ မရှိသူများ ရှိခဲ့သေးသည်။ သို့သော်လည်း ရဲ့ရှင်းချန်၏ အမိန့်ပေးမှုအောက်တွင် လူတိုင်းသည် ကျူးကျော်သူ အားလုံးကို မောင်းထုတ်နိုင်ခဲ့ကြသည်။
အကြိမ်အနည်းငယ် တိုက်ခိုက် ပြီးနောက် ကျင်းဟွာရပ်ကွက်၏ နာမည် ဂုဏ်သတင်းမှာ ပိုမို၍ ကြီးမားလာခဲ့သည်။ ပုံမှန်အားဖြင့် ပြဿနာ လာရှာသူ အလွန် နည်းပါးသွားခဲ့ပြီ ဖြစ်သည်။
လအနည်းငယ်ကြာ ထိတွေ့ ဆက်ဆံ ပြီးနောက် လူတိုင်းသည် အစပိုင်းတွင် အစားအစာ တစ်လုတ်တစ်ဖဲ့ အတွက် သူ့အး နာခံဟန် ဆောင်ခဲ့ကြသော်လည်း နောက်ပိုင်းတွင် ရဲ့ရှင်းချန်အား သူတို့၏ ခေါင်းဆောင် အဖြစ် သတ်မှတ်ရန် အသားကျသွားကြတော့သည်။
အချိန်အတော်ကြာ ပြီးနောက် နောက်ဆုံးတွင် ဧည့်သည်အချို့ ရောက်လာကြပြီ ဖြစ်ရာ ရပ်ကွက်ဝင်ပေါက်တွင် ကင်းစောင့်နေသူ အနည်းငယ်၏ မျက်လုံးများမှာ အရောင်လက်သွားကြတော့သည်။
ဤသည်မှာ မည်သို့နည်း။ ဤသည်မှာ လူငါးယောက်စာ အစားအစာ ဆုလာဘ် ရရှိရန် အခွင့်အရေးပင် ဖြစ်ချေသည် မဟုတ်ပါလော။ ထိုသူများ၏ ထူးဆန်းသော ကိုယ်ဟန် အနေအထားများနှင့် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ သွေးစွန်းနေမှုများအား မမြင်ရသကဲ့သို့ ကင်းစောင့်နေသူများသည် သူတို့၏ လက်နက်များအား အသီးသီး ထုတ်ပြလိုက်ကြသည်။
"ထွက်သွားစမ်း မဟုတ်ရင် ငါတို့ လှုပ်ရှားလာတာကို အပြစ်မတင်နဲ့နော်"
မည်သည့်တုံ့ပြန်မှုမျှ မရှိဘဲ သူတို့၏ လည်ချောင်းထဲမှ ထွက်ပေါ်လာသော ကြောက်မက်ဖွယ် ဟိန်းဟောက်သံများသာ ထွက်ပေါ်လာခဲ့လေသည်။
ရဲ့ရှင်းချန်သည် စခရင်ကို ကြည့်လျှက် လင်းစစ်ကျားအား စနောက် နေလိုက်သည်။ သို့သော်လည်း ထိုလူများ၏ ထူးဆန်းသော ကိုယ်ဟန် အနေအထားများအား မြင်လိုက်ရပြီးနောက်တွင် ရဲ့ရှင်းချန် ခေတ္တမျှ ကြက်သေ သေသွားခဲ့ကာ ချက်ချင်းပင် လင်းစစ်ကျားအား ဖက်လျှက် မတ်မတ် ထိုင်မိလိုက်တော့သည်။
"ကျားလေး သူတို့ကို ကြည့်စမ်း"
ရဲ့ရှင်းချန်၏ အသံမှာ ရုတ်တရက် လေးနက်သွားခဲ့သည်။ လင်းစစ်ကျားလည်း ထိုစကားအား ကြားသောအခါ ကြက်သေ သေသွားလေသည်။ သူမသည် ရဲ့ရှင်းချန်၏ စကားအတိုင်း စခရင်သို့ တိုက်ရိုက် ကြည့်ရှုလိုက်သည်။
ရပ်ကွက်ဝင်ပေါက်တွင် ဟိုတစ်စု ဒီတစ်စုနှင့် လူအနည်းငယ်သာ ရှိသော်လည်း လူအများအပြားမှာ အနောက်မှ ဖြည်းညင်းစွာ လိုက်ပါလာကြသည်။
"ဘာတွေဖြစ်နေတာလဲ။ ဘာလို့ လူတွေ ဒီလောက် အများကြီး ဖြစ်နေရတာလဲ"
သူတို့၏ အဝတ်အစားများမှာ အနည်းငယ် စုတ်ပြဲနေကြသည်။ စခရင်မှ တစ်ဆင့် ထိုသူတို့၏ အဝတ်အစားများမှာ ဖုန်မှုန့်များနှင့် သွေးများဖြင့် ပြည့်နှက်နေသည်အား ရဲ့ရှင်းချန် မြင်တွေ့နေရသည်။
"ဒုက္ခပဲ လူတွေ အရမ်းများလွန်းတယ်။ သူတို့နည်းနည်းလေးနဲ့တော့ တားနိုင်မှာမဟုတ်ဘူး"
ရဲ့ရှင်းချန်မှာ အိမ်ထဲတွင်သာ ပုန်းအောင်းနေခဲ့သည်။ လူတိုင်းသည် မျက်နှာအား ဖုံးကွယ်ထားကြသဖြင့် ယနေ့ မည်သူတွေ တာဝန်ကျနေသည်အား သူ မသိရှိချေ။ သူသည် ကျောက်ဟောင်ထံသို့ အမြန် စာတစ်စောင် ပေးပို့လိုက်သည်။
"အရေးပေါ် အခြေအနေပဲ အစ်ကိုကျောက် ဒီနေ့ ကင်းလှည့်နေတဲ့ လူတွေကို ဆက်သွယ်ပေးလို့ရမလား သတိထားဖို့နဲ့ လူနေအိမ်ရာဧရိယာ အပြင်ဘက်က လူတွေရဲ့ ခေါင်းကို အဓိကထား တိုက်ခိုက်ဖို့ ပြောလိုက်ပါ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့လည်း သေချာမှာလိုက်ပါ"
ပရီယွန် ဗိုင်းရပ်စ်မှာ ဤမျှလွယ်ကူစွာ ပျောက်ကွယ်သွားမည် မဟုတ်ကြောင်း ရဲ့ရှင်းချန် သိရှိထားလေသည်။ မည်သို့ပင်ဖြစ်စေ ဤအချိန်တွင် လူအများအပြားမှာ ချဉ်စော်နံနေသော အသားများအား စားသုံးခဲ့ကြသည် မဟုတ်ပါလား။
အခန်း (၁၁၁) - အင်တိုက်အားတိုက် ဝင်ရောက်လာခြင်း
ကျန့်ဟွာချန်နှင့် အခြားသူများအား မြင်လိုက်ရစဉ်ကတည်းမှ စ၍ သူတို့မှလွဲ၍ အခြားသူများတွင်လည်း သူတို့ကဲ့သို့ ရောဂါလက္ခဏာမျိုး ရှိနေသူများ အနာဂတ်တွင် သေချာပေါက် ပေါ်လာဦးမည်ကို ရဲ့ရှင်းချန် သိရှိထားခဲ့သည်။
သို့သော်လည်း ဤမျှ များပြားသော အရေအတွက် တစ်ပြိုင်နက်တည်း ပေါ်လာလိမ့်မည်ဟု ရဲ့ရှင်းချန် မမျှော်လင့်ထားခဲ့ချေ။ ထို့အပြင် သူတို့သည် အုပ်စုလိုက် ရောက်လာကြပုံ ရလေသည်။
"ကျားလေး ညီမရဲ့ ဆရာက ပရီယွန် ဗိုင်းရပ်စ်တွေ လူ့ဦးနှောက်ထဲ ဝင်ရောက်ပြီး ဦးနှောက် တစ်သျှူးတွေကို ဖျက်ဆီးပြီးတဲ့ နောက်မှာတောင် လူတွေရဲ့ အသိစိတ်က ရှိနေသေးတယ်လို့ ပြောဖူးလား"
လင်းစစ်ကျား၏ မျက်နှာအမူအရာမှာ တည်ကြည် လေးနက်နေခဲ့သည်။ မိနစ်အနည်းငယ်ခန့် စဉ်းစားပြီးနောက် သူမမှ ခေါင်းခါကာ ပြောလိုက်သည်။
"မပြောဖူးဘူး ဘာလို့လဲဆိုတော့ လူသားအချင်းချင်း စားသုံးသူတွေက ကမ္ဘာပေါ်မှာ မရှိတော့တာ ကြာပြီလေ စမ်းသပ်မှုတွေလည်း မရှိတော့ ညီမတို့ ဆရာက ဒီအကြောင်းကို တစ်ခါမှ မပြောပြခဲ့ဖူးဘူး"
ရဲ့ရှင်းချန်မှာ အနည်းငယ် စိတ်ပျက်သွားမိသည်။
"သူတို့က ငါတို့ရပ်ကွက်ကို တမင်တကာ တိုက်ခိုက်တာလား ဒါမှမဟုတ် ငါတို့ရပ်ကွက်ရဲ့ ဖုန်းရွှေ က အရမ်းကောင်းနေလို့လား ငါမသိတော့ဘူး အရင် တစ်ခေါက်ကလည်း ကျန့်ဟွာချန်က ငါတို့ ရပ်ကွက်ကို လာတိုက်ခိုက်တယ် အခုတစ်ခါလည်း သူတို့ အများကြီး ရောက်လာပြန်ပြီ ပြီးတော့ သူက ငါတို့ရပ်ကွက်ကို ရွေးချယ်ခဲ့တာ"
ရဲ့ရှင်းချန်နှင့် လင်းစစ်ကျားတို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ခါးသီးစွာ ပြုံးလိုက်မိကြသည်။ မည်သူ သိနိုင်မည်နည်း။ ကျင်းဟွာရပ်ကွက်၏ ဖုန်းရွှေသည် အမှန် တကယ်ကိုပင် အရမ်း ကောင်းနေခြင်းလည်း ဖြစ်နိုင်ပေသည်။
ကျောက်ဟောင်သည် နေ့လယ်စာ စားနေခြင်း ဖြစ်သည်။ သူသည် လျှပ်စစ်မီး ပြန်လည် ရရှိလာချိန်ကို အခွင့်ကောင်းယူကာ လီအန်းရန် ဆာလောင်လာပါက စားနိုင်ရန် ပေါင်မုန့်နှစ်လုံးအား ထပ်မံနွှေးနေခဲ့ခြင်း ဖြစ်သည်။
ရတနာလေးမှာ တစ်နှစ်ကျော်ပြီ ဖြစ်ကာ ဆန်ပြုတ် စားနိုင်နေပြီ ဖြစ်သည်။ ကျောက်ဟောင်သည် လီအန်းရန်အတွက် ဟင်းချက်ပေးရင်း ရတနာလေးအား အစာခွံ့ရန် အလုပ်များနေခဲ့သည်။ ရဲ့ရှင်းချန်၏ စာအား လက်ခံရရှိချိန်တွင် ကျောက်ဟောင်မှာ ကြက်သေ သေသွားရတော့သည်။
ရဲ့ရှင်းချန်သည် ကျောက်ဟောင်အား အလွန် အားထားနေခဲ့ပြီး ကျောက်ဟောင်နှင့် သူ၏ ညီအစ်ကိုများ အပေါ်လည်း ဂရုစိုက်ပေးခဲ့သည်။ လွန်ခဲ့သော လအနည်းငယ်အတွင်း ရဲ့ရှင်းချန်နှင့် လာရောက် ပူးပေါင်းလိုသူ အများအပြား ရှိခဲ့သည်။ ရဲ့ရှင်းချန်သည် လူငယ်နှင့် သန်မာသော အမျိုးသား အနည်းငယ်အား ကျောက်ဟောင်ထံ တာဝန်ချထားပေးခဲ့ ပြီးနောက် သူတို့ကို အသုံးပြုကာ စမ်းသပ်နိုင်ရန် လုပ်ဆောင်ပေးခဲ့သည်။
ဤသည်မှာ ကျောက်ဟောင် ဤကဲ့သို့သော သတင်းမျိုးအား ပထမဆုံးအကြိမ် လက်ခံရရှိခြင်း ဖြစ်သည်။ ဖုန်းသုံးနေသော လီအန်းရန်အား သူ အမြန်ခေါ်လိုက်လေသည်။ သူ၏ အလုပ်များအား လီအန်းရန်ထံ လွှဲပြောင်း ပေးပြီးနောက် ချက်ချင်းပင် ကုတ်အင်္ကျီ မာဖလာ ဖိနပ် စသည်တို့ကို လဲလှယ်ဝတ်ဆင်လိုက်သည်။ သူ၏ လက်နက်အား ကောက်ကိုင်ကာ ဖုန်းပြောရင်း ဝင်ပေါက်ဆီသို့ ပြေးသွားတော့သည်။
ရဲ့ရှင်းချန် မပြောလျှင်ပင် ဝင်ပေါက်တွင် တစ်ခုခု ဖြစ်နေပြီ ဖြစ်ကြောင်း ကျောက်ဟောင် သိရှိထားသည်။ မည်သို့ပင်ဆိုစေ ရဲ့ရှင်းချန်သည် "အရေးပေါ်" ဟူသော စကားလုံးအား မည်သည့်အခါမျှ အလွယ်တကူ သုံးလေ့မရှိချေ။ ရဲ့ရှင်းချန်မှ အရေးပေါ်ဟု ယူဆပါက အလွန် ကြီးလေးသော ကိစ္စတစ်ခု ဖြစ်ရပေမည်။
ရဲ့ရှင်းချန်ထံ စာပြန်ရန် အချိန်မရှိတော့ချေ။ သူသည် တစ်ယောက်ပြီး တစ်ယောက် ဖုန်းခေါ်သော်လည်း မည်သူ့ကိုမျှ ဆက်သွယ်၍ မရချေ။ ကျောက်ဟောင်မှာ ပို၍ပင် စိုးရိမ်ပူပန်လာတော့သည်။
လူနေအိမ်ရာဧရိယာရှိ နှင်းများအား လူတိုင်းက တွန်းဖယ်ကာ လမ်းကြောင်းတစ်ခု ဖန်တီးထားကြသော်လည်း ဖိသိပ်ခံထားရသော ရေခဲပြင်မှာ အနည်းငယ် ချောိနေဆဲ ဖြစ်သည်။ ကျောက်ဟောင်သည် မတိုမရှည် လမ်းပေါ်တွင် ဆယ်မိနစ်ကျော်ခန့် လမ်းလျှောက်လာခဲ့ရသည်။
ရပ်ကွက်ဝင်ပေါက်သို့ ရောက်သောအခါ အပြင်ဘက်တွင် လူတစ်စု ရပ်နေသည်အား သူ တွေ့လိုက်ရသည်။ အနည်းဆုံး လူတစ်ရာခန့် ရှိပေမည်။
"ဟိုမှာ ဘာတွေ ဖြစ်နေတာလဲ သူတို့က ဘယ်ကရောက်လာတာလဲ ညီလေးရဲ့ဆီမှာ ခိုလှုံဖို့ လာတာလား ဒါမှမဟုတ် "
တံခါးဝတွင် တာဝန်ကျနေသော လူအနည်းငယ်မှာ မူလတွင် အလွန် ကြောက်ရွံ့နေခဲ့ကြသည်။ ယခု ကျောက်ဟောင် လာနေသည်အား မြင်သောအခါ သူတို့ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။
"မသိဘူး အစ်ကိုကျောက် ခုနက သူတို့ကို ငါတို့ မေးကြည့်တာ ဒါပေမဲ့ ငါတို့ကို လျစ်လျူရှုထားတယ်"
"ညီလေးရဲ့က သူတို့ရဲ့ ခေါင်းကို တိုက်ခိုက်ဖို့ မင်းတို့ကို ပြောခိုင်းလိုက်တယ် သူတို့ရဲ့ ကုတ်တာ ကိုက်တာကို မခံရစေနဲ့တဲ့"
"ဘာ ဘာဖြစ်လို့လဲ"
သူ၏ မေးခွန်း မဆုံးမီမှာပင် လူနေအိမ်ရာဧရိယာ ဝင်ပေါက်တွင် စုဝေးနေသော လူအုပ်ကြီးမှာ အနောက်ဘက်မှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံကြီးအား ရုတ်တရက် ထုတ်လွှတ် လိုက်ကြကုန်သည်။ ရုတ်တရက် ရုပ်တုများကဲ့သို့ ငြိမ်သက်နေသော ဧည့်သည်များမှာ ရူးသွပ်သွားသည့် အလား ကျောက်ဟောင်နှင့် အခြားသူများထံသို့ ခုန်အုပ် လာကြတော့သည်။
"မြန်မြန်လုပ် မြန်မြန်လုပ် သူတို့ခေါင်းကို ရိုက်"
ထိုအရာများ ခုန်အုပ်လာချိန်တွင် ကျောက်ဟောင်သည် သူတို့၏ မျက်လုံးများကို ရုတ်တရက် မြင်လိုက်ရသည်။ မူလတွင် အဖြူရောင် ဖြစ်နေသော သူတို့၏ မျက်လုံးများမှာ တောက်ပသော အနီရောင်အဖြစ်သို့ ပြောင်းလဲနေခဲ့ပြီ ဖြစ်သည်။
ကျောက်ဟောင်မှာ ထိတ်လန့်သွားတော့သည်။ ပုံမှန်မဟုတ်ခြင်းနှင့် သီးသန့်ခွဲထုတ်ခြင်းနှင့် ပတ်သက်၍ ရဲ့ရှင်းချန် ပြောခဲ့သည်များအား သူ ချက်ချင်း သတိရသွားခဲ့သည်။ ရဲ့ရှင်းချန်သည် သူတို့ မသိမီကတည်းမှ တစ်ခုခုကို သိရှိထားပုံရလေသည်။
ရဲ့ရှင်းချန်မှာ သူ၏ စိတ်ထဲတွင် ခန့်မှန်းနေခြင်းမျှသာ ဖြစ်သည်။ လင်းစစ်ကျား၏ သတိပေးမှု အပြီးတွင် ရဲ့ရှင်းချန်သည် ဤမျှ များပြားသော လူများ စုဝေးနေသည်အား မြင်လိုက်ရချိန်၌ "ဗီဇပြောင်းလဲခြင်း" ဟူသော စကားလုံးအား ရုတ်တရက် သတိရသွားခဲ့သည်။
ပရီယွန် ဗိုင်းရပ်စ်များမှာ များသောအားဖြင့် လူသား အချင်းချင်း စားသုံးခြင်း မှတစ်ဆင့် ကူးစက် တတ်သော်လည်း ကျန့်ဟွာချန်နှင့် အခြားသူများ၏ အပြုအမူအရ သူတို့သည် အသက်ရှင်နေသော လူသားများ၏ အသားအား တိုက်ရိုက် စားသုံးကြလိမ့်မည် ဖြစ်သည်။
ချဉ်စော်နံနေသော အသားများကို စားသုံးသူ အများအပြား ရှိလျှင်ပင် ပရီယွန် ဗိုင်းရပ်စ်များ၏ ရောဂါပျိုးချိန်မှာ အလွန် ကြာမြင့်လှပေသည်။ ဤမျှ များပြားသော လူများ ရုတ်တရက် ပရီယွန် ဗိုင်းရပ်စ် ကူးစက်ခံရရန်မှာ မဖြစ်နိုင်ချေ။
ကူးစက်ခံရသူ ဤမျှများပြားစွာ ရုတ်တရက် ပေါ်လာခြင်းမှာ သူတို့ ခန္ဓာကိုယ်ထဲရှိ ဗိုင်းရပ်စ်သည် ပရီယွန် ဗိုင်းရပ်စ် တစ်ခုတည်း မဟုတ်နိုင်ကြောင်း ဖော်ပြနေခဲ့သည်။ သူတို့ ခန္ဓာကိုယ်ထဲတွင် အခြား ဗိုင်းရပ်စ် တစ်မျိုးမျိုး ရှိနေနိုင်ပြီး ၎င်းသည် ပရီယွန် ဗိုင်းရပ်စ်နှင့် ပေါင်းစပ်ကာ ဗိုင်းရပ်စ် အသစ်တစ်ခုအား ထုတ်လုပ်လိုက်ခြင်း ဖြစ်နိုင်ကာ ကူးစက်ပုံ လမ်းကြောင်းသစ်လည်း ရှိနေနိုင်ပေသည်။
"အာ သူတို့ရဲ့ ကူးစက်ပုံလမ်းကြောင်း ပြောင်းသွားတယ်လို့ ညီမ ထင်လား"
လင်းစစ်ကျားမှာ အတန်ကြာ တုံဆိုင်းနေပြီးနောက် ခေါင်းခါပြလိုက်လေသည်။
"ပြောရခက်တယ် ညီမလည်း မသိဘူး ဒါပေမဲ့ အကြောင်း အမျိုးမျိုးကြောင့် ဒီလူတွေနဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲလို့ ညီမ ခံစားရတယ် သူတို့ရဲ့ အရည်တွေကရော ဗိုင်းရပ်စ် ကူးစက်နိုင်လားဆိုတာ ညီမ မသိဘူး"
ရဲ့ရှင်းချန်သည် ကင်မရာထဲမှ ကျောက်ဟောင်၏ ပုံရိပ်အား ကြည့်လျှက် အနည်းငယ် စိုးရိမ်ပူပန် လာမိသည်။ မည်သို့ပင်ဆိုစေ ကျောက်ဟောင်သည် သူ ယုံကြည်စိတ်ချရပြီး အရေးပါသော နေရာတွင် ထားရှိနိုင်သည့် လူအနည်းငယ်ထဲမှ တစ်ဦးဖြစ်သည် မဟုတ်ပါလား။
ကျောက်ဟောင်အား ဘာတစ်ခုမှ အဖြစ်မခံချင်ပေ။ ရဲ့ရှင်းချန်သည် ဖုန်းအား ထုတ်ကာ အိမ်ရှင်များ ဂရုချတ်ကို ဖွင့်လိုက်လေသည်။
"ကျူးကျော်ဝင်ရောက်မှု ရှိနေတယ် မင်းတို့ထဲက တစ်ယောက်ယောက် လူသတ်နိုင်ရင် အရင်ကအတိုင်း ဆုကြေးရမယ်"
"ဒါပေမဲ့ ဒီတစ်ခါ ကျူးကျော် လာတဲ့သူတွေက အရင်လူတွေနဲ့ နည်းနည်း ကွာတယ် သူတို့ရဲ့ ခေါင်းကို တိုက်ခိုက်ဖို့ လိုတယ် သူတို့ရဲ့ ကုတ်တာ ကိုက်တာ မခံရအောင် သတိထားကြ"
သူတို့၏ ကုတ်ခြင်း သို့မဟုတ် ကိုက်ခြင်း မခံရအောင် အဘယ်ကြောင့် သတိထားသင့်ကြောင်းကို ရဲ့ရှင်းချန် မပြောခဲ့ချေ။ ဂရုချတ်ထဲရှိ လူများမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားကြသော်လည်း လူငါးယောက်စာ အစားအစာ ဆုလာဘ်ကြောင့် မျက်စိကန်းနေကြဆဲ ဖြစ်သည်။ သူတို့သည် လက်နက်များအား ကောက်ကိုင်ကာ ရပ်ကွက် ဝင်ပေါက်ဆီသို့ အပြေးအလွှား သွားရောက် ကြတော့သည်။
ဝင်ပေါက်တွင် ကင်းစောင့်မည့် လူဦးရေအား ရဲ့ရှင်းချန် ပြင်ဆင် သတ်မှတ် ပြီးနောက် ယခုအခါ ရှစ်ယောက် ရှိနေပြီ ဖြစ်သည်။ နောက်မှ ရောက်လာသော ကျောက်ဟောင်ကိုပါ ထည့်သွင်းရေတွက်ပါက ဝင်ပေါက်တွင် တိုက်ခိုက်နေသူ ကိုးယောက်သာ ရှိလေသည်။
သူတို့ ကျောက်ဟောင်အား ပထမဆုံး မြင်လိုက်ရချိန်တွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေခဲ့ကြသည်။ သို့သော်လည်း လူအုပ်ကြီး၏ ထူးဆန်းသော အပြုအမူများအား သတိပြုမိသွားသောအခါ သူတို့၏ လက်နက်များကို ဝှေ့ယမ်းရင်း အကူအညီ တောင်းခံရန် အော်ဟစ် လာကြတော့သည်။
ဤမျှ ထူးဆန်းသော မြင်ကွင်းမျိုးကို ကျောက်ဟောင် တစ်ခါမှ မမြင်ဖူးခဲ့ချေ။ ထိုလူများမှာ အသိစိတ် လွတ်နေကြပုံရလေသည်။ အချို့မှာ ခေါင်းတစ်ဝက် ပြတ်ထွက်သွားခဲ့ပြီ ဖြစ်သော်လည်း မြေပြင်ပေါ်တွင် တွားသွားကာ နေရာအနှံ့ လိုက်ကိုက်နေကြဆဲ ဖြစ်သည်။
သူတို့တွင် အားနည်းချက် တစ်စုံတစ်ရာ ရှိပုံမပေါ်ချေ။ နှလုံး ဖောက်ထွင်းခံရလျှင်ပင် မြေပြင်ပေါ်တွင် လူးလှိမ့်နေနိုင်ဆဲ ဖြစ်သည်။
"အနောက်ကို ဆုတ် အားလုံး သတိထားကြ"
မူလတွင် ကျယ်ဝန်းသော တံခါးနှစ်ချပ်အား ဖြုတ်ချကာ အနောက်ဘက်သို့ ရွှေ့၍ တပ်ဆင်ရန် ရဲ့ရှင်းချန်က တစ်စုံတစ်ယောက်အား ခိုင်းစေခဲ့သဖြင့် ရပ်ကွက်ဝင်ပေါက်မှာ မကြီးမားလှချေ။ ပုံမှန်အားဖြင့် တံခါးတစ်ဖက်ကိုသာ ဖွင့်ထားလေ့ရှိသည်။ အပြင်ဘက်တွင် ပိတ်မိနေပြီး ဝင်မလာနိုင်သော ရန်သူ အများအပြား ရှိနေသေးသည်။
ဤသည်မှာ အခြေအနေ မကောင်းဟု ကျောက်ဟောင် တွေးလိုက်မိလေတော့သည်။ ဤနေရာတွင် သူတို့ရှစ်ယောက် မထိန်းချုပ် နိုင်လောက်အောင် ထူးဆန်းသော လူများ အများအပြား ရှိနေလေသည်။
"ဒီက အခြေအနေကို ညီလေးရဲ့ဆီ စာပို့ပြီး ပြောပြလိုက် သူ့ဆီမှာ ဖြေရှင်းစရာ နည်းလမ်းရှိလား မေးကြည့်"
အခန်း (၁၁၂) - မိုချီ၏ ပထမဆုံးအကြိမ်
ကျောက်ဟောင် တစ်ယောက်တည်း၏ ခွန်အားဖြင့် အသိစိတ် လွတ်နေသော သတ္တဝါ အမြောက်အမြားအား မည်သို့ တားဆီးနိုင်မည်နည်း။ ကျောက်ဟောင်၏ ဘေးတွင် ရပ်နေသူများမှာ အတင်း ဝင်ရောက်လာသော ဧည့်သည်များနှင့် တိုက်ခိုက်နေကြရဆဲ ဖြစ်သည်။ သူတို့သည် ရဲ့ရှင်းချန်အား ဆက်သွယ်ရန် အချိန်မပေးနိုင်ကြချေ။ ကံကောင်းစွာဖြင့် အခြား အိမ်ရှင်များ ရောက်လာကြသည်။
လူအတော်များများ ရောက်လာကြလေသည်။ လူငါးယောက်စာ အစားအစာ၏ ဆွဲဆောင်မှုက အမှန်တကယ်ပင် အလုပ်ဖြစ်ခဲ့သည်။ လူတိုင်းသည် လက်နက်များအား ဆွဲကိုင်ကာ ရှေ့သို့ အုံခဲသွားကြသည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် အခြေအနေက ပြောင်းလဲသွားတော့သည်။
မူလတွင် ကူးစက်ခံရသူ အနည်းငယ်က နေထိုင်သူတစ်ဦးအား ဝိုင်းဝန်း ကိုက်ဖြတ်နေကြရာမှ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆုကြေးရရှိရန် အတွက် လူအနည်းငယ်သည် ခေါင်းတစ်လုံးအား လုယူနေကြသည့် အခြေအနေသို့ ပြောင်းလဲသွားတော့သည်။
ကျောက်ဟောင်၏ လက်မောင်းမှာ နာကျင်နေဆဲ ဖြစ်သည်။ အပြင်ဘက်ရှိ လူများသည် ကျောက်ဟောင်၏ အင်္ကျီလက်အား ဖမ်းဆွဲရန် လက်လှမ်းနေကြပြီ ဖြစ်သည်။ အချို့သော ကူးစက်ခံရသူများမှာ ကျောက်ဟောင်၏ ခြေထောက်အား ကိုက်ရန်ပင် ဆောင့်ကြောင့် ထိုင်နေကြသည်
မကြာမီမှာပင် လူနေအိမ်ရာဧရိယာထဲသို့ အတင်း ဝင်ရောက်လာသော ကူးစက်ခံရသူများ အားလုံး ခေါင်းအား ပစ်ခတ်ခံလိုက်ရသည်။ မြေပြင်ပေါ်တွင် အမည်မသိ အရည်များ ပြန့်ကျဲနေခဲ့သည်။ ကံကောင်းစွာဖြင့် အပူချိန်မှာ အလွန်အမင်း အေးခဲနေသည်။ သို့မဟုတ်ပါက မြင်ကွင်းမှာ ပို၍ပင် ရွံရှာဖွယ် ကောင်းနေပေမည်။
ဤရန်သူများ၏ ခေါင်းကိုသာ အဓိကထား တိုက်ခိုက်ရန် ရဲ့ရှင်းချန်မှ အဘယ်ကြောင့် အလိုရှိ သနည်းဆိုသည်အား သူတို့ မစဉ်းစားနိုင်မီမှာပင် အချို့သောသူများမှ မကျေမနပ် ဖြစ်လာကြတော့သည်။
"အစ်ကိုကျောက် ခင်ဗျား ဘာလုပ်နေတာလဲ ဘာလို့ သူတို့ကို ဝင်မလာအောင် တားနေတာလဲ ခင်ဗျား တစ်ယောက်တည်း ခေါင်းတွေအများကြီး ယူချင်လို့တော့ မပြောနဲ့နော်"
"ဟုတ်တယ် အစ်ကိုကျောက် ခင်ဗျား ဂေါ်ပြားကို ချထားလိုက်စမ်းပါ ငါ သတ်ရတာ မဝသေးဘူး"
သူတို့ ယခုမှသာ ရောက်လာကြခြင်း ဖြစ်ပြီး အပြင်ဘက်တွင် ကူးစက်ခံရသူ မည်မျှရှိသည်အား မသိကြချေ။ ကျောက်ဟောင်သည် တံခါးဝရှိ လူဆယ်ယောက်အား တားဆီးကာ လူဒါဇင်ပေါင်းများစွာစာ အစားအစာများကို တစ်ဦးတည်း သိမ်းပိုက်လိုသည်ဟု သူတို့ ထင်မှတ်နေကြခြင်း ဖြစ်သည်။
ကျောက်ဟောင်မှာ တောင့်ခံထားရသည်မှာ အချိန်အတော် ကြာပြီ ဖြစ်သည်။ သူ၏ လက်မောင်းနှင့် ခြေထောက်များပေါ်ရှိ အဝတ်အစားများမှာ ဧည့်သည်များ၏ ဆုတ်ဖြဲခြင်းကို ခံလိုက်ရပြီ ဖြစ်သည်။ လေအေးများမှာ တိုက်ခတ်သွားပြီး သူ မည်သည့် အရာကိုမျှပင် မခံစားနိုင်တော့ချေ။ သူ၏နောက်ရှိ အိမ်နီးချင်း အနည်းငယ်မှာ ကျောက်ဟောင်အား ဆွဲဖယ်ရန် ရှေ့သို့ တိုးလာကြပြီး ပွစိပွစိ ပြောဆိုနေကြလေတော့သည်။
"အစ်ကိုကျောက် ခင်ဗျား လုပ်ရပ်က မကောင်းဘူးနော် အရင်က ခင်ဗျားကို လူကောင်းလို့ ထင်ခဲ့မိတာ"
ကျောက်ဟောင်မှာ ခွန်အားများ ကုန်ခန်းနေပြီ ဖြစ်သည်။ ယခု ဆွဲဖယ် ခံလိုက်ရသောအခါ ကျောက်ဟောင် ဆက်၍ တောင့်မခံနိုင်တော့ချေ။ သူ၏ ခြေထောက်များမှာ ခွေယိုင်သွားပြီး နှင်းပေါ်တွင် ဒူးတစ်ဖက် ထောက်ကျသွားတော့သည်။
ကျောက်ဟောင် ခွန်အားများ ဆုံးရှုံးသွားသည်နှင့် တစ်ပြိုင်နက် သူ၏လက်ထဲရှိ ဂေါ်ပြားမှာ ဘေးသို့ ကျသွားပြီး သူ တားဆီးထားသော တံခါး အပြင်ဘက်ရှိ ကူးစက်ခံရသူ အုပ်စုကြီးမှာ အတင်း ပြေးဝင်လာကြတော့သည်။
"ဘာလို့ ဘာလို့ ဒီလောက် အများကြီး ဖြစ်နေရတာလဲ လူဆယ်ယောက်လောက်ပဲ ရှိတာ မဟုတ်ဘူးလား"
ရုတ်တရက် လူတိုင်း အထိတ်တလန့် ဖြစ်သွားကြတော့သည်။ တုံ့ပြန်မှု မြန်ဆန်သူများမှာ ရှေ့သို့တိုးကာ သံတံခါး၏ အခြားတစ်ဖက်အား အပြင်သို့ တွန်းထုတ် လိုက်ကြသည်။
"မြန်မြန်လုပ် လာကူကြပါဦး ငါ တစ်ယောက်တည်း တွန်းလို့ မရဘူး"
ကျောက်ဟောင်မှာ တုန်ယင်စွာဖြင့် မတ်တပ်ရပ်လိုက်သည်။ ရပ်ကွက်ထဲတွင် အပြင်လူ ၄၀ မှ ၅၀ ခန့် ရောက်ရှိနေပြီ ဖြစ်သည်။ ယခုအခါ သူတို့တွင် ရွေးချယ်စရာ ပိုများလာသဖြင့် ကျောက်ဟောင် တစ်ယောက်တည်းကိုသာ စိုက်ကြည့် မနေကြတော့ချေ။ သူတို့အားလုံးသည် အနောက်တွင် ရပ်နေသူများအား ခုန်အုပ်ကြတော့သည်။
ကျောက်ဟောင်မှ ကူညီရန် ရှေ့သို့ တိုးသွားလေသည်။ ဤအချိန်အတွင်း သူ နောက်ထပ် အကြိမ်အနည်းငယ် အကိုက် ခံလိုက်ရသေးသည်။ ဆယ်မိနစ်ကျော် အကြာတွင် သံတံခါးမှာ နောက်ဆုံး၌ ပိတ်သွားခဲ့လေပြီ။
ဤအခိုက်အတန့်တွင် ကျောက်ဟောင်လည်း အလွန်အမင်း ထိတ်လန့်နေခဲ့သည်။ ဤအချိန်တွင် ရဲ့ရှင်းချန် လာရောက် ကူညီပေးမည်အား သူ အလွန် မျှော်လင့်မိသော်လည်း ရဲ့ရှင်းချန်ကိုမူ ဘေးကင်းစေချင်သည်။ အံကြိတ်ကာ ကျောက်ဟောင်သည် မြေပြင်ပေါ်မှ ဂေါ်ပြားအား ကောက်ကိုင်လိုက်ပြီး လူအုပ်ထဲသို့ ပြေးဝင်သွားတော့သည်။
ထားလိုက်ပါတော့။ ဤမျှ အန္တရာယ်များသော ကိစ္စအတွက် ညီလေးရဲ့ အား လာခွင့်မပြုတာ ပိုကောင်းပေသည်။ ဤတိုက်ပွဲမှ သူ အသက်ရှင်လျက် လွတ်မြောက်နိုင်ပြီး အပြင်ဘက်မှ အလွန်ထူးဆန်းသော လူများ ပေါ်လာကြောင်းနှင့် အပြင်သို့ လုံးဝ မထွက်ရန် ညိလေးရဲ့အား ပြောပြနိုင်ဖို့သာ မျှော်လင့်မိသည်။
ဤထူးဆန်းသော လူများလက်ချက်ဖြင့် သူ သေဆုံးသွားနိုင်ကြောင်း ကျောက်ဟောင် ခံစားနေရသည်။ မူလတွင် အလွန် များပြားသော အရေအတွက်မှာ ယခုအခါ ပြောင်းပြန် ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ ကွင်းပြင်ထဲတွင် သန်မာသော အမျိုးသား ၂၀ မှ ၃၀ ခန့်သာ ရှိတော့သည်။ မူလတွင် အပြင်ထွက်လာသူ ပိုများသော်လည်း သတ္တိကြောင်သူများမှာ တစ်ဖက်တွင် ကူးစက်ခံရသူ အများအပြား ရှိနေသည်အား မြင်သောအခါ ကြောက်လန့် တကြားဖြင့် အိမ်သို့ ချက်ချင်း ပြေးပြန်သွားကြသည်။
မည်သို့ပင်ဆိုစေ ဆုလာဘ်များမှာ ဆွဲဆောင်မှု ရှိသော်ငြား အသက်၏ တန်ဖိုးသည် ပို၍ ကြီးမားသည် မဟုတ်ပါလား။ လူအများအပြားမှာ တစ်ယောက်ကို နှစ်ယောက်ဖြင့် တိုက်ခိုက်နေကြရသော်လည်း ကျောက်ဟောင်မှာ ဒဏ်ရာရနေပြီး သွေးနံ့များ ထွက်နေသဖြင့် သူတို့အတွက် ကျောက်ဟောင်မှာ ပို၍ ဆွဲဆောင်မှု ရှိနေကြောင်း သိသာထင်ရှားလှပေသည်။
ကျောက်ဟောင် ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ကူးစက်ခံရသူ အနည်းငယ်သည် လှည့်ကာ သူ့အား စတင် တိုက်ခိုက် ကြတော့သည်။ အပြင်ဘက်တွင် ကူးစက်ခံရသူများက အော်ဟစ်ကာ တံခါးအား ထုရိုက်နေကြလေသည်။ အတွင်းဘက်တွင်ကား ရှုပ်ထွေးနေသော တိုက်ပွဲကြီး ဖြစ်ပွားနေသည်။ လူအနည်းငယ်မှာ မတော်တဆ အကိုက်ခံလိုက်ရပြီ ဖြစ်သည်။
ရဲ့ရှင်းချန်သည် စောင့်ကြည့်ကင်မရာ မှတ်တမ်းများအား ကြည့်ကာ စတင်၍ စိုးရိမ်ပူပန်လာမိသည်။ မူလတွင် ဤကူးစက်ခံရသူများမှာ ဇွန်ဘီများကဲ့သို့ ခေါင်းကို ပစ်ဖောက်လိုက်ရုံသာ လိုအပ်မည်ဟု သူ ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။။ သို့သော်လည်း ဗီဒီယိုမှတစ်ဆင့် သူတို့၏ ခေါင်းများ ပြတ်ထွက်သွားလျှင်ပင် မြေပြင်ပေါ်တွင် လှုပ်ရှားနေနိုင်ဆဲ ဖြစ်ကြောင်း ရဲ့ရှင်းချန် တွေ့ရှိလိုက်ရသည်။
"ကောင်းပြီလေ ငါလည်း သွားကြည့်လိုက်ရင် မကောင်းဘူးလား"
ကျောက်ဟောင်မှာ အသုံးဝင်နေဆဲ ဖြစ်သည်။ သူ့အား ဤမျှ စောစီးစွာ မသေဆုံးစေချင်ပေ။ မည်သို့ပင်ဆိုစေ ရဲ့ရှင်းချန်သည် လတ်တလောတွင် သူ ယုံကြည်စိတ်ချရသော လူအများအပြားအား မွေးထုတ်ထားနိုင်ခြင်း မရှိသေးချေ။
"မိုချီ မင်း ငါနဲ့လိုက်ခဲ့ ကျားလေး ညီမနဲ့ ရှောင်ဟေး အိမ်မှာနေခဲ့ ကိုယ်နဲ့ မိုချီ ပြန်လာတာကို စောင့်နေ"
ရဲ့ရှင်းချန်မှ ခေတ္တမျှ စဉ်းစားလိုက်ပြီးနောက် ကျည်ကာအင်္ကျီအား ဝတ်ဆင်လိုက်လေသည်။ ဤလူများမှာ ကုတ်ခြင်း ကိုက်ခြင်းဖြင့် အဓိက တိုက်ခိုက်ကြခြင်း ဖြစ်သည်။ ရဲ့ရှင်းချန် ခေတ္တ စဉ်းစားကြည့်လိုက်ရာ သူတို့၏ လက်သည်းများနှင့် သွားများ မည်မျှပင် ထက်မြက်နေစေကာမူ သူ၏ ကျည်ကာအင်္ကျီအား ကိုက်ဖောက်နိုင်မည် မဟုတ်ချေ။
သူသည် နေရာလွတ်ထဲမှ ကျည်ကာအင်္ကျီတစ်ထည်အား ထုတ်၍ မိုချီအား အတွင်းခံအဖြစ် ဝတ်ဆင်ရန် ပစ်ပေးလိုက်သည်။ ထို့နောက် ရဲ့ရှင်းချန်သည် အဝတ်အစားများအား စတင် ဝတ်ဆင်တော့သည်။
ပစ္စတိုအား သူ၏ ခါးတွင် တပ်ဆင်ထားလေသည်။ ရဲ့ရှင်းချန်သည် သူ၏ ဒူးလေးအား ထုတ်ယူလိုသော်လည်း စဉ်းစား ပြီးနောက် လေးနှင့် မြားသည် အသိစိတ်မရှိသော ဤသတ္တဝါများအား ထိခိုက်မှု များများစားစား ပေးနိုင်မည်မဟုတ်ဟု ခံစားရသဖြင့် ဒူးလေးကို မထုတ်ယူတော့ချေ။
သို့သော်လည်း သူကိုယ်တိုင် ပြုလုပ်ထားသော မိုလိုတော့ဗ် လက်လုပ်ဗုံး အနည်းငယ်နှင့် နေရာလွတ်ထဲမှ ဈေးကြီးပေး၍ ဝယ်ယူထားသော လက်ပစ်ဗုံး အနည်းငယ်ကိုတော့ သူ ထုတ်ယူလိုက်လေသည်။ ခဏနေ၍ အန္တရာယ် တစ်စုံတစ်ရာ ကြုံတွေ့ရပါမူ သူတို့အား လက်ပစ်ဗုံး တစ်လုံး ပစ်ပေါက်ပေးလိုက်ရုံသာ ဖြစ်သည်။
"မင်းရဲ့ စွမ်းရည်ကို ကျွမ်းကျင်နေပြီလား"
ရဲ့ရှင်းချန်မှ မိုချီအား အိမ်အပြင်သို့ တွန်းထုတ်လိုက် ပြီးနောက် ဝင်ပေါက်တွင် ရပ်ကာ နှင်းတောမောင်း ဆိုင်ကယ်အား ထုတ်ယူလိုက်သည်။ အခြေအနေအား ကယ်တင်ရန် ရဲ့ရှင်းချန် သွားမည်ဆိုလျှင်ပင် အလွန် နီးကပ်စွာ မသွားလိုချေ။ မည်သို့ပင်ဖြစ်စေ သူသည် မိမိကိုယ်ကို အနည်းငယ်မျှပင် အန္တရာယ်ထဲသို့ မကျရောက်စေလိုပေ။ မိုချီအား တင်ဆောင်လာသော ရဲ့ရှင်းချန်၏ နှင်းတောမောင်း ဆိုင်ကယ်သည် သူတို့နှင့် ခပ်ဝေးဝေးရှိ နေရာတစ်ခုတွင် လျင်မြန်စွာ ရပ်တန့်သွားခဲ့သည်။
"ဒီအကွာအဝေးကနေ မင်းရဲ့ လျှပ်စီးတွေ သူတို့ကို ထိနိုင်မလား"
ရဲ့ရှင်းချန်သည် ကိုယ်တိုင် ကိုယ်ကျ လုပ်ဆောင်ရန် အစီအစဉ် မရှိချေ။ မည်သို့ပင်ဖြစ်စေ ကျည်ဆန်များနှင့် လက်ပစ်ဗုံးများအား ပြန်လည် အသုံးပြု၍ မရနိုင်ပေ။ သေချာသည်မှာ သူ စုဆောင်းနိုင်ပါက စုဆောင်းထားမည် ဖြစ်သည်။
ဤအခွင့်အရေးအား အသုံးချကာ မိုချီ၏ စွမ်းရည်ကို စမ်းသပ်လိုခြင်း ဖြစ်ကာ ရန်သူများနှင့် ရင်ဆိုင်ရချိန်တွင် သူမ မည်မျှ အစွမ်းထက်နိုင်မည်ကိုလည်း မြင်တွေ့လိုခြင်း ဖြစ်သည်။
"သမီး မသိဘူး ဒီလောက်အဝေးကြီးကနေ တစ်ခါမှ မစမ်းဖူးဘူးလေ အကောင်းဆုံး ကြိုးစားကြည့်ပါ့မယ်"
သူတို့အားလုံး ရောနှော နေကြသော်လည်း ကံကောင်းစွာဖြင့် ကူးစက်ခံရသူများ၏ ခန္ဓာကိုယ်မှာ ပို၍ ညစ်ပတ်နေသဖြင့် သူတို့အား ခွဲခြားရန် မခက်ခဲလှချေ။ မိုချီသည် ယခင်တွင် တိုက်ခိုက်ဖူးသော်လည်း မည်သူ့ကိုမျှ မသတ်ဖူးချေ။ သူမ သေလုနီးပါးပင် ဖြစ်ခဲ့ရသည်။
ဤသည်မှာ တိုက်ခိုက်ရန် သူမ၏ စူပါပါဝါ စွမ်းရည်အား ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်တန်ရာ၏။ မိုချီသည် သူမ၏ လက်အိတ်အား ဆွဲချွတ်လိုက်ပြီး ခေါင်းတစ်ဝက် ပြတ်ထွက်နေသော်လည်း မြေပြင်ပေါ်တွင် လူးလှိမ့်နေဆဲဖြစ်သည့် ကူးစက်ခံရသူ တစ်ဦးထံသို့ သူမ၏ လက်ညှိုးအား ချိန်ရွယ်လိုက်လေသည်။
ရွှီးခနဲ အသံ နှင့်အတူ မိုချီ၏ ခန္ဓာကိုယ်ထဲမှ မရမ်းစေ့ရောင် လျှပ်စီးကြောင်းတစ်ခု ပစ်ထွက်သွားခဲ့သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ထိုခန္ဓာကိုယ်ကြီးမှာ ဓာတ်လိုက်သွားသကဲ့သို့ ရုတ်တရက် တုန်ယင်သွားလေသည်။ မကြာမီမှာပင် ၎င်းသည် လှုပ်ရှားမှု ရပ်တန့်သွားကာ နှင်းထဲသို့ တည့်တည့် လဲကျသွားတော့သည်။
"ဝိုး သမီး ဒီလောက် အဝေးကြီးကနေ တကယ် လုပ်နိုင်တာပဲ"
မိုချီ၏ မျက်လုံးများမှာ အရောင်လက်သွားပြီး သေနတ် ပစ်နေသည့်အလား ကူးစက်ခံရသူ အုပ်စုကြီးထံသို့ သူမ၏ လျှပ်စီးကြောင်းများကို ဆက်တိုက် ပစ်ခတ်တော့သည်။