အခန်း ၁၉၁
Vol. 20 Ch. 191
အခန်း (၁၉၁) ယုန်ဖမ်းရာတွင် နည်းစနစ် ရှိသည်
လဲ့အားကော်နှင့် သူ၏ တပည့်သုံးယောက်ကို နှုတ်ဆက်ပြီးနောက် ချန်ကော်ကျဲက မြို့ထဲရှိ သူ၏ နေအိမ်သို့ ပြန်လာခဲ့သည်။
သူက ဆိုဖာပေါ်တွင် ထိုင်၍ စောစောက ဖြစ်ပျက်ခဲ့သမျှကို ပြန်တွေးနေမိပြီး တွေးလေတွေးလေ လဲ့အားကော်၏ ဆရာမှာ သာမန်မဟုတ်ကြောင်း ခံစားလာရလေ ဖြစ်၏။
"အဘိုးကြီးကျောက်... ကျုပ်ကို လူတစ်ယောက်လောက် စုံစမ်းပေးပါ..."
ချန်ကော်ကျဲက ဖုန်းကို ကောက်ကိုင်၍ နံပါတ်တစ်ခုကို နှိပ်လိုက်၏။
"သခင်ကြီးချန်... ဘယ်လိုလေတိုက်လို့ ကျုပ်ဆီ ဖုန်းဆက်ရတာလဲ... ဘာများ အမိန့်ပေးစရာ ရှိလို့လဲ..."
ဖုန်း၏ တစ်ဘက်စွန်းမှ ရွှင်လန်းသော အသံတစ်သံ ထွက်ပေါ်လာသည်။
"ကျုပ်ကို နောက်မနေနဲ့... မြန်မြန် လူတစ်ယောက်လောက် စုံစမ်းပေးစမ်းပါ..."
ချန်ကော်ကျဲက ရယ်မောရင်း ပြောလိုက်၏။
"ကောင်းပါပြီ... ပြောပါ... ဘယ်သူ့ကို စုံစမ်းခိုင်းချင်တာလဲ..."
"ချင်းဟယ်မြို့နယ်မှာနေတဲ့ လဲ့အားကော်ဆိုတဲ့ လူငယ်တစ်ယောက်ရှိတယ်... သူ့ဆရာက ဘယ်သူလဲဆိုတာလေး စုံစမ်းပေးပါ... အသေးစိတ်လေ ကောင်းလေပဲ..."
"လဲ့အားကော်... အဲ့နာမည်က... မင်း မှားနေတာ သေချာရဲ့လား... အဲ့လိုနာမည်မျိုးနဲ့ ဘယ်လိုလုပ် သိုင်းဆရာတစ်ယောက်ရဲ့ တပည့်ဖြစ်နေမှာလဲ..."
ဖုန်း၏ တစ်ဘက်စွန်းမှ အသံမှာ သံသယများ ပြည့်နှက်နေ၏။
"အပိုတွေ ပြောမနေနဲ့... ကျုပ် စုံစမ်းခိုင်းရင် စုံစမ်းလိုက်... ဘာလို့ အဲ့လောက် မေးခွန်းတွေ များနေရတာလဲ..."
ချန်ကော်ကျဲက စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပါပြီ... ကောင်းပါပြီ... ကျုပ် စုံစမ်းပေးပါ့မယ်... ဒါပေမဲ့ သခင်ကြီးချန်... ဘာလို့ ရုတ်တရက်ကြီး အဲ့လိုသာမန်လူတစ်ယောက်ကို စိတ်ဝင်စားသွားရတာလဲ..."
"တခြားဟာတွေ ဂရုစိုက်မနေနဲ့... အဲဒါကိုပဲ စုံစမ်းပေးပြီး သိရသိရချင်း ကျုပ်ကို ချက်ချင်း ပြန်ပြော..."
ချန်ကော်ကျဲက ပြောပြီးသည်နှင့် ဖုန်းချလိုက်၏။
သူက သူ၏ နားထင်ကို ပွတ်သပ်လိုက်ပြီး ဤကိစ္စက သူ့အတွက် မျှော်လင့်မထားသော အံ့ဩစရာတစ်ခု ယူဆောင်လာနိုင်သည်ဟု ဝေဝေဝါးဝါး ခံစားနေမိသည်။
မြွေခြံအသစ် ပြီးစီးသွားပြီဖြစ်ပြီး လဲ့ချန် တွေးထင်ထားသည်ထက်ပင် များစွာပို၍ ခမ်းနားနေ၏။
၎င်းက တောင်စောင်း၏ နေရောင်ရသော ဘက်ခြမ်းတွင် မြေနှစ်ဧကတိတိ နေရာယူထားပြီး မီတာဝက်ကျော် မြင့်သော အပြာရောင်အုတ်နံရံဖြင့် ဝန်းရံထားသည်။ နံရံ၏ အပေါ်ဘက်ကိုမူ မြွေများ နံရံအက်ကွဲကြောင်းများမှတစ်ဆင့် လွတ်ထွက်မသွားစေရန် ဘိလပ်မြေ တစ်လွှာဖြင့် အထူးသုတ်လိမ်းထား၏။
မြွေခြံအတွင်း၌ မြွေမျိုးစိတ်များအလိုက် ဧရိယာအသီးသီး ခွဲခြားထားသည်။ မြွေများ၏ သဘာဝ ပတ်ဝန်းကျင်ကို ပုံဖော်ရန် ကျောက်တုံးများဖြင့် ပြုလုပ်ထားသော တောင်တုများ ရှိသကဲ့သို့ ဆောင်းတွင်း၌ နွေးထွေးပြီး နွေရာသီ၌ အေးမြစေသော သစ်သားပျဉ်ပြားများဖြင့် တည်ဆောက်ထားသည့် မြွေအသိုက်များလည်းရှိ၏။
မြွေပါများ၊ တောကြောင်များနှင့် အခြား တိရစ္ဆာန်များ၏ တိုက်ခိုက်မှုကို ကာကွယ်ရန် လဲ့ချန်က နံရံအပြင်ဘက် တစ်ဝိုက်တွင် ရေမြောင်း နက်နက်တစ်ခု တူးထားပြီး ၎င်းအတွင်း၌ ထက်မြက်အောင် သွေးထားသော ဝါးချွန်များကို အောက်စိုက်၍ သိပ်သည်းစွာ စိုက်ထားရာ မြင်ရုံဖြင့် ကျောချမ်းဖွယ် ကောင်းလှသည်။
"အစ်ကိုချန်... ဒီမြွေခြံက မြေရှင်တွေရဲ့ ခြံဝင်းထက်တောင် ပိုပြီး ခမ်းနားနေသေးတယ်..."
လဲ့အားကော်က မြွေခြံပတ်လည်ကို အခေါက်ခေါက်အခါခါ လမ်းလျှောက်ရင်း ၎င်း၏ အံ့မခန်းဖွယ်ကို အံ့သြချီးကျူးနေမိ၏။
လဲ့ချန်က သူ့ပခုံးကို ပုတ်၍ ပြုံးလိုက်သည်။
"အားကော်... အခုကစပြီး ဒီမြွေခြံက မင်းလက်ထဲမှာပဲ... သေချာလုပ်..."
"စိတ်မပူပါနဲ့ အစ်ကိုချန်... ဒီမြွေသခင်တွေကို သေချာဂရုစိုက်ပါ့မယ်..."
လဲ့အားကော်က သူ့ရင်ဘတ်ကို ပုတ်၍ အာမခံလိုက်၏။
မြွေခြံအသစ်ကိုကြည့်ရင်း လဲ့ချန်က သူ၏ နောက်ထပ် အစီအစဉ်ကို စဉ်းစားနေသည်။
မြွေများ မျိုးပွားရန်အတွက် အစာ အများအပြား လိုအပ်ပြီး ၎င်းတို့၏ နေထိုင်ရာ ပတ်ဝန်းကျင်မှာလည်း သွက်လက် တက်ကြွနေရန် လိုအပ်၏။
ယခင်က လဲ့အားကော်နှင့် သူ၏ တပည့်များက တောင်ပေါ်သို့ တက်၍ တိရစ္ဆာန်များကို အရှင်ဖမ်းခဲ့ကြသော်လည်း ဤသည်က အလုပ်မတွင်လှဘဲ ဖမ်းမိလာသော တိရစ္ဆာန်များ၏ အရွယ်အစားမှာလည်း မတူညီကြသဖြင့် မြွေများ ကြီးထွားမှုအတွက် မကောင်းပေ။
သူ မှန်မှန် ရရှိနိုင်မည့် အစာအရင်းအမြစ်တစ်ခုကို ရှာဖွေရန် လိုအပ်ကြောင်း လဲ့ချန် စဉ်းစားလိုက်သည်။
"ယုန်..."
ဤအတွေးက လဲ့ချန်၏ ခေါင်းထဲသို့ ရုတ်တရက် ဝင်လာ၏။
ယုန်များက မျိုးပွားမြန်ပြီး အသားလည်း အရသာရှိသောကြောင့် မြွေများအတွက် အကောင်းဆုံး အစာအရင်းအမြစ်ဖြစ်သည်။
ထို့အပြင် ယုန်များက အရွယ်အစား သေးငယ်သဖြင့် မြွေများ မျိုချရန် လွယ်ကူစေပြီး အရွယ်အစား ကြီးမားလွန်းသော သားကောင်ကို မျိုချခြင်းကြောင့် မြွေများထိခိုက်ဒဏ်ရာ ရခြင်းမှလည်း ကာကွယ်ပေးနိုင်၏။
တွေးပြီးသည်နှင့် ချက်ချင်း အကောင်အထည် ဖော်လိုက်သည်။ နောက်တစ်နေ့တွင် လဲ့ချန်က လဲ့အားကော်ကို ခေါ်၍ တောင်ပေါ်သို့ တက်လာခဲ့၏။
"အားကော်... ငါတို့ရဲ့ ဒီတစ်ခေါက် တာဝန်က ယုန်တွင်း းရှာဖို့ပဲ..."
လဲ့ချန်က လမ်းလျှောက်ရင်း ရှင်းပြလိုက်၏။
"ယုန်တွေကို အရှင်ဖမ်းရတာက အရမ်း ဒုက္ခများပြီး သူတို့ကို အလွယ်တကူ ဒဏ်ရာ ရစေနိုင်တယ်... ငါတို့က ယုန်တွင်းတွေနားမှာ ထောင်ချောက်တွေ ဆင်ထားရင် အမြဲတမ်း လတ်ဆတ်တဲ့ ယုန်တွေကို ဆက်တိုက် ရနိုင်တယ်..."
"အစ်ကိုချန်... အဲဒါ အရမ်းကောင်းတဲ့ အကြံပဲ..."
ဤစကားကို ကြားသောအခါ လဲ့အားကော်က ချက်ချင်းပင် တက်ကြွလာသည်။
"ဒါပေမဲ့ အဲ့ယုန်တွေက အရမ်း ကောက်ကျစ်တယ်... သူတို့ရဲ့ တွင်းတွေက သေချာပုန်းကွယ်နေတော့ ရှာရခက်တယ်..."
"စိတ်မပူပါနဲ့... ငါ့မှာ နည်းလမ်းရှိတယ်..."
လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်၏။ သူ၏ အတိတ်ဘဝတွင် တပ်မတော်၌ တောတွင်း ရှင်သန်ရေး သင်တန်းကို တက်ရောက်ခဲ့ပြီး သားကောင် ခြေရာခံခြင်းက သူ့အတွက် အခြေခံကျွမ်းကျင်မှုတစ်ခုသာ ဖြစ်သည်။
သူတို့နှစ်ယောက်က တောင်လမ်းတစ်လျှောက် ရှာဖွေခဲ့ကြပြီး လဲ့ချန်က သူ၏ ကြွယ်ဝသော အတွေ့အကြုံများဖြင့် သဲလွန်စအချို့ကို လျင်မြန်စွာ ရှာဖွေတွေ့ရှိသွားသည်။
ယုန်များက သူတို့၏ လှုပ်ရှားရာ ဧရိယာများတွင် ကိုက်ဖြတ်ထားသော မြက်ခင်းများ၊ ပြန့်ကျဲနေသော ချေးများနှင့် ခြေရာငယ်လေးများ ကဲ့သို့သော ထင်ရှားသည့် ခြေရာများကို ချန်ထားလေ့ ရှိ၏။
"အားကော်... ဒီနေရာကို ကြည့်..."
လဲ့ချန်က မြက်ခင်း တစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီမြက်တွေက အစားခံထားရတာ သိသာတယ်... ပြီးတော့ အရမ်းလည်း လတ်ဆတ်သေးတယ်... ဒီနားတစ်ဝိုက်မှာ ယုန်တွင်းတွေ ရှိကို ရှိရမယ်..."
လဲ့အားကော်က အနီးသို့ သွား၍ သေချာ ကြည့်လိုက်ရာ ယုန်ချေးအချို့ကို အမှန်တကယ်ပင် တွေ့လိုက်ရ၏။
"အစ်ကိုချန်... အစ်ကို့ မျက်စိက တော်တော် စူးရှတာပဲ..."
လဲ့ချန်က ပြုံး၍ ဆက်လျှောက်သွားသည်။ မကြာမီ သူတို့က ချုံပုတ်တစ်ခု အောက်၌ ယုန်တွင်းတစ်တွင်းကို တွေ့လိုက်ရ၏။
"တွေ့ပြီ..."
လဲ့အားကော်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။
လဲ့ချန်က သူ့ကို တိတ်တိတ်နေရန် လက်ဟန်ပြလိုက်ပြီးနောက် ပတ်ဝန်းကျင်ကို သေချာစွာ လေ့လာကာ ထောင်ချောက် ဆင်မည့် နေရာကို စတင် စီစဉ်လိုက်၏။
"ရိုးရှင်းတဲ့ ကျော့ကွင်းထောင်ချောက်ကနေ စကြတာပေါ့..."
လဲ့ချန်က ပြောရင်း သူ့ကိရိယာသေတ္တာထဲမှ ပါးလွှာသော လျှော်ကြိုး တစ်ထုံးကို ယူလိုက်သည်။ ဤကြိုးက အလွန်ခိုင်ခံ့သော တောင်ပေါ် တောမြက်တစ်မျိုးဖြင့် အထူး ပြုလုပ်ထားခြင်း ဖြစ်ပြီး သာမန် လျှော်ကြိုးများထက် များစွာပို၍ ခိုင်ခံ့ကာ တာရှည်ခံ၏။
သူက လက်မအရွယ်ခန့် တုတ်သော သစ်ကိုင်း တစ်ကိုင်းကို ရှာ၍ စက်ဝိုင်းပုံ ကွေးလိုက်ပြီး လျှော်ကြိုး၏ တစ်ဖက်စွန်းကို သစ်ကိုင်းတွင် တင်းကျပ်စွာ ချည်နှောင်ကာ အခြား တစ်ဖက်စွန်းတွင် ကွင်းလျှောတစ်ခု ပြုလုပ်လိုက်သည်။
"အားကော်... သေချာ ကြည့်ထား... ဒီကွင်းလျှောရဲ့ သော့ချက်က အထုံးမှာ ရှိတယ်..."
"ကြိုးကို ဖြစ်သလို ထုံးထားလို့ မရဘူး... ခုလိုမျိုး လုပ်ရတယ်..."
ပြောရင်းဆိုရင်းပင် သူက ကြိုးကို အကြိမ်အနည်းငယ် ကျွမ်းကျင်စွာ ပတ်၍ အထူး အထုံးတစ်ခုကို ထုံးလိုက်၏။
"ဒီအထုံးကို ကွင်းလျှောထုံးလို့ ခေါ်တယ်... သားကောင် ရုန်းကန်တာနဲ့အမျှ တင်းကျပ်သွားနိုင်ပေမဲ့ သားကောင်ရဲ့ ခြေထောက်တွေကိုတော့ မကျိုးစေဘူး... ဒီနည်းက သားကောင် အလွန်အမင်း ရုန်းကန်ရင်း သေဆုံးမသွားစေဘဲ သေချာပေါက် မိနေဖို့ အာမခံနိုင်တယ်..."
သူက ခေတ္တရပ်၍ သစ်သားချောင်းငယ် တစ်ချောင်းကို ကောက်ကိုင်ကာ ကလစ်အတွင်းသို့ ထည့်လိုက်သည်။
"မင်း မြင်တဲ့အတိုင်းပဲ... ဒီကလစ်ရဲ့ အရွယ်အစားကလည်း အရမ်းအရေးကြီးတယ်... ကြီးလွန်းလို့လည်း မရဘူး... သေးလွန်းလို့လည်း မရဘူး..."
"ကြီးလွန်းရင် သားကောင်က လွတ်သွားနိုင်တယ်... သေးလွန်းရင်လည်း သားကောင်ကို လည်ပင်း ညှစ်သလို ဖြစ်သွားနိုင်တယ်..."
"ယေဘုယျအားဖြင့် ပြောရရင်... ယုန်လို သေးငယ်တဲ့ တိရစ္ဆာန်တွေကို ဖမ်းတဲ့အခါ ဒီကွင်းလျှောရဲ့ အချင်းကို အကောင်းဆုံး ထိန်းချုပ်ထားသင့်တာက..."
သူက လက်ဟန်ပြလိုက်၏။
"ဒီလောက် အရွယ်လောက်ပဲ... ယုန်ခေါင်း ဝင်နိုင်ရုံလောက်ပဲရှိပြီး သူ့ခန္ဓာကိုယ် ဝင်နိုင်လောက်အောင်တော့ မကြီးစေရဘူး..."
သူက ပြုလုပ်ထားသော ကျော့ကွင်းကို ကိုင်၍ ညင်သာစွာ ဆွဲလိုက်သည်။
"မင်း ကြည့်..."
သူက ပြောလိုက်၏။
"ကျော့ကွင်းရဲ့ တင်းကျပ်မှုကလည်း အသက်ပဲ..."
"အရမ်းလျော့ရဲနေလို့ မရဘူး... မဟုတ်ရင် ယုန်က ရုန်းကန်တဲ့အခါ လွယ်လွယ်ကူကူ လွတ်သွားလိမ့်မယ်... အရမ်း တင်းကျပ်နေလို့လည်း မရဘူး... မဟုတ်ရင် ယုန်ကို လည်ပင်း ညှစ်သလို ဖြစ်သွားလိမ့်မယ်..."
"ယုန်ကို လည်ပင်းမညှစ်မိဘဲ ဖမ်းမိဖို့အတွက် အဲဒီတင်းကျပ်မှုက ကွက်တိဖြစ်နေရမယ်..."
သူက ကျော့ကွင်းကို သစ်ကိုင်းတွင် သေချာ တပ်ဆင်လိုက်ပြီးနောက် ကျော့ကွင်းအောက်၌ ယုန်ချေး အနည်းငယ်ကို ဖြန့်ကြဲလိုက်၏။
"ချေးတွေက ငါးစာပဲ... ယုန်တွေက ဒီချေးနံ့ကို ရပြီး ဆွဲဆောင်ခံရတဲ့အခါ ကျော့ကွင်းထဲကို ခေါင်းစိုက် ဝင်သွားလိမ့်မယ်..."
"ဘယ်လိုလဲ... မင်း သင်ယူပြီးပြီလား..."
လဲ့ချန်က လဲ့အားကော်ကို ကြည့်၍ အပြုံးဖြင့် မေးလိုက်သည်။
လဲ့အားကော်က စူးစိုက် နားထောင်ရင်း မေးလိုက်၏။
"အစ်ကိုချန်... ဒီကြိုးက ဘယ်လောက် ရှည်ရမလဲ..."
"ကြိုးရဲ့ အရှည်ကို ယုန်ရဲ့ အရွယ်အစားပေါ် မူတည်ပြီး သတ်မှတ်ရမယ်... ယေဘုယျအားဖြင့် အကောင်းဆုံး ကြိုးအရှည်က ယုန်ခုန်နိုင်တဲ့ အမြင့်နဲ့ သူ့ခန္ဓာကိုယ် အရှည် ပေါင်းထားတဲ့ ပမာဏပဲ..."
ပထမဆုံး ကျော့ကွင်းထောင်ချောက်ကို ဆင်ပြီးသောအခါ လဲ့ချန်က လဲ့အားကော်ကို ယုန်များ မကြာခဏ ထွက်ပေါ်လေ့ရှိသည့် အခြား နေရာတစ်ခုသို့ ခေါ်ဆောင်သွားသည်။
"ဒီနေရာမှာ... ကျောက်တုံးထောင်ချောက် တစ်ခု လုပ်ကြတာပေါ့..."
လဲ့ချန်က ပြောရင်း လက်သီးဆုပ်ခန့်ရှိသော ကျောက်တုံး တစ်တုံးကို ကောက်ကိုင်လိုက်ပြီး မြေကြီးထဲတွင် ကျင်းတိမ်တိမ် တစ်ခု တူးကာ ကျောက်တုံးကို ထိုကျင်းထဲ၌ ထောင်လျက် ထည့်လိုက်ရာ ထိပ်ဖျားလေးသာ အပြင်သို့ ထွက်နေတော့၏။