အခန်း ၁၉၂
Vol. 20 Ch. 192
အခန်း (၁၉၂) လဲ့အားကော် စတင် လေ့လာခြင်း
ထို့နောက် သူက ပါးလွှာရှည်လျားသော သစ်ကိုင်း တစ်ကိုင်းကို ရှာလိုက်ပြီး တစ်ဖက်စွန်းကို ကျောက်တုံး တစ်တုံးနှင့် ထောက်ထားကာ အခြား တစ်ဖက်စွန်းတွင် ကြိုးတစ်ချောင်းကို ချည်နှောင်လိုက်၏။ ထိုကြိုး၏ အခြားတစ်ဖက်စွန်းကိုမူ သစ်သားပြား တစ်ပြားတွင် ဆက်သွယ်ထားပြီး ထိုသစ်သားပြားပေါ်၌ လတ်ဆတ်သော တောဟင်းရွက်အချို့ကို အစာအဖြစ် တင်ထားသည်။
"ယုန်က တောဟင်းရွက်တွေကို လာစားတဲ့အခါ ကြိုးကို ထိမိသွားပြီး ကျောက်တုံးက ပြုတ်ကျလာကာ သူ့ကို ဖိထားလိမ့်မယ်..."
လဲ့ချန်က ရှင်းပြလိုက်၏။
"အစ်ကိုချန်... အဲဒါက အရမ်းယုတ်မာတဲ့ အကွက်ပဲ..."
လဲ့အားကော်က သွားဖြဲပြုံး၍ ပြောလိုက်သည်။
"ဒါပေမဲ့ ကျွန်တော် သဘောကျတယ်..."
ထို့နောက် လဲ့ချန်က လဲ့အားကော်ကို ခေါ်၍ ငှက်ဖမ်းပိုက်များ၊ ရစ်ငှက် ထောင်ချောက်များနှင့် တောဝက် ကျော့ကွင်းများ အပါအဝင် အခြားသော ထောင်ချောက် အမျိုးမျိုးကို ပြုလုပ်ပြခဲ့၏။
"အစ်ကိုချန်... ဒီထောင်ချောက်တွေအားလုံးကို ဘယ်ကနေ သင်လာတာလဲ... အရမ်း မိုက်တာပဲ..."
ဤပါးနပ်လှသော ထောင်ချောက်များကို ကြည့်ရင်း လဲ့အားကော်မှာ လဲ့ချန်အပေါ် အားကျလေးစားမှုများ ပြည့်နှက်သွားသည်။
"တောင်ပေါ်က မုဆိုးအိုကြီး တစ်ယောက်ဆီကနေ သင်လာတာ..."
လဲ့ချန်က ချက်ချင်းပင် လီဆယ် ပြောလိုက်၏။
"အဲဒီမုဆိုးအိုကြီးက အခု ဘယ်မှာလဲ... ကျွန်တော်လည်း သူ့ဆီက အကွက်အချို့ သင်ချင်လို့..."
လဲ့အားကော်က မျှော်လင့်တကြီး မျက်နှာထားဖြင့် မေးလိုက်သည်။
"သူက... တစ်လောကလုံးကို ပတ်ပြီး ခရီးထွက်သွားပြီ..."
လဲ့ချန်က အနည်းငယ် အနေရခက်စွာ ပြုံးလိုက်၏။
သူ၏ အတိတ်ဘဝက တပ်မတော်ထဲရှိ မှတ်ဉာဏ်များဖြစ်သည်ဟု သူ ထုတ်ပြော၍ မဖြစ်ချေ။ သို့မဟုတ်ပါက အားကော်မှာ လန့်သေသွားပေလိမ့်မည်။
"နှမြောစရာပဲ..."
လဲ့အားကော်က သက်ပြင်းချလိုက်ပြီးနောက် ပြန်လည် တက်ကြွလာ၏။
"ဒါပေမဲ့ ရပါတယ်... အစ်ကိုချန့် နောက်ကိုသာ လိုက်ရင် အနာဂတ်မှာ ကျွန်တော်လည်း ကျွမ်းကျင်တဲ့ မုဆိုးတစ်ယောက် သေချာပေါက် ဖြစ်လာမှာပါ..."
လဲ့ချန်က သူ၏ ပခုံးကို ပြုံး၍ ပုတ်လိုက်သည်။
"ကြိုးစားပြီး သင်ထား... ဒီမြွေခြံအတွက် အစာက အခုကစပြီး မင်းအပေါ်မှာပဲ မူတည်နေပြီ..."
နေဝင်သွားသောအခါ လဲ့ချန်နှင့် လဲ့အားကော်တို့က သူတို့၏ ကိရိယာများကို သယ်ဆောင်၍ ရယ်မောစကားပြောရင်း တောင်အောက်သို့ ဆင်းလာခဲ့ကြ၏။
လဲ့အားကော်မှာ လမ်းတစ်လျှောက်လုံး စိတ်လှုပ်ရှားနေခဲ့ပြီး မနက်ဖြန်တွင် ယုန်မည်မျှ ဖမ်းနိုင်မည်၊ ယုန်ခေါင်းစပ်စပ်ဟင်းတစ်အိုး ချက်ရန် လုံလောက်မည်၊ မလုံလောက်မည်ကို အဆက်မပြတ် ပြောဆိုနေခဲ့သည်။
"အားကော်... အရမ်းကြီး စိတ်လှုပ်ရှားမနေနဲ့ဦး..."
လဲ့ချန်က ပြုံး၍ သတိပေးလိုက်၏။
"အဲ့ယုန်တွေအားလုံးက နောင်ကျရင် မင်းရဲ့ စီမံခန့်ခွဲမှုအောက်မှာရှိမှာ... သူတို့ကို သေချာ မွေးမြူနိုင်မှ ငါတို့ နေ့တိုင်း အသားစားရမှာ..."
ဤစကားကို ကြားသောအခါ လဲ့အားကော်မှာ ပို၍ပင် စိတ်လှုပ်ရှားသွားသည်။
“အစ်ကိုချန်... စိတ်မပူပါနဲ့... သူတို့ကို ဝဖြိုးကျန်းမာလာအောင် သေချာပေါက် မွေးပေးပါ့မယ်..."
အိမ်သို့ ရောက်သောအခါ ချီလန်က ညစာ ပြင်ဆင်ထားပြီး ဖြစ်သည်။ မွှေးပျံ့နေသော ပြောင်းဖူးမုန့်ပေါင်းနှင့် ဝက်နံရိုးဟင်းချိုတို့ပင်ဖြစ်၏။ အသားနံ့ကို ရသည်နှင့် လဲ့အားကော်မှာ သူ၏ အဆက်မပြတ် စကားပြောနေခြင်းကို ချက်ချင်း ရပ်တန့်လိုက်ပြီး ထမင်းစားပွဲတွင် ဝင်ထိုင်လိုက်သည်။
လဲ့ချင်းကလည်း ဒီဇိုင်းကြမ်းတစ်ခုကို ရေးဆွဲပြီးသွားရာ မှိန်ပျပျ မီးရောင်အောက်တွင် ဂရုတစိုက် စစ်ဆေးနေ၏။
သူတို့ နှစ်ယောက် ပြန်လာသည်ကို မြင်သောအခါ ချီလန်က အပြုံးဖြင့် နှုတ်ဆက်လိုက်သည်။
"မြန်မြန် လက်ဆေးပြီး ထမင်းစားကြ... ဒီနေ့ အရမ်းပင်ပန်းလာကြရောပေါ့..."
ညစာစားပြီးနောက် လဲ့ချန်က လဲ့အားကော်ကို ခြံဝင်းထဲသို့ ခေါ်ထုတ်ကာ "မွေးမြူရေး သင်တန်း" ကို စတင်လိုက်၏။
"ယုန်မွေးဖို့အတွက် ပထမဆုံး လိုအပ်တာက သန့်ရှင်းတဲ့တွင်းပဲ... အရမ်း စိုစွတ်နေလို့လည်း မရဘူး... အရမ်း ပူအိုက်လွန်းနေလို့လည်း မရဘူး..."
လဲ့ချန်က ပြောရင်း မြေကြီးပေါ်တွင် ယုန်အိမ်၏ ပုံကြမ်းတစ်ခုကို ရေးဆွဲလိုက်သည်။
"သစ်သားပျဉ်ပြားတွေနဲ့ ဘောင်တစ်ခု ဆောက်ပြီး အောက်ကနေ မြက်ခြောက်တွေ ခင်းထားတာ အကောင်းဆုံးပဲ... အဲ့နည်းဆိုရင် ယုန်တွေ သက်သောင့်သက်သာရှိပြီး ဖျားနာနိုင်ခြေ နည်းသွားလိမ့်မယ်..."
လဲ့အားကော်က အဆက်မပြတ် ခေါင်းညိတ်လိုက်ပြီး ယုန်အိမ်ဆောက်ရန် သစ်သားပျဉ်ပြားများကို ချက်ချင်း သွားရှာချင်စိတ်များ ပေါက်လာ၏။
"ပြီးတော့ ယုန်တွေရဲ့ အစာက အရမ်း အရေးကြီးတယ်... မြက်ခြောက်ချည်းပဲ ကျွေးနေလို့ မရဘူး... မုန်လာဥနီ အရွက်တွေ၊ ဂေါ်ဖီထုပ် အရွက်တွေလိုမျိုး ဟင်းသီးဟင်းရွက်တွေကိုလည်း ထည့်ကျွေးရမယ်... ဒါမှ သူတို့ ပိုမြန်မြန် ကြီးထွားနိုင်မှာ..."
လဲ့ချန်က သူ၏ အတွေ့အကြုံများကို ဆက်လက် မျှဝေနေသည်။
"ယုန်တွေ ကြီးလာတာနဲ့အမျှ သူတို့ကို မျိုးပွားဖို့လည်း ဂရုစိုက်ရဦးမယ်..."
ဤနေရာသို့ ရောက်သောအခါ လဲ့အားကော်က သူ၏ ခေါင်းကို ကုတ်၍ အနည်းငယ် ရှက်ကိုးရှက်ကန်းဖြင့် မေးလိုက်၏။
"အစ်ကိုချန်... ယုန်တွေကို မျိုးပွားတဲ့အခါမှာ သီးသန့် အလေ့အထတွေ ရှိလို့လား..."
လဲ့ချန်က ပြုံး၍ ပြောလိုက်သည်။
"အဲဒါကို သေချာ နားထောင်ထားတာ ပိုကောင်းမယ်... အထီးနဲ့ အမက..."
သူက ယုန်များ မျိုးပွားခြင်းဆိုင်ရာ အသိပညာကို အသေးစိတ် ရှင်းပြလိုက်ရာ လဲ့အားကော်မှာ အံ့အားသင့် မှင်တက်သွား၏။
"အစ်ကိုချန်... အစ်ကိုက တော်တော်လေးကို သိတာပဲ..."
လဲ့အားကော်မှာ အလွန်တရာ အထင်ကြီးသွားသည်။
“အစ်ကိုက အဲ့အကြောင်းကိုတောင် သိနေသေးတာပဲ..."
လဲ့ချန်က ပြုံးရုံသာ ပြုံးနေပြီး များများစားစား မရှင်းပြတော့ချေ။ သူ၏ အတိတ်ဘဝတွင် အသက်ရှင် ရှင်သန်နိုင်ရန်အတွက် အရာအားလုံးကို သင်ယူခဲ့ရသည်။ ယုန်များနှင့် မြွေများ မွေးမြူခြင်းက ထိုအရာများနှင့် နှိုင်းယှဉ်လျှင် ဘာမျှ မဟုတ်ပေ။
"မြွေမွေးတာကလည်း အဲ့သဘောတရား အတိုင်းပဲ..."
လဲ့ချန်က ဆက်ပြောလိုက်၏။
"မြွေခြံကို ခြောက်သွေ့ပြီး လေဝင်လေထွက် ကောင်းအောင် ထားရမယ်... အစာက လတ်ဆတ်နေရမယ်... ပြီးတော့ မြွေရေခွံတွေကိုလည်း ပုံမှန် ရှင်းလင်းပေးရမယ်..."
"အစ်ကိုချန်... ဒီမြွေရေခွံတွေကို ဘယ်လို ရှင်းရမှာလဲ... လက်နဲ့ပဲ တိုက်ရိုက် ကိုင်ရမှာလား..."
လဲ့အားကော်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
လဲ့ချန်က ပြုံး၍ ခေါင်းခါလိုက်၏။
"အဲလိုတော့ မဟုတ်ဘူး... ညှပ်လေးတစ်ခု ဒါမှမဟုတ် သစ်ကိုင်းလေးတစ်ခုကို သုံးပြီး ကောက်လိုက်ရုံပဲ... မစုတ်ပြဲသွားအောင် သတိထားရမယ်... မြွေရေခွံက ပစ္စည်းကောင်းပဲ... ပိုက်ဆံရအောင် ရောင်းလို့ ရတယ်..."
"တကယ်လား... မြွေရေခွံတွေက ပိုက်ဆံရအောင် ရောင်းလို့ ရတယ်လား..."
လဲ့အားကော်က အံ့သြတကြီး မေးလိုက်သည်။
"သေချာပေါက်ပေါ့... မြွေရေခွံကို ဆေးဝါးအဖြစ် အသုံးပြုလို့ ရသလို လက်မှုပစ္စည်းတွေ အဖြစ်လည်း ပြုလုပ်လို့ ရတယ်... အတော့်ကို တန်ဖိုးရှိတာ..."
လဲ့ချန်က ရှင်းပြလိုက်၏။
"ငါတို့ရဲ့ မြွေတွေ ကြီးလာပြီး ရေခွံတွေ အလုံအလောက် စုမိသွားရင် အဲဒါက ဝင်ငွေလမ်းကြောင်းတစ်ခု ဖြစ်လာလိမ့်မယ်..."
"အစ်ကိုချန်... ဒီခလောက်မြွေတွေက အဆိပ်ရှိလား... သူတို့ ကိုက်တတ်လား..."
"မင်း သတိထားပြီး သူတို့ကို မစသရွေ့တော့ ယေဘုယျအားဖြင့် မကိုက်ပါဘူး..."
လဲ့ချန်က သူ့ကို နှစ်သိမ့်လိုက်သည်။
"ဒါ့အပြင် မင်းကို ကိုယ်ခံပညာ အချို့ သင်ပေးထားဦးမှာမို့လို့ အကိုက်ခံရရင်တောင် ကြောက်စရာ မလိုပါဘူး..."
လဲ့အားကော်ဆိုသော ထိုကောင်လေးမှာ အမှန်တကယ်ပင် သင်ယူမှုအပိုင်းတွင် အတော်လေး တော်သည်။
နေ့လယ်ဘက်တွင် သူက လဲ့ချန်နောက်သို့ လိုက်ကာ မြွေခြံ ပတ်လည်တွင် မြွေများကို ဖမ်းခြင်း သို့မဟုတ် အစာကျွေးခြင်းများကို ပြုလုပ်ရာ သူ၏ ခန္ဓာကိုယ်မှာ ဖော်ပြ၍မရသော "မြွေနံ့" မျိုးစုံဖြင့် ဖုံးလွှမ်းနေ၏။ ညဘက်တွင်လည်း သူက အလုပ်များနေပြီး လဲ့ချန် ရှာပေးထားသော မြွေမွေးမြူရေး စာအုပ်ဟောင်းများကို ဖတ်ရှုရာတွင် နစ်မြုပ်နေကာ ဇနီးသည် တစ်ယောက်ကို လိုက်ရှာစဉ်ကထက်ပင် ပို၍ စူးစိုက်လေ့လာနေသည်။
လဲ့အားကော်က စိတ်ဝင်တစား ဖတ်ရှုနေပြီး တစ်ခါတစ်ရံတွင် ရေရွတ်လိုက်၏။
"မြွေရေခွံတွေက အရေပြား ရောဂါတွေကို ကုသနိုင်တယ်ပေါ့... အစ်ကိုချန်... ဒီစာအုပ်ထဲက အရာအားလုံးက အမှန်တွေချည်းပဲလား..."
လဲ့ချန်က ရယ်မော၍ သူ့ကို စလိုက်သည်။
"အဲဒါ အတုဖြစ်နေရင်တောင် မင်းက အဲ့လောက် အလေးအနက်ထားနေတာလား... ဘာလဲ... အရေပြားအသစ် လဲချင်နေလို့လား..."
လဲ့အားကော်က ရယ်မော၍ သူ၏ ခေါင်းကို ကုတ်လိုက်၏။
"ဟီးဟီး... ကျွန်တော်က ဆန်းသစ်တယ်လို့ ထင်လို့ပါ... မြွေမွေးတာကနေ ဒီလောက် အများကြီး သင်ယူရမယ်လို့ တစ်ခါမှ မတွေးဖူးဘူး..."
"ကြိုးစားပြီး လေ့လာ... အနာဂတ်ကျရင် မင်းက ငါတို့ရဲ့ မြွေခြံအတွက် နည်းပညာ အကြံပေး ဖြစ်လာလိမ့်မယ်..."
လဲ့ချန်က သူ၏ ပခုံးကို ပုတ်၍ အားပေးလိုက်သည်။
ဤစကားကို ကြားသောအခါ လဲ့အားကော်၏ မျက်လုံးများ အရောင်လက်သွားပြီး ပို၍ပင် စိတ်အားထက်သန်လာကာ စာအုပ်ထဲရှိ အကြောင်းအရာ အားလုံးကို အလွတ်ကျက်မှတ်ထားချင်စိတ်များ ပေါက်လာ၏။
လဲ့ချန်က အချိန်တန်ပြီဟု ခံစားလိုက်ရပြီး မြွေမှုန့်၊ မြွေခြောက်နှင့် မြွေအရက်ကဲ့သို့သော ထုတ်ကုန်များကို ပိုမို လွယ်ကူစွာ ရောင်းချနိုင်ရန် မြွေခြံကို အရောင်းမြှင့်တင်ရန် စီစဉ်လိုက်သည်။
သို့သော် ဤအရောင်းမြှင့်တင်ရေးကလည်း ပြဿန တစ်ခုပင်။ အသံချဲ့စက်တစ်လုံးဖြင့် ပတ်ပြီး အော်ဟစ်နေ၍လည်း မရနိုင်ချေ။
သေချာစဉ်းစားပြီးနောက် လဲ့ချန်က သူ၏ ညီမဖြစ်သူ လဲ့ချင်းကို သတိရသွား၏။
ဤကောင်မလေးက ငယ်စဉ်ကတည်းက ပန်းချီဆွဲရသည်ကို ဝါသနာပါပြီး ယခုအခါတွင် အလွန်ကောင်းမွန်သော ပန်းချီစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ သူမ ဒီဇိုင်းဆွဲထားသော အဝတ်အစားများက ဆန်းသစ်ပြီး ခေတ်မီကာ မြို့ပေါ်ရှိ မိန်းကလေး အများအပြားက ဝယ်ယူရန် စိတ်အားထက်သန်နေကြ၏။
"ဒါက အသင့်ရှိနေတဲ့ ဒီဇိုင်းဝန်ကြီးမဟုတ်ဘူးလား..."
"ညီမလေး... မင်းနဲ့ တိုင်ပင်စရာတစ်ခု ရှိတယ်..."
လဲ့ချန်က ပန်းချီဆွဲနေသော လဲ့ချင်းကို ရှာတွေ့သွားသည်။
လဲ့ချင်းက ခေါင်းမမော့ဘဲ ခဲတံတစ်ချောင်းကို လက်တွင် ကိုင်ကာ ပန်းချီစက္ကူပေါ်၌ လိုင်းများကို လျင်မြန်စွာ ရေးဆွဲနေ၏။
"ဘာကိစ္စလဲ အစ်ကို... ညီမ အခု အလုပ်များနေတယ်..."
"ဘာတွေ အလုပ်များနေတာလဲ... အဝတ်အစား ဒီဇိုင်းအသစ်တွေ ဆွဲနေပြန်ပြီလား..."
လဲ့ချန်က ငုံ့၍ ကြည့်လိုက်သည်။ ပန်းချီကားထဲတွင် ကောက်ကြောင်းများ ပေါ်လွင်ပြီး ကျက်သရေရှိလှသော ခန္ဓာကိုယ်ကောက်ကြောင်းဖြင့် ချောင်ဆမ် ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦးကို ရေးဆွဲထား၏။
"ဟုတ်တယ်... ဒီဒီဇိုင်းက နောက်ပိုင်း ခေတ်စားနေတာ... ပိုက်ဆံ ပိုရမလားလို့ ပုံစံ ကွဲပြားတဲ့ ဒီဇိုင်း အနည်းငယ် ဆွဲကြည့်မလို့ စဉ်းစားနေတာ..."
လဲ့ချင်းက ရှင်းပြလိုက်သည်။
"ဝိုး... ကောင်မလေး... မင်းရဲ့ ပန်းချီဆွဲတဲ့ စွမ်းရည်က တဖြည်းဖြည်း ပိုပိုကောင်းလာပါလား... မြို့ပေါ်က ဒီဇိုင်းနာကြီးတွေထက်တောင် ပိုတော်နေသေးတယ်..."
လဲ့ချန်က ချွင်းချက်မရှိ ချီးကျူးလိုက်၏။
“ငါ ဒီတစ်ခေါက်လာတာ မင်းကို ပိုစတာ အနည်းငယ်လောက် ဆွဲပေးဖို့ အကူအညီ လာတောင်းတာ..."