အခန်း ၁၉၃
Vol. 20 Ch. 193
အခန်း (၁၉၃) ဖိတ်ခေါ်မထားသော ဧည့်သည်
"ပိုစတာ... ဘာပိုစတာလဲ..."
လဲ့ချင်းက ပန်းချီဆွဲနေသည်ကို ရပ်လိုက်ပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်၏။
"ငါတို့ မြွေမွေးမြူရေးခြံကို ကြော်ငြာမယ့် ပိုစတာလေ... အဓိကက မြွေမှုန့်၊ မြွေခြောက်နဲ့ မြွေအရက်လို ထုတ်ကုန်တွေရဲ့ အာနိသင်တွေကို ပြသဖို့ပဲ..."
လဲ့ချန်က ရှင်းပြလိုက်သည်။
"နင့်ကို ငါ မြွေတွေအကြောင်း အများကြီး သင်ပေးထားတော့ အဲ့ဟာတွေက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ နင် သိမှာပါ... နင်သာ ဆွဲဆောင်မှုရှိတဲ့ ပုံစံတွေ ဖန်တီးပေးနိုင်ရင် ဖောက်သည်တွေ အများကြီးကို သေချာပေါက် ဆွဲဆောင်နိုင်လိမ့်မယ်..."
လဲ့ချင်းက တွေးကြည့်လိုက်ရာ အတော်လေး စိတ်ဝင်စားစရာ ကောင်းနေသည်ကို တွေ့လိုက်ရသဖြင့် ချက်ချင်းပင် သဘောတူလိုက်၏။
"ရတယ်လေ အစ်ကို... ပြဿနာမရှိဘူး..."
"ဒါပေမဲ့ ဘယ်လိုပိုစတာမျိုး လိုချင်တာလဲ... သီးခြားလိုအပ်ချက်တွေများရှိလား..."
"အင်း..."
လဲ့ချန်က သူ၏ မေးစေ့ကို ပွတ်သပ်၍ တစ်ခဏမျှ စဉ်းစားခန်း ဝင်သွားသည်။
"ပထမဆုံးအနေနဲ့ ထုတ်ကုန်ရဲ့ အာနိသင်ကို ပေါ်လွင်အောင် လုပ်ရမယ်... ဥပမာ... မြွေမှုန့်က အသားအရေကို လှပစေတယ်... မြွေခြောက်က ခန္ဓာကိုယ်ကို အာဟာရဖြစ်စေပြီး သန်စွမ်းစေတယ်... မြွေအရက်က သွေးလည်ပတ်မှုကို ကောင်းမွန်စေပြီး သွေးခဲတာတွေကို ဖယ်ရှားပေးတယ်ပေါ့..."
"ဒုတိယ အချက်ကတော့ အမြင်အာရုံကို ဆွဲဆောင်နိုင်ရမယ်... ပထမဆုံး မြင်လိုက်တာနဲ့ မှတ်မိသွားနိုင်ရင် အကောင်းဆုံးပဲ..."
"နောက်ဆုံးအနေနဲ့ ဖောက်သည်တွေ လာဝယ်နိုင်အောင် ငါတို့ မြွေမွေးမြူရေးခြံရဲ့ လိပ်စာနဲ့ ဆက်သွယ်ရန် အချက်အလက်တွေကို ရေးထားဖို့ လိုတယ်..."
"အစ်ကို... အစ်ကို့တောင်းဆိုချက်က နည်းနည်းလေး ဝေဝါးလွန်းမနေဘူးလား..."
လဲ့ချင်းမှာ မကျေမနပ် မညည်းညူဘဲ မနေနိုင်တော့ချေ။
"အစ်ကို ပြောနေတာတွေက အဓိပ္ပာယ်မရှိတာချည်းပဲ... ပိုစတာတွေက ထုတ်ကုန်ရဲ့ အာနိသင်ကို ပေါ်လွင်စေရမယ်... အာရုံစိုက်မှုရအောင် လုပ်ရမယ်... ဆက်သွယ်ရန် အချက်အလက်တွေ ပါရမယ်ဆိုတာ လူတိုင်း သိတာပဲ မဟုတ်ဘူးလား..."
"ဘယ်လိုအရောင်တွေ၊ ပုံစံတွေ ဒါမှမဟုတ် စတိုင်တွေကို သုံးချင်လဲဆိုတဲ့ တိကျတဲ့ စိတ်ကူးစိတ်သန်းမျိုး ညီမကို ပေးမှရမယ်..."
လဲ့ချင်း၏ ဆူပူကြိမ်းမောင်းမှုကို ခံလိုက်ရပြီးနောက် လဲ့ချန်မှာ ဆွံ့အသွား၏။ ဤအနုပညာနှင့် သက်ဆိုင်သောအရာများကို သူက မည်သို့လုပ် နားလည်နိုင်မည်နည်း။
သူ လိုချင်သည့် အကျိုးသက်ရောက်မှုက မည်သို့သော အရာဖြစ်သည်ကိုသာ သူ သိသည်။ မည်သို့ ဖန်တီးရမည်ဆိုသည်ကမူ လဲ့ချင်း၏ ကျွမ်းကျင်မှု ပညာရပ်အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
"ညီမလေး... အစ်ကိုက အဲ့ကိစ္စတွေအကြောင်း ဘာမှနားမလည်ဘူး... နင်ပဲ ကိုင်တွယ်လိုက်ပါ... နင့်အရည်အချင်းကို အစ်ကို ယုံတယ်..."
လဲ့ချန်က ပြဿနာကို လဲ့ချင်းထံသို့ လွှဲချလိုက်ရင်း ပြောလိုက်၏။
"လုပ်သာလုပ်လိုက်... ဖောက်သည်တွေကို ဆွဲဆောင်နိုင်သမျှ ကြည့်ကောင်းအောင်သာ လုပ်လိုက်..."
လဲ့ချင်းမှာ အကူအညီမဲ့စွာ သက်ပြင်းချလိုက်သည်။ သူမ၏ အစ်ကိုဖြစ်သူကို အားကိုး၍ ရမည်မထင်ချေ။
"အစ်ကိုက ညီမအတွက် ကိစ္စတွေကို အရမ်း ခက်ခဲအောင် လုပ်နေတာပဲ... အနည်းဆုံးတော့ အရိပ်အမြွက်လေး ဘာလေး ပေးဦးလေ... လေထဲကနေ ဒီအတိုင်း စိတ်ကူးယဉ်ပြီး ဆွဲထုတ်ဖို့ မျှော်လင့်နေတာတော့ မဟုတ်ပါဘူးနော်..."
လဲ့ချန်က ခေါင်းကုတ်လိုက်ပြီး အနုပညာနှင့် ပတ်သက်၍ သူ ဘာသိသနည်းဟု ကိုယ့်ကိုယ်ကိုယ် ပြန်တွေးနေမိ၏။ သူ အတိတ်သို့ ပြန်လည် မဝင်စားမီက သူ၏ ခေါင်းထဲတွင် မည်သို့ တိုက်ခိုက်ရမည်၊ မည်သို့ အသက်ရှင်သန်ရမည် ဆိုသည်တို့ဖြင့်သာ ပြည့်နှက်နေခဲ့သည်။ ယခုမူ မည်သို့ ငွေရှာရမည်နှင့် သူ၏ မိသားစုကို မည်သို့ ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပေးရမည်ဆိုသည်တို့ဖြင့်သာ ပြည့်နှက်နေလေပြီ။
ကြော်ငြာပိုစတာများအတွက် ဖန်တီးမှုရှိသော စိတ်ကူးစိတ်သန်းများ ထုတ်ခိုင်းခြင်းက သူ့ကို စစ်တိုက်လွှတ်သည်ထက်ပင် ပို၍ ခက်ခဲနေပါသေးသည်။
"မြွေတောင်ပေါ်မှာ ရစ်ခွေနေပြီး လျှာလေး ထုတ်နေတဲ့ မြွေကြီး တစ်ကောင်ကို ဆွဲလိုက်ရင်ကော... ပြီးတော့ ဘေးနားမှာ 'မြွေမွေးမြူရေးခြံ' ဆိုတဲ့ စာတန်းလေး ရေးလိုက်မယ်လေ..."
လဲ့ချန်က ချီတုံချတုံဖြင့် အကြံပြုလိုက်သည်။
လဲ့ချင်းက မျက်လုံးလှန်လိုက်၏။
"အစ်ကို... ဖောက်သည်တွေကို လန့်ပြေးအောင် လုပ်နေတာလား... ကောင်းကောင်း နားမလည်တဲ့ လူတွေက ငါတို့တွေကို ပဒေသရာဇ် အယူသည်းမှုတွေ လုပ်နေတယ်လို့ ထင်ကုန်ကြမှာပေါ့..."
လဲ့ချန်က အနေရခက်စွာဖြင့် သူ၏ နှာခေါင်းကို ပွတ်သပ်လိုက်သည်။
"ဒါဆို... ဒါဆိုရင် မိန်းမချောလေး တစ်ယောက်က မြွေမှုန့်လေး ကိုင်ထားပြီး သူ့အသားအရေက ဖြူဖွေးနူးညံ့သွားတဲ့ပုံ ဆွဲလိုက်မယ်လေ…”
"အရမ်းအောက်လွန်းကြီးတာပဲ... သိပ်ကို အောက်လွန်းတယ်..."
လဲ့ချင်းက ထိုအကြံကို တုံ့ဆိုင်းနေခြင်း မရှိဘဲ ပယ်ချလိုက်ပြီး ပြောလိုက်၏။
"အခု ဘာခေတ်စားနေလဲဆိုတာ အစ်ကို သိလား... ကျန်းမာရေးနဲ့ သဘာဝတရားက ခေတ်စားနေတာ... အစ်ကို့ရဲ့ ပုံစံဖန်တီးမှုထဲမှာ အဲဒီအချက်တွေကို ပေါင်းစပ်ထည့်သွင်းဖို့ လိုတယ်..."
လဲ့ချန်မှာ လုံးဝကို လုပ်ရကိုင်ရ ခက်သွားတော့သည်။
"ညီမလေး... အစ်ကိုက အဲ့ကိစ္စတွေအကြောင်း တကယ် ဘာမှနားမလည်တာပါ... နင်ပဲ စဉ်းစားလိုက်ပါ... ငါတို့ မြွေမွေးမြူရေးခြံကို ကြော်ငြာနိုင်သမျှ ကာလပတ်လုံး အဆင်ပြေပါတယ်..."
လဲ့ချင်းမှာ ကိုယ့်ဘာသာကိုယ်သာ စဉ်းစားရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
၎င်းကို မြင်သောအခါ လဲ့ချန်က သူမကို မနှောင့်ယှက်တော့ဘဲ အုတ်များ သွားယူရန် အုတ်ဖိုဆီသို့ လှည့်ထွက်သွားလေသည်။
သူတို့က မြည်းလှည်းကို မောင်းနှင်၍ အုတ်ဖိုသို့သွားရာ လမ်းတစ်လျှောက် တလှိမ့်လှိမ့် တဆောင့်ဆောင့်ဖြင့် ထွက်လာခဲ့ကြသည်။
အုတ်ဖို ပိုင်ရှင်မှာ ဉာဏ်နီဉာဏ်နက်များသူ တစ်ဦး ဖြစ်သည်။ သူက လဲ့ချန် အုတ်များ လာယူသည်ကို မြင်သောအခါ ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။
"အိုး... ဆရာလဲ့ ရောက်လာတာကိုး... ဒီတစ်ခေါက် အုတ်ဘယ်လောက် လိုချင်လဲ..."
"လှည်းနှစ်စီးစာပါ..."
လဲ့ချန်က မြည်းလှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး စီးကရက် တစ်လိပ်ကို ထုတ်ကာ သူဌေးဖြစ်သူအား ကမ်းပေးလိုက်သည်။
"အရင်တိုင်းပါပဲ... ကျွန်တော့်အတွက် အကောင်းဆုံးတွေ ရွေးပေးပါ..."
"စိတ်မပူပါနဲ့ ဆရာလဲ့ရယ်... ကျွန်တော်က ခင်ဗျားကို လိမ်ပါ့မလား... ဒါတွေက ထိပ်တန်းအရည်အသွေး အပြာရောင်အုတ်တွေချည်းပဲ... အရမ်းကို ခိုင်ခံ့တယ်..."
သူဌေးက စီးကရက်ကို ယူ၍ ကျေနပ်အားရစွာ တစ်ဖွာ ဖွာလိုက်၏။
လဲ့ချန် အုတ်များ သယ်ယူနေစဉ်မှာပင် ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ဦးက မြွေမွေးမြူရေးခြံသို့ ရောက်ရှိလာခဲ့သည်။
ချန်ကော်ကျဲ၏ တပည့်ကြီး ဖြစ်သော ကျောက်ချန်က သူ၏ ဆရာဖြစ်သူ အမိန့်ဖြင့် လဲ့အားကော်ကို လာရောက် တွေ့ဆုံခြင်း ဖြစ်သည်။
ချန်ကော်ကျဲက လဲ့အားကော်၏ စွမ်းရည်များကို အမြဲတမ်း သိချင်စိတ် ပြင်းပြနေခဲ့ပြီး သူ၏ ဆရာက မည်သူဖြစ်ကြောင်းကို စုံစမ်းလိုနေခဲ့သည်။
ကျောက်ချန်က ကြွက်သားအမြှောင်းမြှောင်းနှင့် ခန္ဓာကိုယ် ထွားကျိုင်းသော လူသန်ကြီးတစ်ဦးဖြစ်ပြီး သူ လမ်းလျှောက်သည့်အခါတိုင်း ခွန်အားအပြည့်နှင့် လှမ်းလျှောက်တတ်သည်။
သူက မြွေခြံသို့ ရောက်ရှိလာပြီး လဲ့အားကော် ခြံဝင်းအတွင်း သိုင်းကျင့်နေသည်ကို မြင်လိုက်ရ၏။ သူက ရှေ့သို့ လှမ်းတက်သွားပြီး နှုတ်ဆက်သည့်အနေဖြင့် လက်အုပ်ချီကာ မေးလိုက်သည်။
"အစ်ကို... လဲ့အားကော်ဆိုတာ ဒီမှာနေတာလားလို့ မေးလို့ရမလား..."
လဲ့အားကော်က ကျောက်ချန်ကို သတိထား၍ ကြည့်လိုက်သည်။ ထိုလူ၏ ပုံစံက ခြိမ်းခြောက်နေသည့်ဟန်ရှိပြီး ရန်စ၍ ရမည့်သူမျိုး မဟုတ်ကြောင်း သိသာလှ၏။
"ကျွန်တော်က လဲ့အားကော်ပဲ... ခင်ဗျားက ဘယ်သူလဲ..."
လဲ့အားကော်က အသံဩဩဖြင့် မေးလိုက်သည်။
"ကျွန်တော့် နာမည်က ကျောက်ချန်ပါ... ဥက္ကဋ္ဌ ချန်ကော်ကျဲရဲ့ တပည့်ပါ..."
ကျောက်ချန်က သူ့ကိုယ်သူ မိတ်ဆက်လိုက်၏။
"ချန်ကော်ကျဲ..."
လဲ့အားကော်က အံ့အားသင့်သွားသည်။ သူ ထိုနာမည်ကို မှတ်မိနေ၏။ မြို့တော် သိုင်းပညာအသင်း၏ ဥက္ကဋ္ဌ ဖြစ်ပုံရသည်။
ဤကောင်က ပြဿနာလာရှာတာလား…
"ခင်ဗျားရဲ့ ဆရာက ခင်ဗျားကို ဘာလို့ ဒီနေရာကို လွှတ်လိုက်တာလဲ..."
လဲ့အားကော်က ရင်းနှီးမှု မရှိသော လေသံဖြင့် မေးလိုက်သည်။
"ကျွန်တော့်ဆရာက ခင်ဗျားရဲ့ စွမ်းရည်တွေကို သဘောကျလို့ လာတွေ့ခိုင်းလိုက်တာပါ..."
ထိုစကားကို ကြားသောအခါ လဲ့အားကော်မှာ ဒေါသ အိုးပေါက်ကွဲသွားတော့၏။ ဤကောင်က သူ့ကို လာရောက် ရန်စနေခြင်းဖြစ်ကြောင်း သိသာလှသည်။
သူက စကားတစ်ခွန်းမှ မဆိုတော့ဘဲ စိန်ခေါ်မှုကို ရင်ဆိုင်ရန် အသင့်ဖြစ်နေသည့် တိုက်ခိုက်ရေး ဟန်ပန်ကို ပြင်လိုက်သည်။
ကျောက်ချန်က အရင် စတင်တိုက်ခိုက်လိုက်ပြီး လဲ့အားကော်၏ ခေါင်းဆီသို့ အားပြင်းသော ခြေကန်ချက် တစ်ချက်ကို တည့်တည့်မတ်မတ် လွှဲကန်လိုက်၏။
လဲ့အားကော်က ဘေးဘက်သို့ ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ကျောက်ချန်၏ နံရိုးဆီသို့ လက်သီးတစ်ချက် ထိုးသွင်းလိုက်သည်။
ကျောက်ချန်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး လဲ့အားကော်၏ လက်သီးကို ကာကွယ်လိုက်ကာ ထိုအားကို အသုံးပြု၍ နောက်သို့ ခြေတစ်လှမ်း ဆုတ်လျက် အကွာအဝေးတစ်ခု ဖန်တီးလိုက်၏။
သူတို့ နှစ်ယောက်က လက်သီးများနှင့် ခြေကန်ချက်များ လေထဲတွင် ဝဲပျံနေအောင် အပြန်အလှန် ထိုးကြိတ်တိုက်ခိုက်နေကြပြီး တစ်ခဏတာမျှ အနိုင်အရှုံးကို ဆုံးဖြတ်ရန် ခက်ခဲနေခဲ့သည်။
"ဒီကောင်လေးက အတော်လေး အရည်အချင်း ရှိတာပဲ..."
ထိုအတွေးနှင့်အတူ ကျောက်ချန်က သူ၏ ဟန်ပန်ကို ပြန်လည် ပြင်ဆင်လိုက်သည်။
သူက အခွင့်အရေး တစ်ခုကို ဆုပ်ကိုင်လိုက်ပြီး "ကျားနက် နှလုံးထုတ်လက်သည်းသိုင်း" ကို အသုံးပြုကာ လဲ့အားကော်၏ ရင်ဘတ်ဆီသို့ တည့်တည့်မတ်မတ် ချိန်ရွယ်လိုက်၏။
လဲ့အားကော်က ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်ရာ ထိုတိုက်ခိုက်မှုကို ကိုယ်ကို နောက်သို့ကော့ချလိုက်သည့် ဟန်ဖြင့် ရှောင်တိမ်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ကျောက်ချန်၏ ခန္ဓာကိုယ် အောက်ပိုင်းကို ကန်ချလိုက်သည်။
သတိလက်လွတ် ဖြစ်သွားသဖြင့် ကျောက်ချန်မှာ လဲ့အားကော်၏ အကန်ခံလိုက်ရပြီး ယိုင်နဲ့သွား၏။
လဲ့အားကော်က သူ၏ အသာစီးရမှုကို အသုံးချ၍ ကျောက်ချန်အပေါ်သို့ လက်သီးမိုးများ ရွာချလိုက်သည်။
ကျောက်ချန်က အကောင်းဆုံး ခုခံကာကွယ်ရန် ကြိုးစားသော်လည်း လဲ့အားကော်၏ ထိုးစစ်များကြောင့် အကြိမ်ကြိမ် နောက်ဆုတ်နေခဲ့ရ၏။
လဲ့အားကော်က ပိုပို၍ ပြင်းထန်စွာ တိုက်ခိုက်လာပြီး သူ၏ သိုင်းကွက်များကလည်း တစ်စထက်တစ်စ ကြမ်းတမ်းလာခဲ့သည်။
သူက ဟာကွက်တစ်ခုကို ဖမ်းဆုပ်မိသွားပြီး "မျောက်မင်း မက်မွန်သီးခူးဟန်သိုင်းကွက်" ကို အသုံးပြု၍ ကျောက်ချန်၏ အသက်အန္တရာယ်ရှိသော နေရာသို့ တိုက်ခိုက်လိုက်၏။
သူတို့ နှစ်ယောက် အကြိတ်အနယ် တိုက်ခိုက်နေကြစဉ်မှာပင် လဲ့ချန်က သူ၏ မြည်းလှည်းဖြင့် ပြန်ရောက်လာခဲ့သည်။
သူက အဝေးမှနေ၍ မြွေခြံဝင်းအတွင်း တိုက်ပွဲဖြစ်နေသည်ကို မြင်လိုက်ရပြီး အနီးကပ် သေချာကြည့်လိုက်သောအခါ ၎င်းမှာ လဲ့အားကော်နှင့် သူစိမ်း လူသန်ကြီးတစ်ဦးဖြစ်နေကြောင်း သတိပြုမိသွား၏။
"အားကော်... ရပ်လိုက်စမ်း..."
လဲ့ချန်က မြည်းလှည်းပေါ်မှ ကမန်းကတန်း ခုန်ဆင်း၍ ခြံဝင်းထဲသို့ အမြန် ပြေးဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ချန်ကော်ကျဲလည်း ရောက်ရှိလာခဲ့၏။
သူ၏ တပည့်ဖြစ်သူက လဲ့အားကော်နှင့် အကြိတ်အနယ် တိုက်ခိုက်နေသည်ကို မြင်သောအခါ သူက အလျင်အမြန် အော်ဟစ်လိုက်သည်။
"ကျောက်ချန်... ရပ်လိုက်တော့..."
ကျောက်ချန်နှင့် လဲ့အားကော်တို့မှာ တစ်ပြိုင်နက်တည်း တိုက်ခိုက်နေခြင်းကို ရပ်တန့်လိုက်ကြပြီး သူတို့၏ ဆရာ အသီးသီးကို ဝေခွဲမရစွာဖြင့် ကြည့်လိုက်ကြ၏။
လဲ့ချန်က ခြေလှမ်း အနည်းငယ် ရှေ့တိုးသွားပြီး လဲ့အားကော်ကို သူ၏ နောက်သို့ မသိမသာ ဆွဲခေါ်လိုက်ကာ ကျောက်ချန်ကို စူးရဲစွာ စိုက်ကြည့်လိုက်သည်။
"အစ်ကို... ငါတို့ကြားမှာ အတိတ်က ရန်ငြိုးရန်စလည်း မရှိသလို လက်ရှိမှာလည်း ဘာပြဿနာမှမရှိဘဲနဲ့ ဘာလို့ ချက်ချင်းကြီး လက်ပါခြေပါ လုပ်နေရတာလဲ..."
ကျောက်ချန်မှာ တိုက်ပွဲကြောင့် အထိတ်တလန့် ဖြစ်နေဆဲဖြစ်ပြီး လဲ့ချန်ကို ကြောင်တောင်တောင် းကြည့်ကာ တစ်ခဏမျှ စကားပြောမထွက် ဖြစ်နေ၏။
၎င်းကို မြင်သောအခါ ချန်ကော်ကျဲက အလျင်အမြန် ရှေ့ထွက်လာကာ လက်သီးဆုပ်၍ ပြောလိုက်သည်။
"ညီလေး... ဒါက နားလည်မှုလွဲတာပါ... အားလုံးက နားလည်မှုလွဲတာပါ..."
"ကျွန်တော်က မြို့တော် သိုင်းပညာအသင်းက ချန်ကော်ကျဲပါ... ဒါကတော့ ကျွန်တော့်ရဲ့ တပည့်ကြီး ကျောက်ချန်ပေါ့... ဒီနေ့ ကျွန်တော်တို့က လာရောက် တွေ့ဆုံတာပါ..."
"လာတွေ့တာ..."
လဲ့ချန်က မျက်ခုံးတစ်ဖက် ပင့်လိုက်၏။
"လာတွေ့တာက ပြဿနာမရှိပေမဲ့ ဘာလို့ ဓားတွေ လှံတွေ ထုတ်သုံးနေရတာလဲ... ကျွန်တော့်ရဲ့ မြွေခြံကို ဖျက်ဆီးချင်နေတာလား..."
"မဟုတ်ပါဘူး... မဟုတ်ပါဘူး လူငယ်လေးရယ်... မင်း နားလည်မှုလွဲနေပြီ..."
ချန်ကော်ကျဲက ကမန်းကတန်း လက်ခါပြလိုက်သည်။
"ငါတို့က ဒီလူငယ်လေးက အရမ်းတော်တာကို မြင်လို့ ခင်မင်ရင်းနှီးမှုအနေနဲ့ သိုင်းကွက် ဖလှယ်ကြည့်ချင်ရုံ သက်သက်ပါ..."
"ခင်မင်ရင်းနှီးမှုအနေနဲ့ သိုင်းကွက် ဖလှယ်တာ..."
လဲ့ချန်က လှောင်ပြုံး ပြုံးလိုက်၏။
"ခင်ဗျားရဲ့ တပည့်က သူ့ခွန်အား သူ မသိဘူးလို့ ထင်တယ်... ခုလြိသိုင်းကွက် ဖလှယ်တဲ့အချိန်မှာ တစ်ခုခု အမှားအယွင်း ဖြစ်သွားရင် ခင်ဗျား တာဝန်ယူမှာလား..."