← Chapters

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း ၁၉၆

Vol. 20 Ch. 196

အခန်း (၁၉၆) ခွေးတူဝက်တူကို ဖမ်းဆီးခြင်း

"ရဲဘော်... ဒီနေရာမှာ ယုန်လှောင်အိမ် ရောင်းသလား..."

လဲ့ချန်က မေးလိုက်၏။

မျက်မှန်ထူထူ တပ်ထားသော လူလတ်ပိုင်း အရောင်းစာရေးမက လဲ့ချန်ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ယုန်လှောင်အိမ်... ကျွန်မတို့ဆီမှာ ပုံမှန်တော့ အဲဒါတွေ မထားဘူး... ဘယ်နှလုံးလောက် လိုချင်တာလဲ..."

"ဆယ်လုံးလောက် အရင်ယူမယ်လေ... ကောင်းတယ်ဆိုရင် နောက်မှ ထပ်ဝယ်တာပေါ့..."

လဲ့ချန်က တစ်ခဏမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

အရောင်းစာရေးမက စာရင်းစာအုပ်ကို လှန်လှောကြည့်လိုက်သည်။

“ကောင်းပြီ... ယုန်လှောင်အိမ် ဆယ်လုံးဆိုတော့ စုစုပေါင်း သုံးယွမ်နဲ့ ပြားငါးဆယ်ကျမယ်... တခြား ဘာလိုသေးလဲ..."

လဲ့ချန်က ထုံးစိမ်း ငါးကတ္တီ ထပ်ဝယ်လိုက်ရာ စုစုပေါင်း တစ်ယွမ်နှင့် ပြားနှစ်ဆယ် ကျသင့်သွား၏။

ငွေရှင်းပြီးနောက် သူတို့ နှစ်ယောက်က ယုန်လှောင်အိမ်နှင့် ထုံးစိမ်းများကို သယ်ဆောင်ကာ မြွေခြံဆီသို့ စိတ်လှုပ်ရှားစွာဖြင့် ဦးတည်သွားကြသည်။

မြွေခြံသို့ ပြန်ရောက်သောအခါ လဲ့ချန်က ယုန်လှောင်အိမ်များ နေရာချထားရန်နှင့် ယုန်များကို တစ်ကောင်ချင်းစီ ထည့်ရန် လဲ့အားကော်ကို ညွှန်ကြားလိုက်၏။

အလုပ်များ ပြီးစီးသွားပြီးနောက် လဲ့ချန်က တက်ကြွနေသော ယုန်များကို ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"အားကော်... ယုန်နှစ်ကောင် သုံးကောင်လောက် သွားဖမ်းချေ..."

"အစ်ကိုချန်... ယုန်တွေကို ဘာလို့ ဖမ်းခိုင်းရတာလဲ... မွေးထားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား..."

လဲ့အားကော်က နားမလည်နိုင်စွာဖြင့် မေးလိုက်၏။

"အဲဒါတွေကိုတော့ မွေးထားမှာပေါ့... ဒါပေမဲ့ ငါ့ရဲ့ အဖိုးတန်လေးတွေကိုလည်း လျစ်လျူရှုထားလို့ မဖြစ်ဘူးလေ..."

လဲ့ချန်က လျှို့ဝှက်ဆန်းကြယ်စွာ ပြုံးလိုက်ပြီး ယုန်အချို့ကို သယ်ဆောင်ကာ မြွေခြံ၏ အတွင်းပိုင်းဆီသို့ လျှောက်သွားလိုက်သည်။

မြွေခြံ၏ အတွင်းပိုင်း အနက်ရှိုင်းဆုံး နေရာမှာ မှောင်မိုက်ပြီး စိုစွတ်နေကာ ညှီနံ့သင်းသင်းလေးက လေထုထဲတွင် ပျံ့နှံ့နေ၏။

လဲ့ချန်က ယုန်များကို မြွေခြံထဲသို့ ပစ်ထည့်လိုက်ရာ ထောင့်တစ်နေရာတွင် ပျင်းရိစွာ ရစ်ခွေနေကြသော မြွေများက ချက်ချင်းပင် လှုပ်ရှားသက်ဝင်လာကြပြီး လျှာများ ထုတ်ကာ ယုန်များဆီသို့ တရွေ့ရွေ့ လာကြတော့သည်။

ဧရာမ မြွေဟောက်ဘုရင်ကြီးတစ်ကောင်က ပထမဆုံး စတင် တိုက်ခိုက်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ အလျင်အမြန် ထွက်လာကာ ယုန်တစ်ကောင်၏ လည်ပင်းကို ကိုက်ချလိုက်၏။

အခြားမြွေများကလည်း နောက်မှ ကပ်ပါလာကြပြီး သားကောင်အပေါ်သို့ ခုန်အုပ်ရန် အလုအယက် ပြိုင်ဆိုင်ကြသည်။

မကြာမီမှာပင် ယုန်များမှာ မြွေများ၏ ဝါးမျိုစားသောက်ခြင်းကို ခံလိုက်ရတော့၏။

ထိုမြင်ကွင်းကို ကြည့်၍ လဲ့ချန်က ကျေနပ်အားရစွာ ပြုံးလိုက်သည်။

ဤယုန်များတွင် ပရိုတင်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး မြွေအုပ်စု၏ လှုပ်ရှားတက်ကြွမှုကို ထိရောက်စွာ တိုးတက်ကောင်းမွန်စေနိုင်ကာ မြွေများ ကြီးထွားဖွံ့ဖြိုးမှုအတွက် အလွန် အကျိုးရှိပေသည်။

"ဒီနည်းလမ်းက တကယ် အလုပ်ဖြစ်ပုံရတယ်..."

လဲ့ချန်က စိတ်ထဲမှ ဝမ်းသာအားရ တွေးလိုက်ပြီး နောင်တွင် မြွေများကို ပုံမှန် အပိုအစာများ ကျွေးရန် စီစဉ်လိုက်၏။

ညနေဆည်းဆာ အချိန်သို့ ရောက်သောအခါ ဝင်လုဆဲဆဲ နေမင်းက သူ၏ ရွှေရောင် ရောင်ခြည်များကို အသစ် ခင်းကျင်းထားသော အုတ်ကြမ်းပြင်ပေါ်သို့ ဖြာကျစေသဖြင့် တစ်လက်လက် တောက်ပနေလေသည်။

ရွှေရှန်း၊ ယွမ်ပေါင်နှင့် ထျဲ့နျူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး သူတို့၏ မျက်နှာများတွင် မနည်း ထိန်းချုပ်ထားရသော စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။

သူတို့က အသစ် ခင်းကျင်းထားသော ခြံဝင်းအတွင်း လျှောက်သွားနေကြပြီး ချောင်နေခြင်း ရှိမရှိ စစ်ဆေးရန် အုတ်ခဲများကို သူတို့၏ ခြေထောက်များဖြင့် ရံဖန်ရံခါ ပွတ်တိုက်ကြည့်ကြသည်။

"ဟေး... ဒီအုတ်ကြမ်းပြင် ခင်းထားတာက အရမ်းသပ်ရပ်နေတာပဲ..."

ရွှေရှန်းမှာ အားကျလေးစားမှု မဖြစ်ဘဲ မနေနိုင်တော့ချေ။ သူက ခါးကိုင်း၍ ချောမွေ့နေသော အုတ်ကြမ်းပြင် မျက်နှာပြင်ကို ထိတွေ့ကြည့်လိုက်၏။

"ဒါပေါ့... ဘယ်သူခင်းထားတာလဲဆိုတာ မင်း မသိဘူးလား..."

ယွမ်ပေါင်က သူ၏ မေးစေ့ကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပင့်တင်လိုက်သည်။

"ငါက အစ်ကိုအားကော်နဲ့ ရက်အတော်ကြာအောင် လေ့ကျင့်ထားတာလေ..."

"လာစမ်းပါ... မင်းရဲ့ စွမ်းရည်နဲ့များ အဲဒီလို ပြောရဲသေးတယ်နော်..."

ထျဲ့နျူက မထီမဲ့မြင်ဟန်ဖြင့် နှုတ်ခမ်းမဲ့လိုက်၏။

"ငါ့အကူအညီသာမပါရင် မင်းက အဲ့လောက်မြန်မြန် ခင်းနိုင်ပါ့မလား..."

"ဟေး ကောင်တွေ... နောက်ပြောင်နေတာ ရပ်ကြတော့..."

လဲ့အားကော်က မြွေခြံထဲမှ ဗလာဖြစ်နေသော ခြင်းတောင်း အချို့ကို သယ်ဆောင်လာကာ ထွက်လာခဲ့သည်။

“မြန်မြန်လာပြီး ဒီခြင်းတောင်းတွေကို သန့်ရှင်းနေအောင် ဆေးကြောကြစမ်း... မနက်ဖြန် ဒါတွေလိုမယ်..."

"ဟုတ်ကဲ့..."

လူငယ်သုံးယောက်က တစ်သံတည်း ပြိုင်တူ သဘောတူလိုက်ကြပြီး သူတို့၏ ခြင်းတောင်းများကို ဆေးကြောရန် ရေတွင်းဆီသို့ ပြေးသွားကြ၏။

လဲ့ချန်က အိမ်ထဲမှ ထွက်လာပြီး အသစ် ပြုပြင်ထားသော ခြံဝင်းကို ကြည့်ကာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်သည်။

"အားကော်... မင်းတပည့်တွေက အတော်လေး လက်မြန်တာပဲ... သူတို့က ခြံဝင်းကို တစ်ရက်တည်းနဲ့ ခင်းလို့ ပြီးသွားကြတယ်..."

"ဒါပေါ့... ဘယ်သူ သင်ပေးထားလဲဆိုတာ ကြည့်လေ..."

လဲ့အားကော်က ရယ်မောလိုက်၏။

"အစ်ကိုချန်... အလုပ်က ဘယ်လိုနေလဲ... ကျွန်တော့်ကို အခကြေးငွေ ဘယ်လောက် ပေးမှာလဲ..."

လဲ့ချန်ကလည်း တခစ်ခစ် ရယ်မော၍ လဲ့အားကော်၏ ပခုံးကို ပုတ်လိုက်သည်။

"ဟေး ကောင်လေး... မင်းက ငါနဲ့ ဘာလို့ အဲ့လောက်တောင် အားနာနေရတာလဲ..."

"လူငယ်တွေက ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့ကြတာဆိုတော့ သူတို့ ရသင့်ရထိုက်တဲ့ ငွေတစ်ပြားမကျန် အကုန်ပေးရမှာပေါ့..."

သူက စကားပြောနေရင်းနှင့် အိတ်ကပ်ထဲမှ ငွေတစ်ထပ်ကို ထုတ်ယူကာ လဲ့အားကော်ထံသို့ ကမ်းပေးလိုက်ပြီး ပြောလိုက်၏။

"မင်း သင့်တော်သလို သူတို့ကို ခွဲဝေပေးလိုက်ပါ..."

လဲ့အားကော်က ရွှေရှန်းကို လှမ်းခေါ်လိုက်ပြီး သူ့ထံသို့ ငွေများ ပေးလိုက်သည်။

ရွှေရှန်းက ငွေများကို ယူလိုက်သော်လည်း ၎င်းတို့ကို ခွဲဝေယူမည့်အစား သူ၏ ခေါင်းကို ကုတ်လိုက်ပြီး ပြောလိုက်၏။ "

အစ်ကိုချန်... ကျွန်တော်တို့ ဒီငွေတွေကို ယူလို့ မဖြစ်ပါဘူး..."

"ဘာဖြစ်လို့လဲ... နည်းတယ်လို့ ထင်နေတာလား..”

လဲ့ချန်က နောက်ပြောင်လိုက်သည်။

"မဟုတ်ရပါဘူး..."

ရွှေရှန်းက ကမန်းကတန်း လက်ခါပြလိုက်၏။

"အစ်ကိုချန်... ကျွန်တော်တို့က အစ်ကို အားကော်ဆီကနေ သိုင်းပညာ သင်ယူနေကြတာလေ... ဒီမှာပဲ စားသောက်ပြီး နေထိုင်နေကြတာဆိုတော့ လစာ ဘယ်လိုလုပ် တောင်းလို့ရမှာလဲ..."

"ဟုတ်တယ် အစ်ကိုချန်..."

ယွမ်ပေါင်က ဝင်၍ ထောက်ခံလိုက်သည်။

"ဒီလောက် အလုပ်လေးများ အပန်းမကြီးပါဘူး... ရှောင်ရှောင်အတွက် ကျောင်းလခလို့ သဘောထားလိုက်ပါ..."

"ရှောင်ရှောင်..."

လဲ့ချန်မှာ ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် သူ၏ သမီးဖြစ်သူမှာ ယခုနှစ်တွင် ကျောင်းနေအရွယ်သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိသွား၏။

"မင်းတို့တွေက အတော်လေး တွေးတတ်ကြတာပဲ..."

လဲ့ချန်၏ စိတ်ထဲတွင် နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရသည်။ ဤတပည့်များက တကယ်ကို လိုလိုလားလား ကူညီချင်နေကြခြင်း ဖြစ်၏။

"ရှောင်ရှောင်ရဲ့ ကျောင်းလခအတွက် အစ်ကို ပြင်ဆင်ထားပြီးပါပြီ... မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်တဲ့အနေနဲ့ ဒီငွေတွေကို သိမ်းထားလိုက်ပါ..."

"အစ်ကိုချန်... တကယ်ကို မလိုပါဘူး..."

ထျဲ့နျူက ရိုးသားစွာ ပြုံးလိုက်၏။

"ကျွန်တော်တို့မှာ ပုံမှန်အားဖြင့် အသုံးစရိတ် သိပ်မရှိပါဘူး... ဒါကြောင့် ရှောင်ရှောင်ကို အဝတ်အစားသစ်တွေနဲ့ ကျောင်းလွယ်အိတ် အသစ်ဝယ်ပေးဖို့ ဒီငွေတွေကို စုထားလိုက်ပါ..."

လဲ့ချန်က သူ၏ ရှေ့ရှိ ရိုးသားဖြူစင်သော လူငယ်များကို ကြည့်ကာ စိတ်လှုပ်ရှား ကြည်နူးသွားသည်။

"ကောင်းပြီလေ... မင်းတို့ အားလုံးက အဲ့လို ပြောနေကြမှတော့ ဒီငွေတွေကို လောလောဆယ် ငါပဲ ပြန်သိမ်းထားလိုက်ပါတော့မယ်..."

လဲ့ချန်က အဆုံးတွင် ငွေများကို ပြန်ယူလိုက်ပြီး ပြောလိုက်၏။

"ရှောင်ရှောင် ကျောင်းပြန်တက်တဲ့ အချိန်ကျရင် မင်းတို့ကို အနီရောင်စာအိတ်တွေ ပေးမယ်..."

"ကောင်းပါပြီ..."

လူငယ်သုံးယောက်က ပျော်ရွှင်စွာ အောင်ပွဲခံလိုက်ကြသည်။

နောက်တစ်နေ့ အရုဏ်တက်ချိန်တွင် လဲ့ချန်နှင့် လဲ့အားကော်တို့က သူတို့၏ လက်နက်များကို သယ်ဆောင်၍ တောင်ပေါ်သို့ တက်လာခဲ့ကြ၏။

လဲ့အားကော်က လမ်းတစ်လျှောက်လုံး တေးသွားလေး တစ်ခုကို ညည်းတွားလာခဲ့ပြီး အလွန် ရွှင်လန်းတက်ကြွနေသည်။

"အစ်ကိုချန်... ဒီနေ့ ကျွန်တော်တို့ ယုန် ဘယ်နှကောင်လောက် ဖမ်းမိမယ်လို့ထင်လဲ... မြွေတွေ အဆာပြေဖို့ လုံလောက်ပါ့မလား..."

လဲ့အားကော်က မနေ့က အရသာကို မြည်းစမ်းထားပြီးဖြစ်ရာ သူ၏ လက်များကို ပွတ်သပ်ကာ မျှော်လင့်တကြီးဖြင့် မေးလိုက်၏။

လဲ့ချန်က ပြုံးလိုက်သော်လည်း ဘာမှ မပြောခဲ့ချေ။ သို့သော်လည်း သူက သိပ်တော့ ယုံကြည်မှု မရှိလှပေ။

တောင်ပေါ်ရှိ ယုန်များမှာ အလွန် ပါးနပ်ကြရာ ဤတစ်ကြိမ်တွင် သူတို့၏ လှည့်ကွက်ထဲသို့ ယုန်မည်မျှ ထပ်မံ ကျဆင်းလာမည်ကို ပြောရန် ခက်ခဲလှသည်။

ပထမဆုံး ထောင်ချောက်သို့ ရောက်ရှိသွားသောအခါ လဲ့အားကော်၏ အပြုံးက ချက်ချင်းပင် အေးခဲသွား၏။

ထောင်ချောက်မှာ လုံးဝကို ဗလာဖြစ်နေသည်။ ယုန်တစ်ကောင်မှ မရှိတော့သည်သာမက အမွေးတစ်ပင်ပင် ကျန်မနေခဲ့ချေ။

"ထူးဆန်းလိုက်တာ... မနေ့ကတောင် အကောင်အတော်များများ သေချာပေါက် ဖမ်းမိခဲ့တာကို..."

လဲ့အားကော်က သူ၏ ခေါင်းကို ကုတ်လိုက်ပြီး နားမလည်နိုင်သည့် အမူအရာဖြင့်ရှိနေ၏။

နောက်ထပ် ထောင်ချောက် အနည်းငယ်မှာလည်း ထိုအတိုင်းပင် ဖြစ်သည်။ ၎င်းတို့က ဗလာဖြစ်နေခြင်း သို့မဟုတ် တောရိုင်း တိရစ္ဆာန် တစ်ကောင်က စားသောက်သွားသကဲ့သို့ စုတ်ပြတ်သတ်နေသော ယုန်အသေကောင် အချို့သာ ကျန်ရှိနေတော့၏။

"အစ်ကိုချန်... ဒီမှာ ကြည့်စမ်း..."

လဲ့အားကော်က ထောင်ချောက်တစ်ခုထဲရှိ နောက်ဆုံး ကျန်ရစ်သော ယုန်ခြေထောက် တစ်ချောင်းကို လက်ညှိုးထိုးပြလိုက်ရာ သူ၏ မျက်နှာက အတော်လေး မည်းမှောင်နေသည်။

လဲ့ချန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ထောင်ချောက် ပတ်လည်ရှိ အရာများကို သေချာစွာ စစ်ဆေးကြည့်လိုက်၏။

မြေကြီးပေါ်တွင် ရှုပ်ပွနေသော လက်သည်းရာ အချို့ ရှိနေသည်။ ၎င်းတို့က ခွေးတစ်ကောင်၏ ခြေဖဝါးထက် ပိုကြီးသော်လည်း ဝက်ဝံ ခြေဖဝါးထက် ပိုသေးငယ်ကာ ကြမ်းတမ်းသော တောရိုင်းတိရစ္ဆာန်တစ်ကောင်၏ လက်သည်းရာများကဲ့သို့ ချွန်ထက်သော အစွန်းများ ရှိနေ၏။

"အဲဒါ ခွေးတူဝက်တူပဲ..."

လဲ့ချန်က လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"ခွေးတူဝက်တူ... အဲ့အကောင်တွေက ရှားပါးတယ် မဟုတ်ဘူးလား..."

လဲ့အားကော်က အံ့အားသင့်စွာဖြင့် မေးလိုက်၏။

ဤတောင်တန်းများတွင် မည်သည့်အရာမဆို ဖြစ်နိုင်ပေသည်။

လဲ့ချန်က မတ်တတ်ရပ်၍ သူ၏ အဝတ်အစားပေါ်မှ ဖုန်များကို ခါထုတ်လိုက်ပြီး ပြောလိုက်သည်။

“အဲ့အကောင်က အရမ်းကို ပါးနပ်လွန်းတယ်... ပြီးတော့ မယုံနိုင်လောက်အောင်လည်း သန်မာတယ်..."

ထိုသို့ ပြောဆိုနေရင်း လဲ့ချန်က ယမန်နေ့က ခွေးတူဝက်တူအတွက် အထူး ရည်ရွယ်၍ ဆင်ထားခဲ့သော ထောင်ချောက်ဆီသို့ ပြေးသွားလိုက်၏။

ထောင်ချောက်များမှာ လုံးဝ အသက်ဝင်ထားခြင်း မရှိသည်ကို တွေ့လိုက်ရရာ ခွေးတူဝက်တူများက ၎င်းတို့ကို တမင်တကာ ရှောင်လွှဲသွားကြကြောင်း သိသာလှပေသည်။

"ဒီတိရစ္ဆာန်က သရဲတစ္ဆေ တစ်ကောင်ကောင်များ ဖြစ်နေမလားပဲ..."

လဲ့အားကော်မှာ ကျိန်ဆဲခြင်းမပြုဘဲ မနေနိုင်တော့ချေ။

"သူတို့က ထောင်ချောက်တွေကိုတောင် မှတ်မိနေကြတာဆိုတော့ ကျွန်တော်တို့က ဘယ်လိုလုပ် ဖမ်းလို့ရတော့မှာလဲ..."

လဲ့ချန်က မျက်မှောင်ကြုတ်၍ သုံးသပ်လိုက်သည်။

"ခွေးတူဝက်တူတွေက အရမ်းပါးနပ်တယ်... သူတို့က ငါတို့ရဲ့ ထောင်ချောက်ကို ရိပ်မိပြီးသားလည်း ဖြစ်နိုင်တယ်... ပြီးတော့ သူတို့က ငါတို့ ယုန်တွေ ဖမ်းမိမယ့် အချိန်ကို အနီးအနားကနေ စောင့်ကြည့်နေတာမျိုးတောင် ဖြစ်နိုင်တယ်... အဲဒီလိုဆိုရင် အသင့်ရှိနေတဲ့ အရာတွေကို လာယူလို့ရပြီလေ..."

ထိုစကားကို ကြားသောအခါ လဲ့အားကော်မှာ ချက်ချင်းပင် စိတ်ပျက်သွား၏။

"ဒါဆိုရင် ကျံန်တော်တို့ ဘာလုပ်သင့်လဲ... အဲ့အကောင်ကို ကျွန်တော်တို့ဆီကနေ အချောင်လာနှိုက်နေတာကို ဒီအတိုင်း လွှတ်ထားပေးလိုက်ဖို့က မဖြစ်နိုင်ဘူး မဟုတ်လား..."

လဲ့ချန်က တစ်ခဏမျှ စဉ်းစားခန်း ဝင်သွားပြီးနောက် သူ၏ မျက်လုံးများထဲတွင် ကောက်ကျစ်သော အလင်းရောင် တစ်ခုက လက်ခနဲ ဖြစ်သွားသည်။

“သူက ငါတို့ဆီကို အချောင်လာနှိုက်ဖို့ စောင့်ချင်နေမှတော့ အခြေအနေကို ငါတို့ဘက်က အသာစီးရအောင် ပြောင်းပစ်လိုက်ကြတာပေါ့..."

"အစ်ကိုချန်... ခင်ဗျားဆီမှာ အကြံကောင်း တစ်ခုခုများ ရှိလို့လား..."

လဲ့အားကော်က ကမန်းကတန်း မေးလိုက်၏။

လဲ့ချန်က အလှမ်းမဝေးလှသော နေရာရှိ ယုန်တွင်း တစ်တွင်းဆီသို့ လက်ညှိုးထိုးပြလိုက်ပြီး ပြောလိုက်သည်။

"ယုန်တွေက သတ္တိကြောင်တဲ့ သတ္တဝါတွေလေ... သူတို့ကို တွင်းထဲကနေ အတင်းအကျပ် ထွက်လာအောင် လုပ်ကြမယ်..."

"အဲဒါကို ထောင်ချောက်မှာ ပြန်ချည်ထားပြီး သူ ကိုယ်တိုင် ပိုက်ကွန်ထဲ တည့်တည့် ဝင်လာမယ့် အချိန်ကို စောင့်ကြတာပေါ့..."

All Chapters