အခန်း (၁၅၀)
Vol. 15 Ch. 150
အခန်း(150)
“ဒါဆိုရင် မင်းက သခင်လေးယောင်ကို ဘာလို့ အကြိမ်ကြိမ် ပစ်မှတ်ထားနေရတာလဲ”
အကြီးအကဲမိုက စကားကို တိုက်ရိုက် ဆိုလေသည်။
“မင်းလို အမြင်ကျဉ်းတဲ့ငတုံးကတော့၊ မင်းက သခင်လေးယောင်ကို ရှင်းလင်းပစ်နိုင်ရင် ဒီပိုင်ဆိုင်မှုတွေက မင်းအပိုင် ဖြစ်လာလိမ့်မယ်လို့ ထင်နေတာလား၊ ငါ ဒီနေ့ မင်းကို ရှင်းလင်းစွာ ပြောလိုက်မယ်...
တကယ်လို့ သခင်လေးယောင်မှာ တစ်စုံတစ်ရာသော မတော်တဆမှု ဖြစ်ပွားခဲ့ရင် မင်းက ငါ ပထမဦးဆုံး သံသယဝင်မယ့်လူ ဖြစ်လာလိမ့်မယ်၊ မင်း ငါ့ဆီကနေ တစ်ပြားတစ်ချပ်မျှ ရရှိမှာ မဟုတ်ဘူး”
မိုလီချွမ်အနေဖြင့် ယောင်ပင်းအပေါ် နောက်ထပ် ဒုက္ခမရှာစေရန်အတွက် သူ ဤနည်းဖြင့်သာ အာမခံနိုင်တော့မည်။
မိုလီချွမ်၏ ရင်ထဲ၌ ဒေါသများမှာ စည်တီးသကဲ့သို့ ပြင်းထန်လာရချေပြီ ။
သို့ဆိုလျှင် အဖေဖြစ်သူက သူ နောက်ကွယ်တွင် လုပ်ဆောင်ခဲ့သမျှ အရာအားလုံးကို အမှန်တကယ်ပဲ သိရှိနေခြင်း ဖြစ်ပေသည်။
ထို့အပြင် အဖေဖြစ်သူက ယောင်ပင်းအား အပြည့်အဝ ကာကွယ်ပေးနေချေပြီ။
မိုလီချွမ်၏ ရင်ထဲ၌ ပြင်းထန်သော ဒေါသများ တိုးပွားလာရချေတော့သည်။
သူ၏ အဖေက အဘယ်ကြောင့် သွေးမတော် သားမစပ်သည့် လူငယ်လေးတစ်ဦးကို ဤမျှအထိ ကာကွယ်ပေးနေရသနည်းဆိုသည်ကို နားမလည်နိုင်ပေ။ ထို့အပြင် ဤမျှ သေးငယ်လှသော ကိစ္စအတွက် သူ့အပေါ် ဒေါသထွက်သင့်ပါ၏လား။
“အဖေ...ကျွန်တော် သူ့ကို မထိခိုက်စေရဘူးလို့ အာမခံနိုင်ပေမဲ့ အခြားသူတွေက မထိခိုက်စေရဘူးလို့တော့ အာမ မခံနိုင်ဘူးနော်၊ အဲဒီကောင်လေးမှာ ရန်သူတွေ အများကြီး ရှိတာလေ၊ အခြားသူတွေဘက်က သူ့ကို မထိခိုက်စေရဘူးလို့ အဖေ ဘယ်လို အာမခံနိုင်မှာလဲ”
အကြီးအကဲမို သိရှိသွားပြီဖြစ်၍ မိုလီချွမ်သည်လည်း ဆက်လက်ဖုံးကွယ်မထားတော့ဘဲ ပြောလာလေသည်။
“သူ့ကို သတ်ချင်တဲ့သူတွေ အများကြီး ရှိတာပဲ၊ အပြစ်အားလုံးကို ဘာလို့ ခင်ဗျားရဲ့အပေါ် ပုံချနေရတာလဲ”
အကြီးအကဲမိုမှာ မိုလီချွမ် သူ့အား ပြန်လည်ပြောဆိုရဲလိမ့်မည်ဟု မျှော်လင့်မထားခဲ့သဖြင့် ချက်ချင်းပင် ဒေါသ ပြင်းထန်လာရချေသည်။
“မင်း...”
လေးယောက်မြောက်သခင်မလေးက သူ့အား အလျင်အမြန် ပြုစုပေးလိုက်ပြီးမှ မိုလီချွမ်ဘက်သို့ မော့ကြည့်လျက် ဆိုလေသည်။
“အကြီးဆုံးသခင်လေး.. သခင်ကြီး ဆိုလိုတာက နောက်ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် လေးစားပြီး သခင်လေးယောင်အပေါ် ဒုက္ခမပေးဖို့ ပြောတာပါ၊ တကယ်လို့ တခြားလူတစ်ဦးရဲ့ လက်ချက်ဖြစ်ရင်တော့ သခင်ကြီးက အကြီးဆုံးသခင်လေးအပေါ် အပြစ်တင်မှာ မဟုတ်ပါဘူး၊
သခင်ကြီးက မိုမိသားစုအတွက် ပင်ပင်ပန်းပန်း လုပ်ဆောင်ခဲ့တာလေ၊ တကယ်လို့ အကြီးဆုံးသခင်လေးက သခင်ကြီးကို မငဲ့ကွက်ရင်တောင် မိုမိသားစုရဲ့ အင်ပါယာအတွက်တော့ ကြိုတင်တွေးတောရမယ် မဟုတ်ဘူးလား”
လေးယောက်မြောက်သခင်မလေး၏ စကားလုံးများသည် နှေးကွေးသော်လည်း စကားလုံးတိုင်းမှာ အချက်ကျလှပေသည်။
“လေးယောက်မြောက်သခင်မလေး ပြောတာ မှန်ပါတယ်”
မိုလီချွမ်သည် လေးယောက်မြောက်သခင်မလေး၏ စကားကြောင့် စကားမဲ့သွားရပြီး အကြီးအကဲမိုအား တောင်းပန်လိုက်ရသည်။
“အဖေ... ကျွန်တော် ခုနက စိတ်လိုက်မာန်ပါ ဖြစ်သွားခဲ့မိပါတယ်၊ အဖေ ဒေါသ မထွက်ပါနဲ့၊ ကိုယ့်ရဲ့ ကျန်းမာရေးကို ဂရုစိုက်ပါဦး...”
အကြီးအကဲမိုက မိုလီချွမ်အား စိုက်ကြည့်လိုက်ပြီး လက်ကို ဝှေ့ယမ်းပြလျက် စကားတစ်ခွန်းကို ဖြည်းညှင်းစွာ ဆိုလေသည်။
“ထွက်သွားစမ်း”
သူ,မိုချန်ကျုံးက ဘဝတစ်ခုလုံးတွင် ထက်မြက်ခဲ့သူဖြစ်ခဲ့သော်လည်း ဤကဲ့သို့သော တုံးအသော သားတစ်ဦး ရှိနေလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
မိုလီချွမ်လည်း ကြမ်းပြင်မှ ထရပ်လိုက်ပြီး အေးစက်စွာဖြင့် စာကြည့်ခန်းထဲမှ လှည့်ထွက်သွားခဲ့ချေတော့သည်။
“ဒီအမှိုက်ကောင်...”
အကြီးအကဲမိုသည် ဒေါသများကြောင့် အသက်ပင် ကောင်းကောင်းမရှူနိုင် ဖြစ်ရရှာပေသည်။
“မိုမိသားစုက သူ့လက်ထဲမှာ ပျက်စီးရလိမ့်မယ်”
လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်ပြီး အကြီးအကဲမိုအား နှစ်သိမ့်လေသည်။
“သခင်ကြီး... သခင်ကြီးက သခင်လေးယောင်အပေါ် သေသေချညချာ ပြုစုပေးခဲ့တာလေ၊ သခင်လေးယောင်က ဒါကို အသိဆုံးဖြစ်ပါလိမ့်မယ်၊ တကယ်လို့ အကြီးဆုံးသခင်လေးက တကယ်ပဲ အမှားတစ်ခုခု လုပ်ဆောင်ခဲ့ရင်တောင် သခင်လေးယောင်က သခင်ကြီးနဲ့ မိုမိသားစုကို ရောထွေးပြီး အပြစ်တင်မှာ မဟုတ်ပါဘူး၊
ဒါကြောင့် သခင်ကြီး စိတ်အေးအေးထားနိုင်ပါတယ်... ဒါတင်မကသေးပါဘူး၊ ကျွန်မတို့မှာ သခင်မလေးလည်း ရှိပါသေးတယ်”
ထိုသို့ပြောပြီးနောက် သူမသည် တမင်တကာ စကားကို ဖြတ်တောက်လိုက်ပေသည်။
“ယောင်ယောင် ဟုတ်လား”
အကြီးအကဲမို ခဏမျှ မျက်မှောင်ကြုတ်လိုက်ပေသည်။
“ယောင်ယောင်က ဘာဖြစ်လို့လဲ”
သူသည်က လေးယောက်မြောက်သခင်မလေး၏ ဆိုလိုရင်းကို ချက်ချင်း သဘောမပေါက်သေးချေ။
လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်ပေသည်။
“သခင်ကြီး... သခင်လေးယောင်က ကျွန်မတို့ရဲ့ သခင်မလေးအပေါ် စိတ်ကူးတွေ ရှိနေတာကို သခင်ကြီး သတိမပြုမိဘူးလား”
အကြီးအကဲမို၏ မျက်ဝန်းများမှာ ရုတ်တရက် တောက်ပသွားပြီး ထပ်မံမေးမြန်းလိုက်ပေသည်။
“ယောင်ယောင်ကော၊ သူမက သခင်လေးယောင်အပေါ် ဘယ်လိုသဘောရလဲ”
အကယ်၍ ဤနောက်ခံသာ ရှိနေပါက ယောင်ပင်းနှင့် မိုမိသားစုကြား ဆက်ဆံရေးမှာ သေချာပေါက်ပိုမိုထူးခြားလာလိမ့်မည် ။
“သခင်ကြီး... သေသေချာချာ ပြန်လည်တွေးတောကြည့်ပါဦး”
လေးယောက်မြောက်သခင်မလေးက ညင်သာစွာ ပြုံးလိုက်ပေသည်။
“သခင်မလေးက တခြားယောကျာ်းလေးတစ်ဦးအပေါ် ဒီလောက်ထိ စိတ်ဝင်စားတာကို သခင်ကြီး မြင်ဖူးလို့လား၊ တကယ်လို့ တစ်ဖက်လူက ယွီချီ ဖြစ်နေရင်တောင် သခင်မလေးက ကိုယ်တိုင် သွားရောက်ဖိတ်ခေါ်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား”
အကြီးအကဲမို ခဏမျှ ကြောင်အမ်းသွားရပေသည်။
ထို့နောက် သူသည် ကျယ်လောင်စွာ ရယ်မောလေတော့သည်။
“ကောင်းတယ်... ကောင်းတယ်... ကောင်းတယ်၊ ကလေးတွေချင်း စိတ်ကူး ရှိကြမှတော့ ငါတို့က အကောင်အထည်ဖော်ပေးရမှာပေါ့၊ မင်းက ဒီကိစ္စတွေကို ငါ့ထက် ပိုသိတာဆိုတော့ မင်းပဲ စီစဉ်လိုက်တော့”
လေးယောက်မြောက်သခင်မလေးက ခေါင်းညိတ်လိုက်ပေသည်
“ဟုတ်ကဲ့ပါ”
တော်ဝင်နံပါတ်တစ်။
မာစတာခိုင်နှင့် သူ၏လူအချို့က လျို့ချင်း၏ထိန်းချုပ်မှုအောက်မှ ပိုင်ဆိုင်မှုများနှင့် ဖျော်ဖြေရေးနေရာများကို စာရင်းတွက်ချက်နေချိန်တွင် ရုံးခန်းတံခါးမှာ ရုတ်တရက် ပွင့်ထွက်သွားခဲ့သည်။
ခိုင်ယဲ့ မော့ကြည့်လိုက်လျှင်ယောင်ပင်းက ရုံးခန်းတံခါးဝတွင် မျက်နှာမည်းမှောင်လျက် ရပ်နေသည်ကို မြင်တွေ့လိုက်ရပေသည်။
“မင်းတို့အားလုံး အရင်ထွက်သွားကြဦး၊ ငါ သခင်လေးယောင်နဲ့ စကားပြောစရာ ရှိလို့”
ယောင်ပင်း၏ မျက်နှာအမူအရာကို မြင်ရသောအခါ ခိုင်ယဲ့လည်း ကိစ္စတစ်ခုခု မှားယွင်းနေပြီမှန်းသိရှိသဖြင့် သူ၏လူအချို့အား တိုးတိုးလေး ညွှန်ကြားလိုက်ပြီး ယောင်ပင်းအား ခေါ်လိုက်လေသည်။
“သခင်လေးယောင်... မြန်မြန်ဝင်ခဲ့ပါဦး၊ ကျွန်တော့်မှာ သခင်လေးနဲ့ ဆွေးနွေးစရာ ရှိလို့ပါ၊ သခင်လေးလည်း အချိန်ကိုက် ရောက်လာတာပဲ”
သူ၏လူများက အလျင်အမြန် ဆုတ်ခွာသွားကြသည်။
ယောင်ပင်းလည်း ခိုင်ယဲ့၏ရုံးခန်းအတွင်းသို့ အေးစက်စွာ ဝင်လာခဲ့သည်။
ခိုင်ယဲ့င ယောင်ပင်းအား ကိုယ်တိုင် လက်ဖက်ရည်ငှဲ့ပေးရန် ပြင်လိုက်စဉ် ယောင်ပင်းထံမှ အေးစက်လှသော စကားသံ ထွက်ပေါ်လာချေသည်။
“အစ်ကိုခိုင်... ကျွန်တော့်ကို သတ်ချင်နေတဲ့သူက ဘယ်သူလဲဆိုတာကို ခင်ဗျား အစကတည်းက သိနေခဲ့တာ မဟုတ်လား”
ခိုင်ယဲ့၏ ရင်ခုန်သံမှာ တုန်ယင်သွားရပေသည်။
“သခင်လေးယောင်... ဘာတွေ ပြောနေတာလဲ၊ ကျွန်တော် နားမလည်ပါဘူး”
ခဏမျှ ထိတ်လန့်ပြီးနောက် ခိုင်ယဲ့သည် မျက်နှာထက်တွင် အပြုံးတစ်ခုကို အလျင်အမြန် ပြန်လည်ဆင်မြန်းလျက် ဆိုသည်။
“ဘယ်သူက သခင်လေးကို သတ်ချင်နေလို့လဲ”
ယောင်ပင်းက အေးစက်စွာဖြင့် လှောင်ပြုံးပြုံးလိုက်သည်။
“အစ်ကိုခိုင်... ခင်ဗျားအတွက် ကျွန်တော်က အစအဆုံးကို တွက်ချက်ပြစေချင်လို့လား”
ယောင်ပင်း၏ မေးခွန်းထုတ်မှုကို ရင်ဆိုင်လိုက်ရသဖြင့် မာစတာခိုင်၏ နှလုံးသားမှာ လည်ချောင်းဝအထိ ဆောင့်တက်သွားခဲ့သည်။
ယောင်ပင်း မေးတော့မည့်အရာကို သူ စကားစကတည်းကပင် ရိပ်မိသော်လည်း ယောင်ပင်း မည်မျှအထိ သိထားသည်ကို မသေချာသဖြင့် သူ မဖြေရဲခဲ့ချေ။
ယောင်ပင်းက မာစတာခိုင်၏ ရုံးခန်းထဲသို့ တိုက်ရိုက်ဝင်လာခဲ့ပြီးနောက် ကုလားထိုင်တစ်လုံးကို ဆွဲ၍ သူ၏ မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ကာ မာစတာခိုင်၏ မျက်လုံးများကို စိုက်ကြည့်လျက် မေးမြန်းလိုက်သည်။
“တကယ်တော့ ခင်ဗျားက သခင်ကြီးမိုရဲ့ လူပဲ၊ သခင်ကြီးမိုအတွက် အလုပ်လုပ်ပေးနေတာ၊ မာစတာခိုင်... ကျွန်တော် ပြောတာ မှန်တယ်မလား”
မာစတာခိုင်သည် ပြုံးလိုက်ပြီး လွယ်လွယ်ကူကူပင် ဝန်ခံလိုက်၏။
“မှန်ပါတယ်၊ ကျွန်တော် အရင်က သခင်ကြီးမိုရဲ့ လက်အောက်ငယ်သား ဖြစ်ခဲ့ဖူးသလို အခုလည်း သူ့အတွက် အလုပ်လုပ်ပေးနေတာပါ၊ သခင်လေးယောင်... ကျွန်တော် ဒါကို တမင်တကာ ဖုံးကွယ်ခဲ့တာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး”
သူသည်ကား ယောင်ပင်းကို တမင်သက်သက် ဖုံးကွယ်မထားခဲ့သော်လည်း အပိုစကားများကိုလည်း များများစားစား မပြောခဲ့ချေ။
ဤသည်မှာ သူ စစ်သားတစ်ယောက် ဖြစ်လာသည့် အချိန်မှစ၍ အားထုတ်ကြိုးပမ်းခဲ့သော အရာလည်း ဖြစ်သည်။
“ဒါဆို ခင်ဗျားက မိုမိသားစုအကြောင်းကို ကျွန်တော့်ထက် ပိုပြီး အများကြီး သိနေမှာပေါ့”
ယောင်ပင်းက အပိုစကားများ လုံးဝမပြောဘဲ လိုရင်းကိုသာ တိုက်ရိုက်မေးလိုက်သည်။
“မိုလီချွမ် အကြောင်း အပါအဝင်ပေါ့”
မိုလီချွမ်...
ယောင်ပင်းက နောက်ဆုံးတော့ ထိုလူ့အကြောင်းကို ထုတ်ပြောလာခဲ့လေပြီ။
ခိုင်ယဲ့၏ နှလုံးသားမှာ ဒိန်းခနဲ တုန်လှုပ်သွားခဲ့၏။ သူသည် ကိုယ့်ကိုယ်ကိုယ်ဖိအားပေး၍ ပြုံးလိုက်ရင်း မေးမြန်းလိုက်သည်။
“သခင်လေးယောင်... ဘာဖြစ်လို့လဲ၊ မင်း တစ်ခုခုကို စုံစမ်းသိရှိသွားတာလား”
ယောင်ပင်း မည်မျှအထိ သိရှိထားသည်ကို မသိရသေးမီ ခိုင်ယဲ့သည် အရင်ဆုံး အကဲခတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယောင်ပင်းက ရှင်းရှင်းလင်းလင်း မပြောမချင်း သူ စကားမဟရဲချေ။
အဘယ်ကြောင့်ဆိုသော် ဤအရာသည် မိုလီချွမ်နှင့် သက်ဆိုင်နေပြီး မိုမိသားစုနှင့် ပတ်သက်နေသောကြောင့် သူ ပေါ့ပေါ့ဆဆ စကားမပြောရဲခြင်း ဖြစ်သည်။
“ရှောက်ယောင်က ကျွန်တော့်ကို ပြောတယ်၊ သခင်ကြီးမိုက သူ သေဆုံးပြီးရင် ပိုင်ဆိုင်မှုအားလုံးကို သူမဆီပဲ လွှဲပေးခဲ့မယ်တဲ့”
ယောင်ပင်းသည် ခိုင်ယဲ့ကို တည့်တည့်ကြည့်ကာ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။
“သခင်ကြီးမိုက ဘာလို့ ဒီလိုစီစဉ်ခဲ့လဲဆိုတာ ကျွန်တော် မသိပေမဲ့ ဒါက မိုလီချွမ် လုံးဝသည်းမခံနိုင်တဲ့ အရာပဲ၊ ဘာပဲပြောပြော သူက သခင်ကြီးမိုရဲ့ သားအရင်းပဲလေ၊ ပိုင်ဆိုင်မှုတွေက သူ ရရမှာပေါ့၊
ဒါကြောင့် သူက ရှောက်ယောင်ကို ထိန်းချုပ်ပြီး သခင်ကြီးမို ချန်ထားခဲ့တဲ့ အမွေတွေအားလုံးကို လိုချင်နေတာ၊ ပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှောက်ယောင်က ကုလို့မရတဲ့ ရောဂါဖြစ်ပြီး သေလုမျောပါး ဖြစ်ခဲ့ရတယ်
ဖခင်တစ်ယောက်အနေနဲ့ မိုလီချွမ်က ဝမ်းနည်းပက်လက် ဖြစ်ရမှာဆိုပေမဲ့ ဒါက သူ အလိုချင်ဆုံး အခြေအနေ ဖြစ်နေခဲ့တယ်၊ ဒါကြောင့် သူက တာအိုဘုန်းကြီးတချို့နဲ့ ပူးပေါင်းပြီး ရှောက်ယောင်ရဲ့ ခန္ဓာကိုယ်ကို တစ္ဆေနဲ့ ပူးကပ် စီးနင်းခိုင်းဖို့ ကြိုးစားခဲ့တယ်
ပြီးတော့မှ သူမကို ထိန်းချုပ်ပြီး သခင်ကြီးရဲ့ အမွေတွေဆီကနေ သူ လိုချင်တာတွေကို ယူဖို့ပေါ့”
ယောင်ပင်းက အကြောင်းအရာ အားလုံးကို အသက်မရှူတမ်း ပြောချလိုက်လေသည်။
*