အခန်း (၁၄၁)
Vol. 15 Ch. 141
အခန်း(141)
လူမိုက်များသည် ကလပ်တံခါးဝကို ဇွတ်အတင်းပိတ်ဆို့ထားသည်ကို မြင်ရလျှင် ကပ္ပတိန်လင်းက အနည်းငယ် ပြုံးလိုက်သည်။
“သတ္တိကောင်းကြတာပဲ၊ မရပ်နဲ့... ရှေ့ကို ဆက်မောင်း”
ဝုန်း...
တင့်ကားဆယ်စီးကျော်သည် ဖုန်မှုန့်များကို လွင့်စင်စေလျက် ရှေ့သို့ ဆက်လက်မောင်းနှင်လာခဲ့ချေပြီ။
တစ်မီတာ... ကိုးဆယ်စင်တီမီတာ... သုံးဆယ်စင်တီမီတာ...
“ဘုရားရေ... ငါ တောင့်မခံနိုင်တော့ဘူး၊ သူတို့ ငါ့ကို အသားနှစ်ဖြစ်အောင် နင်းခြေပစ်လိမ့်မယ်”
အငယ်ဆုံး လူမိုက်က ပထမဦးစွာ ပျာယာခတ်သွားပြီး ဘေးသို့ အသည်းအသန် ပြေးထွက်ခဲ့ပေသည်။
“ငါ ဘာမှ ဂရုမစိုက်တော့ဘူး၊ ငါ ပြေးပြီ”
ပထမဦးဆုံးတစ်ဦး ထွက်ပြေးသွားသည်နှင့် ဒုတိယတစ်ဦး၊ တတိယတစ်ဦးတို့မှာလည်း အလွယ်တကူပေါ်လာခဲ့ပေသည်။
“ချီးပဲ... လမ်းပိတ်ချင်တဲ့ကောင် ပိတ်ပစေ၊ ငါတော့ အလကားနေရင်း အသေမခံနိုင်ဘူး”
“ဟုတ်တယ်၊ ဒါတွေက တင့်ကားတွေလေ၊ အနည်းငယ် ထိမိတာနဲ့တင် ငါတို့ကို အသားအနှစ်ဖြစ်အောင် နင်းခြေပစ်နိုင်တာ၊ လမ်းပိတ်တဲ့သူက အရူးပဲ ဖြစ်လိမ့်မယ်”
…
ခဏအတွင်း တံခါးဝတွင် ရပ်နေကြသော လူမိုက်သုံးလေးဆယ်ခန့်မှာ ပျောက်ကွယ်သွားကြပြီး ဆံပင်အဝါရောင်ရှိသော လူတစ်ဦးတည်းသာ တစ်ကိုယ်လုံး တုန်ရင်လျက် ထိုနေရာတွင် ကြောင်အမ်းအမ်းဖြင့် ကျန်ရစ်ခဲ့ချေသည်။
ဝုန်း...
တင့်ကားများသည် ရှေ့သို့ ဆက်လက်မောင်းနှင်နေဆဲ ဖြစ်ပေသည်။
တင့်ကားသည် ဆံပင်အဝါရောင်ရှိသော လူအား တိုက်မိခါနီးအချိန်မှာပင် ကပ္ပတိန်လင်းက ခြေထောက်ကို ဆန့်ထုတ်၍ သူ့အား ဘေးသို့ ကန်ထုတ်လိုက်ပေသည်။
“မင်းရဲ့ ပြတ်သားမှုကို ထောက်ထားပြီး ငါ မင်းရဲ့ အသက်ကို ချမ်းသာပေးလိုက်မယ်”
ဒုန်း!
ကပ္ပတိန်လင်း စကားပြောပြီးသည်နှင့် သူ စီးနင်းလာသော တင့်ကားက ကလပ်၏ တံခါးကြီးကို ပြင်းထန်စွာ ဝင်တိုက်လိုက်ချေတော့သည်။
ဝုန်း!
ကလပ်၏ တံခါးကြီးမှာ မည်မျှပင် ခိုင်ခံ့နေပါစေ တန်ချိန်ဆယ်ဂဏန်းရှိသော တင့်ကားတစ်စီး၏ တိုက်ခိုက်မှုကို မတောင့်ခံနိုင်ချေ။
ကလပ်၏ တံခါးကြီးမှာ ပွင့်ထွက်သွားခဲ့ချေပြီ။
တင့်ကားဆယ်စီးကျော်က အရှေ့သို့ ပြင်းထန်စွာ တိုးဝင်မောင်းနှင်သွားကြချေသည်။
ခဏမျှ ကြာပြီးနောက် ကလပ်၏ ရှေ့တစ်ဝက်ခန့်မှာ ပြိုကျပျက်စီးသွားခဲ့ချေပြီ။
ကြီးမားလှသော ဖုန်မှုန့်ကြီးတစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
တံခါးဝတွင် ရပ်နေကြသော လူမိုက်သုံးလေးဆယ်ခန့်မှာ ကြောင်အမ်းသွားကြပြီး အချိန်အတော်ကြာမှသာ သူတို့ချင်း တိုးတိုးလေး ဆွေးနွေးကြချေသည်။
“သေစမ်း... ဒါ အရမ်း အစွမ်းထက်တာပဲ၊ အစ်ကိုချင်းက ဒီနေ့ တစ်စုံတစ်ယောက်က နေရာလာဖျက်ဆီးလိမ့်မယ်လို့ ပြောတုန်းက ငါတို့ရဲ့ လူမိုက်အချို့ကို ခေါ်လာဖို့ပဲ တွေးထားတာ၊ သူတို့ တင့်ကားတွေနဲ့ တိုက်ရိုက်လာလိမ့်မယ်လို့ လုံးဝ မျှော်လင့်မထားခဲ့ဘူး”
“ ဘာတွေများ တိုက်ခိုက်စရာ ရှိသေးလို့လဲ၊ ဒီတင့်ကား ဆယ်စီးကျော်ကိုမပြောနဲ့ သူတို့ဆီမှာ ရှိတဲ့ လက်နက်တွေက အားလုံး အဆင့်မြင့်ဆုံး လက်နက်တွေချည်းပဲ၊ ငါတို့ မောင်းခလုတ်ကိုတောင် မဆွဲရသေးခင်မှာတင် ကျည်ဆန်အပေါက်တွေနဲ့ ပြည့်သွားလိမ့်မယ်”
“ဖာ့ခ်... အစ်ကိုချင်းက ဘယ်သူ့ကို သွားပြီး ပြစ်မှားမိတာလဲ၊ မိနစ်အနည်းငယ်အတွင်းတင် ငါတို့ကလပ်ရဲ့ တစ်ဝက်ခန့်ကို မြေလှန်ပစ်လိုက်ကြတာ... အစ်ကိုချင်း ထွက်လာရင်တောင် ပြန်တိုက်ရဲမှာ မဟုတ်ဘူး ထင်တယ်”
…
သူတို့သည် လျို့ချင်း၏ နောက်တွင်ရှိစဉ်က သူတစ်ပါးနှင့် ရန်ဖြစ်ခြင်း၊ လုယက်ခြင်း သို့မဟုတ် သူတစ်ပါး၏ နေရာများကို ဖျက်ဆီးခြင်းတို့ကို ပြုလုပ်ခဲ့ဖူးသော်လည်း ဤကဲ့သို့သော လုံးဝ ယှဉ်ပြိုင်၍မရသည့် ဖြစ်ရပ်မျိုး ကြုံတွေ့ရခြင်းမှာ ပထမဆုံး ဖြစ်သဖြင့် မည်သူမျှ စကားတစ်ခွန်းမျှပင် မဟရဲကြချေ။
ထိုအချိန်တွင် လေးယောက်မြောက်သခင်မလေးက ကားထဲမှ ကျော့ရှင်းစွာ ထွက်လာခဲ့ပြီး ယောင်ပင်းနှင့် ခိုင်ယဲ့တို့အားပြောလာသည်။
“မင်းတို့နှစ်ယောက် အရင်ထိုင်နေဦး၊ ငါ အထဲဝင်ပြီး သွားကြည့်လိုက်မယ်”
ယောင်ပင်းနှင့် ခိုင်ယဲ့တို့လည်း အလျင်အမြန် ခေါင်းညိတ်လိုက်ကြပေသည်။
သူမသည်က တကယ့်ကို ရက်စက်လွန်းလွန်းသောကြောင့် ယောင်ပင်းနှင့် ခိုင်ယဲ့တို့က သူမအား မပြစ်မှားရဲကြချေ။
လေးယောက်မြောက်သခင်မလေးက ထိုလူမိုက်သုံးလေးဆယ်ခန့်၏ အရှေ့သို့ ကျော့ရှင်းစွာ လျှောက်လှမ်းသွားပြီး တည်ငြိမ်စွာ ဆိုလေသည်။
“မင်းတို့တွေထဲက ... ကလပ်ထဲမှာ ဝှက်ထားတဲ့ အမျိုးသမီးကို ပထမဦးဆုံး ရှာတွေ့တဲ့သူကို ငါ ယွမ်ငါးသန်း ဆုချမယ်”
ထိုသို့ပြောပြီးနောက် သူမသည် ဖုန်းကို ထုတ်ယူကာ ကျန်းရှောင်ပေ၏မိခင် ဓာတ်ပုံကို ပြသလိုက်ပေသည်။
“တကယ်လို့ ရှာမတွေ့ရင်လည်း ကိစ္စမရှိပါဘူး”
လေးယောက်မြောက်သခင်မလေးက လက်ခုပ်တီးလိုက်လျှင် စစ်ဝတ်စုံဝတ်ထားသော စစ်သားတစ်ဦးသည် သူမ၏ဘေးသို့ အလျင်အမြန် လျှောက်လာချေသည်။
သူမသည် သူမ၏ သွယ်လျသော လက်ကို ဆန့်ထုတ်ကာ စစ်သား၏ ခန္ဓာကိုယ်ပေါ်က ပစ္စတိုသေနတ်ကို ဆွဲထုတ်လိုက်ပြီး လူမိုက်တစ်ဦး၏ ခေါင်းကို ချိန်ရွယ်လိုက်ပေသည်။
“အကယ်၍ ရှာမတွေ့ရင်တော့ ဒီလိုမျိုး ဖြစ်လာလိမ့်မယ်”
ဒိုင်း!
သေနတ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ထိုလူမိုက်၏ ခန္ဓာကိုယ်မှာ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဘုန်းကနဲ လဲကျကာ အသက်မဲ့သွားရှာပေသည်။
လေးယောက်မြောက်သခင်မလေးက သေနတ်ကို စစ်သားထံသို့ ပြန်လည်အပ်နှံလိုက်ပြီး လူမိုက်များအား တစ်ချက်ကြည့်ကာ အနည်းငယ် ပြုံးလျက် မေးလေသည်။
“ငါပြောတာကို မင်းတို့ နားလည်ကြလား”
အံ့ဩခြင်း၊ ထိတ်လန့်ခြင်း၊
နှင့် လုံးဝ တိတ်ဆိတ်ခြင်း။
လေးယောက်မြောက်သခင်မလေး ဤမျှအထိ လွယ်လွယ်ကူကူ လူသတ်လိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြချေ။
ထို့အပြင် ဤမျှအထိပြတ်သားပြီး တုံ့ဆိုင်းခြင်းလည်း လုံးဝ မရှိခဲ့ချေ။
မတိုင်ခင်က ကပ္ပတိန်လင်းထက်ပင် ပို၍ ပြတ်သားပြီး ရက်စက်လှပေသည်။
လူမိုက်များသည် ချက်ချင်းပင် ကြောင်အမ်းသွားကြချေပြီ။
သူတို့က ဤကဲ့သို့သော မြင်ကွင်းမျိုးကို အဘယ်မှာ မြင်ဖူးပါမည်နည်း။
သူတို့ရှေ့တွင် ရပ်နေသော အမျိုးသမီးမှာ အလွန်အမင်း လှပသော်လည်း သူမက သူတို့၏ အစ်ကိုချင်းထက်ပင် ပို၍ ရက်စက်လိမ့်မည်ဟု သူတို့ လုံးဝ မျှော်လင့်မထားခဲ့ကြချေ။
ယောင်ပင်းသည်လည်း ဆွံ့အသွားရပေသည်။
“အစ်ကိုခိုင်... လေးယောက်မြောက်သခင်မလေးက အမြဲတမ်း ဒီလိုမျိုးပဲလား”
ခဏမျှ ကြောင်အမ်းသွားပြီးနောက် ယောင်ပင်းက သူ၏လေသံကို နှိမ့်ချကာ ခိုင်ယဲ့အား ဂရုတစိုက် မေးလိုက်ပေသည်။
“မဟုတ်ရင် ငါက သူ့ကို ဘာလို့ ဒီလောက်အထိ ကြောက်နေမှာလဲ”
ခိုင်ယဲ့က စိတ်ပျက်လက်ပျက် ပြုံးလိုက်သည်။
“အဘိုးကြီးရဲ့ ဘေးနားမှာ အမြဲတမ်း ရှိနေနိုင်တဲ့သူ၊ သူအနှစ်သက်ဆုံး ဖြစ်နေတဲ့သူက သာမန်လူတစ်ယောက် ဖြစ်လိမ့်မယ်လို့ မင်း ထင်နေတာလား”
ယောင်ပင်းသည်လည်း စိတ်ပျက်လက်ပျက် ပြုံးလိုက်ရုံသာတတ်နိုင်ခဲ့သည်။
သူ ဤအကြောင်းကို လုံးဝ မတွေးမိခဲ့ချေ။
ခိုင်ယဲ့က သူ၏လေသံကို ထပ်မံနှိမ့်ချကာ ပြောလာပြန်သည်။
“တကယတော့ လေးယောက်မြောက်သခင်မလေးရဲ့ အကြီးမားဆုံး စွမ်းဆောင်ရည်က သိုင်းပညာပဲ၊ တစ်ပင်းဟိုင်တစ်မြို့လုံးကို ကြည့်ရင် သူမရဲ့ တစ်ချက်တည်းသော တိုက်ခိုက်မှုကို တောင့်ခံနိုင်တဲ့သူ မရှိသလောက်ပဲ”
ယောင်ပင်းမှာ ဆွံ့အသွားရပြန်သည်။
“ကျန်းရိရှန်ကော”
သူက ခိုင်ယဲ့အား သံသယဖြင့် မေးလိုက်ပေသည်။
“ကျန်းရိရှန် ဟုတ်လား”
ခိုင်ယဲ့က အထင်သေးသော အပြုံးဖြင့် ပြန်ဖြေ၏။
“သူ့မှာ စွမ်းအားအချို့ ရှိတာတော့ မှန်ပါတယ်၊ ဒါပေမဲ့ လူအများစုက ပုံကြီးချဲ့ ပြောဆိုတတ်ကြတာလေ၊ တကယ့် မာစတာအစစ်အမှန်တွေက လောကထဲမှာ လူသိနည်းတယ်၊ တကယ်လို့ ကျန်းရိရှန်သာ လေးယောက်မြောက်သခင်မလေးနဲ့ တကယ်တိုက်ခိုက်ရရင် သူ တစ်ချက်လောက်တောင် တောင့်ခံနိုင်မှာ မဟုတ်ဘူးလို့ ငါ ထင်တယ်”
ယောင်ပင်းသည် အံ့ဩလွန်းသဖြင့် ပါးစပ်ပင် ဟသွားရပေသည်။
လေးယောက်မြောက်သခင်မလေးသည်က တကယ်တမ်းတွင် လျှို့ဝှက်ဆန်းကြယ်လှသော မာစတာတစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ခိုင်ယဲ့က ဆက်လက်ပြောခဲ့သည်။
“ဒါကြောင့်မို့လို့လည်း အကြီးအကဲက လေးယောက်မြောက်သခင်မလေးကို ကိုယ်တိုင်လှုပ်ရှားခိုင်းတယ်ဆိုတာက မင်းကို အလွန်အမင်း အလေးထားကြောင်းကို ပြသနေတာလို့ပြောနိုင်တာပဲလေ”
ယောင်ပင်းသည် ခဏမျှ တွေးတောလိုက်ပြီးနောက် တိုးတိုးလေး မေးလိုက်ပေသည်။
“အစ်ကိုခိုင်... ခင်ဗျား မိုလီချွမ်အကြောင်းကို ဘယ်လောက်အထိ သိလဲ”
ခိုင်ယဲ့ ရုတ်တရက် ကြောင်အမ်းသွားရပေသည်။
ယောင်ပင်းက မိုလီချွမ်အကြောင်းကို ဤမျှ တိုက်ရိုက် မေးမြန်းလိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
ယခုအခါ သူ ယောင်ပင်းအား မည်သို့ ပြန်လည်ဖြေကြားရမည်ကို မသိတော့ချေ။
ခိုင်ယဲ့ အကျပ်ရိုက်နေစဉ်မှာပင် ကားအပြင်ဘက်၌ ပြင်းထန်သော ရုန်းရင်းဆန်ခတ်မှုများ ရုတ်တရက် ဖြစ်ပွားခဲ့သဖြင့် ယောင်ပင်းနှင့် ခိုင်ယဲ့တို့လည်း အပြင်ဘက်သို့ အတူတကွ လှမ်းကြည့်လိုက်ကြပေသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည်လည်း ကြောင်အမ်းသွားရတော့သည်။
ကလပ်တံခါးဝတွင်:
လျို့ချင်းက အပေါ်ပိုင်းဗလာကျင်းလျက် သူ၏ကျောပြင်ထက်တွင် သစ်ကိုင်းခြောက်အချို့ကို ထမ်းပိုးထားပြီး လူအချို့၏ ခြံရံမှုဖြင့် အပြင်သို့ ထွက်လာခဲ့ချေသည်။
သူ၏ပုံစံမှာ လုံးဝ ကစဉ့်ကလျား ဖြစ်နေချေပြီ။
ယောင်ပင်း မျက်မှောင်ကုတ်လိုက်ပြီး ဘေးနားရှိ ခိုင်ယဲ့အား တိုးတိုးလေး မေးမြန်းလိုက်ပေသည်။
“အစ်ကိုခိုင်... လျို့ချင်းက ဘာလှည့်ကွက် သုံးနေတာလဲ၊ သူထမ်းလာတဲ့ သစ်ကိုင်းတွေက တောင်းပန်တဲ့ သဘောလား”
“အဲဒီသစ်ကိုင်းတွေက အလှစိုက်တဲ့အပင်တွေကနေ ချိုးလာတဲ့ ပုံစံပဲ၊ သူ ဒီလို နည်းလမ်းမျိုး စဉ်းစားမိတာ တကယ့်ကို အံ့ဩစရာပဲ”
ခိုင်ယဲ့က ယောင်ပင်း၏ပုခုံးကို ပုတ်ပေးလိုက်ပြီး အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလာသည်။
“သခင်လေးယောင်... ငါတို့ အောက်ကိုဆင်းပြီး ပွဲကြည့်ရအောင်”
ဤသည်က ယောင်ပင်း အလိုချင်ဆုံးအရာ ဖြစ်ပေသည်။
သူ့အနေဖြင့် လျို့ချင်း မည်သည့်အရာကို ကြံစည်နေကြောင်း သိရှိချင်နေခဲ့သည်။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့ SUV ကားပေါ်မှ ဆင်းခဲ့ကြပြီး လျို့ချင်း၏ထံသို့ အတူတကွ လျှောက်လှမ်းသွားကြသည်။
မြေအောက်ဘော့စ်များက လျို့ချင်းအား လေးယောက်မြောက်သခင်မလေး၏ အရှေ့သို့ ခြံရံခေါ်ဆောင်သွားကြပြီး သူ့အား တိုးတိုးလေး မှာခဲ့ကြလေသည်။
“အစ်ကိုလျို့... ငါတို့က တောင်းပန်ဖို့ လာတာဆိုတော့ ရိုးရိုးသားသားနဲ့ စကားကောင်းကောင်းလေးတွေ ပြောလိုက်ပါ၊ သူတို့ ငါတို့ကို ဆက်ပြီး အပြစ်ရှာမှာ မဟုတ်ပါဘူး၊ ဒီနေ့ ခံရတဲ့ အရှက်ကွဲမှုကိုတော့ နောင်တစ်ချိန်မှပဲ ပြန်ပြီး စာရင်းရှင်းကြတာပေါ့”
“မှန်တာပေါ့၊ မှန်တာပေါ့၊ အသက်ရှင်နေသရွေ့တော့ ပြန်တိုက်ဖို့ အခွင့်အရေး ရှိတာပဲ၊ ဒီတစ်ကြိမ် အစ်ကိုလျို့ကို ဒုက္ခပေးမိပါပြီ”
…