အခန်း (၁၄၂)
Vol. 15 Ch. 142
အခန်း(142)
“ငါ တောင်းပန်ပြီးပြီပဲလေ၊ ဒါက ရိုးသားမှု မရှိလို့လား”
လျို့ချင်း၏ လေသံတွင် ဖိနှိပ်ထားသော ဒေါသများ ပြည့်နှက်နေချေသည်။
“ညီအစ်ကိုတို့ ပြောစမ်းပါဦး... ငါ ဘယ်လိုလုပ်မှ ရိုးသားမှု ရှိမှာလဲ”
လျို့ချင်းမှာ အလွန်အမင်းဒေါသထွက်နေချေပြီ။
သို့သော်လည်း သူ မည်သည့်အရာကိုမျှမတတ်နိုင်ချေ။
လေးယောက်မြောက်သခင်မလေးသည်က တင့်ကားဆယ်စီးကျော်နှင့်အတူ သူ၏ကလပ်အတွင်းသို့ အတင်းထိုးဖောက်ဝင်လာပြီး မိနစ်အနည်းငယ်အတွင်း ကလပ်၏တစ်ဝက်ခန့်ကို ဖြိုချဖျက်ဆီးခဲ့ကာ သူ၏လူများကို ထိတ်လန့်တုန်လှုပ်စေခဲ့ချေပြီ။
ထို့အပြင် သူ ဖိတ်ခေါ်ထားခဲ့သော မြေအောက်ဘော့စ်များသည်လည်း အကြီးအကဲမို၏ နာမည်ကို ကြားရုံမျှဖြင့် ထိတ်လန့်ကုန်ကြပြီး သူ့အား တောင်းပန်ရန် အတင်းအကျပ် ဖိအားပေးခဲ့ကြချေသည်။
သူကိုယ်တိုင်ပင်လျှင် ခဏအတွင်း ကလပ်၏တစ်ဝက်ခန့် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသောအခါ ကျောချမ်းသွားရပေသည်။
လေးယောက်မြောက်သခင်မလေးနှင့် ယှဉ်လျှင် သူ၏ ယခင်လှုပ်ရှားမှုများမှာ ကလေးကစားစရာမျှသာ ဖြစ်ကြောင်း သူ နောက်ဆုံးတွင် သဘောပေါက်သွားခဲ့ချေပြီ။
လွန်ခဲ့သည့် နှစ်များစွာကတည်းက သူသည် မိမိကိုယ်မိမိ အထက်တန်းလွှာတစ်ဦးဟု ယုံကြည်နေခဲ့သော်လည်း ယခုတွင်တော့ တိုက်ပွဲပင်မစရသေးခင် သူ၏လူနှင့် အရှိန်အဝါအားလုံးမှာ တစ်ဖက်လူ၏ နင်းခြေခြင်းကို ခံလိုက်ရချေပြီ။
သူသည် တောင်းပန်ရုံမှတစ်ပါး အခြားမရှိတော့ချေ။
အခြားနည်းလမ်း လုံးဝမရှိချေ။
သို့သော်လည်း သူ့အား တောင်းပန်ရန် ခေါ်ဆောင်လာခဲ့ကြသော မြေအောက်ဘော့စ်များသည်က သူ၏ရိုးသားမှု မလုံလောက်သေးဟု ခံစားနေရဆဲ ဖြစ်ပေသည်။
လျို့ချင်းက သူတို့အား မည်သည့်လုပာရပ်ကိုလုပ်မှ ရိုးသားမှုရှိမည်လဲဟု မေးမြန်းလိုက်ချိန်တွင် သူ၏နောက်တွင် ရပ်နေကြသော မြေအောက်ဘော့စ်များက သူ့အား ရုတ်တရက် တွန်းလိုက်ကြတော့သည်။
လျို့ချင်းတစ်ယောက် ဟန်ချက်ပျက်သွားပြီး လေးယောက်မြောက်သခင်မလေး၏ အရှေ့တွင် ဘုန်းကနဲ ဒူးထောက်လျက် လဲကျသွားရရှာပေသည်။
“အို... မစ္စတာလျို့၊ အားလပ်ရက်လည်း မဟုတ်သေးဘူးလေ၊ ဒီလိုကြီးမားတဲ့ အရိုအသေပေးမှုကိုတော့ ငါ လက်မခံနိုင်ပါဘူး”
လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်ပြီး အလျင်အမြန် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာလိုက်ပေသည်။ သူမ၏ လှပသော မျက်ဝန်းအစုံတွင် အထင်သေးရိပ်များ ပြည့်နှက်နေချေသည်။
“မင်း ပြစ်မှားမိတာက သခင်လေးယောင်ကိုလေ၊ ငါ့ကို မဟုတ်ဘူး၊ တကယ်လို့ မင်း တကယ် တောင်းပန်ချင်ရင် သခင်လေးယောင်ကို တောင်းပန်လိုက်ပါ”
သူမ၏ မျက်စိထဲတွင် လျို့ချင်းကဲ့သို့သော လူမိုက်တစ်ဦးမှာ သူမ၏ အာရုံစိုက်မှုကို ခံယူရန် မထိုက်တန်ချေ။
သူမ၏အရှေ့တွင် ဒူးထောက်ခြင်းကိုပင် သူမက အထင်သေးပေသည်။
လေးယောက်မြောက်သခင်မလေး၏ စကားကြောင့် လျို့ချင်းနှင့် တခြားမြေအောက်ဘော့စ်များမှာ ထိတ်လန့်သွားကြပြီး မျက်နှာအမူအရာများမှာ ပြင်းထန်စွာ ပြောင်းလဲသွားရပေသည်။
အစကတည်းက သူတို့သည် ခိုင်ယဲ့မှာ အကြီးအကဲမို၏ လူဖြစ်ကြောင်းနှင့် လေးယောက်မြောက်သခင်မလေးသည်လည်း အကြီးအကဲမို၏ အချစ်တော်ဖြစ်ကြောင်းကို သိရှိကြပေသည်။
လေးယောက်မြောက်သခင်မလေး ရှေ့သို့ ထွက်လာကတည်းက အကြီးအကဲမိုက ခိုင်ယဲ့အတွက် လှုပ်ရှားပေးခြင်း ဖြစ်ရမည်ဟု ထင်မှတ်ထားခဲ့ကြပေသည်။
မျှော်လင့်မထားဘဲ လေးယောက်မြောက်သခင်မလေးက လျို့ချင်းအား ယောင်ပင်း၏ရှေ့တွင် ဒူးထောက်ခိုင်းလိုက်ချေပြီ။ ဤသည်ကား လေးယောက်မြောက်သခင်မလေးက လျို့ချင်းအား ဤမျှအထိ ဖိအားပေးနေခြင်းမှာ ယောင်ပင်းအတွက် လှုပ်ရှားပေးခြင်း ဖြစ်ကြောင်း ထင်ရှားပေသည်။
တစ်နည်းအားဖြင့် အကြီးအကဲမိုသည်က ခိုင်ယဲ့အတွက် မဟုတ်ဘဲ ယောင်ပင်းအတွက် လှုပ်ရှားပေးခြင်း ဖြစ်ပေသည်။
အံ့ဩတုန်လှုပ်မှု အရှိဆုံးသူမှာ လျို့ချင်းကိုယ်တိုင် ဖြစ်ပေသည်။
သူသည်က သူ မပြစ်မှားရဲသော သူတစ်ဦးအား သတိမထားမိဘဲ ပြစ်မှားမိခဲ့လိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။ အကြီးအကဲမိုသည် ပင်းဟိုင်မြို့တွင် မည်ကဲ့သို့သော အရှိန်အဝါ ရှိသူနည်း။
အကယ်၍ ထိုလူကိုယ်တိုင်ပင်လျှင် ယောင်ပင်း၏ မျက်နှာသာရရန် ကြိုးစားနေရပါက ယောင်ပင်းတွင် မည်ကဲ့သို့သော နောက်ခံ ရှိနေရသနည်း။
သူ ဆက်လက်မတွေးရဲတော့ချေ။
“သခင်လေးယောင်... သခင်လေးရဲ့ စိတ်သဘောထား ကြီးမြတ်မှုကို ပြသပါဦး၊ ကျွန်တော့်ကို ဒီလိုမျိုး မခြောက်လှန့်ပါနဲ့...”
ခဏမျှ ထိတ်လန့်ပြီးနောက် လျို့ချင်းသည် အံကိုကြိတ်ကာ ယောင်ပင်း၏ရှေ့တွင် အရှက်မရှိ ဒူးထောက်လျက် ခွင့်လွှတ်ရန် တောင်းပန်လိုက်ရလေ၏။
မမျှော်လင့်မထားဘဲ သူ စကားတစ်ခွန်းမျှပင် မပြောရသေးခင် ယောင်ပင်းက လက်ကို ဝှေ့ယမ်းပြလိုက်သည်။
“ဘော့စ်လျို့... ခဏစောင့်ဦး”
ခဏစောင့်ဦး ဟုတ်လား။
ဘာကို စောင့်ရမှာလဲ။
လျို့ချင်းမှာ ကြောင်အမ်းသွားပြီး မြေအောက်ဘော့စ်များသည်လည်း တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြကာ ယောင်ပင်းမှ အဘယ်ကြောင့် စောင့်ခိုင်းနေသနည်းဟုတွေးတောနေခဲ့ကြသည်။
သို့သော်လည်း ယောင်ပင်းက စောင့်ခိုင်းထားသဖြင့် သူတို့က မမေးမြန်းရဲကြဘဲ သူနှင့်အတူ စိတ်ရှည်စွာ စောင့်ဆိုင်းနေခဲ့ရလေ၏။
လျို့ချင်းသည်ကား ယောင်ပင်း၏အရှေ့တွင် ဒူးထောက်နေဆဲ ဖြစ်ပေသည်။
ယောင်ပင်းက သူ့အား ထခိုင်းမည့် အမူအရာ လုံးဝ မပြသဖြင့် သူသည်လည်း ဇွတ်မထရဲချေ။
ကလေးတစ်ဦး၏အရှေ့တွင် ဒူးထောက်နေရခြင်းမှာ လျို့ချင်းအတွက် ကြီးမားလှသော အရှက်ကွဲမှု ဖြစ်ပေသည်။ သို့သော်လည်း ယခုအခါ လျို့ချင်းသည် ဤကိစ္စများ မြန်မြန် ပြီးဆုံးသွားရန်သာ ဆန္ဒရှိပေသည်။
နာရီဝက်ခန့် ကြာပြီးနောက်:
လူမိုက်အချို့သည် အမျိုးသမီးတစ်ဦးအား ပွေ့ချီလျက် ကလပ်ထဲမှ အလျင်အမြန် ပြေးထွက်လာကြပြီး လေးယောက်မြောက်သခင်မလေးအား စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
“လေးယောက်မြောက်သခင်မလေး... သခင်မလေး ရှာနေတဲ့လူကို ကျွန်တော်တို့ ရှာတွေ့ပါပြီ၊ ကျွန်တော်တို့ ရှာတွေ့ပါပြီ”
ယောင်ပင်း ကြည့်လိုက်လျှင် သူတို့ ပွေ့ချီ၍ခေါ်ဆောင်လာသော အမျိုးသမီးမှာ ကျန်းရှောင်ပေ၏မိခင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။
ယောင်ပင်းက သူတို့၏ထံသို့ အလျင်အမြန် လျှောက်လှမ်းသွားခဲ့ပေသည်။
ကျန်းရှောင်ပေ၏မိခင်သည်က သတိမေ့မြောနေသော်လည်း ဒဏ်ရာရရှိခြင်း မရှိချေ။
“အန်တီဟွမ်ကို ကားပေါ် အရင်ပို့လိုက်ကြ”
သူမအား စစ်ဆေးပြီးနောက် ယောင်ပင်းက ခေါင်းညိတ်လိုက်ပေသည်။
“ဟုတ်ကဲ့... ဟုတ်ကဲ့... ဟုတ်ကဲ့”
လူမိုက်များသည် ဆန်ကောက်စားသည့် ကြက်ကဲ့သို့ ခေါင်းညိတ်လိုက်ကြပြီး ကျန်းရှောင်ပေ၏မိခင်အား ယောင်ပင်းတို့ စီးနင်းလာခဲ့သော SUV ကားဆီသို့ အလောတကြီး သယ်ဆောင်သွားကြချေတော့သည်။
ကျန်းရှောင်ပေ၏မိခင်အား SUV ကားပေါ်သို့ တင်ဆောင်ပြီးနောက် ထိုလူမိုက်များက ယောင်ပင်း၊ ခိုင်ယဲ့နှင့် လေးယောက်မြောက်သခင်မလေးတို့၏ အရှေ့တွင် ရိုသေစွာ ရပ်နေကြပြီး ညွှန်ကြားချက်ကို စောင့်ဆိုင်းနေကြပေသည်။
ဤမြင်ကွင်းက လျို့ချင်း၏ မျက်နှာကို ပြာနှမ်းသွားစေချေသည်။
ဤလူမိုက်များသည်က သူ၏ လက်အောက်ငယ်သားများ ဖြစ်ကြပါလျက် ယခုတွင်တော့ ယောင်ပင်း၏အရှေ့တွင် ခွေးများကဲ့သို့ မျက်နှာသာရရန် ကြိုးစားနေကြချေပြီ။
ဤသည်ကား လျို့ချင်း၏ မျက်နှာကို ပေါ်တင်ပါးရိုက်လိုက်ခြင်း ဖြစ်ပေသည်။
သို့သော်လည်း သူ ပြန်လည်တွေးတောမိသည်။ သူကိုယ်တိုင်ပင်လျှင် ယောင်ပင်း၏အရှေ့တွင် ဒူးထောက်နေရပြီဖြစ်ရာ သူ၏လက်အောက်ငယ်သားအချို့က ယောင်ပင်းအား မျက်နှာသာရရန် ကြိုးစားခြင်းမှာ အရေးမကြီးတော့ပေ။
လူမိုက်များက ကျန်းရှောင်ပေ၏မိခင်အား SUV ကားပေါ်သို့ ပို့ဆောင်ပြီးနောက် ယောင်ပင်းသည် မြေအောက်ဘော့စ်များအား တစ်ချက်ကြည့်လိုက်ပြီးနောက် မြေပြင်ပေါ်တွင် ဒူးထောက်နေဆဲဖြစ်သော လျို့ချင်းအပေါ်သို့ ပြန်ကြည့်လိုက်သည်။
“ကျုပ်အထင်တော့ ဘော့စ်လျို့အနေနဲ့ ဒီဘက်က ဂိုဏ်ခေါင်းဆောင်တွေကို ကျုပ်တို့ ဘာလို့ ဒီကို ရောက်လာရလဲဆိုတဲ့ အကြောင်းရင်းကို ပြောပြရသေးတဲ့ပုံရတယ်”
“သခင်လေးယောင်... ဘာတွေများ ဖြစ်လို့ပါလဲ”
ကျန်းရှောင်ပေ၏မိခင်အား ကလပ်ထဲမှ ခေါ်ဆောင်လာသည်ကို မြင်ရသောအခါ မြေအောက်ဘော့စ်များသည်လည်း ကိစ္စမှာ ဤမျှ မရိုးရှင်းကြောင်း ခံစားလိုက်ရပေသည်။
ယောင်ပင်း မဖြေသေးမီ သူတို့သည် လျို့ချင်းအား ချက်ချင်း ပြတ်သားစွာ မေးမြန်းကြချေသည်။
“ဘော့စ်လျို့... ဘာတွေ ဖြစ်ပျက်နေတာလဲ၊ အဲဒီအမျိုးသမီးက ဘယ်သူလဲ၊ သူက မင်းရဲ့ကလပ်ထဲမှာ ဘာလို့ ရှိနေရတာလဲ”
အကယ်၍ ၎င်းသည်က နယ်မြေလုသည့် ကိစ္စမျှသာဆိုလျှင် သူတို့ စေ့စပ်ညှိနှိုင်းပေးနိုင်ပေသည်။
သို့သော် အကယ်၍ လျို့ချင်းက မဝှက်ထားသင့်သော လူတစ်ဦးအား လျှို့ဝှက်စွာ ဖမ်းဆီးထားခြင်း ဖြစ်ပါက သူတို့အနေဖြင့် သူနှင့်အတူ အပြစ်ကို ခံယူရန် အကြောင်းရင်း မရှိချေ။ ထို့ထက် ပို၍ မပြစ်မှားသင့်သော သူတစ်ဦးအား ပြစ်မှားရန် အကြောင်းရင်း လုံးဝမရှိချေ။
မြေအောက်ဘော့စ်များ၏ မေးမြန်းမှုအောက်တွင် လျို့ချင်းက ဆင်ခြေပေးရန် ကြိုးစားဆဲ ဖြစ်ပေသည်။
“ညီအစ်ကိုတို့... ငါ လုပ်တာ မဟုတ်ပါဘူး၊ တစ်စုံတစ်ဦးက ဤအမျိုးသမီးကို ငါ့ဆီကို ပို့ပေးခဲ့တာပါ...”
သူသည်က အမှန်တရားကို ပြောဆိုနေခြင်း ဖြစ်ပေသည်။
ကျန်းရှောင်ပေ၏မိခင်မှာ တစ်စုံတစ်ဦးက သူ့ထံသို့ လာရောက်အပ်နှံခဲ့ခြင်း ဖြစ်ပေသည်။
သို့သော်လည်း လက်ရှိအခြေအနေအရ မည်သူက သူ့စကားကို ယုံကြည်ပါမည်နည်း။
သူ စကားပင်မဆုံးသေးခင်မှာပင် မြေအောက်ဘော့စ်များက ချက်ချင်း မျက်နှာပျက်သွားကြချေပြီ။
“လျို့ချင်း... မင်းက ဒီလိုလူမျိုး ဖြစ်လိမ့်မယ်လို့ ငါ လုံးဝ မျှော်လင့်မထားခဲ့ဘူး၊ ငါတို့ရဲ့ သာမန် စီးပွားရေး ဆက်ဆံရေးနဲ့ လူမှုရေးတွေအရဆိုရင် ငါက မင်းရဲ့ မိသားစုဝင်တွေ ဒါမှမဟုတ် ဇနီးနဲ့ သားသမီးတွေကို ဘယ်တော့မှ နာကျင်အောင် လုပ်မှာ မဟုတ်ဘူး”
“မင်းက သခင်လေးယောင်ရဲ့ မိသားစုဝင်ကို ဝှက်ထားတာကိုး၊ သခင်လေးယောင် ဒီလောက်ထိ ဒေါသထွက်တာ မဆန်းတော့ပါဘူး”
“ငါတို့က မင်းကို ပြန်လည်သင့်မြတ်အောင် ကူညီပေးဖို့ တွေးထားခဲ့တာ၊ ဒါပေမဲ့ မင်းလုပ်ရပ်က ငါတို့ကို ပြောစရာစကားမဲ့သွားစေတယ်၊ ပြန်လည်သင့်မြတ်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်တော့ဘူး”
…
ခဏချင်းအတွင်း မြေအောက်ဘော့စ်များက လျို့ချင်းနှင့် အဆက်အသွယ် ဖြတ်လိုက်ကြချေပြီ။
လျို့ချင်း၏ မျက်နှာမှာ ပြာနှမ်းသွားလိုက်၊ နီမြန်းသွားလိုက်နှင့် နောက်တစ်ဖန် ပြာနှမ်းသွားလိုက်ဖြစ်နေကာ အလွန်ပင် ကြည့်ကောင်းနေခဲ့သည်။
သူ့အနေဖြင့် ဤလူကုံထံကြီးများမှာ အားကိုး၍မရကြောင်း သိရှိသော်လည်း ဤမျှအထိ အားကိုး၍မရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
ကျန်းရှောင်ပေ၏မိခင် ထွက်လာပြီး ငါးမိနစ်ပင်မပြည့်သေးခင်မှာပင် သူတို့အားလုံး သူ့ကို ပြန်လှည့်တိုက်လိုက်ကြချေပြီ။
သေစမ်း...
ယောင်ပင်းသည် လေးယောက်မြောက်သခင်မလေးအား တည်ငြိမ်စွာ တစ်ချက်ကြည့်လိုက်သည်။
“လေးယောက်မြောက်သခင်မလေး... အန်တီဟွမ်ကို ကယ်တင်ပြီးပြီဆိုမှတော့ ကပ္ပတိန်လင်းကို လက်မနှေးခိုင်းပါနဲ့တော့”
သူ၏လူကို ထိခိုက်အောင် ပြုလုပ်ရဲတဲ့သူ မှန်သမျှ တန်ဖိုးပေးရမည် ဖြစ်ပေသည်။
“သဘောပေါက်ပါပြီ”
လေးယောက်မြောက်သခင်မလေးက ခေါင်းညိတ်လိုက်ပြီး ဖုန်းကိုထုတ်ကာ စကားအချို့ ပြောလိုက်လေသည်။
*