အခန်း (၁၄၄)
Vol. 15 Ch. 144
အခန်း(144)
လျို့ချင်းတစ်ယောက် သွေးအန်လုမတတ် ခံစားလိုက်ရသည်။
ပြီးခဲ့သည့်အကြိမ်က သင်ခန်းစာအရ လျို့ချင်းအနေဖြင့် အကယ်၍ သူသာ သဘောမတူပါက ဤနိုက်ကလပ်သည်လည်း နောက်တစ်ဖန် ပျက်စီးသွားလိမ့်မည်ကို သိရှိပေသည်။
သူ အချိန်ဆွဲနိုင်ရန် မည်သည့် နည်းလမ်းမျိုးဖြင့်ပြန်လည်ဖြေကြားသင့်သည်လဲ။
“ကပ္ပတိန်လင်း... ဘော့စ်လျို့က တွန့်ဆုတ်နေတုန်းပဲ၊ ဖြိုချဖျက်ဆီးပစ်လိုက်တော့”
ဘော့စ်လျို့ စကားမပြောမီမှာပင် လေးယောက်မြောက်သခင်မလေးသည် ဖုန်းကို ထုတ်ယူကာ ကပ္ပတိန်လင်းအား ပြောဆိုလိုက်ပြီး လျို့ချင်းအား အနည်းငယ် ပြုံးပြလျက်ပြောလာ၏။
“စိတ်မကောင်းပါဘူး ဘော့စ်လျို့၊ ငါက ဘယ်တော့မှ စိတ်ရှည်တဲ့သူ မဟုတ်ဘူး၊ မင်း တွေးတောနေတာကို ငါ မစောင့်နိုင်ဘူး”
လျို့ချင်းသည် သွေးအန်ချင်စိတ် ပြင်းပြလာရချေပြီ။
ကြည့်လိုက်လျှင် အလွန် ဆွဲဆောင်မှုရှိသော ဤလေးယောက်မြောက်သခင်မလေးသည်က တကယ်တမ်းတွင် မိစ္ဆာတစ်ကောင် ဖြစ်နေသည်လား။ သူသည်က စက္ကန့်အနည်းငယ်မျှသာ စဉ်းစားခဲ့မိသော်လည်း လေးယောက်မြောက်သခင်မလေးတွင် လုံးဝ စိတ်ရှည်မှု မရှိခဲ့ပေ။
ဤသည်က သူ့အား တွန့်ဆုတ်ခွင့် လုံးဝ မပေးခြင်း ဖြစ်ပေသည်။
အကယ်၍ သူသာ တွန့်ဆုတ်ပါက သူ၏နေရာသည် ပျက်စီးယိုယွင်းသော ကံကြမ္မာတစ်ခုတည်းသို့သာ ရောက်ရှိမည် ဖြစ်ပေသည်။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည်လည်း တစ်ဦးကိုတစ်ဦး ဇဝေဇဝါဖြင့် ကြည့်လိုက်ကြပေသည်။
လေးယောက်မြောက်သခင်မလေး၏ လုပ်ရပ်မှာ သူတို့ ထင်မှတ်ထားခဲ့သည်ထက် များစွာ ပိုမိုရက်စက်လှပေသည်။
ခိုင်ယဲ့က ယောင်ပင်းအား မျက်စိမှိတ်ပြလိုက့်ည်။
ဆိုလိုရင်းမှာ - စကားအမြောက်အမြား ထပ်မံမပြောဆိုဘဲ လေးယောက်မြောက်သခင်မလေး၏ အစီအစဉ်အတိုင်းသာ နားထောင်လိုက်ပါ ဟူ၍သာ ဖြစ်ပေသည်။
ယောင်ပင်းက အလျင်အမြန် ခေါင်းညိတ်လိုက်ပြီး သူ သဘောပေါက်ကြောင်း ပြသလိုက်ပေသည်။
လေးယောက်မြောက်သခင်မလေး ဤမျှ ရက်စက်နေလျှင် သူ မည်သို့ စကားပြောရဲပါဦးမည်နည်း။
မကြာမီတွင် သူတို့က နောက်ထပ် ဖျော်ဖြေရေးနေရာတစ်ခုသို့ အလျင်အမြန် သွားခဲ့ကြပြန်သည်။
ယခုတစ်ကြိမ်တွင်မူ လျို့ချင်းသည် သင်ခန်းစာ ရရှိသွားခဲ့ချေပြီ။ လေးယောက်မြောက်သခင်မလေးက ယောင်ပင်းအား ဤနေရာကို သဘောကျလားဟု မေးမြန်းလိုက်သည်နှင့် လျို့ချင်းသည် ချက်ချင်းပင် ပြောလာ၏။
“လေးယောက်မြောက်သခင်မလေး... ထပ်ပြီး မမေးပါနဲ့တော့၊ ကျွန်တော်ဘက်က တောင်းပန်တဲ့အချိန်မှာ ရိုးသားမှုကိုပြသတဲ့အနေနဲ့ ဒီနေရာကို သခင်လေးယောင်ဆီကို ပေးအပ်ပါ့မယ်...”
အကယ်၍ သူသာ မပေးအပ်ပါက ဤနေရာသည်လည်း ပျက်စီးသွားလိမ့်မည်ကို သိရှိပေသည်။
သူသည် ယခုအခါ လေးယောက်မြောက်သခင်မလေး၏ ကားအတွင်း၌ ရှိနေပြီး ပတ်ပတ်လည်တွင်လည်း တင့်ကားများ ရှိနေသဖြင့် နာခံရုံသာတတ်နိုင်တော့သည်။
လျို့ချင်းသည် ထိုမြေအောက်ဘော့စ်များ၏ စကားကို နားထောင်ပြီး အပြစ်ကို လွယ်လွယ်ကူကူ ဝန်ခံခဲ့မိခြင်းကို စတင်နောင်တရလာခဲ့ချေပြီ။
သို့မဟုတ်ပါက သူသည်က လေးယောက်မြောက်သခင်မလေးအား ခဏမျှ တောင့်ခံနိုင်ဦးမည် ဖြစ်ပေသည်။
ခဏမျှ တောင့်ခံခြင်း၏ အကျိုးဆက်မှာ ပို၍ ဆိုးရွားနိုင်သော်လည်း ဤကဲ့သို့သော အရှက်ကွဲမှုမျိုးထက်စာလျှင် များစွာ ပိုမိုကောင်းမွန်ပေလိမ့်မည်။
လျို့ချင်းအနေဖြင့် မြေအောက်အဖွဲ့အစည်းတွင် ဘဝတစ်ခုလုံး ကျင်လည်ခဲ့ပြီး အတင်းအကျပ် လုယက်ခြင်းများကို ပြုလုပ်ခဲ့ဖူးသော်လည်း အမျိုးသမီးတစ်ဦး ဖြစ်သည့် လေးယောက်မြောက်သခင်မလေးသည်က သူ့ထက် များစွာ ပိုမိုရက်စက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ။
လျို့ချင်း၏ ယခုတစ်ကြိမ် တုံ့ပြန်မှုနှင့် ပတ်သက်လာလျှင်တော့
လေးယောက်မြောက်သခင်မလေးသည် အတော်လေး ကျေနပ်ပုံရပေသည်။
ထို့နောက် သူတို့က နောက်ထပ် တည်နေရာတစ်ခုသို့ ဦးတည်ခဲ့ကြပေသည်။
လျို့ချင်းမှာ SUV ကား၏ အတွင်းပိုင်းကို ဂရုတစိုက် အကဲခတ်လိုက်ပြီး လေးယောက်မြောက်သခင်မလေး၊ ယောင်ပင်းနှင့် ခိုင်ယဲ့တို့ ကားထဲမှ ထွက်ပြေးနိုင်မည့် အခွင့်အရေး ရှိမရှိကို အသေအချာ တွေးတောနေခဲ့သည်။
#
မိုမိသားစု စံအိမ်တွင် :
မိုမိသားစု အကြီးအကဲသည် ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေပြီး အစေခံတစ်ဦးက ကမ်းပေးသော လက်ဖက်ရည်ကို အေးအေးလူလူ သောက်သုံးနေချေသည်။
သူ၏ ရှေ့မျက်နှာချင်းဆိုင်တွင် သခင်ကြီးကော် ထိုင်နေပေသည်။
သူ၏နောက်တွင်တော့:
သခင်ကြီးကော်၏ နောက်ကွယ်၌ လျို့ချင်း၏ နေရာမှ ယခုတင် ရောက်ရှိလာကြသော မြေအောက်ဘော့စ်အချို့ ရှိနေကြခဲ့သည်။ သူတို့သည်က စိုးရိမ်စိတ်များ ရှိနေကြဆဲ ဖြစ်သဖြင့် သခင်ကြီးကော်အား ရှာဖွေပြီး အကြီးအကဲမို၏ စံအိမ်သို့ လာရောက်တောင်းပန်ခိုင်းခြင်း ဖြစ်ပေသည်။
သူတို့အနေဖြင့် ကော်မိသားစုနှင့် မိုမိသားစုတို့မှာ မိတ်ဆွေဟောင်းများ ဖြစ်ကြကြောင်းနှင့် သခင်ကြီးကော်နှင့် အကြီးအကဲမိုတို့ နှစ်ဦးလုံးသည်က ပင်းဟိုင်မြို့တွင် နှိုင်းယှဉ်၍မရသော နေရာများတွင် ရှိကြကြောင်း သိရှိကြပေသည်။
အကယ်၍ သခင်ကြီးကော်သာ သူတို့အတွက် စေ့စပ်ညှိနှိုင်းပေးနိုင်ပါက မိုမိသားစုမှ နောက်ပိုင်းတွင် သူတို့အား ဒုက္ခပေးမှာ မဟုတ်တော့ချေ။
“သူတို့က ငါ့ကို အတင်းအကျပ် လာခေါ်ကြလို့ ငါလည်း သူတို့ကို ခေါ်လာခဲ့တာ”
သခင်ကြီးကော်က လက်ဖက်ရည်ခွက်ကို စားပွဲပေါ်သို့ တင်လိုက်ရင်း အကြီးအကဲမို၏ တုံ့ပြန်မှုကို ဂရုတစိုက် အကဲခတ်ပေသည်။ မည်သည့် ပုံမှန်မဟုတ်သော မျက်နှာအမူအရာမျှ မရှိသည်ကို မြင်ရသောအခါ သူက ရယ်မောလိုက်လေ၏။
“သူတို့က အခြေအနေကို မသိရှိဘဲ သခင်လေးယောင်ကို ပြစ်မှားမိခဲ့ကြတာ၊ ငါ သူတို့ကိုယ်စား တောင်းပန်ပါတယ်၊ သူတို့က အကြီးအကဲမိုကို အရင် တောင်းပန်ပြီးမှ သခင်လေးယောင်ကို သွားရောက်တောင်းပန်ဖို့ ရည်ရွယ်ထားကြတာပါ၊ လောင်မို... ဒီလူတွေအားလုံးက တကယ်ပဲ ရိုးရိုးသားသား တောင်းပန်နေကြတာပါ၊ မင်း ကြည့်လိုက်ပါဦး”
ကော်မိသားစုနှင့် မိုမိသားစုတို့သည်က ပင်းဟိုင်မြို့တွင် တူညီသော နေရာ၌ ရှိကြသော်လည်း မိုမိသားစုတွင်တော့ ကော်မိသားစု မည်သည့်အချိန်တွင်မှ မမှီနိုင်သော ကြီးမားလှသော နောက်ခံစွမ်းအား ရှိပေသည်။
အထူးသဖြင့် သူတို့က ယောင်ပင်းအား ပထမဦးစွာ ပြစ်မှားမိခဲ့ကြခြင်း ဖြစ်ပေသည်။
သာမန်အချိန်မျိုးဆိုလျှင် သခင်ကြီးကော်သည်က ဤလူများအတွက် လာရောက်တောင်းပန်ပေးမည် မဟုတ်ချေ။
သို့သော်လည်း ကြားလူတစ်ဦး ပါဝင်ပတ်သက်နေသဖြင့် သခင်ကြီးကော်သည်လည်း အံကြိတ်ကာ သူတို့အတွက် လာရောက်တောင်းပန်ပေးခဲ့ရသည်။
ထို့ကြောင့် သခင်ကြီးကော်မှာထို မြေအောက်ဘော့စ်များအတွက် လာရောက်တောင်းပန်ပေးသည့်တိုင်အောင် ယဉ်ကျေးစွာပြုမူရပေသည်။
အကြီးအကဲမိုသည်ကား သခင်ကြီးကော် စကားပြောဆိုပြီးသည်အထိ စိတ်ရှည်စွာ စောင့်ဆိုင်းလိုက်ပြီးနောက် လက်ဖက်ရည်ခွက်ကို ချလိုက်ကာ သူ့အား အနည်းငယ် ပြုံးပြလိုက်ပေသည်။
“လောင်ကော်... မင်းလည်း သိပါတယ်၊ ငါက ဒီရက်ပိုင်းမှာ ကလေးတွေရဲ့ ကိစ္စတွေကို သိပ်ပြီး ဝင်မစွက်ဖက်တော့ဘူး၊ သခင်လေးယောင် ဒီလောက်အထိ ဒေါသထွက်ခဲ့တယ်ဆိုတာက သူတို့ မလုပ်သင့်သောအရာကို လုပ်ဆောင်မိခဲ့ကြလို့ ဖြစ်လိမ့်မယ်၊
သူတို့ လူမှားကူညီမိပြီး ကိစ္စမှားလုပ်မိခဲ့ကြတာလေ၊ သခင်လေးယောင် ဒေါသထွက်တာ မဆန်းပါဘူး”
သခင်ကြီးကော်သည်က အကြီးအကဲမိုက ဤ မြေအောက်ဘော့စ်များအား သတိပေးနေခြင်း ဖြစ်ကြောင်း သိရှိလိုက်ပေသည်။
“ငါလည်း သူတို့ကို ဒီအတိုင်းပဲ သင်ခန်းစာပေးခဲ့တာပါ”
သခင်ကြီးကော်က ဟန်ဆောင်အပြုံးဖြင့် ဆိုသည်။
“ဒါပေမဲ့ မင်းသာ သူတို့ကို ခွင့်မလွှတ်ရင် သူတို့ သခင်လေးယောင်ဆီကို မသွားရဲကြတော့ဘူး၊ ဒါကြောင့်မို့လို့ ငါလည်း သတ္တိမွေးပြီး သူတို့ကို မင်းဆီ အရင်ခေါ်လာခဲ့တာပေါ့”
ထိုသို့ပြောပြီးနောက် သခင်ကြီးကော်က မြေအောက်ဘော့စ်များအား မျက်စိမှိတ်ပြလိုက်လေ၏။ သူတို့သည်လည်း အကြီးအကဲမို၏အရှေ့တွင် ဘုန်းကနဲ ချက်ချင်း ဒူးထောက်လိုက်ကြချေတော့သည်။
အကြီးအကဲမိုသည် မျက်ခုံးပင်မပင့်ဘဲ လက်ဖက်ရည်ကိုသာ ဆက်လက်သောက်သုံးနေချေသည်။
အချိန်အကြာကြီး တိတ်ဆိတ်သွားပြီးနောက် အကြီးအကဲမိုက နောက်ဆုံးတွင် တည်ငြိမ်စွာ ဆိုလေသည်။
“အားလုံး ထကြပါ၊ သခင်လေးယောင် သူ့ရဲ့ အလုပ်တွေပြီးရင် မင်းတို့ သူ့ဆီ ကိုယ်တိုင်သွားပြီး တောင်းပန်လိုက်ကြ၊ သခင်လေးယောင်က လိမ်မာတဲ့ကလေးတစ်ယောက်ပဲ... မင်းတို့ရဲ့ တောင်းပန်မှုသာ ရိုးသားရင် သူ မင်းတို့အားလုံးကို ခွင့်လွှတ်ပေးပါလိမ့်မယ်”
မြေအောက်ဘော့စ်များလည်း အလွန်အမင်း ဝမ်းမြောက်သွားကြပြီး သူ့အား အလျင်အမြန် ကျေးဇူးတင်စကား ပြောလိုက်ကြတော့သည်။
တစ်ချိန်တည်းမှာပင်၊ SUV ကားအတွင်း၌ :
လျို့ချင်းသည် ပတ်ပတ်လည်ကို အကဲခတ်လိုက်ပြီး နောက်ဆုံးတွင် အားအနည်းဆုံးဖြစ်သော ပြတင်းပေါက်ကို ရွေးချယ်လိုက်ပေသည်။ သူသည်က စိတ်ကို ပြတ်သားစွာ ဆုံးဖြတ်လိုက်ပြီး ပြတင်းပေါက်ကို ပြင်းထန်စွာ ရိုက်ခွဲလိုက်သည်။
“သူ ထွက်ပြေးဖို့ ကြိုးစားနေတယ်”
“သူ့ကို ဖမ်းထား”
ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည် တပြိုင်နက်တည်း အော်ဟစ်လိုက်ကြပြီး လျို့ချင်း၏ထံသို့ လက်လှမ်းလိုက်ကြပေသည်။
ပြင်းထန်သော အသံတစ်ခု ထွက်ပေါ်လာချေသည်။
ချက်ချင်းဆိုသလိုပင် လျို့ချင်း၏ ခန္ဓာကိုယ်ထက်မှ ရွှေရောင်အလင်းတန်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာခဲ့ချေတော့သည်။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည် လျို့ချင်းအား သွားရောက်တားဆီးရန် ပြင်လိုက်စဉ်မှာပင် လျို့ချင်း၏ ခန္ဓာကိုယ်ထက်မှ ရုတ်တရက် အလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာပြီး စူးရှတောက်ပသော အရှိန်အဝါများ လင်းလက်သွားချေသည်။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့က လျို့ချင်း၏ ခန္ဓာကိုယ်ကို ထိမိလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအလင်းတန်းမှာ ပိုမိုပြင်းထန်လာပြီး သူတို့၏လက်များမှာ မာကျောလှသော သံမဏိကို ဆောင့်ထုမိသကဲ့သို့ နောက်သို့ လွင့်စင်သွားရချေတော့သည်။
ယောင်ပင်းမှာ အဆင်ပြေသော်လည်း ခိုင်ယဲ့မှာတော့ အနောက်သို့ ပြင်းထန်စွာ လွင့်စင်သွားသဖြင့် မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါး ဖြစ်ရရှာပေသည်။
“သေစမ်း ..”
“ဒါ ဘာဖြစ်တာလဲ...”
နောက်သို့ လွင့်စင်သွားသည့် ခဏတွင်ပင် ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည် တပြိုင်နက်တည်း ဆဲဆိုလိုက်ကြပြီး နောက်သို့ ဖျတ်ခနဲ ခုန်ဆုတ်လိုက်ကြပေသည်။
ဝုန်း!
ပြင်းထန်သော အသံကြီးတစ်ခု ထွက်ပေါ်လာချေသည်။
လျို့ချင်းက ကားပြတင်းပေါက်ကို လက်သီးဖြင့် ဆောင့်ထိုးလိုက်သည်။
SUV ကား၏ ပြတင်းပေါက်မှန်မှာ အပိုင်းပိုင်းအစစ ကွဲကြေသွားခဲ့ချေပြီ။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့ မသိစိတ်ဖြင့် နောက်ဆုတ်လိုက်ကြစဉ် လျို့ချင်းသည်က ပျက်စီးသွားသော ပြတင်းပေါက်မှန်အတွင်းမှ ခုန်ထွက်ကာ SUV ကားထဲမှ ထွက်ပြေးလွတ်မြောက်သွားချေတော့သည်။
သူတို့ တားဆီးရန် နောက်ကျသွားခဲ့ချေပြီ။
အကျပ်ရိုက်နေသော အခြေအနေတွင် ခိုင်ယဲ့ကအော်ဟစ်လေသည်။
“လေးယောက်မြောက်သခင်မလေး... သူ့ကို တားဆီးပေးပါဦး၊ သူ့ကို လုံးဝ အလွတ်ပေးလို့မဖြစ်ဘူး”
အကယ်၍ လျို့ချင်းသာ ယခုတစ်ကြိမ် ထွက်ပြေးလွတ်မြောက်သွားပါက နောက်ပိုင်းတွင် သူ့အား ဖမ်းဆီးရန်မှာ ဤမျှလွယ်ကူလိမ့်မည် မဟုတ်ချေ။
“သူ့ကို ဘာလို့ တားရမှာလဲ”
လေးယောက်မြောက်သခင်မလေးက အနည်းငယ် ပြုံးလိုက်ပြီး လျို့ချင်း ပြတင်းပေါက်မှ ခုန်ထွက်ပြေးသည်ကို အေးအေးလူလူ စောင့်ကြည့်နေခဲ့သည်။ သူမသည်က မိမိ၏ မူလနေရာတွင်သာ ငြိမ်သက်စွာ ဆက်လက်ထိုင်နေပေသည်။
“ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာရမှာပဲလေ”
“ ဘယ်လိုပဲဖြစ်ဖြစ် ပြန်လာရမယ် ဟုတ်လား၊ သူက ဘာလို့ ပြန်လာမှာလဲ”
လေးယောက်မြောက်သခင်မလေး ငြိမ်သက်နေသည်ကို မြင်ရသဖြင့် ခိုင်ယဲ့က စိုးရိမ်တကြား မေးလေသည်။
လေးယောက်မြောက်သခင်မလေး ပြောနေသည်ကို သူ နားမလည်နိုင်ပေ။
လေးယောက်မြောက်သခင်မလေးက ကားပြတင်းပေါက်အပြင်ဘက်သို့ သူမ၏ မေးစေ့ဖြင့် ညွှန်ပြလိုက်ပြီး အေးအေးလူလူ ဆိုလေသည်။
“အပြင်ဘက်ကို လှမ်းကြည့်လိုက်စမ်းပါ”
အပြင်မှာ ဘာရှိလို့လဲ။
ယောင်ပင်းနှင့် ခိုင်ယဲ့တို့က တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ပြတင်းပေါက်အပြင်ဘက်သို့ အတူတကွ လှမ်းကြည့်လိုက်ကြပေသည်။
မကြာမီတွင် ယောင်ပင်းနှင့် ခိုင်ယဲ့တို့အနေဖြင့် လျို့ချင်း ထွက်ပြေးသွားစဉ်က လေးယောက်မြောက်သခင်မလေး အဘယ်ကြောင့် ဤမျှအထိ တည်ငြိမ်နေရသနည်းဆိုသည်ကို သဘောပေါက်သွားကြချေပြီ။
လျို့ချင်းသည် ကားပြတင်းပေါက်မှ ခုန်ထွက်ပြီးနောက် တင့်ကားဆယ်စီးကျော်၏ အလယ်တည့်တည့်သို့ ကွက်တိ ကျရောက်သွားခြင်း ဖြစ်ပေသည်။
*