အခန်း (၁၄၅)
Vol. 15 Ch. 145
အခန်း(145)
လျို့ချင်းတစ်ယောက် SUV ကားပေါ်မှ ခုန်ချလိုက်သည့် အချိန်မှာပင် သူ၏ရှေ့နှင့်နောက်ရှိ တင့်ကားဆယ်စီးကျော်က ၎င်းတို့၏ မောင်းနှင်ရာ လမ်းကြောင်းကို ချက်ချင်း ပြောင်းလဲလိုက်ကြသည်။
ထိုတင့်ကားဆယ်စီးကျော်၏ အမြောက်ပြောင်းအားလုံးသည် ပြတင်းပေါက်မှ ခုန်ထွက်ပြေးလာသော လျို့ချင်း၏ ခေါင်းကို တည့်တည့် ချိန်ရွယ်လိုက်ကြချေပြီ။
တစ်ချိန်တည်းမှာပင် ကပ္ပတိန်လင်း ခေါ်ဆောင်လာသော စစ်သားတစ်ရာကျော်သည်လည်း လက်နက်များကို အသင့်ပြင်ဆင်လျက် လျို့ချင်း၏ထံသို့ တပြိုင်နက်တည်း ချိန်ရွယ်လိုက်ကြပေသည်။
အမြောက်ပြောင်း ဆယ်စီးကျော်နှင့် သေနတ်အစုံအလင် ရာဂဏန်း။
အကယ်၍ သူတို့သာ ပစ်ခတ်လိုက်ပါက သူ အပိုင်းပိုင်းအစစ ကွဲကြေသွားမည် ဖြစ်ပေသည်။
ပတ်ပတ်လည်ရှိ အခြေအနေကိုမြင်ရသောအခါ လျို့ချင်းတစ်ယောက် ခြေထောက်များ ပျော့ခွေသွားပြီး မြေပြင်ပေါ်သို့ ဒူးထောက်လဲကျလုနီးပါး ဖြစ်ရရှာပေသည်။
တင့်ကားတစ်စီးပေါ်တွင် ထိုင်နေသော ကပ္ပတိန်လင်းက အေးစက်စွာ လှောင်ပြုံးပြုံးလိုက်ပြီး အမြောက်ပြောင်း ဆယ်စီးကျော်၏ ချိန်ရွယ်ခြင်းကို ခံထားရသော လျို့ချင်းအား ငုံ့ကြည့်လျက် ဆိုသည်။
“ဘာလဲ... ထွက်ပြေးဖို့ ကြိုးစားနေတာလား”
“ကျွန်... ကျွန်တော်...”
တင့်ကားဆယ်စီးကျော်နှင့် အမြောက်ပြောင်းများ ညီညာစွာ စီတန်းနေသည်ကို မြင်ရသောအခါ လျို့ချင်းမှာ လုံးဝ ကြောင်အမ်းသွားပြီး စကားများပင် ဆွံ့အသွားရသည်။
“ကျွန်တော် မ... မပြေးချင်ပါဘူး”
လက်ရှိအခြေအနေအရ သူ့အနေဖြင့် အရှုံးပေးရုံသာ တတ်နိုင်နေတော့သည်။
“သတ္တိကောင်းတာပဲ”
ကပ္ပတိန်လင်းက ပြုံးလိုက်ပေသည်။
“ငါ မင်းကို အခွင့်အရေးတစ်ခု ပေးရင်ကော ဘယ်လိုလဲ၊ ရှေ့ကို ခြေလှမ်းတစ်ရာလောက် ပြေးကြည့်စမ်းပါ၊ ငါ့ရဲ့ အမြောက်တွေက မင်းကို ပစ်မှတ်ထားနိုင်ဦးမလား ကြည့်ရအောင်”
လျို့ချင်းသည် မသိစိတ်ဖြင့် ခေါင်းညိတ်လိုက်မိပြီးမှ အလျင်အမြန် ခေါင်းခါလိုက်ပြန်ကာ ဟန်ဆောင်အပြုံးဖြင့်ပြောလာသည်။
“မလိုပါဘူး... မလိုပါဘူး... ကျွန်တော် ကားထဲကိုပဲ ပြန်ဝင်ပါ့မယ်”
သေချာပေ၏။ သူ မီတာတစ်ရာခန့်အထိ ပြေးလျှင်ပင် အမြောက်များက သူ့အား ပစ်မှတ်ထားနိုင်ဆဲ ဖြစ်ပေသည်။
ထို့ကြောင့် ကပ္ပတိန်လင်းက သူ့အား အမဲလိုက်စရာသားကောင်ကဲ့သို့ အသုံးချနေခြင်း ဖြစ်ပေသည်။
သူ့ထံတွင် ထွက်ပြေးနိုင်မည့် အခွင့်အရေး လုံးဝမရှိတော့ကြောင်းကို သဘောပေါက်သွားသောအခါ လျို့ချင်းတစ်ယေ်က် ကားတံခါးကို မဝံ့မရဲ ခေါက်လိုက်ပြီး SUV ကားအတွင်းသို့ လိမ္မာစွာ ပြန်လည်ဝင်ရောက်လာခဲ့တော့သည်။
သူ ပြန်လည်ဝင်ရောက်လာသည့် အချိန်မှာပင် လေးယောက်မြောက်သခင်မလေး၊ ယောင်ပင်းနှင့် ခိုင်ယဲ့တို့သည် သူ့အား အေးစက်သော အပြုံးများနှင့် အထင်သေးသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်ကို မြင်တွေ့လိုက်ရပေသည်။
လျို့ချင်းင ခေါင်းကို ငုံ့ထားလိုက်ပြီး မြေပြင်အတွင်းသို့သာ တိုးဝင်ပျောက်ကွယ်သွားချင်စိတ် ပြင်းပြနေမိပေသည်။
သူသည်က ထွက်ပြေးရန်သာ တွေးတောနေခဲ့သဖြင့် သူ့နောက်တွင် တင့်ကားဆယ်စီးကျော် လိုက်ပါလာဆဲဖြစ်ကြောင်းကို လုံးဝ မေ့လျော့နေခဲ့သည်။
အကယ်၍ သူသာ နောက်ထပ်တစ်လှမ်း တိုးရဲပါက ထိုအမြောက်ပြောင်း ဆယ်စီးကျော်က သူ့အား အပိုင်းပိုင်းအစစ ကွဲကြေအောင် လုပ်ဆောင်လိမ့်မည်။
သူ၏ ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အလင်းတန်း အကာအကွယ် ရှိနေလျှင်ပင် ထိုအမြောက်ပြောင်း ဆယ်စီးကျော်၏ တိုက်ခိုက်မှုကိုမူ သူ ထိပ်တိုက်မရင်ဆိုင်ရဲချေ။
လေးယောက်မြောက်သခင်မလေး အဘယ်ကြောင့် သူ့အား မတားဆီးခဲ့သနည်းဆိုသည်က မဆန်းတော့ချေ။
အဘယ်ကြောင့်ဆိုသော် လေးယောက်မြောက်သခင်မလေးသည်က သူ ဝေးဝေးမပြေးနိုင်မှန်း ကြိုတင်သိရှိနေသောကြောင့် ဖြစ်ပေသည်။
သူက ပြတင်းပေါက်မှန်ကို အပင်ပန်းခံကာ ရိုက်ခွဲ၍ ထွက်ပြေးခဲ့သော်လည်း နောက်ဆုံးတွင်တော့ အရှက်တကွဲ ပြန်လည်ဝင်ရောက်လာခဲ့ရချေပြီ။
ယခုတစ်ကြိမ်တွင်တော့ သူ၏မျက်နှာမှာ လုံးဝ ပျက်စီးသွားခဲ့ရချေပြီ။
လေးယောက်မြောက်သခင်မလေးက လျို့ချင်းအား အနည်းငယ် ပြုံးပြလိုက်ပြီး ချိုသာသော လေသံဖြင့် ဆိုလေသည်။
“ဘော့စ်လျို့... မင်းရဲ့ပုံစံက လုံးဝ မကျေနပ်သေးတဲ့ ပုံပဲနော်”
“မကျေနပ်တာ မရှိပါဘူး... မရှိပါဘူး... လုံးဝမရှိပါဘူး”
လျို့ချင်းသည် ခန္ဓာကိုယ် တောင့်တင်းသွားပြီး ခေါင်းကို ဆက်တိုက် ခါယမ်းလာသည်။
“ကျွန်တော် ကျေနပ်ပါပြီ၊ လုံးဝ ကျေနပ်ပါပြီ”
ဤမျှများပြားသော လက်နက်များဖြင့် သူ့အား ချိန်ရွယ်ထားခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်၍ သူ မည်သို့ မကျေနပ်ဘဲ နေရဲပါမည်နည်း။
လေးယောက်မြောက်သခင်မလေးက ကျေနပ်စွာ ခေါင်းညိတ်လိုက်ပေသည်။
“ဒါဆိုရင်... ငါတို့ ကျန်ရှိနေသေးတဲ့ ဖျော်ဖြေရေးနေရာတွေကို ဆက်ပြီး လိုက်ကြည့်ကြဦးမလား၊ ဒီနေ့ လမ်းလျှောက်ရတာ ကြာသွားပြီဆိုတော့ ငါ အနည်းငယ် ပင်ပန်းနေပြီ...”
လျို့ချင်းသည် တစ်ကိုယ်လုံး တုန်ရင်သွားရပေသည်။
လေးယောက်မြောက်သခင်မလေး၏ ဆိုလိုရင်းမှာ အလွန်အမင်း ထင်ရှားလှပေသည်။
သူမသည် သူ၏အုပ်ချုပ်မှုအောက်က ဖျော်ဖြေရေးနေရာများကို လိုချင်သော်လည်း ဆက်လက်လိုက်လံကြည့်ရှုရန် ပင်ပန်းနေခြင်း ဖြစ်ပေသည်။
ယခုအခါ သူမက လျို့ချင်း သူ့ဘာသာ ထုတ်ဖော်ပြောဆိုလာမည့် စကားကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်ပေသည်။
“လေးယောက်မြောက်သခင်မလေး...”
လျို့ချင်းသည် သွားကိုကြိတ်လိုက်ပြီး နောက်ဆုံးတွင် စကားတစ်ခွန်းကို ညှစ်ထုတ်လိုက်ရပေသည်။
“သခင်မလေး ပင်ပန်းနေပြီဆိုမှတော့ ဆက်ပြီး လိုက်ကြည့်ဖို့ မလိုတော့ပါဘူး... နောက်နှစ်ရက်အတွင်း ဒီဖျော်ဖြေရေးနေရာ အားလုံးကို သခင်လေးယောင်အတွက် ကျွန်တော် ကိုယ်တိုင် လာရောက်အပ်နှံပါ့မယ်”
ထိုသို့ပြောနေချိန်အတွင်း လျို့ချင်း၏ ရင်ထဲ၌ သွေးခဲမတတ် ခံစားရချေသည်။
ဤဖျော်ဖြေရေးနေရာများသည်က သူ ဆယ်စုနှစ်ပေါင်းများစွာ ပင်ပန်းကြီးစွာ တည်ဆောက်ခဲ့ရသော အင်ပါယာကြီး ဖြစ်ပေ၏။ ယခုတွင်တော့ ယောင်ပင်းက လက်တစ်ချက်မျှပင် မလှုပ်ရှားရဘဲ အားလုံးကို လုယူသွားခဲ့ချေပြီ။
သူ အဘယ်ကြောင့် နာကျည်းမှုနှင့် နာကျင်မှုများကို မခံစားရဘဲ နေနိုင်ပါမည်နည်း။
သို့သော်လည်း သူသည်က လေးယောက်မြောက်သခင်မလေး၏ အလိုအတိုင်းသာ ပြုမူရုံသာတတ်နိုင်ခဲ့သည်။
သူ့ဘဝအား ခမ်းနားထည်ဝါစွာ ကျင်လည်ခဲ့ဖူးသော လျို့ချင်းအနေဖြင့် ယခုတွင် အမျိုးသမီးငယ်တစ်ဦး၏ ရက်စက်စွာ ဗိုလ်ကျစိုးမိုးခြင်းကို ခံရလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
လျို့ချင်း၏ နာခံမှုကို မြင်ရသောအခါ လေးယောက်မြောက်သခင်မလေးက ကျေနပ်စွာ ပြုံးလိုက်ပေသည်။
“ဘော့စ်လျို့... ဒါက မင်းရဲ့ ကိုယ်ပိုင်ရွေးချယ်မှုနော်၊ ငါ မင်းကို အတင်းအကျပ် မလုပ်ခဲ့ဘူး”
“မရှိပါဘူး... မရှိပါဘူး... လုံးဝမရှိပါဘူး”
“သခင်လေးယောင်က စာသင်ရဦးမှာဆိုတော့ အလုပ်များတယ်၊ မင်း အခုချက်ချင်းပဲ အလုပ်တွေ လွှဲပြောင်းပေးနိုင်မဲ့ နည်းလမ်းကို စဉ်းစားလိုက်တော့၊ အချိန်က စောပါသေးတယ်၊ ငါ စောင့်ပေးနိုင်ပါတယ်”
အခုချက်ချင်း အလုပ်တွေ လွှဲပြောင်းပေးရမယ် ဟုတ်လား။
လျို့ချင်း ထိတ်လန့်သွားရသည်။
လေးယောက်မြောက်သခင်မလေးသည် သူ့အား အသက်ရှူနိုင်မည့် အခွင့်အရေး လုံးဝမပေးဘဲ သူ့အား အသေသတ်ရန် ဖိအားပေးနေခြင်း ဖြစ်ပေသည်။
“ဘော့စ်လျို့... လေးယောက်မြောက်သခင်မလေး ပြောတာ မှန်တယ်၊ ကျုပ်က ကျောင်းတက်နေရတုန်းပဲဖြစ်ပြီး စာကျက်ဖို့ အချိန်တွေ အများကြီး လိုအပ်တယ်”
ယောင်ပင်းက လေးယောက်မြောက်သခင်မလေး၏ စကားနောက်မှ လိုက်၍ ဆက်လက်ဆိုလေသည်။
“ကျွန်တော်က ဒီအရာတွေကို သိပ်ပြီး နားမလည်ပါဘူး၊ ဒီလိုဆိုမှတော့ အလုပ်တွေကို ခိုင်ယဲ့ဆီကိုပဲ လွှဲပြောင်းပေးလိုက်ပါ၊ သူက ဒီအရာတွေကို ပိုပြီး ရင်းနှီးပါတယ်၊ ခင်ဗျားကတော့ အလုပ်တွေပြီးရင် ကျုပ်နဲ့အတူ နေရာတစ်ခုကို လိုက်ခဲ့ဦး”
လျို့ချင်းက ချက်ချင်း မေးလိုက်ပေသည်။
“ဘယ်နေရာလဲ”
ယောင်ပင်းက အနည်းငယ် ပြုံးလိုက်ပြီး လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိကာ ပြောလာသည်။
“ရောက်ရင် သိပါလိမ့်မယ်... လောလောဆယ် မလောပါနဲ့ဦး၊ ခင်ဗျားရဲ့ အလုပ်တွေကို ခိုင်ယဲ့ဆီကိုပဲ အရင်လွှဲပြောင်းပေးလိုက်ပါ”
ယောင်ပင်း၏ ပြန်ဖြေခြင်း မရှိမှုက လျို့ချင်းအား ပို၍ စိတ်မအေးဖြစ်သွားစေပေသည်။
သို့သော်လည်း သူ ပြန်လည်တွေးတောမိသည်။ သူ၏ ခန္ဓာကိုယ်ထက်တွင် ရွှေရောင်အလင်းတန်း အကာအကွယ် ရှိနေဆဲဖြစ်ရာ ယောင်ပင်းပင်လျှင် သူ့အား မည်သည့်အရာကိုမှ လုပ်ဆောင်နိုင်မည် မဟုတ်ချေ။
မတိုင်ခင်က သူ့အနေဖြင့် ယောင်ပင်းအား အလွယ်တကူ နောက်သို့ လွင့်စင်သွားအောင် လုပ်ဆောင်နိုင်ခဲ့သည် မဟုတ်ပါလား။
အကယ်၍ ယောင်ပင်းက သူ့ကို အပြင်သို့ ခေါ်ဆောင်သွားခဲ့လျှင် သူ့ထံ၌ ထွက်ပြေးနိုင်မည့် အခွင့်အရေး ရှိလာနိုင်သည်။
ယနေ့ ခံရသမျှ အရှက်ကွဲမှုများနှင့် သိက္ခာကျမှုများအတွက်တော့ နောင်တစ်ချိန်တွင် သူသည် ယောင်ပင်းနှင့် ခိုင်ယဲ့တို့အား သူ့အရှေ့တွင် ဒူးထောက်စေပြီး လုယူသွားသမျှ အရာအားလုံးကို တစစီပြန်လည်ပေးအပ်ခိုင်းရလိမ့်မည်။
လက်ရှိအခြေအနေတွင်တော့ သူ၏အသက်ကို ကယ်တင်ရန်သာ အဓိက ဖြစ်ပေသည်။
ဤသို့ တွေးတောပြီးနောက် လျို့ချင်းသည် နာခံစွာဖြင့် ခေါင်းညိတ် သဘောတူလိုက်လေ၏။
“ကောင်းပါပြီ... ကျွန်တော် သခင်လေးယောင် ညွှန်ကြားတဲ့အတိုင်း လုပ်ဆောင်ပါ့မယ်”
ခိုင်ယဲ့က ယောင်ပင်းအား ကြည့်လိုက်ကာ နှလုံးသားထဲတွင် နွေးထွေးမှုများ တိုးပွားလာရသည်။
ယောင်ပင်းသည်က ဤဆင်ခြေကို အသုံးပြု၍ လျို့ချင်း၏ ဖျော်ဖြေရေးနေရာများကို သူ့အား စီမံခန့်ခွဲခွင့် ပေးအပ်နေခြင်း ဖြစ်ကြောင်း သူ သိရှိပေသည်။
ပင်းဟိုင်မြို့ မြေအောက်လောက၏ ဖျော်ဖြေရေးနေရာအားလုံးကို တစ်နေ့တွင် သိမ်းပိုက်လိုသော သူ၏ ဆန္ဒမှာ ယခုအခါ ယောင်ပင်းကြောင့် ပြည့်ဝသွားခဲ့ချေပြီ။
ထို့အပြင် ယောင်ပင်းသည်က သူ့အား ကြီးမားသော မျက်နှာသာကို ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။
သူ ယောင်ပင်းအပေါ် တင်ရှိနေသော အကြွေးမှာ များစွာကြီးမားလွန်းပေသည်။
ယောင်ပင်းက သူ၏အတွေးကို သိရှိသည့်အလား ခိုင်ယဲ့၏ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်ပြီး ပြုံးလျက် ပြောလာလေသည်။
“အစ်ကိုခိုင်... နောက်ပိုငရးကိုတော့ ခင်ဗျားကိုပဲ အားကိုးရတော့မယ်”
“ကျေးဇူးတင်ပါတယ် သခင်လေးယောင်”
မာစတာခိုင်၏ မျက်ဝန်းများတွင် မျက်ရည်များ ဝဲလာခဲ့ကာ သူသည် ချက်ချင်းပင် ခေါင်းကို တစ်ဖက်သို့လည့်လိုက်ရလေ၏။
ကျင့်ဟွမ်ကလပ်:
သုံးထပ်ရှိ သီးသန့်အခန်းအတွင်း၌။
ယောင်ပင်းက လျို့ချင်းအား ရှောင်ချင်း၏အရှေ့တွင် အတင်းအကျပ် ဒူးထောက်ခိုင်းလိုက်သည်။
ရှောင်ချင်းမှာ သူ့ရှေ့တွင် ဒူးထောက်နေသော လျို့ချင်းအား ကြည့်လိုက်ပြီး သူမ၏ လှပသော မျက်ဝန်းအစုံတွင် နာကျည်းရိပ်များ ချက်ချင်း ထွက်ပေါ်လာချေသည်။ သူမသည် သူ့အား ငုံ့ကြည့်လျက် ပြတ်သားစွာ မေးမြန်းလိုက်ပေသည်။
“လျို့ချင်း... ကျွန်မဘယ်သူလဲဆိုတာ သိလား”
သူမသည်က ဤအချိန်အခါကို ဆယ်စုနှစ်ပေါင်းများစွာ စောင့်ဆိုင်းခဲ့ရခြင်း ဖြစ်ပေသည်။
မျှော်လင့်မထားဘဲ ယောင်ပင်းက သူမအား ကူညီပေးခဲ့ချေပြီ။
လျို့ချင်း သူမ၏ရှေ့တွင် ဒူးထောက်လိုက်သည့် ခဏချင်းတွင်ပင် ရှောင်ချင်း၏ ရင်ထဲ၌ ခံစားချက်ပေါင်း ထောင်ချီ၍ တိုးပွားလာရပေသည်
မယုံကြည်နိုင်ခြင်း၊ အတိုင်းအဆမရှိသော နာကျည်းခြင်း နှင့် အတိုင်းထက်အလွန် ဝမ်းမြောက်ခြင်းတို့ ဖြစ်ပေသည်။
သူမ၏ ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော ဆန္ဒမှာ နောက်ဆုံးတွင် ပြည့်ဝတော့မည်ပင်။
*