အခန်း (၁၄၇)
Vol. 15 Ch. 147
အခန်း(147)
ယောင်ပင်း ဆက်တိုက်နောက်ဆုတ်နေသည်ကို မြင်ရသောအခါ လျို့ချင်းသည် ပို၍ မောက်မာပြီး ထောင်လွှားလာချေပြီ။
သူသည် သူ၏ ရွှေရောင်အလင်းတန်း အကာအကွယ် ရှိနေသရွေ့ ယောင်ပင်းပင်လျှင် မိမိအား ဘာမျှလုပ်ဆောင်နိုင်မည်မဟုတ်ဟု ယုံကြည်နေခဲ့သည်။
ထို့ကြောင့် တစ်ဖက်လူက ယောင်ပင်းနှင့် ရှောင်ချင်းတို့အား မောက်မာထောင်လွှားစွာ ပြောဆိုနိုင်ခြင်း ဖြစ်လိမ့်မည်။
“သခင်... သတိထားဦး”
ရှောင်ချင်းက အော်လိုက်မိသည်။ သူမ၏ လေသံမှာ နာကျည်းခြင်းနှင့် စွမ်းအားမဲ့ခြင်းတို့ ပြည့်နှက်နေချေသည်။
“ကလဲ့စားချေဖို့က အရေးကြီးပေမဲ့ သခင်ရဲ့ ဘေးကင်းဖို့က ပိုပြီး အရေးကြီးပါတယ်၊ သူ့မှာ ရွှေရောင်အလင်းတန်း အကာအကွယ် ရှိနေမှတော့ လက်လွှတ်လိုက်ပါတော့”
သူမသည် ယောင်ပင်း သူမအတွက်ကြောင့် အသက်ဆုံးရှုံးသွားမည်ကို စောင့်မကြည့်နိုင်ချေ။
သူမ လုပ်ဆောင်နိုင်သည့် တစ်ခုတည်းသောအရာမှာ ကလဲ့စားချေခြင်းကို စွန့်လွှတ်လိုက်ရန်သာ ဖြစ်ပေသည်။
ရှောင်ချင်း စကားပြောပြီးသည်နှင့် ဆက်တိုက်နောက်ဆုတ်နေသော ယောင်ပင်းက ရုတ်တရက် ရပ်တန့်လိုက်ပြီး လျို့ချင်းအား အနည်းငယ် ပြုံးပြလိုက်ပေသည်။
“ခင်ဗျား လှုပ်ရှားခဲ့ပြီးပြီဆိုတော့ အခု ကျုပ်အလှည့်ကို ရောက်ပြီမလား”
သူ၏ လေသံမှာ တည်ငြိမ်ပြီး အေးဆေးလွန်းပေသည်။
ထိတ်လန့်ခြင်းမရှိ၊ ဒေါသထွက်ခြင်းမရှိ၊ စိုးရိမ်ခြင်း လုံးဝမရှိချေ။
“ယိုး .. ယိုး.. “
လျို့ချင်း ခဏမျှ ကြောင်အမ်းသွားပြီး မျက်ဝန်းများထဲတွင် ထိတ်လန့်ရိပ်တစ်ခု ဖြတ်ပြေးသွားသော်လည်း အလျင်အမြန် တည်ငြိမ်ချင်ယောင်ဆောင်ကာ ရူးသွပ်စွာ ရယ်မောလေသည်။
“မှန်တာပေါ့၊ မင်းအလှည့် ရောက်ပြီလေ၊ လာစမ်းပါ”
ယောင်ပင်း လှုပ်ရှားလိုက်သည်။
သူ၏ လှုပ်ရှားမှုမှာ အလွန်အမင်း မြန်ဆန်လွန်းသဖြင့် လျို့ချင်းနှင့် ရှောင်ချင်းတို့မှာ မျက်စိပင် လည်သွားရပေသည်။
လျို့ချင်းတစ်ယောက် သူ့ရှေ့မှ လူရိပ်တစ်ခု ဝေဝါးသွားသည်ကိုသာ ခံစားလိုက်ရလေ၏ရထိုအခိုက်တွင် ယောင်ပင်း၏ လက်ဝါးချက်က သူ၏အနားသို့ ရောက်ရှိနေလေပြီ။
ဒုန်း!
မျှော်လင့်ထားသည့်အတိုင်း လျို့ချင်း၏ ပတ်ပတ်လည်က ရွှေရောင်အလင်းတန်းမှာ နောက်တစ်ဖန် ကျယ်ပြန့်လာပြန်သည်။
ယောင်ပင်း၏ လက်သီးချက်က ရွှေရောင်အလင်းတန်းပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားပြီး ကျောချမ်းဖွယ်ရာ အသံတစ်ခု ထွက်ပေါ်လာချေသည်။
ထို့နောက် ယောင်ပင်း၏ ခန္ဓာကိုယ်မှာ နောက်သို့ ပြင်းထန်စွာ ဆုတ်ခွာသွားခဲ့ချေသည်။
“ဟားဟားဟား...”
လျို့ချင်းက ရူးသွပ်စွာ ရယ်မောလေသည်။ “
ငါက မင်းမှာ တကယ့် စွမ်းဆောင်ရည် ရှိတယ် ထင်နေတာ၊ အခုကြည့်ရတာတော့ ဒီလို သေးငယ်တဲ့ လှည့်ကွက်လေးတွေပဲ ရှိတာကိုး”
ဖူး...
လျို့ချင်း စကားပင်မဆုံးသေးခင်မှာပင် နောက်ထပ် အသံတစ်ခု ထွက်ပေါ်လာပြန်သည်။
သူ့အား ဝိုင်းရံထားသော စက်ဝိုင်းပုံစံ ရွှေရောင်အလင်းတန်းမှာ ရုတ်တရက် ကွဲအက်သွားခဲ့ချေပြီ။
ထို့နောက် လေလျှော့လိုက်သော ပူဖောင်းတစ်ခုကဲ့သို့ ထိုစက်ဝိုင်းပုံစံ ရွှေရောင်အလင်းတန်းမှာ တစစ သေးငယ်သွားပြီး လုံးဝ ကွယ်ပျောက်သွားခဲ့တော့သည်။
ရှောင်ချင်း ဇဝေဇဝါဖြစ်သွားရပေသည်။
လျို့ချင်းသည်လည်း ရုတ်တရက် ကြောင်အမ်းသွားရပေသည်။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ”
အချိန်အလွန်ကြာမှသာ လျို့ချင်းတစ်ယောက် သူ၏အသံကို ရှာဖွေတွေ့ရှိလိုက်ပြီး ယောင်ပင်းအား ကြည့်ရှုရင်း တုန်ရင်စွာဖြင့် ဆိုလေသည်။
“ဒီ... ဒီရွှေရောင်အလင်းတန်းက ဘယ်လိုလုပ် ကွဲသွားရတာလဲ၊ ဘယ်လိုလုပ် ကွဲသွားရတာလဲ၊ ငါ ငွေအမြောက်အမြား အသုံးပြုပြီး မာစတာတစ်ဦးကို အသေအချာ ပြုလုပ်ခိုင်းထားတာလေ...”
လျို့ချင်းမှာ ကျန်ရှိသော စကားလုံးများကို မျိုချလိုက်ဝတော့သည်။
အဘယ်ကြောင့်ဆိုသော် ယောင်ပင်းက အပ်တစ်ချောင်းကို ကိုင်ဆောင်လျက် သူ့အား ပြုံးပြနေသည်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်ပေသည်။
“ငါ့ရဲ့ ရွှေရောင်အလင်းတန်း အကာအကွယ်ကို မင်းက အပ်တစ်ချောင်းနဲ့ ဖောက်လိုက်တာ ဟုတ်လား”
လျို့ချင်းတစ်ယောက် ဖြစ်ပျက်ခဲ့သည်ကို ချက်ချင်း သဘောပေါက်သွားပြီး ထိတ်လန့်တုန်လှုပ်စွာ အော်ဟစ်လေသည်။
“ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ငါ့ရဲ့ ရွှေရောင်အကာအကွယ်က ဓားနဲ့ လှံတွေကိုပါ တောင့်ခံနိုင်တာလေ၊ ဒါက ချပ်ဝတ်တန်ဆာတစ်ခုလိုပဲ၊ အပ်တစ်ချောင်းနဲ့ ဘယ်လိုလုပ် အဖောက်ခံရတာလဲ”
သူ လုံးဝ မယုံကြည်နိုင် ဖြစ်ရပေသည်။
ဤမျှ ခိုင်ခံ့လှသော ရွှေရောင်အလင်းတန်း အကာအကွယ်ကြီးမှာ သေးငယ်လှသော အပ်တစ်ချောင်း၏ လက်ချက်ဖြင့် အဖောက်ခံလိုက်ရသည်ကို သူ လုံးဝ မယုံကြည်နိုင်ပေ။
ယောင်ပင်းက ရှင်းပြခြင်းမရှိဘဲ ကြောင်အမ်းနေဆဲဖြစ်သော ရှောင်ချင်းဘက်သို့ လှည့်ကြည့်လိုက်သည်။
“ရှောင်ချင်း... သူ အခု မင်းရဲ့လက်ထဲမှာ ရောက်နေပြီဆိုတော့ ငါ အပြင်ကနေ စောင့်နေပါ့မယ်”
သူ၏ ရွှေရောင်အလင်းတန်း အကာအကွယ် မရှိတော့ပါက လျို့ချင်းသည်ကား စွမ်းအားအချို့ ရှိသော လူမိုက်တစ်ဦးမျှသာဖြစ်သဖြင့် ရှောင်ချင်း၏ ပြိုင်ဘက် လုံးဝ မဟုတ်တော့ချေ။
ရှောင်ချင်းက လျို့ချင်းအား ကိုင်တွယ်ရန်အတွက် လုံလောက်ပေသည်။
“သခင်...”
ရှောင်ချင်း၏ လှပသော မျက်ဝန်းအစုံတွင် မျက်ရည်များဝဲလာခဲ့ကာ ယောင်ပင်းအား အလေးအနက် ခဏမျှ စိုက်ကြည့်လိုက်ပြီးနောက် လျို့ချင်းဘက်သို့ လှည့်၍ အေးစက်သော မျက်နှာဖြင့်လှည့်ကာ ဖြည်းညှင်းစွာ တိုးကပ်သွားချေသည်။
“ရှင် ကျွန်မအပေါ် အနှစ်သုံးဆယ်ကြာ အောင်အကြွေးတင်နေတာ... အခု အဲဒီအကြွေးကို ပြန်ဆပ်ရမဲ့ အချိန်ရောက်ပြီ”
သူမ၏ ခန္ဓာကိုယ်မှ ကျောချမ်းဖွယ်ရာ အရှိန်အဝါတစ်ခု ရုတ်တရက် ထွက်ပေါ်လာချေသည်။
အခန်းအတွင်းရှိ အပူချိန်မှာလည်း ချက်ချင်း ကျဆင်းသွားခဲ့ချေပြီ။
ရှောင်ချင်း၏ လှပသော မျက်နှာလေးမှာ ခဏချင်းအတွင်း ကြောက်လန့်ဖွယ်ရာ အမူအရာအဖြစ်သို့ ပြောင်းလဲသွားသဖြင့် လျို့ချင်းအား အလွန်အမင်း ထိတ်လန့်သွားစေပေသည်။
လျို့ချင်းသည် ချက်ချင်းပင် ပျာယာခတ်သွားရပေသည်။
သူသည် သွားကိုကြိတ်လိုက်ပြီး မည်သည့်သတိပေးချက်မျှမရှိဘဲ ရှောင်ချင်းဆီသို့ ဇွတ်ပြေးဝင်လိုက်ပေသည်။
“ချီးပဲ.. ငါ လွန်ခဲ့တဲ့ အနှစ်သုံးဆယ်က မင်းကို တစ်ကြိမ် သတ်နိုင်ခဲ့သလို အခုလည်း ဒုတိယအကြိမ် သတ်နိုင်သေးတယ်၊ ကလဲ့စားချေချင်တယ် ဟုတ်လား၊ အိပ်မက်မက်နေလိုက်စမ်း”
ပထမဦးစွာ လှုပ်ရှားခြင်း။
ဤသည်ကား လျို့ချင်း၏ ဖျက်ဆီး၍မရသော မူဝါဒဖြစ်ပေသည်။
ယောင်ပင်းက ခေါင်းခါလိုက်ပေသည်။
ဤအချိန်သို့ ရောက်ရှိနေချိန်တွင်ပင် လျို့ချင်းသည် သတ်ဖြတ်လိုသောစိတ်များ ပြည့်နှက်နေဆဲဖြစ်ပြီး နောင်တရမည့် အရိပ်အယောင် လုံးဝ မရှိချေ။
သူ သေထိုက်ပေသည်။
လျို့ချင်းက ရှောင်ချင်းဆီသို့ ပြေးဝင်သွားခဲ့ပြီး ရှောင်ချင်းကတော့ လှုပ်ရှားမှုမရှိဘဲ သူ့အား အေးစက်စွာ စိုက်ကြည့်နေချေသည်။
လျို့ချင်း သူမ၏အနားသို့ ရောက်ရှိလာသည့် အချိန်ကျမှသာ ရှောင်ချင်းသည် လှုပ်ရှားလိုက်ပေသည်။
သူမက လက်ကိုဆန့်ထုတ်၍ လျို့ချင်း၏ လက်မောင်ကို ဖမ်းဆွဲလိုက်ပြီး ထိုလက်အား ပြင်းထန်စွာ လိမ်ချိုးပစ်လိုက်တော့သည်။
“အား...”
ခန်းမတစ်ခုလုံးတွင် လျို့ချင်း၏ ဝက်တစ်ကောင်ကဲ့သို့ အော်မြည်သံများဖြင့် ပြည့်နှက်သွားခဲ့ချေပြီ။
“ဒီလက်က ရှင် ကျွန်မရဲ့အစ်မအပေါ် တင်ရှိနေတဲ့ အကြွေးပဲ”
ရှောင်ချင်း၏ လေသံမှာ အလွန်အမင်း အေးစက်လှပေသည်။
ထို့နောက် သူမသည် လျို့ချင်း၏ အခြားလက်တစ်ဖက်ကို ဖမ်းဆွဲလိုက်ပြီး ၎င်းအား ပြင်းထန်စွာ ထပ်မံလိမ်ချိုးပစ်လိုက်ပြန်ချေသည်။
“အား...”
လျို့ချင်းသည် နာကျင်လွန်းသဖြင့် အော်မြည်နေပြီး သူ၏အသံမှာ တုန်ခါနေချေပြီ။
ယောင်ပင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး ထိုအခန်းထဲမှ တိတ်ဆိတ်စွာ ထွက်ခွာခဲ့ကာ တံခါးကို ပြန်လည်ပိတ်ဆို့ထားလိုက်ပေသည်။
ထိုအခန်းမှာ အသံလုံသော အခန်းဖြစ်ပြီး သုံးထပ်တွင်လည်း မည်သူမှ မရှိသဖြင့် လျို့ချင်း မည်မျှပင် အော်ဟစ်ပါစေ၊ မည်သူမျှ သူ့အား လာရောက်ကယ်တင်နိုင်မည် မဟုတ်ချေ။
အချိန်အတော်ကြာပြီးနောက်:
သီးသန့်အခန်း၏ တံခါးမှာ ပွင့်ထွက်သွားခဲ့ချေသည်။
ရှောင်ချင်းက ကျော့ရှင်းစွာ ထွက်လာခဲ့ပေသည်။
သူမသည် အဝတ်အစားများကို မည်သည့်အချိန်ကတည်းက လဲလှယ်ထားမှန်းမသိပါချေ။ လက်ရှိတွင်လည်း အနီရောင် ဝတ်စုံနောက်တစ်စုံကို ဝတ်ဆင်ထားဆဲဖြစ်ပြီး လှိုင်းတွန့်ဆံပင်များမှာ ဝဲပျံနေခဲ့ကာ သူမ၏ ခြေလှမ်းများမှာ ကျော့ရှင်းလှပေသည်။
သူမက ယောင်ပင်းထံသို့ ကျော့ရှင်းစွာ လာခဲ့သည်။
“ အရာအားလုံးပြီးဆုံးသွားပြီလား”
ယောင်ပင်းက မေးလိုက်ပေသည်။
“ပြီးဆုံးသွားပါပြီ”
ရှောင်ချင်းက ခေါင်းညိတ်လိုက်ပြီး သူမ၏လေသံမှာ ထုံးစံအတိုင်း ဆွဲဆောင်မှုရှိသော အရှိန်အဝါသို့ ပြန်လည်ရောက်ရှိသွားခဲ့ချေပြီ။
“ကျေးဇူးအများကြီး တင်ပါတယ် သခင်... အနှစ်သုံးဆယ်ကြာခဲ့တဲ့ နာကျည်းမှုတွေကို နောက်ဆုံးတော့ ကလဲ့စားချေနိုင်ခဲ့ပါပြီ၊ ကျွန်မရဲ့အစ်မနဲ့ မိဘတွေသာ နောင်ဘဝကနေ သိရှိရင် စိတ်အေးနိုင်လောက်ပါပြီ”
ထို့နောက် သူမက ယောင်ပင်း၏အရှေ့တွင် ကျော့ရှင်းစွာ ဒူးထောက်လိုက်ပြီး မြေပြင်ပေါ်သို့ အကြိမ်အနည်းငယ် အရိုအသေပေးခဲ့လေသည်။
ယောင်ပင်းက သူမအား ထူမပေးရန် အလျင်အမြန် လက်လှမ်းလိုက်ပေသည်။
“ရှောင်ချင်း... ဒီလို မလုပ်ပါနဲ့၊ ငါ မင်းကို ကလဲ့စားချေပေးဖို့ ကတိပေးခဲ့တာဆိုတော့ သေချာပေါက်လုပ်ဆောင်ပေးရမှာပဲလေ”
သူက ရှောင်ချင်း၏ သွယ်လျသော လက်ကို ဖမ်းဆွဲလိုက်ပေသည်။
ရှောင်ချင်းလည်း ထရပ်လိုက်ပြီး ယောင်ပင်း၏ ရင်ခွင်အတွင်းသို့ တိုးဝင်လာခဲ့ချေတော့သည်။
သူမ၏ ဖြူဖွေးပြီး နူးညံ့သော လက်မောင်းများသည်လည်း ယောင်ပင်း၏ လည်ပင်းကို သိုင်းဖက်လိုက်သည်။
“ရှောင်ချင်း... မင်း ဘာလုပ်နေတာလဲ”
ယောင်ပင်း အနည်းငယ် လန့်ဖျတ်သွားပြီး အနေရခက်သွားသဖြင့် မသိစိတ်ဖြင့် ရှောင်ချင်းအား တွန်းဖယ်ကာ ထရပ်ရန် ကြိုးစားလေသည်။
“မြန်မြန်ထစမ်းပါ၊ သူများတွေ မြင်ရင် မကောင်းဘူး”
အတော်လေး ချိုမြိန်ယစ်မူးဖွယ်ကောင်းလှသော ကိုယ်သင်းရနံ့တစ်ခု ရှောင်ချင်းထံမှ ထွက်ပေါ်လာပြီး ယောင်ပင်း၏ နှာခေါင်းအတွင်းသို့ တိုးဝင်လာချေသည်။
ထိုရနံ့က သူ၏ရင်ကို တုန်ယင်သွားစေပေသည်။
ရှောင်ချင်းမှာတော့ ယောင်ပင်းအား လွှတ်ပေးမည့် အမူအရာ လုံးဝမပြဘဲ သူ့အား ပိုမိုတင်းကျပ်စွာ ဖက်တွယ်ထားချေသည်။
“သခင်... ကိစ္စမရှိပါဘူး၊ ဒီသုံးထပ်လွှာက ကျွန်မရဲ့ သီးသန့်နေရာလေ၊ ကျွန်မရဲ့ ခွင့်ပြုချက်မရှိဘဲ ဘယ်သူမှ ဒီသုံးထပ်ကို လာရဲမှာ မဟုတ်ဘူး... သခင်က ကျွန်မအတွက် လျို့ချင်းကို သတ်ပေးခဲ့တာဆိုတော့.. ကျွန်မမှာ ပြန်ဆပ်နိုင်မယ့် တခြားနည်းလမ်း မရှိပါဘူး၊ ကျွန်မရဲ့ အသက်နဲ့ ခန္ဓာကိုယ်ကိုပဲ သခင်အပေါ် ပြန်လည်အပ်နှံနိုင်ပါတယ်”
ရှောင်ချင်းသည်ကား အလွန်အမင်း လှပလွန်းသည်။ သူမ၏ အပြုအမူများမှာလည်း ဆွဲဆောင်မှုရှိပြီး စိတ်ညို့နိုင်စွမ်း ရှိပေသည်။
သူမထံမှ သင်းပျံ့ပြီး မူးယစ်စေတတ်သော ကိုယ်သင်းရနံ့တစ်ခု ထွက်ပေါ်နေခဲ့သည်။
မည်သည့်ယောကျာ်းမျှ ဤကဲ့သို့သော အမျိုးသမီးမျိုးကို မလွန်ဆန်နိုင်ကြချေ။
အထူးသဖြင့် ယောင်ပင်းကဲ့သို့ သွေးပူလွယာပြီး ရိုးအလွန်းသော လူငယ်လေးတစ်ဦးအဖို့ ပို၍ပင် မလွန်ဆန်နိုင်ပေ။
ယောင်ပင်းတစ်ယောက် မသိစိတ်ဖြင့် ရှောင်ချင်းအား တွန်းဖယ်လိုက်ရင်း သုံးထပ်ပတ်ပတ်လည်ကို အလျင်အမြန် လှမ်းကြည့်လိုက်ချေသည်။
တစ်ထပ်လုံးက ခြောက်ခြားဖွယ်ကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့သည်။
သူနှင့် ရှောင်ချင်းမှလွဲ၍ မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေချေ။
ရှောင်ချင်းက သူ့အား လိမ်လည်ခဲ့ခြင်း မဟုတ်ပေ။ ဤသုံးထပ်မှာ သူမ၏ သီးသန့်နေရာသာ ဖြစ်ချေပေသည်။
တစ်နည်းအားဖြင့်ဆိုသော် ဤနေရာ၌ သူနှင့် ရှောင်ချင်းတို့ကြားတွင် တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင်ပင် မည်သူကမျှ လာရောက်နှောင့်ယှက်မည် မဟုတ်ပေ။
ဤအကြောင်းကို သဘောပေါက်သွားသောအခါ ယောင်ပင်း၏ အသက်ရှူသံများမှာ ရုတ်တရက် မြန်ဆန်လာချေသည်။
လေထုမှာလည်း မသဲကွဲဘဲ တင်းမာလာခဲ့ချေပြီ။
*