အခန်း (၁၄၉)
Vol. 15 Ch. 149
အခန်း(149)
မိုရှောက်ယောင်တစ်ယောက်ယောင်ပင်း၏လုပ်ရပ်ကြောင့် ကြောင်အမ်းသွားရပေသည်။
သူတို့သည်က အဖိုး၏ စာကြည့်ခန်း တံခါးဝသို့ ရောက်ရှိနေပြီဖြစ်သော်လည်း ယောင်ပင်းက လှည့်ထွက်သွားခဲ့ချေပြီ။
ဒါကဘာကို ဆိုလိုတာလဲ။
ထို့အပြင် ယောင်ပင်း၏ ပုံစံမှာ အလွန်အမင်း အလောတကြီး ဖြစ်နေသည။
ဘာဖြစ်ပျက်ခဲ့တာလဲ။
သူမ စကားတစ်ခုခုမှားယွင်းပြောဆိုမိသွားလို့လား။
မိုရှောက်ယောင်သည်လည်း မနှောင့်နှေးရဲဘဲ စာကြည့်ခန်းအတွင်းသို့ အလျင်အမြန် ဝင်ရောက်ခဲ့ပြီး အကြီးအကဲမိုအား ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အစအဆုံး ပြန်လည်ပြောပြလိုက်တော့သည်။
“သူက မင်းကို ဒီမေးခွန်းကို မေးပြီးတော့မှ ရုတ်တရက် ထွက်သွားတာလား”
အကြီးအကဲမို၏ မျက်နှာအမူအရာမှာလည်း ရုတ်တရက် တည်တန့်သွားပြီး မိုရှောက်ယောင်အား အသေအချာ ပြန်လည်မေးမြန်းခဲ့သည်။
ယောင်ပင်းသည်ကား အသက်ငယ်သော်လည်း သူ၏ အပြုအမူများမှာ အမြဲတစ တည်ငြိမ်သူ ဖြစ်ပေသည်။ သူသည် စာကြည့်ခန်း တံခါးဝသို့ ရောက်ရှိပြီးမှ ကတိကို ဖျက်ဖျက်ကာ ရုတ်တရက် ထွက်ခွာသွားမည့်သူ လုံးဝ မဟုတ်ချေ။
“ဒီလိုဆိုရင်တော့ ကြီးမားတဲ့ ကိစ္စတစ်ခုခု ဖြစ်ပွားခဲ့တာ သေချာတယ်”
မိုရှောက်ယောင်က ခေါင်းညိတ်လိုက်သည်။ သူမသည်လည်း သံသယများ ရှိနေချေသည်။
“ဟုတ်တယ်... သူ ဒီမေးခွန်းကို မေးပြီးတာနဲ့ မျက်နှာအမူအရာ ပြောင်းလဲသွားတာပါ... အဖိုး၊ ကျွန်မ သူ့ဆီ သွားပြီး ထပ်မံမေးမြန်းကြည့်ရမလား”
“ရုတ်တရက် မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အမြန် ထွက်ခွာသွားတယ် ဟုတ်လား...”
အကြီးအကဲမိုက လက်နှစ်ဖက်ကို နောက်တွင်ပစ်ကာ စာကြည့်ခန်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့လေသည်။
ခဏအကြာတွင် :
သူ ခြေလှမ်းများကို ရုတ်တရက် ရပ်တန့်လိုက်ပြီး မိုရှောက်ယောင်ဘက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်ပေသည်။
“ကိစ္စတစ်ခုခု မှားယွင်းနေပြီ”
မိုရှောက်ယောင်က ထိတ်လန့်တုန်လှုပ်သွားပြီး စိုးရိမ်တကြား မေးလေသည်။
“အဖိုး... ဘာဖြစ်လို့လဲ”
အကြီးအကဲမိုမှာ တိုက်ပွဲအမြောက်အမြားကို ကြုံတွေ့ခဲ့ဖူးသူ ဖြစ်သဖြင့် သူ၏ တည်ငြိမ်မှုကို အမြဲတစေ ထိန်းသိမ်းနိုင်သူ ဖြစ်ပေသည်။ သူသည်က သူ၏ ခံစားချက်များကို သူတစ်ပါးအား လွယ်လွယ်နှင့် မပြသတတ်ပါချေ။
သို့သော်လည်း မိုရှောက်ယောင်၏ စကားကို ကြားရချိန်တွင် သူ၏ မျက်နှာမှာ ချက်ချင်းပြောင်းလဲသွားရပေသည်။
မိုရှောက်ယောင် လန့်ဖျတ်သွားပြီး ပျာပျာသလဲ မေးမြန်းလိုက်ပေသည်။
“အဖိုး... ဘာဖြစ်လို့လဲ၊ ကိစ္စတစ်ခုခု ဖြစ်ပျက်နေလို့လား”
အကြီးအကဲမိုက ရှင်းပြခြင်းမရှိချေ။ သူသည် ခဏမျှ တိတ်ဆိတ်နေပြီးနောက် မိုရှောက်ယောင်ဘက်သို့ လှည့်၍ မေးလိုက်ပေသည်။
“ယောင်ယောင်... မင်းရဲ့ အဖေရော၊ ဒီရက်ပိုင်းအတွင်း မင်း သူ့ကို တွေ့ခဲ့သေးလား၊ သူ ဘာတွေ လုပ်နေလဲ”
“သမီး အဖေ့ကို မတွေ့ရတာ ကြာပြီ... သူက သမီးကို ဘာမှပြောလေ့မရှိပါဘူး”
အဖေဖြစ်သူ၏အကြောင်းကို ပြောလာချိန်တွင် မိုရှောက်ယောင်၏ မျက်ဝန်းများက မှိန်ဖျော့သွားရပြီး ခေါင်းခါရမ်းကာ ရုတ်တရက် အံ့ဩတကြီးပြောလာလေသည်။
“အဖိုး... ဒါက သမီးရဲ့ အဖေနဲ့ သက်ဆိုင်နေလို့လား”
အကြီးအကဲမို၏ မျက်ဝန်းများတွင် မည်းမှောင်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း အလျင်အမြန် ခေါင်းခါလိုက်ပြီး မျက်နှာထက်တွင် ကြင်နာသော အပြုံးတစ်ခုကို ဆင်မြန်းလျက် ပြောလာခဲ့သည်။
“ယောင်ယောင်... မင်း အတွေးလွန်နေတာပါ၊ ငါက မင်းရဲ့အဖေ့ကို ငါ့အတွက် ကိစ္စတစ်ခု လုပ်ခိုင်းဖို့ ရုတ်တရက် သတိရသွားတာ... ကောင်းပြီ၊ ကိစ္စက ဒီလောက်ပါပဲ၊
မင်း အရင်ပြန်လိုက်တော့၊ အဖိုးမှာ လုပ်စရာ ကိစ္စတစ်ခုရှိနေလို့၊ နောက်ရက်နည်းနည်းလောက်ကြာမှ မင်းနဲ့ ဆက်ပြီး စကားပြောကြတာပေါ့”
တချို့သောကိစ္စများကိုတော့ သူ မိုရှောက်ယောင်အား ပြောပြ၍ မဖြစ်ချေ။
သူ၏ အချစ်တော် မြေးမလေးမှာ ငယ်စဉ်ကတည်းက ခက်ခဲလွန်းသော ဘဝကို ဖြတ်သန်းခဲ့ရပြီး ဖြစ်ပေသည်။
သူ သူမအား နောက်ထပ် မပင်ပန်းစေလိုတော့ချေ။
“အဖိုး..ဒါဆို သမီး ပြန်တော့မယ်”
မိုရှောက်ယောင် နှုတ်ခမ်းကို ကိုက်လိုက်ပြီး နောက်ဆုံးတွင် အကြီးအကဲမိုအား နှုတ်ဆက်ကာ စာကြည့်ခန်းထဲမှ ထွက်ခွာခဲ့ချေတော့သည်။
အဖိုးဖွစ်သူက သူမအား တစ်စုံတစ်ခုကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်သည်။
ထို့အပြင် ဤကိစ္စသည်က သူမ၏ အဖေနှင့် သက်ဆိုင်နေပုံရသည်။
သို့သော်လည်း အကယ်၍ အကြီးအကဲမိုက သူမအား မပြောပြပါက သူမ မည်သို့ပင် မေးမြန်းပါစေ၊ အဖြေကို ရရှိနိုင်မည် မဟုတ်ချေ။
ဤသို့ဆိုလျှင် သူမကိုယ်တိုင်သာ စုံစမ်းရပေလိမ့်မည်။
*
အကြီးအကဲမို၏ စာကြည့်ခန်းအတွင်း၌:
မိုရှောက်ယောင် ထွက်ခွာသွားပြီးနောက် အကြီးအကဲမိုက လက်ခုပ်ကို ညင်သာစွာ တီးလိုက်လျှင် လေးယောက်မြောက်သခင်မလေးက တစ္ဆေတစ်ကောင်ကဲ့သို့ ရုတ်တရက် ပေါ်လာပြီး ဦးညွှတ်လျက် မေးမြန်းလိုက်သည်။
“သခင်ကြီး... ဘာတွေများ ညွှန်ကြားစရာ ရှိလို့လဲ”
“ဒီရက်ပိုင်းအတွင်း မင်းရဲ့ အကြီးဆုံးသခင်ဘက်က ဘာလှုပ်ရှားမှုမျိုး ရှိလဲ”
အကြီးအကဲမို၏ ယခင်က ကြင်နာလွန်းသော အကြည့်မှာ ရုတ်တရက် ပြတ်သားပြီး စူးရှသော အရှိန်အဝါသို့ ပြောင်းလဲသွားခဲ့ချေပြီ။
“ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ၊ ဘာမှ ဖုံးကွယ်မထားနဲ့”
သူသည်က သားဖြစ်သူအကြောင်းကို အသိဆုံး ဖြစ်ပေသည်။
မိုလီချွမ်က စည်းကမ်းရှိရှိ နေထိုင်မည့်သူ လုံးဝ မဟုတ်ချေ။
လေးယောက်မြောက်သခင်မလေးက ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် တိုးတိုးလေး ပြောလာခဲ့သည်။
“သခင်လေးယောင် အသည်းအသန် ရှာဖွေနေတဲ့ ဟွမ်မျိုးရိုး အမျိုးသမီးက တယ်တော့ အကြီးဆုံးသခင်ဘက်ကနေ လျို့ချင်းဆီကို ဓားစာခံအနေနဲ့ လျှို့ဝှက်ပြီးပို့ဆောင်ခိုင်းခဲ့တာပါ”
အကြီးအကဲမိုတစ်ယောင် ကုလားထိုင်ပေါ်သို့ ဘုန်းကနဲ လဲကျသွားရသည်။
“ငါ သိတာပေါ့... သူ စည်းကမ်းရှိရှိ နေမှာ မဟုတ်ဘူးဆိုတာ ငါသိနေတယ်”
အကြီးအကဲမိုက ဒေါသတကြီး ကြောလာခဲ့လေသည်။
“ငတုံး... တကယ့်ကို ငတုံးပဲ၊ ငါက ပင်ပင်ပန်းပန်းနဲ့ သခင်လေးယောင်ကို သိမ်းသွင်းနေတာလေ၊ သူကတော့ ငါ့ရဲ့နောက်ကွယ်ကနေ ဒုက္ခရှာနေတယ်၊ ကိစ္စအမျိုးမျိုးရှိနေတဲ့အထဲကမှ မိုမိသားစုအတွက် ဒီလိုအင်အားကြီးမားတဲ့ ရန်သူတစ်ဦးကိုဖန်တီးခဲ့သေးတယ်”
ယောင်ပင်းအနေဖြင့် စာကြည့်ခန်း တံခါးဝသို့ ရောက်ရှိပြီးမှ ပြန်လည်လှည့်ထွက်သွားခြင်းမှာ တစ်စုံတစ်ခုကို ခန့်မှန်းမိသွား၍ ဖြစ်ပေလိမ့်မည်။
အကယ်၍ ယောင်ပင်းသာ မိုလီချွမ်၏ အမှားများကို မိုမိသားစုအပေါ် ပုံချလိုက်ပါက မိုမိသားစုအနေဖြင့် အင်အား အကြီးမားဆုံးသော ရန်သူကို ရင်ဆိုင်ရပေတော့မည်။
ဤသည်ကား ငတုံးတစ်ယောက်အဖြစ် လုပ်ဆောင်ခြင်း မဟုတ်လျှင် မည်သည့်အရာများဖြစ်ပါမည်နည်း။
“အဖိုး... အကြီးဆုံးသခင်က မိုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကြောင့် သခင်လေးယောင်အပေါ် ဒေါသထွက်နေတာ ဖြစ်လိမ့်မယ်လို့ထင်ပါတယ်”
လေးယောက်မြောက်သခင်မလေးက ဘေးနားကနေ ဂရုတစိုက် သတိပေးလေသည်။
“သခင်မလေးမိုအနေနဲ့ အရင်က ပြင်းထန်တဲ့ ရောဂါဝေဒနာ ခံစားခဲ့ရဖူးသလို အဖိုးကိုယ်တိုင်လည်း ကျန်းမာရေး ချို့တဲ့နေခဲ့ရတာလေ၊ ပုံမှန်အတိုင်းဆိုလျှင် မိုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေက အကြီးဆုံးသခင်ရဲ့ လက်ထဲကို ရောက်ရှိရမှာ၊
ဒါပေမယ့် အခု သခင်လေးယောင် ပေါ်လာပြီး သခင်မလေးကို ကယ်တင်ပေးခဲ့ရုံတင်မကဘဲ အဖိုးကိုပါ သက်တမ်းဆယ်နှစ်တိုးအောင် လုပ်ဆောင်ပေးခဲ့တာကြောင့် အကြီးဆုံးသခင်က သူ့ကို လုံးဝ ခွင့်လွှတ်မှာ မဟုတ်ပါဘူး”
“အရူး...”
အကြီးအကဲမို၏ မျက်နှာမှာ ဒေါသများကြောင့် ပြာနှမ်းသွားရပေသည်။
“ငါ့ဘက်က သူ့ကို ပေးထားတဲ့ ပိုင်ဆိုင်မှုတွေက သူ တစ်သက်လုံး ကောင်းကောင်း နေထိုင်ဖို့အတွက် လုံလောက်နေပြီလေ၊ သူက အခြားအရာတွေကို ဆက်ပြီး အိပ်မက်မက်နေသေးတယ် ဟုတ်လား၊
တကယ်လို့ သူက ဒီလောက်တောင် အသုံးမကျဘဲ သူ့ရဲ့ သမီးအရင်းကိုတောင် မငဲ့ကွက်ခဲ့ဘူးဆိုရင် ငါ သူ့ကို တစ်ချက်လေးတောင် လှည့်ကြည့်မှာ မဟုတ်ဘူး၊ ဒီအမှိုက်ကောင်... သူ့ကို ဒီကို ခေါ်ခဲ့စမ်း၊ ငါ ကိုယ်တိုင် စာရင်းရှင်းမယ်”
လေးယောက်မြောက်သခင်မလေး ခဏမျှ တုံ့ဆိုင်းသွားရသည်။
“အဖိုး...”
အကြီးအကဲမိုက လေးယောက်မြောက်သခင်မလေးအား စိုက်ကြည့်လိုက်လေ၏။
“မြန်မြန်သွားစမ်းပါ”
လေးယောက်မြောက်သခင်မလေးမှာလည်း မိုလီချွမ်အား ရှာဖွေရန် သွားရုံသာ တတ်နိုင်ခဲ့သည်။
နေ့တစ်ဝက်ခန့် ကြာပြီးနောက် ။
အကြီးအကဲမို၏ စာကြည့်ခန်းအတွင်း ဖြစ်ပေသည်။
မိုလီချွမ်သည် စာကြည့်ခန်းအတွင်းသို့ ဂရုတစိုက် ဝင်ရောက်လာပြီး မဝံ့မရဲ မေးမြန်းလိုက်ပေသည်။
“အဖေ... ကျွန်တော့်ကို ဘာလို့ လာတွေ့ခိုင်းတာလဲ”
“ဒူးထောက်စမ်း”
“ စည်းကမ်းမရှိတဲ့ကောင်!”
မိုလီချွမ် စာကြည့်ခန်းအတွင်းသို့ ခြေလှမ်းလှမ်းလိုက်သည်နှင့်တစ်ပြိုင်နက် ထူထဲသော စာအုပ်တစ်အုပ်သည် သူ့ထံသို့ လွင့်စင်လာပြီး အကြီးအကဲမို၏ ဒေါသတကြီး အော်ဟစ်သံလည်း ထွက်ပေါ်လာချေသည်၊
“မင်းက ငါ့ကို တကယ်ပဲ ရူးသွားအောင် လုပ်နေတာပဲ”
သူ၏ ပြင်းထန်လှသော ဒေါသအရှိန်အဝါအောက်တွင် အကြီးအကဲမိုထံမှ နှိုင်းယှဉ်၍မရသော ဖိအားများ ထွက်ပေါ်နေခဲ့သည်။
မိုလီချွမ် လန့်ဖျတ်သွားပြီး ခြေထောက်များ ပျော့ခွေလျက် အကြီးအကဲမို၏အရှေ့တွင် ဘုန်းကနဲ ဒူးထောက်လိုက်ရသည်။
“အဖေ... ကျွန်တော် ဘာလုပ်မိလို့ ဒီလောက်တောင် ဒေါသထွက်နေရတာလဲ”
မိုလီချွမ်သည်လည်း ဒူးထောက်ပြီးမှသာ အကြီးအကဲမိုအား မေးရဲတော့ပေသည်။
“မင်း ငါ့ကို ဘာဖြစ်လဲလို့ မေးရဲသေးတယ် ဟုတ်လား”
“ဒါတွေအားလုံး မင်းရဲ့ လက်ချက်တွေချည်းပဲ၊ မင်း ငါ့ရဲ့ ကြိုးပမ်းမှုတွေကို ဖျက်ဆီးပစ်လိုက်တာ၊ မင်း မိုမိသားစုအတွက် အင်အားကြီးတဲ့ရန်သူတစ်ဦးကို ဘာလို့ ဖန်တီးခဲ့တာလဲ”
အကြီးအကဲမို၏ မျက်နှာမှာ ဒေါသများကြောင့်ပြာနှမ်းနေပြီး ရင်ဘတ်မှာလည်း ပြင်းထန်စွာ နိမ့်ချည်မြင့်ချည်ဖြစ်နေကာ နဖူးထက်တွင်တော့ အကြောများဖြင့် ထောင်ထနေခဲ့သည်။
မိုလီချွမ်၏ နှလုံးခုန်သံက တုန်ယင်သွားရပေသည်။ အကြီးအကဲမို ဤမျှအထိ ဒေါသထွက်နေသည်ကို သူ မတွေ့ရသည်မှာ ကြာမြင့်လှပေပြီ။
“အဖေ... ဘာဖြစ်လို့လဲ”
မိုလီချွမ်က ဂရုတစိုက် မေးမြန်းလိုက်သည်။
“အဖေက ဝင်လာကတည်းက အော်ဟစ်နေတာဆိုတော့ ကျွန်တော် နားမလည်တော့ဘူး၊ ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်တော့်ကို ပြောပြပေးပါ၊ အဖေတစ်ယောက်တည်း ဒေါသထွက်မနေပါနဲ့”
မိုလီချွမ်၏ မျက်နှာက တည်ငြိမ်နေသော်လည်း သူ၏ရင်ထဲတွင် စိုးရိမ်စိတ်များ ရှိနေခဲ့သည်။ အကြီးအကဲမိုအား ဤမျှအထိ ဒေါသထွက်စေနိုင်သောအရာက အလွန်နည်းပါးလွန်းပေသည်။
အကြီးအကဲမို အဲဒီကိစ္စကို သိရှိသွားတာ ဖြစ်နိုင်လောက်မလား။
မဟုတ်သေးဘူး။ သူ အသေအချာ လျှို့ဝှက်ထားခဲ့တာလေ။ အကြီးအကဲမို ဘယ်လိုလုပ် သိနိုင်မှာလဲ။
အကြီးအကဲမိုက ကုလားထိုင်ပေါ်တွင် ထိုင်လျက် ပြင်းထန်စွာ အသက်ရှူနေရပြီး လေးယောက်မြောက်သခင်မလေးက သူ့အား ညင်သာစွာ ပြုစုပေးနေခဲ့သည်။
အချိန်ကြာမှသာ သူက ပြန်လည် တည်ငြိမ်သွားပြီး အေးစက်စွာ မေးလိုက်ပေသည်။
“မိုလီချွမ်... ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ၊ ငါ မိုမိသားစုရဲ့ ပိုင်ဆိုင်မှုတွေကို ခွဲဝေပေးတဲ့အပေါ် မင်း မကျေနပ်တာ ရှိလို့လား”
“မရှိပါဘူး... မရှိပါဘူး...”
မိုလီချွမ် တုန်ယင်သွားရပေသည်။
“အဖေ... ဘာတွေ ပြောနေတာလဲ၊ ဒီပိုင်ဆိုင်မှုတွေကို အဖေကိုယ်တိုင် တည်ဆောက်ခဲ့တာလေ၊ အဖေ ကြိုက်သလို ခွဲဝေနိုင်ပါတယ်၊ ကျွန်တော်က ဘာလို့ မကျေနပ်ဘဲ နေရမှာလဲ”
ဤသည်မှာ အကြီးအကဲမိုမှ ပိုင်ဆိုင်မှုကိစ္စကို ပထမဦးဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခြင်း ဖြစ်ပေသည်။
မိုလီချွမ်၏ ရင်ထဲ၌ ခံပြင်းနေသော်လည်း စကားတစ်ခွန်းမျှ မဟရဲချေ။
သူသည်က အဖေဖြစ်သူ၏ စရိုက်ကို အသိဆုံး ဖြစ်ပေသည်။ အကယ်၍ သူသာ စကားတစ်ခွန်းလောက် ငြင်းပယ်ရဲပါက လက်ရှိ သူပိုင်ဆိုင်ထားသော ကုမ္ပဏီအားလုံးကိုပင် ဆုံးရှုံးသွားနိုင်သည်။
ထို့အပြင် သူသည်က အဖေဖြစ်သူ၏ နောက်တွင် မကောင်းမှုအမြောက်အမြားကို လျှို့ဝှက်လုပ်ဆောင်ခဲ့ဖူးသည်မဟုတ်ပါလား။
*