← Chapters

အခန်း (၈၈၄-၈၈၆)

Vol. 60 Ch. 884-886

အခန်း (၈၈၄-၈၈၆)

Vol. 60 Ch. 884-886

အခန်း ၈၈၄+၈၈၅ - အခက်အခဲ

ယီယွင် ကောင်းကင်ဘုံ ဆယ့်နှစ်ဘုံသို့ ရောက်ရှိလာခဲ့သည်မှာ ကာလအားဖြင့် လဝက်မျှပင် မရှိသေးချေ။ မိမိ၏ အမှန်တကယ် တိုက်ခိုက်ရေးစွမ်းရည်မှာ မည်သည့်အဆင့်အတန်းသို့ ရောက်ရှိနေပြီလဲဆိုသည်ကို သူကိုယ်တိုင်လည်း သဲသဲကွဲကွဲ မသိရသေးပေ။

သို့သော်လည်း ဆင်ခြင်တုံတရားအရ အမှန်တကယ် တိုက်ခိုက်ရသည့် တိုက်ပွဲများမှာ သူ၏ အားနည်းချက် ဖြစ်နေဆဲ ဖြစ်ကြောင်း သိရှိနေသည်။

ယီယွင်တွင် ခရမ်းရောင်သလင်းကျောက် ရှိနေသဖြင့် ပျက်စီးခြင်းကောင်းကင် ပညာရပ်တွင် ကြီးမားသော အားသာချက် ရှိနေသလို၊ သူ၏ ဥပဒေသထိုးထွင်းသိမြင်မှုများကလည်း ဖေးမျိုးနွယ်စုဝင် သာမန်လူများထက် အဆပေါင်းများစွာ သာလွန်နေသည်။

သို့သော်လည်း အမှန်တကယ် တိုက်ခိုက်ရသည့် အခါတွင်မူ

နီလာလှိုင်းတောင်(နီလာလှိုင်းတောင်) တွင်ပင် ယီယွင်သည် လော့ထျန်နှင့် ရန်ယွီတို့ကို အနိုင်ယူခဲ့စဉ်က မိမိ၏ စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ဖော်ခဲ့ခြင်း မရှိချေ။

ယီယွင်သည် ကျန်ကျူးကို လှမ်းကြည့်လိုက်မိသည်။ သူ့ကို ဥပမာထား၍ ကြည့်မည်ဆိုလျှင် သူသည် ငယ်စဉ်ကတည်းကပင် အထွတ်အထိပ်ပညာရှင်တစ်ဦး၏ ဘေးတွင် ကြီးပြင်းလာခဲ့ရသူ ဖြစ်သည်။ အထွတ်အထိပ်ပညာရှင်၏ တိုက်ရိုက်သင်ကြားပြသမှုကို ရရှိခဲ့ပြီး ထိပ်တန်းကျင့်စဉ်များကို ကျင့်ကြံခွင့်ရခဲ့သည်။

သူအသုံးပြုခဲ့သော ဆေးလုံးများနှင့် ဆေးဖက်ဝင် ပစ္စည်းများမှာလည်း အဆင့်မြင့်ဆုံး အကောင်းစားများသာ ဖြစ်ကြသည်။ ကျန်ကျူးနှင့် လက်ရည်စမ်း လေ့ကျင့်ပေးခဲ့ကြသူများမှာပင် ထူးချွန်ပြောင်မြောက်လှသော ပါရမီရှင်များ ဖြစ်ကြသည်။

ဤကဲ့သို့သော ပတ်ဝန်းကျင်ကောင်းတွင် ကြီးပြင်းလာခဲ့ရသဖြင့် ကျန်ကျူး၏ ခွန်အားမှာ ဤမျှအထိ သန်မာနေခြင်းက မြေကြီးလက်ခတ်မလွဲပေ။

မိမိကိုယ်မိမိနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုလျှင်မူ သူသည် တိမ်ရိုင်းဒေသမှ စတင်ခဲ့ရပြီး အသက်တစ်ဆယ့်နှစ်နှစ်အရွယ်ကျမှ ကျင့်ကြံခြင်းလမ်းစဉ်သို့ ခြေချနိုင်ခဲ့ခြင်း ဖြစ်သည်။ ကျင့်ကြံခြင်း ပထမပိုင်းနှစ်အနည်းငယ်အတွင်း သူရရှိခဲ့သော ကျင့်ကြံခြင်း အရင်းအမြစ်များမှာလည်း အလွန်ပင် သာမန်ကာလျှံကာ မျှသာ ဖြစ်ခဲ့ရသည်။ သူ၏ အမြင်များနှင့် သူကြုံတွေ့ခဲ့ရသောအရာများမှာ ကောင်းကင်ဘုံ ဆယ့်နှစ်ဘုံနှင့် နှိုင်းယှဉ်လျှင် လုံးဝ တန်ဖိုးချင်း မိုးနဲ့မြေလို ကွာခြားလှပေသည်။

ခရမ်းရောင်သလင်းကျောက် ရှိနေသဖြင့်သာ ယီယွင်သည် ကျန်ကျူးပင် မရရှိနိုင်သည့် အခွင့်အရေးအချို့ကို ကြုံတွေ့ခွင့် ရခဲ့သည်။ သို့သော်လည်း ထိုအခွင့်အရေးများကို စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်အဖြစ် ပြောင်းလဲနိုင်ရန်အတွက်မူ အချိန်တစ်ခု လိုအပ်ပေဦးမည်။

“မင်းအတွက် အခက်အခဲ ဖြစ်နေလား”

ဂူချင်းက ခေါင်းစောင်း၍ ယီယွင်ကို မေးမြန်းလိုက်သည်။ ဂူချင်း၏ မျက်နှာတွင်လည်း စိတ်အေးလက်အေး ရှိမနေသည်ကို ယီယွင် သတိပြုမိလိုက်သည်။

ဂူချင်းကိုယ်တိုင်မှာလည်း နာမည်ကျော် လူသိများသူတစ်ဦး ဖြစ်သော်လည်း လော့မျိုးနွယ်စုနှင့် မြေခွေးဖြူမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များ၏ ရှေ့မှောက်တွင်မူ သူသည်လည်း အနည်းငယ် စိတ်ဓာတ်ကျနေမိသည်။

“ရှိသမျှ အစွမ်းကုန် ထုတ်ပြီး အသက်နဲ့လဲ တိုက်ခိုက်ရမှာပဲ လော့နတ်ဘုရားခန်းမ စမ်းသပ်မှုက အကြာကြီး သွားမှာ။ အခုက စတင်ရုံပဲ ရှိသေးတယ်”

ယီယွင် စိုးရိမ်ပူပန်ခြင်း မရှိပေ။ သူသည် အသက်လေးဆယ်ပင် မပြည့်သေးချေ။ သူ၏ သိုင်းလမ်းစဉ်မှာ ယခုမှ စတင်၍ ပွင့်လန်းလာခြင်း ဖြစ်သည်။ ခေတ္တခဏ ရှုံးနိမ့်မှုက ဘာမျှ မဟုတ်ပေ။

ထိုအခိုက်အတန့်တွင် ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်းသို့ ဝင်ရောက်သွားကြသူများ ရှိနေပြီ ဖြစ်သည်။

ကြယ်တာရာနန်းဆောင်အတွင်း၌ ဖေးသန့်စင်ခြင်း ကျောက်ဆောင် စုစုပေါင်း လေးဆယ်ခန့် ရှိနေသည်။ အလယ်ဗဟိုတွင် ရှိနေသော ပင်မကျောက်ဆောင်ကြီးမှာ အိမ်တစ်လုံးမျှ ပမာဏ ကြီးမားလှသည်။

တစ်ကြိမ်လျှင် လူအယောက်နှစ်ဆယ် ဝင်ရောက်နိုင်သည်။ သူတို့သည် အကြီးဆုံး ဖေးသန့်စင်ခြင်း ကျောက်ဆောင်၏ ရှေ့တွင် ရပ်လိုက်ကြစဉ် ကျောက်ဆောင်ထံမှ လင်းလက်လာသော အလင်းတန်းတစ်ခုက လူအယောက်နှစ်ဆယ်လုံးကို တစ်ပါတည်း စုပ်ယူသွားခဲ့တော့သည်။

“အင်.... ခန္ဓာကိုယ်ပါစုပ်ယူခံလိုက်ရတာလား။ ကြည့်ရတာ ဒါက စိတ်ဝိညာဉ်အာရုံချင်း တိုက်ခိုက်ရတဲ့ တိုက်ပွဲ မဟုတ်ဘဲ စစ်မှန်တဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲပဲ ဖြစ်မယ်”

ရောက်ရှိနေကြသော အထက်တန်းလွှာ ပါရမီရှင်အများစုမှာ ဤလူအယောက်နှစ်ဆယ်၏ တိုက်ပွဲရလဒ်များကို စောင့်ကြည့်နေကြသည်။ သူတို့ထဲမှ အများစုမှာလည်း ရှေးဟောင်းဖေးတစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ပြီး မိမိတို့၏ နာမည်ကို လျှမ်းလျှမ်းတောက် ကျော်ကြားအောင် ပြုလုပ်ချင်စိတ်ဖြင့် ပြင်းပြနေကြသည်။

အကြီးအကဲရှီက သူတို့ကို အထင်သေးခဲ့သည်ဖြစ်စေ၊ မြေခွေးဖြူ မင်းသမီးနှင့် ကျန်ကျူးတို့၏ အဆင့်အတန်းကြောင့်ဖြစ်စေ ဤအချက်များက လူငယ်ပါရမီရှင်များ၏ ရင်ထဲမှ အရှုံးမပေးလိုသော ပြိုင်ဆိုင်လိုစိတ်ကို ဆွပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့ရသည်။

သူတို့အားလုံးသည် ကောင်းကင်၏ ဂုဏ်ယူရသော သားသမီးများ ဖြစ်ကြသဖြင့် သူတို့၏ ရင်ထဲတွင် မာနကိုယ်စီ ရှိကြပေသည်။

အထွတ်အထိပ်ပညာရှင်တစ်ဦး၏ ဆက်ခံသူမှာ သန်မာသည်ဆိုသော်လည်း နောက်ဆုံးရလဒ်ကိုမူ ယှဉ်ပြိုင်ကြည့်ရပေဦးမည်။ အကယ်၍ အမှန်တကယ် ရှုံးနိမ့်သွားခဲ့လျှင်ပင် ဆိုးဆိုးရွားရွားကြီးတော့ အရှုံးမပေးချင်ကြချေ။

လူတိုင်း စိတ်ကူးအမျိုးမျိုး ဖြစ်ပေါ်နေကြစဉ်မှာပင်

“ဘုန်း”

ဗရုန်းဗရင်း ဖြစ်သွားရပြီး လော့မျိုးနွယ်စု တပည့်တစ်ဦးမှာ ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်းသို့ ဝင်ရောက်သွားပြီး စက္ကန့်သုံးဆယ်ခန့်အကြာတွင်ပင် အပြင်သို့ လွင့်စင်ထွက်လာခဲ့တော့သည်

သူသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူလျော်သွားခဲ့ရသည်။

“ကျရှုံးတယ်”

အကြီးအကဲ တွမ့်မုက စကားလုံးများကို ရွှေထက်တန်ဖိုးထားသူပီပီ ပိုလျှံသော စကားတစ်လုံးမျှပင် ထပ်မံဆိုခြင်း မရှိချေ။

ဤလော့မျိုးနွယ်စု တပည့်သည် ရှေးဟောင်းဖေး၏ ရှုထောင့်ပုံရိပ်ကိုပင် အနိုင်မယူနိုင်ခဲ့ချေ။ သူသည် စက္ကန့်သုံးဆယ်ခန့်သာ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ကွာခြားချက်က ကြီးမားလွန်းလှသည်။

တစ်ယောက်တည်းဆိုလျှင် ဘာမျှမပြောသာသော်လည်း ထိုနောက်ပိုင်းတွင်မူ

“ဘုန်း ဘုန်း ဘုန်း”

စမ်းသပ်မှု ခံယူသူတစ်ယောက်ပြီးတစ်ယောက် အပြင်သို့ လွင့်စင်ထွက်လာခဲ့ကြတော့သည်။ ၎င်းမှာ လော့မျိုးနွယ်စု တပည့်များတင်မကဘဲ မြေခွေးဖြူမျိုးနွယ်စုမှ စမ်းသပ်မှုခံယူသူများကလည်း မည်သည့်အံ့ဩစရာကိုမျှ ဖန်တီးနိုင်ခြင်း မရှိခဲ့ကြချေ။ ငါးမိနစ်ခန့် တောင့်ခံပြီးနောက်တွင် သူတို့သည်လည်း ကျောက်ဆောင်အတွင်းမှ လွင့်စင်ထွက်လာခဲ့ကြရသည်သာ ဖြစ်သည်။

အမှန်ပင် မြေခွေးဖြူမျိုးနွယ်စုသည် လော့မျိုးနွယ်စု၏ စမ်းသပ်ပွဲတွင် ပါဝင်ရန်အတွက် သူတို့မျိုးနွယ်စုအတွင်းမှ အထက်တန်းလွှာ ပါရမီရှင်များကို ရွေးချယ်စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ ရွေးချယ်ခံရသူများမှာ သဘာဝကျကျပင် အဆင့်မညံ့လှပေ။ အရေအတွက် ပြည့်မီရုံမျှ ရွေးချယ်ထားသောသူများမှာမူ သူတို့၏ မျိုးနွယ်စုအတွင်း၌သာ ကျန်ရစ်ခဲ့ပုံရသည်။

သို့သော်လည်း သေချာစွာ ရွေးချယ်ထားခြင်း ခံခဲ့ရသည့်တိုင်အောင် ဤလူများသည် ပထမဆုံး ရှေးဟောင်းဖေး၏ စိတ်ဝိညာဉ်အနှစ်သာရကို အနိုင်မယူနိုင်ခဲ့ကြချေ။

“ဖေးသန့်စင်ခြင်း ကျောက်ဆောင်ထဲကို ပထမဆုံး ဝင်သွားတဲ့ အယောက်နှစ်ဆယ်လုံး ကျရှုံးတယ်”

အကြီးအကဲရှီက တည်ငြိမ်စွာဖြင့် ရလဒ်ကို ကြေညာလိုက်သည်။

ဤရလဒ်မှာ သူ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်နေသည်မှာ သိသာလှပေသည်။

“အား.... အားလုံး ကျရှုံးတာပဲ။ လင်ယွီတောင် ကျရှုံးသွားခဲ့ပြီ။ သူက သုံးမိနစ်လောက်ပဲ တောင့်ခံနိုင်ခဲ့တာ သူက အနောက်တောင်ဘက် ပြည်နယ်ငါးခုရဲ့ ထိပ်တန်းပါရမီရှင်ပဲလေ။ လင်ယွီက လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲမှာ တောက်ပနိုင်လိမ့်မယ်လို့ အားလုံးက ထင်ထားခဲ့ကြတာ၊ ဒါပေမဲ့ ဘယ်သူက ထင်မှာလဲ စကတည်းက ကျရှုံးသွားလိမ့်မယ်လို့”

စကားပြောလိုက်သော လော့မျိုးနွယ်စု တပည့်သည်လည်း အနောက်တောင်ဘက် ပြည်နယ်ငါးခုမှ လာသူ ဖြစ်သည်။ သူသည် မိမိကိုယ်မိမိ ယုံကြည်မှု ရှိခဲ့သော်လည်း လင်ယွီ ဤမျှလောက် ဆိုးဆိုးရွားရွား ရှုံးနိမ့်သွားသည်ကို မြင်တွေ့လိုက်ရပြီးနောက်တွင်မူ သူသည်လည်း ဆွံ့အသွားခဲ့ရတော့သည်။

သူသည် အထွတ်အထိပ်ပညာရှင်တစ်ဦး၏ ဆက်ခံသူ မည်မျှအထိ သန်မာသည်ကို မသိသော်လည်း လင်ယွီ၏ ခွန်အားကိုမူ ကောင်းစွာ သိရှိထားသည်။

သူသည် လင်ယွီထက် အများကြီး အားနည်းကြောင်း မိမိကိုယ်မိမိ သိရှိနေသည်။ အကယ်၍ လင်ယွီက ငါးမိနစ်မျှသာ တောင့်ခံနိုင်ခဲ့လျှင် သူသည် ပထမဆုံး ရှေးဟောင်းဖေးကို အနိုင်ယူဖို့ ဝေးစွ၊ သုံးမိနစ်ထက် ပို၍ တောင့်ခံနိုင်ရန်ပင် အလားအလာ မရှိချေ။

လူအများအပြားသည် ဤမြင်ကွင်းကို မြင်လိုက်ရပြီးနောက် ထိုကဲ့သို့သော အတွေးမျိုး ဝင်လာခဲ့ကြသည်။ လူတိုင်းက မိမိကိုယ်မိမိ ထူးခြားဆန်းပြားသူများဖြစ်ကြပြီး မိမိတို့ကြောင့် အံ့ဩစရာများ ဖြစ်ပေါ်လာလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း၊ ဆင်ခြင်တုံတရားအရမူ သူတို့သည် ပထမအဆင့်ကိုပင် ဖြတ်ကျော်နိုင်ရန် အလားအလာ လုံးဝ မရှိသလောက် နည်းပါးနေကြောင်း သိလိုက်ရတော့သည်။

ပထမအသုတ် တပည့်များ ထွက်လာခဲ့ပြီးနောက် ဒုတိယအသုတ် တပည့်များ တလှည့် ဖြစ်လာခဲ့သည်။

ယီယွင်သည် လူအုပ်ကြီးအကြားတွင် ရင်းနှီးသော လူတစ်ယောက်ကို မြင်တွေ့လိုက်ရသည် သူမမှာ လော့ဖုန်းလင် ဖြစ်သည်။

လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲတွင် ပါဝင်ခွင့်ရသူ အရေအတွက်မှာ များပြားလှပေသည်။ ယီယွင်၊ ဂူချင်းနှင့် အပေါင်းအပါများမှာ သာမန်တပည့်များထက် အဆင့်အတန်း ပိုမိုမြင့်မားသဖြင့် လူအုပ်ကြီး၏ ရှေ့ဆုံးတွင် တည်ရှိနေကြသည်။

လော့ဖုန်းလင်၊ လော့ထျန်နှင့် အပေါင်းအပါများမှာမူ လူအုပ်ကြီးအကြားတွင် ရောနှောနေကြသည်။ ထို့ကြောင့်ပင် ယီယွင်သည် လော့ဖုန်းလင်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။

လော့ဖုန်းလင်က ယီယွင်ကို လှမ်း၍ ပြုံးပြလိုက်သည်။ သူမတွင် အံ့ဩစရာများ ဖန်တီးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်မျိုး မရှိပေ။ ကောင်းကင်ထက်တွင် ကောင်းကင်ယံ ရှိနေဆဲဖြစ်ပြီး မိမိကိုယ်မိမိ လိုအပ်ချက်များစွာ ရှိနေသေးကြောင်း သူမ ကောင်းစွာ သိရှိထားသည်။

“မင်းတို့တွေ ဆက်ပြီး တောင့်ခံထားနိုင်မယ်ဆိုရင် တတ်နိုင်သလောက် အကြာကြီး တောင့်ခံထားတာ အကောင်းဆုံးပဲ။ ငါးမိနစ်ထက် ပိုပြီး တောင့်ခံနိုင်တဲ့သူတွေက ဒီစမ်းသပ်ပွဲမှာ အခွင့်အရေး ပိုရလိမ့်မယ်။ အကယ်၍ ငါးမိနစ်တောင် မတောင့်ခံနိုင်ဘူးဆိုရင်တော့ ဒီစမ်းသပ်ပွဲကနေ ဘာတစ်ခုမှ ရရှိနိုင်မှာ မဟုတ်တော့ဘူး”

တပည့်အများအပြား စိုးရိမ်ထိတ်လန့်နေကြသည်ကို မြင်လိုက်ရသောအခါ အကြီးအကဲ တွမ့်မု၏ လေသံမှာ ရှားရှားပါးပါး အနည်းငယ် ပျော့ပြောင်းသွားခဲ့သည်။

ငါးမိနစ်......

ယခင်စမ်းသပ်မှုတွင် လူအယောက်နှစ်ဆယ်အနက် တစ်ယောက်သာလျှင် ငါးမိနစ် တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။

ငါးမိနစ်မျှ တောင့်ခံနိုင်ရန်ပင် အလွန်အမင်း ခက်ခဲလှသည်မှာ ထင်ရှားနေသည်။

“ကျရှုံးတယ်”

“ကျရှုံးတယ်”

“ကျရှုံးတယ်”

အကြီးအကဲ တွမ့်မုသည် ထိုစကားလုံးကိုသာ ထပ်တလဲလဲ ဆိုနေခဲ့သည်။ ယခုအချိန်အထိ ရှေးဟောင်းဖေး၏ စိတ်ဝိညာဉ်အနှစ်သာရကို ခြိမ်းခြောက်နိုင်သူ တစ်ယောက်မျှပင် မရှိသေးချေ။

“အားလုံး ကျရှုံးတယ်။ နောက်တစ်သုတ်”

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် လူအယောက်ပေါင်းများစွာ ဖယ်ရှားခြင်း ခံလိုက်ရပြန်သည်။

ငါးမိနစ်မျှ တောင့်ခံနိုင်သူပင် အနည်းငယ်သာ ရှိလှပေရာ ရှေးဟောင်းဖေးတစ်ကောင်ကို သတ်ဖြတ်နိုင်ရန်ဆိုသည်မှာ ဝေးစွပင်။

အချိန်များ ကုန်လွန်လာသည်နှင့်အမျှ တပည့်အများစုမှာ ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်းသို့ ဝင်ရောက်ပြီးခဲ့ကြပြီ ဖြစ်သည်။ ထို့နောက်တွင်မူ လော့မျိုးနွယ်စုနှင့် မြေခွေးဖြူမျိုးနွယ်စုတို့၏ စစ်မှန်သော ထိပ်တန်းပါရမီရှင်များအတွက် အချိန် ရောက်ရှိလာခဲ့တော့သည်။

“မင်းတို့အလှည့် ရောက်ပြီ။ အရမ်းကြီး စိတ်ပျက်စရာ မကောင်းအောင် လုပ်ကြ”

အကြီးအကဲ တွမ့်မုက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်သည်။

မြေခွေးနီ နတ်သမီး က တခိခိ ရယ်မောလိုက်ရင်း “ဟိဟိ ရှင်တို့ လော့မျိုးနွယ်စုရဲ့ ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်က ကျွန်မတို့ မြေခွေးဖြူမျိုးနွယ်စုထက် ပိုပြီး ခက်ခဲတာပဲ။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် အကြီးအကဲ တွမ့်မု ထပ်ပြီး စိတ်ပျက်ရမှာ မဟုတ်တော့ဘူးလို့ ကျွန်မ ယုံကြည်ပါတယ်။ နုန်းယင်၊ နုန်းယွဲ့ သွားကြတော့လေ”

မြေခွေးနီ နတ်သမီးက အမြွှာညီအစ်မနှစ်ယောက်ကို အသာအယာပင် ရွေးချယ်လိုက်သည်။

နုန်းယင် နုန်းယွဲ့ မြေခွေးဖြူမျိုးနွယ်စု၏ အရိပ်အမြွှာညီမများ။

အကြီးအကဲ တွမ့်မုသည် မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိသည်။ ယခုအကြိမ် လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲတွင် လော့မျိုးနွယ်စုသည် မြေခွေးဖြူမျိုးနွယ်စုကို ရှုံးနိမ့်ရန် အလားအလာ အလွန်များနေကြောင်း သူ ကောင်းစွာ သိရှိထားသည်။

ပထမအချက်မှာ ယခုမျိုးဆက်၏ မြေခွေးဖြူမျိုးနွယ်စုမှာ အလွန်အမင်း သန်မာလွန်းခြင်း ဖြစ်ပြီး၊ ဒုတိယအချက်မှာ လော့မျိုးနွယ်စု၏ အထက်တန်းလွှာ ပါရမီရှင်အများအပြားကို မြေခွေးဖြူမျိုးနွယ်စု၏ စမ်းသပ်ပွဲတွင် ပါဝင်ရန် စေလွှတ်ထားခဲ့သောကြောင့်ပင်။

လော့နတ်ဘုရားခန်းမတွင် ကျန်ရစ်ခဲ့သောသူများသည် သဘာဝကျကျပင် မြေခွေးဖြူမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များကို ယှဉ်နိုင်ရန် ခဲယဉ်းလှသည်။

သို့သော်လည်း ဤအချက်ကို သိရှိထားသည့်တိုင်အောင် အကြီးအကဲ တွမ့်မုဖြစ်စေ၊ အကြီးအကဲရှီဖြစ်စေ အမှန်တကယ် ရှုံးနိမ့်ရမည်ဆိုလျှင်မူ သူတို့၏ ရင်ထဲတွင် မကျေမနပ် ဖြစ်ရမည်သာ ဖြစ်သည်။

အကြီးအကဲ တွမ့်မုသည် ကျန်ကျူးကို လှမ်းကြည့်လိုက်သည်။ လော့မျိုးနွယ်စုတွင် သိက္ခာထိန်းပေးနိုင်ရန် ကျန်ရှိနေသော တစ်ဦးတည်းသောသူမှာ ကျန်ကျူးသာ ဖြစ်သည်။

သို့သော်လည်း မြေခွေးဖြူမျိုးနွယ်စု၏ ပါရမီရှင် အရေအတွက်မှာ များပြားလှပေသည်။ ယခုအကြိမ်မှာ မြေခွေးဖြူ မင်းသမီး၏ အလှည့်ပင် မဟုတ်သေးဘဲ အရိပ်အမြွှာညီမများသာ ရှိသေးသည်။

အရိပ်အမြွှာညီမများ၏ နောက်တွင်လည်း သူတို့နှင့် အဆင့်အတန်းချင်း သိပ်မကွာလှသော ဝူဖုန်း ရှိနေသေးသည်။

ယခုအချိန်တွင် ကျန်ကျူးကို ထုတ်သုံးရန်မှာ စောလွန်းနေသေးသည်။

ထိုသို့ တွေးတောလိုက်ပြီးနောက် အကြီးအကဲ တွမ့်မုသည် ကျန်ရှိနေသောသူများကို လှမ်းကြည့်လိုက်သည်။ လော့မျိုးနွယ်စု၏ အဆင့်မြင့်အာဏာပိုင်များက စမ်းသပ်ပွဲတွင် သူတို့၏ ဂုဏ်သိက္ခာကို အကျမခံရန် ညွှန်ကြားထားခဲ့ကြသည်။

အကြီးအကဲ တွမ့်မုသည်လည်း ရောက်ရှိနေကြသော ပါရမီရှင်အားလုံး၏ ခွန်အားကို ယေဘုယျအားဖြင့် နားလည်ထားပြီး ဖြစ်သည်။

သူသည် လော့မျိုးနွယ်စု တပည့်များကို ဝေ့ဝဲကြည့်ရှုလိုက်ရာ အရိပ်အမြွှာညီမများနှင့် ယှဉ်နိုင်မည့်သူ တစ်ယောက်မျှ ရှိမနေချေ။ သူတို့အားလုံးသည် အလွန်ပင် အားနည်းလွန်းနေကြသည်။

ဤအဆင့်တွင် မြေခွေးဖြူမျိုးနွယ်စုကို ရှုံးနိမ့်ရန်မှာ မေးစရာမလိုဘဲ မြေကြီးလက်ခတ်မလွဲပေ။

“ထားလိုက်ပါတော့ အရမ်းကြီး ဆိုးဆိုးရွားရွား မရှုံးနိမ့်ဖို့ပဲ မျှော်လင့်ရတော့မှာပဲ”

ထိုသို့ တွေးတောလိုက်ရင်း အကြီးအကဲ တွမ့်မုက အမည်စာရင်းကို ကြေညာလိုက်တော့သည် ။

“ရန်ရွဲ့ယီ၊ တုန်းလင်းယု၊ ဂူချင်း ယီယွင် မင်းတို့အားလုံး သွားကြတော့”

သူ့ကို အမည်စာရင်း ကြေညာလိုက်ခြင်း ဖြစ်သည်။

ယီယွင်သည် သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်ရင်း ဖေးသန့်စင်ခြင်း ကျောက်ဆောင်ထံသို့ လျှောက်လှမ်းသွားခဲ့သည်။

“ပြိုင်ဘက်တွေက အရိပ်အမြွှာညီမတွေပဲ။ အကြီးအကဲ တွမ့်မုက ငါတို့ကို အမည်စာရင်း ကြေညာတာဟာ အမြှောက်စာအဖြစ် အသုံးချဖို့ ဖြစ်လိမ့်မယ်”

ယီယွင်၏ ဘေးတွင် ဂူချင်းက မဲ့ပြုံး ပြုံးရင်း ပြောလိုက်သည်။

ဂူချင်းသည် ပုံမှန်အားဖြင့် မိမိကိုယ်မိမိ အထင်ကြီးတတ်သူ ဖြစ်သော်လည်း အရိပ်အမြွှာညီမများ၏ ရှေ့တွင်မူ မည်သည့်မာနမျှ မရှိတော့ချေ။ သူသည် ကံကြမ္မာကိုသာ ပုံအပ်ထားပြီး လက်ရှိအခြေအနေကို လက်ခံလိုက်ရုံသာ တတ်နိုင်တော့သည်။

ယီယွင်က ဘာမျှ ပြန်မပြောပေ။ သူသည် အရိပ်အမြွှာညီမများ ဖြစ်ကြသော နုန်းယင်နှင့် နုန်းယွဲ့တို့ကို သေချာစွာ စိုက်ကြည့်လိုက်မိသည်။ သူမတို့နှစ်ယောက်လုံးမှာ အရပ်ရှည်ကြပြီး သူနှင့် အရပ်ချင်း သိပ်မကွာလှချေ။ သူမတို့၏ ခြေတံရှည်ရှည် ဖြောင့်ဖြောင့်ကြီးများမှာ ပေတံဖြင့် တိုင်းထွာထားသည့်အလား ထင်မှတ်ရသည်။

သူမတို့၏ အလှအပမှာ အပြစ်ပြောစရာမရှိလှသလို၊ သူတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာလည်း အလွန်ပင် ပြင်းထန်လှသည်။ ထိုအမြွှာညီအစ်မနှစ်ယောက် ဖေးသန့်စင်ခြင်း ကျောက်ဆောင်၏ ရှေ့တွင် ရပ်လိုက်ကြစဉ်မှာပင် သူတို့သည် လူတိုင်း၏ အာရုံစိုက်ရာ ဗဟိုချက် ဖြစ်လာခဲ့ကြတော့သည်။

ထိုမိန်းကလေးနှစ်ယောက်မှာ တကယ့်ကို ခန့်မှန်းရခက်လှပေသည်။

ဖေးတစ်သောင်းကောင်းကင်ဘုံသို့ ရောက်ရှိလာခဲ့ပြီးနောက် ယီယွင်သည် လူအနည်းငယ်နှင့်သာ တိုက်ခိုက်ခဲ့ဖူးသည်။ သူသည် ဖုန်းလင်တောင်တန်းတွင် ဝေယျာဝစ္စလုပ်ဆောင်ရသော တပည့်အချို့နှင့်သာ တိုက်ခိုက်ခဲ့ဖူးခြင်း ဖြစ်သည်။

သူသည် ဖေးတစ်သောင်းကောင်းကင်ဘုံ၏ စစ်မှန်သော ပါရမီရှင်များနှင့် ရင်ဆိုင်တိုက်ခိုက်ဖူးခြင်း မရှိသေးချေ။ ထို့ကြောင့် ၎င်းတို့ မည်မျှအထိ သန်မာသည်ကို ယီယွင် ခန့်မှန်းနိုင်စွမ်း မရှိသေးချေ။

အရိပ်အမြွှာညီမများနှင့် စစ်မှန်သော တိုက်ခိုက်ရေးစွမ်းရည်ချင်း ယှဉ်ပြိုင်ရမည့်အပေါ် ယီယွင်တွင် ယုံကြည်မှု အပြည့်အဝ ရှိမနေသည်မှာ အမှန်ပင်။

ဖေးသန့်စင်ခြင်း ကျောက်ဆောင်၏ ရှေ့တွင် ရပ်နေရင်း နုန်းယွဲ့က ယီယွင်ကို လှမ်းကြည့်လိုက်သည်။

“မင်း ငါနဲ့ ငါ့အစ်မရဲ့ ခြေလှမ်းကျင့်စဉ်ကို ခိုးယူထားတာပဲ”

နုန်းယွဲ့သည် ယီယွင်က သူတို့၏ ခြေလှမ်းကျင့်စဉ်ကို လေ့လာခဲ့သည့်အပေါ် ရန်ငြိုးထားနေသည့်အလား ထင်ရသည်။

အမ်...ဘာလဲဟ

ယီယွင် ဆွံ့အသွားခဲ့ရပြီး မည်သို့ ပြန်လည်တုံ့ပြန်ရမည်ကို မသိတော့ချေ။

နုန်းယွဲ့က ထပ်မံ၍ “မင်းနာမည်က ယီယွင် ဟုတ်တယ်မလား။ မင်းသမီး ရွှယ်အာက မင်းရဲ့ ပျက်စီးခြင်းကောင်းကင် ပညာရပ်ကို ချီးကျူးခဲ့ပြီးတော့ ဒီစမ်းသပ်ပွဲမှာ မင်းက ငါနဲ့ ငါ့အစ်မရဲ့ ပြိုင်ဘက် ဖြစ်လာနိုင်တယ်လို့တောင် ပြောခဲ့သေးတယ်။ ဒါပေမဲ့ ငါကတော့ အဲဒီလို မထင်ဘူး။

ပါရမီရှင် အများစုက သူတို့ရဲ့ ငယ်ရွယ်တဲ့ အချိန်တွေကို ပျက်စီးခြင်းကောင်းကင် ပညာရပ်မှာ အချိန်ဖြုန်းလေ့ မရှိကြဘူး။ ပျက်စီးခြင်းကောင်းကင် ပညာရပ်မှာတင် တော်နေတာက ဘာမှ မဟုတ်ဘူး။ ခွန်အားကသာ အရာရာပဲ”

“မင်းရဲ့ အားသာချက်က ဥပဒေသထိုးထွင်းသိမြင်မှုဆိုတာ ငါသိတယ်။ လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲမှာ ဥပဒေသချင်း ယှဉ်ပြိုင်ရတဲ့ ပွဲရှိလိမ့်မယ်။ မင်း ဂုဏ်ယူနေတဲ့ အဲဒီဥပဒေသ ထိုးထွင်းသိမြင်မှုအပိုင်းမှာ မင်းကို ငါ အပြတ်အသတ် အနိုင်ယူပစ်မယ်”

“ဒါပေမဲ့ သေချာတာတစ်ခုကတော့ အဲဒီလိုဖြစ်ဖို့အတွက် မင်း ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်ထဲမှာ ငါးမိနစ်လောက်တော့ အရင် တောင့်ခံနိုင်ဖို့ လိုလိမ့်မယ်”

နုန်းယွဲ့က ထိုသို့ပြောပြီးနောက် သူမ၏ နွဲ့နှောင်းသော ခန္ဓာကိုယ်မှာ တရိပ်ရိပ်ဖြင့် ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်းသို့ ပျောက်ကွယ်သွားခဲ့တော့သည်။

ယီယွင်သည် နုန်းယွဲ့၏ ကျောပြင်ကို ကြည့်ရင်း အတော်လေး ဆွံ့အသွားခဲ့ရသည်။ သူသည် သူမတို့၏ ခြေလှမ်းကျင့်စဉ်ကို လေ့လာခဲ့ရုံမျှဖြင့် ပစ်မှတ်ထားခြင်း ခံလိုက်ရသည်။ အမှန်ပင် ယခင်က မြေခွေးဖြူ မင်းသမီး ပြောခဲ့သော စကားများကြောင့်လည်း နုန်းယွဲ့က သူ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ထိုသို့ တွေးတောလိုက်ပြီးနောက် ယီယွင်သည် မြေခွေးဖြူ မင်းသမီးကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ရှေ့သို့ ခြေတစ်လှမ်း လှမ်းကာ ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။

အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် ယီယွင်သည် လုံးဝ စိမ်းသက်လှသော ဟင်းလင်းပြင်ကြီးတစ်ခုအတွင်းသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

အခန်း ၈၈၆ - ရှေးဟောင်းဖေးနှင့် ရင်ဆိုင်တိုက်ခိုက်ခြင်း

ယီယွင်၏ မျက်စိရှေ့မှောက်တွင် ပေါ်လာသည်မှာ ခြောက်သွေ့ဆိတ်သုဉ်းလှသော မြက်ခင်းပြင်ကြီးတစ်ခု ဖြစ်သည်။ ခါးစောင်းခန့်အထိ မြင့်မားသော မြက်ပင်ရှည်ကြီးများသည် မြက်ခင်းပြင်တစ်ခုလုံးတွင် အဆုံးမရှိအောင် လွှမ်းခြုံထားကြသည်။

ယီယွင်မှတစ်ပါး အခြားသောသူများအားလုံး ပျောက်ကွယ်သွားခဲ့ရုံတင်မက၊ လော့နတ်ဘုရားခန်းမကြီးပင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။

“မင်း တိုက်ခိုက်ချင်တဲ့ ရှေးဟောင်းဖေးကို ရွေးချယ်ပါ”

အသံတစ်သံသည် ယီယွင်၏ စိတ်အာရုံထဲသို့ ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့သည်။

ထိုနှင့်အတူ ရှေးဟောင်းဖေးများနှင့် ပတ်သက်သော အချက်အလက်များသည်လည်း သူ၏ စိတ်ထဲသို့ စီးဝင်လာခဲ့တော့သည်။

ပုံသဏ္ဌာန်မျိုးစုံနှင့် အရွယ်အစားမျိုးစုံရှိသော ရှေးဟောင်းဖေး အရေအတွက် တစ်ရာကျော် ပေါ်လာခဲ့သည်။

၎င်းတို့အကြားတွင် ခြေသုံးချောင်း ရွှေကျီးကန်းနှင့် ကိုးခေါင်းမြွေနဂါး တို့ကိုပါ ယီယွင် မြင်တွေ့လိုက်ရသည်။

ခြေသုံးချောင်း ရွှေကျီးကန်းနှင့် ကိုးခေါင်းမြွေနဂါးတို့မှာ ရှေးဟောင်းဖေးများအနက် ခွန်အားအလွန်ကြီးမားသော အမျိုးအစားများအဖြစ် သတ်မှတ်နိုင်သည်။ ၎င်းတို့မှာ သူ၏ ရှုထောင့်ပုံရိပ်များ ဖြစ်ကြသဖြင့် ယီယွင်အနေဖြင့် ၎င်းတို့အကြောင်းကို ကောင်းစွာ နားလည်ထားသည်။

သို့သော်လည်း ၎င်းတို့အကြောင်းကို နားလည်ထားရုံမျှဖြင့် အသုံးဝင်လှသည်တော့ မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်းသို့ ဝင်ရောက်လာကြသော ကောင်းကင်ဖေး ပါရမီရှင်တိုင်းတွင်လည်း မိမိတို့နှင့် သက်ဆိုင်ရာ ရှေးဟောင်းဖေး ဘိုးဘေးများ ရှိကြသောကြောင့်ပင်။ သူတို့သည်လည်း မိမိတို့၏ ဘိုးဘေးများအကြောင်းကို သေချာပေါက် ကောင်းစွာ သိရှိထားကြလိမ့်မည်။ သို့သော်လည်း ထိုရှေးဟောင်းဖေးတစ်ကောင်ကို မည်သူက အနိုင်ယူနိုင်မလဲဆိုသည်မှာမူ စောင့်ကြည့်ရပေဦးမည်။

ထို့အပြင် အကယ်၍ သူက မိမိကျင့်ကြံထားသော ဥပဒေသချင်း တူညီသည့် ရှေးဟောင်းဖေးတစ်ကောင်ကို ရွေးချယ်လိုက်မည်ဆိုပါက ထိုဥပဒေသများကို အသုံးပြု၍ ပြိုင်ဘက်ကို ဒဏ်ရာရအောင် လုပ်နိုင်မည့် ပမာဏမှာ အလွန်ပင် ကန့်သတ်ချက် ရှိသွားပေလိမ့်မည်။

ဥပမာအားဖြင့် ယီယွင်က ခြေသုံးချောင်း ရွှေကျီးကန်းကို သတ်ဖြတ်ရန်အတွက် သန့်စင်ယန် ဥပဒေသကို အသုံးပြုမည်ဆိုလျှင် မည်သို့ဖြစ်မည်နည်း။

ခက်ခဲပေလိမ့်မည်။

ခြေသုံးချောင်း ရွှေကျီးကန်း၏ သန့်စင်ယန်ဥပဒေသများက ယီယွင်ထက် သာလွန်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။

ရှေးဟောင်းဖေးတစ်ကောင်ကို အနိုင်ယူရန်ဆိုသည်မှာ ၎င်း၏ စိတ်ဝိညာဉ်အနှစ်သာရမျှသာ ဖြစ်လင့်ကစား လက်ရှိ ယီယွင်အတွက်မူ တကယ့်ကို ခဲယဉ်းလှသော အလုပ်ပင်။

“ကျွန်တော် ရန်ယီငါးကို ရွေးချယ်ပါတယ်”

ရန်ယီငါးဆိုသည်မှာ ရွှီရွှေရန်မျိုးနွယ်စု၏ ဘိုးဘေး ဖြစ်သည်။

ရန်ယီငါးမှာ ရှေးဟောင်းဖေးများအကြားတွင် အလွန်အမင်း အစွမ်းထက်လှသော အဆင့်တွင် မရှိချေ။ ထို့အပြင် ရွှီရွှေရန်မျိုးနွယ်စုနှင့် ရန်ငြိုးဖြစ်ခဲ့ဖူးသဖြင့် သူသည် ရန်ယီငါးအကြောင်းကို အတော်အတန် နားလည်ထားသည်။

မိမိ ရင်းနှီးကျွမ်းဝင်ပြီးသားဖြစ်သည့်အပြင် သန့်စင်ယန်ဥပဒေသများဖြင့် အားသာချက်ရယူနိုင်မည့် ရှေးဟောင်းဖေးတစ်ကောင်ကို ရွေးချယ်ခြင်းက သူ့အတွက် အခြေအနေကို ပိုမိုလွယ်ကူစေပေလိမ့်မည်။

ယီယွင်က ရွေးချယ်မှု ပြုလုပ်ပြီးနောက်တွင်မူ ကျယ်ပြောလှသော မြက်ခင်းပြင်ကြီး ပျောက်ကွယ်သွားခဲ့ပြီး လှိုင်းတံပိုးများ ထန်နေသော ပင်လယ်ပြင်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့တော့သည်။

ပင်လယ်ရေမျက်နှာပြင်ထက်တွင် လွင့်မျောနေရင်း ရေအောက်မှ ထူးဆန်းသော ငါးကြီးတစ်ကောင် ထွက်ပေါ်လာခဲ့သည်။ ၎င်းတွင် မြွေဦးခေါင်းနှင့် ငါးခန္ဓာကိုယ် ရှိနေပြီး ခြေထောက်ခြောက်ချောင်းနှင့် ထက်မြက်လှသော သွားနှစ်တန်း ပါရှိသည်။

“စက္ကန့်သုံးဆယ်အတွင်းမှာ တိုက်ပွဲ စတင်ပါမယ်။ မင်းရဲ့ လက်နက်ကို စိတ်ကြိုက် ရွေးချယ်နိုင်ပါတယ် ကိုယ်ပိုင်လက်နက်တွေ၊ ရုပ်သေးတွေနဲ့ ဆေးလုံးတွေကိုတော့ အသုံးပြုခွင့် မရှိပါဘူး”

ထိုအသံကြီးက ထပ်မံ၍ ဟိန်းထွက်လာခဲ့ပြန်သည်။

ထို့နောက်တွင်မူ လက်နက်အမျိုးအစား ပေါင်းစုံမှာ ယီယွင်၏ အာရုံထဲတွင် ပေါ်လာခဲ့သည်။ သို့သော်လည်း လက်နက်အားလုံး၏ အရည်အသွေးမှာ တူညီကြသည်။

ဆေးလုံးများနှင့် ရုပ်သေးများကို အသုံးမပြုနိုင်သည့်အပြင် ဤတိုက်ပွဲမှာ လူတိုင်းအတွက် အပြတ်အသတ် မျှတသော တိုက်ပွဲတစ်ခုဟု သတ်မှတ်နိုင်သည်။

“သန့်စင်ယန်ဓားကျိုး၊ နေမင်းပစ် သတ်ဖြတ်ခြင်းကိုးပါးလေးနဲ့ နတ်မျှော်စင်ကို အသုံးပြုလို့ မရဘူးပေါ့”

ယီယွင် သက်ပြင်းတစ်ချက် အသာချလိုက်မိသည်။

သူ့တွင် ရှိသမျှသော ရတနာများမှာ အဆင့်မြင့်ဆုံး အကောင်းစားများ ဖြစ်ကြပြီး အထူးသဖြင့် နတ်မျှော်စင် ဖြစ်သည်။ ချပ်ဝတ်နက် မိစ္ဆာနတ်ဘုရားနှင့် တိုက်ပွဲတွင် ၎င်းက အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သော်လည်း ယခုအခါတွင်မူ အသုံးပြုခွင့် မရှိချေ။

ထို့အပြင် သူ၏ ပြိုင်ဘက်မှာ ရှေးဟောင်းဖေး၏ စိတ်ဝိညာဉ်အနှစ်သာရ ဖြစ်သည်။ ဤကဲ့သို့သော တိုက်ပွဲမှာ တကယ့်ကို ခက်ခဲလွန်းလှသည်။

“ဝှစ်”

သတ္တုရောင် အရှိန်အဝါများ လင်းလက်နေသော ဓားတစ်စင်းမှာ ယီယွင်၏ လက်ထဲတွင် ပေါ်လာခဲ့သည်။ ယီယွင်က သူ၏ ယွမ်ချီ စွမ်းအင်များကို ထိုဓားအတွင်းသို့ ထည့်သွင်းလိုက်သောအခါ ဓားမှာ မာကျောသွားခြင်းမှတစ်ပါး သူ၏ ယွမ်ချီကြောင့် မည်သည့်အစွမ်းထက်မှုမျှ တိုးပွားမလာကြောင်း သိလိုက်ရသည်။

သူ၏ အတွေးများကို တည်ငြိမ်အောင် ထားလိုက်ပြီး သူ၏ စိတ်ဝိညာဉ်အာရုံကို ချပ်ဝတ်နက် မိစ္ဆာနတ်ဘုရား ရုပ်သေးနှင့် ချိတ်ဆက်ကြည့်လိုက်သော်လည်း ထိုအချိတ်အဆက်မှာ ပြတ်တောက်နေကြောင်း တွေ့ရှိလိုက်ရသည်။

နဂါးသွေးရွှေစင် တစ်ခုတည်းသာ အသုံးပြု၍ ရနိုင်တော့သည်။

နဂါးသွေးရွှေစင်ကိုတော့ အသုံးပြုလို့ ရသေးတာပဲလား ။

ယီယွင် အနည်းငယ် အံ့ဩသွားခဲ့ရသည်။ သေသေချာချာ စဉ်းစားကြည့်ပြီးနောက်တွင်မူ ဤသည်က ဖြစ်နိုင်ချေရှိကြောင်း နားလည်လိုက်သည်။ နဂါးသွေးရွှေစင်တွင် သူ၏ စိတ်ဝိညာဉ် အစိတ်အပိုင်းတစ်ခု ကိန်းဝပ်နေသဖြင့် အရှိန်အဝါအရ ဆိုလျှင် ယီယွင်နှင့် တစ်ထပ်တည်း တူညီနေသောကြောင့်ပင်။

ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်သည် သက်ရှိစိတ်ဝိညာဉ် မရှိသော ရတနာပစ္စည်းများအားလုံးကိုသာ တားမြစ်ထားခြင်း ဖြစ်ပုံရသည်။ နဂါးသွေး ရွှေစင်ရုပ်အလောင်းမှာ သူ၏ စွမ်းအားအစိတ်အပိုင်းတစ်ခု ဖြစ်သဖြင့် ပိတ်ပင်ခြင်း မခံရခြင်း ဖြစ်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ရန်ယီငါးကြီးက စူးရှစွာ အော်ဟစ်လိုက်တော့သည်။ ၎င်းက ကြီးမားလှသော ပါးစပ်ကြီးကို ဖွင့်လိုက်ပြီး ပြာလဲ့သော ရေလှိုင်းလုံးကြီးတစ်ခုကို မှုတ်ထုတ်လိုက်သည်။ ထိုရေတိုင်လုံးကြီးမှာ ကောင်းကင်ယံတွင် ပျံ့နှံ့သွားခဲ့ပြီး ရေစက်ရေပေါက်များအဖြစ်သို့ ကွဲကြေကာ ယီယွင်၏ထံသို့ တရိပ်ရိပ်ဖြင့် ပစ်ခတ်လာခဲ့တော့သည်။

ကြည်လင်နေသော ရေစက်ရေပေါက်များအတွင်း၌ ပြင်းထန်လှသော စွမ်းအားများ ကိန်းဝပ်နေကြသည်။ ၎င်းတို့ထဲမှ တစ်စက်ချင်းစီမှာ နတ်ဘုရားသတ္တုများကဲ့သို့ မာကျောလှပြီး ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်း လက်နက်များ ဖြစ်ကြသည်။

ယီယွင်သည် အလျင်အမြန် နောက်ဆုတ်လိုက်ရင်း ရှေ့သို့ ဓားဖြင့် လှမ်း၍ ခုတ်ပိုင်းလိုက်တော့သည်။

“ရွှပ် ရွှပ် ရွှပ်”

သူ၏ ဓားအလင်းတန်းများသည် ကွန်ရက်တစ်ခုကဲ့သို့ အချင်းချင်း ချိတ်ဆက်သွားပြီး ရေစက်ရေပေါက်များကို ရိုက်ခတ်ကာ ပေါက်ကွဲသွားစေခဲ့သည်။ သို့သော်လည်း ထိုရေစက်များမှာ ပေါက်ကွဲသွားပြီးနောက် ကွဲကြေပျောက်ကွယ်မသွားဘဲ အလွန်လျင်မြန်စွာ ပြန်လည်စုစည်းသွားခဲ့ကြသည်။

ယီယွင်၏ ဓားအလင်းတန်းများမှာမူ ရေစက်များအကြားရှိ ဟင်းလင်းပြင် လစ်ဟာချက်များကိုသာ ဖြတ်သန်းသွားနိုင်ခဲ့ပြီး ရေစက်များကို တစ်စုံတစ်ရာ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ချေ။

ဓားတစ်စင်းဖြင့် စီးဆင်းနေသော ရေကို မတားဆီးနိုင်သကဲ့သို့၊ ရေဓာတ်ခံ ရှေးဟောင်းဖေးတစ်ကောင် ဖြစ်သည့် ရန်ယီငါးသည်လည်း ရေဥပဒေသများတွင် အလွန်အမင်း ကျွမ်းကျင်လှသည်။ ၎င်းက အရပ်မျက်နှာအနှံ့မှ ရေစက်ရေပေါက်များကို စုစည်း၍ ယီယွင်ကို တိုက်ခိုက်နေခြင်း ဖြစ်သည်။

နှင်းတစ်ထောင်နယ်မြေ.....

သူ၏ စိတ်ကူးတစ်ချက်ဖြင့်ပင် သူ၏ ပတ်ပတ်လည်တွင် ပျံသန်းကခုန်နေသော ဓားမြှောင်ပင်လယ်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

၎င်းတို့မှာ နှင်းတစ်ထောင် ပျံသန်းခြင်း ဓားမြှောင်အစစ်အမှန်များ မဟုတ်ဘဲ ယီယွင် သုံးနိုင်သမျှမှာ သာမန် ဓားမြှောင်အစီအရင်တစ်ခုသာ ဖြစ်သည်။ ဓားမြှောင်များ၏ အရည်အသွေးက အားနည်းသည်ဆိုသော်လည်း ဓားမြှောင်အစီအရင်၏ စွမ်းအားမှာမူ အားကောင်းနေဆဲ ဖြစ်သည်။

ရေစက်ရေပေါက်များသည် နောက်တစ်ကြိမ် ထပ်မံ၍ အပိုင်းပိုင်း ဖြတ်တောက်ခြင်း ခံလိုက်ရပြန်သည်။

ဗရုန်းဗရင်း ကခုန်နေသော ဓားမြှောင်အလင်းတန်းများသည် မရေမတွက်နိုင်သော ရေစက်များကို ရေမြူခိုးများအဖြစ်သို့ ဖြတ်တောက်ခြေဖျက်ပစ်လိုက်သည်။ သို့သော်လည်း ထိုရေမြူခိုးများသည် ချက်ချင်းပင် ပြန်လည်စုစည်းသွားလိမ့်မည် ဖြစ်ကြောင်း ယီယွင် ကောင်းစွာ သိရှိထားသည်။ သူ့အတွက် အချိန်က အလွန်ပင် နည်းပါးလှသည်။

“ဝှစ်”

ယီယွင်၏ ခန္ဓာကိုယ်မှာ မြားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးဝင်သွားခဲ့သည်။ သူသည် ရေစက်များ ပြန်လည်စုစည်းရန် လိုအပ်သော စက္ကန့်၏ ရာခိုင်နှုန်းမျှသော အချိန်တိုလေးကို အသုံးချကာ ရေမြူခိုးများကို ဖြတ်သန်း၍ ရန်ယီငါးကြီးကို တိုက်ခိုက်ရန် အားယူလိုက်တော့သည်။

ရန်ယီငါးကို သတ်ဖြတ်ရန်အတွက်မူ ၎င်း၏ ခန္ဓာကိုယ်ကို တိုက်ရိုက် ထိမှန်အောင် လုပ်ရပေလိမ့်မည်။

ယီယွင်က ရန်ယီငါးကြီး၏အနီးသို့ ချဉ်းကပ်မိလိုက်သည်နှင့် တစ်ပြိုင်နက် ၎င်းက မေးအိုးကြီးကို ဟိန်းဖွင့်လိုက်ပြီး ယီယွင်ကို ကိုက်ခဲရန် ကြိုးစားလိုက်တော့သည်။

ရန်ယီငါးကြီး ပါးစပ်ဖွင့်လိုက်သည့် ရုတ်ခြည်းမှာပင် ညှီစူးစူး လေပြင်းကြီးတစ်ခု ဝှေ့ယမ်းထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ ရှုထောင့်ပုံရိပ်တစ်ခုနှင့် လုံးဝ မတူဘဲ စစ်မှန်သော ရှေးဟောင်းဖေးတစ်ကောင်အလား ထင်မှတ်ရသည်။ ဤသည်မှာ စိတ်ဝိညာဉ်အနှစ်သာရဖြင့် ဖန်တီးထားခြင်း၏ အာနိသင် ဖြစ်ပေလိမ့်မည်။

သေစမ်း.......

ယီယွင်သည် မဟာဧကရီနှလုံးသားကျမ်း ကို လည်ပတ်လိုက်ရာ သူ၏ သန့်စင်ယန်စွမ်းအားအားလုံး တရိပ်ရိပ် ပေါက်ကွဲထွက်လာခဲ့တော့သည်။ နေမင်းကြီးအလား တောက်ပလှသော အရှိန်အဝါဖြင့် ဓားချက်တစ်ချက်ကို ပြင်းထန်စွာ ခုတ်ပိုင်းလိုက်တော့သည်။

ဤဓားချက်အတွင်း၌ သန့်စင်ယန်ဓားနန်းတော်၏ ဓားအသိဉာဏ် ကိန်းဝပ်လျက် ရှိသည်။ ဤဓားချက်တစ်ချက်ကြောင့်ပင် ကောင်းကင်ယံကြီးတစ်ခုလုံး အရောင်အသွေး ပြောင်းလဲသွားခဲ့ရတော့သည်။

ရန်ယီငါးကြီး ခိုအောင်းနေသော ပင်လယ်ပြင်ကြီးမှာ ယီယွင်၏ ဓားချက်ကြောင့် နှစ်ခြမ်းကွဲသွားခဲ့ရသည်။ ပြာလဲ့သော ချောက်ကမ်းပါးကြီးတစ်ခု ပွင့်ဟသွားခဲ့ပြီး ရေမျက်နှာပြင်မှာ လျှိုမြောင်ကြီးများကဲ့သို့ မြင့်တက်လာခဲ့ကာ ရေလှိုင်းကြီးများသည် ရေတံခွန်ကြီးတစ်ခုအလား ပြင်းထန်စွာ စီးဆင်းသွားခဲ့တော့သည်။

“ရွှပ်”

သွေးများ ပန်းထွက်သွားခဲ့ပြီ။

ရန်ယီငါးကြီးမှာ ယီယွင်၏ ဓားချက်ကြောင့် ဒဏ်ရာရသွားခဲ့ပြီ ဖြစ်သည်။

သို့သော်လည်း ဓားအလင်းတန်းက ရန်ယီငါးကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားသည့် ထိုအခိုက်အတန့်တွင် ယီယွင်၏ နှလုံးခုန်သံမှာ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် ဓားအလင်းတန်းက ရန်ယီငါးကြီးကို ထိုးဖောက်သွားစဉ်မှာပင် ၎င်း၏ အတွင်းကလီစာများသည် ရေစီးကြောင်းတစ်ခုကဲ့သို့ ထိုဓားချက်ကို ရှောင်တိမ်းသွားခဲ့ကြသောကြောင့်ပင်။

ထိုဓားချက်က ရန်ယီငါးကြီး၏ အသက်အန္တရာယ်ရှိသော အဓိက အစိတ်အပိုင်းများကို အမှန်တကယ် ထိမှန်ခဲ့ခြင်း မရှိချေ။

ဒါကလည်း ရေဥပဒေသရဲ့ အာနိသင်ပဲလား ။

ယီယွင် ဤအချက်ကို ဆက်လက်တွေးတောရန် အချိန်မရတော့ပေ။ ဒဏ်ရာရသွားသော ရန်ယီငါးကြီးသည် ကြောက်မက်ဖွယ်ကောင်းသော တိုက်စစ်စွမ်းရည်ကို ပိုင်ဆိုင်ထားဆဲ ဖြစ်သည်။ ၎င်းက ပါးစပ်ကို ဖွင့်လိုက်ပြီး ရေဥပဒေသများဖြင့် လုံးဝ ဖွဲ့စည်းထားသော ပြာလဲ့သော ဓားတစ်စင်းကို မှုတ်ထုတ်လိုက်တော့သည်။

ဤမျှလောက် နီးကပ်သော အကွာအဝေးနှင့် ထိုဓား၏ အလွန်အမင်း မြန်ဆန်လှသော အရှိန်နှုန်းကြောင့် ရှောင်တိမ်းရန်မှာ ဘယ်လိုမှ မဖြစ်နိုင်တော့ချေ။

“ဘုန်း”

အလင်းတန်းတစ်ခု လင်းလက်သွားပြီးနောက် နဂါးသွေးရွှေစင်သည် ယီယွင်၏ ရှေ့မှောက်တွင် ပေါ်လာခဲ့သည်။ ၎င်းက လက်ထဲရှိ ဓားဖြင့် ထိုဓားချက်ကို ဆီးကြိုပိတ်ဆို့လိုက်သော်လည်း ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကြောင့် နဂါးသွေးရွှေစင်မှာ နောက်သို့ လွင့်စင်ထွက်သွားခဲ့ရသည်။

ရန်ယီငါးကြီးက ယီယွင်ကို ထပ်မံ၍ ကိုက်ခဲရန် ပြေးဝင်လာပြန်သည်။ ၎င်းက ယီယွင်၏ ဦးခေါင်းကို ကိုက်ခဲတော့မည့် ဆဲဆဲမှာပင် ယီယွင်က သူ၏ ဦးခေါင်းကို အသာအယာ စောင်းလိုက်သည်။

“ဝှစ်”

၉၉၉ စင်းသော နှင်းတစ်ထောင် ဓားပျံများသည် ယီယွင်၏ ဦးခေါင်း တည့်တည့် နေရာတွင် ငွေရောင်တန်းတစ်ခုအဖြစ် စုစည်းသွားခဲ့ပြီး ရန်ယီငါးကြီး၏ ပါးစပ်အတွင်းသို့ တည့်တည့်မတ်မတ် ပစ်ခတ်ဝင်ရောက်သွားခဲ့တော့သည်။

ဓားပျံများက ရန်ယီငါးကြီး၏ လည်ချောင်းကို ထိုးဖောက်သွားစဉ် ယီယွင်သည် ထိုထူးဆန်းသော ခံစားချက်ကို ထပ်မံ၍ ခံစားလိုက်ရပြန်သည်။ ရန်ယီငါးကြီး၏ ခန္ဓာကိုယ်မှာ ရေကဲ့သို့ပင် ဖြစ်နေသည်။ ၎င်း၏ အသားစိုင်များသည် ရေများကဲ့သို့ ဘေးဘက်သို့ ပျံ့နှံ့သွားခဲ့ကြသည်။ ဓားပျံများက ထိုးဖောက်သွားသဖြင့် သွေးများ ပန်းထွက်သွားခဲ့သည်ဆိုသော်လည်း ပြင်းထန်သော ဒဏ်ရာရရှိခြင်းမျိုး မရှိခဲ့ချေ။

“ဒီလိုမျိုး ခံစစ်စွမ်းရည်ကတော့”

ယီယွင်၏ ရင်ထဲတွင် လေးလံသွားခဲ့ရသည်။ အမှန်ပင် ရှေးဟောင်းဖေးတိုင်းတွင် ကြောက်မက်ဖွယ်ကောင်းသော အစွမ်းထက်မှုကိုယ်စီ ရှိကြပေသည်။ လော့မျိုးနွယ်စုနှင့် မြေခွေးဖြူမျိုးနွယ်စုမှ ပါရမီရှင် အများအပြားမှာ ရှေးဟောင်းဖေးတစ်ကောင်ကိုပင် မသတ်နိုင်ဘဲ ကျရှုံးခဲ့ကြရသည်။ ဤမျှလောက် များပြားလှသော ကျရှုံးမှုများကို ကြည့်ခြင်းအားဖြင့် ၎င်းမှာ မည်မျှအထိ ခက်ခဲကြောင်း ထင်ရှားလှပေသည်။

ယီယွင်အနေဖြင့် အကယ်၍ မိမိသည်လည်း သူတို့၏ နေရာတွင် ရှိနေခဲ့မည်ဆိုပါက အနိုင်ရရန် လုံးဝ မလွယ်ကူကြောင်း ကောင်းစွာ သိရှိနေသည်။

ထိုအခိုက်အတန့်တွင် ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်၏ ပြင်ပ၌ အကြီးအကဲရှီနှင့် အကြီးအကဲ တွမ့်မုတို့သည် အကြီးဆုံး ဖေးသန့်စင်ခြင်း ကျောက်ဆောင်ကို ကြည့်ရင်း တိတ်ဆိတ်နေကြသည်။

အစီအရင်ကို ထိန်းချုပ်ထားသူများပီပီ အကြီးအကဲရှီနှင့် အကြီးအကဲ တွမ့်မုတို့သည် အတွင်း၌ ဘာတွေဖြစ်ပျက်နေသည်ကို ကောင်းစွာ မြင်တွေ့နေရသည်။

သို့သော်လည်း မြေခွေးနီ နတ်သမီးကမူ မမြင်ရချေ။ သူမသည် အတွင်း၌ ဘာဖြစ်နေသည်ကို မမြင်ရသော်လည်း အရိပ်အမြွှာညီမများနှင့် ပတ်သက်၍မူ အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်း မရှိချေ။

သို့သော် လော့မျိုးနွယ်စုဘက်တွင်မူ အခြေအနေက ကွဲပြားခြားနားလှသည်။ အကယ်၍ အထွတ်အထိပ်ပညာရှင်တစ်ဦး၏ ဆက်ခံသူသာ ဖြစ်မည်ဆိုလျှင်မူ စောင့်ကြည့်ရကျိုး နပ်ဦးမည်ဖြစ်သော်လည်း အခြားသောသူများသာ ဖြစ်မည်ဆိုပါက အလွန်ပင် လိုအပ်ချက်များ ရှိနေပေလိမ့်မည်။

မြေခွေးနီ နတ်သမီးက ပြုံးရင်း “အကြီးအကဲတို့ ဘာတွေမြင်ရလဲဆိုတာ ကျွန်မကို ပြောပြလို့ ရမလားရှင်” ဟု မေးမြန်းလိုက်သည်။

အကြီးအကဲ တွမ့်မုက မျက်တောင်ကို အနည်းငယ် လှုပ်ခတ်လိုက်ရင်း

“တိုက်ပွဲတွေက အရမ်း ပြင်းထန်နေတယ်။ သူတို့ထဲက အတော်များများက သူတို့ရဲ့ ကန့်သတ်ချက် အဆင့်ကို ရောက်နေကြပြီ” ဟု ဆိုလိုက်သည်။

“ခိ ခိ ခိ”

မြေခွေးနီ နတ်သမီးက ညှို့ဓာတ်ပြင်းစွာဖြင့် ရယ်မောလိုက်ရင်း

“ဒီလောက်အကြာကြီး တောင့်ခံထားနိုင်တာ မဆိုးပါဘူး။ ဒီတစ်ကြိမ် ရှင်တို့စေလွှတ်လိုက်တဲ့ လော့မျိုးနွယ်စု တပည့်တွေက တော်တော်လေး တော်ကြတာပဲ။ ဒါနဲ့ ကျွန်မဘက်က မိန်းကလေးနှစ်ယောက်ကော ဘယ်လိုအခြေအနေ ရှိလဲမသိဘူးနော်”

မြေခွေးနီ နတ်သမီး၏ လေသံမှာ အကြီးအကဲ တွမ့်မုကို အလွန်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။

သူမမှာ အကြီးအကဲ တွမ့်မု၏ ရှေ့မှောက်တွင် မျိုးဆက်တစ်ခုမျှ ငယ်ရွယ်သူ ဖြစ်သဖြင့် မိမိ၏ ရှေ့တွင် ဤမျှလောက် မာနထောင်လွှားပြနေသည့်အပေါ် သူ သဘာဝကျကျပင် မကျေမနပ် ဖြစ်မိသည်။

ထို့အပြင် သူမတွင် ထိုသို့ မာနထောင်လွှားနိုင်လောက်သော အရည်အချင်း အထောက်အထားများလည်း ရှိနေသည် မဟုတ်ပါလား။

အကြီးအကဲ တွမ့်မုက မျက်ခုံးကို အနည်းငယ် တွန့်လိုက်မိရင်း “နုန်းယင်နဲ့ နုန်းယွဲ့တို့ကတော့ ရှေးဟောင်းဖေးတစ်ကောင်စီကို သတ်ဖြတ်ပြီးသွားကြပြီ” ဟု ဆိုလိုက်တော့သည်။

အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်သောအခါ ရောက်ရှိနေကြသော တပည့်များအားလုံး ဆွံ့အသွားခဲ့ကြရတော့သည်။

ဖေး တစ်ကောင်ကို သတ်ပြီးသွားပြီ ဟုတ်လား

ယခင်က လူများအားလုံး ကျရှုံးခဲ့ကြရသည်။ သူတို့ကို သူတို့ တောင့်ခံနိုင်ခဲ့သော အချိန်ကာလ ပမာဏအပေါ် မူတည်၍သာ အဆင့်သတ်မှတ်ခဲ့ရခြင်း ဖြစ်သည်။ အကြာဆုံး တောင့်ခံနိုင်ခဲ့သူမှာပင် ခြောက်မိနစ်ထက် ပို၍ မကျော်လွန်ခဲ့ချေ။ ယခုအခါတွင်မူ သုံးမိနစ်ခန့်သာ ရှိသေးသည့် အချိန်တွင် အရိပ်အမြွှာညီမများက ရှေးဟောင်းဖေးတစ်ကောင်စီကို သတ်ဖြတ်နိုင်ခဲ့ကြပြီ ဟုတ်လား ။

ကွာခြားချက်က တကယ့်ကို ကြီးမားလွန်းလှပေသည်။

ရောက်ရှိနေကြသော ပါရမီရှင်များ၏ မျက်နှာများမှာ အလွန်ပင် ပျက်ယွင်းသွားခဲ့ကြရတော့သည်။ သူတို့၏ ရင်ထဲတွင်လည်း မခံချင်စိတ်များ ပြင်းထန်စွာ ဖြစ်ပေါ်လာခဲ့ရသည်။

လူတိုင်းမှာ အထက်တန်းလွှာ ပါရမီရှင်များ ဖြစ်ကြပါလျက်နှင့် ဘာကြောင့် နုန်းယင်၊ နုန်းယွဲ့တို့နှင့် ဤမျှလောက်အထိ ကွာခြားနေရပါသနည်း။

အကြီးအကဲ တွမ့်မု၏ စကားကို ကြားလိုက်ရသောအခါ မြေခွေးနီ နတ်သမီးက ပြုံးရင်း “နုန်းယင်နဲ့ နုန်းယွဲ့တို့က ပေါင်းစပ်တိုက်ခိုက်တဲ့ နေရာမှာ ကျွမ်းကျင်ကြတာလေ။

သူတို့ကို ခွဲထုတ်လိုက်မယ်ဆိုရင်တော့ သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အများကြီး ကျဆင်းသွားလိမ့်မယ်။

သုံးမိနစ်အတွင်းမှာ ရှေးဟောင်းဖေးတစ်ကောင်ကို သတ်နိုင်တာကတော့ ပုံမှန်အဆင့်ပါပဲ”

ဟု ဆိုလိုက်တော့သည်။

All Chapters