← Chapters

အခန်း (၈၈၇-၈၈၉)

Vol. 60 Ch. 887-889

အခန်း (၈၈၇-၈၈၉)

Vol. 60 Ch. 887-889

အခန်း ၈၈၇ - ရန်ယီငါးကို သတ်ဖြတ်ခြင်း

မြေခွေးနီ နတ်သမီးက ထိုသို့ပြောလိုက်သောအခါ ပတ်ဝန်းကျင်ရှိ လော့မျိုးနွယ်စုမှ ပါရမီရှင်များအားလုံး ဆွံ့အသွားခဲ့ကြရတော့သည်။

သုံးမိနစ်အတွင်းမှာပင် ရှေးဟောင်းဖေးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့ပါလျက်နှင့် မြေခွေးနီ နတ်သမီးက အရိပ်အမြွှာညီမများသည် ပေါင်းစပ်တိုက်ခိုက်ခြင်း၌သာ ကျွမ်းကျင်ကြပြီး တစ်ဦးတည်း တိုက်ခိုက်ခြင်းတွင်မူ ထူးခြားမှုမရှိသယောင် ပြောဆိုနေသောကြောင့် ဖြစ်သည်။

မြေခွေးနီ နတ်သမီးသည် သူတို့ကို ရည်ရွယ်ချက်ရှိရှိ မာနထောင်လွှားပြနေခြင်းဖြစ်ကြောင်း သူတို့ သိရှိကြသော်လည်း သူမပြောသော စကားများမှာ အမှန်တရားဖြစ်နိုင်ကြောင်းလည်း သူတို့ ခန့်မှန်းမိကြသည်။

အမြွှာညီအစ်မများ ဖြစ်ကြသဖြင့် နုန်းယင်နှင့် နုန်းယွဲ့တို့သည် စိတ်ချင်းဆက်နွှယ်နေကြပေလိမ့်မည်။ ထို့ကြောင့် ပေါင်းစပ်ကျင့်စဉ်များကို လေ့ကျင့်သည့်အခါတွင်လည်း အနည်းငယ်မျှသော ကြိုးစားမှုဖြင့် ဆထက်ထမ်းပိုးမကသော ရလဒ်ကောင်းများကို သေချာပေါက် ရရှိနိုင်ကြပေသည်။

အရိပ်အမြွှာညီမများမှာ မြင့်မြတ်လွန်းလှပြီး လက်လှမ်းမီနိုင်ရန် ခဲယဉ်းလှပေသည်။ ယခုလက်ရှိ လော့နတ်ဘုရားခန်းမအတွင်းရှိ လော့မျိုးနွယ်စု၏ လူငယ်မျိုးဆက်များအနက် ကျန်ကျူးတစ်ဦးတည်းသာလျှင် သူမတို့၏ အဆင့်အတန်းသို့ လှမ်းမှီနိုင်စွမ်း ရှိပေလိမ့်မည်။

ထိုသို့ တွေးတောလိုက်ပြီးနောက် လူအများအပြားက ကျန်ကျူးကို လှမ်း၍ ကြည့်လိုက်ကြသည်။

ကျောပြင်တွင် အရိုးဓားတစ်စင်းကို လွယ်ထားသော ကျန်ကျူးက အကြီးအကဲ တွမ့်မုကို ကြည့်ကာ “စီနီယာတွမ့်မု အရိပ်အမြွှာညီမတွေကလွဲရင် ကျန်တဲ့သူတွေကကော ဘယ်လိုလဲခင်ဗျာ” ဟု မေးမြန်းလိုက်သည်။

“ကျန်တဲ့သူတွေကတော့”

တွမ့်မုက ခေါင်းကို အသာအယာ ခါယမ်းလိုက်ရင်း

“သူတို့တွေကတော့ တဖြည်းဖြည်းနဲ့ သူတို့ရဲ့ ကန့်သတ်ချက်အဆင့်ကို ရောက်နေကြပြီ။ ရန်ရွဲ့ယီကတော့ အကြာဆုံး တောင့်ခံနိုင်လိမ့်မယ် ထင်တယ်။ သူက အစကတည်းက သူ့ရဲ့ ခွန်အားတွေကို ထိန်းထားခဲ့တာ။ အခုအချိန်အထိ သူ့မှာ ကျင့်စဉ်စွမ်းအား ခြောက်ဆယ်ရာခိုင်နှုန်းလောက် ကျန်သေးတယ်။ ဂူချင်းကတော့ သူ့ရဲ့ အခြေခံက အနည်းငယ် အားနည်းသေးတော့ ရန်ရွဲ့ယီထက် ပိုပြီး စောစော ရှုံးနိမ့်သွားလိမ့်မယ်”

“ခွန်အားကို ထိန်းထားတာ ဟုတ်လား ဒါကတော့ တကယ့်ကို လိမ္မာပါးနပ်တဲ့ နည်းလမ်းပဲပေါ့လေ”

မြေခွေးနီ နတ်သမီးက သရော်တော်တော် လေသံဖြင့် တခိခိ ရယ်မောလိုက်ပြန်သည်။

ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်အတွင်း၌ အကယ်၍ ရှေးဟောင်းဖေးကို မသတ်နိုင်ခဲ့လျှင် မိမိ မည်မျှအထိ ကြာကြာတောင့်ခံနိုင်သလဲဆိုသည့် အချိန်ကာလအပေါ်တွင်သာ မူတည်၍ ဆုံးဖြတ်ရမည် ဖြစ်သည်။

အကြာဆုံး တောင့်ခံနိုင်သူက ပို၍ အသိအမှတ်ပြုခံရမည် ဖြစ်သည်။ ထို့ကြောင့် ရန်ရွဲ့ယီသည် သူ၏ ခွန်အားများကို ထိန်းသိမ်းရန်အတွက် အစီအရင်အတွင်းသို့ ရောက်ရှိလာကတည်းက အချိန်ဆွဲရန်အတွက်သာ ရှောင်တိမ်းသည့် နည်းလမ်းများကို အသုံးပြုနေခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော အခြေအနေမျိုးတွင် သူသည် အချိန်အတော်ကြာအောင် တောင့်ခံထားနိုင်မည်မှာ မှန်သော်လည်း ၎င်းမှာ ရှေးဟောင်းဖေးကို အနိုင်ယူနိုင်မည့် အခွင့်အရေးကို မိမိကိုယ်တိုင် စွန့်လွှတ်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

ဆန့်ကျင်ဘက်အနေဖြင့် စစ်မှန်သော ထိပ်တန်းပါရမီရှင်တစ်ဦးဆိုလျှင်မူ အခြေအနေက မည်မျှပင် ခဲယဉ်းနေပါစေ၊ ရှေးဟောင်းဖေးကို အနိုင်ယူနိုင်မည့် မျှော်လင့်ချက် ရောင်ခြည်လေးတစ်ခုအတွက် မဆုတ်မနစ်သော စိတ်ဓာတ်ဖြင့် အသက်နှင့်လဲ၍ တိုက်ခိုက်ကြမည်သာ ဖြစ်သည်။

“ဒါဆို ယီယွင်ကကော ယီယွင် ဘယ်လိုရှိလဲ”

ကျန်ကျူးက ထပ်မံ၍ မေးမြန်းလိုက်သည်။

“ယီယွင်ကတော့ အရမ်းကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး သူ့ရဲ့ ခွန်အားတွေကိုလည်း အများကြီး ကုန်ဆုံးနေပြီ။ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင် သူ ငါးမိနစ်တောင် တောင့်ခံနိုင်ဖို့ မလွယ်ဘူး”

“ငါးမိနစ်တောင် မပြည့်ဘူး ဟုတ်လား ဒါဆိုရင် သူက မကြာခင်မှာပဲ အပြင်ကို လွင့်စင်ထွက်လာတော့မှာပေါ့”

ယီယွင်မှာ လူသားတစ်ဦး ဖြစ်သော်လည်း လက်ရှိတွင် လော့မျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ရောက်ရှိနေကြသော လော့မျိုးနွယ်စု တပည့်အများစုမှာ ယီယွင်အနေဖြင့် လော့မျိုးနွယ်စုအတွက် ဂုဏ်သိက္ခာတစ်ခုခုကို ဆောင်ကြဉ်းပေးနိုင်ရန် မျှော်လင့်နေကြဆဲ ဖြစ်သည်။

အကယ်၍ ရှုံးနိမ့်သွားခဲ့လျှင်ပင် ဆိုးဆိုးရွားရွားကြီးတော့ မရှုံးနိမ့်စေချင်ကြချေ။ ရှေးဟောင်းဖေး၏ စိတ်ဝိညာဉ်အနှစ်သာရကို အနိုင်ယူရန်မှာ မဖြစ်နိုင်လောက်အောင် ခဲယဉ်းသည်ဆိုသော်လည်း အကယ်၍ သူက အချိန်အကြာကြီး တောင့်ခံထားနိုင်မည်ဆိုပါက ၎င်းမှာလည်း သူတို့အတွက် ဂုဏ်ယူစရာတစ်ခု ဖြစ်ပေလိမ့်မည်။

“သူကတော့ အကြာကြီး ဆက်ပြီး တောင့်ခံထားနိုင်တော့မှာ မဟုတ်ဘူး၊ ဒါပေမဲ့.... အင် ...”

အကြီးအကဲ တွမ့်မု၏ နှလုံးခုန်သံမှာ ရုတ်တရက် ထိတ်ခနဲ ဖြစ်သွားခဲ့ရပြီး ဖေးသန့်စင်ခြင်း ကျောက်ဆောင်ကို စိုက်ကြည့်နေသော သူ၏ မျက်လုံးများအတွင်း၌ အံ့ဩတုန်လှုပ်သွားသော အရိပ်အယောင်များ ပေါ်လာခဲ့တော့သည်။

ရွှီး…

“ဘုန်း”

နဂါးသွေးရွှေစင် ရုပ်အလောင်းမှာ နောက်သို့ လွင့်စင်ထွက်သွားခဲ့ရပြန်သည်။ ၎င်းက ယီယွင်အတွက် ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုကို နောက်တစ်ကြိမ် ထပ်မံ၍ ဆီးကြိုကာကွယ်ပေးခဲ့ခြင်း ဖြစ်သည်။

“ဝှစ်”

သန့်စင်ယန်မီးတောက်များ တောက်လောင်နေသည့် မီးမြှားတစ်စင်းမှာ ရန်ယီငါးကြီး၏ မြွေကဲ့သို့သော လည်ပင်းဆီသို့ တည့်တည့်မတ်မတ် ပစ်ခတ်ဝင်ရောက်သွားခဲ့သည်။ ၎င်းက ရန်ယီငါးကြီး၏ ခန္ဓာကိုယ်ကို ထိုးဖောက်သွားစဉ် သွေးမိုးများ ဝုန်းခနဲ ပန်းထွက်သွားခဲ့ရတော့သည်။

သို့သော်လည်း ရန်ယီငါးကြီး၏ ခန္ဓာကိုယ်အတွင်း၌ ရေကဲ့သို့ ပျံ့နှံ့သွားသော ဖြစ်စဉ်မှာ နောက်တစ်ကြိမ် ထပ်မံ၍ ဖြစ်ပေါ်လာခဲ့ပြန်သည်။ ၎င်းက ထိုမြှားချက်၏ စွမ်းအားအများစုကို ခြေဖျက်ပစ်လိုက်သဖြင့် ရန်ယီငါးကြီးမှာ အသေးစား ဒဏ်ရာမျှသာ ရရှိခဲ့ရသည်။

ဤကဲ့သို့သော ထူးဆန်းလှသည့် ခံစစ်နည်းလမ်းကြောင့် ယီယွင်အနေဖြင့် အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက မိမိ သေချာပေါက် ရှုံးနိမ့်ရမည်ကို ကောင်းစွာ သိရှိနေသည်။

“ရွှေကျီးကန်း” ယီယွင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ရာ သူ၏ ကျောပြင်တွင် ခြေသုံးချောင်း ရွှေကျီးကန်း ရှုထောင့်ပုံရိပ်ကြီး ရုတ်တရက် ပေါ်ပေါက်လာခဲ့တော့သည်။

ထိုနှင့်အတူ သူ၏ ကျောပြင်၌ ထန်တောင်ကြားမှနေမင်းပုံရိပ်ကြီးမှာလည်း တစ်ပါတည်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

လွင်ပြင်အတွင်းရှိ ပြင်းထန်လှသော မီးတောက်မီးလျှံများသည် မြေပြင်နှင့် ကောင်းကင်ယံကို ချိတ်ဆက်ထားကြသည်။ ထိုလွင်ပြင်၏ အထက်တွင်မူ ဖူဆန်းသစ်ပင်ကြီး တစ်ပင်က မတ်မတ်ကြီး မားမားမတ်မတ် ရပ်တည်နေပြီး ၎င်း၏ သစ်ကိုင်းသစ်ခက်များထက်တွင်မူ စူးရှတောက်ပလွန်းလှသော နေမင်းကြီး ဆယ်စင်း ကိန်းဝပ်ဆွဲချိတ်လျက် ရှိသည်။

ထန်တောင်ကြားမှ နေဆယ်စင်း၊ သန့်စင်ယန်စွမ်းအားကို စိုးမိုးခြင်း......

ရန်ယီငါးကြီးသည် သူ၏ ခံစစ်အတွက် ရေဥပဒေသများကို အသုံးပြုထားသဖြင့် သူ၏ ခန္ဓာကိုယ်မှာ စီးဆင်းနေသော ရေကဲ့သို့ ဖြစ်နေသည်။ ၎င်းကို ဓားဖြင့် ခုတ်ပိုင်းခြင်းက မည်သည့်အာနိသင်မျှ ရှိမနေသလောက်ပင်။ သန့်စင်ယန်စွမ်းအားတစ်ခုတည်းကသာ ၎င်းကို အနည်းငယ် ဒဏ်ရာရအောင် ပြုလုပ်နိုင်သော်လည်း လုံလောက်မှု မရှိသေးချေ။

ယီယွင်၏ ယွမ်ချီ စွမ်းအင်များမှာ တဖြည်းဖြည်း လျော့နည်းလာခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူက ရန်ယီငါးကြီးနှင့် ခွန်အားကုန်ဆုံးမှုချင်း ယှဉ်ပြိုင်နေမည်ဆိုပါက နောက်ဆုံးတွင် သူသာလျှင် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

သူသည် တစ်ချက်တည်းဖြင့် အပြတ်အသတ် အနိုင်ယူရမည် ဖြစ်သည်။

ယီယွင်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခြေသုံးချောင်း ရွှေကျီးကန်းကြီးကလည်း စူးရှစွာ အော်ဟစ်လိုက်ရင်း ယီယွင်၏ လက်ထဲရှိ ဓားအတွင်းသို့ လုံးဝ ပေါင်းစပ်ဝင်ရောက်သွားခဲ့တော့သည်။

ဓားတစ်စင်းလုံးမှာ အရည်ပျော်တော့မည့်အလား တရိပ်ရိပ်ဖြင့် တောက်ပသော မီးလျှံများ တောက်လောင်လာခဲ့သည်။

“အား......လာခဲ့စမ်းကွာ.....ဟိုက်ယား......”

ယီယွင်ကဒေါသတကြီးအော်ဟစ်ရင်းပြေးဝင်သွားသည်။

ဝေါင်း...........

ရန်ယီငါးကြီးကလည်း စူးရှစွာ အော်ဟစ်လိုက်ရင်း ပါးစပ်ကြီးကို ဟိန်းဖွင့်ကာ ယီယွင်ကို ကိုက်ခဲရန် ပြေးဝင်လာခဲ့တော့သည်။

ဤသည်မှာ ရန်ယီငါးကြီး၏ ပုံမှန် တိုက်ခိုက်ရေးနည်းလမ်း ဖြစ်ပြီး ယီယွင်သည်လည်း ဤအခွင့်အရေးကိုသာ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ သူသည် မဟာဧကရီနှလုံးသားကျမ်း ကို ၎င်း၏ ကန့်သတ်ချက်အထိ အစွမ်းကုန် လည်ပတ်လိုက်ပြီး သူ၏ ဓားနှင့်အတူ ရန်ယီငါးကြီး၏ ဟိန်းပွင့်နေသော ပါးစပ်ကြီးအတွင်းသို့ တည့်တည့်မတ်မတ် ပြေးဝင်သွားခဲ့တော့သည်။

ဓားနှင့်လူသား တစ်ထပ်တည်းကျခြင်း.......

ဘုန်း..........

ယီယွင်သည် သူ၏ ပတ်ပတ်လည်တွင် သန့်စင်ယန်မီးတောက်များကို တောက်လောင်စေလျက် ရန်ယီငါးကြီး၏ ဝမ်းဗိုက်အတွင်းသို့ တည့်တည့်မတ်မတ် ထိုးဖောက်ဝင်ရောက်သွားခဲ့တော့သည်။

ရန်ယီငါးကြီး၏ ခန္ဓာကိုယ်မှာ ယီယွင်ကို မိမိ၏ ခန္ဓာကိုယ်အား ဖြတ်သန်းသွားစေရန်အတွက် ရေကဲ့သို့ နောက်တစ်ကြိမ် ထပ်မံ၍ အရည်ပျော်သွားခဲ့ပြန်သည်။

သို့သော်လည်း ထိုအခိုက်အတန့်တွင် ယီယွင်က ပြတ်ပြတ်သားသားပင် ဆုံးဖြတ်ချက် ချလိုက်ပြီး သူ၏ အဓိက သွေးကြောမှတ်များအားလုံးတွင် ရှိနေသော သန့်စင်ယန်စွမ်းအားအားလုံးကို ပေါက်ကွဲထွက်လာသည့် မီးတောင်တစ်ခုအလား ဝုန်းခနဲ မှုတ်ထုတ်ပစ်လိုက်တော့သည်။

ရွှေကျီးကန်း ငရဲမီးလျှံ၊ စကြာဝဠာကို လောင်ကျွမ်းစေခြင်း......

ယီယွင်၏ ပတ်ဝန်းကျင်တစ်ခုလုံးမှာ မီးပင်လယ်ကြီးတစ်ခုအဖြစ်သို့ လုံးဝ ပြောင်းလဲသွားခဲ့ရတော့သည်။ သန့်စင်ယန်ဥပဒေသများကြောင့် ယီယွင်သည် ထိုငရဲမီးလျှံများ၏ ပြင်းထန်လှသော လောင်ကျွမ်းမှုကို အန်တုနိုင်ခဲ့သော်လည်း ဤမျှလောက် ပြင်းထန်လှသဖြင့် သူ၏ အရေပြားများမှာပင် လောင်ကျွမ်းပြီး ကွဲအက်ကုန်ရတော့သည်။

ရုတ်ခြည်းမှာပင် ရန်ယီငါးကြီး၏ ပါးစပ်အတွင်း၌ နေမင်းကြီးတစ်စင်း ပေါ်ထွက်လာသည့်အလား ထင်မှတ်ရသည်။ ပြင်းထန်လှသော မီးလျှံများသည် အရပ်မျက်နှာအနှံ့သို့ ဝှေ့ယမ်းသွားခဲ့ပြီး မရေမတွက်နိုင်သော ရေဂါလံပေါင်းများစွာကို တခဏချင်းအတွင်း ရေငွေ့ပျံသွားစေခဲ့သည်။

ရန်ယီငါးကြီး၏ ခန္ဓာကိုယ်မှာလည်း ပေါက်ကွဲတော့မည့်အလား ဖောင်းပွလာခဲ့ရတော့သည်။

ယခုအကြိမ်တွင်မူ ငါးကြီးသည် မိမိသိရှိထားသော ရေဥပဒေသများကို အသုံးပြု၍ ပြင်းထန်လှသော သန့်စင်ယန်မီးတောက်များကို ဖယ်ရှားနိုင်ခြင်း မရှိတော့ချေ။

ရန်ယီငါးကြီးက စူးရှစွာ အော်ဟစ်လိုက်ရင်း ပါးစပ်အတွင်းမှ သွေးများ ဝုန်းခနဲ ပန်းထွက်လာခဲ့သော်လည်း ထိုသွေးများမှာ မီးလျှံများကြောင့် တခဏချင်းအတွင်း ရေငွေ့ပျံ ပျောက်ကွယ်သွားခဲ့ရသည်။

ရန်ယီငါးကြီး၏ သက်စောင့်စွမ်းအားများသည်လည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ အလွန်လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ရတော့သည်။

သို့သော်လည်း ဤနည်းလမ်းမှာ ပြိုင်ဘက်ကို ဒဏ်ရာရစေသလို မိမိကိုယ်မိမိလည်း ထိုမျှလောက်နီးပါး ထိခိုက်စေမည့် နည်းလမ်း ဖြစ်သည်။ ယီယွင်သည် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင် ပေါက်ကွဲမှု၏ ရိုက်ခတ်မှုကို တိုက်ရိုက် ကြံ့ကြံ့ခံရခြင်း ဖြစ်သည်။

သူ၏ ခန္ဓာကိုယ်ကို နီလာလှိုင်းတောင်တွင် ရှေးဟောင်းဖေးအရိုးဖြင့် ပြန်လည်ဖွဲ့စည်းထားခဲ့သည်ဆိုသော်လည်း အချိန်က အလွန်ပင် နည်းပါးလှသဖြင့် ၎င်းထံမှ ရရှိသော ခွန်အားမှာ လုံလောက်မှု မရှိသေးချေ။

ပြင်းထန်လှသော ရိုက်ခတ်မှုကြောင့် ယီယွင်၏ လက်မောင်းနှစ်ဖက်လုံးတွင် သွေးများဖြင့် ပြည့်နှက်သွားခဲ့ရသည်။ သို့သော်လည်း သူသည် လက်ထဲရှိ ဓားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်ပြီး ဓားသွားကို ရှေ့သို့ တည့်တည့်မတ်မတ် ချိန်ရွယ်ထားဆဲ ဖြစ်သည်။

ခွဲထွက်စမ်း....

ယီယွင်နှင့် သူ၏ ဓားသည် ရန်ယီငါးကြီး၏ ခန္ဓာကိုယ်ကို လုံးဝ ထိုးဖောက်ထွက်လာခဲ့တော့သည်။

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ရွှဲနစ်နေခဲ့သည်။ အချို့မှာ သူ၏ သွေးများ ဖြစ်ကြပြီး အချို့မှာမူ ရန်ယီငါးကြီး၏ သွေးများ ဖြစ်ကြသည်။ သူ၏ ယွမ်ချီ စွမ်းအင်များမှာ လုံးဝ ကုန်ခမ်းသွားခဲ့ပြီဖြစ်ရာ ခန္ဓာကိုယ်ကို မတ်မတ်ပင် မရပ်တည်နိုင်တော့ချေ။

ယီယွင်သည် ရန်ယီငါးကြီး၏ ခန္ဓာကိုယ်တွင် ကြီးမားလှသော အပေါက်ကြီးတစ်ခုကို ဖောက်ထွက်ခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ အတွင်းကလီစာများအားလုံး လောင်ကျွမ်းပြာကျပြီး ပျက်စီးသွားခဲ့ရပြီ ဖြစ်သော်လည်း ယီယွင်၏ လက်မောင်းနှစ်ဖက်လုံးတွင်မူ စူးရှလှသော ဝေဒနာကို ခံစားနေရသည်။ သူ၏ လက်မောင်းအတွင်းရှိ အရိုးများမှာ အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။

ရန်ယီငါးကြီးသည် တဖြည်းဖြည်းနှင့် ရုန်းကန်လှုပ်ရှားမှု ရပ်တန့်သွားခဲ့တော့သည်။ ၎င်း၏ အလောင်းကြီးမှာ ပင်လယ်ရေမျက်နှာပြင်ထက်တွင် လွင့်မျောနေခဲ့သည်။ ပင်လယ်ရေများသည် သန့်စင်ယန်မီးတောက်များကြောင့် ဆူပွက်နေခဲ့ကြပြီး ထို့နောက်တွင်မူ ရန်ယီငါးကြီး၏ သွေးများကြောင့် နီရဲသွားခဲ့ရတော့သည်။

နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပြီလား ........

ထိုအခိုက်အတန့်တွင် ယီယွင်သည် လုံးဝ လဲပြိုသွားခဲ့ရတော့သည်။ သူသည် မိမိ၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်တော့ဘဲ ပင်လယ်ပြင်ကြီးအတွင်းသို့ တရိပ်ရိပ်ဖြင့် ကျဆင်းသွားခဲ့ရတော့သည်။

ယီယွင်က ရန်ယီငါးကြီးကို အပြန်အလှန် သေကြေပျက်စီးစေမည့် နည်းလမ်းဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်သည့် ထိုအခိုက်အတန့်တွင်ပင် ဖေးသန့်စင်ခြင်း ကျောက်ဆောင်၏ ပြင်ပ၌ ဂူချင်းသည်လည်း အစီအရင်အတွင်းမှ လွင့်စင်ထွက်လာခဲ့ပြီ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ငါးမိနစ်မျှသာ တိတိကျကျ ကုန်လွန်သွားခဲ့ခြင်း ဖြစ်သည်။

ငါးမိနစ်မျှသာ တောင့်ခံနိုင်ခဲ့သည်ဆိုသော်လည်း လော့မျိုးနွယ်စုမှ အကြီးအကဲနှစ်ဦးသည် ရလဒ်များကို အကဲဖြတ်သည့်အခါ ဂူချင်း၏ တိုက်ခိုက်ရေးစွမ်းဆောင်ရည်ကို ထည့်သွင်းစဉ်းစားပေးကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဆက်မပြတ် တိုက်ခိုက်ခြင်းနှင့် အမြဲတမ်း ရှောင်တိမ်းနေခြင်းတို့မှာ လုံးဝ ကွဲပြားခြားနားလှသောကြောင့်ပင်။

“ဂူချင်းက ငါးမိနစ် တောင့်ခံနိုင်ခဲ့တယ်။ ယီယွင်ကတော့ ငါးမိနစ်ထက် ပိုပြီး တောင့်ခံထားနိုင်တုန်းပဲ”

ဤအခြေအနေသို့ ရောက်ရှိလာသောအခါ လူတိုင်း သက်ပြင်းတစ်ချက် အသာချလိုက်မိကြသည်။ အနည်းဆုံးတော့ သူတို့ တရားလွန် ဆိုးဆိုးရွားရွားကြီး ရှုံးနိမ့်ခဲ့ခြင်း မရှိချေ။

ထို့အပြင် အကြီးအကဲ တွမ့်မု၏ စကားအရ ဆိုလျှင် ယီယွင်သည် ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်အတွင်းသို့ ဝင်ရောက်သွားကတည်းက အသက်နှင့်လဲ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့ခြင်း ဖြစ်သည်။

ဤမျှလောက် ပြင်းထန်လှသော တိုက်ပွဲကို ရင်ဆိုင်နေရပါလျက်နှင့် ဤမျှအထိ ကြာကြာ တောင့်ခံထားနိုင်ခြင်းက တကယ့်ကို ချီးကျူးစရာ ကောင်းလှပေသည်။

အခန်း ၈၈၈ - ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း

ခန်းမကြီးအတွင်း၌ ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်သည် တဖျတ်ဖျတ် လင်းလက်နေဆဲ ဖြစ်သည်။ ဂူချင်း အပြင်သို့ လွင့်စင်ထွက်လာခဲ့စဉ်က အကြီးအကဲ တွမ့်မုသည် “ကျရှုံးတယ်” ဟု သာမန်ကာလျှံကာသာ ရေရွတ်လိုက်သော်လည်း သူ၏ အာရုံစိုက်မှုအားလုံးမှာမူ ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်ထံ၌သာ ရှိနေဆဲ ဖြစ်သည်။

“ကျန်တဲ့သူတွေကော ဘယ်လိုလဲ”

မြေခွေးနီ နတ်သမီးက သူမ၏ ဆံနွယ်များကို သပ်တင်လိုက်ရင်း မေးမြန်းလိုက်သည်။

အကြီးအကဲ တွမ့်မုက မျက်ခုံးကို အနည်းငယ် လှုပ်ခတ်လိုက်မိရင်း လေးနက်သော လေသံဖြင့် “နုန်းယင်နဲ့ နုန်းယွဲ့တို့က ဒုတိယမြောက် ရှေးဟောင်းဖေးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ကြပြီ” ဟု ဆိုလိုက်တော့သည်။

ဒုတိယမြောက် ရှေးဟောင်းဖေးကိုပါ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ကြပြီ ဟုတ်လား ။

မြေခွေးနီ နတ်သမီး ပြုံးလိုက်မိသည်။ သူမသည် နုန်းယင်နှင့် နုန်းယွဲ့တို့၏ တိုက်ခိုက်ရေးစွမ်းရည်အပေါ် အလွန်ပင် စိတ်ကျေနပ်မှု ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် ဒုတိယမြောက် ရှေးဟောင်းဖေးမှာ ပထမမြောက် ရှေးဟောင်းဖေးထံထက် အဆပေါင်းများစွာ ပိုမိုသန်မာလွန်းသောကြောင့် ဖြစ်သည်။

အရိပ်အမြွှာညီမများသည် ပထမမြောက် ရှေးဟောင်းဖေးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ပြီးသည့်တိုင်အောင် ဒုတိယမြောက် ရှေးဟောင်းဖေးကိုပါ ထပ်မံ၍ ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့ကြသည်။ သူမတို့၏ စွမ်းဆောင်ရည်မှာ သူတို့မတိုင်ခင်က တပည့်အားလုံးထက် အဆပေါင်းများစွာ သာလွန်နေခဲ့ပြီ ဖြစ်သည်။

“ဒါဆို ကျန်တဲ့သူတွေကော”

မြေခွေးနီ နတ်သမီးက နှုတ်ခမ်းထောင့်ကို အသာအယာ ကွေးညွတ်လိုက်ရင်း ထပ်မံ၍ မေးမြန်းလိုက်ပြန်သည်။

“ရန်ရွဲ့ယီမှာတော့ ကျင့်စဉ်စွမ်းအားတွေ အများကြီး ကျန်သေးတယ်။ သူကတော့ ခဏလောက် ထပ်ပြီး တောင့်ခံထားနိုင်ဦးမှာပဲ။ ယီယွင်ကတော့ သူကတော့ အပြင်ကို ထွက်လာတော့မယ်”

“ထွက်လာတော့မယ် ဟုတ်လား ပထမမြောက် ရှေးဟောင်းဖေးနဲ့ ငါးမိနစ်လောက် တောင့်ခံနိုင်တာကလည်း မဆိုးပါဘူး” မြေခွေးနီ နတ်သမီးက ခေါင်းကို အသာအယာ ညိတ်လိုက်သည်။

သူမသည် ယီယွင်ကို အနည်းငယ်မျှပင် အထင်သေးခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ၏ နောက်ခံသမိုင်းကြောင်းနှင့် နှိုင်းယှဉ်လျှင် ဤကဲ့သို့သော ရလဒ်မျိုး ရရှိခြင်းက တကယ့်ကို ကောင်းမွန်လှပေသည်။

သို့သော်လည်း သုံးမိနစ်အတွင်းမှာပင် ပထမမြောက် ရှေးဟောင်းဖေးကို သတ်ဖြတ်ပြီး ဒုတိယမြောက် ရှေးဟောင်းဖေးကိုပါ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ကြသည့် အရိပ်အမြွှာညီမများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကမူ သူသည် အလှမ်းကွာဝေးနေဆဲ ဖြစ်သည်။

“ဘုန်း”

ဖေးသန့်စင်ခြင်း ကျောက်ဆောင်ကြီး တဖျတ်ဖျတ် လင်းလက်သွားခဲ့ပြီးနောက် ယီယွင်သည် အပြင်သို့ လွင့်စင်ထွက်လာခဲ့တော့သည်။

ဂူချင်းနှင့် ယီယွင်တို့သည် တပြိုင်နက်တည်းနီးပါး အပြင်သို့ ထွက်လာခဲ့ကြခြင်း ဖြစ်သော်လည်း ဂူချင်းမှာမူ မျက်နှာအနည်းငယ် ဖြူလျော်သွားပြီး ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့သော်လည်း ယီယွင်ကမူ

သူ၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများဖြင့် ရွှဲနစ်နေခဲ့ပြီး လုံးဝ သတိလစ်မေ့မြောနေခဲ့ပြီ ဖြစ်သည်။

“ဒါက”

လူတိုင်း ဆွံ့အသွားခဲ့ကြရတော့သည်။

ယီယွင် မြေပြင်ပေါ်သို့ လဲပြိုတော့မည့်ဆဲဆဲမှာပင် အကြီးအကဲ တွမ့်မုက ဟင်းလင်းပြင်ကို အသာအယာ ညွှန်ပြလိုက်ရင်း ယီယွင်၏ ခန္ဓာကိုယ်ကို မြေပြင်ပေါ်သို့ မကျဆင်းသွားစေရန် လှမ်း၍ ထိန်းမတ်ပေးလိုက်သည်။

သူက ဒီလောက်တောင် ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာလား ။

ယီယွင်၏ ခန္ဓာကိုယ်တွင် ကောင်းမွန်သော အစိတ်အပိုင်းဟူ၍ တစ်နေရာမျှ မရှိတော့ချေ။ သူ၏ ယွမ်ချီ စွမ်းအင်များမှာလည်း လုံးဝ ကုန်ခမ်းသွားခဲ့ပြီ ဖြစ်သည်။

ဒါက စမ်းသပ်ပွဲ အစီအရင်တစ်ခုပဲဥစ္စာ၊ ဒီလောက်အထိ အသက်နဲ့လဲပြီး လုပ်ဖို့ လိုအပ်လို့လား ။

ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်း၌ ရှေးဟောင်းဖေးတစ်ကောင်နှင့် ရင်ဆိုင်တိုက်ခိုက်ရခြင်းမှာ စိတ်ကူးယဉ် ကမ္ဘာတစ်ခု မဟုတ်ပေ။ ၎င်းမှာ ဟင်းလင်းပြင် ကန့်သတ်ချက်နယ်မြေတစ်ခုအတွင်းရှိ စစ်မှန်သော တိုက်ပွဲတစ်ခု ဖြစ်သည်။

အကြီးအကဲ တွမ့်မုက စောင့်ကြည့်နေသဖြင့် အသက်အန္တရာယ် ရှိနိုင်ခြေ အလွန်နည်းပါးသည်ဆိုသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားမည်ဆိုပါက နောက်ဆက်တွဲ စမ်းသပ်မှုများကို ထိခိုက်နိုင်ပေသည်။

ထို့အပြင် ရှေးဟောင်းဖေး၏ ခွန်အားမှာ အလွန်အမင်း ပြင်းထန်လှသဖြင့် လူအများအပြားမှာ မိမိတို့ မယှဉ်နိုင်ကြောင်း သိလိုက်ရသည်နှင့် တစ်ပြိုင်နက် အကွာအဝေးတစ်ခုကို ထိန်းသိမ်းပြီး အချိန်ဆွဲသည့် နည်းလမ်းများကိုသာ အသုံးပြုကြသည်။ ယီယွင်ကဲ့သို့ အသက်နှင့်လဲ၍ ပြင်းပြင်းထန်ထန် တိုက်ခိုက်သူမျိုးမှာ အလွန်ပင် ရှားပါးလှပေသည်။

“သူက ဒီလောက်တောင် ဒဏ်ရာရသွားတာလား အဲဒီကောင်လေးက တကယ့်ကို လူမိုက်ပဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအတွက် ခွန်အားအချို့ကို ထိန်းထားတာက ပိုပြီး ကောင်းဦးမယ်။ ဒီလောက်အထိ ဒဏ်ရာရသွားလို့လည်း ဘာဆုလာဘ်မှ ရမှာ မဟုတ်ဘူး”

လူအများအပြားက ခေါင်းကို အသာအယာ ခါယမ်းနေကြသည်။ ရန်ရွဲ့ယီ၏ နည်းဗျူဟာမှာ အနည်းငယ် ပရိယာယ်များလွန်းသည်ဆိုသော်လည်း တကယ့်ကို ကောင်းမွန်သော နည်းဗျူဟာတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။

တိုက်ခိုက်လိုက် ရှောင်တိမ်းလိုက်ဖြင့် အချိန်ဆွဲခြင်းက ယီယွင်ကဲ့သို့ သေလုမြောပါး ဒဏ်ရာရရှိခြင်းထက် အများကြီး ပိုမိုကောင်းမွန်လှပေသည်။

လူတိုင်းက အကြီးအကဲ တွမ့်မုထံမှ ယီယွင် ကျရှုံးကြောင်း ကြေညာမည့် စကားကို စောင့်ဆိုင်းနေကြစဉ်မှာပင် အကြီးအကဲ တွမ့်မုသည် ယီယွင်ကို ကြည့်ကာ တိတ်ဆိတ်နေသည်ကို အံ့ဩစရာ မြင်တွေ့လိုက်ကြရသည်။

“ဘာဖြစ်လို့လဲရှင် အကြီးအကဲတို့၊ ရှင်တို့နှစ်ယောက်လုံး ဘာကို ကြည့်နေကြတာလဲ”

မြေခွေးနီ နတ်သမီးက အကြီးအကဲရှီနှင့် အကြီးအကဲ တွမ့်မုတို့ကို ကြည့်ကာ ပြုံး၍ မေးမြန်းလိုက်သည်။

အကြီးအကဲ တွမ့်မုသည် ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင်မူ

“ယီယွင် အနိုင်ရခဲ့တယ်။ သူက ပထမမြောက် ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့တယ်။ သူက မိမိရဲ့ ကန့်သတ်ချက်အဆင့်အထိ အစွမ်းကုန် အသုံးချခဲ့ရတာဆိုပေမဲ့ နောက်ဆုံးတော့ သူ အနိုင်ရခဲ့တာပါပဲ” ဟု ဆိုလိုက်တော့သည်။

အင်... သူ နိုင်ခဲ့တယ်... ဟုတ်လား

လူတိုင်း ထိုစကားကို ကြားလိုက်ရသောအခါ ဗရုန်းဗရင်း ဖြစ်သွားရပြီး ဆွံ့အကုန်ကြတော့သည်။

ယီယွင်က တကယ်ပဲ အနိုင်ရခဲ့တာ ဟုတ်လား

အကယ်၍ အရိပ်အမြွှာညီမများ အနိုင်ရခဲ့မည်ဆိုလျှင်မူ မည်သူမျှ အံ့ဩကြမည် မဟုတ်ချေ။

အဘယ်ကြောင့်ဆိုသော် အရိပ်အမြွှာညီမများမှာ မြေခွေးဖြူမျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်နှစ်ဦး ဖြစ်ကြသောကြောင့်ပင်။ ယီယွင်မှာမူ ယခင်က မည်သူမျှ မသိရှိကြသောသူဖြစ်ပြီး နိမ့်ပါးသော ဒေသမှ ရုတ်တရက် ပေါ်ပေါက်လာခဲ့သူသာ ဖြစ်သည်။ လူတိုင်း၏ ရင်ထဲတွင် ယီယွင်၏ ခွန်အားမှာ ဂူချင်းထက်ပင် နိမ့်ပါးလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခုအခါတွင်မူ ယီယွင်သည် ဂူချင်းကဲ့သို့ပင် ငါးမိနစ်မျှ တောင့်ခံနိုင်ခဲ့ရုံတင်မကဘဲ ဂူချင်း ကျရှုံးသွားချိန်တွင် ယီယွင်ကမူ ပထမမြောက် ရှေးဟောင်းဖေးကိုပါ သတ်ဖြတ်နိုင်ခဲ့သည်။

ဟုတ်လား ...

“ငါကတော့ သူ ရှုံးလိမ့်မယ်လို့ ထင်ထားခဲ့တာ။ တိုက်ပွဲအတွင်းမှာ သူထုတ်ဖော်ခဲ့တဲ့ ခွန်အားဟာ ရန်ရွဲ့ယီထက်တောင် အနည်းငယ် အားနည်းသေးတာပဲ၊ ဒါပေမဲ့ ရန်ရွဲ့ယီက ရှေးဟောင်းဖေးနဲ့ တိုက်ခိုက်တဲ့အခါ အချိန်ဆွဲဖို့ပဲ ကြိုးစားနေခဲ့တာ။

ယီယွင်ကတော့ တိုက်စစ်ဆင်ခဲ့ပြီး သူ၏ ယွမ်ချီ စွမ်းအင် အများစုကို အသုံးချကာ သေစေနိုင်တဲ့ ဓားချက်တစ်ချက်ကို ထုတ်ဖော်ပြီး ရှေးဟောင်းဖေးရဲ့ အားနည်းချက်ကို တိုက်ရိုက် ထိမှန်အောင် လုပ်နိုင်ခဲ့တယ်။ ဒါကြောင့်မို့လို့ သူ နိုင်သွားခဲ့တာပဲ”

သူ၏ ခွန်အားက ရန်ရွဲ့ယီထက် အနည်းငယ် အားနည်းပါလျက်နှင့် သူက အနိုင်ရနိုင်ခဲ့တာ ဟုတ်လား ။

အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်သောအခါ ရောက်ရှိနေကြသောသူအားလုံး တအံ့တဩ ဖြစ်သွားကြရတော့သည်။ တိုက်ပွဲတစ်ခု၏ ရလဒ်ကို ဆုံးဖြတ်ရာတွင် လူတစ်ဦးချင်းစီ၏ ခွန်အားက အဓိက အခန်းကဏ္ဍမှ ပါဝင်သည်ဆိုသော်လည်း အချို့သော အခြေအနေများတွင်မူ လူတစ်ဦး၏ တိုက်ခိုက်လိုစိတ်၊ နည်းစနစ်များ၊ စိတ်ဆန္ဒနှင့် ထိုးထွင်းသိမြင်မှုများကလည်း အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေတတ်သည် မဟုတ်ပါလား။

ယီယွင်အနေဖြင့် လုံလောက်သော ခွန်အား မရှိပါလျက်နှင့် ပထမမြောက် ရှေးဟောင်းဖေးကို အနိုင်ယူနိုင်ခဲ့ခြင်းက တကယ့်ကို အံ့ဩစရာ ကောင်းလှပေသည်။

“ယီယွင်က တကယ်ပဲ ပထမမြောက် ရှေးဟောင်းဖေးကို အနိုင်ယူနိုင်ခဲ့တာပဲ”

ဂူချင်း ဆွံ့အသွားခဲ့ရသည်။ ဖေးသန့်စင်ခြင်း ကျောက်ဆောင်အတွင်း၌ ရှေးဟောင်းဖေးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ဖူးသော လော့မျိုးနွယ်စု တပည့်တစ်ဦးပီပီ ထိုရှေးဟောင်းဖေး မည်မျှအထိ သန်မာသည်ကို သူ ကောင်းစွာ သိရှိထားသည်။ သူကိုယ်တိုင်မှာမူ ၎င်းကို ဘယ်လိုမှ မယှဉ်နိုင်ခဲ့ချေ။

ထို့အပြင် ကောင်းကင်ဖေးတစ်ဦးပီပီ ဂူချင်းသည် ရှေးဟောင်းဖေးများအပေါ် ရိုသေခန့်ညားစိတ် ရှိသည်။ ၎င်းမှာ စိတ်ကူးယဉ် ကမ္ဘာတစ်ခု မဟုတ်ဘဲ စစ်မှန်သော တိုက်ပွဲတစ်ခု ဖြစ်သဖြင့် ဖိနှိပ်မှုအရှိန်အဝါမှာလည်း အလွန်ပင် ပြင်းထန်လှသည်။

သို့သော်လည်း ယီယွင်ကမူ ဤကဲ့သို့သော အခြေအနေမျိုးအောက်တွင် တိုက်စစ်ဆင်ပြီး ရှေးဟောင်းဖေးတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည် ။

ဂူချင်း ဤအချက်ကို ယုံနိုင်စွမ်း မရှိအောင် ဖြစ်နေမိသည်။

ထိုအခိုက်အတန့်တွင် မြေခွေးဖြူမျိုးနွယ်စုမှ တပည့်တစ်ဦး၏ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အသံ ထွက်ပေါ်လာခဲ့သည်

“သူက ပထမဆုံး ရှေးဟောင်းဖေးကိုပဲ သတ်နိုင်ခဲ့တာလေ၊ ဒါကလည်း သတိလစ်မေ့မြောသွားတဲ့အထိ အသက်နဲ့လဲပြီး အပြန်အလှန် သေကြေပျက်စီးစေမည့် နည်းလမ်းကို သုံးခဲ့ရတာ။ အမှန်အတိုင်း ပြောရရင် ဒါက ကံကောင်းလို့ နိုင်သွားတာပဲဥစ္စာ။ မင်းတို့တွေ ဒီလောက်အထိ ဖြစ်ပျက်နေဖို့ လိုလို့လား သေသေချာချာ မသိတဲ့လူဆိုရင်တော့ သူက ရှေးဟောင်းဖေး နှစ်ကောင်၊ သုံးကောင်လောက်ကို ဆက်တိုက် သတ်ပစ်လိုက်နိုင်တယ်လို့ ထင်နေကြဦးမယ် ငါတို့ မြေခွေးဖြူမျိုးနွယ်စုရဲ့ အရိပ်အမြွှာညီမတွေကတော့ ဖေးသန့်စင်ခြင်း ကျောက်ဆောင်ထဲမှာ ပြင်းထန်တဲ့ တိုက်ပွဲကို ဆက်ပြီး ဆင်နွှဲနေတုန်းဆိုတာ မမေ့နဲ့ဦး။ ပြီးတော့ သုံးမိနစ်အတွင်းမှာတင် သူတို့က ပထမဆုံး ရှေးဟောင်းဖေးတစ်ကောင်စီကို သတ်ဖြတ်ပြီးသား ဖြစ်နေပြီ”

မြေခွေးဖြူမျိုးနွယ်စု တပည့်က ထိုသို့ပြောလိုက်သောအခါ ပတ်ဝန်းကျင်ရှိ အခြားသော တပည့်များကလည်း တပြိုင်နက်တည်း ထောက်ခံလိုက်ကြသည်

“ဟုတ်ပ ယီယွင်က သူ့ရဲ့ အသက်နဲ့လဲပြီး တိုက်ခိုက်တဲ့ နေရာမှာ ကံကောင်းလို့ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့တာပဲ။ စစ်မှန်တဲ့ တန်ဖိုးကတော့ ခွန်အားပဲ ဖြစ်ရမယ်။ ဒီတစ်ကြိမ် ငါတို့ မြေခွေးဖြူမျိုးနွယ်စုမှာ ပါရမီရှင်တွေ အများကြီး ပါလာတာ။ စီနီယာအစ်မ နုန်းယင်နဲ့ နုန်းယွဲ့တို့ကတော့ အခုမှ စတင်ရုံပဲ ရှိသေးတယ်”

မြေခွေးဖြူမျိုးနွယ်စု တပည့်များက ထိုသို့ပြောဆိုလိုက်သောအခါ လော့မျိုးနွယ်စု တပည့်များအားလုံး တိတ်ဆိတ်သွားကြရတော့သည်။

အမှန်ပင် ယီယွင်၏ စွမ်းဆောင်ရည်မှာ မဆိုးလှသည်တော့ မှန်သော်လည်း သူက လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ခြင်းမှာ သူ၏ နိမ့်ပါးသော အစပြုခြင်းကြောင့်သာ ဖြစ်သည်။ ပါရမီရှင် အများအပြားအတွက်မူ ယီယွင်မှာ သူတို့နှင့် သိပ်ပြီး ကွာခြားလှသည် မဟုတ်ချေ။

ဤကဲ့သို့သော အခြေအနေမျိုးတွင် ယီယွင်က ပထမမြောက် ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့ခြင်းက အံ့ဩစရာ ကောင်းလှပေသည်။

သို့သော်လည်း မြေခွေးဖြူမျိုးနွယ်စုမှ ထိပ်တန်းပါရမီရှင်များနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကမူ သူသည် ဘာမျှ မဟုတ်သေးချေ။

အရိပ်အမြွှာညီမများမှာ တကယ့်ကို ကြောက်စရာ ကောင်းလွန်းလှပေသည်

အရိပ်အမြွှာညီမများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက ယီယွင်မှာ မြေကြီးနှင့် ကောင်းကင်ယံလို ကွာခြားနေဆဲ ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ဖေးသန့်စင်ခြင်း ကျောက်ဆောင်ကြီး တစ်ချက် လင်းလက်သွားခဲ့ပြီးနောက် စက္ကန့်အနည်းငယ်စီ ခြားလျက် လူနှစ်ယောက်၏ ပုံရိပ်မှာ အပြင်သို့ လွင့်စင်ထွက်လာခဲ့တော့သည်။

“နာလိုက်တာ”

နုန်းယွဲ့က သူမ၏ နွဲ့နှောင်းသော လက်ကောက်ဝတ်လေးကို အသာအယာ ပွတ်သပ်လိုက်သည်။ သူမ၏ လက်မောင်းတွင် သွေးအချို့ စွန်းထင်းနေခဲ့သည်။ သူမက နှာခေါင်းလေးကို ရှုံ့လိုက်ရင်း ပြောလိုက်ပုံမှာ အတော်လေးကို ချစ်စရာ ကောင်းလှပေသည်။

“ငါ အဲဒီကောင်ကို မနိုင်ခဲ့ဘူး။ အဲဒီနွားသိုးကြီးရဲ့ အရေခွံက အရမ်း မာလွန်းတယ်။ ဓားနဲ့ ထိုးလိုက်တာ ဒဏ်ရာက တစ်ပေလောက်အထိ နက်သွားတာတောင် အချက်ပေါင်းများစွာ ထိုးတာ ဘာတုံ့ပြန်မှုမှ မရှိဘူး”

နုန်းယွဲ့က ညည်းညူလိုက်သည်။

သို့သော်လည်း သူမပြောသော စကားများကြောင့် ပတ်ဝန်းကျင်ရှိ လူများအားလုံး တံတွေးကို အသာအယာ မျိုချလိုက်ကြရတော့သည်။

နုန်းယွဲ့သည် အဆပေါင်းများစွာ ပိုမိုသန်မာလှသော ဒုတိယမြောက် ရှေးဟောင်းဖေးနှင့် ရင်ဆိုင်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သူမသည် တိုက်ပွဲအတွင်း အချိန်အတော်ကြာအောင် တောင့်ခံနိုင်ခဲ့ရုံတင်မကဘဲ ထိုရှေးဟောင်းဖေးကို အချက်ပေါင်းများစွာ တိုက်ရိုက် ထိုးနှက်နိုင်ခဲ့သည် ဟုတ်လား ။

ထို့အပြင် နုန်းယွဲ့သည် ဒဏ်ရာအနည်းငယ်သာ ရရှိခဲ့ပြီး ဘေးကင်းစွာဖြင့် အပြင်သို့ ပြန်လည်ထွက်ခွာလာနိုင်ခဲ့ခြင်း ဖြစ်သည်။ သူမတွင် ဒဏ်ရာရရှိခဲ့သည်ဆိုသော်လည်း ယီယွင်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကမူ.....

ယီယွင်မှာ လက်ရှိတွင် လော့မျိုးနွယ်စု တပည့်များအနက် အကောင်းဆုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သော်လည်း သူသည် လုံးဝ သတိလစ်မေ့မြောနေခဲ့ပြီ ဖြစ်သည်။

မြေခွေးနီ နတ်သမီးက ပြုံးရင်း နုန်းယွဲ့၏ ဦးခေါင်းကို အသာအယာ ပွတ်သပ်ပေးလိုက်ကာ “တော်တယ်” ဟု ချီးကျူးလိုက်သည်။

“အင်... ဒါနဲ့ ယီယွင်က ဘာဖြစ်လို့ သတိလစ်နေတာလဲ”

ထိုအခါကျမှ နုန်းယွဲ့က ယီယွင်ကို သတိပြုမိလိုက်ခြင်း ဖြစ်သည်။ ယီယွင်က ယခင်က သူမ၏ ခြေလှမ်းကျင့်စဉ်ကို ခိုးယူလေ့လာခဲ့သည့်အပေါ် ဤမိန်းကလေးငယ်မှာ ရန်ငြိုးထားနေဆဲ ဖြစ်ပုံရသည်။

“ယီယွင်က အတိုင်းအထက်အလွန် စွမ်းဆောင်နိုင်ခဲ့ပြီး ကံကောင်းထောက်မစွာနဲ့ ပထမဆုံး ရှေးဟောင်းဖေးကို သတ်နိုင်ခဲ့တာ။ ဒါပေမဲ့ သူ့ရဲ့ ခွန်အားက မလုံလောက်သေးတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားတာပေါ့။ သူ့ကို ဂရုစိုက်နေဖို့ မလိုပါဘူး။ လော့မျိုးနွယ်စုရဲ့ အသန်မာဆုံးသူက ကျန်ကျူးပဲ။ သူကသာ ဒီလော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲမှာ သမီးနဲ့ နုန်းယင်တို့ သတိထားရမယ့် တစ်ဦးတည်းသော ပြိုင်ဘက် ဖြစ်လိမ့်မယ်”

မြေခွေးနီ နတ်သမီးက ထိုသို့ပြောလိုက်သောအခါ နုန်းယင်နှင့် နုန်းယွဲ့တို့က ကျန်ကျူးကို လှမ်း၍ ကြည့်လိုက်ကြသည်။

မင်းသမီး ရွှယ်အာက သန်မာသည်ဆိုသော်လည်း သူမ၏ ပြိုင်ဘက်မှာ လော့ဟော့အာ ဖြစ်သည်။ သူမနှင့် သူမ၏ အစ်မတို့၏ မစ်ရှင်မှာ ကျန်ကျူးကို အနိုင်ယူရန် ဖြစ်သည်။

နုန်းယင်ဖြစ်စေ၊ နုန်းယွဲ့ဖြစ်စေ သူတို့ ရှုံးနိမ့်လိမ့်မည်ဟု လုံးဝ မထင်မှတ်ထားကြချေ။

“အဒေါ် စိတ်မပူပါနဲ့။ သမီး သေချာပေါက် ကျန်ကျူးကို အနိုင်ယူပြပါ့မယ်” နုန်းယွဲ့က သူမ၏ လက်သီးလေးကို ဝှေ့ယမ်းပြလိုက်ရင်း ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

သူမက ထိုသို့ပြောရာတွင် ယွမ်ချီ အသံလွှင့်နည်းလမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်သဖြင့် အသံက အရမ်းမကျယ်လောင်သော်လည်း ရောက်ရှိနေကြသော ပါရမီရှင်များ၏ ပြင်းထန်လှသော အကြားအာရုံကြောင့် လူတိုင်း ကောင်းစွာ ကြားလိုက်ရသည်။

အကြီးအကဲရှီက ကျန်ကျူးကို အဓိပ္ပာယ်ပါပါဖြင့် တစ်ချက် လှမ်းကြည့်လိုက်ရင်း “ငါ ယီယွင်ကို ကုသပေးဖို့ ခေါ်သွားလိုက်ဦးမယ်။ ကျန်ကျူး မင်းအလှည့် ရောက်ပြီ” ဟု ဆိုလိုက်တော့သည်။

စိန်ခေါ်မှု စကားများ ထွက်ပေါ်လာခဲ့ပြီဖြစ်ရာ သူတို့သည်လည်း တိုက်ပွဲကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရပေတော့မည်။ ခရမ်းပြာဝိဉာဉ် မင်းသမီး မရှိသော အခြေအနေမျိုးတွင် ကျန်ကျူးမှာ လော့မျိုးနွယ်စု၏ သိက္ခာကို ထိန်းသိမ်းပေးရမည့်သူ ဖြစ်သည် မဟုတ်ပါလား။

ကျန်ကျူး ရှုံးနိမ့်၍ မဖြစ်ချေ။ အနည်းဆုံးတော့ သူသည် အရိပ်အမြွှာညီမများကို ရှုံးနိမ့်၍ မဖြစ်ချေ။

ကျန်ကျူး သက်ပြင်းတစ်ချက်ကို အပြင်းအထန် ချလိုက်ရင်း ဖေးသန့်စင်ခြင်း ကျောက်ဆောင်ထံသို့ လျှောက်လှမ်းသွားခဲ့တော့သည်။ သူ၏ နောက်တွင်မူ မြေခွေးဖြူမျိုးနွယ်စုမှ ထွားကြိုင်းလှသော အမျိုးသားတစ်ဦး ကပ်လျက် လိုက်ပါလာခဲ့သည်။

သူ့ထံမှ ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ထွက်ပေါ်နေပြီး သူ၏ မျက်ခုံးနှစ်ဖက်အလယ်တွင် ဆင်စွယ်ရောင် အမာရွတ်တစ်ခု ပါရှိသည်။ သူ၏ ကျောပြင်တွင် ကြီးမားလှသော ဓားကြီးတစ်စင်းကို လွယ်ထားပြီး သူ၏ နာမည်မှာ ဝူဖုန်း ဖြစ်သည်။

ဝူဖုန်းနှင့် ကျန်ကျူး

ရောက်ရှိနေကြသော လော့မျိုးနွယ်စု တပည့်များအားလုံး စိုးရိမ်ထိတ်လန့်သွားကြရတော့သည်။ ယီယွင်နှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သူတို့သည် ဤကျန်ကျူး၏ ရလဒ်အပေါ်တွင်သာ ပိုမို၍ စိုးရိမ်ပူပန်နေကြသည်မှာ မြေကြီးလက်ခတ်မလွဲပေ။

အခန်း ၈၈၉ - ကမ္ဘာဦးဟင်းလင်းပြင်

ယီယွင် သတိပြန်လည်လာချိန်တွင် ခြောက်နာရီခန့် ကုန်လွန်သွားခဲ့ပြီ ဖြစ်သည်။ သူသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်ပြီးနောက် မီးခိုးရောင် မျက်နှာကြက်တစ်ခုကို မြင်တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်သည့်အခါမှ မိမိသည် ကျောက်ခန်းငယ်တစ်ခုအတွင်း၌ လဲလျောင်းနေခြင်းဖြစ်ကြောင်း သိလိုက်ရတော့သည်။

ထိုကျောက်ခန်းငယ်လေးမှာ အလွန်ပင် ရိုးရှင်းလှပေသည်။ ပတ်ပတ်လည်ရှိ ကျောက်တုံးနက်များကို လေးလံပြီး အေးစက်လှသော ပရိဘောဂများအဖြစ် ထုဆစ်ပုံဖော်ထားကြသည်။

“မင်းရဲ့ ပြန်လည်ကုသနိုင်စွမ်းက ငါထင်ထားတာထက် ပိုပြီး မြန်ဆန်လှတယ်။ ခြောက်နာရီအတွင်းမှာတင် မင်း သတိပြန်ရလာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။ မင်းရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံက သိပ်ပြီး မသန်မာဘူးဆိုပေမဲ့ ထူးဆန်းတာက မင်းသောက်သုံးလိုက်တဲ့ အဆင့်မြင့် ဆေးလုံးရဲ့ စွမ်းအင်တွေကို မင်းရဲ့ ခန္ဓာကိုယ်က အလွန်လျင်မြန်စွာ စုပ်ယူနိုင်ခဲ့တာပဲ။

ဒါကြောင့်မို့လို့ မင်း ဒီလောက်အထိ စောစော သတိရလာတာ။ မဟုတ်ရင်တော့ မင်း စမ်းသပ်ပွဲရဲ့ အရေးကြီးတဲ့ အခွင့်အရေးတွေကို သေချာပေါက် လွဲချော်သွားလိမ့်မယ်”

ကျောက်ခန်းငယ်အတွင်း၌ အေးစက်လှသော အရှိန်အဝါရှိသည့် အဘိုးအိုတစ်ဦး ရှိနေခဲ့သည်။ ထိုအဘိုးအိုမှာ အကြီးအကဲရှီဖြစ်ကြောင်း ယီယွင် မှတ်မိလိုက်သည်။

“စီနီယာကို ကျေးဇူးတင်ပါတယ်ခင်ဗျာ”

ယီယွင်သည် မိမိအနေဖြင့် ဤမျှလောက် စွမ်းအင်များကို အလျင်အမြန် စုပ်ယူနိုင်ခဲ့ခြင်းမှာ ခရမ်းရောင်သလင်းကျောက်ကြောင့်သာ ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။ သူ လုံးဝ သတိလစ်မေ့မြောနေသည့် အခြေအနေမျိုးတွင်ပင် ခရမ်းရောင်သလင်းကျောက်သည် စွမ်းအင်များကို အဆက်မပြတ် စုပ်ယူပေးပြီး သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုသပေးနေခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ခရမ်းရောင်သလင်းကျောက်၏ တည်ရှိမှုမှာ မည်သူမျှ အာရုံမခံနိုင်လောက်အောင် ထူးခြားလှပေသည်။ ယီယွင်အနေဖြင့် ထိုနေရာတွင် လှုပ်ရှားမှုမရှိဘဲ လဲလျောင်းနေခဲ့သည်ဆိုသော်လည်း အကြီးအကဲရှီ၏ စစ်ဆေးမှုမှာ အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

ယီယွင်သည် မည်သည့်အကြောင်းကြောင့် ဤမျှလောက် စွမ်းအင်များကို အလျင်အမြန် စုပ်ယူနိုင်ခဲ့ရသနည်းဆိုသည်ကို သူ ဘယ်လိုမှ နားမလည်နိုင်ခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် ခရမ်းရောင်သလင်းကျောက်ကို သူ ရှာဖွေနိုင်မည့် နည်းလမ်း မရှိသောကြောင့်ပင်။

ခရမ်းရောင်သလင်းကျောက်မှာ တကယ့်ကို အံ့ဩစရာ ကောင်းလွန်းလှပေသည်။ ၎င်း၏ တည်ရှိမှုမှာ ယီယွင်၏ သိနားလည်နိုင်စွမ်းကိုပင် ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။

အကြီးအကဲရှီသည်လည်း တကယ့်ကို စူးစမ်းလိုစိတ် ပြင်းပြနေခဲ့သည်။ သူသည် ယီယွင်၏ ခန္ဓာကိုယ်ကို စစ်ဆေးကြည့်ခဲ့သော်လည်း တိကျသော အကြောင်းအရင်းကို ရှာမတွေ့ခဲ့သဖြင့် နောက်ဆုံးတွင် ယီယွင်၌ စွမ်းအင်များကို အလွန်လျင်မြန်စွာ စုပ်ယူနိုင်သည့် ထူးခြားသော သွေးမျိုးနွယ်စုတစ်ခုခု ရှိနေလိမ့်မည်ဟုသာ ကောက်ချက်ချလိုက်တော့သည်။

အမှန်ပင် သက်ရှိလောကကြီးမှာ အလွန်ပင် ရှုပ်ထွေးလှပေသည်။ မရေမတွက်နိုင်သော သွေးမျိုးနွယ်စုများစွာ ရှိကြသဖြင့် မိမိ နားမလည်နိုင်သော သွေးမျိုးနွယ်စုမျိုး ရှိနေခြင်းမှာလည်း သဘာဝကျလှပေသည်။

ယီယွင်သည် ကျောက်ခုတင်ပေါ်မှ ထထိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ကို အညောင်းဆန့်လိုက်သည်။ သူ၏ ယွမ်ချီ စွမ်းအင်အများစုမှာ ပြန်လည်ပြည့်ဝလာခဲ့ပြီ ဖြစ်ကြောင်း သူ သိလိုက်ရတော့သည်။

ဤအချက်က ခရမ်းရောင်သလင်းကျောက်၏ အံ့ဩစရာကောင်းသော အာနိသင်အပေါ် ယီယွင်ကို ပိုမို၍ အံ့ဩမိစေခဲ့သည်။ ထိပ်တန်းအဆင့်ရှိသော ကုသရေးဆေးလုံးတစ်လုံးနှင့် ပေါင်းစပ်လိုက်သည့်အခါ ခရမ်းရောင်သလင်းကျောက်သည် ထိုဆေးလုံး၏ အာနိသင်ကို အမြင့်မားဆုံးအဆင့်အထိ ရောက်ရှိသွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်သည်။

“စီနီယာ ကျွန်တော် နှောင်းလူအနေနဲ့ တစ်ခုလောက် မေးပါရစေခင်ဗျာ။ ကျွန်တော့်နောက်ပိုင်း ဖေးသန့်စင်ခြင်း ကျောက်ဆောင်ထဲကို ဝင်သွားတဲ့သူတွေရဲ့ ရလဒ်က ဘယ်လိုရှိလဲ မသိဘူးနော်”

ယီယွင်သည် ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်အတွင်းမှ လွင့်စင်ထွက်လာချိန်တွင် လုံးဝ သတိလစ်နေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် အရိပ်အမြွှာညီမများနှင့် မြေခွေးဖြူမင်းသမီးတို့ မည်မျှအထိ သန်မာကြောင်းကို သူ သိရှိလိုစိတ် ပြင်းပြနေမိသည်။

ယီယွင်၏ မေးခွန်းမှာ အကြီးအကဲရှီ ထင်မှတ်ထားသည့်အတိုင်းပင် ဖြစ်သည်။ သူက “မင်းရဲ့နောက်မှာ အရိပ်အမြွှာညီမတွေလည်း ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်ထဲကနေ ထွက်လာခဲ့ကြတယ်။ အဲဒီညီအစ်မနှစ်ယောက်က ပထမဆုံး ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့ရုံတင်မက ဒုတိယမြောက် ရှေးဟောင်းဖေးကိုပါ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်နိုင်ခဲ့ကြတယ်။

ထိုရှေးဟောင်းဖေးရဲ့ ကျင့်စဉ်စွမ်းအား ကုန်ဆုံးမှုဟာ ငါးဆယ်ရာခိုင်နှုန်းလောက်အထိ ရှိခဲ့တာ။ ဒါကလည်း အရိပ်အမြွှာညီမတွေက သူတို့ရဲ့ ခွန်အားအချို့ကို ထိန်းထားခဲ့လို့ပဲ။ အကယ်၍ သူတို့သာ မင်းလိုမျိုး အသက်နဲ့လဲပြီး တိုက်ခိုက်ခဲ့မယ်ဆိုရင်တော့ ဒီထက်မက ပိုပြီး မြင့်မားတဲ့ ရလဒ်ကို ရရှိမှာ သေချာတယ်”

“ဝူဖုန်းကတော့ သူက အနည်းငယ် ပိုပြီး သန်မာတယ်လို့ ပြောရမယ်။ သူက ဒုတိယမြောက် ရှေးဟောင်းဖေးရဲ့ စွမ်းအင် ခုနစ်ဆယ်ရာခိုင်နှုန်းလောက်အထိ ကုန်ဆုံးသွားအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ဝူဖုန်းရဲ့ တိုက်ခိုက်ရေး စွမ်းဆောင်ရည်က တကယ့်ကို ထူးချွန်လှပေတယ်။

မင်းလည်း သူ့ရဲ့ ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေတဲ့ ပြင်းထန်လှတဲ့ သတ်ဖြတ်ခြင်း အရှိန်အဝါတွေကို ခံစားမိမှာပါ။ သူဟာ သေရေးရှင်ရေး တိုက်ပွဲပေါင်းများစွာကို သေချာပေါက် ရင်ဆိုင်ခဲ့ဖူးတာ ဖြစ်ရမယ်”

“နောက်ဆုံးတစ်ယောက်ကတော့ မြေခွေးဖြူမင်းသမီးပဲ။ သူမကတော့ ဒုတိယမြောက် ရှေးဟောင်းဖေးကိုပါ သေချာပေါက် သတ်ဖြတ်နိုင်ခဲ့တဲ့ တစ်ဦးတည်းသောသူ ဖြစ်တယ်။

ဒါတင်မကသေးဘူး တတိယမြောက် ရှေးဟောင်းဖေးနဲ့ ရင်ဆိုင်ရတဲ့အခါမှာလည်း သူမက တစ်မိနစ်လောက် တောင့်ခံထားနိုင်ခဲ့ရုံတင်မက အဲဒီရှေးဟောင်းဖေးကိုပါ ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့သေးတယ်”

အကြီးအကဲရှီက ထိုသို့ သာမန်ကာလျှံကာ ပြောဆိုလိုက်သော်လည်း ယီယွင်မှာမူ အသက်ရှူပင် မှားသွားခဲ့ရတော့သည်။

သူသည် မိမိ၌ ရှိသမျှသော ခွန်အားအားလုံးကို အသုံးချပြီး ကံကောင်းထောက်မစွာဖြင့်သာ ပထမဆုံး ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ရှေးဟောင်းဖေးကို သတ်ဖြတ်ပြီးနောက်တွင်မူ သူသည် ချက်ချင်း သတိလစ်သွားခဲ့ရပြီး အစီအရင်အတွင်းမှ လွင့်စင်ထွက်လာခဲ့ရခြင်း ဖြစ်သည်။ သူသည် ဒုတိယမြောက် ရှေးဟောင်းဖေးကိုပင် မမြင်တွေ့ခဲ့ရချေ။

သို့သော် မြေခွေးဖြူမင်းသမီးကမူ ဒုတိယမြောက် ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့ရုံတင်မက တတိယမြောက် ရှေးဟောင်းဖေးကိုပါ ဒဏ်ရာရအောင် ပြုလုပ်နိုင်ခဲ့သည် ဟုတ်လား။

ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်၏ ခက်ခဲမှုမှာ အဆင့်တက်သွားလေလေ ဂျီဩမေထရီကိန်းဂဏန်းအလား ဆထက်ထမ်းပိုးမက ပိုမိုခက်ခဲလာလေလေ ဖြစ်သည်။

ထိုသို့ဆိုလျှင် တတိယမြောက် ရှေးဟောင်းဖေးမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းအောင် သန်မာနေမည်နည်း။

“ဒါဆို လော့မျိုးနွယ်စုဘက်ကကော ခင်ဗျာ”

ယီယွင်က အလျင်အမြန် မေးမြန်းလိုက်ပြန်သည်။

“ငါတို့ လော့မျိုးနွယ်စုဘက်ကတော့ လော့မိုက မင်းနဲ့ အခြေအနေချင်း တူတူပါပဲ။ သူက ပထမဆုံး ရှေးဟောင်းဖေးကို သတ်ပြီးတဲ့နောက် ဒုတိယမြောက် ရှေးဟောင်းဖေးကို ဆက်ပြီး မတိုက်ခိုက်နိုင်တော့ဘဲ အပြင်ကို လွင့်စင်ထွက်လာခဲ့ရတယ်။

ကျန်ကျူးကတော့ သူ့ရဲ့ စွမ်းဆောင်ရည်က အကောင်းဆုံးပဲ။ အနည်းဆုံးတော့ သူ့ရဲ့ ရလဒ်က ဝူဖုန်းထက် အများကြီး ပိုပြီး ကောင်းမွန်ခဲ့သလို အရိပ်အမြွှာညီမတွေကိုပါ အနိုင်ယူနိုင်ခဲ့တယ်။

ဒါကြောင့်မို့လို့ သူဟာ လော့မျိုးနွယ်စုအတွက် ဂုဏ်သိက္ခာတစ်ခုကိုတော့ ပြန်ပြီး ဆောင်ကြဉ်းပေးနိုင်ခဲ့တာပေါ့”

“ကျေးဇူးတင်ပါတယ်”

ယီယွင် မိမိ၏ လက်သီးကို မသိမသာ တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။

သူ လျှောက်လှမ်းရမည့် လမ်းu အလွန်ပင် ရှည်လျားလှသေးသည်။ သူသည် တစ်လှမ်းချင်းစီဖြင့် သူတို့၏ နောက်သို့ အမှီလိုက်နိုင်ရန်အတွက် ကြိုးစားအားထုတ်ရပေဦးမည်။

“မင်းရဲ့ မျက်လုံးတွေကို ကြည့်ရတာ စိတ်ဓာတ်ကျသွားတဲ့ အရိပ်အယောင် မရှိတာပဲ၊ အရမ်းကောင်းတယ်။”

အကြီးအကဲရှီက ခေါင်းကို အသာအယာ ညိတ်လိုက်ရင်း “ငါ မင်းကို ကမ္ဘာဦးဟင်းလင်းပြင်ဆီ ခေါ်သွားပေးမယ်။ ပထမအဆင့်မှာ ငါးမိနစ်ထက်ပိုပြီး တောင့်ခံနိုင်ခဲ့တဲ့သူ ဒါမှမဟုတ် ပထမဆုံး ရှေးဟောင်းဖေးကို ဒဏ်ရာရအောင် လုပ်နိုင်ခဲ့တဲ့သူ တိုင်းဟာ ကမ္ဘာဦးဟင်းလင်းပြင်ထဲကို ဝင်ရောက်ခွင့် ရှိကြတယ်”

အကြီးအကဲရှီ ထိုသို့ပြောလိုက်ရင်း ယီယွင်၏ လက်ကို လှမ်း၍ ဆုပ်ကိုင်လိုက်သည်။ သူက ရှေ့သို့ သာမန်ကာလျှံကာ ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်ကြီးတစ်ခုလုံး ရှုပ်ထွေးပွေလီစွာ ပုံပျက်သွားခဲ့ရတော့သည်။

ယီယွင် အနည်းငယ် မူးဝေသွားခဲ့ရသည်။ ကမ္ဘာဦး ကောင်းကင်ဘုံကြီး၏ ရှုပ်ထွေးပွေလီလှသော ဥပဒေသများအကြား ဖြတ်သန်းသွားလာရခြင်းမှာ လူတစ်ဦး၏ စိတ်ဝိညာဉ်အာရုံအပေါ် အတော်လေးကို ဖိစီးမှု ဖြစ်စေသောကြောင့်ပင်။

နောက်ထပ် အခိုက်အတန့်တွင်မူ ယီယွင်သည် ကြီးမားလှသော စင်္ကြံလမ်းမကြီးတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။ ဤစင်္ကြံလမ်းမကြီးမှာ အလွန်ပင် မြင့်မားကျယ်ဝန်းလှပြီး ပေတစ်ထောင်ခန့်အထိ ကျယ်ပြောလှပေသည်။ ဤနေရာတွင် ကြီးမားလှသော ရှေးဟောင်းဖေးတစ်ကောင် ရှိနေခဲ့မည်ဆိုလျှင်ပင် အလွယ်တကူ ဖြတ်သန်းသွားလာနိုင်ပေလိမ့်မည်။

ထိုစင်္ကြံလမ်းမကြီးကို မည်သည့်အမျိုးအစားမှန်းမသိရသော ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားပြီး ၎င်း၏ လမ်းဆုံးတွင်မူ ရှေးဟောင်း ကြေးညိုရောင် တံခါးကြီးတစ်ချပ် ရှိနေခဲ့သည်။

ထိုတံခါးကြီးမှာ စင်္ကြံလမ်းမကြီးကဲ့သို့ပင် မြင့်မားလှပြီး တံခါးမျက်နှာပြင်ထက်တွင်မူ နတ်သားရဲမျိုးစုံ၏ ထူးဆန်းလှသော သင်္ကေတပုံရိပ်များကို ထုဆစ်ပုံဖော်ထားကြသည်။ ၎င်းမှာ တကယ့်ကို ခန့်ညားထည်ဝါပြီး ခမ်းနားလှပေသည်။

ယီယွင်နှင့် အကြီးအကဲရှီတို့သည် ထိုစင်္ကြံလမ်းမကြီး၏ ရှေ့မှောက်တွင် ပုရွက်ဆိတ်ငယ်လေးများအလား ထင်မှတ်ရသည်။ ဤကဲ့သို့သော ခံစားချက်ကြောင့် ယီယွင်အနေဖြင့် ထိုတံခါးကြီး၏ နောက်ကွယ်တွင် ဘာတွေရှိနေမလဲဆိုသည်ကို မသိမသာ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာမိတော့သည်။

ထိုအခိုက်အတန့်တွင် အကြီးအကဲရှီသည် တံခါးမျက်နှာပြင်ထက်သို့ လက်လှမ်း၍ ဖိနှိပ်လိုက်ပြီ ဖြစ်သည်။ ထို့နောက်တွင်မူ မည်မျှအထိ လေးလံမှန်းမသိရသော ပေသုံးဆယ်ခန့် အထူရှိသည့် တံခါးကြီးအား အကြီးအကဲရှီက အသာအယာ တွန်းဖွင့်လိုက်တော့သည်။

ကြေးညိုတံခါးကြီး၏ နောက်ကွယ်မှ မြင်ကွင်းကို မြင်တွေ့လိုက်ရသောအခါ ယီယွင်၏ နှလုံးခုန်သံမှာ ထိတ်ခနဲ ဖြစ်သွားခဲ့ရသည်။ တံခါးကြီး၏ နောက်ကွယ်တွင် ပေါ်လာသည်မှာ ဟင်းလင်းပြင်အလွတ်ကြီးတစ်ခု ဖြစ်သည်။

ထိုဟင်းလင်းပြင်ကြီးအတွင်း၌ ထူးဆန်းလှသော မြူခိုးမြူလှိုင်းများ ပျံ့နှံ့နေခဲ့ကြပြီး ၎င်းမှာ မည်မျှအထိ ကျယ်ပြောလှသည်ကို မည်သူမျှ မသိရှိနိုင်ချေ။

ခန့်ညားလှသော စင်္ကြံလမ်းမကြီးမှာ ဤနေရာတွင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းမှာ ဟင်းလင်းပြင်အလွတ်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်သွားခဲ့ပုံရသည်။

ရွေးချယ်ခံထားရကြသော လော့မျိုးနွယ်စု တပည့်များနှင့် မြေခွေးဖြူမျိုးနွယ်စု တပည့်များသည် ဤဟင်းလင်းပြင်ကြီးအတွင်း၌ စောင့်ဆိုင်းနေခဲ့ကြပြီ ဖြစ်သည်။

ထိုထူးဆန်းလှသော မြူခိုးများအကြားတွင် ရှေးဟောင်း ကျောက်တုံးကြီးအချို့ လွင့်မျောနေသည်ကို ယီယွင် သတိပြုမိလိုက်သည်။ ၎င်းတို့တွင် မည်သည့်အရောင်အသွေးမျှ ရှိမနေဘဲ မီးခိုးရောင်သန်းနေခဲ့ကြသည်။ ၎င်းမှာ ကမ္ဘာကြီး၏ အမှောင်ဆုံး ထောင့်စွန်းတစ်ခုခုတွင် နှစ်ပေါင်း ဘီလီယံပေါင်းများစွာကြာအောင် စွန့်ပစ်ခံထားရသည့်အလား ထင်မှတ်ရသည်။

ယီယွင်သည် သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် ထိုကျောက်တုံးကြီးများကို မသိမသာ စစ်ဆေးကြည့်လိုက်မိသည်။ ထိုကျောက်တုံးကြီးများသည် ပထမအဆင့်တွင် ရှိခဲ့သော ဖေးသန့်စင်ခြင်း ကျောက်ဆောင်များနှင့် အနည်းငယ် တူညီနေသော်လည်း ၎င်းတို့ထံမှ ထွက်ပေါ်နေသော အရှိန်အဝါမှာမူ ဖေးသန့်စင်ခြင်း ကျောက်ဆောင်များနှင့် လုံးဝ ကွဲပြားခြားနားလှပေသည်။

“ယီယွင် မင်း အဆင်ပြေရဲ့လား” ယီယွင် ပေါ်လာသည်ကို မြင်လိုက်ရသောအခါ ဂူချင်း အံ့ဩသွားခဲ့ရပြီး သူ၏ထံသို့ အလျင်အမြန် လျှောက်လှမ်းလာခဲ့သည်။

“မင်း ဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြန်ကောင်းလာတာလား ”

လူတိုင်းသည် ယီယွင် အပြင်သို့ လွင့်စင်ထွက်လာခဲ့စဉ်က မြင်ကွင်းကို မြင်တွေ့ခဲ့ကြဖူးသည်။ သူ မည်မျှအထိ ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့သည်ကို သူတို့ ကောင်းစွာ သိရှိထားကြသည်။

ထိပ်တန်းအဆင့်ရှိသော ဆေးလုံးတစ်လုံး၏ အာနိသင် ရှိနေခဲ့လျှင်ပင် ဤမျှလောက် မြန်မြန်ဆန်ဆန် ပြန်လည်ကောင်းမွန်လာရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။ အဘယ်ကြောင့်ဆိုသော် ဆေးလုံး၏ အဆင့်အတန်း မြင့်မားလေလေ ၎င်းအတွင်းရှိ ဆေးဖက်ဝင် အနှစ်သာရများမှာ ပိုမိုပြင်းထန်လှသဖြင့် ခန္ဓာကိုယ်က စုပ်ယူမှုနှုန်းကို နှေးကွေးစေသောကြောင့်ပင်။

“မင်း တကယ်ပဲ အတော်လေး မြန်မြန် ပြန်ကောင်းလာတာပဲ မင်းရဲ့ ခွန်အားက အားနည်းတယ်ဆိုပေမဲ့ မင်းရဲ့ အရိုက်အနှက် ခံနိုင်ရည်ရှိတဲ့ စွမ်းရည်ကတော့ တော်တော်လေး မဆိုးဘူးလို့ ပြောရမယ်”

နုန်းယွဲ့က ပြုံးရင်း ဆိုလိုက်သည်။

သူမသည် ယီယွင်ကို ရည်ရွယ်ချက်ရှိရှိ သရော်စာ ပြောနေခြင်း မဟုတ်ဘဲ သူမ၏ ပွင့်လင်းလွန်းလှသော စရိုက်ကြောင့်သာ ဖြစ်သည်။ သို့သော်လည်း နုန်းယွဲ့ပြောသော စကားများမှာမူ ကြားရသူအဖို့ အတော်လေးကို နားခါးလှပေသည်။

နုန်းယင်က သူမ၏ ညီမငယ်ကို စိုက်ကြည့်လိုက်ရင်း

“ယွဲ့အာ ရိုင်းရိုင်းစိုင်းစိုင်း မလုပ်နဲ့လေ”

နုန်းယွဲ့က လျှာလေးအသာထုတ်ပြလိုက်ပြီးနောက် ဆက်၍ စကားမပြောတော့ချေ။ ယီယွင်သည်လည်း ၎င်းကို အရေးစိုက်မနေဘဲ ဂူချင်းကို ကြည့်ကာ “ဘာမှ မဖြစ်ပါဘူး။ အကြီးအကဲရှီက ကျွန်တော့်ကို ကမ္ဘာဦးဟင်းလင်းပြင်အကြောင်း ပြောပြခဲ့လို့လေ။ ဒီနေရာက ဘာဖြစ်လို့လဲဟင် ဘာတွေ ထူးခြားလို့လဲ” ဟု မေးမြန်းလိုက်သည်။

ကမ္ဘာဦးဟင်းလင်းပြင်ဟူသော စကားလုံးကို ကြားလိုက်ရသောအခါ ဂူချင်း၏ မျက်နှာတွင် စိတ်လှုပ်ရှားသွားသော အရိပ်အယောင်များ ပေါ်လာခဲ့ပြီး “အကြီးအကဲ တွမ့်မုက အခုတင်ပဲ ပြောပြခဲ့တာ။ ဒီကမ္ဘာဦးဟင်းလင်းပြင်ဆိုတာ စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာကတည်းက ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းဟင်းလင်းပြင်တစ်ခု ဖြစ်တယ်တဲ့။

ဒါက နှစ်ပေါင်း ဘီလီယံပေါင်းများစွာကြာအောင် တည်ရှိခဲ့တာဖြစ်ပြီး ငါတို့ လော့မျိုးနွယ်စုက ကမ္ဘာဦး ကောင်းကင်ဘုံကြီးကို စူးစမ်းရှာဖွေနေရင်းနဲ့ ကံကောင်းထောက်မစွာ ရှာဖွေတွေ့ရှိခဲ့လို့ ဒီနေရာကို သိမ်းဆည်းထားခဲ့တာ”

“ဒီဟင်းလင်းပြင်ထဲမှာ ထူးဆန်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိတယ်။ အဲဒီ မြူခိုးမြူလှိုင်းတွေကို ကြည့်လိုက်ဦး။ အကြီးအကဲ တွမ့်မု ပြောတာကတော့ အဲဒီမြူခိုးတွေက စကြာဝဠာကြီးရဲ့ အစောဆုံး ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးတွေ ဖြစ်တယ်တဲ့။ ပိုပြီးတော့ အံ့ဩစရာ ကောင်းတာက အဲဒီ လွင့်မျောနေတဲ့ ကျောက်တုံးကြီးတွေပဲ ၎င်းတို့က စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာကတည်းက ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ ကမ္ဘာဦးကျောက်တုံးတွေ ဖြစ်ကြတယ်”

“ဒါတွေက ကမ္ဘာဦးကျောက်တုံးတွေ ဟုတ်လား”

ယီယွင် ထိတ်လန့်တုန်လှုပ်သွားခဲ့ရသည်။ သူသည် ကမ္ဘာဦးကျောက်တုံးများအကြောင်းကို သဘာဝကျကျ ကောင်းစွာ သိရှိထားသည်။

ဖေးတစ်သောင်းကောင်းကင်ဘုံတွင် တွင် ကမ္ဘာဦး ကျောက်တုံးကြီးများ ကို ငွေကြေးအဖြစ် အသုံးပြုကြသည်။ ၎င်းတို့မှာ ကမ္ဘာကြီးတစ်ခု စတင်ဖြစ်ပေါ်လာစဉ်က စွမ်းအင်များနှင့် ဥပဒေသများ စုစည်းပြီး သလင်းကျောက်အဖြစ် ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ကမ္ဘာဦးဟင်းလင်းပြင် ကျောက်တုံးများ၏ တန်ဖိုးမှာမူ သာမန် ကမ္ဘာဦး ကျောက်တုံးကြီးများထက် အဆပေါင်းများစွာ ပိုမိုမြင့်မားလှပေသည်။ ၎င်းတို့မှာ စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာစဉ်က ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများနှင့် ကမ္ဘာဦးစွမ်းအင်များ စုစည်းပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အတွင်း၌ စကြာဝဠာကြီး၏ အစစ်မှန်ဆုံးသော ကမ္ဘာဦးဥပဒေသများအထိ ကိန်းဝပ်လျက် ရှိကြသည်။

သာမန် ကမ္ဘာဦး ကျောက်တုံးကြီးများအတွင်းရှိ စွမ်းအင်များကြောင့် ၎င်းတို့ကို ငွေကြေးအဖြစ် အသုံးပြုနိုင်ကြသော်လည်း ဤကဲ့သို့သော ကမ္ဘာဦးဟင်းလင်းပြင် ကျောက်တုံးများကိုမူ ၎င်းတို့၏ တန်ဖိုးက အတိုင်းအထက်အလွန် ကြီးမားလှသဖြင့် မည်သူမျှ ရောင်းချလေ့မရှိကြချေ။ ၎င်းတို့ကို အင်အားကြီးမားလှသော အဖွဲ့အစည်းတစ်ခု၏ အခြေခံအုတ်မြစ်အဖြစ်သာ အသုံးပြုလေ့ရှိကြသည်။

“ယီယွင် ဒီကမ္ဘာဦးကျောက်တုံးတွေထဲမှာ ဥပဒေသတွေ ရှိနေရုံတင်မကဘူး။ အကြီးအကဲ တွမ့်မု ပြောပုံအရဆိုရင် ဒီကမ္ဘာဦးကျောက်တုံးတွေက ဖေးသန့်စင်ခြင်း ကျောက်ဆောင်တွေလိုပဲတဲ့။ အတွင်းမှာ ရှေးဟောင်းဖေးတွေရဲ့ ဆွဲဆောင်မှုရှိတဲ့ သင်္ကေတ အငွေ့အသက်တွေ ကိန်းဝပ်နေကြတာ ဖြစ်တယ်။ ဒါပေမဲ့ ဒါက ရှေးဟောင်းဖေးရဲ့ စိတ်ဝိညာဉ်အနှစ်သာရ မဟုတ်တော့ဘဲ စစ်မှန်တဲ့ ဖေးနတ်ဘုရားတွေရဲ့ အရှိန်အဝါ အငွေ့အသက်တွေ ဖြစ်တယ်တဲ့”

ဖေးနတ်ဘုရားတွေ ဟုတ်လား

ဂူချင်း၏ စကားကြောင့် ယီယွင် ရင်ထဲတွင် ထိတ်ခနဲ ဖြစ်သွားခဲ့ရပြန်သည်။

ရှေးဟောင်း ဖေးနတ်ဘုရား ဆယ့်နှစ်ပါးဆိုသည်မှာ အမြင့်မားဆုံးသော ကမ္ဘာဦးဥပဒေသများ စုစည်းပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်သည်။ နီလာလှိုင်းတောင်တွင် ရှိစဉ်က ယီယွင်သည် လော့မျိုးနွယ်စုက ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအတွက် ထုဆစ်တည်ဆောက်ထားသော နတ်ဘုရားတိုင်လုံးကြီးများနှင့် ကျောက်ထုလက်ရာများကို မြင်တွေ့ခဲ့ဖူးသည်။

သို့သော်လည်း ထိုနတ်ဘုရားတိုင်လုံးကြီးများမှာ လော့မျိုးနွယ်စု၏ ဘိုးဘေးများက ထုဆစ်ခဲ့ခြင်းသာ ဖြစ်သည်။

လော့မျိုးနွယ်စု၏ ဘိုးဘေးများမှာ သန်မာသည်ဆိုသော်လည်း ဖေးတစ်သောင်းကောင်းကင်ဘုံတွင်ကြီးတစ်ခုလုံးနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကမူ သူတို့သည် အားနည်းသောအဆင့်တွင်သာ ရှိနေသေးသည်။ သူတို့၏ ကျင့်စဉ်အဆင့်နှင့် ဥပဒေသပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှု ကန့်သတ်ချက်များကြောင့် သူတို့ ထုဆစ်ခဲ့သော နတ်ဘုရားတိုင်လုံးကြီးများသည် ဖေးနတ်ဘုရားများ၏ စစ်မှန်သော ဥပဒေသများကို တထပ်တည်းကျအောင် ပုံဖော်နိုင်ခြင်း မရှိခဲ့ကြချေ။

ဖေးနတ်ဘုရားများ၏ စစ်မှန်သော အရှိန်အဝါများ ကိန်းဝပ်နေသည့် ဤကမ္ဘာဦးကျောက်တုံးများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါကမူ ထိုနတ်ဘုရားတိုင်လုံးကြီးများမှာ မြေကြီးနှင့် ကောင်းကင်ယံလို ကွာခြားလွန်းလှပေသည်။

ဤသည်မှာ နီလာလှိုင်းတောင်ရှိ ရှေးဟောင်းဖေး အဆောက်အဦး၏ ကန့်သတ်ချက်လည်း ဖြစ်သည်။ သို့သော်လည်း ဤကမ္ဘာဦးဟင်းလင်းပြင်အတွင်း၌မူ ဤကဲ့သို့သော ကန့်သတ်ချက်မျိုး ရှိမနေချေ။ ဤနေရာတွင် ရှိနေသည်မှာ ကမ္ဘာဦးကျောက်တုံးများအတွင်း ကိန်းဝပ်နေသည့် ဖေးနတ်ဘုရားများ၏ စစ်မှန်သော အရှိန်အဝါ အငွေ့အသက်များ ဖြစ်ကြသည်။

၎င်းမှာ စစ်မှန်သော ကမ္ဘာဦးဥပဒေသများ ဖြစ်ကြသည် တကား။

“ဒီကမ္ဘာဦးကျောက်တုံးတွေကို ကျွန်တော်တို့ကို ငှားရမ်းပေးမှာလား”

ယီယွင်သည်လည်း ရင်ထဲတွင် စိတ်လှုပ်ရှားလာခဲ့ရသည်။ ဂူချင်းတစ်ယောက် ကမ္ဘာဦးဟင်းလင်းပြင်၏ အသုံးဝင်ပုံအကြောင်းကို ပြောသည့်အခါ ဘာဖြစ်လို့ ဤမျှလောက်အထိ စိတ်လှုပ်ရှားနေခဲ့ရသနည်းဆိုသည်မှာ မဆန်းတော့ချေ။

“ငါထင်တာတော့ ဟုတ်လိမ့်မယ်”

ဂူချင်းသည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် စောင့်ဆိုင်းနေခဲ့သည်။ ဂူချင်း၏ နောက်ခံသမိုင်းကြောင်းနှင့်ဆိုလျှင်ပင် ကမ္ဘာဦးကျောက်တုံးတစ်တုံးကို သူ မြင်တွေ့ဖူးခြင်းမှာ ဤသည်က ပထမဆုံးအကြိမ် ဖြစ်သောကြောင့်ပင်။

“ဒီမှာ ကမ္ဘာဦးကျောက်တုံး အရေအတွက်က အရမ်းနည်းတယ်၊ ငါတို့ အရေအတွက်ထက် အများကြီး နည်းလွန်းတယ်။ ငါတို့ကို ငှားရမ်းပေးမယ်ဆိုရင်တောင် အချိန်ကန့်သတ်ချက်တော့ သေချာပေါက် ရှိလိမ့်မယ်။ အချိန်ကို ဘယ်လို ခွဲဝေပေးမလဲဆိုတာတော့ မသိသေးဘူး။ ဒါတင်မကသေးဘူး ငါတို့က ဒါကို မြေခွေးဖြူမျိုးနွယ်စုနဲ့ပါ ခွဲဝေပြီး သုံးရမှာ မြေခွေးဖြူမျိုးနွယ်စုကတော့”

ထိုသို့ပြောလိုက်ပြီးနောက် ဂူချင်းက မြေခွေးဖြူမျိုးနွယ်စုမှ ပါရမီရှင်များကို စိုးရိမ်ပူပန်စွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်မိရင်း

“ညီလေးယီ မင်း မသိသေးတာက မြေခွေးဖြူမျိုးနွယ်စုဟာ ဖေးမျိုးနွယ်စုအားလုံးအကြားမှာ ဉာဏ်အမြော်အမြင် အရှိဆုံးနဲ့ ထိုးထွင်းသိမြင်မှု အမြင့်မားဆုံး မျိုးနွယ်စုတစ်ခု ဖြစ်တယ်ဆိုတာပဲ။ ဒါတင်မကသေးဘူး သူတို့ထဲက ကိုးမြီးမြေခွေးဖြူ သွေးမျိုးနွယ်စု နိုးထလာတဲ့သူတွေဆိုရင် ဥပဒေသပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုမှာ အလွန်အမင်း ထူးချွန်ကြတာ။ ဥပမာအားဖြင့် အရိပ်အမြွှာညီမတွေက အဲဒီလိုမျိုး လူတွေပေါ့”

အရိပ်အမြွှာညီမများသည် ကမ္ဘာဦး ကောင်းကင်ဘုံကြီးသို့ စတင်ရောက်ရှိလာစဉ်ကပင် သူတို့၏ ခြေလှမ်းများဖြင့် ရှုပ်ထွေးပွေလီလှသော စွမ်းအင်စီးကြောင်းများကို တည်ငြိမ်သွားအောင် ပြုလုပ်နိုင်ခဲ့ကြသည်။ သူမတို့၏ ဥပဒေသပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှု မည်မျှအထိ မြင့်မားကြောင်း ဤအချက်ကပင် သက်သေပြနေခဲ့ပြီး ဖြစ်သည်။

ဂူချင်းပြောသော စကားများကို အကြားအာရုံ ထက်မြက်လှသော နုန်းယွဲ့က ကြားသွားခဲ့သည်။

သူမက ပြုံးရင်း လှမ်းကြည့်လိုက်သည်။ သူမ၏ မျက်နှာထက်တွင် မိမိကိုယ်မိမိ ကြွားဝါလိုသော အပြုံးတစ်ခု ပေါ်လာခဲ့ပြီး

“မင်း နားလည်ထားတာ မဆိုးပါဘူး၊ မင်းပြောတာလည်း မမှားဘူး။ ငါက လူသတ်တဲ့နေရာမှာ သိပ်ပြီး မကျွမ်းကျင်ဘူးဆိုပေမဲ့ ဥပဒေသပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုနဲ့ ပတ်သက်လာရင်တော့ ငါက အဲဒါကို အကြိုက်ဆုံးပဲ” ဟု ဆိုလိုက်တော့သည်။

All Chapters