အခန်း (၈၉၀-၈၉၂)
Vol. 60 Ch. 890-892
အခန်း ၈၉၀ - စွပ်ပြုတ်ရည်သာ ကျန်တော့ခြင်း
အကြီးအကဲ တွမ့်မုသည် လော့မျိုးနွယ်စုနှင့် မြေခွေးဖြူမျိုးနွယ်စုမှ တပည့်များ၏ ရှေ့တွင် မတ်တတ်ရပ်လိုက်ပြီး ထိုထူးဆန်းလှသော မြူခိုးမြူလှိုင်းများအကြား လွင့်မျောနေသည့် ရှေးဟောင်းကျောက်တုံးကြီးများကို လှမ်း၍ ကြည့်လိုက်သည်။
“ဒီကမ္ဘာဦးဟင်းလင်းပြင်ဟာ လော့နတ်ဘုရားခန်းမရဲ့ အဓိက အနှစ်သာရပဲ ဖြစ်တယ်။ ကမ္ဘာဦးကျောက်တုံးတွေထဲမှာ ပိတ်လှောင်ထားတဲ့ ဖေးနတ်ဘုရားတွေရဲ့ အရှိန်အဝါ အငွေ့အသက်တွေကို ဖေးနတ်ဘုရားကျောက်တုံး လို့ ခေါ်တယ်။ ဒီနေရာမှာ စုစုပေါင်း ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံး ရှိတယ်”
“ဒီနှစ်ဆယ့်ခုနစ်တုံးကတော့ အရွယ်အစားနဲ့ အရည်အသွေးချင်း မတူညီကြဘူး။ မင်းတို့တွေ ဒါတွေကို အသုံးပြုပြီး တရားထိုင်ကျင့်ကြံတဲ့အခါ မိမိတို့ရဲ့ စိတ်ကြိုက်အလိုက် လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့် ရှိကြတယ်”
အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်ရင်း သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်သည်။ သူ၏ အင်္ကျီလက်အောက်မှ ဖြူဖွန်းဖွန်း အလင်းတန်းပေါင်းများစွာ ဝုန်းခနဲ ပစ်ခတ်ထွက်ပေါ်လာခဲ့ပြီးနောက် လူတိုင်း၏ လက်ထဲသို့ တည့်တည့်မတ်မတ် ကျရောက်သွားခဲ့တော့သည်။
ယီယွင်သည်လည်း ထိုအလင်းတန်းတစ်ခုကို လှမ်း၍ ဖမ်းဆွဲလိုက်ရာ ၎င်းမှာ ကျောက်စိမ်းပြားတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ယီယွင် သူ၏ စိတ်ဝိညာဉ်အာရုံကို ထိုကျောက်စိမ်းပြားအတွင်းသို့ နှစ်မြှုပ်လိုက်သည်။ ကျောက်စိမ်းပြားအတွင်း၌ ဖေးနတ်ဘုရားကျောက်တုံး တစ်တုံးချင်းစီတွင် မည်သည့် ဖေးနတ်ဘုရား၏ အရှိန်အဝါ အငွေ့အသက်များ ကိန်းဝပ်နေကြောင်းနှင့် ၎င်းတို့၏ အရည်အသွေးများကို အသေးစိတ် မိတ်ဆက်ဖော်ပြထားသည်။
အကြီးမားဆုံးသော ဖေးနတ်ဘုရားကျောက်တုံးမှာ တစ်ပေပတ်လည်ခန့် အရွယ်အစား ရှိသော်လည်း ၎င်း၏ အလေးချိန်မှာ ယုံနိုင်စွမ်းမရှိအောင် ပြင်းထန်လှကြောင်း ယီယွင် သိလိုက်ရသည်။
တစ်ပေပတ်လည်ခန့် အရွယ်အစားရှိသော ဤဖေးနတ်ဘုရားကျောက်တုံး၏ အလေးချိန်မှာ တောင်တန်းပေါင်း တစ်ရာထက်ပင် ပိုမိုလေးလံလှပေသည်။ အကယ်၍ ၎င်းကို မြေပြင်ပေါ်သို့ ပစ်ချလိုက်မည်ဆိုပါက ၎င်း၏ ကြောက်မက်ဖွယ်ကောင်းသော အလေးချိန်ကြောင့် ဂြိုဟ်တစ်လုံး၏ ဗဟိုအူတိုင်အထိ တည့်တည့်မတ်မတ် နစ်မြုပ်သွားပေလိမ့်မည်။
ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်ပေလိမ့်မည်၊ တစ်ပေပတ်လည်ခန့် အရွယ်အစားရှိသော ထိုဖေးနတ်ဘုရားကျောက်တုံးကို ကြယ်စင်ထိုးဖောက်ကျောက်တုံး ဟု အမည်ပေးထားကြသည်။
ကြယ်စင်ထိုးဖောက်ကျောက်တုံးမှာ အကြီးမားဆုံး ကျောက်တုံးဖြစ်သော်လည်း ၎င်းသည် တန်ဖိုးအရှိဆုံး ကျောက်တုံးတစ်ခုတော့ မဟုတ်ချေ။ ကြယ်စင်ထိုးဖောက်ကျောက်တုံးထက် ပိုမို၍ ရှားပါးလှသော အခြားသော ဖေးနတ်ဘုရားကျောက်တုံးတစ်တုံး ရှိသေးပြီး ၎င်း၏ နာမည်မှာ နတ်ဘုရားသုံးပါးတံဆိပ်ဟု ခေါ်သည်။
နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးမှာ မမြင့်မားလှဘဲ ခြေဝက်ခန့်သာ ရှည်လျားသော်လည်း ၎င်းအတွင်း၌ မတူညီသော ဖေးနတ်ဘုရား သုံးပါး၏ အရှိန်အဝါ သင်္ကေတ အငွေ့အသက်များ တစ်ပါတည်း ပိတ်လှောင်ကိန်းဝပ်လျက် ရှိကြသည်။
ထိုဖေးနတ်ဘုရား သုံးပါး၏ အရှိန်အဝါ သင်္ကေတ အငွေ့အသက်များသည် ဤကျောက်တုံးအတွင်း၌ တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ကြသဖြင့် ၎င်း၏ တန်ဖိုးမှာ ကျန်ရှိသော အခြားသော ဖေးနတ်ဘုရားကျောက်တုံးအားလုံးထက် အဆပေါင်းများစွာ သာလွန်မြင့်မားနေခဲ့ခြင်း ဖြစ်သည်။
ကြယ်စင်ထိုးဖောက်ကျောက်တုံးနှင့် နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးတို့မှာ ကမ္ဘာဦးဟင်းလင်းပြင်အတွင်းရှိ အကောင်းဆုံးသော ဖေးနတ်ဘုရားကျောက်တုံးကြီးနှစ်တုံး ဖြစ်ကြသည်။ ကျန်ရှိသော ကျောက်တုံးများမှာမူ ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ပါးလှပေသည်။
ယီယွင် ကျောက်စိမ်းပြားကို ပြန်ချလိုက်ပြီး သူ၏ နောက်ကွယ်တွင် ရှိနေကြသောသူများကို လှမ်း၍ ကြည့်လိုက်မိသည်။ ဤကမ္ဘာဦးဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိထားကြသော ပါရမီရှင် အရေအတွက်မှာ စုစုပေါင်း ခုနစ်ဆယ်ခန့် ရှိပေသည်။
သို့သော်လည်း ဤနေရာတွင် ရှိသော ဖေးနတ်ဘုရားကျောက်တုံး အရေအတွက်မှာ နှစ်ဆယ့်ခုနစ်တုံးသာ ရှိသဖြင့် လူတိုင်းအတွက် မလုံလောက်သည်မှာ ထင်ရှားလှပေသည်။
လူအများအပြားမှာလည်း ဤပြဿနာကို သတိပြုမိလိုက်ကြသဖြင့် အကြီးအကဲ တွမ့်မုကို စိုးရိမ်တကြီး လှမ်း၍ ကြည့်လိုက်ကြတော့သည်။
“ဖေးနတ်ဘုရားကျောက်တုံးတွေရဲ့ မိတ်ဆက်ဖော်ပြချက်ကို ဖတ်ပြီးရင် ကျောက်စိမ်းပြားတွေကို ပြန်ပေးကြပါ”
“ဒီကမ္ဘာဦးဟင်းလင်းပြင်ထဲကို ဝင်ခွင့်ရတဲ့ တပည့် အရေအတွက်က စုစုပေါင်း ခုနစ်ဆယ့်တစ်ယောက် ရှိတယ်”
“ပထမဆုံး ရှေးဟောင်းဖေးကို မသတ်နိုင်ခဲ့တဲ့ တပည့်တွေကတော့ တစ်နေ့ကို ရှစ်နာရီပဲ ဤကမ္ဘာဦးဟင်းလင်းပြင်ထဲမှာ နေထိုင်ခွင့် ရှိလိမ့်မယ်”
“ပထမဆုံး ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့တဲ့သူတွေကတော့ တစ်နေ့ကို တစ်ဆယ့်ခြောက်နာရီအထိ ဤကမ္ဘာဦးဟင်းလင်းပြင်ထဲမှာ နေထိုင်ကျင့်ကြံခွင့် ရှိလိမ့်မယ်”
“ဖေးနတ်ဘုရားကျောက်တုံးတွေကို ရွေးချယ်တဲ့နေရာမှာတော့ မြေခွေးဖြူမင်းသမီးက ပထမဆုံး ရွေးချယ်ခွင့် ရှိမှာဖြစ်ပြီး အဲဒီနောက်မှာတော့ ကျန်ကျူး၊ ဝူဖုန်း၊ အရိပ်အမြွှာညီမများ၊ လော့မိုနဲ့ ယီယွင် တို့ အစဉ်လိုက် ဖြစ်လိမ့်မယ်” အကြီးအကဲ တွမ့်မုသည် ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်အတွင်း၌ အကောင်းဆုံး ရလဒ်များ ရရှိခဲ့ကြသူများ၏ နာမည်များကို အစဉ်လိုက်အတိုင်း ရွတ်ဆိုပြလိုက်သည်။
ရလဒ် ပိုမိုကောင်းမွန်လေလေ၊ သူတို့တွင် ပိုမို၍ မြင့်မားသော ဦးစားပေး ရွေးချယ်ခွင့် ရှိလေလေ ဖြစ်သည်။
ထို့အပြင် လူတိုင်းသည် ဖေးနတ်ဘုရားကျောက်တုံး တစ်တုံးတည်းကိုသာ ကန့်သတ်ရွေးချယ်ရခြင်း မဟုတ်ပေ။ ဥပမာအားဖြင့် မြေခွေးဖြူမင်းသမီး၏ ရွေးချယ်ခွင့်မှာ အခြားသူများအားလုံးထက် သာလွန်လှပေသည်။
သူမသည် မိမိအတွက် သတ်မှတ်ထားသော တစ်နေ့တာ၏ တစ်ဆယ့်ခြောက်နာရီကို ကြိုက်နှစ်သက်ရာ ဖေးနတ်ဘုရားကျောက်တုံးတစ်တုံးခု၌ အသုံးပြုရန် ရွေးချယ်နိုင်သည်။
အကယ်၍ မြေခွေးဖြူမင်းသမီးက အနက်ရှိုင်းဆုံးဖြစ်သော နတ်ဘုရားသုံးပါးတံဆိပ် ကို ရွေးချယ်ခဲ့မည်ဆိုပါက သူမသည် ထိုနတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံး၏ အချိန်အပိုင်းအခြား သုံးပုံနှစ်ပုံကို တစ်ဦးတည်း သီးသန့် အသုံးပြုခွင့် ရရှိသွားမည် ဖြစ်သည်။
ကျန်ရှိသော အချိန် သုံးပုံတစ်ပုံကိုမူ ကျန်ကျူးက ဆက်လက်၍ ရယူသွားပေလိမ့်မည်။
လူနှစ်ယောက်တည်းနှင့်ပင် နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးကို အပိုင်စီးထားနိုင်ကြခြင်း ဖြစ်သည်။
ကျန်ကျူးတွင်လည်း အချိန်အတော်များများ ကျန်ရှိနေသေးသဖြင့် သူသည် ဒုတိယမြောက် တန်ဖိုးအရှိဆုံး ဖြစ်သော ကြယ်စင်ထိုးဖောက်ကျောက်တုံး ကိုလည်း ထပ်မံ၍ ရွေးချယ်ပေလိမ့်မည်။
ကြယ်စင်ထိုးဖောက်ကျောက်တုံး၏ ကျန်ရှိသော အချိန်များကိုမူ ဝူဖုန်းနှင့် အရိပ်အမြွှာညီမများက ဆက်လက်၍ ရယူသွားကြမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ယီယွင်နှင့် လော့မိုတို့၏ အလှည့်သို့ ရောက်ရှိလာချိန်တွင်မူ အကောင်းဆုံးသော ဖေးနတ်ဘုရားကျောက်တုံးများအတွက် အချိန်အပိုင်းအခြားမှာ လုံးဝ ကျန်ရှိတော့မည် မဟုတ်ချေ။
ယီယွင်နှင့် လော့မိုတို့အနေဖြင့် မြေခွေးဖြူမင်းသမီးက နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးထံမှ မည်သည့်ထိုးထွင်းသိမြင်မှုကိုမျှ မရရှိတော့သဖြင့် ၎င်းကို ခေတ္တစွန့်လွှတ်လိုက်မည့် အချိန်မျိုးကိုသာ စောင့်ဆိုင်းပြီး ထိုကျောက်တုံးကို လေ့လာခွင့်ရရန်အတွက် အဖိုးတန်လှသော အချိန်အပိုင်းအခြားလေးတစ်ခုကို ရုန်းကန်ရယူကြရပေလိမ့်မည်။
ကျန်ရှိသော အခြားသူများ၊ ပထမဆုံး ရှေးဟောင်းဖေးကိုပင် မသတ်နိုင်ခဲ့ကြသောသူများအတွက်မူ ဤနတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးကို ထိတွေ့ခွင့်ပင် ရရှိကြမည် မဟုတ်ချေ။
ခွဲဝေမှု စည်းမျဉ်းများကို နားလည်လိုက်ကြပြီးနောက် လူအများအပြား၏ မျက်နှာထက်တွင် အလွန်ပင် ရုပ်ဆိုးလှသော အရိပ်အယောင်များ ပေါ်လာခဲ့ကြတော့သည်။
ထိုအထဲတွင် ရန်ရွဲ့ယီလည်း တစ်ယောက် အပါအဝင် ဖြစ်သည်။
ပထမဆုံး ရှေးဟောင်းဖေးကို မသတ်နိုင်ခဲ့ကြသော တပည့်များအနက် ရန်ရွဲ့ယီသည် အကြာဆုံး တောင့်ခံနိုင်ခဲ့သူ ဖြစ်ပြီး စုစုပေါင်း ကိုးမိနစ်တိတိ တောင့်ခံနိုင်ခဲ့ခြင်း ဖြစ်သည်။
ဤရလဒ်ကြောင့် ရန်ရွဲ့ယီသည် အတော်လေးကို ကျေနပ်ဂုဏ်ယူနေခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူ ဖေးသန့်စင်ခြင်း ကျောက်ဆောင် အစီအရင်အတွင်းမှ ထွက်လာချိန်တွင်မူ သူနှင့်အတူ ဝင်ရောက်သွားခဲ့သော ယီယွင်က ပထမဆုံး ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့ကြောင်း သိလိုက်ရသဖြင့် သူ အလွန်ပင် အံ့ဩသွားခဲ့ရသည်။
၎င်းက ကိစ္စမရှိလှသော်လည်း ယခုအခါတွင်မူ သူသည် ပထမဆုံး ရှေးဟောင်းဖေးကို မသတ်နိုင်ခဲ့သဖြင့် ဖေးနတ်ဘုရားကျောက်တုံးများထံမှ ထိုးထွင်းသိမြင်မှု ရယူရန်အတွက် ရရှိမည့် အချိန်အပိုင်းအခြားမှာ သူတို့၏ ထက်ဝက်မျှသာ ရှိတော့ကြောင်း သိလိုက်ရသည်။
ထို့အပြင် ကျန်ရှိသောသူများအားလုံး ရွေးချယ်ပြီးသည့်အထိ စောင့်ဆိုင်းရဦးမည်ဖြစ်ရာ သူ မည်သို့လျှင် စိတ်အေးချမ်းနိုင်ပါတော့မည်နည်း။
“အကြီးအကဲ တွမ့်မု ဒီလို စည်းမျဉ်းမျိုးက ဘယ်လိုလုပ်ပြီး အလုပ်ဖြစ်မှာလဲခင်ဗျာ။ ဒါက ကျွန်တော်တို့ လော့မျိုးနွယ်စုရဲ့ အကောင်းဆုံး အရင်းအမြစ်တွေကို မြေခွေးဖြူမျိုးနွယ်စုထံ ရည်ရွယ်ချက်ရှိရှိ ပေးအပ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား”
ရန်ရွဲ့ယီ အလွန်ပင် စိုးရိမ်ပူပန်သွားခဲ့ရသည်။
လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲအတွက် အချိန်မှာ တစ်ဆယ့်ရှစ်နှစ်သာ ရှိသည်။ ၎င်းမှာ အလွန်ပင် အဖိုးတန်လှပြီး သူတို့၏ အနာဂတ် အောင်မြင်မှုများကို အတိုင်းအတာတစ်ခုအထိ အဓိက ဆုံးဖြတ်ပေးမည့် အခွင့်အရေး ဖြစ်သည်။
သို့သော်လည်း ယခု စည်းမျဉ်းများအရဆိုလျှင် ရန်ရွဲ့ယီအနေဖြင့် အနည်းငယ်မျှသော အချိန်အပိုင်းအခြားလေးကိုသာ ထိုးထွင်းသိမြင်မှု ရယူရန် ရရှိတော့မည် ဖြစ်သည်။
သူသည် ကျန်ကျူးနှင့် အခြားသူများ၏ နောက်ကွယ်တွင် သေချာပေါက် ကျန်ရစ်ခဲ့ပေလိမ့်မည်။ သူသည် ယီယွင်ထက်ပင် ပိုမို၍ နိမ့်ကျသွားနိုင်ချေ ရှိပေသည်။
ရန်ရွဲ့ယီ၏ စိတ်ဝိညာဉ် အသံလွှင့်ချက်ကို ကြားလိုက်ရသောအခါ အကြီးအကဲ တွမ့်မု မျက်မှောင်ကြုတ်လိုက်မိရင်း အေးစက်လှသော လေသံဖြင့်
“မြေခွေးဖြူမျိုးနွယ်စုထံ ပေးအပ်လိုက်ရတာက မင်းတို့ကိုယ်တိုင် မျှော်လင့်ချက်တွေအတိုင်း ဖြစ်မလာခဲ့ကြလို့ပဲ။
စည်းမျဉ်းတွေကတော့ ဒီအတိုင်းပဲ။ မြေခွေးဖြူမျိုးနွယ်စုဟာ လော့နတ်ဘုရားခန်းမအတွင်းမှာ အရင်းအမြစ်တွေ ပိုပြီး ရရှိသွားနိုင်တာ မှန်ပေမဲ့ ခရမ်းပြာဝိဉာဉ် မင်းသမီးကလည်း မြေခွေးဖြူမျိုးနွယ်စုထံကနေ ပိုပြီး မြင့်မားတဲ့ အရင်းအမြစ်တွေကို ရရှိသွားမှာပဲ။ လူတိုင်း ရရှိမယ့်အရာက မိမိတို့ရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်တယ်”
အကြီးအကဲ တွမ့်မုက ရန်ရွဲ့ယီ၏ မျက်နှာကို တည့်တည့်ကြည့်ကာ ဒေါသတကြီး ဆူပူကြိမ်းမောင်းလိုက်သဖြင့် ရန်ရွဲ့ယီမှာ ဆွံ့အသွားခဲ့ရတော့သည်။ သူ ဘာများ ထပ်ပြီး ပြောနိုင်ပါဦးမည်နည်း။ ဖေးသန့်စင်ခြင်း ကျောက်ဆောင် စမ်းသပ်ပွဲတွင် သူသည် မိမိထက် ခွန်အားအားနည်းသော ယီယွင်ကိုပင် အနိုင်မယူနိုင်ခဲ့ချေ။
“မြေခွေးဖြူမင်းသမီး မင်း စတင်ပြီး ရွေးချယ်နိုင်ပါပြီ။ အကယ်၍ မင်း ဆန္ဒရှိမယ်ဆိုရင် တစ်နေ့တာအတွက် သတ်မှတ်ထားတဲ့ မင်းရဲ့ တရားထိုင်ချိန်တွေကို ပေါင်းစပ်ပြီး အသုံးပြုနိုင်သလို တစ်လစာ အချိန်ကိုလည်း တစ်ကြိမ်တည်းနဲ့ ဆက်တိုက် လေ့လာခွင့် ရှိတယ်”
ကျောက်စိမ်းပြားများအတွင်း၌ ဖေးနတ်ဘုရားကျောက်တုံးများ၏ ယေဘုယျ မိတ်ဆက်ဖော်ပြချက်မျှသာ ပါရှိခြင်း ဖြစ်သည်။ ၎င်းက မိမိနှင့် သင့်တော်မှု ရှိမရှိဆိုသည်ကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်ကြည့်ရှုရမည် ဖြစ်သည်။
“စီနီယာတွမ့်မုကို ကျေးဇူးတင်ပါတယ်ရှင်”
မြေခွေးဖြူမင်းသမီးက ပြုံးလိုက်ရင်း ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများအကြားသို့ လှမ်း၍ လျှောက်လှမ်းသွားခဲ့တော့သည်။
သူမ၏ ခန္ဓာကိုယ်မှာ မြူခိုးများအကြားတွင် တဖြည်းဖြည်း ဝေဝါးသွားခဲ့ပြီး ခေတ္တမျှ ကြာပြီးနောက်တွင်မူ မြူခိုးများအကြားမှ ပြန်လည်ထွက်ခွာလာခဲ့ကာ “သမီးအနေနဲ့ နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးကို ရက်ပေါင်းနှစ်ဆယ်၊ ကြယ်စင်ထိုးဖောက်ကျောက်တုံးကို ၁၀ ရက် သုံးဖို့ ရွေးချယ်ပါတယ်” ဟု ဆိုလိုက်တော့သည်။
မြေခွေးဖြူမင်းသမီးက သူမ၏ ဆုံးဖြတ်ချက်ကို ချမှတ်လိုက်ပြီ ဖြစ်သည်။ သို့သော်လည်း ရောက်ရှိနေကြသော လော့မျိုးနွယ်စု တပည့်များ ထိုစကားကို ကြားလိုက်ရသောအခါ ရင်ထဲတွင် တဆစ်ဆစ် နာကျင်သွားခဲ့ကြရတော့သည်။
ရုတ်ခြည်းမှာပင် အကောင်းဆုံးသော ဖေးနတ်ဘုရားကျောက်တုံးကြီးနှစ်တုံးလုံး အသုံးပြုခံလိုက်ရပြီ ဖြစ်သည်။ ထို့အပြင် ၎င်းမှာ ပထမဆုံးလူသာ ရှိသေးပြီး အချိန်အတော်များများကို ရယူသွားခဲ့ခြင်း ဖြစ်သည်။ သူတို့၏ အလှည့်သို့ ရောက်ရှိလာချိန်တွင် မည်မျှအထိ ကျန်ရှိပါတော့မည်နည်း။
အကြီးအကဲ တွမ့်မုမှာမူ မြေခွေးဖြူမင်းသမီး၏ ရွေးချယ်မှုအပေါ် အံ့ဩခြင်း မရှိချေ။
ဖေးနတ်ဘုရားကျောက်တုံးအားလုံးအနက် နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးမှာ အနက်ရှိုင်းဆုံး ဖြစ်သည်။ ၎င်းအတွင်း၌ ကိန်းဝပ်နေသော ဥပဒေသများမှာလည်း အရှုပ်ထွေးဆုံး ဖြစ်သဖြင့် မြေခွေးဖြူမင်းသမီးအနေဖြင့် ၎င်းကို ရွေးချယ်ခြင်းမှာ သဘာဝကျလှပေသည်။
“နောက်တစ်ယောက် ကျန်ကျူး”
ကျန်ကျူးသည် ဝူဖုန်းကို သီသီလေး အနိုင်ရခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ ထိုအနည်းငယ်မျှသော အားသာချက်က အလွန်ပင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်လာခဲ့ပြီ ဖြစ်သည်။
“စီနီယာတွမ့်မု ကျွန်တော်လည်း ရွေးချယ်ပြီးပါပြီ။ ကျွန်တော်ကတော့ ပထမဆုံး ကြယ်စင်ထိုးဖောက်ကျောက်တုံးကို ရက်ပေါင်းနှစ်ဆယ် လေ့လာမှာဖြစ်ပြီး အဲဒီနောက်မှာတော့ နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးကို ၁၀ ရက် လေ့လာဖို့ ရွေးချယ်ပါတယ်”
ကျန်ကျူး ရွေးချယ်လိုက်သော ဖေးနတ်ဘုရားကျောက်တုံးများ၏ အချိန်အပိုင်းအခြားမှာ မြေခွေးဖြူမင်းသမီး၏ အချိန်အပိုင်းအခြားနှင့် အပြန်အလှန် ဖြည့်စွက်ပေးထားသကဲ့သို့ ဖြစ်နေသည်။
ပထမဆုံး တစ်လအတွင်းမှာပင် အကောင်းဆုံးသော ဖေးနတ်ဘုရားကျောက်တုံးကြီးနှစ်တုံးလုံးကို လူနှစ်ယောက်တည်းက လုံးဝ အပိုင်စီးလိုက်ကြခြင်း ဖြစ်သည်။
ရောက်ရှိနေကြသော လော့မျိုးနွယ်စု တပည့်အများအပြား ရင်ထဲတွင် ခါးသီးလှသော ဝေဒနာကို ခံစားလိုက်ကြရတော့သည်။ အခြားသူများက အသားကို အဝစားခွင့် ရရှိနေကြချိန်တွင် သူတို့မှာမူ သောက်စရာ စွပ်ပြုတ်ရည်မျှသာ ကျန်ရှိတော့သည် မဟုတ်ပါလား။
မြေခွေးဖြူမင်းသမီးနှင့် ကျန်ကျူးတို့သည် ပထမဆုံး ရက်ပေါင်းသုံးဆယ်ကို အပိုင်စီးထားကြခြင်း ဖြစ်သည်။ စည်းမျဉ်းများအရဆိုလျှင် ၎င်းနောက်ပိုင်းတွင်မူ သူတို့သည် ရက်အနည်းငယ်ကြာ အနားယူရမည် ဖြစ်သည်။
ထိုအနားယူသည့် အချိန်အပိုင်းအခြားအတွင်း၌ နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးနှင့် ကြယ်စင်ထိုးဖောက်ကျောက်တုံးတို့မှာ အလွတ် ဖြစ်နေပေလိမ့်မည်။ သို့သော်လည်း ဝူဖုန်းနှင့် အရိပ်အမြွှာညီမများက ထိုအလွတ်ဖြစ်နေသော အချိန်များကို ခွဲဝေယူရန်အတွက် အားနာနေကြမည် မဟုတ်ချေ။
ထိုသို့ဆိုလျှင် ၎င်းနောက်ပိုင်းတွင်မူ ဘာမျှ ကျန်ရှိတော့မည် မဟုတ်ချေ။ ထိုအခြေအနေသို့ ရောက်ရှိလာမှသာလျှင် လော့မိုနှင့် ယီယွင်တို့၏ အလှည့် ရောက်ရှိလာမည် ဖြစ်ပေတော့သည်။
အခန်း ၈၉၁ - ထင်မှတ်မထားသော အလှည့်အပြောင်း
“ညီလေးယီ ငါတို့အလှည့် ရောက်ပြီ”
ဤအခြေအနေကို မြင်လိုက်ရသောအခါ လော့မိုက စိတ်မကောင်းစွာဖြင့် မချိပြုံး ပြုံးလိုက်မိသည်။
သူသည် ရင်ထဲတွင် တဆစ်ဆစ် ခံစားနေရပြီး လာမည့် နှစ်ဝက်ခန့်အတွင်း မိမိအနေဖြင့် နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးနှင့် ကြယ်စင်ထိုးဖောက်ကျောက်တုံးတို့ကို ထိတွေ့ခွင့်ရရန် မည်သို့မျှ အခွင့်အရေး ရှိလိမ့်မည်မဟုတ်ကြောင်း ခန့်မှန်းလိုက်မိသည်။
စမ်းသပ်ပွဲ၏ အဆုံးသတ်ပိုင်း ရောက်သည့်တိုင်အောင် မြေခွေးဖြူမင်းသမီး သို့မဟုတ် အရိပ်အမြွှာညီမများက ကြယ်စင်ထိုးဖောက်ကျောက်တုံး သို့မဟုတ် နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးတို့ကို မလေ့လာဘဲ ကျန်ရစ်မည့် အချိန်မျိုးနှင့် ဆုံတွေ့ရန်မှာ အလွန်ပင် ခဲယဉ်းလှပေသည်။
သူတို့အနေဖြင့် ထိုကျောက်တုံးကြီးများနှင့်အတူ တရားထိုင်ခွင့်ရမည့် အချိန်မှာ အလွန်အမင်း နည်းပါးလှပေသည်။
နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးမှာ အနက်ရှိုင်းဆုံး ကျောက်တုံးကြီး ဖြစ်သော်လည်း ဤမျှလောက် တိုတောင်းလှသော အချိန်အပိုင်းအခြားလေးအတွင်း သူ ဘာများ ထိုးထွင်းသိမြင်နိုင်ပါတော့မည်နည်း ။
ဤအချက်ကို တွေးတောမိလိုက်သောအခါ လော့မိုသည် မြေခွေးဖြူမင်းသမီးကို အလွန်ပင် မနာလိုဖြစ်မိတော့သည်။ သူမသည် ကမ္ဘာဦးဟင်းလင်းပြင်အတွင်းရှိ မည်သည့် ဖေးနတ်ဘုရားကျောက်တုံးနှင့်မဆို လွတ်လပ်စွာ တရားထိုင်ကျင့်ကြံနိုင်သည်။ ဤကဲ့သို့သော အခွင့်အရေးမျိုးမှာ သူ့အတွက်တော့ လုံးဝ မဖြစ်နိုင်ချေ။
လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲကြီးသည် သူတို့ကဲ့သို့သောသူများကို ထိပ်တန်းပါရမီရှင်များနှင့် အမှီလိုက်နိုင်ရန် အခွင့်အရေး မပေးရုံတင်မကဘဲ သူတို့အကြားရှိ ကွာခြားချက်ကို ပိုမို၍ ကြီးမားသွားစေရန် ပြုလုပ်နေသကဲ့သို့ ဖြစ်နေသည်။
ဤသည်မှာ ဂျီဩမေထရီကိန်းဂဏန်းအလား ဆထက်ထမ်းပိုးမက ကွာခြားသွားစေသည့် ဖေးတစ်သောင်းကောင်းကင်ဘုံ၏ စည်းမျဉ်းတစ်ခုပင် ဖြစ်သည်။ အကောင်းဆုံးသော အရင်းအမြစ်များကို အကောင်းဆုံးသော ပါရမီရှင်များကို ပိုမိုပျိုးထောင်ရန်အတွက်သာ စုစည်းပေးအပ်ထားခြင်း ဖြစ်သည်။
“ညီလေးယီ ငါတို့တွေကတော့ ဒုက္ခချင်းတူတဲ့ အဖော်တွေ ဖြစ်သွားကြပြီ ထင်တယ်” လော့မိုက မိမိကိုယ်မိမိ သရော်သလို လေသံဖြင့် ဆိုလိုက်သည်။
ယီယွင်သည်လည်း မျက်ခုံးကို အသာအယာ လှုပ်ခတ်လိုက်မိရင်း နှမြောတသ ဖြစ်မိသည်။ သူသည်လည်း ဖေးနတ်ဘုရား သုံးပါး၏ အရှိန်အဝါ အငွေ့အသက်များ ပေါင်းစပ်ကိန်းဝပ်နေသည့် နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးကို သွားရောက်ကြည့်ရှုလေ့လာချင်မိသည်။
သို့သော်လည်း ကံဆိုးစွာဖြင့် ယီယွင်၏ အစဉ်လိုက်အဆင့်မှာ လော့မို၏ နောက်တွင် ရှိနေခဲ့ခြင်း ဖြစ်သည်။ လော့မိုတွင်ပင် အခွင့်အရေး မရှိလျှင် သူ့အတွက်မူ သာ၍ပင် အခွင့်အရေး ရှိလိမ့်မည်မဟုတ်ချေ။
နတ်ဘုရားသုံးပါးတံဆိပ်ကျောက်တုံးနှင့် ကြယ်စင်ထိုးဖောက်ကျောက်တုံးတို့၏ နောက်ကွယ်တွင်မူ ကျန်ရှိသော အခြားသော ဖေးနတ်ဘုရားကျောက်တုံးများ၏ အရည်အသွေးမှာ သိသာထင်ရှားစွာ နိမ့်ကျသွားခဲ့သည်။ ၎င်းတို့အနက် အနည်းငယ် ပိုမိုကောင်းမွန်သော ကျောက်တုံးများမှာ ကျောက်တုံးမျက်နှာပြင်ထက်တွင် အလင်းစက် ခုနစ်စက် ပါရှိသည့် ကြယ်ခုနစ်ပွင့်ကျောက်တုံး၊ လေးထောင့်ပုံစံရှိသည့် လေးမျက်နှာကျောက်ပြား နှင့် တဖျတ်ဖျတ် လင်းလက်နေသည့် ရတနာကျောက်တုံး လင်းလက်ကြယ်စင် တို့ ဖြစ်ကြသည်။
ဤသုံးတုံးမှာ အရည်အသွေးချင်း သိပ်မကွာခြားလှသဖြင့် မည်သည့်ကျောက်တုံးကိုမဆို ရွေးချယ်ရာတွင် ထူးခြားမှု သိပ်မရှိချေ။
ယီယွင် ကျောက်တုံးတစ်တုံးချင်းစီကို လိုက်လံကြည့်ရှုနေပြီး ဆုံးဖြတ်ချက်ချရန် အလျင်စလို မလုပ်သေးချေ။ ကမ္ဘာဦးဟင်းလင်းပြင်အတွင်း ကျင့်ကြံရခြင်းမှာ လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲ၏ အလွန်အရေးကြီးသော အစိတ်အပိုင်းတစ်ခု ဖြစ်သည်။ သင့်တော်မှန်ကန်သော ဖေးနတ်ဘုရားကျောက်တုံးကို ရွေးချယ်ရန်မှာ အလွန်ပင် လိုအပ်လှပေသည်။
မိမိအနေဖြင့် ထိပ်တန်းအဆင့်ရှိသော ဖေးနတ်ဘုရားကျောက်တုံးကို မရွေးချယ်နိုင်မှန်း သိရှိထားလျှင်ပင် သူ ပေါ့ဆ၍ မဖြစ်ချေ။
ယီယွင်သည် ရှိသမျှသော ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးစလုံးကို လိုက်လံကြည့်ရှုလိုက်သည်။
ပထမဆုံး ကျောက်တုံးအချို့မှာ အရည်အသွေး အမြင့်မားဆုံး ဖြစ်သော်လည်း နောက်ပိုင်းသို့ ရောက်ရှိလာလေလေ အရည်အသွေးမှာ သိသိသာသာ နိမ့်ကျလာလေလေ ဖြစ်သည်။
အနှစ်ဆယ်မြောက် ဖေးနတ်ဘုရားကျောက်တုံးမှာ ပန်းကန်လုံးတစ်လုံးခန့် အရွယ်အစားသာ ရှိတော့သည်။ ၎င်းအတွင်း၌ ကိန်းဝပ်နေသော ဖေးနတ်ဘုရား၏ အရှိန်အဝါ အငွေ့အသက်မှာ ၎င်းမတိုင်ခင်က အခြားသော ကျောက်တုံးများ၏ ဆယ်ပုံတစ်ပုံမျှပင် မရှိချေ။
သို့သော်လည်း ယီယွင်သည် ဖေးနတ်ဘုရားကျောက်တုံးတိုင်းကို တစ်တုံးချင်းစီ သေသေချာချာ ကြည့်ရှုခဲ့သည်။
သို့သော်
“ဒီ ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးအပြင် ဘာဖြစ်လို့ တခြား ကမ္ဘာဦးကျောက်တုံးတွေ ရှိနေရတာလဲ”
ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများအကြားတွင် လွင့်မျောနေသည့် ရှေးဟောင်းကျောက်တုံးကြီး သုံးတုံးကို ယီယွင် သတိပြုမိလိုက်သည်။
ထိုကျောက်တုံး သုံးတုံးမှာ ငါးပေ၊ ခြောက်ပေပတ်လည်ခန့် အရွယ်အစား ရှိကြသည်။ ၎င်းတို့မှာ ကြယ်စင်ထိုးဖောက်ကျောက်တုံးထက်ပင် ပိုမိုကြီးမားလှပြီး ကျောက်တုံးမျက်နှာပြင်ထက်တွင်မူ ရေလှိုင်းဂယက်များနှင့်တူသော ထူးဆန်းလှသော ပုံရိပ်လွှာများ ပါရှိကြသည်။ ၎င်းတို့မှာ နှစ်ပေါင်း ဘီလီယံပေါင်းများစွာကြာအောင် ကမ္ဘာဦးမြူခိုးများ၏ တိုက်စားစီးဆင်းမှုကြောင့် ထွင်းထုပုံဖော်ခြင်း ခံထားရသည့်အလား ထင်မှတ်ရသည်။
“အဲဒီသုံးတုံးက ကမ္ဘာဦးကျောက်တုံးတွေလားဗျ” ယီယွင်က လော့မိုကို လှမ်း၍ မေးမြန်းလိုက်သည်။
လော့မိုက ခေါင်းကို ခါယမ်းပြလိုက်ရင်း သူကိုယ်တိုင်လည်း သေချာမသိကြောင်း အရိပ်အယောင် ပြလိုက်သည်။
လော့မို သူ၏ စိတ်ဝိညာဉ်အာရုံဖြင့် အနည်းငယ် စစ်ဆေးကြည့်သော်လည်း မည်သည့် ဖေးနတ်ဘုရား၏ အရှိန်အဝါ အငွေ့အသက်ကိုမျှ ခံစားမိခြင်း မရှိချေ။
“ဒါက သာမန် ကမ္ဘာဦးကျောက်တုံးတွေ ဖြစ်ရမယ်။ စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာကတည်းက ဖွဲ့စည်းတည်ဆောက်ခဲ့တဲ့ ကမ္ဘာဦးကျောက်တုံးတစ်တုံးဟာ ဖေးနတ်ဘုရားရဲ့ အရှိန်အဝါတွေ ပိတ်လှောင်ကိန်းဝပ်မနေဘူးဆိုရင်တောင် သူ့ရဲ့တန်ဖိုးက အများကြီး ကြီးမားလှသေးတာပဲ။ ဒါ့အပြင် ဒါက ဒီလောက်အထိ ကြီးမားတဲ့ ကမ္ဘာဦးကျောက်တုံးကြီးတွေလေ” ဟု ဆိုလိုက်သည်။
လော့မိုက ထိုသို့ပြောဆိုလိုက်သော်လည်း ယီယွင်ကမူ တစ်ခုခု မှားယွင်းနေသကဲ့သို့ ခံစားနေရဆဲ ဖြစ်သည်။ ဤကမ္ဘာဦးကျောက်တုံး သုံးတုံးက သူ့ကို ထူးဆန်းသော ခံစားချက်တစ်ခု ပေးစွမ်းနေခဲ့သည်။
ထို့အပြင် ယခင်က အကြီးအကဲ တွမ့်မု ပေးအပ်ခဲ့သော ကျောက်စိမ်းပြားအတွင်း၌လည်း ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးအကြောင်းကိုသာ မိတ်ဆက်ဖော်ပြထားခြင်း ဖြစ်သည်။ ဤကျောက်တုံးကြီး သုံးတုံးမှာမူ ချန်လှပ်ထားခြင်း ခံခဲ့ရသည်။
“စီနီယာတွမ့်မု ဒါတွေက ဘာတွေလဲ မသိဘူးနော်” လော့မိုကိုယ်တိုင် မသိရှိသဖြင့် ယီယွင် အကြီးအကဲ တွမ့်မုကိုသာ လှမ်း၍ မေးမြန်းလိုက်တော့သည်။
အကြီးအကဲ တွမ့်မုက ထူးဆန်းလှသော မြူခိုးများအကြားတွင် ထိုင်နေရင်း “ငါလည်း မင်းကို အဖြေပေးနိုင်မှာ မဟုတ်ဘူး” ဟု ဆိုလိုက်တော့သည်။
အင် ...
အကြီးအကဲ တွမ့်မုသည် ယွမ်ချီ ယွမ်ချီအသံလွှင့်နည်းလမ်းကို အသုံးမပြုခဲ့ချေ။ ထို့ကြောင့် လူတိုင်း ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩသွားကြရတော့သည်။
လော့နတ်ဘုရားခန်းမ၏ အစောင့်အရှောက် ဖြစ်သော အကြီးအကဲ တွမ့်မုကိုယ်တိုင်ပင် ဤနတ်ဘုရားကျောက်တုံး သုံးတုံးမှာ ဘာလဲဆိုသည်ကို မသိရှိဘူး ဟုတ်လား ။
“ဒါတွေက ကမ္ဘာဦးကျောက်တုံးတွေ မဟုတ်ဘူးလား ခင်ဗျာ” လော့မို အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့ရသည်။ သူ၏ စစ်ဆေးမှုအရဆိုလျှင် ဤကျောက်တုံး သုံးတုံးမှာ သာမန် ကမ္ဘာဦးကျောက်တုံးများသာ ဖြစ်သည်။
သို့သော် အကြီးအကဲ တွမ့်မုက “သူတို့က သာမန် ကမ္ဘာဦးကျောက်တုံးတွေထက် အများကြီး ပိုပြီး နက်နဲလွန်းတယ်။ ဘာဖြစ်လို့ နက်နဲနေရတာလဲဆိုတာကိုတော့ လော့မျိုးနွယ်စုထဲက ဘယ်သူမှ မသိကြဘူး။ အမှန်အတိုင်း ပြောရရင် လော့မျိုးနွယ်စုတင်မကဘဲ ဖေးတစ်သောင်းကောင်းကင်ဘုံထဲက တခြားသော အင်အားကြီး မျိုးနွယ်စုတွေမှာတောင် ဒီနတ်ဘုရားကျောက်တုံး သုံးတုံးက ဘယ်လိုမျိုး လျှို့ဝှက်ချက်တွေကို ပိုင်ဆိုင်ထားသလဲဆိုတာ တိတိကျကျ ရှင်းပြနိုင်မယ့်သူ မရှိလောက်ဘူး” ဟု ဆိုလိုက်သည်။
အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်သောအခါ ရောက်ရှိနေကြသောသူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြရတော့သည်။ ဖေးတစ်သောင်းကောင်းကင်ဘုံတွင်ကြီးတစ်ခုလုံးက အင်အားကြီး မျိုးနွယ်စုများပင် မသိရှိကြဘူး ဟုတ်လား ။
သို့သော် လူတိုင်းက နားမလည်နိုင်ကြဘူးဆိုလျှင် ၎င်းတို့က အလွန်နက်နဲလှသည်ဟု သူတို့က ဘယ်လိုလုပ်ပြီး အတတ်ပြောနိုင်ကြသနည်း။
အကြီးအကဲ တွမ့်မုသည် လူတိုင်း၏ အတွေးများကို ခန့်မှန်းမိပုံရပြီး “စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာကတည်းက ရှေးဟောင်း ဖေးနတ်ဘုရား ၁၂ပါး ရှိခဲ့တယ်ဆိုတာ မင်းတို့အားလုံး သိကြလိမ့်မယ် ထင်တယ်” ဟု ထပ်မံ၍ ဆိုလိုက်သည်။
လူတိုင်း ခေါင်းကို အသာအယာ ညိတ်လိုက်ကြသည်။ သူတို့သည် အရာအားလုံး၏ ဘိုးဘေးများ ဖြစ်ကြသော ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအကြောင်းကို သဘာဝကျကျ ကောင်းစွာ သိရှိထားကြသည်။
“ယီယွင် မင်း ပြောကြည့်စမ်း။ ဖေးနတ်ဘုရား ဆယ့်နှစ်ပါးဆိုတာ ဘာတွေလဲ” အကြီးအကဲ တွမ့်မုက ထပ်မံ၍ မေးမြန်းလိုက်သည်။
“ဟုတ်ကဲ့ပါ စီနီယာ။” ယီယွင်သည် နီလာလှိုင်းတောင်သို့ ရောက်ရှိခဲ့ဖူးပြီး ရှေးဟောင်းဖေး အဆောက်အဦးအတွင်းသို့ ဝင်ရောက်ခဲ့ဖူးသည်။ ရှေးဟောင်းဖေး အဆောက်အဦးအတွင်း၌ ဖေးနတ်ဘုရား ဆယ့်နှစ်ပါး၏ ပုံရိပ်များကို ထုဆစ်ထားသော နတ်ဘုရားတိုင်လုံးကြီး ဆယ့်နှစ်တိုင် ရှိသည်။ ယီယွင်သည် ထိုနေရာတွင် လှုပ်ရှားခြင်း အဆင့်တစ်ခုနှင့် ဆောင်းခိုရာမှနိုးထခြင်း အဆင့်နှစ်ခုတို့ကို ရရှိခဲ့ဖူးခြင်း ဖြစ်သည်။
“ဖေးနတ်ဘုရား ဆယ့်နှစ်ပါးဆိုတာက”
“စင်ကြယ်သော ယန်စွမ်းအင်၏ ပြဒါးကဲ့သို့သော ပုံရိပ်လွှာ၊ ပထမဆုံး ဖေးနတ်ဘုရား အစွန်းရောက်ယန်အလင်း”
“သန့်စင် ယင်စွမ်းအင်၏ ပြဒါးကဲ့သို့သော ပုံရိပ်လွှာ၊ ဒုတိယမြောက် ဖေးနတ်ဘုရား အစွန်းရောက်ယင်အလင်း”
“မဟာတာအို ဥပဒေသပေါင်း သုံးထောင်၏ စုစည်းမှု၊ တတိယမြောက် ဖေးနတ်ဘုရား မဟာဥပဒေသသစ်ပင်”
“နဂါးဧကရာဇ်”
“ခုနှစ်ရောင်ခြယ်ဖီးနစ်”
“ကုန့်ဖန်”
“လူသားပုံသဏ္ဌာန် ဖေးနတ်ဘုရား”
“အချိန်မဲ့ မြစ်ပြင်ကျယ်”
“ဟင်းလင်းပြင်၏ ပုံရိပ်လွှာ”
“ဒါတွေကတော့ အဓိကကျတဲ့ မဟာဖေးနတ်ဘုရား ကိုးပါး ဖြစ်ကြပါတယ်။ ဒါပေမဲ့ ကျန်ရှိနေတဲ့ နောက်ဆုံး သုံးပါးအတွက်ကတော့ ရှေးဟောင်းဖေး အဆောက်အဦးထဲမှာ နေရာလွတ်အဖြစ်ပဲ ချန်ထားခဲ့တာ ဖြစ်ပါတယ်။
အဲဒီတုန်းက စီနီယာ ချန်မန်ရဲ့ ရှင်းပြချက်အရဆိုရင်တော့ နောက်ဆုံး ဖေးနတ်ဘုရား သုံးပါးရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကို ဘယ်သူမှ အတတ်မပြောနိုင်ကြဘူးလို့ ဆိုပါတယ်။
အင်အားကြီးမားလှတဲ့ ပညာရှင်အများအပြားက ၎င်းတို့ တည်ရှိကြောင်းကို မှန်းဆနိုင်ခဲ့ကြတယ်ဆိုပေမဲ့ မည်သူ့ကိုမျှ သေချာပေါက် မယုံကြည်စေနိုင်ခဲ့ကြပါဘူး။
ဒါကြောင့်မို့လို့ နောက်ဆုံး ဖေးနတ်ဘုရား သုံးပါးကတော့ လျှို့ဝှက်ချက်တစ်ခုအဖြစ်ပဲ ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်”
ထိုသို့ပြောဆိုလိုက်ပြီးနောက် ယီယွင်သည် ထိုကြီးမားလှသော ကမ္ဘာဦးကျောက်တုံးကြီး သုံးတုံးကို သေသေချာချာ စိုက်ကြည့်လိုက်မိရင်း “စီနီယာ ပြောချင်တဲ့ အဓိပ္ပာယ်က ” ဟု မေးမြန်းလိုက်တော့သည်။
“မှန်တာပေါ့။”
အကြီးအကဲ တွမ့်မုက ခေါင်းကို အသာအယာ ညိတ်လိုက်ရင်း “ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအနက် နောက်ဆုံး သုံးပါးရဲ့ တည်ရှိမှုကိုတော့ ဘယ်သူမှ မသိရှိကြသေးဘူး။
ဒါပေမဲ့ စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာစဉ်က ဖေးနတ်ဘုရား ဆယ့်နှစ်ပါး ရှိခဲ့တယ်ဆိုတာကိုတော့ မည်သူမျှ သံသယမဝင်ကြဘူး။ အဲဒီလို ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ကမ္ဘာဦးကျောက်တုံးတွေထဲမှာ ကျန်ရစ်ခဲ့တဲ့ အငွေ့အသက် အမှတ်အသားတွေကြောင့်ပဲ”
“ကမ္ဘာဦး ကောင်းကင်ဘုံကြီးထဲမှာ ဖေးနတ်ဘုရားတွေ၏ အရှိန်အဝါ အငွေ့အသက်တွေ ပိတ်လှောင်ကိန်းဝပ်နေတဲ့ ကမ္ဘာဦးကျောက်တုံးတွေ ပြန့်နှံ့နေခဲ့ကြတာ ဖြစ်တယ်။ အဲဒီမှာ စုစုပေါင်း ကမ္ဘာဦးကျောက်တုံး အမျိုးအစား ဆယ့်နှစ်မျိုး ရှိတယ်။ ပထမဆုံး ကိုးမျိုးကတော့ ငါတို့တွေကို ၎င်းတို့ရဲ့ နက်နဲမှုတွေကို တရားထိုင်လေ့လာခွင့် ပေးစွမ်းနိုင်ပြီး ဖေးနတ်ဘုရားတွေရဲ့ စစ်မှန်တဲ့ ပုံသဏ္ဌာန်ကို ငါတို့တွေ မှန်းဆနိုင်အောင် ကူညီပေးနိုင်ခဲ့ကြတယ်”
“ဒါပေမဲ့ နောက်ဆုံး သုံးမျိုးအတွက်ကတော့ သူတို့ရဲ့ဘာလျှို့ဝှက်ချက်ကိုမျှ မှန်းဆနိုင်ခြင်း မရှိခဲ့ကြဘူး။ ဒါကြောင့်မို့လို့ ဖေးနတ်ဘုရား ဆယ့်နှစ်ပါးထဲက နောက်ဆုံး သုံးနေရာက လွတ်နေခဲ့ရတာပဲ”
အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်သောအခါ လူတိုင်း ချက်ချင်း သဘောပေါက်သွားကြရတော့သည်။
သူတို့အနက် အများစုမှာ ယခင်က စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာစဉ်နှင့် သက်ရှိလောကကြီး စတင်ဖြစ်ပေါ်လာစဉ်က ဖေးနတ်ဘုရား ဆယ့်နှစ်ပါး တည်ရှိခဲ့ကြောင်းကို လူအများက ဘယ်လိုလုပ်ပြီး အတတ်ပြောနိုင်ကြသနည်းဆိုသည်ကို စူးစမ်းလိုစိတ် ဖြစ်ပေါ်ခဲ့ဖူးကြသည်။ ထိုသို့ဖြစ်ရခြင်းမှာ ဤကမ္ဘာဦးကျောက်တုံးများကြောင့် ဖြစ်ပေသည်။
သို့သော်လည်း အကယ်၍ ဖေးတစ်သောင်းကောင်းကင်ဘုံတွင်ကြီး ဖေးတစ်သောင်းကောင်းကင်ဘုံ၏ အင်အားကြီး ပညာရှင်များပင် နောက်ဆုံး ဖေးနတ်ဘုရားကျောက်တုံး သုံးတုံးကို နားမလည်နိုင်ကြဘူးဆိုလျှင် သူတို့အနေဖြင့်လည်း နားလည်နိုင်မည့် နည်းလမ်း မရှိချေ။
ထိုနတ်ဘုရားကျောက်တုံး သုံးတုံးမှာ မည်မျှပင် ကြီးမားနေပါစေစေ၊ အသုံးမဝင်လှသည်မှာ အမှန်ပင် ဖြစ်သည်။
ထိုအခိုက်အတန့်တွင် အကြီးအကဲ တွမ့်မုက “ဤနတ်ဘုရားကျောက်တုံး သုံးတုံးကို ကမ္ဘာဦးဟင်းလင်းပြင်ထဲမှာ အထိမ်းအမှတ် သင်္ကေတတစ်ခုအနေနဲ့ပဲ သိမ်းဆည်းထားတာ။
ဒါက ဖေးနတ်ဘုရား ဆယ့်နှစ်ပါးကို ပူဇော်ကိုးကွယ်တဲ့ ပုံစံတစ်ခုအဖြစ် သတ်မှတ်လို့ရတယ်။ မင်းတို့တွေ ဂရုစိုက်နေဖို့ မလိုပါဘူး အမှန်အတိုင်း ပြောရရင် ဖေးနတ်ဘုရားကျောက်တုံး အမျိုးအစား ဆယ့်နှစ်မျိုးမှာ ဒီနောက်ဆုံး သုံးမျိုးက လူတိုင်းရဲ့ အမြင်မှာတော့ အနက်ရှိုင်းဆုံး ဖေးနတ်ဘုရားကျောက်တုံးကြီးတွေ ပဲ။ ဒါပေမယ့် အသုံးဝင်မှု တန်ဖိုးကတော့ အရှေ့က ကိုးမျိုးထက် အများကြီး ပိုပြီး နိမ့်ပါးလွန်းတယ်” ဟု ဆိုလိုက်တော့သည်။
အကြီးအကဲ တွမ့်မု ပြောသော စကားမှာ အတော်လေးကို သဘာဝကျလှပေသည်။ မည်သူမျှ ၎င်းတို့ကို ထိုးထွင်းသိမြင်နိုင်ခြင်း မရှိကြသဖြင့် ၎င်းတို့၏ အသုံးဝင်မှု တန်ဖိုးမှာ သဘာဝကျကျ အလွန်ပင် နိမ့်ပါးနေမည် မဟုတ်ပါလား။
ယီယွင် ခေါင်းကို အသာအယာ ညိတ်လိုက်မိရင်း သူ၏ ရင်ထဲတွင် အတွေးပေါင်းစပ်မှုများစွာ ဖြစ်ပေါ်လာခဲ့သည်။ မရေမတွက်နိုင်သော ရှေးဟောင်းဘိုးဘေးများပင် ဤနတ်ဘုရားကျောက်တုံး သုံးတုံး၏ ရှေ့မှောက်တွင် တတ်နိုင်စွမ်း မရှိခဲ့ကြဘူးဆိုလျှင် ယီယွင်အနေဖြင့်လည်း မိမိကိုယ်မိမိ အံ့ဖွယ်အမှုတစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု မယုံကြည်ချေ။
သူသည် ထိုနတ်ဘုရားကျောက်တုံး သုံးတုံးကို လျစ်လျူရှုပြီး လှည့်ထွက်သွားရန် ပြင်လိုက်စဉ်မှာပင် တိုက်ဆိုင်မှုတစ်ခုအလား ယီယွင် လှည့်အထွက်တွင် ရုတ်တရက် ခြေလှမ်းများ တုံ့ဆိုင်းသွားခဲ့ရသည်။ ထိုနတ်ဘုရားကျောက်တုံး သုံးတုံးကို သူ လှမ်း၍ ကြည့်လိုက်မိသည့်အခါ သူ၏ ရင်ထဲတွင် ထူးဆန်းလှသော မငြိမ်သက်မှုတစ်ခု ပြည့်နှက်သွားခဲ့ရသည်။
ခေတ္တမျှ ဝေခွဲမရ ဖြစ်နေပြီးနောက်တွင်မူ သူသည် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအင်မြင်ကွင်း ကို အသာအယာ ဖွင့်လှစ်လိုက်တော့သည်။
သူ၏ ဤလုပ်ရပ်ကပင် ယီယွင်ကို ဘယ်လိုမှ ရှင်းပြ၍မရနိုင်သော အံ့ဩစရာ မြင်ကွင်းတစ်ခုကို မြင်တွေ့သွားစေခဲ့ရတော့သည်။
ထိုကြီးမားလှသော ကမ္ဘာဦးကျောက်တုံးကြီး သုံးတုံးမှာ ပျောက်ကွယ်သွားခဲ့ပြီး ၎င်းတို့၏ နေရာတွင်မူ အလွန်ပင် ဆန်းကြယ်လှသော မော်ကွန်းပစ္စည်း သုံးခု ထွက်ပေါ်လာခဲ့သည်။
ယီယွင်နှင့် အနီးဆုံးတွင် ရှိနေသော ပစ္စည်းမှာ တဖျတ်ဖျတ် လည်ပတ်နေသည့် အနက်ရောင် ကုဗတုံးပုံသဏ္ဌာန် ဖြစ်သည်။ ထိုအနက်ရောင် ကုဗတုံး၏ မျက်နှာပြင်ထက်တွင် ထူးဆန်းလှသော သင်္ကေတ ရေးထိုးချက်များဖြင့် ပြည့်နှက်နေပြီး ၎င်းမှာ ပတ်ဝန်းကျင်ရှိ အလင်းတန်းအားလုံးကို စုပ်ယူထားသည့်အလား ထင်မှတ်ရသည်။
ကမ္ဘာဦးမြူခိုးများ၏ ဖိနှိပ်မှုအောက်တွင် ရှိနေသော ဟင်းလင်းပြင်ကြီးပင်လျှင် ၎င်း၏ ပတ်ပတ်လည်၌ ရှုပ်ထွေးပွေလီစွာ ပုံပျက်နေခဲ့ရသည်။ ၎င်းမှာ တကယ့်ကို လျှို့ဝှက်ဆန်းကြယ်ပြီး ရှေးဟောင်းဆန်လှပေသည်။
ယီယွင်နှင့် အဝေးဆုံးတွင် ရှိနေသော ပစ္စည်းမှာမူ သွေးရောင်လွှမ်းနေသော ပုတီးစေ့ငယ်လေး တစ်ခု ဖြစ်သည်။ ၎င်းထံမှ အဆုံးမရှိသော သတ်ဖြတ်ခြင်းနှင့် သွေးဆာခြင်း အရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။ စွမ်းအင်အမြင်အာရုံဖြင့် ကြည့်လိုက်ရုံမျှဖြင့်ပင် ယီယွင်သည် မိမိကိုယ်မိမိ ငရဲဘုံရှိ သွေးပင်လယ်ကြီးတစ်ခုအတွင်းသို့ ပြုတ်ကျသွားခဲ့ရသည့်အလား ထိတ်လန့်စရာ ခံစားလိုက်ရသည်။
ထိုအနက်ရောင် ကုဗတုံးနှင့် သွေးရောင်လွှမ်းသော ပုတီးစေ့ငယ်လေးတို့၏ အလယ်ဗဟိုတွင်မူ ခရမ်းရောင် သလင်းကျောက်တုံးလေး တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ ခရမ်းရောင်ကျောက် ဖြင့် ထုဆစ်ပုံဖော်ထားသည့်အလား ထင်မှတ်ရပေသည်။
ထိုခရမ်းရောင် သလင်းကျောက်တုံးလေးကို မြင်တွေ့လိုက်ရသောအခါ ယီယွင် လုံးဝ ဆွံ့အသွားခဲ့ရတော့သည်။ သူ အသက်ရှူပင် မှားသွားခဲ့ရပြီး သူ၏ နှလုံးခုန်သံမှာလည်း ခေတ္တမျှ ရပ်တန့်သွားခဲ့ရသည်။
ဒါက ....
ဒါက ငါ့ရဲ့ ခန္ဓာကိုယ်အတွင်းမှာ အမြဲတမ်း ပုန်းကွယ်နေခဲ့တဲ့ ခရမ်းရောင်သလင်းကျောက် နဲ့ တထပ်တည်း တူညီနေတာ မဟုတ်ဘူးလား
ယီယွင် သူ၏ ရင်ဘတ်ကို မသိမသာ လှမ်း၍ ဖိနှိပ်လိုက်မိသည်။
သူ၏ နှလုံးသား တည်ရှိရာနေရာတွင် ခရမ်းရောင်သလင်းကျောက်သည် ငြိမ်သက်စွာ ပုန်းကွယ်နေဆဲ ဖြစ်သည်။ နှလုံးခုန်သံ တစ်ချက်စီ တိုင်းတွင် ၎င်းထံမှ သေးငယ်လှသော စွမ်းအင်လှိုင်းလေးများ ထွက်ပေါ်လာခဲ့ပြီး ယီယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ ပျံ့နှံ့စီးဆင်းသွားစေခဲ့သည်။
အခန်း ၈၉၂ - ဖေးနတ်ဘုရား သုံးပါး
ထူးဆန်းလှသော စွမ်းအင်များ ထွက်ပေါ်နေသည့် အနက်ရောင် ကုဗတုံး၊ သွေးရောင်လွှမ်းသော ပုတီးစေ့နှင့် ခရမ်းရောင် သလင်းကျောက်တုံး
ယီယွင်အနေဖြင့် သူ၏ စွမ်းအင်အမြင်အာရုံဖြင့် အရာအားလုံးကို ကြည့်ရှုသည့်အခါ စွမ်းအင်များကို အစက်အပြောက်များနှင့် လိုင်းကြောင်းများအသွင်ဖြင့်သာ အမြဲမြင်တွေ့ရခြင်း ဖြစ်သည်။
သို့သော်လည်း ဤပစ္စည်း သုံးခုမှာမူ လုံးဝ ကွဲပြားခြားနားလှပေသည်။ စွမ်းအင်အမြင်အာရုံဖြင့် ကြည့်သည့်တိုင်အောင် ယီယွင်သည် ထိုပစ္စည်းတစ်ခုချင်းစီ၏ ပုံသဏ္ဌာန်တစ်ခုလုံးကိုပါ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ရုံတင်မကဘဲ ၎င်းတို့၏ မျက်နှာပြင်ထက်ရှိ ဆန်းကြယ်လှသော အရာဝတ္ထု အသွင်အပြင်များကိုပါ သေသေချာချာ မြင်တွေ့နေရသည်။
သို့သော်လည်း ယီယွင် ကောင်းစွာ သိရှိထားသည်မှာ သူ၏ စွမ်းအင်အမြင်အာရုံတွင် မြင်တွေ့နေရသော ထိုနတ်ဘုရား လက်နက်ပစ္စည်း သုံးခုမှာ ကမ္ဘာဦးကျောက်တုံးများအတွင်း ပိတ်လှောင်ကိန်းဝပ်နေသော မူလအရှိန်အဝါ အငွေ့အသက် အစိတ်အပိုင်းအချို့ကြောင့် ထင်ဟပ်ပေါ်ထွက်လာရသည့် အရိပ် ပုံရိပ်လွှာများသာ ဖြစ်သည်ဆိုခြင်းကိုပင်။
ဤမှန်းဆချက်အပေါ် အခြေခံ၍ စဉ်းစားကြည့်မည်ဆိုလျှင် သူ၏ ခန္ဓာကိုယ်အတွင်းရှိ ခရမ်းရောင်သလင်းကျောက် မှာ ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်နေသည် ။
တိတိကျကျ ပြောရမည်ဆိုလျှင် ခရမ်းရောင်သလင်းကျောက်တုံးသည် သွေးရောင်လွှမ်းသော ပုတီးစေ့၊ အနက်ရောင် ကုဗတုံးတို့နှင့်အတူ ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအနက် ဂျင့်စဉ်လောက ဖေးတစ်သောင်းကောင်းကင်ဘုံ၏ မည်သည့် အင်အားကြီး ပညာရှင်မျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိခဲ့ကြသော အလွန်အမင်း လျှို့ဝှက်ဆန်းကြယ်လှသည့် နောက်ဆုံး ဖေးနတ်ဘုရား သုံးပါး ဖြစ်ကြပေသည်။
ခရမ်းရောင်သလင်းကျောက်မှာ အမှန်တကယ်ပင် ဖေးနတ်ဘုရားတစ်ပါး ဖြစ်နေသည်ဟူသောအချက်က ယီယွင်ကို အံ့ဩမှင်သက်မိစေခဲ့သည်။
သို့သော်လည်း ထိုဖေးနတ်ဘုရား ဆယ့်နှစ်ပါးဆိုသည်မှာ အမှန်တကယ်ပင် အသက်ရှိသော သက်ရှိ သတ္တဝါကြီးများ ဖြစ်ကြပါသလော ။
အကယ်၍ မဟာဥပဒေသသစ်ပင် ၊ နဂါးဧကရာဇ် ၊ ခုနစ်ရောင်ခြယ် ဖီးနစ် ၊ ကုန့်ဖန်နှင့် ကောင်းကင်လူသား တို့ကို အသက်ရှိသော သက်ရှိများဟု ဆိုလျှင် ယီယွင်အနေဖြင့် အံ့ဩမိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း အကယ်၍ အစွန်းရောက်ယန်အလင်း၊ အစွန်းရောက်ယင်အမှောင်၊ အချိန်မဲ့မြစ်နှင့် ဆိတ်ငြိမ်ဟင်းလင်းပြင် တို့ကို အသက်ရှိသော သက်ရှိများဟု ဆိုလာလျှင်မူ ယီယွင်အဖို့ စိတ်ကူးပုံဖော်ကြည့်ရန် အလွန်ပင် ခက်ခဲလှပေလိမ့်မည်။
အစွန်းရောက်ယန်အလင်း ၏ ပုံသဏ္ဌာန်မှာ စက်ဝိုင်းပုံစံ အနက်ရောင် ပြင်ညီမျက်နှာပြင်တစ်ခုမျှသာ ဖြစ်ပြီးအစွန်းရောက်ယင်အမှောင် မှာမူ ဖြူဖွန်းဖွန်း ကွင်းပတ်တစ်ခုမျှသာ ဖြစ်သည်။
အချိန်မဲ့မြစ်ပြင်ကျယ်မှာ အချိန်၏ မြစ်ပြင်ကျယ်တစ်ခုမျှသာ ဖြစ်ပြီး ဆိတ်ငြိမ်ဟင်းလင်းပြင်မှာမူ အဆုံးမရှိသော ဟင်းလင်းပြင်အလွတ်ကြီးတစ်ခုမျှသာ ဖြစ်သည်။
၎င်းတို့ကို အသက်ရှိသော သက်ရှိများဟု ခေါ်ဆိုမည့်အစား ဥပဒေသတရားများ စုစည်းပြီး ဖြစ်ပေါ်လာခဲ့ခြင်းဟု ခေါ်ဆိုခြင်းက သာ၍ သဘာဝကျလှပေသည်။
ထို့ကြောင့် ခရမ်းရောင်သလင်းကျောက်ကို ဥပဒေသတရားများ စုစည်းပြီး ဖြစ်ပေါ်လာခဲ့ခြင်းဟု သတ်မှတ်လျှင်လည်း ယီယွင်အနေဖြင့် အံ့ဩမိလိမ့်မည် မဟုတ်ချေ။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်၏ စွမ်းအားကို အမြဲတမ်း အလွန်ပင် လေးစားတန်ဖိုးထားခဲ့သူ ဖြစ်သည်။ ယခုအခါတွင်မူ ခရမ်းရောင်သလင်းကျောက်မှာ ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအနက် တစ်ပါး အပါအဝင် ဖြစ်ကြောင်း သိလိုက်ရသဖြင့် ယီယွင်သည် ခရမ်းရောင်သလင်းကျောက်ကို ပိုမို၍ နက်နဲဆန်းကြယ်လှသည်ဟု ခံစားမိတော့သည်။
စကြာဝဠာကြီး စတင်ဖြစ်ပေါ်လာစဉ်ကတည်းက ကမ္ဘာဦးယောက်ယက်ခတ်မှုအတွင်းမှ တစ်ပါတည်း မွေးဖွားပေါ်ထွက်လာခဲ့သော ဤခရမ်းရောင်သလင်းကျောက်သည် မည်သည့် ဥပဒေသတရားများ စုစည်းမှုထံမှ ဖွဲ့စည်းတည်ဆောက်ခဲ့ရသနည်း။
ထိုသို့ဆိုလျှင် သွေးရောင်လွှမ်းသော ပုတီးစေ့နှင့် အနက်ရောင် ကုဗတုံးတို့မှာကော ဘာတွေ ဖြစ်ကြသနည်း။
ယီယွင် တိတ်ဆိတ်သွားခဲ့ရသည်။ သူ၏ မျက်လုံးများမှာ ခရမ်းရောင်သလင်းကျောက်၏ အရှိန်အဝါ အငွေ့အသက် အစိတ်အပိုင်းအချို့ ပိတ်လှောင်ကိန်းဝပ်နေသော ထိုကမ္ဘာဦးကျောက်တုံးကြီးထံသို့သာ လုံးဝ စိုက်ကြည့်နေမိတော့သည်။
“ညီလေးယီ မင်း ဘာဖြစ်လို့ အဲဒီ ဖေးနတ်ဘုရားကျောက်တုံး သုံးတုံးရဲ့ ရှေ့မှာပဲ အကြာကြီး ရပ်ကြည့်နေရတာလဲ။ မင်း အဲဒါတွေကို စိတ်ဝင်စားနေတာတော့ မဟုတ်ဘူးမလား”
လော့မိုသည် ယခင်က ယီယွင်အနေဖြင့် စူးစမ်းလိုစိတ်ဖြင့်သာ မေးမြန်းခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သည်။ သို့သော် ယခု ယီယွင်၏ အမူအရာကို ကြည့်ရသည်မှာ ထိုဖေးနတ်ဘုရားကျောက်တုံး သုံးတုံးကို အလွန်ပင် စိတ်ဝင်စားနေပုံရသည်။
“အနည်းငယ်လောက်ပါ”
ယီယွင်က ခေါင်းကို အသာအယာ ညိတ်ပြလိုက်သဖြင့် လော့မို အံ့ဩသွားခဲ့ရပြီး
“ညီလေးယီ အခုတင်ပဲ အကြီးအကဲ တွမ့်မု ပြောသွားခဲ့တယ်လေ အဲဒီ ဖေးနတ်ဘုရားကျောက်တုံး သုံးတုံးထဲမှာ နောက်ဆုံး ဖေးနတ်ဘုရား သုံးပါးရဲ့ အရှိန်အဝါ အငွေ့အသက်တွေ ကိန်းဝပ်နေတယ်ဆိုပေမဲ့ ဖေးတစ်သောင်းကောင်းကင်ဘုံတွင်ကြီးရဲ့ အင်အားကြီး ပညာရှင်တွေတောင် ၎င်းတို့ကို အာရုံမခံနိုင်ခဲ့ကြဘူးလေ၊ ငါတို့ဆိုရင်တော့ သာ၍ပင် မဖြစ်နိုင်တာပေါ့”
“မိတ်ဆက် ကျောက်စိမ်းပြားထဲမှာလည်း ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးအကြောင်းကိုပဲ မှတ်တမ်းတင်ထားပြီး ဤသုံးတုံးကိုတော့ ချန်လှပ်ထားခဲ့တာ ဖြစ်တယ်။ ဒါကို ကြည့်ရင်ပဲ ငါတို့ လော့မျိုးနွယ်စုရဲ့ ရှေးဟောင်းဘိုးဘေးတွေက ဤနတ်ဘုရားကျောက်တုံး သုံးတုံးမှာ ဘာတန်ဖိုးမှ မရှိဘူးလို့ ယူဆထားခဲ့ကြတာ ထင်ရှားပါတယ်”
လော့မိုသည် ယခင်က မယ်တော်လော့၏ တည်ခင်းဧည့်ခံပွဲတွင် ယီယွင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ဖူးသည်ဆိုသော်လည်း ယီယွင်အပေါ်တွင် ရန်ငြိုးအာဃာတ ထားရှိခြင်း မရှိချေ။ ထို့ကြောင့် သူက ယီယွင်ကို စေတနာဖြင့် အကြံပေးစကား ပြောဆိုလိုက်ခြင်း ဖြစ်သည်။
လော့မို၏ အမြင်တွင်မူ ယီယွင်သည် အလွန်ပင် ငယ်ရွယ်သေးသဖြင့် စိတ်လိုက်မာန်ပါဖြင့် မှားယွင်းသော ဆုံးဖြတ်ချက်မျိုးကို ချမှတ်မိသွားမည်ကို စိုးရိမ်နေမိသည်။
အမှန်ပင် အကောင်းဆုံးဖြစ်သော ကြယ်စင်ထိုးဖောက်ကျောက်တုံး နှင့် နတ်ဘုရားသုံးပါးတံဆိပ် တို့ကို မြေခွေးဖြူမင်းသမီးနှင့် အခြားသူများက ရွေးချယ်သွားခဲ့ကြပြီ ဖြစ်သည်။ ကျန်ရှိသော ဖေးနတ်ဘုရားကျောက်တုံးများမှာမူ ၎င်းတို့နှင့် နှိုင်းယှဉ်လျှင် အများကြီး နိမ့်ကျလှပေသည်။ ယီယွင်အနေဖြင့် ငယ်ရွယ်ပြီး စိတ်ဓာတ်ပြင်းပြသူတစ်ဦးဖြစ်ရာ မိမိအတွက် အဖိုးတန်လှသော အခွင့်အရေးကို လက်လွှတ်လိုက်ရသဖြင့် မခံမရပ်နိုင်ဖြစ်ကာ စိတ်လိုက်မာန်ပါဖြင့် ဖေးတစ်သောင်းကောင်းကင်ဘုံတွင်၏ အင်အားကြီး ပညာရှင်များပင် နားမလည်နိုင်ခဲ့ကြသော ဤဖေးနတ်ဘုရားကျောက်တုံး သုံးတုံးကို ရွေးချယ်ပြီး လောင်းကြေးထပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်လိမ့်မည်ဟု လော့မို ထင်မှတ်နေခဲ့သည်။ အကယ်၍ ထိုသို့သာ ဖြစ်ခဲ့မည်ဆိုလျှင် ၎င်းမှာ မိမိကိုယ်မိမိ ပြန်လည်ဖျက်ဆီးလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
ယီယွင် လော့မို၏ စကားကို ပြန်လည်တုံ့ပြန်ခြင်း မပြုခဲ့ချေ။ သူသည် ဖေးနတ်ဘုရားကျောက်တုံးများ၏ လျှို့ဝှက်ဆန်းကြယ်လှသော ကမ္ဘာကြီးအတွင်းသို့ လုံးဝ စိတ်ဝိညာဉ် နှစ်မြှုပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။
သူသည် မိမိကိုယ်မိမိ ဖေးနတ်ဘုရားကျောက်တုံးကြီး၏ ဗဟိုအူတိုင်အတွင်း၌ ပိတ်လှောင်ခံထားရသည့်အလား ခံစားနေရသည်။
ကြီးမားလှသော ခရမ်းရောင်သလင်းကျောက်တုံးကြီးမှာ သူ၏ ရှေ့မှောက်တွင် လွင့်မျောနေခဲ့ပြီး သူ၏ နှလုံးသားအတွင်းရှိ သေးငယ်လှသော ခရမ်းရောင်သလင်းကျောက်မူလအစစ်အမှန်သည်လည်း တဖျတ်ဖျတ် လည်ပတ်နေခဲ့ရာ ၎င်းမှာ ထိုကြီးမားလှသော ခရမ်းရောင်သလင်းကျောက်တုံးကြီး၏ ရိပ်ပြာပုံရိပ်တစ်ခုအလား ထင်မှတ်ရပေသည်။
“ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ အိပ်ပျော်နေတဲ့ ခရမ်းရောင်သလင်းကျောက်က ဒီခရမ်းရောင်သလင်းကျောက်ရဲ့ စစ်မှန်တဲ့ မူလကိုယ်ထည် ဖြစ်ရမယ်”
ယီယွင် ကမ္ဘာဦးကျောက်တုံးကြီးအတွင်း ပိတ်လှောင်ကိန်းဝပ်နေသော အရှိန်အဝါ အငွေ့အသက်မှာ မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ ခရမ်းရောင်သလင်းကျောက်နှင့် ထပ်တူကျနေကြောင်းကို တဖြည်းဖြည်းနှင့် သေချာပေါက် အတည်ပြုနိုင်ခဲ့ပြီ ဖြစ်သည်။
ထိုအချက်က စစ်မှန်သော ဖေးနတ်ဘုရားတစ်ပါးမှာ ယီယွင်၏ ခန္ဓာကိုယ်အတွင်း၌ ငြိမ်သက်စွာ အိပ်ပျော်နေခြင်းဖြစ်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။
ဖေးနတ်ဘုရား ဆယ့်နှစ်ပါးအနက် နောက်ဆုံး သုံးပါးမှာ ပထမဆုံး ကိုးပါးနှင့် အများကြီး ကွဲပြားခြားနားလှပေသည်။ သူမတို့အကြားရှိ တိကျသော ကွဲပြားခြားနားမှုများနှင့် ဆက်နွယ်မှုများမှာမူ ယီယွင်၏ သိနားလည်နိုင်စွမ်းကို ကျော်လွန်နေခဲ့ပြီ ဖြစ်သည်။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်ကို ပိုင်ဆိုင်ထားသည်ဆိုသော်လည်း ၎င်းထံတွင် ရှိနေသည်မှာ အလွန်အမင်း ထိပ်တန်းအဆင့်ရှိသော မူလဥပဒေသတရားများသာ ဖြစ်ကြသည်။ ယီယွင်အနေဖြင့် ခရမ်းရောင်သလင်းကျောက်လေး၏ ကိုယ်ထည်ထံမှ တိုက်ရိုက် ထိုးထွင်းသိမြင်မှု ရယူရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
သို့သော်လည်း ဤဖေးနတ်ဘုရားကျောက်တုံးကြီးအတွင်း၌မူ ခရမ်းရောင်သလင်းကျောက်၏ ဥပဒေသတရားများထဲမှ အစိတ်အပိုင်းအချို့ကို သီးသန့် ခွဲထုတ်ပေးထားပြီး ၎င်းတို့ကို ဖေးနတ်ဘုရားကျောက်တုံးအတွင်း၌ အသေးစိတ် မှတ်တမ်းတင်ပုံဖော်ပေးထားခြင်း ဖြစ်သည်။
ဤဥပဒေသ အစိတ်အပိုင်းလေးမှာ ခရမ်းရောင်သလင်းကျောက်တစ်ခုလုံး၏ ဥပဒေသတရားများနှင့် နှိုင်းယှဉ်လျှင် အလွန်ပင် သေးငယ်လှသည်ဆိုသော်လည်း ယီယွင်အဖို့မူ ၎င်းမှာ အဆုံးမရှိ ကျယ်ပြောလှသော မဟာသမုဒ္ဒရာကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
၎င်းမှာ သူ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာကြာအောင် လေ့လာဆည်းပူးရန်အတွက် လုံလောက်လှပေသည်။
ယီယွင် ရင်ထဲတွင် ဤဖေးနတ်ဘုရားကျောက်တုံးကြီးမှာ သူ့အတွက်သာ သီးသန့် တည်ရှိနေခဲ့ခြင်း ဖြစ်သည်ဟူသော ထူးဆန်းလှသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေမိတော့သည်။
“ညီလေးယီ အကြီးအကဲ တွမ့်မုက စောင့်နေတာ ကြာလှပြီ။ မင်း ရွေးချယ်လို့ ပြီးပြီလား” လော့မိုက လှမ်း၍ မေးမြန်းလိုက်သည်။
ထိုအခါမှသာ ယီယွင် ခရမ်းရောင်သလင်းကျောက်၏ စိတ်ကူးယဉ်ကမ္ဘာအတွင်းမှ ရုတ်တရက် သတိပြန်လည်လာခဲ့တော့သည်။ သူက ခေါင်းကို ညိတ်ပြလိုက်ရင်း “ကျွန်တော် ရွေးချယ်လို့ ပြီးပါပြီ” ဟု ဆိုလိုက်သည်။
လော့မို ယီယွင်ကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်မိသည်။ သူ ဘယ်လိုပဲ ကြည့်ကြည့် ယီယွင်၏ မျက်နှာထက်တွင် ယုံကြည်မှုအပြည့် ရှိနေသော အရိပ်အယောင်များ ပေါ်နေခဲ့သည်။ ၎င်းမှာ ကောင်းသော အရိပ်အယောင်တစ်ခုတော့ ဟုတ်ပုံမရချေ။
အမှန်အတိုင်း ပြောရမည်ဆိုလျှင် နတ်ဘုရားသုံးပါးတံဆိပ် နှင့် ကြယ်စင်ထိုးဖောက်ကျောက်တုံး တို့ကို လေ့လာခွင့်ရမည့် အခွင့်အရေးကို လွဲချော်ခဲ့ရသူတစ်ဦးအနေဖြင့် ဤမျှလောက်အထိ ပျော်ရွှင်နေစရာ အကြောင်းမရှိပေ။
သူ့အနေဖြင့် ယီယွင်ကို အကြံပေးစကား ပြောဆိုခဲ့ပြီး ဖြစ်သဖြင့် ယီယွင်တစ်ယောက် မိမိ၏ စကားကို နားထောင်ခဲ့လိမ့်မည်ဟုသာ မျှော်လင့်မိတော့သည်။
လော့မိုသည် ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများအကြားမှ လျှောက်လှမ်းထွက်ခွာလာခဲ့ရင်း “အကြီးအကဲ တွမ့်မု ကျွန်တော်ကတော့ လင်းလက်ကြယ်စင် နဲ့ ကြယ်ခုနစ်ပွင့်ကျောက်တုံး တို့ကို ၁၅ ရက်စီ လေ့လာဖို့ ရွေးချယ်ပါတယ်” ဟု ဆိုလိုက်သည်။
“ကောင်းပြီ”
အကြီးအကဲ တွမ့်မုသည် လော့မို၏ ရွေးချယ်မှုအပေါ် အံ့ဩခြင်း မရှိချေ။ သူသည် ၎င်းကို သေသေချာချာ မှတ်တမ်းတင်လိုက်ပြီးနောက် ယီယွင်ကို လှမ်း၍ ကြည့်လိုက်သည်။
“မင်းကော ဘယ်လိုလဲ”
ယီယွင် ချက်ချင်း အဖြေမပေးသေးဘဲ အကြီးအကဲ တွမ့်မုကိုကြည့်ကာ “အကြီးအကဲ တွမ့်မုခင်ဗျာ ကျွန်တော် တစ်ခုလောက် မေးပါရစေ။ အကြီးအကဲ အရင်က သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းတွေအရ ပထမဆုံး ရှေးဟောင်းဖေးကို သတ်နိုင်ခဲ့တဲ့ တပည့်တွေက တစ်နေ့ကို ၁၆ နေထိုင်ခွင့်ရှိပြီး မသတ်နိုင်ခဲ့တဲ့သူတွေက ရှစ်နာရီပဲ နေထိုင်ခွင့် ရှိတယ်ဆိုတာ ဖေးနတ်ဘုရားကျောက်တုံး အရေအတွက် မလုံလောက်လို့ သတ်မှတ်ခဲ့တဲ့ စည်းမျဉ်းလား ခင်ဗျာ”
ရောက်ရှိနေကြသော တပည့်အားလုံး ယီယွင် ဤကဲ့သို့သော မေးခွန်းမျိုးကို မေးမြန်းလာလိမ့်မည်ဟု ထင်မှတ်မထားခဲ့ကြချေ။
အကြီးအကဲ တွမ့်မုက ခေါင်းကို ညိတ်ပြလိုက်ရင်း “မှန်တာပေါ့” ဟု အဖြေပေးလိုက်သည်။
“အဲလိုဆိုရင် ကျွန်တော် တစ်ခုလောက် မေးပါရစေ။ အကယ်၍ ကျွန်တော်က တခြားဘယ်သူမှ မရွေးချယ်တဲ့ ဖေးနတ်ဘုရားကျောက်တုံးတစ်တုံးကို ရွေးချယ်ခဲ့မယ်ဆိုရင် ကျွန်တော် အပြင်ကို ထွက်စရာမလိုဘဲ ကမ္ဘာဦးဟင်းလင်းပြင်ထဲမှာ တစ်နေကုန် ဆက်တိုက် နေထိုင်ကျင့်ကြံခွင့် ရှိပါသလား ခင်ဗျာ”
ယီယွင်၏ မေးခွန်းကြောင့် ရောက်ရှိနေကြသော တပည့်အားလုံး လုံးဝ ကြောင်အမ်းသွားခဲ့ကြရတော့သည်။
သူ၏ ခွန်အားက သိပ်ပြီး မသန်မာဘဲ အသက်နဲ့လဲပြီး တိုက်ခိုက်ခဲ့ရလို့ ကံကောင်းထောက်မစွာဖြင့်သာ ပထမဆုံး ရှေးဟောင်းဖေးကို သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ သူသည် ဤမျှလောက် ကြီးမားလှသော ပေးဆပ်မှုမျိုးကို ပြုလုပ်ခဲ့ပြီးမှ လော့မို၏ နောက်တွင် ဒုတိယမြောက် ဦးစားပေး ရွေးချယ်ခွင့်ကို ရရှိခဲ့ခြင်း ဖြစ်သည်။
သို့ပါလျက်နှင့် သူသည် ကြယ်ခုနစ်ပွင့်ကျောက်တုံး၊ လင်းလက်ကြယ်စင် နှင့် လေးမျက်နှာကျောက်ပြား တို့ကို စွန့်လွှတ်ပြီး မည်သူမျှ အလိုမရှိကြသော အမှိုက်ကျောက်တုံးအချို့ကို ရွေးချယ်ရန် ပြင်ဆင်နေခြင်း ဖြစ်ရော့သလား ။
ကမ္ဘာဦးဟင်းလင်းပြင်အတွင်းရှိ အချို့သော ဖေးနတ်ဘုရားကျောက်တုံးများမှာ ပန်းကန်လုံးတစ်လုံးခန့် အရွယ်အစားသာ ရှိသဖြင့် ၎င်းတို့အတွင်းရှိ ဥပဒေသတရားများမှာ အလွန်ပင် ကန့်သတ်ချက် ရှိလှပေသည်။ မည်သူမျှ ၎င်းတို့ကို မလိုချင်ကြသဖြင့် ယီယွင်က ထိုကျောက်တုံးမျိုးကို ရွေးချယ်ရန် ကြံစည်နေခြင်း ဖြစ်ပါသလော ။
မည်သူမျှ သူ့ကို နားမလည်နိုင်ကြချေ။ မြေခွေးဖြူမင်းသမီးပင်လျှင် ယီယွင်ကို စူးစမ်းလိုစိတ်ဖြင့် လှမ်း၍ ကြည့်လိုက်မိတော့သည်။
“မှန်တာပေါ့ အကယ်၍ တခြားဘယ်သူမှ အဲဒီကျောက်တုံးကို မရွေးချယ်ဘူးဆိုရင်တော့ မင်းအနေဖြင့် ကမ္ဘာဦးဟင်းလင်းပြင်ထဲမှာ တစ်နေကုန် နေထိုင်ကျင့်ကြံနေဖို့ ဘာပြဿနာမှ မရှိပါဘူး” ယီယွင်၏ မေးခွန်းမှာ ထူးဆန်းလှသည်ဆိုသော်လည်း အကြီးအကဲ တွမ့်မုက တည်ငြိမ်စွာဖြင့် အလေးအနက် ပြန်လည်ဖြေကြားပေးခဲ့သည်။
“အကြီးအကဲ တွမ့်မုကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။”
ခွင့်ပြုချက် ရရှိသွားခဲ့ပြီ ဖြစ်သဖြင့် ယီယွင် ရင်ထဲတွင် အလွန်ပင် ဝမ်းသာပီတိ ဖြစ်သွားခဲ့ရတော့သည်။
ဤသည်က တကယ့်ကို ထင်မှတ်မထားသော အံ့ဩစရာ အခွင့်အရေးတစ်ခုပင် ဖြစ်သည်။ ၎င်းက သူ ကမ္ဘာဦးဟင်းလင်းပြင်ထဲတွင် တစ်နေကုန် ပိတ်ဆို့နေထိုင်ခွင့် ရရှိသွားခြင်းဖြစ်ကြောင်း သက်သေပြနေခဲ့ပြီ ဖြစ်သည်။
“ဒါဆိုရင်တော့ ကျွန်တော် ရွေးချယ်ပြီးပါပြီ။ ကျွန်တော်ကတော့ မည်သူမည်ဝါဖြစ်ကြောင်း မသိရသေးတဲ့ နောက်ဆုံး ဖေးနတ်ဘုရား သုံးပါးရဲ့ အရှိန်အဝါ အငွေ့အသက်တွေ ကိန်းဝပ်နေတဲ့ ထိုနတ်ဘုရားကျောက်တုံး သုံးတုံးကိုပဲ လေ့လာဖို့ ရွေးချယ်ပါတယ်”
ယီယွင်၏ ရဲရင့်ပြတ်သားလှသော အသံမှာ ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီးတစ်ခုလုံးသို့ ဟိန်းထွက်သွားခဲ့တော့သည်။ ယီယွင်၏ ရွေးချယ်မှုကို ကြားလိုက်ရသောအခါ လူတိုင်း လုံးဝ အံ့ဩမှင်သက်သွားခဲ့ကြရတော့သည်။
အကြီးအကဲ တွမ့်မုက ထိုနတ်ဘုရားကျောက်တုံး သုံးတုံးမှာ ဖေးတစ်သောင်းကောင်းကင်ဘုံတွင်ကြီး၏ အင်အားကြီး ပညာရှင်များပင် မသိနားမလည်နိုင်ခဲ့ကြသော ကျောက်တုံးကြီးများ ဖြစ်ကြောင်း ယခုတင်ပဲ မိတ်ဆက်ရှင်းပြသွားခဲ့ခြင်း ဖြစ်သည်။
ယီယွင်တစ်ယောက် ရူးသွပ်သွားခဲ့ပြီ ထင်သည် ။
“ညီလေးယီ မင်း တကယ်ပဲ အဲဒါကို ရွေးချယ်လိုက်တာလား” လော့မို ယီယွင်ကို ကြည့်ကာ ဆွံ့အသွားခဲ့ရတော့သည်။
သူသည် ယခင်ကတည်းက ထူးဆန်းသော ခံစားချက်တစ်ခု ရရှိခဲ့သဖြင့် ယီယွင်ကို စေတနာဖြင့် အကြံပေးခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း ယီယွင်ကမူ ပြန်လမ်းမရှိသော လမ်းဆိုးကြီးတစ်ခုပေါ်သို့ တဇွတ်ထိုး လျှောက်လှမ်းရန် အတင်းအကျပ် ဆုံးဖြတ်လိုက်ပုံရသည်။
“ညီလေးယီယွင် မင်းအနေနဲ့ ကြယ်စင်ထိုးဖောက်ကျောက်တုံးနဲ့ နတ်ဘုရားသုံးပါးတံဆိပ်တို့ကို မရွေးချယ်ခဲ့ရလို့ စိတ်မကောင်းဖြစ်နေတာကို ငါနားလည်ပါတယ်၊ ဒါပေမဲ့ လင်းလက်ကြယ်စင်နဲ့ ကြယ်ခုနစ်ပွင့်ကျောက်တုံးတွေကလည်း မဆိုးလှပါဘူး။ ငါတို့နှစ်ယောက်စလုံး ခွဲဝေပြီး လေ့လာဖို့ လုံလောက်လှပါတယ်။ မင်းအနေနဲ့ ငါ့ရဲ့ အချိန်ဇယားနဲ့ ညှိနှိုင်းပြီး လေ့လာလို့ ရတာပဲကို”
လော့မို သက်ပြင်းတစ်ချက်ကို အသာအယာ ချလိုက်မိရင်း ခေါင်းကို ခါယမ်းလိုက်တော့သည်။ သူသည် ယီယွင်အတွက် အလွန်ပင် နှမြောတသ ဖြစ်မိသည်။ ယီယွင်၏ ရလဒ်က အလွန်ပင် ကောင်းမွန်ခဲ့သော်လည်း သူသည် မိမိ၏ အဖိုးတန်လှသော အခွင့်အရေးကို အချည်းနှီး ဖျက်ဆီးပစ်လိုက်ခြင်း ဖြစ်သည်။ ဤလုပ်ရပ်ကပင် သူ၏နောက်ကွယ်မှ နိမ့်ကျသော ရလဒ်များ ရရှိခဲ့ကြသည့်သူများကို ကံကောင်းသွားစေခဲ့ပြီ ဖြစ်သည်။
အမှန်ပင် လော့မိုသည် ရန်ရွဲ့ယီ၏ မျက်နှာထက်တွင် အလွန်ပင် စိတ်လှုပ်ရှားနေပြီး အော်ဟစ်ရယ်မောလုမတတ် ဖြစ်နေသော အမူအရာကို လှမ်း၍ မြင်တွေ့လိုက်ရသည်။
“ဟားဟားဟား ကောင်းကင်ဘုံက ငါ့ကို ကူညီနေတာပဲ ယီယွင်က ကြယ်ခုနစ်ပွင့်ကျောက်တုံးနဲ့ လေးမျက်နှာကျောက်ပြားတို့ကို တကယ်ပဲ စွန့်လွှတ်လိုက်တာလား။ ဒါဆိုရင်တော့ ငါက ၎င်းတို့ကို လွတ်လပ်စွာ လေ့လာခွင့် ရပြီပေါ့”
ရန်ရွဲ့ယီ သူ၏ လက်သီးကို တင်းကြပ်စွာ ဆုပ်ကိုင်လိုက်မိသည်။ သူသည် ယခင်က ယီယွင်၏ လက်ချက်ဖြင့် ရှုံးနိမ့်ခဲ့ရခြင်းအပေါ် ရင်ထဲတွင် မကျေမနပ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် သူသည် မိမိကိုယ်မိမိ ယီယွင်ထက် ပိုမိုသန်မာသည်ဟု ယူဆထားခဲ့ပြီး တိုက်ပွဲကို ရှောင်ကွင်းခဲ့ခြင်းကြောင့်သာ ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်ဟု ယူဆထားသောကြောင့်ပင်။ ၎င်းက ရန်ရွဲ့ယီကို အလွန်ပင် အရှက်ရစေခဲ့ပြီး ရင်နာစေခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ ကြယ်ခုနစ်ပွင့်ကျောက်တုံးနှင့် လေးမျက်နှာကျောက်ပြားတို့ ရှိနေခဲ့ပြီ ဖြစ်သဖြင့် သူသည် ယီယွင်၏ အဆင့်အတန်းသို့ ရောက်ရှိအောင် ကြိုးစားအားထုတ်နိုင်တော့မည် ဖြစ်သည်။ အချိန်တန်လျှင် သူသည် ယီယွင်ကို အဝေးကြီးတွင် ကျန်ရစ်ခဲ့အောင် သေချာပေါက် စွမ်းဆောင်နိုင်ပေလိမ့်မည်။
ကျင့်စဉ်လမ်းကြောင်းပေါ်တွင် အဆိုးဝါးဆုံးသော တားမြစ်ချက်မှာ မိမိကိုယ်မိမိ အထင်ကြီးလွန်းခြင်းပင် ဖြစ်သည်။ ယခု ယီယွင်သည် မိမိကိုယ်မိမိ လမ်းမှားကြီးတစ်ခုပေါ်သို့ ဆွဲခေါ်သွားခဲ့ပြီ ဖြစ်ကြောင်း ထင်ရှားလှပေတော့သည်။