အခန်း (၈၉၃-၈၉၅)
Vol. 60 Ch. 893-895
အခန်း ၈၉၃ - ဟင်းလင်းပြင် သစ်ခွပန်း ပွင့်လန်းခြင်း (အပိုင်း ၁)
“ယီယွင် မင်းရဲ့ ရွေးချယ်မှုကို တကယ်ပဲ သေချာရဲ့လား” အကြီးအကဲ တွမ့်မုသည် အတော်ကြာအောင် တုံ့ဆိုင်းနေခဲ့သော်လည်း ယီယွင်၏ မျက်နှာထက်တွင် မည်သည့် ပြောင်းလဲမှု အရိပ်အယောင်မျှ မတွေ့ရှိရချေ။
“ဒီရွေးချယ်မှုက ရက်ပိုင်း၊ လပိုင်းလောက် တရားထိုင်ဖို့အတွက်တင် မဟုတ်ဘူးနော်။ နောင်အနာဂတ်မှာလည်း အချိန်ခွဲဝေမှု အချိုးအစားက မင်း အခုရွေးချယ်လိုက်တဲ့ ကျောက်တုံးအတိုင်းပဲ ဆက်ပြီး သတ်မှတ်သွားမှာ ဖြစ်တယ်။
လာမည့် ခုနစ်နှစ်အကြာကျမှ မင်းတို့ရဲ့ ကျင့်ကြံခြင်း ရလဒ်တွေကို ငါလာပြီး စစ်ဆေးမှာ ဖြစ်တယ်။ ဆိုလိုတာကတော့ လာမည့် ခုနစ်နှစ်အတွင်း မင်းတို့ တစ်ယောက်ချင်းစီဟာ မိမိတို့ ရွေးချယ်ထားတဲ့ ဖေးနတ်ဘုရားကျောက်တုံးကိုပဲ ဆက်တိုက် လေ့လာကြရမှာ ဖြစ်တယ်။
မင်းတို့အချင်းချင်း သဘောတူလို့ လဲလှယ်ကြတာမျိုးကလွဲရင် ဘာမှ ထပ်ပြီး ပြောင်းလဲမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ မင်းရဲ့ အခြေအနေကို ကြည့်ရင်တော့ ယီယွင် ဘယ်သူကမှ မင်းနဲ့ လဲလှယ်ကြမှာ မဟုတ်ဘူး။ ငါ မင်းကို နောက်ဆုံးအကြိမ် ထပ်မေးမယ်၊ သေချာပြီလား”
အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်သောအခါ လူတိုင်း ယီယွင်ကို လှမ်း၍ ကြည့်လိုက်ကြတော့သည်။
ခုနစ်နှစ်တိတိကြာသော လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲကြီးတစ်ခုလုံးအတွက် အချိန်မှာ ၁၈ နှစ်သာ ရှိသည်။ ယခု ခုနစ်နှစ်ဆိုသည့် အချိန်အပိုင်းအခြားမှာ စမ်းသပ်ပွဲ သက်တမ်းတစ်ခုလုံး၏ ထက်ဝက်နီးပါးကို ယူဆောင်သွားခြင်း ဖြစ်သည်။
၎င်းမှာ သူတို့၏ အခြေခံ အုတ်မြစ်များကို အကောင်းဆုံး ချမှတ်ရမည့် အလွန်အရေးကြီးသော အဆင့်တစ်ခု ဖြစ်သည်။ ၎င်းမှာ နောက်ပြောင်ရမည့် ကိစ္စမျိုး လုံးဝ မဟုတ်ချေ။ အကယ်၍ သူသည် ထိုနောက်ဆုံး သတ်မှတ်ချက်မရှိသော ဖေးနတ်ဘုရားကျောက်တုံး သုံးတုံးကို ရွေးချယ်ပြီးမှ မည်သည့် ထိုးထွင်းသိမြင်မှုကိုမျှ မရရှိခဲ့ဘူးဆိုလျှင် ယီယွင်အနေဖြင့် အဖိုးတန်လှသော ခုနစ်နှစ်တာ အချိန်ကို အချည်းနှီး ဖြုန်းတီးပစ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ချဲ့ကားပြောဆိုခြင်း မရှိဘဲ ဤခုနစ်နှစ်တာ အချိန်အပိုင်းအခြားသည် ယီယွင်၏ အနာဂတ် အောင်မြင်မှုများကိုပါ အကြီးအကျယ် သက်ရောက်မှု ရှိစေနိုင်ပေသည်။
လူတိုင်းက ယီယွင်တစ်ယောက် တုံ့ဆိုင်းသွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ကြသော်လည်း ထင်မှတ်မထားစွာဖြင့် ယီယွင်က ဘာမှ တွေဝေခြင်းမရှိဘဲ ခေါင်းကို ညိတ်ပြလိုက်ရင်း “စီနီယာတွမ့်မု ကျွန်တော် သေချာပါတယ်ခင်ဗျာ” ဟု ဆိုလိုက်တော့သည်။
အကြီးအကဲ တွမ့်မု၏ မျက်ခုံးများ ပင့်တက်သွားခဲ့ရပြီး သူ အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်သွားပုံရသော်လည်း သူသည် ယီယွင်၏ နာမည်ကို မှတ်တမ်းတင်ပေးလိုက်ဆဲ ဖြစ်သည်။
လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲအတွင်း လူတိုင်းတွင် မိမိတို့၏ လွတ်လပ်ခွင့်အလိုက် ရွေးချယ်နိုင်ခွင့် ရှိကြသည်ဆိုသော်လည်း တစ်ချိန်တည်းမှာပင် သူတို့သည် မိမိတို့၏ ဆုံးဖြတ်ချက်များအတွက် ကိုယ်တိုင် တာဝန်ယူကြရမည် ဖြစ်သည်။
ထို့အပြင် ယီယွင်၏ စွမ်းဆောင်ရည်က အတော်လေး ကောင်းမွန်ခဲ့သည်ဆိုသော်လည်း သူသည် အကြီးအကဲ တွမ့်မု အလေးအနက်ဆုံး သတ်မှတ်ထားသည့် လော့မျိုးနွယ်စု၏ အဓိက တပည့်တစ်ယောက်တော့ မဟုတ်ချေ။
အကြီးအကဲ တွမ့်မု စိတ်ထဲတွင် အလေးထားဆုံးပုဂ္ဂိုလ်မှာ ကျန်ကျူးသာ ဖြစ်သည်။
လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲ အကြိမ်တစ်ရာအတွင်း အနာဂတ်တွင် ကောင်းကင်ယံအထိ ကြီးကျယ်မြင့်မြတ်လာမည့် ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာခဲ့လျှင်ပင် အလွန်ပင် မဆိုးလှသော အခြေအနေ ဖြစ်သည်။
ဤစမ်းသပ်ပွဲတွင် ကျန်ကျူးသည်သာ အစွမ်းကုန် ပြုစုပျိုးထောင်ပေးရန် ထိုက်တန်သော ပါရမီရှင်တစ်ဦး ဖြစ်သည်။ ကျန်ရှိသော အခြားသူများမှာမူ ပန်းတောင်းထဲမှ ပန်းပွင့်များအလား အလှဆင်ရုံသက်သက်သာ ဖြစ်သည်။ ထို့ကြောင့် ယီယွင်က မိမိ၏ လမ်းမှားကြီးပေါ်တွင် တဇွတ်ထိုး ဆက်လက် လျှောက်လှမ်းချင်နေသည်ဆိုလျှင်လည်း သူ ထပ်မံ၍ ဖျောင်းဖျအားထုတ်နေတော့မည် မဟုတ်ချေ။
ယီယွင် သူ၏ အဖွဲ့ထံသို့ ပြန်လည်လျှောက်လှမ်းလာခဲ့စဉ်မှာပင် ရန်ရွဲ့ယီသည် ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများအကြားသို့ အလျင်စလို လျှောက်လှမ်းဝင်ရောက်သွားခဲ့ပြီ ဖြစ်သည်။
သူ၏ မျက်နှာထက်တွင် စိတ်လှုပ်ရှားနေသော အမူအရာများကို ဖုံးကွယ်ထားခြင်း မရှိချေ။ ရန်ရွဲ့ယီအတွက်မူ ဤသည်က ကောင်းကင်ဘုံမှ သူ့ထံသို့ တိုက်ရိုက် ကျရောက်လာသော လက်ဆောင်မွန်တစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ထို့အပြင် ဤလက်ဆောင်မွန်က ခုနစ်နှစ်တိတိ ကြာမြင့်မည် ဖြစ်သည်။
“ညီလေးယီ မင်း ဘာဖြစ်လို့ ဒီလို အခွင့်အရေးမျိုးကို ငါ့ဆီ လွှဲပေးလိုက်တာလဲဆိုတာ ငါ မသိပေမဲ့ ငါ မင်းကို တကယ်ပဲ ကျေးဇူးတင်ပါတယ်” ရန်ရွဲ့ယီက မျက်နှာတစ်ခုလုံး ပြုံးဖြဲလျက် လှမ်း၍ ဆိုလိုက်သည်။
သူသည် နှုတ်ခမ်းဖျားမှသာ ကျေးဇူးတင်စကား ပြောဆိုနေခြင်း ဖြစ်သော်လည်း ရင်ထဲတွင်မူ ယီယွင်ကို လူအူတုံးတစ်ယောက်အဖြစ် သတ်မှတ်ပြီး လှောင်ပြောင်နေမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
ယီယွင်အနေဖြင့် ရန်ရွဲ့ယီ၏ ဟန်ဆောင်ပန်ဆောင် အယောင်ပြ စကားများကို ပြန်လည်တုံ့ပြန်ရန် စိတ်မပါလှသဖြင့် သူသည် တိတ်ဆိတ်စွာဖြင့်သာ နေလိုက်ပြီး ဘာမှ မကြားရသည့်အလား ဟန်ဆောင်လိုက်တော့သည်။
ရန်ရွဲ့ယီသည်လည်းသူ လေ့လာချင်သော ဖေးနတ်ဘုရားကျောက်တုံးများကို ရွေးချယ်ရန်အတွက် ကမ္ဘာဦးမြူခိုးများအကြားသို့ ပျော်ရွှင်စွာဖြင့် လျှောက်လှမ်းဝင်ရောက်သွားခဲ့တော့သည်။
ထင်မှတ်ထားသည့်အတိုင်းပင် ရန်ရွဲ့ယီသည် ကြယ်ခုနစ်ပွင့်ကျောက်တုံးနှင့် လင်းလက်ကြယ်စင်တို့ကိုသာ ရွေးချယ်ခဲ့သည်။
ရန်ရွဲ့ယီ၏ နောက်တွင်မူ ကျန်ရှိသော တပည့်များလည်း ဖေးနတ်ဘုရားကျောက်တုံးများကို ရွေးချယ်ရန်အတွက် ကမ္ဘာဦးမြူခိုးများအကြားသို့ တစ်ယောက်ပြီး တစ်ယောက် လျှောက်လှမ်းဝင်ရောက်သွားခဲ့ကြသည်။
မကြာမီမှာပင် ရှိသမျှသော ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးစလုံး ရွေးချယ်ခြင်း ခံလိုက်ရပြီး ဖြစ်သည်။ ပန်းကန်လုံးတစ်လုံးခန့် အရွယ်အစားသာရှိသော ကျန်ရှိနေသည့် သေးငယ်လှသော ကျောက်တုံးလေးများပင်လျှင် သူတို့၏ တရားထိုင် ကျင့်ကြံမည့် အချိန်ဇယားများဖြင့် ပြည့်နှက်သွားခဲ့ကြရတော့သည်။
ကမ္ဘာဦးဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ခွင့် ရရှိခြင်းကိုယ်နှိုက်ကပင် အလွန်ပင် ကံကောင်းလှသော ကိစ္စတစ်ခု ဖြစ်သည်။ ပန်းကန်လုံးတစ်လုံးခန့် အရွယ်အစားသာရှိသော ကျောက်တုံးလေးဖြစ်နေပါစေစေ၊ ၎င်းအတွင်း၌ စစ်မှန်သော ဖေးနတ်ဘုရားတစ်ပါး၏ အရှိန်အဝါ အငွေ့အသက် အစိတ်အပိုင်းအချို့ ပိတ်လှောင်ကိန်းဝပ်နေဆဲ ဖြစ်သည်။
ကမ္ဘာဦးဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ခွင့်ပင် မရရှိခဲ့ကြသော အခြားသော တပည့်အများစုအတွက်မူ သူတို့သည် လော့နတ်ဘုရားခန်းမ၏ အရှေ့ဘက် ခန်းမဆောင်အတွင်း၌သာ နေထိုင်ပြီး အရည်အသွေး နိမ့်ကျလှသော သာမန် ရှေးဟောင်းဖေးကျောက်တုံးများကိုသာ တရားထိုင် လေ့လာကြရမည် ဖြစ်သည်။
သာမန် ရှေးဟောင်းဖေးတစ်ကောင်နှင့် စစ်မှန်သော ဖေးနတ်ဘုရားတစ်ပါးကို နှိုင်းယှဉ်ရန်မှာ မြေကြီးနှင့် ကောင်းကင်ယံလို ကွာခြားလွန်းလှပေသည်။
“ကောင်းပြီ မင်းတို့အားလုံး ရွေးချယ်လို့ ပြီးကြပြီ။ ၎င်းနောက်ပိုင်းမှာတော့ မင်းတို့တွေ လွတ်လပ်စွာ ကျင့်ကြံနိုင်ကြပါပြီ” အကြီးအကဲ တွမ့်မု ထိုသို့ပြောလိုက်ရင်း သူ၏ လက်ချောင်းများကို အသာအယာ တောက်ခေါက်လိုက်သည်။ ရုတ်ချည်းမှာပင် ဆန်စပါးစေ့ခန့် အရွယ်အစားရှိသော မီးခိုးရောင် ပစ္စည်းလေးတစ်ခု ထွက်ပေါ်လာခဲ့ရာ ၎င်းမှာ အပင်တစ်ပင်၏ မျိုးစေ့လေးတစ်ခု ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“ငါ ဒီနေရာမှာ ဟင်းလင်းပြင် သစ်ခွပင် တစ်ပင်ကို စိုက်ပျိုးထားခဲ့မယ်။ ၎င်းရဲ့ မျက်နှာပြင်ထက်မှာ ပန်းပွင့် ခုနစ်ပွင့် ပွင့်လန်းလာတဲ့အချိန်ကျမှ ငါ မင်းတို့ရဲ့ ကျင့်ကြံခြင်း ရလဒ်တွေကို လာပြီး စစ်ဆေးမှာ ဖြစ်တယ်”
အကြီးအကဲ တွမ့်မု ထိုသို့ပြောဆိုလိုက်သည့်အခါ ထိုဟင်းလင်းပြင် သစ်ခွစေ့လေးသည် ဟင်းလင်းပြင်အလွတ်ကြီးအတွင်း၌ အမြစ်များ စတင်တွယ်ကပ်လာခဲ့ပြီး အညှောက်များ ထွက်ပေါ်လာခဲ့တော့သည်။ ၎င်းမှာ ဟင်းလင်းပြင်အလွတ်ကြီးထဲတွင် ရှင်သန်ကြီးထွားနိုင်သော အလွန်ပင် ဆန်းကြယ်လှသော အပင်တစ်ပင် ဖြစ်သည်။
ဤအပင်သည် တစ်နှစ်လျှင် ပန်းပွင့် တစ်ပွင့်သာ ပွင့်လန်းတတ်သဖြင့် ပန်းပွင့် ခုနစ်ပွင့် ပွင့်လန်းရန်အတွက် အချိန်မှာ ခုနစ်နှစ်တိတိ ကြာမြင့်မည် ဖြစ်သည်။
“ဖေးနတ်ဘုရားကျောက်တုံးတွေကို လေ့လာဖို့အတွက် အချိန်အပိုင်းအခြား ယာယီ မရရှိသေးတဲ့ ပထမအသုတ် တပည့်တွေအနေနဲ့ အခုလောလောဆယ် ကမ္ဘာဦးဟင်းလင်းပြင်ထဲကနေ ထွက်ခွာပေးကြပါဦး။
လော့နတ်ဘုရားခန်းမက မင်းတို့အတွက် နေထိုင်စရာ အဆောက်အဦးတွေကို ပြင်ဆင်ပေးထားပြီးသား ဖြစ်တယ်။ မင်းတို့ရဲ့ နေအိမ်တွေ ပတ်ပတ်လည်မှာ မင်းတို့ရဲ့ ခွန်အားတွေကို စမ်းသပ်ပေးနိုင်တဲ့ အစီအရင်တွေလည်း ရှိကြတယ်”
“ဒါ့အပြင် လော့နတ်ဘုရားခန်းမ တည်ရှိနေတဲ့ ကုန်းမြေတိုက်ကြီးဟာ အလွန် ကျယ်ပြောလှတယ် မင်းတို့တွေ ပိုပြီး အဝေးကြီးကို လျှောက်လှမ်းသွားလေလေ၊ ဥပဒေသတရားတွေက ပိုပြီး ကမ္ဘာဦးဆန်လာကာ ယောက်ယက်ခတ်လာလေလေ ဖြစ်လိမ့်မယ်”
“အကယ်၍ မင်းတို့တွေ ဥပဒေသပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေကို ပိုပြီး ရရှိချင်တယ်ဆိုရင် ကမ္ဘာဦးဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေဆီကိုလည်း လျှောက်လှမ်းသွားနိုင်ကြတယ်။
ကမ္ဘာဦးဟင်းလင်းပြင်ရဲ့ အနက်ရှိုင်းဆုံး နေရာတွေက အန္တရာယ်များတယ်။ မင်းတို့တွေ ထင်မှတ်မထားတဲ့ ထူးဆန်းလှတဲ့ အရာဝတ္ထုမျိုးစုံနဲ့ ဆုံတွေ့ရနိုင်တယ်။ ဒါကြောင့်မို့လို့ မိမိတို့ရဲ့ စွမ်းဆောင်ရည်အလိုက်သာ လှုပ်ရှားကြပါ၊ ပေါ့ဆပြီး အနက်ရှိုင်းဆုံး နေရာတွေဆီ ဇွတ်တိုးသွားရင်တော့ အပြင်မှာတင် သေဆုံးသွားနိုင်ချေ ရှိတယ်။
အရင်က လော့နတ်ဘုရားခန်းမ စမ်းသပ်ပွဲတွေတုန်းကလည်း တပည့်တွေ အစပျောက်သွားတာမျိုးက ခဏခဏပါပဲ။ အများစုကတော့ အလောင်းတောင် ပြန်ရှာမတွေ့ကြတော့ဘူး။ အားလုံးပဲ ကံကောင်းကြပါစေ”
အကြီးအကဲ တွမ့်မု ထိုသို့ပြောဆိုလိုက်ရင်း ဖေးနတ်ဘုရားကျောက်တုံးများကို လေ့လာရန်အတွက် အချိန်ဇယား ယာယီ မရရှိသေးသော တပည့်များကို ခေါ်ဆောင်ကာ ကမ္ဘာဦးဟင်းလင်းပြင်အပြင်ဘက်သို့ လျှောက်လှမ်းထွက်ခွာသွားခဲ့တော့သည်။
ရုတ်ခြည်းမှာပင် ကမ္ဘာဦးဟင်းလင်းပြင်အတွင်း၌ လူပေါင်း နှစ်ဆယ့်ရှစ်ယောက်သာ ကျန်ရှိတော့သည်။
ပထမဆုံး ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးစီတွင် သက်ဆိုင်ရာ ရွေးချယ်ထားသောသူ တစ်ယောက်စီ ရှိနေကြပြီး ယီယွင်တစ်ယောက်တည်းသာလျှင် နောက်ဆုံး အထူးဆန်းဆုံးသော ဖေးနတ်ဘုရားကျောက်တုံး သုံးတုံး၏ ရှေ့မှောက်တွင် ကျန်ရစ်နေခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာဦးဟင်းလင်းပြင်၏ နယ်မြေဖြတ်ကျော် အစီအရင်မှာလည်း ယာယီ ပိတ်ဆို့ခြင်း ခံလိုက်ရပြီ ဖြစ်သည်။ ကမ္ဘာဦးဟင်းလင်းပြင်ကြီးတစ်ခုလုံးအတွင်း၌ မည်သည့် အသံမျှ ထွက်ပေါ်လာခြင်း မရှိတော့ဘဲ ၎င်းမှာ စွန့်ပစ်ခြင်း ခံထားရသည့် ကမ္ဘာဦးလောကကြီးတစ်ခုအလား တိတ်ဆိတ်ငြိမ်သက်သွားခဲ့ရတော့သည်။
ဟင်းလင်းပြင် သစ်ခွပင်လေးသည် တိတ်ဆိတ်စွာ ရှင်သန်ကြီးထွားနေခဲ့ပြီး မီးခိုးရောင် ဖေးနတ်ဘုရားကျောက်တုံး နှစ်ဆယ့်ခုနစ်တုံးမှာမူ ထူးဆန်းလှသော မြူခိုးများအကြားတွင် တည်ငြိမ်စွာ လွင့်မျောနေခဲ့ကြရာ ၎င်းတို့မှာ လျှို့ဝှက်ဆန်းကြယ်လှသော သင်္ချိုင်းဂူကြီးများအလား ထင်မှတ်ရပေသည်။
မြေခွေးဖြူမင်းသမီးသည် ပထမဆုံး နတ်ဘုရားသုံးပါးတံဆိပ် ကျောက်တုံးကြီး၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားခဲ့သည်။
သူမသည် မိမိ၏ စိတ်ဝိညာဉ်အာရုံကို ထိုဖေးနတ်ဘုရားကျောက်တုံးအတွင်းသို့ နှစ်မြှုပ်လိုက်ရင်း ထိုဖေးနတ်ဘုရား သုံးပါး၏ အရှိန်အဝါ အငွေ့အသက်များနှင့် စတင်ချိတ်ဆက်လိုက်တော့သည်။
သူမသည် ဟင်းလင်းပြင်အလွတ်ကြီးထဲတွင် ငြိမ်သက်စွာ မတ်တတ်ရပ်နေခဲ့ပြီး သူမ၏ ဂါဝန်လေးမှာမူ အနည်းငယ် လှုပ်ခတ်နေခဲ့သည်။ သူမ၏ ဆံနွယ်ရှည်ကြီးများသည်လည်း လေထဲတွင် ဝဲပျံနေခဲ့ကြပြီး ၎င်းတို့ထံမှ လျှပ်စီးကြောင်းလေးများ တဖျတ်ဖျတ် ထွက်ပေါ်နေခဲ့သည်။
သူမ၏ ဦးခေါင်းကို အနည်းငယ် မော့ထားခဲ့ရာ ၎င်းမှာ တစ်ခုခုကို သေသေချာချာ နားထောင်နေသည့်အလား ထင်မှတ်ရပြီး သူမ၏ လှပကျော့ရှင်းလှသော လည်တိုင်အလှကိုပါ အထင်းသား ပေါ်လွင်စေခဲ့သည်။
မြေခွေးဖြူမင်းသမီး တရားထိုင်ကျင့်ကြံနေသည်ကို မြင်လိုက်ရသောအခါ ကျန်ကျူးသည်လည်း ကြယ်စင်ထိုးဖောက်ကျောက်တုံး ကြီး၏ ရှေ့မှောက်သို့ လျှောက်လှမ်းသွားခဲ့ပြီးနောက် အသာအယာ ထိုင်ချလိုက်တော့သည်။
လူတိုင်းလည်း ရှေ့သို့ အသီးသီး လျှောက်လှမ်းသွားခဲ့ကြပြီး ယီယွင် တည်ရှိရာနေရာမှာမူ ထိုဆန်းကြယ်လှသော မြူခိုးများ၏ အနက်ရှိုင်းဆုံး ဗဟိုချက်အတွင်း၌ ရှိနေခဲ့သည်။
ကမ္ဘာဦးဟင်းလင်းပြင်ကြီးတစ်ခုလုံးတွင် ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများဖြင့် ပြည့်နှက်နေခဲ့သည်။ ဤမြူခိုးများမှာ စကြာဝဠာကြီး စတင်ဖွဲ့စည်းတည်ဆောက်စဉ်က ထွက်ပေါ်လာခဲ့သော မူလအစ စွမ်းအင်အငွေ့အသက်များ ဖြစ်ကြသည်။
ဤကမ္ဘာဦးမြူခိုးများထံမှ တိုက်ရိုက် ထိုးထွင်းသိမြင်မှု ရယူရန်မှာလည်း မလွယ်ကူလှချေ။ ယီယွင်အပါအဝင် ရောက်ရှိနေကြသော ပါရမီရှင် လူငယ်လေးများမှာမူ ထိုကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိရန် အဝေးကြီး လိုအပ်နေသေးသည်။
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်၏ အငွေ့အသက်များ ကိန်းဝပ်နေသော ဖေးနတ်ဘုရားကျောက်တုံးကြီး၏ ရှေ့တွင် အသာအယာ ထိုင်ချလိုက်သည်။
ယီယွင်၏ ဘေးနားတွင်မူ မြေခွေးဖြူမျိုးနွယ်စုမှ မိန်းကလေးတစ်ယောက် ရှိနေခဲ့ပြီး သူမသည် အနှစ်ဆယ့်ခုနစ်မြောက် ဖေးနတ်ဘုရားကျောက်တုံးကို အသုံးပြုကာ တရားထိုင်နေခြင်း ဖြစ်သည်။
သူမ၏ ရှေ့မှောက်ရှိ သနားစရာကောင်းလောက်အောင် သေးငယ်လှသော ဖေးနတ်ဘုရားကျောက်တုံးလေးကို ကြည့်ရှုလိုက်မိရင်း သူမက မိမိကိုယ်မိမိ
“ဟူး ငါ့ရဲ့ ဖေးနတ်ဘုရားကျောက်တုံးက တကယ့်ကို သေးလိုက်တာ” ဟု ရေရွတ်လိုက်မိသည်။
သူမ၏ နာမည်မှာ လန်ရှောင်မို ဟု ခေါ်ပြီး အရပ်မမြင့်လှဘဲ နက်ပြာရောင် ဆံနွယ်ရှည်ကြီးများကို ပိုင်ဆိုင်ထားသည်။ သူမ၏ ပုံသဏ္ဌာန်မှာ မြေခွေးဖြူမျိုးနွယ်စု၏ စင်ကြယ်သော သွေးမျိုးဆက်များနှင့် အနည်းငယ် ကွဲပြားခြားနားနေခဲ့ရာ ၎င်းက သူမ၏ သွေးမျိုးဆက်မှာ စင်ကြယ်ခြင်း မရှိကြောင်း ဖော်ပြနေခဲ့သည်။
ယခင် စမ်းသပ်ပွဲတွင် လန်ရှောင်မိုသည် ကမ္ဘာဦးဟင်းလင်းပြင်အတွင်းသို့ ဝင်ရောက်ခွင့်ရရန်အတွက် သီသီလေးသာ အရည်အချင်း ပြည့်မီခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း သူမ၏ ဖေးနတ်ဘုရားကျောက်တုံးနှင့် နှိုင်းယှဉ်လျှင် ယီယွင်၏ ကျောက်တုံးကြီး သုံးတုံးမှာမူ သာ၍ပင် ဆိုးရွားလွန်းလှသည်ဟု ထင်မှတ်ရပေသည်။
လန်ရှောင်မို သူမ၏ ဘေးနားသို့ မသိမသာ လှမ်း၍ ကြည့်လိုက်မိသည်။ စူးစမ်းလိုစိတ် ဖြစ်ပေါ်လာခဲ့သဖြင့် သူမသည် ယီယွင်၏ ဘယ်ဘက်တွင် ရှိနေသော မီးခိုးနက်ရောင် ကုဗတုံးပုံသဏ္ဌာန် ဖေးနတ်ဘုရားကျောက်တုံးကြီးကို မိမိ၏ စိတ်ဝိညာဉ်အာရုံဖြင့် တိတ်တဆိတ် စစ်ဆေးကြည့်လိုက်မိသည်။
ထင်မှတ်ထားသည့်အတိုင်းပင် ဘာအံ့ဩစရာမှ မရှိဘဲ သူမ မည်သည့် အရှိန်အဝါ အငွေ့အသက်ကိုမျှ ခံစားမိခြင်း မရှိချေ။ ထိုဖေးနတ်ဘုရားကျောက်တုံးကြီးမှာ လုံးဝ ဗလာကျင်းနေသည့်အလား ထင်မှတ်ရပြီး ၎င်းအတွင်း၌ ဘာမျှ ရှိမနေခဲ့ချေ။
“ဒီလို ကျောက်တုံးအလွတ်ကြီးထဲကနေ ဘာတွေကိုများ ထိုးထွင်းသိမြင်နိုင်မှာမလို့လဲ”
လန်ရှောင်မို သူမ၏ တောက်ပလှသော မျက်ဝန်းအစုံကို ပုတ်ခတ်လိုက်မိရင်း ဘာဖြစ်လို့လဲဆိုသည်ကို ဘယ်လိုမှ နားမလည်နိုင်အောင် ဖြစ်ရတော့သည်။ ယီယွင်၏ ပုံသဏ္ဌာန်မှာလည်း လူအူတုံးတစ်ယောက်နှင့် လုံးဝ မတူညီသည်မှာ အမှန်ပင် ဖြစ်သည်။
“သူလည်း အချိန်ကြာလာရင် တဖြည်းဖြည်းနဲ့ လက်လျှော့သွားမှာပါပဲ။ ဘယ်သူကမှ ဒီလို ကျောက်တုံးအလွတ်ကြီးကို နှစ်ပေါင်းများစွာကြာအောင် စိုက်ကြည့်နေဖို့ စိတ်ရှည်နိုင်ကြမှာ မဟုတ်ဘူး။ ဒီခုနစ်နှစ်တာ အချိန်အပိုင်းအခြားက သူ့အတွက် အချည်းနှီး ဖြစ်သွားလိမ့်မယ်ဆိုပေမဲ့ သူအနေနဲ့ ပိုမိုနက်နဲတဲ့ ဥပဒေသပိုင်းဆိုင်ရာ ထိုးထွင်းသိမြင်မှုတွေ ရရှိဖို့အတွက် ဒီကျယ်ပြောလှတဲ့ ကုန်းမြေတိုက်ကြီးပေါ်မှာ လှည့်လည်သွားလာလို့ ရတာပဲလေ။
အဲဒီလို ကျင့်ကြံခြင်းရဲ့ အရှိန်အဟုန်က ဖေးနတ်ဘုရားကျောက်တုံးတွေကို တိုက်ရိုက်လေ့လာတာထက် အများကြီး ပိုပြီး နှေးကွေးလိမ့်မယ်ဆိုပေမဲ့ အနည်းဆုံးတော့ အဆင်ပြေနိုင်သေးတာပဲ”
ထိုသို့ တွေးတောမိလိုက်ပြီးနောက် လန်ရှောင်မိုသည် မိမိ၏ စိတ်ဝိညာဉ်အာရုံကို ပန်းကန်လုံးတစ်လုံးခန့် အရွယ်အစားရှိသော ထိုဖေးနတ်ဘုရားကျောက်တုံးလေးအတွင်းသို့ ပြန်လည်နှစ်မြှုပ်လိုက်ရင်း နက်ရှိုင်းလှသော တရားထိုင်ခြင်း အခြေအနေအတွင်းသို့ ဝင်ရောက်သွားခဲ့တော့သည်။
အခန်း ၈၉၄ - ဟင်းလင်းပြင် သစ်ခွပန်း ပွင့်လန်းခြင်း (အပိုင်း ၂)
ယီယွင်၏ စိတ်ဝိညာဉ်အာရုံသည် ရှေးဟောင်း ဖေးနတ်ဘုရားကျောက်တုံးကြီးနှင့် ချိတ်ဆက်မိသွားသောအခါ သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရသကဲ့သို့ ခံစားလိုက်ရသည်။
ဖေးနတ်ဘုရားကျောက်တုံးများ၏ ရှေ့မှောက်တွင် တရားထိုင်နေကြသော ပါရမီရှင် လူငယ်လေးများအပြင် ပတ်ပတ်လည်တွင် လွင့်မျောနေခဲ့သော ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများပါ လုံးဝ ပျောက်ကွယ်သွားခဲ့ကြပြီ ဖြစ်သည်။
ယီယွင်သည် လုံးဝ စိမ်းသက်လှသော ကမ္ဘာသစ်တစ်ခုအတွင်းသို့ ရောက်ရှိလာခဲ့သည်။
သူ ဘယ်နေရာကိုပဲ ကြည့်ကြည့်၊ ၎င်းမှာ အဆုံးမရှိ နက်ရှိုင်းလှသော စကြာဝဠာကြီးတစ်ခု ဖြစ်နေခဲ့သည်။ သူ၏ ခြေထောက်အောက်တွင်မူ ကြည့်ရှုသူကို ရင်သပ်ရှုမောဖွယ် ဖြစ်စေလောက်အောင် လှပဆန်းကြယ်ပြီး တောက်ပလင်းလက်နေသည့် ခရုပတ်ပုံသဏ္ဌာန် ဂလက်ဆီကြယ်စုတန်းကြီးများ ရှိနေခဲ့ကြသည်။
ယီယွင်၏ ရှေ့မှောက်တွင်မူ တဖျတ်ဖျတ် လင်းလက်နေသော ခရမ်းရောင်အလင်းတန်းများနှင့်အတူ ခရမ်းရောင်သလင်းကျောက်မူလအစစ်အမှန် ရှိနေခဲ့သည်။ ၎င်းမှာ ဟင်းလင်းပြင်အလွတ်ကြီးထဲတွင် လွင့်မျောနေခဲ့ပြီး အသာအယာ လည်ပတ်နေခဲ့သည်။
ယီယွင် ဤထူးဆန်းလှသော ကမ္ဘာသစ်သို့ ရောက်ရှိလာပြီးနောက်ပိုင်း သူသည် သူ၏ နှလုံးသားအတွင်း၌ ကိန်းဝပ်နေသော ခရမ်းရောင်သလင်းကျောက်လေးကို အကြိမ်ကြိမ်အခါခါ စူးစမ်းကြည့်ရန် ကြိုးစားခဲ့ဖူးသည်။
သို့သော်လည်း ထိုခရမ်းရောင်သလင်းကျောက်လေးမှာ အမြဲတမ်းပင် လျှို့ဝှက်ဆန်းကြယ်နေခဲ့ပြီး ကြည်လင်ပြတ်သားလွန်းလှပေသည်။ ၎င်းကို ကြည့်လိုက်လျှင် အလင်းပေါက်မြင်ရသည့်အလား ထင်မှတ်ရသော်လည်း ယီယွင်အနေဖြင့် ၎င်းသည် မည်မျှလောက်အထိ နက်နဲလှသော လျှို့ဝှက်ချက်များကို ပိုင်ဆိုင်ထားသလဲဆိုသည်ကို လုံးဝ မသိရှိခဲ့ချေ။
သို့သော် ယနေ့တွင်မူ ယီယွင် မြင်တွေ့လိုက်ရသော ခရမ်းရောင်သလင်းကျောက်မှာ ယခင်ကထက် လုံးဝ ကွဲပြားခြားနားနေခဲ့ပြီ ဖြစ်သည်။
ဘာမှ မသိနားမလည်နိုင်ခဲ့သည့် ထိုခံစားချက်ဆိုးကြီးမှာ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယီယွင်၏ အမြင်အာရုံအတွင်း၌ ခရမ်းရောင်သလင်းကျောက်၏ အတိုင်းအတာမှာ အဆုံးမရှိ ကျယ်ပြန့်သွားခဲ့သည်။ ၎င်းက ယီယွင်ကို ခရမ်းရောင်သလင်းကျောက်အတွင်း၌ စကြာဝဠာကြီးတစ်ခုလုံး တည်ရှိနေသကဲ့သို့ ထူးဆန်းလှသော ခံစားချက်တစ်ခု ပေးစွမ်းနေခဲ့သည်။
ခရမ်းရောင်သလင်းကျောက်မှာ လည်ပတ်နေရင်း တဖြည်းဖြည်းနှင့် ပိုမိုကြီးမားလာခဲ့ပြီး စိတ်ကူးယဉ်ဆန်လာခဲ့သည်။ ၎င်းသည် စကြာဝဠာကြီးတစ်ခုလုံးဆီသို့ တဖြည်းဖြည်းနှင့် ပျံ့နှံ့သွားခဲ့ပြီး ယီယွင်၏ အမြင်အာရုံတစ်ခုလုံးကိုလည်း မြူးထူးလှသော ခရမ်းရောင်မြူခိုးများဖြင့် ဖုံးလွှမ်းသွားစေခဲ့တော့သည်။
ထိုထွက်ပေါ်လာသော ခရမ်းရောင်မြူခိုးများအကြားတွင် ယီယွင်သည် မိမိကို ကျောခိုင်းထားသည့် လူတစ်ယောက်၏ ပုံရိပ်ကို လှမ်း၍ မြင်တွေ့လိုက်ရသည်။
ထိုသူမှာ ဆံနွယ်ရှည်ကြီးများကို ပိုင်ဆိုင်ထားသော ပုရိသတစ်ဦး ဖြစ်သည်။ သူသည် အနက်ရောင် သံချပ်ကာဝတ်စုံတစ်ထည်ကို ဝတ်ဆင်ထားပြီး သူ၏ လက်ထဲတွင်မူ လှံရှည်တစ်စင်းကို ကိုင်ဆောင်ထားသည်။
ယီယွင်အနေဖြင့် ထိုသူ၏ ပုံရိပ်မှာ မိမိနှင့် အတော်လေးကို ကွာဝေးလှသော နေရာတွင် ရှိနေသည်ဟု ခံစားရသော်လည်း ထိုသူကို မြင်တွေ့လိုက်ရသည့် အခိုက်အတန့်မှာပင် သူ၏ နှလုံးသားတစ်ခုလုံး ပြင်းထန်စွာ တုန်လှုပ်သွားခဲ့ရတော့သည်။ သူသည် မိမိကိုယ်မိမိ အဆုံးမရှိ ကျယ်ပြောလှသော စကြာဝဠာကြီးနှင့် ကမ္ဘာဦး ကြယ်စင်ကြီးများကို ရင်ဆိုင်နေရသည့်အလား ခံစားလိုက်ရသည်။
ထိုသူ၏ ပုံရိပ်က တဖြည်းဖြည်းနှင့် လှည့်လာခဲ့သည့်အခါ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားဖိအားတစ်ခုသည် သူ့ထံသို့ လှိုင်းတံပိုးအလား တရဟော တိုးဝင်လာခဲ့တော့သည်။ ၎င်းထံတွင် ကမ္ဘာလောကကြီး၏ ဥပဒေသတရားများကိုပင် တုန်လှုပ်ချောက်ချားသွားစေနိုင်သော ပြင်းထန်လှသော သတ်ဖြတ်ခြင်း အရှိန်အဝါများ ပြည့်နှက်နေခဲ့သည်။
ဤမျှလောက် ကြီးမားလှသော စွမ်းအားဖိအားများအောက်တွင် ယီယွင်သည် မိမိကိုယ်မိမိ မုန်တိုင်းထန်နေသော ပင်လယ်ပြင်ကြီးထဲရှိ သေးငယ်လှသော လှေငယ်လေးတစ်စင်းအလား ခံစားလိုက်ရပြီး အချိန်မရွေး ဝါးမြိုဖျက်ဆီးခြင်း ခံရနိုင်ချေ ရှိနေခဲ့သည်။
ဒီလူက ဘယ်သူလဲ ........
ယီယွင် ဆက်လက်တွေးတောရန်ပင် ခက်ခဲသွားခဲ့ရတော့သည်။ ထိုသူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားဖိအားများနှင့် ပတ်ဝန်းကျင်ရှိ ဥပဒေသ စွမ်းအားများ၏ ရိုက်ခတ်မှုများကြောင့် ယီယွင်သည် မိမိ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့ လုံးဝ ကွဲကွာသွားတော့မည့်အလား ခံစားလိုက်ရသည်။
ထိုအခိုက်အတန့်တွင် ယီယွင်သည် ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးထံမှ အလွန်ပင် ရင်းနှီးလှသော အရှိန်အဝါတစ်ခုကို ခံစားမိလိုက်သည်။
ဒါက ခရမ်းရောင်သလင်းကျောက် ရဲ့ အငွေ့အသက်ပဲ မဟုတ်ဘူးလား......
ထိုသူ၏ ရင်ဘတ်အလယ်တည့်တည့်တွင် တောက်ပလင်းလက်နေသော ခရမ်းရောင် သလင်းကျောက်တုံး ကိုယ်ထည်တစ်ခု ရှိနေခဲ့ရာ ၎င်းမှာ ယီယွင် ပိုင်ဆိုင်ထားသော ခရမ်းရောင်သလင်းကျောက်၏ ခံစားချက်နှင့် လုံးဝ တထပ်တည်း ကျနေခဲ့သည်။
ယီယွင် ဤပုဂ္ဂိုလ်မှာ မိမိ၏ အနာဂတ်ကိုယ်ထည် ဖြစ်လိမ့်မည်ဟု မယုံကြည်ချေ။ သို့ဆိုလျှင် သူက ခရမ်းရောင်သလင်းကျောက်၏ ယခင် အတိတ်က ပိုင်ရှင်တစ်ဦး ဖြစ်နေခဲ့တာများလား။
ရုတ်တရက် ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးက သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ပြီး လက်ထဲမှ လှံရှည်ကြီးကို ဟင်းလင်းပြင်ထဲသို့ လွှတ်တင်လိုက်တော့သည်။
ထိုလှံရှည်ကြီးသည် စကြာဝဠာ ဟင်းလင်းပြင်ကြီးအတွင်းသို့ လျှောက်လှမ်းသွားခဲ့စဉ်မှာပင် ၎င်း၏ အရွယ်အစားမှာ တဖြည်းဖြည်းနှင့် ကြီးမားလာခဲ့သည်။ ၎င်းသည် ဆက်တိုက်ဆိုသလို ကြီးမားလာခဲ့ပြီး နောက်ဆုံးတွင်မူ မယုံကြည်နိုင်စရာကောင်းလောက်အောင် ကြီးမားလှသော အရွယ်အစားသို့ ရောက်ရှိသွားခဲ့တော့သည်။ ၎င်းသည် ကြယ်စင်ပေါင်း ရာချီကိုပင် သီတံတစ်ချောင်းအလား ချိတ်ဆက်သွားနိုင်ချေ ရှိနေခဲ့သည်။
ထိုကြီးမားလှသော လှံရှည်ကြီးသည် ထိုသူ၏ ခြေထောက်အောက်သို့ ပြန်လည်ကျရောက်လာခဲ့သည့်အခါ ထိုလှံရှည်ကြီး၏ မျက်နှာပြင်ထက်တွင် ကုန်းမြေတိုက်ကြီးများ, မဟာသမုဒ္ဒရာများ, သစ်ပင်ပန်းမန်များ, သက်ရှိ သတ္တဝါများအပြင် ဖေးသားရဲကြီးများနှင့် လူသားများပါ တဖြည်းဖြည်းနှင့် ရှင်သန်ကြီးထွားလာခဲ့ကြသည်ကို တွေ့လိုက်ရသည်။
လှံတစ်စင်းက ကျဉ်းမြောင်းလှသော ကမ္ဘာလောကငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တာ ဟုတ်လား ။
ယီယွင် လုံးဝ ထိတ်လန့်တုန်လှုပ်သွားခဲ့ရတော့သည်။ ၎င်းမှာ မည်ကဲ့သို့သော အယူအဆမျိုးလဲဆိုသည်ကို သူ ဘယ်လိုမှ နားမလည်နိုင်တော့ချေ။ ထိုသူက မိမိ၏ လက်နက်ကို ကမ္ဘာလောကကြီးတစ်ခုအဖြစ် ပြောင်းလဲပုံဖော်ပစ်လိုက်ခြင်း ဖြစ်ပေသည်။
ထိုလှံကမ္ဘာငယ်လေးသည် ထိုသူ၏ ခြေထောက်အောက်တွင် ဆက်တိုက်ဆိုသလို ကျယ်ပြန့်လာခဲ့ပြီး ယီယွင်သည်လည်း မိမိကိုယ်မိမိ ထိုကျဉ်းမြောင်းလှသော ကုန်းမြေတိုက်ကြီးပေါ်သို့ ခြေချလိုက်ရသည့်အလား ခံစားလိုက်ရသည်။
ထိုဝေဝါးလှသော ကမ္ဘာလောကကြီးအတွင်း၌ မိုးတိမ်တောင်ကြီးများသည် နိမ့်ကျစွာ တည်ရှိနေခဲ့ကြသည်။ ကောင်းကင်ယံထက်တွင်မူ လျှပ်စီးကြောင်းများ တဖျတ်ဖျတ် လင်းလက်နေခဲ့ကြပြီး ကမ္ဘာလောကကြီး၏ မူလဥပဒေသတရားများမှာလည်း အဆုံးမရှိသော အပိုင်းအစများအဖြစ် ပြောင်းလဲသွားခဲ့ကြသည့်အလား ထင်မှတ်ရပေသည်။
ထိုကမ္ဘာလောကကြီးသည် ၎င်း၏ မူလအစ စွမ်းအားများကို ဗဟောင်းပြသနေခဲ့ခြင်း ဖြစ်ပေသည်။
“ဒါတွေက ဥပဒေသတရားတွေရဲ့ အပိုင်းအစတွေပဲ”
ယီယွင် ၏ နှလုံးသား တုန်ခါသွားခဲ့ရသည်။ ထိုအပိုင်းအစများအားလုံးမှာ မည်မျှလောက်အထိ တန်ဖိုးကြီးမားလှသလဲဆိုသည်ကို သူ ကောင်းစွာ သိရှိထားသည်။
၎င်းတို့အားလုံးမှာ မူလအစ ဥပဒေသတရားများ ဖြစ်ကြသည်။ ကောင်းကင်ဘုံကြီး ဆယ့်နှစ်ဘုံ စတင်ဖြစ်ပေါ်လာခဲ့သည်မှာ မရေမတွက်နိုင်သော ကာလများ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး စကြာဝဠာကြီးသည်လည်း ရင့်ကျက်တည်ငြိမ်ပြီးသား ဖြစ်သည်။
ထိုကဲ့သို့သော ပြည့်စုံလွန်းလှသည့် ဥပဒေသတရားများထံမှ မူလအစ စွမ်းအားများကို ထိုးထွင်းသိမြင်ရန် ကြိုးစားအားထုတ်ရန်မှာ ဘယ်လိုမှ မဖြစ်နိုင်ချေ။
ဒါက ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စပဲ။
ဤအချက်ကပင် ကျင့်စဉ်လောက ဖေးတစ်သောင်းကောင်းကင်ဘုံ၏ အင်အားကြီး ပညာရှင်အများအပြားက ဤကမ္ဘာဦး ကောင်းကင်ဘုံကြီး ကို အဘယ်ကြောင့် မျက်စိကျနေကြသနည်းဆိုသည့် အကြောင်းအရင်းပင် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ကမ္ဘာဦး ကောင်းကင်ဘုံကြီးအတွင်းရှိ ဥပဒေသတရားများမှာ ပြည့်စုံခြင်း မရှိသေးသဖြင့် ၎င်းတို့ကို လေ့လာဆည်းပူးရန်မှာ ပိုမို၍ လွယ်ကူလှသောကြောင့်ပင် ဖြစ်သည်။
သို့သော်လည်း ကမ္ဘာဦး ကောင်းကင်ဘုံကြီး၏ ဥပဒေသတရားများမှာ အလွန်ပင် ယောက်ယက်ခတ်နေပြီး ရှုပ်ထွေးလှပေသည်။ ထိုကဲ့သို့သော ရှုပ်ထွေးလှသော ဥပဒေသတရားများအကြားမှ မူလအစ ဥပဒေသတရားများကို ရှာဖွေဖော်ထုတ်ရန်မှာ ပြောသလောက် မလွယ်ကူလှချေ။
မရေမတွက်နိုင်အောင် အကြာကြီး တရားထိုင်လေ့လာပြီးသည့်တိုင်အောင် ထိုမူလအစ ဥပဒေသတရားများ၏ အပိုင်းအစလေးတစ်ခုကို ရရှိနိုင်ပါ့မလားဆိုသည်မှာ မည်သူမျှ အတတ်မပြောနိုင်ချေ။
သို့သော် ယခုအခါတွင်မူ ယီယွင်၏ ရှေ့မှောက်တွင် မူလအစ ဥပဒေသတရားများ၏ အပိုင်းအစများစွာမှာ လေထဲ၌ ဟိုဟိုဒီဒီ ပျံသန်းလွင့်မျောနေခဲ့ကြသည်။ ထိုကဲ့သို့သော အပိုင်းအစများမှာ စုပ်ယူလေ့လာရန် အလွန်ပင် လွယ်ကူလှပေသည်။ အကယ်၍ အကြီးအကဲများ သာ ဤမြင်ကွင်းကို မြင်တွေ့လိုက်ရမည်ဆိုပါက သူတို့အားလုံး ရူးသွပ်သွားကြရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
“ငါ ........ ငါ တရားထိုင်ပြီး လေ့လာချင်တယ်”
ဤဥပဒေသ အပိုင်းအစများက ယီယွင်ကို အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့သည်။ သို့သော်လည်း သူသည် လှမ်း၍ မြင်တွေ့နိုင်ရုံသာ တတ်နိုင်စွမ်းရှိပြီး ထိတွေ့ကိုင်တွယ်ရန်မူ မတတ်နိုင်ချေ။ ဤဥပဒေသတရားများမှာ သူနှင့် အလွန်ပင် ကွာဝေးလွန်းလှပေသည်။
သူသည် ၎င်းတို့အတွင်း၌ ဘာတွေ ရှိနေသလဲဆိုသည်ကို မနည်း အားစိုက်ပြီး ကြည့်ရှုနေရခြင်း ဖြစ်ပြီး ဤကမ္ဘာလောကကြီးထံမှ ထွက်ပေါ်လာသော ကြီးမားလှသော စွမ်းအားဖိအားများကြောင့် သူ၏ စိတ်နှလုံးကို တည်ငြိမ်အောင် ထိန်းသိမ်းရန်ပင် ခက်ခဲလှပေသည်။
ယီယွင် ဤပြန့်ကျဲနေသော မူလအစ ဥပဒေသအပိုင်းအစများကို ကြည့်ရှုလိုက်မိရင်း ရင်ထဲတွင် နှမြောတသ ဖြစ်မိတော့သည်။ ဤသည်က ရတနာတောင်ကြီးတစ်ခုအတွင်းသို့ ဝင်ရောက်ခဲ့ပြီးမှ ဘာမှ မရရှိဘဲ လက်ဗလာဖြင့် ပြန်လည်ထွက်ခွာလာရခြင်းနှင့် အတူတူပင် ဖြစ်ပေသည်။
ဤထင်ယောင်ထင်မှား ပုံရိပ်လွှာအတွင်းရှိ လှံရှည်ကို ကိုင်ဆောင်ထားသော ပုရိသကြီးက ဘယ်သူလဲ သူက ခရမ်းရောင်သလင်းကျောက်နှင့် မည်သို့သော ဆက်နွယ်မှုမျိုး ရှိနေခဲ့သနည်း ။
ဤပုဂ္ဂိုလ်၏ အရှိန်အဝါမှာ သန့်စင်ယန်ဓားနန်းတော်၏ အရှင်သခင်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းလှသည်ဟု ခံစားရပေသည်။
ဝုန်း......
ထိုအခိုက်အတန့်တွင် ထိုလှံရှည်ကို ကိုင်ဆောင်ထားသော ပုရိသကြီး၏ ခန္ဓာကိုယ်အတွင်းမှ မရေမတွက်နိုင်သော မိုးကြိုးသံများ ဟိန်းထွက်လာခဲ့သည့်အလား ထင်မှတ်ရပေသည်။
ကောင်းကင်ယံထက်ရှိ ပြန့်ကျဲနေသော မူလအစ ဥပဒေသအပိုင်းအစများအားလုံးမှာ ထိုသူ၏ ခန္ဓာကိုယ်အတွင်းသို့ တရဟော စီးဆင်းဝင်ရောက်သွားခဲ့ကြတော့သည်။ ရုတ်ချည်းမှာပင် သူ၏ ခန္ဓာကိုယ်ပတ်ပတ်လည်၌ ထူးဆန်းလှသော မော်ကွန်းသင်္ကေတ ရေးထိုးချက်များ စုစည်းပေါ်ထွက်လာခဲ့ကြသည်ကို တွေ့လိုက်ရသည်။
ထိုမော်ကွန်းသင်္ကေတများမှာ တဖျတ်ဖျတ် လင်းလက်နေခဲ့ကြပြီး မော်ကွန်းသင်္ကေတ တစ်ခုချင်းစီ တိုင်း၏ အတွင်း၌ ထင်ယောင်ထင်မှား ပုံရိပ်လွှာတစ်ခုစီ ပါရှိနေခဲ့ကြသည်။
၎င်းတို့မှာ နတ်ဘုရားများ သို့မဟုတ် မိစ္ဆာနတ်ဘုရားများ၏ ပုံရိပ်များ ဖြစ်ကြသည်။
အချို့သော ပုံရိပ်လွှာများမှာ အလွန်ပင် ခန့်ညားထည်ဝါလှပြီး သူတို့၏ ခြေထောက်အောက်တွင် ကြာပန်းများ ရှိနေခဲ့ကြကာ ဦးခေါင်းနောက်ကွယ်တွင်မူ ဝေဝါးလှသော ရောင်ခြည်တော်ကွင်းများ ပါရှိနေခဲ့ကြသည်။
အချို့သော ပုံရိပ်လွှာများမှာမူ အလွန်ပင် ရက်စက်ကြမ်းကြုတ်လှပြီး လက်ထဲတွင် သွေးစွန်းနေသော လက်နက်များကို ကိုင်ဆောင်ထားကြကာ မရေမတွက်နိုင်သော သွေးစွန်းနေသည့် ဦးခေါင်းခွံကြီးများကို နင်းခြေထားကြသည်။
ထိုပုံရိပ်လွှာများအားလုံးမှာ စက်ဝိုင်းပုံစံ စုစည်းတည်ရှိနေခဲ့ကြပြီး ထိုမော်ကွန်းသင်္ကေတများနှင့် ပေါင်းစပ်လိုက်သည့်အခါ နောက်ဆုံးတွင်မူ ကြီးမားလှသော စက်ဝန်းဘီးကြီးတစ်ခု အသွင်သို့ ပြောင်းလဲသွားခဲ့တော့သည်။
“ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း”
မည်သည့် အကြောင်းအရင်းကြောင့်ရယ်မသိဘဲ ဤနာမည်ဆန်းကြီးမှာ ယီယွင်၏ အတွေးအာရုံအတွင်းသို့ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးသည် နတ်ဘုရားများနှင့် မိစ္ဆာများကို ပိတ်လှောင်ကိန်းဝပ်စေနိုင်သော ထို မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ကြီးကို ကိုင်ဆောင်ကာ သူ၏ ရှေ့မှောက်တွင် မတ်တတ်ရပ်နေခဲ့သည်။ ယီယွင်သည် ထိုစက်ဝန်းဘီးကြီးအတွင်းရှိ ဥပဒေသတရားများအားလုံးကို မိမိ၏ မျက်ဝန်းအစုံဖြင့် အစွမ်းကုန် လိုက်လံကြည့်ရှုမှတ်တမ်းတင်လိုက်တော့သည်။
ယီယွင် ရုတ်တရက် သဘောပေါက်သွားခဲ့သည်မှာ ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ကြီးမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသော နတ်ဘုရား လျှို့ဝှက်ဆန်းကြယ် တန်ခိုးစွမ်းအားတစ်ခု ဖြစ်ရမည်ဟူသောအချက်ကိုပင်။
ယခု သူ မြင်တွေ့လိုက်ရသော မြင်ကွင်းမှာ ထိုလှံရှည်ကို ကိုင်ဆောင်ထားသော ပုရိသကြီးက ကမ္ဘာလောကကြီးတစ်ခုကို ဖန်တီးပုံဖော်ပြီး ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်းကို ဖန်တီးထုတ်ဖော်ခဲ့သည့် မြင်ကွင်းပင် ဖြစ်ပေသည်။ ၎င်းမှာ ခရမ်းရောင်သလင်းကျောက်အတွင်း၌ ကျန်ရစ်ခဲ့သော အတိတ်က ပုံရိပ်မော်ကွန်းတစ်ခု ဖြစ်ရမည်။ ဤပုဂ္ဂိုလ်မှာ အမှန်တကယ်ပင် ခရမ်းရောင်သလင်းကျောက်၏ အတိတ်က ပိုင်ရှင်တစ်ဦး ဖြစ်ပေသည်။
ယီယွင် ကောင်းကင်ယံထက်သို့ မော့ကြည့်လိုက်သည်။ ထိုနေရာတွင် ပြန့်ကျဲနေသော မူလအစ ဥပဒေသအပိုင်းအစအချို့ ကျန်ရှိနေသေးသည်။
သို့သော်လည်း ယီယွင်အနေဖြင့် ထိုအပိုင်းအစများကို ဆက်လက်ကြည့်ရှုရန် စိတ်မပါတော့ချေ။ သူသည် သူ၏ မျက်ဝန်းအစုံကို အစွမ်းကုန် ဖြဲကြည့်လိုက်မိရင်း ထို မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်းကိုသာ ရှင်းလင်းပြတ်သားစွာ မြင်တွေ့နိုင်ရန် အသည်းအသန် ကြိုးစားအားထုတ်လိုက်တော့သည်။
သို့သော်လည်း ထိုသူ့ထံမှ ထွက်ပေါ်လာသော စွမ်းအားဖိအားမှာ အလွန်ပင် ပြင်းထန်လွန်းလှပေသည်။ ယီယွင် ထိုစွမ်းအားဖိအားများကို အစွမ်းကုန် အံတုအန်တုရင်း ဥပဒေသတရားများကို လေ့လာရန် ကြိုးစားနေခဲ့ရသော်လည်း သူ၏ စိတ်ဆန္ဒအာရုံမှာ အချိန်မရွေး ပြိုလဲပျက်စီးသွားတော့မည့်အလား ခံစားနေရသည်။
သူသည် ၎င်းတို့ကို အလွတ်မှတ်မိပြီး ထိုးထွင်းသိမြင်နိုင်ရန် မိမိကိုယ်မိမိ အစွမ်းကုန် ဖိအားပေးနေခဲ့ရသော်လည်း သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ မကြာမီမှာပင် ၎င်း၏ ကန့်သတ်ချက် အတိုင်းအတာသို့ ရောက်ရှိသွားခဲ့ရတော့သည်။
ဝုန်း.........
သူ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးသည် ရုတ်တရက် ပြိုလဲပျက်စီးသွားခဲ့ရပြီး သူ၏ ရှေ့မှောက်ရှိ မြင်ကွင်းအားလုံးမှာ ချက်ချင်း ပျောက်ကွယ်သွားခဲ့ရတော့သည်။
ပတ်ဝန်းကျင် မြင်ကွင်းမှာလည်း ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ ယီယွင်သည် ကမ္ဘာဦးဟင်းလင်းပြင်အတွင်းသို့ ရုတ်တရက် ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
သူ၏ ပတ်ဝန်းကျင်တွင် ကမ္ဘာဦး ယောက်ယက်ခတ်မှု မြူခိုးများဖြင့် ဖုံးလွှမ်းနေဆဲ ဖြစ်ပြီး သူ၏ ရှေ့မှောက်တွင်မူ ထိုထူးဆန်းလှသော နတ်ဘုရားကျောက်တုံး သုံးတုံးမှာ ဟင်းလင်းပြင်အလွတ်ကြီးထဲတွင် ငြိမ်သက်စွာ လွင့်မျောနေကြဆဲ ဖြစ်သည်။
ယီယွင် သူ၏ နဖူးပြင်ထက်တွင် အေးစိမ့်စိမ့် ခံစားချက်တစ်ခု ဖြစ်ပေါ်လာခဲ့သဖြင့် စမ်းသပ်ကြည့်လိုက်မိသည့်အခါ ၎င်းမှာ သူ၏ နဖူးပြင်ထက်မှ စီးကျလာသော ပျစ်ချွဲလှသော ချွေးစက်ကြီးများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
ဒါက တကယ့်ကို အံ့ဩစရာပဲ။
ယီယွင် ခရမ်းရောင်သလင်းကျောက်အတွင်း၌ ဤမျှလောက်အထိ အဖိုးတန်လှသော အတိတ်က အမှတ်တရ မော်ကွန်းများ ကျန်ရစ်နေခဲ့လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ချေ။
ဒါတင်မကသေးဘဲ ဤအမှတ်တရများမှာ ဤမျှလောက်တွင်တင် ကန့်သတ်ထားခြင်း ရှိလိမ့်မည် မဟုတ်ချေ။
သို့သော်လည်း ယခု ယီယွင်၏ စိတ်ဝိညာဉ် ခွန်အားမှာ အလွန်ပင် အကန့်အသတ် ရှိလှပေသည်။ သူသည် ဆက်လက်၍ မတောင့်ခံနိုင်တော့မီ ဤမျှလောက်သော အတိုင်းအတာအထိသာ လှမ်း၍ မြင်တွေ့နိုင်ခဲ့ခြင်း ဖြစ်သည်။
ယီယွင် ဘာမှ တွေးတောနေစရာမလိုဘဲ ခရမ်းရောင်သလင်းကျောက်သည် အလွန်ပင် ကြာမြင့်လှသော ကာလကတည်းက တည်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း ကောင်းစွာ သိရှိထားသည်။ သို့ဆိုလျှင် ၎င်းအတွင်း၌ မှတ်တမ်းတင်ပုံဖော်ထားသော ပုံရိပ်များမှာမည်သည့်ကာလကနည်း ။
ယခုအခါတွင်မူ ယီယွင်သည် ၎င်းတို့၏ သေးငယ်လှသော အစိတ်အပိုင်းလေးတစ်ခုကိုသာ လှမ်း၍ မြင်တွေ့ခဲ့ရခြင်း ဖြစ်သည်။ ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်းကို ဖွဲ့စည်းတည်ဆောက်ထားသော ထိုမူလအစ ဥပဒေသအပိုင်းအစများကို မြင်တွေ့လိုက်ရရုံမျှဖြင့်ပင် ယီယွင်ကို အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့ပြီ ဖြစ်သည်။
အကယ်၍ သူသာ အကြိမ်ကြိမ်အခါခါ လေ့လာကြည့်ရှုခြင်းအားဖြင့် ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း၏ စွမ်းအားအနှစ်သာရကို အနည်းငယ်မျှ ဆုပ်ကိုင်နိုင်ခဲ့မည်ဆိုလျှင်
သူ၏ ခွန်အားက မည်မျှလောက်အထိ မြင့်မားသွားနိုင်သနည်း ။
“အစ်ကိုကြီး အဆင်ပြေရဲ့လား ရှင့်”
ထိုအခိုက်အတန့်တွင် ယီယွင်၏ နားစည်အတွင်းသို့ ချိုသာလှသော မိန်းကလေးတစ်ဦး၏ အသံလေး ဟိန်းထွက်လာခဲ့သည်။
ယီယွင် ထိုအသံထွက်ပေါ်လာရာ နေရာသို့ လှမ်း၍ ကြည့်ရှုလိုက်မိသည့်အခါ ၎င်းမှာ သူ၏ အိမ်နီးနားချင်း ဖြစ်ကြောင်း သိလိုက်ရသည်။ ၎င်းမှာ အနှစ်ဆယ့်ခုနစ်မြောက် ဖေးနတ်ဘုရားကျောက်တုံးလေး၏ ရှေ့တွင် တရားထိုင်နေသော ဆံပင်ပြာနှင့် မိန်းကလေးငယ်လေး ထံမှ ထွက်ပေါ်လာခြင်း ဖြစ်ပေသည်။
သူမသည် သူ့ထက် အသက်ငယ်ပုံရသည်။
“ငါ အဆင်ပြေပါတယ်”
ယီယွင် သူ၏ လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်သည်။ သူ၏ ရင်ထဲတွင်မူ အတိုင်းအဆမရှိ ပြင်းထန်စွာ ရင်ခုန်စိတ်လှုပ်ရှားနေခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်အတွင်း၌ အနည်းငယ် စူးအောင့်သော နာကျင်မှုကို ခံစားနေရဆဲ ဖြစ်သည်ဆိုသော်လည်း ယီယွင်အနေဖြင့် ခရမ်းရောင်သလင်းကျောက်အတွင်း ပိတ်လှောင်ကိန်းဝပ်နေသော ဤအဆုံးမရှိလှသော ရတနာသိုက်ကြီးကို လှမ်း၍ မြင်တွေ့လိုက်ရပြီးနောက်တွင်မူ သူ၏ ယွမ်ချီများ ကုန်ဆုံးသွားခဲ့ရခြင်းအပေါ် လုံးဝ ဂရုမစိုက်တော့ချေ။
ယခု သူ အလိုချင်ဆုံးအရာမှာ သူ၏ ယွမ်ချီများကို အမြန်ဆုံး ပြန်လည်ဖြည့်တင်းပြီးနောက် ထိုခရမ်းရောင်သလင်းကျောက်ကမ္ဘာအတွင်းသို့ ထပ်မံဝင်ရောက်ကာ ထိုမူလအစ ဥပဒေသတရားများကို ဆက်လက်လေ့လာရင်း ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ကြီးကို အပြည့်အဝ တတ်မြောက်အောင် စွမ်းဆောင်ရန်သာ ဖြစ်ပေတော့သည်။
အခန်း ၈၉၅ - နှစ်နှစ်တာ ကာလ
ကမ္ဘာဦးဟင်းလင်းပြင်အတွင်းရှိ လူတိုင်းမှာ အစွမ်းကုန် အာရုံစိုက်ကာ ကျင့်ကြံနေကြသဖြင့် တစ်ပြင်လုံးတွင် တိတ်ဆိတ်ငြိမ်သက်ခြင်းကသာ လွှမ်းမိုးနေခဲ့သည်။
ယီယွင်သည် သူ၏ ယွမ်ချီများကို ပြန်လည်ဖြည့်တင်းရန်အတွက် ရတနာဆေးလုံးတစ်လုံးကို ဝါးမြိုလိုက်ပြီးနောက် ၎င်း၏ ဆေးစွမ်းများကို စုပ်ယူနိုင်ရန် မိမိ၏ ထွက်သက်ဝင်သက် အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိလိုက်တော့သည်။
လန်ရှောင်မို ယီယွင်ကို ထူးဆန်းလှသော မျက်ဝန်းများဖြင့် လှမ်း၍ ကြည့်လိုက်မိသည်။
သူမ သူ့ကို ဘယ်လိုမှ နားမလည်နိုင်တော့ချေ။
သူမ သိရှိထားသည်မှာ ယခင်က ယီယွင်တစ်ယောက် ယွမ်ချီအလွန်အမင်း ကုန်ဆုံးသွားခဲ့ရသည် ဟူသောအချက်ကိုပင်။ ၎င်းမှာလည်း ကျိုးကြောင်းဆီလျော်လှပေသည်။ ဤမျှလောက် ကြီးမားလှသော ဖေးနတ်ဘုရားကျောက်တုံးကြီးတစ်ခု၏ ရှေ့မှောက်တွင် မည်သည့် လမ်းစ၊ မည်သည့် အနက်အဓိပ္ပာယ်မျှ ရှာမတွေ့ဘဲ တရားထိုင်လေ့လာနေမည်ဆိုပါက တစ်ဦးတစ်ယောက်၏ ယွမ်ချီမှာ အလွန်အမင်း လျင်မြန်စွာ ကုန်ဆုံးသွားမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
လန်ရှောင်မို ထိုကိစ္စကို ဆက်လက်မတွေးတောတော့ဘဲ ဖေးနတ်ဘုရားကျောက်တုံးလေးကို အသုံးပြုကာ မိမိ၏ တရားထိုင်ခြင်းကိုသာ ဆက်လက်လုပ်ဆောင်လိုက်တော့သည်။
၎င်းမှာ ပန်းကန်လုံးတစ်လုံးခန့် အရွယ်အစားသာရှိသော အသေးငယ်ဆုံး ဖေးနတ်ဘုရားကျောက်တုံးလေး ဖြစ်သည်ဆိုသော်လည်း ၎င်းကို အသုံးပြု၍ တရားထိုင်ရန်မှာ အလွန်ပင် ပင်ပန်းဆင်းရဲလှပေသည် လန်ရှောင်မို ၎င်းအတွင်း၌ ကိန်းဝပ်နေသော ဥပဒေသတရားများမှာ အလွန်ပင် များပြားဆန်းကြယ်လှသည်ဟု ခံစားနေရသော်လည်း သူမကိုယ်တိုင် ထိုးထွင်းသိမြင်နိုင်မှု အတိုင်းအတာမှာမူ အလွန်ပင် ကန့်သတ်ချက် ရှိလှပေသည်။
သူမသည် ယခင်က အဆိုးရွားဆုံးနှင့် အသေးငယ်ဆုံး ဖေးနတ်ဘုရားကျောက်တုံးကို ရွေးချယ်ခဲ့ရသဖြင့် စိတ်ပျက်လက်ပျက် ဖြစ်ခဲ့ရဖူးသော်လည်း ယခု ပြန်လည်တွေးတောကြည့်သည့်အခါ ၎င်းမှာ ဆိုးလှသည်တော့ မဟုတ်ချေ။
အဘယ်ကြောင့်ဆိုသော် အခက်ခဲဆုံးနှင့် အဆန်းကြယ်ဆုံး ဖြစ်ကြသော ကြယ်စင်ထိုးဖောက်ကျောက်တုံး နှင့် နတ်ဘုရားသုံးပါးတံဆိပ် ကဲ့သို့သော ကျောက်တုံးကြီးများမှာ ကျန်ကျူး သို့မဟုတ် မြေခွေးဖြူမင်းသမီး ကဲ့သို့သော ထိပ်တန်း ပါရမီရှင်ကြီးများသာလျှင် ထိုးထွင်းသိမြင်မှု အနည်းငယ် ရရှိနိုင်မည့် အရာများ ဖြစ်သောကြောင့်ပင်။
သဘာဝကျကျ ပြောရမည်ဆိုလျှင် ထို နတ်ဘုရားသုံးပါးတံဆိပ် နှင့် ကြယ်စင်ထိုးဖောက်ကျောက်တုံး တို့ထက် သာ၍ပင် ခက်ခဲနက်နဲလှသော အရာများမှာ သူမ၏ ဘေးနားရှိ ယီယွင် ရွေးချယ်ထားသော အထူးဆန်းဆုံး ဖေးနတ်ဘုရားကျောက်တုံး သုံးတုံးပင် ဖြစ်ကြပေသည်။
ဤအချိန်အတောအတွင်း သူမ သတိပြုမိသည်မှာ ယီယွင်သည် ထိုဖေးနတ်ဘုရားကျောက်တုံးကြီးအတွင်းသို့ သူ၏ စိတ်ဝိညာဉ်အာရုံကို ထပ်မံ၍ အစွမ်းကုန် နှစ်မြှုပ်လိုက်ပြန်ပြီ ဖြစ်ကြောင်းပင်။ သူ မည်သည့် ထိုးထွင်းသိမြင်မှုကိုမျှ မရရှိနိုင်သေးဘူးဆိုသည့် အချက်ကို ခေတ္တချန်လှပ်ထားခဲ့ဦးမည်ဆိုလျှင်ပင် သူ၏ စိတ်ဝိညာဉ်စွမ်းအင် ကုန်ဆုံးမှုနှုန်းမှာ အလွန်ပင် မြင့်မားလှပြီး လျင်မြန်လှပေသည်။
ယခင်က ယီယွင်တစ်ယောက် အရိပ်အမြွှာခြေလှမ်း ကျင့်စဉ်ကို တတ်မြောက်သွားခဲ့စဉ်က မြေခွေးဖြူမင်းသမီးကိုယ်တိုင်ပင် သူ့ကို ချီးမွမ်းစကား ပြောဆိုခဲ့ဖူးသည်။ သို့ပါလျက်နှင့် ဤမျှလောက် ပါရမီထူးချွန်လှသော လူငယ်လေးတစ်ဦးက ဘာဖြစ်လို့ ဤအသုံးမကျလှသော အမှိုက်ကျောက်တုံးကြီးတွေရဲ့ ရှေ့မှာ မိမိကိုယ်မိမိ ဦးခေါင်းကွဲအာအောင် အတင်းအကျပ် ဖိအားပေးနေရသနည်း
ယီယွင်သည် ခရမ်းရောင်သလင်းကျောက်ကမ္ဘာအတွင်းသို့ လုံးဝ စိတ်ဝိညာဉ် နှစ်မြှုပ်ဝင်ရောက်နေခဲ့ပြီ ဖြစ်သည်။ သူသည် မိမိ၏ ရှေ့မှောက်တွင် လုံးဝ ဆန်းသစ်လှသော ကမ္ဘာသစ်တစ်ခု၏ တံခါးချပ်ကြီး ပွင့်လန်းသွားခဲ့ရသကဲ့သို့ ခံစားနေရသည်။
ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးသည် လက်ထဲတွင် မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ကို ကိုင်ဆောင်ကာ ငြိမ်သက်စွာ မတ်တတ်ရပ်နေဆဲ ဖြစ်သည်။ ၎င်းမှာ မရေမတွက်နိုင်သော မူလအစ ဥပဒေသအပိုင်းအစများစွာ စုစည်းပြီး ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပေသည်။
ယီယွင်အနေဖြင့် လော့မျိုးနွယ်စု၏ စမ်းသပ်ပွဲအတွင်း ခရမ်းရောင်သလင်းကျောက်၏ အရှိန်အဝါ အငွေ့အသက်များ ကိန်းဝပ်နေသော ဤကမ္ဘာဦးကျောက်တုံးကြီး ရှိနေလိမ့်မည်ဟု ဘယ်တုန်းကမှ ထင်မှတ်မထားခဲ့ဖူးချေ။
ယီယွင်သည် မထင်မရှား သေးငယ်လှသော ကမ္ဘာလောကငယ်လေးတစ်ခုဖြစ်သည့် တိမ်ရိုင်းဒေသ ထဲမှနေ၍ ဤကျယ်ပြောလှသော ကျင့်စဉ်လောကကြီး ဖေးတစ်သောင်းကောင်းကင်ဘုံဆီသို့ ခြေလှမ်းတစ်လှမ်းချင်းစီ တက်လှမ်းလာခဲ့ခြင်း ဖြစ်သည်။
သူ ပိုမို၍ အဝေးကြီးကို လျှောက်လှမ်းလာနိုင်ခဲ့လေလေ၊ မိမိကိုယ်မိမိ ပိုမို၍ သေးငယ်လှသည်ဟု ခံစားရလေလေ ဖြစ်သည်။
ဤအဆုံးမရှိ ကျယ်ပြောလှသော စကြာဝဠာကြီးနှင့် နှိုင်းယှဉ်လျှင် လူသားတို့၏ သက်တမ်းမှာ ပုရွက်ဆိတ်ငယ်လေးများအလား သနားစရာကောင်းလှပေသည်။ ၎င်းမှာ သေးငယ်လှသော ဗက်တီးရီးယားပိုးမွှားလေးများအနေဖြင့် လတစ်လ၏ ပထမဆုံးနေ့နှင့် နောက်ဆုံးနေ့ဆိုသည်မှာ မည်သို့သောအဓိပ္ပာယ်လဲဆိုသည်ကို မသိရှိနိုင်ကြသကဲ့သို့လည်းကောင်း၊
ပုရစ်ကောင်လေးများအနေဖြင့် ရာသီဥတု အပြောင်းအလဲကို မသိရှိနိုင်ကြသကဲ့သို့လည်းကောင်း ဖြစ်ပေသည်။ ဤအဆုံးမရှိသော စကြာဝဠာကြီးအတွက် လူသားတစ်ယောက်၏ သက်တမ်းဆိုသည်မှာ ဘာမျှမဟုတ်သော မြူမှုန်လေးတစ်ခုမျှသာ မဟုတ်ပါလား။ ယီယွင်သည် ဤစကြာဝဠာကြီးအတွင်း၌ သာမန် မြူမှုန်လေးတစ်ခုအဖြစ်နှင့်တင် ဘဝကို မကုန်ဆုံးလိုချေ။
သူသည် ထိပ်တန်း သိုင်းပညာ အဆင့်အတန်းတစ်ခုသို့ ရောက်ရှိရန် အပြည့်အဝ ဆုံးဖြတ်ချက် ချမှတ်ထားခဲ့သူ ဖြစ်ရာ ယခုအခါတွင်မူ ပိုမို၍ ကြီးကျယ်ခမ်းနားလှသော ကမ္ဘာကြီးဆီသို့ ဦးတည်သွားမည့် လမ်းကြောင်းမှာ သူ၏ ခြေထောက်အောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ရာ သူ ဘယ်လိုလုပ်ပြီး အချိန်ဖြုန်းနေနိုင်ပါတော့မည်နည်း။
ယီယွင် သူ၏ သွားများကို တင်းကြပ်စွာ ကြိတ်လိုက်မိရင်း ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသော စွမ်းအားဖိအားများကို မိမိ၏ စိတ်ဆန္ဒဖြင့် အစွမ်းကုန် တောင့်ခံလိုက်တော့သည်။
သူသည် မိမိကိုယ်မိမိ ဆူးခက်များဖြင့် ပြည့်နှက်နေသော လမ်းဆိုးကြီးတစ်ခုပေါ်တွင် လျှောက်လှမ်းနေရသည့်အလား ခံစားနေရပြီး သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာလည်း ထိုဆူးခက်များ၏ ဆက်တိုက်ဆိုသလို အထိုးအဆွ ခံနေရသကဲ့သို့ ရှိနေသည်။
သူသည် မိမိ၏ စိတ်ဝိညာဉ်ပင်လယ်အတွင်းမှ ထွက်ပေါ်လာသော ပြင်းထန်လှသော နာကျင်မှု ဝေဒနာများကို အံတုရင်း ရှေ့သို့ ဆက်လက်တိုးသွားနိုင်ရန်အတွက် ကြီးမားလှသော ကြိုးစားအားထုတ်မှုမျိုးကို ပြုလုပ်နေခဲ့ရသည်။
ဤနေရာတွင်မူ သူသည် ခရမ်းရောင်သလင်းကျောက်လေး၏ စွမ်းအားကိုလည်း အားကိုး၍ မရနိုင်သလို၊ အခြားမည်သည့်အရာကိုမျှလည်း အားကိုး၍ မရနိုင်ချေ။ သူသည် မိမိ၏ ပြတ်သားလှသော စိတ်ဆန္ဒတစ်ခုတည်းဖြင့်သာ အစွမ်းကုန် မလျှော့သော ဇွဲဖြင့် တောင့်ခံနေရခြင်း ဖြစ်သည်။
ဝုန်း..........
ယီယွင် ထို မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ၏ သေးငယ်လှသော အဝန်းအဝိုင်း ပုံသဏ္ဌာန်လေးတစ်ခုကို မနည်း အာရုံခံမိလိုက်ရုံသာ ရှိသေးသည်၊ သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ လုံးဝ ကုန်ဆုံးသွားခဲ့ရသဖြင့် သူ၏ စိတ်ဝိညာဉ်အာရုံမှာ ကမ္ဘာဦးဟင်းလင်းပြင်အတွင်းသို့ ချက်ချင်း ပြန်လည်ရိုက်ထုတ်ခြင်း ခံလိုက်ရတော့သည်။
“တိုးတက်မှုတော့ ရှိနေတာပဲ တိုးတက်မှု ရှိနေသရွေ့တော့ အဆင်ပြေပါတယ်” ယီယွင် လုံးဝ စိတ်ဓာတ်ကျခြင်း မရှိချေ။
သူသည် နောက်ထပ် ရတနာဆေးလုံးတစ်လုံးကို ထပ်မံဝါးမြိုလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ပြန်လည်ကုသလိုက်ပြန်သည်။
ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးအနေဖြင့် ဤကဲ့သို့သော အဆင့်အတန်းမျိုးသို့ ရောက်ရှိရန်အတွက် အလွန်ပင် ကြာမြင့်လှသော ကာလတစ်လျှောက်လုံး အစွမ်းကုန် ကျင့်ကြံအားထုတ်ခဲ့ရမည်မှာ အမှန်ပင် ဖြစ်သည်။
သူသည် အလွန်ကြီးမားလှသော ကံတရား အခွင့်အလမ်းများနှင့် မဆုတ်မနစ်သော ဇွဲလုံ့လတို့ဖြင့်သာ ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ၏ ဥပဒေသတရားများကို ထိုးထွင်းသိမြင်အောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်ရာ ယီယွင်အဖို့မူ ၎င်းကို အလွယ်တကူ လေ့လာနိုင်ရန်မှာ ဘယ်လိုမှ မလွယ်ကူလှချေ။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အကြိမ်ကြိမ်အခါခါ ကုန်ဆုံးသွားခဲ့ရပြီး သူသည်လည်း အကြိမ်ကြိမ်အခါခါ ပြန်လည်ကုသရင်း တရားထိုင်နေခဲ့ရရာ ယီယွင်၏ စိတ်ဝိညာဉ်ပင်လယ်ကြီးမှာ အဆက်မပြတ် ရေထုတ်လိုက်၊ ရေပြန်ဖြည့်လိုက် ပြုလုပ်ခံနေရသော ရေလှောင်ကန်ကြီးတစ်ခုကဲ့သို့ပင် ဖြစ်နေတော့သည်။
ယီယွင်၏ ဘေးနားရှိ လန်ရှောင်မိုမှာမူ ယီယွင်တစ်ယောက် ထိုဖေးနတ်ဘုရားကျောက်တုံးကြီး၏ ရှေ့မှောက်တွင် တရားထိုင်လေ့လာနေသော ဖြစ်စဉ်တစ်ခုလုံးကို အစအဆုံး မြင်တွေ့နေရသူ ဖြစ်သည်။
သူမ၏ အမြင်တွင်မူ ယီယွင်သည် လုံးဝ စိတ်အာရုံချောက်ချားနေသည့် အခြေအနေအတွင်းသို့ ကျရောက်နေသည့်အလား ထင်မှတ်ရပေသည်။ သူသည် အသက်ကို ပြင်းထန်စွာ ရှူရှိုက်နေခဲ့ရပြီး သူ၏ မျက်နှာတစ်ခုလုံးတွင်လည်း ချွေးစက်ကြီးများ တရဟော စီးကျနေခဲ့ရသည်ဆိုသော်လည်း သူ၏ ပုံသဏ္ဌာန်မှာမူ အလွန်ပင် စိတ်အားထက်သန်နေပုံရသည်။
ဒီအစ်ကိုကြီး တကယ်ပဲ အဆင်ပြေရဲ့လား မသိဘူး ။
လန်ရှောင်မို ယီယွင်ကို စိုးရိမ်တကြီးဖြင့် လှမ်းကြည့်လိုက်မိသည်။ အခြားသူများအားလုံးမှာမူ တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အေးအေးလူလူ တရားထိုင်နေကြခြင်း ဖြစ်သော်လည်း ဘာဖြစ်လို့ ယီယွင်တစ်ယောက်တည်းသာ ဤမျှလောက်အထိ ပြင်းထန်လှသော အပြောင်းအလဲများ ဖြစ်ပေါ်နေရပြီး တကယ့် စစ်ပွဲကြီးတစ်ခုကို ဆင်နွှဲနေရသည့်အလား ဖြစ်နေရသနည်း ။
လန်ရှောင်မို ခေါင်းကို ခါယမ်းလိုက်တော့သည်။ သူမလည်း ထိုကိစ္စကို ဆက်လက်၍ ဂရုမစိုက်နိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် သူမအတွက် ကမ္ဘာဦးဟင်းလင်းပြင်အတွင်း နေထိုင်ခွင့် အချိန်အပိုင်းအခြားမှာ ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။
အရည်အသွေး အညံ့ဖျင်းဆုံး ဖေးနတ်ဘုရားကျောက်တုံးလေးဖြစ်နေပါစေဦး၊ ၎င်းကို လေ့လာမည့် အချိန်ဇယားမှာမူ လူအပြည့် ဖြစ်နေခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် ဤကျောက်တုံးလေးကို အသုံးပြုခွင့် ရရှိရန်အတွက် အခြားသော လူနှစ်ယောက်နှင့် အချိန်ခွဲဝေပြီး အလှည့်ကျ အသုံးပြုကြရခြင်း ဖြစ်သည်။
သူမသည် အခြားသော လူနှစ်ယောက်နှင့် တစ်ယောက်လျှင် တစ်လစီ အလှည့်ကျ တရားထိုင်ရန် သဘောတူညီချက် ချမှတ်ထားခဲ့ခြင်း ဖြစ်ပေသည်။
သူမအနေဖြင့် ကမ္ဘာဦးဟင်းလင်းပြင်အတွင်းမှ မကြာမီ ထွက်ခွာရတော့မည် ဖြစ်သဖြင့် လန်ရှောင်မို ထိုဖေးနတ်ဘုရားကျောက်တုံးလေးကို နှမြောတသစွာဖြင့် တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက် နယ်မြေဖြတ်ကျော် အစီအရင်ဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့တော့သည်။
အချိန်များ ကုန်ဆုံးသွားခဲ့ရသည်မှာ မည်မျှလောက် ကြာမြင့်သွားခဲ့ပြီလဲဆိုသည်ကို မည်သူမျှ အတတ်မပြောနိုင်ချေ။
ဟင်းလင်းပြင် သစ်ခွပင်လေးသည် တရိပ်ရိပ် ရှင်သန်ကြီးထွားနေခဲ့သည်။ ၎င်းသည် အညှောက်လေးများ ထွက်ပေါ်လာခဲ့ရာမှတစ်ဆင့် အဖူးအငုံလေးများ ထွက်ပေါ်လာခဲ့ပြီးနောက် နောက်ဆုံးတွင်မူ လှပလှသော ပန်းပွင့်တစ်ပွင့်အသွင်သို့ စတင်ပွင့်လန်းသွားခဲ့တော့သည်။
ထိုသို့ဖြင့် တစ်နှစ်တာ ကာလတစ်ခု ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ယီယွင်သည် အိပ်ရေးပျက်၊ အစားပျက် ခံကာ ကျင့်ကြံနေခဲ့ခြင်း ဖြစ်သည်။ သူသည် မိမိကိုယ်မိမိ ဤခရမ်းရောင်သလင်းကျောက်ကမ္ဘာအတွင်းသို့ ဝင်ရောက်ရန် မည်မျှလောက်အထိ အကြိမ်အရေအတွက်များစွာ ကြိုးစားအားထုတ်ခဲ့ရသလဲဆိုသည်ကိုပင် မေ့လျော့နေခဲ့ပြီ ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ပြန်လည်ဖြည့်တင်းရန်အတွက် အသုံးပြုခဲ့သော စိတ်ဝိညာဉ်ပြုစုပျိုးထောင်ခြင်း ရတနာဆေးလုံးများ မှာလည်း မကြာမီမှာပင် အလျင်အမြန် ကုန်ဆုံးသွားခဲ့ရတော့သည်။
နောက်ပိုင်းတွင်မူ သူသည် အခြားသူများနှင့် လဲလှယ်ရန်အတွက် ကမ္ဘာဦးကျောက်တုံးများကို အသုံးပြုခဲ့ရပြီး နောက်ဆုံးတွင်မူ လော့နတ်ဘုရားခန်းမ၏ ဘဏ္ဍာတိုက်အတွင်းမှနေ၍ ထိုဆေးလုံးအချို့ကို ထပ်မံဝယ်ယူခဲ့ရသည်။
သို့သော် ယခုအခါတွင်မူ ယီယွင်အနေဖြင့် ထိုစိတ်ဝိညာဉ်ပြုစုပျိုးထောင်ခြင်း ဆေးလုံးများကို အသုံးပြုရသည့် အကြိမ်အရေအတွက်မှာ သိသိသာသာ လျော့နည်းသွားခဲ့ပြီ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ စိတ်ဝိညာဉ်စွမ်းအင်မှာ အလွန်ပင် သိပ်သည်းကျစ်လစ်လာခဲ့ပြီး ကြီးမားထွားကြိုင်းလာခဲ့သောကြောင့်ပင် ဖြစ်သည်။
ခရမ်းရောင်သလင်းကျောက်ကမ္ဘာအတွင်းရှိ ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးထံမှ ထွက်ပေါ်လာသော အရှိန်အဝါမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ ထိုကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းလှသည့် အရှိန်အဝါများ၏ အဆက်မပြတ် ရိုက်ခတ်မှုများအောက်တွင် ယီယွင်၏ စိတ်ဝိညာဉ်စွမ်းအင်မှာလည်း ပိုမို၍ ကျစ်လစ်ခိုင်မာလာခဲ့ခြင်း ဖြစ်သည်။
သူသည် မိမိ၏ စိတ်ဝိညာဉ်စွမ်းအင်များ ဆက်တိုက် တိုးတက်လာနေသည်ကို အပြည့်အဝ ခံစားနေရသဖြင့် သူ ဖေးနတ်ဘုရားကျောက်တုံးအတွင်းမှ ရိုက်ထုတ်ခြင်း ခံရသည့်တိုင်အောင် သူ၏ စိတ်ဝိညာဉ်ခွန်အားကို ချက်ချင်း ပြန်လည်ဖြည့်တင်းကာ ထိုကမ္ဘာသစ်အတွင်းသို့ ဆက်တိုက်ဆိုသလို ထပ်မံဝင်ရောက်လေ့လာနေခဲ့သည်။
ပထမဆုံးအကြိမ်တွင် ထို မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ၏ အဝန်းအဝိုင်း ပုံသဏ္ဌာန်လေးတစ်ခုကို မြင်တွေ့နိုင်ရန်အတွက် မိမိ၏ အစွမ်းကုန် ကန့်သတ်ချက်များအထိ အသည်းအသန် ကြိုးစားအားထုတ်ခဲ့ရရာမှတစ်ဆင့် ယခုအခါတွင်မူ ယီယွင်သည် ထို မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း မျက်နှာပြင်ထက်ရှိ ရှုပ်ထွေးလှသော မော်ကွန်းသင်္ကေတ ရေးထိုးချက်များကိုပါ တဖြည်းဖြည်းနှင့် ရှင်းလင်းပြတ်သားစွာ အာရုံခံမိလာခဲ့ပြီ ဖြစ်သည်။
သူသည် မိမိနှင့် ထိုဆံနွယ်ရှည် ပုရိသကြီးအကြားရှိ ကွာခြားချက်ကိုလည်း တဖြည်းဖြည်းနှင့် လိုက်လံကျဉ်းမြောင်းလာနေခဲ့ပြီ ဖြစ်သည်။ သူသည် ထိုဆံနွယ်ရှည်နှင့် ပုရိသကြီးက ဤ မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ကို မည်ကဲ့သို့ ဖန်တီးထုတ်ဖော်ခဲ့သနည်းဆိုသည့် ဖြစ်စဉ်တစ်ခုလုံးကိုပါ သေသေချာချာ အာရုံခံမိလာခဲ့ပြီ ဖြစ်သည်။
ထိုသို့သော ထိုးထွင်းသိမြင်မှု ကမ္ဘာကြီးအတွင်း၌ အချိန်များ မည်မျှလောက် ကုန်ဆုံးသွားခဲ့ပြီလဲဆိုသည်ကို သတိပြုမိရန် ခက်ခဲလှသည်ဆိုသော်လည်း ယီယွင်အနေဖြင့် မိမိကိုယ်မိမိ ရှေ့သို့ အဆက်မပြတ် လျှောက်လှမ်းတိုးတက်နေကြောင်းကိုမူ ကောင်းစွာ သိရှိထားသည်။
ထို့အပြင် သူ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးအတွင်း၌ ယီယွင်သည် နောက်ဆုံးတွင်မူ ထိုဆံနွယ်ရှည် ပုရိသကြီး၏ ရှေ့မှောက် ပေသုံးဆယ်အကွာအဝေး အရပ်သို့အထိ တက်လှမ်းရောက်ရှိလာနိုင်ခဲ့ပြီ ဖြစ်သည်။
ဤပေသုံးဆယ် အကွာအဝေးအရပ်တွင်မူ ရှေ့သို့ ခြေလှမ်းတစ်လှမ်းချင်းစီ ထပ်မံတိုးရန်မှာ အလွန်အမင်း ခက်ခဲလှပေသည်။
ထိုမူလအစ ဥပဒေသတရားများထံမှ ထွက်ပေါ်လာသော ပြင်းထန်လှသော ရိုက်ခတ်မှုများမှာ လှိုင်းတံပိုးကြီးများအလား ယီယွင်၏ စိတ်ဝိညာဉ်ပင်လယ်ကြီးကို တရဟော လာရောက်ရိုက်ခတ်နေခဲ့ကြသည်။ သို့သော်လည်း ထိုကဲ့သို့သော ရိုက်ခတ်မှုများကပင် ယီယွင်ကို အလွန်ပင် ရင်ခုန်စိတ်လှုပ်ရှားသွားစေခဲ့သည်။
ဤသည်က တကယ့်ကို အလိုရှိအပ်လှသော တောင်းဆို၍မရနိုင်သည့် ထူးခြားလှသော အခွင့်အရေးကြီးတစ်ခုပင် မဟုတ်ပါလား။
ထို မိစ္ဆာနတ်ဘုရားစက်ဝန်းပေါင်း တစ်သောင်း ၏ မော်ကွန်းသင်္ကေတ ရေးထိုးချက်များမှာလည်း ပိုမို၍ ရှင်းလင်းပြတ်သားလာခဲ့ပြီ ဖြစ်သည်။
ယီယွင်သည် မိမိကိုယ်မိမိ ၎င်းထံမှ စစ်မှန်သော ထိုးထွင်းသိမြင်မှု အနှစ်သာရများကို စတင်ရရှိတော့မည့် စည်းဝိုင်းအနားသတ်ထံသို့ ချဉ်းကပ်မိလာခဲ့ပြီ ဖြစ်ကြောင်း ခံစားနေရသည်။
ဗုန်း........
သူ၏ စိတ်ဝိညာဉ်ကမ္ဘာကြီးသည် ချက်ချင်း ပြိုလဲပျက်စီးသွားခဲ့ရပြန်သဖြင့် ယီယွင် သူ၏ မျက်ဝန်းအစုံကို ထပ်မံ၍ ဖွင့်လှစ်လိုက်မိတော့သည်။
သူသည် ဟင်းလင်းပြင် သစ်ခွပန်းလေးကို လှမ်း၍ ကြည့်ရှုလိုက်မိသည်။ ထိုအပင်ထက်ရှိ ဒုတိယမြောက် ပန်းပွင့်လေးမှာ ထက်ဝက်ခန့်အထိ ပွင့်လန်းနေခဲ့ပြီ ဖြစ်သည်ကို တွေ့လိုက်ရသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်နှစ်နီးပါးခန့်ရှိသော အချိန်ကာလတစ်ခု ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သည်။
ထိုအခိုက်အတန့်တွင် လန်ရှောင်မိုသည်လည်း မိမိ၏ တရားထိုင်ခြင်း အခြေအနေအတွင်းမှ ရုတ်တရက် နိုးထလာခဲ့သည်။ သူမသည် ယီယွင်တစ်ယောက် မနားမနေဘဲ အဆက်မပြတ် ထိုးထွင်းသိမြင်မှု ရယူရန် ကြိုးစားအားထုတ်နေသော ဖြစ်စဉ်ကို တွေ့မြင်ရသည်မှာ အသားကျနေခဲ့ပြီ ဖြစ်သည်။
လန်ရှောင်မိုသည် ယခင်က ယီယွင်တစ်ယောက် မကြာမီမှာပင် လက်လျှော့သွားလိမ့်မည်ဟု ထင်မှတ်ထားခဲ့ခြင်း ဖြစ်သော်လည်း သူမကို အံ့ဩသွားစေသည်မှာ သူသည် ဤမျှလောက်အထိ ဆိုးရွားလှသော အခြေအနေများအောက်တွင် နှစ်နှစ်တိတိ ကြာအောင် ဆက်တိုက် ကြိုးစားအားထုတ်နေခဲ့ခြင်း ဖြစ်ပေသည်။
လန်ရှောင်မိုသည် ဗီဇအရ အလွန်ပင် တက်ကြွပြီး လှုပ်လှုပ်ရှားရှား နေတတ်သော မိန်းကလေးတစ်ဦး ဖြစ်သည်။ သူမသည် အထီးကျန်ဆန်လှသော အခြေအနေမျိုးကို ဘယ်လိုမှ မတောင့်ခံနိုင်သဖြင့် ဤတိတ်ဆိတ်ငြိမ်သက်လှသော ကမ္ဘာဦးဟင်းလင်းပြင်အတွင်း၌ သူမသည် ပတ်ဝန်းကျင်ရှိ အခြားသော တပည့်များ ကျင့်ကြံအားထုတ်နေကြသော မြင်ကွင်းများကိုသာ စိတ်ဝင်တစား လိုက်လံစူးစမ်းလေ့ရှိသူ ဖြစ်သည်။
သူမ သတိပြုမိသည်မှာ ယီယွင်တစ်ယောက် ထိုဖေးနတ်ဘုရားကျောက်တုံးကြီး၏ ရှေ့မှောက်တွင် တရားထိုင်နေသည့် အချိန်အပိုင်းအခြားမှာ တဖြည်းဖြည်းနှင့် ပိုမို၍ ကြာမြင့်လာခဲ့ခြင်း ဖြစ်ပေသည်။
ပထမဆုံးအကြိမ် တရားထိုင်စဉ်က သူသည် တစ်နာရီမပြည့်မီ အချိန်အတွင်း၌တင် အပြင်သို့ ပြန်လည်ရောက်ရှိလာခဲ့ခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူသည် ဆက်တိုက်ဆိုသလို ၁၀ ရက်တိတိ ကြာအောင်အထိ တရားထိုင်နေနိုင်ပြီ ဖြစ်သည်။
မည်သည့် တန်ဖိုးမျှ မရှိဟု ယူဆထားကြသော ဤကျောက်တုံးအသုံးမကျကြီးတစ်ခု၏ ရှေ့မှောက်တွင် ဆက်တိုက်ဆိုသလို ရက်ပေါင်း ဆယ်ရက်တိတိ ကြာအောင် တရားထိုင်ရင်း ဤလုပ်ရပ်ကို နှစ်နှစ်တိုင်တိုင် မပျက်မကွက် လုပ်ဆောင်နေနိုင်သည်ဆိုသောအချက်မှာစိတ်ကူးပုံဖော်ကြည့်ရန်ပင် ခက်ခဲလှပေသည်။
ထိုအခိုက်အတန့်တွင် ယီယွင်သည် အသက်ကို ပြင်းထန်စွာ ရှူထုတ်လိုက်မိရင်း သူ၏ ထွက်သက်ဝင်သက် အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိနိုင်ရန်အတွက် သူ၏ မျက်ဝန်းအစုံကို ပြန်လည်ပိတ်လိုက်ပြန်သည်။
“သူ ပြန်ပြီး စတော့မှာပဲ” လန်ရှောင်မို ခေါင်းကို ခါယမ်းလိုက်မိတော့သည်။
လွန်ခဲ့သော နှစ်နှစ်တာ ကာလပတ်လုံး သူမ ယီယွင်တစ်ယောက် စကားတစ်ခွန်းမျှ ပြောဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ခဲ့ဖူးချေ။ သူသည် ထိုနေရာတွင် တည်ငြိမ်စွာ ထိုင်နေသော လူသေအလောင်းကြီးတစ်ခုအလား ထင်မှတ်ရပေသည်။
အခြားသော သူများမှာမူ မိမိတို့၏ ထိုးထွင်းသိမြင်မှုများကို ပြင်ပလောကတွင် လက်တွေ့စမ်းသပ်နိုင်ရန်အတွက် ကမ္ဘာဦးဟင်းလင်းပြင်အပြင်ဘက်သို့ ခဏခဏ ထွက်ခွာလေ့ ရှိကြသည်။
၎င်းအထဲတွင် လန်ရှောင်မို ကိုယ်တိုင်လည်း အပါအဝင် ဖြစ်သည်။ သူမ၏ တစ်လတာ တရားထိုင်ခွင့် အချိန်အပိုင်းအခြားမှာ ကုန်ဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။ သူမသည်လည်း မိမိ နားလည်သဘောပေါက်ထားခဲ့သော အရာများမှာ အလွန်ပင် သေးငယ်လှသည်ဆိုသော်လည်း တရားထိုင်ခြင်းနှင့် လက်တွေ့တိုက်ခိုက်ခြင်းတို့ကို ပေါင်းစပ်နိုင်ရန်အတွက် ကုန်းမြေတိုက်ကြီး၏ အနက်ရှိုင်းဆုံး နယ်မြေများဆီသို့ လှည့်လည်သွားလာရန် လိုအပ်ပေသည်။
ဖေးတစ်သောင်းကောင်းကင်ဘုံတွင်တွင် တရားထိုင်ခြင်းနှင့် လက်တွေ့တိုက်ခိုက်ခြင်းတို့ကို ပေါင်းစပ်ခြင်းအားဖြင့် ကျင့်ကြံခြင်း အရှိန်အဟုန်မှာ အလျင်မြန်ဆုံး ဖြစ်လာလိမ့်မည်ဟု လူတိုင်းက လက်ခံထားကြသည်။ သို့သော် ယီယွင်အတွက်မူ သူသည် မိမိ၏ ထိုးထွင်းသိမြင်မှုများကို လက်တွေ့စမ်းသပ်အတည်ပြုခြင်းမျိုး လုံးဝ မပြုလုပ်ခဲ့ချေ။