အခန်း ၈၁
Vol. 9 Ch. 81
အခန်း (၈၁) - သွေးစက်ဂူ (၁)
ကျန်းရှောင်ဖန်းသည် ပိယောင်ထံမှ ဤမျှပြင်းထန်သော တုံ့ပြန်မှုမျိုး ရရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူသည် သူမ၏အပြုအမူကြောင့် အံ့အားသင့်သွားရကာ ဂူအမိုးဆီသို့ လက်ညှိုးညွှန်ပြလိုက်သည်။
"ဟိုမှာ အနီရောင်ကျောက်တွေ..."
ပိယောင်သည် ထိုနေရာသို့ ချက်ချင်းလျှောက်သွားကာ အမိုးကို သေချာစွာမော့ကြည့်လိုက်လေသည်။
ရေစက်များကြားမှတဆင့် လက်ဖဝါးအရွယ်အစားတစ်ဝက်ခန့်ရှိသော အနီရောင်ကျောက်ခဲ ခုနစ်လုံးကို တွေ့လိုက်ရသည်။
ယင်းတို့၏ မျက်နှာပြင်မှာ အခြားကျောက်ခဲများနှင့် တူညီသော်လည်း အရောင်မှာမူ ကွဲပြားနေသည်။
ပိယောင်တစ်ယောက် ကျောက်များကို စိတ်လှုပ်ရှားစွာဖြင့် အာရုံစိုက်ကြည့်ရှုနေသည်ကို မြင်လိုက်ရသောအခါ ကျန်းရှောင်ဖန်းကိုယ်တိုင်လည်း စူးစမ်းချင်စိတ်များ ဖြစ်ပေါ်လာတော့သည်။
သူသည် မတ်တတ်ရပ်ကာ ထိုနေရာသို့ လျှောက်သွားလိုက်၏။ အမိုးပေါ်တွင် ပြန့်ကျဲနေသော အနီရောင်ကျောက် ခုနစ်တုံးသည် ချိတ်တစ်ခုကဲ့သို့ ထူးဆန်းသော ပုံသဏ္ဌာန် ဖြစ်ပေါ်နေလေသည်။
အထူးသဖြင့် အရောင်မှာ အံ့ဩဖွယ်ကောင်းလှ၏။ နှစ်ပေါင်းများစွာ ရေစီးကြောင်းများ၏တိုက်စားခြင်း ခံခဲ့ရသော်လည်း သွေးရောင်ကဲ့သို့ နီရဲနေဆဲပင်။
ကြည်လင်သော ရေစက်များသည် ထိုအနီရောင်ကျောက်ခဲများကို ဖြတ်သန်းစီးဆင်းသွားချိန်တွင် လတ်ဆတ်သော သွေးအရောင်အဖြစ် ပြောင်းလဲသွားပြီးနောက် ဂူအမိုးမှ သွေးများ ကျဆင်းလာသကဲ့သို့ ဖြည်းညှင်းစွာ စီးကျလာလေသည်။
သို့သော် ရေစက်များသည် အနီရောင်ကျောက်များနှင့် ကင်းကွာသွားသည်နှင့်တစ်ပြိုင်နက် မူလအရောင်သို့ ပြန်လည်ရောက်ရှိသွားသည်။
“သွေးစက်ဂူ... သွေးစက်ဂူ...သွေးစက်... ဟား..နောက်ဆုံးတော့ ငါရှာတွေ့ပြီ”
သူစောင့်ကြည့်နေစဉ်မှာပင် ပိယောင်က ရေရွတ်လိုက်လေသည်။ သူမသည် အလွန်ဝမ်းသာသွားကာ ကျန်းရှောင်ဖန်းကို သူမ၏ညာဘက်လက်ဖြင့် ရိုက်ချလိုက်၏။
အားက မသေးလှသဖြင့် ကျန်းရှောင်ဖန်း၏မျက်နှာမှာ ချက်ချင်းပင် ဖြူလျော့သွားချေသည်။
ကျန်းရှောင်ဖန်းသည် ဒေါသအမျက် ထွက်သွားလေသည်။ သူမကို ပြန်လည်အော်ဟစ်ရန် ပြင်လိုက်ချိန်တွင်ပင် သူမက ပြုံးနေပြီး သူမလုပ်ခဲ့သည့်အရာကို လုံးဝဂရုမစိုက်ကြောင်း မြင်လိုက်ရ၏။ သူမသည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေပြီး စကားဆိုလိုက်လေသည်။
"ဟေရှင်းအဘိုးအို... သွေးစက်ဂူကို ဒီလိုနေရာမျိုးမှာ ဆောက်ခဲ့တာပဲ။ ငါတို့တွေ နှစ်ရှစ်ရာတိုင်တိုင် ရှာမတွေ့ခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူး။"
ကျန်းရှောင်ဖန်း အံ့ဩသွားသော်လည်း တွေးကြည့်လိုက်သောအခါ 'သွေးစက်ဂူ' နှင့်ပတ်သက်၍ ပိယောင်က သူ့ကို စစ်မေးခဲ့ဖူးကြောင်း သတိရသွားလေသည်။ ယခုအခါ သူနားလည်သွားပြီဖြစ်ကာ နှာမှုတ်လိုက်၏။
“နတ်ဆိုးဂိုဏ်းရဲ့ အရေးမပါတဲ့ ကောလဟာလတွေ”
ပိယောင်၏စိတ်အခြေအနေမှာ အလွန်ကောင်းမွန်နေသဖြင့် သူမက ဒေါသမထွက်ပေ။ သူမက ပြုံးကာ စကားဆိုလိုက်၏။
"ကျွန်မက မိစ္ဆာဆိုတော့ရော ဘာဖြစ်လဲ။ ဒီနေရာကို ရှာတွေ့အောင် ကူညီပေးခဲ့တဲ့အတွက် ရှင့်ကို ကျေးဇူးတင်ရဦးမှာပဲ။"
ထိုကိစ္စအတွက် ကျန်းရှောင်ဖန်းမှာ မပျော်ရွှင်နိုင်ပေ။ အထူးသဖြင့် ပိယောင်၏လှပသော အပြုံးကို မြင်လိုက်ရသောအခါ သူ၏နှလုံးသားထဲတွင် မီးတောက်တစ်ခု ဟုန်းဟုန်းတောက်သွားချေသည်။
နတ်ဆိုးဂိုဏ်းမှ မိစ္ဆာမကို ကူညီခဲ့မိသဖြင့် သူ၏ဆရာနှင့် အကြီးအကဲများသာ သိရှိသွားပါက သူ့အား သေအောင်ရိုက်နှက်ကြလိမ့်မည်ဟု ခံစားလိုက်ရသည်။
သူအတွေးလွန်နေစဉ်မှာပင် ယခုအချိန်၌ ဤနေရာမှ ထွက်မသွားနိုင်မှတော့ အနာဂတ်အတွက် တွေး၍ ပူပန်နေခြင်းက မည်သည့်အကျိုးမှ မရှိသည်ကို သတိရသွားသည်။
သူသည် ချက်ချင်းပင် စိတ်ပျက်အားငယ်သွားကာ ဒေါသတကြီးဖြင့် ထိုင်ချလိုက်လေသည်။
ထိုအချိန်တွင် ပိယောင်သည် အလွန်ဝမ်းသာနေသဖြင့် ကျန်းရှောင်ဖန်း၏အပြုအမူကို သတိမထားမိချေ။
နတ်ဆိုးဂိုဏ်းသည် အလွန်ရှေးကျသော ဂိုဏ်းတစ်ခု ဖြစ်သည်။ ဂိုဏ်းခွဲပေါင်းများစွာ ရှိပြီး အတက်အကျဆိုသည်မှာ အလွန်အဖြစ်များသော ကိစ္စပင် ဖြစ်လေသည်။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က ဟေရှင်းအဘိုးအိုသည် သွေးသန့်စင်ဂိုဏ်း၌ရှိနေစဥ်အခါက သူတို့သည် နတ်ဆိုးဂိုဏ်းများ၏ ခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်။
သူတို့၏ အင်အားမှာ လျော့ကျခြင်းမရှိဘဲ အရည်အချင်းရှိသူများစွာကိုလည်း ပိုင်ဆိုင်ထားခဲ့ကြသည်။
အကြီးအကဲဟေရှင်းမှာ ကျင့်ကြံခြင်းလောကတွင် ဝါရင့်အကြီးအကဲတစ်ဦး ဖြစ်ပေသည်။
သို့သော် အချိန်များ ကုန်လွန်လာသည်နှင့်အမျှ လမ်းမှန်ဂိုဏ်းများနှင့် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ပြီးနောက် သွေးသန့်စင်ဂိုဏ်းမှာ အားနည်းလာကာ အခြားဂိုဏ်းခွဲများက အစားထိုးနေရာဝင်ယူလာခဲ့ကြသည်။
ယနေ့ခေတ်တွင် အဓိက နတ်ဆိုးဂိုဏ်းကြီး လေးခု ရှိလေသည်။ ၎င်းတို့မှာ ဟယ်ဟွမ်ဂိုဏ်း၊ အဆိပ်တစ်သောင်းဂိုဏ်း၊ သက်ရှည်ခန်းမနှင့် သရဲဘုရင်ဂိုဏ်းတို့ ဖြစ်ကြသည်။
သို့သော် သူတို့၏ အင်အားကို နှိုင်းယှဉ်ကြည့်ပါက မည်သည့်ဂိုဏ်းကမျှ အတိတ်က သွေးသန့်စင်ဂိုဏ်း၏ ဘုန်းကျက်သရေကို မယှဉ်နိုင်ကြပေ။
လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်အတွင်း နတ်ဆိုးဂိုဏ်းအတွင်း၌ ကောလာဟလတစ်ခု ပျံနှံ့လာခဲ့သည်။
လမ်းမှန်ဂိုဏ်းနှင့် မိစ္ဆာဂိုဏ်းတို့ကြား တိုက်ပွဲဖြစ်ပွားပြီးနောက် သွေးသန့်စင်ဂိုဏ်းမှ ခေါင်းဆောင်များအားလုံး အသတ်ခံခဲ့ရသော်လည်း အခြေစိုက်စခန်းဖြစ်သော ဝမ်ဖုဂူအတွင်းရှိ သွေးစက်ဂူထဲတွင် လျှို့ဝှက်မှော်ရတနာများစွာကို သိမ်းဆည်းထားကြောင်း ကောလာဟလတစ်ခု ပျံ့နှံ့လာခဲ့သည်။
နှစ်ပေါင်းရှစ်ရာတိုင်တိုင် နတ်ဆိုးဂိုဏ်းသည် ဝမ်ဖုဂူသို့ သူတို့၏လူများကို အကြိမ်ကြိမ် လျှို့ဝှက်စွာ စေလွှတ်ခဲ့ပြီး စွန့်ပစ်ချောက်နက်ကိုပင် ရှာဖွေစေခဲ့သော်လည်း အားလုံးမှာ လက်ဗလာဖြင့်သာ ပြန်လာခဲ့ကြရလေသည်။
ပိယောင်သည် ငယ်ရွယ်သေးသော်လည်း သူမသည် အဓိကနတ်ဆိုးဂိုဏ်းကြီး လေးခုအနက်မှ တစ်ခုဖြစ်သော သရဲဘုရင်ဂိုဏ်း၏ သခင်မလေးဖြစ်သည်။
အလွန်အန္တရာယ်များသော စွန့်ပစ်ချောက်နက်သို့ သွားရသည့် ဤခရီးစဉ်တွင် သူမသည် သရဲဘုရင်ဂိုဏ်းချုပ်၏ အပြည့်အဝ ယုံကြည်မှုကို ရရှိထားပေသည်။
ယခုအခါ နှစ်ရှစ်ရာတိုင်တိုင် မရေမတွက်နိုင်သော ဘိုးဘေးများ ရှာမတွေ့ခဲ့သည့် နေရာသည် သူမရှေ့တွင် ပေါ်လာပြီဖြစ်ရာ သူမ မည်သို့လျှင် မဝမ်းသာဘဲ နေနိုင်မည်နည်း။ သူမသည် မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် ရောက်နေသည်ကိုပင် မေ့သွားချေပြီ။
ပိယောင်သည် ဂူ၏အမိုးကို စိုက်ကြည့်လိုက်ပြီးနောက် မတ်တတ်ရပ်ကာ ထိုအနီရောင်ကျောက်များကို ဂရုတစိုက် ထိတွေ့လိုက်သည်။
၎င်းတို့မှာ အေးစက်နေပြီး အခြားကျောက်တုံးများနှင့် ဘာမျှမကွာခြားပေ။ သူမသည် ထိုအနီရောင်ကျောက်များကို ညင်သာစွာ ထုကြည့်သော်လည်း ဘာမှဖြစ်မလာချေ။
သူမ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုအပြင် အနည်းငယ် စိုးရိမ်ပူပန်မှုများပါ ရှိနေလေသည်။
ထို့နောက် သူမသည် ထိုအနီရောင်ကျောက် တစ်တုံးချင်းစီကို ဆွဲခြင်း၊ ခေါက်ခြင်း၊ မခြင်း၊ ရိုက်ခြင်း၊ တွန်းခြင်းတို့ကို ပြုလုပ်ကြည့်လိုက်သည်။ သို့သော် အရာအားလုံးက မူလအတိုင်းပင် ဖြစ်နေပြီး ဘာမှဖြစ်မလာခဲ့ပေ။
ကျန်းရှောင်ဖန်းသည် သူမကို အောက်မှနေ၍ စောင့်ကြည့်နေရာ သူ၏ရင်ထဲတွင် ဝမ်းသာမှုတစ်ခု ဖြတ်ပြေးသွား၏။ သူက မနေနိုင်ဘဲ ရယ်မောလိုက်လေသည်။
"ဒါက သွေးစက်ဂူ မဟုတ်ဘူးလို့ ငါထင်တယ်... မင်း ခန့်မှန်းတာ မှားသွားပြီ"
ပိယောင်မှာ ဘာမှမလုပ်နိုင်တော့ပေ။ သူမသည် ထိုင်ချလိုက်ကာ ကျန်းရှောင်ဖန်းကို စိုက်ကြည့်လိုက်သည်။ သို့သော် သူမ သေချာမသိဖြစ်နေမိ၏။
'ငါ တကယ်ပဲ ခန့်မှန်းတာ မှားသွားတာလား'
နောက်ထပ် လေးနာရီခန့်ကြာသည်အထိ ကျန်းရှောင်ဖန်းသည် မြေပြင်ပေါ်တွင် ထိုင်နေခဲ့ပြီး ပိယောင်တစ်ယောက် ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်ကို စောင့်ကြည့်နေခဲ့၏။
သူမသည် မျက်မှောင်ကြုတ်ကာ စဉ်းစားနေပြီး ထိုအနီရောင်ကျောက်များကို ရိုက်ရန် နည်းလမ်းသစ်များကို မကြာခဏ အသုံးပြုခဲ့သော်လည်း မည်သည့်အရာကမျှ အလုပ်မဖြစ်ခဲ့ပေ။
ခဏကြာစောင့်ကြည့်ပြီးနောက် ကျန်းရှောင်ဖန်းသည် သူ၏ဗိုက်ထဲမှ မြည်သံကို ခံစားလိုက်ရသည်။ သူ ဆာလောင်နေပြီ ဖြစ်၏။
သူသည် အင်္ကျီထဲသို့ လက်နှိုက်ကာ အစားအစာအချို့ကို ထုတ်ယူရန် ပြင်လိုက်သည်။
သို့သော် အိတ်ထဲတွင် ဘာမျှမရှိတော့ဘဲ ရေထဲကျသွားစဉ်က ပျောက်ကျသွားခြင်း ဖြစ်တန်ရာ၏။
ယခု သူ ဆာလောင်နေသော်လည်း ဂူထဲတွင် အစားအစာ လုံးဝမရှိသလို ရေကန်မှာလည်း အလွန်ကြည်လင်နေသဖြင့် ငါးတစ်ကောင်မျှပင် မရှိချေ။
သူ၏ဗိုက်ထဲမှ ဆာလောင်မှုမှာ ပိုမိုပြင်းထန်လာပြီး အောင့်အည်းခံနိုင်ရန် ပို၍ပို၍ ခက်ခဲလာလေသည်။
ကျန်းရှောင်ဖန်းမှာ ဘာမျှမလုပ်နိုင်တော့ဘဲ ရေကန်ထဲမှ ရေကိုသာ သောက်လိုက်ရတော့သည်။ ဤသည်မှာ ကူကယ်ရာမဲ့နေသော လုပ်ရပ်ပင် ဖြစ်၏။
သူက ဝမ်းနည်းပူဆွေးစွာ သက်ပြင်းချလိုက်သည်။ ဤနေရာတွင် ငတ်သေရတော့မည်မှာ သေချာနေပြီ ဖြစ်ချေသည်။
ပိယောင်ကမူ ဆာလောင်မွတ်သိပ်နေသည့် လက္ခဏာ မပြပေ။ သူမ၏စိတ်အာရုံအားလုံးသည် အနီရောင်ကျောက် ခုနစ်တုံးအပေါ်သို့သာ ရောက်နေလေသည်။
သူမသည် ထိုအရာများဖြင့် တစ်နေကုန် အလုပ်ရှုပ်နေခဲ့သော်လည်း ဘာမျှ အရာမထင်ခဲ့ချေ။ သူမ ထိုင်ချလိုက်သော်လည်း သူမ၏မျက်လုံးများကမူ ထိုအနီရောင်ကျောက်များကို စိုက်ကြည့်နေဆဲပင် ဖြစ်သည်။
ကျန်းရှောင်ဖန်းသည် သူမကို ကြည့်ကာ မနေနိုင်တော့ဘဲ သတိပေးလိုက်၏။
"အဲဒါကို ကြည့်နေလို့ရော ဘာအသုံးကျမှာလဲ။ ထွက်ပေါက်တစ်ခု မရှာဘူးဆိုရင် ငါတို့ ဒီမှာပဲ ငတ်သေရတော့မှာ။"
ပိယောင်၏ကိုယ်လုံးလေး အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ဘေးတွင် လမ်းမှန်ဂိုဏ်းမှ တပည့်တစ်ယောက် ရှိနေသေးသည်ကို သတိရသွားပုံပေါ်လေသည်။ သူမသည် လှည့်ကာ သူ့ကို ကြည့်လိုက်ပြီး ရုတ်တရက် မေးလိုက်လေသည်။
"ရှင် ဗိုက်ဆာနေပြီလား"
သို့သော် ကျန်းရှောင်ဖန်းက ဘာပဲဖြစ်ဖြစ် သူမရှေ့တွင် အရှက်အကွဲ မခံနိုင်ပေ။ သူက ချက်ချင်းပင် ခေါင်းခါပြလိုက်၏။
"ဟင့်အင်း"
သို့သော် ထိုအချိန်တွင် သူ၏ဗိုက်က သူ့ကို ဆန့်ကျင်နေလေပြီ။ ထိုသို့ပြောလိုက်ပြီးနောက် ဗိုက်ထဲမှ အသံများ မြည်လာတော့သည်။
ပိယောင်မှာ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။ ကျန်းရှောင်ဖန်းမှာ မျက်နှာပူထူသွားပြီး မြေကြီးထဲသို့သာ ဝင်ပုန်းလိုက်ချင်တော့၏။
ပိယောင်သည် ရယ်မောလိုက်သော်လည်း အစားအစာအိတ်တစ်အိတ်ကို ထုတ်ကာ ကျန်းရှောင်ဖန်းအား ကမ်းပေးလိုက်ပြီး လေးနက်စွာ စကားဆိုလိုက်၏။
"သွေးစက်ဂူကို ဖွင့်ဖို့ နည်းလမ်းတစ်ခု စဉ်းစားပေးတာ ပိုကောင်းမယ်လို့ ကျွန်မထင်တယ်။"
ကျန်းရှောင်ဖန်းသည် နှာမှုတ်လိုက်ကာ အစားအစာကို လျစ်လျူရှု၍ မျက်နှာလွှဲလိုက်ပြီး ပြတ်သားစွာ စကားဆိုလိုက်သည်။
"ရိက္ခာ တစ်အိတ်လောက်နဲ့ ငါ့ကို လာဘ်ထိုးနိုင်မယ်လို့ ထင်နေတာလား... အဲဒီအကြောင်း မတွေးနဲ့"
ပိယောင်သည် လန့်သွားကာ မျက်လုံးလှန်လိုက်ပြီးနောက် ပြုံးလိုက်လေသည်။
"ရှင် မှားနေပြီ။ ကျွန်မပြောချင်တာက အခု ကျွန်မတို့ လမ်းဆုံးနေပြီ။ ထွက်ပေါက်မရှိရင် ဒီမှာ သေရမှာ သေချာနေပြီ”
“ဒါပေမဲ့ ကျွန်မတို့ရှေ့မှာ သွေးစက်ဂူ ရှိနေတယ်။ အဲဒါကိုသာ ရှာတွေ့ရင် အဲဒီထဲမှာ ထွက်ပေါက် ရှိကောင်းရှိနိုင်တယ်လေ။"
ယင်းမှာ ယုတ္တိရှိသည်ဟု ကျန်းရှောင်ဖန်း လက်ခံလိုက်သည်။ အသက်ရှင်သန်ရေးအတွက် သွေးစက်ဂူကို ရှာဖွေခြင်းမှာ မဆိုးလှသော အကြံအစည်တစ်ခု ဖြစ်၏။
ထိုနေရာတွင် ထွက်ပေါက်တစ်ခု ရှိနိုင်သလို သို့မဟုတ်ပါကလည်း သူတို့ သေချာပေါက် သေရမည်သာ ဖြစ်လေသည်။
သို့သော် သူ၏ခေါင်းမာသော စိတ်သဘာဝကြောင့် ပိယောင်ကမ်းပေးလာသည့် အစားအစာကို လျစ်လျူရှုထားလိုက်သည်။
သူသည် မတ်တတ်ရပ်ကာ ထိုအနီရောင်ကျောက်များကို တစ်ဖန် ပြန်ကြည့်လိုက်၏။ ပိယောင်ကမူ ဒေါသမထွက်ပေ။
သူမသည် သူ၏ကျောပြင်ကို ကြည့်ကာ ပြုံးလိုက်ပြီးနောက် ဂူ၏အမိုးကိုပါ မော့ကြည့်လိုက်လေသည်။
အနီရောင်ကျောက် ခုနစ်တုံးသည် အမိုးနံရံပေါ်တွင် ချိတ်တစ်ခုကဲ့သို့ တန်းစီနေ၏။ အနီရောင်ဖြစ်နေသည်မှလွဲ၍ အခြားကျောက်တုံးများနှင့် ဘာမျှမကွာခြားပေ။
ကျန်းရှောင်ဖန်းသည် ထိုအရာကို အချိန်အတော်ကြာ ကြည့်နေသော်လည်း ဘာမျှအဖြေမထွက်ခဲ့ချေ။ ထိုကျောက်တုံးများကို ရိုက်ကြည့်ရန် စီစဉ်လိုက်သည်။
သို့သော် ပိယောင်သည် အရာအားလုံးကို ကြိုးစားခဲ့ပြီးဖြစ်ကြောင်း သတိရသွားသဖြင့် လက်လျှော့လိုက်တော့သည်။
ပထမတွင် သူတို့နှစ်ဦးသည် ခေါင်းမော့ကာ လေ့လာခဲ့ကြသော်လည်း နောက်ပိုင်းတွင် ပင်ပန်းလာသဖြင့် မြေပြင်ပေါ်တွင်သာ ထိုင်နေကြရသည်။
နောက်ဆုံးတွင် ကျန်းရှောင်ဖန်းသည် အမူအကျင့်များကို ဂရုမစိုက်တော့ချေ။ ဤသည်မှာ သေခါနီးလူတစ်ယောက် လုပ်မည့်အရာပင် ဖြစ်၏။
သူသည် မြေပြင်ပေါ်တွင် လှဲလျောင်းကာ ဂူအမိုးကို ကြည့်နေလိုက်သည်။ အတန်ကြာပြီးနောက် ကျန်းရှောင်ဖန်းသည် သူ့ကိုသူပင် သတိမထားမိလိုက်ဘဲ အိပ်မောကျသွားလေတော့သည်။