အခန်း ၈၃
Vol. 9 Ch. 83
အခန်း (၈၃) - ကောင်းကင်ကျမ်း (၁)
ပိယောင်က သုံးကြိမ်တိုင်တိုင် လေးနက်မှုဖြင့် စိတ်ရင်းမှန်စွာ ဦးချလိုက်လေသည်။ ထို့နောက် သူမက ထရပ်ကာ ကျန်းရှောင်ဖန်းကို လှမ်းကြည့်လိုက်သော်လည်း သူသည် အကြည့်လွှဲလျက် ငြိမ်သက်စွာ ရပ်နေသည်ကို တွေ့လိုက်ရ၏။ ပိယောင်က မျက်မှောင်ကြုတ်လိုက်ပြီး စကားအများကြီး မပြောဘဲ ခပ်အေးအေးပင် ပြောလိုက်လေသည်။
"သွားကြစို့။"
ဤဥမင်ထဲသို့ စတင်ဝင်ရောက်စဉ်က ကျန်းရှောင်ဖန်းသည် ဤမိန်းကလေးအပေါ် ကောင်းသောခံစားချက် ရှိခဲ့ပါ၏။
သို့သော် မိစ္ဆာရုပ်တုနှစ်ခုကို မြင်လိုက်ရချိန်တွင် ဂိုဏ်းချင်းမတူခြားနားမှုနှင့် လူကြီးသူမများ၏ ဆုံးမစကားများကို သတိရသွားလေသည်။ သူ၏မျက်နှာမှာ အေးစက်သွားပြီး အသာအယာ ခေါင်းညိတ်ကာ ပြောလိုက်၏။
"ကောင်းပြီ။"
ပိယောင်က သူ့ကိုတစ်ချက် ကြည့်လိုက်ပြီးနောက် ဥမင်ထဲသို့ ပိုမိုနက်ရှိုင်းစွာ တိုးဝင်သွားလေသည်။
ကျန်းရှောင်ဖန်းကလည်း သူမနောက်မှ လိုက်ပါသွား၏။ ဤတစ်ကြိမ်တွင်မူ သိပ်မကြာလိုက်ချေ။
မကြာမီမှာပင် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်ရှိသွားကြသော်လည်း ကျောက်ခန်းမကဲ့သို့ အလှဆင်ထားခြင်းမျိုး မဟုတ်ဘဲ ထုံးကျောက်များ ပြည့်နှက်နေသည့် ဂူတစ်ခုသာ ဖြစ်လေသည်။
ထုံးကျောက်များမှာ ထူးဆန်းပြီး အရောင်အသွေး စုံလင်လှ၏။ သူတို့နှစ်ဦး၏ ရှေ့မှောက်တွင် ကျောက်စာတိုင်ကြီး တစ်ခုရှိနေကာ စာလုံးဆယ်လုံးကို ခန့်ညားစွာ ထွင်းထုထားလေသည်။
"သဘာဝတရားသည် အကြင်နာတရား ကင်းမဲ့လှ၏။ အရာခပ်သိမ်းကို မြက်ပင်များပမာ သဘောထားလေသည်။"
စာလုံးတစ်လုံးစီမှာ လူတစ်ဝက်စာခန့် ရှိလေသည်။ အရေးအသားမှာ ရှေးကျပြီး အင်အားကြီးမားလှကာ နဂါးတစ်ကောင် ဝဲပျံနေသကဲ့သို့ ကျောက်စာတိုင်ပေါ်တွင် ထင်ဟပ်နေ၏။ လေပြင်းကို အန်တုလျက် အသက်ဝင်လှုပ်ရှားလာမည့်အလား ရှိပေသည်။
အစပိုင်းတွင် ဘာမှမဖြစ်သော်လည်း ကျန်းရှောင်ဖန်းသည် ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် မူးဝေလာသလို ခံစားလိုက်ရ၏။ သူသည် နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်ရလေသည်။
သူသည် အံ့အားသင့်သွားပြီး ကိုယ့်ကိုယ်ကို သတိထိန်းလိုက်၏။ စာလုံးများမှာ ကျောက်စာတိုင်ပေါ်တွင် ရွေ့လျားခြင်းမရှိဘဲ ငြိမ်သက်နေဆဲဖြစ်သော်လည်း ၎င်းထဲမှ ထွက်ပေါ်နေသော စိတ်ဝိညာဉ်မှာ အံ့ဩဖွယ်ကောင်းလှပေသည်။
ကျန်းရှောင်ဖန်းတစ်ယောက် အံ့အားသင့်နေစဉ်၌ပင် ပိယောင်က ကျောက်စာတိုင်ကို ဖြတ်ကျော်ကာ ဂူအတွင်းပိုင်းသို့ ဝင်သွားနှင့်ပြီ ဖြစ်သဖြင့် သူသည်လည်း လိုက်သွားလိုက်၏။
ကျောက်စာတိုင်၏ နောက်ကွယ်တွင် အမျိုးမျိုးသော ထုံးကျောက်များသည် နေရာအနှံ့တွင် ရှိနေလေသည်။
သူတို့သည် ကျောက်သားတောအုပ်ထဲတွင် ခေတ္တမျှ လျှောက်လှမ်းခဲ့ပြီးနောက် ပိယောင်က ရုတ်တရက် ရပ်တန့်သွားကာ အသက်ပြင်းပြင်း ရှူလိုက်လေသည်။
ထိုစဉ် ကျန်းရှောင်ဖန်းသည် သူ၏လက်မောင်းကို ပတ်ထားသည့် ဝိညာဉ်ဝါးမျိုတုတ်မှာ ထူးဆန်းသော အလင်းတန်းများ တောက်ပနေသည်ကို တွေ့လိုက်ရ၏။
အထူးသဖြင့် ဝိညာဉ်ဝါးမျိုတုတ်ပေါ်မှ ပုတီးစေ့မှာ ပုံမှန်မဟုတ်သော စိမ်းဖျော့သော အလင်းရောင်တစ်ခု ထွက်ပေါ်နေလေသည်။
သို့သော် ဤတစ်ကြိမ်တွင်မူ ထိုအလင်းမှာ နူးညံ့လှကာ မတွေ့ရသည်မှာ ကြာပြီဖြစ်သော မိတ်ဆွေဟောင်းတစ်ဦးနှင့် ပြန်လည်ဆုံတွေ့ရသကဲ့သို့ အလွမ်းအဆွေးများဖြင့် တသသဖြစ်နေသည့်အလား ခံစားရပေသည်။
ကျန်းရှောင်ဖန်းက စူးစမ်းလိုစိတ်ဖြင့် ရှေ့သို့ ကြည့်လိုက်၏။ သူ၏အကြည့်မှာ ပိယောင်ကို ကျော်လွန်၍ သူမကို အံ့အားသင့်စေသည့် အရာကို မြင်လိုက်ရလေသည်။
ချောမွေ့သော ကျောက်နံရံတစ်ခု ရှိနေ၏။ နံရံ၏ နှစ်ဖက်စလုံးတွင် မည်သည့်နေရာသို့ ဦးတည်ထားသည်ကို မသိနိုင်သော ဥမင်လမ်းများ ရှိနေလေသည်။
နံရံရှေ့တွင်မူ အပြာရောင် ကျောက်ထုစင်မြင့်တစ်ခု ရှိနေပြီး ထိုပေါ်တွင် အရိုးစုတစ်ခုမှာ ငြိမ်သက်စွာ ထိုင်နေလျက်ရှိသည်။
ဝိညာဉ်ဝါးမျိုတုတ်ပေါ်မှ ပုတီးစေ့မှာ ထိုအရိုးစုဆီသို့ နူးညံ့သော စိမ်းဖျော့ရောင်အလင်းကို ဖြာကျနေစေ၏။
ပိယောင်မှာ သူ၏ရှေ့တွင် ရှိနေသဖြင့် ကျန်းရှောင်ဖန်း၏ ထူးဆန်းသော အမူအရာနှင့် ဝိညာဉ်ဝါးမျိုတုတ်၏ ပြောင်းလဲမှုကို သတိမထားမိချေ။
အံ့အားသင့်မှု ပြီးဆုံးသွားပြီးနောက် သူမက လျင်မြန်စွာပင် စိတ်ကို ပြန်ထိန်းလိုက်လေသည်။
သူမသည် မိစ္ဆာဂိုဏ်းဝင်တစ်ဦး ဖြစ်လေရာ အရိုးစုတစ်ခုကို အဘယ်မှာ ကြောက်ရွံ့ပါအံ့နည်း။
သူမက ရှေ့သို့ လှမ်းတက်လိုက်လျက် ဂရုတစိုက် ကြည့်နေသော်လည်း ထူးခြားမှု တစ်စုံတစ်ရာကို မတွေ့ရချေ။ သူမက ကျန်းရှောင်ဖန်းဘက်သို့ လှည့်ကာ ပြုံးလျက် ပြောလိုက်၏။
"ဒါက လွန်ခဲ့တဲ့ နှစ်ပေါင်းရှစ်ရာကျော်က လောကကြီးကို တုန်လှုပ်စေခဲ့တဲ့ ဟေရှင်းအဘိုးအို ဖြစ်လောက်တယ်နော်။"
ကျန်းရှောင်ဖန်းမှာ မိစ္ဆာဂိုဏ်းဝင်များအပေါ် ကောင်းသောခံစားချက် မရှိသည်မှာ ဓမ္မတာပင် ဖြစ်ပေသည်။ သူသည် နှာခေါင်းရှုံ့ကာ ပြောလိုက်၏။
"ထွက်ပေါက်ကိုပဲ မြန်မြန်ရှာရမှာ မဟုတ်ဘူးလား။"
ပိယောင်က သူ့ကို စိုက်ကြည့်လိုက်၏။ ပြီးလျှင် သူမ၏ နှုတ်ခမ်းကို မဲ့လိုက်ပြီး ရွဲ့ပြောလိုက်လေသည်။
"ကိုယ့်ဘာသာကိုယ် သွားရှာလိုက်။"
ကျန်းရှောင်ဖန်းမှာ ကြောင်အမ်းသွား၏။ သူသည် နှာခေါင်းရှုံ့လိုက်ကာ အနည်းငယ် မကျေနပ်သော်လည်း လှည့်ထွက်သွားပြီး ဘယ်ဘက်ဥမင်ထဲသို့ ဝင်သွားလေသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူသည် ခေါင်းခါယမ်းမိ၏။
'ဒီမိစ္ဆာမိန်းကလေးကို ငါ ဘာလို့ အဲ့လောက်လွယ်လွယ် စိတ်မရှည်ဖြစ်နေရတာလဲ။'
သူ တွေးတောနေမိလေသည်။ ကိစ္စအသေးအမွှားလေး တစ်ခုမှာပင် သူက ပြင်းထန်စွာ တုံ့ပြန်မိ၏။ ဖြစ်နိုင်သည်မှာ သူမ၏ မျက်လုံးထဲတွင် သူ့ကို ရယ်နေလောက်ပေသည်။
သို့သော် တွေးသည်မှာ တွေးသည်သာ ဖြစ်၏။ သူသည် ဤခြေလှမ်းကို လှမ်းလိုက်ပြီးဖြစ်ရာ ပြန်လှည့်ရန်မှာ မဖြစ်နိုင်တော့ချေ။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် နောက်ကွယ်မှ မည်သည့်အသံမျှ မကြားရချေ။ ပိယောင်တစ်ယောက် နောက်မှလိုက်မလာသည်မှာ ထင်ရှားလေသည်။
ကျန်းရှောင်ဖန်းသည် တစ်နည်းတစ်ဖုံ စိတ်ပျက်သွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်လည်ဆူပူမိ၏။
'အသုံးမကျလိုက်တာ။'
သူသည် စိတ်ကို ပြန်စုစည်းလိုက်ပြီး ဥမင်ထဲသို့ ဂရုတစိုက် တိုးဝင်သွားလေသည်။ ဤဥမင်လမ်းမှာ အခြားလမ်းများနှင့် မခြားနားသော်ငြား ပို၍မှောင်မိုက်ကာ ပို၍ခြောက်ခြားဖွယ် ကောင်းလှ၏။
အတွင်းပိုင်းရောက်လေ ပို၍မှောင်လာလေ ဖြစ်ပေသည်။ လမ်းမှာလည်း ရှည်လျားလှ၏။
သွေးသန့်စင်ဂိုဏ်းမှ လူများမှာ ဤကဲ့သို့ ကြီးကျယ်သော စီမံကိန်းကြီးကို မည်သို့ စတင်နိုင်ခဲ့သည်ကို သူ နားမလည်နိုင်အောင် ဖြစ်နေမိလေသည်။
ခေတ္တမျှ လျှောက်လှမ်းပြီးနောက် ရှေ့ဘက်ဥမင်မှာ ဖြည်းညင်းစွာ လင်းထိန်လာသည်ကို ကျန်းရှောင်ဖန်း တွေ့လိုက်ရ၏။
သူ၏ခြေလှမ်းများကို အရှိန်မြှင့်လိုက်လေသည်။ လမ်းဆုံးရှိ နူးညံ့သောအလင်းမှာ လူကို ဆွဲဆောင်နေသည့် နူးညံ့သော လက်တစ်စုံကဲ့သို့ အလွန်ပင် ရှင်းလင်းလှပေသည်။
ကျန်းရှောင်ဖန်းသည် အသက်ကို ပြင်းပြင်းရှူလျက် အလင်းရောင်ထဲသို့ ဝင်ရောက်သွားလေသည်။
ပိယောင်သည် ဥမင်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသော ကျန်းရှောင်ဖန်း၏ ပုံရိပ်ကို ကြည့်နေမိ၏။
သူမသည် မှင်တက်သွားကာ မျက်နှာပျက်ယွင်းသွားသည်။ သူမ၏ဖခင်မှာ မိစ္ဆာဂိုဏ်းအတွင်း ရာထူးကြီးမားပြီး ဩဇာအာဏာရှိသူ ဖြစ်လေသည်။
ငယ်စဉ်ကတည်းက သူမသည် မင်းသမီးလေးတစ်ပါးကဲ့သို့ ဖြစ်ခဲ့ပြီး မည်သူမျှ သူမ၏စကားကို မဖီဆန်ဝံ့ကြချေ။
သို့သော် ယခုကဲ့သို့ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် သူမသည် အသက်လည်းမကြီး၊ စိတ်လည်းမရှည်သော လမ်းမှန်ဂိုဏ်းမှ လူတစ်ယောက်နှင့် တွေ့ဆုံနေရခြင်း ဖြစ်၏။ သူမ စိတ်မဆိုးဘဲ မည်သို့ နေနိုင်ပါအံ့နည်း။
အမှန်တကယ်တွင်မူ ကျန်းရှောင်ဖန်းသည် ချင်းယွင်တောင်ပေါ်တွင် ရှိစဉ်က ဖော်ရွေသော လူငယ်တစ်ဦးသာ ဖြစ်၏။
သို့သော် သူသည် ပိယောင်နှင့် အဘယ်ကြောင့် အမြဲတမ်း ပဋိပက္ခဖြစ်နေရသနည်းဆိုသည်မှာ ဂိုဏ်းချင်း မတူခြားနားမှုမှလွဲ၍ အခြားအကြောင်းရင်းကို သူ ရှာမတွေ့နိုင်ချေ။
ပိယောင်ကမူ ထိုအချက်ကို လုံးဝမသိသော်လည်း ကျန်းရှောင်ဖန်းက သူမကို အကြိမ်ကြိမ် ဆန့်ကျင်နေသည်ကို တွေ့မြင်ခဲ့ရလေသည်။ သူမ၏ စိတ်ထဲတွင် မကျေမနပ် ဖြစ်နေမိ၏။
သို့သော် သူတို့နှစ်ဦးလုံးမှာ မျှော်လင့်ချက်မဲ့သော အခြေအနေတွင် ရှိနေသဖြင့် ဤကောင်လေးကို ပညာပေးရန်မှာ မသင့်တော်သေးချေ။
ထို့ကြောင့် သူမသည် နှာခေါင်းရှုံ့လိုက်လျက် ဤကိစ္စကို စိတ်ထဲတွင် မှတ်ထားလိုက်လေသည်။ သို့သော် ပိယောင်အနေဖြင့် ကျန်းရှောင်ဖန်းနောက်သို့ အတင်းအကျပ် လိုက်သွားရန်မှာလည်း မဖြစ်နိုင်ချေ။
သူမသည် အကြာကြီး မစဉ်းစားတော့ဘဲ လှည့်ထွက်သွားကာ ညာဘက်ဥမင်ထဲသို့ ဝင်သွားလေသည်။
ခြေလှမ်းအနည်းငယ် လှမ်းလိုက်ရုံဖြင့် ဤလမ်းမှာ အခြားဥမင်လမ်းများနှင့် မထူးခြားသည်ကို ပိယောင် ခံစားလိုက်ရ၏။
သို့သော် နံရံနှစ်ဖက်ရှိ တောက်ပသော အရာဝတ္ထုများမှာ အရေအတွက် နည်းပါးလှသဖြင့် ဥမင်မှာ ပို၍မှောင်နေလေသည်။
ကံကောင်းသည်မှာ ဤလမ်းမှာ မရှည်လျားလှချေ။ ပိယောင်သည် မကြာမှီပင် လမ်းဆုံးသို့ ရောက်ရှိသွားကာ ကျောက်ခန်းမတစ်ခုထဲသို့ ဝင်လိုက်လေသည်။
၎င်းမှာ အလယ်အလတ်တန်းစား ကျောက်ခန်းမတစ်ခု ဖြစ်လေသည်။ တစ်ဖက်တွင် စင်များစွာရှိပြီး အခြားတစ်ဖက်တွင်မူ အမှိုက်ပုံကြီး တစ်ပုံရှိနေ၏။
အများစုမှာ ဓား၊ လှံ စသည့် လက်နက်အကျိုးအပဲ့များသာ ဖြစ်လေသည်။ အပေါ်ဆုံးတွင် ပုဆိန်ကြီး တစ်လက်ရှိနေ၏။
ကိုယ်ထည်တစ်ခုလုံး သံချေးများ တက်နေကာ အတန်ငယ် ကြီးမားလှ၏။ ပုဆိန်မှာ မပျက်မစီးဘဲ နဂိုအတိုင်း ရှိနေဆဲ ဖြစ်ပုံရပေသည်။ ပုဆိန်တစ်ခုလုံးကို သံမဏိဖြင့် ပြုလုပ်ထားပုံ ရလေသည်။
ပိယောင်သည် ၎င်းကို စိတ်မဝင်စားဘဲ စင်များဆီသို့ လျှောက်သွားလိုက်၏။ ဂရုတစိုက် ကြည့်လိုက်ပြီးနောက် သူမ၏မျက်နှာသည် ဝမ်းသာအားရ ဖြစ်သွားသော်လည်း မကြာမီမှာပင် စိတ်ပျက်မှုအဖြစ် ပြောင်းလဲသွားလေသည်။
စင်ပေါ်ရှိ အကန့်တစ်ခုစီတွင် အညွှန်းစာတန်းများ ရှိနေ၏။
အချို့စာလုံးများမှာ ဝေဝါးနေပြီး အချို့မှာမူ ဖတ်ရန်ခက်ခဲနေပြီ ဖြစ်သော်လည်း သူမ ဖတ်လိုက်ရသည့်အရာကြောင့် စိတ်လှုပ်ရှားမှုကို မထိန်းနိုင်အောင် ဖြစ်သွားရ၏။
၎င်းတို့မှာ တောင်ငါးလုံးလှံ၊ လမင်းကြိုး၊ နှလုံးဖောက်တံ စသည်တို့ ဖြစ်လေသည်။
ပိယောင်မှာ မိစ္ဆာဂိုဏ်းတွင် ကြီးပြင်းလာသူဖြစ်ပြီး သူမ၏ဖခင်မှာ ဗဟုသုတများစွာရှိသော ပါရမီရှင်တစ်ဦး ဖြစ်ပေရာ ဤမှော်လက်နက်များမှာ မိစ္ဆာဂိုဏ်းအတွင်း အကောင်းဆုံး လက်နက်များ ဖြစ်ကြောင်း သူမ သိနေပေသည်။
သူမ အဘယ်ကြောင့် မပျော်ရွှင်ဘဲ နေမည်နည်း။ သို့သော် ကံဆိုးသည်မှာ စင်များပေါ်တွင်
အညွှန်းစာတန်းများသာ ရှိပြီး မည်သည့်ပစ္စည်းမျှ မရှိခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူမ စိတ်ပျက်သွားရသည်။
သူမ သက်ပြင်းချလိုက်သော်လည်း မျှော်လင့်ချက် မပျက်ဘဲ စင်များကို ဆက်လက် ရှာဖွေသေး၏။
သို့သော် အားလုံးမှာ အချည်းနှီးသာ ဖြစ်လေသည်။ မျှော်လင့်ချက်ကို ဆုပ်ကိုင်ထားသူများကို ကောင်းကင်ဘုံက မျက်နှာသာပေးလေသလား မသိပေ။
နောက်ဆုံးအကန့်တွင် သံမဏိသေတ္တာငယ်လေးတစ်ခု ကျန်ရှိနေသည်ကို သူမ တွေ့လိုက်ရ၏။ သို့သော် စင်ပေါ်တွင် မည်သည့်စာတန်းမျှ မရှိသဖြင့် အတွင်း၌ ဘာရှိမှန်း သူမ မသိနိုင်ချေ။
ပိယောင်မှာ ဝမ်းသာအားရဖြစ်သွားကာ သေတ္တာကို ဂရုတစိုက် မယူလိုက်လေသည်။ ၎င်းမှာ အတန်ငယ် လေးလံလှပေသည်။
သူမသည် အသာအယာ လှုပ်ယမ်းကြည့်သော်လည်း မည်သည့်အသံမျှ မထွက်လာချေ။
ပိယောင်က ခေတ္တမျှ စဉ်းစားပြီးနောက် သေတ္တာကို မြေကြီးပေါ်သို့ ချလိုက်၏။
သူမသည် အသက်ကို ပြင်းပြင်းရှူကာ သတိထားလျက် သူမ၏လက်ကို ဝေ့ယမ်းလိုက်လေသည်။ ကျောက်ခန်းမအတွင်း ဖြူစင်သောအလင်းတစ်ခု ထွက်ပေါ်လာ၏။
လေထုထဲတွင် ကျောက်စိမ်းကဲ့သို့ ပန်းတစ်ပွင့် ပေါ်ထွက်လာကာ သင်းပျံ့သောရနံ့ကို ထုတ်လွှတ်နေလေသည်။
ပိယောင်၏ ညာလက်ကို လှန်လိုက်ရာ လေထဲတွင် ရှိနေသော ပန်းလေးမှာ တောက်ပလာပြီး သံမဏိသေတ္တာ၏ အပေါ်သို့ ပျံသန်းသွားလေသည်။ ဖြူစင်သောအလင်းက သံမဏိသေတ္တာ တစ်ခုလုံးကို လွှမ်းခြုံထား၏။
ထို့နောက် ပိယောင်သည် သေတ္တာငယ်ကို ဂရုတစိုက် ဖွင့်လိုက်လေသည်။ သူမ၏လက်က သေတ္တာအဖုံးကို ထိလိုက်ချိန်တွင် သေတ္တာမှာ သော့မခတ်ထားသည်ကို ခံစားလိုက်ရ၏။
သူမ မျက်မှောင်ကြုတ်လိုက်ကာ သူမ၏မျက်လုံးထဲရှိ သတိထားမှုမှာ ပိုမိုမြင့်တက်လာလေသည်။ သူမက အံကြိတ်ကာ သန္နိဋ္ဌာန်ချလျက် သေတ္တာကို ဖွင့်လိုက်၏။
'ကလောက်။'
ပိယောင်သည် တိုးညင်းသော အသံလေးတစ်ခုကို ကြားလိုက်ရလေသည်။ အတွင်း၌ မည်သည့်အရာရှိသည်ကို ရှင်းရှင်းလင်းလင်း မမြင်ရမှီမှာပင် အနက်ရောင် အငွေ့များ ထွက်ပေါ်လာလေသည်။
လျှပ်စစ်ရှော့ခ် ရိုက်ခံလိုက်ရသကဲ့သို့ ပိယောင် နောက်သို့ လဲကျသွား၏။ သံမဏိသေတ္တာအပေါ်ရှိ ပန်းဖြူလေးမှာ ချက်ချင်းပင် အောက်သို့ ပျံဆင်းလာတော့သည်။