← Chapters

အခန်း ၈၄

Vol. 9 Ch. 84

အခန်း ၈၄

Vol. 9 Ch. 84

အခန်း (၈၄) - ကောင်းကင်ကျမ်း (၂)

အနက်ရောင်အငွေ့များမှာ ဖြူစင်သောအလင်း၏ ဖမ်းဆီးခြင်းကို ခံလိုက်ရ၏။ အကြိမ်ကြိမ် ကြိုးစားသော်လည်း အပြင်သို့ မထွက်နိုင်ချေ။

ခဏအကြာတွင် အနက်ရောင်အငွေ့များ ကျုံ့ဝင်သွားကာ ကျောက်စိမ်းကဲ့သို့ ဖြူစင်သော ပန်းလေးမှာ အနက်ရောင်သို့ ပြောင်းလဲသွားသည့်တိုင် အနက်ရောင်အငွေ့များကို စုပ်ယူလိုက်လေသည်။

အနက်ရောင်အငွေ့များ လုံးဝ ပျောက်ကွယ်သွားသည်အထိ ပိယောင်က ခေတ္တမျှ စောင့်ဆိုင်းပြီးမှ ပြန်လျှောက်လာ၏။ သူမသည် သူမ၏ပန်းလေးကို ကြည့်လိုက်လေသည်။

သူမ၏ဖခင်သည် ရှန့်ရှင်းဟွာကို ဖန်တီးရန် အားထုတ်မှုများစွာ ပြုလုပ်ခဲ့ရခြင်း ဖြစ်၏။ ယခုအခါ ကျောက်စိမ်းဖြူ ပွင့်ချပ်များမှာ ခရမ်းရင့်ရောင်သို့ ပြောင်းလဲသွားပြီး ဆိုးယုတ်သောအသွင်ကို ဆောင်နေလေသည်။

ပိယောင်က တိုးတိုးလေး ရေရွတ်မိ၏။

"ရှေးဟောင်း အလောင်းအဆိပ်ပဲ။ အဲဒီအဖိုးကြီး ဒီလိုအရာမျိုးကို ကျင့်ကြံဖို့ တကယ်ပဲ စိတ်ထားယုတ်မာတာပဲ။"

သူမသည် မိစ္ဆာဂိုဏ်းမှ ဟေရှင်းအဘိုးအိုကို ကျိန်ဆဲရင်း သံမဏိသေတ္တာထဲသို့ ငုံ့ကြည့်လိုက်၏။

အတွင်းပိုင်းမှာ ရိုးရှင်းလှပေသည်။ သံမဏိသေတ္တာငယ်ထဲတွင် အရာဝတ္ထု တစ်ခုတည်းသာ ရှိ၏။

၎င်းမှာ ရွှေရောင်တောက်ပနေပြီး လုံးဝပျက်စီးခြင်းမရှိသော ခေါင်းလောင်းငယ်လေး တစ်ခုပင် ဖြစ်လေသည်။

ပိယောင် အံ့အားသင့်သွား၏။ ရှားပါးလှသော ရှေးဟောင်း အလောင်းအဆိပ်က ဤကဲ့သို့ ခေါင်းလောင်းငယ်လေးကိုသာ ကာကွယ်ထားလိမ့်မည်ဟု သူမ မထင်မှတ်ထားချေ။

သူမ ထူးခြားမှုကို မတွေ့ရသဖြင့် ခေတ္တမျှ စဉ်းစားပြီးနောက် ခေါင်းလောင်းငယ်ကို ဖြည်းညင်းစွာ ကောက်ယူလိုက်၏။

"ဒေါင်... ဒေါင်..."

ကြည်လင်သော မြည်သံမှာ နှလုံးသားအတွင်း၌ မြည်ဟည်းသွားသကဲ့သို့ ဖြစ်ကာ နှစ်ပေါင်းရှစ်ရာတိုင် ငြိမ်သက်နေခဲ့သော ကျောက်ခန်းမအတွင်း ပျံ့လွင့်သွားလေသည်။

ပိယောင်သည် ထိုခေါင်းလောင်းကို မြှောက်ကြည့်လိုက်၏။ ၎င်းမှာ အလွန်ပင် လက်ရာမြောက်လှပေသည်။ သံမဏိကြိုးမျှင်လေးတစ်ခုက ခေါင်းလောင်းကို ချည်နှောင်ထား၏။

အသာအယာ လှုပ်ရှားလိုက်ရုံဖြင့် ခေါင်းလောင်းဆွဲသီးက ဘေးနံရံကို ထိမှန်သွားကာ မြည်သံကို ထပ်မံ ထွက်ပေါ်စေပြန်သည်။

"ဒေါင်... ဒေါင်... ဒေါင်..."

ပိယောင်၏ မိန်းကလေးသဘာဝအရ ၎င်းကို အလွန်သဘောကျသွား၏။ စိတ်ပျက်မှုများမှာလည်း လျော့ပါးသွားလေသည်။

ဂရုတစိုက် ထပ်မံ စစ်ဆေးကြည့်သော်လည်း ထူးခြားမှု မတွေ့ရချေ။ ကျွမ်းကျင်စွာ ပြုလုပ်ထားသော သာမန်ခေါင်းလောင်းတစ်ခုနှင့်သာ တူလှပေသည်။

သို့သော် ဟေရှင်းအဘိုးအိုက ဤအရာကို အလွန်လျှို့ဝှက်စွာနှင့် ဂရုတစိုက် သိမ်းဆည်းထားခဲ့ခြင်း ဖြစ်၏။

'ဒီခေါင်းလောင်းမှာ ထူးခြားတဲ့ စွမ်းဆောင်ရည်တစ်ခု ရှိရမယ်၊ အခွင့်အရေးရရင် ဖေဖေ့ကို မေးကြည့်ရမယ်။'

သူမ တွေးလိုက်၏။

ပိယောင်၏ စိတ်ထဲတွင် ကျေနပ်သွားကာ ခေါင်းလောင်းငယ်လေးကို ပို၍ပို၍ သဘောကျလာလေသည်။

သူမက ၎င်းကို ခါးတွင် ချည်နှောင်လိုက်၏။ သူမ လှည့်လိုက်ချိန်တွင် ခေါင်းလောင်းမှာ ကြည်လင်သော မြည်သံများကို ဆက်တိုက် ထွက်ပေါ်စေလေသည်။

၎င်းမှာ အလွန် နားထောင်လို့ ကောင်းလှပေသည်။ ပိယောင်မှာ ဝမ်းသာအားရဖြစ်ကာ ခေါင်းညိတ်လိုက်၏။

ထို့နောက် သူမသည် ကျောက်ခန်းမကို ဂရုတစိုက် ထပ်မံစစ်ဆေးသော်လည်း ဘာမှမရှိတော့ချေ။

အမှိုက်ပုံကြီးကိုပင် သူမ စစ်ဆေးခဲ့သေး၏။ ထွက်ပေါက်ကို မဆိုထားနှင့်၊ ကြည့်ရကျိုးနပ်မည့် အရာတစ်ခုမျှ မရှိချေ။ အလုပ်ပြီးသွားသောအခါ ပိယောင်က ဖြည်းညင်းစွာ ထရပ်လိုက်၏။

ထိုလူအ သွားနေသည့် အခြေအနေကို သွားကြည့်ရန် အချိန်တန်ပြီ ဖြစ်ပေသည်။

ကျောက်ခန်းမမှ မထွက်ခွာမီ သူမက နောက်ဆုံးအကြိမ် လှည့်ကြည့်လိုက်သေး၏။ ကျောက်ခန်းမမှာ ရှုပ်ပွနေဆဲ ဖြစ်သည်။

သို့သော် သူမက အမှိုက်ပုံကို ရှာဖွေခဲ့ပြီးနောက် ပို၍ပင် ပရမ်းပတာ ဖြစ်နေလေပြီ။ လက်နက်အမျိုးမျိုးမှာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေ၏။ ပုဆိန်ကြီးမှာလည်း ထောင့်တစ်နေရာသို့ လွင့်စဉ်သွားလေသည်။

ထို့နောက် သူမသည် ကျောက်ခန်းမမှ ထွက်ခွာသွားလေသည်။

ကျန်းရှောင်ဖန်း ဝင်သွားသည့် ဘယ်ဘက်ဥမင်လမ်းမှာ ပိယောင်ဝင်သွားသည့် ညာဘက်လမ်းထက် ပို၍ ရှည်လျားလှပေသည်။

ပိယောင်သည် အတော်ကြာ လျှောက်လှမ်းပြီးမှ အလင်းရောင်ကို တွေ့လိုက်ရသော်လည်း အသေးစိတ်ကိုမူ မမြင်ရသေးချေ။ မည်သည့် လှုပ်ရှားသံမျှလည်း ထွက်မလာချေ။

သူမ အနည်းငယ် စိုးရိမ်လာ၏။ ဤနေရာတွင် ထူးဆန်းပြီး ရက်စက်သော အရာများစွာ ရှိနေသဖြင့် ခန့်မှန်းရန် ခက်ခဲလှပေသည်။

'သူများ....'

ပိယောင်က ခြေလှမ်းကို အရှိန်မြှင့်လိုက်ပြီး အခန်းထဲသို့ ဝင်လိုက်၏။ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် သူမ၏ စိတ်မှာ သက်သာရာရသွားလေသည်။

ကျန်းရှောင်ဖန်းသည် ကျောက်ခန်းမအတွင်း ရပ်နေပြီး ကျောက်နံရံကို စိုက်ကြည့်နေ၏။

ပိယောင် သက်ပြင်းချလိုက်ပြီးနောက် အခန်းတွင်းသို့ လှည့်ပတ်ကြည့်လိုက်လေသည်။

ဤခန်းမမှာ သူမသွားခဲ့သည့် အခန်းထက် ပို၍ ကြီးမားသော်လည်း ဘာမှမရှိဘဲ အချည်းနှီးသာ ဖြစ်နေလေသည်။

သို့သော် ကျောက်နံရံပေါ်တွင်မူ စာလုံးများကို ထူထပ်စွာ ထွင်းထုထား၏။ ကျန်းရှောင်ဖန်းမှာ မျက်မှောင်ကြုတ်လျက် ၎င်းတို့ကို ဖတ်နေလေသည်။

ပိယောင်လည်း မျက်မှောင်ကြုတ်လျက် ရှေ့သို့ လှမ်းသွားကာ ကြည့်လိုက်၏။ သူမ၏မျက်နှာတွင် ဝမ်းသာအားရမှုများ ပေါ်ပေါက်လာလေသည်။

ကျောက်ထွင်းစာသားများ၏ အစတွင် ကြီးမားသော စာလုံးနှစ်လုံး ရှိနေ၏။

ကောင်းကင်ကျမ်း

"ကောင်းကင်ကျမ်းပဲ၊ ဒါ ကောင်းကင်ကျမ်းပဲ။"

ပိယောင်က မထိန်းနိုင်ဘဲ အားရပါးရ အော်ဟစ်လိုက်လေသည်။

ကျန်းရှောင်ဖန်း လန့်သွား၏။ ထိုမှသာ ပိယောင်သည် သူ၏ဘေးသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပြုမိသော်လည်း သူ၏အာရုံမှာ သူမ၏စကားလုံးများအပေါ်၌သာ ရှိနေ၏။

"ကောင်းကင်ကျမ်း ဟုတ်လား။ ကောင်းကင်ကျမ်းက ဘာလဲဆိုတာ မင်း သိလား။"

ပိယောင်က သူ့ကို စိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"ကျွန်မက မသိဘဲ နေမလား။ ဒီကောင်းကင်ကျမ်းက ကျွန်မတို့ မြင့်မြတ်တဲ့ဂိုဏ်းရဲ့ အထွတ်အမြတ် ကျမ်းစာပဲ။”

“အရင်တုန်းကနေ အခုထိ ကျွန်မတို့ဂိုဏ်းက တပည့်တွေရဲ့ မှော်အစွမ်းတွေ အားလုံးက ဒီကောင်းကင်ကျမ်းကနေ ဆင်းသက်လာတာ။"

ကျန်းရှောင်ဖန်း ထပ်မံ ထိတ်လန့်သွား၏။ သူသည် ဇဝေဇဝါ ဖြစ်သွားပြီးနောက် နံရံပေါ်ရှိ ထွင်းထုထားသော စာသားများကို စိုက်ကြည့်လိုက်လေသည်။ ခဏအကြာတွင် သူက တိုးတိုးလေး ပြောလိုက်၏။

"မဖြစ်နိုင်တာ၊ လုံးဝ မဖြစ်နိုင်ဘူး။"

ပိယောင်၏ မျက်နှာမှာ ပျက်ယွင်းသွားပြီး ပြောလိုက်လေသည်။

"ဒါက ကျွန်မတို့ဂိုဏ်းရဲ့ အထွတ်အမြတ် ကျမ်းစာပဲ။ ဒါက ကျွန်မတို့ရဲ့ လျှို့ဝှက်ချက်။ ရှင်က ကျွန်မတို့ကို ယုတ်မာတဲ့ မိစ္ဆာတွေလို့ ပြောခဲ့တယ်မလား။ အခု ဘာလို့ ကြည့်နေရတာလဲ။"

ကျန်းရှောင်ဖန်းမှာ ထိုစကားကို မကြားသကဲ့သို့ပင်။ သူ၏မျက်လုံးထဲတွင် နံရံပေါ်ရှိ စာသားများသာ ရှိတော့၏။

"ကောင်းကင်ကျမ်း - အတွဲ (၁)"

လောက၏ အပြောင်းအလဲတို့သည် ရောထွေးနေမှုမှ စတင်ပေသည်။ အကောင်းနှင့် အဆိုးဟူ၍ ခွဲခြားထားခြင်း မရှိချေ။ နေနှင့် လသည် အတူတကွ တောက်ပကြကုန်၏။ လောကသည် ထိုအကြားတွင် တည်ရှိလေသည်။ ပုံသဏ္ဌာန်များ စတင်ဖြစ်ပေါ်လာချိန်တွင် အကောင်းနှင့် အဆိုးသည်လည်း စတင်ဖြစ်ပေါ်လာချေပြီ။

လောကကြီး ရှည်ကြာစွာ တည်တံ့နိုင်ခြင်းမှာ ၎င်းတို့သည် မိမိဘာသာ ဖန်တီးထားခြင်း မဟုတ်သောကြောင့် ဖြစ်၏။ ထို့ကြောင့် ၎င်းတို့သည် မည်သည့်အခါမျှ မသေဆုံးနိုင်ချေ။ သို့သော် လောကရှိ အရာခပ်သိမ်းတွင်မူ ကိုယ်ပိုင်ပုံသဏ္ဌာန် ရှိကြကုန်၏။ လူတို့သည် မာယာများဖြင့် မျက်စိကွယ်နေကြသဖြင့် အတ္တ၊ နှစ်သက်မှု၊ တပ်မက်မှုနှင့် ကံတရားတို့ကို ဖန်တီးခဲ့ကြလေသည်။ ထိုအရာများကြောင့် အဆိပ်သုံးပါး၊ ကြောက်ရွံ့မှုသုံးပါးနှင့် ထိတ်လန့်မှုသုံးပါးတို့ ဖြစ်ပေါ်လာရ၏။ ထို့ကြောင့် ကြာရှည်စွာ မတည်တံ့နိုင်ကြချေ။

ကောင်းကင်ဘုံတွင် တရားစီရင်မှု မရှိ၊ မူလသဘောတရားတွင် အမည်နာမ မရှိချေ။ ထို့ကြောင့် အတ္တကင်းစင်ခြင်း၊ နှစ်သက်မှုကင်းခြင်း၊ တပ်မက်မှုကင်းခြင်းနှင့် ကံ‌ကောင်းခြင်းကို ရရှိခဲ့လျှင် ၎င်းသည်ပင် ဖြောင့်မတ်ခြင်း ဖြစ်ပေသည်။ ဖြောင့်မတ်ခြင်းကို ဆုပ်ကိုင်ထားပါက အတွင်းသဘောမှာ မိမိ၏ ပင်ကိုသဘာဝ ဖြစ်ပြီး လောကသည် ဗဟိုချက် ဖြစ်လေသည်။

ထို့ကြောင့် အရာခပ်သိမ်းသည် လောကအတွင်း၌သာ ရှိနေပြီး လောက၏ စောင့်ကြည့်ခြင်းကို ခံရလေသည်။

ထို့ကြောင့် အကောင်း သို့မဟုတ် အဆိုးဟူ၍ မရှိချေ။

ထို့ကြောင့် လောကသည် အမြဲတမ်း တည်ရှိနေပြီး ဖန်တီး၍ မရနိုင်ချေ။

ထို့ကြောင့် ရုပ်ဝတ္ထုတို့သည် မတည်မြဲနိုင်ပါက တပ်မက်မှုများကို မည်သို့ ဖြည့်ဆည်းပေးနိုင်ပါအံ့နည်း။

......

ပိယောင် နှာခေါင်းရှုံ့လိုက်၏။ သူမ ဒေါသထွက်ချင်သော်လည်း ခေတ္တမျှ စဉ်းစားပြီးနောက် ဘာမှမပြောဘဲ နံရံကိုသာ ကြည့်နေလိုက်လေသည်။

စာကြောင်းအနည်းငယ် ဖတ်ပြီးနောက် သူမ၏ ဦးနှောက်မှာ မူးဝေလာသလို ခံစားလိုက်ရ၏။

ဤမျှ ပျင်းစရာကောင်းသော စာသားများကို ကျန်းရှောင်ဖန်း မည်သို့ ဖတ်နိုင်သည်ကို သူမ မအံ့ဩဘဲ မနေနိုင်တော့ချေ။

သူမသည် ကျန်းရှောင်ဖန်းကို ကြည့်လိုက်သောအခါ သူ၏မျက်နှာမှာ နာကျင်မှုနှင့် ဇဝေဇဝါဖြစ်မှုတို့ဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရ၏။

သူသည် ဖော်ပြ၍မရသော ထူးဆန်းသော ခံစားချက်တစ်ခုဖြင့် တုန်လှုပ်နေလေသည်။

ယခုအချိန်တွင် ကျန်းရှောင်ဖန်း၏ စိတ်လှုပ်ရှားမှုကို မည်သူမျှ ယှဉ်နိုင်မည် မဟုတ်ချေ။

မိစ္ဆာဂိုဏ်း၏ အထွတ်အမြတ် ကောင်းကင်ကျမ်း၏ အနှစ်ချုပ် စကားလုံးတစ်လုံးစီမှာ ကျန်းရှောင်ဖန်း၏ နှလုံးသားကို ဓားတစ်စင်းကဲ့သို့ နက်ရှိုင်းစွာ ထိုးစိုက်နေလေသည်။

၎င်းက သူ့ကို ပေးလိုက်သော ထိတ်လန့်မှုမှာ ချင်းယွင်ဂိုဏ်း၏ တရားကျင့်စဉ်နှင့် ဖူကျစ်ပေးခဲ့သော ဗြဟ္မာ့ဉာဏ်တော်ကျင့်စဉ်တို့ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေသည်ကို သိလိုက်ရစဉ်ကထက် အဆပေါင်း ရာချီ၍ ပိုမိုကြီးမားလှပေသည်။

ဤစာသားများမှတစ်ဆင့် သူသည် ကွဲပြားခြားနားလှသော တာအိုကျင့်စဉ်နှင့် ဗုဒ္ဓကျင့်စဉ်တို့တွင် တူညီသောအချက်များ ရှိနေသည်ကို တွေ့ရှိလိုက်ရ၏။

ဤအံ့ဩမှုမှာ လက်ခံနိုင်လောက်သေးသော်လည်း ဆက်လက်ဖတ်ရှုလေ သူ၏မျက်နှာမှာ ပို၍ ဖြူဖျော့လာလေ ဖြစ်ပေသည်။

အကြောင်းမူကား သူသည် မိစ္ဆာဂိုဏ်း၏ အထွတ်အမြတ် ကောင်းကင်ကျမ်းထဲမှ ကြီးမားသော လျှို့ဝှက်ချက်တစ်ခုကို ရှာဖွေတွေ့ရှိလိုက်သောကြောင့် ဖြစ်၏။

မိစ္ဆာဂိုဏ်း၏ အတတ်ပညာများမှာ ရက်စက်ပြီး ထူးဆန်းလှသော်လည်း ၎င်းမှာ ကောင်းကင်ကျမ်းမှ ဆင်းသက်လာခြင်း ဖြစ်ပေသည်။

တာအိုကျင့်စဉ်သည် သဘာဝတရားကို အသုံးချရန် လိုအပ်ပြီး ဗုဒ္ဓကျင့်စဉ်မှာမူ မိမိကိုယ်ကို နားလည်ရန် အလေးထားလေသည်။

သို့သော် ကောင်းကင်ကျမ်းထဲတွင်မူ တာအို၏ အယူအဆနှင့် ဗုဒ္ဓ၏ ကျင့်စဉ်များပါ ပါဝင်နေသည်ကို တွေ့ရ၏။

ပိယောင်ကဲ့သို့ပင် အခြားသူများမှာလည်း ထိုအချက်ကို အလေးထား စဉ်းစားမည် မဟုတ်ချေ။

၎င်းမှာ သူတို့၏ ဘိုးဘေးများ ချန်ထားခဲ့သော ထူးကဲသော အတတ်ပညာတစ်ခုသာဟု သူတို့ ထင်ကြပေလိမ့်မည်။

သို့သော် တာအိုနှင့် ဗုဒ္ဓကျင့်စဉ် နှစ်မျိုးလုံးကို သိရှိထားသော ကျန်းရှောင်ဖန်းအတွက်မူ ဤတွေ့ရှိချက်မှာ ထိတ်လန့်ဖွယ်ရာ ကောင်းလှပေသည်။

သူ့အား အတွေးတစ်ခုက နှောက်ယှက်နေလေသည်။

'ဘယ်ဟာက အမှန်လဲ။'

သူသည် ဆက်လက်ဖတ်ရှုနေ၏။ သူ၏မျက်နှာမှာ ဖြူဖျော့နေပေသည်။ သူ၏စိတ်မှာ ထူးဆန်းပြီး တောက်လောင်နေသော စူးစမ်းလိုစိတ်၊ တပ်မက်မှုတို့ဖြင့် စိတ်လှုပ်ရှားနေ၏။

သူ၏ရှေ့တွင် အရေးကြီးသော လျှို့ဝှက်ချက်တစ်ခု ရှိနေသည်ကို ခံစားနေရသော်လည်း သူ မထိတွေ့နိုင်၊ မမြင်နိုင်ဘဲ ရှိနေလေသည်။

သို့သော် ၎င်းက ထိုပန်းတိုင်ဆီသို့ ပြေးသွားရန် သူ့ကို ပြောနေသကဲ့သို့ ရှိပေသည်။

သို့သော် သူ၏နှလုံးသားထဲတွင် ကြောက်ရွံ့မှုလည်း ရှိနေ၏။ သူ ထိုသို့ လုပ်သင့်ပါသလား။

ပိယောင်သည် ကျန်းရှောင်ဖန်းကို ခေတ္တမျှ ကြည့်နေမိ၏။ သူသည် နံရံကို စိုက်ကြည့်နေပြီး မျက်နှာမှာ ထူးဆန်းနေကာ ပိယောင်တစ်ယောက် သူ၏ဘေးတွင် ရပ်နေသည်ကို လုံးဝ မေ့လျော့နေပုံရပေသည်။

သူမ၏ နှလုံးသားထဲတွင် အကြောင်းရင်းမရှိဘဲ ဒေါသများ ထွက်ပေါ်လာ၏။ သူမက နှာခေါင်းရှုံ့လိုက်လေသည်။

သို့သော် ကျန်းရှောင်ဖန်းကမူ လျစ်လျူရှုထားဆဲဖြစ်ပြီး ဘာမှမလုပ်ချေ။

ပိယောင်သည် နှုတ်ခမ်းကို မဲ့လိုက်၏။ သူမ အလွန်ဒေါသထွက်နေသော်လည်း အဘယ်ကြောင့်လဲဆိုသည်ကို မသိချေ၊ သူမသည် ဤလူကို သင်ခန်းစာ ပေးချင်စိတ်လည်း မရှိတော့ချေ။

သူမသည် လှည့်ထွက်သွားပြီး မြေပြင်ကို ခြေထောက်ဖြင့် ပြင်းထန်စွာ ဆောင့်လျက် ထွက်ခွာသွားလေသည်။ ဝမ်းနည်းစရာမှာ ထိုလူမှာ မည်သည့်တုံ့ပြန်မှုမျှ မရှိသေးခြင်းပင် ဖြစ်၏။

ပိယောင်သည် ကျောက်ခန်းမမှ ဒေါသတကြီး ထွက်ခွာလာပြီး ထုံးကျောက်ဂူသို့ ပြန်လာကာ အရိုးစုကို ကြည့်ပြီး စိတ်ကောက်နေမိ၏။

ယခင်က ဘာမှမဟုတ်သော်လည်း ထိုကောင်လေးမှာ တကယ်ပင် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလှပေသည်။ သူမ တွေးလေ ပို၍ ဒေါသထွက်လေ ဖြစ်နေ၏။

ထို့နောက် သူမ၏ လှပခဲ့သော်လည်း ယခုအခါ တစ်ကိုယ်လုံး မည်းမှောင်နေသော ဝမ်းနည်းပန်းကို ကြည့်လိုက်မိရာ သူမ၏ ဒေါသအားလုံးကို ထိုဟေရှင်းအဘိုးအိုအပေါ်သို့ ချက်ချင်းပင် ပုံချလိုက်လေသည်။ သူမက အရိုးစုကို လက်ညှိုးထိုးကာ ပြောလိုက်၏။

"ရှင် ဒီမိစ္ဆာအိုကြီး၊ သေတာ နှစ်ပေါင်းရှစ်ရာ ရှိနေတာတောင် ငါ့ကို ဒုက္ခပေးနေတုန်းပဲ။ ငါ့ရဲ့ ရှန့်ရှင်းဟွာပန်းလေးကို ဒီလိုဖြစ်အောင် လုပ်ရက်တယ်...."

သူမသည် စကားကိုပင် ဆက်မပြောနိုင်တော့ဘဲ ပိယောင်၏ ဒေါသမှာ ပို၍ ကြီးမားလာလေသည်။

စကားအများကြီး မပြောတော့ဘဲ သူမက လက်ကို ဝေ့ယမ်းလိုက်၏။ ရှန့်ရှင်းဟွာပန်းက အရိုးစုကို တစ်ပတ်ပတ်ပြီးနောက် ပြန်လာလေသည်။

တစ်စက္ကန့်အကြာတွင် အရိုးများ ကျိုးပဲ့သွားသော စူးရှသည့်အသံများ ထွက်ပေါ်လာ၏။

'ကလောက်... ကလောက်။'

စူးရှသော အသံများနှင့်အတူ အရိုးစုမှာ ပြိုလဲကျသွားလေသည်။ ဤသို့ လုပ်လိုက်ပြီးနောက်မှ ပိယောင်၏ ဒေါသမှာ ပြေလျော့သွား၏။

သူမသည် အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေမိသည်ကို မသိဘဲ နောင်တလည်း ရမိလေသည်။ သို့သော် သူမ လှည့်လိုက်ချိန်တွင် အံ့အားသင့်သွားရ၏။

အရိုးစု ဖုံးကွယ်ထားသော နံရံပေါ်တွင် စာသားအချို့ ရှိနေသည်ကို တွေ့လိုက်ရလေသည်။ သူမက ထိုနေရာသို့ အမြန်သွားကာ ကြည့်လိုက်၏။

နံရံပေါ်တွင် စာသားလေးကြောင်း ရေးထိုးထားလေသည်။

ခေါင်းလောင်းသံ မြည်ဟည်း၊ ပန်းလေးလည်း နွမ်းလျ

ကိုယ်ဟန်မှာလည်း ဆီးနှင်းပမာ၊ ဖြူလွှလွှ ပိန်ပါးလှချေပြီ

နက်ရှိုင်းသော အချစ်မှာ နာကျင်မှု၊ ဘဝသည်လည်း နာကျင်မှု

အသည်းနှလုံးကင်းမဲ့သူ၏ နာကျင်မှုအတွက်သာ၊ စွဲလမ်းမိပါတကား။

All Chapters