← Chapters

အခန်း ၈၅

Vol. 9 Ch. 85

အခန်း ၈၅

Vol. 9 Ch. 85

အခန်း (၈၅) - ရွှေခေါင်းလောင်း (၁)

ပိယောင်မှာ လန့်ဖြန့်သွားပြီးနောက် သေချာစွာ ထပ်မံဖတ်ရှုကြည့်လိုက်လေသည်။

ထိုစာကြောင်းလေးကြောင်း၏ လက်ရေးမှာ သေသပ်လှပြီး ကျောက်ခန်းမထဲရှိ ကောင်းကင်ကျမ်းစာနှင့် အလွန်ကွာခြားလှ၏။ အခြားသူတစ်ဦး၏ လက်ရာဖြစ်ဟန်တူပေသည်။

ထိုစာသားများ၏ အဓိပ္ပာယ်အရ အချစ်ကို စွဲလမ်းနေသော မိန်းမသားတစ်ဦး၏ နာကြည်းချက် စကားလုံးများနှင့် တူနေလေသည်။

မိစ္ဆာဂိုဏ်း၏ အထွတ်အမြတ်မြေဖြစ်သော သွေးစက်လိုဏ်ဂူအတွင်းတွင် ဤကဲ့သို့သောအရာများ ပေါ်လာခြင်းမှာ ထူးဆန်းလှပေ၏။

သူမသည် အချိန်ကြာမြင့်စွာ စဉ်းစားနေခဲ့သော်လည်း အဖြေရှာမရခဲ့ချေ။ ထို့ကြောင့် ခေါင်းယမ်းလိုက်ပြီး လက်လျှော့လိုက်တော့၏။

လှည့်ကြည့်လိုက်သောအခါ ကျန်းရှောင်ဖန်းမှာ ကျောက်ခန်းမထဲမှ တိတ်ဆိတ်စွာ ထွက်လာပြီး သူမ၏ အနောက်တွင် ရပ်နေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားလေသည်။

သူ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေ၏။ ဝမ်းနည်းခြင်း၊ အံ့ဩခြင်းတို့နှင့် ဇဝေဇဝါဖြစ်နေဟန်လည်း ပေါ်နေပေသည်။

သူသည် မျက်မှောင်ကို တင်းတင်းကြုတ်ထားရာ မျက်နှာကြွက်သားများ တွန့်လိမ်နေပြီး အနည်းငယ် ကြည့်ရဆိုးနေလေသည်။

ပိယောင်မှာ လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်မိလေသည်။

"အာ။"

သူမထံမှ အာမေဍိတ်သံတစ်သံ ထွက်ပေါ်လာ၏။ ခါးရှိ ငြိမ်သက်နေသော ခေါင်းလောင်းလေးမှာ တယိမ်းတယိုင် လှုပ်ခတ်သွားပြီး ကြည်လင်သာယာသော တချွင်ချွင် အသံများ ထွက်ပေါ်လာကာ ဂူအတွင်း၌ ပဲ့တင်သံထပ်သွားလေသည်။

ကျန်းရှောင်ဖန်းသည် ခေါင်းလောင်းသံကို ကြားလိုက်ရလေသည်။ သူ၏ ကိုယ်ခန္ဓာမှာ တုန်တက်သွားပြီး အိပ်မက်မှ ရုတ်တရက် နိုးထလာသကဲ့သို့ ဖြစ်သွား၏။

သူ၏ စိတ်ခံစားချက်များမှာ တည်ငြိမ်သွားသော်လည်း ဇဝေဇဝါ ဖြစ်‌နေသေးဟန် ရှိ‌သည်။

သူသည် ကျောက်ခန်းမထဲရှိ ကောင်းကင်ကျမ်းစာ ကျောက်တိုင်ကို စူးစိုက်ကြည့်ရှုနေစဉ် မီးမွှေးတုတ်မှာ အိပ်မက်မှ နိုးထလာသကဲ့သို့ အလင်းရောင်များ တောက်ပလာခဲ့ခြင်းပင်။

ရေခဲတမျှ အေးစက်သော ခံစားချက်များက သူ၏ ကိုယ်ခန္ဓာအနှံ့ ပျံ့နှံ့သွားခဲ့၏။ ထို့နောက် သူသည် မသိစိတ်ဖြင့် ဤနေရာသို့ လျှောက်လာခဲ့ရာ နောက်ဆုံးတွင် ကျိုးကြေနေသော အရိုးစုကို မြင်တွေ့လိုက်ရခြင်း ဖြစ်ပေသည်။

ကျန်းရှောင်ဖန်းသည် သူ၏ ဘယ်ဘက်လက်မောင်းတွင် ချည်နှောင်ထားသော မီးမွှေးတုတ်ကို ကြည့်လိုက်၏။

ထိုအရာသည် လဲကျနေသော အရိုးစုဆီသို့ အစိမ်းဖျော့ဖျော့ အလင်းရောင်များ တောက်ပနေဆဲဖြစ်ပြီး မိတ်ဆွေဟောင်းတစ်ဦးအတွက် ဝမ်းနည်းနေသကဲ့သို့ ရှိနေလေသည်။

ကျန်းရှောင်ဖန်းသည် အဘယ်ကြောင့် ဤသို့ တွေးမိသည်ကို သူကိုယ်တိုင်လည်း မသိပေ။ သို့သော် ထိုအရိုးစုကို ကြည့်ရင်း သူ၏ နှလုံးသားထဲတွင်လည်း ဝမ်းနည်းမှုများ ဖြစ်ပေါ်နေလေသည်။

ဤနေရာတွင် သေဆုံးသွားသောသူမှာ သွေးသန့်စင်ဂိုဏ်းခွဲမှ အရေးပါသောသူ တစ်ဦးဖြစ်ပြီး ပိယောင်ပြောသကဲ့သို့ ဟေရှင်းအဘိုးအို ဖြစ်နိုင်ကြောင်း သူ ရှင်းလင်းစွာ သိထားသော်လည်း ထိုအရိုးစုအပေါ် ရင်းနှီးကျွမ်းဝင်သော ခံစားချက်မျိုး ဖြစ်ပေါ်နေမိ၏။

မီးမွှေးတုတ်၏ အလင်းရောင်မှာ မှိန်ဖျော့သွားပြီး အကျည်းတန်လှသော အမည်းရောင်အဖြစ်သို့ ပြန်လည်ရောက်ရှိသွားပေသည်။

ကျန်းရှောင်ဖန်းက ထိုအရိုးစုကို ကြည့်နေဆဲဖြစ်ပြီးနောက် ပိယောင်၏ အကြည့်များအောက်တွင် အရိုးစုဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်လေသည်။

ပိယောင်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏ရှေ့တွင် ရပ်ကာ အေးစက်စွာ ပြုံးလိုက်၏။

"အဲဒီ့ ဟေရှင်းအဘိုးအိုကို ကျွန်မလည်း မကြိုက်သလို သူ့ဂိုဏ်းခွဲနဲ့ ကျွန်မတို့ဂိုဏ်းခွဲ မတူတာလည်း မှန်တယ်။ ဒါပေမဲ့ ကျွန်မတို့အားလုံးက သန့်စင်သောဂိုဏ်းတော်ရဲ့ တပည့်တွေပဲ”

“မယ်တော်မြတ်နဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ရှေ့မှောက်မှာ သစ္စာဆိုခဲ့ကြတဲ့သူတွေချည်းပဲ။ ရှင်က သူ့ရဲ့ ရုပ်အလောင်းကို ရိုင်းရိုင်းစိုင်းစိုင်း တစ်ခုခုလုပ်ချင်တယ်ဆိုရင်တော့ ကျွန်မ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူး။"

ကျန်းရှောင်ဖန်းက သူမကို ကြည့်လိုက်ပြီး ပြန်ပြောလိုက်လေ၏။

"အခု သူ အပိုင်းပိုင်းအစစ ကျိုးကြေသွားရတာ မင်းရဲ့ ကျေးဇူးတွေလေ။"

ပိယောင်မှာ မျက်နှာရဲတက်သွားသော်လည်း စကားပြောရာတွင် နောက်တွန့်မသွားဘဲ ပြတ်သားစွာ ပြောလိုက်၏။

"မယ်တော်နဲ့ မင်ဝမ်ကို ကျွန်မ တောင်းပန်မှာပါ။ ဒါပေမဲ့ ရှင် သူ့ကို တစ်ခုခုလုပ်မှာကိုတော့ လုံးဝ ခွင့်မပြုနိုင်ဘူး။"

ကျန်းရှောင်ဖန်းက သူမကို စိုက်ကြည့်လိုက်ပြီး ရုတ်တရက် ပြောလိုက်လေ၏။

"ငါ ဘာမှလုပ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။"

ပိယောင်မှာ အံ့အားသင့်သွားပြီး သူ၏ တည်ငြိမ်နေသော အသွင်အပြင်တွင် မုန်းတီးမှု အရိပ်အယောင်မရှိသည်ကို မြင်လိုက်ရ၏။

ဤချင်းယွင်ဂိုဏ်းမှ လူငယ်လေးသည် တရားမျှတမှုနှင့် ကိုယ်ကျင့်တရားကိုသာ လက်ကိုင်ထားကြသော ဖြောင့်မတ်သည့်လမ်းစဉ်မှ လူများနှင့် များစွာ ကွာခြားကြောင်း သူမ ခံစားလိုက်ရလေသည်။

သူမ တုံ့ဆိုင်းနေသော ထိုအချိန်လေးအတွင်းမှာပင် ကျန်းရှောင်ဖန်းက သူမကို ကျော်၍ လျှောက်သွားခဲ့ပြီဖြစ်သည်။ သူမ တစ်ခဏမျှ ရပ်တန့်နေပြီးနောက် လှည့်၍ သူ့ကို ကြည့်လိုက်၏။

ကျန်းရှောင်ဖန်းသည် အရိုးစုရှေ့သို့ လျှောက်သွားလိုက်၏။ အချိန်ကာလ ကြာမြင့်ခဲ့ပြီဖြစ်ရာ ဖြူရော်နေသော အရိုးများမှာ အစိမ်းဖျော့ဖျော့ အရောင်ဖြင့် တောက်ပနေ၏။

ပိယောင်၏ ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ရင်ဘတ်အောက်ပိုင်းရှိ အရိုးများအားလုံး အပိုင်းပိုင်း ကျိုးပဲ့သွားခဲ့ပြီး ဦးခေါင်းခွံသာ အကောင်းအတိုင်း ကျန်ရှိနေတော့၏။

၎င်းက အရိုးပုံအပေါ်တွင် တင်နေ၏။ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးပေါက်များက ကျန်းရှောင်ဖန်းကို စိုက်ကြည့်နေသကဲ့သို့ ရှိနေပေသည်။

ကျန်းရှောင်ဖန်းမှာ ကြက်သီး‌မွေးညင်းများ ထသွားလေသည်။ ဝိညာဉ်က ထိုနေရာတွင် ရှိနေဆဲဖြစ်ပြီး သူ့ကို ကြည့်နေသကဲ့သို့ ခံစားလိုက်ရ၏။

သို့သော်လည်း သူသည် ထိုအနီးသို့ သွားကာ ပြန့်ကျဲနေသော အရိုးများကို တစ်ပုံတည်းဖြစ်အောင် ဖြည်းညင်းစွာ စုစည်းပေးလိုက်၏။

အရိုးများဆီမှ အအေးဓာတ်များ ထွက်ပေါ်လာသော်လည်း သူ ကြောက်ရွံ့ခြင်း မရှိခဲ့ပေ။

မိတ်ဆွေဟောင်းတစ်ဦးကဲ့သို့ ခံစားနေရသည်။

ကျန်းရှောင်ဖန်းမှာ စိတ်သက်သာရာရသွားပြီး သူ လုပ်သင့်သည်ကို လုပ်ခဲ့ရ၍ အပန်းဖြေနိုင်သွားသကဲ့သို့ ရှိနေ၏။ ထူးဆန်းလှသော်လည်း ထိုခံစားချက်မျိုး အမှန်တကယ်ပင် ရရှိခဲ့လေသည်။

'ဒီမီးမွှေးတုတ်က တော်တော်ထူးဆန်းတယ်။ ငါ အသက်ရှင်လျက် အပြင်ထွက်နိုင်ခဲ့ရင် ဆရာ့ကို ဒါနဲ့ပတ်သက်ပြီး သေချာပေါက် မေးကိုမေးရမယ်။'

သူ စိတ်ထဲတွင် တွေးလိုက်မိပေသည်။

သူ လုပ်စရာရှိသည်များကို လုပ်ပြီးသွားလေပြီ။ မတ်တတ်ရပ်ရန် ပြင်လိုက်ချိန်တွင် အရိုးစု ထိုင်နေခဲ့သော နေရာ၌ အရိုးများကို ဖယ်ရှားလိုက်သောကြောင့် စာသားအချို့ ပေါ်နေသည်ကို သတိပြုမိလိုက်၏။

"ဟင်."

သူ့ထံမှ အာမေဍိတ်သံတစ်သံ ထွက်ပေါ်လာလေသည်။

ပိယောင်သည် ကျန်းရှောင်ဖန်း ထူးဆန်းသောအရာများ လုပ်နေသည်ကို အေးစက်စွာ စောင့်ကြည့်နေခဲ့၏။

ရုတ်တရက် ကျန်းရှောင်ဖန်း တစ်ခုခု ရှာဖွေတွေ့ရှိသွားကြောင်း သူမ ကြားလိုက်ရသည်။

သူမ စူးစမ်းလိုစိတ်ဖြစ်ပေါ်လာသဖြင့် ထိုနေရာသို့ သွားကာ ကြည့်ရှုလိုက်လေသည်။ ထိုနေရာတွင်လည်း စာကြောင်းရေ အနည်းငယ် ရေးသားထားသည်ကို တွေ့လိုက်ရပေသည်။

နှလုံးသားမှာ နာကျင်ရလှ၏၊ နောက်ကြောင်းပြန်လှည့်ရန် ခက်ခဲချေပြီ။

နောင်တရချိန်နှောင်းသွားခဲ့ပြီ၊ အတူတူ မပေါင်းဖက်နိုင်ခဲ့လေပြီ။

ဆိုးယုတ်မှုကြောင့် ရွှေရောင်ခေါင်းလောင်းကို အထင်လွဲခဲ့ရ၏။

တစ်ဘဝလုံး အမြဲတမ်း....

စတုတ္ထမြောက် စာကြောင်းတွင် အက္ခရာများမှာ မှေးမှိန်လာပြီး အထူးသဖြင့် နောက်ဆုံးစကားလုံးဖြစ်သော "အမြဲတမ်း" ဟူသည့်နေရာတွင် မသဲမကွဲဖြစ်နေကာ ဖတ်၍ပင် မရတော့ပေ။

အဆုံးသတ်တွင် မျဉ်းတစ်ကြောင်းသာ ကျန်ရစ်ပြီး ရပ်တန့်သွားလေသည်။ စာရေးသူသည် ခွေယိုင်လဲကျသွားပြီး ဆက်လက်ရေးသားနိုင်ခြင်း မရှိတော့သည့်ဟန် ပေါ်နေပေသည်။

လိုဏ်ဂူထဲတွင် ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့ နှစ်ဦးသား တိတ်ဆိတ်ငြိမ်သက်နေကြ၏။

ထိုစာသားနှစ်ခုကြားတွင် ဝမ်းနည်းဖွယ် ဇာတ်လမ်းတစ်ပုဒ် ရှိနေကြောင်း သူတို့ ခံစားမိလိုက်ကြ၏။

နှလုံးသား ကျိုးပဲ့ကြေမွနေသော မိန်းမပျိုတစ်ဦးနှင့် သေလုဆဲဆဲ အမျိုးသားတစ်ဦး၏ နောင်တတရားများပင်။

ကျန်းရှောင်ဖန်းမှာ အတွေးများထဲတွင် နစ်မျောနေခဲ့၏။ သူသည် အမည်မသိ ချစ်သူနှစ်ဦးကို တစ်ကြိမ်တစ်ခါမျှ မမြင်ဖူးခဲ့သော်လည်း လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်ခန့်က ရေးသားခဲ့သော စာသားများကို မြင်တွေ့ရပြီးနောက် အနည်းငယ် ဝမ်းနည်းစိတ် ဖြစ်ပေါ်လာခဲ့ပေသည်။

အခြားတစ်ဖက်တွင်မူ ပိယောင်က မျက်မှောင်ကို တင်းတင်းကြုတ်ထားလေ၏။ သူမ၏ မျက်လုံးများက စာကြောင်းများကို စူးစိုက်ကြည့်နေပြီး ပါးစပ်မှ တတွတ်တွတ် ရေရွတ်နေ၏။

"ဆိုးယုတ်မှုကြောင့် ရွှေရောင်ခေါင်းလောင်းကို အထင်လွဲခဲ့ရတယ်၊ ဆိုးယုတ်မှုကြောင့် ရွှေရောင်ခေါင်းလောင်းကို အထင်လွဲခဲ့ရတယ်.... ရွှေရောင်ခေါင်းလောင်းလား။ အာ.... ဟုတ်ပြီ။ ကျင်းလင်းသခင်မပဲ။"

သူမသည် တစ်စုံတစ်ခုကို တွေးမိသွားပြီး အောင်ပွဲခံလိုက်လေ၏။ ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး မေးလိုက်၏။

"ဘာ ရွှေရောင်ခေါင်းလောင်းလဲ။"

ပိယောင်မှာ စိတ်လှုပ်ရှားကာ ဝမ်းသာအားရဖြင့် ပြန်ပြောလိုက်လေ၏။

"ကျင်းလင်းသခင်မကို ပြောတာလေ။ ရှင် မသိဘူးလား။"

ကျန်းရှောင်ဖန်းက ဇဝေဇဝါဖြင့် ခေါင်းယမ်းပြလိုက်၏။ ပိယောင်က နှာခေါင်းရှုံ့လိုက်ပြီး သူ့ကို စိုက်ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်၏။

"ကျင်းလင်းသခင်မဆိုတာ လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာက ကျွန်မတို့ ဂိုဏ်းရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦးပဲ”

“သူမက အတော့်ကို ဉာဏ်ရည်ထက်မြက်ပြီး ကျင့်စဉ်အဆင့်မြင့်မားရုံတင်မကသေးဘူး။ ကျွန်မတို့ရဲ့ သန့်စင်သော ကောင်းကင်ကျမ်းစာကို အပြည့်အဝ နားလည်သဘောပေါက်ခဲ့တဲ့သူလေ”

“သွေးသန့်စင်ဂိုဏ်းမှာ 'ဟယ်ဟွမ်' ဆိုတဲ့ ဂိုဏ်းခွဲကို သူမတစ်ယောက်တည်း တည်ထောင်ခဲ့တာ။ သူမက ကျွန်မတို့ဂိုဏ်းရဲ့ အတော်ဆုံး အမျိုးသမီးခေါင်းဆောင်တစ်ဦးပဲ။"

ကျန်းရှောင်ဖန်းမှာ စိတ်ဝင်စားမှု လျော့နည်းသွားလေသည်။ သူမ၏ အပြောအရ ကျင်းလင်းသခင်မဆိုသူမှာ လွန်ခဲ့သော နှစ်ထောင်ပေါင်းများစွာက မိစ္ဆာဂိုဏ်းတွင် အလွန် စွမ်းအားကြီးမားသောသူ ဖြစ်ဟန်တူပေသည်။

သို့သော် သူမက "ဟယ်ဟွမ်" ဟုခေါ်သော ဂိုဏ်းခွဲတစ်ခုကို တည်ထောင်ခဲ့ကြောင်း ကြားလိုက်ရချိန်တွင် ထိုအဘွားအိုမှာ လူကောင်းတစ်ယောက် မဖြစ်နိုင်ကြောင်း သူ သိလိုက်လေသည်။

ပိယောင်မှာမူ ထိုကျင်းလင်းသခင်မကို အလွန် လေးစားအားကျနေဟန် ရှိပေသည်။

ကျန်းရှောင်ဖန်းက နှာခေါင်းရှုံ့လိုက်ပြီး သူမကို ပြန်လည် မတုံ့ပြန်တော့ပေ။ ထို့နောက် သူက လှည့်ကာ စာသားများကို ဖတ်ရန်အတွက် ဖျက်ဆီးမိခဲ့သော အရိုးစုကို ပြန်လည် ပြုပြင်ပေးလိုက်လေသည်။

သူ၏ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ဖြစ်ပေါ်လာခဲ့၏။

'ခင်ဗျားကလည်း အချစ်ကို စွဲလမ်းခဲ့တဲ့သူပဲ ဖြစ်ရမယ်။ အဲဒီမိန်းမအတွက်နဲ့ အသက်ပေးခဲ့တာ ထင်တယ်။'

ကွယ်လွန်သွားသူက သူ့ကို ပြန်လည် ဖြေကြားမည်မဟုတ်သည်မှာ သေချာပေသည်။ ဤသည်မှာ ကျန်းရှောင်ဖန်း၏ အတွေးသက်သက်သာ ဖြစ်၏။

သူသည် ထိုအရိုးစုအပေါ် ပိုမို ရင်းနှီးကျွမ်းဝင်လာသလို ခံစားလိုက်ရလေသည်။

ပိယောင်က ပျော်ရွှင်စွာဖြင့် သူမဘာသာ စကားပြောနေလေ၏။

"ကျင်းလင်းသခင်မက အဲဒီ ကျိန်စာသင့်မဲ့ ဟေရှင်းအဘိုးအိုအပေါ် အချစ်တွေ ရှိခဲ့မယ်လို့ ယုံနိုင်စရာမရှိဘူး။ ဟွန်း.... ဟေရှင်းအဘိုးအိုက သူမကို သစ္စာဖောက်ခဲ့တာ သေချာတယ်”

“အသည်းနှလုံးမရှိတဲ့ လူယုတ်မာ။ မိုးကြိုးပစ်ခံရပြီး သေသင့်တဲ့ကောင်။ သေသွားတာ အကောင်းဆုံးပဲ။"

"အဓိပ္ပာယ်မရှိတာတွေ"

ကျန်းရှောင်ဖန်းက ရုတ်တရက် အော်ပြောလိုက်လေသည်။

ပိယောင်မှာ ကြက်သေသေသွား၏။ သူ့ကို အတန်ကြာ စိုက်ကြည့်နေပြီးနောက် စူးစမ်းချင်စိတ်ဖြင့် မေးလိုက်လေ၏။

"ရှင် ဘာပြောလိုက်တာလဲ။"

ကျန်းရှောင်ဖန်းသည် မိမိလုပ်ရပ် မှားယွင်းသွားကြောင်း သတိပြုမိလိုက်၏။

သူက ဖြောင့်မတ်သောလမ်းစဉ်မှ ဖြစ်သော်လည်း လွန်ခဲ့သော နှစ်ရှစ်ရာခန့်က ရက်စက်ကြမ်းကြုတ်သော မိစ္ဆာဂိုဏ်းမှ လူသတ်သမားတစ်ဦးကို ကာကွယ်ပြောဆိုပေးနေခြင်း ဖြစ်သည်။

အကယ်၍ ချင်းယွင်ဂိုဏ်းမှ ဆရာများသာ ဤအကြောင်းကို ကြားသိသွားပါက ပြင်းထန်သော ပြစ်ဒဏ် ချမှတ်ခံရမည်မှာ အသေအချာပင်။

သို့သော် အဘယ်ကြောင့် သူ၏ ပါးစပ်မှ ထိုစကားများ ထွက်သွားခဲ့သည်ကို သူကိုယ်တိုင်လည်း နားမလည်နိုင်အောင် ဖြစ်နေလေသည်။ ယခု ပိယောင်က ပြန်လည်မေးခွန်းထုတ်လာသောအခါ သူ အဖြေရှာမရ ဖြစ်နေတော့၏။

All Chapters