← Chapters

အခန်း ၈၆

Vol. 9 Ch. 86

အခန်း ၈၆

Vol. 9 Ch. 86

အခန်း (၈၆) - ရွှေခေါင်းလောင်း (၂)

ပိယောင်က သူ့ကို ထူးဆန်းစွာ ကြည့်လိုက်ပြီးနောက် ရုတ်တရက် အကြောင်းအရာတစ်ခုကို တွေးမိသွားကာ ကျန်းရှောင်ဖန်းကို မေ့သွားတော့သည်။

သူမ၏ ခါးတွင် ချည်နှောင်ထားသော ရွှေရောင်ခေါင်းလောင်းကို ဖြုတ်ယူလိုက်ပြီး အလွန် စိတ်လှုပ်ရှားစွာဖြင့် အသံထွက်၍ ရယ်မောလိုက်လေသည်။

"အာ.... ဒါ ကျင်းလင်းသခင်မရဲ့ 'ဟယ်ဟွမ်ခေါင်းလောင်း' ထင်တယ်။"

ထို့နောက် သူမသည် ရွှေရောင်ခေါင်းလောင်းကို အလျင်အမြန် လှည့်ကာ အတွင်းဘက်သို့ ကြည့်လိုက်၏။ ထိုနေရာတွင် သေးငယ်သော အက္ခရာ သုံးလုံး ရှိနေလေသည်။

ဟယ်ဟွမ်ခေါင်းလောင်း။

ကျန်းရှောင်ဖန်းသည် ပိယောင် အလွန် ပျော်ရွှင်နေပြီး ရယ်မောလွန်း၍ သေတော့မတတ် ဖြစ်နေသည်ကို မြင်လိုက်ရ၏။

သူမသည် မမျှော်လင့်ဘဲ အလွန် အစွမ်းထက်သော မှော်လက်နက်တစ်ခုကို ရရှိသွားဟန် တူပေသည်။ သူက စိတ်မကြည်လင်စွာဖြင့် အေးစက်စက် ပြောလိုက်သည်။

"ထွက်ပေါက်ကို ရှာတွေ့ပြီလား။"

သူမ၏ မျက်လုံးထဲတွင် ခေါင်းလောင်းလေးသာ ရှိနေပြီး ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။

"ဟင့်အင်း။"

ကျန်းရှောင်ဖန်းက ခေါင်းကို လှည့်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်လေ၏။

"ဒါဆိုရင် မင်း ဒီဂူထဲမှာ ဒီရွှေရောင်ခေါင်းလောင်းနဲ့ အတူတူ သေလိုက်တာ ပိုကောင်းမယ်။"

ပိယောင်မှာ လန့်သွားပြီး ယခုအချိန်တွင် အရေးအကြီးဆုံးအရာမှာ ထွက်ပေါက်ရှာရန် ဖြစ်ကြောင်း သတိပြုမိသွားကာ အလျင်စလို မေးလိုက်၏။

"ရှင် ရှာတွေ့ပြီလား။"

ကျန်းရှောင်ဖန်းက တိတ်ဆိတ်စွာပင် ခေါင်းယမ်းပြလိုက်သည်။ သူတို့ နှစ်ဦး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။ ပိယောင်က အပြုံးများကို ဖယ်ရှားလိုက်ပြီး လေးနက်စွာ ပြောလိုက်လေ၏။

"ဒါဆိုရင် ကျွန်မတို့ အရင်ဆုံး ထွက်ပေါက်ကို ရှာရမယ်။"

သေမင်းက သူတို့၏ ရှေ့မှောက်တွင် ရောက်ရှိနေပြီဖြစ်ရာ ကျန်းရှောင်ဖန်းက တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်လေ၏။ သူတို့သည် ဥမင်လိုဏ်ခေါင်းများနှင့် ဂူများကို အတူတကွ ရှာဖွေကြ၏။ နံရံတိုင်း၊ အက်ကွဲကြောင်းတိုင်းကို အသေအချာ စစ်ဆေးကြသည်။

ကျန်းရှောင်ဖန်းသည် ပိယောင်၏ ပြင်းထန်သော ကန့်ကွက်မှုကို လျစ်လျူရှုကာ မယ်တော်မြတ်နှင့် ကောင်းကင်မင်ဝမ် ရုပ်တုနှစ်ခုကိုပင် စစ်ဆေးခဲ့သော်လည်း မည်သည့်အရာကိုမျှ ရှာမတွေ့ခဲ့ပေ။

သူတို့သည် ကျိုးကြေနေသော အရိုးစုရှေ့တွင် ပြန်လည် စုဆုံမိကြသောအခါ တစ်ယောက်၏ စိတ်ဓာတ်ကျနေသော အသွင်အပြင်ကို အခြားတစ်ယောက်က မြင်တွေ့လိုက်ရပြီး သူတို့၏ မျက်နှာများမှာ မှိုင်းညှို့သွားလေသည်။

ပိယောင်က ဝမ်းနည်းစွာဖြင့် ပြောလိုက်၏။

"ကျွန်မတို့ ဒီမှာတင် သေရတော့မှာလား။”

ကျန်းရှောင်ဖန်းက ခေါင်းငုံ့ထားရာ သူ၏ မျက်နှာကို မမြင်ရပေ။ ပိယောင်ကလည်း တိတ်ဆိတ်နေ၏။ ရုတ်တရက် သေမင်း၏ အရိပ်မည်းကြီးက လူငယ်နှစ်ဦး၏ ဘဝကို လွှမ်းခြုံသွားလေတော့သည်။

အတန်ကြာပြီးနောက် နှစ်ဦးသား စကားတစ်ခွန်းမျှ မပြောဘဲ တိတ်ဆိတ်နေစဉ် ကျန်းရှောင်ဖန်းက ရုတ်တရက် ထခုန်ကာ ထွက်သွားလေ၏။ ပိယောင်မှာ အံ့အားသင့်သွားပြီး မေးလိုက်၏။

"ရှင် ဘာလုပ်မလို့လဲ။"

ကျန်းရှောင်ဖန်းက အံကိုတင်းတင်းကြိတ်ကာ ပြန်ပြောလိုက်လေ၏။

"ငါ နောက်တစ်ခေါက် ထပ်ရှာလိုက်ဦးမယ်။ ထွက်ပေါက် တစ်ခုခုတော့ ရှိရမယ်။ ငါတို့ ဒီနေရာမှာ သေလို့ မဖြစ်ဘူး။"

သူ၏ နှလုံးသားထဲတွင် နှုတ်မှ မဖွင့်ဟခဲ့သော စကားတစ်ခွန်းက ပဲ့တင်ထပ်နေလေသည်။

'ငါ ဂိုဏ်းတူအစ်မ လင်းအာကို ပြန်တွေ့ရမယ်။ တကယ်လို့ သေရမယ်ဆိုရင်တောင် တာ့ကျူးတောင်ထိပ်မှာ မြှုပ်နှံခံရမှ ဖြစ်မယ်။'

ပိယောင်မှာ မည်သည့်အရာမျှ မလုပ်တော့ဘဲ ကျောက်စင်မြင့်ပေါ်တွင် ထိုင်ကာ ကျန်းရှောင်ဖန်းတစ်ယောက် အသက်ရှင်သန်လိုစိတ် ပြင်းပြစွာဖြင့် ဆက်လက် ရှာဖွေနေသည်ကိုသာ စောင့်ကြည့်နေလေတော့သည်။

တစ်ခေါက်။

နှစ်ခေါက်။

သုံးခေါက်။

လေးခေါက်။

ကျန်းရှောင်ဖန်းတစ်ယောက် ကျောက်ခန်းမများနှင့် လိုဏ်ဂူများအတွင်းသို့ အကြိမ်မည်မျှ ဝင်ထွက်သွားလာနေသည်ကို ပိယောင်ပင် မမှတ်မိနိုင်တော့ပေ။

အကြိမ်တိုင်းတွင် သူသည် ဘာမျှမပါဘဲ ပြန်လာခဲ့ရ၏။

သို့သော် သူက လက်မလျှော့သေးချေ။ သူ၏ ခေါင်းမာသော သဘာဝကြောင့်လား၊ သို့မဟုတ် အသက်ရှင်သန်လိုသော ပြင်းပြသည့် ဆန္ဒကြောင့်လား မသိသော်လည်း သူသည် ထွက်ပေါက်ကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဆက်၍သာ ရှာဖွေနေလေတော့၏။

သူ၏ ခြေထောက်များ တုန်ယင်လာသည်အထိ၊ သူ၏ ခွန်အားများ ကုန်ခမ်းသွားသည်အထိပင်။ နောက်ဆုံးတွင် ပိယောင်နားသို့ ရောက်ရှိလာချိန်၌ သူသည် ဘေးသို့ ယိမ်းယိုင်သွားပြီး လဲကျသွားလေတော့၏။

မြေကြီးပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားနှင့်အတူ သူ သတိလစ်သွားခဲ့ပေသည်။

ပိယောင်က သူ့ကို စူးစိုက်ကြည့်နေ၏။ တစ်ခဏမျှ တုံ့ဆိုင်းနေပြီးနောက် သူ၏ အနီးသို့ လျှောက်သွားကာ ခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်လေ၏။

ပြင်းထန်သော ဒဏ်ရာမျိုး မရှိဘဲ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေခြင်း၊ ဆာလောင်မွတ်သိပ်ခြင်းနှင့် ရေငတ်ခြင်းတို့ကြောင့် သတိလစ်သွားခြင်းဖြစ်ကြောင်း တွေ့လိုက်ရ၏။

သူမသည် စိတ်သက်သာရာရသွားကာ သက်ပြင်းတစ်ချက် ချလိုက်ပေသည်။

ထို့နောက် သူမ လန့်သွားပြီး နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ မိမိကိုယ်ကိုယ် ပြန်လည် မေးခွန်းထုတ်မိလိုက်၏။

'ဘာလို့ ငါ စိတ်သက်သာရာ ရသွားတာလဲ။ သူ ဘာမှမဖြစ်လို့ ဘာလို့ သက်ပြင်းချရတာလဲ။'

ထိုအတွေးက သူမ၏ စိတ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ပြေးသွားလေသည်။

သူမသည် သူ့ကို နက်နဲစွာ စူးစိုက်ကြည့်လိုက်၏။ ထိုလူငယ်လေး၏ မျက်နှာပေါ်တွင် ဒဏ်ရာများနှင့် ဆာလောင်မှုတို့ကြောင့် နွမ်းနယ်နေသည့် အသွင်အပြင်များ ပေါ်လွင်နေ၏။ သူ၏ နှုတ်ခမ်းများမှာ ခြောက်သွေ့မှုကြောင့် အက်ကွဲနေပေသည်။

ပိယောင်က သူ့ကို ညင်သာစွာ ပြန်ချထားပေးလိုက်၏။ တစ်ခဏမျှ စူးစိုက်ကြည့်နေပြီးနောက် စကားတစ်ခွန်း ဆိုလိုက်လေ၏။

"ကျွန်မတို့ နှစ်ယောက် ဒီနေရာမှာ အတူတူ သေရမဲ့အတူတူ ကျွန်မကတော့ တစ်ယောက်ထဲ အထီးကျန် မဖြစ်ချင်သေးဘူး။ အဖော်တစ်ယောက် ရှိနေတာက ပိုကောင်းတာပေါ့။"

သူမသည် အပြင်သို့ ထွက်သွားပြီး လိုဏ်ဂူအဝင်ဝသို့ ပြန်သွားကာ ရေကန်ထဲမှ ရေအချို့ ခပ်ယူလာခဲ့၏။

ထို့နောက် အစားအစာအချို့ကို ယူလာပြီး ကျန်းရှောင်ဖန်းကို ကျွေးရန် ကြိုးစားလေတော့သည်။

ကျန်းရှောင်ဖန်းမှာ သတိလစ်နေသောကြောင့် ဖြစ်နိုင်ပေသည်၊ မည်သည့် အစားအစာကိုမျှ စားသောက်နိုင်ခြင်း မရှိဘဲ ပိယောင်၏ ရေဘူးထဲမှ ရေအချို့ကိုသာ သောက်နိုင်ခဲ့၏။ သူသည် သတိမရလာသေးချေ။

တစ်နေ့တာလုံး အလုပ်လုပ်ပြီးနောက် ပိယောင်လည်း ပင်ပန်းနေခဲ့ပြီဖြစ်၏။ ကျန်းရှောင်ဖန်း၏ အခြေအနေမှာ ကောင်းမွန်နေပုံရသဖြင့် သူမ မျက်လုံးများကို မှိတ်ကာ အိပ်ပျော်သွားလေတော့သည်။

အတန်ကြာ အိပ်ပျော်ပြီးနောက် ပိယောင် နိုးလာခဲ့၏။ သူမ၏ ပထမဆုံး လုပ်ရပ်မှာ ကျန်းရှောင်ဖန်းကို ချက်ချင်း ကြည့်လိုက်ခြင်းပင်။

ကျန်းရှောင်ဖန်းမှာ ငြိမ်သက်စွာ လဲလျောင်းနေပြီး လှုပ်ရှားခြင်း မရှိပေ။ သူ အိပ်ပျော်နေခြင်းဖြစ်၏။ သူမ စိတ်သက်သာရာ ရသွားပြီး တီးတိုး ဆဲရေးလိုက်မိလေ၏။

"ဘာလို့ ဝက်သေလို အိပ်နေရတာလဲ”

စကားပြောရင်းနှင့်ပင် သူမဘာသာ ပြုံးလိုက်မိ၏။ ဤလူငယ်လေးကို ကြည့်နေရသည်မှာ သူမ၏ စိတ်အခြေအနေကို ပိုမို ကောင်းမွန်လာစေသကဲ့သို့ ဖြစ်နေပြီး မကြာမီအချိန်အတွင်း ရင်ဆိုင်ရမည့် သေမင်းကိုပင် မေ့သွားစေလေသည်။

ကျန်းရှောင်ဖန်း အိပ်ပျော်နေသော်လည်း သူ၏ မျက်နှာမှာ ရဲတက်နေကြောင်း သူမ ရုတ်တရက် သတိပြုမိလိုက်၏။ စိတ်ထဲတွင်မသင်္ကာ၍ အလျင်အမြန်လက်လှမ်းကာ စစ်ဆေးကြည့်လိုက်သည်။

သူ၏ နဖူးမှာ မီးလို ပူနေလေသည်။ သူမမှာ အံ့အားသင့်သွားပြီး ဤကဲ့သို့ အရေးကြီးသော အချိန်တွင် ကျန်းရှောင်ဖန်း အဖျားကြီးလိမ့်မည်ကို သူမ မထင်မှတ်ထားခဲ့ပေ။

ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် ကိုယ်ခန္ဓာကြံ့ခိုင်ပြီး နှစ်ပေါင်းရာချီတိုင်အောင် ဖျားနာလေ့မရှိကြပေ။

သို့သော် ကျန်းရှောင်ဖန်းသည် ဤရက်ပိုင်းအတွင်း ပြင်းထန်စွာ ဒဏ်ရာရထားပြီး စိတ်ရောကိုယ်ပါ ပင်ပန်းနွယ်နယ်နေသဖြင့် ကိုယ်ခံအား လျော့နည်းလာသည်။

နောက်ဆုံးတွင် သူ၏ ခန္ဓာကိုယ် အခြေအနေကို ဂရုမစိုက်ဘဲ သွေးစက်လိုဏ်ဂူအတွင်း ထွက်ပေါက်ရှာဖွေရန် သူ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့၏။ သတိလစ်သွားပြီးနောက်တွင်မူ ပြင်းထန်စွာ အဖျားတက်လာတော့၏။

ဤဖျားနာမှုမှာ ပေါ့ပေါ့တန်တန် မဟုတ်ပေ။ အချိန်ကြာမြင့်စွာ ကြာပြီးနောက်တွင်လည်း သူ၏ အဖျားမှာ ကျမသွားခဲ့ချေ။ လိုဏ်ဂူထဲတွင် ဖြစ်ရာ ပိယောင်လည်း ရက်မည်မျှ ကြာနေပြီကို မသိတော့ပေ။

ပိယောင်မှာ ဘာမျှ မလုပ်နိုင်ခဲ့ပေ။ သူ၏ အပူချိန်ကို လျှော့ချရန်အတွက် ရေအချို့ ခပ်ယူလာပေးခြင်းသာ တတ်နိုင်ခဲ့သော်လည်း အချည်းနှီးသာ ဖြစ်လေသည်။

နောက်ပိုင်းတွင် ကျန်းရှောင်ဖန်း၏ အဖျားမှာ မကျသွားသည့်အပြင် သူသည် ယောင်ယမ်း၍ စကားများ ပြောလာလေတော့၏။

ပိယောင်မှာ အလွန် စိုးရိမ်ပူပန်လာ၏။ ဤဂူထဲတွင် တစ်ယောက်တည်း သေမင်းကို စောင့်ဆိုင်းရမည့် အကြောင်း တွေးမိသောအခါ သူမ အလွန် ထိတ်လန့်သွားလေသည်။

ထို့ကြောင့် ကျန်းရှောင်ဖန်း ပြောလိုက်သော စကားတစ်ခွန်း၊ သက်ပြင်းချသံ တစ်ချက်ကပင် နောင်လာမည့် ကြောက်မက်ဖွယ်ကောင်းသော နေ့ရက်များနှင့် နှိုင်းယှဉ်လျှင် ကောင်းကင်ဘုံကဲ့သို့ ဖြစ်နေပေသည်။

ပိယောင် မည်မျှပင် ကြိုးစားစေကာမူ ရေအချို့ကိုသာ ယူဆောင်လာပေးနိုင်ခဲ့၏။ လိုဏ်ဂူထဲတွင် ဆရာဝန် မရှိသလို ဆေးဘက်ဝင်အပင်များလည်း မရှိပေ။

သူမ မည်သို့ ကူညီနိုင်မည်နည်း။ ကျန်းရှောင်ဖန်း၏ ရောဂါအခြေအနေမှာ တစ်နေ့ထက်တစ်နေ့ ပို၍ ဆိုးရွားလာလေသည်။

ယောင်ယမ်းပြောဆိုမှုများကလည်း ပိုမို များပြားလာ၏။

ထိုနေ့တွင် ပိယောင်သည် သတိလစ်နေသော ကျန်းရှောင်ဖန်း၏ အနီးတွင် စိုးရိမ်ပူပန်စွာဖြင့် ရှိနေခဲ့၏။ သူက ရုတ်တရက် လှည့်ကာ ကိုယ်ကို ကွေးလိုက်ပြီး အော်ဟစ်လိုက်လေ၏။

"သရဲ.... သရဲ.... သရဲ...."

ထို့နောက် ရုတ်တရက် ဒေါသတကြီးဖြင့် ဆက်ပြောလိုက်၏။

"မင်း ငါ့မိဘတွေကို သတ်ခဲ့တယ်။ ရွာသားတွေ အားလုံးကို သတ်ခဲ့တယ်။ မင်းကို ငါ သတ်မယ်။"

ပိယောင်မှာ အံ့အားသင့်သွားပြီး သူ့ကို အလျင်အမြန် ဖက်ထားကာ ဆက်တိုက် ပြောလိုက်လေ၏။

"မဟုတ်ဘူး၊ မဟုတ်ဘူး။ ဒီမှာ ဘာသရဲမှ မရှိဘူး"

သူမ၏ စကားများ အလုပ်ဖြစ်သွားခြင်းကြောင့် ဖြစ်မည်၊ ကျန်းရှောင်ဖန်းမှာ ငြိမ်ကျသွားလေသည်။

သူ၏ မျက်နှာပေါ်ရှိ ကြောက်ရွံ့မှုများလည်း ပျောက်ကွယ်သွားသော်လည်း ဝမ်းနည်းဖွယ် အသွင်အပြင်သို့ ပြောင်းလဲသွားပေသည်။

သူက မျက်လုံးများကို မှိတ်ထားလျက် တီးတိုး ပြောလိုက်၏။

"ဂိုဏ်းတူအစ်မ.... ဂိုဏ်းတူအစ်မ.... ကျွန်တော့်ကို စွန့်ပစ်မသွားပါနဲ့။ ကျွန်တော်.... ကျွန်တော် အလိုရှိတာက.... ကျွန်တော့်ကို စွန့်ပစ်မသွားပါနဲ့...."

ပိယောင်မှာ လန့်သွားပြီး သူမ၏ နှလုံးသားထဲတွင် ဝမ်းနည်းမှုများ ဖြတ်သန်းသွားသော်လည်း ရဲရင့်မှုများ ထွက်ပေါ်လာကာ ညင်သာစွာ ပြောလိုက်လေ၏။

"ဘယ်တော့မှ စွန့်ပစ်မသွားဘူး။ ရှင့်ရဲ့ ဂိုဏ်းတူအစ်မ ဒီမှာ ရှိတယ်။ သူမ ရှင့်ကို စွန့်ပစ်သွားမှာ မဟုတ်ဘူး"

ကျန်းရှောင်ဖန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာပြီး ဤသည်မှာ သူ၏ အပျော်ရွှင်ဆုံး အခိုက်အတန့် ဖြစ်ဟန်တူပေသည်။ သူ၏ ပါးစပ်မှလည်း တတွတ်တွတ် ရေရွတ်နေ၏။

"ဂိုဏ်းတူအစ်မ.... ဂိုဏ်းတူအစ်မ...."

ပိယောင်သည် သူ၏ ဝေဒနာခံစားနေရသော မျက်နှာပေါ်မှ ငြိမ်းချမ်းမှုကို မြင်လိုက်ရသောအခါ သူမ၏ နှလုံးသားကို ဓားဖြင့် လှီးဖြတ်ခံလိုက်ရသကဲ့သို့ နာကျင်သွားလေသည်။

သူ အလွန် ဂရုစိုက်ရသော မိန်းကလေး၊ သူ သတိလစ်နေချိန်မှာပင် အမှတ်ရနေဆဲဖြစ်သော ဂိုဏ်းတူအစ်မဆိုသည်မှာ မည်သို့သော ပုံပန်းသဏ္ဌာန် ရှိမည်နည်း။

ထိုနေ့က စွန့်ပစ်ချောက်ကမ်းပါး အောက်တွင် ကျန်းရှောင်ဖန်း အစွမ်းကုန် ကာကွယ်ပေးရန် ကြိုးစားခဲ့သော အပြာရောင်ဓားကိုင် ချင်းယွင်ဂိုဏ်းမှ တပည့်မလေးကို သူမ အမှတ်ရသွားလေသည်။ သူမများ ဖြစ်နေမလား။

ပိယောင်က မျက်မှောင်ကြုတ်လိုက်၏။ ထိုမိန်းကလေးတွင် အလွန် လှပသော မျက်နှာသွင်ပြင် ရှိကြောင်း သူမ မှတ်မိနေသေး၏။

နိုင်ငံတစ်နိုင်ငံလုံးကိုပင် ညှို့ယူဖမ်းစားနိုင်စွမ်းရှိသည်ဟု ပြောလျှင်ပင် လွန်အံ့မည် မထင်ပေ။

ထို့ကြောင့်လည်း ကျန်းရှောင်ဖန်းက သူမကို ကြွေဆင်းသွားခဲ့သည်မှာ မဆန်းလှပေ။

သို့သော် ပိယောင် မည်မျှပင် ထက်မြက်စေကာမူ ကျန်းရှောင်ဖန်း စွဲလမ်းနေသောသူမှာ ချင်းယွင်ဂိုဏ်း တာ့ကျူးတောင်ထိပ်တွင် ရှိနေဆဲဖြစ်သော ထျန်းလင်းအာဖြစ်ကြောင်း သူမ သိမည်မဟုတ်ပေ။

နောက်ရက်များတွင် ပိယောင်သည် ကျန်းရှောင်ဖန်း၏ အနီးတွင် အမြဲ ရှိနေပေးခဲ့၏။ သူ၏ ယောင်ယမ်းပြောဆိုမှုများမှတစ်ဆင့် ကျန်းရှောင်ဖန်းအကြောင်းကို ပိုမို သိရှိလာရ၏။

သူသည် "ချောင်မြောင်ရွာ" ဟုခေါ်သော နေရာတွင် မွေးဖွားခဲ့ကြောင်း၊ ထိုရွာ၏ ကြေကွဲဖွယ် အဖြစ်အပျက်အကြောင်း၊ ထို့အပြင် သူ စွဲလမ်းနေသော မိန်းကလေးမှာ တာ့ကျူးတောင်ထိပ်မှ သူ၏ ဂိုဏ်းတူအစ်မဖြစ်ကြောင်းတို့ကို သူမ သိရှိခဲ့ရသည်။ သို့သော်

ထိုဂိုဏ်းတူအစ်မဆိုသည်မှာ ထိုနေ့က အပြာရောင်ဓားကိုင်ထားသောသူ ဟုတ်မဟုတ်ကိုမူ သူမ သေချာပေါက် မသိနိုင်ခဲ့ပေ။

ကျန်းရှောင်ဖန်းကို ပြုစုစောင့်ရှောက်ပေးခဲ့ရသော ဤရက်များအတွင်း ထိုလူငယ်လေးအပေါ် ထူးဆန်းသော ခံစားချက်တစ်ခု ဖြစ်ပေါ်နေကြောင်းကိုမူ ပိယောင် ခံစားမိခဲ့လေသည်။

နေ့စဉ်နေ့တိုင်း သူ၏ စိတ်ဓာတ်ကျနေသော မျက်နှာကို စူးစိုက်ကြည့်နေရခြင်းမှာ ပျင်းရိဖွယ် အချိန်များကို ကုန်လွန်စေရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်နေဟန်တူပေသည်။

သူမသည် သူ့ကို ထိုကဲ့သို့ အချိန်အကြာကြီး စူးစိုက်ကြည့်နေလေ့ရှိ၏။ သို့သော် သူ၏ ဘေးရှိ ကျောက်ခန်းမအတွင်း၌ မိစ္ဆာဂိုဏ်း၏ သန့်စင်သော ကျမ်းစာဖြစ်သည့် "ကောင်းကင်ကျမ်းစာ" ရှိနေကြောင်းကိုမူ တစ်ကြိမ်တစ်ခါမျှ မတွေးမိခဲ့ပေ။

တစ်ခါတစ်ရံ ကျန်းရှောင်ဖန်း ငြိမ်သက်သွားသောအခါ သူမသည် ကျင်းလင်းသခင်မ ချန်ရစ်ခဲ့သော စာသားများဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလေ့ရှိ၏။

တစ်ခဏမျှ စူးစိုက်ကြည့်နေပြီးနောက် ညင်သာစွာ ပြောလိုက်လေ၏။

"သခင်မ.... ရှင်က ဒီလောကကြီးမှာရှိတဲ့ ယောက်ျားတွေအားလုံး အသည်းနှလုံးမရှိကြဘူးဆိုပြီး သတိပေးချက်တစ်ခု ချန်‌ပေးထားခဲ့တာပဲ။ ဒါပေမဲ့ ရှင် မြင်တဲ့အတိုင်းပဲ.... ဒီကျန်းရှောင်ဖန်းက အချစ်ကို အရမ်း စွဲလမ်းတဲ့သူ တစ်ယောက်ပဲ။"

သို့သော် ဤဟာလာဟင်းလင်းဖြစ်နေသော ဂူကြီးထဲတွင် သူမကို ပြန်လည် ဖြေကြားမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိပေ။

သူမ လှည့်လိုက်ချိန်တွင် ရွှေရောင်ခေါင်းလောင်းလေးထံမှ ကြည်လင်သာယာသော အသံတစ်ခု ထွက်ပေါ်လာပြီး ဂူအတွင်း၌ ပဲ့တင်ထပ်သွားရာ တစ်စုံတစ်ရာကို ပြောဆိုနေသကဲ့သို့ ရှိပေသည်။

ညင်သာသော မျက်လုံးတစ်စုံနှင့် စွဲလမ်းနေသော ဝိညာဉ်တစ်ခုက သူတို့ကို စောင့်ကြည့်နေပြီး ဝန်းရံနေသကဲ့သို့ပင်။

All Chapters