အခန်း ၈၇
Vol. 9 Ch. 87
အခန်း (၈၇) - ဝမ်းနည်းကြေကွဲခြင်း (၁)
ထိုသို့ ယောင်ယမ်းပြောဆိုမှုများ အပြီးတွင် ကျန်းရှောင်ဖန်း၏ ခန္ဓာကိုယ်က သန်မာလွန်း၍လား၊ သို့တည်းမဟုတ် ပိယောင်၏ နှစ်သိမ့်မှုက အကျိုးသက်ရောက်သွား၍လားမသိ၊ အပြင်းဖျားနေရာမှ တဖြည်းဖြည်း သက်သာလာလေ၏။
ကျန်းရှောင်ဖန်းမှာလည်း ဖြည်းညင်းစွာ သတိပြန်လည်လာပေသည်။ ဖျားနာမှုက မသေးငယ်လှသဖြင့် သူသည် လဲလျောင်းရင်း အနားယူနေရဆဲပင်။
ထိုနေ့တွင် ပိယောင်သည် လုပ်စရာမရှိသဖြင့် ဂူထဲတွင် လမ်းလျှောက်နေခဲ့သော်လည်း အဆုံးတွင်မူ ကျင်းလင်းသခင်မ၏ စာသားများရှေ့သို့ ရောက်သွားပြန်သည်။
စာများကို ဖတ်ရှုပြီးနောက် သူမက သက်ပြင်းတစ်ချက် ချလိုက်လေ၏။
ဘေးတွင်ထိုင်နေသော ကျန်းရှောင်ဖန်းက မေးလိုက်သည်။
"မင်းက ဘာအတွက် သက်ပြင်းချနေတာလဲ။"
ပိယောင်က နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်သည်။
"ကျင်းလင်းသခင်မအတွက် သက်ပြင်းချနေတာလေ။ သူ့လို ဉာဏ်ပညာရော အလှအပပါ ပြည့်စုံတဲ့သူက ရှင်တို့လို ယောက်ျားဆိုးတွေရဲ့ သစ္စာဖောက်မှုကို ခံခဲ့ရပြီး တစ်သက်လုံး နာကျင်ခံစားခဲ့ရတယ်။ တကယ်ကို တန်ဖိုးမရှိလိုက်တာ"
ကျန်းရှောင်ဖန်းမှာ ပြန်ပြောစရာ စကားရှာမတွေ့ဖြစ်သွားလေသည်။
ပိယောင်သည် ထိုစာသားများကို ထပ်မံဖတ်ရှုနေရင်း ရုတ်တရက် အာမေဍိတ်သံတစ်ချက် ထွက်ပေါ်လာသည်။ သူမသည် ထူးဆန်းသောအရာတစ်ခုကို တွေ့ရှိသွားခြင်းပင်။
နောက်ဆုံးစာကြောင်း၏ နောက်ဆုံး အက္ခရာတစ်ခု၏ နေရာမှာ အတွင်းသို့ နက်ရှိုင်းစွာ နစ်ဝင်နေပြီး အခြားစာလုံးများနှင့် အလွန်ကွာခြားနေသည်။
သူမသည် အလေးအနက် စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် သဘောပေါက်သွားကာ ခါးမှ ဟယ်ဟွမ်ခေါင်းလောင်းကလေးကို ဖြုတ်၍ နှိုင်းယှဉ်ကြည့်လိုက်သည်။
အရွယ်အစားမှာ ကွက်တိပင်။ သူမထံမှ ဝမ်းသာအားရ အသံတစ်သံ ထွက်ပေါ်လာတော့သည်။
ကျန်းရှောင်ဖန်းက အနောက်မှနေ၍ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဘာဖြစ်လို့လဲ"
ပိယောင်က လှည့်ကြည့်ကာ ပြုံးလိုက်သည်။
"ဒါက ကျွန်မတို့ကို ဒီကနေ ကယ်ပေးနိုင်မယ်ထင်တယ်။"
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး ချက်ချင်းပင် ခွန်အားများ ပြည့်ဝလာကာ ဝမ်းသာအားရ မေးလိုက်၏။
"တကယ်ကြီးလား။"
ပိယောင်သည် ခေါင်းလောင်းကလေးကို ထိုနေရာသို့ ထည့်သွင်းလိုက်သည်။ မည်သည့်တုံ့ပြန်မှုမျှ မရှိသဖြင့် သူမလည်း ဘယ်ညာလှည့်ကြည့်လိုက်သည်။
တစ်ခဏအကြာတွင် ဂူထဲ၌ 'ချက် ချက်' ဟူသော အသံများ ထွက်ပေါ်လာလျက် ကျောက်တံတိုင်းကြီးမှာ တုန်ခါလာ၏။
ပိယောင်မှာ အံ့အားသင့်သွားပြီး ရွှေရောင်ခေါင်းလောင်းကလေးကို ဆွဲထုတ်ကာ နောက်သို့ ဆုတ်လိုက်သည်။
ဝုန်းခနဲ အသံကြီးတစ်သံနှင့်အတူ ချောမွေ့နေသော ကျောက်တံတိုင်းအလွှာကြီး ပြုတ်ကျသွားပြီး အတွင်းအလွှာကို မြင်တွေ့လိုက်ရလေသည်။
ဟေရှင်းအဘိုးအို၏ အခန်းထဲရှိ စာသားများကဲ့သို့ပင် စာသားများ ရေးထိုးထားသည်ကို တွေ့ရပေသည်။
ကျန်းရှောင်ဖန်းမှာ အစပိုင်းတွင် ဝမ်းသာသွားသော်လည်း ကျောက်တံတိုင်းကို ကြည့်လိုက်ပြီးနောက် သူ၏ မျက်နှာမှာ မှုန်မှိုင်းသွားလေ၏။
ဤထောင်ချောက်မှာ ကျင်းလင်းသခင်မ၏ စာသားများကို ဖုံးကွယ်ထားရန်သာ ဖြစ်ပုံရသည်။
ထွက်ပေါက် မရှိနိုင်သည်ကို ခန့်မှန်းမိ၍ သူသည် အလွန်တရာ စိတ်ပျက်သွားချေပြီ။
သို့သော် ပိယောင်ကမူ နံရံပေါ်ရှိ စာသားများကို စိုက်ကြည့်နေလေ၏။
ဤအရာမှာ ကျင်းလင်းသခင်မ ချန်ရစ်ခဲ့သောအရာဖြစ်ပြီး ဤမျှ လျှို့ဝှက်စွာ သိမ်းဆည်းထားခြင်း ဖြစ်သည်။
သာမန်အရာတော့ ဖြစ်နိုင်မည် မဟုတ်ချေ။ အချိန်အတော်ကြာပြီးနောက် ဝမ်းနည်းဝမ်းသာမှုကို မခံစားရသော်လည်း အံ့သြနေသည့် အမူအရာဖြင့် သူမက တိုးညင်းစွာ ပြောလိုက်သည်။
"ဒါက 'အချစ်ရူးမန္တန်' ပဲ။"
ကျန်းရှောင်ဖန်းမှာ စိတ်မရှည်တော့ချေ။ သူသည် ထိုစာသားများကို ကြည့်လိုက်ရာ ပထမဆုံး စာကြောင်းအနည်းငယ်မှာ ဤသို့ဖြစ်၏။
မရဏဝိညာဉ်၊ ကောင်းကင်နတ်မင်းတို့၊
ကျွန်ုပ်၏ ခန္ဓာကိုယ်အား ပူဇော်သက္ကာအဖြစ် အသုံးပြုပါ။
ထာဝရကာလတိုင် ယမမင်းထံ ကျဆင်းရပါစေ၊
အချစ်အတွက်ဖြစ်၍ မည်သည့်အခါမျှ နောင်တမရပါ။
.........
ထိုအရာများမှာ နတ်ဆိုးဂိုဏ်း၏ ရက်စက်ကြမ်းကြုတ်သော ကျိန်စာများဖြစ်ကြောင်း သူက ချက်ချင်း ကောက်ချက်ချလိုက်၏။ သို့သော် ပိယောင်ကမူ အတော်လေး ဝမ်းသာနေပုံရသဖြင့် ကျန်းရှောင်ဖန်းက နှာခေါင်းရှုံ့၍ မေးလိုက်သည်။
"ထွက်ပေါက် ဘယ်မှာလဲဆိုတာ ပါနေလို့လား။"
ပိယောင်မှာ လန့်ဖြန့်သွားပြီး ပြောလိုက်၏။
"မပါဘူး။"
ကျန်းရှောင်ဖန်းက ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဒါဆိုရင် မင်း ဒါကို သင်ပြီး ဘာလုပ်မလို့လဲ။"
ပိယောင်မှာ တိတ်ဆိတ်သွားပြီး တစ်ခဏအကြာမှ ပြောလိုက်လေသည်။
"အချစ်ရူးမန္တန်ကို အရင်ခေတ်တည်းက ကျွန်မတို့ သန့်စင်သောဂိုဏ်းကနေ လက်ဆင့်ကမ်းလာခဲ့တာ၊ ဒါပေမဲ့ ဘယ်သူမှ မသုံးခဲ့ဘူးဆိုတာ ရှင် သိလား။"
ကျန်းရှောင်ဖန်းက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။
"ဘာကိုလဲ။"
ပိယောင်က သက်ပြင်းချကာ ပြောလိုက်သည်။
"ဒီမန္တန်ကို ဉာဏ်ပညာထက်မြတ်တဲ့ အမျိုးသမီးဆရာတစ်ဦးက ကောင်းကင်ကျမ်းစာထဲကနေ တီထွင်ခဲ့တာဖြစ်ပြီး အမျိုးသမီးတွေပဲ ကျင့်ကြံနိုင်တာ။ ဒါက အမျိုးသမီးတစ်ယောက်ရဲ့ သွေးအားလုံးနဲ့မှ အားကောင်းတဲ့ မန္တန်အဖြစ် ပြောင်းလဲပစ်ရတာ......."
သူမ စကားမဆုံးမီ ကျန်းရှောင်ဖန်းက ဝင်ပြောလိုက်လေ၏။ သူ၏ မျက်လုံးများတွင် အထင်အမြင်သေးမှုများ ပြည့်နှက်နေပြီး သူက ပြောလိုက်သည်။
"ဒါဆိုလည်း 'သွေးစွန်းကျိန်စာ' လို့ နာမည်ပေးလိုက်ပေါ့။ ‘အချစ်ရူးမန္တန်’လို့ ခေါ်တာက နားထောင်ကောင်းအောင် နတ်ဆိုးတွေ လုပ်ထားတဲ့ နာမည်တစ်ခုပဲ။"
ပိယောင်သည် မျက်နှာပျက်သွားသော်လည်း ရုတ်တရက် အံ့အားသင့်သွားပြီး တိုးညင်းစွာ ပြောလိုက်၏။
"ရှင်ပြောတာ မှန်တယ်။ ဒါကြောင့်ပဲ အဆုံးမှာ ကျင်းလင်းသခင်မတောင်မှ အဲ့ဒါကို မသုံးခဲ့တာပေါ့"
ကျန်းရှောင်ဖန်းက သူမကို လျစ်လျူရှုထားလိုက်သည်။
ထိုနေရာတွင် သူတို့နှစ်ဦးမှာ ရက်အတော်ကြာ ဆက်လက် ပိတ်မိနေခဲ့သည်။
ကျန်းရှောင်ဖန်းက အချိန်ဖြုန်းရန်အတွက် ကောင်းကင်ကျမ်းစာကို ဖတ်ရှုနေလေ့ရှိပြီး ပိယောင်ကမူ နံရံပေါ်ရှိ ကောင်းကင်ကျမ်းစာ၏ စာသားများကို မကြာခဏ စိုက်ကြည့်နေတတ်သည်။
ကောင်းကင်ကျမ်းစာ၏ ပထမတွဲတွင် အမှန်တကယ် ကျင့်ကြံရမည့် နည်းလမ်းများ မပါဝင်ချေ။ ၎င်းတို့အားလုံးမှာ နက်နဲသော စာသားများဖြစ်ပြီး အနှစ်ချုပ်ဟုပင် ခေါ်ဆိုနိုင်ပေသည်။
သို့သော် ကျန်းရှောင်ဖန်းသည် ဗြဟ္မာ့ဉာဏ်တော်နှင့် ထိုက်ချိရွှမ်ချင်တာအို နှစ်မျိုးလုံးကို သိရှိထားသဖြင့် ထိုစာသားများကို နားလည်နိုင်စွမ်း ရှိနေလေ၏။ သို့သော် နားလည်ရုံမျှသာ ဖြစ်သည်။
ကောင်းကင်ကျမ်းစာတွင် ဖော်ပြထားသော ထိုကျင့်စဉ်နှစ်ခု ပေါင်းစပ်ထားသည့် အဆင့်ကိုမူ ကျန်းရှောင်ဖန်း သဘောမပေါက်နိုင်သေးချေ။
ထိုက်ချိရွှမ်ချင်တာအိုနှင့် ဗြဟ္မာ့ဉာဏ်တော်ကို တစ်ပြိုင်နက်တည်း အသုံးပြုရမည်ဟု ဆိုလိုခြင်းလော။
အသက်ရှင်နိုင်ခြေ နည်းပါးကြောင်းကို သူ သိထားသော်လည်း သူ၏ နှလုံးသားထဲတွင် ရှင်သန်လိုစိတ် အနည်းငယ် ကျန်ရှိနေဆဲဖြစ်သည်။
ကျန်းရှောင်ဖန်းသည် ကောင်းကင်ကျမ်းစာတွင် ဖော်ပြထားသော ကျင့်ကြံမှုနည်းလမ်းအတိုင်း လျင်မြန်စွာ လိုက်လံကျင့်ကြံကြည့်လေ၏။
သို့သော် မန္တန်နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း ပေါင်းစပ်အသုံးပြုရန်မှာ မလွယ်ကူလှချေ။
တစ်ခဏအကြာတွင် သူ၏ သွေးများ ဆူပွက်လာသဖြင့် ရပ်တန့်လိုက်ရသည်။ နောက်ရက်များတွင်လည်း မည်သည့် တိုးတက်မှုမျှ မရှိခဲ့ချေ။
သို့ဖြစ်ပါသော်လည်း သူတို့ရှေ့တွင် ပို၍ခက်ခဲသော ပြဿနာတစ်ခု ရှိလာလေ၏။ အစားအစာ ပြတ်လပ်သွားခြင်းပင်။
ကျင့်ကြံသူများသည် မိမိတို့ အလိုရှိရာသို့ သွားလာနိုင်သော်လည်း သူတို့သည် သာမန်လူသား ခန္ဓာကိုယ်များသာ ဖြစ်ကြဆဲဖြစ်သည်။
အဆင့်မြင့်ကျင့်ကြံသူများသည် အစားအသောက်မရှိဘဲ အသက်ရှင်နိုင်သည်ဟု ဒဏ္ဍာရီများက ဆိုသော်လည်း မည်သူမျှ မမြင်ဖူးကြချေ။
ဤဂူထဲသို့ ဝင်ရောက်ပြီးနောက် ကျန်းရှောင်ဖန်းမှာ သူ၏ အစားအစာအားလုံးကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်။
ကံကောင်းထောက်မစွာဖြင့် ဂူထဲတွင် ရေရှိနေသော်လည်း ပိယောင်တွင်သာ အစားအစာ ပါရှိသဖြင့် မည်သို့လုံလောက်နိုင်မည်နည်း။
အစားအစာများကို ချွေတာစားသုံးခဲ့သော်လည်း မကြာမီမှာပင် အကုန်လုံး ကုန်ဆုံးသွားလေတော့မည်။
ထို့နောက် ဂူထဲတွင် နှစ်ရက်တာ ထပ်မံဖြတ်သန်းပြီးချိန်တွင် ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့မှာ အစားအစာ မရှိတော့သော အိတ်လွတ်ကြီးကိုသာ ငေးမောကြည့်နေမိကြလေသည်။
"ဟူး…"
ပိယောင်သည် ကျောက်စင်မြင့်ပေါ်တွင် ထိုင်နေလေ၏။ သူမ၏ ဘေးတွင် အရိုးစုတစ်ခု ရှိနေသော်လည်း သူမက သက်တောင့်သက်သာ မရှိသည့်ပုံ မပေါ်ချေ။
နတ်ဆိုးဂိုဏ်းသားများမှာ သာမန်လူများနှင့် အမှန်တကယ် ကွာခြားပုံရပေသည်။ သို့သော် ယခုအခါ သူမ၏ မျက်နှာမှာ ညှိုးနွမ်းနေဆဲပင်။
ကျန်းရှောင်ဖန်းသည်လည်း အပူကျသွားပြီး လျင်မြန်စွာ သက်သာလာခဲ့သည်။ ခန္ဓာကိုယ် အနည်းငယ် အားနည်းနေသည်မှလွဲ၍ အခြားမရှိတော့ချေ။
ဤအချိန်တွင် ပိယောင်၏ သက်ပြင်းချသံကို ကြားလိုက်ရသဖြင့် သူက ထိုနတ်ဆိုးဂိုဏ်းမှ မိန်းကလေးကို လှည့်ကြည့်လိုက်၏။
သူ၏ အမြင်တွင် ရေကဲ့သို့ ကြည်လင်သော အစိမ်းရောင်ဝတ် မိန်းကလေးတစ်ဦးမှာ ကျောက်စင်မြင့်ပေါ်တွင် ထိုင်နေခြင်းဖြစ်သည်။
သူမ၏ ခြေထောက်ကို တွဲလောင်းချ၍ လှုပ်ယမ်းနေပြီး သူမ၏ ခါးမှ ဟယ်ဟွမ်ခေါင်းလောင်းမှာလည်း တချွင်ချွင်မြည်နေပေသည်။
သူမ မည်သူမည်ဝါဖြစ်ကြောင်းကိုသာ သူ မသိခဲ့ပါက ကျန်းရှောင်ဖန်းသည် သူမအား အပြစ်ကင်းစင်သော မိန်းကလေးငယ်တစ်ဦးဟုပင် ထင်မှတ်မိပေလိမ့်မည်။
ပိယောင်၏ အသွင်အပြင်မှာ ကျန်းရှောင်ဖန်း သူမကို ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ်ကထက် များစွာ ပို၍ ညှိုးနွမ်းနေလေ၏။
မိန်းကလေးတစ်ဦးဖြစ်သဖြင့် နေ့စဉ် ရေတံခွန်ငယ်လေးသို့သွားကာ ရေချိုးလေ့ရှိသောကြောင့် သူမ၏ အသွင်အပြင်မှာ အညစ်အကြေးကင်းစင်ကာ သန့်ရှင်းသပ်ရပ်နေပေသည်။
သို့သော် ဤရက်ပိုင်းအတွင်း သူမသည် သိသိသာသာ ပိန်ချုံးသွားခဲ့လေပြီ။
ထိုအကြောင်းကို တွေးမိသောအခါ ကျန်းရှောင်ဖန်းမှာ နတ်ဆိုးဂိုဏ်းသားများအားလုံး တစ်ကိုယ်ကောင်းဆန်ပြီး ရက်စက်ကြမ်းကြုတ်ကြောင်း သူ၏ ဆရာနှင့် ဂိုဏ်းတူအစ်ကိုများ သင်ကြားပေးခဲ့သည်ကို သတိရသွား၏။
သို့သော် ယခု ဤဂူထဲရှိ မျှော်လင့်ချက်မဲ့နေသော အခြေအနေတွင် အဘယ်ကြောင့် ထိုနတ်ဆိုးဂိုဏ်းမှ မိန်းကလေးက ကျန်ရှိနေသော အစားအစာ တစ်ဝက်ကို သူ့အား ပေးခဲ့ရသနည်း။
ကျန်းရှောင်ဖန်းသည် ထိုအကြောင်းကို ကိုယ့်အတွေးနှင့်ကိုယ် တွေးတောနေသဖြင့် ပိယောင်က သူ့အား ကြည့်နေသည်ကို သတိမထားမိခဲ့ချေ။
ကျန်းရှောင်ဖန်းက သူမကို ငေးမောကြည့်နေသည်ကို မြင်သောအခါ သူမ၏ မျက်နှာမှာ နီမြန်းသွားပြီး ဆူပူလိုက်လေ၏။
"ဘာ ကြည့်နေတာလဲ."
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွားပြီး လျင်မြန်စွာ ခေါင်းလှည့်သွားကာ ပြောလိုက်သည်။
"ဘာ... ဘာမှမဟုတ်ပါဘူး…"
ပိယောင်သည် သူ၏ အနောက်တွင် မတ်တပ်ရပ်နေသော်လည်း သူ တွေးထားသကဲ့သို့ ပြင်းထန်စွာ ဆူပူကြိမ်းမောင်းခြင်း မရှိခဲ့ချေ။
အချိန်အတော်ကြာပြီးနောက် သက်ပြင်းတစ်ချက်ချကာ သူမက ပြောလိုက်၏။
"ကျွန်မတို့က ဒီဂူထဲမှာ ပိတ်မိနေတာ၊ သေဖို့လည်း မဝေးတော့ဘူး။ ရှင် အများကြီး ဂရုစိုက်နေစရာ မလိုပါဘူး"
ကျန်းရှောင်ဖန်းမှာ လန့်ဖြန့်သွားပြီး ပိယောင်ကို ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။
သူမ၏ ပိန်ချုံးနေသော်လည်း လှပနေဆဲဖြစ်သည့် မျက်နှာပေါ်တွင် ကူကယ်ရာမဲ့နေသည့် အပြုံးတစ်ခုကို တွေ့မြင်လိုက်ရသဖြင့် သူက မနေနိုင်တော့ဘဲ ပြောလိုက်မိသည်။
"ငါ နေမကောင်းဖြစ်နေတုန်းကသာ မင်းက ငါ့ကို အစာမျှ မပေးခဲ့ရင် မင်း နောက်ထပ်ရက်နည်းနည်းလောက် ပိုနေနိုင်မှာ... မင်း....... "
"မင်း. ဘာဖြစ်လဲ ဆက်ပြောလေ"
ပိယောင်က ရုတ်တရက် ဖြတ်ပြော၏။
ကျန်းရှောင်ဖန်းမှာ လန့်ဖြန့်သွားပြီး ခေါင်းရမ်းလိုက်ကာ တိုးညင်းစွာ ပြောလိုက်သည်။
"ဖြစ်နိုင်တာက မင်း အကယ်ခံရနိုင်တယ်လေ"
ပိယောင်က ခေါင်းရမ်းလိုက်ပြီး ပြုံးပြကာ ပြောလိုက်၏။
"ကျွန်မလည်း မသေချင်ပါဘူး၊ ဒါပေမဲ့ ဒီလောက်အထီးကျန်တဲ့ ဂူထဲမှာ အရိုးစုတစ်ခုနဲ့ ပုပ်သိုးနေတဲ့ အလောင်းတစ်ခုကို မျက်နှာမူပြီး သေမဲ့ရက်ကို မစောင့်ချင်ဘူး”
“အဲ့လိုသာဆိုရင် လူတွေ လာမကယ်ခင်မှာတင် ကျွန်မရူးသွားလိမ့်မယ်။"
ပိယောင် ရှင်းပြသည်ကို ကြားလိုက်ရချိန်တွင် ကျန်းရှောင်ဖန်းမှာ တုန်ယင်မသွားဘဲ မနေနိုင်တော့ချေ။ ဤနေရာမှာ အမှန်တကယ်ပင် နေထိုင်ရန် နေရာတစ်ခု မဟုတ်ပေ။
ပိယောင်က သူ့ကို ကြည့်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဘာလဲ၊ ရှင်လည်း ကြောက်နေတာလား။"
ကျန်းရှောင်ဖန်းက ချက်ချင်းပင် ခါးကို မတ်လိုက်ပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်၏။
"ဘယ်တော့မှ ဖြစ်မလာနိုင်ဘူး။"
ပိယောင်က မျက်လုံးလေးများကအစ နူးညံ့ကာ ပြုံးပြပြီး ညင်သာစွာ ပြောလိုက်သည်။
"ကျွန်မ့ကို ကတိတစ်ခု ပေးပါလား။"
ကျန်းရှောင်ဖန်းမှာ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်၏။
"ဘာလဲ။"
ပိယောင်က ခပ်ပြုံးပြုံးဖြင့် ဆက်ပြောလိုက်သည်။
"ကျွန်မတို့ ရိက္ခာလည်း အကုန်ပြတ်သွားပြီ။ ရေကလွဲရင် စားစရာ ဘာမှ မရှိတော့ဘူး။ ခုနစ်ရက်အတွင်းမှာ ကျွန်မတို့ ငတ်သေရတော့မှာ။"
ကျန်းရှောင်ဖန်းမှာ တိတ်ဆိတ်သွားလေ၏။
ပိယောင်မှာ တည်ငြိမ်နေသော်လည်း သူမ ပြောလိုက်သည့် နောက်တစ်ခွန်းက ကျန်းရှောင်ဖန်းအား သရဲတစ္ဆေ မြင်လိုက်ရသကဲ့သို့ ဖြူရော်သွားစေလေသည်။
"နောက်ရက်နည်းနည်းကြာလို့မှ ကျွန်မ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူးလို့ ရှင် မြင်လာရင် ကျွန်မ့ကို အရင် သတ်လိုက်ပါ။"