အခန်း ၈၉
Vol. 9 Ch. 89
အခန်း (၈၉) - လွတ်မြောက်ခြင်း (၁)
ပိယောင်၏ အတိတ်သည် သူမအတွက် အလွန်နက်ရှိုင်းသော ဒဏ်ရာတစ်ခု ဖြစ်နေသည်။ ထိုအရာကို နှစ်ပေါင်းများစွာ ကြာသည့်တိုင် သူမ၏ နှလုံးသားထဲတွင် မြှုပ်နှံထားခဲ့သည်။
ယခုလို အန္တရာယ်ကြုံတွေ့နေရချိန်တွင် သူမက ထိုမှတ်ဉာဏ်များကို ပြန်လည်သတိရလာပြီး သူမ၏ စိတ်အစဉ်မှာ လွှမ်းမိုးခံလိုက်ရလေသည်။ ထို့အပြင် ယခုရက်ပိုင်းအတွင်း စားရသည်မှာ နည်းပါးလာရာ သူမ၏ ခန္ဓာကိုယ်မှာ အားနည်းလာခဲ့သဖြင့် သတိလစ်သွားရခြင်းပင်။
ကျန်းရှောင်ဖန်းသည် သူ့အား တင်းကြပ်စွာ ဆုပ်ကိုင်ထားဆဲဖြစ်သော နတ်ဆိုးဂိုဏ်းမှ မိန်းကလေးကို ကြည့်ပြီးနောက် ခါးသက်စွာ ပြုံးလိုက်လေသည်။
မကြာသေးမီကပင် သူသည် ငရဲပြည်သို့ သွားရောက်လည်ပတ်ပြီးမှ ပြန်ထွက်လာသည့် လူနာတစ်ဦးဟု သူ့ကိုယ်သူ ထင်မှတ်ထားခဲ့သော်လည်း မမျှော်လင့်ဘဲ ယခုတစ်ကြိမ်တွင်မူ ပိယောင် ဖျားနာရမည့် အလှည့်ဖြစ်လာချေပြီ။ သူတို့နှစ်ဦးမှာ တစ်ယောက် တစ်လှည့်စီ လဲကျသွားခဲ့ရာ ဤနေရာတွင် ရှင်သန်နိုင်ဖို့ရာ အမှန်တကယ်ပင် ခက်ခဲလှပေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းရှောင်ဖန်းမှာ အိပ်ချင်လာသော်လည်း ပိယောင်မှာ သူ၏ ရင်ခွင်ထဲတွင် လဲလျောင်းနေဆဲဖြစ်သဖြင့် ခန္ဓာကိုယ်ကို မတ်မတ်ထားရန် တောင့်ထားလိုက်၏။ စိတ်ဓာတ်ကျကာ နာကျင်နေသော သူမ၏ အသွင်အပြင်ကို မြင်လိုက်ရချိန်တွင် ကျန်းရှောင်ဖန်းမှာ သူမကို ချန်ရစ်ထားခဲ့ရန် နှလုံးသားက ခွင့်မပြုနိုင်ခဲ့ပေ။
သို့သော် ယခုကဲ့သို့ ထိုင်နေရခြင်းမှာ မလွယ်ကူလှချေ။ သူသည် ကျောက်စင်မြင့်ပေါ်တွင် ထိုင်နေပြီး ခြေထောက်တစ်ဖက်မှာ တွဲလောင်းချထားလျက် ကျန်တစ်ဖက်မှာ မြေကြီးပေါ်တွင် ခွေထားရ၏။
သူ၏ ကျောပြင်ကို မတ်ထားရသော်လည်း မှီစရာဟူ၍ သူ၏ အနောက်တွင် ဘာမှမရှိပေ။ တစ်ခဏအကြာတွင်ပင် သူ၏ ခန္ဓာကိုယ်မှာ ကိုက်ခဲလာလေရာ အထူးသဖြင့် ပိယောင် ဆုပ်ကိုင်ထားသည့် နေရာမှ ပို၍နာကျင်လှသည်။
သူမ၏ လက်ချောင်းများမှာ အိပ်ပျော်နေချိန်တွင်ပင် ခွန်အားများပြည့်ဝ နေဆဲပင်။ ၎င်းမှာ ရိုးတွင်းခြင်ဆီအထိပင် နာကျင်လှ၏။ သို့သော် ကျန်းရှောင်ဖန်းသည် ဇွဲလုံ့လကြီးမားသူဖြစ်၍ သည်းခံထားလိုက်နိုင်သော်လည်း အခြားသူတစ်ယောက်သာဆိုလျှင် လွှင့်စင်သွားလောက်ချေပြီ။
ထိုသို့ခံစားရမှုမှာ မလွယ်ကူလှသဖြင့် ကျန်းရှောင်ဖန်းမှာ ရင်ထဲတွင် ညည်းညူနေမိ၏။ သို့ရာတွင် နောက်ဆုံးအထိ သူသည် ထွက်မသွားခဲ့ပေ။ အချိန်များ ကုန်လွန်လာသည်နှင့်အမျှ ပင်ပန်းနွမ်းနယ်မှုများက သူ့ထံသို့ ရောက်ရှိလာကာ ထုံကျင်ကိုက်ခဲမှုများကြားမှာပင် အိပ်ပျော်သွားလေတော့သည်။
"အား..."
ကျန်းရှောင်ဖန်းသည် နိုးလာပြီးနောက် အကြောဆန့်လိုက်ရာ တစ်ကိုယ်လုံး ကိုက်ခဲနေသည်ကို ခံစားလိုက်ရ၏။ သူ သက်ပြင်းချလိုက်ချိန်တွင် သူကိုယ်တိုင် ကျောက်စင်မြင့်ပေါ်၌ လဲလျောင်းနေသည်ကို တွေ့ရှိလိုက်ရပြီး ပိယောင်မှာမူ ပျောက်ကွယ်နေလေပြီ။
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်လျက် ထရပ်ကာ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သော်လည်း ပိယောင်ကို မတွေ့ရပေ။ လိုဏ်ဂူတစ်ခုလုံးမှာ ဟာလာဟင်းလင်းဖြစ်နေပြီး မည်သည့်အသံမျှ မကြားရချေ။
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် ဂူသင်္ချိုင်းထဲတွင် ပိတ်မိနေမိသကဲ့သို့ အေးစက်မှုတို့ကို ခံစားလိုက်ရ၏။ သူသည် မျက်မှောင်ကြုတ်လိုက်ပြီးနောက် ပိယောင်အား စတင်ရှာဖွေလေတော့သည်။
ကောင်းကင်ကျမ်းစာ ကျောက်ခန်းမအပြင် ရတနာခန်းမကိုပါ ရှာဖွေခဲ့သော်လည်း ပိယောင်၏ အရိပ်အယောင်ကိုမျှ မတွေ့ရချေ။ ကျန်းရှောင်ဖန်းမှာ ခဏမျှ စဉ်းစားလိုက်ပြီးနောက် အပြင်ဘက်သို့ ထွက်လာခဲ့၏။
အချိန်အနည်းငယ် အကြာတွင် နတ်ဆိုးဂိုဏ်း၏ မိစ္ဆာနတ်ဘုရားနှစ်ပါးကို ကိုးကွယ်ထားသည့် ကျောက်ခန်းမထဲ၌ ပိယောင်ကို တွေ့လိုက်ရလေသည်။
ကြင်နာတတ်ပုံရသော အမှောင်မယ်တော်နှင့် ရုပ်ဆိုးအကျည်းတန်သော ကောင်းကင်ဝိဒျာရာဇာတို့၏ ရှေ့တွင် ပိယောင်တစ်ယောက် မြေပြင်ပေါ်၌ ဒူးထောက်လျက်သား ရှိနေ၏။ သူမက ထိန်းချုပ်ထားရန် ကြိုးစားနေသော်လည်း ပခုံးများမှာ တုန်ယင်နေကာ တိတ်ဆိတ်စွာ ရှိုက်ငိုနေဆဲပင်။
သူမ ငိုကြွေးနေခြင်းပင်။
ကျန်းရှောင်ဖန်းမှာ မှင်သက်သွားရ၏။ အမြဲတမ်း ခိုင်မာပြတ်သားကာ အရှုံးမပေးတတ်သော နတ်ဆိုးဂိုဏ်းမှ မိန်းကလေးသည် ရုပ်တုများရှေ့တွင် တိတ်တဆိတ် ငိုကြွေးနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သူသည် မြေပြင်ပေါ်တွင် အမြစ်တွယ်နေသကဲ့သို့ ရပ်နေမိကာ မည်သို့ဆက်လုပ်ရမည်ကို မစဉ်းစားတတ်တော့ချေ။ သို့သော် နောက်ဆုံးတွင် သူမထံသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ပြီး ဝေဝါးစွာဖြင့် ပြောလိုက်သည်။
"မင်း... အမ်း... မင်း... ဘာဖြစ်လို့လဲ... မငိုပါနဲ့တော့။"
အကယ်၍ သူသာ တိတ်တဆိတ် နေလိုက်မည်ဆိုလျှင် ပိုကောင်းပေလိမ့်မည်။ သို့သော် သူမက သူ၏ စကားကို ကြားလိုက်ရချိန်တွင် ခက်ခဲစွာ သည်းခံထားရသော ဝမ်းနည်းမှုတို့က ပေါက်ကွဲထွက်လာလေတော့၏။
သူမ၏ အသံနှင့်အတူ ရှိုက်သံများမှာလည်း အလွန်ကျယ်လောင်လာချေပြီ။ သလင်းကျောက်ကဲ့သို့ မျက်ရည်များကလည်း သူမ၏ မျက်နှာပေါ်တွင် တွဲခိုနေလေသည်။
ကျန်းရှောင်ဖန်းမှာ မှင်သက်သွား၏။ သို့ရာတွင် သူက ငယ်ရွယ်သေးသူဖြစ်ရာ မိန်းကလေးတစ်ယောက်၏ စိတ်ကို မည်သို့နားလည်နိုင်မည်နည်း။ သူသည် ချက်ချင်းပင် ထိတ်လန့်တုန်လှုပ်သွားကာ ပိယောင်ကို သူကပဲ ငိုအောင်လုပ်မိလိုက်သကဲ့သို့ ခံစားလိုက်ရ၍ သူ၏ စကားများပင် ထစ်ငေါ့သွားလေတော့သည်။
"မင်း... မင်း အဲ့ဒီလိုမျိုး မ... မလုပ်ပါနဲ့... ငါ... ငါ... မဟုတ်ဘူး... မင်း... မဟုတ်သေးပါဘူး... ငါပြောချင်တာက..."
ပိယောင်သည် မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ရှုပ်ထွေးနေသည့် ကျန်းရှောင်ဖန်းကို ကြည့်လိုက်၏။ သူမက ခေါင်းယမ်းလိုက်သော်လည်း ဝမ်းနည်းမှုကိုမူ သည်းမခံနိုင်တော့ပေ။ ဆယ်နှစ်တိုင်တိုင် ထိန်းချုပ်ထားခဲ့ရသော မျက်ရည်များမှာ ယနေ့တွင် အားလုံး ပေါက်ကွဲထွက်လာတော့သည်။
"ကျွန်မလေ... အမေ့ကို သတ်လိုက်တာ အဲ့တာ ကျွန်မ။"
နာကျင်ဖွယ် အတိတ်ထဲသို့ နစ်မျောသွားသော မိန်းကလေးသည် ဝမ်းနည်းပူဆွေးစွာ ပြောလိုက်လေ၏။
ကျန်းရှောင်ဖန်းသည် သူမ၏ အားနည်းပြီး အထီးကျန်နေသော ပုံရိပ်ကို ကြည့်ရင်း ခေါင်းကို ချက်ချင်း ခါယမ်းလိုက်မိ၏။ သူ၏ နှလုံးသားမှာ လွန်ခဲ့သော နှစ်များစွာက သူ၏ အထီးကျန်ဆန်လှသည့် ပုံရိပ်ကို မြင်တွေ့နေရသကဲ့သို့ ခံစားလိုက်ရသည်။
"မဟုတ်ပါဘူး။"
သူသည် ရှေ့သို့ ခြေတစ်လှမ်း တိုးသွားလိုက်ပြီး တိုးညင်းညင်သာစွာ ပြောလိုက်၏။
"မင်းရဲ့ အမေက မင်းကို ဂရုအစိုက်ဆုံးပါ။ အဲ့အချိန်တုန်းက မင်းက ငယ်သေးတယ်လေ။ ဘာမှလည်း နားမလည်သေးဘဲနဲ့ တစ်ယောက်ယောက်ကို ဘယ်လိုလုပ်ပြီး ဒုက္ခပေးနိုင်မှာလဲ။"
ပိယောင်မှာ ရှိုက်ကြီးတငင် ဖြစ်သွား၏။
"ဒါပေမဲ့... ဒါပေမဲ့ အဖေက ကျွန်မကို အမြဲတမ်း မုန်းနေတာ။ အဖေက ကျွန်မကို သေစေချင်နေမှာပဲဆိုတာ သိတယ်။ အမေသေသွားတာ ကျွန်မကြောင့်လို့ သူက အပြစ်တင်နေတာ။"
ကျန်းရှောင်ဖန်းက ငြင်သာစွာ ပြောလိုက်သည်။
"မဟုတ်ရပါဘူးဗျာ... အရမ်းလည်း တွေးမနေပါနဲ့။ မင်းကို အပြစ်မတင်ဘူးဆိုတာ မင်းကို သူလာမကယ်ခဲ့ဘူးလား။ ဒီနှစ်တွေအတွင်းမှာရော မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံခဲ့လို့လား။"
ပိယောင်၏ ခန္ဓာကိုယ်မှာ တုန်ယင်သွားပြီး သူမ၏ မျက်နှာမှာ ပို၍ ဖြူရော်လာ၏။ ကျန်းရှောင်ဖန်းနေရာမှ ကြည့်လျှင် မိုးရေထဲမှ ပန်းသစ်တော်ပွင့်လေးနှင့် တူနေကာ ဝမ်းနည်းပူဆွေးမှု မြင်ကွင်းက နှလုံးသားကို ထိရှစေသည်။
သူမသည် ခေါင်းမော့လိုက်၏။ မျက်ရည်များ၏ နောက်ကွယ်မှ သူမ၏ အကြည့်ကို ကျန်းရှောင်ဖန်း တိုက်ရိုက် ရင်ဆိုင်ကြည့်ရန် သတ္တိမရှိခဲ့ပေ။ သူသည် အကြည့်လွှဲလိုက်လေတော့သည်။
အတန်ကြာပြီးနောက်။
"ရှင်ကအရမ်း သဘောကောင်းတာပဲ။"
ရုတ်တရက် သူမက တိုးညင်းစွာ ပြောလိုက်၏။
ကျန်းရှောင်ဖန်းနှလုံးသား၏ အနက်ရှိုင်းဆုံး နေရာတွင် ရင်ခုန်သွားသော်လည်း သူ့ကိုယ်သူ အတင်းတည်ငြိမ် ဟန်ဆောင်လိုက်ရသည်။ ထို့နောက် သူက ပြုံးလိုက်၏။
"မဟုတ်ပါဘူး... မကြာခင် ဒီမှာ ငါတို့နှစ်ယောက် တူတူ သေရတော့မှာဆိုတော့ မသေခင်လေး မင်းကို နှစ်သိမ့်ပေးတာပါ။ ဘာမှမဟုတ်ပါဘူး။"
ပိယောင်သည် အငိုရပ်လိုက်ပြီး မျက်လုံးမှ မျက်ရည်များကို သုတ်ဖယ်ကာ သက်ပြင်းချလိုက်လေသည်။
"ဟုတ်တယ်... ကျွန်မတို့ တူတူ သေရတော့မှာပဲ။"
ထို့နောက် သူမက တစ်ခုခုကို စဉ်းစားမိသွားကာ ကျန်းရှောင်ဖန်းကို မေးလိုက်၏။
"ရှင်နဲ့ကျွန်မ ဒီနေရာမှာတင် သေရမှာကို ရှင်နောင်တရလား။"
ကျန်းရှောင်ဖန်းမှာ အလန့်တကြား ဖြစ်သွား၏။ မရေမတွက်နိုင်သော မြင်ကွင်းများက သူ၏ မှတ်ဉာဏ်ထဲတွင် ဖြတ်ခနဲ ပေါ်လာသည်။ ဤအချိန်၌ သူသည် ချင်းယွင်တောင်၊ တာ့ကျူးတောင်ထိပ်သို့ ပြန်ရောက်သွားသကဲ့သို့ပင်။
"ဒါပေါ့... ငါ နောင်တရတာပေါ့။"
သူက တိုးညင်းစွာ ပြောလိုက်သည်။
ပိယောင် ကြားလိုက်ချိန်တွင် သူမ၏ မျက်နှာမှာ မှုန်မှိုင်းသွားကာ ပြောလိုက်၏။
"ဟွန့်... သရဲဘုရင်ဂိုဏ်းမှာ ကျွန်မနဲ့တူတူ သေချင်ပါတယ်ဆိုတဲ့သူတွေများ အများကြီးပါနော်။ ဒါပေမဲ့ ရှင်ကတော့ ကိုယ့်အခြေအနေ ကိုယ်မသိပါလား။"
ကျန်းရှောင်ဖန်း၏ ရင်ထဲတွင် ဒေါသတို့ တောက်လောင်လာသော်လည်း ပိယောင်ကို ကြည့်လိုက်ချိန်တွင် ထိုဒေါသများ ပျောက်ကွယ်သွားရလေသည်။ သူ သက်ပြင်းချလိုက်ပြီး ခေါင်းယမ်းလိုက်၏။
"ဖြစ်နိုင်ပါတယ်။ ငါသာ တာ့ကျူးတောင်ထိပ်မှာ မြုပ်နှံခံရမယ်ဆိုရင် ငါသေရလည်း နောင်တရမှာ မဟုတ်ဘူး။"
ပိယောင်၏ မျက်နှာမှာ မှောင်ကျသွားပြီး သူ့ကို စိုက်ကြည့်လိုက်လေသည်။ အတန်ကြာ တိတ်ဆိတ်နေပြီးနောက် သူမက ရုတ်တရက် စကားဆိုလိုက်၏။
"ရှင် ဒီလိုလုပ်တာ ရှင့်ရဲ့ ဂိုဏ်းတူအစ်မလင်းအာ အတွက်မလား။"
ကျန်းရှောင်ဖန်းမှာ လန့်ဖျပ်သွားပြီး သူမကို လက်ညှိုးထိုးကာ အံ့သြစွာဖြင့် မေးလိုက်လေသည်။
"မင်း... မင်း ဘယ်လိုသိတာလဲ။"
ပိယောင်သည် ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ပြီး ပြောလိုက်၏။
"ရှင် ဖျားနေတုန်းက အိပ်မက်ယောင်ပြီး ပြောနေတာလေ။"
ကျန်းရှောင်ဖန်း မှင်သက်သွား၏။ သူသည် သူမကို ဆူပူကြိမ်းမောင်းတော့မည့် ဆဲဆဲတွင် သူတို့ ဤနေရာ၌ သေရတော့မည်ကို သတိရသွားသည်။
ထို့နောက်တွင် သူသည် ဂိုဏ်းတူအစ်မကို ဘယ်တော့မှ မြင်တွေ့ရတော့မည် မဟုတ်သလို သေပြီးနောက် တစ္ဆေတစ်ကောင် ဖြစ်သွားလျှင်တောင်မှ တာ့ကျူးတောင်ထိပ်၏ ရှုခင်းများကို မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။
'ဒါပေမဲ့... ဂိုဏ်းတူအစ်မက ငါကို မှတ်မိပါ့မလား။'
ထိုအကြောင်းကို တွေးမိလိုက်ချိန်တွင် သူ၏ နှလုံးသားမှာ သေဆုံးသွားသကဲ့သို့ ခံစားလိုက်ရလေသည်။ သူသည် သက်ပြင်းချလိုက်ပြီး ပူဆွေးသောကများထဲမှ ရုန်းထွက်ရန် ခက်ခဲနေကာ လှည့်၍ လိုဏ်ဂူထဲမှ ထွက်လာလိုက်၏။ အခြားတစ်ဖက်တွင်မူ ပိယောင်က သူ၏ ကျောပြင်ကို ငေးမောနေမိသည်။
အချိန်အနည်းငယ် ကြာပြီးနောက် သူမက ဖြည်းညင်းစွာ လှည့်လိုက်ပြီး ရုပ်တုနှစ်ခုကို ကြည့်ကာ အရိုအသေပေးလိုက်လေသည်။
"အမှောင်မယ်တော်... လောကကြီးကို သနားကြင်နာပြီး သူ့ကို ကာကွယ်ပေးတော်မူပါ။ ကောင်းကင်ဝိဒျာရာဇာ အရှင်... အရှင့်ရဲ့ ကောင်းကင်ထိုးဖောက်နိုင်တဲ့ တန်ခိုးတော်ကို အသုံးပြုပြီး ကယ်တင်ပေးတော်မူပါ..."
ထို့နောက် သူမ၏ အသံမှာ ရပ်တန့်သွား၏။ သူမသည် မြေပြင်ပေါ်၌ ငြိမ်သက်စွာ လဲလျောင်းနေသည်။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေလေ၏။
သို့ရာတွင် သူမ၏ စိတ်ထဲ၌မူ ဒေါသတကြီး ရိုက်ခတ်နေသော သမုဒ္ဒရာလှိုင်းတံပိုးများကြားတွင် တောက်ပနေသော အလင်းတန်းတစ်ခု ရှိနေသည်။ သို့သော် ထိုအရာက မှေးမှိန်စွာသာ ပေါ်လာနိုင်ပြီး သူမက ဖမ်းဆုပ်ကာ မှတ်မိနိုင်ရန် ကြိုးစားနေလေသည်။
သူမက ခေါင်းကို ဖြည်းညင်းစွာ မော့လိုက်ပြီး ကောင်းကင်ဝိဒျာရာဇာကို ထပ်ခါတလဲလဲ ဂရုတစိုက် ကြည့်လိုက်၏။ သူမ၏ ရင်ထဲတွင် အတွေးတစ်ခုက အော်ဟစ်နေလေသည်။
'မဟုတ်သေးဘူး... မဟုတ်သေးဘူး... ဒီရုပ်တုက တစ်ခုခု လိုနေတယ်။'
သူမသည် ၎င်းကို ထပ်ခါထပ်ခါ ကြည့်နေမိပြီး အသက်ရှူအောင့်ထားလိုက်သည်။ နောက်ဆုံးတွင် သူမ၏ အကြည့်များက ရုပ်တု၏ ဗလာဖြစ်နေသော ညာဘက်လက်ပေါ်သို့ ကျရောက်သွားလေတော့၏။
သူမ ထခုန်လိုက်မိပြီး ပျော်ရွှင်မြူးတူးစွာ အော်ပြောလိုက်သည်။
"ဖန်ဆင်းရှင်ပုဆိန်... ဟုတ်တယ်... ဖန်ဆင်းရှင်ပုဆိန်က ဘယ်မှာလဲ။"
နတ်ဆိုးဂိုဏ်း၏ ဒဏ္ဍာရီအရ အမှောင်မယ်တော်သည် အသက်ဝိညာဉ်များကို စောင့်ရှောက်သော နတ်ဘုရားမဖြစ်ပြီး ကောင်းကင်ဝိဒျာရာဇာမှာမူ လောကကို ဖန်ဆင်းကာ တရားစီရင်ခြင်းများကို ကိုင်တွယ်သော ရုပ်ဆိုးအကျည်းတန်သည့် နတ်ဘုရားဖြစ်ရာ ပန်ကုဒဏ္ဍာရီနှင့် ကွာခြားလေသည်။
ကောင်းကင်ဝိဒျာရာဇာသည် "ဖန်ဆင်းရှင်ပုဆိန်" ကို ကိုင်ဆောင်ထားသဖြင့် ရုပ်တုနှင့်အတူ ပုဆိန်တစ်ခု ပါရှိရမည်မှာ မလွဲဧကန်ပင်။ သို့သော် သူမရှေ့ရှိ ရုပ်တု၏ ညာဘက်လက်မှာ ဗလာဖြစ်နေ၏။
နတ်ဆိုးဂိုဏ်းတွင် ကောင်းကင်ဝိဒျာရာဇာသည် ကြီးမြတ်သော နတ်ဘုရားများထဲမှ တစ်ပါးဖြစ်ပြီး မည်သူမျှ မလေးမစား မလုပ်ရဲကြောင်း ပိယောင် သိထားသည်။ ဤသွေးစက်ဂူကို တည်ဆောက်ခဲ့သူမှာ သွေးသန့်စင်ဂိုဏ်းမှ ဖြစ်ပြီး ၎င်းတို့သည်လည်း နတ်ဆိုးဂိုဏ်းမှပင် ဖြစ်ပေသည်။ ပုဆိန် ပျောက်ဆုံးနေခြင်းအတွက် အကြောင်းပြချက် တစ်ခုခု ရှိရမည်ပင်။
ကျန်းရှောင်ဖန်းသည် ထုံးကျောက်လိုဏ်ဂူထဲသို့ ပြန်လာပြီး ကျောက်စင်မြင့်ပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေလေ၏။ တာ့ကျူးတောင်ထိပ် အကြောင်းကို သူ တွေးတောနေချိန်တွင် ပိယောင်သည် မျက်နှာပေါ်၌ ပျော်ရွှင်မှုများဖြင့် အပြေးအလွှား ရောက်လာသည်။
သူ ထိုနေရာတွင် ထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူမက လှမ်းခေါ်လိုက်သည်။
"ရှင် အသက်ရှင်ချင်တယ်ဆိုရင် ကျွန်မနဲ့ မြန်မြန် လိုက်ခဲ့။"
"ဘာလဲ။"
ကျန်းရှောင်ဖန်းမှာ အံ့အားသင့်သွား၏။ ပိယောင်သည် ရတနာခန်းမထဲသို့ လေပြင်းတစ်ဟုန်ကဲ့သို့ ပြေးဝင်သွားလေသည်။ သူသည် ခေတ္တမျှ တုံ့ဆိုင်းနေသော်လည်း အသက်ရှင်လိုသော ဆန္ဒကို မခုခံနိုင်ဘဲ သူမနောက်သို့ လိုက်သွားတော့သည်။
ထို့နောက် ပိယောင်၏ ပျော်ရွှင်စွာ အော်ဟစ်သံကို သူ ကြားလိုက်ရ၏။ ပိယောင်သည် အမှိုက်ပုံထဲမှ သံမဏိပုဆိန်ကြီး တစ်လက်ကို ဆွဲထုတ်ရန် ရုန်းကန်နေရသည်။ သူမသည် အလွန်အခက်အခဲ ဖြစ်နေပုံရကာ ဤပုဆိန်မှာ တော်တော်လေး လေးလံပုံရပေသည်။
ကျန်းရှောင်ဖန်းသည် သူမထံသို့ ပြေးသွားပြီး ပုဆိန်ကြီးကို ကိုင်ထားရန် ကူညီပေးလိုက်သည်။ ထိုပုဆိန်မှာ အမှန်တကယ်ပင် လေးလံလှသဖြင့် သူတို့နှစ်ဦး ပေါင်း၍ပင် ခက်ခဲနေဆဲဖြစ်သည်။ သူက မေးလိုက်၏။
"မင်း ဘာလုပ်နေတာလဲ။"
ပိယောင်က စကားကို ရှည်ရှည်ဝေးဝေးမပြောတော့ဘဲ တဲ့တိုးပြောလိုက်သည်။
"ရှင် အသက်ရှင်ချင်တယ်ဆိုရင် ဒီပုဆိန်ကို ရုပ်တုတွေဆီ ယူသွားဖို့ ကျွန်မကို ကူညီပေး။"
ကျန်းရှောင်ဖန်းမှာ အသက်ရှူမှားသွားပြီး အံ့သြတကြီး မေးလိုက်၏။
"မင်း... မင်း ဘာလုပ်မလို့လဲ။"
ပိယောင်သည် ဘာမှမပြောတော့ဘဲ ပုဆိန်ကို စတင်ဆွဲငင်လေတော့သည်။ သူမ၏ ခန္ဓာကိုယ်မှာ ခြေလှမ်းအနည်းငယ် အကြာတွင် အားနည်းလာပြီး အသက်ကို ပြင်းပြင်းရှူနေရ၏။
ကျန်းရှောင်ဖန်းသည် ခေါင်းယမ်းကာ သက်ပြင်းချလိုက်ကာ သူမထံသို့ သွားလိုက်သည်။ သူတို့နှစ်ဦး၏ အတူတကွ ကြိုးစားအားထုတ်မှုဖြင့် နောက်ဆုံးတွင် ပုဆိန်ကို ရုပ်တုများရှိရာ ကျောက်ခန်းမသို့ ဆွဲယူလာနိုင်ခဲ့လေသည်။
ထို့နောက် ဤအရာကို မိစ္ဆာနတ်ဘုရား၏ လက်ထဲသို့ ထည့်ရမည်ဟု ပိယောင် ပြောသည်ကို ကြားလိုက်ရသောအခါ ကျန်းရှောင်ဖန်းမှာ မျက်လုံးလှန်ကာ မလိုလားသော အမူအရာကို ပြသလိုက်၏။
ကျန်းရှောင်ဖန်းသည် ၎င်းကို အလွန်ပင် သံသယဖြစ်နေမိသည်။ ယခု နတ်ဆိုးဂိုဏ်း၏ မိစ္ဆာနတ်ဘုရားအတွက် တစ်ခုခု လုပ်ပေးရမည်ဟု ကြားလိုက်ရသဖြင့် သူ၏ လုပ်ချင်စိတ်များ ပျောက်ဆုံးသွားလေပြီ။
သို့ရာတွင် ပိယောင်မှာ သူ့ထက်ပင် ပို၍ ခေါင်းမာနေသေး၏။ သူမ တစ်ယောက်တည်း ကြိုးစားပမ်းစား လုပ်နေသည်ကို မြင်လိုက်ရချိန်တွင် သူ၏ နှလုံးသားမှာ ပျော့ပျောင်းသွားကာ မသေမီ သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးလိုက်ခြင်းက အဆင်ပြေမည်ဟု တွေးလိုက်မိသည်။ ထို့နောက် သူက ရှေ့သို့ လှမ်းကာ ကူညီပေးလိုက်လေသည်။
ထိုပုဆိန်မှာ အလွန်ကြီးမားသည့်အပြင် သယ်ယူရာတွင်လည်း ၎င်း၏ အလေးချိန်မှာ မယုံနိုင်လောက်အောင် လေးလံလှ၏။ သူတို့မှာ အချိန်အကြာကြီး အစာမစားရသေးပေ။
နောက်ဆုံးတွင် မဖြစ်နိုင်သော တာဝန်ကို ပြီးမြောက်သွားကြပြီး ပုဆိန်ကို ကောင်းကင်ဝိဒျာရာဇာ၏ ညာဘက်လက်ထဲသို့ ထည့်ပေးလိုက်နိုင်လေသည်။ ထို့နောက် ကျန်းရှောင်ဖန်းသည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ အသက်ကို ပြင်းပြင်းရှူရင်း ပြောလိုက်၏။