အခန်း ၉၀
Vol. 9 Ch. 90
အခန်း (၉၀) - လွတ်မြောက်ခြင်း (၂)
"မင်း... ဟူး... မင်း... အကယ်လို့ ထွက်ပေါက်ကို မရှာနိုင်ဘူးဆိုရင်... ဟူး... ပုံမှန်ဆို ငါတို့ သုံးရက်လောက် အသက်ရှင်နိုင်လောက်မှာ။ အခုတော့ သုံးနာရီပဲ ကျန်တော့တယ်။"
ပိယောင်သည် အသက်လုရှူနေရသော်လည်း သူမ၏ မျက်လုံးများထဲမှ စိတ်လှုပ်ရှားမှုကိုမူ မဖုံးကွယ်နိုင်ခဲ့ပေ။ အနည်းငယ် အနားယူပြီးနောက် ပိယောင်သည် ရုပ်တုဆီသို့ ပြန်သွားကာ ခေတ္တမျှ ဂရုတစိုက် လေ့လာနေ၏။
ပုဆိန်ကြီးကို ဝိဒျာရာဇာရုပ်တု၏ လက်ထဲသို့ ထည့်လိုက်ပြီးနောက် ပို၍ တန်ခိုးကြီးမားပုံ ပေါက်သွားလေသည်။ ထို့နောက် သူမက ကောင်းကင်ဝိဒျာရာဇာကို ရိုသေစွာ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။
"ဝိဒျာရာဇာ အရှင်... တပည့်တော်ရဲ့ ရိုင်းစိုင်းတဲ့ လုပ်ရပ်ကို ခွင့်လွှတ်ပေးတော်မူပါ။"
ထို့နောက် သူမက ပုဆိန်ကြီးကို ဆုပ်ကိုင်ကာ လှုပ်ယမ်းလိုက် သော်လည်း ဘာမှ မထူးဆန်းလာခဲ့ပေ။ ထိုပုဆိန်ကြီးကို သူမက လက်ထဲသို့ ထည့်ပေးခဲ့ခြင်းဖြစ်ရာ တစ်ခုခု ဖြစ်မည်ဆိုလျှင် ဖြစ်နေလောက်ပြီပင်။
ကျန်းရှောင်ဖန်းသည် မြေပြင်ပေါ်တွင် ထိုင်နေရင်း ပိယောင်၏ ထူးဆန်းသော လုပ်ရပ်ကို ကြည့်ကာ ခေါင်းယမ်းလိုက်လေသည်။
ပိယောင် မျက်မှောင်ကြုတ်သွားပြီး ရေရွတ်လိုက်၏။
"ဘာလို့လဲ... ဒီမှာ ဖြစ်ရမှာလေ..."
သူမသည် အလျင်စလိုဖြစ်နေကာ လက်မောင်းထဲသို့ ခွန်အားပိုထည့်လိုက်လျက် ပုဆိန်ကြီးကို ရွှေ့လိုက်သည်နှင့်တစ်ပြိုင်နက် ကောင်းကင်ဝိဒျာရာဇာ၏ ညာဘက်လက်မှာလည်း ရွေ့လျားသွားလေတော့သည်။ ရုတ်တရက် လိုဏ်ဂူထဲတွင် လေးလံသော အသံကြီး ထွက်ပေါ်လာ၏။
ကျန်းရှောင်ဖန်း ထခုန်လိုက်ပြီး ပိယောင်မှာမူ ပျော်ရွှင်မှုများဖြင့် တောက်ပနေလေသည်။ သူတို့ အချင်းချင်း ကြည့်လိုက်ကြ၏။
ကျန်းရှောင်ဖန်းသည် ပိယောင်ထံသို့ ပြေးသွားကာ ပုဆိန်ကြီးကို မတင်ရန် ကူညီပေးလိုက်သည်။ ကောင်းကင်ဝိဒျာရာဇာ၏ အောက်သို့ကျနေသော ညာဘက်လက်မှာ လေထဲသို့ မြင့်တက်သွားလေတော့သည်။ ခဏအကြာတွင် နားကွဲမတတ် ကျယ်လောင်သော ပေါက်ကွဲသံကြီး တစ်ခု လိုဏ်ဂူထဲ၌ ဟိန်းထွက်သွား၏။
သူတို့ အံ့အားသင့်သွားကြပြီး ၎င်းမှာ သူတို့၏ အကြားအာရုံတွင် မိုးခြိမ်းသံ ဟိန်းဟောက်သွားသကဲ့သို့ပင်။ သူတို့သည် ချက်ချင်းပင် နားကို အုပ်လိုက်ကြ၏။
အတန်ကြာပြီးနောက် သူတို့၏ နားများ အူနေဆဲဖြစ်သော်လည်း ရုပ်တုများ၏ အနောက်ဘက်ရှိ ကြီးမားခိုင်မာသော ကျောက်နံရံကြီးမှာ ဘေးဘက်များသို့ ပွင့်ထွက်သွားကာ လမ်းကြောင်းတစ်ခု ပေါ်လာလေသည်။ ထိုနေရာတွင် အမည်မသိ အမှောင်ထုနှင့်အတူ အထက်သို့တက်သွားသည့် ကျောက်လှေကားတစ်ခု ရှိနေပေသည်။
ထို့နောက် ကျောက်ခန်းမမှာ ပြင်းထန်စွာ တုန်ခါလာ၏။ အပေါ်မှ ကျောက်တုံးများ ပြုတ်ကျလာလေသည်။ သူတို့သည် ဘာမှမပြောတော့ဘဲ ကျောက်လှေကားဆီသို့ တစ်ပြိုင်နက် ပြေးဝင်သွားလျက် အမှောင်ထုထဲသို့ ဝင်ရောက်သွားလေတော့သည်။
တကယ်တမ်းတွင် လွန်ခဲ့သော နှစ်ပေါင်းရှစ်ရာခန့်က နတ်ဆိုးဂိုဏ်းမှ သွေးသန့်စင်ဂိုဏ်းသည် ဤသွေးစက်ဂူကို တည်ဆောက်ခဲ့စဉ်က သူတို့ အားနည်းလာပါက ရန်သူများ၏ တိုက်ခိုက်ခြင်းကို ခံရနိုင်သည်ဟု ထည့်သွင်းစဉ်းစားခဲ့ကြရာ တောင်ကြီး၏ အတွင်းဘက်၌ လျှို့ဝှက်လမ်းကြောင်းတစ်ခုကို တည်ဆောက်ခဲ့ကြခြင်း ဖြစ်သည်။
အကယ်၍ ရန်သူများက တိုက်ခိုက်လာပါက သူတို့သည် ဤလမ်းကြောင်းကို အသုံးပြု၍ ထွက်ပြေးကြမည်ဖြစ်ပြီး ခဏအကြာတွင် သွေးစက်ဂူတစ်ခုလုံး ပြိုကျသွားကာ ရန်သူများနှင့် သွေးသန့်စင်ဂိုဏ်း၏ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကို အတူတကွ မြှုပ်နှံပစ်မည် ဖြစ်ပေသည်။
ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့သည် တတ်နိုင်သမျှ အမြန်ဆုံး ပြေးကြလေသည်။ အနောက်ဘက်မှ ကျယ်လောင်သော အသံကြီးများ ဆက်တိုက် ထွက်ပေါ်နေကာ ကျောက်တုံးများမှာလည်း လေထဲတွင် လွင့်စင်နေ၏။
အကယ်၍ သူတို့သာ အနည်းငယ် ခြေလှမ်းနှေးသွားပါက သေချာပေါက် သေဆုံးသွားမည်ပင်။ သူတို့၏ နောက်ဆုံးကျန်ရှိနေသော ခွန်အားလေးကို ခြစ်ထုတ်ကာ ရှေ့သို့ ပြေးကြရသည်။
သူတို့၏ ရှေ့တွင် အမှောင်ထုသာ ရှိနေလေ၏။ ဤကျဉ်းမြောင်းပြီး မှောင်မိုက်နေသော လျှို့ဝှက်လမ်းကြောင်းထဲတွင် သူတို့ မြေပြင်ပေါ်သို့ ဘယ်နှကြိမ် လဲကျကာ နံရံကို ဘယ်နှစ်ခါ ဝင်တိုက်မိသည်ကိုပင် မရေတွက်နိုင်တော့ပေ။
မြည်ဟိန်းနေသော ဆူညံသံကြီးများနှင့် ကျောက်တုံးများ လွင့်စင်နေသည့် အသံများကိုသာ သူတို့ ကြားနေရသည်။ ၎င်းမှာ ကုန်းဆန်းတောင် တစ်တောင်လုံး ဒေါသထွက်နေသကဲ့သို့ပင်။ သို့ရာတွင် နောက်ဆုံးအထိ ရှင်သန်လိုသော ဆန္ဒများကြောင့် သူတို့ရှေ့တွင် အလင်းရောင်များ ပေါ်လာသည်ကို မြင်တွေ့လိုက်ရလေတော့သည်။
လျှို့ဝှက်လမ်းကြောင်း၏ ဝင်ပေါက်မှာ တောင်၏ အနောက်ဘက်ရှိ ချောက်ကမ်းပါးတစ်ခုအောက်တွင် တည်ရှိသည်။ ဤနေရာသည် သစ်တောများ ထူထပ်ကာ အလွန်ကောင်းမွန်စွာ ပုန်းကွယ်နေသဖြင့် နှစ်ပေါင်းရှစ်ရာတိုင်တိုင် မည်သူမျှ မတွေ့ရှိခဲ့သည်မှာ အံ့ဩစရာ မဟုတ်ပေ။ ယနေ့ခေတ် သွေးသန့်စင်ဂိုဏ်းပင်လျှင် ဤနေရာအကြောင်းကို သိရှိနိုင်မည် မဟုတ်ချေ။
ကျန်းရှောင်ဖန်းနှင့် ပိယောင်တို့သည် ယိုင်နဲ့စွာဖြင့် အပြင်သို့ ပြေးထွက်လာခဲ့ကြပြီး သူတို့ မြေပြင်ပေါ်သို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက်တည်းမှာပင် "ဘုန်း" ဟူသော အသံကြီးနှင့်အတူ ပေါင်ထောင်ချီလေးသော ကျောက်တုံးကြီးများ ပြုတ်ကျလာကာ ဖုန်များအုံ့ဆိုင်းလျက် ဝင်ပေါက်ကို ပိတ်ဆို့သွားလေတော့သည်။ ယနေ့မှစ၍ တောင်ကြီး၏ အတွင်းပိုင်းရှိ လျှို့ဝှက်ချက်များကို မည်သူမျှ မြင်တွေ့နိုင်တော့မည် မဟုတ်ပေ။
မြေပြင်ပေါ်တွင် လှဲလျောင်းနေရင်း ကျန်းရှောင်ဖန်းမှာ အသက်ကို ပြင်းပြင်းရှူနေရ၏။ သူ၏ လက်များက စိုစွတ်နေသော မြက်ခင်းစိမ်းများကို ဆုပ်ကိုင်ထားသည်။
သေမင်း၏ နှုတ်ခမ်းဝမှ ပြေးလွှားရသည့် ဤအတွေ့အကြုံမှာ အမှန်တကယ်ပင် အသက်ရှူရခက်စေသည်။ အတန်ကြာပြီးနောက် သူ၏ စိတ်မှာ ဖြည်းညင်းစွာ ပြေလျော့သွား၏။
သူသည် ခေါင်းမော့ကာ ဘေးဘက်သို့ ကြည့်လိုက်ရာ ပိယောင်က သူ၏ဘေးတွင် ရှိနေသည်ကို မြင်လိုက်ရသည်။ သူမ၏ ဖြူလွှသော မျက်နှာပေါ်တွင် ဖုန်မှုန့်ပါးပါးလေးများ တင်နေလျက် ကျန်းရှောင်ဖန်း၏ အကြည့်ကို သတိထားမိသွား၍ လှည့်ကြည့်လာလေသည်။
ကံဆိုးမိုးမှောင်ကျမှုမှ လွတ်မြောက်ပြီးနောက် သူတို့၏ မျက်နှာပေါ်တွင် ပျော်ရွှင်မှုတို့ဖြင့် ပြည့်နက်လာသည်။ ပိယောင်၏ နှုတ်ခမ်းများ လှုပ်ရှားသွားပြီး သူမ၏ မျက်လုံးများထဲတွင် မျက်ရည်များ စီးဆင်းနေကာ မှုန်ဝါးနေသော်လည်း သလင်းကျောက်နှင့် တူနေသည်။
သူမက ရှိုက်သံနှင့်အတူ အော်ဟစ်ပျော်ရွှင်လိုက်၏။ အဆုံးမရှိ ကြီးမားလှသော ဖိအားများမှ လွတ်မြောက်လာသည့် ခံစားချက်ကြောင့် အခြားအရာများကိုပင် မစဉ်းစားနိုင်တော့ပေ။
ကောင်းကင်ကြီးက အလွန်ပြာလဲ့ကာ တောင်တန်းကြီးက အလွန်မြင့်မားကြောင်းကိုသာ ခံစားနေရလေသည်။ နူးညံ့သော လေပြေလေညင်းများ၊ အစိမ်းရောင် ဖုံးလွှမ်းနေသော တောင်တန်းကြီး၊ ရစ်ဝဲနေသော အစိမ်းရောင် ပုံရိပ်လေး၊ သစ်ပင်များ၏ နွေဦးရာသီ၊ ဤကမ္ဘာလောက၏ နေရာတိုင်းတွင် နှလုံးသားကို ထိရှစေသော လှပသည့် ရှုခင်းများဖြင့် ပြည့်နှက်နေပေသည်။
"ကျွန်မတို့... ကျွန်မတို့ အသက်ရှင်ပြီ။"
သူမက စိမ်းလန်းသော တောင်တန်းများနှင့် ပြာလဲ့သော ကောင်းကင်ကြီးကို ကြည့်ကာ အော်ဟစ်ပျော်ရွှင်လိုက်လေသည်။
ကျန်းရှောင်ဖန်းသည် သူမ၏ ဘေးတွင် ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူမက လက်နှစ်ဖက်ကို ဖြန့်ကာ ကမ္ဘာပေါ်တွင် အလှပဆုံးသော အပြုံးဖြင့် တောက်ပနေသည်ကို ကြည့်နေမိတော့သည်။
တဖျောက်ဖျောက် မြည်သံများကြားတွင် ထင်းများမှာ မီးတောက်လောင်နေ၍ မီးခိုးငွေ့လေးများ ထွက်ပေါ်လာ၏။ ပိယောင်သည် မီးပုံဘေးတွင် ထိုင်နေကာ ကျန်းရှောင်ဖန်းက သူယခုလေးတင် ဖမ်းမိလာသော ယုန်တစ်ကောင်ကို သန့်စင်ပြီးနောက် သစ်ကိုင်းထူထူတစ်ခုဖြင့် ထိုးဖောက်ကာ မီးပေါ်တွင် ကင်နေသည်ကို ကြည့်နေလေသည်။
မီးကင်လိုက်သည်နှင့်အမျှ ယုန်သားမှာ တဖြည်းဖြည်း ရွှေဝါရောင်အဖြစ်သို့ ပြောင်းလဲသွားသည်။ အဆီများက အောက်သို့ တစ်စက်စက်ကျ နေလေသည်။
သစ်တောထဲတွင် ထိုသို့သော မွှေးပျံ့သည့်ရနံ့များက လေထဲတွင် အဝေးသို့တိုင် ပျံ့လွင့်သွား၏။ ပိယောင်သည် လိုဏ်ဂူထဲကတည်းက ဆာလောင်နေခဲ့သဖြင့် သူမ၏ သွားရည်များကို မထိန်းနိုင်တော့ပေ။
သို့ရာတွင် ကျန်းရှောင်ဖန်းကမူ အလျင်စလို မဖြစ်ချေ။ သူသည် တစ်ချက်ကြည့်လိုက်ပြီးနောက် ထုံးစံအတိုင်း သူ၏ ခါးပေါ်သို့ လက်တင်လိုက်ရာ ရုတ်တရက် လန့်သွားပြီးနောက် ပျော်ရွှင်မှုများဖြင့် တောက်ပသွားလေသည်။
ပိယောင်က မေးလိုက်၏။
"ဘာဖြစ်လို့လဲ။"
ကျန်းရှောင်ဖန်းသည် သူ၏ ခါးမှ အိတ်ငယ်လေးတစ်ခုကို ပျော်ရွှင်စွာ ထုတ်ယူလိုက်ပြီး ပြုံးကာ ပြောလိုက်သည်။
"ရိက္ခာတွေ ပျောက်သွားပေမဲ့ ဒါက ရှိနေသေးမယ်လို့ ထင်မထားဘူး။ အရင်ရက်တွေတုန်းက ဒါကို သတိမထားမိဘူး ဖြစ်နေတာ။"
ပိယောင်သည် ထိုအိတ်ငယ်လေးဆီသို့ လှမ်းကြည့်လိုက်၏။ ကျန်းရှောင်ဖန်းက အိတ်ကို ဂရုတစိုက် ဖွင့်လိုက်သည်။ ထိုအထဲတွင် ပုလင်းငယ်လေးများစွာ ရှိနေပေသည်။
သူမက စူးစမ်းလိုစိတ်ဖြင့် ၎င်းတို့ကို ထုတ်ယူကာ နမ်းကြည့်လိုက်၏။ သူမ မှင်သက်သွားပြီးနောက် ကျန်းရှောင်ဖန်းကို ကြည့်ကာ စကားပင် မပြောနိုင်တော့ချေ။
"ဒါ... ဒါတွေက ဆားနဲ့ ဟင်းခတ်အမွှေးအကြိုင်တွေပဲ..."
ကျန်းရှောင်ဖန်းမှာ အပြုံးများဖြင့် ပြည့်နှက်နေပြီး ပြောလိုက်လေသည်။
"ဟုတ်တယ်... တောင်ပေါ်က ဆင်းလာတုန်းက ဒါတွေကို ယူလာခဲ့တာ။ အပြင်ဘက်မှာ စခန်းချဖို့ လိုလာခဲ့ရင် ကောင်းကောင်းမွန်မွန် တစ်ခုခု လုပ်စားလို့ရအောင်လို့လေ။ ဒီနေ့မှ တကယ် အသုံးဝင်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး။"
ပိယောင်သည် ကျန်းရှောင်ဖန်းကို ထက်အောက်ကြည့်လိုက်ရာ ဘာမှမပြောနိုင်တော့ပေ။ သူက ယုန်သားပေါ်သို့ ဟင်းခတ်အမွှေးအကြိုင် သို့မဟုတ် ဆားများကို ဂရုတစိုက် ဖြူးချပြီးနောက် တုတ်ကို ဖြည်းညင်းစွာ လှည့်နေသည်ကိုသာ ကြည့်နေမိတော့သည်။
လေထဲတွင် မွှေးပျံ့သောရနံ့များက ပို၍ လေးလံသိပ်သည်းလာ၏။ တရားလမ်းမှန်ကျင့်ကြံသူ တစ်ယောက်က သူတို့နှင့်အတူ ဟင်းခတ်အမွှေးအကြိုင်များကို သိမ်းဆည်းထားသည်ကို သူမ တစ်ခါမျှ မမြင်ဖူးခဲ့ပေ။
သူက နာမည်ကြီး ဂိုဏ်းတစ်ခု၏ တပည့်တစ်ယောက်ထက် စားဖိုမှူးတစ်ယောက်နှင့် ပို၍တူနေပေသည်။
အချိန်အနည်းငယ် ကြာပြီးနောက် ကျန်းရှောင်ဖန်းသည် ရှေ့သို့ ကိုင်းကာ အနံ့ခံလိုက်ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။
"ကဲ... မင်း အခု စားလို့ရပြီ။"
စောင့်ဆိုင်းနေရသဖြင့် ပိယောင်မှာ စိတ်မရှည်နိုင်တော့ပေ။ မွှေးပျံ့သော ရနံ့များက သူမ၏ ခန္ဓာကိုယ်ရှိ ချွေးပေါက်တိုင်းထဲသို့ ဝင်ရောက်သွားသကဲ့သို့ပင်။
တစ်ချက် အနံ့ခံလိုက်ပြီးနောက် သူမ၏ ခန္ဓာကိုယ်မှာ လွင့်မျောနေသကဲ့သို့ အလွန်ပေါ့ပါးသွား၏။ သူမ၏ ပါးစပ်ကိုမူ ဖော်ပြရန်ပင် မလိုအပ်တော့ချေ။
အကယ်၍ သူမသာ ဂရုတစိုက် ဖုံးကွယ်မထားပါက သူမ၏ ဗိုက်ထဲမှ အသံမြည်နေသည်ကိုပင် ထိုကောင်လေးက ကြားနိုင်လောက်ပေသည်။
ကျန်းရှောင်ဖန်းက နောက်ဆုံးတွင် သနားကြင်နာစွာဖြင့် ရပြီဟု ပြောလိုက်သည်ကို ကြားလိုက်ရချိန်၌ သူမရှေ့ရှိ ရွှေဝါရောင် မွှေးပျံ့နေသော ယုန်ကင်ကြောင့် သူမ၏ သွားရည်များပင် ကျလုမတတ် ဖြစ်သွားရ၏။ သူမက လက်ကို ဆန့်ထုတ်လိုက်လျက် သတိမထားမိလိုက်ပေ။
သူမက ၎င်းကို ထိလိုက်ချိန်တွင် "အား" ဟု အော်လိုက်ပြီး လက်ကို ပြန်ရုတ်လိုက်ရလေသည်။ သူမ အပူလောင်သွားခြင်းပင်။
ကျန်းရှောင်ဖန်းက ပြုံးလိုက်၏။
"လောမနေနဲ့ဦး။"
ထို့နောက် သူက သစ်ကိုင်းဖြင့် မီးကို ဖယ်ရှားလိုက်ပြီး အဆီများ အောက်သို့ကျသွားရန် စောင့်နေလိုက်သည်။ ယုန်သား အနည်းငယ် အေးသွားသောအခါ သူက ယုန်ပေါင်တစ်ချောင်းကို ဂရုတစိုက် ဖဲ့ယူကာ ပိယောင်ကို ကမ်းပေးရင်း ပြုံးလိုက်လေသည်။
"ရော့။"
ပိယောင်သည် ချက်ချင်းပင် လက်ကို ဆန့်ထုတ်ကာ ယုန်သားကို ယူလိုက်၏။ သူမ ပါးစပ်ဟလိုက်ချိန်တွင် ကျန်းရှောင်ဖန်း၏ ကြင်နာတတ်သော အပြုံးကို မြင်လိုက်ရပြီး သစ်ရွက်များကြားမှ ဖြတ်သန်းလာသော နေရောင်ခြည်က သူ၏ မျက်နှာပေါ်သို့ ကျရောက်နေရာ ၎င်းမှာ အလွန်နွေးထွေးလှပေသည်။
သူမ၏ မျက်နှာမှာ ရုတ်တရက် နီမြန်းသွားကာ ကျန်းရှောင်ဖန်းဘက်ကို ကျောခိုင်းလိုက်ပြီးနောက် စတင်စားသောက်လေတော့သည်။ ကျန်းရှောင်ဖန်းမှာ လန့်သွားသော်လည်း ဂရုမစိုက်တော့ပေ။
သူသည်လည်း ဆာလောင်မွတ်သိပ်နေပြီဖြစ်ရာ နောက်ထပ် ယုန်ပေါင်တစ်ချောင်းကို ဖဲ့ယူကာ မြိန်ရှက်စွာ စားလိုက်လေသည်။
သူ စားနေစဉ်တွင် ပိယောင်က ပြန်လှည့်လာပြီး သူ့ကို ကြည့်နေသည်ကို ရုတ်တရက် မြင်လိုက်ရာ သူက မေးလိုက်သည်။
"ဘာဖြစ်လို့လဲ... အရသာ ရှိရဲ့လား။"
ပိယောင်မှာ ရှက်သွေးဖြာနေ၍ သစ်တောထဲမှ လေပြေလေညင်းလေးများက သူမ၏ နူးညံ့သော ဆံပင်များကို ညင်သာစွာ လွင့်ဝဲစေပြီး သူမ၏ ဖြူလွှသော မျက်နှာလေးကို ထိတွေ့သွားလေသည်။
"အရမ်း အရသာရှိတာပဲ... အမ်း..."
ကျန်းရှောင်ဖန်းက မေးလိုက်၏။
"ဘာဖြစ်လို့လဲ။"
ပိယောင်က ဆိုသည်။
"...ကျွန်မ စားလို့ ကုန်သွားပြီ။"
သူမ၏ မျက်နှာလေးသည်လည်း နူးညံ့စွာ ရှက်သွေးဖြာနေ၏။ ကျန်းရှောင်ဖန်း၏ ပါးစပ်မှာ ပွင့်ဟသွားပြီး သူ ပြုစားခံလိုက်ရလေပြီ။
ပိယောင်က ခေါင်းငုံ့သွားကာ သူတို့ကြား တိတ်ဆိတ်သွား၏။ အတန်ကြာပြီးနောက် ကျန်းရှောင်ဖန်းက ရုတ်တရက် သတိဝင်လာလေသည်။
"အာ..."
သူ၏ နဖူးတွင် ချွေးများထွက်လာကာ လျှာများ အာခေါင်သို့ ကပ်သွားပြီး စကားတစ်ခွန်းပင် မပြောနိုင်တော့ပေ။
"ငါ... ငါ မမြင်လိုက်ဘူး... မဟုတ်ဘူး... မင်းကြည့်... ငါ... အာ... မဟုတ်ဘူး... အာ... ရော့။"
ထို့နောက် သူက မျက်လုံးစုံမှိတ်လိုက်ပြီး သူ၏ ယုန်ပေါင်ကို သူမထံသို့ ကမ်းပေးလိုက်သော်လည်း မျက်လုံးများကို ဖွင့်ရန်မူ သတ္တိမရှိခဲ့ပေ။
သို့ရာတွင် အတန်ကြာသည်အထိ ပိယောင်က မည်သည့်လှုပ်ရှားမှုမျှ မလုပ်ခဲ့ချေ။ ကျန်းရှောင်ဖန်းက သတ္တိမွေးကာ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်ကြည့်လိုက်၏။
ပိယောင်က သူ့ကို ကြည့်နေပြီး သူမ၏ မျက်လုံးလေးများမှအစ နူးညံ့စွာ ပြုံးနေလေသည်။ ကြင်နာ၍ ချစ်ဖွယ်ကောင်းသော အမူအရာများဖြင့် သူမက တိုးညင်းစွာ အပြုံးလေးဖြင့် ပြောလိုက်လေသည်။
"ရှင်က ဒါကို ကျွန်မအတွက် စားဖို့ ပေးတာလား။"
ကျန်းရှောင်ဖန်းမှာ ဇဝေဇဝါဖြစ်သွားကာ သူ၏ လက်ဆီသို့ လှမ်းကြည့်လိုက်၏။ သူ၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားပြီး ဖုံးကွယ်စရာ နေရာပင် မရှိတော့ချေ။
သူ၏ ညာဘက်လက်က ပိယောင်ထံသို့ သူ တစ်ဝက်စားထားသော ယုန်ပေါင်ကို ကမ်းပေးထားခြင်း ဖြစ်သည်။ ကျန်နေသေးသော ယုန်သားများမှာ သူ၏ ဘေးရှိ ဘယ်ဘက်လက်ထဲတွင် ရှိနေ၏။
"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး..."
ကျန်းရှောင်ဖန်းမှာ အလွန်ရှက်ရွံ့သွားရ၏။ သူက ယုန်ပေါင်ကို အမြန်ပြန်ရုပ်လိုက်ပြီးနောက် ရှက်ရွံ့စွာဖြင့် ကျန်နေသေးသော ယုန်သားများကို သူမထံသို့ ကမ်းပေးလိုက်လျက် ပါးစပ်မှလည်း ရေရွတ်နေလေသည်။
"ငါက... ငါက..."
"ငါသိပါတယ်။”
ပိယောင်က ယုန်သားကို ယူလိုက်ပြီးနောက် အသားအချို့ကို ဖဲ့ကာ ပါးစပ်ထဲသို့ ထည့်ပြီး ညင်သာစွာ ဝါးလိုက်လေသည်။
"အရမ်း အရသာရှိတာပဲ။ ကျွန်မဘဝမှာ စားဖူးရသမျှထဲမှာ ရှင်ကင်ထားတဲ့ ဒီယုန်သားက အရသာအရှိဆုံးပဲ။"
ကျန်းရှောင်ဖန်း၏ နှလုံးသားမှာ လှုပ်ရှားသွား၏။ ပိယောင်၏ လှပပြီး ကျက်သရေရှိသော မျက်နှာလေးက အပြုံးများအပြင် လေးနက်စွာဖြင့် ပြောဆိုနေခြင်းပင်။
သူ၏ နှလုံးသားမှာ ယိမ်းယိုင်သွားကာ သူမကို ဆက်မကြည့်တော့ဘဲ ကျန်နေသေးသော ယုန်ပေါင်ကို စားရန်သာ အာရုံစိုက်လိုက်တော့သည်။
ထိုယုန်ကင်မှာ မကြာမီမှာပင် ဆာလောင်နေသူနှစ်ဦး၏ လုံးဝရှင်းလင်းခြင်းကို ခံလိုက်ရ၏။ လိုဏ်ဂူထဲသို့ ရောက်သည့်နေ့မှစ၍ ပထမဆုံး အစားအစာကို စားသုံးရခြင်းမှာ အမှန်တကယ်ပင် ကြီးကျယ်ခမ်းနားသောအရာ တစ်ခုဖြစ်ပေသည်။
ပိယောင်က စမ်းချောင်းတစ်ခုကို တွေ့ရှိခဲ့သည်။ သူတို့နှစ်ဦး ရေဆေးကြောလိုက်ပြီးနောက် ပင်ပန်းနွမ်းနယ်လာကြ၏။ လိုဏ်ဂူထဲတွင် အလွန်စိတ်ဓာတ်ကျခဲ့ရပြီး ယခု သေမင်း၏ နှုတ်ခမ်းဝမှ လွတ်မြောက်လာပြီဖြစ်ရာ နောက်ဆုံးတွင် စိတ်အေးလက်အေး နေနိုင်သွားသဖြင့် ပင်ပန်းနွမ်းနယ်မှုများကလည်း သူတို့ထံသို့ ရောက်ရှိလာလေတော့သည်။
ပိယောင်သည် ပြိုလဲသွားပြီး စမ်းချောင်းဘေးရှိ မြက်ခင်းစိမ်းလေးပေါ်တွင် အိပ်ပျော်သွား၏။ ကျန်းရှောင်ဖန်းသည်လည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားနေရသဖြင့် သူမ၏ ဘေးတွင် လှဲလျောင်းလိုက်သည်။
နေရောင်ခြည်က သူတို့အပေါ်သို့ ညင်သာစွာ ကျရောက်နေလေသည်။ ကျန်းရှောင်ဖန်းက လှည့်ကာ ပိယောင်ကို ကြည့်လိုက်၏။
ရေဆေးပြီးနောက် ပိယောင်၏ ဆံပင်များမှာ အနည်းငယ် ရှုပ်ပွနေဆဲဖြစ်သော်လည်း သူမ၏ မျက်နှာလေးမှာ နှင်းပွင့်ကဲ့သို့ ဖြူလွှနေသေးသည်။ သူမသည် မျက်လုံးများကို မှိတ်ကာ ထိုနေရာတွင် တိတ်ဆိတ်စွာ လှဲလျောင်းနေသည်။
လေပြေလေညင်းလေးများ ရောက်ရှိလာပြီး သူမ၏ ဆံပင်များကို လွင့်ဝဲစေ၏။ နေရောင်ခြည်အောက်တွင် ၎င်းက နူးညံ့သောအလင်းဖြင့် တောက်ပနေလေတော့သည်။
ရုတ်တရက် ပိယောင် အိပ်မက်မက်နေချိန်တွင် တစ်ခုခုကို သတိထားမိလိုက်သကဲ့သို့ပင်။ သူမက မျက်ခုံးပင့်လိုက်ပြီး သူမ၏ ညာဘက်လက်က ကျန်းရှောင်ဖန်းကို ဆုပ်ကိုင်ကာ အကျင့်ပါနေသကဲ့သို့ သူ၏ဘေးတွင် လှဲလျောင်းနေလေသည်။
သူမ၏ နှုတ်ခမ်းပေါ်တွင် နူးညံ့သော အပြုံးလေးတစ်ခု ရှိနေ၏။ ထို့နောက် သူမ ငြိမ်းချမ်းစွာ အိပ်ပျော်သွားလေတော့သည်။
ကျန်းရှောင်ဖန်းမှာ လန့်သွားသော်လည်း ပိယောင်၏ အားအင်ကုန်ခမ်းနေသော်ငြား လှပနေဆဲဖြစ်သည့် မျက်နှာလေးကို ကြည့်ကာ သူမ၏ လက်ကို ဖယ်ရှားရန် သတ္တိမရှိခဲ့သဖြင့် ထိုနေရာတွင် ငြိမ်သက်စွာ လှဲနေလိုက်ရာ ငိုက်မှေးလာလေသည်။ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး ပုံမှန်အတိုင်း အိပ်ပျော်သွားလေတော့သည်။
သစ်တောထဲမှ လေပြေလေးမှာ တိုးညင်းစွာ တိုက်ခတ်နေဆဲဖြစ်ပြီး သစ်ရွက်သစ်ကိုင်းများကို ဖြတ်သန်းသွားသလိုပင်။ တိတ်ဆိတ်စွာ စီးဆင်းနေသော စမ်းချောင်းလေးကို ဖြတ်သန်းသွားလျက် ရေလှိုင်းငယ်လေးများကို ထကြွစေပြီး နောက်ဆုံးတွင် ထိုလူငယ်နှစ်ဦးထံသို့ တိုက်ခတ်သွားလေတော့သည်။