← Chapters

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

အခန်း (၁၆၃-၁၆၄)

Vol. 17 Ch. 163-164

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၃

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ဂိုဏ်းချုပ်ချင်၏ ဆရာသခင်မှာ ကောယွဲ့ဖေးဖြစ်သည်။

ကောယွဲ့ဖေးသည် ရှန်ထျန်ဂိုဏ်းနှင့် ငြိမ်းချမ်းရေးယူရန် ပြင်ဆင်နေပြီး သူတို့ကို မှီခိုအားထားရမည့် အခြေအနေအထိ ရောက်ရှိသွားရန်ပင် ရည်ရွယ်နေ၏။ ထိုသို့သော ဆုံးဖြတ်ချက်မျိုးကို လင်းချန် လုံးဝ နားမလည်နိုင်ပေ။

လင်းချန်တစ်ယောက်တည်း နားမလည်ခြင်း မဟုတ်ပေ။ ချင်ဝူရွှမ်သည်လည်း ထိုနည်းတူ ခံစားနေရပြီး လေဟန်ဆိုလျှင် ထိုကိစ္စအတွက် ဒေါသပင် ထွက်နေ၏။

အဘယ်ကြောင့်ဆိုသော် လေချန်၏ မိဘနှစ်ပါးစလုံးသည် ရှန်ထျန်ဂိုဏ်းက ဖန်တီးခဲ့သည့် စစ်ပွဲအတွင်း သေဆုံးခဲ့ရသောကြောင့်ပင်။

လေဟန်က ရှုပ်ထွေးနေသည့် မျက်ဝန်းများဖြင့် သက်ပြင်းချလိုက်သည်။ "နတ်ဓားဂိုဏ်းထဲက အကြီးအကဲတွေနဲ့ အထွတ်အထိပ် အကြီးအကဲ အတော်များများက ဒီဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့ကြတယ်။ ဒါပေမဲ့ ကောယွဲ့ဖေးက သေခြင်းရှင်ခြင်းနယ်ပယ်ကို ရောက်သွားတော့ ကန့်ကွက်တဲ့အသံတွေကို ဖိနှိပ်ပစ်လိုက်နိုင်တာပေါ့။"

နတ်ဓားဂိုဏ်းနှင့် ရှန်ထျန်ဂိုဏ်းတို့သည် ကာလရှည်ကြာ စစ်မက်ဖြစ်ပွားခဲ့ပြီး နက်ရှိုင်းသည့် အမုန်းတရားများ ရှိနေခဲ့ကြသည်။ ယခုအခါ ကောယွဲ့ဖေးက ထိုအရာများကို လွယ်လွယ်ကူကူပင် လျစ်လျူရှုလိုက်ပြီ ဖြစ်၏။

အကယ်၍ ငြိမ်းချမ်းရေး ရယူရုံသက်သက်သာ ဖြစ်ပါက စစ်လက်နက်များကို ငြိမ်းချမ်းရေး လက်ဆောင်များအဖြစ် ပြောင်းလဲကာ ဂိုဏ်းနှစ်ခုကြား သွေးထွက်သံယိုမှုများကို အဆုံးသတ်လိုက်ခြင်းကို လက်ခံ၍ ရနိုင်သေး၏။ ထိုအရာသည် ကောင်းမွန်သည့် ကိစ္စရပ်တစ်ခု ဖြစ်ပေလိမ့်မည်။

သို့သော် ငြိမ်းချမ်းရေးယူသည် ဆိုသော်လည်း နတ်ဓားဂိုဏ်းက ရှန်ထျန်ဂိုဏ်းအပေါ် မှီခိုရမည့် အခြေအနေ ဖြစ်နေခြင်းကိုမူ လက်ခံရန် ခက်ခဲလှသည်။

ဦးလေးဖြစ်သူ၏ ပြောပြချက်အရ ဆရာသခင် ဘာကြောင့် တံခါးပိတ်ကျင့်ကြံနေရသည်ကို လင်းချန် နားလည်လိုက်၏။

အဘယ်ကြောင့်ဆိုသော် ဆရာသခင်၏ အမှန်တကယ် နယ်ပယ်မှာလည်း သေခြင်းရှင်ခြင်း နယ်ပယ်ဖြစ်ကြောင်း လင်းချန် ကောင်းစွာ သိရှိထားသောကြောင့်ပင်။

ကောယွဲ့ဖေးသည် သေခြင်းရှင်ခြင်း နယ်ပယ်သို့ ရောက်ရှိသွားပြီး ထိုသို့သော ဆုံးဖြတ်ချက်မျိုး ချမှတ်လိုက်သည်။ သူ့ဆရာသခင်နှင့် ဦးလေးဖြစ်သူတို့က ထိုအမြင်ကို ဆန့်ကျင်နေကြသည်မှာ သေချာ၏။

ထိုသို့သော အခြေအနေမျိုးတွင် နှစ်ဖက်စလုံး အရေးပါမှု တန်းတူညီမျှ ရှိစေရန်အတွက် ဝေဝူရွှမ်အနေဖြင့် သေခြင်းရှင်ခြင်း နယ်ပယ်မှ စွမ်းအားများကို ပြန်လည် ရယူရန်မှာ မဖြစ်မနေ လိုအပ်လာလေပြီ။

ချင်ဝူရွှမ်က လေးနက်သည့် မျက်နှာထားဖြင့် စူးစမ်းလိုစိတ် ဖြစ်ပေါ်လာသည်။ "အခုချိန်မှာ မင်းဆရာ အသက်ရှင်နေသေးတယ်ဆိုတာ ငါရယ် ၊ သခင်ကြီးလေရယ် ၊ လေချန်ရယ် ၊ တင်းကျစ်ရုံရယ်ပဲ သိကြတာ။ ကျန်တဲ့လူတွေကတော့ မင်းဆရာ သေပြီလို့ပဲ ထင်နေကြတုန်းပဲ။ ရှေးဟောင်းအမွေအနှစ် နယ်မြေကနေ ပြန်လာပြီးတဲ့နောက် မင်းထားခဲ့တဲ့ အစားထိုးရုပ်သေးကိုသုံးပြီး အသုဘအတု လုပ်ခဲ့ကြလို့လေ။"

"တကယ်ပါပဲ... မင်းထားခဲ့တဲ့ ရုပ်သေးရုပ်က တကယ့်လူနဲ့ အရမ်းတူတယ်။ အမှန်တရားကိုသာ မသိရင် မင်းဆရာရဲ့ အလောင်းလို့ပဲ ငါလည်း ထင်မိမှာ။ မင်း ဒါကို ဘယ်ကရခဲ့တာလဲ။"

အမှန်တရားကို သိချင်လွန်းသဖြင့် မျက်လုံးများ အရောင်တောက်နေသည့် ဦးလေးဖြစ်သူ ချင်ဝူရွှမ်ကို လင်းချန် လှည့်ကြည့်လိုက်သည်။ "ဦးလေး... ကျွန်တော်တို့ အရေးကြီးကိစ္စ ပြောနေတာလေ။ စကားလမ်းကြောင်း မလွှဲပါနဲ့။"

လင်းချန် သတိပေးလိုက်မှ ချင်ဝူရွှမ်လည်း သတိပြန်ဝင်လာပြီး ရှက်ကိုးရှက်ကန်းဖြင့် လက်ကာပြလိုက်သည်။ "ဟုတ်သားပဲ..."

ချင်ဝူရွှမ်ကို ကြည့်ပြီး လင်းချန် ကိုယ့်ဘာသာ သက်ပြင်းချလိုက်မိ၏။

သူပေးခဲ့သည့် သိုလှောင်လက်စွပ်ထဲ၌ ရုပ်သေးကိုယ်ခန္ဓာတစ်ခု ထည့်ပေးခဲ့သည်။ ထိုရုပ်သေးရုပ် အမျိုးအစားသည် ကျူးကော့မင် တီထွင်နေဆဲ လက်ရာမမြောက်သေးသော ပစ္စည်းတစ်ခုသာ ဖြစ်၏။ ဟွာရှာအင်ပါယာ၏ အထူးနည်းပညာ အထောက်အပံ့ မပါဝင်ပါက ထိုအရာသည် အလောင်းကောင်တစ်ခုထက် မပိုပေ။

အသုဘအတု ပြုလုပ်ရာတွင် အဆင်ပြေစေရန်အတွက် လင်းချန်က ကျူးကော့မင်အား သူ့ဆရာ ဝေဝူရွှမ်၏ ပုံစံအတိုင်း ရုပ်သေးရုပ်ကို ဖန်တီးခိုင်းခဲ့ခြင်း ဖြစ်သည်။

ရုပ်သေးရုပ်နှင့် သိုလှောင်လက်စွပ်အကြောင်း ပြောမိမှ လင်းချန် ရုတ်တရက် သတိရသွားသည်။ "ဒါနဲ့ ဦးလေး... ကျွန်တော် ပေးခဲ့တဲ့ ပစ္စည်းတွေရော ဘယ်လိုနေလဲ။"

လင်းချန် စိတ်ပူနေမှန်း သိသဖြင့် ချင်ဝူရွှမ်က စိတ်ချစေရန် ရှင်းပြလိုက်၏။ "စိတ်မပူပါနဲ့။ အဲဒါတွေက ငါ့ဆီမှာပဲ ရှိပါသေးတယ်။ တခြားဘယ်သူ့ကိုမှလည်း အသိပေးမထားသလို ထုတ်လည်း မသုံးရသေးပါဘူး။"

"ပြီးတော့ ဂိုဏ်းချုပ်ဟိုင်ဆီကိုလည်း ငါ တိတ်တဆိတ် ဆက်သွယ်ပြီး အခြေအနေကို ရှင်းပြထားတယ်။ သူပြောပုံအရတော့ ကမ်းရိုးတန်းဂိုဏ်းရဲ့ သဘောထားက မင်းအပေါ်မှာပဲ မူတည်တယ်တဲ့။"

ချင်ဝူရွှမ်၏ စကားကို ကြားသည့်အခါ လင်းချန် အနည်းငယ် အံ့ဩသွားသည်။ "ကျွန်တော့်အပေါ် မူတည်တယ် ဟုတ်လား။"

ချင်ဝူရွှမ်က ဟိုင်ရှောင်ယွင်၏ ဆုံးဖြတ်ချက်ကို အံ့ဩပုံမပေါ်ပေ။ "ဟုတ်တယ်။ ဂိုဏ်းချုပ်ဟိုင် ဒီလိုဆုံးဖြတ်တာ သဘာဝကျပါတယ်။ သူက သစ္စာတရားနဲ့ ဖြောင့်မတ်မှန်ကန်မှုကို အရမ်းတန်ဖိုးထားတဲ့ လူတစ်ယောက်လေ။"

"ဒီလောက်များတဲ့ အရင်းအမြစ်တွေကို ပေးခဲ့တာက မင်းလေ... ငါ မဟုတ်ဘူး၊ နတ်ဓားဂိုဏ်းလည်း မဟုတ်ဘူး။ ဒါကြောင့် ဂိုဏ်းချုပ်ဟိုင်က ဒီလိုသဘောထားမျိုး ဆက်ထားမှာ သေချာတာပေါ့။"

ထိုစကားကို ကြားသောအခါ လင်းချန် ကိုယ့်ဘာသာ ခေါင်းညိတ်လိုက်မိပြီး ဟိုင်ရှောင်ယွင်အပေါ် ထားရှိသည့် သူ၏ အမြင်များလည်း ပိုမိုကောင်းမွန်လာ၏။

တန်ယွမ်ဂိုဏ်း ဘဏ္ဍာတိုက်ထဲမှ ပစ္စည်းများသည် သူ့အမြင်တွင် သုတေသနပြုလုပ်ရန်သာ တန်ဖိုးရှိပြီး သုတေသန လုပ်ပြီးပါက သူတစ်ပါးကို ပေးလိုက်လျှင်လည်း ဆုံးရှုံးမှု မဟုတ်ပေ။ ထို့ပြင် မျက်နှာပင် ရစေနိုင်သေး၏။ ထို့ကြောင့် နောက်တစ်ကြိမ်ကျလျှင် ဂိုဏ်းချုပ်ဟိုင်ကို ပစ္စည်းအနည်းငယ် ထပ်ပေးသင့် ၊ မပေးသင့် စဉ်းစားနေမိသည်။

ဤနေရာသို့ ရောက်သောအခါ ချင်ဝူရွှမ်၏ မျက်နှာထား အနည်းငယ် လေးနက်သွား၏။ "ဓားနတ်ဘုရားဂိုဏ်းနဲ့ ပတ်သက်ရင်တော့ အခြေအနေက ဆင်တူပါပဲ။ မသေချာတဲ့ အချက်တစ်ခုက အထွတ်အထိပ် အကြီးအကဲတွေဘက်ကပဲ။ ဒီကိစ္စကို မင်း ပိုသတိထားဖို့ လိုလိမ့်မယ်။"

လေချန်က ယုံကြည်မှုအပြည့်ဖြင့် လက်ကာပြလိုက်၏။ "ဂိုဏ်းချုပ်ချင်... တကယ်တော့ ခေါင်းဆောင်ရဲ့ လုံခြုံရေးအတွက် စိတ်ပူစရာ မလိုပါဘူး။ ခေါင်းဆောင်ရဲ့ ရှေ့မှာ ကမ်းရိုးတန်း ပြည်နယ်တစ်ခုလုံးက ဘယ်သူမှ ပြိုင်ဘက် မဟုတ်ပါဘူး။"

လင်းချန် မည်မျှ ကြောက်စရာကောင်းကြောင်း လေချန် ကောင်းစွာ သိသည်။

လင်းချန်၏ ကိုယ်ပိုင်စွမ်းအား တစ်ခုတည်းကြောင့် မဟုတ်ပေ။ တစ်ကိုယ်တည်းဟု ထင်ရသည့် သူ့ခေါင်းဆောင်သည် အမှန်တကယ်တွင် တစ်ယောက်တည်း မဟုတ်ဘဲ အချိန်မရွေး မရေမတွက်နိုင်သော အင်အားကြီး မဟာမိတ်များကို ဆင့်ခေါ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်၏။

လင်းချန်က မျက်မှောင်ကြုတ်ပြီး သူ့ကို ဟန့်တားလိုက်သည်။ "လေချန်။"

လင်းချန်၏ မနှစ်သက်သည့် ပုံစံကို မြင်လိုက်ရသဖြင့် လေချန် လျှာထုတ်လိုက်ပြီး ဆက်မပြောရဲတော့ပေ။

မထွက်ခွာမီ ချင်ဝူရွှမ်က လင်းချန်ကို လေးနက်စွာ သတိပေးလိုက်သည်။ "ဘာပဲဖြစ်ဖြစ်... မင်းဆရာ တံခါးပိတ်ကျင့်ကြံတာ ပြီးဆုံးပြီး အရင်ကျင့်ကြံခြင်းအဆင့်ကို ပြန်မရမချင်း ကောပန်လီရဲ့ လူတွေနဲ့ မပတ်သက်မိအောင် ကြိုးစားပါ။ နားလည်လား။"

လင်းချန်က ခေါင်းညိတ်လိုက်၏။ "ဟုတ်ကဲ့... စိတ်မပူပါနဲ့ ဦးလေး။ ဘာက အရေးကြီးလဲဆိုတာ ကျွန်တော် သိပါတယ်။ ဘာပဲပြောပြော ကောပန်လီက ကောင်းကင်နယ်ပယ် ရောက်နေတဲ့သူလေ။ ကျွန်တော်က သူ့ပြိုင်ဘက်မှ မဟုတ်တာ။ ပြဿနာသွားရှာရင် ကျွန်တော်ပဲ နစ်နာမှာပေါ့။"

လင်းချန်၏ စကားကို ကြားသည့်အခါ လေချန်၏ မျက်နှာတွင် အံ့ဩမှုများ အထင်းသား ပေါ်လာသည်။ သူ့ခေါင်းဆောင်ကို ပထမဆုံးအကြိမ် မြင်ဖူးသကဲ့သို့ ထူးဆန်းသည့် အမူအရာဖြင့် ကြည့်နေမိ၏။

နောက်ဆုံးအကြိမ် သတိပေးပြီးနောက် ချင်ဝူရွှမ် လှည့်ထွက်သွားသည်။ "ကောင်းပြီလေ... မော်ချင်းတောင်မှာပဲ နေပြီး မင်းဆရာ ထွက်မလာမချင်း ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်နေလိုက်။"

လေဟန်သည်လည်း သူ့မြေးကို လင်းချန်နှင့် အတူထားခဲ့ပြီး ချင်ဝူရွှမ်နောက်သို့ လိုက်သွား၏။ လေချန်ကို လင်းချန်နှင့် အတူထားခဲ့ခြင်းသည် အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်သည်ဟု လေဟန် ယုံကြည်ထားသည်။

ချင်ဝူရွှမ်နှင့် လေဟန်တို့ ထွက်ခွာသွားသည်ကို လင်းချန် ပြုံး၍ နှုတ်ဆက်လိုက်ပြီးနောက် လေချန်က မနေနိုင်တော့ပေ။ "ခေါင်းဆောင်... ခုနက ဘာစကားကြီးလဲဗျာ။ သူ့ပြိုင်ဘက် မဟုတ်ဘူး ဟုတ်လား။ နောက်မနေပါနဲ့ဗျာ။ ခေါင်းဆောင်က ဘယ်လို သားရဲကောင်ကြီးလဲဆိုတာ ကျွန်တော် အသိဆုံးပါ။"

'ကောင်းကင်နယ်ပယ်... ပြိုင်ဘက် မဟုတ်ဘူးတဲ့လား။'

ချင်ဝူရွှမ်ရော လေဟန်ပါ ထိုစကားကို သဘာဝကျသည်ဟု ထင်ပြီး ယုံကြည်သွားကြသော်လည်း လေချန်ကတော့ လုံးဝ ယုံမည် မဟုတ်ပေ။

သူ့ခေါင်းဆောင်တွင် နိဗ္ဗာန်စွမ်းရည် နှစ်မျိုးနှင့် အမြွှာသိုင်းဝိညာဉ် ပါရှိသည့်အပြင် သိုင်းဝိညာဉ်အသွင်ပြောင်းခြင်းကိုပါ အသုံးပြုနိုင်၏။

ကောပန်လီက ကောင်းကင်နယ်ပယ် ရောက်နေသည် ဆိုလျှင်ပင် လေချန်၏ အမြင်၌မူ လင်းချန်၏ ပြိုင်ဘက် မဟုတ်ပေ။

ရှီဖေး သနားစဖွယ် ငိုကြွေးသွားသည်ကို ပြန်စဉ်းစားမိပြီး လင်းချန် ရယ်မောလိုက်သည်။ "ဟားဟား... ပြဿနာ မရှာဘူး ဟုတ်လား။ ငါ ခုနလေးတင် ကောပန်လီရဲ့ တပည့်နှစ်ကောင်ကို ရိုက်ပစ်ခဲ့တာလေ။ တစ်ကောင်ဆို ကလေးလေးလိုတောင် ငိုသွားသေးတယ်။"

လင်းချန်၏ စကားကို ကြားပြီး လေချန်လည်း လိုက်ရယ်လိုက်၏။ "ဟားဟား... သူ ငိုသွားတယ်... မဖြစ်နိုင်လိုက်တာ။"

လင်းချန်၏ မျက်နှာအမူအရာ ရုတ်တရက် ပြောင်းလဲသွားကာ အေးစက်စွာ ပြောလိုက်သည်။ "သွားစို့... ကောပန်လီရဲ့ ကျမ်းကျိန်ညီအစ်ကိုတွေထဲက ဝူ ဆိုတဲ့ကောင် ဘယ်မှာရှိလဲ သွားစုံစမ်းရအောင်။ ငါ ရှင်းစရာ ကိစ္စနည်းနည်း ရှိသေးတယ်။"

လေချန် အံ့ဩသွားသည်။ "ဟင်... ခေါင်းဆောင်... ကောပန်လီရဲ့ လူတွေကို ပြဿနာမရှာဘူးလို့ ဂိုဏ်းချုပ်ချင်ကို ကတိပေးလိုက်တယ် မဟုတ်လား။"

လင်းချန်က လေချန်ကို ဆွဲခေါ်ကာ ခြံဝင်းတံခါးဆီသို့ ဦးတည်သွားရင်း ရယ်မောလိုက်၏။ "ဟီးဟီး... ဦးလေးကို စတာပါကွာ။"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၃ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၄

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

နတ်ဓားဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားများ နေထိုင်ရာ အဆောက်အအုံများသည် တောင်ထိပ်များပေါ်၌ တစ်စုတစ်ဝေးတည်း တည်ရှိနေသည်။

ထိုအထဲမှ တောင်ထိပ်တစ်ခုပေါ်ရှိ ဂိုဏ်းသားအဆောင်များအနီး၌ လင်းချန် ပျံသန်းရေးစင်္ကြံလမ်း ဝင်ပေါက်တွင် ရပ်ကာ တစ်စုံတစ်ယောက်အား တိတ်ဆိတ်စွာ စောင့်ဆိုင်းနေ၏။

မကြာမီ ခပ်ပိန်ပိန်ဖြင့် အတွင်းစည်းဂိုဏ်းသားတစ်ဦးကို လေချန်က ခေါ်ဆောင်လာကာ လင်းချန်ရှိရာသို့ လျှောက်လာသည်။

လင်းချန်က ထိုဂိုဏ်းသားကို သေချာစွာ အကဲခတ်ကြည့်လိုက်၏။ ထိုဂိုဏ်းသား၏ အရှိန်အဝါမှာ သိပ်မပြင်းထန်လှသော်လည်း ဉာဏ်များမည့်ပုံ ပေါက်နေသည်။

"ခေါင်းဆောင်... သူက ယွမ်ရှောင်လင်တဲ့။ အတွင်းစည်းဂိုဏ်းသားတွေကြားမှာတော့ သတင်းအစုံဆုံးလို့ နာမည်ကြီးတယ်လေ။ သူ့ကိုမေးရင် သေချာပေါက် အဆင်ပြေမှာပါ"

လေချန်က ခပ်ပိန်ပိန်ဖြင့် ဂိုဏ်းသားကို ညွှန်ပြရင်း လင်းချန်အား ရှင်းပြလိုက်၏။ ယွမ်ရှောင်လင်က လင်းချန်အား အရိုအသေပေးလိုက်ပြီး ပြုံးဖြီးဖြီးဖြင့် ပြောလာသည်။

"ဟီးဟီး... လူငယ်ဧကရာဇ် လင်းချန်... ကျွန်တော်တို့ မတွေ့ဖြစ်တာ ၂ နှစ်တောင် ရှိပြီ။ ခင်ဗျားက ပိုပြီး ခန့်ညားလာပါလား"

"ငါ့ကို အရင်က တွေ့ဖူးလို့လား" ယွမ်ရှောင်လင်၏ စကားကြောင့် လင်းချန်က သိချင်စိတ်ဖြင့် မေးလိုက်၏။

"ကျွန်တော် နတ်ဓားဂိုဏ်းထဲ ရောက်နေတာ ၃ နှစ်ကျော်ပြီလေ။ ခင်ဗျားနဲ့ အစ်ကိုကြီးလေတို့ အသက်လုတိုက်ပွဲ ဖြစ်တုန်းက အစအဆုံး ကြည့်ခဲ့တာပါ" ယွမ်ရှောင်လင်က ဘေးနားရှိ လေချန်ကို ပြုံးကြည့်ရင်း ပြောလိုက်သည်။

"မင်းက သတင်းအစုံဆုံးလို့ လေချန်က ပြောတယ်။ မင်းမှာ ကောပန်လီနဲ့ သူ့လူတွေအကြောင်း သိထားတာတွေ ရှိလား" လင်းချန် မေးလိုက်၏။

"ကောပန်လီက ဘယ်လိုလူစားမျိုးလဲဆိုတာ လူတိုင်းသိပါတယ်။ သူ့အင်အားက ကောင်းကင်နယ်ပယ် အဆင့် ၅ မှာရှိတယ်။ သူ့ဘေးနားက လူတွေထဲမှာတော့ ကျမ်းကျိန်ညီအစ်ကို ၄ ယောက်က အရေးအပါဆုံးပဲ" ယွမ်ရှောင်လင်က စကားကို ခေတ္တရပ်လိုက်ကာ ဆက်မပြောတော့ဘဲ လင်းချန်ကို ပြုံး၍သာ ကြည့်နေသည်။

ယွမ်ရှောင်လင်၏ အမူအရာကို မြင်သောအခါ လင်းချန်က ခေါင်းခါရယ်မောလိုက်ပြီး ကျောက်စိမ်းပုလင်းတစ်လုံးကို ထုတ်ယူကာ သူ့ထံသို့ ပစ်ပေးလိုက်၏။

ယွမ်ရှောင်လင်က ပုလင်းကို အလျင်အမြန် လှမ်းဖမ်းလိုက်ပြီး အဖုံးကို ဂရုတစိုက်ဖွင့်ကာ အတွင်းသို့ မျက်လုံးတစ်ဖက်မှိတ်၍ ချောင်းကြည့်လိုက်သည်။

"တတိယအဆင့် အထက်တန်းစား ဆေးလုံးတစ်လုံးပဲ။ ကျင့်ကြံမှုကို အထောက်အကူပြုတယ်။ ဒီလောက်ဆိုရင် သတင်းဝယ်ဖို့ လုံလောက်မယ် ထင်တယ်နော်" လင်းချန်က ပြုံးရင်း ပြောလိုက်၏။

လင်းချန်၏ စကားကို ကြားသောအခါ ယွမ်ရှောင်လင်က ဆေးလုံးကို သေချာစွာ စစ်ဆေးကြည့်လိုက်ပြီး မှန်ကန်ကြောင်း အတည်ပြုလိုက်သည်။ "မဆိုးဘူး... လူငယ်ဧကရာဇ်က တကယ်ပဲ ရက်ရောတာပဲ... အဟီးဟီးဟီး"

ထိုသို့ပြောပြီးနောက် ယွမ်ရှောင်လင်က သူ၏ သိုလှောင်အိတ်ထဲမှ စာမျက်နှာ ဒါဇင်ချီ ပါဝင်သည့် စာအုပ်ငယ်တစ်အုပ်ကို ထုတ်ယူပြီး လင်းချန်ထံသို့ ကမ်းပေးလိုက်၏။

"ဒီထဲမှာ အချက်အလက်တွေ အသေးစိတ် ပါတယ်။ ဒါနဲ့ ကောပန်လီရဲ့ ပဉ္စမညီအစ်ကိုက ခင်ဗျားကို အသည်းအသန် ရှာနေတယ်နော်"

ပြောပြီးနောက် သကောင့်သားက ကျောက်စိမ်းပုလင်းကို ဂရုတစိုက် သိမ်းဆည်းကာ လျင်မြန်စွာ ထွက်ခွာသွားလေတော့သည်။

လင်းချန်သည်လည်း လက်ထဲရှိ စာအုပ်ငယ်ကို လှန်လှောဖတ်ရှုလိုက်၏။ အတွင်းရှိ အကြောင်းအရာများကို ရှင်းလင်းစွာ မြင်လိုက်ရသောအခါ အနည်းငယ် အံ့ဩသွားမိသည်။

အဘယ်ကြောင့်ဆိုသော် ဤစာအုပ်ငယ်ထဲတွင် ကောပန်လီနှင့် အခြားသူများ၏ နောက်ခံနှင့် အင်အားဆိုင်ရာ အချက်အလက်များသာမက သူတို့၏ ပုံတူများ ၊ နှစ်သက်မှုများနှင့် အသေးအဖွဲ အကျင့်စရိုက်များပါ ပါဝင်နေသောကြောင့်ပင်။

ဥပမာအားဖြင့် ကောပန်လီသည် အပန်းဖြေရန်အတွက် ချောမောလှပသည့် မိန်းမပျိုများကို ခေါ်ဆောင်လေ့ရှိကြောင်း ဖော်ပြထားပြီး သူ့ပုံတူကိုပါ ယှဉ်တွဲဖော်ပြထားသည်။

ပုံတူအရ ကောပန်လီသည် သိပ်ပြီးခန့်ညားပုံမရဘဲ ရုပ်ရည်မှာ သာမန်သာ ရှိ၏။ ထို့နောက်တွင်မူ ကောပန်လီ၏ ကျမ်းကျိန်ညီအစ်ကို ၄ ယောက်အကြောင်း ပါရှိသည်။

ကျမ်းကျိန်ညီအစ်ကို ၅ ယောက်အနက် ကောပန်လီက ခေါင်းဆောင်ဖြစ်သည်မှာ သဘာဝကျသော်လည်း လင်းချန်ကို အံ့ဩသွားစေသည်မှာ ကျန် ၄ ယောက်က ညီအစ်ကိုအရင်းများ ဖြစ်နေခြင်းပင်။

ဒုတိယညီအစ်ကို ချန်လုံသည် အသက် ၂၆ နှစ်ရှိပြီး ကောင်းကင်နယ်ပယ် အဆင့် ၄ သို့ ရောက်ရှိနေကာ ကောပန်လီပြီးလျှင် ဒုတိယအသန်မာဆုံး ဖြစ်၏။

တတိယညီအစ်ကို ချန်ဟူသည် အသက် ၂၅ နှစ်ရှိပြီး ကောင်းကင်နယ်ပယ် အဆင့် ၃ သို့ ရောက်ရှိနေသည်။

စတုတ္ထညီအစ်ကို ချန်ပေါင်မှာ အသက် ၂၄ နှစ်ရှိပြီး တတိယညီအစ်ကိုနည်းတူ ကောင်းကင်နယ်ပယ် အဆင့် ၃ ၌ ရှိနေ၏။

ပဉ္စမညီအစ်ကို ဝူချန်လန်ဆိုသူမှာ အသက် ၂၃ နှစ်ရှိပြီး ကောင်းကင်နယ်ပယ် အဆင့် ၂ သာ ရှိသဖြင့် အားအနည်းဆုံး ဖြစ်သည်။

ဤမျှ ငယ်ရွယ်သည့် အသက်အရွယ်ဖြင့် ကောင်းကင်နယ်ပယ် စိတ်ဝိညာဉ်သိုင်းပညာရှင်များ ဖြစ်လာကြသော ထိုညီအစ်ကို ၄ ယောက်သည် ကမ်းရိုးတန်းဒေသ တစ်ခုလုံး၌ အထူးချွန်ဆုံး ပါရမီရှင်များအဖြစ် သတ်မှတ်ခံထားကြရသည်။

ထို့ကြောင့်ပင် ဤလူများသည် နတ်ဓားဂိုဏ်းမှ ဂိုဏ်းသားများကို အလွန်အမင်း အထင်သေးကြခြင်း ဖြစ်၏။ သူတို့အမြင်တွင် ကမ်းရိုးတန်းဒေသဆိုသည်မှာ ဝေးလံခေါင်သီပြီး ဆင်းရဲမွဲတေသော တောနယ်တစ်ရပ်သာ ဖြစ်သည်။

ထို့အပြင် ကောပန်လီနှင့်အတူ နတ်ဓားဂိုဏ်းသို့ ရောက်လာကြသည့် အခြားသူများ၏ အချက်အလက်များလည်း ပါဝင်သေး၏။ ယွမ်ရှောင်လင် ပေးလိုက်သော စာအုပ်ငယ်ထဲ၌ ရှီညီအစ်ကိုများဖြစ်သည့် ရှီဟန်နှင့် ရှီဖေးတို့အကြောင်းကိုပါ လင်းချန် တွေ့လိုက်ရသည်။

လင်းချန် စာအုပ်ငယ်၏ အကြောင်းအရာများကို ဖတ်ရှုနေစဉ်မှာပင် စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ဖွဲ့စည်းထားသော တိုက်ခိုက်မှုတစ်ခုက သူ့ထံသို့ လေခွင်းသံနှင့်အတူ ပြေးဝင်လာ၏။

လင်းချန် ခေါင်းမော့လိုက်ပြီး သူ့ထံသို့ ပြေးဝင်လာသည့် ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။

ထို့နောက် လင်းချန်က ခရမ်းရောင်လျှပ်စီးတစ်ခုကို ဓားချီအသွင်ပြောင်းစေလိုက်ပြီး ရွှေရောင်စိတ်ဝိညာဉ်စွမ်းအင်ကို ပိုင်းဖြတ်ပစ်လိုက်၏။ အင်အားနှစ်ခု ထိပ်တိုက်တွေ့ဆုံမှုကြောင့် နှစ်ခုစလုံး လေထဲတွင် ပျောက်ကွယ်သွားကြသည်။

"မဆိုးဘူးပဲ။ ငါ ပေါ့ပေါ့ပါးပါး တိုက်ခိုက်လိုက်တာ ဖြစ်ပေမဲ့ မင်းလို တောဂိုဏ်းက ဂိုဏ်းသားတစ်ယောက်အနေနဲ့ ခုခံနိုင်တာ ဂုဏ်ယူစရာပဲ" ချီးကျူးသလိုလိုနှင့် အမှန်တကယ်တွင်မူ အထင်သေးလှောင်ပြောင်နေသော အသံတစ်သံ ဘေးဘက်မှ ထွက်ပေါ်လာ၏။

အသံလာရာသို့ ကြည့်လိုက်သောအခါ ရင်အုပ်ကျယ်ကျယ် ၊ ဆံပင်တိုတိုနှင့် ကိုယ်ကျပ်ရွှေဝါရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို တွေ့လိုက်ရသည်။

ယွမ်ရှောင်လင်၏ စာအုပ်ငယ်ထဲမှ ပုံတူကို မြင်ဖူးထားသဖြင့် ဤလူမှာ ဝူချန်လန်မှလွဲ၍ အခြားသူမဟုတ်ကြောင်း လင်းချန် ချက်ချင်း မှတ်မိလိုက်၏။

ဝူချန်လန်သည် သူ့အား အသည်းအသန် ရှာဖွေနေကြောင်း ယွမ်ရှောင်လင် ပြောခဲ့သည်ဖြစ်ရာ ယခုတော့ သူ့ကို တွေ့သွားခဲ့ပြီ ဖြစ်သည်။

"ကြည့်ရတာ ငါ့ကို ရှာနေတာနဲ့တူတယ်" လင်းချန်က လက်ထဲမှ စာအုပ်ငယ်ကို ပိတ်လိုက်ပြီး ညာဘက်လက်ဖြင့် ဆုပ်ကိုင်ကာ စွမ်းအင်သုံး၍ စာအုပ်ငယ်ကို အပိုင်းပိုင်းအစစ ဖြစ်သွားအောင် ချေမွပစ်လိုက်၏။

"ဟုတ်တယ်။ မင်းက တော်တော် သတ္တိရှိတဲ့ကောင်ပဲ။ အစ်ကိုကြီးကောရဲ့ လူတွေကိုတောင် လက်ပါရဲတယ်ပေါ့" ချန်လန်က လင်းချန်ကို သနားစရာကောင်းသည့်အရာတစ်ခုကို ကြည့်သကဲ့သို့ ကြည့်ကာ ပြောလိုက်သည်။

"ဒီနေ့ ငါ စိတ်ကြည်နေတယ်။ မင်းရဲ့ ကျင့်ကြံခြင်းကို မင်းဘာသာ ဖျက်ဆီး ၊ ရှီဟန်နဲ့ ရှီဖေးရှေ့မှာ ဒူးထောက်ပြီး ကိုယ့်ပါးကိုယ် အချက်တစ်ရာ ရိုက်။ ဒါဆိုရင် မင်းအသက်ကို ချမ်းသာပေးမယ်"

"နတ်ဓားဂိုဏ်းရဲ့ စည်းကမ်းတွေအရ ဂိုဏ်းသားတွေအချင်းချင်း ရန်ပွဲမဖန်တီးရဘူး။ ဖောက်ဖျက်ရင် ပြင်းပြင်းထန်ထန် အပြစ်ပေးခံရမယ်လို့ ဆိုထားတယ်။ ဒါ့အပြင် မင်းက ဂိုဏ်းသားတောင် မဟုတ်ဘူး။ ဧည့်သည်သက်သက်ပဲလေ။ မင်းသာ တဇွတ်ထိုး လုပ်ရဲရင် အခြေအနေက အဲ့ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူးနော်" ချန်လန်၏ စကားကို လင်းချန်က တည်ငြိမ်စွာပင် တုံ့ပြန်လိုက်၏။

"ဟားဟားဟား... နတ်ဓားဂိုဏ်းရဲ့ စည်းကမ်းတွေ ဟုတ်လား။ မင်းလို တောဂိုဏ်းသေးသေးလေးက ဂိုဏ်းသားတစ်ယောက်က ငါ့ကို စည်းကမ်းတွေအကြောင်း လာပြောရဲတယ်ပေါ့လေ။ မင်းကို ပြောပြမယ်... အစ်ကိုကြီးကော ပြောတာကမှ စည်းကမ်းပဲ။ ငါ့အစ်ကိုကြီးရဲ့ လူတွေကို ထိပါးတာက အင်မတန် ကြီးလေးတဲ့ ပြစ်မှုပဲကွ"

"ကောင်လေး... မင်းက အကောင်းပြောရင် နားမထောင်ဘဲ အကြမ်းဖက်မှ ကြိုက်တဲ့ကောင်ပဲ။ ကောင်းပြီလေ... ဒါဆို ငါကိုယ်တိုင်ပဲ မင်းရဲ့ ခြေလက်တွေကို ဖြတ်ပစ်မယ်။ မင်းကို ဒုက္ခိတ ဖြစ်အောင် လုပ်မယ်... ဟားဟားဟား"

ချန်လန်၏ မာန်မာနထောင်လွှားသည့် စကားများကြောင့် လင်းချန်၏ မျက်နှာထားမှာ မည်းမှောင်သွားတော့သည်။ အထူးသဖြင့် နောက်ဆုံးပြောလိုက်သည့် စကားက ခြေထောက်ဖြတ်ခံခဲ့ရသော ပိုင်ရန်ကို သတိရသွားစေ၏။

"ခေါင်းဆောင်... သူ့ကို ကျွန်တော်ပဲ ပညာပေးလိုက်ပါ့မယ်" လေချန်က လင်းချန်နားသို့ ကပ်လာပြီး ပြောလိုက်သည်။

လေချန် ရှေ့တိုးရန် ပြင်လိုက်စဉ်မှာပင် လင်းချန်က သူ့ကို လျင်မြန်စွာ ဖမ်းဆွဲလိုက်ပြီး ရှေ့ဆက်မတိုးရန် တားဆီးလိုက်၏။ "မလိုဘူး။ ဒီကောင်ကို ငါကိုယ်တိုင် ရှင်းမယ်"

လင်းချန်က ပြောလိုက်ပြီး ခြေလှမ်းအနည်းငယ် ရှေ့တိုးကာ သူ၏ သိုလှောင်အိတ်ထဲမှ ရွှေရောင်ကြိုးတစ်ချောင်းကို ထုတ်ယူလိုက်သည်။

လင်းချန်က ရွှေရောင်ကြိုးကို ထုတ်ပေးလိုက်ပြီး ဘေးနားရှိ လေချန်က ထိုကြိုးဖြင့် လင်းချန်၏ လက်များကို ချည်နှောင်ပေးနေသည်ကို မြင်လိုက်ရသဖြင့် ချန်လန်မှာ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။

"ကြည့်ရတာ အခြေအနေကို သဘောပေါက်သွားပုံရတယ်။ ဒါပေမဲ့ မင်းဘာသာ ကြိုးတုပ်လိုက်ရင်တောင်မှ ခုနက အစ်ကိုကြီးကောကို မလေးမစား လုပ်ခဲ့တာအတွက် ငါ လုံးဝ ခွင့်မလွှတ်နိုင်ဘူးကွ"

"မင်း နားလည်မှုလွဲနေပြီ" လေချန်က သူ၏ လက်များကို ချည်နှောင်ပေးပြီးနောက် လင်းချန် ကိုယ်ကို တစ်ပတ်လှည့်ကာ ရှေ့ရှိ ချန်လန်ကို ကြည့်လိုက်ပြီး ချည်နှောင်ထားသော လက်များကို မြှောက်ပြလိုက်သည်။

"မင်းက နတ်ဓားဂိုဏ်းရဲ့ ဧည့်သည်ပဲလေ။ မင်းကို လက်ပါရင် ရိုင်းရာကျသွားလိမ့်မယ်။ ဒါကြောင့် လက်မသုံးတော့ဘဲ ခြေထောက်ပဲသုံးပြီး ပညာပေးတော့မယ်"

ပြိုင်ဘက်ကင်း အင်ပါယာ။

စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၄ ပြီး။

ဘာသာပြန် - Author Ko Yoohtoo

True Immortal Team

All Chapters