အခန်း (၁၆၁-၁၆၂)
Vol. 17 Ch. 161-162
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၁
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ယီလင်းက မျက်ရည်များဝဲလျက် အပြစ်ရှိစိတ် နောင်တရစိတ်များဖြင့် ပြောသည်။ "သူ့ခြေထောက်တွေ အချိုးခံလိုက်ရတယ်... အိပ်ရာထဲ လဲနေရတော့တယ်... ညီမကြောင့်သာ မဟုတ်ရင် သူ ဒီလိုအဖြစ်ဆိုးနဲ့ ကြုံရမှာ မဟုတ်ဘူး။"
ယီလင်း၏ ရှိုက်သံများကြားမှတစ်ဆင့် ဖြစ်ပျက်ခဲ့သည့် အကြောင်းစုံကို လင်းချန် တဖြည်းဖြည်း နားလည်လာ၏။
သူ၏ ဆရာသခင် ဝေဝူရွှမ်နှင့် ဂိုဏ်းချုပ်ချင်တို့၏ ဆရာသခင်မှာ ယခင်ဂိုဏ်းချုပ်ဟောင်း ကောယွဲ့ဖေး ဖြစ်သည်။ သူသည် အဆင့်ချိုးဖျက်ရန် တံခါးပိတ်ကျင့်ကြံနေခဲ့ရာမှ ယခုအခါ အောင်မြင်စွာဖြင့် ပြန်ထွက်လာခဲ့ပြီ ဖြစ်၏။
ကောယွဲ့ဖေး၏ သားနှင့် ချွေးမသည် ရှေးဟောင်းအမွေအနှစ်နယ်မြေကို စူးစမ်းရှာဖွေရင်း မတော်တဆ သေဆုံးခဲ့ကြကာ ကောပန်လီ ဆိုသည့် ကလေးတစ်ယောက် ကျန်ရစ်ခဲ့သည်။ တစ်ဦးတည်းသော မြေးဖြစ်သူမို့ ကောယွဲ့ဖေးက အလွန် ချစ်ခင်မြတ်နိုးသလို ကောပန်လီကိုယ်တိုင်ကလည်း ပါရမီထူးချွန်၏။
ထို့ကြောင့် ငယ်စဉ်ကတည်းက ကမ်းရိုးတန်းပြည်နယ်အပြင်ဘက်သို့ စေလွှတ်၍ ကျင့်ကြံစေခဲ့သည်။
လွန်ခဲ့သည့် နှစ်အနည်းငယ် ၊ လင်းချန် ရှေးဟောင်းအမွေအနှစ်နယ်မြေထဲ ရောက်နေသော ၃ လခန့်အချိန်တွင် ကောပန်လီသည် လူဒါဇင်ပေါင်းများစွာကို ခေါ်ဆောင်ကာ ပြန်ရောက်လာခဲ့၏။
ထိုလူများထဲတွင် အားအနည်းဆုံးသူသည်ပင် နိဗ္ဗာန်နယ်ပယ် ခြောက်ဆင့်မြောက်တွင် ရှိကြပြီး အများစုမှာ နိဗ္ဗာန်နယ်ပယ် ရှစ်ဆင့်နှင့်အထက် ဖြစ်ကြသည်။ ထို့အပြင် ကောင်းကင်နယ်ပယ် အဆင့်ရှိသူ လေးယောက်ပင် ပါဝင်သေး၏။
ကောပန်လီကိုယ်တိုင်သည်လည်း အသက် ၂၇ နှစ်အရွယ်မျှသာ ရှိသေးသော်လည်း ကောင်းကင်နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ကောင်းကင်နယ်ပယ် ဆိုသည်မှာ ကမ်းရိုးတန်းပြည်နယ်၏ အထွတ်အထိပ် တိုက်ခိုက်ရေးစွမ်းအား ဖြစ်၏။ နိဗ္ဗာန်နယ်ပယ် ကိုးဆင့်နှင့် ကောင်းကင်နယ်ပယ် တစ်ဆင့်တို့ကြားရှိ ကွာခြားချက်မှာ ကြီးမားလွန်းလှပြီး နယ်ပယ်တက်လှမ်းရန် ခက်ခဲမှုမှာလည်း နှိုင်းယှဉ်၍ပင် မရနိုင်ပေ။
အသက် ၂၇ နှစ်ဖြင့် ကောပန်လီသည် ကောင်းကင်နယ်ပယ် ငါးဆင့်မြောက်သို့ ရောက်ရှိနေပြီဖြစ်ရာ သူ ပြန်ရောက်လာချိန်တွင် ဂိုဏ်းတစ်ခုလုံး တုန်လှုပ်သွားခဲ့ရသည်။
ဂိုဏ်းချုပ်ဟောင်း ကောယွဲ့ဖေး၏ ကျောထောက်နောက်ခံနှင့် သူ၏ ထူးကဲသည့် စွမ်းအားများကြောင့် ဂိုဏ်းအတွင်း၌ ကောပန်လီကို ယှဉ်နိုင်သူ မရှိတော့ပေ။ အတွင်းစည်းတပည့်များ၏ အထက်တွင် အဓိကတပည့်များ ရှိသော်လည်း အတော်ဆုံးသူသည်ပင် ကောင်းကင်နယ်ပယ် သုံးဆင့်သာ ရှိသေးရာ ကောပန်လီ၏ ပြိုင်ဘက် မဟုတ်ပေ။
ထို့ကြောင့် အဓိကတပည့်များကြားတွင် ကောပန်လီသည် ခေါင်းဆောင်တစ်ဦးသဖွယ် ဖြစ်လာခဲ့၏။
ကောပန်လီ ခေါ်ဆောင်လာခဲ့သည့် ရှီဟန်နှင့် ရှီဖေးတို့ ညီအစ်ကိုသည် ကောပန်လီကို အားကိုးကာ ဗိုလ်ကျအနိုင်ကျင့်ကြသည်။ ထို့အပြင် ထိုလူများ၏ ကြောက်မက်ဖွယ် စွမ်းအားများကြောင့် နတ်ဓားဂိုဏ်းသား အများအပြားမှာ ဒေါသထွက်ကြသော်လည်း ထုတ်ဖော် မပြောဆိုရဲကြပေ။
ယီလင်းကို ရှီဟန်နှင့် ရှီဖေး ညီအစ်ကိုနှစ်ယောက် လိုက်လံနှောင့်ယှက်ရခြင်းမှာ သူမ၏ အလှအပကို မက်မောပြီး သိမ်းပိုက်လိုသည့်အတွက် ဖြစ်၏။ သို့သော် ယီလင်းက သူတို့ကို လုံးဝ ဂရုမစိုက်ဘဲ လျစ်လျူရှုထားခဲ့သဖြင့် ညီအစ်ကိုနှစ်ယောက်သည် သူမအား အတင်းအဓမ္မ စော်ကားရန် ကြိုးစားလာကြသည်။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း ယီလင်းနှင့် မေတ္တာမျှခဲ့သော ပိုင်ရန်သည် ဘာရှန်းမြို့သို့ ပြန်၍ လက်ထပ်ရန် စီစဉ်နေသူ ဖြစ်၏။ ယီလင်းသည် ပိုင်ရန်နှင့် စေ့စပ်ထားသူ ဖြစ်သည်ဟု ဆိုနိုင်သည်။
သူ၏ ချစ်သူ စော်ကားခံရသည်ကို မြင်သည့်အခါ ပိုင်ရန် မည်သို့ သည်းခံနိုင်မည်နည်း။ သို့သော် သူ၏ ကျင့်ကြံဆင့်မှာ နိဗ္ဗာန်နယ်ပယ် သုံးဆင့်သာ ရှိသေးသဖြင့် ရှီဟန်တို့ကို မယှဉ်နိုင်ဘဲ ရှုံးနိမ့်ခဲ့ရသည်။
ကောပန်လီနှင့် သူ့လက်အောက်မှ ကောင်းကင်နယ်ပယ် ပညာရှင်လေးဦးသည် ကျမ်းကျိန်ညီအစ်ကိုများ ဖြစ်ကြပြီး ထိုအထဲမှ ပဉ္စမမြောက်ညီအစ်ကို ဖြစ်သူ ဝူ ဆိုသူမှာ ထိုနေရာသို့ မတော်တဆ ရောက်ရှိလာခဲ့၏။
ကောပန်လီ၏ ကျမ်းကျိန်ညီအစ်ကို ဝူ၏ အဆိုအရ ရှီဟန်နှင့် ရှီဖေးသည် သူတို့၏ လူများဖြစ်ပြီး နတ်ဓားဂိုဏ်းမှ အတွင်းစည်းတပည့်များမှာ ပုရွက်ဆိတ်များသာ ဖြစ်၍ သူတို့ကို ပြန်လည် တိုက်ခိုက်ရန် အရည်အချင်း မရှိဟု ဆို၏။
ထို့ကြောင့် ဝူသည် ပိုင်ရန်၏ ခြေထောက်များကို ရက်စက်စွာ ရိုက်ချိုးပစ်ခဲ့ပြီး ဒုက္ခိတအဖြစ်သို့ ရောက်ရှိစေခဲ့သည်။
လင်းချန်က တင်းမာသည့် မျက်နှာထားဖြင့် မေးသည်။ "တင်းကျစ်ရုံ ၊ ကျောက်ဟိုင်မင်း ၊ လီလဲ့ထျန်နဲ့ ဝမ်လန်ရှင်း... သူတို့လေးယောက်ရော ဘယ်ရောက်နေလဲ။"
ထိုလေးယောက်သည် လင်းချန်၏ ကျေးဇူးကို ရရှိထားသူများ ဖြစ်ကြသည်။ သူတို့၏ အရည်အချင်းနှင့်ဆိုလျှင် ပိုင်ရန်နှင့် လင်းချန်၏ ပတ်သက်မှုကို မသိဘဲ မနေနိုင်ပေ။ သို့သော် အဘယ်ကြောင့် လျစ်လျူရှုထားခဲ့ကြသနည်း။
လင်းချန်က ထိုလေးယောက်အကြောင်း မေးလိုက်သည့်အခါ ယီလင်းက သက်ပြင်းချလိုက်သည်။ "သူတို့ ဝင်ကူညီပြီး တရားမျှတမှုအတွက် ဝင်ပြောပေးကြလို့ စည်းကမ်းထိန်းသိမ်းရေးဂူမှာ အချုပ်ကျနေတာ တစ်နှစ်တောင် ရှိသွားပြီ။ ပြီးတော့ ဂိုဏ်းချုပ်ချင်လည်း ရာထူးကနေ ဖယ်ရှားခံရပြီး ဒုဂိုဏ်းချုပ်အဖြစ် ကျဆင်းသွားတယ်။ ကောယွဲ့ဖေးက ဂိုဏ်းချုပ် ပြန်ဖြစ်သွားပြီလေ။"
လင်းချန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ယီလင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ "ကောင်းပြီ... သွားစို့။ ပိုင်ရန်ရဲ့ ဒဏ်ရာကို သွားကြည့်ရအောင်။ ငါ ကုသပေးနိုင်လောက်တယ်။"
ယီလင်းက အံ့သြဝမ်းသာစွာဖြင့် မေးလိုက်သည်။ "တကယ်ပြောတာလား ကိုကြီး။"
ယီလင်း၏ မျက်လုံးများထဲမှ မျှော်လင့်ချက်ရောင်ခြည်များ တောက်ပလာသည်ကို မြင်သည့်အခါ လင်းချန်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ "အင်း။ မြန်မြန် သွားကြစို့။"
ယီလင်းက ဝမ်းသာအားရ ခေါင်းညိတ်လိုက်သည်။ "အင်း... ဟုတ်ပြီ။"
ထို့နောက် ရှေ့မှ လမ်းပြခေါ်ဆောင်သွားလိုက်သည်။
**--**--**--**--**--**--**--**
နတ်ဓားဂိုဏ်း၏ အတွင်းပိုင်း တောင်ထိပ်တစ်ခုပေါ်၌ ဖြစ်သည်။ ထိုနေရာသည် စိတ်ဝိညာဉ်စွမ်းအင် အကြွယ်ဝဆုံး နေရာဖြစ်ပြီး ခမ်းနားထည်ဝါသည့် အဆောက်အဦးများကို တည်ဆောက်ထား၏။
အလွန် ဇိမ်ကျသည့် အိမ်တော်ကြီး၏ နောက်ဖေးပန်းခြံ ရေကန်ဘေးတွင် ဝတ်ရုံပွပွကို ဝတ်ဆင်ထားသည့် လူငယ်တစ်ဦးသည် ဝတ်လစ်စလစ် ဝတ်ဆင်ထားသည့် မိန်းမလှလေးတစ်ဦးကို ပွေ့ဖက်လျက် ပျော်ပါးနေသည်။
ထိုမိန်းမလှလေးက တခစ်ခစ် ရယ်မောရင်း ချိုမြိန်သည့် သစ်သီးတစ်လုံးကို ကိုက်ကာ လူငယ်အား နှုတ်ခမ်းချင်းတေ့၍ ခွံ့ကျွေးလိုက်၏။
ထိုလူငယ်မှာ ကောပန်လီပင်။ သူ့ရှေ့၌ ရှီဟန်နှင့် ရှီဖေးတို့ ဒူးထောက်လျက် လင်းချန်၏ လုပ်ရပ်များကို နာကျည်းစွာ တိုင်တောနေကြ၏။
ရှီဟန်က ဒေါသတကြီး တိုင်တန်းလိုက်သည်။ "ခေါင်းဆောင်... ဒီလင်းချန်ဆိုတဲ့ကောင်က ခေါင်းဆောင်ကို လုံးဝ ဂရုမစိုက်ဘူး။ ကျွန်တော် ခေါင်းဆောင်နာမည် ထုတ်ပြောတာတောင် နည်းနည်းလေးမှ အရေးမလုပ်ဘူး။"
ပါးစပ်ထဲမှ အသီးကို ဝါးရင်း ကောပန်လီက အစေ့ကို မြေကြီးပေါ်သို့ ထွေးထုတ်လိုက်သည်။ မျက်နှာထက်၌ အထင်အမြင်သေးသည့် အမူအရာ ပေါ်လာကာ နှာခေါင်းရှုံ့လိုက်သည်။ "ဟမ့်... ကောင်လေးတစ်ယောက်ပဲဟာ။ ဝူကိုပဲ ရှင်းခိုင်းလိုက်။ ငါ့ကို လာပြောစရာ မလိုဘူး။"
ပြောပြီးသည်နှင့် ကောပန်လီက မိန်းမလှလေးကို ဘေးသို့ တွန်းဖယ်ကာ မတ်တတ်ရပ်လိုက်ပြီး ညီအစ်ကိုနှစ်ယောက်ကို တစ်ချက်စီ ကန်ကျောက်လိုက်သည်။ "အသုံးမကျတဲ့ကောင်တွေ... ငါ့သိက္ခာကို ချနေကြတယ်။ အခုချက်ချင်း ထွက်သွားကြစမ်း။"
အကန်ခံလိုက်ရသည့် ညီအစ်ကိုနှစ်ယောက်သည် မြေပြင်ပေါ်၌ လူးလှိမ့်သွားပြီးနောက် ထိုနေရာမှ ကမန်းကတန်း ထွက်ပြေးသွားကြ၏။
ကောပန်လီက မောက်မာစွာ ရယ်မောလိုက်သည်။ "ဟားဟား... လင်းချန်... လူငယ်ဧကရာဇ် ဟုတ်လား။ ရေတွင်းထဲက ဖားသူငယ်က ဘာမှလည်း မသိဘဲ ကိုယ့်ကိုယ်ကိုယ် လူငယ်ဧကရာဇ်လို့ ခေါ်ရဲတယ်ပေါ့။ တကယ့် တောသားပဲ။"
**--**--**--**--**--**--**--**
ထိုအချိန်၌ ယီလင်း၏ နေအိမ် ၊ ပထမထပ်ရှိ အိပ်ခန်းထဲသို့ လင်းချန် ရောက်နေပြီ ဖြစ်၏။
အခန်းထဲသို့ ဝင်ဝင်ချင်း ပြတင်းပေါက်နား၌ ထိုင်လျက် အပြင်သို့ ငေးကြည့်နေသည့် ဖြူဖပ်ဖြူရော် လူရိပ်တစ်ခုကို သူ တွေ့လိုက်ရသည်။
တံခါးဝမှ ခြေသံကြားသည့်အခါ ထိုလူက လှည့်ကြည့်လိုက်၏။ လင်းချန်ကို မြင်လိုက်ရသည့်အခါ သူ အံ့အားသင့်သွားသည်။ သူ၏ နှာခေါင်းများ နီရဲလာကာ တုန်ယင်နေသည့် အသံဖြင့် ခေါ်လိုက်၏ "လင်း... အစ်ကိုကြီးလင်းချန်။"
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၁ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၂
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team
လင်းချန် အသက်ပြင်းပြင်း ရှူလိုက်ပြီး ကုတင်နားသို့ အမြန်လျှောက်သွားကာ ပိုင်ရန်၏ ကိုယ်အောက်ပိုင်းကို လွှမ်းခြုံထားသည့် စောင်ကို ဆွဲလှန်လိုက်သည်။
လင်းချန် မြင်လိုက်ရသည်မှာ ပြတ်ထွက်နေသည့် ခြေထောက်တစ်စုံပင်။ ပိုင်ရန်၏ ဒူးအောက်ပိုင်း ဘောင်းဘီမှာ ဟာလာဟင်းလင်း ဖြစ်နေကာ အပေါ်ပိုင်း ပေါင်တံများသာ ကျန်ရစ်တော့သည်။
"ဟူး..."
သူ့ရှေ့မှ မြင်ကွင်းကို ကြည့်ရင်း လင်းချန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး စိတ်ကို ပြန်လည် ထိန်းချုပ်ရန် သက်ပြင်းချလိုက်၏။ သူ အလွန်ဒေါသထွက်မိနေလေပြီ။
'တကယ် စိတ်ဝင်စားစရာပဲ... တကယ် စိတ်ဝင်စားစရာပဲ'
လင်းချန်၏ မျက်လုံးများ၌ ရက်စက်သည့် အရိပ်အယောင်များ ဖြတ်ပြေးသွားကာ ကြောက်မက်ဖွယ်ကောင်းအောင် ပြုံးလိုက်သည်။
ဒေါသထွက်လွန်းသဖြင့် လင်းချန် အေးစက်စွာ ရယ်မောလိုက်၏။
ကောပန်လီ၏ ကျမ်းကျိန်ညီအစ်ကို ဆိုသူ ဝူ က ပိုင်ရန်သည် သူတို့နှင့် ယှဉ်ပြိုင်ရန် အရည်အချင်း မရှိဟူသည့် အကြောင်းပြချက်ဖြင့် ခြေထောက်များကို ရိုက်ချိုးပစ်လိုက်သည်လော။ စိတ်ဝင်စားစရာ ကောင်း၏။
"မင်းခြေထောက်တွေကို အရင်ကုမယ်... ကျန်တာ နောက်မှပြောမယ်။"
"ဟုတ်ကဲ့။" ပိုင်ရန်က ခေါင်းညိတ်လိုက်သော်လည်း လက်တွေ့အခြေအနေကို လက်ခံရန် ခက်ခဲနေဆဲ ဖြစ်၏။ သူက အံ့ဩစွာဖြင့် လင်းချန်ကို ကြည့်လိုက်သည်။
"ခြေထောက်တွေကို ကုမယ်... အစ်ကိုလင်း... သေချာလို့လား။ ကျွန်တော့်စိတ်သက်သာအောင် သက်သက် ပြောနေတာ မဟုတ်ဘူးနော်။"
သူ့ခြေထောက် အခြေအနေကို သူ အသိဆုံးဖြစ်၏။ ဒူးအောက်ပိုင်းတစ်ခုလုံး ပြတ်ထွက်သွားပြီ ဖြစ်ရာ ယခုအခါ ဒုက္ခိတတစ်ယောက် ဖြစ်နေလေပြီ။ မတ်တတ်ပင် မရပ်နိုင်သည့် သိုင်းဝိညာဉ်ပညာရှင်တစ်ယောက်က ဘာလုပ်နိုင်မည်နည်း။
"ငါက အဲလိုလူလား" ပိုင်ရန်၏ မယုံကြည်နိုင်ဖြစ်နေသည့် မျက်နှာထားကို မြင်သောအခါ လင်းချန် နားလည်ပေးနိုင်၏။ ဤမျှ ပြင်းထန်သည့် ဒဏ်ရာကြီး ပြန်ကောင်းလာမည်ဆိုသည်မှာ ယုံကြည်ရန် ခက်ခဲသောကိစ္စပင်။
သို့သော် ဤကိစ္စသည် လင်းချန်အတွက် အလွန် ခက်ခဲလှသည်တော့ မဟုတ်ပေ။ ဟွာရှာအင်ပါယာမှ ဆေးရည်များကို ထည့်မတွက်လျှင်ပင် တန်ယွမ်ဂိုဏ်း၏ ဘဏ္ဍာတိုက်ထဲ၌ ထိုကဲ့သို့ ကုသနိုင်သည့် ဆေးလုံးများ ရှိနေ၏။
ထို့အပြင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးလေလေ ထိုကဲ့သို့ ဒဏ်ရာများကို ကုသရန် ပိုမို လွယ်ကူသည်။ စွမ်းအား ပိုကြီးလာပြီး နယ်ပယ်မြင့်လာလေလေ ခန္ဓာကိုယ်သည် ပိုမို ကြံ့ခိုင်သန်မာလာလေ ဖြစ်သည့်အတွက် ရုပ်ခန္ဓာကို ပြန်လည် ပြုပြင်ရန် ပိုမို ခက်ခဲလာလေ၏။
ပိုင်ရန်၏ ဒဏ်ရာကို ကုသရန်အတွက် ဟွာရှာအင်ပါယာ၏ ဆေးရည်များကို အသုံးမပြုဘဲ တန်ယွမ်ဂိုဏ်း ဘဏ္ဍာတိုက်မှ ဆေးလုံးများကို အသုံးပြုရန် စီစဉ်လိုက်သည်။
လင်းချန် စိတ်အာရုံ ပြုလိုက်သည်နှင့် တန်ယွမ်ဂိုဏ်း ဘဏ္ဍာတိုက်ထဲမှ ကျောက်စိမ်းပုလင်းနှစ်လုံး သူ၏ လက်ဝါးပေါ်သို့ ရောက်ရှိလာ၏။
"ဒါက အရိုးဆက်ဆေးလုံး... နောက်တစ်ခုက အသက်ဆေးလုံးပဲ။ တစ်နေ့ကို တစ်မျိုး တစ်လုံးစီ သောက်လိုက်။ ဆယ်ရက်လောက်နေရင် မင်းခြေထောက်တွေ ပြန်ကောင်းလာမယ်။ အရင်ကထက်တောင် ပိုပြီး သန်မာလာဦးမှာ။"
လင်းချန်က လက်ထဲမှ ကျောက်စိမ်းပုလင်းများကို လှုပ်ပြရင်း ပိုင်ရန်အား ပေးလိုက်သည်။
ပိုင်ရန်သည် ကျောက်စိမ်းပုလင်းများကို ဂရုတစိုက် လှမ်းယူလိုက်၏။ သူ၏ မျက်လုံးများထဲတွင် ကျေးဇူးတင်ရှိမှုများ ပြည့်နှက်နေပြီး လင်းချန်ကို ကြည့်နေမိသည်။ ပုလင်းများကို ကိုင်ထားသည့် သူ၏ လက်များပင် တုန်ယင်နေ၏။
အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲ၌ ရှိနေသည်မှာ ဆေးလုံးများ သက်သက် မဟုတ်ဘဲ မျှော်လင့်ချက်များ ဖြစ်နေသောကြောင့်ပင်။
မည်သူကများ တစ်သက်လုံး ဒုက္ခိတအဖြစ်နှင့် အိပ်ရာထဲတွင် လဲနေချင်ပါမည်နည်း။ စိတ်လှုပ်ရှားလွန်းနေသည့် ပိုင်ရန်ကို နှစ်သိမ့်ပြီးနောက် လင်းချန်သည် သူ့ကို စိုက် ကြည့်လိုက်၏။
"ဒီလိုလုပ်... မင်းတို့နှစ်ယောက်စလုံး မော်ချင်းတောင်ကို ငါနဲ့ လိုက်နေကြ။ ဒါမှ ဟိုကောင်တွေ ထပ်ဒုက္ခမပေးနိုင်မှာ။" ပိုင်ရန်၏ တုံ့ပြန်မှုကို မစောင့်ဘဲ လင်းချန်က လက်လှမ်းလိုက်ပြီး ကုတင်ပေါ်မှ ဆွဲထူကာ ကျောပေါ်တွင် ကုန်းပိုးလိုက်သည်။
"အစ်ကိုလင်း... ကျွန်တော့်ကို ကုန်းပိုးသွားလို့ ဘယ်ဖြစ်မလဲ။" လင်းချန်၏ လုပ်ရပ်ကြောင့် ပိုင်ရန် ပျာပျာသလဲ ဖြစ်သွား၏။
လင်းချန်က ဂရုမစိုက်စွာ ပြောလိုက်သည်။ "မင်းနဲ့ ငါက ဘာရှန်းမြို့သားချင်းတွေပဲ... ကုန်းပိုးတာ ဘာဖြစ်သေးလဲ။ ငါ့ကိုယ်က ရွှေနဲ့ လုပ်ထားတာမှ မဟုတ်တာ။"
ထို့နောက် ပိုင်ရန်ကို ကုန်းပိုးလျက် အိမ်ထဲမှ ထွက်ခွာလာပြီး မော်ချင်းတောင်ဘက်သို့ ဦးတည် လျှောက်သွားလိုက်၏။
မော်ချင်းတောင်ပေါ်၌ အိမ်တော်တစ်ခုသာ ရှိသော်လည်း အိမ်အခန်းပေါင်းများစွာ ပါဝင်သဖြင့် လူ သုံးလေးဆယ်ခန့် နေထိုင်လျှင်လည်း ပြဿနာ မရှိပေ။ "ဒီဆေးတွေ သောက်ပြီးရင် အရမ်းနာကျင်လိမ့်မယ်။ ကြိတ်မှိတ်ပြီးသာ သည်းခံ။"
ပိုင်ရန်နှင့် ယီလင်းတို့ကို နေရာချပေးပြီးနောက် လင်းချန်က လေးနက်စွာ မှာကြားလိုက်သည်။
အရိုးဆက်ဆေးလုံးနှင့် အသက်ဆေးလုံးတို့သည် ထိပ်တန်းအဆင့် ဆေးလုံးများ ဖြစ်ကြ၏။ ကုသရန် အသုံးပြုသည် ဆိုသော်လည်း အာနိသင် ပြင်းထန်သဖြင့် နိဗ္ဗာန်နယ်ပယ်သာ ရှိသေးသည့် ပိုင်ရန်အတွက် ခံနိုင်ရည်ရှိရန် မလွယ်ကူလှပေ။
ပိုင်ရန်ကို ကောင်းစွာ ဂရုစိုက်ရန် ယီလင်းကို မှာကြားပြီးနောက် လင်းချန် သူတို့အတွက် စီစဉ်ပေးထားသည့် ခြံဝင်းထဲမှ ထွက်လာပြီး အတွင်းပိုင်းသို့ ဝင်လာခဲ့၏။
အိမ်တော် နောက်ဖေးသို့ ရောက်သည့်အခါ မထင်မရှား တဲအိမ်လေးတစ်လုံးထဲသို့ ဝင်လိုက်ရာ စောင်များ ဖုံးအုပ်ထားသော ကုတင်နှစ်လုံးကို တွေ့လိုက်ရသည်။
ထိုစောင်များကို မြင်လိုက်ရသည့်အခါ လင်းချန် သက်ပြင်းချလိုက်၏။
အဘယ်ကြောင့်ဆိုသော် ဤကုတင်အောက်တွင် မော်ချင်းတောင်၏ အတွင်းထဲသို့ ပေါက်ရောက်သည့် လျှို့ဝှက်အခန်းတစ်ခု ရှိနေသည်ကို သူ သိထားသောကြောင့်ပင်။ ထိုနေရာ၌ အလွန် လျှို့ဝှက်သော ကျင့်ကြံရေးစခန်းတစ်ခု ရှိသည်။
ထိုလျှို့ဝှက်နေရာ၏ ဝင်ပေါက်ကို လင်းချန်နှင့် သူ့ဆရာ ဝေဝူရွှမ်တို့သာ သိကြ၏။
ကုတင်ပေါ်တွင် စောင်နှစ်ထပ် တင်ထားခြင်းသည် ဝေဝူရွှမ်က လင်းချန်ကို ပေးထားသည့် အမှတ်အသား ဖြစ်၏။ ထိုအရာကို မြင်လိုက်သည်နှင့် သူ့ဆရာသခင်သည် လျှို့ဝှက်ခန်းထဲ ဝင်ရောက်ပြီး တံခါးပိတ်ကျင့်ကြံနေပြီ ဖြစ်ကြောင်း လင်းချန် ကောင်းစွာ နားလည်လိုက်သည်။
ထိုအကြောင်းကို သိလိုက်ရသည့်အတွက် လင်းချန်သည် ဆရာသခင်၏ ကျင့်ကြံခြင်းကို မနှောင့်ယှက်လိုတော့ဘဲ လျှို့ဝှက်ခန်းထဲသို့ မသွားတော့ဘဲ တဲအိမ်လေးထဲမှ ပြန်ထွက်လာခဲ့၏။
ရှေ့ခြံဝင်းသို့ ရောက်သောအခါ လေချန်က ဒေါသတကြီး ဝင်လာသည်ကို တွေ့လိုက်ရသည်။
"ခေါင်းဆောင်... ကျွန်တော် ပြောစရာရှိတယ်။" လေချန်က မျက်မှောင်ကြုတ်လျက် ဒေါသထွက်နေသည့် မျက်နှာထားဖြင့် လင်းချန်အနားသို့ လျှောက်လာ၏။
"ကောပန်လီ ကိစ္စလား။" လေချန်၏ ပုံစံကို ကြည့်ပြီး ခန့်မှန်းလိုက်သည်။
လင်းချန်က ထိုနာမည်ကို ထည့်ပြောလိုက်သည့်အခါ လေချန် အံ့ဩသွား၏။ "ခေါင်းဆောင်က... သိနေပြီလား။"
"ဒါပေါ့... ဘာရှန်းမြို့က ငါ့သူငယ်ချင်းတောင် ကောပန်လီရဲ့လူတွေ လက်ချက်နဲ့ ခြေထောက်တွေ ပြတ်သွားရပြီလေ။" ပြောနေရင်းမှာပင် လင်းချန်၏ မျက်နှာထက်၌ အေးစက်လှသည့် အပြုံးတစ်ခု ပေါ်လာ၏။
"ဗျာ..."
ထိုသတင်းကို ကြားလိုက်ရသည့်အခါ လေချန်၏ ခန္ဓာကိုယ်မှ ခရမ်းရောင်အလင်းများ မှိန်ဖျဖျ ဖြာထွက်လာ၏။
ထိုအချိန်တွင် အပြင်ဘက်မှ အလျင်စလို လျှောက်လာသည့် ခြေသံများကို ကြားလိုက်ရပြီး လင်းချန် လှမ်းကြည့်လိုက်ရာ ဦးလေး ချင်ဝူရွှမ်နှင့် အကြီးအကဲလေဟန်တို့ ရောက်ရှိလာကြသည်ကို တွေ့လိုက်ရသည်။
လေဟန်က ရယ်မောလိုက်သည်။ "ဟားဟား... တူတော် လင်းချန်... မင်းကို ကျေးဇူးတင်စကား ဘယ်က စပြောရမလဲတောင် မသိတော့ဘူးကွာ။"
လေဟန်သည် ခြံဝင်းထဲသို့ ဝင်လာသည်နှင့် လင်းချန်ကို အကြိမ်ကြိမ် ကျေးဇူးတင်စကား ပြောတော့၏။ လေဟန် ကျေးဇူးတင်ရသည့် အကြောင်းရင်းမှာ ရိုးရှင်းလှသည်။
သူ့မြေး လေချန်၏ အံ့မခန်း ပြောင်းလဲတိုးတက်မှုကြောင့်ပင်။.ကမ်းရိုးတန်းပြည်နယ်၌ နာမည်ကျော်ကြားသည့် နတ်ဓားဂိုဏ်းမှ မိုးကြိုးဧကရာဇ် လေဟန်သည် ကောင်းကင်နယ်ပယ် ရှစ်ဆင့် စွမ်းအားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သို့သော် သူ့မြေး ပြန်ရောက်လာသည့်အခါ ကောင်းကင်နယ်ပယ်သို့ မရောက်ရှိသေးသော်လည်း ယခင်ကနှင့် ယှဉ်လျှင် စွမ်းအားများစွာ တိုးတက်လာသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရ၏။
သူ့မြေး၏ စွမ်းရည်ကို စမ်းသပ်ကြည့်သည့်အခါ ယခင်ကဆိုလျှင် နိဗ္ဗာန်နယ်ပယ် ကိုးဆင့်လောက် စွမ်းအားသုံးရုံဖြင့် ဖိနှိပ်ထားနိုင်ခဲ့သော်လည်း ယခုအခါတွင်မူ သူ၏ စွမ်းအားကို ကောင်းကင်နယ်ပယ် သုံးဆင့်အထိ လျှော့ချ၍ တိုက်ခိုက်လျှင်ပင် အနိုင်မရနိုင်တော့ဘဲ အရေးနိမ့်ချင်နေသည်ကို တွေ့လိုက်ရသည်။
ထို့ပြင် လက်ရည်ယှဉ်ပြိုင်နေစဉ် လေဟန် ပို၍ အံ့ဩရသည်မှာ သူ့မြေး၏ တိုက်ခိုက်ရေး အတွေ့အကြုံနှင့် စွမ်းရည်များက သူ့ထက်ပင် သာလွန်နေသည့်အတွက်ပင်။
သူတို့ကြား နယ်ပယ်ကွာခြားချက်နှင့် အတွေ့အကြုံရင့်ကျက်မှုသာ မရှိခဲ့လျှင် လေချန်၏ ခြေလှမ်းများကို လိုက်မီနိုင်မည် မဟုတ်ပေ။
"ဒီလောက် ယဉ်ကျေးနေစရာ မလိုပါဘူး အကြီးအကဲလေ။ လေချန်က ကျွန်တော့်ကို ခေါင်းဆောင်လို့ ခေါ်နေမှတော့ သူ့ကို အားနည်းတဲ့သူ တစ်ယောက်အဖြစ် ဆက်ထားမလား။"
လေဟန်နှင့် နှုတ်ဆက်စကား ပြောပြီးနောက် လင်းချန်က ချင်ဝူရွှမ်ဘက်သို့ လှည့်လိုက်သည်။ "ဦးလေး... ဆရာက ဘာလို့ ရုတ်တရက်ကြီး တံခါးပိတ်ကျင့်ကြံသွားရတာလဲ။ ကျွန်တော့်ကို ပြောပြဦး။"
ချင်ဝူရွှမ်က ခါးသက်စွာ ပြုံးလိုက်ပြီး သူ၏ မျက်လုံးများထဲ၌ ဝမ်းနည်းရိပ်များ ဖြတ်ပြေးသွား၏။ "အခြေအနေတွေက ပိုရှုပ်ထွေးလာလို့။ တကယ်တော့ ငါ့ဆရာက ရှန်ထျန်ဂိုဏ်းနဲ့ ငြိမ်းချမ်းရေးယူဖို့ ပြင်ဆင်နေတာ... ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့နဲ့ မဟာမိတ်ဖွဲ့ဖို့ လုပ်နေတာပေါ့။"
"ဗျာ... ကျွန်တော်တို့က ရှန်ထျန်ဂိုဏ်းကို သွားအမှီပြုရမယ် ဟုတ်လား။" ဦးလေးဖြစ်သူ၏ စကားကို ကြားသည့်အခါ လင်းချန် မယုံကြည်နိုင် ဖြစ်သွားပြီး နားကြားမှားသွားသည်လားပင် ထင်သွားရသည်။
ပြိုင်ဘက်ကင်း အင်ပါယာ။
စာစဉ် ၁၇ ၊ အတွဲ ၁ ၊ အပိုင်း ၁၆၂ ပြီး။
ဘာသာပြန် - Author Ko Yoohtoo
True Immortal Team